အခန်း (၄၇၉၁-၄၇၉၅)
Vol. 243 Ch. 4791-4795
Chapter 4791
ဤထောက်ပံ့ရေးလမ်းကြောင်းကို ပုန်းကွယ်နဂါးစစ်တပ်၏ ထိရောက်သော သယ်ယူပို့ဆောင်ရေးစွမ်းရည်ဖြင့် လုံးလုံးလျားလျား ဖန်တီးထားခြင်းဖြစ်သည်။
ပုန်းကွယ်နဂါးစစ်တပ်၏ စွမ်းဆောင်ရည်မျိုးမရှိသော တခြားတာယွီစစ်တပ်တစ်တပ်အတွက် ဤမျှ ရှည်လျားသော ထောက်ပံ့ရေးလမ်းကြောင်းကို တိုတောင်းသော အချိန်ကာလအတွင်း ဖန်တီးရန် အလွန်ခက်ခဲပေလိမ့်မည်။
ဤကိစ္စအတွက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို အပြည့်အဝ စုစည်းထားသည်။ လက်နက်သန့်စင်ရေးဂိုဏ်းများစွာသည် သူတို့၏လုပ်အားများအားလုံးကို အထောက်အပံ့ပစ္စည်း ထုတ်လုပ်ရေးအတွင်းသို့ ထည့်သွင်းထားပြီး ကြယ်မြစ်မှ ကြီးမားသည့် ကုန်သွယ်ရေးသယ်ယူပို့ဆောင်ရေးသင်္ဘောတချို့ကိုပင် သိမ်းယူထားသည်။
"တပ်မှူးသိုက်... ကျွန်တော်တို့က ကျားလှောင်အိမ်တောင်ကြားခံတပ်ကို လေးနာရီအတွင်း ရောက်ပါတော့မယ်"
သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းပေါ်တွင် သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်အချို့သည် ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်နေကြသည်။
အလယ်မှစစ်ဗိုလ်ချုပ်သည် ပုန်းကွယ်နဂါးတပ်မတော်၏ တပ်ရင်းမှူးသိုက်ဖုန်းပင်။
သိုက်ဖုန်းသည် ယခင်က အကျဉ်းသားတစ်ဦးဖြစ်ပေ၏။ သူသည် မိုးကြိုးဝေလအမတ်ကြီး ရှားဟိုလီ၏လက်အောက်မှ စစ်သားတစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် လုယွီ၏လက်အောက်တွင် အမှုထမ်းခဲ့ပြီး လက်ရှိရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရသည်။
စစ်မှန်သော စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် လုကျင်းရှန့်နှင့် နှိုင်းယှဉ်ပါက သိုက်ဖုန်း၏ အရည်အချင်းသည် မကောင်းလှချေ။ ထို့ကြောင့် ယခုအချိန်အထိ သူသည် ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။
ယခင်က အကျဉ်းသားတစ်ဦးဖြစ်ခဲ့သော စစ်သားတစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည့်အတွက် သိုက်ဖုန်းသည် လုယွီကို အလွန်ကျေးဇူးတင်နေမိသည်။
သူသည် ဤတစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးကို တာဝန်ယူပြီး အရင်းအမြစ်အားလုံးကို ရှေ့တန်းသို့ ပို့ဆောင်ရသည်။
သိုက်ဖုန်းသည် စစ်ရေးအောင်မြင်မှုများစွာ မရှိသော်လည်း သူသည် တည်ငြိမ်ပြီး အတွေ့အကြုံရှိသူပင်။ ထို့ကြောင့် သူ့ကို နောက်တန်းတပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခဲ့ပြီး စစ်တပ်၏ ငွေကြေးနှင့်စားနပ်ရိက္ခာခွဲဝေမှုကို တာဝန်ယူစေခဲ့သည်။
"သတိမပေါ့ဆကြနဲ့.... သယ်ယူပို့ဆောင်ရေးသင်္ဘောကို သေချာစောင့်ကြပ်ကြစမ်း"
သိုက်ဖုန်းက အမိန့်ပေးသည်။
စစ်ဗိုလ်ချုပ်တချို့က အပြုံးနှင့် တုံ့ပြန်သည်။
"တပ်မှူး...ထန်စစ်တပ်ကို ကျွန်တော်တို့စစ်တပ်က ချေမှုန်းလိုက်ပြီ....ဒီကျားလှောင်အိမ်တောင်ကြားခံတပ်က ကျွန်တော်တို့ရဲ့ပိုင်နက်ပဲ ဘာကို စိတ်ပူစရာလိုလို့လဲ"
သိုက်ဖုန်းက ခေါင်းခါလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်အေးချမ်းနေသည့် အရိပ်အယောင်မရှိပေ။
"မင်းတို့ နားမလည်ဘူး....ငါက ထန်စစ်တပ်ကို စိတ်ပူနေတာမဟုတ်ဘူး။"
အဓိကစစ်သင်္ဘောပေါ်၏ အထက်ရှိ လေထုအတွင်းတွက် တောက်ပသော ကောင်းကင်မျက်လုံးတစ်ခု ပျံဝဲနေသည်။
ဤအရာကို ဝင်္ကပါဖြင့် ဖွဲ့စည်းထားခြင်းပင်။ ကောင်းကင်မျက်လုံးသည် လေထုတွင် မျောလွင့်နေပြီး တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်ကာ အမှောင်ထုကို ဖြတ်သန်းပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို လင်းထိန်စေသည်။
ဤအချိန်မှာပင် ကောင်းကင်မျက်လုံးဝင်္ကပါကို တာဝန်ယူထားသော ကျင့်ကြံသူသည် သဲလွန်စတချို့ကို တွေ့ရှိသဖြင့် သတင်းအချက်အလက်ကို သိုက်ဖုန်းထံသို့ အလျင်အမြန် သတင်းပို့ခဲ့သည်။
"တပ်မှူး....အရှေ့မြောက်အရပ်မှာ တပ်ဖွဲ့တစ်စု ပေါ်လာပါတယ်...သူတို့သုံးနေတဲ့အလံအရဆိုရင်တော့ တော်ဝင်မြို့တော်ရဲ့ စစ်တပ် ဖြစ်လိမ့်တယ်"
