အခန်း (၄၈၆၆-၄၈၇၀)
Vol. 247 Ch. 4866-4870
Chapter 4866
"လုယွီ....မင်းက တကယ့်ကို ငါ့ရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်သွားပြီ.... ဒါပေမယ့် ဒီနေ့ မင်းရဲ့တိုက်ခိုက်မှုကြောင့် ငါက နားလည်သဘောပေါက်မှုအသစ်တွေ ရရှိခဲ့တယ်...ငါ မင်းနဲ့ တိုက်ခိုက်မယ်..."
လီမီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် သူ၏အခြေအနေကို လျင်မြန်စွာ ထိန်းညှိလိုက်သည်။
သူသည် ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏စိတ်ဆန္ဒသည် ခိုင်မာပေ၏။ လုယွီသည် ဤမတိုင်မီ ဝှက်ဖဲများကို ဖုံးကွယ်ထားခဲ့သည်အား သူ သိသည်။ ဤအချိန်တွင် လုယွီသည် သူ့ကို သတ်ဖြတ်ရန် ဝှက်ဖဲများကို ထုတ်ဖော်ပြသတော့ပေမည်။
လီမီသည် သာမန်လူတစ်ဦးကဲ့သို့ တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းအခြေအနေတွင် ရှိနေမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မရေမတွက်နိုင်သော အတွေးများသည် သူ၏စိတ်အတွင်းတွင် ဖြတ်ပြေးနေသည်။ သူသည် လူယွီ၏ အစီအစဉ်ကို ချိုးဖျက်ရန် သူ ပြုလုပ်နိုင်သော လှုပ်ရှားမှုတိုင်းကို အသုံးပြုပေမည်။
ဘုန်း...
လီမီသည် သူ၏လက်ဝါးကို မြှောက်ပြီး ထန်ဧကရာဇ်ထိုက်ကျုံး၏စွမ်းအားမှ အကူအညီဖြင့် လုယွီကို တွန်းထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လီမီသည် မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်၏။ သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး မရေမတွက်နိုင်သော မွှေးညှင်းပေါက်များ ပွင့်သွားသည်။ သူသည် မျက်လုံးစုံမှိတ်ပြီး ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထန်ထိုက်ကျုံး၏ပုံရိပ်ယောင်သည် ပို၍ပို၍ပီပြင်ထင်ရှားလာပေ၏။
သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ရွှေရောင်နဂါးဝတ်ရုံသည် ကြီးမားကျယ်ပြန့်ပြီး စူးရှတောက်ပနေသည်။ ထန်ဧကရာဇ်ထိုက်ကျုံး၏နောက်တွင် ရွှေရောင်နဂါးတစ်ကောင် ရှိနေပြီး လေထုအတွင်းတွင် ပျံ့ဝဲနေသည်။ သူသည် မည်သည့်စကားတစ်လုံးမျှ ပြောဆိုခြင်း မရှိသည့်တိုင် သက်ရှိများအားလုံး၏အရှင်သခင်ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။
မိုးကောင်းကင်ယံတွင် လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာသည်။
လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် ကောင်းကင်ဘုံမိုးကြိုးလှိုင်းတစ်လှိုင်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပေ၏။
ဝှစ်....
မျက်စိတစ်မှိတ်အတွင်းမှာပင် လုယွီသည် ကောင်းကင်ဘုံမိုးကြိုးကို ရှောင်တိမ်းခဲ့သည်။ ထိုမိုးကြိုးလှိုင်းသည် လေထုကိုဖြတ်သန်းသွားရာ လေတိုးသံများမြည်ဟည်းသွားပြီး တောင်တစ်လုံးပေါ်သို့ ရိုက်ခတ်မိကာ တောင်ထိပ်တစ်ခုကို ကြေမွှပျက်စီးသွားစေသည်။
"မင်းက ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ချင်နေတာလား"
လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က သူ ကောင်းကင်ဘုံကပ်ဘေးဒဏ်ကို ဖြတ်ကျော်စဉ်၌ သူသည် မိုးကြိုးများ၏စွမ်းအားကို အသုံးပြု၍ သူ့ကို ဝိုင်းရံထားသော ထန်ထိပ်သီးကျင့်ကြံသူများကို ဆုတ်ခွာရန် ဖိအားပေးနိုင်ခဲ့သည်။
သို့ရာတွင် ယခုချိန်၌ လီမီသည် သူ့ကို ကိုင်တွယ်ရန်အတွက် တူညီသောနည်းလမ်းကို အသုံးပြုရန် ကြံစည်နေသည်။
"အရှင်က ဒီမှာပဲ... မြန်မြန် တပ်တွေကို စေလွှတ်စမ်း....."
"ငါတို့ လီမီကို ရှာတွေ့ပြီ... ဒီတစ်ခါတော့ သူ့ကို သေချာဝိုင်းထားကြစမ်း... သူ့ကို မလွတ်မြောက်စေနဲ့...."
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များသည် သူတို့၏တပ်များကို ဦးဆောင်ပြီး ရောက်ရှိလာကြ၏။ သူတို့သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့အားလုံး ကြက်သေသေသွားကြသည်။
မြင့်မားပြီး ခန့်ညားထည်ဝါသော ဟယ်လန်တောင်သည် အပျက်အစီးများအဖြစ်သို့ လျော့ကျသွားလေပြီ။ ကျိုးပဲ့နေသော ကျောက်စကျောက်နများနှင့်မြေမှုန့်များကို နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။
ထိုအပျက်အစီးများ၏အထက်တွင် လီမီသည် ထန်ထိုက်ကျုံးအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေကာ မိုးကြိုးနှင့်လျှပ်စီးများအကြားတွင် ရှိနေသည်။
တခြားတစ်ဖက်တွင် လုယွီသည်လည်း လီမီကို ထိပ်တိုက်ရင်ဆိုင်နေသည်။ သူသည် သူ၏လက်အတွင်းတွင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ကိုင်ဆောင်ထားပြီး သူ၏သွေးချီများ မိုးကောင်းကင်သို့ မြင့်တက်နေသည်။ သူ၏ ဧကရာဇ်အရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပြီး အားကောင်းသဖြင့် ပြင်းထန်သော ဖိအားတစ်ရပ် ထွက်ပေါ်လာသည်။
"ဒီနေရာက အရင်က ဘယ်လိုတိုက်ပွဲမျိုးကို ကြုံတွေ့ခဲ့ရတာလဲ"
လူအများသည် အသက်ပြင်းပြင်းရှိုက်လိုက်ကြ၏။
"ထန်စစ်တပ်ရဲ့ အဓိကတပ်ဖွဲ့က ဖျက်ဆီးခံလိုက်ရပြီ...ထန်အင်ပါယာရဲ့အရှိန်အဝါက ဒီတစ်ကြိမ်မှာ ဆုံးရှုံးသွားခဲ့ပြီ.... နောက်ဆုံးတော့ ငါတို့ အနိုင်ရပြီ..."
