← Chapters

အခန်း (၄၇၇၁-၄၇၇၅)

Vol. 242 Ch. 4771-4775

အခန်း (၄၇၇၁-၄၇၇၅)

Vol. 242 Ch. 4771-4775

Chapter 4771

လုယွီက တခြားလူများကို တစ်ချက်ကြည့်လိုက်သည်။ ဖူကျစ်ရွှယ်ဖြစ်စေ စုန့်ချင်ဟူဖြစ်စေ သူတို့သည် ဤအရာကို အသားကျနေပုံရသည်။

လုယွီက သူတို့၏ အတွေ့အကြုံများသည် သူနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူတို့အားလုံးသည် ကျင့်ကြံသူမိသားစုများမှလာခြင်း ဖြစ်ကြသည်။ သူတို့၏မိသားစုများသည် မျိုးဆက်အလိုက် နာမည်ကျော်ကြားသောကြပြီး ထူးချွန်သော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့ကြသည်။

ဤလူများသည် မွေးဖွားလာကတည်းက ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့သည် မှော်စွမ်းအားကို ပိုင်ဆိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို သူတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ထိန်းချုပ်နိုင်သည်။ သူတို့သည် အရပ်သားများကို ကူညီလိုစိတ်ရှိကြောင်း တာဝန်ယူကြောင်း အစဥ်အမြဲပြောဆိုနေသော်လည်း သာမန်သေမျိုးများ၏ အစစ်အမှန်ဘဝကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးကြချေ။

လုယွီ၏ ယခင်ဘဝတွင် သူသည် သာမန်သေမျိုးတစ်ဦးအဖြစ်မှ တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ရသည်။

ဤမတိုင်မီက သူသည် တောင်ပေါ်ဘုရားကျောင်းတစ်ခုမှ သူတောင်းစားလေးတစ်ဦးသာ ဖြစ်သည်။ သူသည် စိတ်တိုင်းကျ မစားခဲ့ရဘဲ သူ စားခဲ့သော ပထမဆုံးအသားတစ်လုတ်မှာ လောကကြီးအတွင်းတွင် အကြီးမားဆုံးသော ပျော်ရွှင်မှုဖြစ်ခဲ့သည်။

လုယွီသည် မျက်လုံးများကို မှိတ်လိုက်ပြီး ယခင်က သူ၏မျှော်လင့်ချက်ကင်းမဲ့ခဲ့မှုကို သူ မှတ်မိနေသေးသည်။

အားကြီးသော ကျင့်ကြံသူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြရာ မြေပြင်တုန်ခါပြီး တောင်များပြိုကျကာ ဆည်ကျိုးပေါက်သွားသဖြင့် ရေလွှမ်းမိုးမှုသည် သာမန်သေမျိုးမြို့တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအချိန်တွင် သာမန်သေမျိုးများသည် သူတို့ကိုယ်သူတို့ အရေးမပါသူများဟု အမှန်တကယ် ခံစားခဲ့ရသည်။

"ဒီလို မဖြစ်သင့်ဘူး...."

လုယွီက ခေါင်းခါလိုက်သည်။ သူသည် ယခုချိန်၌ ရာထူးကြီးမြင့်ပြီး အစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သာမန်သေမျိုးများ ခံစားရသော ဆင်းရဲဒုက္ခများကို သူ မမေ့သေးချေ။

လုယွီက ချန်းဖိန်ကြယ်နယ်မြေတွင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းကို ရုတ်တရက် သတိရသွားသည်။ သူက မေးမြန်းလိုက်၏။

"နေရာတိုင်း ဘေးဒဏ်သင့်တာတော့ မဟုတ်ဘူး....ငါ့အထင်တော့ ချန်းဖိန်ကြယ်နယ်မြေရဲ့နန်းတော်က ဘေးကင်းလုံခြုံနေတယ်"

စစ်ဘက်အရာရှိက ခါးသည်းစွာ ပြုံးပြီး ပြောဆိုသည်။

"အသုံးမဝင်ပါဘူး.... တော်ဝင်နန်းတော်က ကျွန်တော်တို့ကို ရိက္ခာခွဲဝေမပေးဖို့ အမိန့်ထုတ်ထားတယ်..."

"ဘာ...."

စုန့်ချင်ဟူသည် ချက်ချင်းဒေါသထွက်သွားပေ၏။

"ငါတို့က ရှေ့တန်းမှာ တိုက်ပွဲဝင်နေတာ...သူတို့က ငါတို့ကို စားနပ်ရိက္ခာ မခွဲဝေပေးရုံတင်မကဘူး...တခြားနေရာတွေကိုလည်း စားနပ်ရိက္ခာ ခွဲဝေမပေးဖို့ တားမြစ်ထားတယ်...တော်ဝင်နန်းတွင်းက ဘာသဘောလဲ"

စစ်ဘက်အရာရှိက အလျင်အမြန် ရှင်းပြသည်။

"ဒါက တော်ဝင်နန်းတွင်းရဲ့ အတွေးအခေါ်သစ်လို့ ပြောကြတယ်...ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်းမှုကို သေချာစေဖို့အတွက် စားနပ်ရိက္ခာတွေအားလုံးကို စုစည်းဖို့ပါ"

သူ၏စကားများသည် ရယ်ရွှင်ဖွယ် ကောင်းပေ၏။

တာယွီတော်ဝင်နန်းတွင်းမှ ထိန်းချုပ်ထားသော နယ်မြေသည် အလွန်ကျယ်ပြန့်သည်။ တော်ဝင်မြို့တော်မှ ပံ့ပိုးပေးသော စားနပ်ရိက္ခာတစ်ခုတည်းနှင့်ပင် ကြီးမားသော စစ်တပ်တစ်တပ်ကို ကျွေးမွေးရန် လုံလောက်သည်။

ဤသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်သည်။ ကျိုးယွမ်ယန်၏ တော်ဝင်နန်းတွင်းမှ သဘောထားသည် အလွန်ရှင်းလင်းပြီး ဒေသခံစစ်တပ်များကို အားနည်းသွားစေရန် ဖြစ်ပေ၏။

လုယွီက အသက်ပြင်းပြင်းရှိုက်ပြီး မေးမြန်းလိုက်သည်၏

"သုံးရက်ကြာရင် စားနပ်ရိက္ခာ မရှိတော့ဘူး.... ငါတို့ ဘာလုပ်သင့်လဲ"

ဤအချိန်သည် စစ်တပ်၏ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုကို စမ်းသပ်ရမည့်အချိန်ပင်။

စစ်ဘက်အရာရှိက ပြောဆိုသည်။

"သုံးရက်ကြာပြီးနောက် ရှေ့တန်းက အဓိကတပ်မတော်ကလွဲရင် အရန်တပ်မတော်ရဲ့ ရိက္ခာကို တစ်ဝက်လျှော့ချမယ်....ငါးရက်မြောက်နေ့မှာ အဓိကတပ်ရဲ့ရိက္ခာကို တစ်ဝက်ထပ်လျှော့ချမယ်... ဒါဆိုရင် အများဆုံး နောက်ထပ်သုံးရက်လောက် တောင့်ခံနိုင်မယ်..."

