← Chapters

အခန်း (၄၈၈၆-၄၈၉၀)

Vol. 248 Ch. 4886-4890

အခန်း (၄၈၈၆-၄၈၉၀)

Vol. 248 Ch. 4886-4890

Chapter 4886

ဤပုံရိပ်သည် မင်းသားကူပင်။

မင်းသားကူနှင့်ယန်ကျန့်တို့သည် တိုက်ကွက်ပေါင်းများစွာ အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။ သူသည် ပြင်းထန်သောဒဏ်ရာများကြောင့် ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။

သူ၏ခန္ဓာကိုယ်သည် အလွန်အမင်း ကိုင်းညွတ်နေပြီး သူ၏ကျောပေါ်တွင် တောင်ကြီးတစ်လုံးဖိထားသကဲ့သို့ ဖြစ်နေကာ သူ၏ခေါင်းကိုပင် မမော့နိုင်တော့ပေ။

မင်းသားကူ၏အသက်မီးအိမ်သည် အမှန်တကယ်ကို ခန်းခြောက်သွားခဲ့လေပြီ။

ပြင်းထန်သောတိုက်ပွဲသည် သူ၏နောက်ဆုံးအသက်စွမ်းအား အကြွင်းအကျန်များကိုပင် ကုန်ဆုံးသွားစေခဲ့သည်။ ယခုအချိန်၌ သူသည် ဒဏ်ရာအလွန်ပြင်းထန်သော ခန္ဓာကိုယ်ဖြင့် အတင်းအကြပ် ကြံ့ကြံ့ခံနေရုံသာ တတ်နိုင်တော့သည်။

သူသည် အလွန်အသက်အိုမင်းနေလေပြီ။ သူ ငယ်ရွယ်နုပျိုစဉ်က ကြုံတွေ့ခဲ့ရသော အရာအားလုံးသည် သူ့အား ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်စေခဲ့သည်။ တော်ဝင်မြို့တော်တွင် မရေမတွက်နိုင်သော နတ်ဆေးသမားတော်များ ရှိနေသော်လည်း သူ့အတွက် အကူအညီမဖြစ်ခဲ့ပေ။

"မင်းသားကူ..."

လုယွီသည် ရှေ့သို့တိုးလိုက်ပြီး သူ၏စိတ်နှလုံးသားသည် တုန်ခါသွားပေ၏။

သူ၏စိတ်အတွင်းတွင် မကောင်းသော နိမိတ်တစ်ခုခံစားလိုက်ရပြီး မင်းသားကူ မည်သည့်အရာအား လုပ်ဆောင်တော့မည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။

ဝှစ်...ဝှစ်...ဝှစ်....

ကဗျာမှဖွဲ့စည်းထားသော ရှေးဟောင်းသူရဲကောင်းသည် မင်းသားကူထံသို့ ပြေးဝင်လာပြီး သူ၏ခန္ဓာကိုယ်ကို ဓားသုံးချက်ဖြင့် ထိုးစိုက်လိုက်သည်။

ထိုဓားသုံးချက်လုံးသည် သူ၏နှလုံးသားနေရာသို့ ဖြစ်ပေ၏။

ရုတ်ချည်းဆိုသလိုပင် အနီရင့်ရောင်သွေးများသည် မင်းသားကူ၏ခန္ဓာကိုယ်မှ စမ်းရေကဲ့သို့ ပန်းထွက်လာသည်။

ဤသည်ကို မြင်တွေ့ချိန်၌ ပတ်ဝန်းကျင်မှလူများ၏ စိတ်နှလုံးသားများ ကြေမွှပျက်စီးသွားလုနီးပါးပင်။ လူအများသည် ဒေါသတကြီး အော်ဟစ်ကာ စစ်မြေပြင်ပေါ်မှ မြင်ကွင်းကို စူးစိုက်၍ ကြည့်နေကြသည်။

မင်းသားကူသည် သူ၏ခန္ဓာကိုယ်ဖြင့် ကဗျာသူရဲကောင်း၏တိုက်ခိုက်မှုအားလုံးကို ခံယူလိုက်သည်။ ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ ရှေ့သို့ဖိနှိပ်လိုက်ပြီး ကဗျာသူရဲကောင်းကို သူ၏လက်ဗလာဖြင့် ခြေမွှဖျက်ဆီးလိုက်၏။

ကြေမွှသွားသော ရှေးဟောင်းသူရဲကောင်းသည် မင်အစအနများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။

ဤသည်ကို ပြုလုပ်ပြီးနောက် မင်းသားကူသည် သူ၏စွမ်းအားများအားလုံး ဆုံးရှုံးသွားပုံရပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ကျိုးဟုန်ရွှမ်း....မင်းက သေချင်နေမှတော့ ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်..."

ယန်ကျန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏စုတ်တံကိုကောက်ကိုင်ကာ ရှေးဟောင်းသူရဲကောင်းကဗျာတစ်ခုလုံးကို စတင်၍ ရေးသားလိုက်သည်။

'သူရဲကောင်းတစ်ဦးရဲ့အရိုးက သေသည်အထိ မလောင်ကျွမ်းနိုင်ဘူး... လောကရဲ့သူရဲကောင်းတွေရှေ့မှာ ရှက်ရွံ့ခြင်းမရှိနိုင်...'

'ဖြောင့်မတ်မှန်ကန်တဲ့ ထိုက်ရှန်း လျှို့ဝှက်ကျမ်းစာကို ဘယ်သူဖတ်နိုင်မှာလဲ...'

သူ၏စုတ်တံသည် နဂါးနှင့်မြွေကဲ့သို့ လှုပ်ရှားပြီး လေထုကဲ့သို့ ရွေ့လျားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကဗျာတစ်ပုဒ်လုံးကို ရေးသားပြီးစီးသွားခဲ့သည်။

သူ ကဗျာတစ်ပုဒ်လုံးကို ရေးသားပြီးချိန်၌ စုတ်ချက်နှင့်စာလုံးတိုင်းတွင် တစ်မူထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေပုံရသည်။ ထိုအရာများသည် ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်ထားပြီး ဓားချီစွမ်းအားသည် ပို၍ပင် အားကောင်းလာပေ၏။

ဤတစ်ကြိမ်တွင် ရှေးဟောင်းမြေမှ သူရဲကောင်းသုံးထောင် ထွက်ပေါ်လာသည်။ သူတို့၏ခေါင်းများတွင် စစ်နဖူးစည်းများဖြင့် ချည်နှောင်ထားပြီး သူတို့၏ခါးများတွင် ဓားများကို ချိတ်ဆွဲထားသည်။ သူတို့သည် မြင်းဖြူများကိုစီးနင်းကာ ရှေ့သို့ပြေးဝင်လာကြသည်။

သူတို့၏သိုင်းပညာသည် အလွန်အစွမ်းထက်ပြီး ခြေလှမ်းဆယ်လှမ်းအတွင်း လူများကို သတ်ဖြတ်နိုင်ရာ မည်သူမျှ သူတို့ကို မယှဉ်နိုင်ချေ။

သို့ရာတွင် မင်းသားကူသည် ရှေးဟောင်းကဗျာသူရဲကောင်းရှေ့တွင် မလှုပ်မယှက် ထိုင်နေဆဲပင်။

လုယွီက အော်ဟစ်လိုက်သည်။

"မင်းသားကူ....ကျွန်တော် သူ့ကို တားထားမယ်... ခင်ဗျား အခုထွက်သွားတော့..."

