← Chapters

အခန်း (၄၈၉၆-၄၉၀၀)

Vol. 248 Ch. 4896-4900

အခန်း (၄၈၉၆-၄၉၀၀)

Vol. 248 Ch. 4896-4900

Chapter 4896

"နင်...နင်လည်း လုယွီကို သွားရှာမလို့လား"

ကျန်းယုချင်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"မင်းသမီးက ဘယ်လိုလုပ်ပြီး သိတာလဲ"

ဝေ့မုန်ထင်သည် အလွန်အံ့အားသင့်သွားပေ၏။

"နင်....နင် သွားလို့မဖြစ်ဘူး..."

ထိုသို့ပြောဆိုပြီးနောက် ကျန်းယုချင်၏ မျက်နှာသည် နီမြန်းသွားပြီး သူမ၏နှလုံးခုန်နှုန် လျှင်မြန်နေသည်။ သူမသည် မည်သည်ကြောင့် ဤကဲ့သို့စကားမျိုး ရုတ်တရက် ပြောထွက်သွားမှန်း သူမကိုယ်တိုင်ပင် မသိချေ။ သူမသည် ရှက်ရွံ့ပြီး စိုးရိမ်ပူပန်နေမိသည်။

သို့ရာတွင် ဝေ့မုန်ထင်သည် ကျန်းယုချင် မည်သည့်အရာအား စဉ်းစားနေသည်ကို မသိပေ။ ဝေါယာဉ်အတွင်း၌ အလင်းရောင် မှိန်ဖျော့နေသောကြောင့် သူမသည် ကျန်းယုချင်၏ မျက်နှာအမူအယာကို ရှင်းလင်းစွာ မမြင်လိုက်ရချေ။

"ကျွန်မမှာ အရေးကြီးကိစ္စတစ်ခုရှိလို့ပါ.... မင်းသမီးရဲ့ အကူအညီလိုပါတယ်"

ဝေ့မုန်ထင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ကျန်းယုချင်၏ မျက်နှာသည် နီမြန်းနေပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

ထိုအချိန်ကျမှသာ ဝေ့မုန်ထင်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။

"ဧကရာဇ်က ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ပြီးတော့ လုယွီ မြို့တော်ကိုပြန်လာမဲ့လမ်းမှာ စောင့်ခိုင်းထားတယ်....သူတို့

က လုယွီကို ဒုက္ခပေးဖို့ ပြင်ဆင်နေကြတယ်"

"ဒါက...."

ကျန်းယုချင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူမတွင် မူလကရှိနေခဲ့သော ရှက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားသည်။

သူမသည် စိုးရိမ်တကြီးဖြင့် အလျင်စလို မေးမြန်းလိုက်သည်။

"ဒီကိစ္စက အမှန်ပဲ ဆိုတာကို အတည်ပြုပြီးပြီလား"

ဝေ့မုန်ထင်က တုံ့ပြန်အဖြေပေးသည်။

"မကြာသေးခင်က နန်းတော်ထဲမှာ တာဝန်ကျတဲ့လူတွေ မကြာခဏ လှုပ်ရှားနေကြတယ်။ သူတို့ထဲကတစ်ယောက်က ကျွန်မတို့ ဝေ့မိသားစုရဲ့ ဓားရေအိုင်မြင့်မြတ်နယ်မြေကနေ ထွက်လာခဲ့တဲ့သူပဲ.....သူက ဒီသတင်းကို ကျွန်မအဘိုးကို ထုတ်ဖော်ပြောပြခဲ့တာ.... ဒါပေမဲ့ တခြားလူတွေသိအောင်လုပ်ဖို့ အစီအစဉ်မရှိဘူး"

ဝေ့မုန်ထင်က ထပ်မံ၍ ဖြည့်စွက်ပြောဆိုသည်။

"ကျွန်မတို့ ဝေ့မိသားစုက ဒီတိုက်ပွဲထဲကို အချိန်မတိုင်ခင် ဝင်မပါချင်သေးဘူး.... အဘိုးရဲ့ အစီအစဉ်ကတော့ အရာအားလုံး ဘေးကင်းလုံခြုံဖို့ပဲ.... မင်းသမီးက ဒါကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဤကိစ္စသည် ရုတ်တရက် ဆန်လွန်းသောကြောင့် ကျန်းယွိချင်သည် စိတ်ရှုပ်ထွေးနေပြီး အချိန်တခဏကြာမျှ ကြက်သေသေသွားကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။

သူမသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ရောက်အောင် ကျင့်ကြံပြီးနောက် သူမ၏တာအိုနှလုံးသားသည် တည်ငြိမ်နေသော်လည်း ထိုကဲ့သို့သော သတင်းကို ရုတ်တရက် ကြားလိုက်ရချိန်တွင် စိတ်မသက်မသာနှင့် မတည်မငြိမ်ဖြစ်နေဆဲပင်။

ကျန်းယုချင်သည် သူမ၏စိတ်အခြေအနေကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဝေ့မုန်ထင် ပြောနေသည်မှာ အမှန်ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန်ပင် အချိန်မရခဲ့ပေ။

"ဒါဆိုရင် နင့်ကိုကူညီနိုင်မဲ့လူကို သွားရှာသင့်တယ်....လုအဖွဲ့အစည်းကလူတွေဆိုရင် နင့်ကို သတင်းဖြန့်ဖို့ ကူညီနိုင်လောက်တယ်"

ကျန်းယုချင်က သူမ၏စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး ပြောဆိုလိုက်၏။

ဝေ့မုန်ထင်က ခေါင်းခါပြလေသည်။

"လုအဖွဲ့အစည်းက လူအများစုက အကျဉ်းချခံထားရပြီ....လီစစ်နဲ့ တခြားသူတွေကလည်း တင်းကြပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ရောက်နေတယ်...ကျွန်မ သူတို့နဲ့ နီးနီးကပ်ကပ်နေလို့ မရဘူး....ဒါ့ပြင် အချိန်ကလည်း အရေးကြီးနေပြီ..... ကျွန်မသာ အဲ့ဒီလို လှုပ်ရှားလိုက်ရင် သူတို့ကို သတိပေးသလို ဖြစ်သွားနိုင်တယ်"