"ဒါပြီးရင်ရော..."

လုယွီက မေးမြန်းသည်။

"ဒါပြီးရင်တော့ အစာခံဆေးပြားတွေကို သုံးရတော့မယ်"

စစ်ဘက်အရာရှိသည် သူ၏အိတ်ကပ်ထဲမှ ဆေးလုံးတစ်မျိုးကို ထုတ်ယူပြီး လုယွီထံသို့ ပေးလိုက်သည်။

လုယွီက ဤဆေးလုံးမှာ မည်သည့်အမျိုးအစားဖြစ်သည်ကို သိရှိပေ၏။

တော်ဝင်မြို့တော်တွင် အထက်တန်းလွှာအမျိုးသမီးတချို့သည် သူတို့၏ခန္ဓာကိုယ်အချိူးအစားကို ထိန်းသိမ်းရန် ဤအစာခံဆေးပြားကို မှီဝဲကြသည်။

ဆေးတစ်ပြားစားလိုက်လျှင် ဗိုက်ပြည့်သည့် ခံစားမှုကို ရရှိပေမည်။ သူတို့သည် နှစ်ရက် သုံးရက် မစားဘဲနေလျှင်ပင် ဆာလောင်ခြင်းကို ခံစားရမည် မဟုတ်ချေ။

သို့ရာတွင် ဤအရာမျိုးသည် ဦးနှောက်ကို လှည့်စားနိုင်သော်လည်း လူ၏ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေပေမည်။

ထို့ပြင် တပ်ထဲမှ စစ်သားများသည် နေ့စဉ် ကာယလှုပ်ရှားမှုများစွာ ပြုလုပ်ရသည်။ အစာခံဆေးပြားများ သုံးစွဲခြင်းသည် ပြဿနာကို လုံးဝမဖြေရှင်းနိုင်ချေ။ ဤဆေးလုံးသည် လူများကို ဆာလောင်ခြင်း မခံစားရစေဘဲ အာဟာရပြတ်လပ်မှုဖြင့် သေဆုံးစေနိုင်သည်။

"ဒီကိစ္စကို မြန်မြန်အဆုံးသတ်ဖို့ အချိန်တန်ပြီ"

လုယွီက မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"မနက်ဖြန်ကျရင် ပုန်းကွယ်နဂါးစစ်တပ်က အထွေထွေတိုက်ခိုက်မှုတစ်ခုကို စတင်မယ်...မင်းတို့အားလုံး ငါ့ကို ကူညီနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"

တခြားအုပ်ချုပ်သူအရှင်များသည် မတ်တတ်ထရပ်ပြီး သဘောတူလိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သော အမူအယာများ ရှိနေသည်။

ညဉ့်သန်းခေါင်၏ အမှောင်ထုအောက်တွင်လုယွီ၏ မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။ သူသည် အဝေးမှ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို စူးစိုက်ကြည့်နေပေ၏။

Chapter 4772

နောက်တစ်နေ့၌....

ပတ်ဝန်းကျင်ရှိ အလင်းရောင်သည် မှိန်ဖျော့နေပြီး မိုးကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းနေသည်။

ကျားလှောင်အိမ်ခံတပ်ရှေ့တွင် ပုန်းကွယ်နဂါးစစ်တပ်သည် ပထမဆုံး တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များဖြင့် ပစ်ခတ်မှုမှ အကာအကွယ်အောက်တွင် သူတို့သည် ခံတပ်ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။

အနက်ရောင်စစ်သားအုပ်ကြီးသည် ကျားလှောင်အိမ်ခံတပ်ရှေ့သို့ ဒီရေအလား ရောက်ရှိသွားသည်။ စစ်သင်္ဘောများမှ အမြောက်များကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ကျားလှောင်အိမ်တောင်ကြားခံတပ်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။

ဒေါင်...ဒေါင်...ဒေါင်...

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ မျှော်စင်များမှ ခေါင်းလောင်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံတိုင်းပေါ်မှ ထန်စစ်တပ်သည် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်များကြောင့် အလျင်အမြန်နောက်ဆုတ်လိုက်ရသည်။ သူတို့သည် မြို့ကာကွယ်ရေးတိုက်ကွက်ကို ခင်းကျင်းလိုက်ကြ၏။

မြို့တံတိုင်းပေါ်မှ ခေါင်းလောင်းသံများ ရုတ်တရက် ရပ်တန့်သွားသည်။

အရပ်သားအုပ်စုတစ်စုဖြစ်သော အမျိုးသားများ အမျိုးသမီးများ သက်ကြီးရွယ်အိုများ ကလေးများ အားလုံးကို မြို့တံတိုင်းပေါ်သို့ တွန်းတင်ပြီး စစ်သားများရှေ့တွင် ဒူးထောက်စေသည်။

သူတို့၏ လက်များကို နောက်ပြန်ကြိုးချည်ထားပြီး သူတို့တစ်ယောက်ချင်းစီတွင် ဒဏ်ရာများ သွေးစွန်းကွက်များဖြင့် ပြည့်နှက်နေသည်။

"အဲ့ဒီလူတွေက ကျားလှောင်အိမ်တောင်ကြားခံတပ် အစောင့်တွေရဲ့ မိသားစုဝင်တွေပဲ"

ဖူကျစ်ရွှယ်က သက်ပြင်းရှိုက်လိုက်သည်။

ကျားလှောင်အိမ်တောင်ကြားခံတပ် အစောင့်များသည် ရန်သူများ၏တိုက်ခိုက်မှုကို ခံရချိန်၌ ထွက်ပြေးခြင်းမပြုကြချေ။ သူတို့သည် အဆုံးထိတိုင် တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်တွင် သေဆုံးခဲ့ကြသည်။