"ငါ့ရဲ့အချိန်က ကုန်တော့မယ်"

မင်းသားကူက ခေါင်းခါလိုက်ပြီး သူ၏ဖြူဖျော့ဖျော့မျက်ခုံးမွှေးများသည် အနည်းငယ် တုန်ခါနေပေ၏။

သူသည် ရုတ်တရက် နောက်သို့လှည့်ပြီး လုယွီထံသို့ လက်ညှိုးညွှန်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်သော မှတ်ဉာဏ်ပင်လယ်တစ်ခုက လုယွီ၏ စိတ်အတွင်းသို့ စီးဝင်လာသည်။

ဤသည်မှာ ကူမင်းသား ကျိုးဟုန်ရွှမ်း၏ မှတ်ဉာဏ်များပင်။

မွေးဖွားချိန်မှစ၍ သူ၏ဘဝအဆုံးတိုင်အောင် ဤလူအိုကြီးသည် အလွန်အမင်းများပြားသော အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရသည်။

လောကနှစ်ခုတောင်တန်းတွင် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး လူများ အဆက်မပြတ် သေဆုံးနေကြသည်။ သို့ရာတွင် ကျိုးဟုန်ရွှမ်းသည် ထိုနေရာကို ခေါင်းမာစွာ စောင့်ကြပ်ခဲ့ပြီး သူ၏နောက်မှ လူသားများအတွက် နတ်ဆိုးများ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားထားခဲ့သည်။

ဤသည်မှာ ဖြူစင်သောလူတစ်ဦးဖြစ်ပြီး သူ၏ဘဝတစ်လျှောက်လုံး သူ၏ကိုယ်ပိုင်စံသတ်ချက်များအတွက် တိုက်ပွဲဝင်ခဲ့သည်။ လောကနှစ်ခုတောင်တန်းတွင် သူသည် နတ်ဆိုးဘိုးဘေးအမြောက်အများကို သူတစ်ဦးတည်းဖြင့် တားဆီးခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ယခုချိန်၌ သူအသက်အိုမင်း၍ အားနည်းနေသည့်တိုင် သူ လက်မလွှတ်နိုင်သော မြေတစ်လက်မအတွက် စစ်မြေပြင်တွင် သေဆုံးရန် ဆန္ဒရှိနေဆဲပင်။

'ငါ့ရဲ့တစ်ဘဝတာလုံးမှာဖြောင့်မတ်တည်ကြည်ခဲ့တာကြောင့် ငါ့ရဲ့နှလုံးသားထဲမှာ ရှက်ရွံ့စရာ တစိုးတစ်စိမှ မရှိခဲ့ဘူး'

ဤသည်မှာ ကူမင်းသားကျိုးဟုန်ရွှမ်း၏ နှလုံးသားမှ ရောင်ပြန်ဟပ်မှုပင်။

သူ၏မှတ်ဉာဏ်များနှင့်အတူ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်သော ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ပါဝင်လာသည်။

ဤသည်မှာ လူသားဧကရာဇ်ယွီ၏ လောကနှိမ်နင်းခြင်းနည်းစနစ်ပင်။

ထိုစဉ်က ရှထန်ကန်းသည် ဤရှေးဟောင်းလူသားဧကရာဇ်၏ ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိရန်အတွက် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း အဆုံးတွင်မူ လုယွီ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

ထန်ယွီစစ်ပွဲသည် ပြီးဆုံးသွားခဲ့လေပြီ။ တိုက်ပွဲအောင်မြင်မှုများအရဆိုလျှင် မည်သူမျှ လုယွီထက် မမြင့်မားချေ။

"ငါ ထွက်ခွာသွားပြီးတဲ့နောက်မှာ စစ်တပ်ထဲက လူတိုင်း လုယွီရဲ့အမိန့်ကို နားထောင်သင့်တယ်.... ကောင်းကင်ဘုံက ရှင်းလင်းပြတ်သားတယ်... နောင်လာနောက်သားတွေက သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချကြလိမ့်မယ်...ငါ့ရဲ့ နောင်ဘဝမှာ ကောင်းကင်ဘုံနယ်မြေ ငြိမ်းချမ်းပါစေ..."

Chapter 4887

ထိုစကားအဆုံးတွင် မင်းသားကူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ပြေးဝင်သွားသည်။

"မင်းသားကူ...."

လူများအားလုံး၏မျက်လုံးများအတွင်းမှ မျက်ရည်များ တသွင်သွင်စီးကျလာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

သို့ရာတွင် မင်းသားကူသည် သူတို့၏အသံများကို မကြားနိုင်တော့ချေ။

ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းသော စွမ်းအားတစ်ရပ်သည် မင်းသားကူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပေ၏။ ဤသည်မှာ ဧရာမနဂါးတစ်ကောင်၏ ဦးခေါင်းထောင်မတ်လာပြီး မီးတောက်များ မှုတ်ထုတ်လိုက်သည့်အလားပင်။

မင်းသားကူ၏ တိုက်ခိုက်မှုအောက်တွင် ရှေးဟောင်းသူရဲကောင်းသုံးထောင်သည် ပြာများနှင့်ဖုန်မှုန့်များအဖြစ်သို့ လျော့ကျသွားပြီး မည်သည့်တည်ရှိမှုမျှ သူကို မတားဆီးနိုင်ခဲ့ချေ။

မင်းသားကူသည် ယန်ကျန့်နှင့်အတူ ပျက်စီးသွားရန် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ခွဲတော့ပေမည်။

"ကျိုးဟုန်ရွှမ်း... မင်းက သေလမ်းရှာနေတာပဲ"

ယန်ကျန့်၏အသံတွင်လည်း ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ရပ် ပါဝင်နေသည်။

သူသည် တိုက်ပွဲကို အနိုင်ရရှိပြီးဖြစ်ကာ မင်းသားကူနှင့်လုယွီတို့ နှစ်ဦးစလုံးကို သတ်ရန် ကြံစည်နေခဲ့သည်။ သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ မင်းသားကူတွင် တန်ပြန်တိုက်ခိုက်ရန် စွမ်းအားရှိနေသေးခြင်းပင်။

အဆင့်မြင့်တာအိုသခင်တစ်ဦး၏ မသေဆုံးမီစွမ်းအားသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။

'ကွမ်တုန်း၏ အံ့ဖွယ်ကြာပန်း...ဗုဒ္ဓ၏ လျှို့ဝှက်ရတနာ...'

