အခန်း (၄၉၀၁-၄၉၀၅)
Vol. 248 Ch. 4901-4905
Chapter 4901
"မင်းတို့ရဲ့ လက်ရှိအခြေအနေကို ပြောပြစမ်း"
လုယွီက ပြောဆိုလိုက်သည်။
ထိုကြယ်နယ်မြေများသည် သူတို့၏ သက်ဆိုင်ရာ ကြယ်နယ်မြေများ၏ အခြေအနေကို အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ အလျင်အမြန် ပြောပြကြသည်။
ဤသည်မှာ လုယွီမှ သူတို့ကို အခွင့်အရေးတစ်ခု ပေးနေခြင်းဖြစ်ကြောင်း သူတို့ ရှင်းလင်းစွာ သိရှိပေ၏။
အနာဂတ်တွင် လုယွီ၏လက်အောက်၌ နေရာတစ်နေရာ ရနိုင်မရနိုင်ဆိုသည်မှာ ဤတစ်ကြိမ်ပေါ်တွင် မူတည်နေသည်။ သူတို့သည် ဤအခွင့်အရေးကို ကောင်းစွာ မဆုပ်ကိုင်နိုင်ခဲ့လျှင် အနာဂတ်တွင် မည်သို့ပင် ဖြစ်လာစေကာမူ အခြေအနေကို ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။
လုယွီက အလွန်ဂရုတစိုက် နားထောင်နေပြီး သူသည် ကြယ်နယ်မြေတိုင်း၏ အခြေအနေအားလုံးနီးပါးကို မေးမြန်းခဲ့သည်။
ထိုကြယ်နယ်မြေများ၏အခြေအနေသည် သူ တွေးထင်ထားသည်ထက်ပင် ပို၍ခက်ခဲနေသည်။
တော်ဝင်မြို့တော်၏ ပိုင်နက်အတွင်းရှိ ကြယ်နယ်မြေလေးဆယ့်တစ်ခုလုံးသည် ဘေးအန္တရာယ်တစ်ခုအတွင်းသို့ ကျရောက်နေခဲ့သည်။
မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော နေရာအမြောက်အများတွင် နတ်ဆိုးသားရဲများ စုဝေးနေပြီး ထိန်းချုပ်၍ မရတော့ချေ။ သူတို့အားလုံးသည် လူသားမျိုးနွယ်နှင့် နယ်မြေလုရန် ထွက်လာခဲ့ကြသည်။
ဒေသအသီးသီး၏ အုပ်ချုပ်မှုအောက်တွင် ကြီးမားသော ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့လေ၏။ လူသားတို့နေထိုင်သော နေရာအများအပြားသည် မြေလွတ်မြေရိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုပင်။
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရချိန်တွင် ကျင့်ကြံသူများနှင့်သာမန်လူများအားလုံး အလွန်အားနည်းသွားကြသည်။
ထို့ပြင် မိုးရွာသွန်းခြင်း မရှိသဖြင့် နေရာအနှံ့သို့ သွားရောက်ကာ ရေစွမ်းအားမှော်နည်းစနစ်ကို အသုံးပြုသော ကျင့်ကြံသူများအား ရှာဖွေခဲ့သော်လည်း သူတို့သည် အဆိပ်သောက်ပြီး ရေငတ်ဖြေသကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးတွင် သူတို့၏မှော်စွမ်းအားများ ကုန်ခမ်းသွားသည့်တိုင် လယ်ယာမြေများ၏အစိတ်အပိုင်းအနည်းငယ်ကိုသာ ရေလောင်းနိုင်ခဲ့သည်။
တချို့နေရာများတွင်မူ ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ကီလိုမီတာထောင်နှင့်ချီ၍ ရေခဲများဖုံးလွှမ်းသွားသော နေရာများပင် ရှိခဲ့သည်။ နေရာအနှံ့အပြားတွင် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေကာ အလွန်ဆိုးရွားသော မြင်ကွင်းများ ရှိနေသည်။
နေရာအသီးသီးရှိ ရိက္ခာကျီများ ဗလာဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်ကို ဦးဆောင်လာပြီး ဤနေရာသို့ စတင်ရောက်ရှိချိန်၌ ရိက္ခာဝယ်ယူရန် လူအမြောက်အများကို နေရာအနှံ့အပြားသို့ စေလွှတ်ခဲ့ဖူးသည်။
သို့ရာတွင် ကုန်သည်အဖွဲ့အစည်းများစွာတွင်ပင် ရိက္ခာများများစားစား မကျန်တော့ပေ။ နေရာတိုင်းတွင် ဆိတ်သုဉ်းခြောက်ကပ်သော မြင်ကွင်းသာ ရှိနေသည်။
"ကျိုးယွမ်ယန်...ကျိုးယွမ်ယန်... မင်းက ငါ့ကို သေလမ်းထဲ တွန်းပို့ခဲ့တာပဲ"
လုယွီက ရေရွတ်လိုက်သည်။
လုယွီသည် တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပါက ကြီးမားသော ပုန်းကွယ်နဂါးစစ်တပ်သည် ငတ်မွတ်ခေါင်းပါးမှုကြောင့် ပျက်စီးသွားလိမ့်မည်ကို ကောင်းစွာသိသည်။
ကြယ်နယ်မြေလေးဆယ့်တစ်ခုပေါ်ရှိ အရပ်သားများပင်လျှင် သူတို့နှင့်အတူ မြှုပ်နှံခံရပေမည်။
"ဘေးအန္တရာယ်ရဲ့ အရင်းအမြစ်က နတ်ဘုရားရုပ်ထုပဲ... ဒီနေ့ကစပြီး တော်ဝင်မြို့တော်ရဲ့ ပိုင်နက်တွေမှာ ထန်အင်ပါယာရဲ့ ဘယ်နတ်ဘုရားရုပ်ထုကိုမှ ရှိနေခွင့်မပြုဘူး... ငါက အကူအညီပေးဖို့ လူတွေ လွှတ်ပေးမယ်.... မင်းတို့က နေရာတိုင်းကို ရှာဖွေပြီး ဒီရုပ်ထုတွေ မကျန်အောင် သေချာလုပ်ရမယ်"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