သူတို့ သေဆုံးပြီးနောက် သူတို၏မိသားစုဝင်များသည် ထန်စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး နှိပ်စက်ခံခဲ့ရသည်။

ထန်စစ်တပ်သည် မြို့တံတိုင်းရှေ့တွင် သူတို့၏အခွင့်အာဏာကို ဟန်ရေးပြခဲ့သည်။ သူတို့သည် အမျိုးသားတစ်ဦးကို ဖမ်းဆွဲပြီး သူ၏နှလုံးကို ထိုးစိုက်လိုက်၏။

ထိုလူသည် ချက်ချင်း မြေပေါ်သို့ လဲကျသွားပြီး နာကျင်စွာဖြင့် လူးလှိမ့်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် သွေးအိုင်အတွင်းတွင် သူ၏ဘဝကို အဆုံးသတ်ခဲ့ရဲသည်။

ဖျော်ဖြေပွဲတစ်ခုအလား ထန်စစ်တပ်သည် သူတို့၏သတ်ဖြတ်မှုများကို ဆက်လက်၍ လုပ်ဆောင်ခဲ့သည်။

ကျား မ အသက်အရွယ် မခွဲခြားဘဲလူတိုင်းနီးပါးသည် အလွန်အမင်း နာကျင်စွာဖြင့် သေဆုံးသွားပေ၏။

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါ သူတို့အတွက် လက်စားချေပေးမယ်..."

ပုန်းကွယ်နဂါးစစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှုသည် ဆက်လက်၍ ဖြစ်ပွားနေသော်လည်း ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ကြီးမားသော မြို့ကာကွယ်ရေးဝင်္ကပါသည် အလွန်တည်ငြိမ်နေဆဲပင်။ ထိုအရာသည် လုံးဝလှုပ်ရှားမသွားခဲ့ပေ။

စစ်သားများအားလုံးသည် ဒေါသဖြင့် လောင်ကျွမ်းနေကြသည်။ သူတို့သည် သူတို့ရှေ့မှ ထန်စစ်တပ်ကို ဖျက်ဆီးလိုကြသည်။

"အချိန်ကျတော့မယ်...ရှေ့ပြေးစစ်တပ်က မြို့တံခါးဝကို ရောက်တော့မယ်"

ဖူကျစ်ရွှယ်က လုယွီထံသို့ အသံပေးပို့လိုက်သည်။

သူတို့၏ ယနေ့ရည်မှန်းချက်ပန်းတိုင်မှာ ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံခါးကို ချိုးဖျက်ရန်ပင်။

လုယွီ ဖူကျစ်ရွှယ်နှင့် တခြားသူများသည် မလှုပ်ရှားခဲ့ကြချေ။

အကြောင်းအရင်းမှာ သူတို့၏ ရည်မှန်းချက်ပန်းတိုင်သည် အလွန်ကြီးမားသောကြောင့် သူတို့လှုပ်ရှားလိုက်သည်နှင့် မြို့အတွင်းမှ ထန်စစ်သူကြီးများ၏ ပစ်မှတ်ဖြစ်စေမည်မှာ သေချာပေါက်ပင်။

မြို့တံခါးကိုချိုးဖျက်မည့်ကိစ္စကို ယခုလေးတင် ကြေညာခဲ့သောကြောင့် သူတို့သည် ထန်စစ်တပ်မှသူလျှိုများကို သတင်းဖြန့်ရန် အခွင့်အရေးမပေးခဲ့ချေ။

လမ်းတလျှောက်၌ တိုက်ခိုက်မှုများအားလုံး အလွန်အဆင်ပြေချောမွေ့ခဲ့သည်။ ရှေ့ပြေးတပ်သည် မြို့တံခါးရှေ့သို့ ရောက်ရှိသွားသည်နှင့် သူတို့ထံတွင် ထိုနေရာရှိ ဝင်္ကပါကြီးကို ယာယီအားနည်းသွားစေရန် နည်းလမ်းတစ်ခု ရှိနေသည်။

ရှေ့ပြေးစစ်တပ်ကို ဦးဆောင်သူများမှာ ချင်လုရှန်းနှင့် လုကျင်းရှန့်တို့ ဖြစ်ပေ၏။

သူတို့နှစ်ဦးလုံးသည် သူတို့၏သက်ဆိုင်ရာ စစ်တပ်များမှ ထိပ်သီးစစ်သူကြီးများဖြစ်ကြပြီး သူတို့သည် မြို့တံခါးကို တိုက်ခိုက်ရာတွင် အလွန်လျင်မြန်ပြီး ခန့်ညားထည်ဝါသည်။

သို့ရာတွင် ထိုအချိန်မှာပင်....

အနီရောင်ဝတ်ရုံဝတ် အရာရှိတစ်ဦးသည် မြို့တံခါးမှ ရုတ်တရက် ထွက်လာသည်။

သူသည် တာယွီတော်ဝင်နန်းတွင်း၏ တရားဝင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ၏နောက်တွင် တာယွီအရာရှိတစ်စုရှိပြီး သူတို့၏မျက်နှာများပေါ်တွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။

"ငါက ရှယို့ရန်...ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးပဲ...ငါက အရှင်ဧကရာဇ်ဆီကနေ သတင်းစကားပို့ဆောင်ဖို့ တော်ဝင်အမိန့်တော်ကို လက်ခံရရှိခဲ့တယ်..."

အရာရှိက ကျယ်လောင်စွာ ပြောဆိုသည်။

သူ့နောက်တွင်ရှိနေသောအရာရှိငယ်တစ်ဦးက တော်ဝင်အမိန့်တော်ပြန်တမ်းကို ဖြန့်လိုက်ရာ ကြီးမားသော ဧကရာဇ်အရှိန်အဝါတစ်ရပ် ချက်ချင်းပျံ့နှံ့လာသည်။

စစ်သားများသည် ကျင့်ကြံသူများဖြစ်သောကြောင့် သူတို့၏ဓမ္မမျက်လုံးများကို အသက်သွင်းပြီးနောက် ဘုရင့်အမိန့်တော်ပြန်တမ်း၏ အကြောင်းအရာများကို ချက်ချင်း မြင်တွေ့လိုက်ကြသည်။

ဤသည်မှာ အမှန်တကယ်ကို ကျိုးယွမ်ယန် ရေးသားခဲ့သော တော်ဝင်အမိန့်တော်ပြန်တမ်းပင်။

ဤအရာပေါ်တွင် ဧကရာဇ်၏တံဆိပ်တော်လည်း ပါရှိသည်။

"ရှမျိုးနွယ်လား...ဒါက ရှမိသားစုဝင်တစ်ယောက်ပဲ"