ယန်ကျန့်သည် သူ၏လက်အတွင်းမှ စုတ်တံကိုကောက်ကိုင်ပြီး စာတစ်ကြောင်းရေးလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"မဟုတ်ဘူး..."

ယန်ကျန့်ထံမှ အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ဝုန်း...ဝုန်း.....

ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုသည် ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

ပြင်းထန်သော လေလှိုင်းတစ်ရပ် တိုက်ခတ်သွားပြီး လုယွီပင်လျှင် မီတာတစ်ထောင်ကျော်အကွာသို့ လွင့်စင်သွားသည်။

မူလက ဟယ်လန်တောင်ရှိခဲ့သော နေရာသည် ယခုချိန်၌ ပေါက်ကွဲမှုဗဟိုချက်ဖြစ်သဖြင့် ကြီးမားသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မြင့်မားသော မှိုပွင့်သဏ္ဌာန်တိမ်တိုက်တစ်ခုသည် လေထုအတွင်းတွင် ထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားပေ၏။ ပြင်းထန်သော ပေါက်ကွဲမှုသည် ပတ်ဝန်းကျင်မှ အမှောင်ထုကို ဖယ်ရှားလိုက်ပြီး နေ့အချိန်ကဲ့သို့ လင်းထိန်သွားသည်။

"မင်းသားကူ သေပြီလား....သူ သေသွားပြီလား...."

ဤသည်မှာ လုယွီ၏ စိတ်အတွင်းတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးပင်။

မင်းသားကူ၏ ခိုင်မာတောင့်တင်းသော နောက်ကျောပြင်ကို သူ မြင်တွေ့ရသည်မှာ ရှေးဟောင်းခေတ်က လူသားဧကရာဇ်ကို မြင်တွေ့ရသည့်အလားပင်။

ထိုအချိန်က သူသည် အလွန်အားနည်းနေပေ၏။ သူသည် လူသားဧကရာဇ် သေဆုံးသွားသည်ကိုစောင့်ကြည့်နေရုံမှအပ တခြားမည်သည့်အရာမျှ မလုပ်နိုင်ခဲ့ချေ။

လက်ရှိလုယွီသည် ယခင်ကနှင့် မတူတော့သော်လည်း သူသည် ကောင်းကင်ဘုံနယ်မြေ၏ အထွတ်အထိပ်သို့ မရောက်သေးပေ။

နောက်ထပ် အားကောင်းသော စစ်သည်တော်တစ်ဦး လုယွီ၏ရှေ့တွင် သေဆုံးသွားခဲ့လေပြီ။

မိုးကောင်းကင်ယံအတွင်း၌ အလင်းတန်းများ တဖျတ်ဖျတ်လင်းလက်နေပြီး လူများအားလုံး၏ ဖြူဖျော့သော မျက်နှာများပေါ်သို့ရောင်ပြန်ဟပ်နေသည်။

ပြင်းထန်သော ပေါက်ကွဲမှုသည် အချိန်တစ်နာရီကြာပြီးနောက် ရပ်တန့်သွားသည်။

အဆင့်မြင့်တာအိုသခင်တစ်ဦး၏ သူ့ကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းသည် ကြယ်နယ်မြေတစ်ခု၏တစ်ဝက်ကို ဖျက်ဆီးရန် လုံလောက်သည်။

သို့ရာတွင် အရေးကြီးသောအချိန်၌ မင်းသားကူသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားများအားလုံးကို ထိန်းချုပ်ကာ ယန်ကျန့်တစ်ဦးတည်းအပေါ်သို့ သက်ရောက်စေခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲမှုသည် အမှောင်ထုကို ဆုတ်ဖြဲကာကာ လောကတခွင်လုံးကို လင်းထိန်သွားစေခဲ့သည်။

ပေါက်ကွဲမှုပြီးဆုံးသွားချိန်၌ စိတ်မရှည်သောလူများသည် လှမ်းမျှော်ကြည့်လိုက်ရာ သူတို့ရှေ့တွင် မိုင်တစ်ရာအထိ ရှည်လျားသော တွင်းနက်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤတွင်းနက်သည် မီတာတစ်ရာ့ငါးဆယ်ကျော်နက်ပြီး မီးလောင်နံ့များ ထွက်ပေါ်နေသည်။ ပေါက်ကွဲမှုစတင်ပြီးနောက် ဤနေရာတွင် ယခင်က မည်သည့်အရာ ရှိခဲ့သည်ဖြစ်စေ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အနက်ရောင်မီးခိုးငွေ့များသည် တွင်းနက်ကြီးမှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။

မင်းသားကူ၏ပုံရိပ်ကို မတွေ့နိုင်တော့ချေ။

ထိုလူအိုကြီးသည် သူ၏အသွေးအသားကို သူကိုယ်တိုင် ဖောက်ခွဲခဲ့သဖြင့် သူ သေဆုံးသွားမည်မှာ သေချာပေါက်ပင်။ သူ အသက်ရှင်သန်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။

လူအများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ စိတ်ခံစားမှုများကို တောင့်မခံနိုင်တော့ဘဲ ခါးသည်းစွာ ငိုကြွေးစပြုကြသည်။

ဤလောက၌ လူအများသည် မည်သူ့အတွက် ငိုကြွေးမည်နည်း။ ဤသည်မှာ သူရဲကောင်းတို့အတွက်ပင်။

လုယွီသည် ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး တွင်းနက်ကြီးအတွင်းရှိ ယန်ကျန့်ကို ကြည့်လိုက်သည်။

ယန်ကျန့်၏ခန္ဓာကိုယ်ပေါ်မှ အစိမ်းရောင်ဝတ်ရုံသည် လုံးလုံးလျားလျား ကြေမွှသွားခဲ့ပြီး သူ၏ပိန်လှီပြီး အိုမင်းသောခန္ဓာကိုယ် ပေါ်လွင်နေသည်။ သူ၏နဖူးပေါ်တွင် သွေးများဖြင့် စိုရွှဲနေပြီး သူသည် မြေပြင်ပေါ်၌ အားအင်ချည့်နဲ့စွာ လဲကျနေသည်။ သူသည် ထပ်မံ၍ မတ်တတ်မရပ်နိုင်တော့ချေ။

ဤမျှထိပြင်းထန်သော တာအိုသခင်တစ်ယောက်၏ သူ့ကိုယ်သူ ဖောက်ခွဲခြင်းကို ရင်ဆိုင်ရသာ ယန်ကျန့်သည် အမှန်တကယ်ကို အသက်ရှင်သန်နေသေးသည်။

ဤသည်မှာ မယုံနိုင်နိုင်ဖွယ် မြင်ကွင်းတစ်ခုဖြစ်သော်လည်း ယန်ကျန့်သည် အမှန်တကယ်ကို အသက်ရှင်သန်နေပေ၏။

သို့ရာတွင် သူသည် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။ သူ၏ရင်ဘတ်သည် ဟောင်းနွမ်းနေသော ဖားဖိုတစ်ခုကဲ့သို့ ဖြည်းညှင်းစွာ မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်။

Chapter 4888

"လုယွီ..."

