အခန်း (၄၇၅၆-၄၇၆၀)
Vol. 241 Ch. 4756-4760
Chapter 4756
စပါးကြီးမြွေဝတ်ရုံဝတ်လူ၏ နံဘေးတွင်ရှိနေသည့် ကြီးကြပ်ရေးမှူးတစ်ဦးနှင့်တူသော လူတစ်ယောက်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒီနောက်မှာ အရှင်မင်းသားရဲ့ နန်းတော်ရှိတယ်.... ခင်ဗျားတို့အားလုံး ပျားတွေလို ပြေးဝင်လာပြီးတော့ နန်းတော်ကို ဖျက်ဆီးလိုက်ရင်... ခင်ဗျားတို့က အရှင်မင်းသားကို ဘယ်နေရာမှာ နေစေချင်တာလဲ"
တပ်မှူးက ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် အံ့ကြိတ်ပြီး ပြောဆိုလိုက်၏။
"ကျွန်တော်က ကျွန်တော်ရဲ့လက်အောက်ငယ်သားတွေကို ထိန်းချုပ်ပါ့မယ်...နန်းတော်ကို မဖျက်ဆီးပါဘူး"
ကြီးကြပ်ရေးမှူးက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထား...မင်းတို့လို အောက်တန်းစားတွေ နန်းတော်ထဲကို ခြေချတာနဲ့ နန်းတော်ရဲ့ဂုဏ်ကျက်သရေကို ပျက်ပြားစေတယ်...ဒီနန်းတော်ကို သွားလေသူဧကရာဇ်က အရှင်မင်းသားကို ပေးအပ်ခဲ့တာ...မင်းတို့လိုကောင်မျိုးတွေဝင်ဖို့ ထိုက်တန်လို့လား..."
အချိန်တခဏအတွင်းမှာပင် လက်ရှိနေရာတွင်ရှိနေသော လူရိုင်းစစ်သည်တော်အားလုံး ဒေါသထွက်သွားကြသည်။
ဤကြီးကြပ်ရေးမှူးသည် လူရိုင်းစစ်သည်တော်များစွာ၏ အောက်ခြေစည်းကို သံသယဖြစ်ဖွယ်မရှိ ဒေါသထွက်စေခဲ့သည်။
လူရိုင်းစစ်တပ်တွင် စစ်သည်တော်အများစုသည် လူရိုင်းများဖြစ်ပေ၏။ ဤလူရိုင်းများသည် ပြင်ပသို့ထွက်သောအချိန်တိုင်း ခွဲခြားဆက်ဆံခြင်းကို အနည်းနှင့်အများ ကြုံတွေ့ရပေမည်။
သာမန်နေ့များတွင် ဖြစ်ခဲ့ပါက အဆင်ပြေမည်ဖြစ်သော်လည်း ယခုမူ လူရိုင်းစစ်တပ်သည် ထန်စစ်တပ်နှင့် တိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိလာသည့်တိုင် သူတို့သည် ဤကဲ့သို့ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။
"ထပ်ပြောကြည့်စမ်း..."
စိတ်မြန်လက်မြန်ရှိသော လူရိုင်းစစ်ဗိုလ်ချုပ်တစ်ဦး ရှေ့ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤအရှိန်အဟုန်သည် ကြီးကြပ်ရေးမှူးကို တိုက်ရိုက် ဖိနှိပ်လိုက်၏။
ကြီးကြပ်ရေးမှူးက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဘာလဲ..မင်းတို့က ပုန်ကန်ချင်တာလား...မင်းတို့ ငါ့ကို ထိရဲရင် စမ်းကြည့်လိုက်လေ။
"အားလုံး ရပ်ကြစမ်း"
တပ်မှူးက အေးစက်စက် အော်ငေါက်ပြီး သူ၏လက်အောက်ငယ်သားများကို ထိန်းချုပ်လိုက်သည်။
ထို့နောက် တပ်မှူးသည် နောက်သို့လှည့်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး စပါးကြီးမြွေဝတ်ရုံဝတ်လူကို ပြောဆိုသည်။
"အရှင်မင်းသား....ထန်စစ်တပ်က အတွင်းထဲမှာပါ...အချိန်ကြာသွားရင် သူတို့ ထွက်ပြေးဖို့ အခွင့်အရေးရှာတွေ့သွားတာနဲ့ ဆိုးဝါးတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်"
စပါးကြီးမြွေဝတ်ဝတ်လူသည် မျက်လုံးစုံမှိတ်ပြီး ကြိမ်ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲပင်။
လုယွီသည် ရောက်ရှိလာပြီးနောက် ဤအရာအားလုံးကို မျက်မြင်တွေ့လိုက်ရသည်။
"ချန်းဖိန်ကြယ်နယ်မြေ... သူက ယုံဘုရင်လား.."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ကျိုးတော်ဝင်မိသားစုသည် လောကကြီးအတွင်းတွင် နေရာအနှံ့အပြား၌ ရှိနေပေ၏။
မင်းသားများအနက် ချီဘုရင်ကဲ့သို့ နယ်စားမင်းသားများရှိသည့်အပြင် ကြယ်တစ်လုံး သို့မဟုတ် ခရိုင်တစ်ခုသာအပိုင်စားရသော မင်းသားမျိုးလည်းရှိသည်။
ဤယုံဘုရင်သည် ကြယ်နယ်မြေတစ်ခုကိုသာ အပိုင်စားရသော မင်းသားပင်။
ယုံဘုရင်၏ မျိုးရိုးသည် ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင်၏ ညီတော်ထံမှပင်။သူသည် ကျိုးထျန်းယင်နှင့် မိဘအတူတူဖြစ်ပြီး သူတို့နှစ်ဦးစလုံးသည် တော်ဝင်မိသားစု၏ အစိတ်အပိုင်းဖြစ်သည်။ သူတို့၏အဆင့်အတန်းသည် ထူးခြားပေ၏။