အစောပိုင်းက သူ တင်းအန်းကြယ်နယ်မြေသို့ ရောက်ရှိသွားစဉ်တွင် ထိုကိစ္စကို သတိပြုမိခဲ့သည်။
မြင့်မားစွာတည်ရှိနေသော လီကျင်း၏ ရုပ်ထုသည် မြင့်မြတ်ပြီး ခမ်းနားထည်ဝါပုံရသော်လည်း အမှန်တကယ်အားဖြင့် ထိုအရာသည် ကြယ်နယ်မြေများ၏ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီး သူ့ကိုယ်သူ အားဖြည့်ရန် အသုံးပြုနေသည်။
ဤရုပ်ထုများသည် ဤမြေပြင်ပေါ်ရှိ ကပ်ပါးကောင်များပင်။
ဤသည်မှာ ထန်အင်ပါယာက ကြိုတင်ပြင်ဆင်ထားခဲ့သော မဟာဗျူဟာတစ်ခုဖြစ်သည်။ သူတို့သည် ဤရုပ်ထုများကို ကြားခံအဖြစ်အသုံးပြု၍ ကြယ်နယ်မြေများအားလုံး၏ အဆီအနှစ်ကို စုပ်ယူကာ နောက်ဆုံးတန်ဖိုးတစ်စက်ကိုပါ ညှစ်ထုတ်လိုကြသည်။
ထန်အင်ပါယာသည် ဤနေရာတွင် ကြာရှည်စွာ အခြေချနေထိုင်ရန် အစီအစဉ်မရှိချေ။
"အရှင်လုပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ပါ့မယ်"
ကြယ်နယ်မြေအရှင်များအားလုံး သဘောတူလိုက်ကြသည်။
ထန်စစ်နတ်ဘုရားရုပ်ထုသည် ဘေးအန္တရာယ်တစ်ခု ဖြစ်နေခဲ့ကြောင်း သူတို့ ယခင်ကတည်းက သိရှိထားသည်။
ထန်ယွီစစ်ပွဲသည် ပြင်းထန်သော်လည်း ထန်စစ်တပ်၏ တိုက်ခိုက်မှုသည် စစ်အခြေစိုက်စခန်းများကိုသာ အဓိကပစ်မှတ်ထားသောကြောင့် နေရာအများစုကို ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိချေ။
ထန်အင်ပါယာ၏ ကြိုတင်စီစဉ်မှုများအောက်တွင် တာယွီပြည်သူများသည် ထန်စစ်နတ်ဘုရားများကို အရူးအမူး ကိုးကွယ်လာကြသည်။
ထန်စစ်နတ်ဘုရားရုပ်ထုများသည် မိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်စို့များနှင့်တူညီကာ အဆုံးမရှိတော့ချေ။
သူတို့သာ ဤကိစ္စကို အစောတလျင် မဖြေရှင်းပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားပေမည်။
"ထပ်ပြောရရင် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခွန်အားလုံးကို ဖျက်သိမ်းပြီးတော့ တောင်သူတွေ အမြန်ဆုံး ပြန်ပြီးကောင်းမွန်လာအောင် လုပ်ခွင့်ပေးရမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။။
ကြယ်နယ်မြေအရှင်တစ်ဦးက မြှောက်ပင့်ပြောဆိုသည်။
"အရှင်လုက ပြည်သူတွေကို သားသမီးလို ချစ်ခင်တာပဲ...ဒါက ပြည်သူတွေအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာပါပဲ... အခွန်ကောက်ခံတာကို ခဏရွှေ့ဆိုင်းပြီး သူတို့ကို သက်သာခွင့်ပေးတာကလည်း အကြံကောင်းတစ်ခုပါပဲ"
"ငါပြောတာ မကြားလိုက်ဘူးလား...."
လုယွီက ထိုလူ့ကို ရုတ်တရက် အေးစက်စွာ ကြည့်လိုက်ပြီး အော်ငေါက်လိုက်သည်။
"ငါပြောတာက လယ်ယာခွန်ကို ဖျက်သိမ်းဖို့ပဲ"
"ဒီနေ့ကစပြီး တော်ဝင်မြို့တော်ရဲ့ပိုင်နက်ထဲက ကြယ်နယ်မြေလေးဆယ့်တစ်ခုလုံးမှာ လယ်ယာခွန်ကို ဖျက်သိမ်းမယ်... ဒါ့ပြင် အမြဲတမ်းဖျက်သိမ်းတာ ရွှေ့ဆိုင်းတာမဟုတ်ဘူး... နားလည်ကြရဲ့လား"
Chapter 4902
လုယွီ၏အသံသည် ကျယ်လောင်ပြီး ရှင်းလင်းနေသည်။
လက်ရှိနေရာတွင်ရှိနေသော ကြယ်နယ်မြေအရှင်များသည် သူတို့၏နားများကို မယုံနိုင်ဘဲ နေရာမှာပင် ကြက်သေသေကာ မတ်တတ်ရပ်နေကြသည်။
"အရှင်...ကျွန်တော် ပြောင်ပြောင်တင်းတင်းပြောတာကို ခွင့်လွှတ်ပါ...ဒါပေမဲ့ လယ်ယာခွန်က အခြေခံကျပါတယ်... ကျွန်တော်တို့ လုံးဝ ထိလို့မဖြစ်ပါဘူး"
ကြယ်နယ်မြေအရှင်တစ်ဦးသည် တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"ဘာလို့ မထိနိုင်ရမှာလဲ..."
လုယွီက မေးမြန်းသည်။
"အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝင်ငွေခွန်မှာ လယ်ယာခွန်က ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်...ဒါက အင်ပါယာရဲ့ အခြေခံအုတ်မြစ်ပဲ....လယ်ယာခွန်မရှိရင် အုပ်ချုပ်ရေးကိစ္စတွေကို ထိန်းသိမ်းဖို့အတွက် အရမ်းခက်ခဲသွားလိမ့်မယ်"
ထိုကြယ်နယ်မြေအရှင်က တုံ့ပြန်အဖြေပေးသည်။
"စည်းမျဉ်းတွေကို ပြောင်းလို့မရဘူးလား..."
