အခန်း (၄၈၅၁-၄၈၅၅)
Vol. 246 Ch. 4851-4855
Chapter 4851
အသက်တစ်ရာအရွယ်ရှိသော ကျိုးဟောင်သည် သူ့တပည့်များ၏ အကူအညီဖြင့် ဒယိမ်းဒယိုင် လျှောက်လှမ်းလာသည်။
ကျိုးဟောင်သည် အစစ်အမှန်ဂိုဏ်း၏ခေတ်ကာလမှ ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် တော်ဝင်ကျောင်းတော်၏ စာကြည့်တိုက်မှူး စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၏အမတ်ကြီး ဖိန်လျန်တောင်ကြားခံတပ်၏တပ်မှူး စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူ၏ဇာတိသို့ ပြန်လည်ရောက်ရှိချိန်တွင် သူသည် စာပေသင်ကြားပို့ချခဲ့ပြီး သူ၏တပည့်များသည် တိမ်စိုင်များကဲ့သို့ အလွန်များပြားပေ၏။
သူသည် အစပထမတွင် အရပ်ဘက်အရာရှိ နောက်ပိုင်းတွင် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော ဒုက္ခဆင်းရဲများကို ကြုံတွေ့ခဲ့ရသည်။
တင်းအန်းကြယ်နယ်မြေပေါ်တွင် ကျိုးဟောင်၏ နာမည်ဂုဏ်သတင်း အလွန်အမင်းမြင့်မားသည်။
ကုန်သည်ထံတွင် လူမိုက်များစွာ ရှိသော်လည်း သူတို့သည် ကျိုးဟောင်အပေါ် အင်အားသုံးဝံ့ခြင်း မရှိချေ။
"ဒီတစ်ခါ စစ်နတ်ဘုရားပူဇော်ပွဲအတွက် အဆောက်အဦးကို ဆောက်ခဲ့တာ မင်းလား..."
ကုန်သည် ရောက်လာသည်ကို မြင်ချိန်၌ ကျိုးဟောင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ကုန်သည်က အပြုံးနှင့် ပြောဆိုသည်။
"ကျွန်တော်ပါပဲ.... လူအိုကြီးကျိုး...ခင်ဗျားက ကျောင်းတော်မှာ မသင်ကြားဘဲ ဘာလို့ ဒီနေရာကို ရောက်လာခဲ့တာလဲ...."
"ကျောင်းတော်က မြင့်မြတ်ပြီး အကျင့်သီလရှိတဲ့ စာပေတွေကို သင်ကြားတဲ့နေရာ... အခု ငါ့ရှေ့မှာ သစ္စာဖောက်တွေ ပြောင်ပြောင်တင်းတင်း ပေါ်လာမှတော့ ငါက ဘယ်လိုလုပ်ပြီး ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေနိုင်မှာလဲ"
ကျိုးဟောင်သည် အသက်ကြီးသော်လည်း သူ၏အသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေသည်။
ကုန်သည်က မျက်မှောင်ကြုတ်လိုက်သည်။
"လူအိုကြီးကျိုး...ခင်ဗျား ဘာကို ဆိုလိုတာလဲ...."
"ထန်စစ်တပ်က တာယွီရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်....သူက ငါတို့ရဲ့ ရန်သူပဲ.... ဘာလို့ ဒီနေရာမှာ ထန်ရဲ့စစ်နတ်ဘုရားကို ကိုးကွယ်နေတာလဲ"
ကျိုးဟောင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ကုန်သည်က ပြောဆိုသည်။
"နတ်ဘုရားက ဘယ်အင်ပါယာရဲ့လူလို့ မခွဲခြားဘူး...လူအိုကြီးကျိုး ခင်ဗျားရဲ့ စိတ်က အစွန်းရောက်နေတာပဲ.... ငါတို့က နတ်ဘုရားကို ကိုးကွယ်သင့်တယ်"
ကျိုးဟောင်က ချေပသည်။
"ဒီလူအိုကြီးက အသက်ကြီးပေမယ့် ငါ့ရဲ့စိတ်နှလုံးသားက မအိုသေးဘူး... မင်းက ထန်အင်ပါယာရဲ့ ကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံရင် ဒီလူအိုကြီးက ကန့်ကွက်မှာ မဟုတ်ဘူး... မင်းက ထန်ဝတ်စုံ ဝတ်ဆင်ထားရင်တောင် ငါဘာမှပြောမှာ မဟုတ်ဘူး..."
"ဒါပေမယ့် စစ်နတ်ဘုရားပူဇော်ပွဲက ဘာလဲဆိုတာ မင်း သိရဲ့လား...."
"စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အချိန်တိုင်း ထန်စစ်တပ်က သေဆုံးသွားတဲ့ စစ်သားတွေကို နှစ်သိမ့်ဖို့ စစ်နတ်ဘုရားပလ္လင်ကို တည်ဆောက်လိမ့်မယ်.. ဒါက ရန်သူတွေအတွက် ပွဲတော်တစ်ခုပဲ... ငါ မင်းကို မေးမယ်...တာယွီရဲ့ နယ်မြေမှာ ဒီလို ပွဲတော်မျိုး ကျင်းပဖို့ မင်းမှာ ဘာအခွင့်အရေးရှိလဲ..."
ကုန်သည်က သဘောမတူဘဲ ငြင်းဆန်လေသည်။
"ဒါက ထန်အင်ပါယာက သူတို့ရဲ့ စစ်သားတွေကို အလေးအနက်ထားတယ်ဆိုတာ ပြသတာပဲ....ငါတို့က ဒါကို ပြန်လည်သုံးသပ်ပြီး သူတို့ဆီကနေ သင်ယူသင့်တယ်"
"မင်း...."
ကျိုးဟောင်၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။
"လူယုတ်မာ.... ထန်စစ်တပ်က ဖန်မြို့တစ်မြို့လုံးက လူတွေကို သတ်ဖြတ်ခဲ့တာ မင်း မသိဘူးလို့ မပြောနဲ့.... မင်းက ငါတို့ရဲ့စစ်သားတွေကို မြှုပ်နှံထားတဲ့ မြေပေါ်မှာ ရန်သူစစ်နတ်ဘုရားအတွက် ပူဇော်ပွဲကို ကျင်းပချင်နေတာလား...."