လုယွီ၏ စိတ်နှလုံးသားသည် လေးလံသွားပြီး သူသည် ရုတ်တရက် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ရရှိသွားပေ၏။

ရှယို့ရန်သည် တော်ဝင်အမိန့်တော်ပြန်တမ်းကို ကိုင်ဆောင်ပြီး မြို့တံတိုင်းထံသို့ လျှောက်လှမ်းသွားသည်။

"အရှင်ဧကရာဇ်က ကောင်းကင်ဘုံနယ်မြေမှာ ငြိမ်းချမ်းရေးက အရေးကြီးဆုံးဖြစ်တယ်လို့ အမိန့်တော်ချမှတ်ထားတယ်.... အရှင်မင်းကြီးက ဒီနေ့ ငြိမ်းချမ်းရေးသတ်မှတ်ချက်တွေကို ဆွေးနွေးဖို့ ထန်အင်ပါယာရဲ့သံတမန်ကို ဆင့်ခေါ်ထားပြီးပြီ... ရှေ့တန်းက တပ်တွေအားလုံး အသင့်အနေအထားအတိုင်းနေပြီး ကိုယ့်သဘောနဲ့ကိုယ် မတိုက်ခိုက်ရဘူး"

သူ၏အသံသည် တော်ဝင်အမိန့်တော်ပြန်တမ်း၏ အရှိန်အဝါနှင့် ပေါင်းစပ်ထားသဖြင့် ကောင်းကင်တွင် ပဲ့တင်ထပ်နေသော ခမ်းနားထည်ဝါသည့် ကောင်းကင်ဘုံတေးသံကဲ့သို့ ဖြစ်နေသည်။

ရုတ်တရက် တာယွီစစ်သားအားလုံးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြ၏။ သူတို့သည် မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး ရပ်နေကြပြီး မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။

Chapter 4773

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံတိုင်းများပေါ်တွင် တာယွီအရာရှိများ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

ရှယို့ရန်၏ တောက်ပသော အနီရောင်အရာရှိဝတ်ရုံသည် သံချပ်ကာဝတ်ဆင်ထားသော ထန်စစ်သားတစ်စုကြားတွင် ရှိနေသဖြင့် သူ့ကို ပေါ်လွင်ပြီး စူးရှတောက်ပနေစေသည်။

မရေမတွက်နိုင်သော မျက်လုံးများသည် ရှယို့ရန်ကို စူးစိုက်၍ ကြည့်နေကြသော်လည်း သူသည် လုံးဝ စိတ်လှုပ်ရှားခြင်းမရှိဘဲ စိတ်ကျေနပ်စွာ ပြုံးနေလေ၏။

"ထန်နဲ့ယွီကြားက ချစ်ကြည်ရေးနဲ့ ကောင်းကင်ဘုံနယ်မြေရဲ့ ငြိမ်းချမ်းရေးအတွက် မင်းတို့အားလုံး ဆုတ်ခွာကြစမ်း"

ရှယို့ရန်ထံတွင် တော်ဝင်သံတမန်တစ်ယောက် ၏ အဆင့်အတန်းရှိသည်။ ဧကရာဇ်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာသည့်အလား သူ စကားပြောဆိုချိန်တွင် ကြီးမားသော တော်ဝင်အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

"မင်းမေကြီးတော် ချစ်ကြည်ရေးလား"

စုန့်ချင်းဟူက ဆဲဆိုလိုက်သည်။

သူ၏မျက်လုံးများသည် နီရဲနေပြီး ဒေါသထွက်နေသော ဧရာမဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။

လူရိုင်းစစ်တပ်သည် စစ်မြေပြင်တွင် စစ်အင်အားများစွာ ဆုံးရှုံးခဲ့ရသည်။ သူသည် ဤစစ်သားများကို သူတို့၏ ဇာတိမြေသို့ ပြန်လည်ရောက်ရှိစေမည်ဟု ကတိပေးခဲ့သော်လည်း သူတို့သည် စစ်မြေပြင်တွင် သေဆုံးခဲ့ကြသည်။ တော်ဝင်နန်းတော်သည် သူတို့ကို မည်သည့်လျော်ကြေးမျှ မပေးခဲ့သည့်အပြင် ဘွဲ့ထူးတစ်ခုပင် မပေးခဲ့ချေ။

ယခုချိန်၌ ရှေ့တန်းတွင် စစ်ပွဲဖြစ်နေသော်လည်း တော်ဝင်နန်းတွင်းသည် နောက်တန်းတွင် ငြိမ်းချမ်းရေးဆွေးနွေးနေပေ၏။

သူတို့၏ ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်သွားပုံရသည်။

လီမီသည် သူ၏လက်အတွင်းမှ မြင်းမြှီးးယပ်တောင်ကို ဝှေ့ယမ်းပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်းတို့အားလုံး...ထိုင်ပြီးတော့ တာယွီရဲ့ အတွင်းရေးပဋိပက္ခကို ကြည့်ကြစမ်း"

အနီးအနားရှိ ထန်စစ်သားများသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။ သူတို့သည် ထိုင်ချပြီး အနားယူကြကာ သူတို့ရှေ့မှ မြင်ကွင်းကို ပွဲကြည့်နေသကဲ့သို့ ကြည့်နေကြသည်။

တာယွီစစ်သားများအားလုံးသည် မကြုံစဖူးသော ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူတို့သည် စင်ပေါ်မှ သရုပ်ဆောင်များနှင့် တူညီနေပြီး ကြည့်ရှုသူများ၏ ရယ်မောခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေလေပြီ။

"အုပ်ချုပ်သူအရှင် စုန့်.... မင်းရဲ့ စကားနဲ့ အပြုအမူကို သတိထားပါ...ငါက ဧကရာဇ်ရဲ့ကိုယ်စား ဆောင်ရွက်နေတာပါ"

ရှယို့ရန်က စစ်သားများကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"အခု မင်းတို့တပ်တွေ ဆုတ်ခွာလို့ရပြီ.... ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးလို့မဖြစ်ဘူး"

တာယွီစစ်တပ်သည် ချီတက်မှု တစ်ဝက်တစ်ပျက်တွင် ရှိနေသည်။ သူတို့သည် တိုက်ခိုက်၍လည်းမရ ဆုတ်ခွာ၍လည်းမရ ဖြစ်နေပေ၏။