ယန်ကျန့်၏ အသံသည် ပုံမှန်မဟုတ်ဘဲ အက်ကွဲခြောက်ကပ်နေသည်။

လုယွီသည် ရှေ့သို့တိုးလာပြီး ယန်ကျန့်၏နံဘေးသို့ ရောက်ရှိလာပေ၏။

"ဒီတစ်ခါတော့... ငါမင်းကို မသတ်နိုင်ခဲ့ဘူး... မင်းက တကယ့်ကို ကြီးမားတဲ့ ကံကြမ္မာကောင်းတွေရှိတဲ့ လူတစ်ယောက်ပဲ..အဟွတ်...အဟွတ်...အဟွတ်..."

ယန်ကျန့်သည် စကားတစ်ခွန်းကို အားတင်း၍ပြောဆိုပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးစပြုလာသည်။

သူသည် ချောင်းဆိုးနေရင်း သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ရ၏။

ပြင်းထန်သော ပေါက်ကွဲအားသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးခဲ့ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ထိုမျှသာမက ယန်ကျန့်၏ မူလဝိညာဉ်သည်လည်း လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေပြီ။

သူသည် သာမန်သေမျိုးတစ်ဦးနှင့် ကွာခြားခြင်းမရှိတော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းကာ သေခြင်းတရား ဆင်းသက်လာမည်ကို စောင့်ဆိုင်းနေရသည်။

လုယွီသည် ယန်ကျန့်ကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေလေ၏။ သူ တိုက်ခိုက်ခြင်းမရှိလျှင်ပင် ယန်ကျန့်သည် အသက်ရှင်သန်နိုင်မည် မဟုတ်ချေ။

သူ၏လက်ရှိအခြေအနေသည် နောက်ဆုံး အသက်စွမ်းအား အမျှင်တန်းမျှသာဖြစ်သည်။ မကြာမီမှာပင် သူ၏အသက်မီးအိမ်သည် ငြိမ်းသေသွားပေတော့မည်။

"ကံမကောင်းစွာနဲ့... ငါတို့က ပြိုင်ဘက်ကို အထင်သေးခဲ့ကြတယ်... ဒီတိုက်ပွဲပြီးသွားရင် ထန်အင်ပါယာက မင်းကို နောက်ထပ်ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး... တာယွီအင်ပါယာက ဒေသခံတပ်မှူးတွေရဲ့ ရှုပ်ထွေးမှုထဲမှာ သူတို့ကိုယ်သူတို့အရေးပါလာအောင် ဓားပြတွေကို မွေးမြူနေခဲ့ကြတယ်.... ငါတို့လည်း တူညီတဲ့အမှားမျိုးကို လုပ်ခဲ့ကြတယ်... အဟွတ်... အဟွတ်... အဟွတ်...."

ယန်ကျန့်သည် စကားပြောနေရင်း သူသည် တောင်စဥ်ရေမရစကားများကို ပြောဆိုမိနေလေပြီ။

"ဒီလူအိုကြီးက မင်းကို စုံစမ်းခဲ့တယ်... ငါ မရှင်းတဲ့ အချက်တစ်ချက်ရှိတယ်... မင်းဘာလို့ ဒီလောက်မြန်မြန် ကြီးထွားလာရတာလဲ... မင်းအောက်ဘုံမှာတုန်းက မင်းရဲ့စွမ်းဆောင်ရည်က စိတ်ကူးတောင်မယဉ်နိုင်စရာ ဖြစ်နေပြီ... ငါတို့ထန်အင်ပါယာက ရှေးဟောင်းအလယ်ခေတ်ကတည်းက စပြီးအစီအစဥ်ဆွဲခဲ့တာ.... အရှင်ဧကရာဇ်က ပြန်ရှင်သန်လာပြီးတော့ ထန်အင်ပါယာ တည်ထောင်တဲ့အထိ အရာအားလုံးကို စီစဉ်ပြီးသားပဲ"

"ဒါပေမဲ့ မင်း... မင်းက အောက်ဘုံက သေမျိုးနိုင်ငံတစ်ခုရဲ့ မှူးမတ်ငယ်လေးတစ်ယောက်ပဲ....ကောင်းကင်ဘုံနယ်မြေကို ထည့်မပြောရင်တောင် အောက်ဘုံမှာ မင်းလိုလူတွေ အများကြီး ရှိတယ်.... မင်း အသက်ဆယ့်ခုနစ်နှစ်မတိုင်ခင်က မင်းကို အရူးတစ်ယောက်လို့တောင် သတ်မှတ်ထားကြသေးတယ်...ဒါပေမဲ့ မင်း ဆယ့်ခုနစ်နှစ်ပြည့်ပြီးတဲ့နောက်မှာ ရုတ်တရက်ကြီး အစွမ်းထက်လာတယ်.... သေမျိုးတွေကိုးကွယ်တဲ့ စစ်နတ်ဘုရားတစ်ပါးကို ဝတ်ပြုမိရုံနဲ့ ကောင်းကင်ဘုံက မိုးကြိုးပစ်ချပြီး ရုပ်ထုကြီး ပျက်စီးသွားခဲ့တယ်.... မင်းက မွေးရာပါသူတော်စင်တစ်ယောက်လည်း မဟုတ်ဘူး.... မင်းဘယ်လိုလုပ်ခဲ့တာလဲ"

ယန်ကျန့်သည် မသေဆုံးမီ သူ၏နောက်ဆုံးမေးခွန်းကို မေးခဲ့သည်။

သူ တစ်ယောက်တည်းသာမက ထန်အင်ပါယာမှ ထိပ်သီးကျင့်ကြံသူများအားလုံးသည် လုယွီ၏အကြောင်းကို စုံစမ်းပြီးနောက် သူတို့ထံ၌ တူညီသောမေးခွန်းမျိုး ရှိလာခဲ့ကြသည်။

မီးခိုးငွေ့များသည် စစ်မြေပြင်၏နံဘေးပတ်လည်တွင် လှည့်ပတ်ပျံဝဲနေပြီး ပတ်ဝန်းကျင်ကို ဝေဝါးနေစေသည်။

ထို့နောက် လုယွီ၏အသံသည် ယန်ကျန့်၏ နားအတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။