ယုံဘုရင်၏ ပိုင်နက်သည် ချန်းဖိန်ကြယ်နယ်မြေ တစ်ခုတည်းသာဖြစ်သော်လည်း ဤနေရာသည် အလွန်သာယာဝပြောသဖြင့် ယုံဘုရင်ကို အချမ်းသာဆုံးပုဂ္ဂိုလ်များအနက်မှ တစ်ဦးဖြစ်စေသည်။
ယုံဘုရင်သည် ကျန်းကျုံးဧကရာဇ်၏ သားတော်များအနက် နံပါတ်ဆယ့်ခုနစ်နေရာတွင် ရပ်တည်နေပြီး ထိုအချိန်က အငယ်ဆုံးမင်းသားသည် ယခုအချိန်၌ လူလတ်ပိုင်းတစ်ဦး ဖြစ်နေလေပြီ။
လုယွီသည် လူရိုင်းစစ်တပ်ကို ယုံဘုရင်မှ ဟန့်တားနေမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ချေ။
"ထန်စစ်တပ်က ယုံဘုရင်ရဲ့ နန်းတော်ကို သိမ်းပိုက်ထားတယ်...ဒါကြောင့် လူရိုင်းစစ်တပ်က ချောင်ပိတ်မိနေတဲ့ ရန်သူတွေကို တိုက်ခိုက်ချင်တာပဲ.....ဒါပေမဲ့ ယုံဘုရင်က ငါတို့တွေ သူ့ရဲ့နန်းတော်ကို ဖျက်ဆီးမှာကို စိုးရိမ်တယ်...ဒါကြောင့် သူက ငါတို့ကို ဝင်ခွင့်မပေးဘဲ တားဆီးနေတာပဲ"
လူရိုင်းစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်က ညည်းတွားသည်။
သူတို့သည် လူရိုင်းများဖြစ်ပြီး အဆင့်အတန်းနိမ့်ကျသောကြောင့် တော်ဝင်မင်းသားတစ်ပါးကို စိန်ခေါ်ဝံ့ခြင်းမရှိချေ။
အဝေးတစ်နေရာတွင် တပ်မှူးသည် အသနားခံနေဆဲပင်။
"အရှင်မင်းသား.... ခင်ဗျား ဘာမှမလုပ်ရင် အတွင်းထဲက ဒီထန်ကောင်တွေက ခင်ဗျားရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာလိမ့်မယ်"
နန်းတော်ကြီးကြပ်ရေးမှူးက အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်းတို့ လူရိုင်းတွေက ငါတို့မင်းသားကို ကာကွယ်ဖို့ မလိုအပ်ဘူး... ဒီနေရာကနေ ထွက်သွားစမ်း"
လူရိုင်းစစ်သည်တော်များ၏ မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယုံဘုရင်သည် သူတို့ကို လူသားများအဖြစ် မဆက်ဆံချေ။
"စစ်ရေးအခြေအနေက အရေးကြီးတယ်... ငါတို့ ဒီမှာ ဘာလို့ အချိန်ဖြုန်းနေမှာလဲ"
လုယွီက ရှေ့သို့လျှောက်လှမ်းသွားသည်။
လူရိုင်းစစ်ဗိုလ်ချုပ်သည် သူ့ကို ဖျောင့်ဖျရန်ကြံရွယ်လိုက်သော်လည်း လုယွီသည် ရှေ့သို့လျှောက်လှန်းသွားပြီး သူ၏ပခုံးကို ပုတ်ကာ သူ့ကို ထွက်သွားရန် ညွှန်ပြလိုက်၏။
"မင်းက ဘယ်သူလဲ...ရပ်..."
နန်းတော်ကြီးကြပ်ရေးမှူး၏စကား မဆုံးသေးမီမှာပင် လုယွီသည် သူ၏လက်ချောင်းကို လှုပ်ခတ်လိုက်ပြီး သူ့ကို လွင့်စင်သွားစေသည်။
နန်းတော်ကြီးကြပ်ရေးမှူးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး သတိလစ်သွားပေ၏။
လုယွီသည် ခြေတစ်လှမ်းရှေ့တိုးကာ ယုံဘုရင်၏ လည်ပင်းကို ဖမ်းဆုပ်ပြီး သူ့ကို ကြိမ်ကုလားထိုင်မှ ဆွဲချကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"မင်း နားမကြားဘူးလား....သူတို့က မင်းကို ဘေးဖယ်ပေးဖို့ တောင်းဆိုနေတာလေ"
လုယွီက ယုံဘုရင်ကို စူးစိုက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
Chapter 4757
"မင်းက ဘယ်သူလဲ"
ယုံဘုရင်သည် အချိန်တခဏကြာခန့် မှင်တက်သွားပြီးနောက် ဒေါသထွက်သွားသည်။
ယုံဘုရင်သည် မည်သူမည်ဝါ ဖြစ်သနည်း။ သူသည် ကျိုးတော်ဝင်မိသားစု၏ မင်းသားတစ်ပါးဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်းရှိသည်။ သူသည် ဤသို့သော ဆက်ဆံမှုကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ရဖူးပေ။
ယုံဘုရင်သည် မျက်လုံးမှိတ်ကာ အနားယူနေခဲ့သည်။ ယခုချိန်၌ သူ မြေပြင်သို့ ဆွဲချခြင်းခံလိုက်သဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မင်းက ငါ့ကို တိုက်ခိုက်ရဲတာလား..."
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ငါ မင်းကို တိုက်ခိုက်တော့ ဘာဖြစ်လဲ..."
"ကောင်လေ... မင်းက သေချင်နေတာပဲ"
ယုံဘုရင်သည် ချက်ချင်း တုံ့ပြန်ပြီး မတ်တတ်ထရပ်လိုက်သည်။ သူသည် လက်ကိုမြှောက်ကာ လုယွီကို ဖမ်းဆုပ်လိုက်၏။
ဤယုံဘုရင်သည် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။ ကျိုးမိသားစုရှိ မင်းသားတိုင်းသည် တုံးအသူများဖြစ်စေ ဥာဏ်ထက်သူများဖြစ်စေ သူတို့အနက်မှ မည်သူမျှ အားနည်းခြင်းမရှိချေ။
ဖြောင်း...
