← Chapters

အခန်း (၄၈၃၁-၄၈၃၅)

Vol. 245 Ch. 4831-4835

အခန်း (၄၈၃၁-၄၈၃၅)

Vol. 245 Ch. 4831-4835

Chapter 4831

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ အဆုံးသတ်တွင် မည်သူမျှ ရှေ့သို့ တိုးမလာရဲကြပေ။

သူတို့အားလုံးသည် လုယွီ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ခံစားမိသည်။ အကယ်၍ သူတို့သည် ရှေ့သို့ ထပ်မံ၍ခြေတစ်လှမ်းတိုးလိုလျှင် အသုံးဝင်မည်မဟုတ်ချေ။

လီမီ၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားပေ၏။ သူသည် အချိန်တခဏမျှ စဥ်းစားတွေးတောပြီးနောက် ရုတ်တရက် အံ့ကြိတ်ပြီးပြောဆိုလိုက်သည်။

"ဆုတ်ခွာကြတော့...."

တခြားထန်ထိပ်သီးကျင့်ကြံသူများအားလုံး မှင်သက်သွားကြသည်။ ဤကဲ့သို့ အချိန်မျိုးတွင် ဆုတ်ခွာရမည်ဟု ဆိုသလော။

သို့ရာတွင် မကြာမီမှာပင် လီမီ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး တိုးညှင်းသောအသံသည် ထန်ထိပ်သီးကျင့်ကြံသူများ၏ နားများအတွင်းသို့ ကျရောက်သွားပေ၏။

ထိုအချိန်မှသာ ထန်ထိပ်သီးကျင့်ကြံသူများ၏ မျက်နှာအမူအယာများ အနည်းငယ် ပြေလျော့သွားသည်။ သူတို့သည် နောက်သို့လှည့်ပြီး စစ်တပ်ကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

သာယာနာပျော်ဖွယ် တံပိုးခရာသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ထန်စစ်တပ်သည် ဤအချိန်တွင် အမှန်တကယ်ကို ဆုတ်ခွာနေလေပြီ။

ဤသည်မှာ မူလက လုယွီကို ဝိုင်းရံတိုက်ခိုက်ခြင်း ဖြစ်သော်လည်း သတ်ဖြတ်ပွဲတစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ထန်စစ်သားများ ကျဆုံးခဲ့ရပြီး ထန်ထိပ်သီးကျင့်ကြံသူ အမြောက်အများသည်လည်း လုယွီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူတို့၏အလောင်းများပင် မကျန်ရစ်ခဲ့ချေ။

လုယွီ၏ရှေ့တွင် မတ်တတ်ရပ်နေသော ကောင်းရှစ်ကျီး၏ မျက်လုံးများအတွင်းတွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထန်စစ်တပ်သည် သူ့ကို စွန့်ပစ်ခဲ့ကြောင်း သူ ကောင်းစွာသိရှိပေ၏။

ဤသည်မှာ သူ့ကို ကယ်တင်ရန် ပေးဆပ်ရမည့် အဖိုးအခသည် သူ၏ ကိုယ်ပိုင်တန်ဖိုးထက် များစွာကျော်လွန်သွားပြီဟု အဓိပ္ပာယ်ရသည်။

ထန်စစ်နတ်ဘုရားနှင့် ထန်စစ်တပ်၏ အသက်ဝိညာဉ်ဖြစ်သော သူသည် ဤကဲ့သို့ အဆုံးသတ်မျိုးသို့ ရောက်ရှိခဲ့ရသည်။

ကောင်းရှစ်ကျီးက အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။

"လုယွီ...ဒါတွေအားလုံးက မင်းကြောင့်ပဲ"

အကယ်၍ လုယွီသာ မရှိခဲ့လျှင် သူတို့သည် တော်ဝင်မြို့တော်သို့ ဝင်ရောက်တိုက်ခိုက်ပြီး ဖြစ်ပေလိမ့်မည်။

အကယ်၍ လုယွီသာ မရှိခဲ့လျှင် သူ ကောင်းရှစ်ကျီးသည် ဘွဲ့ထူးများ ချီးမြှင့်ခံရပြီး သူ၏ အောင်မြင်မှုများသည် မနှိုင်းယှဉ်နိုင်အောင် ဖြစ်ပေလိမ့်မည်။

အကယ်၍ လုယွီသာ မရှိခဲ့လျှင် သူတို့၏ ထန်အင်ပါယာသည် ရှေးဟောင်းခေတ်မှ အရှိန်အဝါကို နောက်တစ်ကြိမ် ပြန်လည်ရရှိပေလိမ့်မည်။

ထိုအရာအားလုံးသည် လုယွီ၏ တည်ရှိမှုကြောင့် ပျက်စီးသွားခဲ့သည်

ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ကို ဖျက်ဆီး၍ မြေပြင်ကို ပြိုလဲစေနိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

ဤအရှိန်အဝါသည် မိုးကောင်းကင်ကို ဆုတ်ဖြဲတော့မည့်ပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ကျဆင်းလာကာ သက်ရှိများအားလုံးကို ထိတ်လန့်ကြောက်ရွံစေခဲ့သည်။

"ကောင်းရှစ်ကျီးက လုယွီနဲ့အတူ သေကြေပျက်စီးသွားတော့မယ်..."

"ဒီအခွင့်အရေးကိုယူပြီး ထွက်သွားကြတော့"

လူတိုင်းသည် ကောင်းရှစ်ကျီး၏ ပြတ်သားသော သဘောထားကို နက်ရှိုင်းသည့် ရိုသေလေးစားမှုဖြင့် ကြည့်လိုက်ကြသည်။

သူသည် စစ်မြေပြင်တွင် သေဆုံးရတော့ပေမည်။

သူတို့ ရှုံးနိမ့်ခဲ့သော်လည်း ကောင်းရှစ်ကျီး လုပ်ဆောင်ခဲ့သည်မှာ စစ်သားများ စောင့်ထိန်းသည့် အမြင့်မြတ်ဆုံး ဂုဏ်သိက္ခာပင်။

လီမီက တင်းမာခက်ထန်စွာ ပြောဆိုသည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...စစ်သားတွေအားလုံး ချက်ချင်း ဆုတ်ခွာကြစမ်း...မနှောင့်နှေးနဲ့..."