သိုက်ဖုန်း ထိတ်လန့်တုန်လှုပ်သွားပြီး သူသည် ကောင်းကင်မျက်လုံးဝင်္ကပါအတွင်းသို့ အလျင်အမြန်ဝင်ရောက်ကာ ကောင်းကင်မျက်လုံး၏အကူအညီဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်တန်းသည် အမှောင်ထုကို ထိုးဖောက်ကာ ကြယ်တာရာမြစ်အတွင်းမှ အနက်ရောင်မြူခိုးများကို ဖယ်ရှားလိုက်သည်။
အဝေးတွင် ကြီးမားသော စစ်သင်္ဘောအမြောက်အများသည် အရှိန်ပြင်းစွာဖြင့် ချဉ်းကပ်လာပြီး သူတို့ကို ပစ်မှတ်ထားနေပုံရသည်။
သိုက်ဖုန်း၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် အလျင်အမြန် နောက်လှည့်ကြည့်လိုက်ရာ သယ်ယူပို့ဆောင်ရေးစစ်တပ်တစ်တပ်လုံးသည် ရုတ်တရက် ထွက်ပေါ်လာသော စစ်တပ်၏ ဝိုင်းရံခြင်းကို ခံနေရသည်အား မြင်တွေ့မိလေ၏။
တော်ဝင်နန်းတွင်း၏ စစ်သင်္ဘောများသည် နေရာတိုင်းတွင် ရှိနေသည်။
"အစောင့်တွေအားလုံး...ရှေ့မှာနေရာယူပြီး ကျားလှောင်ကုန်းတောင်ကြားခံတပ်ကို ထိုးဖောက်ဝင်ကြစမ်း"
သိုက်ဖုန်က ဟိန်းဟောက်လိုက်သည်။
သူ့နောက်မှ ဤအရင်းအမြစ်များ မည်မျှထိ အရေးကြီးသည်ကို သူ ကောင်းစွာသိသည်။
ဤအချိန်တွင် သိုက်ဖုန်း၌ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ တော်ဝင်နန်းတွင်းက သူ့ကို ကြားဖြတ်တိုက်ခိုက်မည်အား သိနေသည့်တိုင် သူသည် ရှေ့သို့ ထိုးဖောက်ပြီး တော်ဝင်စစ်တပ်၏ ဝိုင်းရံမှုမှ လွတ်မြောက်အောင် ကြိုးစားရပေမည်။
သို့ရာတွင် သိုက်ဖုန်း အော်ဟစ်ပြီးသည့် အချိန်အခိုက်အတန့်မှာပင် သူ့နောက်ရှိ စစ်သင်္ဘောများထံမှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။
တာယွီ၏ တော်ဝင်အစောင့်တပ်ဖွဲ့တစ်စု ရောက်ရှိလာပြီး ပုန်းကွယ်နဂါးစစ်တပ်မတော်ကို မည်သည့်ရှင်းလင်းချက်မျှ မပေးဘဲ စတင်တိုက်ခိုက်တော့သည်။
မြူခိုးများ ပျက်ပြယ်သွားပြီး မရေမတွက်နိုင်သော တော်ဝင်အစောင့်များသည် သူတို့ရှေ့တွင် ပုန်းအောင်းနေကြသည်။ သူတို့သည် အတူတကွ မတ်တတ်ရပ်နေကြပြီး သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အလွန်ပြင်းထန်ပေ၏။
"ဒါဆို မင်းက ပုန်းကွယ်နဂါးစစ်တပ်ရဲ့ တပ်မှူးပေါ့လေ"
သိုက်ဖုန်း၏ နောက်မှ အေးစက်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
သိုက်ဖုန်းက နောက်သို့လှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး လေထုအတွင်းတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
Chapter 4792
အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသက်ကြီးပြီး မုတ်ဆိတ်များပင်ဖြူနေသော်လည်း တက်ကြွလန်းဆန်းနေသည်။
ထိုအဘိုးအို၏ ရင်ဘတ်တွင် ရွှေရောင်နဂါးတံဆိပ်တစ်ခု ရှိနေသည်။
"တော်ဝင်အကြီးအကဲလား...ဧကရာဇ်က မင်းကို ဒီနေရာဆီ လွှတ်လိုက်တာလား...ငါတို့ ပုန်းကွယ်နဂါးစစ်တပ်က တော်ဝင်မြို့တော်ကို ကာကွယ်ပေးနေတာ.... မင်းတို့မှာ ငါတို့ကို တိုက်ခိုက်ဖို့ ဘာအကြောင်းအရင်းရှိလို့လဲ"
သိုက်ဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မင်းက တော်တော်သိတာပဲ... ကံမကောင်းစွာနဲ့ မင်းတို့က ဧကရာဇ်ရဲ့ လမ်းကို ပိတ်ဆို့ထားတယ်"
အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ထပ်အချိန်တခဏတွင် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သူ၏မှော်စွမ်းအားသည် အလွန်အစွမ်းထက်ပြီး ထွက်ပေါ်လာသည်နှင့် သူ၏လက်ဝါးအတွင်းတွင် လှောင်အိမ်တစ်ခုအဖြစ် ဖွဲ့စည်းသွားပုံရပြီး သိုက်ဖုန်းကို အခိုင်အမာ ချိတ်ပိတ်ထားသည်။
သိုက်ဖုန်းသည် ခွန်အားကုန် ရုန်းကန်လိုက်သော်လည်း သူ မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ အဘိုးအို၏ လက်ဝါးအတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
ဝှစ်...
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သိုက်ဖုန်း၏ခေါင်းသည် ချက်ချင်း ဆွဲဖြုတ်ခံလိုက်ရပြီး သွေးများသည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြာကျသွားပေ၏။
အဘိုးအိုသည် သိုက်ဖုန်း၏ခေါင်းကို နံဘေးသို့ ပေါ့ပေါ့တန်တန် လွှင့်ပစ်လိုက်ပြီး အဝေးမှ စစ်မြေပြင်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်၏။
"သူတို့အားလုံးကို သတ်ပစ်စမ်း....တစ်ယောက်မှ အရှင်မထားနဲ့..."
...
တော်ဝင်မြို့တော်...ရှမိသားစု...