လုယွီက ယုံဘုရင်ကို ပါးတစ်ချက် ဖြတ်ရိုက်လိုက်သည်။ ယုံဘုရင်သည် လေထုအတွင်းတွင် ချာလပတ်လည်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပေ။
မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော မင်းသား၏အစေခံများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အော်ဟစ်လိုက်ကြသည်။
"သူက မင်းသားကို ရိုက်ဝံ့တယ်...သူ ပုန်ကန်နေတာ...သူက ပုန်ကန်နေတာပဲ"
ယုံဘုရင်နောက်မှ ပန်းထိုးနဂါးအစောင့်တစ်စု ချက်ချင်း ပြေးဝင်လာကြသည်။
ယုံဘုရင်သည် မင်းသားတစ်ပါးဖြစ်ပြီး သူ၏ဘေးတွင် ပန်းထိုးနဂါးအစောင့်များ၏ ကာကွယ်မှုကို ရရှိထားသည်။ ယခင်က ချီဘုရင်ကျိုးထုံနံဘေးတွင် အနည်းဆုံး ပန်းထိုးနဂါးအစောင့်တစ်ရာကျော် ရှိခဲ့သည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း"
လုယွီက အော်ငေါက်လိုက်ရာ သူ၏အသံသည် အစွမ်းထက်သော နဂါးတစ်ကောင်အလားပင်။
သူ၏ရှေ့မှ နဂါးအစောင့်အုပ်စုသည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။ သူတို့၏နှလုံးသားများ ပြင်းထန်စွာ တုန်ရီသွားပုံရပြီး သူတို့၏မျက်နှာများ ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
အစေခံများသည်လည်း ကြောက်လန့်သွားကြပြီး သူတို့အားလုံး နောက်ဆုတ်သွားကြကာ စကားတစ်ခွန်းမျှ မပြောဝံ့ကြတော့ပေ။
လုယွီသည် ရှေ့သို့ လှမ်းလိုက်ပြီး နဂါးအစောင့်အုပ်စုကို ဖြတ်ကျော်ကာ နန်းတော်၏ တံခါးမကြီးကို လက်သီးဖြင့်ထိုးလိုက်သည်။
ကြီးမားသော ကြေးနီတံခါးမကြီးသည် အတင်းအကြပ် ဖွင့်လှစ်ခြင်းခံလိုက်ရသည်။ မြှားများသည် တံခါးမကြီးမှ ပျံ့လွင့်လာပြီး လုယွီဘက်သို့ ပျံသန်းလာကြ၏။
ဒေါင်...ဒေါင်..ဒေါင်
မြှားများသည် လုယွီ၏ ရှေ့သို့ ပျံသန်းလာသော်လည်း မမြင်နိုင်သောလေနံရံကြီးတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။
မြှားများသည် တစ်ခုပြီးတစ်ခု ပြုတ်ကျလာသော်လည်း မည်သည့်မြှားမှ လုယွီကို ထိခိုက်စေခဲ့ခြင်း မရှိချေ။
ဤအချိန်တွင် နန်းတော်အတွင်းရှိ ထန်စစ်တပ်သည် တိုက်ပွဲဝင်ဝင်္ကပါ ဖွဲ့စည်းထားပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။
ထန်စစ်သည်တော် တစ်သောင်းကျော်ရှိပြီး သူတို့သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။
သူတို့၏ ဓားများနှင့်လှံများကိုကိုင်ကာ ထူထပ်သော တောအုပ်တစ်ခုအတွင်းတွင် ရှိနေနေပြီး သူတို့၏ဒိုင်းများသည် အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ ဤသံချပ်ကာဒိုင်းစစစ်တပ်၏နောက်တွင် မရေမတွက်နိုင်သော မှော်လက်နက်များကို ကိုင်ထားသည့် ထန်စစ်သည်တော်များရှိသည်။
"သတ်..."
လုယွီနောက်တွင် လူရိုင်းမြင်းစီးတပ်က လိုက်ပါလာသည်။
လူရိုင်းစစ်သည်တော်များသည် နတ်ဆိုးသားရဲများကို စီးနင်းထားကြ၏။ သူတို့အားလုံးသည် အရပ်ရှည်ပြီး သန်မာကာ သူတို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဝံပုလွေများကဲ့သို့ ဟိန်းဟောက်လိုက်ကြသည်။
လူရိုင်းစစ်သည်တော်များသည် သူတို့၏စိတ်နှလုံးသားများထဲတွင် မကျေနပ်ချက်များကို မြိုသိပ်ထားကြသည်။ ဤအချိန်တွင် သူတို့အားလုံးသည် သူတို့၏ဒေါသကို ဖွင့်ထုတ်နေကြပြီး သူတို့၏အားကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။
ယုံဘုရင်နန်းတော်၏ တံခါးမကြီးသည် လုံးလုံးလျားလျား ပြိုကျသွားသည်။ လူရိုင်းစစ်သည်တော်များသည် နန်းတော်အတွင်းသို့ ပြေးဝင်သွားပြီး နတ်ဆိုးသားရဲ၏ သံခွာများ မြေပြင်ပေါ်သို့ ရိုက်ခတ်သံကို နေရာတိုင်းတွင် ကြားနေရသည်။ ဤှသည်မှာ သံပြိုင်ညီညာပြီး အလွန်အားကောင်းသည်။
"ရှေးနတ်ဘုရား ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း..."
