ကပ်ဘေးတစ်ခု
Vol. 11 Ch. 101
“ဟုတ်တယ်၊ ငါသတ်တာ။”
ကျန်းချန်သည် ကမ္ဘာပေါ်တွင်အရိုးသားဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်၏။ သူလုပ်ခဲ့သမျှကို တစ်ခါမျှ ငြင်းဆိုခြင်း သို့မဟုတ် ဆင်ခြေပေးခြင်းမျိုးမရှိ။
“ဘာလို့ သူတို့ကိုသတ်လိုက်ရတာလဲ။”
အကယ်၍ သူ့ကိုစည်းရုံးသိမ်းသွင်းဖို့သာမလိုခဲ့လျှင် နင်ထီသည် သူ့ဂုတ်ကိုဆွဲ၊ ပါးနှစ်ချက်လောက်ရိုက်ပြီး အပြင်းအထန်စစ်မေးမိမှာသေချာသည်။
သူမသည် ထိုမြှောက်ပင့်ဖားယားနေသော ပိုးပန်းသူတစ်သိုက်ကို အမှန်တကယ်ရွံရှာသော်လည်း သူတို့က အသတ်ခံ၍မရပေ။
ပိုမြို့စားအန်စီယွမ်၏အဖိုးမှာ ချန်ရှင်းမင်းဆက်၏ ပိုမြို့စားအန်တယ်မင်ဖြစ်ပြီး တာအိုနန်းတော်အဆင့် ၂ ရှိသူဖြစ်သည်။
စစ်သူကြီးငယ်လုချင်း၏အဖိုးမှာ တခြားသူမဟုတ်၊ တာအိုနန်းတော်အဆင့် ၂ ရှိသော စစ်သေနာပတိချုပ်လုရန်ဖြစ်၏။
မီယွန်း၏ဆရာမှာ တော်ဝင်အစောင့်အရှောက် အကြီးအကဲများထဲတွင် အသန်မာဆုံးဖြစ်သော ဓားအရှင်သခင်ချိုးဟယ်ဖြစ်ပြီး တာအိုနန်းတော်အဆင့် ၃ ရှိသည်။
လျိုကျင့်ထိုက်မှာ နန်းမြို့တော်ရှိ မိုးဖြူအကယ်ဒမီမှ ပါရမီအရှိဆုံးကျောင်းသားဖြစ်သည်။ အကယ်ဒမီကျောင်းအုပ်ကြီး စုချင်းရှိုးမှာ တာအိုနန်းတော်အဆင့် ၄ ရှိသည်။
၎င်းတို့အပြင် ကျန်သူများ၏မိသားစုဝင်များနှင့် အကြီးအကဲများသည်လည်း လက်ညှိုးတစ်ချက်ထိုးရုံဖြင့် နယ်ပယ်တစ်ခုလုံးကို တုန်ခါစေနိုင်သော အင်အားကြီးပုဂ္ဂိုလ်များဖြစ်၏။
ထို့အပြင် ထိုလူငယ်အုပ်စုကိုယ်တိုင်ကလည်း ထူးချွန်သောပါရမီရှင်များဖြစ်ကြသည်။ တစ်ယောက်ချင်းစီမှာ အလွန်အဖိုးတန်ပြီး မင်းဆက်၏ဒေါက်တိုင် ဖြစ်လာမည့်သူများဖြစ်သည်။
ယခုတော့ သူတို့အားလုံးသေပြီ။ ဤပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ နင်ထီကိုယ်တိုင်ပင် မသိတော့။ သူမကိုယ်တိုင်ပင်လျှင် သူတို့ကိုသတ်ဖို့ မဝံ့ရဲခဲ့ပေ။
ကျန်းချန်ကတော့ သူလုပ်လိုက်သည့်ကိစ္စ၏ ကြီးလေးမှုကို ဘာမှမသိပုံရသည်။ နောင်တရဖို့နေနေသာသာ သူကပင်ပြန်၍ တိုက်စစ်ဆင်လိုက်သေးသည်။
“မင်းတို့ကို ငါတကယ်နားမလည်တော့ဘူး။ ရန်မစဘဲနဲ့ သူတို့ကငါ့တံခါးကိုလာချိုးတယ်၊ ပြီးတော့ ငါ့ကိုသတ်မယ်လို့ အော်ဟစ်နေကြတယ်။ နန်းမြို့တော်ရဲ့ တရားဥပဒေစိုးမိုးရေးက ဒီလောက်တောင် ညံ့ဖျင်းနေတာလား၊ နန်းဆောင်ထဲဝင်လာတာကို ဘယ်သူမှမတားကြဘူးလား။ ပြီးတော့ ငါ့ရဲ့ထိတ်လန့်သွားတဲ့ စိတ်ဝိညာဉ်ကို လာပြီးနှစ်သိမ့်ပေးမယ့်သူ တစ်ယောက်မှမရှိဘူး။ ဧည့်သည်ကို ဒီလိုပဲဆက်ဆံတာလား။ ငါ့မှာသာ ကိုယ့်ကိုယ်ကိုယ်ခုခံနိုင်တဲ့ အစွမ်းလေးတစ်စက်လောက်မရှိခဲ့ရင် အခုဆို ငါ မတရားသေဆုံးသွားတဲ့ဝိညာဉ်တစ်ခုဖြစ်နေလောက်ပြီ။ တကယ်ကံဆိုးတာပဲ။”
ရှင်က သူတို့ကို အကုန်သတ်ပစ်တာကို ခုခံနိုင်တဲ့အစွမ်းလေး တစ်စက်လောက်လို့ ပြောတာလား... ထိတ်လန့်သွားတဲ့ စိတ်ဝိညာဉ်ဟုတ်လား...