လူတိုင်းသည် သစ္စာဖောက်ခံရခြင်း၏ နက်ရှိုင်းသောခံစားချက်ကို ခံစားနေရသည်။

တော်ဝင်မြို့တော်၏ ငြိမ်းချမ်းရေးအတွက် သူတို့သည် ရှေ့တန်းတွင် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသော်လည်း အဆုံးသတ်၌ ဤကဲ့သို့အခြေအနေမျိုးသို့ ဆိုက်ရောက်ခဲ့သည်။

တာယွီစစ်တပ်၏ စိတ်ဓာတ်သည် ချက်ချင်းပင် အဆုံးစွန်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့သည်။ လူရိုင်းစစ်သားအများစုသည် မျိုးနွယ်စုသို့ ပြန်မည်ဟုပင် အော်ဟစ်နေကြပေ၏။

လုယွီသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်။

"မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား... နောင်အနာဂတ်မှာ တော်ဝင်နန်းတွင်းအတွက် အမှုထမ်းမယ့်သူတွေ ရှိအုံးမယ်လို့ မင်း ထင်နေတာလား..."

ရှယို့ရန်သည် နှာခေါင်းရှုံ့ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။

"ထန်နဲ့ယွီက အမြဲတမ်း မိတ်ဆွေကောင်းတွေပဲ... လုယွီ မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်.... မင်းက ထန်အင်ပါယာရဲ့ ကောင်းကင်မူဝါဒရုံးတော်က သခင်လေးကို ထိခိုက်စေခဲ့တယ်....ဒါကြောင့် ထန်အင်ပါယာက ငါတို့ကို နားလည်မှုလွဲသွားတာ...ဒီစစ်ပွဲက ဖြစ်ကိုမဖြစ်သင့်ဘူး...ဒါတွေအားလုံးက မင်းကြောင့်ပဲ..."

လုယွီက မေးမြန်းသည်။

"ဒါဆိုရင် ထန်စစ်တပ်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကျူးကျော်ဝင်ရောက်ခဲ့တာကို တာယွီဘက်က ခွင့်ပြုတယ်ဆိုတဲ့ သဘောလား... မင်းက ရှေ့တန်းက စစ်သားတွေကို ဘေးကနေ အေးစက်စက် ထိုင်ကြည့်ခိုင်းတာလား"

ရှယို့ရန်သည် ဒေါသထွက်သွားပေ၏။

"အဲ့ဒီတုန်းက တော်ဝင်နန်းတွင်းက မင်းကို ခုခံမတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်...မင်းသာ ခုခံမတိုက်ခိုက်ခဲ့ရင် ထန်စစ်တပ်က တိုက်ခိုက်မှာမဟုတ်ဘူး... သူတို့ကို နယ်မြေအနည်းငယ် ပေးလိုက်တာ ဘာမှားလို့လဲ"

ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံး တိတ်ဆိတ်နေသည်။ လူတိုင်း၏မျက်နှာများပေါ်တွင် ဒေါသထွက်နေသော အမူအယာများ ရှိနေသည်။

တော်ဝင်နန်းတွင်း၏ ခုခံတိုက်ခိုက်ခြင်းမပြုရန် အမိန့်ကြောင့် နယ်စပ်လေးနေရာသည် တစ်ခုပြီးတစ်ခု ဆုံးရှုံးခဲ့ရသည်။

လုယွီ ထွက်ပေါ်မလာခဲ့လျှင် ချီအင်ပါယာ၏ ပြုမူပုံအရ သူတို့သည် ထန်အင်ပါယာနှင့် ပူးပေါင်းကြံစည်နေသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"ဒါဆိုရင် ထန်စစ်တပ်က တော်ဝင်မြို့တော်ကို အဝေးကနေလာပြီး တိုက်ခိုက်တာကလည်း ချစ်ကြည်ရေးလုပ်ရပ်တစ်ခုလား"

ရှယို့ရန်က တုံ့ပြန်သည်။

"ဒါကလည်း နားလည်မှုလွဲတာကြောင့်ပဲ...အခု နားလည်မှုလွဲတာကို ဖြေရှင်းပြီးသွားပြီဆိုတော့ ထန်နဲ့ယွီက မိတ်ဆွေတွေပဲ"

"နားလည်မှုလွဲတာကို ဖြေရှင်းပြီးပြီလား... မင်းတို့က ဘယ်လိုဖြေရှင်းဖို့ ကြံစည်ထားလဲ"

လုယွီက မေးမြန်းသည်။

ရှယို့ရန်သည် အပြုံးနှင့် သူ၏ဝတ်ရုံရင်ဘတ်ကြားမှ နောက်ထပ်တော်ဝင်အမိန့်တော်တစ်ခုကို ထုတ်ယူလိုက်၏။

သူသည် တော်ဝင်အမိန့်တော်ကို ဖြန့်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "တော်ဝင်အမိန့်တော်အရ...လုယွီက ပြည်တွင်းရေးကို ပရမ်းပတာဖြစ်အောင် လုပ်ပြီးတော့ မတော်မတရားပြုမူတယ်....သူက ဥပဒေတွေနဲ့စည်းမျဉ်းတွေကို မလေးစားဘူး"

"ဒီနေ့ကစပြီး လုယွီကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်နဲ့ စစ်ရေးဝန်ကြီး ရာထူးတွေကနေ ဖယ်ရှားပြီးတော့ ကျုံးကော်စစ်ဗိုလ်ချုပ်ဘွဲ့ကို ရုပ်သိမ်းလိုက်တယ်...သူ့ကို သာမန်ပြည်သူအဖြစ် အဆင့်နှိမ့်လိုက်တယ်..."

Chapter 4774

ကျားလှောင်အိမ်တောင်ကြားခံတပ်ပေါ်တွင် တိမ်မည်းများ လွှမ်းခြုံလာကာ...