လုယွီသည် လေထုအတွင်းသို့ ခုန်တက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်သည် ခြစ်ခြစ်တောက်ပူပြင်းသော နေတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာကာ ကြယ်ပျံတစ်စင်းကျရောက်သွားသည့်အလား လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။
လေဟာနယ် ပုံပျက်သွားပြီး ထန်စစ်တပ်၏ တိုက်ပွဲဝင်္ကပါ လုံးလုံးလျားလျား ပျက်စီးသွားသည်။ လုယွီ၏ခြေထောက်အောက်တွင် ရပ်နေသော သောင်းနှင့်ချီသော ထန်စစ်သည်တော်များသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
လုယွီ၏တိုက်ခိုက်မှုနှင့်အတူ သူ၏နောက်မှ လူရိုင်းစစ်သည်တော်များသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
သူတို့၏စစ်ဗိုလ်ချုပ်များ ပေးအပ်ထားသောအမိန့်အရ ဤလူရိုင်းစစ်သည်တော်များသည် ကြွင်းကျန်သော ထန်စစ်သည်တော်များကို ရှာဖွေရန် ယုံဘုရင်နန်းတော်ရှိ နန်းဆောင်များအတွင်းသို့ တိုးဝင်သွားကြသည်။
သတ်ဖြတ်ပွဲကြီး စတင်ခဲ့လေပြီ။ ထန်စစ်တပ်သည် ယုံဘုရင်နန်းတော်၏နေရာအမြောက်အများတွင် ထောင်ချောက်များကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သွေးများသည် မြစ်ပြင်ကဲ့သို့ စီးဆင်းပြီး အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုသည် အသူရာငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားသည်။
လုယွီ၏မျက်လုံးအတွင်းတွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် သူ၏နံဘေးပတ်လည်ရှိ အရာအားလုံးကို မြင်နိုင်ပေ၏။
သို့ရာတွင် သူသည် ကောင်းရှစ်ကျီးကို ရှာမတွေ့သေးချေ။
"သူ ပုန်းနေတာလား..."
လုယွီက အေးစက်စက်နှာမှုတ်ပြီး နန်းတော်အတွင်းသို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။
Chapter 4758
ထန်အင်ပါယာ၏ မြေဝါရောင်နဂါးအလံသည် ကျိုးပဲ့ပြီး မြေပြင်ပေါ်သို့ ကျသွားကာ သွေးများဖြင့် စွန်းထင်းနေသည်။
ဤနေရာတွင် ပိတ်မိနေသော ထန်စစ်တပ်သည် အမှန်တကယ်ကို ကောင်းရှစ်ကျီး၏ တိုက်ရိုက်လက်အောက်ခံစစ်တပ်ဖြစ်သည်။ စစ်ရေးနှင့် လူအင်အားအရည်အသွေး နှစ်ခုစလုံးတွင် သူတို့သည် သာမန်ထန်တပ်ရင်းတစ်ခုထက် များစွာပို၍ သာလွန်သည်။
ကောင်းရှစ်ကျီး သည် သူ၏အရှိန်အဝါကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။
လုယွီသည် စိတ်ဓာတ်မကျဘဲ ရှေ့သို့တိုးဝင်သွားကာ သူနှင့် ရင်ဆိုင်တွေ့မိသော မည်သည့်ထန်စစ်သည်တော်မဆို နေရာမှာပင် ချက်ချင်းသေဆုံးသွားသည်။
ပုံရိပ်တစ်ခုက လုယွီ၏ လမ်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။ ဤသည်မှာ ဗိုလ်ချုပ်ကြီးတစ်ဦးထက် အဆင့်မြင့်သော်လည်း ကောင်းရှစ်ကျီးနှင့် လီမီတို့၏အဆင့်သို့ မရောက်သေးသော ထန်တပ်မှူးတစ်ဦးဖြစ်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤထန်တပ်မှူးသည် အလွန်သန်မာအားကောင်းပေ၏။ သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း အလင်းတိုင်တစ်တိုင်သည် သူ၏နောက်မှနေ၍ မိုးကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ထန်တပ်မှူးသည် လုယွီကိုမြင်ချိန်၌ ထိတ်လန့်ခြင်းမရှိဘဲ အော်ဟစ်ရယ်မောပြီး ရှေ့သို့ တိုးဝင်လာသည်။
"ဘုန်း...ဘုန်း...ဘန်း..."
နှစ်ဖက်စလုံးသည် တိုက်ကွက်များကို ဆက်တိုက်ဖလှယ်ကြသည်။ အချိန်တခဏအတွင်းမှာပင် သူတို့သည် တိုက်ကွက်ရာပေါင်းများစွာကို ဖလှယ်ခဲ့ကြသည်။
လုယွီ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် အလွန်အားကောင်းပြီး ဤသည်မှာ ထန်တပ်မှူး ယှဉ်နိုင်သောအရာ မဟုတ်ချေ။ အချိန်တခဏကြာ တိုက်ခိုက်ပြီးနောက် ထန်တပ်မှူး၏သံချပ်ကာ ကြေမွပျက်စီးသွားသည်။
လုယွီသည် ရှေ့သို့ပျံသန်းသွားပြီး ထန်တပ်မှူး၏ လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။ သူသည် ခွန်အားကုန်သုံး၍ ထန်တပ်မှူး၏ လက်မောင်းကို လိမ်ချိုးလိုက်၏။
ထို့နောက် လုယွီသည် ထန်တပ်မှူး၏ ပခုံးကို နင်းပြီး သူ့ကို မြေကြီးအတွင်းသို့ တွန်းချလိုက်သည်။
ဘုန်း
မြေပြင်တပြင်လုံး တုန်ခါပြီး တောင်များ လှုပ်ခတ်သွားကြသည်။ ထန်တပ်မှူး၏ ခန္ဓာကိုယ်သည် မြေကြီးအတွင်းသို့ နစ်မြုပ်သွားပြီး သူ၏အသက်သည် ကြိုးတစ်ချောင်းပေါ်တွင် ဆွဲထားသည့်အလားပင်။
လုယွီသည် အနည်းငယ်မျှ နောက်မတွန့်ခဲ့ချေ။ သူ၏လက်သီးချက်များသည် ထန်တပ်မှူး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနှလုံးမရီဒါန်းများကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤအချိန်တွင် ထန်တပ်မှူးကို ကယ်တင်ခဲ့လျှင်ပင် သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။
လုယွီက အထက်စီးမှငုံ့ကြည့်ပြီး မေးမြန်းလိုက်သည်။
"ကောင်းရှစ်ကျီး ဘယ်မှာလဲ.."