"လီမီကို သတ်လိုက်တာနဲ့ ဒီစစ်ပွဲက လုံးဝပြီးဆုံးသွားလိမ့်မယ်..."
လူများအားလုံး ဟယ်လန်တောင်ကို ဝိုင်းရံထားကြသည်။ သူတို့သည် လီမီ၏ ပုံရိပ်ကို စူးစိုက်ကြည့်ပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အပျက်အစီးများ၏အထက်တွင် လီမီသည် လက်ဖက်ရည်တစ်ခွက် ဖျော်စပ်စာအချိန်ခန့် ပလ္လင်ခွေထိုင်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။
သူ နောက်တစ်ကြိမ် မတ်တတ်ရပ်လိုက်ချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး ပို၍ပင် နားလည်ရခက်သွားသည်။
"ဥပဒေသ... မင်းက ခြေလှမ်းတစ်ဝက်တာအိုသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပြီ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ပါရမီရှင်တစ်ယောက်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း....
လီမီသည် ဤမျှငယ်ရွယ်သော အရွယ်တွင် ခြေလှမ်းတစ်ဝက် တာအိုသခင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
ကျိုးမိသားစုဘိုးဘေးသည် ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိရန် သူ၏ဘဝတစ်သက်လုံး ပင်ပန်းဆင်းရဲခံကာ ကျင့်ကြံခဲ့ရသည်။ သို့သို့ရာတွင် လီမီသည် အသက်သုံးဆယ်အရွယ်သာ ရှိသေးသော်လည်း သူသည် ဤကျင့်ကြံဆင့်နယ်ပယ်သို့ လွယ်လင့်တကူ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
အံ့အားသင့်စရာ အကောင်းဆုံးအပိုင်းမှာ သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှု ဖြစ်စဉ်ပင်။ အစမှ ယခုအချိန်အထိ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန် မပြည့်မီမှာပင် သူသည် အောင်မြင်စွာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သည်။
ဤသို့သော အရှိန်မျိုးကို လုယွီပင်လျှင် မစဉ်းစားဝံ့ပေ။
"ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ လုံးဝမရှိဘူး....သဘာဝအတိုင်း မွေးဖွားလာတဲ့ သူတော်စင်တွေကို လွယ်လွယ်နဲ့ ရင်ဆိုင်လို့မရဘူး"
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
"လုယွီ....အခု ငါ မင်းကို ပြန်ပြီးတိုက်ခိုက်ဖို့ အလှည့်ကျပြီ... ငါ မင်းကို အမြဲတမ်း အနိုင်ရနေခွင့် ပေးလို့မဖြစ်ဘူး"
လီမီထံတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူ၏နောက်မှ ထန်ထိုက်ကျုံး၏ ပုံရိပ်ယောင်သည် ပို၍ပို၍တောက်ပလာပေ၏။
Chapter 4867
လီမီသည် လက်ဆန့်တန်းပြီး လေဟာနယ်ကို ဖြတ်သန်း၍ ဓားရှည်တစ်လက်ကို ဆင့်ခေါ်လိုက်သည်။
ထိုဓားသည် သုံးပေခန့် ရှည်ပြီး ဓားရိုးပေါ်တွင် တောက်ပသော ပုလဲတစ်ဆယ့်ကိုးလုံး ရှိနေသည်။ ဓားပေါ်တွင် နဂါးအမှတ်အသားများ ထွင်းထုထားပြီး တောက်ပသော အလင်းတန်းဖြင့် ဖြာထွက်နေပေ၏။ တစ်ချက်ကြည့်ရုံဖြင့် ဤဓားသည် အလွန်ထူးခြားပုံရသည်ကို သိရှိနိုင်သည်။
"ဒါက ရွှမ်းဝေ့ဓားပဲ....အတိတ်မှာ ထန်ထိုက်ကျုံးက ဂိုဏ်းအင်အားစုတွေကို ဖိနှိပ်ချင်ခဲ့တယ်....သူက ဂိုဏ်းတွေအားလုံးကို အညံ့ခံစေချင်ခဲ့တယ်....သူက ပုန်ကန်ခဲ့တဲ့ မြင့်မြတ်နယ်မြေတစ်ဆယ့်ကိုးခုကို ဖျက်ဆီးပြီးတော့ အဲ့ဒီမြင့်မြတ်နယ်မြေတွေရဲ့ ရတနာတွေကို ဓားတွေအဖြစ် သွန်းလုပ်ခဲ့တယ်.....အဲ့ဒီဓားတွေကို တော်ဝင်မြို့တော်ရဲ့ မြို့တံခါးတွေရှေ့မှာချိတ်ဆွဲထားပြီးတော့ လောကကြီးကို ခြိမ်းခြောက်ဖို့ အသုံးပြုခဲ့တယ်...."
လီမီသည် သူ၏လက်အတွင်းတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ တာအိုဝတ်ရုံသည် လေတိုက်ခတ်ခြင်း မရှိသော်လည်း တဖျတ်ဖျတ်လူးလွန့်နေသည်။ ဤသည်မှာ ရှေးဟောင်းထန်ဧကရာဇ်ထိုက်ကျုံး ပြန်လည်၍ အသက်ဝင်လာသည့်အလားပင်။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် လီမီသည် သူ၏လက်အတွင်းမှ ရွှမ်းဝေ့ဓားကိုမြှောက်ပြီး ရှေ့သို့ထိုးစိုက်လိုက်သည်။
ထိုဓားချီစွမ်းအားသည် တိမ်များအကြားမှ ဆင်းသက်လာပြီး ဧကရာဇ်တစ်ပါး၏အရှိန်အဝါ ရောယှက်နေပုံရသည်။ ဤသည်မှာ လောကတခွင်လုံးကို ဖိနှိပ်ပြီး ဂိုဏ်းအင်အားစုများအားလုံးကို အညံ့ခံရမည်ဟု ထုတ်ပြန်ကြေညာလိုက်သည့်အလားပင်။
"အား....."
အဝေးရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားတစ်စုသည် ရုတ်တရက် နာကျင်ကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြသည်။
စစ်ဗိုလ်ချုပ်များ၏ အမိန့်များအောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံးဆုတ်ခွာသွားကြပြီး ဤတိုက်ပွဲအနီးသို့ မချဥ်းကပ်ဝံ့တော့ချေ။ ဤဓားချီ၏အရိပ်အယောင်တစ်စ လွင့်ထွက်လာလျှင်ပင် သူတို့ တောင့်ခံနိုင်မည့်အရာ မဟုတ်ပေ။
ဤဓားချီကို ထုတ်လွှတ်လိုက်သည်နှင့် လုယွီအပေါ်မှ ဖိအားသည် ချက်ချင်း တိုးမြင့်လာပေ၏။
လုယွီ၏လက်အတွင်းတွင် မည်သည့် မသေမျိုးအဆင့် မှော်လက်နက်မျှ မရှိပေ။ သူ၏မသေမျိုးအဆင့် မှော်လက်နက်များအားလုံးသည် ကပ်ဘေးမိုးကြိုးဒဏ်ကို သူ ရင်ဆိုင်နေစဉ်အတောအတွင်း၌ ရှေးဦးသက်ရှိ၏စိတ်ဝိညာဉ်စွမ်းအား ခိုးယူခြင်းကို ခံခဲ့ရသည်။
"မင်း အခု သေလို့ရပြီ"
လီမီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။ သူသည် ဤဓားကို အသုံးပြု၍ လုယွီကို သတ်ဖြတ်လိုပေ၏။
ဤကဲ့သို့ အရေးကြီးသော အချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်နှလုံးသားအတွင်းမှ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒ ပို၍ပို၍အားကောင်းလာသည်။
လုယွီသည် သူ၏တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒကို မထိန်းချုပ်နိုင်ဘဲ အားကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ရလျှင် ထိုအရာသည် ပို၍အားကောင်းလာပေလိမ့်မည်။
ရှေးဟောင်းထန်ထိုက်ကျုံးဖြစ်နေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ ယခုချိန်၌ လုယွီသည် ထန်ထိုက်ကျုံးကို သင်္ချိုင်းမှ တူးထုတ်ပြီး ပြန်လည်အသက်သွင်းချင်စိတ် ရှိနေသည်။ ထို့နောက် သူသည် မည်သူက ပို၍သန်မာအားကောင်းသည်ကို ကြည့်ရန် တိုက်ခိုက်လိုသည်။
သူရဲကောင်းဆန်သော ခံစားချက်တစ်ခုသည် လုယွီ၏စိတ်အတွင်းတွင် ပဲ့တင်ထပ်နေသည်။
ဤအချိန်တွင် လုယွီသည် ရုတ်တရက် လောကကြီးတခွင်လုံးကို တိုက်ခိုက်လိုသော အတွေးတစ်ခု ရရှိလာသည်။
လုယွီသည်လည်း ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်။
သူ၏စိတ်ကို အာရုံစူးစိုက်သွားသည်နှင့် သူ၏စိတ်ဝိညာဉ် ရုတ်တရက် တုန်ခါသွားပြီး သူသည် အဆင့်သစ်တစ်ခုထံသို့ နောက်တစ်ကြိမ် တက်လှမ်းလိုက်သည်။
လုယွီထံတွင် တစ်ချိန်က တာအိုသခင်၏စိတ်ဝိညာဉ် ရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် အတုအယောင်ကို ဖယ်ရှားပြီး အစစ်အမှန်စိတ်ဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ကမ္ဘာတွင် သိုလှောင်ကာ အစစ်အမှန်အင်မော်တယ်၏ စိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤတစ်ကြိမ်တွင် သူ့စိတ်ဝိညာဉ်၏စွမ်းအားများ မြင့်တက်လာပြီး သူသည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ခြေချနိုင်ခဲ့ပေ၏။
ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သည် အလွန်မြင့်မားပုံမရသော်လည်း ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင်ပင် ဤသည်မှာ ဒေသတစ်ခုကို တုန်လှုပ်ချောက်ချားစေသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။
ရုပ်ခန္ဓာကိုယ်ခွန်အားသည် တောင်တန်းများနှင့် မြစ်များကဲ့သို့ ကြေမွှသွားနိုင်ပြီး ကျင့်ကြံဆင့်စွမ်းအားသည် ပျက်စီးသွားစေနိုင်သော်လည်း စိတ်ဝိညာဉ်ကို ဖျက်ဆီး၍မရနိုင်သည့်အပြင်ပြောင်းလဲမှုများသည် အဆုံးအစမရှိချေ။
လုယွီကို ဥပမာယူရလျှင် သူ ယခင်က ရွှမ်းယွမ်နတ်ဘုရားဓားနည်းစနစ်ကို အသုံးပြုခဲ့စဉ်၌ သူ့ကိုယ်သူ ဖိအားပေး၍ အတင်းအကြပ် ထုတ်ဖော်အသုံးပြုခဲ့ရသည်။ သူသည် ဤနည်းစနစ်ကို အလွန်ခက်ခဲစွာ ထုတ်ဖော်အသုံးပြုနိုင်ခဲ့သော်လည်း သူ ပြန်လည်ကောင်းမွန်လာရန်အတွက် ရက်အနည်းငယ်ကြာအိပ်စက်ရန် လိုအပ်နေဆဲပင်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် ဤနည်းစနစ်ကို နောက်တစ်ကြိမ် ထပ်မံ၍ အသုံးပြုလျှင်ပင် အိပ်စက်အနားယူရန် လိုအပ်တော့မည် မဟုတ်ချေ။
ရှေးဟောင်းကျင့်ကြံနည်းစနစ် ဖြစ်လျှင်ပင် လုယွီသည် ထိုအရာကို လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်သည်။
သူ၏တွေးခေါ်နိုင်စွမ်းသည် သာမာန်လူများထက် ဆယ်ဆမက ပို၍လျှင်မြန်သည်။ သူသည် အံ့အားသင့်ဖွယ်ကောင်းသော အတွေးအခေါ်များကို တွေးတောနိုင်ပြီး အရာအားလုံး၏သဘာဝကို ထွင်းဖောက်မြင်နိုင်သည်။ သူသည် အလုပ်များစွာကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်ပြီး စာအုပ်သောင်းပေါင်းများစွာကို မပင်ပန်းဘဲ ဖတ်ရှုနိုင်သည်။
ယခုမှစ၍ သူ၏ ရုပ်ခန္ဓာကိုယ် စိတ်ဝိညာဉ်နှင့် ကျင့်ကြံဆင့်တို့သည် သဟဇာတဖြစ်ပြီး အားနည်းချက်ရှိတော့မည် မဟုတ်ချေ။။
ဤအချိန်တွင် ရွှမ်းဝေ့ဓားချီသည် ရှည်လျားသော ရွှေရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီထံဦးတည်၍ ဟိန်းဟောက်နေသည်။
အစွမ်းထက်ပြီး အာဏာရှင်ဆန်သော ရွှေရောင်နဂါးသည် လေဟာနယ်အတွင်းတွင် လှည့်ပတ်ပျံဝဲနေသည်။ သူ၏မှော်စွမ်းအားသည် အလွန်အားကောင်းသောကြောင့် ဤလောကကြီးအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးနိုင်တော့မည့်အလားပင်။
ထိုအချိန်မှာပင် လုယွီသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
သူ၏မျက်လုံးများအတွင်းတွင် တောက်ပသော အလင်းတန်းများ ထင်ဟပ်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ ထောင်သောင်းချီသော ရန်သူများနှင့် ရင်ဆိုင်နေရလျှင်ပင် သူသည် ကြောက်ရွံ့ခြင်းကို မည်သို့မျှ သိရှိမည် မဟုတ်သည့်အလားပင်။