"ငါဟာ ယို့မင်ပဲ"

လုယွီက ပြောဆိုသည်။

ယန်ကျန့်၏မျက်လုံးများ ပြူးကျယ်သွားကာ လုယွီကို စူးစိုက်၍ ကြည့်နေသည်။

ကောင်းကင်ဘုံနယ်မြေရှိ လူတိုင်းသည် မြေအောက်ကမ္ဘာ တာအိုသခင် သေဆုံးသွားပြီဟု ထင်ခဲ့ကြသော်လည်း သူသည် သူ၏အထောက်အထားကို ပြောင်းလဲကာ ပြန်လည်ဝင်စားခဲ့သည်။

အချိန်တခဏအကြာတွင် ယန်ကျန့်က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

"ငါ ဒါကို အစောကြီးကတည်းက တွေးမိသင့်တယ်...ငရဲဥပဒေသ...အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာတာ... မင်း အများကြီး ပြောင်းလဲသွားခဲ့ပြီ"

ယန်ကျန့်သည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။

မျိုးဆက်တစ်ဆက်၏ တာအိုသခင်တစ်ဦးသည် ဤကဲ့သို့နည်းလမ်းဖြင့် ကျဆုံးသွားခဲ့လေပြီ။

လုယွီက ရှေ့သို့တိုးလာပြီး ယန်ကျန့်၏ခေါင်းကို ဖြတ်တောက်လိုက်သည်။

မိုးကြိုးများသည် မိုးကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ဘုံ၏ ဟိန်းဟောက်သံကဲ့သို့ တုန်ခါသံများ မြည်ဟီးလာသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်သည် စာပေတာအိုသခင်တစ်ယောက်၏ သေဆုံးမှုအတွက် ငိုကြွေးနေသည့်အလားပင်။

လုယွီသည် ယန်ကျန့်၏ခေါင်းကို သူ၏လက်အတွင်းတွင် ကိုင်ဆောင်ကာ လူတိုင်း၏အကြည့်အောက်တွင် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

"ထန်အင်ပါယာရဲ့ တာအိုသခင် သေပြီ....ငါတို့စစ်တပ်က အောင်ပွဲရပြီ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဒေါသတကြီး ဟိန်းဟောက်လိုက်သော အသံလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပေ၏။

လူတိုင်းသည် သူတို့၏စိတ်အတွင်းမှ ခံစားချက်များကို ဖွင့်ထုတ်နေကြသည်။

သူတို့ထံတွင် ဝမ်းနည်းပူဆွေးမှု ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့၏နယ်မြေအတွင်းမှ တောင်တန်းများနှင့် မြစ်များသည် ပျက်စီးသွားခဲ့ကာ သူတို့သည်လည်း ထန်စစ်တပ်၏ သံမဏိခွာများအောက်တွင် ရှင်သန်ရန် ရုန်းကန်ခဲ့ကြရသည်။

သူတို့၏နာကြည်းမှုအားလုံးသည် ဤအချိန်အခိုက်အတန့်တွင် ဆေးကြောခံလိုက်ရသည့်အလားပင်။

အရှက်တရားကို သွေးဖြင့်သာ ဆေးကြောနိုင်ပေ၏။

မည်သူမျှ အားပေးကြွေးကြော်ခြင်း မပြုကြဘဲ သူတို့ထံတွင် ဝမ်းနည်းပူဆွေးမှုသာ ရှိသည်။

သေဆုံးသွားသော ယန်ကျန့်တွင် အလောင်းကျန်ရှိနေသေးသော်လည်း မင်းသားကူတွင်မူ အလောင်းပင်မရှိပေ။ သူသည် အမှန်တကယ်ပင် အလောင်းအပြည့်အစုံမကျန်ဘဲ သေဆုံးခဲ့ရသည်။

"ဝေါင်း...."

လုယွီသည် ရုတ်တရက် နဂါးဟိန်းသံတစ်သံကို ပြုကာ အဝေးမှ လီကျင်း၏ရုပ်ထုထံ ဦးတည်ပြီး ဟိန်းဟောက်လိုက်သည်။

မြင့်မားသော လီကျင်းနတ်ဘုရားရုပ်ထုသည် ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားပြီး အရပ်မျက်နှာအနှံ့အပြားသို့ ပြန့်ကျဲသွားသော အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်စုံတစ်ယောက်က လုယွီ၏လက်အတွင်းသို့ နဂါးအလံတစ်ခုကို ထည့်ပေးလိုက်သည်။

ထိုနဂါးအလံတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဤသည်မှာ စစ်တပ်အတွင်းရှိ ကျိုးတော်ဝင်မိသားစု၏ သင်္ကေတပင်။

မင်းသားကူ ဤလောကကြီးတွင် ချန်ထားခဲ့သည့် တစ်ခုတည်းသောအရာမှာ ဤအလံပင်။

လုယွီသည် အလံကို သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်မှ လူများကိုကြည့်ကာ ပြောဆိုလိုက်သည်။

"ငါတို့ အိမ်ပြန်ကြစို့"

Chapter 4889

ဒေါင်....

ဒေါင်....

သာယာနာပျော်ဖွယ် ခေါင်းလောင်းသံသည် တော်ဝင်မြို့တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

တော်ဝင်မြို့တော်ရှိ လူများသည် သူတို့၏နေအိမ်များမှ ထွက်လာကြပြီး တော်ဝင်မြို့တော်အပြင်ဘက်မှ ကြေးဝါခေါင်းလောင်းကို ကြည့်လိုက်ကြ၏။ သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။

နောက်ဆုံးတစ်ကြိမ် ခေါင်းလောင်းထိုးခဲ့သည်မှာ စာပေသူတော်စင်သောက်ရီ သေဆုံးခဲ့စဉ် အချိန်ကပင်။

"မင်းသားကူရဲ့ အထိမ်းအမှတ်ကျောက်ပြား ကြေမွှပျက်စီးသွားပြီ...."

