← Chapters

အခန်း (၄၈၃၆-၄၈၄၀)

Vol. 245 Ch. 4836-4840

အခန်း (၄၈၃၆-၄၈၄၀)

Vol. 245 Ch. 4836-4840

Chapter 4836

လုယွီ တိုက်ခိုက်ခံရကြောင်း ကြားသိချိန်တွင် တပ်ရင်းများအားလုံးသည် သူ့ကို ကူညီရန် အမြန်ဆုံးအရှိန်ဖြင့် ပြေးလာကြသည်။

သို့ရာတွင် တပ်ရင်းများ ရောက်ရှိလာသည်နှင့်အမျှ သတင်းများစွာသည်လည်း လုယွီ၏ နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီကို ဝိုင်းရံသတ်ဖြတ်ရန် ထန်စစ်တပ်သည် ဤတစ်ကြိမ်တွင် များစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူတို့သည် မြောက်ပိုင်းဧကရာဇ်နှင့် ရင်ဆိုင်နေရသော တပ်ရင်းများအားလုံးကို ဆွဲခေါ်ခဲ့ပြီး တော်ဝင်အစောင့်တပ်များပင် ပါဝင်သည်။

တပ်ရင်းများအားလုံးသည် ထိုထန်စစ်တပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး အချိန်တခဏမျှ အကျပ်အတည်း ဖြစ်ပေါ်ကာ လုယွီကို အချိန်မီ မကူညီနိုင်ခဲ့ကြချေ။

သို့ရာတွင် လုယွီကို ဝိုင်းရံတိုက်ခိုက်သော လီမီ၏အစီအစဥ် ပျက်စီးသွားသည်နှင့်အတူ ကောင်းရှစ်ကျီး၏ သေဆုံးမှုသတင်းသည်လည်း ရှေ့တန်းစစ်မျက်နှာတလျှောက် ပျံ့နှံ့သွားခဲ့သည်။

ထန်စစ်တပ်သည် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ဆုတ်ခွာစပြုလာသည်။ ပုန်းကွယ်နဂါးတပ်ရင်းများသည် ဤအခွင့်အရေးကိုယူ၍ ရန်သူများကိုတိုက်ခိုက်ပြီး လုယွီနှင့် ပူးပေါင်းလိုက်သည်။

"တပ်... တပ်မှူးကျန်းဖုန်းက အရှင်နဲ့ တွေ့ခွင့် တောင်းပါတယ်"

သွေးများဖြင့် ဖုံးလွှမ်းနေသော စစ်သည်တော်တစ်ဦးက လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုစစ်သည်တော်သည် စကားထစ်နေသော်လည်း သူ၏မျက်လုံးများသည် တောက်ပနေကာ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပုန်းကွယ်နဂါးစစ်တပ်တပ်၏ သံချပ်ကာသည် ကျိုးပဲ့နေပြီး သူ၏ သွေးစွန်းနေသော အဖြူရောင်အဝတ်အစားများ ပေါ်လွင်နေသည်။ သူ၏ ဘယ်ဘက်လက်သည် ကျိုးနေပြီး အဖြူရောင်ပိတ်စဖြင့် ချည်နှောင်ထားလေ၏။

ကျန်းဖုန်းသည် သူ၏ကျောပေါ်တွင် အနက်ရောင်ခေါင်းတလားတစ်ခုကို သယ်ဆောင်ထားသည်။ သူ၏ ပိန်လှီသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ထိုခေါင်းတလားသည် အလွန်ကြီးမားနေသည်။

သူသည် ခြေထောက်ထော့နဲ့နဲ့ဖြင့် လျှောက်လှမ်းလာရာ ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်သားများအားလုံး သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ကျန်းဖုန်းသည် သန်မာသော လူတစ်ဦးပင်။ သူသည် ဒဏ်ရာရရှိထားသော်လည်း လမ်းတစ်လျှောက်လုံး စစ်သားတစ်ဦး၏ တည်ကြည်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့သည်။

"အ...အရှင်....တပ်မှူး ချောင်..."

ကျန်းဖုန်းသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ကြေကွဲဝမ်းနည်းမှုတစ်ခုသည် သူ၏စိတ်နှလုံးသားအတွင်းသို့ ရုတ်တရက် တိုးဝင်လာပေ၏။

ဤသံမဏိကဲ့သို့ စိတ်ဓာတ်မာကြောသော လူသည် သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသော စိတ်ခံစားချက်များကို ရုတ်တရက် မခုခံနိုင်တော့ပေ။ သူ၏ တည်ကြည်ပြတ်သားသောမျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။

"သူ..... သူ....သူ တိုက်ပွဲမှာ ကျဆုံးသွားပြီ"

ကျန်းဖုန်း၏ အသံသည် အက်ရှရှဖြစ်နေသည်။ သူသည် နောက်ဆုံးတွင် သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေပေ၏။

သေဆုံးသွားသူသည် ချောင်ပေါင်ပင်။

လုယွီ ဝိုင်းရံခံရချိန်၌ လုကျင်းရှန့်မှ အပြင်ဘက်တွင် ကြိုတင်၍ ထားရှိခဲ့သော သူလျှိုများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မည်သည့်တုံ့ပြန်မှုမျှ မရရှိသည်ကို မြင်ချိန်သူလျှိုများသည် ပတ်ဝန်းကျင်ရှိ တပ်ရင်းများထံမှ အကူအညီကို ချက်ချင်း တောင်းဆိုခဲ့ကြသည်။ ကံအားလျော်စွာဖြင့် ချောင်ပေါင်၏ တပ်ရင်းသည် အနီးအနားတွင် ရှိနေပေ၏။

လုယွီ အခက်အခဲကျရောက်နိုင်ကြောင်း ကြားသိချိန်တွင် ချောင်ပေါင်သည် လုံးဝ တွေဝေခြင်းမရှိခဲ့ပေ။ သူသည် သူ၏ မူလပစ်မှတ်ကို ချက်ချင်း စွန့်လွှတ်ပြီး နာမည်မရှိသော ကြယ်နယ်မြေဆီသို့ ချီတက်သွားခဲ့သည်။

သို့ရာတွင် လီမီသည် ဤဖြစ်နိုင်ချေကို မျှော်လင့်ထားပြီးဖြစ်သည်။

သူသည် နာမည်မရှိသော ကြယ်နယ်မြေ၏ အပြင်ဘက်တွင် စစ်သားအမြောက်အများကို စောင့်ကြပ်ရန် စီစဉ်ထားခဲ့ပြီး မည်သည့်အချိန်မဆို ရောက်လာနိုင်သော စစ်ကူတပ်များကို တားဆီးရန်ပင်။