လုယွီက ထပ်မံ၍ မေးမြန်းလိုက်၏။
ကြယ်နယ်မြေအရှင်များ အချင်းချင်း ကြည့်လိုက်ကြသည်။
"ဒီကိစ္စကို ဖြည်းဖြည်းချင်း စီစဉ်ရမှာပါ... ကျွန်တော်တို့က အလျင်စလိုလုပ်လို့မရပါဘူး" ကြယ်နယ်မြေအရှင်တစ်ယောက်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"ငါ စောင့်နိုင်တယ်....မင်းတို့လည်း စောင့်နိုင်တယ်....ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ထဲက ဘယ်သူမှ အငတ်ဘေးနဲ့ သေမှာမဟုတ်လို့ပဲ...မင်းတို့ ငတ်မွတ်မှုကို မြည်းစမ်းဖူးလား"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။
ဤတစ်ကြိမ်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။
ကြယ်နယ်မြေအရှင် ဖြစ်လာသူများအားလုံးသည် သန်းနှင့်ချီသော လူများအနက်မှ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည်။
သူတို့အနက်မှ အများစုသည် ကျောင်းတော်သားများဖြစ်ပြီး ငယ်စဉ်ကတည်းက ထူးချွန်သော အရည်အချင်းများကို ပြသခဲ့ကြသည်။ ကျင့်ကြံသူများသည် ကျင့်ကြံမှုကိုသာ ဦးစားပေးကြလေရာ သူတို့သည် မည်သည်ကြောင့် ငတ်မွတ်မှုကို ခံစားဖူးမည်နည်း။
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့ မခံစားဖူးပေမဲ့ ငါကတော့ ငရဲလိုမြင်ကွင်းကို ကြုံတွေ့ဖူးတယ်..မင်းတို့တစ်သက်မှာ ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့ဖူးမှာ မဟုတ်ဘူး.... ဒါပေမဲ့ ငါကတော့ ငါ့ရဲ့မျက်စိနဲ့ ငါကိုယ်တိုင် မြင်ခဲ့ဖူးတယ်..."
"ငါ အခွန်ကောက်ခံတာကို ဥပမာပေးမယ်... အင်ပါယာက လယ်ယာခွန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကို ကောက်ခံဖို့လိုတယ်.... သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတော်တွေက ကောက်ခံတဲ့အချိန်မှာ စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံး ဖြစ်သွားတယ်.... အဲ့ဒီရုံးတော်တွေကနေ ခရိုင် မြို့နယ် မြို့တွေကို ဆက်ပြီးရောက်သွားတဲ့အချိန်မှာ ပမာဏကို ထပ်တိုးကြတယ်....တောင်သူတွေ အခွန်ပေးဆောင်ရမယ့်အချိန်မှာ သူတို့က စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့နှစ်ဆယ်ကို ပေးဆောင်ရလိမ့်မယ်... ငါ ပြောတာမှန်ရဲ့လား"
ကြယ်နယ်မြေအရှင်များသည် စကားပြောလိုသော်လည်း ဆိုင်းငံ့လိုက်ကြသည်။ သူတို့၏ မျက်နှာများသည် အနည်းငယ် ဖြူဖျော့နေပေ၏။
သူတို့သည် ခေါင်းငုံ့ထားပြီး လုယွီကို စေ့စေ့မကြည့်ရဲကြပေ။ သူတို့၏ မျက်နှာများပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
အုပ်ချုပ်ရေးရုံးတော်အဆင့်ဆင့်တိုင်း အမြဲတစေ လောဘကြီးကြသည်။ ဤသည်မှာ မပြောဘဲ သိနေကြသော စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေလေပြီ။
လုယွီက ထပ်မံ၍ ပြောဆိုသည်။
"ငါ ခရိုင်အုပ်ချုပ်ရေးတစ်ခုရဲ့လက်အောက်က လယ်ယာမြေတွေကို သွားကြည့်ခဲ့ဖူးတယ်... ရာသီဥတုကောင်းရင် အဆင်ပြေတယ်.... ဒါပေမဲ့ မိုးခေါင်တာနဲ့ ရိတ်သိမ်းစရာမရှိတော့ဘဲ သီးနှံတွေ အကြီးအကျယ် ပျက်စီးသွားတယ်.... အဲ့ဒီအချိန်မှာ တောင်သူတွေအားလုံးအပေါ် ချမှတ်ထားတဲ့ လယ်ယာခွန်က နည်းနည်းလေးမှ လျော့မသွားဘူး...လယ်ယာခွန်ကို ဆက်ပြီးကောက်ခံနေတုန်းပဲ...ဒါကြောင့် လူတွေအများကြီးက မခံမရပ်နိုင်အောင် နာကျင်ခံစားရပြီးတော့ ပြိုလဲလုနီးပါး ဖြစ်သွားကြတယ်"
ကြယ်နယ်မြေတစ်ဦးက ပြောဆိုလိုက်၏။
"အရှင်ပြောတာ နည်းနည်းပြင်းထန်သွားပါတယ်....နေရာတိုင်းမှာ ရာသီဥတုကို စောင့်ကြည့်ဖို့ ကောင်းကင်လေ့လာရေးဌာနတွေ ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်လာရင် ဖြေရှင်းဖို့ ပညာရှင်တွေကို စေလွှတ်လိုက်မှာပါ"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"မင်းတို့ ကောင်းကင်လေ့လာရေးဌာနက ဘာလုပ်တယ်ဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား..."
"ဘေးအန္တရာယ်ဖြစ်လာရင် ကွမ်းထျန်းစီ(မိုးလေဝသ အရာရှိ)တွေအတွက် ချမ်းသာဖို့ အကောင်းဆုံးအချိန်ပဲ.... ဒေသခံတွေက လုံလောက်တဲ့ အကျိုးအမြတ်တွေကို ပေးမှသာ ကွမ်းထျန်းစီကျင့်ကြံသူတွေက သွားပြီး ကုစားပေးကြတယ်....အကျိုးအမြတ်မရှိရင် ရေထိန်းမှော်နည်းစနစ် အသေးစားလေးတွေပဲ လုပ်ပေးပြီးတော့ သူတို့က အကြောင်းပြချက်တစ်ခုနဲ့ ငြင်းဆန်ပြီး မသွားကြတော့ဘူး"
"လူတိုင်းက ကွမ်းထျန်းစီတွေ ချမ်းသာတယ်လို့ ပြောကြတယ်....ကွမ်းထျန်းစီတွေထဲက လူတွေရဲ့ ဆယ်ရာခိုင်နှုန်းပဲ ဘေးအန္တရာယ်ကို ထိန်းချုပ်တတ်တယ်လို့ ငါ ကြားတယ်...ကျန်တဲ့သူတွေက အထက်လူကြီးတွေက စီစဉ်ထားတဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက်တွေပဲ...ငါမသိဘူးလို့ မင်းတို့ ထင်နေတာလား..."