ဤအချိန်တွင် ရှအိမ်တော်၏ ပင်မတံခါးရှေ့တွင် လူအုပ်ကြီးရှိနေကာ ဆူညံပွက်လောရိုက်နေသည်။
မရေမတွက်နိုင်သော လူများသည် တော်ဝင်မြို့တော်၏ နေရာအနှံ့အပြားမှ ထွက်လာကြပြီး ရှမိသားစု၏တံခါးရှေ့တွင် စုရုံးနေကြရာ အရေအတွက် သောင်းနှင့်ချီ၍ ရှိနေသည်။
သူတို့သည် ခမ်းနားထည်ဝါသော ကျောင်းတော်သားဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့အနက်မှ အများစုသည် လူငယ်များပင်။ သူတို့၏ နုနယ်သော မျက်နှာများပေါ်တွင် ခိုင်မာသောစိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် တော်ဝင်မြို့တော်ရှိ လူတိုင်းသည် မကြုံစဖူး ဒေါသထွက်ခြင်းကို ခံစားခဲ့ရပြီး သူတို့အနက် ဒေါသအထွက်ဆုံးလူများမှာ ကွန်ဖြူးရှပ်ကျင့်ကြံသူများပင်။
ကွန်ဖြူးရှပ်ကျင့်ကြံသူများသည် အင်ပါယာကို အုပ်ချုပ်ရန်အတွက် အင်ပါယာတွင် ကိုယ်ပိုင်ဂုဏ်သိက္ခာရှိစေရမည်ဖြစ်ပြီး မြေကိုဖြတ်တောက်ပေးကာကာ ငြိမ်းချမ်းရေးတောင်းခံနေသည့်ပုံ မဖြစ်စေရဟူသော စည်းမျဥ်းကို ကိုင်ဆွဲထားပေ၏။
စာပေနှင့်ယဉ်ကျေးမှုဝန်ကြီး ကျန်းရွှမ်စဲသည် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် ဦးဆောင်သူမှာ ရှမိသားစုမှ အရာရှိတစ်ဦးပင်။
ဤနေရာတွင် စုဝေးနေကြသူများမှာ ကြီးကြပ်ရေးအရာရှိများနှင့် ကျောင်းတော်ငါးခုမှ ကျောင်းတော်သားများ ဖြစ်ကြသည်။
သူတို့သည် နံနက်စောစောကတည်းက စတင်စုရုံးခဲ့ပြီး လူများ ပို၍ပို၍ စုဝေးလာကြသည်။ နောက်ဆုံးတွင် သူတို့သည် လူပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာပေ၏။
ရှအိမ်တော်၏တံခါးအပြင်ဘက်တွင် အစောင့်များ စောင့်ကြပ်နေသည်။ သူတို့သည် ရှေ့မှ ကျောင်းတော်သားများကို စောင့်ကြည့်နေသော်လည်း အင်အားသုံး၍ နှိမ်နင်းခြင်းမပြုခဲ့ပေ။
ကြီးကြပ်ရေးအရာရှိများနှင့် ကျောင်းတော်ငါးခုမှ ကျောင်းသားများသည် အရည်အချင်းရှိသူများဖြစ်သောကြောင့် သူတို့သည် မဆင်မခြင် ပြုမူ၍မရချေ။
"ရှမိသားစုက သစ္စာဖောက်တွေ...အင်ပါယာကို အရှက်ခွဲတယ်..."
"သစ္စာဖောက်အရာရှိက အာဏာရနေတယ်...ရှထန်ကန်းကို ထွက်လာခိုင်းစမ်း"
မရေမတွက်နိုင်သော လူများသည် တညီတညွတ်တည်း အော်ဟစ်ကြရာ သူတို့၏အသံများသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။
အဝေးမှ ကြည့်နေသော လူများလည်းရှိနေပြီး သူတို့ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ရှမိသားစုသည် တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုရှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ယခုအချိန်တွင် ထိုထိပ်သီးမိသားစုများ၏ အထွတ်အထိပ်ဖြစ်လာလေပြီ။
အထူးသဖြင့် ရှထန်ကန်းသည် ဧကရာဇ်၏ ယုံကြည်စိတ်ချရသူ ဖြစ်လာပြီးနောက် ရှမိသားစုဝင်များသည် နေရာတိုင်းတွင် နေရာရလာပြီး ရုံးတော်အမျိုးမျိုးတွင် ရှမိသားစု၏ ပုံရိပ်များကို တွေ့မြင်နိုင်သည်။
ဤသည်မှာ ကြီးမားသော တည်ရှိမှုကြီးဖြစ်ပြီး ယနေ့တွင် သူ့အား စွပ်စွဲပြစ်တင်ခံရမည်ဟု မည်သူမျှ တွေးထင်မထားခဲ့ချေ။
လူတိုင်း တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ရလဒ်ကို စောင့်မျှော်နေကြသည်။
တော်ဝင်မြို့တော်၏ အုပ်ချုပ်ရေးအရာရှိသည် စောစောကတည်းက ရောက်ရှိလာသော်လည်း သူသည် အလျင်စလို မဝင်ရောက်ခဲ့ချေ။ သူ့ရှေ့မှ ကျောင်းတော်သားများသည် စာပေနှင့် စစ်ရေးနှစ်မျိုးလုံးတွင် စွမ်းဆောင်နိုင်ကြသည်။ သူတို့သည် သူ နှိမ်နင်းနိုင်သည့် လူများထက် များစွာသာလွန်ပေ၏။
"ရှထန်ကန်းက ဧကရာဇ်ကို လှည့်စားပြီးတော့ ဆရာလုကို ရာထူးကချခဲ့တယ်...အခု သူက ထန်အင်ပါယာနဲ့ တာယွီအင်ပါယာကို အရှက်ရစေမယ့် စာချုပ်ကိုတောင် လက်မှတ်ထိုးခဲ့တယ်.... မြေကို ပေးအပ်ပြီး လျော်ကြေးပေးရတယ်တဲ့လား.... သူက သစ္စာဖောက်အရာရှိပဲ... ဒီနေ့ ငါက သစ္စာဖောက်တွေကို သူသေကိုယ်သေ ရင်ဆိုင်မယ်"
ရှေ့ဆုံးမှ ကျောင်းတော်သားတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့နောက်၌ ပျံသန်းနေသော ဓားသည် တဝီဝီတုန်ခါနေပေ၏။