ဤစကားကိုပြောဆိုပြီးနောက် ကျိုးဟောင်၏ မျက်နှာသည် ရုတ်တရက် နီမြန်းသွားပြီး ဒေါသကြောင့် သတိလစ်သွားသည်။
သူ၏နံဘေးမှ တပည့်များသည် ထိတ်လန့်တကြားဖြစ်သွားကာ သူတို့၏မျက်နှာများ ဖြူဖျော့သွားပြီး ကျိုးဟောင်ကို အလျင်အမြန် တွဲထူလိုက်ကြ၏။
သို့ရာတွင် ကုန်သည်က လှောင်ပြောင်ရယ်မောပြီး ပြောဆိုလိုက်သည်။
"ဒါက ခင်ဗျားကို စိုးရိမ်ပူပန်စေတဲ့အရာလား...ဒီလောက်လေးနဲ့ ခင်ဗျားက မေ့တောင်လဲသွားသေးတယ်"
ကျောင်းတော်မှတပည့်များ၏ ဒေါသထွက်နေသော အကြည့်များအောက်တွင် သူသည် ကြီးကျယ်ခမ်းနားစွာ ထွက်ခွာသွားပေ၏။
သို့ရာတွင် ထိုအချိန်မှာပင် အဝေးမှ လူအုပ်အကြားတွင် ရုတ်ရုတ်သဲသဲနိုင်မှုများ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
"အခုက ဘာဖြစ်နေတာလဲ"
ကုန်သည်သည် ဒေါသထွက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အစေခံတစ်ဦး အလျင်အမြန် ပြေးလာပြီး သူ၏မျက်နှာ ဖြူဖျော့နေသည်။
"သခင်ကြီး.... မကောင်းတော့ဘူး...ထန်စစ်တပ်က ရောက်လာပြီးတော့ တိုက်ခိုက်နေပြီ"
"ဘာ...."
ကုန်သည်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏
ထန်စစ်တပ်သည် ဆုတ်ခွာသွားပြီ မဟုတ်လော....
မည်သည်ကြောင့် ဤအချိန်တွင် ထန်စစ်တပ် ပြန်ရောက်လာသနည်း....
သူ တုံ့ပြန်မှုမပြုနိုင်မီ ထန်စစ်သားအုပ်စုတစ်စုသည် လူအုပ်အကြားသို့ ပြေးဝင်လာပြီး လူစုခွဲလိုက်သည်။
မရေမတွက်နိုင်သော ထန်စစ်သင်္ဘောများသည် လူတိုင်း၏အမြင်အာရုံအတွင်းတွင် ထွက်ပေါ်လာသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ လမ်းများသည် ရုတ်တရက် ပြည့်ကျပ်ပြီး လူများ အချင်းချင်း တိုက်မိနေသည်။ သူတို့သည် စစ်နတ်ဘုရားပလ္လင်ကို ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏အသက်အတွက် ပြေးလွှားနေကြ၏။
လမ်းများပေါ်တွင် ထန်စစ်သားများ ထွက်ပေါ်လာကြသည်။
ကုန်သည်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသော်လည် အလျင်အမြန် ပြန်လည်ကောင်းမွန်သွားသည်။
သူသည် ထန်စစ်တပ်ထံသို့ ပြေးသွားပြီး မြေပေါ်တွင် ဒူးထောက်ကာ အော်ဟစ်လိုက်သည်။
"တော်ဝင်စစ်တပ်ကို ကြိုဆိုပါတယ်...."
ထန်စစ်တပ်မှ တာအိုဝတ်စုံဝတ် လူငယ်တစ်ဦး ရှေ့သို့ထွက်လာသည်။
သူသည် လုယွီ လိုက်လံရှာဖွေနေခဲ့သော လီမီပင်။
လီမီ၏မျက်နှာသည် ဖြူဖျော့နေသည်။ သူသည် ကုန်သည်ကို ကြည့်ပြီး မေးမြန်းလိုက်၏။
"မင်းက ဒီနေရာမှာ တာဝန်ခံလား"
ကုန်သည်က အလျင်အမြန်ဦးညွှတ်ပြီး ပြောဆိုသည်။
"ဟုတ်ကဲ့....ကျွန်တော်ပါပဲ..."
"မင်းတို့ရဲ့ ကြယ်နယ်မြေအရှင် ဘယ်မှာလဲ.. ငါ့ကို သူ့ဆီ ခေါ်သွားပေးစမ်း"
လီမီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
ကုန်သည်က မျက်နှာချိုသွေးသော အပြုံးနှင့် တုံ့ပြန်သည်။
"ကြယ်နယ်မြေအရှင် ကျွန်တော့်ရဲ့ အိမ်တော်မှာ ရှိနေပါတယ်...တပ်မှူး ရောက်လာတာကို ကြားသိရင် သူ အရမ်းဝမ်းသာသွားလိမ့်မယ်"
"မင်းက... ထန်လူမျိုးလား"
လီမီက မျက်မှောင်ကြုတ်လိုက်သည်။
ကုန်သည်သည် သူ၏ခေါင်းကိုမော့ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဒီနိမ့်ကျတဲ့လူက ထန်လူမျိုး မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်က နေ့တိုင်း ထန်အဝတ်အစားတွေ ဝတ်ဆင်ပြီး ထန်ဓလေ့ထုံးတမ်းတွေကို သင်ယူထားပါတယ်... ကျွန်တော်က စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ထန်လူမျိုး ဖြစ်နေခဲ့တာ ကြာပြီ.. တပ်မှူး စိတ်ချပါ...တပ်မှူး ဘာကိုပဲလိုအပ်ပါစေ ကျွန်တော်ကအရာအားလုံးကို ဖြည့်ဆည်းပေးပါ့မယ်...."