"ငါက ချင်အင်ပါယာရဲ့ ဧကရာဇ်ပဲ.. မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကိုသတ်ဖို့ ကြံစည်ရဲတာလဲ"
လုယွီက အော်ဟစ်လိုက်သည်။
လုယွီသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး အသက်ပြင်းပြင်းရှိုက်လိုက်၏။
ရွှမ်းဝေ့ဓားချီဖြင့် ဖွဲ့စည်းထားသော ရွှေရောင်နဂါးသည် လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
Chapter 4868
လုယွီသည် သူ၏ပါးစပ်အတွင်းမှ ဓားချီစွမ်းအားကို ဝါးမြိုပြီးနောက် ချက်ချင်းချေဖျက်လိုက်သည်။
လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်သည်။ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသော မှော်စွမ်းအားများသည် သူ၏မရီဒါန်းအားလုံးကို ဖြတ်သန်းသွားပြီး သူ့အား စွမ်းအားများဖြင့် ပြည့်နှက်သွားစေသည်။
လုယွီသည် လီမီကို အနားယူရန် အခွင့်အရေးမပေးဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တိုက်ခိုက်လိုက်သည်။
လီမီသည် ထိုတိုက်ခိုက်မှုကို တားဆီးရန် သူ၏ဓားကို အလျင်အမြန် အသုံးပြုလိုက်သော်လည်း လုယွီသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ လုယွီသည် သူ၏လက်ကို မြှောက်ပြီး ရွှမ်းဝေ့ဓားကို ကြေမွှပျက်စီးသွားစေခဲ့သည်။
ဤသည်မှာ အစစ်အမှန်ရွှမ်းဝေ့ဓားမဟုတ်ဘဲ လီမီ၏စွမ်းအားဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တစ်ခုပင်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် လီမီ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကျယ်လောင်သောအသံတစ်သံ ပွင့်အံ့ထွက်လာသည်။
လီမီသည် မီတာရာပေါင်းများစွာအကွာသို့ လွင့်ထွက်ပြီး သွေးများ အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ ရွှေရောင်နဂါးဝတ်ရုံသည်လည်း တဖြည်းဖြည်း မှိန်ဖျော့သွားပေ၏။
ဘုန်း...
လီမီသည် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ ဝတ်ဆင်ထားသော ဝတ်ရုံသည် ပျက်စီးသွားပြီး သူ၏မျက်နှာပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် ရှက်ရွံဖွယ်ကောင်းသော အခြေအနေတွင် ရှိနေကာ လုယွီ၏လက်သီးချက်သည် သူ၏နံရိုးအနည်းငယ်ကို ကျိုးပဲ့သွားစေခဲ့သည်။
"လုယွီ...."
လီမီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဘုန်း....
လုယွီသည် တစ်ချက်ကန်ကျောက်လိုက်ရာ လီမီသည် နောက်ထပ် မီတာလေးဆယ် ငါးဆယ်အကွာခန့်ထိ လိမ့်သွားပြီး မြေပြင်ပေါ်၌ အလွန်နက်ရှိုင်းရှည်လျားသော အက်ကွဲကြောင်းကြီး ကြွင်းကျန်ခဲ့သည်။
ဤတစ်ကြိမ်တွင် လီမီသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပေ၏။
လုယွီ၏ခွန်အားသည် အလွန်သန်မာအားကောင်းသည်။ သိုင်းအင်မော်တယ်တစ်ဦး၏ခွန်အားသည် လီမီ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားပြီး သူ၏အရိုးများအားလုံးနီးပါးကို ကျိုးပဲ့သွားစေခဲ့သည်။
လီမီသည် မသန်မစွမ်းတစ်ယောက်နီးပါး ဖြစ်သွားလေပြီ။ အကယ်၍ သူ၏ကျင့်ကြံဆင့် မြင့်မားခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဤတိုက်ခိုက်မှုနှစ်ခုကြောင့် သေဆုံးသွားပေလိမ့်မည်။
"ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
လုယွီက လီမီ၏ အသက်ကို အဆုံးသတ်လိုသဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိတော့ပေမည်။
ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်သည်တော်များအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။
လူအုပ်ကြီး၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် လုယွီသည် လီမီထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းသွားလိုက်၏။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီက ရုတ်တရက် ရပ်တန့်ပြီး မိုးကောင်းကင်ယံသို့ ကြည့်လိုက်သည်။
လူအိုကြီးတစ်ဦးသည် လေထုအတွင်းသို့ ခြေချပြီး ရောက်ရှိလာသည်။ သူသည် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အလွန်သန့်စင်ပုံရသည်။ သူသည် အသက်အိုမင်းပြီး ဆံပင်ဖြူများ ရှိသော်လည်း သူ၏ပုံသဏ္ဌာန်သည် ထင်းရှူးပင်ကဲ့သို့ အရပ်ရှည်ပြီး ဖြောင့်မတ်ကာ ဖော်ပြ၍မရနိုင်သော ခန့်ညားထည်ဝါသည့် အရှိန်အဝါရှိသည်။
"ထန်အင်ပါယာက လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုသခင်ပဲ"
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
လေဟာနယ်ရွှေ့ပြောင်းခြင်း နည်းစနစ်ကို အသုံးပြုနိုင်သူတစ်ဦးသည် သာမန်တာအိုသခင်တစ်ဦး မဟုတ်မည်မှာ သေချာပေါက်ပင်။
ယခုချိန်၌ သူ ဤလူအိုကြီးကို မြင်တွေ့မိသည်နှင့် ရင်းနှီးကျွမ်းဝင်သော ဖိအားတစ်ရပ် သူ့အပေါ်သို့ ကျဆင်းလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူ၏ရှေ့မှ ဤလူအိုကြီးသည် ဥပဒေသနှစ်ဆယ်ထက်မက နားလည်သဘောပေါက်ခဲ့သော အဆင့်မြင့် တာအိုသခင်တစ်ဦးပင်။
ဤသည်မှာ ကျိုးမိသားစုမှ ခြေလှမ်းတစ်ဝက်တာအိုသခင်နှင့် ကွဲပြားခြားနားသည်။ ဤသို့သော အဆင့်မြင့်တာအိုသခင်သည် အတိတ်ဘဝမှ လုယွီနှင့်ပင် တိုက်ခိုက်မှုခြင်း ဖလှယ်နိုင်ပေမည်။
"သူက လီမီကို ကယ်တင်ချင်နေတာပဲ"
လုယွီသည် ထိုအကြောင်းကို စဉ်းစားမိသဖြင့် သူ၏တွေဝေတုံ့ဆိုင်းခြင်းကို ရပ်တန့်လိုက်သည်။
မည်သူမည်ဝါ ရောက်ရှိလာပါစေ သူသည် လီမီကို အရင်ဆုံး ဖယ်ရှားရပေမည်။
လုယွီက နတ်ဘုရားသတ်ဓားချီကို ဆင့်ခေါ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုဓားချီသည် လီမီထံသို့ တိုးဝင်သွားပေ၏။
ဝှစ်.....
