← Chapters

လေလွင့်ဝိညာဉ်

Vol. 11 Ch. 103

လေလွင့်ဝိညာဉ်

Vol. 11 Ch. 103

“မင်း တကယ်ထွက်မပြေးဘူးပဲ။”

မိုးဖြူအကယ်ဒမီ၏ကျောင်းအုပ်ကြီး စုချင်းရှိုး အနည်းငယ်အံ့အားသင့်သွားသည်။ သူ၏စိတ်အာရုံမှာ မင်းသမီးနန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံထားရုံသာမက မိုင်ပေါင်းရာချီအထိဖြန့်ကြက်ထားပြီးဖြစ်ရာ မည်သူမျှလွတ်မြောက်နိုင်စရာအကြောင်းမရှိ။

ကျန်းချန်တွင် ကူညီမည့်သူလည်းမရှိ၊ စစ်ကူလည်းမရှိပေ။ ဤလူက ထိုင်ပြီးအသေခံရန်သာ စောင့်နေသလော...

ဓားအရှင်သခင်ချိုးဟယ်၏ မုတ်ဆိတ်ဖြူများမှာ အနည်းငယ်တုန်ခါသွားပြီး တွန့်ရှုံ့နေသောမျက်ခွံများကြားမှ ဝါကျင့်ကျင့်မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်သည်။

“မီယွန်းက ငါ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ။ အကယ်၍ မင်းက သူ့ကိုဒဏ်ရာပဲပေးခဲ့မယ်ဆိုရင် လူငယ်ချင်းရန်ဖြစ်တာလို့သဘောထားပြီး ငါလွှတ်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ မင်းကသူ့ကို သတ်လိုက်တယ်။”

သူသည် ဓားကိုဖြည်းညှင်းစွာထုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။

“မင်းသူ့ကို မသတ်ခဲ့သင့်ဘူး...”

ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော စစ်သူကြီးလုရန်မှာ အမူအရာကင်းမဲ့လျက်ရှိသည်။

“မင်းတစ်ယောက်တည်းအတွက် သွေးတမန်စစ်တပ်က လူပေါင်းတစ်သောင်းလောက်ကို စုစည်းထားတယ်။ အကယ်၍ မင်းက ဒီနည်းလမ်းနဲ့ နာမည်ကြီးချင်တယ်ဆိုရင်တော့ မင်းအောင်မြင်သွားပါပြီ။ ဒါပေမဲ့... မင်းနာမည်ကြီးတဲ့အချိန်ဟာ မင်းဒီလောကထဲ လူဖြစ်လာရတာကို နောင်တရမယ့်နေ့လည်းဖြစ်လိမ့်မယ်။ ငါတို့ကမင်းကို အလွယ်တကူ သေခွင့်ပေးမယ်လို့ ထင်နေတာလား။”

ကောင်းကင်ယံမှာပျံသန်းနေသော တာအိုနန်းတော်အဆင့် ကျွမ်းကျင်သူတစ်စုကိုကြည့်ရင်း ကျန်းချန်မှာ အဆင့်အတန်းကွာခြားချက်ကို အထင်အရှားခံစားလိုက်ရ၏။ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေကတော့ တကယ်ကိုသာလွန်ပေသည်။

သူတို့သည် အသက်ကြီးသည်နှင့်အမျှ အတွေ့အကြုံများကလည်း မနည်းလှပေ။ သူတို့နှင့်ယှဉ်လျှင် တွေ့သည်နှင့်အော်ဟစ်တိုက်ခိုက်တတ်သော ရှခုန်းကျွင်းမှာ အရိုင်းအစိုင်းအဆင့်သာရှိသေးသည်။

“သေဖို့ ပြင်ထားတော့” သို့မဟုတ် “ငါ သူ့ကို ဖမ်းမယ်” ဆိုသည့်စကားမျိုးမှာ အောက်ခြေအဆင့် လူမိုက်များသာ ပြောသည့်စကားများပင်။