ထန်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရဆဲဖြစ်ကြောင်း သူတို့ မည်သည့်အချိန်ကမျှ မမေ့ခဲ့ကြချေ။

ယခုချိန်၌ လုယွီကို တိုက်ခိုက်မည့် သူတို့၏အစီအစဉ် ကျရှုံးသွားချိန်တွင် လီမီသည် ကောင်းရှစ်ကျီးကို ပြတ်သားစွာ စွန့်လွှတ်ပြီး သူ၏စစ်သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကောင်းရှစ်ကျီးသည် ထန်စစ်တပ်၏ အသက်ဝိညာဉ်ဖြစ်သည်။ သူ ရှုံးနိမ့်နိုင် ဆုတ်ခွာနိုင်သော်လည်း သူ လက်နက်ချ၍မရချေ။

ဤသည်မှာ သူ၏ အောက်ခြေစည်းမျဉ်းပင်။ လုယွီကို ရင်ဆိုင်ရာတွင် သူသည် သူ၏အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။

ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ပေါ်ရှိ မိုးပြာနဂါးပုံရိပ်ယောင်မှ အလင်းရောင်များ တောက်ပနေပေ၏။ သူ၏ ကြီးမားသော မှော်စွမ်းအားများသည် မိုးကောင်းကင်ကို ဆုတ်ဖြဲတော့မည့်ပုံ ဖြစ်နေသည်။ သူ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် လူအများကို အသက်ရှူရခက်စေသည်။

သူသည် ကြယ်ပျံတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီထံသို့ ပြေးဝင်သွားကာ သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပြီး လုယွီနှင့်အတူ သေကြေပျက်စီးသွားရန် ရည်ရွယ်ထားသည်။

လုယွီ၏ မျက်လုံးများတွင် အလင်းတန်းများဖြင့် တောက်ပနေသည်။ သူ၏နောက်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာပေ၏။ ဤသည်မှာ နဂါးများနှင့် စာငှက်များ အတူတကွ စုဝေးနေသော မြင်ကွင်းဖြစ်ပြီး ရောင်စုံအလင်းတန်းများသည် ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

သူသည် တိမ်များအထက်တွင် မတ်တတ်ရပ်နေပြီး ကောင်းရှစ်ကျီးနှင့် အောက်မှ တခြားသက်ရှိအားလုံးကို ငုံ့ကြည့်နေသည်။ ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် အမှန်တကယ် ပြန်လည်မွေးဖွားလာပြီး အရာအားလုံးကို သူ၏လက်ဝါးအတွင်းတွင် ဆုပ်ကိုင်ထားသည့်အလားပင်။

ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားလှိုင်းများသည် လုယွီ၏ လက်ဝါးအတွင်းတွင် ထွက်ပေါ်လာပြီး တုန်ခါသံများ မြည်ဟီးနေသည်။

"ကောင်းရှစ်ကျီး....မင်း ငရဲကို မြင်ဖူးလား"

လုယွီက မေးမြန်းလိုက်သည်။

ကောင်းရှစ်ကျီးသည် လူယွီကို အဖြေမပေးဘဲ ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။

"လူတွေက ငရဲကလာတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး....ဒါကြောင့် တကယ့်ကြောက်ရွံ့စရာက ဘာလဲဆိုတာ မသိကြဘူး"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

အတိတ်တွင် သူသည် ကောင်းကင်ဘုံနယ်မြေတွင် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်သည်။

ထို့ပြင် သူသည် ငရဲနယ်မြေကို ထိန်းချုပ်သော အုပ်ချုပ်သူအရှင်သခင်လည်း ဖြစ်ပေ၏။

သူ၏မျက်လုံးများကို မှိတ်လိုက်သည်နှင့် ချင်ယီသေဆုံးသွားသော မြင်ကွင်းသည် သူ၏စိတ်အတွင်းတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

"ငါ မင်းကို တကယ့်ကြောက်ရွံ့စရာက ဘာလဲဆိုတာ မြင်စေရမယ်..."

Chapter 4832

အဆုံးအစမရှိသော အမှောင်ထုကြီးသည် လုယွီနှင့် ကောင်းရှစ်ကျီးတို့ကို ဝါးမြိုသွားပေ၏။

ဤသည်မှာ လုယွီ၏ ကိုယ်ပိုင်နတ်ဘုရားနယ်မြေပင်။ ဤနယ်မြေအတွင်းတွင် လုယွီသည် အရာအားလုံးကို အုပ်စိုးသော နတ်ဘုရားတစ်ပါး ဖြစ်သည်။

ကောင်းရှစ်ကျီးသည် လူယွီနှင့်အတူ သေကြေပျက်စီးသွားလိုသော်လည်း အချိန်တခဏအကြာတွင် သူသည် လုယွီ၏ ပုံရိပ် ဝေဝါးသွားသည်ကို ရုတ်တရက် မြင်တွေ့မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုယွီသည် ကောင်းရှစ်ကျီး၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားပေ၏။

"လုယွီ.... ထွက်ခဲ့စမ်း"

ကောင်းရှစ်ကျီးက အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ၏နံဘေးပတ်လည်တွင် အမှောင်ထုကြီးမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိပေ။

ဤသည်မှာ သူသည် ကွဲပြားခြားနားသော ကမ္ဘာတစ်ခုသို့ နယ်နှင်ခံလိုက်ရသည့်အလားပင်။ သူ၏နံဘေးပတ်လည်တွင် ကြီးမားသော အမှောင်ထုကြီးရှိနေကာ သူ၏ကိုယ်ပိုင်လက်ချောင်းများကိုပင် သူ မမြင်နိုင်တော့ချေ။

"ဟား ဟား ဟား...လုယွီ မင်းက ငါ့ကို အနိုင်ယူဖို့ ဒီလို ပုံရိပ်ယောင်နည်းစနစ်မျိုး သုံးချင်တာလား...မင်းက ငါ့ကို အထင်သေးလွန်းတယ်" ကောင်းရှစ်ကျီးသည် လေထုအတွင်းသို့ လက်သီးဖြင့် ထိုးနှက်ရင်း အားရပါးရ ရယ်မောလိုက်သည်။