ချောင်ပေါင်နှင့် ထန်တော်ဝင်စစ်တပ်တို့သည် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပြီး ကြယ်တာရာကောင်းကင်တွင် နှစ်ဖက်ကြား၌ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ကံဆိုးစွာဖြင့် ရန်သူစစ်တပ်ဘက်တွင် ထိပ်သီးကျင့်ကြံသူများ အလွန်များပြားပြီး ချောင်ပေါင်သည် ပြင်းထန်သော တိုက်ပွဲအလယ်တွင် ပိတ်မိနေခဲ့သည်။ အဆုံးသတ်တွင် အင်အားမမျှတသဖြင့် ထန်ထိပ်သီးကျင့်ကြံသူအမြောက်အများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ချောင်ပေါင် သေဆုံးသွားခဲ့သည်။

ပရမ်းပတာအခြေအနေတွင် ကျန်းဖုန်းသည် သူ၏အသက်ကို ပဓာနမထားဘဲ ချောင်ပေါင်၏ အလောင်းကို လုယူခဲ့သည်။

ထန်စစ်တပ်သည် ရုတ်တရက် ဆုတ်ခွာသွားပြီး မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေခဲ့သည်။ ဒုတိယတပ်မှူး၏ ဦးဆောင်မှုအောက်တွင် ချောင်ပေါင်၏တပ်ရင်းသည် ဤနေရာသို့ အလွန်ခက်ခဲစွာ ရောက်ရှိလာနိုင်ခဲ့ပေ၏။

အလျင်အမြန် ပြေးလာသော ချောင်ပေါင်၏တပ်ရင်းမှ စစ်သားများအားလုံး ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့အနက်မှ အများစုသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။

လုယွီသည် ကျန်းဖုန်း၏ ကျောပေါ်မှ ခေါင်းတလားကို ယူလိုက်သည်။

သူ ခေါင်းတလားကို ဖွင့်လိုက်သည်နှင့် ချောင်ပေါင်၏ ဆိုးရွားစွာ ပျက်စီးနေသော ရုပ်အလောင်း ပေါ်လွင်လာပေ၏။

ဤအလောင်းသည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး အလောင်းပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း ပြောရန် မဖြစ်နိုင်ချေ။ ဤသည်မှာ သူ အသက်ရှင်စဉ်က တိုက်ခိုက်ခဲ့မှုများ မည်မျှထိ ပြင်းထန်ခဲ့သည်ကို ပြသနေသည်။

ကိုယ်ရံတော်တပ်သားတစ်ဦးသည် ရှေ့သို့ လျှောက်လှမ်းလာပြီး နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် ပြောဆိုသည်။

"အရှင်....ကျွန်တော်တို့က ထန်ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်....သူတို့ရဲ့ မှော်လက်နက်တွေက ကျွန်တော်တို့ထက်တောင် ပိုကောင်းပြီးတော့ ကျင့်ကြံဆင့်စွမ်းအားကလည်း ကျွန်တော်တို့ထက် တစ်ဆင့်မြင့်တယ်... ကျွန်တော်တို့... စစ်သူကြီး ချောင်ကို မကာကွယ်နိုင်ခဲ့ဘူး"

ကျန်းဖုန်းသည် ခေါင်းမော့ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"မ... မ... မဆုတ်ခွာနဲ့....တိုက်... တိုက်... အဆုံးထိ တိုက်မယ်"

မည်သူမျှ စကားထစ်နေသော တပ်မှူးကို မလှောင်ပြောင်ခဲ့ပေ။

သူသည် ဒဏ်ရာရနေသော်လည်း ထက်ရှသော ဓားတစ်စင်းကဲ့သို့ ဖြစ်နေပြီး မည်သည့်အချိန်မဆို တစ်စုံတစ်ယောက်၏ အသက်ကို နှုတ်ယူရန် အဆင်သင့်ဖြစ်နေသည်။

လုယွီသည် အသက်ပြင်းပြင်းရှိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူ၏ခြေလှမ်းများသည် ပို၍ပို၍ လေးလံလာသည်ကို သူ ခံစားလိုက်ရသည်။

Chapter 4837

ချောင်ပေါင်သည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သူကြီးအားလုံးထဲတွင် ပါရမီအရှိဆုံးသူ မဟုတ်ပေ။

သို့ရာတွင် သူသည် လုယွီ၏နောက်သို့ လိုက်ပါခဲ့သော အစောဆုံး စစ်ဗိုလ်ချုပ်များအနက်မှ တစ်ဦးဖြစ်သည်။ သူ့ကို လုယွီ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးအဖြစ် သတ်မှတ်နိုင်သဖြင့် သူသည် ပုန်းကွယ်နဂါးစစ်တပ်တွင် အလွန်မြင့်မားသော အနေအထား ရှိခဲ့သည်။

ချောင်ပေါင်သည် သူ၏ ကိုယ်ပိုင်အသက်ကို အသုံးပြု၍ အစဥ်အမြဲပြောင်းလဲနေသော စစ်မြေပြင်ပေါ်တွင် သူ၏သစ္စာစောင့်သိမှုကို သက်သေပြခဲ့သည်။

"ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး..."

လုယွီသည် ခေါင်းမော့ပြီး ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံးကို ကြည့်လိုက်သည်။

မရေမတွက်နိုင်သော အကြည့်များသည် လုယွီအပေါ်သို့ ကျရောက်လာပေ၏။ လုယွီသည် သူတို့ထဲမှ အများစုကို မြင်တွေ့ခဲ့ဖူးသည်။

"ထန်စစ်တပ် ရှုံးနိမ့်လိမ့်မယ်.... ငါတို့တပ် အောင်ပွဲခံလိမ့်မယ်"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

ဤစကားလုံးအနည်းငယ်ကို ပြောရန် ဤမျှခက်ခဲသည်ကို သူ မည်သည့်အခါကမျှ မသိရှိခဲ့ဖူးချေ။

ဤစကားလုံးများသည် ရိုးရှင်းပုံရသော်လည်း ထိုအရာ၏နောက်ကွယ်တွင် အဖိုးအခတစ်ခု ပုန်းအောင်းနေသည်။

တပ်ရင်းများသည် ဤနာမည်မရှိသော ကြယ်နယ်မြေပေါ်တွင် ပို၍ပို၍စုဝေးလာကြသည်။

မရင်းနှီးသော မျက်နှာများသည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာပေ၏။ လုယွီသည် ဤလူများ၏ မျက်နှာများကို မှတ်မိရန် သူ့စိတိဝိညာဉ်၏ စွမ်းအားကို အသုံးပြုနေသည်။