ဝေ့မုန်ထင်က ကျန်းယုချင်ကို ကြည့်ပြီး မေးမြန်းသည်။

"မင်းသမီးနဲ့ လုယွီက အောက်ဘုံတစ်ခုတည်းကနေ အတူတူတက်လာခဲ့ကြတာ မဟုတ်လား"

ကျန်းယွိချင်က အမှုမဲ့အမှတ်မဲ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝေ့မုန်ထင်က ဦးညွှတ်အရိုအသေပေးပြီး ပြောဆိုလေ၏။

"တော်ဝင်မြို့တော်ကို နေရာတိုင်းမှာ ပိတ်ဆို့ထားတယ်...နင်က တော်ဝင်မိသားစုရဲ့ မင်းသမီး၊ မိဖုရားမီရဲ့ အရင်းနှီးဆုံးဆွေမျိုးပဲ... နင့်ရဲ့အဆင့်အတန်းက မြင့်မြတ်တယ်... တော်ဝင်မြို့တော်ကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲ"

"လုယွီက ထန်အင်ပါယာရဲ့ တာအိုသခင်နဲ့ တိုက်ခိုက်ခဲ့တယ်...သူ နိုင်ခဲ့ရင်တောင်မှ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့မှာပဲ... အခု ဧကရာဇ်ဖိတ်ခေါ်ထားတဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ထပ်ခံရရင် အကျိုးဆက်က စဉ်းစားလို့တောင်မရဘူး.... ကျွန်မ လုယွီကို အကြောင်းကြားမှဖြစ်မယ်.... မင်းသမီးက ကျွန်မကို မြို့ပြင်ထွက်ဖို့ ကူညီပေးပါ"

ကျန်းယွိချင်သည် သူမရှေ့မှ မိန်းကလေးကို ကြည့်ကာ နှလုံးခုန်နှုန်းများ မြန်လာပြီး ရုတ်တရက် အရှက်ရမှုကို ခံစားလိုက်ရသည်။

သူမသည် ယောက်ျားမိန်းမ ကိစ္စများကိုသာ စဉ်းစားနေချိန်တွင် မီဖေး ပြောဆိုခဲ့သည့် သူမ၏ပြိုင်ဘက်ဖြစ်သော ဝေ့မုန်ထင်ကမူ လုယွီ၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားနေပေ၏။

အမှန်တကယ်ကိုပင်....

လုယွီ၏လက်ရှိအခြေအနေသည် ဘေးကင်းလုံခြုံမှုမရှိချေ။

ယခင်က ဧကရာဇ်နှင့်ရှမိသားစုတို့သည် လုယွီကိုသတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသည်။ လုယွီ၏ ရာထူးပင်လျှင် ပြန်လည်ရုတ်သိမ်းခြင်း ခံခဲ့ရသည်။

လုယွီ စစ်ပွဲကို အနိုင်ရလျှင်ပင် မည်သည့်ပြောင်းလဲမှုမျှ ရှိမည်မဟုတ်ချေ။ သူသည် ဧကရာဇ်နှင့် စစ်ပွဲကို ဆက်လက်၍ဆင်နွှဲရပေမည်။

"ဧကရာဇ်က နင့်ကို ဖမ်းမိသွားရင် နင် သေသွားနိုင်တယ်....သူ့အတွက် ဒီလိုလုပ်ရတာ တန်လို့လား"

ကျန်းယုချင်က မေးမြန်းလိုက်သည်။

အမှောင်ထုအတွင်းတွင် ဝေ့မုန်ထင်၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။

"သူက ကျွန်မအတွက် ရှေးဟောင်းနတ်ဆိုးရဲ့ ဝါးမြိုတာကိုတောင် ခံခဲ့တာပဲ.....ကျွန်မလည်း သူ့ကိုကယ်ဖို့ ကိုယ့်အသက်ကို စတေးရမှာပေါ့..."

Chapter 4897

"နင်က ကျေးဇူးဆပ်ချင်လို့လား"

ကျန်းယုချင်က တွေဝေတုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်..."

ဝေ့မုန်ထင်က ခေါင်းညိတ်ပြသည်။

ဤအဖြေကို ကြားချိန်တွင် ကျန်းယုချင်၏ စိတ်နှလုံးသားသည် သူမ၏ရင်ဘတ်တွင် ဆွဲထားသော ကျောက်တုံးကြီး ပြုတ်ကျသွားသကဲ့သို့ ရုတ်တရက် ပေါ့ပါးသွားသည်။

ဝေ့မုန်ထင်ကို တစ်ဖန်ပြန်ကြည့်လိုက်ချိန်၌ ကျန်းယုချင်သည် သူမ၏ရှေ့ရှိ မိန်းကလေးထံမှ ထက်ရှသော ဓားအရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရသည်။

ဝေ့မုန်ထင်သည် ဓားနတ်ဘုရားမတစ်ပါးပင်။

သူမ၏ဓားအရှိန်အဝါသည် အလွန်မြင့်မားပြီး ဓားတစ်ချက်ဖြင့် နည်းစနစ်အားလုံးကို ချိုးဖျက်နိုင်သည်။

ထို့ကြောင့် ကောင်းကင်ဘုံနယ်မြေရှိ ကျင့်ကြံသူအမြောက်အများအနက် ဓားကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းသည် အမြဲတစေ အစွမ်းထက်ဆုံးပင်။

ဓားအရှိန်အဝါသာမက ဓားကျင့်ကြံသူများ၏ စရိုက်လက္ခဏာမှာလည်း အမြဲတစေ သတ်ဖြတ်ရာတွင် ပြတ်သားပြီး လုပ်ရဲကိုင်ရဲ ရှိကြသည်။

"ငါ သူနဲ့ မယှဉ်နိုင်ဘူး"

ကျန်းယုချင်၏စိတ်အတွင်းတွင် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သူမသည် လုံ့လဝီရိယဖြင့် ကျင့်ကြံသော်လည်း စစ်မှန်သော လေ့ကျင့်မှုကို မကြုံဖူးသဖြင့် ဖန်လုံအိမ်အတွင်းမှ ပန်းလေးတစ်ပွင့်အလားပင်။

ယခင်က ကျန်းယုချင်သည် ရှေးဟောင်း အပျက်အစီးများနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို စုံစမ်းမေးမြန်းခဲ့သည်။

သူမကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေ မည်မျှထိ အန္တရာယ်များကြောင်း ကျန်းယုချင် တွေးတောကြည့်နိုင်ခဲ့သည်။