သူ၏ ကြီးမားသော မှော်စွမ်းအားများသည် လက်သီးပုံရိပ်ယောင်တစ်ခုအဖြစ် စုစည်းသွားပြီး အဆုံးအစမရှိသော အမှောင်ထုကြီးအတွင်းသို့ ဝင်ရောက်သွားသည်။

ထိုလက်သီးပုံရိပ်ယောင်သည် လေထုအတွင်းတွင် ရှည်လျားသော အလင်းတန်းအဖြစ် စွဲထင်ကျန်ရစ်ခဲ့ပြီး အမြင်အာရုံမှ ပျောက်ကွယ်သွားရန် အချိန်ကြာမြင့်စွာ ယူခဲ့ရသည်။

ဤအမှောင်ကမ္ဘာသည် အဆုံးအစ လုံးဝမရှိသကဲ့သို့ ဖြစ်နေသည်။

"ဒါက ပုံရိပ်ယောင် မဟုတ်ဘူးလား... ဒါဆိုရင် ဝင်္ကပါတစ်ခုပဲ ဖြစ်လိမ့်မယ်"

ကောင်းရှစ်ကျီးက လေထုအတွင်းသို့ ခုန်တက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။

ပြင်းထန်သော စွမ်းအားတစ်ရပ်သည် ချက်ချင်းဆိုသလိုပင် လေဟာနယ်ကို ဆုတ်ဖြဲသွားသည်။ ထိုနေရာတွင် ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပေ၏။

သို့ရာတွင် ထိုလေဟာနယ်အက်ကွဲကြောင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပိတ်ဆို့ခံလိုက်ရပြီး မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

"သေစမ်း..."

ကောင်းရှစ်ကျီးသည် ဒေါသတကြီးဖြင့် သူ၏မှော်နည်းစနစ်များကို အသုံးပြု၍ လေဟာနယ်ကို ရိုက်နှက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"လုယွီ....ထွက်ခဲ့စမ်း"

ကောင်းရှစ်ကျီးက အော်ဟစ်လိုက်သည်။

သူ၏မျက်လုံးများသည် အပြာရောင်အလင်းတန်းများဖြင့် လင်းလက်နေပြီး သူသည် မိုးပြာနဂါးတစ်ကောင်အလား အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

သို့ရာတွင် ရုတ်တရက် ကောင်းရှစ်ကျီး၏ မျက်လုံးများရှေ့မှ ကြယ်များ ထွက်ပေါ်လာကာ သူ မြင်နေသမျှအရာအားလုံးသည် ကောင်းကင်တုန်ခါပြီး မြေပြင်လှုပ်ခတ်စေသည့် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

"လုယွီ... မင်း နောက်ဆုံးတော့ ထွက်လာပြီ..." ကောင်းရှစ်ကျီးက အော်ဟစ်ရယ်မောလိုက်သည်။

သို့ရာတွင် သူသည် အရူးအမူး ရယ်မောနေသော်လည်း သူ၏သတိထားနေမှုကို မစွန့်လွှတ်သေးချေ။

သူ၏ ကြီးမားပြီး အစွမ်းထက်သော မှော်စွမ်းအားသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ကာကွယ်ပေးထားပြီး လုယွီ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအား မခံရစေရန်တားဆီးထားသည်။

သို့ရာတွင် သူ မြင်လိုက်ရသည်မှာ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများပင်။

ထို့နောက် မြူခိုးများအကြားမှ ပုံရိပ် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

သူတို့သည် အချိန်ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့သော စစ်သားများ ဖြစ်ကြသည်။ သူတို့အနက်မှ တချို့သည် လက်များ ဆုံးရှုံးခဲ့ရပြီး တချို့မှာမူ မျက်လုံးတစ်လုံးသာ ရှိသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် မသေဆုံးမီက ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော အခြေအနေတွင် ရှိနေဆဲပင်။

သူတို့သည် ယခင်က ကောင်းရှစ်ကျီးနှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်သားများပင်။

ဤအချိန်တွင် ထိုစစ်သားများသည် ကောင်းရှစ်ကျီးကို မကျေမနပ်ဖြင့် ကြည့်နေကြသည်။

"တပ်မှူး...ဘာလို့ ငါတို့ကို စွန့်ပစ်ခဲ့တာလဲ..."

"ငါတို့က မင်းရဲ့ အမိန့်တိုင်းကို လိုက်နာခဲ့တယ်...ငါတို့ တိုက်ပွဲထဲမှာ ပိတ်မိနေခဲ့တယ်.... ဘာလို့ ငါတို့ကို စစ်မြေပြင်ပေါ်မှာ စွန့်ပစ်ခဲ့တာလဲ"

ပို၍ပို၍များသော စစ်သားများ ထွက်ပေါ်လာကြသည်။

သူတို့သည် စုတ်ပြတ်နေသော တိုက်ပွဲဝတ်စုံများကို ဝတ်ဆင်ထားပြီး ကောင်းရှစ်ကျီးဆီသို့ လျှောက်လှမ်းလာကြ၏။

နှစ်ပေါင်းများစွာအကြာက ထန်အင်ပါယာ ပြန်လည်မထူထောင်မီတွင် ကောင်းရှစ်ကျီးသည် တာယွီနယ်မြေအတွင်းတွင် တပ်စွဲထားသော တပ်မှူးတစ်ယောက် ဖြစ်ခဲ့သည်။

သူသည် တာယွီဒေသခံတပ်ဖွဲ့များကို ဖယ်ရှားလိုခဲ့ပေ၏။ ထို့ကြောင့် သူသည် ဒေသခံစစ်တပ်ကို အန္တရာယ်ရှိသော တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် စည်းရုံးခဲ့သည်။

ထိုတားမြစ်နယ်မြေတွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးသားရဲများဖြင့် ပြည့်နှက်နေပြီး အလွန်အန္တရာယ်များကာ လူသားများအတွက် တားမြစ်ထားသော မြေကဲ့သို့ ဖြစ်နေသည်။

ထိုတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သော တာယွီစစ်သားများအားလုံး သေဆုံးခဲ့ရသည်။