အေးစက်သောလေပြင်းတစ်ရပ်သည် လူတိုင်း၏ နှလုံးသားကို ဖြတ်သန်းတိုက်ခတ်သွားပေ၏။

လူတိုင်း မှင်သက်သွားကြသည်။ သူတို့သည် တော်ဝင်နန်းတွင်း ဤမျှထိ ရက်စက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။

ဤသည်မှာ စစ်ပွဲတွင် ကြီးမားသော တားမြစ်ချက်တစ်ခုဖြစ်သည်။ နောက်ဆုံးအချိန်အခိုက်အတန့်တွင် တပ်မှူးများကို ပြောင်းလဲခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုပင်။

ထို့အပြင် တာယွီအင်ပါယာအတွက် လုယွီသည် ကျူးကျော်ဝင်ရောက်လာသော ထန်စစ်ကို အနိုင်ယူပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ သူသည် ကြီးမားသော လုပ်ဆောင်ချက်တစ်ခုကို ပြုလုပ်ခဲ့သဖြင့် သူရဲကောင်းအဖြစ် သတ်မှတ်သင့်သည်။

လုယွီနှင့် ကျိုးယွမ်ယန်ကြားတွင် ပဋိပက္ခရှိနေသည်မှာ အမှန်ဖြစ်ပေ၏။ သို့ရာတွင် ကျိုးယွမ်ယန် ဤမျှထိ ရက်စက်လိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ကြချေ။

လုယွီသည် သူ ရရှိထားသော အရာရှိရာထူး ဘွဲ့ထူးများဖြင့် ထိုက်တန်ပေ၏။

သို့ရာတွင် ယခုချိန်၌ တော်ဝင်နန်းတွင်းမှ အမိန့်တော်တစ်ခုဖြင့် လုံးဝပယ်ချခံလိုက်ရပြီး သူ့ထံ၌ အရာရှိရာထူးတစ်ခုပင် မကျန်ခဲ့တော့ပေ။

ရှယို့ရန်၏ အသံသည် ဘုရင့်အမိန့်တော်ပြန်တမ်း၏ အရှိန်အဝါနှင့် ပေါင်းစပ်ကာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်နေသည်။

အမှောင်ထုအတွင်းမှ အစွမ်းထက်သော အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ လုယွီအပေါ် သက်ရောက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်းအားများအားလုံးကို ဖယ်ရှားလိုက်သည်။

ကံကြမ္မာစွမ်းအားများ မှေးမှိန်စပြုလာပြီး နောက်ဆုံးတွင် မည်သည့်အရာမျှ မရှိခဲ့သကဲ့သို့ ပြောင်းလဲသွားသည်။

သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ အနီရောင်ချီလင်ဝတ်ရုံသည်လည်း လေထုအတွင်းတွင် ပျောက်ကွယ်စပြုလာသည်။ လုယွီ၏ အရာရှိတံဆိပ်သည်ပင် တိတ်တဆိတ် ပျောက်ကွယ်သွားပေ၏။

ဧကရာဇ်မှ အရာရှိတစ်ယောက်ကို သေစေလိုလျှင် ထိုအရာရှိသည် သေရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိချေ။

တာယွီတော်ဝင်နန်းတွင်းမှ အရာရှိများသည် အဆုံးအစမရှိသော အခွင့်အာဏာရှိပုံရသော်လည်း ဧကရာဇ်၏ တော်ဝင်အမိန့်တော်တစ်ခုဖြင့် သူတို့ကို တိမ်များပေါ်မှ ချောက်နက်ကြီး၏အောက်ခြေသို့ ကျဆင်းစေနိုင်သည်။

"လူယုတ်မာ....မင်းက လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ ကြံစည်ဖို့ပဲ သိတယ်"

စုန့်ချင်းဟူက ဒေါသတကြီး အော်ငေါက်လိုက်သည်။

ဖူကျစ်ရွှယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောဆိုလိုက်၏။

"အရာရှိတွေကို ရာထူးတိုးပေးတာနဲ့ လွှဲပြောင်းတာအတွက် ဝန်ထမ်းရေးရာ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်တယ်... ဒါ့ပြင် လုယွီက တော်ဝင်နန်းတော်ရဲ့ ဒုတိယအဆင့် အရာရှိတစ်ဦးပဲ....သူ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက်လွယ်လွယ်ကူကူ ဖယ်ရှားနိုင်မှာလဲ..."

ဖူကျစ်ရွှယ်သည် ဝန်ထမ်းရေးရာအမတ်ကြီး ဖြစ်သည်။

သူသည် ယခုချိန်၌ တောက်ပနေမင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင် ဖြစ်သော်လည်း သူသည် ဝန်ထမ်းရေးရာအမတ်ကြီးဘွဲ့ကို ဆက်လက်၍ထိန်းသိမ်းထားပြီး ဝန်ကြီးဌာန၏ သက်ဆိုင်ရာကိစ္စများကို စီမံခန့်ခွဲနိုင်သည်။

ရှယို့ရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဖူကျစ်ရွှယ်...မင်း အလျင်လိုစရာ မလိုပါဘူး... နောက်ထပ်အမိန့်တော်တစ်ခု ရှိသေးတယ်"

သူသည် သူ၏နောက်သို့ လက်ဝှေ့ယမ်းပြလိုက်ရာ အစိမ်းရောင်ဝတ်စုံဝတ် အရာရှိတစ်ဦးသည် ချက်ချင်းဆိုသလိုပင် တော်ဝင်အမိန့်တော်တစ်ခုကို ပေးအပ်လိုက်၏။

ရှယို့ရန်က အမိန့်တော်ကို ဖြန့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဧကရာဇ်ရဲ့ အမိန့်တော်အရ...ဖူကျစ်ရွှယ်ကို တောက်ပနေမင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင် ဝမ်ဟွာခန်းမဆောင်ရဲ့ အတွင်းဝန်ချုပ် ဝန်ထမ်းရေးရာဌာန အမတ်ကြီး ရာထူးတွေကနေ ဖယ်ရှားလိုက်ပြီ....သူ့ကို အမျိုးသားနန်းတွင်းဆောင်မှာ သေရည်ဆက်ရာထူးကို ပြောင်းရွှေ့ခန့်အပ်လိုက်တယ်"

သူ ထိုသို့ပြောလိုက်ချိန်၌ လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားသည်။

ဖူကျစ်ရွှယ်၏ အရာရှိရာထူးကိုပင် အဆင့်နှိမ့်လိုက်သည်။

ဖူကျစ်ရွှယ်သည် ယခင်က နန်းတွင်း၌ အတွင်းဝန်ချုပ်တစ်ဦးဖြစ်ပြီး ဒုတိယအဆင့်အရာရှိလည်း ဖြစ်သည်။ ယခုချိန်တွင်မူ သူသည် အမျိုးသားနန်းတွင်းဆောင်၏ သေရည်ဆက် အရာရှိငယ်တစ်ဦး ဖြစ်သွားသည်။