လူတစ်ယောက်က စတင်လှုပ်ရှားလိုက်သဖြင့် အခြားသူများက တညီတညွတ်တည်း တုံ့ပြန်ကြပြီး သူတို့၏အသံများသည် မိုးကောင်းကင်ကို တုန်ခါစေသည်။
ရှမိသားစု၏ အစောင့်များအားလုံး ထိတ်လန့်သွားကြသည်။ ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု သူတို့ မည်သည့်အချိန်ကမျှ တွေးထင်မထားခဲ့ကြပေ။
"မလှုပ်နဲ့...မင်းတို့အားလုံး ရပ်လိုက်ကြစမ်း"
ရှမိသားစုအစောင့်များက ကြောက်မက်ဖွယ်ကောင်းသော အမူအယာဖြင့် အော်ဟစ်လိုက်၏။
သို့ရာတွင် ဒေါသထွက်နေသော ကျောင်းတော်သားများသည် သူတို့အားတားဆီးနေသူများကို ဂရုမစိုက်ကြချေ။ သူတို့သည် သူတို့၏ မှော်လက်နက်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ ရှမိသားစုအစောင့်များ၏ ကာကွယ်ရေးကို ချိုးဖျက်လိုက်ကြသည်။
"ဝင်ကြတော့... ဒီနေ့ ငါတို့ ရှမိသားစုကို ဖျက်ဆီးပစ်မယ်"
ကျောင်းတော်သားတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတို့သည် တိုက်ခိုက်ရေးအတွေ့အကြုံမရှိသော ကျောင်းတော်သားများမဟုတ်ဘဲ လောကကြီးတခွင်မှ ရွေးချယ်ထားသော ထိပ်သီးပါရမီရှင်များပင်။
လူအုပ်ကြီးသည် ရေလွှမ်းမိုးသကဲ့သို့ ဖြနေစ်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မတိုင်မီမှာပင် ရှမိသားစုအစောင့်များ ရှုံးနိမ့်သွားခဲ့ပြီး လူအုပ်ကြီးသည် ရှအိမ်တော်အတွင်းသို့ ပြေးဝင်သွားကြသည်။
Chapter 4793
"ရှအိမ်တော်ကို တကယ်ပဲ ဝင်စီးသွားပြီ"
"ဒါက မကြုံစဖူး ဖြစ်ရပ်တစ်ခုပဲ.. သူတို့က တော်တော်လေး သတ္တိကောင်းတယ်"
နံဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေသော အင်အားစုများ ရှိနေပေ၏။ ရှမိသားစု၏ တံခါးမကြီး ကျယ်လောင်သော ဘုန်းခနဲအသံနှင့်အတူ ပြိုကျသွားသည်ကို မြင်ချိန်၌ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ရှမိသားစုသည် လက်ရှိတွင် ကောင်းကင်ပေါ်မှ နေမင်းကဲ့သို့ တောက်ပနေပြီး တော်ဝင်နန်းတွင်းနှင့် ပြင်ပလောက နှစ်နေရာလုံးတွင် အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။
အရေးအကြီးဆုံးမှာ ရှမိသားစုသည် ယခုအချိန်၌ တာယွီအင်ပါယာတွင် အချမ်းသာဆုံးမိသားစုပင်။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း သံမဏိနှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာကို ထိန်းချုပ်ထားသည်။ တစ်ဦးတည်း လက်ဝါးကြီးအုပ်ပိုင်ခွင့်ရှိသော ကုန်သည်အသင်းအဖွဲ့များသည် ရှမိသားစု၏ ပိုင်ဆိုင်မှုများဖြစ်ပေ၏။
ဤသည်မှာ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်သော်လည်း ယခုအချိန်၌ လူငယ်ကျောင်းတော်သားတစ်စု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ရှမိသားစုအတွင်းမှ ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်လာပြီး ကျောင်းတော်သားအားလုံးသည် ရှမိသားစု၏ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြလေပြီ။
ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုအနေဖြင့် ရှမိသားစုဝင်များသည် ငယ်စဉ်ကတည်းက တင်းကြပ်သော လေ့ကျင့်မှုကို ခံယူခဲ့ရသည်။ သူတို့၏ ကျင့်ကြံဆင့်သည် အားကောင်းပြီး သူတို့အနက်မှ အများစုသည် စစ်တပ်တွင် အရေးပါသော ရာထူးများကို ရယူထားကြသည်။
အလားတူပင် သူတို့ ရင်ဆိုင်နေရသော ကျောင်းသားများသည်လည်း နေရာအသီးသီးမှ ရွေးချယ်ထားသော လူငယ်ပါရမီရှင်များပင်။ သူတို့သည် ထိုလူငယ်များကို မတားဆီးနိုင်ပေ။
နှစ်ဖက်ကြား ပြင်းထန်သော တိုက်ပွဲကြောင့် မှော်မန္တန်များ၏ အလင်းရောင်သည် နေရာတိုင်းတွင် တောက်ပနေသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲအရှိန်ကြောင့် အဆောက်အအုံများ အက်ကွဲပြီး နံရံများ ပြိုကျသွားပေ၏။
သို့ရာတွင် ရှမိသားစု၏ ကျင့်ကြံသူများသည် အငိုက်မိသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိပ်သီးမိသားစုများအနက်မှ တစ်ခုဖြစ်သော ရှမိသားစုကို လူများ ရုတ်တရက် စုရုံးပြီးတိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ချေ။