"ဟား ဟား ဟား... မင်း နောက်ကျသွားပြီ"
ထန်တပ်မှူးက သွေးတစ်လုတ်အန်ထုတ်လိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။
နောက်ထပ်အချိန်တခဏတွင် ထန်တပ်တပ်မှူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြမ်းတမ်းသော အရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
အရေးကြီးသည့် အခိုက်အတန့်တွင် ထန်တပ်မှူးသည် သူ့ကိုယ်ကို ဖောက်ခွဲပြီး လုယွီနှင့်အတူ သေကြေပျက်စီးသွားရန် ရွေးချယ်ခဲ့သည်။
လုယွီသည် အေးစက်စက်အော်ငေါက်ပြီး သူ၏လက်ဖြင့် ဖိနှိပ်လိုက်သည်။ ထန်တပ်မှူး၏နံဘေးပတ်လည်ရှိ လေဟာနယ်သည် ကျစ်လစ်သိပ်သည်းသွားပေ၏။ သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲသွားသည့် အရှိန်အဝါသည် အနည်းငယ်မျှပင် ယိုစိမ့်ထွက်မလာခဲ့ချေ။
"တစ်ခုခုတော့ မှားနေပြီ"
လုယွီ၏စိတ်နှလုံးသားသည် ပို၍ ပို၍ လေးလံလာသည်။
သူသည် ယုံဘုရင်နန်းတော်၏ နောက်ထပ်နန်းဆောင်များအတွင်းသို့ ဆက်လက်၍ ဝင်ရောက်သွားသည်။ ဤနေရာရှိ တိုက်ပွဲသည် အဆုံးသတ်တော့ပေမည်။
ဤနေရာကို စောင့်ကြပ်နေသော ထန်စစ်တပ်သည် ကြီးမားခြင်းမရှိပေ။ သူတို့သည် ရက်စက်ကြမ်းတမ်းသော လူရိုင်းစစ်တပ်ကို မခုခံနိုင်ဘဲ သူတို့အားလုံး အသတ်ခံခဲ့ရသည်။
နံဘေးပတ်ဝန်းကျင်ကို ကြည့်လျှင် မတ်တတ်ရပ်နေနိုင်သော ထန်စစ်သည်တော်များကို မတွေ့နိုင်တော့ချေ။ လူရိုင်းစစ်သည်တော်များသည် နန်းဆောင်များအတွင်းသို့ ဝင်ရောက်သွားပြီး ထန်စစ်သည်တော်၏ ခြေရာလက်ရာများကို နေရာအနှံ့အပြား၌ ရှာဖွေနေကြသည်။
ထိုအချိန်မှာပင် အဝေးရှိ လူရိုင်းစစ်သည်တော်တချို့သည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
လေထုကိုထိုးဖောက်လာသည့် မြှားများ၏ လျင်မြန်သောအသံများကို ကြားလိုက်ရသည်။ ရှေ့ဆုံးမှ လူရိုင်းစစ်သည်တော်အုပ်စုသည် ချက်ချင်း သွေးအိုင်ထဲသို့ လဲကျသွားကြသည်။ သူတို့ စီးနင်းထားသော နတ်ဆိုးသားရဲများပင်လျှင် တူညီသောရလဒ်ကို ရရှိသွားခဲ့သည်။
ဘုန်း...ဘုန်း....
အဝေးရှိ ထန်စစ်တပ်သည် အမှန်တကယ်ကို စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်များကို ချိန်ရွယ်ထားကြသည်။ သူတို့သည် ယခင်ကတည်းက ကြိုတင်ပြင်ဆင်နေပုံရသည်။ လူရိုင်းစစ်တပ်သည် ထိုနေရာသို့ ဝင်ရောက်သွား သည်နှင့် တပြိုင်နက်တည်း သူတို့သည် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို ခံစားခဲ့ရလေ၏။
ထူထပ်သိပ်သည်းသော ဝိညာဉ်ကျောက်တုံးအမြှောက်ဆန်များ၏ အလင်းတန်းများ ထွက်ပေါ်လာပြီး လူရိုင်းစစ်သည်တော်များ အစုလိုက်အပြုံလိုက် လဲကျသွားကြသည်။ သူတို့၏အရိုးများသည် ကြေမွှပျက်စီးသွားပြီး သွေးများအိုင်ထွန်းနေသည်။
"နောက်ဆုတ်...အခုချက်ချင်း နောက်ဆုတ်ကြစမ်း"
နောက်လိုက်လာသော လူရိုင်းဗိုလ်ချုပ်များ၏ မျက်လုံးများသည် နီရဲနေသည်။
လဲကျသွားသော လူရိုင်းစစ်သည်တော်များသည် သူတို့မျိုးနွယ်စု၏ လူငယ်များဖြစ်ကြပြီး တချို့သည် သူတို့၏ဆွေမျိုးများ ဖြစ်ကြသည်။
လူအသက်များသည် ဖြတ်တောက်ခံရသော မြက်ပင်များအလားပင်။
လူတိုင်းက ထန်တပ်မတော်သည် အိုးအတွင်း၌ ပိတ်မိနေသော လိပ်များကဲ့သို့ဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ထန်စစ်တပ်သည် ဤသို့သော ပြင်းထန်သည့် တိုက်ခိုက်မှုကို ပြုလုပ်နိုင်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
Chapter 4759
ကြီးကျယ်ခမ်းနားသော ယုံနန်းတော်အတွင်းတွင် အလောင်းများဖြင့် ဖုံးလွှမ်းနေသည်။
လေထုအတွင်းတွင် ပျို့အန်ချင်ဖွယ်ကောင်းသော သွေးနံ့များဖြင့် ပြည့်နှက်နေပေ၏။ မည်သူမည်ဝါသေဆုံးသွားသည်ကို ပြောရန် မဖြစ်နိုင်ချေ။ အလောင်းများသည် တစ်လောင်းပေါ်တစ်လောင်း ထပ်နေပြီး ကျိုးပဲ့နေသော ခြေလက်အင်္ဂါများသည် နေရာအနှံ့အပြားတွင် ရှိနေသည်။
လူရိုင်းစစ်တပ်သည် ကြောက်ရွံခြင်းမရှိချေ။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားပြီး နံဘေးမှ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
သို့ရာတွင် နံဘေးရှိ နန်းဆောင်များအတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထန်စစ်တပ်သည် ဤနေရာတွင် ထောင်ချောက်များစွာကို ခင်းကျင်းထားသည်။ တချို့နေရာများသည် သာမန်ပုံပေါက်သော်လည်း နင်းမိသည်နှင့် ထောင်ချောက်များ ချက်ချင်းအသက်ဝင်လာပေလိမ့်မည်။ မြင်းများ၏ဟီသံများနှင့် ဒဏ်ရာရသူများ၏ အော်ဟစ်သံများကို နေရာအနှံ့အပြားတွင် ကြားနေရသည်။
"အဲ့ဒီကို မသွားနဲ့...ငါလုပ်မယ်.."
လုယွီသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားပြီးနောက် သူ၏နံဘေးပတ်ဝန်းကျင်တွင် အဆုံးမရှိသော ယင်ချီစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
ယုံဘုရင်နန်းတော်တစ်ခုလုံးကို သူ၏ငရဲနယ်မြေဖြင့် လွှမ်းခြုံထားပြီးဖြစ်သည်။ ကောင်းကင်မှ အလင်းရောင်သည် ဤနေရာသို့ မရောက်နိုင်ဘဲ သူ၏နံဘေးပတ်လည်ရှိ အရာအားလုံးသည် မယုံနိုင်လောက်အောင် မှောင်မိုက်နေသည်။
ထန်စစ်တပ်သည် လုယွီကို ရှာဖွေတွေ့ရှိသွားချိန်၌ ထန်စစ်ဗိုလ်ချုပ်တချို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏အမြှောက်များကို သူ့ဘက်သို့ လှည့်လိုကြသည်။
သို့သော် လုယွီ၏ အရှိန်သည် အလွန်မြန်ဆန်ပြီး သူတို့ကို တုံ့ပြန်ရန် အချိန်မပေးခဲ့ချေ။ ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံမှ ကျရောက်လာပေ၏။
ထိုလက်ဝါးပုံရိပ်ယောင်ကြီး ကျရောက်လာချိန်တွင် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထန်စစ်သည်တော်အုပ်စုများသည် အသားပြားများအဖြစ်သို့ ကြိတ်ချေခံလိုက်ရပြီး စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များပင်လျှင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် ရှေ့သို့ နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
လက်သီးစိတ်ဆန္ဒတစ်ရပ်သည် နဂါးတစ်ကောင်အလား ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပွင့်အံ့ထွက်သွားသည်။ လုယွီ၏ ရှေ့မှ ထန်စစ်သည်တော်များသည် အော်ဟစ်ခွင့်ပင်မရဘဲ သေဆုံးသွားကြသည်။
ဤတစ်ကြိမ်တွင် ယုံဘုရင်နန်းတော်တွင် ပုန်းကွယ်ထားသော ထန်စစ်တပ်သည် အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရလေ၏။
လုယွီသည် မရေမတွက်နိုင်သော ထန်စစ်သည်တော်များ၏ အလောင်းများပေါ်တွင် မတ်တတ်ရပ်နေသည်။ သူ၏ငယ်ရွယ်သောမျက်နှာသည် သူ၏နံဘေးပတ်လည်ရှိ သွေးနံ့များနှင့် မလိုက်ဖက်ချေ။
"ဆက်ပြီး ရှင်းလင်းကြစမ်း...အဆောက်အအုံတစ်လုံးမှ ချန်မထားနဲ့..."
လုယွီက အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့..."
လူရိုင်းစစ်သည်တော်များ၏ မျက်လုံးများအတွင်းတွင် ရူးသွပ်စွဲလန်းမှုများဖြင့် ပြည့်နှက်နေသည်။
လူရိုင်းနယ်စပ်တွင် သန်မာအားကောင်းသူကို ရိုသေလေးစားသည်။ သူတို့၏မျက်လုံးများအတွင်းတွင် တော်ဝင်နန်းတွင်း ရှိမနေဘဲ အင်အားကောင်းသူကိုသာ သေချာပေါက် အသိအမှတ်ပြုပေလိမ့်မည်။
လုယွီ ပြသခဲ့သော အင်အားသည် လူရိုင်းစစ်သည်တော်များကို သူ့အား အသိအမှတ်ပြုရန် လုံလောက်ခဲ့သည်။
"အရှင်လု....မင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့က သူတို့ကို ဒီလောက်ထိမြန်မြန် အနိုင်ယူနိုင်မှာမဟုတ်ဘူး"
လူရိုင်းတပ်မှူးက သူ၏လက်အောက်ငယ်သားများနှင့်အတူ ပြေးလာသည်။
လုယွီ၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်ပေ၏။ သူ၏ရှေ့တွင် ထန်စစ်သည်တော် ငါးသောင်းကျော်ရှိသော်လည်း သူတို့အားလုံး မျက်စိတစ်မှိတ်အတွင်း သေကြေပျက်စီးသွားကြသည်။
လုယွီက ပြောဆိုသည်။
"ဒါက ကိစ္စငယ်လေးတစ်ခုပါ"
သူသည် ဤထန်စစ်တပ်ကို ချေမှုန်းနိုင်ခဲ့သော်လည်း လုယွီသည် မျက်မှောင်ကြုတ်ကာ အလေးအနက် စဥ်းစားတွေးတောနေသည်။
ယခုအချိန်အထိ သူသည် ကောင်းရှစ်ကျီးကို ရှာမတွေ့သေးချေ။
"ငါ့ရဲ့နန်းတော်....ဒီဘုရင်ရဲ့နန်းတော်က ဘယ်လိုဖြစ်သွားတာလဲ...အောက်တန်းစားကောင်တွေ ငါ့ရဲ့ရှေ့ကနေ ဖယ်ကြစမ်း"
အဝေးတစ်နေရာတွင် ငိုယိုသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ယုံဘုရင်သည် ဒယိမ်းဒယိုင်ဖြင့် ရောက်ရှိလာပြီး သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသောအမူအယာတစ်ရပ် ထင်ဟပ်နေသည်။
ဤနန်းတော်သည် ချန်းဖိန်ကြယ်နယ်မြေတစ်ခုလုံးတွင် ခမ်းနားထည်ဝါဆုံး အဆောက်အအုံဖြစ်ပြီး ယုံဘုရင်၏အခွင့်အာဏာကို ပြသသော သင်္ကေတဖြစ်ခဲ့သည်။