လုယွီနှင့်ဝေ့မုန်ထင်တို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းတွင် သေရေးရှင်ရေး အခြေအနေများကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။

တခြားတစ်ဖက်တွင်မူ ကျန်းယုချင်သည် အောက်ဘုံရှိ တောင်ပိုင်းစွန့်ပစ်နယ်မြေမှ အလယ်ပိုင်းနယ်မြေထိ လုယွီ၏ ကယ်တင်ခြင်းကို တောက်လျှောက်ခံခဲ့ရသော်လည်း သူမသည် သူ့ကို အနည်းငယ်မျှပင် ကူညီမပေးခဲ့ဖူးချေ။

ကျန်းယုချင်ထံတွင် အားငယ်စိတ်တစ်ခု ဖြစ်ပေါ်လာသော်လည်း သူမက ထိုစိတ်ကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။

သူမ၏ စိတ်နှလုံးသားအတွင်းတွင် ရဲရင့်မှုတစ်မျိုး ရုတ်တရက် ထွက်ပေါ်လာပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကိစ္စများကို မကြောက်ရွံ့တော့ချေ။

ကျန်းယုချင်က ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ငါ့မှာ မိဖုရားမီရဲ့ တံဆိပ်ပြားရှိတယ်...မြို့တော်ထဲကနေ ထွက်ဖို့က ဘာအခက်အခဲမှ မရှိဘူး...နင်ကို ငါ မြို့ပြင်ခေါ်သွားမယ်"

ဝေ့မုန်ထင်သည် အလွန်ဝမ်းသာသွားလေ၏။

"အချိန်မဆွဲသင့်တော့ဘူး..ကျွန်မတို့ အခုချက်ချင်း သွားကြရအောင်"

...

ပုန်းကွယ်နဂါးစစ်တပ်သည် သာယာနာပျော်ဖွယ် တံပိုးခရာသံများကြားတွင် တော်ဝင်နန်းတွင်းသို့ ပြန်လာခဲ့သည်။

လမ်းတလျှောက်တွင် လူအမြောက်အများ ထွက်လာကြပြီး ပုန်းကွယ်နဂါးစစ်တပ် သွားရာလမ်းကို ကြည့်ကာ တိတ်တဆိတ် ဦးညွှတ်အရိုအသေပေးကြသည်။

ဤသည်မှာ စွမ်းဆောင်ရည်ရှိသော စစ်သည်တော်များနှင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ပင်။ သူတို့အနက်မှ အများစုသည် ပြင်းထန်စွာ ဒဏ်ရာရထားကြလေ၏။ စစ်သင်္ဘောအားလုံး ပျက်စီးနေပြီး ရှည်လျားသော မီးခိုးခေါင်းတိုင်မှ မီးခိုးများ တလူလူထွက်နေသည်။

သို့ရာတွင် မည်သူကမျှ သူတို့ကို မလှောင်ပြောင်ကြချေ။

ဤသည်မှာ ကျားနှင့်ဝံပုလွေကဲ့သို့ ရက်စက်ကြမ်းကြုတ်တဲ့ ထန်စစ်တပ်ကို အပြည့်အဝ အနိုင်ယူခဲ့သည့် စစ်တပ်ပင်။

လမ်းတလျှောက်၌ ရှုပ်ထွေးပြီး ငြီးငွေ့ဖွယ်ကောင်းသော အရိုအသေပေးမှုများ စိတ်အားထက်သန်သော အားပေးကြွေးကြော်သံများ မရှိချေ။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေကြသည်။

သို့ရာတွင် သူတို့ ဤနေရာ၌ ထွက်ပေါ်လာခြင်းသည် ပုန်းကွယ်နဂါးစစ်တပ်အပေါ် သူတို့၏ သဘောထားကို ပြသပြီးဖြစ်သည်။

ကျားလှောင်တောင်ကြားခံတပ်သည် သူတို့၏ရှေ့တွင် ရှိနေပေ၏။

ဤခမ်းနားထည်ဝါသောမြို့၏ တံတိုင်းနှင့် အဆောက်အအုံများသည် မီးလောင်ရာများဖြင့် ဖုံးလွှမ်းနေပြီး ညှော်နံ့များ နေရာအနှံ့အပြား၌ ပျံ့နှံ့နေသည်။

မြို့တံခါးအထက်တွင် ခေါင်းပြတ်များကို အတန်းလိုက် တွဲလောင်းဆွဲထားပြီး လေထုအတွင်းတွင် လွင့်နေသည်။ ဤသည်မှာ ထန်စစ်ဗိုလ်ချုပ်များ၏ခေါင်းများဖြစ်ပြီး တစ်ခုမှာ ကဲရှုဟန်၏ခေါင်းဖြစ်သည်။

နောက်ဆုံး၌ ဤထန်စစ်ဗိုလ်ချုပ်သည် လီမီကဲ့သို့ပင် စစ်မြေပြင်တွင် သေဆုံးရသည့် တူညီသောကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်။

ဖူကျစ်ရွှယ်နှင့်စုန့်ချင်းဟူတို့သည် မရေမတွက်နိုင်သော စစ်ဗိုလ်ချုပ်များကို ဦးဆောင်ကာ ပုန်းကွယ်နဂါးစစ်တပ်ကို ကြိုဆိုရန် မြို့ပြင်သို့ ထွက်လာကြသည်။

သူတို့အနက်မှ အများစုထံတွင် ဒဏ်ရာများရှိနေပြီး သူတို့၏မျက်လုံးများအတွင်းတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူတို့သည်လည်း သေရေးရှင်ရေး တိုက်ပွဲတစ်ပွဲကို မကြာသေးမီအချိန်က ဆင်နွှဲခဲ့ရသည်။

လုယွီသည် လက်အတွင်းတွင် နဂါးအလံကို ကိုင်ဆောင်ကာ စစ်သည်များ၏ရှေ့မှ လျှောက်လှမ်းလာပြီး သူတို့နောက်ရှိ မြင့်မားသော ကျားလှောင်တောင်ကြားခံတပ်ကို ကြည့်လိုက်၏။

"ဂျူနီယာညီလေး..."