သေရည်ဆက်အရာရှိသည် စတုတ္တအဆင့် အရာရှိငယ်တစ်ယောက်ပင်။

ထို့ပြင် ထိုရာထူးသည် အရပ်ဘက်ရာထူးတစ်ခုသာဖြစ်ပြီး အခွင့်အာဏာများစွာမရှိပေ။

ဖူကျစ်ရွှယ်သည် စာပေသူတော်စင်၏ လက်ရင်းတပည့်ဖြစ်သည်။ သူသည် မူလက နောက်အနာဂတ် အမတ်ချုပ်ကြီးနေရာ၏ ဆက်ခံသူဖြစ်သော်လည်း ဤသို့သော ဆက်ဆံမှုကို လက်ခံရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

လူအုပ်ကြီးသည် တုံ့ပြန်မှုမပြုနိုင်မီမှာပင် ရှယို့ရန်သည် နောက်ထပ်တော်ဝင်အမိန့်တော်တစ်ခုကို ထုတ်ယူပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စုန့်ချင်းဟူက တော်ဝင်မြို့တော်က လိပ်နက်စစ်စခန်းရဲ့ လက်ထောက်တပ်မှူးနေရာကို တာဝန်ယူရမယ်.... လူရိုင်းနယ်မြေရဲ့ အုပ်ချုပ်သူအရှင်ရာထူးကို လဝံပုလွေမျိုးနွယ်ရဲ့ ခေါင်းဆောင် ယဲ့လုဟုန်က တာဝန်ယူရမယ်"

သူသည် တော်ဝင်အမိန့်တော်သုံးခုကို ဆက်တိုက်ပို့ဆောင်ခဲ့ပြီး ထိုအရာအားလုံးသည် ရှေ့တန်းမှ တပ်မှူးကို ပစ်မှတ်ထားသည်။

လုယွီ ဖူကျစ်ရွှယ်နှင့် စုန့်ချင်းဟူတို့၏ စစ်ရေးအာဏာကို ဖယ်ရှားလိုက်ပြီး သူတို့၏ အရာရှိရာထူးများပင် ကျဆင်းသွားသည်။

စုန့်ချင်းဟူက ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။

"ငါက ကျိုးယွမ်ယန်အတွက် အလုပ်လုပ်ချင်တယ်လို့ မင်းတို့က တကယ်ကြီး ထင်နေတာလား... ဘာ လက်ထောက်တပ်မှူးလဲ...ဘာလို့ ငါ့ကို သာမန်ပြည်သူအဖြစ် အဆင့်မနှိမ့်လိုက်တာလဲ"

သို့ရာတွင် သူ ဒေါသထွက်နေသော်လည်း ဤတော်ဝင်အမိန့်တော်သုံးခုမှ ပြသသော အခွင့်အာဏာသည် တုန်လှုပ်ဖွယ်ကောင်းပေ၏။

အချိန်တခဏအတွင်း တိုက်ပွဲဝင်ဝင်္ကပါ ပရမ်းပတာဖြစ်သွားသည်။ မြို့တံခါးရှေ့တွင် တိုက်ခိုက်နေဆဲဖြစ်သော ရှေ့ပြေးစစ်တပ်သည် နေရာတွင် တောင့်တင်းစွာ မတ်တတ်ရပ်နေပြီး မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။

လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံတိုင်းပေါ်တွင် အေးစက်စွာ ပြုံးနေဆဲဖြစ်သော ရှယို့ရန်ကို ကြည့်ပြီး တည်ငြိမ်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ပုန်းကွယ်နဂါးစစ်တပ်... ဆက်ပြီးတိုက်ခိုက်ကြစမ်း"

Chapter 4775

လုယွီ၏ စကားများသည် လူတိုင်း၏စိတ်နှလုံးသားအတွင်းသို့ ကျရောက်လာသော စိတ်ငြိမ်ဆေးလုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။

ရှေ့တန်းတွင်ရှိနေသော ချင်လုရှန်းက အော်ငေါက်လိုက်သည်။

"မင်းတို့ ဘာကို စောင့်နေကြတာလဲ...ရှေ့ကို တိုးပြီး ထန်စစ်သားတွေအားလုံးကို သတ်ဖြတ်ကြစမ်း"

လုကျင်းရှန့်ကလည်း အော်ဟစ်လိုက်၏။

"သတ်...."

ရုတ်ချည်းဆိုသလိုပင် တိုက်ပွဲခေါ်သံများသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။

ကြီးမားသော စစ်တပ်ကြီးသည် ရှေ့သို့ ဆက်လက်ချီတက်သွားပြီး တော်ဝင်အမိန့်တော်အနည်းငယ်ကြောင့် တစိုးတစိမျှ နောက်မတွန့်ခဲ့ချေ။

ပုန်းကွယ်နဂါးစစ်တပ်ကို တည်ထောင်ချိန်မှ ဖွဲ့စည်းချိန်အထိ လုယွီက အရာရာတိုင်းကို စီမံခန့်ခွဲခဲ့သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ပုန်းကွယ်နဂါးစစ်တပ်၏ ဆယ်နှင့်ချီသော တပ်ရင်းများအတွက် လစာနှင့်အထောက်အပံ့ပစ္စည်းများကိုလည်း လုယွီက ပံ့ပိုးပေးခဲ့လေ၏။

ဤအချက်ကြောင့် လုယွီသည် ဤဒေသခံစစ်တပ်များ၏ စစ်ရေးအာဏာကို သူ၏လက်အတွင်းတွင် ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

သူတို့သည် လုယွီကိုသာ အသိအမှတ်ပြုပြီး သူ၏ စစ်ရေးအာဏာကို မဟုတ်ချေ။

ကျိုးယွမ်ယန်နှင့် သူ၏အတိုင်ပင်ခံများသည် လုယွီအကြောင်းကို အလွန်ရိုးရှင်းစွာ တွေးခဲ့ကြသည်။ သူတို့သည် လက်ရှိ ပုန်းကွယ်နဂါးစစ်တပ်သည် တော်ဝင်နန်းတွင်း၏အပိုင် မဟုတ်တော့ကြောင်းကို တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမည် မဟုတ်ပေ။

လူအုပ်ကြီး ဆူညံပွက်လောရိုက်နေစဉ်မှာပင် ဖူကျစ်ရွှယ်ကလည်း အမိန့်ပေးလိုက်သည်။

"တောက်ပနေမင်းစစ်တပ်....ဆက်ပြီးတိုက်ခိုက်ကြစမ်း"

ဘုန်း....