ဓားချီသည် လေထုကိုဖြတ်သန်း၍ ပျံသန်းသွားပြီး အချိန်တခဏအတွင်းမှာပင် လီမီ၏ရှေ့သို့ ရောက်ရှိသွားသည်။
သို့ရာတွင် ထို့နောက် ဒေါင်ဟူသောအသံနှင့်အတူ ဓားချီစွမ်းအားသည် ကြီးမားသော စာလုံးတစ်လုံးပေါ်သို့ ခုတ်ပိုင်းသွားသည်။
ဤသည်မှာ 'ရပ်'ဟူသော စာလုံးတစ်လုံးပင်။
ရပ်.....
ထိုရွှေရောင်စာလုံးသည် လေထုအတွင်းတွင် ပျံဝဲနေကာ ခန့်ညားထည်ဝါပြီး အစွမ်းထက်သည်။
လုယွီသည် မရပ်တန့်ခဲ့ချေ။ သူသည် သောင်းနှင့်ချီသော ဓားချီများကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။
သို့ရာတွင် ထိုဓားချီအားလုံးသည် 'ရပ်'ဟူသော စာလုံးဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရသည်။ ထိုအရာများသည် ရှေ့သို့ တစိုးတစိမျှ မရွေ့လျားနိုင်တော့ချေ။
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် ခြေတစ်လှမ်းရှေ့တိုးပြီး လီမီထံသို့ ပြေးဝင်သွားလေ၏။
သို့ရာတွင် လူအိုကြီးသည် သူ၏လက်ကို မြှောက်ပြီး လေထုအတွင်းတွင် 'ဆုတ်ခွာ' ဟူသော စာလုံးကို ရေးလိုက်သည်။
ဆုတ်ခွာ.....
လုယွီသည် မိုးကြိုးပစ်ခတ်ခြင်း ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ထံတွင် သိုင်းအင်မော်တယ် ရုပ်ခန္ဓာကိုယ်ရှိသော်လည်း ဤသို့သော နတ်ဘုရားစွမ်းအားကို မခုခံနိုင်သေးပေ။ သူသည် နောက်သို့ခြေလှမ်းငါးလှမ်း ဆုတ်လိုက်ရသည်။
ရုတ်တရက် နောက်ထပ်လူအိုကြီးတစ်ယောက်၏ ပုံရိပ်သည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။ ဤသည်မှာ မင်းသားကူပင်။
"အရင် မတိုက်ခိုက်နဲ့...."
မင်းသားကူသည် လုယွီကိုကြည့်ပြီး ခေါင်းခါပြလိုက်၏။ သူ၏မျက်နှာအမူအယာသည် အလွန်တည်ကြည်လေးနက်ပြီး ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလားပင်။
လုယွီသည် သူ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်သည်။ သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် အဆင့်မြင့် တာအိုသခင်တစ်ဦးကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သူ သိသည်။
မင်းသားကူသည် ရှေ့သို့လျှောက်လှမ်းသွားကာ သေလုမျောပါးဖြစ်နေသော လီမီကို ကြည့်ပြီးနောက် မိုးကောင်းကင်ယံမှ လူအိုကြီးကို ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ နာမည်ကို မေးလို့ရမလား"
မင်းသားကူက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး မေးမြန်းသည်။
လူအိုကြီးသည် လီမီကို အဝေးမှ ဆွဲခေါ်ပြီး မင်းသားကူကို ကြည့်လိုက်သည်။
"ထန်အင်ပါယာ....အမတ်ကြီး ယန်ကျန့်..."
Chapter 4869
ယန်ကျန့်၏ အသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ သတ္တုနှင့်ကျောက်တုံး ထိခတ်သည့် အသံအလားပင်။
ဟယ်လန်တောင်ကို ဝိုင်းရံထားသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည် သူတို့၏နားများအတွင်းတွင် တဒိန်းဒိန်းမြည်ဟီးသံများကိုသာ ကြားလိုက်ရသည်။ သူတို့၏ခေါင်းများ နာကျင်ပြီး မူးဝေကာ သတိလစ်မေ့မျောသွားတော့မည့်ပုံရသည်။
ဤသည်မှာ အဆင့်မြင့် တာအိုသခင်တစ်ဦး၏ စွမ်းအားပင်။ သူ ဒေါသမထွက်သေးသော်လည်း သက်ရှိများအားလုံးကို ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်သွားစေသည်။
"တာအိုရောင်းရင်း ယန်က ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တယ်....မင်းက စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ကြိုးစားနေတာလား...."