သူတို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ် တောက်ပနေမင်းကြယ်မြစ် နှင့် လူရိုင်းနယ်စပ်တို့မှ လာကြသည်။ ဤအချိန်တွင် သူတို့သည် ပန်းတိုင်တစ်ခုတည်းကြောင့် အတူတကွ စုဝေးနေသည်။

"အဲ့ဒီတာအိုသခင်က လေဟာနယ်ပြောင်းလဲခြင်းကို နောက်တစ်ကြိမ် မသုံးနိုင်တော့ဘူး....ဒါက သူ့ရဲ့ ကန့်သတ်ချက်ပဲ...သူ့မှာ မိုးထိမြင့်မားတဲ့ ကျင့်ကြံဆင့် ရှိရင်တောင်မှ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ နည်းစနစ်မျိုးကို အဆက်မပြတ် သုံးဖို့ မဖြစ်နိုင်ဘူး"

လုယွီက ကြယ်မြေပုံကို ထုတ်ယူပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"လီမီနဲ့ တခြားလူတွေက အဝေးကြီး မသွားနိုင်ဘူး... ဒီတစ်ခါ ငါတို့ သူတို့ရဲ့ တည်နေရာကို ရှာပြီး သူတို့ကို သုတ်သင်ပစ်မယ်...သူတို့တွေက သွေးကြွေးပြန်ပေးဆပ်ရမယ်"

သွေးကြွေးပြန်ပေးဆပ်ရမည်ဟု ဆိုသလော....

စစ်ဗိုလ်ချုပ်များအားလုံး၏ မျက်လုံးများ တောက်ပနေသည်။

ပတ်ဝန်းကျင်ရှိ လေထုသည် အလွန်လွှမ်းမိုးချုပ်ကိုင်မှုရှိပြီး လူတိုင်း မွန်းကြပ်နေကြသည်။ စစ်ပွဲ၏ ဤအဆင့်အရောက်တွင် မှန်ခြင်း မှားခြင်းမျှသာ မဟုတ်တော့ပေ။ နှစ်ဖက်စလုံးသည် သေသည်အထိ တိုက်ခိုက်ရပေမည်။

လုယွီသည် အစီအစဉ်များ ဆက်တိုက်ချမှတ်ပြီးနောက် ကျန်းဖုန်းကို ခေါ်လိုက်သည်။

"အ.. အရှင်... "

ကျန်းဖုန်းသည် ဒူးထောက်၍ အရိုအသေပြုလိုက်၏။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီး ကျန်းဖုန်းကို မတ်တတ်ရပ်၍ စကားပြောရန် အမိန့်ပေးလိုက်သည်။

"မင်းရဲ့ တပ်ရင်းဆီက ငါကြားတာတော့ မင်းက ချောင်မိသားစုရဲ့ အစေခံတစ်ယောက်ပဲ... နောက်ပိုင်းမှာ မင်းက ချောင်ပေါင်ရဲ့နောက်ကို လိုက်ပြီးတော့ စစ်တပ်ထဲ ဝင်ခဲ့တယ်... နောက်ဆုံးမှာ မင်းက သူ့ရဲ့ ကိုယ်ရံတော်စစ်ဗိုလ်ချုပ် ဖြစ်လာတယ်... ဟုတ်လား...."

"ဟုတ်ကဲ့"

ကျန်းဖုန်းက ခေါင်းညိတ်လိုက်သည်။

"ချောင်ပေါင်ရဲ့တပ်ရင်းက လူအင်အား ကိုးဆယ်ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရတယ်...တပ်ရင်းမှာ စစ်သားခြောက်သောင်းပဲ ကျန်တော့တယ်.... သူတို့ကို အနားယူခိုင်းလိုက်...သူတို့က လာမယ့်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် မသင့်တော်တော့ဘူး"

လုယွီက ပြောဆိုသည်။

ကျန်းဖုန်းက စိုးရိမ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလေ၏။။

"ကျွန်တော်...ကျွန်တော်...ကျွန်တော်တို့ တိုက်ခိုက်နိုင်သေးတယ်"

လုယွီက ခေါင်းခါလိုက်သည်။

"ထားလိုက်တော့....ငါ စိတ်ပိုင်းဖြတ်ပြီးသွားပြီ... ငါ မင်းကိုပေးအပ်ဖို့ ပိုပြီးအရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေတယ်"

ကျန်းဖုန်းက မြေပေါ်တွင် အလျင်အမြန် ဒူးထောက်ပြီး အမိန့်ကို စောင့်ဆိုင်းနေသည်။

လုယွီက ပြောဆိုသည်။

"ငါ့ရဲ့ အမိန့်ပေးတံဆိပ်ပြားကို ယူပြီး ပတ်ဝန်းကျင်က ကြယ်နန်းတော်နှစ်ဆယ့်တစ်ခုက စားနပ်ရိက္ခာနဲ့ အစောင့်တပ်အားလုံးကို လွှဲပြောင်းခိုင်းလိုက်....သူတို့ကို စစ်ကူတပ်တွေ လွှတ်ခိုင်းလိုက်စမ်း.... သူတို့ ငြင်းဆန်ရဲရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားခိုင်းလိုက်...."

ကျန်းဖုန်းသည် တံဆိပ်ပြားကို ယူပြီး သူ၏အိတ်ကပ်အတွင်းသို့ ဂရုတစိုက် ထည့်လိုက်ကာ ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့နေသည်။

"ဒါ့ပြင် ချောင်ပေါင်ရဲ့ ဇာတိက တင်းအန်းကြယ်မဟုတ်လား....ဒီကနေ မဝေးဘူး..."

လုယွီသည် သက်ပြင်းရှည်ကြီးရှိုက်ပြီး ပြောဆိုလိုက်၏။

"ချောင်ပေါင်ရဲ့ ခေါင်းတလားကို ယူသွားပြီးတော့ သူရဲ့ဇာတိမှာ သင်္ဂြိုဟ်လိုက်ပါ...."