အချိန်တခဏအတွင်းမှာပင် အဝေးတွင် ဖုန်မှုန့်များ တထောင်းထောင်းထလာသည်။

တောက်ပနေမင်းစစ်တပ်သည် တိုက်ပွဲဝင်ဝင်္ကပါတစ်ခု ဖွဲ့စည်းပြီး စစ်ဗိုလ်ချုပ်များ ဦးဆောင်ကာ ကျားလှောင်အိမ်တောင်ကြားခံတပ်ထံသို့ တိုက်ခိုက်လိုက်ကြသည်။

တခြားတစ်ဖက်တွင် မရေမတွက်နိုင်သော စစ်အလံများသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး ထိုအရာများပေါ်တွင် အရုပ်သင်္ကေတအမျိုးမျိုးကို ရေးဆွဲထားသည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲထောင်ပေါင်းများစွာသည် တညီတညွတ်တည်း ဟိန်းဟောက်ကြပြီး နားကွဲလုမတတ် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံများကို ထုတ်လွှတ်ကာ သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ယဲ့လုဟုန်..... မင်းက ငါ့ကို သစ္စာဖောက်တော့မှာလား"

စုန့်ချင်းဟူသည် လူရိုင်းခေါင်းဆောင်တစ်ဦးကို ကြည့်ကာ အေးစက်သောအသံဖြင့် ပြောဆိုလိုက်၏။

မကြာသေးမီက တော်ဝင်နန်းတော်မှ လူရိုင်းနယ်မြေ၏ အုပ်ချုပ်သူအရှင်ရာထူးကို ချီးမြှင့်ခံခဲ့ရသော ယဲ့လုဟုန်က ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး အလျှင်အမြန် ပြောဆိုသည်။

"ဒီနိမ့်ကျတဲ့ငယ်သားမှာ အဲ့ဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး... လဝံပုလွေမျိုးနွယ်စုက အရှင်ရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ်"

စုန့်ချင်းဟူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံတိုင်းကို မော့ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်၏။

"လူရိုင်းစစ်တပ်...မြို့ကို အစွမ်းကုန် တိုက်ခိုက်ကြ... အဲ့ဒီရှမျိုးရိုးကောင်ကို ဖမ်းပြီး ငါ့ဆီကို ခေါ်လာခဲ့ကြစမ်း"

စစ်တပ်သုံးတပ်သည် အမှန်တကယ်ကိူ ဧကရာဇ်၏အမိန့်တော်ကို နားမထောင်ဘဲ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်ခဲ့သည်။

"မင်း... မင်းတို့ ပုန်ကန်ဖို့ ကြိုးစားနေတာလား"

ရှယို့ရန်သည် နှလုံးကွဲကြေလုမတတ် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

သူသည်လည်း ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

တာယွီတော်ဝင်နန်းတွင်းမှ အားအကောင်းဆုံး ဒေသခံစစ်တပ်များသည် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

ကျိုးယွမ်ယန်သည် တောင်ပေါ်တွင် ထိုင်ပြီး ထန်စစ်တပ်နှင့် ဒေသခံစစ်တပ်များကြား ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုကာ နောက်ဆုံးတွင် အကျိုးအမြတ်ကို ရယူရန် စီစဉ်ခဲ့သည်။

သို့ရာတွင် သူသည် ထန်စစ်တပ် ဤမျှထိ အလွန်လျင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သည့်အခါကမျှ တွေးထင်မထားမိချေ။

လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်ကို ဦးဆောင်ပြီး လမ်းတလျှောက် အရာအားလုံးကို ဖျက်ဆီးခဲ့ပုံရသည်။ မူလက အသာစီးရခဲ့သော ထန်စစ်တပ်သည် မြေပြိုသကဲ့သို့ ရှုံးနိမ့်ခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

ကျိုးယွမ်ယန်သည် ဆက်လက်၍ ထိုင်ကြည့်မနေနိုင်တော့ချေ။ လုယွီမှ ထန်စစ်တပ်ကို လုံးလုံးလျားလျားအနိုင်ယူပြီးသည်နှင့် ကြီးမားသော စစ်ရေးအောင်မြင်မှုများ ရရှိထားသော သူသည် နန်းတွင်းနှင့် ပြည်သူလူထု၏ထောက်ပံ့မှုနှစ်မျိုးလုံးတွင် ရှုံးပွဲမရှိ ဖြစ်လာပေမည်။ သူသည် လုယွီကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

သူသည် ကြိုတင်အရေးယူပြီး လုယွီ၏ လက်အတွင်းမှ စစ်ရေးအာဏာအားလုံးကို ဖျက်သိမ်းရပေမည်။ သူသည် လုယွီကို အမြန်ဆုံး ဖယ်ရှားလိုခဲ့သည်။

ဤအကြောင်းအရင်းကြောင့် သူသည် တာယွီအင်ပါယာ၏ အကျိုးစီးပွားကို စတေးပြီး ထန်အင်ပါယာနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

ဤအရာများအားလုံးကို ကောင်းမွန်စွာ စီစဉ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ဒေသခံစစ်တပ်များသည် ကျိုးယွမ်ယန်၏ တော်ဝင်အမိန့်တော်ပြန်တမ်းကို လုံးဝအလေးမထားသည့်အလား ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက်၍ ပြုလုပ်ခဲ့သည်။

"အရှင့်သား... အရှင်က သူတို့နဲ့အတူ ပုန်ကန်တော့မှာလား"

ရှယို့ရန်သည် ရုတ်တရက် ချိုင်လုံရှင်းကို မြင်တွေ့သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤအချိန်တွင် ချိုင်လုံရှင်းသည် ရေခဲဘုရင်စစ်တပ်ကို ဦးဆောင်ပြီး ဒေသခံစစ်တပ်များနှင့်အတူ ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ချီတက်နေသည်။

"မင်းငါ့ကို ထိန်းချုပ်နိုင်လို့လား"

ချိုင်လုံရှန်းက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

ချိုင်လုံရှန်းသည် မင်းသားတစ်ပါး၏သားတော်ဖြစ်ပြီး သူ၏ရာထူးနှင့်ပြောင်းရွှေ့ခြင်းများကို ကျုံးကျန့်ဘုရားကျောင်းက စီမံခန့်ခွဲသည်။

All Chapters