"ရှထျန်းကန်း ဘယ်မှာလဲ....သူ့ကို ထွက်လာခိုင်းစမ်း"
"အင်ပါယာရဲ့ သစ္စာဖောက်... ဒီနေရာကို ထွက်လာခဲ့စမ်း"
မရေမတွက်နိုင်သော ကျောင်းတော်သားများသည် ဒေါသတကြီး ဟိန်းဟောက်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဒေါသများ ပြည့်နှက်နေသည်။
ရှထျန်းကန်းသည် လုံးလုံးလျားလျား ထွက်မလာခဲ့ပေ။ သူသည် ရှအိမ်တော်၏ အတွင်းပိုင်းတွင် နေထိုင်နေပြီး လုံးဝ မျက်နှာမပြခဲ့ပေ။
ဤသည်မှာ ဒေါသထွက်နေသော ကျောင်းသားများကို ပို၍ ဒေါသထွက်စေသည်။ ရှအိမ်တော်တစ်ခုလုံး တိုက်ခိုက်သံများဖြင့် ပြည့်နှက်နေပြီး နားကွဲလုမတတ် ဆူညံနေသည်။
"ကျောင်းတော်သားတို့ စိတ်လျှော့ကြပါ...ငါတို့အားလုံးက တော်ဝင်နန်းတွင်းရဲ့ အနာဂတ်ထောက်တိုင်တွေပဲ...တော်ဝင်နန်းတွင်းက ဘာလုပ်လုပ် အကြောင်းရင်းတစ်ခုတော့ ရှိမှာပဲ... ယုတ်မာတဲ့လူတွေရဲ့ လှည့်စားတာကို မခံကြနဲ့.. သူတို့က သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူကို ကြံစည်ဖို့ ပြောနေကြတာပဲ"
ရှမိသားစုမှ အိမ်တော်ထိန်းတစ်ဦး ထွက်လာပြီး အော်ဟစ်လိုက်သည်။
"ဘယ်သူမဆို သစ္စာရှိဖြောင့်မတ်သူလို့ သတ်မှတ်လို့ရပေမယ့် ရှထန်ကန်းတော့ မရဘူး"
"ဟုတ်တယ် သူက ထန်စစ်တပ်ကို ရင်ဆိုင်တော့ အလျှော့ပေးတယ်...သူ့ရဲ့စစ်တပ်ကို ရှေ့တန်းကနေ အရင်ဆုံး ဦးဆောင်ထွက်ခွာလာခဲ့တယ်... အခုချိန်မှာ ပုန်းကွယ်နဂါးစစ်တပ်က စစ်ပွဲကို အောင်နိုင်အောင် ဦးဆောင်ခဲ့ပေမယ့်...တော်ဝင်နန်းတွင်းက ထန်အင်ပါယာကို ဦးညွှတ်ပြီး ငြိမ်းချမ်းရေးယူခဲ့တယ်"
"ဒီနေ့ ငါတို့က အင်ပါယာရဲ့ သစ္စာဖောက်ကို အပြစ်ပေးမယ်.... သူ့ကို ထွက်လာခိုင်းစမ်း... လိပ်ခွံထဲ ပုန်းနေတဲ့လိပ်လို ပုန်းမနေစမ်းနဲ့"
"သူက ငါတို့ တော်ဝင်ကျောင်းတော်ရဲ့ စီနီယာအစ်ကိုကြီး ဖြစ်ခဲ့ဖူးတယ်... သူရဲ့လုပ်ရပ်တွေက ငါတို့ တော်ဝင်ကျောင်းတော်ကို စော်ကားတာပဲ... သူက ဘာကောင်မှမဟုတ်ဘူး...ပြင်ပရန်သူကိုကျတော့ အလျှော့ပေးပြီး အတွင်းမှာတော့ လက်သီးပြင်းပြင်းနဲ့ တိုက်ခိုက်တယ်...ဒီလို စီနီယာအစ်ကိုကြီးကို ငါတို့ အသိအမှတ်မပြုဘူး"
ကျောင်းတော်သားများ
အသံများသည် တိမ်တိုက်များကြား ပဲ့တင်ထပ်သွားပြီး ရှမိသားစုအိမ်တော်ထိန်း၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပေ၏။
သူက အံ့ကြိတ်ပြီး ပြောဆိုသည်။
"မင်းတို့ ရူးနေလား...ငါ့အရှင်က တော်ဝင်စစ်တပ်ရဲ့ တပ်မှူး နန်းတွင်းရဲ့ အဓိကအတွင်းဝန်တစ်ယောက်ဆိုတာ မင်းတို့သိလား...မင်းတို့က အရာရှိတစ်ယောက်ရဲ့ အိမ်ကို ကျူးကျော်ဝင်ရောက်နေတာ...ဥပဒေအရဆိုရင်၊ မင်းတို့ရဲ့ အရည်အချင်းရမှတ်တွေကို ဖယ်ရှားပြီး လီပေါင်း သုံးသောင်းအဝေးကို နယ်နှင်ဒဏ်ပေးခံရမယ်....မင်းတို့ အမှားမလုပ်ကြနဲ့..."
ကျောင်းတော်သားများအတွက် အရည်အချင်းရမှတ်များ ဖယ်ရှားခံရခြင်းသည် သေစေနိုင်သော ထိုးနှက်ချက်ပင်။
ဆိုလိုသည်မှာ သူတို့၏ အရာရှိဘဝသည် ပျက်စီးသွားပြီး အနာဂတ်တွင် ပြန်လည်နလန်ထူနိုင်မည် မဟုတ်ခြင်းပင်။
သာမန်နေ့များတွင် ဤရာဇဝတ်မှုကို ထုတ်ပြောလိုက်ပါက ကျောင်းတော်သားများသည် ချက်ချင်း လက်လျှော့ပြီး အရှုံးပေးကြပေမည်။
သို့သော် ယခုအချိန်၌ ဤစကားများကို ပြောလိုက်ချိန်တွင် မီးလောင်ရာလေပင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ဤသည်မှာ ချက်ချင်းဆိုသလိုပင် အသံများကို ပို၍ ဆူညံပွက်လောရိုက်သွားစေသည်။
"ငါ့ရဲ့အရည်အချင်းရမှတ်ကို ဖယ်ရှားလိုက်လေ... ငါ ဂရုမစိုက်ဘူး"
"ဧကရာဇ်က သစ္စာဖောက်အရာရှိတွေကိုနှင်မထုတ်ရင် ငါတို့က သူ့ကို အမှုထမ်းမှာ မဟုတ်ဘူး...အများဆုံးအနေနဲ့ ငါတို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ရှန်းယန်မြို့ကို သွားရုံပဲ... အဲဒီမှာ ငါတို့အတွက် အခြေချစရာနေရာ ရှိတယ်"
"ရှမိသားစု... မင်းတို့က ငါတို့ကို အရှုံးပေးအောင် ဒီလိုနည်းလမ်းတွေ သုံးမှာလား...စိတ်ကူးတောင်မယဉ်နဲ့...."