ကြယ်နယ်မြေအရှင်အားလုံး ချက်ချင်း ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ကြသည်။ သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားပြီး ယခင်ကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပေ။
သူတို့သည် မူလက လုယွီကို အစွမ်းထက်သော စစ်သည်တော်တစ်ဦးသာဟု တွေးထင်ခဲ့ကြသည်။
သို့ရာတွင် မမျှော်လင့်ဘဲ လုယွီသည် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို စေ့စေ့စပ်စပ် လေ့လာပြီးသား ဖြစ်နေသည်။
ဤကြယ်နယ်မြေအရှင်များ ပြုလုပ်လိုသော လှည့်ကွက်များသည် လုယွီ၏ရှေ့တွင် လုံးလုံးလျားလျား ဖုံးကွယ်ထား၍ မရချေ။
"ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့... မင်းတို့ ငါပြောတဲ့အတိုင်း မလုပ်ဖို့ ကြံစည်ထားရင် ငါက မင်းတို့ရဲ့နေရာတွေကို အစားထိုးနိုင်တယ်"
လုယွီ၏က လူများအားလုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
Chapter 4903
"ငါက မင်းတို့နဲ့မတူဘူး..ငါက အောက်ဘုံကနေ တက်လာတာ...အောက်ခြေလူတန်းစားတွေရဲ့ နာကျင်မှုကို မြင်ဖူးတယ်...ဒါကြောင့် အဓိပ္ပာယ်မရှိတဲ့ ကြွေးကြော်သံတွေကို ငါ မအော်ဘူး..."
"လမ်းတလျှောက်လုံး ငါက စစ်တပ်နဲ့အတူ ချီတက်ခဲ့တဲ့အချိန်မှာ တော်ဝင်မြို့တော်ဒေသရဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်...မင်းတို့ကိုယ် မင်းတို့ မေးကြည့်ကြစမ်း...ဒီအခြေအနေမှာ နောက်ထပ်အခွန်အခတွေကို မင်းတို့ ဘယ်လောက်များများ ကောက်ခံနိုင်ဦးမှာလဲ... အရိုးထဲက ခြင်ဆီကို ထပ်စုပ်ပြီးတော့ အရေခွံကို ထပ်ခွာမှ လုံလောက်မှာလား"
"မင်းတို့က မြင့်မြတ်တဲ့နေရာမှာနေပြီးတော့ ပြည်သူတွေအပေါ် အခွန်ကြီးကြီးမားမား ချမှတ်ထားတယ်... ငါ့ရဲ့လက်အောက်ငယ်သားတွေက ပြောတယ်...တင်းအန်းကြယ်နယ်မြေရဲ့ မြို့တော်မှာ ပေါက်စီတစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံးသုံးဆယ်နဲ့ ရောင်းနေတယ်...တင်းအန်းကြယ်နယ်မြေအရှင်က ထန်စစ်တပ်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်....ငါသာ သူ့ကိုဖမ်းမိရင်... အဆုံးစွန်ဆုံးပြစ်ဒဏ်ကို မြည်းစမ်းခိုင်းမိမှာပဲ"
လုယွီ၏အသံသည် ကောင်းကင်ဘုံမှ ပစ်ခတ်လိုက်သော မိုးကြိုးအလား လူများအားလုံး၏ နားများအတွင်းတွင် ပေါက်ကွဲသွားသည်။
ဤသည်မှာ ပြည်သူလူထု၏စိတ်ဆန္ဒမှ ထောက်ခံမှုကို ရရှိသောရလဒ်ပင်။
လုယွီသည် ယခုအချိန်၌ ပြည်သူလူထု၏ အုပ်စိုးသူ ဖြစ်သည်။ သူ၏ စကားတစ်ခွန်း အပြုအမူတစ်ခုတိုင်းသည် ကောင်းကင်ဘုံ၏ အလိုတော်ကို သယ်ဆောင်ထားသကဲ့သို့ ထင်ရသည်။
လက်ရှိနေရာတွင်ရှိနေသော ကြယ်နယ်မြေအရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး လုယွီကို စေ့စေ့မကြည့်ရဲကြပေ။
ကြယ်နယ်မြေအရှင်တစ်ဦးက ခေါင်းငုံ့ပြီး ပြောဆိုသည်။
"အရှင်က ပြည်သူတွေကို သားသမီးလို ချစ်ခင်ပါတယ်.... ဒါက လောကကြီးမှာရှိတဲ့ လူတွေအားလုံးအတွက် ကောင်းချီးမင်္ဂလာပါပဲ... ဒါပေမဲ့ ကျွန်တော်တို့က လယ်ယာခွန်ကို မကောက်ခံရင် ကြာလာတဲ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ နေ့စဉ်အသုံးစရိတ်တွေကို မထိန်းသိမ်းနိုင်မှာ စိုးရိမ်မိတယ်"
လုယွီက မထီမဲ့မြင်အပြုံးနှင့် ပြောဆိုလိုက်၏။
"မင်းတို့ မလုပ်နိုင်တာနဲ့ နည်းလမ်းမရှိဘူးလို့ မဆိုလိုဘူး"
လုယွီက လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။
"ပထမဆုံးအနေနဲ့.... ငါတို့က ဘုရားကျောင်းအမျိုးမျိုးကနေ အခွန်ကောက်ခံမယ်.... ဒီအခွန်တွေကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ နေ့စဉ်အသုံးစရိတ်တွေကို ဖြည့်တင်းဖို့ အသုံးပြုမယ်"
သူ ထိုသို့ ပြောဆိုလိုက်ချိန်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထုံးစံအတိုင်းဆိုလျှင် ဘုရားကျောင်းများသည် အခွန်ပေးဆောင်ရန် မလိုအပ်ပေ။
ဤဘုရားကျောင်းများသည် နေရာအနှံ့အပြားတွင် ပြန့်ကျဲနေပြီး မရေမတွက်နိုင်သော သက်ဝင်ယုံကြည်သူများ ရှိကြသည်။ ဘုရားကျောင်းများသည် ကြီးမားသော ဓနဥစ္စာကို ထိန်းချုပ်ထားပြီး ဘုန်းတော်ကြီးများသည် အလွန်ချမ်းသာကြွယ်ဝပေ၏။
သို့ရာတွင် ကိုယ်ပိုင်ဘုရားကျောင်းကို ပိုင်ဆိုင်နိုင်ပြီး နတ်ဘုရားဘွဲ့ ချီးမြှင့်ခံရသူများအားလုံးသည် အလွန်အင်အားကြီးမားသော တည်ရှိမှုများပင်။
ဤနတ်ဘုရားများတွင် ရှုပ်ထွေးသော ဆက်နွှယ်မှုများ ရှိကြသည်။ ဧကရာဇ်ပင်လျှင် သူတို့ကို လွယ်လင့်တကူ မထိရဲပေ။ ထို့ကြောင့် ဒေသခံအာဏာပိုင်များသည် ဘုရားကျောင်းများ၏ စည်းစိမ်ဥစ္စာများကို မထိရဲကြပေ။
"ဒါပေမဲ့ တရားဝင်ဘုရားကျောင်းတွေ အများကြီး ရှိတယ်... သူတို့အပေါ် အခွန်စည်းကြပ်လိုက်ရင် ဒီဘုရားကျောင်းက ဘုန်းတော်ကြီးတွေ မကျေနပ်ဖြစ်သွားမှာကို စိုးရိမ်ရတယ်"
ကြယ်နယ်မြေအရှင်တစ်ဦးက ပြောဆိုသည်။
လုယွီက တုံ့ပြန်သည်။
"ဘယ်သူပဲဖြစ်ဖြစ်....နတ်ဘုရားခန့်အပ်လွှာစာရင်းက ချီးမြှင့်ထားတဲ့ တရားဝင်နတ်ဘုရားတွေတောင်မှ အခွန်ပေးဆောင်ရမယ်...သက်ရှိတွေအားလုံး တန်းတူညီမျှပဲ...သူတို့က နတ်ဘုရားတွေဖြစ်လို့ တခြားသူတွေထက် သာလွန်တယ်လို့ ဆိုလိုတာလား...ဘယ်သူ ပြောတာလဲ"
"ဒေသခံအာဏာပိုင်တွေက ဘုရားကျောင်းတွေရဲ့ အင်အားကို စုံစမ်းစစ်ဆေးဖို့လိုတယ်။ အာဏာပိုင်တွေရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ရဲတဲ့ ဘယ်နတ်ဘုရားမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်... ဖျက်ဆီးသင့်တဲ့သူကို ဖျက်ဆီး အပြစ်ပေးသင့်တဲ့သူကို အပြစ်ပေးမယ်... လျှော့ပေါ့ပေးမှာမဟုတ်ဘူး...ဒါ့ပြင် ဒေသခံအုပ်ချုပ်ရေးအရာရှိတွေက ဘယ်ဘုရားကျောင်းကိုမှ ကိုးကွယ်ခွင့်မရှိဘူး... ဒီစည်းမျဉ်းကို ချိုးဖောက်တဲ့လူတွေကို ရာထူးကနေ ဖယ်ရှားပြီး စုံစမ်းစစ်ဆေးမယ်..."