အရာရှိတစ်ဦးသည် တော်ဝင်မျိုးနွယ်ရေးရာခန်းမဆောင်မှ အလျင်အမြန် ပြေးထွက်လာပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ထန်စစ်တပ်၏ တိုက်ခိုက်မှုသည် တော်ဝင်မြို့တော်၏နံဘေးပတ်လည်ကို ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်သည်။ မင်းသားကူသည် ကျိုးတော်ဝင်မိသားစုတွင် တစ်ဦးတည်းသော အဆင့်မြင့်တာအိုသခင်ပင်။

ဤအချိန်တွင် သူ သေဆုံးသွားခဲ့သည်။ တော်ဝင်မြို့တော်ရှိ မိုးကောင်းကင်ယံသည် ပြိုကျတော့မည်အလားပင်။

မင်းသားကူ၏သေဆုံးမှုနှင့်အတူ ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေသော နောက်ထပ်သတင်းတစ်ပုဒ် ကပ်ပါလာသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် ရှေ့တန်းတွင် ကြီးမားသော အောင်ပွဲကို ရရှိခဲ့သည်။ ထန်စစ်တပ်သည် လုံးလုံးလျားလျား ချေမှုန်းခြင်းခံလိုက်ရလေ၏။

လီမီ ကောင်းရှစ်ကျီး လီကွမ်းပိ ကဲရှူဟန် ဖုန်းချင်းချန်နှင့် ထန်စစ်ဗိုလ်ချုပ်များအားလုံး အသတ်ခံလိုက်ရသည်။

ထန်အင်ပါယာမှ တာအိုသခင်တစ်ဦးပင်လျှင် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ပြင်ပမှ ကြယ်နယ်မြေများအားလုံးသည် လုယွီ၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။

"ပုန်းကွယ်နဂါးစစ်တပ်က ကြီးမားတဲ့ အောင်ပွဲကို ရခဲ့ပြီ.... ထန်အင်ပါယာက တာအိုသခင် တိုက်ပွဲမှာ ကျဆုံးပြီးပြီးတော့ ထန်စစ်တပ် ရှုံးနိမ့်သွားပြီ"

"ထန်စစ်တပ်က အမြစ်ပြတ်ချေမှုန်းခံလိုက်ရပြီ!"

သတင်းပို့ရန် တာဝန်ယူထားသော ကင်းထောက်များသည် လမ်းများပေါ်တွင် အရူးအမူး ပြေးလွှားရင်း အောင်ပွဲသတင်းကို အော်ဟစ်နေကြသည်။

တော်ဝင်မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

တော်ဝင်မြို့တော်မှ လူများအားလုံးသည် ဤသတင်းကို နားထောင်ရင်း ကြက်သေသေသွားကြသည်။ သူတို့သည် အစောပိုင်းက ကြားလိုက်ရသည့် သတင်းကို မယုံနိုင်ကြချေ။

သူတို့သည် ရှေ့တန်းမှ ကြီးမားသော အောင်ပွဲသတင်းကို အမှန်တကယ် ကြားလိုက်ရသလော....

"တော်ဝင်နန်းတွင်းရဲ့ စစ်တပ်က လှုပ်ရှားမှုမရှိတော့တာ အချိန်အတော်ကြာနေပြီ.... တော်ဝင်နန်းတွင်းက ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ အပြင်ဘက်က ကြယ်နယ်မြေတွေအားလုံးကိုတောင် ပေးအပ်ခဲ့ပြီးပြီ...အခုအချိန်မှာ တိုက်ခိုက်နေကြတာက အုပ်ချုပ်သူအရှင်အသီးသီးရဲ့ ဒေသခံစစ်တပ်တွေပဲ"

"ဒါက ပုန်းကွယ်နဂါးစစ်တပ်ပဲ...မျှော်လင့်ထားတဲ့အတိုင်းပဲ....အရှင်လုရဲ့ ပုန်းကွယ်နဂါးစစ်တပ်က အားအကောင်းဆုံးပဲ... သူတစ်ယောက်တည်းကသာ ထန်စစ်တပ်ကို အနိုင်ယူနိုင်တယ်"

လူအများသည် အလွန်ဝမ်းမြောက်သွားကြပြီး တချို့သည် ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများကိုပင် ဖောက်လိုက်ကြ၏။

တချို့လူများသည် သတင်းကောင်းကို ပြောပြရန် ရှေ့နောက်ပြေးလွှားနေကြသည်။ ဤအချိန်တွင် တော်ဝင်မြို့တော်တစ်ခုလုံး အလွန်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

ကင်းထောက်များ တစ်သုတ်ပြီးတစ်သုတ် ရောက်လာပြီး သတင်း၏မှန်ကန်မှုကို အတည်ပြုနိုင်ခဲ့သည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချောင်းမြောင်းတိုက်ခိုက်သော နောက်ထပ်ထန်စစ်တပ်တစ်တပ်သည်လည်း လမ်းခုလတ်တွင် တိုက်ခိုက်ခံခဲ့ရသည်။

ကျန်းရီသည် သူ၏အမှားကို ပြန်လည်ဖြည့်ဆည်းနိုင်ရန်အတွက် သူသည် ကောင်းကင်ကွန်ယက်၏စွမ်းအားကို အသုံးပြု၍ ရန်သူများဘက်သို့ စိမ့်ဝင်စေခဲ့သည်။ ထန်စစ်တပ်၏ သတင်းပေးခုနှစ်ဆယ့်နှစ်ဦးအနက် သုံးဆယ်ကျော်သည် ကောင်းကင်ကွန်ယက်၏ လျှို့ဝှက်သူလျှိုများဖြစ်သည်။

သတင်းမှားရရှိပြီးနောက် ကဲရှူဟန်သည် ဝိုင်းရံမှုအတွင်းသို့ ကျရောက်သွားသည်။

ပြင်းထန်သော တိုက်ပွဲတစ်ပွဲအပြီးတွင် ကဲရှူဟန်၏အရိုးများကို စုန့်ချင်ဟူက ရိုက်ချိုးပြီး စစ်မေးရန်အတွက် ထောက်လှမ်းရေးရုံးတော်သို့ ပို့ဆောင်ခဲ့သည်။

ဤသို့ဖြင့် ထန်စစ်တပ်၏ တော်ဝင်မြို့တော်ကို တိုက်ခိုက်ရန် အစီအစဉ်သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။

နွေဦးနှင့်ဆောင်းဦးနှစ်၏ စစ်ပွဲစတင်ကတည်းက ထန်စစ်တပ်သည် တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် စတင်တိုက်ခိုက်ခဲ့သော်လည်း ဤကဲ့သို့သာ အဆုံးသတ်ခဲ့ရသည်။

"ရှေ့တန်းမှာ ကြီးမားတဲ့ အောင်ပွဲရပြီ"

ဤသတင်း ပျံ့နှံ့သွားချိန်၌ အပြင်လောကတွင် အုတ်အော်သောင်းနင်း ဖြစ်နေသော်လည်း တော်ဝင်နန်းတွင်းတွင်မူ သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်နေသည်။

စကြာဝဠာခန်းမအတွင်း၌.....