Chapter 4852
ဤကုန်သည်သည် ထန်စစ်တပ်ကို မြင်တွေ့ချိန်၌ လုံးလုံးလျားလျား ကြောက်ရွံခြင်းမရှိဘဲ စိတ်လှုပ်ရှားနေသည်။
ထန်စစ်သားများသည် ဤကုန်သည်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
လမ်းတလျှောက်တွင် လူအများအနက်မှ တချို့သည် သူတို့ကို ကြောက်ရွံ့ကြပြီး တချို့မှာသူတို့အပေါ် ဒေါသထွက်ကြသော်လည်း တာယွီ၏ ပြည်သူများအနက်မှ မည်သူကမျှ သူတို့ကို ဤသို့သော နည်းလမ်းဖြင့် မဆက်ဆံခဲ့ချေ။
"ခင်ဗျား ဒုက္ခခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကြယ်နယ်မြေအရှင်ကို ဒီနေရာဆီ လာခိုင်းလိုက်ပါ"
လီမီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ကုန်သည်သည် အမိန့်ကို လက်ခံပြီးနောက် ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားသည်။
သူသည် ထန်စစ်တပ်ကို အမှုထမ်းနိုင်ခြင်းအတွက် ဂုဏ်ယူဝင့်ကြွားနေသည်။
ကုန်သည် ထွက်ခွာသွားသည်ကို မြင်ချိန်၌ လက်ရှိနေရာတွင် ရှိနေသော ထန်စစ်ဗိုလ်ချုပ်များသည် အချင်းချင်း အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
"တကယ်လို့ တာယွီမှာ ဒီလိုလူစားမျိုးတွေသာ ရှိနေခဲ့ရင် ငါတို့က ပုန်းကွယ်နဂါးစစ်တပ်ရဲ့ ဒီလောက် သည်းကြီးမည်းကြီး လိုက်သတ်တာကို ခံရမှာ မဟုတ်ဘူး"
လီကွမ်းပိက သက်ပြင်းရှိုက်လိုက်သည်။
တခြား ထန်စစ်ဗိုလ်ချုပ်များသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို ရင်ဆိုင်ရာတွင် အခက်တွေ့ခဲ့ရသည်။ ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့နှင့် အချိန်ဖြုန်းလိုစိတ်မရှိဘဲ သူတို့အားလုံးကို သတ်ဖြတ်နိုင်ရန် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။ ပုန်းကွယ်နဂါးစစ်သားများသည် သတ်ဖြတ်လိုစိတ် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်ပေ၏။
နှိုင်းယှဉ်ကြည့်လျှင် ထန်အင်ပါယာသို့ ဆန္ဒအလျောက် ပူးပေါင်းခဲ့သော ဤကဲ့သို့ လူများကို ကိုင်တွယ်ရန် အလွန်ပို၍လွယ်ကူသည်။
"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ....လုယွီကို တာယွီတော်ဝင်နန်းတွင်းက ရာထူးကနေ ဖယ်ရှားခဲ့ပြီး ဖမ်းဝရမ်းတောင် ထုတ်ခဲ့တယ်လို့ ငါ ကြားတယ်...."
"ဒီလူသာ ထန်အင်ပါယာမှာ ရှိခဲ့ရင် သူက ပိုပြီးကြီးမားတဲ့ အရာတွေကို အောင်မြင်နိုင်မှာ သေချာပေါက်ပဲ.... ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ..."
ထန်စစ်ဗိုလ်ချုပ်သည် လုယွီအကြောင်းကို စတင်၍ ဆွေးနွေးလိုက်လာပြီး ရောထွေးသော စိတ်ခံစားချက်များဖြင့် သက်ပြင်းရှိုက်နေကြသည်။
ဤသို့သော စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်တစ်ဦး၏ နောက်ကွယ်တွင် သူရဲဘောကြောင်သော တော်ဝင်နန်းတွင်း ရှိနေသည်မှာ နှမြောဖွယ်ကောင်းပေ၏။
လီမီသည် စကားမပြောဘဲ သူ၏မျက်နှာပေါ်တွင် နားလည်ရခက်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
မကြာမီမှာပင် ကြယ်နယ်မြေသခင်အန်းရန် အလျင်အမြန် ရောက်လာသည်။
သူသည် ထန်စစ်တပ်၏ ရုတ်တရက်ကျူးကျော်ဝင်ရောက်လာမှု သတင်းကို မရရှိခဲ့ချေ။
အကြောင်းအရင်းမှာ အစောင့်တပ် စစ်ဗိုလ်ချုပ်များအားလုံးအား စစ်နတ်ဘုရားကို ဝတ်ပြုရန် အတင်းအကြပ် အမိန့်ပေးခံခဲ့ရသောကြောင့်ပင်။
အပြင်ဘက်မှ ကာကွယ်ရေးကို တာဝန်ယူထားသူဟူ၍ မည်သူမျှမရှိသောကြောင့် ထန်စစ်တပ်သည် မည်သည့်အတားအဆီးမျှ မရှိဘဲ ကြယ်နယ်မြေအိမ်တော်ထံသို့ ချောမွေ့စွာ ရောက်ရှိလာခဲ့သည်။
"ဒီအရာရှိက ကောင်းကင်ဘုံနန်းတွင်းရဲ့ တော်ဝင်နည်းဗျူဟာမှူးနဲ့ အရှင်တို့ကို နှုတ်ဆက်ပါတယ်"
ကြယ်နယ်မြေအရှင်အန်းရန်သည် သူ၏ခေါင်းကို အလွန်နိမ့်ကျစွာ ငုံ့လိုက်သည်။
တင်းအန်းကြယ်နယ်မြေပေါ်တွင် သူ ဆန္ဒရှိသမျှ အရာရာတိုင်းကို လုပ်နိုင်သော်လည်း ထန်စစ်တပ်၏ရှေ့တွင် သူသည် အရာမဝင်လှချေ။
"ငါတို့က တင်းအန်းကြယ်နယ်မြေပေါ်မှာ အချိန်ကာလတစ်ခုလောက် နေဖို့လိုတယ်....မင်းရဲ့အိမ်တော်ကို ငါတို့အတွက် စားနပ်ရိက္ခာချို့ ပြင်ဆင်ပေးဖို့ အနှောင့်အယှက်ပေးရတော့မယ်"
လီမီက ပြောသည်။
လီမီသည် သူ့နောက်သို့ တစ်ချက်ကြည့်ပြီးဆက်လက်၍ ပြောဆိုလိုက်၏။
"လူတစ်သန်းအတွက် ရက်သုံးဆယ်စာ ရိက္ခာကို လုံလောက်အောင် ပြင်ဆင်ပေးပါ"
ကြယ်နယ်မြေအရှင်အန်းရန်၏ အမူအယာ ပြောင်းလဲသွားသည်။
ဤရိက္ခာပမာဏသည် ရိုးရှင်းစွာပြောရပါက အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ကြယ်နယ်မြေအိမ်တော်တွင် စပါးကျီအနည်းငယ် ရှိသော်လည်း ဤမျှကြီးမားသော စစ်တပ်တစ်တပ်ကို ထောက်ပံ့ရန်မှာ အလွန်ခက်ခဲနေဆဲပင်။