အကယ်၍ သူသာဆိုလျှင် “မင်း ငါ့မြေးကိုသတ်ရဲတယ်လား၊ မင်းသေသင့်တယ်၊ အသက်ကို ပေးလိုက်တော့” ဆိုသည့်စကားမျိုး ပြောမိမှာသေချာသည်။

သူတို့သည် တာအိုနန်းတော်အဆင့်ချင်းတူသော်လည်း သူကတော့ ယဉ်ကျေးမှုမရှိသေးပေ။ သူတို့၏အမူအရာနှင့် ပြောဆိုပုံများကိုကြည့်ရင်း သူသင်ယူစရာတွေ အများကြီးရှိနေသေးသည်ကို သိလိုက်သည်။

သူတို့သည်လည်း ဟန်ဆောင်နေကြခြင်းဖြစ်ပြီး သတ်ချင်နေကြခြင်းဖြစ်သော်လည်း သူတို့ထံမှ “ငါကစီနီယာပဲ” ဆိုသည့်အငွေ့အသက်က အမြဲထွက်ပေါ်နေ၏။

ဤခံစားချက်မှာ စကားဖြင့်ဖော်ပြရန် ခက်ခဲလှသည်။ အနုပညာရှင်တစ်ဦးနှင့် လက်မှုပညာသည်တစ်ဦး၏ ကွာခြားချက်ကဲ့သို့ပင်။ လုံလောက်သောအတွေ့အကြုံနှင့် အုတ်မြစ်မရှိဘဲ ထိုသို့သောအရှိန်အဝါမျိုးမရနိုင်။

“ဟားဟားဟား... ဒီနေ့ ဒီလိုကြွားဝါဟန်ထုတ်တဲ့စီနီယာကြီးတွေကိုတွေ့ရတာ တကယ့်ကိုဝမ်းသာစရာပဲ”

အစ်ကိုကြီးချန်သည် သူတို့၏အရှိန်အဝါမျိုးရစေရန် အတတ်နိုင်ဆုံးလိုက်တုကြည့်သော်လည်း သူ၏ပုံစံမှာ တမင်လုပ်ယူထားသလိုဖြစ်နေပြီး သူတို့ကဲ့သို့သဘာဝမကျသေးပေ။

“အားလုံးပဲ... ဖိတ်ခေါ်ပါတယ်”

“ကျန်းချန်က စောင့်မျှော်နေပါ့မယ်။”

ကောင်းကင်ထက်မှ တာအိုနန်းတော်အဆင့်ကျွမ်းကျင်သူခုနစ်ဦးမှာ သူဘာတွေးနေသည်ကို ဝေခွဲမရဖြစ်သွားသည်။ ဤကောင်လေးက အဘယ်ကြောင့် ဤသို့တည်ငြိမ်နေရသနည်း။

သူ့လက်ထဲတွင် ကောင်းကင်ယံကိုတုန်လှုပ်စေမည့် ဝှက်ဖဲတစ်ခုခုရှိနေလို့လား...

“မင်းမှာ ထူးခြားတဲ့အတွေ့အကြုံတွေရှိခဲ့ပုံပဲ။ အဲဒါကြောင့် ဒီလောက်အထိမောက်မာရဲတာပေါ့။”

ပေနိုင်ငံမြို့စားကြီးအန်တယ်မင်က ဝတ်ရုံလက်စွပ်ကိုဝှေ့ယမ်းလိုက်ရာ ညကောင်းကင်ယံမှာ ပိုမိုမှောင်မိုက်သွားတော့သည်။ ထို့နောက် ကျန်းချန်မှာ မရေမတွက်နိုင်သောမြားများဖြင့် ပစ်မှတ်ထားခံလိုက်ရပြီး ရှောင်တိမ်းရန်နေရာလုံးဝမရှိတော့ပေ။