ကောင်းရှစ်ကျီးသည် ဆုတ်ခွာရန်လမ်းကြောင်းကို ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် စစ်သားများကို ပို၍စုဆောင်းခဲ့ပြီး ထန်အင်ပါယာကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်နေသော မျိုးနွယ်စုများ၏ မျိုးဆက်သစ်များကို စစ်တပ်အတွင်းသို့ စုဆောင်းကာ နယ်မြေတစ်ခု၏ အသက်သွေးကြောများကို ထိန်းချုပ်ခဲ့သည်။

သူသည် ဤအရာအားလုံးကို မည်သူမျှမသိအောင် ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် လူများက လုပ်ဆောင်နေပြီး ကောင်းကင်ဘုံက စောင့်ကြည့်နေသည်။

ကောင်းရှစ်ကျီးသည် ဤကိစ္စကို အပြင်လူများမသိအောင် ဖုံးကွယ်နိုင်သော်လည်း သူ၏စိတ်နှလုံးသားကိုမူ လိမ်ညာနိုင်ခြင်းမရှိချေ။

ပတ်ဝန်းကျင်တွင် တိုးညှင်းသော စစ်သီချင်းတစ်ပုဒ် ထွက်ပေါ်လာပြီး ကြေကွဲဝမ်းနည်းဖွယ်ရာပင်။

သရဲတစ္ဆေများသည် အုပ်စုလိုက် စုဝေးလာကြပြီး တောင်တန်းများနှင့် လွင်ပြင်များကို မျက်လုံးနီသရဲတစ္ဆေများဖြင့် ပြည့်နှက်နေစေသည်။

ကောင်းရှစ်ကျီး၏ မျက်နှာသည် ဖြူဖျော့နေပြီး နေရာမှာပင် တောင့်တင်းစွာ မတ်တတ်ရပ်နေသည်။

Chapter 4833

ကောင်းရှစ်ကျီးသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပြီး လေထုအတွင်းသို့ကြည့်၍ အော်ဟစ်လိုက်သည်။

"လုယွီ....မင်း သတ္တိရှိရင် ထွက်ခဲ့စမ်း...ဒီလို ကောက်ကျစ်တဲ့အရာတွေကို မလုပ်နဲ့.."

သို့ရာတွင် လုယွီသည် ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

သူ၏နံဘေးပတ်လည်ရှိ သရဲတစ္ဆေများသည် ပို၍ပင် ငိုကြွေးမြည်တမ်းနေကြ၏။

"ဘာလို့ ငါတို့ကို အန္တရာယ်ရှိတဲ့နေရာကို ခေါ်ဆောင်သွားခဲ့တာလဲ"

"ဘာလို့လဲ... ငါတို့အားလုံး သေဆုံးသွားပြီ... ဒါပေမယ့် မင်းကတော့ အသက်ရှင်နေတုန်းပဲ"

"တပ်မှူး ငါတို့နဲ့အတူ လိုက်ခဲ့ပါ..."

အဝေးမှ ပုံရိပ်ယောင်များထံမှ မကျေမနပ်ပြောဆိုသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်ကိုလဲ"

ကောင်းရှစ်ကျီး၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်။

"ငါတို့နဲ့အတူ ငရဲကို...."

မရေမတွက်နိုင်သော သရဲတစ္ဆေများ၏ မျက်နှာများသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။

သူတို့သည် တညီတညွတ်တည်း ဟိန်းဟောက်ပြီး ကောင်းရှစ်ကျီးထံသို့ ပြေးဝင်သွားကြသည်။

သောင်းနှင့်ချီသော သရဲတစ္ဆေများသည် ဒီရေအလား ကောင်းရှစ်ကျီးထံသို့ ပြေးဝင်သွားပြီး သူ့ကို စတင်၍ဆုတ်ဖြဲလိုက်ကြ၏။

"အား...."

ကောင်းရှစ်ကျီးထံမှ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မရှိချေ။

ထိုပုံရိပ်ယောင်များသည် သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်နေခြင်းပင်

ဤအချိန်တွင် ကောင်းရှစ်ကျီး၏စိတ်ဝိညာဉ်သည် အပေါက်များဖြင့် ပြည့်နှက်နေပြီး ဒဏ်ရာအပြင်းအထန် ရရှိနေသည်။

ဤသည်မှာ သူ၏အရိုးများအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုတစ်ခုဖြစ်သည်။ အစွမ်းထက်ဆုံးလူပင်လျှင် ဤကဲ့သို့ နာကျင်မှုကို တောင့်မခံနိုင်ပေ။

"ထွက်သွား...ထွက်သွားကြစမ်း...."

ကောင်းရှစ်ကျီးက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

သူသည် သူ၏မှော်စွမ်းအားများကို အသုံးပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သို့ရာတွင် ဤစစ်သားစိတ်ဝိညာဥ်များသည် ဤလက်သီးချက်များကို လုံးဝလျစ်လျူရှုထားကြသည်။ သူတို့သည် ထူထပ်သိပ်သည်းသော မှော်စွမ်းအားလှိုင်းများကို ဖြတ်သန်းပြီး ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ကို ခုန်အုပ်လိုက်ကြ၏။

ကောင်းရှစ်ကျီး၏စိတ်ဝိညာဉ်သည် မရေမတွက်နိုင်သော စစ်သားစိတ်ဝိညာဉ်များအောက်၌ အလျင်အမြန် နစ်မြုပ်သွားတော့သည်။

လုယွီ၏ အကြည့်သည် အမှောင်ထုအလွှာများကို ဖြတ်သန်းပြီး နောက်ဆုံးတွင် ကောင်းရှစ်ကျီးပေါ်သို့ ကျရောက်သွားသည်။

သူ၏မျက်လုံးများအတွင်းတွင် အေးစက်သော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ဤသည်မှာ လုယွီ၏ ပိုင်နက်နယ်မြေပင်။ ငရဲနယ်မြေ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် တစ်စုံတစ်ဦး၏ စိတ်နှလုံးသားနက်ရှိုင်းသော နေရာမှ ကြောက်ရွံ့မှုများကို လှုံ့ဆော်နိုင်သည်။

