← Chapters

အကူအညီလိုနေပြီ

Vol. 11 Ch. 102

အကူအညီလိုနေပြီ

Vol. 11 Ch. 102

လုံယွဲ့ နန်းမြို့တော်သို့ရောက်ရှိသည့် ပထမဆုံးနေ့မှာပင် ကျန်းချန်သည် ဤနေရာ၏အကျော်ကြားဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

အခြားနည်းလမ်းမရှိပေ၊ အကယ်၍ တခြားသူသာ ဤမျှလောက်များပြားသော မှူးမတ်မျိုးနွယ်စု လူငယ်များကို သတ်လိုက်လျှင် လူတိုင်းကတခြားအကြောင်းအရာများကိုရပ်တန့်ပြီး သူ့ကိုသာ အာရုံစိုက်လာကြမည်မှာမလွဲ။

ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူအများအပြားကို သတ်နိုင်စွမ်းရှိသဖြင့် သူ၏စွမ်းအားမှာ တာအိုနန်းတော်အဆင့်၌ရှိမည်ဟု အပြင်လူအများက ခန့်မှန်းနေကြသည်။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ ချန်ရှင်းမင်းဆက်တွင် ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ သူသည် မသတ်သင့်သောသူများကို သတ်မိသွားခြင်းပင်။ ၎င်းအပြင် တစ်ယောက်တည်းလည်း မဟုတ်ပေ။

" ခဏလောက် စကားပြောလို့ရမလား။"

တံခါးခေါက်လာသူမှာ အစိမ်းရောင်ဝတ်အစေခံမလေးဖြစ်သည်။ သူမတစ်ယောက်တည်း လာသည်ကိုမြင်တော့ ကျန်းချန် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ နောက်ကွယ်ကအမျိုးသမီးက နောက်ဆုံးတော့ သူမရဲ့ဝှက်ဖဲကို ထုတ်ပြတော့မှာလား။

"ရတာပေါ့၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။"

သူ့တွင် အံ့ဩနေသည့်အရိပ်အယောင် လုံးဝမရှိသည်ကိုမြင်တော့ အစိမ်းရောင်ဝတ်မိန်းကလေး အနည်းငယ်အံ့အားသင့်သွားသည်။

"ရှင်က ကျွန်မရဲ့ တကယ့်အဆင့်ကို သိနေပုံရတယ်ပဲ။ စီနီယာ မျက်စိသုံးလုံးကျားက ရှင့်ကိုပြောပြထားတာလား။"

ဤယုံကြည်ချက်ရှိရှိ တွေးဆချက်ကြောင့် အစ်ကိုကြီးချန်မှာ တကယ်ပင်ရယ်ချင်သွားရသည်။

မိန်းကလေး... ငါက ဒါကိုသိမြင်မှုစွမ်းရည်နဲ့မြင်တာပါဟ...

သို့သော် သူမက ထိုသို့ထင်ချင်လျှင်လည်း ထင်ပါစေတော့။

"ပြောချင်တာရှိရင် တိုက်ရိုက်ပဲပြောလိုက်ပါ။"

သူက စကားကို ကွေ့ပတ်ပြောရသည်ကိုမကြိုက်ပေ။

"ကျွန်မရဲ့ရည်ရွယ်ချက်ကိုမပြောခင်မှာ... စီနီယာမိစ္ဆာဘုရင်ကြီးကို စကားပြောဖို့ ခေါ်ပေးလို့ ရမလား။"

"သူမလာဘူး။"

"ရှင် သေချာလို့လား။"

အစိမ်းရောင်ဝတ်အစေခံမလေးက မယုံကြည်နိုင်သလို ကြည့်လိုက်သည်။

ကျန်းချန် အလွန်စိတ်ပျက်သွား၏။

"မသေချာစရာ ဘာရှိလို့လဲ။"

"ဒါဆိုရင်တော့ ရှင်သွားပြီပဲ။"

"ဪ... ဟုတ်လား။"

အစိမ်းရောင်ဝတ်အစေခံမလေးက ခပ်အေးအေးပြောလိုက်သည်။

"ရှန့်ကောင်းယဲ့ကတော့ ကျားနှစ်ကောင်သတ်တာကို ဘေးကနေထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲဒီမိသားစုတွေ ရှင့်ကိုတိုက်ခိုက်ဖို့ ခွင့်ပြုလိုက်ပြီ။"

