← Chapters

အခန်း (၄၈၉၁-၄၈၉၅)

Vol. 248 Ch. 4891-4895

အခန်း (၄၈၉၁-၄၈၉၅)

Vol. 248 Ch. 4891-4895

Chapter 4891

သို့ရာတွင် ယခုအချိန်တွင်မူ ကျန်းမိသားစု၏အကြီးအကဲများသည် အရေအတွက်များပြားပြီး အတွေ့အကြုံရင့်ကျက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ကျန်းဟောင်၏ရှေ့တွင် မဆင်မခြင် စကားမဆိုဝံ့တော့ပေ။

အကြောင်းအရင်းမှာ ကျန်းဟောင်သည် လုယွီ၏မိတ်ဆွေ ဖြစ်နေသောကြောင့်ပင်။

ဤအချက်တစ်ချက်တည်းကပင် ကျန်းမိသားစုအတွင်းမှ ကျန်းဟောင်၏အဆင့်အတန်းကို လှုပ်ခတ်မသွားစေရန် လုံလောက်နေလေပြီ။

"တစ်ယောက်ယောက် လာခဲ့စမ်း... သေရည်နှင့် စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ပြီးတော့ သခင်မလေး လုရွှမ်အာကို ခေါ်ဆောင်ခဲ့ပါ.....ဒီသတင်းကောင်းကို ငါကိုယ်တိုင် သူ့ကို ပြောချင်တယ်"

ကျန်းဟောင် ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့..."

အစေခံတစ်ယောက်က အလျင်အမြန် ပြေးထွက်သွားသည်။

ထိုအချိန်ကျမှသာ အကြီးအကဲများသည် အိပ်မက်မှ နိုးထလာသကဲ့သို့ သတိဝင်လာကြသည်။

လုယွီသည် မြို့တော်သို့ ပြန်မရောက်သေးသော်လည်း သူ၏တိုက်ပွဲအောင်မြင်မှုများအရ အနာဂတ်တွင် လုယွီထံ၌ မည်မျှထိ သြဇာအာဏာလွှမ်းမိုးမှု ရှိလာမည်ကို တွေးတောကြည့်၍ ရနိုင်သည်။

ထိုအချိန်တွင် လုမိသားစု၏ တိုက်ရိုက်မျိုးနွယ်ဝင်များသည် အမြင့်သို့ တက်လှမ်းနိုင်မည်မှာ သေချာပေါက်ပင်။

ထို့ပြင် လုယွီ၏ဝမ်းကွဲတော်စပ်သူ လုရွှမ်အာသည် သူတို့၏ကျန်းမိသားစု၌ ရှိနေပေ၏။

ယခုအချိန်တွင် တခြားကိစ္စများကို လုပ်ဆောင်ခြင်းထက် လုရွှမ်အာကို မျက်နှာလုပ်ကာ ဖားယားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

"မြန်မြန်လုပ်စမ်း... လူတွေလွှတ်ပြီး ဂုဏ်ပြုလက်ဆောင်တွေ ပြင်ဆင်ခိုင်းလိုက်တော့...."

"ဟုတ်သားပဲ....လုရွှမ်အာက အနာဂတ်မှာ မြင့်မြတ်တဲ့အဆင့်အတန်းတစ်ခု ရမှာသေချာတယ်...ဒီကိစ္စကို ငါက ဘယ်လိုလုပ်ပြီး မေ့နေနိုင်ရတာလဲ...အခုချိန်မှာ ငါက သူနဲ့ မိတ်ဖွဲ့ထားရင် ဘာမှထိခိုက်နစ်နာစရာမရှိဘူး...."

အကြီးအကဲများသည် အလွန်အမင်း စိုးရိမ်ပူပန်သွားကြပြီး လက်ဆောင်များပြင်ဆင်ရန် လူများကို အလျင်အမြန် စေလွှတ်လိုက်ကြသည်။

...

"လုယွီ တကယ်ပဲ နိုင်သွားခဲ့တယ်...."

လုမိသားစု၏ အထီးကျန်လူရိုင်းကမ္ဘာအတွင်း၌ လုချန်ချင်းသည် ထိတ်လန့်တုန်လှုပ်သောအမူအယာဖြင့် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။

လုမိသားစုမှ တခြားတပည့်များသည် သူတို့၏ ပဉ္စမအရှင် ဤမျှထိ စိတ်လှုပ်ရှားနေသည်ကို မြင်ချိန်၌ အံ့အားသင့်ခြင်းမရှိကြချေ။

သူတို့ကိုယ်တိုင်ပင်လျှင် ဤသည်မှာ မယုံနိုင်စရာကောင်းသည်ဟု ခံစားနေရသည်။

လုမိသားစုသည် စစ်သူတော်စင်၏မိသားစုပင်။ ရှေ့တွင် စစ်သူတော်စင်လုနှင့် လုပိုယန်ကဲ့သို့သော ပုဂ္ဂိုလ်များရှိနေသဖြင့် လုမိသားစု၏နာမည်ဂုဏ်သတင်း ထွန်းလင်းတောက်ပြောင်နေခဲ့သည်။ လုမိသားစု၏မျိုးဆက်များတလျှောက် နာမည်ကျော်စစ်ဗိုလ်ချုပ်များစွာ ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် လုမိသားစုမှ စစ်ဗိုလ်ချုပ်များပင်လျှင် တိုက်ပွဲမြေပုံကို စူးစမ်းလေ့လာပြီးနောက် လုယွီ နိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။

လုယွီ၏စစ်တပ်တွင် စားနပ်ရိက္ခာရှားပါးပြီး ထန်စစ်တပ်တွင်မူ အရည်အချင်းရှိသူများစွာ ရှိနေသည်။

မည်သို့ပင် ကြည့်စေကာမူ ဤသည်မှာ မမျှတသော စစ်ပွဲတစ်ပွဲပင်။

သို့ရာတွင် လုယွီသည် သူ၏လက်တွေ့တိုက်ပွဲရလဒ်များကို အသုံးပြု၍ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

သူ နိုင်ခဲ့ရုံသာမက ကြီးမားသော အောင်ပွဲကိုပင် ရရှိခဲ့သည်။ ဤသည်မှာ ရန်သူကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သော အောင်ပွဲတစ်ပွဲပင်။

"ငါတို့က ရေတွင်းထဲက ဖားသူငယ်တွေလို ဖြစ်ခဲ့တာ ရယ်စရာကောင်းလိုက်တာ.... လုယွီနိုင်မလား မနိုင်ဘူးလားဆိုတာကိုတောင် ငါတို့ဆွေးနွေးခဲ့ကြသေးတယ်...အခုတော့ ဒီအကြောင်းကို လုံးဝစိတ်ပူစရာမလိုတော့ဘူးထင်တယ်"

လုချန်ချင်းက ခါးသည်းသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"ပဉ္စမအရှင်.... ငါတို့က အဘက်ဘက်ကနေ စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ခဲ့တယ်"