မင်းသားကူ၏အသံသည် အလွန်တည်ငြိမ်ပြီး ထိုစွမ်းအားသည် သူ့အပေါ်သို့ အနည်းငယ်မျှ သက်ရောက်မှုမရှိသည့်အလားပင်။
"လီမီက ငါတို့အင်ပါယာရဲ့ အနာဂတ်အမတ်ချုပ်ကြီးပဲ...သူ ဒီနေရာမှာ သေသွားလို့မရဘူး"
ယန်ကျန့်က ပြောဆိုသည်။
မင်းသားကူက မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူမဆို စစ်မြေပြင်မှာ သေဆုံးနိုင်တယ်။ သူတို့က လောကအုပ်စိုးရှင်အရှင်တွေ ဖြစ်ရင်တောင်မှ စစ်မြေပြင်မှာ သေဆုံးနိုင်ချေရှိသေးတယ်....သဘာဝအတိုင်း မွေးဖွားလာတဲ့ သူတော်စင်တွေကရော သေလို့မရဘူးလား..."
ထိုသို့ပြောဆိုပြီးနောက် မင်းသားကသသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ဤခြေတစ်လှမ်းနှင့်အတူ သူ၏ အနည်းငယ် ကုန်းကွကွဖြစ်နေသော ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ဖြောင့်မတ်လာပြီး ဓားအိမ်မှ ထုတ်ထားသော ထက်ရှသည့် ဓားတစ်လက်အလား အေးစက်သော အလင်းတန်းကို ထုတ်လွှတ်နေသည်။
ဤအရှိန်အဝါသည် ပွင့်အံ့ထွက်လာပြီး ချက်ချင်းတိုသလိုပင် ယန်ကျန့်၏ အရှိန်အဝါကို ဖုံးလွှမ်းသွားသည်။
"မင်းသားကူ...."
"ငါတို့အင်ပါယာမှာ မင်းသားကူ ရှိနေသေးတယ်...အဆင့်မြင့် တာအိုသခင်တစ်ယောက် ရှိနေသေးတယ်"
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"အရှင်မင်းသား...ခင်ဗျားရဲ့ ဒဏ်ရာ..."
လုယွီ၏အသံ တုန်ရီနေသည်။
တခြားလူများသည် မင်းသားကူ၏စွမ်းအား အလွန်ပြင်းထန်သည်ဟုသာ ခံစားရသော်လည်း လုယွီသည် မင်းသားကူ ဒဏ်ရာရနေသည်ကို မြင်တွေ့ပြီးဖြစ်သည်။
ဤသည်မှာ အလွန်ပြင်းထန်သော ဒဏ်ရာတစ်ခုဖြစ်ပြီး တာအိုသခင်တစ်ယောက်ကိုပင် သေဆုံးသွားစေရန် လုံလောက်သည်။
ယခင်က မင်းသားကူ၏တဲအတွင်းတွင် သူ့ကို ချောင်းမြောင်းတိုက်ခိုက်သော ထန်အင်ပါယာ၏ တာအိုသခင်အကြောင်း ပြောခဲ့စဉ်က အကြောင်းမဲ့မဟုတ်ချေ။ မင်းသားကူသည် စစ်ဗိုလ်ချုပ်များကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ရန် ကြိုတင်၍ ပြောဆိုခဲ့သည်။ သူသည် အချိန်ကြာမြင့်စွာ တောင့်မခံနိုင်တော့ချေ။
သူ၏ အိုမင်းပြီး ညှိုးခြောက်နေသော ဆံပင်ဖြူများသည် သူ၏နဖူးပေါ်သို့ ကျလာပြီး သူ့ကို ပို၍ပင် အိုမင်းသွားစေသည်။
"ငါ ဘာမှမဖြစ်ပါဘူး...အဆင်ပြေပါတယ်..."
မင်းသားကူက လုယွီ၏ ပခုံးကို ပုတ်ပြီး သူ့ကို နောက်ဆုတ်ရန် ညွှန်ပြလိုက်သည်။
"ကျိုးဟုန်ရွှမ်း....မင်း ငါနဲ့ ဆက်ပြီး တိုက်ခိုက်နေရင် မင်း သေလိမ့်မယ်"
ယန်ကျန့်က အေးစက်စက်ပြောဆိုလိုက်ပြီး မင်းသားမှ ထုတ်လွှတ်ထားသော ဖိအားကို လျစ်လျူရှုထားသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ကြီးမားသော ဖိအားကို ခံစားမိပေ၏။
ဤအချိန်တွင် မည်သူမျှ မောက်မာစွာ စကားမပြောရဲကြချေ။ အဆင့်မြင့် တာအိုသခင်တစ်ယောက်သည် သူတို့ စိတ်ကူးယဥ်တွေးတောထားသလောက် ကိုင်တွယ်ရန် မလွယ်ကူပေ။
"ဒီစစ်ပွဲရလဒ်က အရမ်းရှင်းနေပြီ...ထန်စစ်တပ် ရှုံးနိမ့်သွားပြီ..... မင်းတို့က ငါတို့ရဲ့နယ်မြေကနေ ဆုတ်ခွာသွားသရွေ့ ဒီတိုက်ပွဲကို ဆက်ပြီးတိုက်ခိုက်ဖို့ မလိုဘူး"
မင်းသားကူက ပြောဆိုသည်။
"ဒါပေမယ့် မင်းတို့ရဲ့ တော်ဝင်နန်းတွင်းက ဒီမြေကို ငါ့တို့ ထန်အင်ပါယာကို ပေးအပ်ပြီးပြီ...မင်းတို့ရဲ့ ခြေထောက်အောက်က မြေက ငါတို့ထန်အင်ပါယာရဲ့ နယ်မြေဖြစ်နေပြီ.... ထွက်သွားသင့်တာက မင်းတို့ပဲ...."
ယန်ကျန့်သည် သူ၏လက်ချောင်းကို လှုပ်ခတ်လိုက်ရာ စာရွက်တစ်ရွက်သည် လေထုအတွင်းတွင် ပျံဝဲသွားပေ၏။
ဤသည်မှာ နယ်မြေလွှဲပြောင်းပေးအပ်ခြင်းစာချုပ်ပင်။
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး ထိုစာချုပ်ကို စူးစိုက်၍ ကြည့်နေကြသည်။ သူတို့အနက်မှ အများစုမှာ ဒေါသထွက်လွန်းသဖြင့် သူတို့၏လက်များမှ သွေးထွက်လာသည်အထိ သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကြသည်။
တာယွီတော်ဝင်နန်းတွင်းသည် အရှုံးပေးပြီး အင်ပါယာကို အရှက်ခွဲကာ ကျားလှောင်အိမ်တောင်ကြားခံတပ်၏အပြင်ဘက်ရှိ တော်ဝင်မြို့တော်ပိုင်နက်မှ ကြယ်နယ်မြေများအားလုံးကို ထန်အင်ပါယာထံသို့ ပေးအပ်ခဲ့သည်။
မင်းသားကူသည် အချိန်တခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ပြောဆိုလိုက်သည်။
"ငါတို့က မြေတစ်လက်မကိုတောင် စွန့်လွှတ်မှာမဟုတ်ဘူး"
ဤသည်မှာ သူ၏သဘောထားကို ပြသပြီးဖြစ်သည်။
တော်ဝင်မိသားစုပင်လျှင် ဧကရာဇ်ကျိုးယွမ်ယန်၏ လုပ်ရပ်များကို မထောက်ခံတော့ချေ။
"မင်းတို့မှာ ညှိနှိုင်းဖို့ အခွင့်အရေးရှိသေးတယ်လို့ ထင်နေတာလား...ဒဏ်ရာအပြင်းအထန်ရထားတဲ့ တာအိုသခင်တစ်ယောက်...လူငယ်တက်သစ်စ ကြယ်ပွင့်တစ်ပွင့်...မင်းတို့ထဲက ဘယ်သူက ငါ့ကို တားနိုင်မှာလဲ..."