လူအုပ်ကြီးသည် ဆူညံနေပြီး မရေမတွက်နိုင်သော အကြည့်များသည် ရှအိမ်တော်ထိန်းအပေါ်သို့ စုစည်းနေသည်။
Chapter 4794
ရှအိမ်တော်ထိန်း ကြောက်လန့်နေသည်။
သူသည် နာမည်ခံအရ သတ္တမအဆင့်အရာရှိတစ်ဦးဖြစ်သော်လည်း အမှန်အားဖြင့် သူသည် အဆင့်မြင့်အစေခံတစ်ဦးသာ ဖြစ်သည်။
သူ့ရှေ့မှ လူငယ်ကျောင်းတော်သားများသည် အလွန်အစွမ်းထက်ပြီး အရည်အချင်းရှိသော ပါရမီရှင်များဖြစ်ကြသည်။ သူတို့အနက် သူတို့၏နောက်ကွယ်တွင် အဆက်အသွယ်များစွာရှိသော ချမ်းသာကြွယ်ဝသည့်မိသားစုများမှ သခင်လေးအမြောက်အများ ပါဝင်သည်။
ဤလူများသည် ဒေါသထွက်နေပေ၏။ ထိုဒေါသမျိုးသည် သူကဲ့သို့ အိမ်တော်ထိန်းလေးတစ်ဦး ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ချေ
"ထူးဆန်းလိုက်တာ... ရှမိသားစုမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိတာ သေချာတယ်...ဘာလို့ သူတို့က ဒီအချိန်မှာ ထွက်မလာကြတာလဲ..."
"မင်း ရူးနေလား... ဒီလူတွေက သာမာန်ကျောင်းတော်သားတွေချည်းပဲ မဟုတ်ဘူး...သူတို့က ကျောင်းတော်ငါးခုက လာတာ....သူတို့ရဲ့ ဆက်ဆံရေးက ရှုပ်ထွေးတယ်... ရှမိသားစုမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိပေမယ့်၊ သူတို့က ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ မဖုံးနိုင်ဘူး....သူတို့က ကြီးမြတ်တဲ့ တည်ရှိမှုကြီးတစ်ဦးရဲ့ ကလေးကို ထိခိုက်အောင်လုပ်မိရင် ရှမိသားစုက ဒီအကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး"
စောင့်ကြည့်နေသူတချို့သည် နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်ပြောဆိုလိုက်ကြသည်။
ဤသည်မှာ ရှမိသားစုသည် တစ်စုံတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရသည့် ပထမဆုံးအကြိမ်ပင်။ မရေမတွက်နိုင်သော လူများသည် ရှအိမ်တော်ကို ကြည့်နေကြ၏။
တာယွီနှင့်ထန်ကြား ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်သည် လူတိုင်းကို ဒေါသထွက်စေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သို့ရာတွင် သူတို့အနက်မှ အများစုသည် ဒေါသထွက်နေသော်လည်း ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ယခုချိန်၌ ကျောင်းတော်သားတစ်စု ရှအိမ်တော်အတွင်းသို့ ပြေးဝင်သွားသည်ကို မြင်ချိန်၌ အဝေးမှ အားပေးသံများ အခါအားလျော်စွာ ထွက်ပေါ်လာသည်။
"ငါတို့ရဲ့အရှင်က အစိုးရအရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်... ကျေးဇူးပြုပြီး ဒုက္ခမပေးကြပါနဲ့တော့"
ရှအိမ်တော်၏ အိမ်တော်ထိန်းသည် သူ၏ မောက်မာထောင်လွှားသော အမူအယာကို ဖယ်ရှားပြီးစတင်၍တောင်းပန်လိုက်သည်။
လူအုပ်ကြားမှ ကျောင်းသားတစ်ဦး ထွက်လာပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းကို ငါ ဒုက္ခမပေးဘူး..မင်း ဝင်သွားပြီး ရှထျန်းကန်းကို မေးလိုက်ပါ...ငါ့မှာ မေးခွန်းသုံးခုပဲ ရှိတယ်"
"ပထမတစ်ခု...စစ်တပ်နှစ်တပ် တိုက်ခိုက်နေတုန်း မင်းက ဘာလို့ တော်ဝင်စစ်တပ်ကို နောက်ဆုတ်ခိုင်းခဲ့တာလဲ"
"ဒုတိယတစ်ခု...အုပ်ချုပ်သူအရှင်တွေက အဝေးကနေလာပြီးတော့ တော်ဝင်မြို့တော်ကို ကာကွယ်ခံတယ်....သူတို့မှာ စစ်ရေးအရည်အချင်းတွေရှိတာ ထင်ရှားရဲ့သားနဲ့ မင်းက ဘာလို့ သူတို့အားလုံးကို ရာထူးက ဖယ်ရှားခဲ့တာလဲ...."
"တတိယတစ်ခု...တာယွီက စစ်ပွဲမှာနိုင်ခဲ့တဲ့ အင်ပါယာဖြစ်ပြီးတော့ ငါတို့က ထန်စစ်တပ်ကို လိုက်လံချေမှုန်းနေတုန်းပဲ...ဘာလို့ တော်ဝင်နန်းတွင်းက ဦးညွှတ်ရိုကျိုးပြီးတော့ အရှုံးပေးတဲ့အပြင် နယ်မြေကိုတောင် ပေးအပ်ပြီး ငြိမ်းချမ်းရေးယူချင်ရတာလဲ"
ဤမေးခွန်းသုံးခုကို ကြားချိန်တွင် ရှအိမ်တော်ထိန်း၏မျက်နှာ ဖြူဖျော့သွားသည်။
သူသည် လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"စိတ်မပူပါနဲ့...ငါက ဒီသတင်းစကားကို ငါ့ရဲ့အရှင်ဆီ သေချာပေါက် ပို့ပေးပါ့မယ်"
"ငါတို့ မင်းကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ အချိန်ပေးမယ်"
ထိုကျောင်းသားက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။
အိမ်တော်ထိန်းသည် မနှောင့်နှေးဝံ့ဘဲ အိမ်တော်အတွင်းသို့ အလျင်အမြန်ဝင်ရောက်၍ သတင်းပို့လိုက်သည်။
အချိန်တခဏကြာပြီးနောက် ကျောင်းတော်သားများအားလုံး စိတ်မရှည်ဖြစ်လာချိန်၌ ရှအိမ်တော်၏ အတွင်းခြံဝန်းမှတံခါး ပွင့်လာသည်။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပိန်လှီလှီ အဘိုးအိုတစ်ဦးသည် ထိုတံခါးမှ ထွက်လာပေ၏။ ဤအဘိုးအို၏ အဆင့်အတန်းသည် အလွန်မြင့်မားပြီး အနီးအနားမှ ရှမိသားစုအစောင့်များသည် သူ့ကို မြင်ချိန်၌ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုက သူ၏နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် ကျောင်းတော်သားအမြောက်အများကို မြင်တွေ့နေသည့်တိုင် ကြောက်ရွံ့ပုံမပေါ်ပေ။
"ဟား ဟား ဟား....အမွေးအတောင်တောင် မစုံသေးတဲ့ ကလေးတစ်စုကများ... မင်းတို့က ရှမိသားစုကိုတောင် ပြဿနာလာရှာရဲတယ်....အရှင်ရှရဲ့ကိုယ်စား ငါက မင်းတို့ကို ဖြေကြားပေးမယ်...စကားတစ်ခွန်းပဲရှိတယ်... မင်းတို့က ဘယ်သူတွေမလို့ မင်းတို့မေးခွန်းတွေကို ဖြေရမှာလဲ"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက လှောင်ပြောင်ရယ်မောလိုက်သည်။