စောစောက ရှင် ပစ္စည်းတွေကို ပျော်ပျော်ကြီးသိမ်းဆည်းနေတာကို ကြည့်ရသလောက်တော့ ဝမ်းနည်းမှု လုံးဝရှိပါလား။
နင်ထီမှာ အံကြိတ်နေရပြီး ဤအရှက်မရှိသောလူကို ရိုက်ပစ်ချင်စိတ် ပေါက်နေသည်။ သို့သော် သူမမှာ ပြန်ပြောစရာစကားမရှိပေ။ ထိုလူတွေက လက်နက်တွေကိုယ်စီနှင့် အတင်းဝင်လာခဲ့ကြခြင်းဖြစ်ရာ သူတို့ဘက်က အရင်မှားခြင်းဖြစ်သည်။
“ဒါနဲ့ ရှင်သူတို့ကို ဘယ်လိုသတ်လိုက်တာလဲ။ မျက်စိသုံးလုံးကျားက ကြားဝင်ကူညီပေးခဲ့တာလား။ သူဘယ်မှာလဲလို့ မေးလို့ရမလား။ သူကိုယ်တိုင် ထွက်လာလို့ရမလား။”
သေဆုံးသွားသော လူဆယ့်သုံးယောက်လုံးမှာ ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့်များဖြစ်၏။ ဆယ်ယောက်မှာ အဆင့် ၄ အထက်တွင် ရှိကြပြီး ကျန်းချန်ထက် ပိုသန်မာသည်။
သို့သော် ခဏလေးအတွင်းမှာတင် သူတို့အားလုံး အပြတ်ရှင်းခံလိုက်ရသည်။ အမျိုးသမီးများ စဉ်းစားနိုင်သည့် တစ်ခုတည်းသောအဖြေမှာ မျက်စိသုံးလုံးကျားက တိတ်တဆိတ်ကူညီပေးခဲ့ခြင်း ဖြစ်ရမည်။
ဤသို့ထင်မြင်ချက်ပေးခြင်းက အစ်ကိုကြီးချန်ကို ဒေါသထွက်စေသည်။ ဒီအမှိုက်ကျားကတစ်မျိုး၊ သူတိုက်ပွဲဝင်ပြီးရလာတဲ့ ဂုဏ်ပုဒ်တွေကို အဲဒီသားရဲကြီးဆီပဲ ပုံပေးနေကြတာလား။ ဘယ်တော့မှ ပြီးမှာလဲ။
“ငါကိုယ်တိုင်သတ်တာ၊ သိပြီလား။ အဲဒီကြက်ကလေးတစ်အုပ်အတွက် ချွေးတစ်စက်တောင် ပိုထွက်ဖို့မတန်ဘူး။”
သူအမှန်တကယ်ပင် သတ်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့စားမင်းငယ်နှင့် စစ်သူကြီးငယ်တို့က သူ့ကို ပညာပေးရန် သို့မဟုတ် သတ်ရန်လာသည်ကို သိသည်နှင့် နာမည်ပင်မမေးတော့ဘဲ ဦးစွာတိုက်ခိုက်လိုက်ခြင်းဖြစ်၏။
သူသည် တစ်ကြိမ်လောက်အသတ်ခံပြီးမှ အစွမ်းသုံးပြီးပြန်ရှင်လာရမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သိမြင်မှုစွမ်းရည်အရ သူတို့၏အဆင့်များကို မြင်ထားသည်မဟုတ်ပါလား။
သို့သော် တိုက်ပွဲက မယုံနိုင်လောက်အောင် လွယ်ကူနေလိမ့်မည်ဟု မထင်ထားမိခဲ့။ တစ်ချက်တည်းနှင့် မြို့စားမင်းငယ်ကို သတ်လိုက်နိုင်ပြီး နောက်တစ်ချက်တွင် စစ်သူကြီးငယ်နှင့် မီယွန်းတို့ကို သွေးအန်ပြီး ဒဏ်ရာပြင်းထန်သွားစေခဲ့သည်။ သူ့စွမ်းအားက အရင်ကထက် အများကြီးသာလွန်နေကြောင်း သူမေ့နေခဲ့ခြင်းဖြစ်သည်။
တောက်ပသောနတ်ဘုရားနန်းတော်နှင့်ဆိုလျှင် ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့် ၁ ကတည်းက အဆင့် ၉ ရှိသော ရှန်းပါးကို အသာစီးရခဲ့သည်။ ယခုသူက အဆင့် ၄ ဖြစ်နေလေပြီ။