ကောင်းရှစ်ကျီး၏ စိတ်ဝိညာဉ်သည် ဤငရဲနယ်မြေအတွင်းတွင် စိတ်ဝိညာဉ်ထောင်ပေါင်းများစွာ၏ ဆုတ်ဖြဲခြင်းကို ခံရသည့် နာကျင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို အဆက်မပြတ် ခံစားရပေမည်။

ထာဝရကာလပတ်လုံး သူသည် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အပြင်လောကရှိ လူတိုင်းသည် ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။

သူတို့သည် ကောင်းရှစ်ကျီး ပြင်းထန်စွာ ပြေးဝင်သွားသည်ကို မြင်လိုက်ရသော်လည်း သူသည် လုယွီ၏ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားသည်။

ဤအချိန်တွင် ကောင်းရှစ်ကျီး၏ မျက်လုံးများသည် ကြောင်တောင်တောင်ဖြစ်နေပြီး သူသည် လုယွီ၏ရှေ့တွင် မတ်တတ်ရပ်နေပေ၏။ သူ၏မှော်စွမ်းအားများ ပျောက်ကွယ်သွားသည်မှာလည်း အချိန်အတော်ကြာမြင့်နေလေပြီ။

သူ၏ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်မရှိသော အခွံလွတ်တစ်ခု ဖြစ်နေလေပြီ။

လုယွီသည် ကောင်းရှစ်ကျီးကို အင်္ကျီဂုတ်မှ ဖမ်းဆွဲပြီး သူ၏အလောင်းကို နောက်သို့ ပစ်လိုက်သည်။

"ကောင်းရှစ်ကျီးရဲ့ အလောင်းကို သိမ်းထားပြီးတော့ ချင်ယွီရဲ့ သင်္ချိုင်းကို ပို့ပြီး သူ့ကို ခေါင်းဖြတ်လိုက်စမ်း"

လုယွီက ပြောဆိုသည်။

ပုန်းကွယ်နဂါးစစ်သားများအားလုံး၏ မျက်လုံးများ နီမြန်းသွားသည်။

"ဟုတ်ကဲ့..."

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းရှစ်ကျီး၏ အလောင်းကို သိမ်းဆည်းလိုက်သည်။

ထန်စစ်နတ်ဘုရားတစ်ပါးသည် ဤကဲ့သို့နည်းလမ်းဖြင့် ကျဆုံးသွားခဲ့သည်။

ကောင်းရှစ်ကျီးသည် မိုင်ထောင်နှင့်ချီ ခရီးနှင်ခဲ့ပြီး လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်သန်း၍ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို သိမ်းပိုက်ခြင်းဖြင့် သူ၏အမည် ကျော်ကြားလာခဲ့သည်။ သို့ရာတွင် သူသည် လုယွီ၏လက်အတွင်း၌ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။ အဆုံးတွင် သူသည် သေဆုံးသွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်ပင်လျှင် ငရဲသို့ ပို့ဆောင်ခံရကာ ထာဝရ နှိပ်စက်မှုကို ခံစားနေရသည်။

ထန်-ယွီ စစ်ပွဲစတင်ကတည်းက တာယွီစစ်တပ်သည် အဆက်မပြတ် ရှုံးနိမ့်ခဲ့ပေ၏။ လုယွီ ထွက်ပေါ်လာပြီးမှသာ သူတို့သည် ကြီးမားသော အောင်ပွဲများကို ရရှိခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

နောက်ထပ်အချိန်တခဏတွင် လုယွီသည် ထွက်ခွာသွားသော ထန်စစ်တပ်ကို ကြည့်လိုက်သည်။

"မင်းတို့ ထွက်သွားဖို့ မစဉ်းစားနဲ့..."

လုယွီက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။ သူ၏မှော်စွမ်းအားများသည် ပြင်းထန်ပြီး ရှည်လျားသော လေတိုးသံအဖြစ်သို့ ပြောင်းလဲသွားသည်။

"မြန်မြန် ထွက်သွားကြတော့"

မရေမတွက်နိုင်သော ထန်စစ်သားများသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

"ဘုန်း...."

နောက်ထပ်အချိန်တခဏတွင် လုယွီသည် သူ၏လက်ကို မြှောက်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ ထောင်နှင့်ချီသော မှော်စွမ်းအားလှိုင်းများသည် မြင့်မြတ်ပြီး အစွမ်းထက်သော ကောင်းကင်ဘုံဧကရာဇ်ပုံရိပ်ယောင်အဖြစ် စုစည်းသွားသည်။ သူ၏လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဖုံးသွားသည်။

ဤနည်းစနစ်၏ လက်ဝါးပုံရိပ်ယောင်ကြီး ထုတ်လွှတ်လိုက်ချိန်၌ ချက်ချင်းဆိုသလိုပင် မြေပြင်တပြင်လုံးကို တုန်ခါသွားစေခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်သည် ဒေါသထွက်ပြီး သူ၏အမိန့်ကို မနာခံသူများအား အပြစ်ပေးနေသည့်အလားပင်။

"ဘုန်း....ဘုန်း....ဘုန်း..."

နောက်တန်းမှ ထန်စစ်သင်္ဘောခုနစ်စင်းသည် ရှောင်တိမ်းရန် အချိန်မရဘဲ လုယွီ၏ လက်ဝါးပုံရိပ်ယောင်ကြီးကြောင့် ကြေမွှပျက်စီးသွားသည်။

Chapter 4834

အားကောင်းသော မှော်စွမ်းအားသည် လေထုအတွင်းတွင် ပဲ့တင်ထပ်နေပြီး ပြင်းထန်သော ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

လက်ဝါးပုံရိပ်ယောင်ကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရှိနေသည့် စစ်သင်္ဘောများ၏ ခိုင်ခံ့မာကျောသော သံချပ်ကာများ ကြေမွပျက်စီးသွားသည်။ ပူပြင်းသော အရှိန်အဝါတစ်ရပ်သည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပြီး ထိုအရာသည် ပြင်ပလေဟာနယ်သံဏိနက်ကိုပင် အရည်ပျော်စေတော့မည့်ပုံရသည်။

သန်းနှင့်ချီသော ထန်စစ်သားများသည် နေရာတွင်ပင် သေဆုံးသွားကြ၏။ သူတို့၏ အသက်များသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အရှိန်အဝါသည် နှိုင်းယှဉ်စရာမရှိအောင် ကြောက်မက်ဖွယ်ကောင်းသည်။ ကောင်းကင်ကိုးထပ်နှင့် ငရဲရှစ်ထပ်သည် သူ့ကြောင့် တုန်ခါနေပြီး လောကကြီးအတွင်းရှိ သက်ရှိများအားလုံး သူတို့၏ခေါင်းများကို ငုံ့လိုက်ကြသည်။

သူ၏ အားကောင်းသော အရှိန်အဝါသည် အဝေးမှ ထန်ထိပ်သီးကျင့်ကြံသူအုပ်စုကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

သူတို့သည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် လုယွီကို သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် အဆုံးအစမရှိသော ကြောက်ရွံ့မှုသာ ကျန်ရစ်ခဲ့သည်။

"ဆုတ်ခွာကြတော့..."