ကျန်းဖုန်း အနည်းငယ် မှင်သက်သွားသည်။

သူသည် ယခင်က ချောင်မိသားစု၏ အစေခံတစ်ဦးဖြစ်ပြီး ချောင်ပေါင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ထိုအချိန်ကျမှသာ သူသည် စစ်တပ်အတွင်းသို့ ဝင်ရောက်ပြီး သူ၏ အစေခံအဆင့်အတန်းကို ဖယ်ရှားကာ စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာခဲ့သည်။

သို့ရာတွင် သူ ကျန်းဖုန်းသည်လည်း တင်းအန်းကြယ်မှ လာခဲ့သူပင်။

လုယွီသည် ကျန်းဖုန်းအတွက် တာဝန်တစ်ခု စီစဉ်ပေးခဲ့ပုံရသော်လည်း အမှန်အားဖြင့် သူ၏ဇာတိသို့ အလည်အပတ်ပြန်သွားနိုင်ရန်ပင်။

စစ်သားများသည် စစ်မြေပြင်တွင် သေဆုံးပြီး သူတို့၏ အရိုးများကို တောင်တန်းများတွင် သင်္ဂြိုဟ်ကြသည်။ သူ၏ဇာတိသို့ ပြန်လည်ရောက်ရှိနိုင်ခြင်းသည် အကြီးမားဆုံးသော အခွင့်အရေးတစ်ခု ဖြစ်နေလေပြီ။

ကျန်းဖုန်း၏ပါးစပ်တုန်ရီနေပြီး သူ၏မျက်လုံးများ အနည်းငယ် နီမြန်းနေသည်။ သူသည် လုယွီကို အကြိမ်ရေအနည်းငယ် ဦးညွှတ်ပြီးနောက် ခေါင်းတလားကို သယ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

ကျန်းဖုန်း ထွက်ခွာသွားပြီးနောက် လုယွီသည် ဖြည်းညှင်းစွာထပြီး အလုပ်ရှုပ်နေသော စစ်စခန်းကို ကြည့်လိုက်သည်။

ပုန်းကွယ်နဂါးစစ်တပ်သည် လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းပြီး ထန်စစ်တပ်ကို အပြင်းထန်ဆုံးနည်းလမ်းများဖြင့် လိုက်လံတိုက်ခိုက်နေသည်။

Chapter 4838

တင်းအန်းကြယ်နယ်မြေသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏အပြင်ဘက် တော်ဝင်မြို့တော်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသည်။

ဤနေရာသည် စစ်မြေပြင်နှင့် မဝေးသော်လည်း တင်းအန်းကြယ်နယ်မြေအရှင်အိမ်တော်သည် မည်သည့်စစ်ကူတပ်မျှ စေလွှတ်ခဲ့ခြင်းမရှိချေ။

တာယွီတော်ဝင်နန်းတွင်းသည် ထန်အင်ပါယာနှင့် သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အစောင့်တပ်အသီးသီးသည် မလှုပ်ရှားခဲ့ကြချေ။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်နှင့် ထန်စစ်တပ်၏ကြားမှ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြပြီး မည်သူ့ကိုမျှ မကူညီခဲ့ကြပေ။

ပုန်းကွယ်နဂါးစစ်တပ်သည် ပြန်လည်ဖွဲ့စည်းရန် လိုအပ်သော်လည်း ကျန်းဖုန်းသည် တင်းအန်းကြယ်နယ်မြေသို့ ရောက်ရှိလာသည်။

ရင်းနှီးသော်လည်း စိမ်းသက်သက်ဖြစ်နေသော နယ်မြေတစ်ခုသည် ကျန်းဖုန်း၏ မျက်လုံးများအတွင်းတွင် ထွက်ပေါ်လာပေ၏။ သူသည် အနည်းငယ် စိတ်လှုပ်ရှားပြီး အနည်းငယ် ဝမ်းနည်းနေမိသည်။

ထိုနှစ်က သူတို့ ထွက်ခွာလာချိန်တွင် ချောင်ပေါင်နှင့် ကျန်းဖုန်းတို့သည် စိတ်အားထက်သန်နေကြပြီး သူတို့၏ ဇာတိကို စွန့်ခွာကာ နာမည်ဂုဏ်သတင်းများ ကျော်ကြားလာရန် ကြံစည်ခဲ့ကြသည်။

ယခုချိန်၌ သူတို့သည် ဇာတိမြေသို့ ပြန်လည်ရောက်ရှိသည့်အခါ ချောင်ပေါင်၏အသက်နှင့် မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားလေပြီ။

လေးလံသော ခေါင်းတလားသည် ကျန်းဖုန်း၏ ကျောနောက်တွင် ရှိနေပြီး သူ၏ခန္ဓာကိုယ်ကို နှိုင်းယှဉ်စရာမရှိလောက်အောင် သေးငယ်သွားစေသည်။ ကျန်းဖုန်းသည် သွေးများဖြင့် ဖုံးလွှမ်းနေသော သံချပ်ကာတစ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သဖြင့် လမ်းပေါ်မှ လမ်းသွားလမ်းလာများသည် သူ့ကို ရှောင်ရှားပြီး သူ့ကို လက်ညှိုးထိုးနေကြသည်။

သို့ရာတွင် ကျန်းဖုန်းသည် ဤအရာအားလုံးကို ဂရုမစိုက်ခဲ့ပေ။

သူသည် သူ၏အမှတ်တရများကို ရှာဖွေပြီး ချောင်မိသားစုရှိရာ ဖန်မြို့သို့ လာခဲ့သည်။

ပြိုကျနေသော မြို့တံတိုင်းများသည် သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာပေ၏။ တစ်ချိန်က စည်ကားခဲ့သော ဖန်မြို့သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

မြို့သည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပုံရသည်။ မြေပြင်ပေါ်ရှိ နေရာတိုင်းတွင် ချိုင့်နက်ကြီးများ ရှိနေသည်။ ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီး ကျိုးပဲ့ပျက်စီးနေသော အိမ်များနှင့် အပျက်အစီးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

ဖန်မြို့တွင် သက်ရှိလူသားများ မရှိတော့ပေ။

ထို့ပြင် အကောင်းပကတိကျန်ခဲ့သော အဆောက်အဦးတစ်လုံးပင် မရှိတော့ချေ။

ကျန်းဖုန်းသည် သူ၏ကျောပေါ်တွင် ခေါင်းတလားကို သယ်ဆောင်ပြီး မြို့တံတိုင်းအတွင်းသို့ ယိမ်းယိုင်စွာ ဝင်ရောက်သွားကာ စိတ်ရှုပ်ထွေးစွာဖြင့် နံဘေးပတ်လည်ကို ကြည့်လိုက်သည်။

ကျန်းဖုန်းအတွက် ဖန်မြို့သည် လှပသော အမှတ်တရတစ်ခုများ ရှိနေသောနေရာပင်။

သူသည် အစေခံတစ်ဦးဖြစ်သော်လည်း ချောင်ပေါင်၏ ကလေးဘဝ ကစားဖော်တစ်ဦးအနေဖြင့် သူ၏ဘဝသည် အမှန်တကယ် အလွန်ချမ်းသာကြွယ်ဝသည်။