"အရှင်.... ငါတို့က အနယ်နယ်အရပ်ရပ်ကနေ စပါးတွေ စုဆောင်းလို့ရတယ်....ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ မဟာမိတ်တွေအပေါ် မတရားဆက်ဆံလို့မဖြစ်ဘူး"
ကုန်သည်က အော်ဟစ်လိုက်သည်။
ဤအချိန်တွင် ကြယ်နယ်မြေအရှင်အန်းရန်သည် စိတ်ဒုန်းဒုန်းချ၍ သဘောတူရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ပေ။
အဝေးတွင် စစ်သင်္ဘောများသည် တောအုပ်အတွင်းမှ သစ်ပင်များကဲ့သို့ ရပ်နေကြသည်။ အင်အားများပြားသော ထန်စစ်တပ်ကို တစ်ချက်ကြည့်ရုံဖြင့် အဆုံးသတ်ကို မမြင်နိုင်ချေ။
ကြယ်နယ်မြေအရှင်အန်းရန်၏ စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်နေသည်။ သူ့ရှေ့မှ ထန်စစ်တပ်တွင် စစ်သား မည်မျှထိရှိသည်ကို သူ အတပ်မပြောနိုင်ပေ။
သေးငယ်သော တင်းအန်းကြယ်နယ်မြေသည် ဤထန်စစ်တပ်ကို မည်သိုမျှ ခုခံကာကွယ်နိုင်မည် မဟုတ်ချေ။
"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒါ့ပြင် ငါတို့ ရောက်ရှိလာတဲ့သတင်းကို တခြားဘယ်သူမှ မသိစေချင်ဘူး"
လီမီက ကြယ်နယ်မြေအရှင်အန်းရန်၏ ပခုံးကို ပုတ်လိုက်သည်။
"တော်ဝင်ဗျူဟာမှူး စိတ်ချပါ.... ဒီအရာရှိက သေချာပေါက် ပါးစပ်လုံပါ့မယ်"
ကြယ်နယ်မြေအရှင်အန်းရန်က သူ၏ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်သည်။
သူသည် အလျင်အမြန် ထွက်ခွာသွားပြီး ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့သည်။
"အရှင်.... ငါတို့ တကယ်ကြီး ဒီနေရာမှာ တပ်စွဲတော့မှာလား"
စစ်ဗိုလ်ချုပ်တစ်ဦးက မေးမြန်းလိုက်၏။
လီမီက ခေါင်းခါလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါက ဒီနေရာမှာ ခဏနားရုံပဲ...ရိက္ခာသယ်ယူပို့ဆောင်ရေးကို တာဝန်ယူတဲ့ စစ်တပ်ကို လုယွီက ဟန့်တားခဲ့တာကြောင့် ထောက်ပံ့ရေးပစ္စည်းတချို့ရဖို့ ဒီနေကို လာခဲ့တာပဲ"
"မနက်ဖြန်ကျရင် စစ်တပ်တစ်တပ်လုံး ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချီတက်ပြီးတော့ ပုန်းကွယ်နဂါးစစ်တပ် မရှိတုန်းမှာ ပြန်ပြီးသိမ်းပိုက်မယ်"
Chapter 4853
လီမီ၏အစစ်အမှန်ပစ်မှတ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်ပင်။
ထန်စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤမတိုင်မီက လီမီသည် သူတို့အား အစီအစဉ်ကို တစ်ကြိမ်တစ်ခါမျှ ပြောမပြခဲ့ချေ။
လူများအားလုံးမှ ထန်စစ်တပ်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် ရှုံးနိမ့်ပြီး တာယွီ၏နယ်မြေအတွင်းမှ လုယွီ၏မောင်းထုတ်ခြင်းကို ခံရမည်ဟု တွေးထင်ခဲ့ကြသည်။
တခြားလူများကို မဆိုထားနှင့် ထန်စစ်သားများပင်လျှင် ထိုသို့ထင်ခဲ့ကြသည်။
လီမီကမူ ဆန့်ကျင်ဘက်လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည်။ သူသည် ဘေးမှပတ်သွားရန် ရွေးချယ်ခဲ့ပြီး လုယွီ၏ တိုက်ခိုက်မှုမှ အဓိကတပ်ဖွဲ့ကို ရှောင်ကွင်းကာ နောက်ဘက်မှ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့လေ၏။
လီကွမ်းပိ၏ မျက်လုံးများ တောက်ပသွားသည်။
"ငါတို့ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို တကယ်ကြီး သိမ်းပိုက်လိုက်ရင် လုယွီရဲ့ ဆုတ်ခွာလမ်းကြောင်းက ဖြတ်တောက်ခံရလိမ့်မယ်.... သူက တာယွီတော်ဝင်နန်းတွင်းရဲ့ ထောက်ခံမှုကို မရဘူး...ထောက်ပံ့ရေးပစ္စည်းတွေလည်း လုံလောက်အောင် မရှိဘူး.. သူ့မှာ အားကောင်းတဲ့ စစ်တပ်တစ်တပ် ရှိရင်တောင်မှ အချိန်ကြာကြာ မခံနိုင်ဘူး"
လီမီက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုသည်။
"ဒီနေ့ ကောင်းကောင်းအနားယူပြီး မနက်ဖြန် ထွက်ခွာကြရအောင်.... လုယွီက အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"
ထန်စစ်သားတိုင်းသည် သိနားလည်စွာဖြင့် ပြုံးလိုက်ကြ၏။
သူတို့သည် လမ်းတလျှောက်လုံး လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရပြီး ရှက်ရွံဖွယ်ကောင်းသော အခြေအနေတွင် ရှိနေခဲ့ကြသည်။
ယခုအချိန်၌ နောက်ဆုံးတွင် သူတို့ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရသဖြင့် သူတို့သည် လက်လျှော့အရှုံးပေးမည် မဟုတ်ချေ။
"လုယွီကို သူ့မျိုးဆက်ရဲ့ သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်တယ်...ဒါပေမယ့် အဆုံးမှာတော့ သူက အရမ်းငယ်ပြီး ပေါ့ဆတယ်...သူက ကောင်းကင်နဲ့ မြေပြင်ရဲ့ အတိမ်အနက်ကို မသိဘူး....သူ့ရဲ့ မဆင်မခြင်မှုအတွက် သူ တန်ကြေးပေးဆပ်ရလိမ့်မယ်"