လုမိသားစုမှ အကြီးအကဲတစ်ဦးက ပြောဆိုသည်။

"အမှန်ပဲ....ဒါပေမဲ့ ကံကောင်းချင်တော့ ငါတို့လုမိသားစုက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တယ်....လုယွီနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ အဲ့ဒီ လုကျိုးရှောင်...သူ သေသွားပြီဆိုတာ သေချာရဲ့လား"

လုချန်ချင်းက မေးမြန်းသည်။

အကြီးအကဲတစ်ဦးက တုံ့ပြန်အဖြေပေးလေ၏။

"လုကျိုရှောင်ရဲ့ မွေးဖွားချိန်ကစပြီးတော့ ချိတ်ဆက်ထားသော စိတ်ဝိညာဥ်ကျောက်ပြားက လုံးဝကြေမွှပျက်စီးသွားပါပြီ....လက်ရှိမှာတော့ သူ အသက်မရှင်တော့ဘူးဆိုတာကို အတည်ပြုနိုင်တယ်"

လုချန်ချင်းက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။

"သူ အသက်မရှင်တာကောင်းတယ်... သူသာ အသက်ရှင်နေသေးရင် ငါ သူ့ကို သေချာပေါက် ဖမ်းပြီးတော့ လုယွီဆီ ပို့ပေးလိုက်မှာပဲ"

တခြားလုမိသားစုဝင်များအနက် မည်သူမျှ ငြင်းဆိုခြင်း မပြုဝံ့ချေ။

လုကျိုးရှောင်သည် ယခင်က လုမိသားစု၏ သခင်လေးဖြစ်ခဲ့ကာ ခန့်ညားထည်ဝါပြီး အစွမ်းထက်ခဲ့သည်။

သို့ရာတွင် လုယွီ၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပါက လုကျိုးရှောင်၏ "သွေးမိတ်ဆွေအမတ်ကြီး" ဟူသော ဘွဲ့အဆင့်အတန်းသည် ပြောပလောက်ဖွယ် မရှိချေ။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း"

ထိုအချိန်မှာပင် တတိယအရှင် လုချန်ဆောင်၏ အသံသည် အစည်းအဝေးခန်းမ၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

"လုယွီရဲ့မိသားစုဝင်များကို ငါတို့လုမိသားစုရဲ့ တိုက်ရိုက်မျိုးနွယ်ဝင်တွေအဖြစ် ချက်ချင်းရာထူးတိုးမြှင့်ရမယ်.... လုယွီရဲ့ဘိုးဘေးဘီဘင် အထိမ်းအမှတ်ကျောက်ပြားတွေကို လုမိသားစု ဘိုးဘေးခန်းမကို ပို့ဆောင်ပြီးတော့ အမွှေးတိုင်နဲ့ ပူဇော်ရမယ်...ဒါ့ပြင် လုယွီရဲ့အဘိုးဖြစ်တဲ့ လုဝူသီကို အကြီးအကဲခန်းမရဲ့ အကြီးအကဲတစ်ယောက်အဖြစ် ချက်ချင်းရာထူးတိုးမြှင့်ပေးရမယ်.... ငါကိုယ်တိုင် သူ့ရဲ့ကျင့်ကြံမှုကို သင်ကြားပေးမယ်"

ဤစကားများ ထွက်ပေါ်လာချိန်တွင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သူမျှ ကန့်ကွက်ခြင်းမရှိချေ။

လူအများသည် လုယွီ ပြန်ရောက်လာပြီးနောက် သူ၏မိသားစုဝင်များသည် အမြင့်သို့ တစ်ရှိန်ထိုး တက်လှမ်းသွားမည်ဖြစ်ပြီး သူတို့၏အဆင့်အတန်းသည် အလွန်အမင်း မြင့်မားလာမည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

လုယွီ၏သွေးမျိုးဆက်သည် အောက်ဘုံမှ မိသားစုခွဲငယ်လေးတစ်ခုမျှသာဖြစ်သည်။ အကယ်၍ အခြားသာမန်နေ့တစ်နေ့သာဆိုလျှင် သူတို့သည် လုအိမ်တော်အတွင်းသို့ ဝင်ရောက်ခွင့်ပင် ရရှိမည်မဟုတ်ပေ။

သို့ရာတွင် လုယွီကြောင့် ဤစည်းမျဉ်းစည်းကမ်းအားလုံးသည် အရေးမကြီးတော့ချေ။

Chapter 4892

"ဟား ဟား ဟား...အရှင်လုက တကယ့်ကို အစွမ်းထက်တာပဲ..."

ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် အုတ်အော်သောင်းနင်း ဖြစ်နေလေ၏။ မရေမတွက်နိုင်သော ကျောင်းတော်သားများသည် ထိုသတင်းကို အသိပေးရန် ရှေ့နောက်ပြေးလွှားနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ဒဏ္ဍာရီတစ်ခုကို ချန်ထားခဲ့သည်။

ကျောင်းတော်တွင် လုအဖွဲ့အစည်းသည် အဖွဲ့ဝင်အများဆုံးပင်။

အတိတ်တွင် လုယွီသည် ထန်စစ်တပ်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့စဉ်၌ လုအဖွဲ့ဝင်များသည် ရှရှင်းချွမ်နှင့် တခြားရက်စက်သော အရာရှိများ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ကို ခံစားခဲ့ရသည်။

သို့ရာတွင် ယခုအချိန်၌ လူတိုင်း သူတို့အားလုံး တဖန်ပြန်၍ ခေါင်းမော့ရင်ကော့နိုင်ခဲ့လေပြီ။

လုယွီ၏ ကြီးမားသောအောင်ပွဲသည် ပုန်းကွယ်နဂါးစစ်တပ်၏ အဆင့်အတန်းကို မြင့်တက်စေရုံသာမက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် တစ်ခုလုံးကိုလည်း ဂုဏ်ယူဝံ့ကြွားစေခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သာမက တော်ဝင်ကျောင်းတော်နှင့် တခြားကျောင်းတော်လေးခုမှလည်း အားပေးသံများ ထွက်ပေါ်လာသည်။

ကျိုးယွမ်ယန်သည် လူအများ၏ဆန္ဒနှင့် ဆန့်ကျင်ဘက်ကို ပြုလုပ်ခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော အရာရှိများကို စေလွှတ်၍ ကျမ်းစာများကိုမီးရှို့ကာ ကွန်ဖြူးရှပ်ပညာရှင်များကို ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် သူသည် တာယွီ၏ ပညာရေးလောကတစ်ခုလုံး စိန်ခေါ်ခဲ့ပြီးဖြစ်သည်။