ယန်ကျန့်၏အသံသည် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် တုန်ခါသွားစေသည်။
လူတိုင်း ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
သူတို့ဘက်တွင် အင်ပါယာကို ကြီးကြပ်ကွပ်ကဲရန် မင်းသားကူတစ်ယောက်တည်းသာ ကျန်တော့သည်။ တာယွီအင်ပါယာတွင် ထိပ်သီးကျင့်ကြံသူတချို့ ရှိသော်လည်း သူတို့သည် အများဆုံးအနေဖြင့် တာအိုသခင််နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိကြသည်။ သူတို့သည် ရန်သူကို ခြိမ်းခြောက်နိုင်ရန် အလွန်အလှမ်းကွာဟပေ၏။
"ဒီလူအိုကြီးက တိုက်ခိုက်နိုင်သေးတယ်"
မင်းသားကူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
Chapter 4870
မင်းသားကူက ဆုတ်ခွာသွားခြင်းမရှိဘဲ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ယန်ကျန့်၏အမူအယာသည် ချက်ချင်း အေးစက်တင်းမာသွားပေ၏။
"ကျိုးဟုန်ရွှမ်း....မင်း ဒီလောက်ထိ ခေါင်းမာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့...."
သူသည် တိမ်တိုက်တစ်ခုကို နင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ စူးရှတောက်ပပြီး ခန့်ညားထည်ဝါကာ အစစ်အမှန်နတ်ဘုရားတစ်ပါး လောကကြီးအတွင်းသို့ ဆင်းသက်လာသကဲ့သို့ မြေပြင်တပြင်လုံးကို တုန်ခါသွားစေသည်။
ယန်ကျန့်သည် သူ၏လက်အတွင်းတွင် စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏မျက်လုံးများသည် အေးစက်တင်းမာနေကာ ဖြောင့်မတ်သော ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
အဆုံးအစမရှိသော ဥပဒေသများသည် စုတ်တံ၏ထိပ်ဖျားတွင် စုစည်းနေပြီး လက်ကိုင်သည် ဖြောင့်မတ်ကာ သူ၏လက်အတွင်းတွင် ထက်ရှသော ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည့်အလားပင်။
ထို့နောက် စုတ်တံထိပ်ဖျားသည် လေဟာနယ်အတွင်းသို့ ကျဆင်းသွားပြီး စုတ်တံသည် နဂါးနှင့် မြွေကဲ့သို့ ရွေ့လျားနေပေ၏။
"အကြွင်းမဲ့ရတနာ ဗုဒ္ဓစေတီ...ကျမ်းစာစစ်ဆေးတာရဲ့ ပထမဆုံးထွက်ပေါ်လာတာက..."
ဤသည်မှာ စာကြောင်းတစ်ကြောင်း ရေးသားထားပုံရပြီး သတ္တုနှင့်ကျောက်တုံး ထိခတ်သံသည် လေထုအတွင်း၌ ထွက်ပေါ်လာပြီး နားကွဲလုမတတ် ကျယ်လောင်သည်။
စုတ်ချက်တိုင်းသည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို ပဲ့တင်ထပ်စေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါစေခဲ့သည်။
လေထု၏အထက်မှ မိုးကောင်းကင်သည် အတင်းအကြပ် ဆုတ်ဖြဲခံရတော့မည့်ပုံပင်။ ကြီးမားသော ကျောက်ပြားတစ်ချပ်သည် လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
ကြီးမားသော ကျောက်ပြားသည် ထိုက်တောင်ကြီးကဲ့သို့ ထွက်ပေါ်လာပြီး လေဟာနယ်အတွင်းတွင် မားမားမတ်မတ် တည်ရှိနေသည်။
လုယွီသည် သူ၏နားအတွင်းတွင် တဒိန်းဒိန်းမြည်ဟီးလာသည်ကို ခံစားနိုင်သည်။ အရပ်မျက်နှာအဘက်ဘက်ရှိ စိတ်ဝိညာဉ်ချီစွမ်းအားများသည် အတင်းအကြပ် ထုတ်ယူခြင်းခံရပြီး ကျောက်ပြားအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ တောအုပ်သည် ခြောက်ကပ်စပြုလာသည်။ ထိုအရာများ၏ စိတ်ဝိညာဉ်စွမ်းအားများအားလုံးသည် အတင်းအကြပ် ယူဆောင်ခြင်းကို ခံနေရလေ၏။ ထိုအရာများကို ကျောက်ပြားမှ ဝါးမြိုသွားသည်။ ဗုဒ္ဓအလင်းတန်းသည် ပုံရိပ်ယောင်စေတီများနောက်တွင် နောက်တစ်ကြိမ် ပြည့်နှက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ခန့်ညားထည်ဝါသော ပုံရိပ်ယောင်စေတီများသည် ရုတ်တရက် ထွက်ပေါ်လာပေ၏။ ထိုအရာများသည် မောက်မာထောင်လွှားစွာ တည်ရှိနေပြီး မိုးကောင်းကင်မှ တိမ်များအထက်တွင် မျောလွင့်နေသည်။
"စာပေတာအိုရဲ့ဥပဒေသ...သူက ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ပညာရှင်တစ်ယောက်ပဲ"
လုယွီ၏ အမူအယာသည် တည်ကြည်လေးနက်နေပေ၏။ သူသည် ယခင်က စာပေပညာရှိရီဟန် ထိုသို့သော နည်းစနစ်မျိုးကို အသုံးပြုသည်အား မြင်ခဲ့ဖူးသည်။
စာလုံးတစ်လုံးတည်းဖြင့် တောင်တန်းများနှင့် မြစ်များကို တည်ငြိမ်စေနိုင်ပြီး စုတ်ချက်တိုင်းသည် တာအိုကို ဖိနှိပ်နိုင်သည်။