ထို့အပြင် နတ်ဘုရားအဆင့်ရှိသော ဓာတ်ကြီးငါးပါးသိုင်းတာအိုလည်း ရှိသေးသည်။
သူ၏သာမန်တိုက်ခိုက်မှုတစ်ခုသည်ပင် ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့်၏ အကန့်အသတ်ကို ကျော်လွန်နေ၏။ ၎င်းအပြင် မိုးပြာနဂါးသွေးမျိုးဆက်၏ အထောက်အပံ့လည်း ရှိသေးသည်။
၎င်းက သူ၏နတ်ဘုရားဝိညာဉ်ကို နဂါးတစ်ကောင်၏ဖိအားမျိုး ရရှိစေသည်။ သူတို့က နဂါးမျိုးနွယ် မဟုတ်သော်လည်း ထိုဖိအားက သူတို့ကိုဖိနှိပ်ထားနိုင်သည်။
သူသည် သိုးအုပ်ထဲရောက်နေသည့် ကျားတစ်ကောင်ကဲ့သို့ပင်... မည်သည့်ရန်သူမျှ သူ့လက်ချက်မှ မလွတ်မြောက်နိုင်ပေ။
ဆယ့်သုံးယောက်လုံးမှာ ထွက်ပြေးဖို့ အခွင့်အရေးပင် မရခဲ့ကြ။ အလွယ်တကူ အပြတ်ရှင်းလိုက်နိုင်သဖြင့် သူကိုယ်တိုင်ပင်အံ့ဩနေသည်။ ဤတိုက်ပွဲက သူ၏ အစစ်အမှန်စွမ်းအားကို ပြသလိုက်ခြင်းပင်။
နန်းတွင်းအစေခံမလေးနှစ်ဦးသာ ဤတိုက်ပွဲကိုမြင်တွေ့ခဲ့ရသည်။ သူကလည်း အတွေ့အကြုံ မရှိသေးသဖြင့် ရုပ်သေးအကအဖွဲ့ကို ကြိုပြီးထုတ်မထားမိခဲ့ပေ။ အားလုံးပြီးသွားမှ သတိရတော့သည်။
“ဂိုဏ်းချုပ်ကျန်း... ဒါက နောက်ရမယ့်အချိန်မဟုတ်ဘူးနော်။ သူတို့ကိုသတ်လိုက်ရတဲ့ အကျိုးဆက်ကို ရှင်သိရဲ့လား။ ကျွန်မ အကြံပေးချင်တာကတော့ စီနီယာ မျက်စိသုံးလုံးကျားကို ခေါ်လိုက်ပါ၊ အဲဒီ အရှင်သခင်ကိုပဲ ဖြေရှင်းခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။”
နင်ထီက သူ့စကားကိုမယုံပေ။ သူမနှင့် အစိမ်းရောင်ဝတ်အစေခံမလေးတို့သည် အားလုံးကိုဘေးချိတ်ထားပြီး မျက်စိသုံးလုံးကျားနှင့် စကားပြောဖို့သာ စိတ်အားထက်သန်နေကြသည်။
ကျန်းချန် စိတ်ပျက်သွားပြီး ဤမသိနားမလည်သော အမျိုးသမီးကို စိတ်မဝင်စားတော့ပေ။
“ယုံချင်ယုံ မယုံချင်နေ။”
ထိုသို့ပြောပြီးနောက် သူ၏အိပ်ဆောင်ထဲသို့ ပြန်ဝင်သွားတော့သည်။
ကျန်ရစ်ခဲ့သော အမျိုးသမီးနှစ်ဦးမှာတော့ စိတ်အခြေအနေမကောင်းကြပေ။ ကျန်းချန်၏စိတ်ထဲတွင် ပုံရိပ်ကောင်းချန်ရစ်မည့် နင်ထီ၏အစီအစဉ်မှာ အချိန်မတိုင်မီ ပျက်စီးသွားခဲ့လေပြီ။
သေဆုံးသွားသောမှူးမတ်များ၏ နောက်ခံအင်အားကြီးသူများကို မည်သို့ရင်ဆိုင်ရမည်နည်း။ ဒါက ခေါင်းခဲစရာ ပြဿနာတစ်ခုပင်။
အခြားတစ်ဖက်တွင် ဧကရာဇ်ရှန့်ကောင်းယဲ့သည် ရှခုန်းကျွင်းနှင့် သီးသန့်တွေ့ဆုံနေသည်။
“ကျန်းချန်က ပါးအာကိုသတ်တဲ့လူသတ်သမားဆိုတာ မင်းသေချာလား။”
“ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်”
ကျန်းချန်တွင် ရှန်းပါး၏ဝိညာဉ်လက်နက်ရှိနေသဖြင့် သက်သေမှာငြင်းမရပေ။ ဧကရာဇ်သည် အတွေးထဲမျောသွားသည်။
အတော်ကြာပြီးမှ သူကဖြည်းညှင်းစွာပြော၏။
“နင်ထီရဲ့အကြောင်းကို ငါသိတာပေါ့၊ ဒါက အချစ်စိတ်မဟုတ်နိုင်ဘူး။ ကျန်းချန်မှာ တစ်ခုခုထူးခြားတာကို သတိပြုမိလို့ဖြစ်ရမယ်။”
ရှခုန်းကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ရဲ့ရုပ်ရည်ကလွဲရင် ကျန်တာထူးခြားတာ ဘာမှမတွေ့မိပါဘူး။”
ရှန့်ကောင်းယဲ့က အေးစက်စွာရယ်မောလိုက်သည်။
“မင်းရဲ့ရှေ့မှာတောင် ရှန်းပါးကိုသတ်ခဲ့တယ်လို့ သူကဝန်ခံရဲတယ်ဆိုတော့... ဘာလို့လဲ။”
ရှခုန်းကျွင်း ရုတ်တရက်သဘောပေါက်သွားသည်။ ကျန်းချန်သာ လူမိုက်မဟုတ်လျှင် သူမသေနိုင်ဘူးဆိုတာကို သေချာစေမယ့် ဝှက်ဖဲတစ်ခုခုရှိနေရမည်။ ဒါကတော့ ဧကရာဇ်တစ်ပါး၏ နက်နဲသောအတွေးအခေါ်ပင်။
“အဲဒီကျန်းချန်က မြင်ရသလောက်မရိုးရှင်းဘူး။ သူ့ကို တိတ်တဆိတ် စောင့်ကြည့်ထားစမ်း။”
“အမိန့်တော်အတိုင်းပါ အရှင်”
ရှခုန်းကျွင်း လှည့်အထွက်မှာပင် အလင်းတန်းတစ်ခု အပြင်ဘက်မှဝင်လာပြီး ဧကရာဇ်၏ စားပွဲပေါ်တွင် ကျရောက်သွားသည်။
ရှန့်ကောင်းယဲ့က လက်ချောင်းနှင့် ထိတွေ့လိုက်ရာ ခဏအကြာတွင် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မတ်တပ်ရပ်လိုက်တော့သည်။
“သူက ဒီလောက်အထိ လူအများကြီးကို သတ်ရဲတယ်လား။”
“အရှင်... ဘာဖြစ်လို့လဲ။”
ရှခုန်းကျွင်း ဇဝေဇဝါဖြစ်သွားသည်။ မိုးလောက်ကြီးသောကိစ္စတစ်ခုခု ဖြစ်ပြန်ပြီဆိုတာကို သူသိလိုက်သည်။ ရှန့်ကောင်းယဲ့ ရှင်းပြဖို့မလိုတော့ပေ။
အပြင်ဘက်တွင် လူအုပ်ကြီးသည် နန်းတော်တံခါးကို တဒုန်းဒုန်းထုနေကြပြီး အလွန်ဆူညံနေသည်။ နဂါးဗုံကြီးကိုပင် တီးခတ်လိုက်ကြပြီမဟုတ်ပါလား။
နန်းတွင်းသို့ဆင့်ခေါ်လိုက်သဖြင့် လုရန်၊ အန်တယ်မင်၊ စုချင်းရှိုး၊ ဓားအရှင်သခင်ချိုးဟယ်နှင့် အခြားသူများ ရောက်ရှိလာကြသည်။
“အရှင်... ကျွန်တော်မျိုးတို့အတွက် တရားမျှတမှုပေးသနားတော်မူပါ”
“ကျွန်တော်မျိုးရဲ့ မြေးလေးဟာ မင်းသမီးရဲ့သူငယ်ချင်း ကျန်းချန်လက်ချက်နဲ့ သေဆုံးသွားရပါပြီ... ဝမ်းနည်းရပါတယ်အရှင်...”
“ကျွန်တော်မျိုးကို စစ်တပ်နဲ့ မင်းသမီးရဲ့နန်းဆောင်ကိုဝိုင်းထားပြီး ကျန်းချန်ကို အပိုင်းပိုင်းခုတ်ပစ်ဖို့ ခွင့်ပြုတော်မူပါ”