ယုတ္တိဗေဒအရပြောရလျှင် အန်စီယွမ်နှင့် လုချင်းတို့သည် တခြားသူ၏အိမ်ထဲသို့ အတင်းဝင်ရောက်ကာ သတ်မည်ဖြတ်မည် လုပ်ခဲ့ကြသဖြင့် သေထိုက်သူများဖြစ်သည်။ သို့သော် ဤလောကတွင် ယုတ္တိမရှိသောကိစ္စအချို့ ရှိနေတတ်သည်။

ဧကရာဇ်တစ်ဦးအနေနှင့် ရှန့်ကောင်းယဲ့သည် ကျန်းချန်ကိုကာကွယ်ရန် အမိန့်တော် ထုတ်ပြန်သင့်သော်လည်း ထိုသို့လုပ်ပါက မိသားစုအသီးသီးမှ တာအိုနန်းတော်အဆင့် ကျွမ်းကျင်သူများ၏ဒေါသကို သူခံရပေလိမ့်မည်။

၎င်းအပြင် ရှန်းပါးအသတ်ခံရသည့် ကိစ္စကလည်း ရှိသေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် ဘေးကနေကြည့်နေရန်သာ ရွေးချယ်ခဲ့သည်။

၎င်းကို အငှားလက်ဖြင့် လူသတ်ခြင်းဟုလည်း ခေါ်နိုင်သည်။ ဤမိသားစုများ၏လက်ကိုအသုံးချပြီး ကျန်းချန်ကိုသတ်ပစ်ရန်ပင်။

"ပြီးတော့ရော။"

အစ်ကိုကြီးချန်ကတော့ အလွန်တည်ငြိမ်နေသည်။

နောက်နေတာလား... သူက အကြိမ်ပေါင်းများစွာ သေခဲ့ပြီးပြီလေ... ဒါက သူ့အတွက်တော့ သာမန် မြင်ကွင်းလေးတစ်ခုပဲ မဟုတ်လား...

ဤတုံ့ပြန်မှုကြောင့် အစိမ်းရောင်ဝတ်အစေခံမလေးမှာ ထပ်မံအံ့ဩသွားရပြန်သည်။ ကျန်းချန်သည် ယခုအချိန်တွင် အလွန်ထိတ်လန့်နေရမည်ဟု ထင်ထားခဲ့သည်။

ဤလူက အခြေအနေရဲ့ပြင်းထန်မှုကို မသိတာများလား။ ထို့ကြောင့် သူမက ဤကပ်ဘေးက မည်မျှအန္တရာယ်ရှိသည်ကို သူနားလည်သွားစေရန် ဆက်လက်သတိပေးလိုက်သည်။

"ရှင်က လုံယွဲ့မြို့ကနေ ထွက်ပြေးဖို့ကြံစည်နေရင် အဲ့တာကမဖြစ်နိုင်ဘူးလို့ ပြောပါရစေ။ လုံယွဲ့နန်းမြို့တော်တစ်ခုလုံးရဲ့မြေအောက်မှာ အဆင့်မြင့်အစီအရင်တစ်ခု ရှိတယ်။ အဲ့တာကိုအသက်သွင်းလိုက်ရင် တာအိုနန်းတော်အဆင့် ၉ ကျင့်ကြံသူတောင် ထွက်သွားလို့မရဘူး။ ပြီးတော့ အဓိကမိသားစုကြီးတွေက စစ်တပ်တွေကိုစုစည်းပြီး မင်းသမီးရဲ့နန်းဆောင်ကို ဝိုင်းထားပြီးပြီ။ အခုတော့ ရှင်ပိတ်မိနေပြီ။"

ကျန်းချန်က လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။

"ဝါး... တကယ်ကို အံ့ဩစရာကောင်းတဲ့ အစီအရင်ပဲ။ ငါ မျှော်လင့်ထားတဲ့အတိုင်း ချန်ရှင်းမင်းဆက်က တကယ်ကို မဆိုးဘူးပဲ။"