ထိုကွန်ဖြူးရှပ်ပညာရှင်များသည် တစ်နှစ်ပတ်လုံး စာအုပ်များအတွင်းတွင် နစ်မြုပ်နေကြပြီး လောက၏အရေးကိစ္စများကို ဂရုမစိုက်ကြချေ။ သို့ရာတွင် သူတို့ထံ၌ မရေမတွက်နိုင်သော တပည့်များရှိပြီး သူတို့၏ဆက်ဆံရေးကွန်ယက်သည် ယှက်နွယ်နေသောကြောင့် သူတို့ကို လှုပ်ခတ်နိုင်ရန် အလွန်ခက်ခဲသည်။

ယခုအချိန်၌ သူတို့သည် ကျမ်းစာများကိုမီးရှို့ခြင်းနှင့် ကွန်ဖြူးရှပ်ပညာရှင်များကို ဖမ်းဆီးခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီးနောက် တာယွီ၏ပညာရေးလောက တစ်ခုလုံးနီးပါးသည် လုယွီ၏ဘက်သို့ ယိမ်းယိုင်သွားခဲ့သည်။

သာမာန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သော ကျောက်စိမ်းဆေးမီးဖိုအတွင်းတွင် ဗြောက်အိုးသံများ မီးရှုးမီးပန်းသံများ ထွက်ပေါ်လာသည်။

သို့ရာတွင် စည်းကမ်းအတင်းကြပ်ဆုံး မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးများပင်လျှင် ထိုကိစ္စကို တားဆီးခြင်းမရှိချေ။

"ဒါက လူငယ်တွေရဲ့အောင်ပွဲပဲ..."

မဟာကွန်ဖြူးရှပ်ပညာရှင် ချန်ကျင်းသည် ယခုအချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်နေလေပြီ။

သူသည် ပြတင်းပေါက်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပြီး အပြင်ဘက်မှ နုပျိုပြီး တက်ကြွနေသော လူငယ်မျက်နှာများကို ကြည့်လိုက်သည်။

"အနာဂတ်မှာ ဒီလူငယ်တွေကလည်း တော်ဝင်နန်းတွင်းထဲကို ခြေချပြီးတော့ လောကတစ်ခုလုံးရဲ့ အခြေအနေကို ပြန်ပြောင်းရေးသားကြလိမ့်မယ်"

"ကျောင်းအုပ်ကြီးချန်....ခင်ဗျားလည်း သိတဲ့အတိုင်းပဲ....လုယွီရဲ့ ဂုဏ်သတင်းက အခုအရမ်းမြင့်မားနေပြီ....စစ်တပ်ထဲမှာတင်မကဘူး တပည့်တွေကြားမှာတောင် လုယွီရဲ့စကားကို စံအဖြစ် သတ်မှတ်တဲ့သူတွေ အများကြီးရှိနေပြီ... သူတို့ထဲက အများစုက လုအဖွဲ့အစည်းထဲကို ဝင်ခဲ့ကြတယ်....ကြာလာရင် လုယွီကို ဘယ်သူမှ နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး"

ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက စိုးရိမ်ပူပန်တကြီး အြောဆိုသည်။

ချန်ကျင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ငါလည်း ဒါကို သိပါတယ်... ဒါပေမဲ့ ငါတို့လို လူအိုကြီးတွေက သိနေရင်တောင် ဘာလုပ်နိုင်မှာလဲ"

ကွန်ဖြူးရှပ်ပညာရှင်သည် တစ်စုံတစ်ခုပြောလိုသော်လည်း သူ့ကိုယ်သူ တားဆီးလိုက်ပြီး ခေါင်းခါလိုက်သည်။

အမှန်တကယ်ကို သူတို့ထံတွင် အင်အားမဲ့နေလေပြီ။

နန်းတော်အတွင်းမှ ဧကရာဇ်ပင်လျှင် လုယွီ၏ ကြီးထွားလာမှုကို မတားဆီးနိုင်တော့ချေ။

ယခုအချိန်ဤ လုယွီသာ ကျောင်းတော်မှ တပည့်အားလုံးကို စစ်တပ်အတွင်းသို့ဝင်ရန် အမိန့်ပေးပါက ထိုတပည့်များသည် တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ချေ။

"ငါက စာပေသူတော်စင်ရီရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်...လောကကြီးက နုနယ်ပါသေးတယ်"

ချန်ကျင်းက ပြောဆိုသည်။

...

တစ်ချိန်တည်းတွင် တော်ဝင်မြို့တော်၏ အကျဉ်းထောင်အတွင်းမှ အားပေးကြွေးကြော်သံများ ထွက်ပေါ်လာသည်။

လုအဖွဲ့အစည်းမှ အဖွဲ့ဝင်အမြောက်အများ ချုပ်နှောင်ခံထားရသဖြင့် အကျဉ်းထောင်အတွင်းတွင် လူများဖြင့် ပြည့်နှက်နေသည်။

အပြင်ဘက်မှ သတင်းကို အကျဉ်းထောင်အတွင်းသို့ မည်သူ ပေးပို့ပေးသည်ကို မည်သူမျှမသိချေ။ လုအဖွဲ့အစည်းမှ အဖွဲ့ဝင်အားလုံး ချက်ချင်းပင် သတိဝင်လာကြပြီး သံတိုင်များကို အစွမ်းကုန်ထုကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

အတိတ်က မောက်မာခဲ့သော အစောင့်များအားလုံးတိတ်ဆိတ်နေကြပြီး သူတို့ကို တားဆီးရန် မဝံ့ရဲကြချေ။

လုယွီ ပြန်လာပြီးနောက် ဤလူများ မည်သို့ဖြစ်လာမည်ကို သူတို့ တွေးတောကြည့်ဝံ့ခြင်းပင် မရှိပေ။

လုအဖွဲ့မှလူများကို နှိပ်စက်ခဲ့သော အစောင့်များသည် သူတို့၏အလှည့်ကို ရောက်လာမည်အား ကြောက်ရွံသဖြင့် ထွက်ပြေးသွားကြသည်။ သူတို့သည် သူတို့၏အထောက်အထားများကို ဖုံးကွယ်ကာ မြို့တော်မှ အလျင်အမြန် ထွက်ခွာသွားကြ၏။

လုယွီသည် တော်ဝင်မြို့တော်သို့ ပြန်မရောက်သေးသော်လည်း သူသည် လူအမြောက်အများကို တုန်လှုပ်ချောက်ချားစေခဲ့ပြီးဖြစ်သည်။

......