ယခင်က ရီဟန် ရေးခဲ့သော စာလုံးတစ်လုံးတည်းကြောင့် 'ထိုက်ဟွာကျမ်းစာ' သည် ကောင်းကင်ဘုံခန်းမဆောင်အတွင်းတွင် ချိပ်ပိတ်ခြင်းခံခဲ့ရပြီး မလှုပ်ရှားနိုင်ခဲ့ချေ။
လေထုအတွင်းတွင် စာလုံးနှစ်ထောင်ကျော် ပျံဝဲနေသည်။ ထိုစာလုံးတစ်လုံးတိုင်းတွင် ထူးခြားသော အရှိန်အဝါနှင့်စွမ်းအားရှိပြီး ထိုအရာများသည် ဓားရှည်များကို ကိုင်ဆောင်ထားသော စစ်သားများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ကျောက်ပြားထိပ်သို့ မြင့်တက်သွားပေ၏။
ဤကျောက်ပြားသည် ကောင်းကင်ဘုံမျက်လုံးအလား မိုးကောင်းကင်တွင် မြင့်မားစွာ ရှိနေသည်။ မရေမတွက်နိုင်သော လူများသည် သူတို့၏ခေါင်းများကိုငုံ့ပြီး ထိုအရာကို စေ့စေ့မကြည့်ရဲကြပေ။
ထိုအချိန်မှာပင် မှော်စွမ်းအားများဖြင့် ဖန်တီးထားသော ဧရာမလက်ဝါးပုံရိပ်ယောင်တစ်ခုသည် ကျောက်ပြားကို ဖမ်းဆွဲလိုက်၏။ ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် မနှိုင်းယှဉ်နိုင်လောက်အောင် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ထိုအရာ၏စွမ်းအားသည် မိုးကောင်းကင်သို့ မြင့်တက်နေသည်။ ဤသည်မှာ စကြဝဠာအတွင်းရှိ လောကများအားလုံးကို သူ၏လက်ဝါးအတွင်းတွင် ကိုင်ဆောင်ထားသည့်အလားပင်။
"မင်းသားကူ လှုပ်ရှားလိုက်ပြီ..."
လုယွီက သူ၏စိတ်အာရုံကို ထိုလက်ဝါးပုံရိပ်ယောင်ကြီးပေါ်တွင် စူးစိုက်လိုက်သည်။ သူသည် သေခြင်းတရားကို ထိုင်ပြီးစောင့်ဆိုင်းရန် ရည်ရွယ်ချက်မရှိဘဲ သူ၏အကြည့်သည် လီမီအပေါ်သို့ ကျရောက်သွားပေ၏။
ယန်ကျန့်နှင့်မင်းသားကူတို့ တိုက်ခိုက်နေကြသည်။ လီမီသည် မသန်မစွမ်းအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး သူသည် ယန်ကျန့်၏ ကာကွယ်ပေးခြင်းကို ခံထားရသည်။
မိုးကောင်းကင်မှ ကျောက်ပြားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပြီး ကြယ်နယ်မြေတစ်ခုလုံးကို လုံးလုံးလျားလျား ဖိနှိပ်ထားသည်။
သို့ရာတွင် မင်းသားကူသည် ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိပေ။ သူသည် အသက်အိုမင်းနေသော်လည်း သူ၏အရှိန်အဝါသည် အလွန်အားကောင်းပြီး ထာဝရတည်ရှိနေမည့်အလားပင်။ သူသည် မိုးကောင်းကင်ယံမှ ကျောက်ပြားကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ဘုန်း...ဘုန်း...
သူတို့နှစ်ဦး ထိတွေ့မိသည့် အချိန်အခိုက်အတန့်မှာပင် မင်းသားကူ၏ မှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီး ပြင်းထန်စွာ ကြေမွှပျက်စီးသွားသည်။
အထပ်များစွာပါသော စေတီတစ်ဆူသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။ ထိုစေတီ၏ လေးဘက်လေးတန်သည် ခမ်းနားထည်ဝါသော ဗုဒ္ဓအလင်းတန်းများဖြင့် ထွန်းလင်းနေပြီး စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။ ဤသည်မှာ ထိုက်တောင်ကြီးတစ်တောင် အောက်သို့ ကျရောက်လာသည့်အလားပင်။
ထိုစေတီနောက်တွင် နောက်ထပ်ခုနစ်ထပ်စေတီတစ်ဆူရှိပြီး ခမ်းနားထည်ဝါသော အလင်းတန်းဖြင့် ထွန်းလင်းနေသည်။ ထိုစေတီများ၏နံဘေးပတ်လည်တွင် သောင်းနှင့်ချီသော ဘုန်းတော်ကြီးများရှိကာ စေတီများ၏စွမ်းအားကို မြှင့်တင်ရန် ဗုဒ္ဓကျမ်းစာများကို တညီတညွတ်တည်း ရွတ်ဆိုနေပုံရသည်။
"ဒါက ဗုဒ္ဓဂိုဏ်းပဲ..."
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
သူသည် ဗုဒ္ဓဂိုဏ်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။
ကျိုးထျန်းယင်၏ ဗုဒ္ဓတားမြစ်အမိန့်တော်ကို ရုတ်သိမ်းလိုက်စဥ်ကတည်းက ဗုဒ္ဓဂိုဏ်းသည် သူ၏အာဏာကို လျင်မြန်စွာ ချဲ့ထွင်စပြုလာသည်။ ကောင်းကင်ဘုံနယ်မြေ၏ နေရာအနှံ့အပြားတွင် ဗုဒ္ဓဂိုဏ်းဝင်များ ရှိနေသည်။
လုယွီသည် တစ်ချိန်က ထိပ်သီးတာအိုသခင်တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ယန်ကျန့် အသုံးပြုခဲ့သော နည်းလမ်းများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ဤအထပ်များစွာပါသော စေတီကျောက်ပြားတွင် ဗုဒ္ဓပညာရှင်တစ်သောင်းကျော်၏ စွမ်းအားများရှိသည်။ ထိုအရာသည် နှစ်ပေါင်းများစွာ ဝတ်ပြုကိုးကွယ်ခြင်းခံခဲ့ရပြီး တဖြည်းဖြည်း ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်လာသည်။ ဤှအရာကို နတ်ဘုရားတစ်ပါးဟုပင် ခေါ်ဆိုနိုင်ပေ၏။