ထန်စစ်တပ် ဝင်ရောက်လာချိန်တွင် ယုံဘုရင်သည် သူ၏မိသားစုကို ဦးဆောင်ကာ ထွက်ခွာသွားပြီး ခုခံခြင်းမပြုခဲ့ပေ။
ယခုမူ ယုံဘုရင်သည် နေရာအနှံ့ရှိ အလောင်းများကို ကြည့်ရှုပြီးနောက် နန်းတော်အတွင်းရှိ ပျက်စီးနေသည့် အဆောက်အအုံအမြောက်များကို မြင်တွေ့မိသဖြင့် သူထံ၌ ဒေါသမီးများ လောင်ကျွမ်းနေသည်။
"အဲ့ဒီ ကောင်စုတ်လေးလက်ချက်ပဲ... သူက အရှင်ရဲ့နန်းတော်ကို ဖျက်ဆီးခဲ့တယ်... သူ့ကို အပြစ်ပေးပါ"
အစေခံအနည်းငယ်က လုယွီကို လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်ကြသည်။
ပန်းထိုးနဂါးအစောင့်များ ရှေ့သို့ပြေးတက်လာပြီး လုယွီကို ဝန်းရံလိုက်ကြ၏။
ယုံဘုရင်သည် အသိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ရှိ လူရိုင်းစစ်သည်တော်များကို ကြည့်လိုက်သည်။
"ဒီလူက တော်ဝင်နန်းတွင်းရဲ့မင်းသားတစ်ပါးကို ပေါ်ပေါ်တင်တင် ရိုက်နှက်ပြီးတော့ ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်....ငါ မင်းတို့အားလုံးကို သူ့ကို ချက်ချင်း ဖမ်းဆီးဖို့ အမိန့်ပေးတယ်"
ပတ်ဝန်းကျင်ရှိ လူရိုင်းစစ်သည်တော်များသည် ယုံဘုရင်ကို ထူးဆန်းစွာ ကြည့်လိုက်ကြသော်လည်း မည်သူမျှ လှုပ်ရှားခြင်းမရှိချေ။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ယုံဘုရင်သည် အရှက်ရခြင်းမှတဆင့် သူ၏ဒေါသများ ပေါက်ကွဲသွားသည်။
"ငါ ပြောတာကို မင်းတို့ မကြားဘူးလား...."
Chapter 4760
လူရိုင်းစစ်တပ် မလှုပ်ရှားသည်ကိုမြင်ချိန်တွင် ယုံဘုရင်သည် သူ၏လက်ညှိုးကို လုယွီထံသို့ ညွှန်ပြပြီး အော်ဟစ်လိုက်သည်။
"သူ့ကို ဖမ်းကြစမ်း..."
ရွှပ်...ရွှပ်...ရွှပ်...
ပန်းထိုးနဂါးအစောင့်များသည် သူတို့၏ဓားများကို ဆွဲထုတ်လိုက်သော်လည်း ရုတ်တရက် လုယွီသည် သူတို့၏မျက်လုံးများရှေ့မှ ပျောက်ကွယ်သွားသည်။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် ယုံဘုရင်၏ရှေ့သို့ ရောက်ရှိလာပြီး သူ၏မျက်နှာကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်း....
ကြည်လင်ပြတ်သားသော အသံတစ်သံသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။
ယုံဘုရင်သည် ပြင်းထန်စွာ ပါးဖြတ်ရိုက်ခြင်းခံလိုက်ရလေ၏။ သူသည် လုယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မင်း ငါ့ကို ရိုက်ဝံ့တာလား..."
လုယွီသည် ယုံဘုရင်၏ လည်ပင်းကို ဖမ်းဆုပ်ပြီး သူ့ကို အလောင်းပုံတစ်ပုံရှေ့တွင် ဖိနှိပ်လိုက်သည်။
အေးစက်သော ဇောချွေးများသည် ယုံဘုရင်၏ နဖူးမှ စီးကျလာပြီး သူသည် မြေပြင်အပြည့်ရှိ နေသော အလောင်းများကို ကြည့်လိုက်သည်။
"မင်းက သက်သောင့်သက်သာရှိတဲ့ဘဝမှာ ကြာကြာနေပြီးတော့ တာယွီရဲ့ဘိုးဘေးဧကရာဇ်က လောကကြီးကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ ဆိုတာကို မေ့သွားပုံရတယ်"
လုယွီက ပြောဆိုသည်။
"ဒီအလောင်းတွေကို မြင်လား...သူတို့က မိသားစုတွေရဲ့ ထောက်တိုင်တွေပဲ...သူတို့က တစ်စုံတစ်ယောက်ရဲ့ ခင်ပွန်းတွေ သားတွေနဲ့ ဖခင်တွေပဲ.... ထန်စစ်တပ်ကို မောင်းထုတ်ဖို့အတွက် သူတို့က အဝေးမှာရှိတဲ့ လူရိုင်းနယ်စပ်ကနေ ဒီကို ပြေးလာခဲ့ကြတယ်"
"အခု သူတို့က စစ်မြေပြင်မှာ သေဆုံးသွားကြပြီ...တချို့ဆိုရင် အလောင်းတွေတောင် မကျန်တော့ဘူး....လူရိုင်းစစ်တပ်ရဲ့ လစာတွေနှောင့်နှေးနေတာ အချိန်အတော်ကြာနေပြီလို့ ငါကြားတယ်...အခု သူတို့ တိုက်ပွဲမှာ သေဆုံးသွားကြပြီ...တော်ဝင်နန်းတွင်းက သူတို့ကို လျော်ကြေးပေးမှာလား ဒါမှမဟုတ် ကျိုးတော်ဝင်မိသားစုက သူတို့ကို လျော်ကြေးပေးမှာလား...သူတို့က ဘယ်သူ့အတွက် တိုက်ခိုက်ခဲ့ကြတာလဲ... ပြီးတော့ မင်းက သူတို့ကို ဘာပေးခဲ့လဲ"
လူရိုင်းစစ်သည်တော်များသည် ယုံဘုရင်တို့လူစုကို တိတ်တဆိတ် ဝန်းရံထားကြသည်။ သူတို့အနက်မှတချို့သည် ငိုကြွေးနေကြပြီ။