လုယွီ၏အောင်ပွဲသတင်းသည် ဝေ့မိသားစုထံသို့လည်း ပျံ့နှံ့သွားပြီး လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

"ဘိုးဘေး....လုယွီရဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဝေ့မိသားစုက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ပြသဖို့အချိန်တန်ပါပြီ.... ရှမိသားစုကလွဲရင် တခြားမိသားစုအားလုံးက လုယွီအပေါ် သူတို့ရဲ့ကောင်းမွန်တဲ့သဘောထားကို ဖော်ပြခဲ့ကြတယ်....ကျွန်တော်တို့ဝေ့မိသားစုသာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို မဖော်ပြသေးဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"

ဝေ့မိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်သည် ဝေ့မိသားစုဘိုးဘေး၏ရှေ့တွင် ဒူးထောက်ကာ ခါးသည်းစွာ တောင်းပန်လိုက်၏။

ဝေ့မိသားစုဘိုးဘေး၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။

"မင်းတို့အားလုံး အခုထွက်သွားလို့ရပြီပြီ... မင်းတို့က ဘာကိုဆိုလိုတယ်ဆိုတာ ငါ သိတယ်....လုယွီ ဧကရာဇ်ဖြစ်လာရင်တောင် ငါ့ရဲ့မြေးမလေးကို မိသားစုရဲ့ အပေးအယူတဲ့ပစ္စည်းဖြစ်ခွင့်ကို ဘယ်တော့မှ ငါ ပေးမှာမဟုတ်ဘူး"

ထိုအချိန်မှာပင် အစေခံတစ်ဦးသည် ထိတ်လန့်သောအမူအယာဖြင့် အခန်းအတွင်းသို့ ပြေးဝင်လာသည်။

"ဘိုးဘေး...သတင်းဆိုးပါ...သခင်မလေး... သူထွက်ပြေးသွားပါပြီ"

Chapter 4893

"ခွေးမသားတွေ...ဘယ်သူက သူ့ကို ထွက်သွားခွင့်ပေးတာလဲ... ချက်ချင်းလူလွှတ်ပြီး သူ့နောက်ကို လိုက်ခိုင်းစမ်း"

ဝေ့မိသားစုဘိုးဘေးက အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့..."

အစေခံသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လျင်မြန်စွာ ထွက်ပြေးသွားလေ၏။

ဝေ့မိသားစု၏ မိသားစုခေါင်းဆောင် ဝေ့ရှင်းယွင်က သက်ပြင်းရှည်တစ်ချက်ရှိုက်ကာ ခေါင်းခါလိုက်သည်။

"ဒီကလေးမက မဆင်မခြင်နိုင်တုန်းပဲ...ဒါပေမဲ့ ဘိုးဘေး...ကျွန်တော်တို့ ထင်အာကို တသက်လုံး အကျဉ်းချထားကြမှာလား...."

"သူ့ လုယွီအပေါ်ထားတဲ့ ခံစားချက်တွေကို ငါ သိတယ်....ဒါပေမဲ့ အဲ့ဒီလုယွီက မတည်ငြိမ်တဲ့အခြေအနေမှာ ရှိနေတယ်... ထင်အာကို အဲ့ဒီလိုလူတစ်ယောက်လက်ထဲကို ငါ ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ဝေ့မိသားစုဘိုးဘေးက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဘိုးဘေး ဘာလိုလဲ...လုယွီက ကြီးမားတဲ့အောင်ပွဲရဲ့ ဂုဏ်သိက္ခာကို ရထားပြီးတော့ ပြည်သူလူထုရဲ့စိတ်နှလုံးသားကို ပိုင်ဆိုင်ထားတယ်.....အခုက သူ့အတွက် ဘွဲ့ထူးတွေရမယ့်အချိန် မဟုတ်လား"

ဝေ့ရှင်းယွင်က မေးမြန်းသည်။

"မင်းက ကြီးမားတဲ့ ရာထူးနေရာကို တာဝန်ယူထားပေမယ့် ဒီလောက်ရိုးရှင်းတဲ့ကိစ္စကိုတောင် မင်း နားမလည်ဘူးလား... လုယွီရဲ့ လက်ရှိအဆင့်အတန်းက ဘာလဲ... အရင်က သူက ဒေသတစ်ခုရဲ့အုပ်ချုပ်သူအရှင် ဖြစ်ခဲ့ပြီး တော့ ဧကရာဇ်က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တယ်...သူ့ကို ပြန်ခေါ်ဖို့ ရွှေတံဆိပ်ပြား ဆယ့်နှစ်ခု ဆက်တိုက်ပို့တာတောင် အသုံးမဝင်ခဲ့ဘဲနဲ့ လုယွီက အဲ့ဒီသံတမန်တွေကိုတောင် သေဒဏ်ပေးခဲ့တယ်...."

"လုယွီက စစ်ပွဲကို နိုင်ခဲ့တာ အမှန်ပဲ... ဒါပေမဲ့ သူက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက် မဟုတ်တော့ဘူး... သူ နိုင်တဲ့စစ်ပွဲက ပိုကြီးလေလေ ဧကရာဇ်က ပိုပြီးမိုက်မဲတယ်ဆိုတာ သက်သေပြလေလေပဲ...ဒါကြောင့် လုယွီနဲ့ ဧကရာဇ်က မီးနဲ့ရေလိုပဲ.... မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် စစ်ပွဲတစ်ခု ဖြစ်လာဦးမှာပဲ"

ဝေ့မိသားစုဘိုးဘေးက သက်ပြင်းရှိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။

"ငါက ရပ်တည်ချက်တစ်ခု မချချင်တာမဟုတ်ဘူး... ဒါပေမဲ့ ငါက ဝေ့မိသားစုက ကျရှုံးသွားတာကို မမြင်ချင်ဘူး...ကျန်းမိသားစုနဲ့ လုမိသားစုတွေ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့တာက သူတို့က လုယွီနဲ့ အရင်ကတည်းက ချည်နှောင်ထားခဲ့လို့ပဲ...သူတို့ကို ခွဲခြားလို့မရတော့ဘူး.... ဒါပေမဲ့ ငါတို့ဝေ့မိသားစုမှာတော့ နောက်ဆုတ်စရာလမ်း ရှိနေသေးတယ်။ လုယွီသာ ဒီတိုက်ပွဲမှာ ရှုံးသွားရင်... ငါတို့က ကျိုးမိသားစုနဲ့ ပူးပေါင်းလို့ရတယ်..."

"ဒါပေမဲ့... ဒါက ထင်းအာရဲ့ ပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတယ်"

ဝေ့ရှင်းယွင်က တုံ့ပြန်လိုက်၏။

"အဲ့ဒီကိစ္စကြောင့်ပဲ ငါက ထင်းအာရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ရမယ်...လုယွီသာ ဒီတစ်ခေါက်မှာ ကံကောင်းပြီးတော့ လွတ်မြောက်လာခဲ့ရင် ထင်းအာကို သူ့ရဲ့နောက်ကို လိုက်သွားခွင့် ပြုလိုက်မယ်"

ဝေ့မိသားစုဘိုးဘေးက ပြောဆိုသည်။

"ဒါပေမဲ့ လုယွီ ရှုံးနိမ့်သွားရင်ရော...."