ဤစကားများ ထွက်ပေါ်လာချိန်၌ လူများအကြားတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလားပင်။
လုယွီသည် ဘုရားကျောင်းတော်များကို ဆန့်ကျင်ရန် အမှန်တကယ်ကို သတ္တိရှိနေသည်။ ဤသည်မှာ လွန်ကျူးသည့် လုပ်ရပ်တစ်ခုအလားပင်။
ထိုက်ချမ်ဧကရာဇ် ကွယ်လွန်ပြီးနောက် နတ်ဘုရားအသီးသီး၏ ကြီးမားသောအာဏာစက်များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ အလွန်ကြီးမားသော အင်အားစုတစ်ခု ဖြစ်လာပေ၏။
တခြားအရာရှိတစ်ဦးသာ ဘုရားကျောင်းများကို ဆန့်ကျင်ဝံ့လျှင် သူသည် မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားသည်။ သူ့တွင် စစ်ရေးအာဏာနှင့် အစွမ်းထက်သော ကျင့်ကြံဆင့် ရှိသည်။ ဤနတ်ဘုရားများ၏ စိတ်များအတွင်းတွင် မကျေနပ်မှုများ ရှိနေလျှင်ပင် လုယွီ၏ရှေ့တွင် မောက်မာဝံ့မည် မဟုတ်ချေ။
ထို့ပြင် ဘုရားကျောင်းများသည် ကြီးမားသော ဓနဥစ္စာကို ပိုင်ဆိုင်ထားသည်။
ဤကြယ်နယ်မြေအရှင်များသည် ပုံမှန်အားဖြင့် ဘုရားကျောင်းတော်များကို ကြောက်ရွံ့သော်လည်း သူတို့၏ဓနဥစ္စာများကို မတပ်မက်ဟု ပြောဆိုလျှင် လိမ်ညာရာကျပေမည်။
သူတို့သာ ဘုရားကျောင်းတော်ကို အခွန်ပေးဆောင်ရန် အတင်းအကြပ်ခိုင်းစေခဲ့ပြီး ယခင်က လျစ်လျူရှုခဲ့သော အခွန်များနှင့် ပေါင်းလိုက်လျှင် သူတို့သည် အလွန်ကြီးမားသော ပမာဏတစ်ခုကို ကောက်ခံရရှိမည်မှာ သေချာပေါက်ပင်။
"အရှင်....တကယ်လို့ ဘုရားကျောင်းက မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းရမလဲ"
ကြယ်နယ်မြေအရှင်တစ်ဦးက မေးမြန်းလိုက်သည်။
ဘုရားကျောင်းများတွင် ကိုယ်ပိုင်စစ်တပ်နှင့် သက်ဝင်ယုံကြည်သူအများအပြား ရှိကြသည်။ ကြယ်နယ်မြေအိမ်တော်၏ အစောင့်တပ်ဖွဲ့တစ်ခုတည်းဖြင့် ထိုဘုရားကျောင်းများကို ယှဉ်နိုင်မည်မဟုတ်ချေ။
Chapter 4904
"ငါ ဒီမှာ တပ်ရင်းတချို့ကို ထားခဲ့မယ်... မင်းတို့အားလုံးက ငါ့အမိန့်ကို လိုက်နာပြီးတော့ အခွန်ကောက်ခံရမယ်...ဘယ်ဘုရားကျောင်းမဆို မနာခံရဲရင် ဘုရားကျောင်းကို ဖြိုချပြီး သူ့ရဲ့အမွေအနှစ်ကို ဖျက်ဆီးပစ်ကြစမ်း....ငါ လိုချင်တာက ဆွေးနွေးမှုမဟုတ်ဘူး...သူတို့ရဲ့ လက်အောက်ခံမှုပဲ"
လုယွီက ဤစကားများကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ သို့ရာတွင် လေထုအတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။
"ကျွန်တော်တို့က အရှင်ရဲ့အမိန့်အတိုင်း လိုက်နာပါ့မယ်"
ကြယ်နယ်မြေအရှင်များအားလုံး ပြောဆိုလိုက်ကြသည်။
လုယွီက သူ၏လက်ညှိုးကို ထပ်မံ၍ထောင်လိုက်ပြီး ပြောဆိုသည်။
"ဒုတိယအချက်...ဘုရားကျောင်းတော်တွေရဲ့ ဓနဥစ္စာတွေကို ရယူတာက အဆိပ်သောက်ပြီး ရေငတ်ဖြေတာပဲ...ငါက မင်းတို့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ငွေအပ်နှံဌာနတွေကနေ ထောက်ပံ့ပေးမယ်...အဆင့်မြင့်ဂိုဏ်းတွေ အထူးသဖြင့် လက်နက်သန့်စင်ဂိုဏ်းနဲ့ ဆေးဖော်စပ်တဲ့ဂိုဏ်းတွေကို ဝယ်ယူပြီး သူတို့ကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်အောက်ခံအရာရှိတွေအဖြစ် ပြောင်းလဲရမယ်"
လက်အောက်ခံအရာရှိတွေဟု ဆိုသလော...