ဖူကျစ်ရွှယ်သည် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်သန်းနေသော အဝတ်အစားများကို ကြည့်လိုက်သည်။

သူ ကိုယ်တိုင် မမြင်ခဲ့ရသော်လည်း လုယွီသည် မည်သို့သော တိုက်ပွဲမျိုးကို ရင်ဆိုင်ခဲ့ရသည်အား သူ ရှင်းလင်းစွာ ပုံဖော်ကြည့်နိုင်သည်။

"အားလုံးပဲ ပင်ပန်းသွားကြပြီ..... ဒီတိုက်ပွဲရဲ့ အောင်မြင်မှုက ငါ လုယွီကြောင့်မဟုတ်ဘူး... စစ်သည်တော်တွေအားလုံးရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့်ပဲ"

လုယွီက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူတွေကို ဆုချီးမြှင့်မယ်...စစ်ပွဲ ပြီးဆုံးသွားပြီ....ငါတို့ မကြာခင်မှာ အိမ်ပြန်နိုင်တော့မယ်"

ပတ်ဝန်းကျင်မှ အားပေးကြွေးကြော်သံများ ထွက်ပေါ်လာသည်။ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သည်အမြောက်အများသည် မျက်ရည်များကျလာသည်ကို မထိန်းနိုင်ကြတော့ချေ။

လုယွီက သူ၏လက်အတွင်းမှ နဂါးအလံကို ကျားလှောင်တောင်ကြားခံတပ်၏ မြို့ရိုးပေါ်တွင် စိုက်ထူလိုက်သည်။

နဂါးအလံသည် လေထုအတွင်းတွင် လူးလွန့်နေပြီး အလံပေါ်၌ သွေးများ စွန်းထင်းနေဆဲဖြစ်ကာ ဝမ်းနည်းဖွယ်တေးသံတစ်သံက လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။

Chapter 4898

ပုန်းကွယ်နဂါးစစ်တပ်သည် ကျားလှောင်တောင်ကြားခံတပ်သို့ ရောက်ရှိပြီးနောက် ပြန်လည်ဖွဲ့စည်းရန် ခံတပ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဤတိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပေ၏။ တပ်ရင်းတိုင်းတွင် စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များ ဆုံးရှုံးခဲ့ရပြီး တပ်ရင်းမှူးတချို့ပင်လျှင် သေဆုံးသွားခဲ့သည်။

စစ်မြေပြင်တွင် တစ်ဦးချင်း၏ခွန်အားသည် များစွာအရေးမပါလှချေ။ စစ်မြေပြင်တွင် မည်သည့်အပြောင်းအလဲမဆို ဖြစ်ပွားနိုင်သည်။ အသာစီးရနေသူများပင် နောက်ထပ်အချိန်တခဏတွင် ရန်သူ၏ ချေမှုန်းခြင်းကို ခံရနိုင်သည်။

ကံကောင်းစွာဖြင့် ဤအချိန်တွင် ရေခဲဘုရင်ကြယ်မြစ်မှ သယ်ဆောင်လာသော စားနပ်ရိက္ခာများ နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။

တိုက်ပွဲအစတွင် ကျိုးယွမ်ယန်၏တော်ဝင်နန်းတွင်းသည် ဒေသခံစစ်တပ်များကို ခေါင်းစဥ်အမျိုးမျိုးဖြင့် ကန့်သတ်ခဲ့သည်။

လုယွီသည် မူလက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ရှေ့တန်းစစ်မျက်နှာစာအထိ ရှည်လျားသော ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် နောက်ဆုံး၌ ကျိုးယွမ်ယန်၏ ကြားဖြတ်ဟန့်တားခြင်းကို ခံခဲ့ရပြီး ရိက္ခာများအားလုံးကို ရှေ့တန်းသို့ မပို့ဆောင်နိုင်ခဲ့ချေ။

ထို့ကြောင့် ပုန်းကွယ်နဂါးစစ်တပ် တစ်တပ်လုံး ရိက္ခာပြတ်လပ်နေကာ စစ်သားများသည် အလွန်အမင်းအားတင်း၍ တိုက်ပွဲဝင်ခဲ့ရသည်။

တချို့လူများသည် စစ်မြေပြင်တွင် သေဆုံးခဲ့ခြင်းမရှိဘဲ ရိက္ခာနှင့် ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးခဲ့ရသည်။

ထိုကဲ့သို့သော ဥပမာများကို နေရာတိုင်းတွင် တွေ့နိုင်သည်။

ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်တည်း တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ တခြားဒေသခံစစ်တပ်များမှ သူတို့၏ရိက္ခာများကို စွန့်လွှတ်ခဲ့သောကြောင့်ပင်။

ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်သည် အထူးအခွင့်အရေးများ ရရှိသောကြောင့်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို သေတွင်းသို့ ပို့ခဲ့ခြင်းပင်။

မရေမတွက်နိုင်သော ပုန်းကွယ်နဂါးစစ်သည်တော်များသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စစ်မြေပြင်သို့ သွားခဲ့ကြသည်။ သူတို့ကို စောင့်ကြိုနေသည်မှာ သေခြင်းတရားပင်။

"တစ်ယောက်ချင်းစီ တန်းစီပြီး လာယူကြ.. ဒဏ်ရာရတဲ့သူတွေ ဦးစားပေးပါ"

"ငါတို့မှာ အစားအသောက် အလုံအလောက်ရှိတယ်....မလောက်ရင် လာယူကြအုံး"

မကြာမီမှာပင် ရိက္ခာများကို ဝေငှပေးလိုက်သည်။

ပုန်းကွယ်နဂါးစစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်များ အငမ်းမရ စားသောက်နေကြသည်။ သူတို့ထံတွင် ကျင့်ကြံသူတစ်ဦး၏ အမူအကျင့်နှင့် ဂုဏ်သိက္ခာများ မရှိတော့ချေ။

ကျင့်ကြံသူများသည် အစာမစားဘဲ နေနိုင်သည့်တိုင် လုံးလုံးလျားလျား မစားမသောက်ဘဲ နေ၍မရပေ။

သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအမြောက်အများသည် ငါးရက်တိုင်တိုင် အစာငတ်ခဲ့ကြသည်။