"အရှင်ဧကရာဇ်က ငါ့ကို သတင်းစကားပို့ထားတယ်.... မြောက်ပိုင်းစစ်တပ်က လင်းယုန်ကြယ်မြစ်ကနေ ထွက်လာပြီးတော့ တပ်မှူးကောက ဦးဆောင်တယ်...သူတို့က စစ်မြေပြင်ကို ရောက်လာတော့မယ်"
လီမီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါတို့က သူတို့ကို နှစ်ဖက်စလုံးကနေ တိုက်ခိုက်ရင် ပုန်းကွယ်နဂါးစစ်တပ်က သေချာပေါက် ရှုံးနိမ့်လိမ့်မယ်"
မရေမတွက်နိုင်သော ထန်စစ်သားများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။ သူတို့၏ စိတ်ဓာတ်များ နောက်တစ်ကြိမ် မြှင့်တင်ခြင်း ခံလိုက်ရသည်။
"ဧည့်သည်တော်တွေအားလုံး...မင်းတို့ ပင်ပန်းခဲ့ပြီ...ကျေးဇူးပြုပြီး အနားယူကြပါ"
ကုန်သည်က အပြုံးနှင့် လျှောက်လှမ်းလာသည်။
လီမီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်သည်။
"ငါတို့ တစ်လမ်းလုံး ပင်ပန်းခဲ့တယ်... ဒီညတော့ စိတ်အေးလက်အေး အနားယူကြရအောင်... သွားကြစို့"
တခြားစစ်ဗိုလ်ချုပ်များသည်လည်း သူတို့၏ ပင်ပန်းနွမ်းနယ်မှုကို ဘေးဖယ်ထားပြီး ကုန်သည်၏နောက်သို့ လိုက်ပါသွားကြသည်။
ဤအချိန်တွင် ယဇ်ပလ္လင်ရှေ့တွင် မတ်တတ်ရပ်နေသော လူများသည် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ခမ်းနားထည်ဝါသော လီကျင်း၏ ရုပ်တုသည် လူတိုင်း၏ မျက်စိရှေ့တွင် မောက်မာထောင်လွှားစွာ တည်ရှိနေသည်။
"ဘယ်လောက်တောင် အားကောင်းတဲ့ အမွှေးနံ့သာရနံ့လဲ....ဒီနေမှာ စစ်နတ်ဘုရားလီရဲ့ ရုပ်ထု တကယ်ကြီး ရှိနေတာလား"
ထန်စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤမျှအားကောင်းသော အမွှေးနံ့သာရနံ့ရှိသည့် လီကျင်း၏ရုပ်ထုမျိုးသည် ထန်အင်ပါယာတွင်ပင် ရှားပါးသည်။
ကုန်သည်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။
"ငါတို့က စစ်နတ်ဘုရား လီကို ငါတို့ရဲ့ နှလုံးသားအောက်ခြေကနေ လေးစားတယ်.... နွေရာသီတိုင်း ငါတို့က အရိုအသေပြုဖို့ ဒီနေရာကို လာကြတယ်"
လီကျင်း၏ရုပ်ထုကို မြင်ချိန်တွင် ထန်စစ်ဗိုလ်ချုပ်များအားလုံး တည်ကြည်လေးနက်သွားကြသည်။
"ငါ့ကို အမွှေးတိုင်တစ်တိုင် ပူဇော်ခွင့်ပြုပါ"
လီမီက ပြောဆိုသည်။
ကုန်သည်သည် တောင်းပန်သော အပြုံးမျိုး ပြုံးပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး...."
လီမီသည် ရှေ့သို့ တိုးပြီး အမွှေးတိုင်ကို အမွှေးတိုင်ထွန်းညှိအိုးအတွင်းသို့ ထည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်သော နတ်ဘုရားအလင်းတန်းတစ်တန်းသည် လီကျင်း၏ရုပ်ထုမှ ပွင့်အံ့ထွက်လာပြီး ထန်စစ်သည်တော်များအားလုံးပေါ်သို့ ကျဆင်းလာသည်။
အချိန်တခဏအတွင်းမှာပင် ထန်စစ်သည်တော်များ၏ခန္ဓာကိုယ်များပေါ်ရှိ သွေးများအားလုံး ဆေးကြောသန့်စင်ခြင်းခံလိုက်ရပြီး သူတို့ရရှိထားသော ဒဏ်ရာများပင်လျှင် ပျောက်ကွယ်သွားသည်။
ထန်စစ်ဗိုလ်ချုပ်များ၏ ကျင့်ကြံဆင့်စွမ်းအားသညလည်း ဤအချိန်တွင် ကြီးမားစွာ တိုးတက်သွားခဲ့သည်။
အချိန်တခဏအတွင်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်သည် နတ်ဘုရားအလင်းတန်းများအကြားတွင် နှစ်ခြင်းခံနေရသည့်အလားပင်။
ကုန်သည်ထံမှ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။
"အိုး ဘုရားရေ.... ဒါက အစစ်အမှန် နတ်ဘုရားစွမ်းအားလား...."
သူ၏မျက်လုံးများသည် ပြူးကျယ်သွားပြီး မယုံနိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည့်အလားပင်။
သူတို့ အလွန်ဂုဏ်ယူခဲ့သော နတ်ဘုရားအလင်းတန်းသည် သူတို့ရှေ့မှ မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် အသေးအမွှားဖြစ်ပြီး ထည့်သွင်းပြောဆိုရန်ပင် မထိုက်တန်ပေ။
အချိန်အတော်ကြာပြီးနောက် လီမီနှင့်ထန်စစ်ဗိုလ်ချုပ်များသည် သက်တောင့်သက်သာ အမူအယာများဖြင့် သူတို့၏ခန္ဓာကိုယ်များကို ဆန့်တန်းလိုက်ကြသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ပို၍ကောင်းမွန်လာပုံရပေ၏။
"မင်းက တွေးခေါ်တတ်တယ်"
လီမီက ကုန်သည်၏ပခုံးကို ပုတ်လိုက်သည်။
ကုန်သည်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင်တော့ချေ။
သူသည် စစ်နတ်ဘုရားပွဲတော်အတွင်း ကြယ်နယ်မြေအရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ရုံသာမက ထန်စစ်ဗိုလ်ချုပ်များပင်လျှင် သူ့ကို သဘောကျခဲ့ကြသည်။
Chapter 4854
ညအချိန်၌....