သူ၏ဦးခေါင်းထက်တွင် ရုတ်တရက် အလင်းရောင်ကြီးတစ်ခု ထွန်းလင်းလာ၏။

တာအိုနန်းတော်တစ်ခုက ဖိနှိပ်ချလိုက်ရာ မင်းသမီးနန်းဆောင်တစ်ခုလုံးမှာ ချက်ချင်းပင် နိမ့်ဆင်းသွားတော့သည်။ မိုင်တစ်ရာအတွင်းရှိ အဆောက်အအုံများမှာလည်း ရွှံ့ရုပ်များကဲ့သို့ ဝုန်းခနဲပြိုကျသွားသည်။

အန်တယ်မင်၏ပစ်မှတ်မှာ ကျန်းချန်တစ်ယောက်တည်းဖြစ်သော်လည်း တာအိုနန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သာမန်တိုက်ခိုက်မှုပင်လျှင် အလွန်အင်အားကြီးမားလှသည်။ အဆင့်နိမ့်ကျင့်ကြံသူများအတွက်မူ သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာသကဲ့သို့ပင်။

ကျန်းချန်မှာ လက်နက်ပြင်မထားသော်လည်း တိုက်ခိုက်ဟန်တော့ပြရပေမည်။ သူ၏ တောက်ပသောနတ်ဘုရားနန်းတော်ကိုသာ ဆင့်ခေါ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ မှောင်မိုက်သောမြားတန်းများမှာ စိတ်ကူးယဉ်ပုံရိပ်များမဟုတ်ဘဲ နတ်ဘုရားနန်းတော်ကို ချက်ချင်းပင်ဗုံးကြဲတိုက်ခိုက်တော့သည်။

တောက်ပသောနတ်ဘုရားနန်းတော်မှာ ပြင်းထန်စွာလင်းလက်လာပြီး သိုင်းတာအိုမြစ်ကိုးစင်းလုံးမှာ သိသိသာသာ ထွန်းလင်းလာသည်။ မြားအားလုံးမှာ အရည်ပျော်သွားပြီး စေးကပ်သော အမည်းရောင်အရည်များအဖြစ် ပြောင်းလဲသွားသည်။

ဓာတ်ကြီးငါးပါးမြစ်များ၏ တိုက်စားမှုအောက်တွင် ဘာမျှကျန်ရစ်ခြင်းမရှိပေ။

ထို့နောက် သူသည် အထက်သို့တိုက်ရိုက်ပျံတက်လိုက်ပြီး အထက်မှ လေးရောင်ခြယ်တာအိုနန်းတော်ကို ဝင်တိုက်လိုက်သည်။

ဒုန်း

ကောင်းကင်ယံတွင် ကိုးရောင်ခြယ်လှိုင်းတစ်လှိုင်း ဖြာထွက်သွားပြီး လျင်မြန်စွာရိုက်ခတ်သွား၏။ မိုင်ပေါင်းထောင်ချီဝေးသော ဧကရာဇ်နန်းတော်၏ အမြင့်ဆုံးမျှော်စင်မှာ ရုတ်တရက်တုန်ခါသွားပြီး ထိပ်ဖျားပိုင်းပြုတ်ကျသွားတော့သည်။

လူရိပ်နှစ်ခုခွဲထွက်သွားရာ ကျန်းချန်အရေးနိမ့်သွားသော်လည်း နောက်ဆုံးတွင် အသက်ရှင်နေဆဲဖြစ်သည်။ ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့် ၄ သာရှိပြီး ဝိညာဉ်လက်နက်ပင်မပါဘဲ တာအိုနန်းတော်အဆင့် ၂ ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို မသေဘဲတားဆီးနိုင်ခြင်းမှာ တကယ်ပင် အံ့ဩစရာကောင်းလှသည်။

“တောက်ပသောနတ်ဘုရားနန်းတော်”

“တကယ့်ကို ထူးခြားတာပဲ”

“အဲဒီ သိုင်းတာအိုအမှတ်အသားက ဘယ်အဆင့်လဲ...”