မရေမတွက်နိုင်သော ထန်စစ်ဗိုလ်ချုပ်များသည် ထိတ်လန့်တကြား အော်ဟစ်ပြီး စစ်သားများအားလုံးကို အလျင်အမြန် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

သို့ရာတွင် လူယွီသည် ဤလူများကို သွားခွင့်ပေးရန် ရည်ရွယ်မထားပေ။ သူသည် လက်သီးတစ်ချက် ထိုးနှက်ပြီး ရန်သူတစ်သောင်းကျော်ကို နေရာတွင်ပင် သတ်ဖြတ်လိုက်သည်။

သွေးများ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။ လေထုအတွင်းတွင်တွင် သွေးဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ကို ပြည့်နှက်နေသော သွေးမှုန်များအဖြစ် ဖွဲ့စည်းကာ မိုးကောင်းကင်တခွင်လုံးကို နီမြန်းသွားစေသည်။

လုယွီသည် မြှားတစ်စင်းအလား ထက်ရှသောအရှိန်ဖြင့် ထန်းစစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ပရမ်းပတာဖြစ်သွားပေ၏။ မရေမတွက်နိုင်သော ထန်စစ်သားများသည် ထိတ်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးနေကြသည်။

နောက်တန်းကို တာဝန်ယူသော ထန်ထိပ်သီးကျင့်ကြံသူတစ်ယောက်သည် သူ၏ဆံပင်များ ထောင်ထသွားသည်ကို ခံစားလိုက်ရသည်။

သူသည် သူ၏နောက်မှ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုတစ်ခု လာနေသည်ကို အာရုံခံမိပေ၏။ သူ လှည့်ကြည့်လိုက်သည်နှင့် လုယွီသည် သူ၏နောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှုနှင့် တခြားစိတ်ခံစားမှုများစွာသည် ဤထန်ထိပ်သီးကျင့်ကြံသူ၏ စိတ်နှလုံးသားအတွင်းတွင် စွဲငြိနေသည်။ သူသည် အချိန်တခဏကြာမျှ တောင့်တင်းစွာ မတ်တတ်ရပ်နေခဲ့သည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်သည် သူ့အသက်ကို ဆုံးရှုံးရန် လုံလောက်သည်။

လုယွီ၏မျက်နှာပေါ်တွင် အမူအယာ ကင်းမဲ့နေသည်။ သူ၏လက်အတွင်းမှ စိမ်းလန်းသောတောင်ထိပ်ဓားသည် တုန်ခါနေပြီး ထက်ရှသော ဓားချီစွမ်းအားလှိုင်းတစ်လှိုင်း ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

နောက်ထပ်အချိန်တခဏတွင် ထန်ထိပ်သီးကျင့်ကြံသူသည် နောက်ဆုံး၌ သူ၏အသိစိတ် ပြန်ဝင်လာသည်။

သို့ရာတွင် ယခုချိန်၌ သူသည် ဤဓားချီကို ရှောင်တိမ်းရန် အလွန်နောက်ကျသွားလေပြီ။

လုယွီ၏ ဓားချီသည် ထန်ထိပ်သီးကျင့်ကြံသူကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ သူ၏ခေါင်းသည် မိုးကောင်းကင်သို့ မြင့်မားစွာ မြောက်တက်သွားသည်။ သူ၏စိတ်ဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ နေရာတွင်ပင် သေဆုံးသွားပေ၏။

အနီးအနားရှိ ထန်စစ်သားအချို့သည် ရှေ့သို့ ပြေးတက်လာပြီး အလောင်းကို ပြန်လည်လုယူလိုကြသည်။ သို့ရာတွင် လုယွီသည် မည်သည့်သနားညှာတာမှုကိုမျှ မပြသခဲ့ပေ။ သူသည် ထန်စစ်သားများ ပြေးတက်လာသည်ကို မြင်ချိန်၌ စိမ်းလန်းသောတောင်ထိပ်ဓားကို ကိုင်ဆောင်ပြီး သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။

လုယွီ ရှေ့တွင် ရှိနေစဉ် လုကျင်းရှန့်သည်လည်း စစ်တပ်ကို ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ထန်စစ်တပ်သည် သူတို့၏ တိုက်ခိုက်လိုစိတ်ကို လုံးလုံးလျားလျား ဆုံးရှုံးသွားလေပြီ။ သူတို့ထံတွင် ရှုံးနိမ့်ခြင်း၏ လက္ခဏာများကို မြင်နေရသည်။ သူတို့သည် အသည်းအသန် ပြေးလွှားနေကြပြီး ပုန်းကွယ်နဂါးစစ်တပ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်စစ်သား တစ်သိန်းကျော်သည် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြသည်။

သူတို့၏ အလောင်းများသည် မိုးကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျသွားပေ၏။ သူတို့၏ သွေးများသည် မြေပြင်တပြင်လုံးအနှံ့ ပြန့်ကျဲနေသည်။ အသူရာကြေးချွတ်သန့်စင်ဘုံကဲ့သို့ မြင်ကွင်းသည် စစ်မြေပြင်၏နေရာတိုင်းတွင် ရှိနေသည်။

"လီမီ...ကောင်းရှစ်ကျီး သေသွားပြီ... မင်း သူနဲ့အတူ မသေချင်ဘူးလား"

လုယွီ၏ အသံသည် သေမင်းခေါင်းလောင်းသံအလား ထန်ထိပ်သီးကျင့်ကြံသူများ၏ နားများအတွင်းတွင် မြည်ဟီးနေသည်။

လီမီ၏စိတ်နှလုံးသားသည် တုန်ခါသွားပြီး သူသည် နောက်သို့ပြန်လှည့်ကြည့်ကာ အော်ငေါက်လိုက်သည်။

"လုယွီ...မင်း စောင့်နေစမ်း...."