ဝေ့ရှင်းယွင်က မေးမြန်းသည်။

"ထင်းအာအတွက် ငါတို့ဝေ့မိသားစုက လုယွီကို လက်ခံထားနိုင်တယ်... ဒီလုယွီက ထင်းအာအတွက် သင့်တော်တဲ့လူပဲ...သူက ငါတို့ဝေ့မိသားစုထဲကို လက်ထပ်ပြီးဝင်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

ဝေ့မိသားစုဘိုးဘေးက တုံ့ပြန်အဖြေပေးသည်။

...

တော်ဝင်မြို့တော်... ခရမ်းနန်းဆောင်..

မီဖေးသည် နန်းဆောင်အတွင်းရှိ ပျော့ပျောင်းသော ညောင်စောင်းပေါ်တွင် ထိုင်ကာ မျက်လုံးစုံမှိတ်၍ အနားယူနေသည်။ သူမ၏နောက်ကျော၌ နတ်ဘုရားအလင်းတန်းများ တောက်ပစွာ ထွန်းလင်းနေပေ၏။

မရေမတွက်နိုင်သော အလင်းတန်းများသည် မိုးစက်များအလား မီဖေး၏ခေါင်းနောက်သို့ ဝင်ရောက်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူမသည် သူမအား သက်ဝင်ယုံကြည်သူအားလုံးထံမှ သတင်းအချက်အလက်များကို ရရှိခဲ့သည်။

"လုယွီ....လုယွီ...နင်က ငါ့ရဲ့မျှော်လင့်ချက်တွေကို တကယ်ကြီး ကျော်လွန်သွားခဲ့ပြီ"

မီဖေးက သက်ပြင်းရှိုက်လိုက်သည်။

လုယွီသည် တော်ဝင်မြို့တော်၏ပြင်ပတွင် ကြီးမားသော အောင်ပွဲရရှိပြီး ထန်စစ်တပ်ကို အနိုင်ယူလိုက်သည့်သတင်းသည် အတွင်းနန်းတော်၏ နန်းဆောင်များထံသို့လည်း ပျံ့နှံ့လာခဲ့သည်။

သို့ရာတွင် ဤသတင်းကို မီဖေး ရရှိခဲ့သောအချိန်သည် တခြားလူများထက် အနည်းငယ်ပို၍ မြန်ဆန်သည်။

မီဖေးသည် ထိုက်ချမ်ဧကရာဇ်မှ နတ်ဘုရားဘွဲ့ချီးမြှင့်ခဲ့သော စစ်မှန်သော နတ်ဘုရားမတစ်ပါးပင်။ တော်ဝင်နန်းတွင်း၏ စည်းမျဉ်းများအရ ကြယ်နယ်မြေတိုင်းတွင် သူမအတွက် ဘုရားကျောင်းများ တည်ထောင်ထားပြီး မရေမတွက်နိုင်သော သက်ဝင်ယုံကြည်သူများ ရှိသည်။

ဤသက်ဝင်ယုံကြည်သူများသည် မီဖေး၏ မျက်လုံးများပင်။

သူတို့သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပြီး လောကရှိ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားသည်။

လုယွီသည် ထန်စစ်တပ်မှ စစ်ဗိုလ်ချုပ်အမြောက်အများကို သတ်ဖြတ်ခဲ့ပြီး အဆင့်မြင့်တာအိုသခင်တစ်ဦးနှင့်ပင် တိုက်ခိုက်နိုင်ခဲ့သည်။

ဤသတင်းသည် မီဖေးကို အမှန်တကယ် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

မီဖေးသည် တစ်ချိန်က ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်မြင့်တာအိုသခင်တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည်။

သူတို့၏ လုပ်ဆောင်မှုတစ်ခုချင်းစီသည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို သက်ရောက်မှုရှိနိုင်ပြီး ကြယ်နယ်မြေတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်။

မီဖေးကိုယ်တိုင်ပင်လျှင် အဆင့်မြင့်တာအိုသခင်တစ်ဦးနှင့် ရင်ဆိုင်ဝံ့ခြင်းမရှိချေ။

တော်ဝင်နန်းတွင်း၏ ထောက်လှမ်းရေးသတင်းများအရ မင်းသားကူသည် နောက်ဆုံးတွင် ယန်ကျန့်နှင့် အသက်ခြင်းလဲလှယ်ရန် သူ၏အသက်ကို စွန့်လွှတ်ခဲ့သည်။

သို့ရာတွင် လူတိုင်းသည် အချက်တစ်ချက်ကို လျစ်လျူရှုခဲ့ကြသည်။ မင်းသားကူ နောက်ဆုံးတိုက်ကွက်ကို မတိုက်ခိုက်မီ လုယွီသည် ယန်ကျန့်နှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

"ငါ တကယ့်ကို မှားခဲ့တာပဲ.. ဒီလုယွီက အတော်ဆုံးလူပဲ... သူတစ်ယောက်တည်းကသာ ဒီအရှင်မ လောင်းကြေးထပ်ရကျိုးနပ်တဲ့သူပဲ.."

မီဖေး၏အမူအယာသည် တည်ငြိမ်နေသော်လည်း သူမ၏နှလုံးသားခုန်နှုန်း လျင်မြန်နေသည်။

"လာကြစမ်း...ယုချင်ကို သွားခေါ်ခဲ့စမ်း"

Chapter 4894

ကျန်းယုချင်သည် ခရမ်းနန်းဆောင်သို့ အလျင်အမြန် ရောက်ရှိလာပေ၏။

သူမသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ယခုချိန်၌ သူမ အခန်းအတွင်းမှ ထွက်လာချိန်တွင် သူမ၏ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင်မှော်စွမ်းအားစီးကြောင်းများ စီးဆင်းနေသည်။ သူမသည် နက်နဲသိမ်မွေ့သောနယ်ပယ်ကို ဝင်ရောက်ခဲ့သည့်အဆင့်ထိ ကျင့်ကြံခဲ့သည်မှာ သိသာထင်ရှားလှ၏။

အောက်ဘုံရှိ မိသားစုငယ်လေးတစ်စုမှ မိန်းမပျိုလေးတစ်ဦးသည် ယနေ့တွင် ဤသို့သော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားမိမည်မဟုတ်ချေ။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်.... အထွတ်အထိပ်အဆင့်....