ကောင်းကင်ယံရှိ ကျန်သောတာအိုနန်းတော်အဆင့် ကျွမ်းကျင်သူခြောက်ဦးမှာ ဆက်လက်၍မတည်ငြိမ်နိုင်တော့ပေ။ သူတို့သည် ထိုနတ်ဘုရားအဆင့် သိုင်းတာအိုအမှတ်အသားကို မမှတ်မိကြပေ။

“အဲဒါက သူတော်စင်အဆင့်ကို ကျော်လွန်နေပြီ”

“သေချာပေါက် သူတော်စင်အဆင့်ကိုကျော်နေတာ”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

“ငါ့မြေးက သူ့လက်ချက်နဲ့သေသွားရတာ မဆန်းတော့ဘူးပဲ...”

“ဒီလူကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”

ယခင်က သူတို့သည် တိုက်ပွဲစသည်နှင့် အန်တယ်မင်တစ်ယောက်တည်းကိုသာ တိုက်ခိုက်ခွင့်ပြုထားပြီး ဝင်ပါရန်တွန့်ဆုတ်နေခဲ့ကြသည်။ ယခုတော့...

“ညီနောင်အန်... ငါမင်းကိုကူညီမယ်”

“သူ့ကို ထွက်မပြေးစေနဲ့”

“သွေးတမန်စစ်တပ် အမိန့်နာခံ၊ တိုက်...”

ကျွမ်းကျင်သူခြောက်ဦးလုံးသည် သူတို့၏တာအိုနန်းတော်များကို ဆင့်ခေါ်လိုက်ပြီး အန်တယ်မင်နှင့်အတူ ကျန်းချန်ကို ဝိုင်းရံပိတ်ဆို့လိုက်၏။ တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ သွေးတမန်စစ်တပ်မှာလည်း အပျက်အစီးများပေါ်မှနေ၍ ပြင်းထန်သောအရှိန်အဝါဖြင့် ချီတက်လာကြသည်။

ဝူး

သွေးဆာနေသောအရှိန်အဝါများ ပျံ့လွှင့်လာပြီး တာအိုနန်းတော်ခုနစ်ခု၏အလယ်တွင် နေရာယူလိုက်သည်။ ကောင်းကင်ယံတွင် သွေးရောင်လွှမ်းနေသော လှံကြီးတစ်စင်းမှာ အဆုံးမရှိအောင်ကြီးမားလှပြီး တောက်ပသောနေမင်းကဲ့သို့ တိမ်တိုက်များကိုဖောက်ထွက်ကာ အောက်သို့ တိုက်ရိုက်ထိုးစိုက်ချလိုက်တော့သည်။

ဒုန်း

ပြင်းထန်သော အသံကြီးနှင့်အတူ ပတ်ဝန်းကျင်လေထုမှာ လုံးဝပုံပျက်သွားတော့သည်။ ဟင်းလင်းပြင်တွင် အနက်ရောင်များ ပွင့်ထွက်လာသည်။ ၎င်းမှာ ကျွမ်းကျင်သူခုနစ်ဦးနှင့် သွေးတမန်စစ်တပ်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဟင်းလင်းပြင်လောင်ကျွမ်းသွားခြင်းပင်။

မင်းသမီးနန်းဆောင်မှာ လုံးဝပျောက်ကွယ်သွားလေပြီ။ ထိုနေရာတွင် အောက်ခြေမမြင်ရသော ကျင်းကြီးတစ်ခုသာ အစားထိုးဝင်ရောက်လာသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် ဤနေရာမှာ နန်းမြို့တော်၏ ရေကန်အသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ကျန်းချန်မှာ အလောင်းပင်မကျန်တော့သလို ပြာပင်မဖြစ်လိုက်ရဘဲ အငွေ့အသက်အစအနတစ်ခုပင် ရှာမရတော့ပေ။ သူ ဒီအတိုင်းသေဆုံးသွားခဲ့သည်။ အဆင့် ၇ ဝိညာဉ်လက်နက် သိုလှောင်လက်စွပ်တစ်ကွင်းသာ ကျန်ရစ်ခဲ့သည်။

“ဒင်... လက်ခံသူ သေဆုံးသွားပါပြီ၊ ရန်သူ၏အင်အားကို စစ်ဆေးနေသည်၊ ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကို ရေးဆွဲနေသည်...”