အကယ်၍ ဖေးရှန်ဂိုဏ်းဘက်က မျက်စိသုံးလုံးကျားကိုသာ စိုးရိမ်စရာမရှိခဲ့လျှင် အစိမ်းရောင်ဝတ်အစေခံမလေးမှာ တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားမိမှာသေချာသည်။

ဤကဲ့သို့သောလူစားမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူတို့နှစ်ယောက်မှာ အပေးအယူ လုံးဝမတည့်သလို သူဘာတွေးနေသလဲဆိုတာကိုလည်း သူမနားမလည်နိုင်ပေ။

"ရှင်က မင်းသမီးနင်ထီက ရှင့်ကိုကာကွယ်ပေးမယ်လို့ မျှော်လင့်နေတာလား။ ကံဆိုးတာက သူမလည်း မလုပ်နိုင်ဘူး။ ဒီတစ်ခါ ရှင့်ကိုသတ်ချင်နေတဲ့လူတွေက များလွန်းတယ်၊ သူမ မတားဆီးနိုင်ဘူး။"

ကျန်းချန်သိထားသည်မှာ သူမသည် အန္တရာယ်ရှိသောအခြေအနေကို တမင်ချဲ့ကားပြောပြီး သူ့အပေါ် ဖိအားပေးနေခြင်းဖြစ်ရာ နောက်ထပ်ပြောစရာတစ်ခုခုရှိနေရမည်။

"ကောင်းပါပြီ၊ ငါတကယ်ကြောက်သွားပြီ။ ပြီးတော့ရော"

ရှင့်ရဲ့လေသံနဲ့အမူအရာက ကြောက်နေတဲ့ပုံစံနဲ့ လုံးဝမတူဘူးသိလား...

သူမမှာ အံကြိတ်ပြီး ဆဲချင်စိတ်ကို အတင်းထိန်းထားရသည်။

"ရှင့်ကို အခုကူညီနိုင်တဲ့ တစ်ဦးတည်းသောလူက ကျွန်မပဲ။ ကျွန်မရဲ့စွမ်းအားကို ရှင်သိပါတယ်၊ ဒီမိသားစုတွေကို ကျွန်မ ရှင့်အတွက် တားဆီးပေးနိုင်တယ်။"

တာအိုနန်းတော်အဆင့် ၈ ရှိသူဖြစ်ရာ သူမသည် ဤသို့ ပြောပိုင်ခွင့်ရှိ၏။

"ဒါပေမဲ့ ဒီကိုအလကားမရဘူးဆိုတာလည်း ရှင်သိမှာပါ..."

သူမ၏အစီအစဉ်မှာ ဤအကျပ်အတည်းကိုအသုံးချပြီး ကျန်းချန်နှင့် အပေးအယူလုပ်ရန်ဖြစ်သည်။

အခု ရှင့်ကိုကူညီမယ်၊ နောက်ပိုင်းကျရင် မျက်စိသုံးလုံးကျားက ငါ့ကို နှစ်ကြိမ်ပြန်ကူညီပေးရမယ်...

အခြားသူသာဆိုလျှင် ဤအပေးအယူကို သေချာပေါက်သဘောတူမိမှာဖြစ်သည်။

နှမြောစရာကောင်းသည်မှာ သူမရင်ဆိုင်နေရသူမှာ ဘယ်လိုသေရမလဲအမြဲတွေးနေသည့် ကျန်းချန်ဖြစ်နေ၏။

"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မင်းကိုဒီလိုမျိုး ဒုက္ခမပေးချင်ပါဘူး၊ အားနာစရာကြီး"

"ရှင်ဘာကိုဆိုလိုတာလဲ"

အစ်ကိုကြီးချန်က တံခါးဝသို့ဖြည်းညှင်းစွာလျှောက်သွားပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ အပြင်ဘက်ကကြယ်စင်တွေကိုမော့ကြည့်လျက် အေးအေးဆေးဆေးပြောလိုက်သည်။

"ဒီကိစ္စက ငါ့ကြောင့်ဖြစ်တာလေ၊ ဘယ်လိုလုပ် တခြားသူတွေကိုဆွဲထည့်လို့ဖြစ်မလဲ။ အဲဒါက ငါ့ရဲ့မူဝါဒနဲ့ မကိုက်ညီဘူး"