သာမန်လူများသာဆိုလျှင် သူတို့သည် ငတ်မွတ်မှုကြောင့် သေဆုံးပြီးဖြစ်ပေမည်။ သူတို့အနက်မှ အများစုသည် ကျင့်ကြံဆင့်စွမ်းအားဖြင့် အသက်ဆက်နေကြသည်။ သူတို့သည် အစာငတ်၍မသေသည့်တိုင် အလွန်အမင်း အားနည်းနေကြ၏။

"မင်းတို့ ဒုက္ခရောက်ခဲ့ကြတာပဲ...ရှေ့တန်းရဲ့ အခြေအနေက ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး"

ဖူကျစ်ရွှယ်သည် အငမ်းမရ စားသောက်နေကြသော စစ်သည်တော်များကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

စုန့်ချင်းဟူက မျက်မှောင်ကြုတ်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"ဘာလို့ ဒီလောက်ထိ ဒုက္ခခံနေရတာလဲ...ဘာလို့ အစားအစာတွေ သွားမယူတာလဲ...အဲ့ဒီကြယ်နယ်မြေတွေက အစားအစာတွေ မပေးဘူးဆိုရင် သူတို့ကို သင်ခန်းစာပေးလိုက်ပေါ့...ဒီလူတွေက အမြဲတမ်း အရိုက်ခံရမှ ကြောက်တာ...."

လူရိုင်းကြယ်မြစ်သည် ယခုအချိန်၌ တော်ဝင်နန်းတွင်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော်လည်း ရှေးဟောင်းအလယ်ခေတ်တွင် တောင်ပိုင်းလူရိုင်းများသည် ကျူးကျော်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

ထိုလူရိုင်းများသည် သူတို့ သွားလေရာတွင် အရာအားလုံးကို လုယက်ကြကာ ဆောင်းလေမှ သစ်ရွက်ကြွေများကို တိုက်ခတ်သွားသည့်အလားပင်။

သူတို့သည် စစ်ပွဲကို အသုံးပြု၍ သူတို့၏ စိတ်ဓာတ်အား မြှင့်တင်ကြကာ တစ်နေရာပြီး တစ်နေရာကို လုယက်သည်။ သူတို့သည် အင်အားကြီးမားသော ထောက်ပံ့ပို့ဆောင်ရေးကို ပြင်ဆင်ရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် သူတို့သည် နတ်ဆိုးသားရဲများကိုပင် ရိက္ခာအဖြစ် သတ်ဖြတ်ကြသည်။

ရှေးဟောင်းအလယ်ခေတ်တွင် ကျူးကော့ပင်ရှန်းသည် လူရိုင်းနယ်စပ်သို့ သူကိုယ်တိုင်သွားရောက်၍ စစ်ပွဲကို ကြီးကြပ်ခဲ့သည်။ ထိုအချိန်မှသာ လူရိုင်းများကို နှိမ်နင်းနိုင်ခဲ့သည်။ ထို့နောက်တွင် လူရိုင်းမျိုးနွယ်သည် တာယွီအင်ပါယာ၏ အဓိကအင်အားစုတစ်စု ဖြစ်လာခဲ့လေ၏။

ယခုအချိန်၌ လူရိုင်းနယ်စပ်သည် နန်းတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် လူရိုင်းများသည် အလွန်ထိန်းထိန်းသိမ်းသိမ်း နေထိုင်လာကြသည်။ သို့ရာတွင် သူတို့သည် စစ်ပွဲကို အထောက်အကူပြုရန်အတွက် တိုက်ခိုက်လုယက်ခြင်းကို မမေ့ကြသေးချေ။

"ဒီကိစ္စက အဲ့ဒီလောက် မရိုးရှင်းဘူး"

လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျားလှောင်အိမ်တောင်ကြားရဲ့ အပြင်ဘက်က ကြယ်နယ်မြေလေးဆယ့်တစ်လုံးမှာ ရိက္ခာတွေ ကုန်နေတာ ကြာပြီ"

"မဖြစ်နိုင်တာ....ဒီနေရာက တော်ဝင်မြို့တော်ရဲ့ပိုင်နက်လေ..... ဘယ်လိုလုပ်ပြီး ရိက္ခာမလောက်မင ဖြစ်နိုင်မှာလဲ"

စုန့်ချင်းဟူက အံ့အားသင့်စွာ ပြောဆိုလိုက်သည်။

"ကြယ်အရှင်အိမ်တော်တိုင်းမှာ အထူးရိက္ခာကျီတွေရှိတယ်....ဒါပေမဲ့ ထန်စစ်တပ်က ဒီဒေသတွေကို ဖြတ်သန်းသွားပြီးတဲ့နောက်မှာ ရိက္ခာတွေအားလုံးကို သိမ်းသွားတယ်.... အဲ့ဒီနောက်မှာ လီကျင်းနတ်ဘုရားရုပ်ထုတွေကလည်း ဒုက္ခပေးပြီးတော့ မြေပြင်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူသွားတယ်...ဒါကြောင့် အဲ့ဒီနယ်မြေတွေမှာ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာပြီးတော့ နေရာတော်တော်များများကမြေတွေ ညစ်ညမ်းသွားခဲ့ပြီ"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ဒါက ငါ ဒီတိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ချင်တဲ့ အကြောင်းအရင်းပဲ... ထန်စစ်တပ် တောင့်မခံနိုင်တော့ဘူး... ငါလည်း တောင့်မခံနိုင်တော့ဘူး"

Chapter 4899

"အရှင်.....တော်ဝင်မြို့တော်ပိုင်နက်က ကြယ်နယ်မြေအရှင်လေးဆယ်က အရိုအသေပြုဖို့ ရောက်နေပါတယ်"

စစ်သားတစ်ဦးက ပြေးလာပြီး သတင်းပို့သည်။

"သူတို့ကို စောင့်ခိုင်းထားလိုက်"

လုယွီက ထိုစစ်သည်ကို ပြန်လည်သတင်းပို့ခိုင်းပြီးနောက် နောက်သို့လှည့်၍ ပြောဆိုသည်။

"တော်ဝင်မြို့တော်ကို သွားရမယ့်ခရီးက ခက်ခဲကြမ်းတမ်းတယ်...ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ မသိဘူး...ငါက တော်ဝင်မြို့တော်မှာ ကိစ္စကြီးတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်....ငါက စီနီယာအစ်ကိုနဲ့ အုပ်ချုပ်သူအရှင်စုန့်ရဲ့ အကူအညီကို လိုလိမ့်မယ်"