တင်းအန်းစီရင်စုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သီဆိုကခုန်သံများ သဟဇာတဖြစ်စွာ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ သာယာငြိမ်းချမ်းသော မြင်ကွင်းတစ်ခုပင်။
ကြယ်နယ်မြေအရှင်အန်းရန်နှင့် လူချမ်းကုန်သည်သည် ရောက်ရှိလာသော ထန်စစ်သားများကို ဧည့်ခံနေကြသည်။
သူတို့နှင့်အတူ ကြယ်နယ်မြေ၏အရာရှိအမျိုးမျိုးနှင့် တခြားအရေးကြီးသော ပုဂ္ဂိုလ်များလည်း ပါဝင်သည်။
ချောမောလှပသော ကချေသည်များသည် သူမတို့၏ခါးများကို လှုပ်ယမ်းပြီး ကခုန်နေကြသည်။ ထန်စစ်ဗိုလ်ချုပ်များသည် သူမတို့ကို စွဲမက်နေကြသော်လည်း မည်သူမျှ ကချေသည်များကို မစနောက်ရဲကြပေ။
ထန်စစ်တပ်သည် ရက်စက်ကြမ်းတမ်းကာ အရိုင်းဆန်ပုံရသော်လည်း သူတို့ထံတွင် တင်းကြပ်သော စစ်စည်းကမ်းများ ရှိသည်။ ပွဲတော်တစ်ခုတွင်ပင် သူတို့သည် လွန်ကျူးသော အရာတစ်ခုခုကို လုပ်ဆောင်မည်မဟုတ်ချေ။
"အရှင်... ခင်ဗျားက အသက် အရမ်းငယ်ပုံရတယ်...ခင်ဗျားရံ့နာမည်ကို မေးလို့ရမလား"
ကြယ်နယ်မြေအရှင်အန်းရန်က ဂရုတစိုက် မေးမြန်းလိုက်သည်။
"ငါ့နာမည်က သာမာန်အမည်တစ်ခုထက် မပိုပါဘူး...ငါ့ရဲ့မျိုးရိုးနာမည်က လီပဲ"
လီမီသည် စားသောက်ရင်း အပြုံးနှင့် ပြောဆိုလိုက်၏။
ကြယ်နယ်မြေအရှင်အန်းရန်ထံတွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားသည်။
"ဒါဆို အရှင်လီပေါ့...ခင်ဗျားဒီကို ရောက်လာတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ....ဒါပေမယ့် ခင်ဗျားက ရုတ်တရက်ကြီး ရောက်လာခဲ့တယ်.....အရှင် ဒါက နေရာသေးသေးလေးပါ... ဒါကြောင့် ဘာမှမပြင်ဆင်ထားမိဘူး...ကျွန်တော်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ"
"ဟားဟားဟား.... ကြယ်နယ်မြေအရှင်က ဒီလောက်ထိ ယဉ်ကျေးဖို့ မလိုပါဘူး.... ငါတို့က ဒီနေရာကို ကြည့်ရုံလောက်ပဲ လာခဲ့တာပါ"
လီမီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူ၏မျက်လုံးများဖြင့် သူ၏နံဘေးပတ်လည်ရှိ ရိုသေလေးစားနေသော တာယွီအရာရှိများကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် သရော်တော်တော်အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
ဤသည်မှာ လုယွီ အလွန်ကြိုးစားကာကွယ်ခဲ့သော လူများပင်...
ဤှလူတစ်စု...
လီမီ၏စိတ်နှလုံးသားအတွင်းတွင် ဤလူများ သည် မည်ကဲ့သို့ လူစားများဖြစ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။
လီမီသည် မာနကြီးသော လူတစ်ဦးပင်။ သူသည် သူ အသိအမှတ်ပြုသော လူများနှင့်သာ ပေါင်းသင်းဆက်ဆံသည်။
နှိုင်းယှဉ်ကြည့်လျှင် ဤလူများ ပို၍ မျက်နှာချိုသွေးလေလေ လီမီသည် သူတို့ကို ပို၍ အထင်သေးလေလေပင်။
"အရှင်လီ....ဒီကချေသည်တွေအားလုံးက အပျိုစင်တွေပဲ....ကျွန်တော် အာမခံတယ်...သူတို့ကို ဘယ်သူမှ မထိဖူးဘူး...ဒီည သူတို့ကို ခင်ဗျားနဲ့အတူ နေခိုင်းလိုက်ပါ..."
ကြယ်နယ်မြေအရှင်အန်းရန်က အပြုံးနှင့် ပြောဆိုသည်။
လီမီ၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပေ၏။
"မင်းက ငါ့ကို မိန်းမလိုက်စားတဲ့လူလို မြင်နေတာလား"
လီမီက မေးမြန်းသည်။
ထိုစကားကို ပြောဆိုနေချိန်တွင် လီမီ၏ တာအိုဝတ်ရုံသည် အေးစက်စက်လေပြေတစ်ရပ်၏ တိုက်ခတ်ခြင်းကို ခံရသည့်အလားပင်။ ထိုဝတ်ရုံသည် တဖြည်းဖြည်း ဖောင်းကားလာပြီး ရှေ့နောက် ယိမ်းခါနေသည်။
ကြယ်နယ်မြေအရှင်အန်းရန်၏ မျက်နှာအမူအယာသည် သိသိသာသာ ပျက်ယွင်းသွားပေ၏။ သူ စကားမှားပြောမိကြောင်း ချက်ချင်း သိလိုက်သည်။
သူ့ရှေ့မှ ဤလူငယ်သည် ရိုးရှင်းသော တာအိုကျင့်ကြံသူတစ်ဦးပင်။
တာအိုဂိုဏ်းများကို ချွမ်ကျန့်ဂိုဏ်းနှင့် ဖြောင့်မတ်သောဂိုဏ်းဟူ၍ အဖွဲ့နှစ်ခု ခွဲခြားထားသည်။ သို့ရာတွင် မည်သည့်ဂိုဏ်းအဖွဲ့ဖြစ်စေ သူတို့သည် ကာမဂုဏ်ကို လိုက်စားခြင်းမရှိချေ။
"ကျွန်တော်က စကားများလွန်းသွားတာပါ..... ကျွန်တော်က သုံးခွက်သောက်ပြီး ကိုယ်ကိုယ့်ကိုယ် အပြစ်ပေးပါ့မယ်"
ကြယ်နယ်မြေအရှင်အန်းရန်းက ဝိုင်အရက်သုံးခွက်ကို အလျင်အမြန် သောက်လိုက်သည်။
ဤပွဲတော်မှ ဝိုင်အရက်များအားလုံး အလွန်ပြင်းထန်ပေ၏။
ဝိုင်အရက်ပြင်စသုံးခွက်သောက်ပြီးနောက် ကြယ်နယ်မြေအရှင်အန်း၏ မျက်နှာသည် ချက်ချင်းနီမြန်းသွားပြီး သူ အနည်းငယ် မူးဝေနေလေပြီ။
ဤအချိန်တွင် နောက်လိုက်တစ်ဦးသည် စားသောက်ဆိုင်အပေါ်ထပ်သို့ ပြေးတက်လာပြီး ကြယ်နယ်မြေအရှင်အန်းရန်ကို တီးတိုးပြောဆိုလိုက်သည်။
အန်းရန်၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်သွားပြီး အပြုံးနှင့် အလျင်အမြန် ပြောဆိုလိုက်၏။
"အရှင် လီ....စားနပ်ရိက္ခာတွေ အဆင်သင့်ဖြစ်ပါပြီ...အဲ့ဒါတွေအားလုံးကို ခင်ဗျားရဲ့ စစ်တပ်ဆီကို ပို့ပြီးသွားပါပြီ"
လူသန်းပေါင်းများစွာအတွက် တစ်လစာအပြည့် စားနပ်ရိက္ခာ....
ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပမာဏတစ်ခုပင်။
ကြယ်နယ်မြေအရှင်အိမ်တော် တစ်ခုတည်းဖြင့် ထိုပမာဏကို မတတ်နိုင်သောကြောင့် သူတို့သည် ဤကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲအပ်ခဲ့သည်။
လီမီ၏ မျက်နှာသာရရန်အတွက် ကြယ်နယ်မြေအရှင်အန်းရန်သည် လက်အောက်မှ အရာရှိအားလုံးကို ပြင်းထန်သော အမိန့်တစ်ခု ပေးခဲ့သည်။
စားနပ်ရိက္ခာကို အချိန်မီ မပေးအပ်သူတိုင်း ရာထူးမှထုတ်ပယ်ခြင်းဖြင့် အရေးယူပေမည်။
ထို့ကြောင့် တင်းအန်းကြယ်နယ်မြေတစ်ခုလုံး၏ စွမ်းဆောင်ရည်သည် အလွန်မြင့်မားခဲ့ပေ၏။ တစ်ရက်မပြည့်မီမှာပင် သူတို့သည် ဤမျှများပြားသော စားနပ်ရိက္ခာပမာဏကို စုဆောင်းနိုင်ခဲ့သည်။
တင်းအန်းကြယ်နယ်မြေသည် မြေဆီဩဇာမကောင်းသော ကြယ်နယ်မြေတစ်ခုပင်။
ဤမျှများပြားသော စားနပ်ရိက္ခာပမာဏကို စုဆောင်းခဲ့သဖြင့် တင်းအန်းကြယ်နယ်မြေတစ်ခုလုံးသည် ခြောက်သွေ့သွားခဲ့ပေ၏။
ထိုအချိန်ကျမှသာ လီမီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် ကြယ်နယ်မြေအရှင်...ငါတို့က မင်းရဲ့ အကျိုးဆောင်မှုတွေကို မှတ်ထားပါ့မယ်"
လီမီက ပြုံးလိုက်သည်။
ကြယ်နယ်မြေအရှင်အန်းရန်က ခေါင်းခါလိုက်သည်။
"ဒါက ငါတို့လုပ်သင့်တာပဲ ငါတို့က မဟာမိတ်တွေ ဖြစ်နေမှတော့ ကူညီရမှာက ငါတို့ရဲ့ တာဝန်ပဲ"
လီမီက အပြုံးဖြင့် နောက်တစ်ခွက် သောက်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ပြောဆိုလိုက်၏။
"ငါ့မှာ မင်းရဲ့ အကူအညီ လိုအပ်တဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"
Chapter 4855
"အရှင်လီ...ခင်ဗျားမှာ ဘာအမိန့်ပဲရှိရှိ လွတ်လွတ်လပ်လပ်ပြောပါ"
ကြယ်နယ်မြေအရှင်အန်းရန်သည် ချက်ချင်း မတ်မတ်ထိုင်ပြီး အာရုံစိုက်၍ နားထောင်လိုက်သည်။
လီမီက ပြောဆိုသည်။
"ငါတို့ရဲ့ စစ်သားအများစုက လက်ရှိမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတယ်... ငါက တကယ်တော့ ဒဏ်ရာရနေတဲ့ စစ်သားတစ်စုကို ဦးဆောင်နေတာ...ငါတို့ရဲ့စစ်သားတွေ ပြန်လည်ကောင်းမွန်လာဖို့ မင်းရဲ့ အကူအညီကို လိုအပ်တယ်...."
ကြယ်နယ်မြေအရှင်အန်းရန်သည် သူ၏ရင်ဘတ်ကို ပုတ်ပြီး ချက်ချင်းပြောဆိုလိုက်၏။
"အရှင်လီ စိတ်ချပါ....ဒီအရာရှိက ထန်စစ်သားတွေရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် လောကကြီးရဲ့နေရာအနှံ့အပြားက ဆေးပညာရှင်တွေနဲ့ နာမည်ကြီး သမားတော်တွေကို စုစည်းပါ့မယ်"
ဤစကားကိုပြောဆိုပြီးနောက် ကြယ်နယ်မြေအရှင်အန်းရန်သည် အလွန်သနားကရုဏာသက်နေသောလေသံဖြင့် ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ဒါတွေအားလုံးက အဲ့ဒီလုယွီကြောင့်ပဲ... ဒီလူ့မှာ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိပြီးတော့ ထန်နဲ့ယွီရဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ အခြေအနေကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်....သူ့မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ သူက ထန်စစ်တပ်ကို ထိခိုက်စေဖို့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို တကယ်ကြီး သုံးခဲ့တယ်... ဒါကို ကောင်းကင်ဘုံကတောင် လက်ခံနိုင်မှာ မဟုတ်ဘူး"
တခြားအရာရှိများသည်လည်း ကြေကွဲဝမ်းနည်းသော အမူအယာများကို ထုတ်ဖော်ပြသလိုက်ကြသည်။
အထူးသဖြင့် စစ်နတ်ဘုရားပွဲတော်ကို တာဝန်ယူသော ကုန်သည်၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး မျက်ရည်ကျလုမတတ် ဖြစ်နေသည်။
"အိုး ဘုရားရေ...ထန်စစ်တပ်က တစ်လမ်းလုံး ဒီကို လာခဲ့ပေမယ့် သူတို့က လုယွီလို သစ္စာဖောက်တစ်ယောက်ရဲ့ တိုက်ခိုက်တာကို တကယ်ကြီး ခံခဲ့ရတယ်....ထန်စစ်တပ်ရဲ့ စစ်သားတွေက တကယ့်ကို ဒုက္ခရောက်နေကြတာပဲ"
ဤလူများ၏ သရုပ်ဆောင်မှုကို မြင်ချိန်တွင် လီမီသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောမိလုနီးပါးပင်။
ထို့နောက် သူသည် သူ့ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ကြယ်နယ်မြေအရှင်အန်းရန်ထံတွင် ဝမ်းနည်းပူဆွေးမှုများ ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူသည် ရုတ်တရက် လီမီ ကျယ်လောင်စွာ ရယ်မောလိုက်သည်ကို မြင်ချိန်တွင် သူ အလွန်အမင်း ကိုးရိုးကားရားဖြစ်သွားသည်။
"တာယွီမှာ လူတိုင်းသာ မင်းတို့လို ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
လီမီသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။
"အရှင်လီ...ခင်ဗျားက ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ"
ကြယ်နယ်မြေအရှင်အန်းရန်သည် နားမလည်သော်လည်း သူသည် ယဉ်ကျေးစွာ ပြောဆိုနေဆဲပင်။
လီမီ၏ မျက်နှာပေါ်မှ အပြုံးသည် မှေးမှိန်သွားခြင်းမရှိချေ။
"နာမည်ကြီးသမားတော်တွေ သုံးဖို့မလိုပါဘူး.... မင်းတို့က စစ်နတ်ဘုရားပလ္လင်ကို ကိုးကွယ်ခဲ့ကတည်းက ဒါက အရမ်းအဆင်ပြေလွန်းနေပြီ"
"စစ်နတ်ဘုရားပလ္လင်လား...."