ရင်းနှီးနေသော စနစ်၏အသံ ထွက်ပေါ်လာသည်။

“ဒင်... စောစောကတိုက်ပွဲကြောင့် လုံယွဲ့နန်းမြို့တော်မြေအောက်ရှိ နောက်ဆုံးသော နဂါးနက်လေလွင့်ဝိညာဉ်ကို နိုးထစေခဲ့သည်။”

“အသိစိတ်မဲ့နေတဲ့ လေလွင့်ဝိညာဉ်မှာ လက်ခံသူ၏ မိုးပြာနဂါးသွေးမျိုးဆက်ကြောင့် ဆင့်ခေါ်ခံလိုက်ရပြီး လက်ခံသူ၏ဝိညာဉ်နှင့် တက်ကြွစွာပေါင်းစပ်သွားသည်။”

နဂါးနက်လေလွင့်ဝိညာဉ်ကဘာလဲ...

အစ်ကိုကြီးချန်မှာ ဘာမှနားမလည်ပေ။

ဤအရာနှင့်ပေါင်းစပ်လိုက်လျှင် သူက လူတိုင်းကို အနိုင်ယူနိုင်မှာလား...

“ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ။”

သူသည် ရှင်သန်လာသည့်အခိုက်အတန့်မှာပင် ကိုယ်ပျောက်စနစ်ကိုအသက်သွင်းလိုက်သည်။ အခုအချိန်မှာ ပေါ်လာလျှင် အဝတ်အစားပင်မပါဘဲ ကိုယ်လုံးတီးဖြစ်နေမှာ မဟုတ်ပါလား။

ထို့နောက် သူ၏လက်ရှိအခြေအနေမှာ အရင်ကနှင့်မတူဘဲ အနည်းငယ်ကွဲပြားနေသည်ကို သိလိုက်ရ၏။ သူ၏ဝိညာဉ်မှာ မကြုံစဖူးထူးကဲစွာ သန်မာလာခဲ့သည်။

ယခင်က သူ၏ကျင့်စဉ်မှာ ကောင်းကင်ကောင်းကင်ကံကြမ္မာအဆင့် ၄ ၌ ရှိခဲ့သည်။ ၎င်းမှာ ဝိညာဉ်စွမ်းအား အဆင့်ကို အဓိကဆိုလိုခြင်းဖြစ်သည်။

ဝိညာဉ်ပိုင်းဆိုင်ရာတွင်မူ ကျင့်ကြံရန်ခက်ခဲလှသဖြင့် သူသည် ကောင်းကင်ကံကြမ္မာအဆင့် ၃ ၌သာ ရှိနေခဲ့သည်။ သူ၏ထူးကဲသောပါရမီကြောင့်သာ ဤအဆင့်ရှိနေခြင်းဖြစ်သည်။ ကျင့်ကြံသူအများအပြားမှာ နယ်ပယ်တစ်ခုတည်းတွင် နှစ်ပေါင်းထောင်ချီကြာအောင် တိုးတက်မှုမရှိဘဲ ပိတ်မိနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝိညာဉ်ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှုက လိုက်မလာနိုင်ခြင်းကြောင့် ဖြစ်သည်။ ဆေးလုံးဘယ်လောက်ပဲစားစား အသုံးမဝင်ပေ။

သို့သော် ယခု ကျန်းချန်သည် သူ၏ဝိညာဉ်နယ်ပယ်မှာ ကောင်းကင်ကံကြမ္မာအဆင့် အတားအဆီးကို တိုက်ရိုက်ကျော်ဖြတ်ပြီး တာအိုနန်းတော်အဆင့်သို့ ရောက်ရှိသွားကြောင်း ရုတ်တရက် သိလိုက်ရတော့သည်။ ဤခုန်ပျံကျော်လွှားမှုမှာ တကယ်ပင်အံ့ဩစရာကောင်း၏။

All Chapters