ဤတစ်ကြိမ်တွင် သူ၏ ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်ခဲ့သည်။

သူသည် လုယွီကို မည်သည့်ထိခိုက်မှုမျှ မဖြစ်စေခဲ့ရုံသာမက သူ၏စစ်တပ်မှ စစ်သားများနှင့် စစ်ဗိုလ်ချုပ်အမြောက်အများကိုလည်း ဆုံးရှုံးခဲ့ရသည်။ ထန်စစ်တပ်သည် ဤတစ်ကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

"စောင့်စရာမလိုဘူး... အခုပဲ အဆုံးသတ်လိုက်ကြရအောင်...."

လုယွီသည် သူ၏လက်မှ စွမ်းအားကို စိမ်းလန်းသော တောင်ထိပ်ဓားအတွင်းသို့ ရုတ်တရက် ထည့်သွင်းလိုက်သည်။

စိမ်းလန်းသောတောင်ထိပ်ဓားသည် အသစ်တဖန် ပြန်လည်သွန်းလောင်းလိုက်သည့်အလားပင်။ ဓား၏ကိုယ်ထည်တစ်ခုလုံးသည် အလွန်နီရဲပြီး ပူလောင်လာပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏လက်အတွင်းမှ စိမ်းလန်းသောတောင်ထိပ်ဓားကို ပစ်လွှတ်လိုက်သည်။

ဤသည်မှာ လီကွမ်းပိ၏ ဓားဖြစ်ပြီး မသေမျိုးတစ်ဝက်အဆင့်တွင် ရှိနေသည်။

သို့ရာတွင် လုယွီ၏စွမ်းအားကို စိမ်းလန်းသောတောင်ထိပ်ဓားသည် တောင့်မခံနိုင်ချေ။ ဓား၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာစပြုလာသည်။

ဝုန်း....ဝုန်း....ဝုန်း....

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စိမ်းလန်းသောတောင်ထိပ်ဓားကို ပိတ်ဆို့နေသော ထန်စစ်တပ်သည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤဓားသည် နေမင်းကြီးကို ထွင်းဖောက်သွားသော သက်တံ့တစ်စင်းကဲ့သို့ဖြစ်ပြီး သတ်ဖြတ်လိုခြင် စိတ်ဆန္ဒအပြည့်ဖြင့် ပျံ့လွင့်သွားသည်။

Chapter 4835

ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် ရုတ်တရက် တိုးဝင်လာသဖြင့် လီမီ၏ မျက်နှာအမူအယာ နောက်ဆုံးတွင် ပြောင်းလဲသွားသည်။

သူ့ရှေ့တွင် ဤဓားကို တားဆီးနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထန်စစ်သားများသည် ထိုဓားကို တားဆီးရန် ကြိုးစားသော်လည်း အဆုံးသတ်တွင် အရာအားလုံး အချည်းနှီးဖြစ်သွားခဲ့သည်။

"တာအိုနည်းစနစ်....မြောက်ပိုင်းသမုဒ္ဒရာ ပင်လယ်...."

လီမီသည် သူ၏ မြင်းမြှီးယပ်တောင်ကို လှုပ်ယမ်းပြီး မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

မှော်သင်္ကေတ ထောင်ပေါင်းများစွာ စုဝေးလာပြီး လီမီ၏ရှေ့တွင် ကြီးမားသော သမုဒ္ဒရာလှိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာသည် အဆုံးအစမရှိချေ။ ဤသည်မှာ လီမီ၏ရှေ့တွင် သဘာဝအတားအဆီးတစ်ခုအဖြစ် ရုတ်တရက် ဖွဲ့စည်းလိုက်ပေ၏။

ဤနည်းစနစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ လီမီ၏ မွေးရာပါ သူတော်စင်ပါရမီနှင့် ပေါင်းစပ်လိုက်ချိန်၌ ဤနည်းစနစ်ကို တုန်လှုပ်ဖွယ်ကောင်းလောက်အောင် အားကောင်းသွားစေခဲ့သည်။

သို့ရာတွင် လုယွီ၏ ဓားသည် မည်သည့်ခုခံမှုကိုမျှ မကြောက်ရွံပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းသည် စိမ်းလန်းသောတောင်ထိပ်ဓားကို မယုံနိုင်လောက်သော စွမ်းအားဖြင့် ပေါက်ကွဲသွားစေခဲ့သည်။

ဓားရှည်သည် လေထုအတွင်းတွင် ရှိနေပြီး ကောင်းကင်နှင့် မြေပြင်ကို ကြေမွှပျက်စီးသွားစေသည်။ ထိုဓားကို ပိတ်ဆို့နေသော ပင်လယ်ရေများအားလုံးသည် အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဝှစ်...

ဓားချီသည် ရေလှိုင်းအလွှာအထပ်ထပ်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လီမီ၏ရှေ့သို့ ရောက်ရှိသွားသည်။

လီမီ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူဖျော့သွားပြီး သူသည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို အလျင်အမြန် ဆင့်ခေါ်ပြီး သူ၏ရှေ့တွင် ပိတ်ဆို့လိုက်သည်။

ဒေါင်....