လူတိုင်း မှင်သက်သွားကြသည်။
သူတို့သည် စစ်နတ်ဘုရားပလ္လင်မှ သူတို့၏ကျင့်ကြံခြင်းအား ကူညီရန် နတ်ဘုရားအလင်းကို ချီးမြှင့်ပေးနိုင်သည်ကိုသာ သိကြသည်။
သို့ရာတွင် ထိုအရာ၌ တခြားမည်သည့်အသုံးဝင်မှုများ ရှိနေသည်ကို သူတို့မသိကြချေ။
"တစ်နယ်တစ်ကျေးမှာ ဒီလောက်ထိ သစ္စာစောင့်သိတဲ့ စစ်နတ်ဘုရားယုံကြည်သူတွေ အများကြီး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး...ကောင်းတယ်...ဒီနည်းလမ်းနဲ့ဆိုရင် ငါတို့ ထန်စစ်တပ်က ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်ဖို့ ပိုပြီးကြီးမားတဲ့ အခွင့်အရေး ရှိလာလိမ့်မယ်"
လီမီသည် ရုတ်တရက် မတ်တတ်ထရပ်ပြီး ရယ်မောလိုက်၏
သူ စကားပို၍ပြောလေလေ လက်ရှိနေရာတွင် ရှိနေသော တာယွီအရာရှိများ ပို၍စိတ်ရှုပ်ထွေးလာလေပင်။
လီမီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်မည်ဟု ပြောဆိုခဲ့သည်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သနည်း...
သူတို့သည် ဤကိစ္စကို လုံးလုံးလျားလျား နားမလည်နိုင်တော့ချေ။
ထိုအချိန်မှာပင် ရှည်လျားပြီး ရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ်သည် လီမီ၏ ပါးစပ်မှ ထွက်လာပေ၏။
ဤမှော်မန္တန်သည် စစ်နတ်ဘုရားကို ကိုးကွယ်ရန် အသုံးပြုသော မှော်မန္တန်တစ်ခုနှင့် ဆင်တူသည်။
သို့ရာတွင် လီမီ အသုံးပြုခဲ့သော မှော်မန္တန်သည် ပို၍ပင် နက်ရှိုင်းပြီး နက်နဲသိမ်မွေ့သည်။
ဤသည်မှာ သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော မှော်မန္တန်တစ်ခုပင်။
ဤမှော်မန္တန်ကို ခံစားမိသည့်အလား မြို့အပြင်ဘက်မှ လီကျင်းရုပ်ထုထံမှ ပြင်းထန်သော တုန်ခါသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ထိုရုပ်ထုသည် တုန်ခါပြီး လင်းထိန်စပြုလာပေ၏။
မြို့အတွင်းမှလူများသည် စူးစမ်းလိုစိတ်ဖြင့် ထွက်လာပြီး မည်သည့်ကိစ္စများ ဖြစ်နေသည်ကို ကြည့်လိုက်ကြသည်။
ပေသောင်းနှင့်ချီမြင့်မားသော ရုပ်ထုသည် ကောင်းကင်ကို ဖုံးလွှမ်း၍ နေရောင်ကို ပိတ်ဖုံးထားသည်။ ဤှအရာသည် ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားပေ၏။
ရုပ်ထုမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာကာ အမှောင်ထုကို ဆုတ်ဖြဲပြီး ခန့်ညားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။
"စစ်နတ်ဘုရားလီ ထွက်ပေါ်လာပြီ..."
"မြန်မြန် အရိုအသေပြုကြစို့"
လမ်းများပေါ်တွင် လူအများသည် အစွန်းရောက်ယုံကြည်သော အမူအယာများကို ထုတ်ဖော်ပြီး မိုးကောင်းကင်ယံမှ လီကျင်း၏ပုံရိပ်ယောင်ကို စတင်၍ အရိုအသေပြုလိုက်ကြသည်။
လီမီက အပြုံးဖြင့် ပြောဆိုသည်။
"စစ်နတ်ဘုရား...ကျေးဇူးပြုပြီးတော့ လေးဘက်လေးတန်က စိတ်ဝိညာဉ်စွမ်းအားကို ရုတ်သိမ်းပြီး ငါ့ရဲ့စစ်သားတွေကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးပါ"
သူ၏အသံ ကျဆင်းသွားသည်နှင့်...
ဘုန်း....ဘုန်း...ဘုန်း...
ကြီးမားသော လီကျင်းရုပ်ထုသည် ရုတ်တရက် အားကောင်းသော ဝါးမြိုခြင်းစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။
လီကျင်းကို ကိုးကွယ်နေသော ယုံကြည်သူအားလုံးထံမှ ဤအချိန်အခိုက်အတန့်တွင် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
သူတို့သည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ စွမ်းအားကို လျင်မြန်စွာ စုပ်ယူခြင်းခံနေရသည်အား ခံစားနေရသည်။
သူတို့၏မှော်စွမ်းအား သူတို့၏အစစ်အမှန်သွေးများအပြင် သူတို့၏သက်တမ်းများကိုပင် စုပ်ယူခြင်းခံနေရသည်။
မရေမတွက်နိုင်သော လူများသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် မတ်တတ်ရပ်ရန်ပင် အင်အားမရှိတော့ချေ။