"မင်း ပြောသာပြောပါ....ငါတို့က မင်းနဲ့အတူ ရှေ့ဆက်တိုက်ပွဲဝင်ပြီးတော့ အတူတူ နောက်ပြန်ဆုတ်ပါ့မယ်"

ဖူကျစ်ရွှယ်က ပြောဆိုလိုက်၏။

စုန့်ချင်းဟူကလည်း ပြောဆိုသည်။

"လုယွီ....တခြားအပိုစကားတွေ မပြောတော့ဘူး....ငါတို့ လူရိုင်းတွေက သစ္စာအရှိဆုံးပဲ...ဘာကိစ္စပဲရှိရှိ အတူတူ ရင်ဆိုင်ကြမယ်"

လုယွီက လက်သီးဆုပ်ကာ အရိုအသေပြုပြီး တုံ့ပြန်သည်။

"မင်းတို့နှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် ငါ့မှာ ပိုပြီး ယုံကြည်မှုရှိလာပြီ"

သူတို့ ဆွေးနွေးနေစဉ်မှာပင် ခန့်ညားထည်ဝါသောသော ရွှေရောင်ဝေါယာဉ်တစ်စီးက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။

နဂါးအစောင့်တချို့က ထိုဝေါယာဉ်ကို ထမ်းလာပြီး မြို့ရိုးပေါ်တွင် ဆင်းသက်လိုက်သည်။ ထို့နောက် ဝေါယာဥ်အတွင်းမှ ချိုင်လုံရှင်း ထွက်လာလေ၏။

"အရှင့်သား"

လုယွီက နှုတ်ဆက်လိုက်သည်။

တခြားသူများကလည်း ချိုင်လုံရှင်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ဒေသခံစစ်တပ်များ၏ ထောက်ပံ့ပို့ဆောင်ရေးသည် နန်းတော်၏တားဆီးခြင်းကို လုံးလုံးလျားလျား ခံထားရသည်။

ချိုင်လုံရှင်းသာ အချိန်ပြည့် လှုပ်ရှားမနေခဲ့လျှင် သူတို့သည် ယခုအချိန်အထိ တောင့်ခံနိုင်မည်မဟုတ်ပေ။

သို့ရာတွင် ချိုင်လုံရှင်း၏ မျက်နှာအမူအယာ ပျက်ယွင်းနေသည်။

"လုယွီ....ရေခဲနယ်မြေရဲ့ နယ်စပ်ကို ထန်စစ်တပ်က ကျူးကျော်ဝင်ရောက်သွားပြီ.... ငါ့ရဲ့ခမည်းတော်က တပ်ကိုဦးဆောင်ပြီးတော့ ရှေ့တန်းမှာ ထန်စစ်တပ်နဲ့ ရင်ဆိုင်နေရတယ်"

ဘာ....

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။

"လီကျီး ရူးနေပြီလား....သူက စစ်မျက်နှာနှစ်ခု ဖွင့်ပြီး တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာပဲ"

စုန့်ချင်းဟူက ရေရွတ်လိုက်သည်။

ဤတိုက်ပွဲကြောင့် ထန်စစ်တပ်သည် ကြီးမားသော ထိုးနှက်ချက်ကို ခံစားခဲ့ရပြီး အခက်အခဲများကြားမှ ဆုတ်ခွာသွားလိမ့်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ထန်စစ်တပ်သည် ရေခဲနယ်မြေကို တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု သူ မျှော်လင့်ထားမိခြင်း မရှိချေ။

ရေခဲဘုရင်ကြယ်မြစ်ကို ရေခဲနယ်မြေဟုလည်း ခေါ်တွင်သည်။

ဤသည်မှာ ယခင်က ကောင်းကင်ဘုံနယ်မြေအတွင်းတွင် အန္တရာယ်ရှိသော နေရာတစ်နေရာပင်။ ဤနယ်မြေအတွင်းတွင် မရေမတွက်နိုင်သော ကြယ်နယ်မြေများ ရှိသော်လည်း နေရာ အမြောက်အများသည် ကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိပြီး တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖြင့် ဖုံးလွှမ်းနေသည်။

ဤနေရာသည် မဟာဗျူဟာအရ မည်သည့်တန်ဖိုးမှ မရှိသောကြောင့် ရေခဲဘုရင်ချိုင်မိသားစုသည် စစ်ပွဲနှင့် ဝေးကွာသော နေရာတွင် အစဥ်အမြဲနေထိုင်ခဲ့သည်။

ယခုအချိန်တွင် ထန်စစ်တပ်မှ ရေခဲနယ်မြေကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ နိမိတ်မကောင်းသော လက္ခဏာတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှ၏။

လုယွီသည် ဝမ်ကျိုးစီ သူ့အား ပြောခဲ့သော စကားကို ရုတ်တရက် သတိရလိုက်သည်။

ထန်စစ်တပ်သည် နယ်မြေကို သိမ်းပိုက်လိုခြင်းမဟုတ်ဘဲ နေရာတစ်ခုကို ရှာဖွေလိုခြင်းပင်။

"သူတို့က အဲဒီနေရာကို ထပ်ရှာနေကြတာလား"

ထိုမေးခွန်းက လုယွီ၏စိတ်အတွင်းတွင် ဖြတ်ပြေးသွားသည်။

"ထန်စစ်တပ်ရဲ့ တပ်မှူးက ဘယ်သူလဲ"

ဖူကျစ်ရွှယ်က မေးမြန်းလိုက်၏။

"ဖုန်းနယ်စား... ကုံးကူဟွေ့အန်းပဲ"

ချိုင်လုံရှင်းက တုံ့ပြန်အဖြေပေးသည်။

နောက်ထပ် မရင်းနှီးသော နာမည်တစ်ခု....