ဖန်မြို့၏ အရှေ့ဘက်ခြမ်းမှ ပေါင်မုန့်ဆိုင်နှင့် မြို့၏ အနောက်ဘက်ခြမ်းမှ ဆပ်ကပ်ပွဲအားလုံးသည် သူ့အတွက် နက်ရှိုင်းသော အမှတ်တရတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။

သို့ရာတွင် သူ၏စိတ်အတွင်းမှ အမှတ်တရအားလုံးကို ယခုချိန်၌ မမြင်နိုင်တော့ချေ။

ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်တစ်ခုကို ခံစားခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ မရှိတော့ချေ။ မြို့တစ်မြို့သည် ဤသို့ဖြင့် အတင်းအကြပ် ဖျက်ဆီးခြင်းခံခဲ့ရသည်။

ဝံပုလွေရိုင်းတစ်ကောင်သည် အပျက်အစီးများကို ဖြတ်သန်းသွားသည်။ ထိုသားရဲ ကျန်းဖုန်းကို မြင်ချိန်၌ ရုတ်တရက် ကျန်းဖုန်းထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် သူ၏အမြှီးကို ပေါင်ကြားတွင် ညှပ်ကာ ထွက်ပြေးသွားသည်။

ကျန်းဖုန်းသည် ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ချောင်အိမ်တော်ရှိနေသော နေရာသို့ ဒယိမ်းဒယိုင်ဖြင့် သွားလိုက်သည်။

"အား... အား...အား...."

သူသည် လျှောက်လှမ်းသွားရင်း အဆက်မပြတ် အော်ဟစ်ကာ သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်ခံစားချက်များကို ဖွင့်ထုတ်လိုက်သည်။

သူ၏ မြိုသိပ်ထားမှု ဝမ်းနည်းကြေကွဲမှု နာကျင်မှုနှင့် စိတ်ဓာတ်ကျသော စိတ်ခံစားချက်များသည် ဤအချိန်တွင် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

ကျန်းဖုန်းသည် သူ၏ဇာတိသို့ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ခဲ့ပြီး ချောင်ပေါင်ကို ဇာတိမြေသို့ ပြန်လည်ခေါ်ဆောင်လာနိုင်သည်။ သို့ရာတွင်တစ်ချိန်က လှပခဲ့သော သူ၏ဇာတိမြေသည် သူ၏အမှတ်တရများတွင်သာ တည်ရှိနိုင်ပြီး ဘယ်သောအခါမှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ချေ။

ကျန်းဖုန်း၏ အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပေ၏။ သို့ရာတွင် ဤနေရာသည် သရဲတစ္ဆေတို့၏နယ်မြေအလား ဗလာဟင်းလင်းဖြစ်နေသည်။

ချောင်မိသားစု၏ ခြံဝင်းသည် ဗလာဖြစ်နေကာ နေရာတိုင်းတွင် အပျက်အစီးများ ရှိနေသည်။

"လူ..လူ..ရှိလား...."

ကျန်းဖုန်း၏ စကားထစ်ခြင်းသည် ပို၍ပို၍ ပြင်းထန်လာပြီး သူသည် စကားလုံးအနည်းငယ်ကိုသာ အော်ဟစ်နိုင်တော့သည်။

မည်သူမျှ သူ့ကို မတုံ့ပြန်ခဲ့ပေ။

ပင်မအခန်း အခန်းငယ်များ ရှေ့ခြံဝင်း နောက်ခြံဝင်းတို့တွင် ကျန်းဖုန်းသည် သူ၏ကျောပေါ်၌ ခေါင်းတလားကို သယ်ဆောင်ပြီး ရှေ့နောက် ရှာဖွေခဲ့သော်လည်း မည်သူမျှ သူ့ကို မတုံ့ပြန်ခဲ့ပေ။

ကျန်းဖုန်းသည် ရုတ်တရက် ချောင်မိသားစု၏ ပင်မခန်းမဆီသို့ လျှောက်လှမ်းသွားသည်။

ဤသည်မှာ ချောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသာ လာရောက်နိုင်သည့်နေရာပင်။

ကျန်းဖုန်းသည် သူ ဤနေရာသို့ လာရောက်သည့်အချိန်တိုင်း သူ၏ အစေခံအဆင့်အတန်းကြောင့် တားဆီးခြင်းခံရပြီး ချောင်ပေါင် ထွက်လာသည်အထိ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေသည်ကို မှတ်မိနေသေးသည်။

ဤတစ်ကြိမ်တွင် မည်သူမျှ သူ့ကို မတားဆီးခဲ့ချေ။

ပင်မခန်းမအတွင်း၌ အရာအားလုံး ဖရိုဖရဲဖြစ်နေသည်။ ကျန်းဖုန်းသည် ဤနေရာတွင် စာတစ်စောင်ကို တွေ့ရှိခဲ့ပေ၏။

"ငါတို့ ဆယ်ရက်ကျော် ခုခံကာကွယ်ခဲ့ပေမယ့် ကြယ်နယ်မြေအိမ်တော်က ဘယ်စစ်ကူတပ်ကိုမှ မစေလွှတ်ခဲ့ဘူး....ဖန်မြို့က လူတွေက ထန်ရဲ့ အကျဉ်းသားတွေ ဖြစ်ဖို့ ဆန္ဒမရှိတာကြောင့် မြို့ပျက်စီးတဲ့နေ့မှာ အသတ်ခံခဲ့ရတယ်... ငါတို့ ချောင်မျိုးနွယ်က မျိုးဆက်ပေါင်းများစွာ သစ္စာစောင့်သိခဲ့တယ်...ဒီနေ့က ငါတို့အင်ပါယာကို ငါတို့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ့်နေ့ပဲ"

ဤသည်မှာ ချောင်မိသားစုခေါင်းဆောင်၏ သေတမ်းစာပင်။

ကျန်းဖုန်းက ခေါင်းတလားကို ပင်မခန်းမတွင် ထားပြီး ပြောဆိုလိုက်သည်။

"သခင်... သခင်... သခင်လေး... အိမ်ပြန်ရောက်ပြီ"

Chapter 4839

ခေါင်းတလားသည် ပင်မခန်းမ၏ အလယ်တွင် ရှိနေသည်။

ကျန်းဖုန်းသည် ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ရှင်းလင်းပြီး သူ၏စိတ်ထဲမှ အမှတ်တရများအတိုင်း ထိုအရာများကို မူလအခြေအနေသို့ ပြန်လည်ထားရှိလိုက်သည်။

ဤသည်မှာ ချောင်မိသားစု၏ ပင်မခန်းမပင်။ သူသည် ပြတင်းပေါက်အပြင်ဘက်မှ မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ချောင်းကြည့်ခဲ့သဖြင့် ထိုအရာများကို မှတ်မိပြီးဖြစ်သည်။

အလုပ်လုပ်ချိန် တစ်နာရီတိတိအပြီးတွင် ကျန်းဖုန်းသည် နောက်ဆုံး၌ အမှိုက်အားလုံးကို ရှင်းလင်းပြီး ဆယ်နှင့်ချီသော ထိုင်ခုံများကို နေရာချလိုက်သည်။

ထိုထိုင်ခုံနေရာများသည်...