သတ္တုအချင်းချင်းထိခတ်သံသည် လေထုအတွင်းတွင် ပဲ့တင်ထပ်နေပေ၏။ လီမီသည်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သွေးအမြောက်အများကို အန်ထုတ်လိုက်ရသည်။

သူ၏ဓားကို ပစ်လွှတ်ပြီးနောက် လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်ဗလာဖြင့် တိုက်ခိုက်လိုက်သည်။

သူ့ရှေ့မှ ထန်စစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။ လုယွီနှင့် ထိတွေ့ခဲ့သော လူများအားလုံးသည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပေ၏။ အလောင်းများသည် နေရာတိုင်းတွင် ရှိနေပြီး သွေးချောင်းစီးနေသည်။

ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်စွမ်းအားတစ်ရပ်သည် စစ်မြေပြင်ပေါ်တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ဤသည်မှ ထန်အင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်သော တာအိုသခင်ပင်။ သူသည် နေ့တစ်နေ့ကို အစားထိုးရန် နောက်ထပ်နေ့တစ်နေ့ကို အသုံးပြုနေသည်။

နေနှင့် လ ပြောင်းပြန်ဖြစ်သွားပြီး စကြဝဠာ လည်ပတ်သွားကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ပြင်းထန်စွာ ပြောင်းလဲစပြုလာပေ၏။

လုယွီသည် ဤအရာအတွက် ပြင်ဆင်ထားပုံရသည်။ သူသည် မရပ်တန့်ဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ နောက်ထပ်ထန်စစ်သားတစ်သောင်းကျော်သည် လေထုအတွင်းတွင် ပျောက်ကွယ်သွားသည်။ သူတို့၏ အရိုးများပင် မကျန်ခဲ့ပေ။

နောက်ထပ်အချိန်တခဏတွင် သူ့ရှေ့မှ ထန်စစ်သားများသည် အားလုံး ပြောင်းရွှေ့ခြင်းခံလိုက်ရပြီး စစ်မြေပြင်မှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားသည်။

"ကြွက်တွေ....သူတို့က ထွက်ပြေးနိုင်တုန်းပဲ...."

လုကျင်းရှန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူနှင့် တခြားပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များသည် အလွန်ဒေါသထွက်သဖြင့် သူတို့၏မျက်လုံးများ နီမြန်းနေပေ၏။

ထန်စစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် လုကျင်းရှန့်၏တပ်ရင်းသည် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ သူတို့သည် အင်အား ခုနစ်ဆယ်ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပြီး ထိုစစ်သားများအားလုံးနီးပါး သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ပျက်စီးသွားသော စစ်သင်္ဘောများကို နောက်တစ်ကြိမ် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။ ပျက်စီးသွားသော သင်္ဘောကိုယ်ထည်သည် တောင်တန်းများနှင့် မြစ်များပေါ်တွင် လဲလျောင်းနေပြီး မီးခိုးများ တလူလူထွက်ပေါ်နေသည်။

မရေမတွက်နိုင်သော အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ အလောင်းများတောင်လိုပုံနေပြီး ကျိုးပဲ့နေသော ခြေလက်များစွာ ရှိနေသည်။ မည်သူသေဆုံးခဲ့သည်ကို ပြောဆိုနိုင်ရန်ပင် ခက်ခဲသည်။

ကြေကွဲဖွယ် စစ်သီချင်းတစ်ပုဒ်သည် စစ်မြေပြင်ပေါ်တွင် ပဲ့တင်ထပ်နေသည်။ ပုန်းကွယ်နဂါးစစ်တပ်၏ အလံသည် လေထုအတွင်းတွင် အားအင်ချည့်နဲ့စွာ ယိမ်းခါနေပေ၏။

သူတို့သည် အနိုင်ရခဲ့သော်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။

"အရှင်...."

လုကျင်းရှန့်သည် လျှောက်လှမ်းလာပြီး တုန်ရီနေသောအသံဖြင့် အရိုအသေပြုလိုက်သည်။

လုယွီမှ ကြီးမားသော မျှော်လင့်ချက်များ ထားခဲ့သော ဤစစ်ဗိုလ်ချုပ်သည် လက်ရှိတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ဤသည်မှာ သူ အင်အားအလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်ပင်။

လုကျင်းရှန့်သည် ထန်ထိပ်သီးကျင့်ကြံသူနှစ်ဦးနှင့် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရပြီး သူ၏စွမ်းအင်များအားလုံးနီးပါး ကုန်ဆုံးသွားခဲ့သည်။ ယခုအချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းတွင် ခွန်အားအနည်းငယ်မျှ မကျန်ရှိတော့ချေ။

"မင်း ပင်ပန်းသွားခဲ့ပြီ"

လုယွီက လုကျင်းရှန့်၏ပခုံးကို ပုတ်လိုက်သည်။

သူသည် အစောပိုင်းက တံခါးပိတ်ကျင့်ကြံနေသော်လည်း လုကျင်းရှန့်သည် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သူ ခန့်မှန်းနိုင်သည်။

"ကျန်နေတဲ့ စစ်သားတွေကို စုစည်းပြီး တခြားတပ်ရင်းတွေကို ငါတို့အနားကို ရွှေ့ခိုင်းလိုက်စမ်း"

လုယွီက အမိန့်ပေးလိုက်သည်။

စစ်ရေးအမိန့်များကို တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့ပြီး ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့၏ အမြင့်ဆုံးစွမ်းဆောင်ရည်ကို အသုံးပြုခဲ့သည်။

လုကျင်းရှန့်သည် အချိန်တခဏမျှ တွေဝေနေပြီးနောက် မေးမြန်းလိုက်၏။

"အရှင်.... ငါတို့ဒီနေ့လုပ်ခဲ့တဲ့ အရာအားလုံးက တော်ဝင်နန်းတွင်းရဲ့ အသိအမှတ်ပြုခံရမယ်လို့ ထင်လား..."

တော်ဝင်နန်းတွင်းသည် သူတို့ကို ပုန်ကန်သူများအဖြစ် သတ်မှတ်ပြီး လုယွီ၏အခွင့်အာဏာအားလုံးကို ရုတ်သိမ်းခဲ့သည်။

အရပ်သားများသည် သူတို့ကို ပုန်ကန်သူများအဖြစ် မြင်ပြီး သူတို့ကို အစားအစာ ရောင်းချရန် ဆန္ဒမရှိကြချေ။

လုယွီသည် တစ်ယောက်တည်း တိုက်ခိုက်နေပြီး မည်သူမျှ သူ၏လုပ်ရပ်ကို သဘောမတူပေ။ သူ၏နောက်တွင် အေးစက်သော လှောင်ပြောင်သရော်သံများ ရှိနေသည်။

"ငါတို့က လိပ်ပြာသန့်ဖို့ပဲလိုတယ်"

လုယွီက နေဝင်ဆည်းဆာကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

All Chapters