ကျန်းယုချင်နှင့် သက်တူရွယ်တူများအတွက် ဤသည်မှာ ထူးခြားဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။

တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ငါးခုမှ တပည့်အများစုပင်လျှင် ဤမျှအသက်အရွယ်ဖြင့် ထိုသို့သော ကျင့်ကြံဆင့်သို့ မရောက်နိုင်ကြချေ။

အင်အားတစ်မျိုးတည်းအရဆိုလျှင် ကျန်းယုချင်သည် ကြယ်နယ်မြေအရှင်နှင့် စစ်ဗိုလ်ချုပ်ရာထူးကို တာဝန်ယူနိုင်ပြီးဖြစ်သည်။

ထို့ပြင် သူမတွင် မီဖေး၏ပျိုးထောင်ပေးမှုရှိသောကြောင့် သူမ အသုံးပြုသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် အရင်းအမြစ်များအားလုံးသည် ပထမတန်းစားပင်။ ထိုကြောင့် သူမသည် တူညီသော ကျင့်ကြံဆင့်နယ်ပယ်ရှိသူများ အကြားတွင်လည်း ထူးချွန်နေသည်။

"မီဖေးကို အရိုအသေပြုပါတယ်"

ကျန်းယုချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ဦးညွှတ်အရိုအသေလိုက်သည်။ သူမသည် ကျက်သရေရှိပြီး တင့်တယ်လှပကာ သူမ၏မျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခု ရှိနေသည်။

ကြင်ယာတော်မီ၏ မိသားစုဝင်တစ်ဦးအနေဖြင့် သူမသည် တော်ဝင်နန်းတော်မှ အခမ်းအနားအရာရှိများ၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရပြီး ပို၍ယဉ်ကျေးသိမ်မွေ့လာသည်။ သူမပြုလုပ်သော လှုပ်ရှားမှုတိုင်းသည် တော်ဝင်နန်းတွင်း၏ ကျင့်ဝတ်နှင့်အညီ ဖြစ်ပေ၏။

ကြင်ယာတော်မီက ကျန်းယုချင်ကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

"ချင်အာ...တော်ဝင်နန်းတွင်းမှာ နင်နဲ့နီးစပ်ချင်တဲ့ ယောက်ျားသားတွေအများကြီးရှိတယ်လို့ ငါကြားတယ်....အခုကြည့်ရတာ ဒါက အပိုစကားတစ်ခွန်းတော့ မဟုတ်ဘူး ထင်တယ်....ဒီအရှင်မသာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင် ငါလည်း နင့်နောက်ကို လိုက်မိမှာပဲ"

မီဖေးက အပြုံးနှင့် ပြောဆိုသည်။

ကျန်းယုချင်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် တုံ့ပြန်သည်။

"အရှင်မ....ကျွန်မက ကျွန်မရဲ့ကျင့်ကြံမှုအပေါ်မှာ အာရုံစိုက်ဖို့ပဲ ကြံစည်ထားပါတယ်...ကျွန်မက အချစ်ရေးကိစ္စကို ခုလောလောဆယ်မှာ မစဉ်းစားသေးပါဘူး"

မီဖေးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "နင့်ရဲ့အသက်အရွယ်က အချစ်အကြောင်းပြောဖို့ အချိန်ကောင်းပဲ.... ဒီအချိန်မှာ အချစ်ရဲ့အရသာကို မခံစားခဲ့ရင် နင် အသက်ကြီးလာတဲ့အချိန်မှာ နောင်တနဲ့ သက်ပြင်းချရုံပဲ ရှိတော့မှာ မဟုတ်လား"

"အရှင်မ...ဒါက..."

ကျန်းယုချင်သည် မည်ကဲ့သို့ တုံ့ပြန်ရမည်အား မသိတော့ချေ။

ပုံမှန်အားဖြင့် မီဖေးသည် သူမကို နန်းဆောင်သို့ဆင့်ခေါ်လျှင် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် ကိစ္စတချို့ကိုသာ ပြောဆိုလေ့ရှိသည်။

သို့ရာတွင် ယနေ့၌ ဤအကြောင်းအရာသည် အနည်းငယ် ထူးဆန်းနေပုံရသည်။

မီဖေးက တဲ့တိုးဆန်စွာ မေးမြန်းလေ၏။

"နင် လုယွီကို ကြိုက်တယ် မဟုတ်လား..."

"အမ်"

ကျန်းယုချင်၏ ဖြူစင်လှပသော မျက်နှာလေး ရုတ်တရက် နီမြန်းသွားသည်။ သူမ၏ခေါင်းကို အောက်သို့ငုံ့လိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။

သူမသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူမ၏တာအိုနှလုံးသားသည် တည်ငြိမ်ပေ၏။ သို့ရာတွင် မီဖေးမှ ရုတ်တရက် ထုတ်ဖော်မေးမြန်းလိုက်ချိန်တွင် သူမသည် ချက်ချင်းစိတ်လှုပ်ရှားသွားသည်။

ကျန်းယုချင်၏အမူအယာကို မြင်တွေ့ချိန်၌ မီဖေးက အလိုအလျောက် နားလည်သဘောပေါက်သွားသည်။

"လုယွီက လူဆိုးတစ်ယောက်မဟုတ်ဘူး.... အောက်ဘုံမှာတုန်းက ငါ သူ့ကို လှောင်ပြောင်ခဲ့တယ်..ဒီကောင်လေးက ငါ့ကို အမြင်ကျယ်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး...သူက အောက်ဘုံမှာ ပြိုင်ဘက်ကင်းရုံတင်မကဘူး ကောင်းကင်ဘုံနယ်မြေမှာလည်း နာမည်ကျော်ကြားအောင် လုပ်နိုင်ခဲ့တယ်...သူ့ကို ထိပ်သီးပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်...နင်က ငါ့ရဲ့ဆွေမျိုးတစ်ယောက်ဆိုတော့ နင်ရဲ့အဆင့်အတန်းက မြင့်မြတ်တယ်... နင် သူ့ကို လက်ထပ်ရင် သူ့ကို စော်ကားသလို ဖြစ်သွားမှာ မဟုတ်ဘူး"

မီဖေးက ပြောဆိုသည်။

"အရှင်မ... ကျွန်မ ကျွန်မ..."

ကျန်းယုချင်သည် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဘဲ သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် ရှက်ရွံ့ပြီး စိတ်လှုပ်ရှားနေပေ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော နဖူးပေါ်တွင် ချွေးစများစို့လာသည်။ သူမသည် ထွက်သွားလိုသော်လည်း ကျင့်ဝတ်ကို ဆန့်ကျင်ရန် မဝံ့ရဲသဖြင့် ခေါင်းငုံ့ထားရုံသာ တတ်နိုင်ခဲ့သည်။

"စိတ်လှုပ်ရှားနေဖို့ မလိုဘူး...ဒီအရှင်မက မင်းနဲ့ ဘဝရဲ့ကိစ္စကြီးတစ်ခုအကြောင်း ပြောနေတာပဲ.... ဒါပေမဲ့ နင့်ရဲ့သဘောထားအရဆိုရင် နင်က လုယွီကို အရမ်းသဘောကျတယ် မဟုတ်လား"

မီဖေးက ပြောဆိုသည်။

ကျန်းယုချင်က မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တုံ့ပြန်လိုက်၏။

"ယုချင်က ဘဝတလျှောက်လုံးမှာ အရှင်မအတွက် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်"