တံခါးအနီးတွင် အကြီးအကဲများဖြစ်ပြီး...

အလယ်တွင် ချောင်မိသားစုဝင် အမျိုးသမီးများရှိကာ...

ရှေ့ဆုံးတွင် ချောင်မိသားစုခေါင်းဆောင်၏နေရာပင်။ သူ၏နံဘေးတွင် သခင်မကြီး မဟာအကြီးအကဲနှင့် သခင်လေး ချောင်ပေါင်တို့ ရှိကြသည်။

ချောင်မိသားစုခေါင်းဆောင်၏စာအောက်တွင် သွေးစွန်းလက်ဗွေရာ အမြောက်အများ ရှိနေသည်။

ဤသည်မှာ သေခြင်းကို ရှာဖွေသော စာတစ်စောင်ပင်။

ချောင်မိသားစုတစ်ခုလုံးသည် အသက်ရှင်ရန် နည်းလမ်းကို မရှာဖွေဘဲ အင်ပါယာကို သစ္စာစောင့်သိရန်သာ ရွေးချယ်ခဲ့သည်။

ယောက်ျား မိန်းမဖြစ်စေ အသက်ကြီးကြီး ငယ်ငယ်ဖြစ်စေ မိသားစုတစ်ခုလုံး စစ်မြေပြင်တွင် သေဆုံးခဲ့ကြသည်။

ကျန်းဖုန်းသည် သူ၏စိတ်အတွင်းမှ အမှတ်တရများအတိုင်း ထိုင်ခုံတစ်ခုံချင်းစီရှေ့တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်၏။

သူ၏အမူအယာသည် တည်ကြည်လေးနက်နေပြီး အနည်းငယ်မျှ ပေါ့ဆမှုမရှိချေ။

ဖယောင်းတိုင်ကို ထွန်းညှိပြီးနောက် အားနည်းသော မီးတောက်တစ်ခုသည် ကျန်းဖုန်း၏မျက်နှာကို ရောင်ပြန်ဟပ်နေသည်။

ယခင်က လူငယ်ဘဝဖြင့် ထွက်ခွာခဲ့သော သူသည် ယခုအချိန်၌ လူလတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်နေပြီဖြစ်ပြီး သူ၏ဆံပင်နှင့် မုတ်ဆိတ်များပင် အနည်းငယ်ဖြူနေလေပြီ။

"သခင်... သခင်လေး...မင်း... မင်း အိမ်မှာနေ... ငါ ငါ ငါ...မင်းအတွက် လက်စားချေပေးမယ်" ကျန်းဖုန်းက ခေါင်းတလားကို မျက်နှာမူပြီး မြေပြင်ပေါ်သို့ ဦးတိုက်လိုက်သည်။

သူ၏နဖူးမှ သွေးများ စီးကျလာပြီး မြေပေါ်သို့ ကျသွားသော်လည်း ကျန်းဖုန်းသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရချေ။

ထို့နောက် ကျန်းဖုန်းသည် သူ၏နဖူးမှ သွေးများကို သုတ်လိုက်ပြီး နောက်သို့လှည့်၍ ချောင်မိသားစု၏ပင်မတံခါးမှ ထွက်ခွာသွားသည်။

ဤနေရာတွင် သူသည် အလှပဆုံး ကလေးဘဝအမှတ်တရများကို ချန်ထားခဲ့သည်။

ယခု ကျန်းဖုန်း ထွက်ခွာသွားချိန်၌ သူသည် ဤအမှတ်တရကို မေ့ဖျောက်ခဲ့ရသည်။ ဤလောကကြီးတွင် စိတ်ပျက်အားငယ်နေသော စစ်ပြန်တစ်ဦး ထပ်တိုးလာပေ၏။။

ကျန်းဖုန်းသည် ပို၍ပင် အသက်ကြီးသွားပုံရကာ သူ၏စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းခံလိုက်ရသည့်အလားပင်။

သူ၏ ဘယ်ဘက်လက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်သောကြောင့် သူ၏အင်္ကျီလက်တစ်ဖက်သည် တွဲလောင်းဖြစ်နေပြီး သူ၏နဖူးမှ သွေးများ စီးကျနေဆဲပင်။ ကျန်းဖုန်းသည် ထိုအရာကို လျစ်လျူရှုပြီး ရှေ့သို့လျှောက်လှမ်းသွားသည်။

သူသည် လုယွီ ပေးခဲ့သော တာဝန်ကို မှတ်မိနေပေ၏။

ကြယ်နယ်မြေအိမ်တော်အသီးသီးမှ အစောင့်တပ်များအားလုံးကို စုစည်းပြီး ထန်စစ်တပ်ကို တိုက်ခိုက်ရပေမည်။

ဤသည်မှာ ကျန်းဖုန်း၏ တာဝန်ပင်။ သူသည် စိတ်အားတင်းပြီး ကြယ်နယ်မြေအိမ်တော်ဆီသို့ အရှိန်ဖြင့် သွားခဲ့သည်။

ဖန်မြို့သည် ကြယ်နယ်မြေအိမ်တော်နှင့် မိုင်နှစ်ရာသာ ကွာဝေးသည်။

ကျန်းဖုန်းသည် ဤနေရာသို့ ခြေချလိုက်သည်နှင့် မိုးကောင်းကင်ယံတွင် ပျံ့နှံ့နေသော မောင်းသံနှင့် ဗုံသံများကို ကြားလိုက်ရသည်။ မရေမတွက်နိုင်သော လူများသည် စိတ်အားထက်သန်စွာဖြင့် လမ်းများပေါ်တွင် လျှောက်သွားနေကြသည်။ နေရာတိုင်းတွင် မီးပုံးများနှင့် ရောင်စုံအလံများ ရှိနေပြီး ဆူညံပွက်လောရိုက်နေသည်။

ဖန်မြို့သည် သရဲတစ္ဆေနယ်မြေကဲ့သို့ဖြစ်ပြီး ဤနေရာသည် သုခဘုံပင်။

စစ်ပြန်ကြီး ကျန်းဖုန်းသည် ဆူညံနေသော လူအုပ်အကြားသို့ လျှောက်လှမ်းသွားသည်။ သူသည် ဤနေရာနှင့် အနည်းငယ် အံမဝင်ခွင်မဖြစ်နေသည်ဟု အစဥ်အမြဲခံစားနေရသည်။

မကြာသေးမီက သူသည် ထန်စစ်တပ်နှင့် စစ်မြေပြင်ပေါ်တွင် တိုက်ခိုက်နေခဲ့သည်။

နောက်ထပ်အချိန်တခဏတွင် သူသည် ရင်းနှီးသော မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကြေကွဲဝမ်းနည်းဖွယ်ရာများကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

ကျန်းဖုန်းသည် ပင်ပန်းနွမ်းနယ်နေလေပြီ။ သူသည် လူတစ်ယောက်နှင့် မတော်တဆ တိုက်မိသွားသည်။

"မင်းမှာ မျက်လုံးမပါဘူးလား..."