သူ၏အသံသည် အလွန်ကျယ်လောင်ပြီးလှောင်ပြောင်သရော်မှု အရိပ်အယောင်များ ပါဝင်နေသည်။
ကျောင်းသားများ ဒေါသထွက်သွားကြသည်။ ဤသည်မှာ ရှထျန်းကန်းက သူတို့ကို တိုက်ရိုက်စိန်ခေါ်နေခြင်းပင်။
"သစ္စာဖောက်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ... သူက သူ့အပြစ်ကို သူသိပြီး ငါတို့မေးခွန်းတွေကို မဖြေနိုင်ဘူးဆိုတာသိတော့ အကြောင်းအရာကို ရှောင်လွှဲဖို့ ရွေးချယ်လိုက်တာပဲ"
ကျောင်းတော်သားများသည် လွယ်လွယ်နှင့် လှည့်စား၍ရမည့်သူများ မဟုတ်ချေ။ သူတို့သည် တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သူတို့၏ သက်ဆိုင်ရာ မှော်ရတနာများကို ဆင့်ခေါ်လိုက်ကြ၏။
တစ်စုံတစ်ယောက်က သတိပေးသည်။
"သူနဲ့ အပိုစကားတွေ မပြောနဲ့တော့....ဒီလူက အရှေ့မြေရိုင်း အဆိပ်ဘုရင်...သူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ... သူက တရားစီရင်ရေးရုံးတော်နဲ့ ပြစ်ဒဏ်ပေးခုံရုံးကနေ ဝရမ်းထုတ်ခံထားရတာ.... သူက ဘယ်တုန်းက ရှမိသားစုကို ဝင်သွားမှန်း ဘယ်သူမှမသိဘူး.... ဒါပေမဲ့ အခု သူက ဒီနေရာမှာ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာရဲတယ်"
သူတို့သည် နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသည့်တိုင် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံတွင် မှော်အလင်းတန်းများ စုစည်းလာပြီး အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်ကြ၏။
Chapter 4795
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ရယ်မောလိုက်ရာ ဝါကျင့်ကျင့်သွားတန်းနှစ်တန်း ပေါ်လွင်လာသည်။
သူသည် သူ၏ရင်ဘတ်ကြားမှ အနီရောင်စန္ဒကူး လက်ကိုင်မီးပြင်းဖိုတစ်လုံးကို ထုတ်ယူပြီး သူ့လက်ဖြင့် ညင်သာစွာ ယပ်ခတ်လိုက်သည်။ မမြင်နိုင်သော အဆိပ်တစ်မျိုးသည် ချက်ချင်းဆိုသလိုပင် ပျံ့လွင့်လာသည်။
ကျောင်းတော်သားတချို့သည် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏ နည်းလမ်းများကို မြင်ချိန်၌ သူတို့သည် ထိတ်လန့်တကြားဖြစ်သွားကာ မျက်နှာပျက်သွားကြသည်။ သူတို့သည် သူတို့၏ ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်ရန် သူတို့၏စွမ်းအားများကို အလျင်အမြန် အသုံးပြုလိုက်ကြ၏။
သို့ရာတွင် ယခုအချိန်၌ သူတို့၏ကာကွယ်မှု နောက်ကျသွားလေပြီ။
ဘုန်း...ဘုန်း...
ကျောင်းတော်သားများ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့သည် လုံးဝ ပြင်ဆင်မထားခဲ့ကြချေ။ ဤလူသည် အဆိပ်ကို အမှန်တကယ် အသုံးပြုခဲ့ပေ၏။
"မီးတောက် လာစမ်း...."
သို့ရာတွင် မီးတောက်များကို ဆင့်ခေါ်နေသော ကျောင်းတော်သားများလည်း ရှိသည်။ ပြင်းထန်သော မီးတောက်များသည် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုထံသို့ တိုးဝင်သွားသည်။
မီးတောက်များသည် အဆိပ်မြူခိုးအပေါ် သဘာဝအတိုင်း နှိမ်နင်းနိုင်သောအာနိသင် ရှိသည်။
သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို ဆင့်ခေါ်လိုက်သော အဆိပ်မြူခိုးသည် အသိစိတ်ရှိနေသည့်အလားပင်။ ထိုအရာသည် ရှေ့မှမီးတောက်များကို ကျွမ်းကျင်စွာရှောင်တိမ်းပြီး နောက်မှကျောင်းသားများထံသို့ လှည့်ပတ်တိုးဝင်သွားသည်။
ကျောင်းသားအမြောက်အများ ထပ်မံ၍ မြေပေါ်သို့ လဲကျသွားသည်။ သူတို့အနက်မှ အများစုသည် မျက်နှာဖြူဖျော့နေပြီး ထရပ်ရန်ပင် အင်အားမရှိကြတော့ချေ။
အချိန်ကြာမြင့်စွာ နာမည်ကြီးခဲ့သော နတ်ဆိုးကျင့်ကြံသူတစ်ဦးအနေဖြင့် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ ကျင့်ကြံဆင့်သည် သာမန်ကျောင်းတော်သားများထက် အဆပေါင်းများစွာ မြင့်မားသည်။
ဤကျောင်းတော်သားများသည် အရည်အချင်းရှိပြီး ဉာဏ်ထက်မြက်သော်လည်း သူတို့သည် လူငယ်များသာ ဖြစ်ကြသည်။ သူတို့၏ကျင့်ကြံဆင့်သည် အားနည်းသဖြင့် အချိန်တဏတာအတွင်းတွင် အရှုံးဘက်သို့ ရောက်ရှိသွားသည်။
"ဟား ဟား ဟား.... ဘယ်လို လူငယ်ပါရမီရှင်တွေလဲ...ဘာလို့ ငါ့ရဲ့ခြေထောက်အောက်မှာ ဒူးထောက်နေကြတာလဲ"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ရိုင်းစိုင်းစွာ အော်ဟစ်ရယ်မောလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျောင်းတော်သားတစ်ဦးရှေ့သို့ ရောက်လာပြီး သူ့၏မျက်နှာကို တက်နင်းလိုက်သည်။
"ကြည့်ကြစမ်း....ဒါက ပါရမီရှင်လို့ ခေါ်တဲ့လူတွေလား...အရှင်ရှက မင်းတို့ကို သတ်လိုက်ရင်တောင် အဆင်ပြေတယ်လို့ပြောတယ်... ဒါပေမဲ့ ငါက မင်းတို့ကို လွယ်လွယ်နဲ့တော့ သေခွင့်မပေးနိုင်ဘူး"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အော်ဟစ်ရယ်မောလိုက်သည်။
ကျောင်းတော်သားများသည် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ကျရောက်နေလေပြီ။
သူတို့သည် နတ်ဆိုးကျင့်ကြံသူများ၏ လက်အတွင်းသို့ ကျရောက်သွားပါက မည်သည့်ကိစ္စများဖြစ်လာမည်ကို ကောင်းစွာသိထားကြသည်။
အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုသည် လှုပ်ရှားရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် ထိုအချိန်မှာပင် ဓားအလင်းတန်းတစ်တန်းသည် မိုးကုတ်စက်ဝိုင်းကို ထိုးဖောက်ကာ အလျားလိုက် ပျံ့လွင့်လာသည်။
ဝှစ်....