ကြင်ယာတော်မီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ငါ့ကို အမှုထမ်းပြီးတော့ ဘာလုပ်မှာလဲ.... ငါ့မှာ မရေမတွက်နိုင်တဲ့ သက်ဝင်ယုံကြည်သူတွေရှိတယ်....ငါ့ကို အမှုထမ်းဖို့ တစ်ယောက်ယောက်ကို လိုချင်ရင် တခြားသူတွေက အလုအယက် ရောက်လာကြလိမ့်မယ်.... နင်ကို ငါ့ဘေးမှာ အမြဲတမ်းထားရင် တခြားလူတွေက လက်မထပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ထားတယ်ဆိုပြီး ဒီအရှင်မကို လှောင်ပြောင်ရယ်မောကြလိမ့်မယ်"

ကျန်းယုချင်က ခေါင်းငုံ့ပြီး ပြောဆိုလိုက်၏။

"ဒါပေမဲ့ သူ့ရဲ့စိတ်နှလုံးသားထဲမှာ ချစ်သူရှိပြီးသား ဖြစ်နေတယ်"

မီဖေးက ပြောဆိုသည်။

"သူ့မှာ စိတ်နှလုံးသားထဲက ချစ်သူရှိရင်တောင် ဘာဖြစ်လဲ....ဒီလောကမှာ ဘယ်သူက ဇနီးသုံးယောက်နဲ့ မောင်းမလေးယောက်မရှိလို့လဲ... ဥပမာအနေနဲ့ ပြောရရင် ယဉ်ကျေးမှုအမတ်ကြီး ကျန်းရွှမ်စဲကိုပဲ ကြည့်လိုက်အုံး....သူက ကွန်ဖြူးရှပ်ဂိုဏ်းဝင်တစ်ယောက် ဖြစ်တဲ့အပြင် သူတော်စင်ရဲ့ အမည်ခံတပည့်တစ်ယောက်လည်း ဟုတ်တယ်.....ဒါပေမဲ့ သူက မောင်းမနှစ်ဆယ်ကျော် လက်ထပ်ပြီးသား မဟုတ်ဘူးလား.... နင် ချစ်ရတဲ့သူကို အလကား လက်လွတ်ပေးပြီးတော့ ငေးကြည့်နေရလိမ့်မယ်"

Chapter 4895

"အရှင်မ..."

ကျန်းယုချင်သည် ရှက်ရွံ့ပြီး စိုးရိမ်ပူပန်နေသည်။

ယနေ့၌ မီဖေးသည် ဤမျှထိ ပြောင်းလဲသွားပြီး ရုတ်တရက် သူမအား ဤအရာများ အားလုံးကို ပြောပြလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ချေ။

ပုံမှန်အားဖြင့် မီဖေးသည် ဤသို့ မဟုတ်ပေ။

မီဖေးက သက်ပြင်းရှည်တစ်ချက်ရှိုက်ပြီး ပြောဆိုသည်

"ဒီအရှင်မက နင့်ကို ကြင်နာစိတ်နဲ့ သတိပေးတာပါ....နင့်မှာ နောင်တရစရာမျိုးတွေ မရှိစေချင်လို့ပဲ...ငါက နင့်ကို နောက်ထပ်သတင်းတစ်ပုဒ် ပြောပြမယ်....လုယွီက ရှေ့တန်းကနေ အောင်ပွဲခံပြီး ပြန်လာခဲ့ပြီ...ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးက သူ့ကို ကြိုဆိုဖို့ ထွက်သွားပြီ"

"ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေး ဝေ့မုန်ထင်လား...."

ကျန်းယုချင် ထိတ်လန့်တုန်လှုပ်သွားသည်။

အကြောင်းအရင်းတစ်ခုကြောင့် သူမသည် ဤသတင်းကို ကြားချိန်၌ သူမ၏စိတ်နှလုံးသားအတွင်းတွင် အလျင်လိုမှုတစ်ခုကို ခံစားလိုက်ရသည်။

"ဟုတ်တယ်...ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးပဲ... နင်လည်း ကြားဖူးမှာပေါ့....အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ လုယွီက ဝေ့မုန့်ထင်ကို ကယ်တင်ဖို့ သူ့အသက်ကို စွန့်စားခဲ့တယ်... သူက လုယွီကို ဘာအတွက် သွားရှာတယ်လို့ နင် ထင်လဲ...."

မီဖေးက တစ်လှမ်းချင်း ရှေ့သို့တိုးလာပြီး ကျန်းယုချင်ကို ကြည့်လိုက်သည်။

"ကျွန်မ... ကျွန်မ မသိဘူး"

ကျန်းယုချင်၏ အသံသည် အနည်းငယ် တုန်ယင်နေပေ၏။

"ဟွန့်.... ငါ့ရဲ့ တုံးအတဲ့ကောင်မလေး"

မီဖေးက ကျန်းယုချင်၏နဖူးကို ပုတ်လိုက်ပြီး ပြောဆိုသည်။

"ထိုက်ချမ်ဧကရာဇ်ရဲ့ အနောက်ဆောင်အကြောင်း နင် သိလား....အဲဒါက မရေမတွက်နိုင်တဲ့ မိန်းမတွေကို စွဲဆောင်ခဲ့တဲ့ ယောက်ျားသားတစ်ယောက်ပဲ...ဒီအရှင်မ အနောက်ဆောင်ထဲကို ဝင်တုန်းက သူက အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ....ထိုက်ချမ်ဧကရာဇ်ရဲ့ဘေးမှာ မိဖုရားမောင်းမတွေနဲ့ ဝန်းရံနေခဲ့တယ်.... သူက ငါ့ကို ကြည့်တောင်မကြည့်ခဲ့ဘူး"

ကျန်းယုချင်၏မျက်လုံးများ ပြူးကျယ်သွားသည်။ မီဖေးသည် သူမ တစ်ကြိမ်တစ်ခါမျှ မသိခဲ့သော အတိတ်အကြောင်းကို ပြောပြနေပေ၏။

"ငါက အစကက လော့ရွှေကြယ်မြစ်ရဲ့ မြစ်နတ်ဘုရားမတစ်ပါး ဖြစ်ပြီးတော့ ငါရဲ့ရာထူးက မထင်ရှား...ငါ အတွင်းဆောင်ထဲဝင်ဖို့ ရွေးချယ်ခံရတာကတင် ရှားပါးတဲ့ကောင်းချီးတစ်ခုဖြစ်နေပြီ...သူ့ရဲ့ အရင်မိဖုရားတွေက မြင့်မြတ်နယ်မြေတွေရဲ့ မြင့်မြတ်သမီးတော်တွေ ဒါမှမဟုတ် ချမ်းသာတဲ့ အသိုင်းအဝိုင်းရဲ့ သခင်မလေးတွေပဲ...သူတို့မှာ နက်ရှိုင်းတဲ့ခွန်အား ရှိရုံတင်မကဘူး သူတို့ရဲ့နောက်ခံကလည်း အရမ်းအားကောင်းတယ်..... ငါ့အတွက်တော့ သူတို့အားလုံးက တောင်တန်းတွေလို မြင့်မားတဲ့ တည်ရှိမှုတွေပဲ"