"နံ့စော်နေတဲ့ စစ်သားကောင်... ထွက်သွားစမ်း..."

တစ်စုံတစ်ယောက်သည် ကျန်းဖုန်း၏ခန္ဓာကိုယ်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူသည် မကျေမနပ်ဖြင့် ဆဲဆိုလိုက်၏။

ကျန်းဖုန်း၏နံဘေးပတ်လည်တွင် နေရာလွတ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ မည်သူကမျှ သူ့၏အနီးသို့ မချဉ်းကပ်လိုကြချေ။

ကျန်းဖုန်းသည် ရုတ်တရက် လမ်းသွားလမ်းလာများသည် နောက်ဆုံးပေါ် ထန်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ရယ်မောကာ အတူတကွ လျှောက်လှမ်းသွားနေသည်ကို သတိပြုမိလိုက်သည်။

လူတစ်စုသည် လမ်းပေါ်တွင် ထွက်ပေါ်လာပြီး သူတို့၏လက်များအတွင်းတွင် မီးအိမ်များကို ကိုင်ဆောင်ထားကြသည်။ သူတို့အားလုံးသည် သစ္စာစောင့်သိသော ယုံကြည်သက်ဝင်သူများကဲ့သို့ လမ်း၏အဆုံးသို့ လျှောက်သွားနေကြ၏။

"စစ်နတ်ဘုရားက ကျွန်တော့်ကို ကျင့်ကြံနိုင်ဖို့ ကူညီပါလို့ တောင်းပန်ပါတယ်...

"စစ်နတ်ဘုရားက ကျွန်တော့်ကို ကြီးမားတဲ့ မှော်နည်းစနစ်တစ်ခု ချီးမြှင့်ပါလို့ တောင်းပန်ပါတယ်..."

လူတိုင်းသည် သူတို့၏ခေါင်းများကိုငုံ့ပြီး အဝေးမှ ရုပ်တုတစ်ခုဆီသို့ လျှောက်လှမ်းသွားနေကြသည်။

လူအုပ်သည် ဆက်လက်တိုးပွားလာပြီး အဝေးမှ နတ်ဘုရားရုပ်တုသည် မိုးထိလုမတတ် မြင့်မားကာ တောက်ပစွာ ထွန်းလင်းနေသည်။

ကျန်းဖုန်းသည် သူ၏မျက်လုံးများကို ပွတ်သပ်၍ ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ ဤရုပ်တုကို မှတ်မိသည်။

မရေမတွက်နိုင်သော ထန်စစ်သားများ ရှေ့သို့ ပြေးဝင်လာချိန်တွင် ဤရုပ်တု၏ကောင်းချီးပေးမှုသည် သူတို့၏နောက်တွင် ထွက်ပေါ်လာပေလိမ့်မည်။

ဤလူများ ကိုးကွယ်နေသူမှာ ထန်စစ်နတ်ဘုရား လီကျင်းပင်။

Chapter 4840

လီကျင်း၏ မြင့်မားသော ရုပ်တုသည် ကျန်းဖုန်း၏ အမြင်အာရုံအတွင်းတွင် မားမားမတ်မတ် ရပ်တည်နေသည်။

ကျန်းဖုန်းသည် ရုတ်တရက် သူ၏မျက်လုံးများအလွန်စူးရှလာသည်ကို ခံစားလိုက်ရသည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခု ရှိနေသည်။ ဤသည်ကြောင့် သူ၏ရင်ဘတ်အတွင်းတွင် ဗြောင်းဆန်နေပြီး သူ့ကို ဟိန်းဟောက်လိုစိတ် ဖြစ်ပွားစေသည်။

သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော စစ်မြေပြင်သည် သူ၏စိတ်အတွင်းတွင် ပီပြင်ထင်ရှားနေဆဲပင်။

သူတို့သည် ရှေ့တန်းတွင် ထန်စစ်တပ်နှင့် တိုက်ခိုက်နေပြီး ကျူးကျော်လာသူများကို မောင်းထုတ်ရန် အစွမ်းကုန် လုပ်ဆောင်နေကြသည်။

သို့ရာတွင် ရလဒ်သည်.....

သူတို့ ကာကွယ်ခဲ့သော အရပ်သားများသည် ဤနေရာတွင် စုဝေးကြပြီး ရန်သူ၏ နတ်ဘုရားများကို ကိုးကွယ်ရန် ပလ္လင်များ တည်ဆောက်ထားကြသည်။

လီကျင်း၏ရုပ်ထုမှ လက်အတွင်းတွင် စေတီတစ်ဆူကို ကိုင်ဆောင်ထားပြီး သူ၏မျက်လုံးများသည် တောက်ပနေပေ၏။ သူသည် ထန်သံချပ်ကာကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါသည်။

လီကျင်း၏ ရုပ်တုနောက်တွင် တောက်ပသော အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ လည်ပတ်နေသည်။ ဤှရုပ်ထုတွင် ကြီးမားသော နတ်ဘုရားတန်ခိုး ရှိနေလေပြီ။

မရေမတွက်နိုင်သော လူများ၏ ပူဇော်ပသမှုများအောက်တွင် သူသည် နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားပေ၏။

ကျန်းဖုန်း၏စိတ်နှလုံးသားအတွင်းသို့ ဒေါသများ တိုးဝင်လာသည်။

ယခင်က တိုက်ပွဲတွင် သေဆုံးခဲ့သော သူ့ရဲဘော်ရဲဘက်များ၏ မျက်နှာများသည် သူ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။

နတ်ဘုရားရုပ်ထုကို ဝတ်ပြုနေသူများသည် သူတို့ အသက်စွန့်ကာကွယ်ခဲ့သော တာယွီ၏ ပြည်သူများ ဖြစ်သလော...

"သတ်...သတ်.."