ဤသည်မှာ ဝေါဟာရအသစ်တစ်ခုဖြစ်ပြီး ကြယ်နယ်မြေအရှင်များ၏ မျက်လုံးများအတွင်းတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
လုယွီက ရှင်းပြသည်။
"အခုကစပြီး ဒီဂိုဏ်းတွေက ပြင်ပအင်အားစုတွေ မဟုတ်တော့ဘူး...သူတို့ကို အုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ပိုင်ဆိုင်တယ်....ဒီဂိုဏ်းတွေကရတဲ့ အမြတ်ငွေတွေကို သိမ်းဆည်းပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အားဖြည့်ဖို့အတွက် အသုံးပြုမယ်"
ကြယ်နယ်မြေအရှင်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလေ၏။
"အရှင်က သူတို့ကို စုဆောင်းချင်တာလား... ဒီလူတွေမှာ မသမာတဲ့ရည်ရွယ်ချက်တွေ ရှိကြတယ်... ကျွန်တော်တို့က ဂိုဏ်းတွေကို အတင်းအကြပ် ဝယ်ယူခဲ့ရင်တောင် သူတို့က သစ္စာဖောက်မှာကို စိုးရိမ်ရတယ်"
လုယွီက တုံ့ပြန်သည်။
"ကိစ္စမရှိဘူး.... ငါ မင်းတို့ကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကူညီမယ့်လူတွေ လွှတ်ပေးမယ်... ဝယ်ယူလိုက်တဲ့ ဂိုဏ်းတွေအားလုံးကို အစကနေအဆုံးထိ သန့်စင်ရမယ်...သူတို့ကို အရင်စစ်ဆေးပြီးတော့ သူတို့ရဲ့မိသားစုနောက်ခံကို စစ်ဆေးရမယ်....သူတို့မှာ အပြစ်ကင်းစင်တာကို သေချာအောင်လုပ်ပြီးမှ အုပ်ချုပ်ရေးအဖွဲ့အတွက် အလုပ်လုပ်ခိုင်းရမယ်...ဒါ့အပြင် ဂိုဏ်းရဲ့ မူလဂိုဏ်းချုပ် လက်ထောက်ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို သူတို့ရဲ့အရည်အချင်းအလိုက် အရာရှိရာထူးပေးပြီး ကံကြမ္မာစွမ်းအားရဲ့ ကောင်းချီးကို ခံစားခွင့်ပေးမယ်... သူတို့ ဒါကို ငြင်းဆန်မှာမဟုတ်ဘူး"
ဤသည်မှာ လူအမြောက်အများ မကြားဖူးသော လမ်းသစ်တစ်ခုပင်။ ထို့ကြောင့် လုယွီ ပြောဆိုပြီးသည့်တိုင် ကြယ်နယ်မြေသခင်များ၏ မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ရှိနေဆဲပင်။
"အရှင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အလားတူကိစ္စတွေကို လုပ်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်....အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးက လက်နက်သန့်စင်ဂိုဏ်းတွေအားလုံးနီးပါး လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေအဖြစ် ပြောင်းလဲခံခဲ့ရတယ်... အရှင်မှာ အတွေ့အကြုံအချို့ ရှိရမယ်"
ကြယ်နယ်မြေအရှင်တစ်ဦးက ပြောဆိုသည်။
တခြားသူများအားလုံး ချက်ချင်းဆိုသလိုပင် စိတ်သက်သာရာရသွားကြသည်။
လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ဥပဒေများနှင့် ပြင်ပဂိုဏ်းအင်အားစုများကို ပြောင်းလဲခဲ့ပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် လူအများသည် ထိုကဲ့သို့သော ကိစ္စတစ်ခုရှိကြောင်းသာ သိကြပြီး အသေးစိတ်အချက်အလက်များ မည်သို့ဖြစ်သည်ကို မသိကြချေ။
"ဒီဂိုဏ်းတွေကို အုပ်ချုပ်ရေးအဖွဲ့အတွက် အလုပ်လုပ်ခိုင်းရင်....အနာဂတ်မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ဝင်ငွေက အများကြီး ပိုများလာပြီးတော့ လယ်ယာခွန်ကိုတောင် ကျော်လွန်သွားနိုင်တယ်"
ကြယ်နယ်မြေအရှင်များသည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ဦး၏မျက်လုံးအတွင်းမှ စိတ်လှုပ်ရှားမှုကို တခြားတစ်ဦးက မြင်တွေ့နိုင်သည်။
ယခင်က အုပ်ချုပ်ရေးအဖွဲ့နှင့် ဂိုဏ်းအင်အားစုများသည် မတူညီသော အင်အားစုနှစ်ခုအဖြစ် အစဥ်အမြဲရှိနေခဲ့ပြီး မီးနှင့်ရေကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် သဟဇာတမဖြစ်ခဲ့ချေ။
"ဝင်ငွေတိုးတာက ဒုတိယအချက်ပဲ...ဒီအရာရှိတွေနဲ့ ဂိုဏ်းတွေက အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တာဝန်တွေကို ယူရမယ်...ဥပမာအနေနဲ့ နေရာတစ်ခုမှာ အငတ်ဘေးဖြစ်ရင် ဒီအရာရှိတွေနဲ့ ဂိုဏ်းတွေက ပြည်သူတွေကို ကူညီဖို့ အစားအစာတွေကို ဖြန့်ဝေပေးရမယ်"
"အထူးသဖြင့် စိတ်ဝိညာဉ်သွေးကြောနဲ့ စိတ်ဝိညာဉ်မိုင်းတွင်းတွေပဲ...ဒီနေရာနှစ်မျိုးကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်အောင် လုပ်ရမယ်...အဲ့ဒီနေရာတွေမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုအားလုံးကို ဘယ်သူတွေပဲဖြစ်နေနေ ဖယ်ရှားပစ်ရမယ်....တော်ဝင်မြို့တော်ပိုင်နက်မှာ ဘယ်အင်အားစုကိုမှ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကိုယ်ပိုင်ထုတ်လုပ်ခွင့် ငါ မပြုဘူး"