မီဖေးက အဝေးသို့ လှမ်းမျှော်ကြည့်ရင်း ဖျော့တော့တော့အသံဖြင့် ပြောဆိုသည်။

"ငါက အတွင်းဆောင်မှာ ခြေတစ်လှမ်းချင်း တက်လှမ်းခဲ့ရတယ်...ငါ နင့်ကို ပြောပြမယ်... ယောက်ျားတွေကြားက တိုက်ပွဲတွေတင် ရက်စက်တာ မဟုတ်ဘူး....အတွင်းဆောင်ထဲက ရုန်းကန်လှုပ်ရှားမှုတွေကလည်း ရက်စက်တယ်... မိန်းမတွေ တိုက်ခိုက်တဲ့အချိန်မှာ သူတို့ က ဘယ်တော့မှ သနားညှာတာမှာ မဟုတ်ဘူး"

"အခု လုယွီက ကြီးမားတဲ့အောင်ပွဲနဲ့ ပြန်လာခဲ့ပြီဆိုတော့....ယောက်ျားတစ်ယောက်အနေနဲ့ တိုက်ပွဲပြီးရင် သူ့နှလုံးသားထဲက ဒေါသကို ဖွင့်ထုတ်ဖို့ လိုအပ်တယ်.... ဝေ့မုန်ထင်သာ ဒီအချိန်မှာ သွားခဲ့ရင် လုယွီက သူ့ကို သတိရသွားနိုင်တယ်...အနာဂတ်ကျရင် နင်က လုယွီရဲ့နှလုံးသားထဲမှာ ဝေ့မုန်ထင်နဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

ကျန်းယုချင်၏မျက်နှာ နီမြန်းသွားပြီး သူမက ခေါင်းငုံ့လိုက်သည်။

"ကျွန်မက သူ့ကို ကျွန်မကို သတိရစေချင်တာမဟုတ်ပါဘူး....ကျွန်မတို့က သူငယ်ချင်းတွေသက်သက်ပါပဲ..."

"ဒီအရှင်မက နင်နဲ့ဆွေးနွေးဖို့ ကြံစည်ခဲ့တာမဟုတ်ဘူး.... ဒါက ကျန်းမိသားစုရဲ့ ဘိုးဘေးတစ်ယောက်အနေနဲ့ ငါ့ရဲ့အမိန့်ပဲ..."

မီဖေးက ကျန်းယုချင်၏လက်အတွင်းသို့ တံဆိပ်ပြားတစ်ခုကို ပေးအပ်ပြီး ပြောဆိုသည်။

"ဒါက ဒီအရှင်မရဲ့တံဆိပ်ပြားပဲ...နင် ဆန္ဒရှိသလို မြို့တော်ကနေ ဝင်ထွက်သွားလာနိုင်တယ်...လုယွီက မကြာခင်မှာ ပြန်လာတော့မယ်.... နင် အခုချက်ချင်း သူ့ကို သွားတွေ့လိုက်ပါ"

"ဝေ့မုန်ထင်က အရင်လှုပ်ရှားခဲ့ပေမယ့် သူ့မှာ မိုက်မဲတဲ့အဘိုးတစ်ယောက်ရှိတယ်... လူအိုကြီးဝေ့က အမြဲတမ်း သတိထားပြီးတော့ အခုထိ သူက ဘာကိုမှ လွှတ်ချမပေးချင်သေးဘူး... သူက ပြီးပြည့်စုံအောင် နည်းလမ်းနှစ်မျိုးပြင်ဆင်ထားပေမယ့် ဒါက အရမ်းမိုက်မဲတဲ့ လုပ်ရပ်ပဲ.... ဝေ့မုန်ထင်က အကန့်အသတ်တွေကြောင့် မြို့တော်ကနေ ထွက်ခွာသွားနိုင်မှာမဟုတ်ဘူး....ဒါက နင့်ရဲ့အခွင့်အရေးပဲ...."

...

ကျန်းယုချင်၏စိတ်သည် ရှုပ်ထွေးနေပြီး သူမ၏မျက်နှာနီမြန်းနေကာ နန်းတော်မှ ထွက်ခွာသွားတော့သည်။

သူမ၏နှလုံးသားသည် ကဆုန်စိုင်း ခုန်ပေါက်နေပြီး အစေခံတစ်ဦး၏ အကူအညီဖြင့် ဝေါယာဥ်အတွင်းသို့ ဝင်ရောက်သွားသည်။

"မျက်နှာသာလုရမယ်... ငါ တကယ်ပဲ လုယွီရှေ့မှာ အဲ့ဒီလို လုပ်ရတော့မှာလား..."

ဤသည်ကို တွေးမိချိန်၌ ကျန်းယုချင်သည် ပို၍ပင် စိတ်ရှုပ်ထွေးသွားပေ၏။

သူမ ငြင်းဆန်၍မရချေ။အကြောင်းအရင်းမှာ ဤသည်က မီဖေး၏ အမိန့်ဖြစ်သောကြောင့်ပင်။

ကျန်းယုချင်က မီဖေးသည် သူမကို အသုံးချနေသည်အား သိရှိထားသည်။ မီဖေး၏ သင်ကြားပေးမှုကျေးဇူးကို ပြန်ဆပ်ရန်အတွက် ကျန်းယုချင်သည် မီးနှင့်ရေကို ဖြတ်သန်းရန် ရည်ရွယ်ထားခဲ့သည်။

သို့ရာတွင် ယခုအချိန်၌ မီဖေးက သူမအား လုယွီကို ဖြားယောင်းသွေးဆောင်ရန် အမှန်တကယ် လိုလားနေသည်။

ဤသည်မှာ ကျန်းယုချင်ကို တောင့်မခံနိုင်အောင် ပြုလုပ်လိုက်ခြင်းပင်။

ထိုအချိန်မှာပင် ရုတ်တရက် ကျန်းယုချင်၏ အမြင်အာရုံသည် မှုန်ဝါးသွားပြီး အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ကျန်းယုချင်သည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။

"မအော်ပါနဲ့....မင်းသမီးကျန်း...ကျွန်မပါ.."

အမှောင်ထုအတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ကျန်းယုချင်သည် စိတ်ကိုတည်ငြိမ်အောင်ထားပြီး အနီးကပ်ကြည့်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူမသည် ချောမောလှပသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

"ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးလား... နင်... နင်က..."

ကျန်းယုချင်၏နှလုံးခုန်နှုန်း အလွန်အမင်း လျှင်မြန်လာပြီး သူမ၏မျက်နှာ ချက်ချင်း နီမြန်းသွားသည်။

ဝေ့မုန်ထင်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုသည်။

"မင်းသမီးကျန်း....အချိန်က အရေးကြီးတယ်.... ကျွန်မ သေချာရှင်းပြပါ့မယ်"

All Chapters