ကျန်းဖုန်းက အထစ်ထစ်အငေါ့ငေါ့ ပြောဆိုကာ ရုတ်တရက် လီကျင်း၏ရုပ်ထုထံသို့ ပြေးဝင်သွားသည်။

လမ်းများပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေသည်။ မူလက သူတို့သည် ကျန်းဖုန်းကို သတိမပြုမိခဲ့ကြချေ။

သို့သော် ကျန်းဖုန်း ရုတ်တရက် တိုးဝင်းသည်နှင့် လူအုပ်သည် ချက်ချင်း ကြဲပြန့်သွားပြီး မရေမတွက်နိုင်သော လူများ အော်ဟစ်လိုက်ကြသည်။

ယနေ့ ပူဇော်ပွဲအတွက် လူအမြောက်အများသည် အလှဆင်ပြီး ထွက်လာကြလေ၏။

ယခုချိန်တွင် ရုတ်တရက် ပရမ်းပတာဖြစ်သွားသဖြင့် လူအုပ်ကြီးထံမှ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။

"ဒီနံ့စော်နေတဲ့စစ်သားက ဘယ်က လာတာလဲ... သူရဲ့ခန္ဓာကိုယ်က ညစ်ပတ်နေတာပဲ..."

"ထွက်သွား... သူ့ကို ဆွဲထုတ်ပေးမယ့်သူ ဘယ်သူရှိလဲ...ငါ အခုလေးတင် ဝယ်ထားတဲ့ ထန်ဝတ်စုံကို မညစ်ပတ်စေနဲ့..."

မရေမတွက်နိုင်သော လူများ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ တချို့သည် ကျန်းဖုန်းကို လက်သီးဖြင့် ထိုးပြီး ခြေဖြင့် ကန်ကြသည်။

သို့ရာတွင် ကျန်းဖုန်းသည် ဂရုမစိုက်ချေ။ သူ၏မျက်လုံးများသည် သွေးနီရောင်သန်းနေပြီး သူသည် လီကျင်း၏ရုပ်တုထံသို့ ပြေးသွားသည်။

စစ်နတ်ဘုရား လီကျင်း၏ အကူအညီကြောင့် ထန်စစ်တပ်သည် နတ်ဘုရား၏ အကူအညီ ရရှိသကဲ့သို့ ဖြစ်နေပြီး စစ်မြေပြင်ပေါ်တွင် သူ၏ရဲဘော်ရဲဘက်များကို သတ်ဖြတ်နိုင်ခဲ့သည်။

ထန်စစ်တပ်သည် ဖန်မြို့ကို ဖျက်ဆီးပြီး ချောင်မိသားစုကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။

ကျန်းဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသထွက်နေသည်။ သူသည် ဤရုပ်တုကို ဖျက်ဆီးလိုသည်။ သူသည် ကွယ်လွန်သူ ချောင်ပေါင်နှင့် သူ၏ရဲဘော်ရဲဘက်များအတွက် လက်စားချေလိုပေ၏။

"ရပ်လိုက်စမ်း.... စစ်နတ်ဘုရားပူဇော်ပွဲ စတင်တော့မယ်...ဘယ်သူက လာပြီး ပြဿနာရှာရဲလဲ..."

ရုပ်ထု၏ရှေ့သို့ အစောင့်အုပ်စုတစ်စု ပြေးထွက်လာပြီး သူတို့၏လက်များအတွင်းတွင် လက်နက်များကို ကိုင်ဆောင်ထားကာ ကျန်းဖုန်းကို ပိတ်ဆို့ဟန့်တားလိုက်ကြသည်။

သို့ရာတွင် သူတို့သည် ကျန်းဖုန်း၏ ပုံပန်းသွင်ပြင်ကို မြင်ချိန်၌ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

'ဒါက ဘယ်လိုလူမျိုးလဲ....'

ကျန်းဖုန်း၏ ဘယ်ဘက်လက်သည် ကျိုးနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေသည်။ သူ၏မျက်နှာပေါ်တွင် ဖုန်များ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ညစ်ပတ်နေသောမျက်နှာမှ တောက်ပသော မျက်လုံးနှစ်လုံးကိုသာ မြင်တွေ့နိုင်သည်။

"လမ်းဖယ်ပေးစမ်း"

ကျန်းဖုန်းက သူ၏ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။

ထိုဓားကို မြင်ချိန်၌ ပတ်ဝန်းကျင်ရှိ လူများထံမှ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။

"သူက ဓားကို သုံးချင်သေးတယ်... သူက ဓားပြလား..."

"သူ့မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်.... စစ်နတ်ဘုရားရုပ်တုရှေ့မှာ ဓားကို သုံးရဲတယ်... ဒါက တကယ့်ကို တရားလွန်တဲ့လုပ်ရပ်ပဲ..."

လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးကြပြီး အေးစက်စက် လှောင်ရယ်လိုက်ကြသည်။

သို့သော် သူတို့သည် ခပ်ခွာခွာနေပြီး ကျန်းဖုန်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုစိတ်ကို ကြောက်ရွံ့နေကြသည်။ သူတို့သည် သူ၏အနီးသို့ မချဉ်းကပ်ရဲကြချေ။

"သူ့ကို တားလိုက်စမ်း..."

အစောင့်သည် ဒေါသထွက်သွားပြီး သူ၏လက်နက်ကို ကိုင်မြှောက်ကာ ကျန်းဖုန်းဆီသို့ ပြေးသွားသည်။

ချွင်....ချွင်... ချွင်...

ကျန်းဖုန်းသည် သူ၏ဓားရှည်ကို ဝှေ့ယမ်းပြီး အစောင့်အုပ်စုကို ဆုတ်ခွာသွားစေခဲ့သည်။

သူသည် ဒဏ်ရာရနေသော်လည်း တပ်ရင်း၏ တပ်မှူးတစ်ဦးအနေဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို ဤအစောင့်များနှင့် နှိုင်းယှဉ်၍မရပေ။

မည်သူမျှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။ ကျန်းဖုန်းသည် လီကျင်း၏ ရုပ်ထုရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

ရုပ်ထုကြီးသည် ခမ်းနားထည်ဝါစွာ မတ်တတ်ရပ်နေပြီး လီကျင်း၏မျက်နှာသည် ကြီးကျယ်ခမ်းနားပေ၏။

"ငါ မင်းကို သတ်မယ်....."

ကျန်းဖုန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်အတွင်းမှ ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

သို့ရာတွင် ထိုအချိန်မှာပင် လီကျင်း၏ရုပ်ထုသည် ရုတ်တရက် ရွှေရောင်အလင်းတန်းများတောက်ပလာပြီး အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသဖြင့် ကျန်းဖုန်းကို ချက်ချင်းလွင့်ထွက်သွားစေခဲ့သည်။

All Chapters