သို့ရာတွင် လီမီသည် ရှေ့တွင် ဥပမာရှိနေသောကြောင့် ထန်တော်ဝင်နန်းတော်တွင် နယ်စားဘွဲ့ ချီးမြှင့်ခံရသူများသည် လွယ်လွယ်နှင့် ရင်ဆိုင်ရမည့်သူများ မဟုတ်ကြောင်း လူတိုင်းသိကြသည်။

လုယွီက ပြောဆိုသည်။

"ငါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို စာတစ်စောင် ပို့လိုက်မယ်....ပုန်းကွယ်နဂါးစစ်တပ်က ရေခဲနယ်မြေကို တပ်တွေလွှတ်ပြီး အရှင့်သားကို ကူညီပါ့မယ်"

ချိုင်လုံရှင်းသည် မင်းသားတစ်ပါးဖြစ်သော်လည်း စစ်ပွဲတွင် အမြဲတစေ ရှေ့တန်းမှ ပါဝင်ခဲ့သည်။ သူသည် ချိုင်မိသားစု၏ ကြီးမားသော ဘဏ္ဍာရေးအင်အားကို အသုံးပြု၍ စစ်တပ်၏ပုံမှန်လည်ပတ်မှုကိုပင် အထောက်အပံ့ပေးခဲ့သည်။

ဤှသည်မှာ လုယွီ ပြန်လည်ပေးဆပ်ရမည့် ကျေးဇူးကြွေးတစ်ခုပင်။

"ကျေးဇူးတင်ပါတယ်"

ချိုင်လုံရှင်းက စကားများများစားစားမပြောဘဲ လုယွီ၏ပခုံးကို ပုတ်လိုက်သည်။

ယခုအချိန်တွင် မင်းသားနှင့်သာမန်ပြည်သူဟူ၍ မရှိပေ။ သူတို့သည် တပ်ပေါင်းစုတစ်ခုတည်းမှ ရဲဘော်ရဲဘက်များသာ ဖြစ်ကြသည်။

...

ကျားလှောင်တောင်ကြားခံတပ်...အုပ်ချုပ်ရေးရုံးတော်...

လုယွီသည် လက်တင်ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် ကြယ်နယ်မြေအရှင်လေးဆယ်သည် နှစ်ဖက်ခွဲထိုင်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရှိနေကြသည်။ လူအများစုသည် ထိတ်လန့်ကြောက်ရွံ့သော မျက်လုံးများဖြင့် လုယွီကို ကြည့်နေကြ၏။

သူတို့သည် ထန်စစ်တပ်၏ ရက်စက်ကြမ်းတမ်းမှုကို သူတို့ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသည်။

လုယွီကမူ ထန်စစ်တပ်ကို အနိုင်ယူနိုင်ခဲ့သည်။ သူတို့အတွက်မူ သူသည် မိစ္ဆာတစ်ကောင်ပင်။

လုယွီသည် ယခုအချိန်တွင် သာမန်ပြည်သူတစ်ဦးဖြစ်သော်လည်း မည်သူကမျှ သူ့ကို သာမန်ပြည်သူတစ်ဦးအဖြစ် မဆက်ဆံရဲကြချေ။

လုယွီသည် လောကကြီးကို သိမ်းပိုက်ပြီး တာယွီရှိ ပြည်သူလူထု၏စိတ်နှလုံးသားများကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်ဟု ဆိုနိုင်ပေ၏။

သူသာ ပုန်ကန်လိုလျှင် လူအများသည် ခုခံမှုမပြုဘဲ မြို့တံခါးမျာကို ဖွင့်ကာ ကြိုဆိုကြလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။

Chapter 4900

ကျားလှောင်တောင်ကြားခံတပ်၏ အပြင်ဘက်တွင် တော်ဝင်ကြယ်နယ်မြေအရှင်အိမ်တော် လေးဆယ့်တစ်ခုရှိသည်။

သို့ရာတွင် တင်းအန်းကြယ်နယ်မြေသည် ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး ကြယ်နယ်မြေအရှင်နှင့် အရာရှိအားလုံး လီမီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် တင်းအန်းကြယ်နယ်မြေတစ်ခုလုံးသည် ဗလာဟင်းလင်းအခြေအနေသို့ ရောက်ရှိသွားပြီး ဤအစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ချေ။

"ကျွန်တော်တို့က အရှင်လုရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုပါတယ်...အရှင်က ထန်စစ်တပ်ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့က ဂုဏ်ပြုလက်ဆောင်လေးတွေ လာပြီးပေးအပ်တာပါ...အရှင်က လက်ခံပေးပါဦး"

ဤလူစုကို ဦးဆောင်နေသော ကြယ်နယ်မြေအရှင်အိုကြီးတစ်ယောက်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အပြုံးနှင့် ပြောဆိုသည်။

ရုံးတော်၏အပြင်ဘက်တွင် လက်ဆောင်များသည် တောင်တစ်လုံးကဲ့သို့ စုပုံနေလေပြီ။

လုယွီက ထိုလက်ဆောင်များကို တစ်ချက်ကြည့်ပြီးနောက် ပြောဆိုလိုက်၏။

"မင်းတို့အားလုံးက ငါ့ကို လာရှာကြတာဆိုတော့ ပြောစရာရှိရင် ပြောကြပါ"

ကြယ်နယ်မြေအရှင်များအားလုံး ခေါင်းခါလိုက်ကြသည်။ လုယွီသည် ငယ်ရွယ်သော်လည်း စစ်အာဏာကို ကိုင်စွဲထားပြီး သူ၏ကိုယ်ပိုင်စွမ်းအားသည်လည်း ထူးခြားပေ၏။

သူတို့သည် လုယွီနှင့် ရင်ဆိုင်ရသောအချိန်တွင် ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားနေရသည်။ ဤသည်ကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေသည်။

မည်သို့ပင်ဆိုသေကာမူ သူတို့အနက်မှ အများစုသည် အရာရှိလောကတွင် နှစ်ပေါင်းများစွာကြုအောင် ကျင်လည်ခဲ့သော ဝါရင့်ပုဂ္ဂိုလ်များဖြစ်သည်။ လုယွီကဲ့သို့ တက်သစ်စကြယ်တစ်ပွင့်ကို သူတို့ ကြောက်ရွံ့နေခြင်းမှာ အလွန်မယုံနိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ကြယ်နယ်မြေအရှင်အိုကြီးက မတ်တတ်ထရပ်ပြီး ပြောဆိုသည်။

"ဒီလူအိုကြီးကတော့ အသက်ကြီးတာကို အခွင့်ကောင်းယူပြီး အတင့်ရဲစွာနဲ့ မေးပါရစေ... အရှင်လုမှာ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ"

"ငါက တပ်တွေကို ဦးဆောင်ပြီး အိမ်ပြန်ရမှာပေါ့"