"ထန်စစ်တပ် တကယ်ကြီး ရှုံးသွားခဲ့တယ်...ယန်ကျန့်ကိုယ်တိုင် ထွက်သွားတာတောင် သူလည်း ရှုံးသွားတယ်... မင်းသားကူ... အဲ့ဒီလူအိုကြီးက လုယွီအတွက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး ဖျက်ဆီးခဲ့တယ်လား...သူ လုယွီက ငါတို့ကျိုးမိသားစုရဲ့ သေစေနိုင်တဲ့ရောဂါတစ်ခုပဲ... ဘာလို့ သူ့လို သစ္စာဖောက်အရာရှိကို ကာကွယ်ရမှာလဲ"

ကျိုးယွမ်ယန်သည် မရေမတွက်နိုင်သော ပစ္စည်းများကို ရိုက်ခွဲနေပြီး သူ၏ဒေါသတကြီး အော်ဟစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။

"အရှင်ဧကရာဇ် စိတ်လျှော့တော်မူပါ... လုယွီက အတုမရှိတဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့ ပြန်လာခဲ့ပြီ...အင်ပါယာက လူတွေအားလုံးရဲ့စိတ်နှလုံးသားက သူ့ရဲ့လက်ထဲမှာ ရှိနေပါတယ်...ဒီအချိန်မှာ အရှင်ဧကရာဇ်က မဆင်မခြင်မလုပ်သင့်ပါဘူး"

ကျန်းကျွင်းချန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခါးသည်းစွာ တောင်းပန်လိုက်သည်။

"မဆင်မခြင်လုပ်တယ်....ဟုတ်လား..

ငါဧကရာဇ်သာ မလှုပ်ရှားသေးရင် ဒီပလ္လင်က လုမျိုးရိုးအတွက် ဖြစ်သွားလိမ့်မယ်"

ကျိုးယွမ်ယန်က ဒေါသတကြီး အော်ငေါက်လေသည်။

"အရှင်ဧကရာဇ်... ရှထန်ကန်းက တွေ့ခွင့်တောင်းနေပါတယ်"

အပြင်ဘက်တွင်ရှိနေသော မိန်းမစိုးတစ်ဦးက သတင်းပို့သည်။

"သူ့ကို ဝင်ခိုင်းလိုက်စမ်း"

စကြဝဠာခန်းမ၏တံခါးမကြီးသည် တွန်းဖွင့်ခြင်းခံရပြီးနောက် သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော ရှထန်ကန်း ဝင်ရောက်လာသည်။

"အရှင်ရှ....ဧကရာဇ်ကို တွေ့ဆုံတဲ့အချိန်မှာ ဘာလို့ သံချပ်ကာကို ဝတ်ဆင်လာတာလဲ"

ကျန်းကျွင်းချန်က အံ့အားတသင့် ပြောဆိုသည်။

ရှထန်ကန်းသည် ကျန်းကျွင်းချန်ကို တစ်ချက်သာကြည့်ပြီး တုံ့ပြန်အဖြေပေးခြင်း မပြုချေ။ သူသည် ကျိုးယွမ်ယန်၏ရှေ့သို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်၏။

"အရှင်ဧကရာဇ်...ဒီအရာရှိမှာ လုယွီကို မြှုပ်နှံ့စရာနေရာမရှိဘဲ သေဆုံးသွားစေနိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်"

Chapter 4890

"အမတ်ကြီးရှ...မင်းမှာ ဘာအကြံအစည်ရှိလဲ"

ကျိုးယွမ်ယန်၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ကျိုးယွမ်ယန်သည် ဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် သူ၏စိတ်နှလုံးသားအတွင်းတွင် ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေသည်။

လုယွီ ဤတစ်ကြိမ်ရရှိခဲ့သော တိုက်ပွဲအောင်မြင်မှုသည် သူ၏စိတ်ကူးများ အတွင်း၌ပင် ထည့်မတွေးဝံ့သည့်အရာဖြစ်သည်။

လက်အောက်ငယ်သား၏ ဂုဏ်သတင်းသည် အရှင်သခင်ထက် ပို၍မြင့်မားခြင်း.....

အင်ပါယာတိုင်းတွင် ဤကဲ့သို့သော လူများသည် ဧကရာဇ်၏ဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပြီး အနာဂတ်ပြဿနာများကို ကာကွယ်ရန် သူတို့၏မိသားစုများကိုပင် အမြစ်ပြတ်သုတ်သင်ခဲ့ကြသည်။

သို့ရာတွင် ကျိုးယွမ်ယန်သည် ထိုသို့ မလုပ်နိုင်ခဲ့ချေ။

သူသည် စစ်တပ်တစ်တပ်ကို တစ်ကြိမ်တစ်ခါမျှ ဦးဆောင်ခဲ့ဖူးခြင်း မရှိသောကြောင့် စစ်တပ်အတွင်းတွင် မည်သည့်နာမည်ဂုဏ်သတင်းမျှ မရှိခဲ့ချေ။

ထို့အပြင် တော်ဝင်မြို့တော်တွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက် တာယွီပြည်သူများ၏ ဧကရာဇ်အပေါ် သစ္စာစောင့်သိမှု ကျဆင်းသွားခဲ့သည်။ တော်ဝင်စစ်တပ်၏ တပ်ရင်းလေးခုပင်လျှင် ဧကရာဇ်အပေါ် အပျက်သဘောဆောင်သော မှတ်ချက်တချို့ ရှိလာခဲ့သည်။

စစ်ရေးဂုဏ်သိက္ခာမရှိသော ကျိုးယွမ်ယန်သည် သူ၏ကိုယ်ပိုင်အစွမ်းအစကို မသုံးနိုင်ဘဲ ရှရှင်းချွမ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အရာရှိများကိုသာ အသုံးပြုနိုင်ခဲ့သည်။

"ဒီကိစ္စသည် အရမ်းစွန့်စားရမယ် ဆိုပေမယ့် အောင်မြင်သွားရင် လုယွီ သေဆုံးသွားမှာ ‌သေချာတယ်... အခွင့်အရေးက တစ်ခုပဲ ကျန်တော့တယ်... သူ ကြီးထွားမလာခင်မှာ စွန့်စားရမယ်...သူ့ကို သတ်နိုင်တာပဲဖြစ်ဖြစ် မသတ်နိုင်တာပဲဖြစ်ဖြစ် ဒါက ဘဝတသက်လုံးမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးပဲ"

ရှထန်ကန်း၏နှုတ်ခမ်းများ ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားပြီး သူ၏အသံကို ပေးပို့လိုက်သည်။

နံဘေးတွင်ရပ်နေသော ကျန်းကျွင်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း ဤလျှို့ဝှက်ကိစ္စကိုလည်း ကြားသိရမည်ဟု မျှော်လင့်မထားခဲ့ချေ။

လျှို့ဝှက်သတင်းစကားတစ်ခုသည် ကျန်းကျွင်းချန်နှင့် ကျိုးယွမ်ယန်တို့၏ နားများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

ကျန်းကျွင်းချန် ဤစကားများကိုကြားချိန်၌ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။ သူ စကားပြောတော့မည့် အချိန်မှာပင် ရှထန်ကန်းက ကြားဖြတ်ပြောဆိုသည်။

"မိန်းမစိုးကျန်း....ဒီကိစ္စအတွက် မင်း ဝင်ပါရလိမ့်မယ်....အရှင်ဧကရာဇ်က ဒီကိစ္စကို လုပ်ချင်တယ်ဆိုရင် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုပေးဖို့ လိုအပ်တယ်"

ရှထန်ကန်းက ကျန်းကျွင်းချန်ကို ကြည့်လိုက်သည်။

ကျန်းကျွင်းချန်သည် မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်။

"အရှင်ဧကရာဇ်အတွက်ဆိုရင် ကျွန်တော်က သေရင်တောင် နောက်တွန့်မှာ မဟုတ်ပါဘူး..."