လေထုကို ထိုးခွင်းလာသောအသံသည် အရပ်ရမျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပြီး နားကွဲလုမတတ် ဆူညံနေသည်။
ထိုဓားချီသည် ရှေ့သို့ တရကြမ်းတိုးဝင်လာပြီး မယိမ်းယိုင်သော ဓားစိတ်ဆန္ဒဖြင့် ဖိအားပေးကာ ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
"မင်း..."
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် အချိန်တခဏကြာခန့် ထိတ်လန့်သွားပြီးနောက် သူ၏ဦးခေါင်းသည် အပေါ်သို့ လွင့်တက်သွားပြီး မြေပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
သွေးမည်းများ ယိုစီးကျလာပြီး အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ ဦးခေါင်းမဲ့သောခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး နောက်ဆုံးတွင် မြေပေါ်သို့ လဲကျသွားလေ၏။
ဤသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသော ထိပ်သီးနတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။
ရှမိသားစု၏ ဧည့်အကြီးအကဲတစ်ဦးအနေဖြင့်သူသည် လူငယ်ကျောင်းတော်သားများကို လွယ်လင့်တကူ ကိုင်တွယ်နိုင်ခဲ့သည်။ မမျှော်လင့်ဘဲ သူသည် အငိုက်မိသွားပြီး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့လေ၏။
ပြင်ပမှ အမျိုးသမီးကျင့်ကြံသူတစ်ဦး ဝင်ရောက်လာသည်။ သူမသည် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲရင့်သောပုံပေါက်နေသည်။ သူမ၏အသားအရေသည် ဖြူဖွေးနူးညံပြီး သူမသည် အလွန်ချောမောလှပသည်။
သူမ၏ ရှည်လျားသောဆံပင်ကို သပ်ရပ်စွာ စည်းထားပြီး သူမကို သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်နေစေသည်။ သူမသည် လက်အတွင်းတွင် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး၊ သူမ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာနေပေ၏။
ဤအမျိုးသမီးသည် ဝေ့မိသားစု၏ အကြီးဆုံးသမီး ဝေ့မုန့်ထင်ပင်။
"ရှထန်ကန်း ဘယ်မှာလဲ..."
ဝေ့မုန့်ထင်က သူမ၏ဓားကို ရှမိသားစုမှ ကျင့်ကြံသူတစ်ဦးထံ ချိန်ရွယ်လိုက်သည်။
ရှမိသားစုကျင့်ကြံသူသည် ထိတ်လန့်တကြားဖြစ်ကာ နေရာမှာပင် တောင့်တင်းသွားသည်။
အချိန်တခဏအကြာတွင် သူသည် တုန်ယင်သောအသံဖြင့် ပြောဆိုလိုက်၏။
"ကျွန်... ကျွန်တော်မသိပါဘူး"
သူသည် အပြင်ဘက်ကို စောင့်ကြပ်ရန် တာဝန်ယူထားသော ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး ရှမိသားစုရှိ ရှထန်ကန်း
ရာထူးအဆင့်အတန်းသည် သူ မထီမဲ့မြင်ပြု၍မရပေ။
ရှထျန်းကန်းသည် ဖမ်းဆုပ်ရခက်ခဲပြီး ရှမိသားစု၏ကျင့်ကြံသူများပင်လျှင် သူ မည်သည့်နေရာ၌ရှိသည်ကို မသိကြပေ။
"ရှမိသားစုကလူတွေအားလုံး သေသင့်တယ်"
ဝေ့မုန်ထင်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူမ၏ဓားရှည်သည် အေးစက်စင်အလင်းဖြင့် လင်းလက်သွားပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။
ပြတ်သားခြင်း... ရက်စက်ခြင်း...
ဤသည်မှာ ဝေ့မိသားစုမှ အကြီးဆုံးသခင်မလေး၏ အကျင့်စရိုက်ပင်။ ဓားအင်မော်တယ်တစ်ဦး၏ စိတ်နေစိတ်ထားသည် ပျော်ရွှင်မှု ကြင်နာမှုနှင့် ရန်ငြိုးကို အထူးဂရုစိုက်သည်။ သူတို့သည် မနှစ်မြို့ဖွယ်ကိစ္စများနှင့် တွေ့ကြုံရချိန်၌ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။
သို့ရာတွင် ရုတ်တရက် ဓားချီအလင်းတန်းတစ်တန်း နံဘေးမှပျံ့လွင့်လာပြီး ဝေ့မုန့်ထင်ထံသို့ တိုးဝင်လာသည်။
ဝေ့မုန့်ထင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုဓားချီကို ရှောင်တိမ်းကာ သူမ၏ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။