အစိမ်းရောင်ဝတ်အစေခံမလေးက သူ့ကိုနားမလည်နိုင်ဖြစ်နေရသည်။ သူ ဟန်ဆောင်နေတာလား သို့မဟုတ် တကယ်ပဲ ဒီလောက်အထိ မြင့်မြတ်နေတာလားဆိုတာ ဝေခွဲမရတော့ပေ။

"ရှင် သေမှာမကြောက်ဘူးလား။"

"ရှင်သန်ရတာ ဘာပျော်စရာရှိလို့လဲ၊ သေရမှာကိုကော ဘာကြောက်စရာရှိလို့လဲ။"

ဤတွန့်ဆုတ်မှုမရှိသောအဖြေကြောင့် နောက်ဆုံးတွင် သူမ တစ်ခုသာကောက်ချက်ချနိုင်တော့သည်။

ဤလူသည် ခေါင်းတလားမြင်မှ မျက်ရည်ကျမည့်သူဖြစ်ပြီး အခုတော့ လူစွမ်းကောင်း ဟန်ဆောင်နေခြင်းသာဖြစ်ရမည်။ သူ သေသွားလျှင်ကိစ္စမရှိသော်လည်း မျက်စိသုံးလုံးကျားနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ပါ ပျက်စီးသွားပေလိမ့်မည်။

သူမ၏လက်စွပ်ထဲမှ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။

"ဒါက ဘာလဲ"

ကျန်းချန်ယူကြည့်လိုက်ရာ ၎င်းမှာ အဆင့် ၆ ဆက်သွယ်ရေး အဆောင်တစ်ခုသာဖြစ်သည်။ အစိမ်းရောင်ဝတ်အမျိုးသမီးက လှည့်ထွက်သွားပြီး ကျောခိုင်းလျက် နက်နဲသောလေသံဖြင့် ပြောလိုက်သည်။

"ဒီဆက်သွယ်ရေးအဆောင်ထဲမှာ ငါ့ရဲ့စစ်မှန်တဲ့ဝိညာဉ်ဆန္ဒအစအနတစ်ခု ချန်ထားခဲ့တယ်။ ဒါကို အပြင်ကိုပစ်ထုတ်လိုက်ရင် တာအိုနန်းတော်အဆင့် ၅ အောက်က အားအပြည့်နဲ့ တိုက်ခိုက်မှုတွေကို တားဆီးပေးနိုင်လိမ့်မယ်။ အဆောင်ပေါက်ကွဲသွားတာနဲ့ ငါလည်း ချက်ချင်းရောက်လာမယ်။ ဒါကို သုံးမလား၊ မသုံးဘူးလားဆိုတာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်။"

သူသာ ၎င်းကိုသုံးလိုက်လျှင် သူမကို အကူအညီတောင်းခြင်းဖြစ်သလို သူမနှင့် အပေးအယူလုပ်ရန် သဘောတူလိုက်ခြင်းလည်း ဖြစ်ပေလိမ့်မည်။ စကားပြောပြီးနောက် သူမသည် ညအမှောင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

"မကြာမကြာလာလည်ဦးနော်"

ကျန်းချန်ကတော့ စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လိုက်သည်။ သူ အနည်းငယ်သိချင်နေသည်မှာ ဤအမျိုးသမီးသည် အခုထက်ထိ သူမ၏မျက်နှာအစစ်ကို ထုတ်မပြသေးခေထျ။ သူမက တကယ်ပဲ ရုပ်ဆိုးလွန်းလို့ ဖုံးထားတာများလား။

အစိမ်းရောင်ဝတ်အစေခံမလေး ထွက်သွားပြီးနောက် ဤနန်းဆောင်သာမက မင်းသမီး၏ နန်းဆောင်တစ်ခုလုံးမှာ တိတ်ဆိတ်သွား၏။ ကျန်းချန်ကလွဲ၍ ကျန်သူအားလုံး ဆုတ်ခွာသွားကြပြီဖြစ်သည်။