ကန့်လန့်ကာနောက်ကွယ်တွင် ကျိုးယွမ်ယန်၏ မျက်နှာကို ခပ်ရေးရေး မြင်နေရသည်။

"ဒီကိစ္စကို... အမတ်ကြီးရှရဲ့အစီအစဥ်အတိုင်း လုပ်ဆောင်စေ...."

...

လုယွီမှ ရန်သူကို အနိုင်ယူလိုက်သည့်သတင်းသည် တော်ဝင်မြို့တော်ရှိ ထိပ်သီးမိသားစုအသီးသီး၏ နားများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တော်ဝင်မြို့တော်... ကျန်းမိသားစု....

"ဘာ...လုယွီက ထန်တပ်မတော်ကို တကယ်အနိုင်ယူလိုက်တာလား...."

"လီမီတောင် သူ့လက်ထဲမှာ သေသွားတာလား...သူက အသက်ဘယ်လောက် ရှိသေးလို့လဲ...သူမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုစွမ်းအားမျိူး ရှိနိုင်မှာလဲ"

ကျန်းမိသားစုမှ အကြီးအကဲအုပ်စု၏ မျက်နှာများပေါ်တွင် မယုံနိုင်သော အမူအယာများကို ထင်ဟပ်လာသည်။

ကျန်းဟောင်သည် ပင်မခန်းမရှိ လက်တင်ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူလျှိုထံမှ အစီရင်ခံစာကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် သူက မေးမြန်းလိုက်၏။

"ဒါက အမှန်ပဲလား"

"လုံးဝ အမှန်ပါပဲ...ဒီငယ်သားသည် စစ်ဘက်ရေးရာဌာနက သတင်းကို အခုလေးတင် ရခဲ့တယ်....ဒီတစ်ကြိမ်မှာ ထန်စစ်တပ်ရဲ့ အဓိကစစ်ဗိုလ်ချုပ်တွေ အားလုံးနီးပါး ချေမှုန်းခံလိုက်ရပါသည်...ထန်အင်ပါယာက စစ်ကူလွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကော့ကျစ်ရီက တော်ဝင်မြို့တော်နယ်မြေရဲ့အပြင်ဘက်မှာ စခန်းချထားပြီးသား ဖြစ်ပေမယ့် သူက ခြေတစ်လှမ်းမှ ရှေ့ကိုမလှမ်းဝံ့ဘူး"

သူလျှိုက ဆက်လက်၍ အစီရင်ခံသည်။

"ဟား ဟား ဟား ...."

ကျန်းဟောင်သည် ရုတ်တရက် ရယ်မောလိုက်၏။

တခြားအကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။ ကျန်းဟောင်သည် မိသားစုအတွင်းတွင် အမြဲတစေ အလွန်တည်ငြိမ်စွာနေလေ့ရှိသူပင်။ သို့ရာတွင် ယခုချိန်တွင်မူ သူသည် ရုတ်တရက် သူ၏တည်ငြိမ်မှုကို ဆုံးရှုံးသွားသည်။

"ငါ အရင်ကတည်းက ပြောခဲ့တယ်....ငါတို့ လုရှီနောက်ကို လိုက်တာ ဘာအမှားမှမရှိဘူး....လုယွီ ရှုံးနိမ့်သွားရင် ငါတို့ကျန်းမိသားကို ဘာဖြစ်သွားမလဲဆိုတာကို ဆွေးနွေးနေတဲ့လူတွေ တကယ်ရှိခဲ့တယ်....မင်းတို့အားလုံး မစဉ်းစားခဲ့ကြဘူးလား....လုယွီ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင်တောင်... ငါတို့ကျန်းမိသားစုက တိုးတက်လာနိုင်မှာလား"

ကျန်းဟောင်က အော်ဟစ်လိုက်သည်။

အကြီးအကဲများ၏ မျက်နှာများ နီမြန်းသွားပြီး သူတို့၏နှုတ်ခမ်းများ တုန်ခါနေသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။

သူတို့သည် ဤအခြေအနေကို ယခင်က အမှန်တကယ် စဉ်းစားခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းဟောင်ကြောင့် သူတို့ကျန်းမိသားစုနှင့် လုယွီသည် အလွန်အမင်း တင်းကြပ်စွာ ချည်နှောင်ထားခဲ့ပြီးဖြစ်သည်။

"လုရှီက ဘိုးဘေးက ခန့်အပ်ထားတဲ့ ထိပ်သီးကျောင်းတော်သားပဲ...မင်းတို့အားလုံးက အသက်ကြီးပြီးတော့ အဆင်အခြင်မဲ့နေကြတယ်.... ဘိုးဘေးက မှားနိုင်ပါ့မလား....မင်းတို့ရဲ့တွေးခေါ်မှုက ဘိုးဘေးနဲ့ ဘယ်လောက်ထိ အဆင့်ကွာဝေးတယ်ဆိုတာ ထည့်ပြောဖို့တောင်မလိုဘူး.... အခု ဘိုးဘေးက လောကနှစ်ခုတောင်တန်းကို တာဝန်ယူနေတော့ ငါတို့ကျန်းမိသားစုရဲ့ အင်အားက ပိုပိုပြီး အားနည်းလာပြီ....ငါတို့မိသားစုအတွက် ကျောထောက်နောက်ခံတစ်ခု မရှာရင် တော်ဝင်မြို့တော်မှာ ခြေကုပ်ယူဖို့ ငါတို့မှာ ဘာအခွင့်အရေး ရှိတော့မှာလဲ"

ကျန်းဟောင်က ဆူပူကြိမ်းမောင်းလိုက်သည်။

အကြီးအကဲအုပ်စုသည် ထိတ်လန့်တုန်လှုပ်နေပြီး ပြန်မပြောဝံ့ကြပေ။

ကျန်းဟောင်သည် ဤမျှငယ်ရွယ်သောအရွယ်တွင် ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် သူ စကားပြောချိန်တွင် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံမလုံလောက်သောကြောင့် ခွန်းတုံ့ပြန်ဝံ့သော အကြီးအကဲအမြောက်အများ ရှိခဲ့သည်။

All Chapters