လုယွီက ထပ်မံ၍ ပြောဆိုလိုက်သည်။
ဤတစ်ကြိမ်တွင် လုယွီသည် သူ၏ရည်ရွယ်ချက်ကို နောက်ဆုံး၌ ထုတ်ဖော်လိုက်၏။
လယ်ယာခွန်ကို ဖျက်သိမ်းခြင်းဖြစ်စေ ဂိုဏ်းများကို ဝယ်ယူခြင်းဖြစ်စေ ဤသည်မှာ အရန်ကိစ္စတစ်ခုသာဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ စိတ်ဝိညာဉ်ကျောက်တုံးထုတ်လုပ်မှုကို အုပ်ချုပ်ရေးအဖွဲ့၏ပိုင်ဆိုင်မှုအဖြစ် ပြုလုပ်ရန်ပင်။
ယခင်က စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအများစုကို တော်ဝင်နန်းတွင်းမှ ထိန်းချုပ်ထားသည်။
သို့ရာတွင် ထိပ်သီးမိသားစုများ ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေအားလုံးတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်မိုင်းတွင်းများ ရှိကြပြီး ထုတ်လုပ်သော စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း ကွဲပြားခြားနားပေ၏။
စိတ်ဝိညာဉ်ကျောက်တုံးသည် ကောင်းကင်ဘုံနယ်မြေ၌ ခိုင်မာသောငွေကြေးတစ်ခုဖြစ်ပြီး အဆင်ပြေစေရန်အတွက် ငွေအပ်နှံဌာနအသီးသီးမှ စိတ်ဝိညာဉ်ကျောက်တုံးငွေစက္ကူများကို ထုတ်ဝေလေ့ရှိသည်။
သို့သော်လည်း ဤငွေစက္ကူများသည်လည်း ကွဲပြားခြားနားနေပေ၏။ တော်ဝင်နန်းတွင်းသည် ယခင်က တရားဝင်ငွေစက္ကူများကို ထုတ်ဝေခဲ့သော်လည်း သူတို့သည် ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ချေ။
Chapter 4905
လုယွီက ငွေကြေးကို တသမတ်တည်းဖြစ်အောင် ပြုလုပ်လိုသည်။
ဤအကြံဉာဏ်ကို ဖေးထျန်ကွမ်းက ပထမဆုံး အဆိုပြုခဲ့သည်။
ငွေကြေးတစ်ခုတည်းသာမက စကားလုံးများ ဥပဒေများ တိုင်းတာမှုများနှင့် တခြားအရာများအားလုံးကို တသမတ်တည်းဖြစ်အောင် လုပ်ရပေမည်။
ဤအကြံဉာဏ်သည် အမှန်တကယ်ကို ရဲတင်းလှပေ၏။ အကြောင်းအရင်းမှာ ကောင်းကင်ဘုံနယ်မြေတွင် မရေမတွက်နိုင်သော ကြယ်နယ်မြေများ ရှိနေပြီး လူသားများသည် နေထိုင်နိုင်ရန်အတွက် ကြယ်နယ်မြေတချို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသော ကြယ်နယ်မြေများ မရေမတွက်နိုင်အောင် ရှိနေသည်။
ဤလောကတွင် သက်ရှိများ မည်မျှထိရှိမည်ကို မည်သူ သိနိုင်မည်နည်း...
ဤကိန်းဂဏန်းပမာဏကို အတိအကျ ဖော်ပြနိုင်မည် မဟုတ်ချေ။
ဘာသာစကားကို တသမတ်တည်းဖြစ်အောင်လုပ်ရန်ပင်လျှင် အလွန်ခက်ခဲနေပြီဖြစ်ရာ ငွေကြေးစနစ်ကို ထည့်ပြောရန် မလိုတော့ချေ။
ယခင်က ရှန်လင်းလုံသည်လည်း ရည်မှန်းချက်ကြီးမားပြီး လောကကြီးအတွင်းရှိ ငွေကြေးစနစ်ကို တသမတ်တည်းဖြစ်အောင် ပြုလုပ်လိုခဲ့သည်။
သူမသည် စိတ်ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်ရန် အင်မော်တယ်ကျောက်တုံးများကို ထုတ်ဝေခဲ့သည်။
လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ပထမဆုံးအကြိမ် တက်လှမ်းလာစဉ်၌ အင်မော်တယ်ကျောက်တုံးများ၏တန်ဖိုးသည် စိတ်ဝိညာဉ်ကျောက်တုံးများထက် များစွာပို၍ မြင့်မားခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးသည် အင်မော်တယ်ကျောက်တုံးတစ်တုံးနှင့်သာ လဲလှယ်နိုင်သည်။
အင်မော်တယ်ကျောက်တုံးများ၏အနှစ်သာရမှာ တန်ဖိုးတူပစ္စည်းများအဖြစ် အသုံးပြုရန်ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကဲ့သို့ အသုံးဝင်ခြင်းမရှိပေ။ ဤအရာများကို တော်ဝင်နန်းတော်ကသာ ဖြန့်ဝေနိုင်သည်။
ဤကိစ္စကို အစပိုင်းတွင် အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် နတ်ဆိုးသားရဲမျိုးနွယ်များဖြစ်စေ လူသားမျိုးနွယ်ဖြစ်စေ သူတို့သည် အင်မော်တယ်ကျောက်တုံးများကိုသာ အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်နိုင်သည်။
သို့ရာတွင် လုယွီ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ ထွက်ခွာသွားချိန်၌ ကောင်းကင်ဘုံနယ်မြေရှိ အင်မော်တယ်ကျောက်တုံး ငွေကြေးဈေးကွက်သည် ပျက်စီးလုနီးပါး ဖြစ်သွားလေ၏။
အကြောင်းအရင်းမှာ ရှမိသားစုတွင် အင်မော်တယ်ကျောက်တုံးများ ထုတ်လုပ်နိုင်သော အခွင့်အာဏာရှိနေသောကြောင့်ပင်။
လောကကြီးအတွင်းတွင် အချမ်းသာဆုံးမိသားစုအနေဖြင့် ရှမိသားစုသည် ငွေကြေးကို မည်သို့ ထိန်းချုပ်ရမည်ကို မသိဘဲ နေမည်မဟုတ်ချေ။
သို့ရာတွင် သူတို့သည် အင်မော်တယ်ကျောက်တုံးအမြောက်အများကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်းသို့ ပစ်ချခဲ့သဖြင့် ပြင်းထန်သော ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့သည်။