လုယွီက တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လိုက်သည်။

ကြယ်နယ်မြေအရှင်အိုကြီးက သက်ပြင်းရှိုက်ပြီး ပြောဆိုလိုက်၏။

"ဒီလူအိုကြီးလည်း ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်....ကျွန်တော်တို့က တော်ဝင်နန်းတွင်းရဲ့ စွန့်ပစ်တာကို ခံခဲရတဲ့ လူတွေပါ...တော်ဝင်နန်းတွင်းက ကြယ်နယ်မြေလေးဆယ့်တစ်ခုကို ထန်အင်ပါယာဆီ ပေးအပ်ခဲ့တယ်.... အဲဒီအချိန်ကစပြီးတော့ ကျွန်တော်တို့က တာယွီရဲ့ အရာရှိတွေ မဟုတ်တော့ဘူး.... လစာနဲ့ ကံကြမ္မာစွမ်းအားတွေကိုလည်း မခံစားနိုင်တော့ဘူး.... တကယ်တော့ ထန်အင်ပါယာက စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ကျွန်တော်တို့က မောင်းထုတ်ခံရလိမ့်မယ်"

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုလိုက်သည်။

ကြယ်နယ်မြေအရှင်များအားလုံး မတ်တတ်ထရပ်ပြီး လုယွီ၏ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

"ကျွန်တော်တို့က အရှင်လုကို သစ္စာခံပါ့မယ်... သေရမှာကိုတောင် မတွေဝေပါဘူး"

ကြယ်နယ်မြေအရှင်များအားလုံး တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားသော်လည်း လုယွီက သူတို့ကို ချက်ချင်းတုံ့ပြန်အဖြေပေးခြင်း မရှိချေ။

ကြယ်နယ်မြေအရှင်များ၏ နဖူးများပေါ်မှ ချွေးစေးများ စတင်၍ကျဆင်းလာသည်။

သူတို့ ရင်ဆိုင်နေရသူမှာ လူငယ်တစ်ယောက်မဟုတ်ဘဲ ရှေးဟောင်းတောနက်ကြီးအတွင်းရှိ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က သူတို့ကို စူးစိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။

"ဘာလို့လဲ..."

လုယွီက မေးမြန်းလိုက်သည်။

"ငါက ဘာလို့ မင်းတို့ကို လက်ခံရမှာလဲ"

အမ်...

ကြယ်နယ်မြေအရှင်များသည် အံ့အားတသင့်ဖြင့် ခေါင်းမော့၍ ကြည့်လိုက်ကြ၏။

သူတို့၏အစီအစဉ်များအရ သူတို့က သစ္စာခံကြောင်း ကြေညာလိုက်လျှင် လုယွီက ဝမ်းမြောက်စွာ လက်ခံလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် အဓိကအရာရှိများအဖြစ် ငြိမ်းချမ်းမှုရရှိပြီး အရာအားလုံး အဆင်ပြေသွားပေမည်။

သို့ရာတွင် လုယွီ၏ လက်ရှိတုံ့ပြန်မှုသည် သူတို့၏မျှော်လင့်ချက်များထက်ကို လုံးလုံးလျားလျား ကျော်လွန်သွားခဲ့သည်။

"ငါ့ရဲ့လက်အောက်မှာ မရေမတွက်နိုင်တဲ့ စစ်သားတွေနဲ့ စစ်ဗိုလ်ချုပ်တွေရှိတယ်.... ဗျူဟာမှူးတစ်စုလည်းရှိတယ်... နှိမ့်ကျတဲ့ဘဝကနေ လာခဲ့တဲ့သူတွေ ထောင်နဲ့ချီပြီးရှိတယ်... မင်းတို့ရဲ့နေရာမှာ အစားထိုးနိုင်လောက်တဲ့ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ...ထန်စစ်တပ် လာတုန်းက မင်းတို့မှာ ဘာစစ်ရေးအောင်မြင်မှုတွေ ရခဲ့လို့လဲ"

လုယွီက မေးမြန်းလိုက်သည်။

ကြယ်နယ်မြေအရှင်များအားလုံး တိတ်ဆိတ်နေကြသည်။

ထန်စစ်တပ်သည် အလွန်လျင်မြန်စွာ ရောက်လာသောကြောင့် သူတို့အနက်မှအများစုသည် တုံ့ပြန်ရန် အချိန်မရခဲ့ကြချေ။

ကြယ်နယ်မြေလေးဆယ့်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ရှုံးနိမ့်သွားခဲ့သည်။

ခုခံခဲ့သော ကြယ်နယ်မြေအနည်းငယ်မှလွဲ၍ ပုံမှန်အားဖြင့် မာနကြီးပြီး မြင့်မြတ်သော ကြယ်နယ်မြေအရှင်များအားလုံး ထန်အင်ပါယာကို လက်နက်ချရန် ချွင်းချက်မရှိ ရွေးချယ်ခဲ့ကြသည်။

မူလက သူတို့သည် အခြေအနေကို နားလည်သူများသာ ပညာရှိများဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်က သူတို့၏ ပြတ်သားမှုသည် မျက်စိတစ်မှိတ်အတွင်း သေစေနိုင်သော အဆိပ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ တွေးထင်ထားခဲ့ခြင်း မရှိကြချေ။

"ကျွန်တော်တို့ အရင်က မှားခဲ့ပါတယ်...အရှင်လုက ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

သူတို့အားလုံးသည် ဒူးထောက်ပြီး ခေါင်းငုံ့ထားကာ ဆောင်းရာသီအတွင်းမှ ပုစဉ်းရင်ကွဲများအလား တိတ်ဆိတ်နေကြသည်။

လုယွီထံ၌ သူတို့ကို သတ်ရန် ရည်ရွယ်ချက်ရှိသည်ဟု သူတို့ သံသယမရှိကြပေ။

လုယွီက ကုလားထိုင်လက်ရန်းကို သူ၏လက်ချောင်းများဖြင့် ခေါက်နေသည်။

"ငါ မင်းတို့ကို လက်ခံထားနိုင်တယ်... ဒါပေမဲ့ အနည်းဆုံးတော့ မင်းတို့က ထိုက်တန်ကြောင်း ပြရလိမ့်မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကြယ်နယ်မြေအရှင်အိုကြီးက တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်၏။

"အရှင်လုက ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ"

All Chapters