ဤနေရာသည် မကြာမီတွင် တိုက်ပွဲမြေပြင်ဖြစ်လာတော့မည်။ မိသားစုအသီးသီးကို နှစ်သိမ့်ရန်အတွက် ရှန့်ကောင်းယဲ့က ဤဝိုင်းရံမှုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဧကရာဇ်က တိုက်ပွဲဝင်မည့်နှစ်ဖက်ကလွဲ၍ ကျန်သူများ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အမိန့်တော်ပင် ထုတ်ပြန်ထားသေးသည်။ အထူးသဖြင့် မင်းသမီးနင်ထီကို နန်းတော်ထဲသို့ဆင့်ခေါ်ထားပြီးဖြစ်ရာ တော်ဝင်မိသားစုက ဤပြဿနာထဲသို့ဝင်ပါမည်မဟုတ်။

ဤတိုက်ပွဲသည် လုံယွဲ့ နန်းမြို့တော်တစ်ခုလုံး၏ အာရုံစိုက်မှုကိုခံနေရသည်။ ထိုညက လူမည်မျှ အိပ်မပျော်ဘဲ ရှိနေကြမည်ကိုမသိနိုင်ပေ၊ တည်ငြိမ်နေသော မျက်နှာပြင်အောက်တွင် တင်းမာသော အခြေအနေများ ဖုံးကွယ်နေသည်ကို လူတိုင်းသိကြသည်။

ကာယကံရှင်ဖြစ်သူ အစ်ကိုကြီးချန်ကတော့ အလွန်ပျင်းရိစွာ စောင့်ဆိုင်းနေ၏။ ပျင်းလွန်းသဖြင့် သူရထားသောပစ္စည်းတွေကိုသာ ထိုင်ရေတွက်နေတော့သည်။

ဤတစ်ကြိမ်တွင် သူသည် အဆင့် ၈ ဝိညာဉ်လက်နက် သုံးခုနှင့် အဆင့် ၇ ဝိညာဉ်လက်နက် အခု ၂၀ ကျော် ရရှိခဲ့သည်။ တိုက်ပွဲကြီးလာတော့မည် ဖြစ်သောကြောင့် ၎င်းတို့အားလုံးကို အမှတ်များအဖြစ် လဲလှယ်လိုက်သည်။

သူ့အနေနှင့် ဝိညာဉ်လက်နက် သို့မဟုတ် အဆောင်တစ်ခုခု ချန်ထားခဲ့လျှင် စနစ်ကတစ်မျိုးမဟုတ်တစ်မျိုး ပြဿနာရှာနိုင်သည် မဟုတ်ပါလား။

ဥပမာအားဖြင့် သူအသတ်ခံရပြီးနောက် အဆောင်ကိုအဆင့်မြှင့်ပေးပြီး ပြဿနာကို အပေါ်ယံဖြေရှင်းပေးလိုက်တာမျိုးပေါ့။ သူကတော့ စနစ်ကို အခွင့်အရေး လုံးဝပေးမည်မဟုတ်။

ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအပါအဝင် ဤတစ်ကြိမ်တွင် သူ အမှတ် ၁.၀၂ သန်း ထပ်မံ ရရှိခဲ့သည်။

"လူ ၁၃ ယောက်တည်းနဲ့ ဒီလောက်အမှတ်တွေ အများကြီးရတာလား။ နန်းမြို့တော်ကိုလာရတာ တကယ်တန်တာပဲ။"

ခဏအကြာတွင် နန်းဆောင်အပြင်ဘက်မှ လေပြင်းသံနှင့် မိုးကြိုးသံများ ထွက်ပေါ်လာသည်။

ဝုန်း

ဒီရေလှိုင်းကြီးတက်လာသကဲ့သို့ပင် မင်းသမီး၏နန်းဆောင်တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ရှိနေသည်။ ပြင်းထန်သော သွေးဆာနေသည့်အရှိန်အဝါများက ကောင်းကင်ယံကို နီရဲသွားစေသည်။

အနည်းဆုံး လူသောင်းချီရှိနေပြီး သူထွက်ပြေး၍မရအောင် ကွန်ရက်ဖြန့်ထားခြင်းဖြစ်သည်။

အိပ်ခန်းထဲမှ လှမ်းထွက်လိုက်သည့်အခါတွင် ရုပ်ရည်မတူညီကြသော အဘိုးအိုခုနစ်ယောက်က ကောင်းကင်ယံထက်တွင်ရပ်လျက် သူ့ကိုအေးစက်စွာငုံ့ကြည့်နေကြောင်း မြင်လိုက်ရတော့သည်။

All Chapters