အင်မော်တယ်ကျောက်တုံးများ၏ တန်ဖိုးသည် ပြင်းပြင်းထန်ထန် ကျဆင်းသွားပြီး ခတ်နှိပ်ထားသော အင်မော်တယ်ကျောက်တုံးငွေလက်မှတ်အရေအတွက်သည် ပို၍ပို၍တုန်လှုပ်ချောက်ချားဖွယ် ဖြစ်လာပေ၏။ နောက်ဆုံးတွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အင်မော်တယ်ကျောက်တုံးဆယ်သန်းနှင့်ပင် လဲလှယ်နိုင်ခဲ့သည်။
တချို့လူများသည် ဖယောင်းတိုင်တစ်တိုင် ဝယ်ရန် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာကိုပင် သုံးစွဲခဲ့ရသည်။
ယခုအချိန်၌ ရှန်လင်းလုံ၏အခွင့်အာဏာ ဆုံးရှုံးသွားသဖြင့် အင်မော်တယ်ကျောက်တုံးများ လုံးလုံးလျားလျား တန်ဖိုးမရှိတော့ဘဲ အင်မော်တယ်ကျောက်တုံးလက်မှတ်များသည် စက္ကူစုတ်များ ဖြစ်သွားပေ၏။
တစ်ချိန်တည်းမှာပင် အဓိကတရားခံဖြစ်သော ရှမိသားစုသည် အခွင့်အရေးကိုယူ၍ စိတ်ဝိညာဉ်ကျောက်တုံးများကို အထိန်းအကွပ်မရှိ ဝယ်ယူခဲ့သည်။ သူတို့သည်အမြတ်အစွန်းများစွာ ရရှိပြီး ချမ်းသာကြွယ်ဝသွားခဲ့သည်။
လုယွီသည် ဤသို့ဖြစ်ပွားခွင့် ပြုမည်မဟုတ်ချေ။ သူသည် စိတ်ဝိညာဉ်မိုင်းတွင်းများအားလုံးကို သူ၏လက်အတွင်းတွင် ချုပ်ကိုင်ထားလိုသည်။
အထူးသဖြင့် ထိုထိပ်သီးမိသားစုများဖြစ်ကာ လုမိသားစုဖြစ်နေလျှင်ပင် လုယွီသည် သူတို့အား စိတ်ဝိညာဉ်ကျောက်တုံးတူးဖော်ခွင့်ကို ထိန်းချုပ်ခွင့်ပြုမည် မဟုတ်ပေ။
တော်ဝင်မြို့တော်သည် အမှန်အားဖြင့် သူ့အတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။
လုယွီသည် ဤနေရာတွင် ထိုအစီအစဥ်များ၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်ရန် စီစဉ်ထားသည်။ သူသည် အရာအားလုံး ရင့်ကျက်လာသည်အထိ စောင့်ဆိုင်းပြီးမှ နောက်တစ်ဆင့်အတွက် အစီအစဉ်များ ရေးဆွဲပေမည်။
ကြယ်နယ်မြေအရှင်များအားလုံး ကြက်သေသေသွားကြသည်။
သူတို့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။။ လုယွီ ကြံစည်နေသောအရာသည် သူတို့၏ စိတ်ကူးထက် ကျော်လွန်နေလေပြီ။
"ဒါ့ပြင် စိုက်ပျိုးရေးကို ပြန်လည်ထူထောင်တာနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ ဆန်အမျိုးအစားတစ်ခုရှိတယ်.... မင်းတို့အားလုံး စိုက်ပျိုးကြည့်နိုင်တယ်"
လုယွီက ရုတ်တရက် သူ၏လူများကို စပါးစေ့တချို့ ထုတ်ယူလာရန် အမိန့်ပေးလိုက်သည်။
ဤစပါးစေ့တစ်စေ့စီသည် သာမာန်စပါးစေ့တစ်စေ့၏ အရွယ်အစားနှစ်ဆရှိသည်။ ထိုအရာ၏ ကိုယ်ထည်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပေ၏။ ထိုစပါးစေ့များသည် မျိုးစေ့အခြေအနေတွင် ရှိနေသော်လည်း စိတ်ဝိညာဉ်စွမ်းအားတစ်မျိုး ပါရှိပုံရသည်။
"ဒါက..."
ကြယ်နယ်မြေအရှင်များအားလုံး အံ့အားသင့်သွားကြသည်။
သူတို့သည် သီးနှံ့မျိုးစေ့အမျိုးမျိုးကို မြင်ဖူးကြသည်။ ထိုမျိုးစေ့များအနက် ကြီးထွားလာပြီးနောက် ထူးဆန်းသော ဖြစ်စဉ်အမျိုးမျိုးကို ဖြစ်ပေါ်စေသော စိတ်ဝိညာဉ်သီးနှံ့တချို့ ရှိကြသည်။
သို့ရာတွင် မျိုးစေ့ကတည်းက စိတ်ဝိညာဉ်စွမ်းအားပါဝင်သော သီးနှံများအကြောင်းကို သူတို့ မကြားဖူးကြချေ။
"ဒါက နဂါးပျံဆန်စပါးပဲ...ဒါက ရှေးဟောင်းခေတ်က လူသားတွေ စိုက်ပျိုးခဲ့တဲ့ သီးနှံတစ်မျိုးပဲ...ငါ ဒါကို ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ ရခဲ့တယ်"
လုယွီက ပြောဆိုသည်။
ဤအကြောင်းနှင့် ပတ်သက်ပြီး သူ လိမ်ညာနေခြင်းမဟုတ်ပေ။
ဖန်းနန်းတော်တွင် မပျက်စီးသေးသော ရှေးဟောင်းပစ္စည်းများစွာ ရှိနေဆဲပင်။
လုယွီသည် ဤမျိုးစေ့များကို ကောင်းစွာထိန်းသိမ်းထားသော ဂိုဒေါင်တစ်ခုအတွင်းတွင် တွေ့ရှိခဲ့သည်။ ဤမျိုးစေ့အိတ်များ၏အပေါ်တွင် မျိုးစေ့များ၏ အကျိုးသက်ရောက်မှုကို ရေးသားထားသော ချင်အင်ပါယာ၏စည်းတံဆိပ်စာလုံးတန်းများ ရှိနေသည်။
"အရှင်... ဒီဆန်မှာ ထူးခြားတာတစ်ခုခု ရှိလား"
တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
လုယွီက တုံ့ပြန်အဖြေပေးသည်။
"နဂါးပျံဆန်က မြေနေရာမရွေးဘူး...ကျက်တီးမြေတွေမှာတောင် စိုက်ပျိုးနိုင်တယ်...ဒီစပါးပင်တွေ ကြီးထွားလာရင် စားသုံးတဲ့လူတွေရဲ့ ခန္ဓာကိုယ်ကို သန်မာစေနိုင်တယ်....ကျင့်ကြံဖို့ အရည်အချင်းမရှိတဲ့ လူတွေတောင် အချိန်အကြာကြီး သုံးစွဲမယ်ဆိုရင် ဟိုထျန်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်သွားနိုင်တယ်.... ဒါမှမဟုတ် သူတို့က ရှန်ထျန်းနယ်ပယ်ကိုတောင် ရောက်သွားနိုင်တယ်"
Thank For Reading.