ယုံဘုရင်ကို ကာကွယ်ရန် တာဝန်ရှိသော ပန်းထိုးနဂါးအစောင့်များပင်လျှင် ဤအချိန်တွင် မလှုပ်ရှားဘဲ သူတို့ရှေ့မှ အရာအားလုံးကို ကြောင်ငေးကြည့်နေကြသည်။
"မင်းရဲ့အဆင့်အတန်းက အရမ်းမြင့်မြတ်သလား....ဒီစစ်သည်တော်တွေ ရှေ့တန်းမှာ ရဲရဲရင့်ရင့် ရန်သူကို မသတ်ဖြတ်ရင် မင်းတို့ ကျိုးတော်ဝင်မိသားစုရဲ့ အဆင့်အတန်းက ဘာမှအရေးမပါတော့ဘူး... မင်းက စစ်ပွဲမှာ မပါဝင်ဖို့ ရွေးချယ်နိုင်တယ်...မင်းကိုယ်မင်းကာကွယ်ဖို့အတွက် မင်းက ထန်စစ်တပ်နဲ့တောင် ပူးပေါင်းပြီး လျစ်လျူရှုနိုင်တယ်....ဒါပေမဲ့ ဒီနေ့ မင်းက မင်းသားတစ်ပါးအနေနဲ့ မင်းရဲ့အဆင့်အတန်းကို သုံးပြီးတော့ စစ်တပ်ကို တားဆီးခဲ့တယ် ..လူရိုင်း စစ်သည်တော်တွေကို စော်ကားခဲ့တယ်...မင်းကို ကာကွယ်နေတဲ့ လူတွေကို စော်ကားခဲ့တယ်...မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... မင်းမှာ သူတို့ကို စော်ကားပိုင်ခွင့် ရှိလို့လား"
လူရိုင်းစစ်သည်တော်အားလုံး ဟစ်ကြွေးခြင်းမပြုဘဲ မနေနိုင်တော့ချေ။
သူတို့သည် အမှန်အားဖြင့် အောင့်အည်းသည်းခံနေရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ဒေသခံစစ်တပ်အဖြစ် ရောက်ရှိလာကတည်းက သူတို့သည် ဖိနှိပ်ခြင်းနှင့် ဖယ်ကျဉ်ခြင်းများ ခံခဲ့ရသည်။ သူတို့အနက်မှ အများစုသည် ဖိအားများအောက်တွင် တိုက်ပွဲစစ်မြေပြင်သို့ သွားခဲ့ကြရသည်။
ယုံဘုရင်၏ မျက်နှာသည် ပြောဆိုခြင်းခံရ၍ နီမြန်းသွားသည်။ သူသည် အံ့ကြိတ်ပြီး ပြောဆိုလိုက်၏။
"ဒီဘုရင်... ဒီဘုရင်..."
သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူသည် လုယွီ၏စကားများကို မငြင်းဆန်နိုင်ခဲ့ပေ။
လုယွီက ခေါင်းမော့ပြီး ယုံဘုရင်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
"ငါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင် လုယွီပဲ... မင်း ငါ့ကို စွပ်စွဲချင်ရင် ဒါမှမဟုတ် ငါ့ကို လက်စားချေချင်ရင် မင်းသဘောပဲ"
ယုံဘုရင်သည် လုယွီ၏စကားများကို ကြားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပေ၏။
ဤအချိန်တွင် ယုံဘုရင်၏ နှလုံးသားထဲရှိ ဒေါသသည် တစ်ဝက်ကျော် လျော့ကျသွားပြီး အဆုံးမရှိသော ကြောက်ရွံ့မှုသာ ကျန်တော့သည်။
သူသည် သူ့ရှေ့မှ ဤလူငယ်သည် အမှန်တကယ်အားဖြင့် လုယွီဖြစ်နေမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
ချီဘုရင်ကျိုးထုံပင်လျှင် လုယွီ၏ အသတ်ခံခဲ့ရသည်။ စစ်အာဏာပင်မရှိသော သူကဲ့သို့ မင်းသားတစ်ပါးသည် လုယွီ၏ရှေ့တွင် ဘာမှမဟုတ်ပေ။
"လုယွီ... မဟုတ်ဘူး...အရှင်လု...ကျွန်တော်... ကျွန်တော် မှားသွားပါတယ်"
ယုံဘုရင်သည် ကြောက်ရွံ့တုန်လှုပ်နေပြီး သူ၏အသံ တုန်ရီနေသည်။
ယခင်က လုယွီကို အော်ဟစ်ခဲ့သော အစေခံများသည်လည်း မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်ကြပြီး ခေါင်းမော့ကြည့်ဝံ့ခြင်းမရှိတော့ချေ။
သူတို့သည် စစ်မြေပြင်နှင့် အလှမ်းဝေးသော်လည်း လုယွီ၏ ဒဏ္ဍာရီများအကြောင်း ကြားဖူးကြသည်။
ဤလူများ၏ မျက်လုံးများအတွင်းတွင် လုယွီသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးပင်။
သူသည် ဧကရာဇ် ကျိုးယွမ်ယန်ကိုပင် ဆန့်ကျင်နိုင်သည်။ သူသည် ကျိုးယွမ်ယန် စေလွှတ်ခဲ့သော အရာရှိ ရှယင်ကိုပင် သတ်ဖြတ်ခဲ့သည်။ သူတို့ကို သတ်ရန် သူ့အတွက် အချိန်တခဏသာ လိုအပ်သည်။
"ထွက်သွားကြစမ်း... ငါ့မှာ မင်းတို့နဲ့စကားပြောဖို့ အချိန်မရှိဘူး"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
ယုံဘုရင်သည် သူ၏လူများကို ဦးဆောင်ကာ သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးသွားသည်။
သူသည် ထပ်မံ၍ နေဝံ့ခြင်းမရှိတော့ချေ။ လုယွီ၏စိတ် ပြောင်းလဲသွားပြီး သူ့ကို သတ်ဖြတ်မည်အား သူ ကြောက်ရွံ့နေသည်။