← Chapters

အခန်း (၄၉၁၁-၄၉၁၅)

Vol. 249 Ch. 4911-4915

အခန်း (၄၉၁၁-၄၉၁၅)

Vol. 249 Ch. 4911-4915

Chapter 4911

ကြယ်တာရာများအတွင်းတွင်...

ဝေ့မုန့်ထင်သည် သူမ၏ဓားကိုစီးနင်းပြီး အရှိန်ပြင်းစွာ ခရီးနှင်နေသည်။

သူမ၏ မျက်နှာသည် ဖြူဖျော့နေပေ၏။ ဤကြယ်တာရာကောင်းကင်ယံတွင် ဓားပျံကိုစီးနင်းနိုင်ရန် သူမ၏စွမ်းအားများကို အစွမ်းကုန် အသုံးပြုခဲ့ သည်။

"မင်းသမီးကျန်း...ဘေးကင်းလုံခြုံပါစေလို့ မျှော်လင့်ပါတယ်"

ဝေ့မုန့်ထင်၏စိတ်နှလုံးသားအတွင်းတွင် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

တော်ဝင်မြို့တော်၏အပြင်ဘက်တွင် ဧရာမစစ်သင်္ဘောကြီးများသည် ကြယ်မြစ်အတွင်း၌ ရွက်လွှင့်နေကြ၏။

ဤစစ်သင်္ဘောများပေါ်ရှိ အလံများအရ တော်ဝင်မြို့တော်၏ တပ်ရင်းလေးခုအပြင် တော်ဝင်စစ်တပ်၏ လက်အောက်ခံတပ်ရင်းများ ပါဝင်သည်။ သို့ရာတွင် ထိုစစ်သင်္ဘောများအားလုံးသည် ဧကရာဇ်၏ အုပ်ချုပ်မှုကို ကိုယ်စားပြုသော နဂါးအလံများကို လွှင့်ထူထားကြသည်။

တော်ဝင်မြို့တော်၏အပြင်ဘက်ရှိ စစ်သင်္ဘောများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး မြို့တော်ကို စစ်ခံတပ်တစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဝေ့မုန့်ထင်သည် လမ်းတလျှောက်၌ မရေမတွက်နိုင်သော စစ်သင်္ဘောများကို ရှောင်တိမ်းခဲ့သည်။ ဤစစ်သင်္ဘောများ၏ လက်အတွင်းသို့ ကျရောက်သွား၍ မဖြစ်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။

ဧကရာဇ်သည် သေမိန့်ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ထိုနယ်မြေကို ကင်းလှည့်နေသော တော်ဝင်စစ်သားများအားလုံး ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူမသည် ဝေ့မိသားစု၏အကြီးဆုံးသခင်မလေး ဖြစ်လျှင်ပင် ဤလူများသည် သူမကို တိုက်ခိုက်ရဲကြပေမည်။

ဝေ့မုန့်ထင်သည် သူမ၏လျှင်မြန်သောအရှိန်နှုန်းကို ဂရုတစိုက်ထိန်းသိမ်းထားသည်။

သို့ရာတွင် တော်ဝင်စစ်တပ်သည် တော်ဝင်မြို့တော်၏နံဘေးပတ်ဝန်းကျင်ကို ပိတ်ဆို့ရန် ရည်ရွယ်ထားသောကြောင့် ဤမျှထင်ရှားသော ပစ်မှတ်ကို မည်သည်ကြောင့် လွှတ်ပေးနိုင်မည်နည်း။

မကြာမီမှာပင် သူတို့သည် ဝေ့မုန်ထင်ကို ရှာဖွေတွေ့ရှိသွားလေ၏။

တော်ဝင်စစ်သားများသည် သူမကို ဖမ်းဆီးရန် စတင်တိုက်ခိုက်ခဲ့သည်။ ဝေ့မုန့်ထင်သည် ဓားအင်မော်တယ်တစ်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုနည်းလမ်းများကို အားကိုးကာ သူမရှေ့မှ စစ်သားတချို့ကို ရှင်းပစ်နိုင်ခဲ့သော်လည်း သူမကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့သည်။

"လုယွီရဲ့ စစ်တပ်က ဘယ်မှာလဲ"

ဝေ့မုန့်ထင်သည် သူမ၏စိတ်အတွင်းမှ စိုးရိမ်ပူပန်မှုကို မထိန်းချုပ်နိုင်တော့ချေ။

သူမသည် ရရှိထားသောဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ပေ။ ကျားလှောင်တောင်ကြားခံတပ်၏ ဦးတည်ရာကို ရှာဖွေပြီး သူမ၏ဓားပျံကို အရှိန်ကုန်မြှင့်ကာ ပျံသန်းလိုက်သည်။

...

တော်ဝင်မြို့တော်ဒေသ...ကျားလှောင်တောင်ကြားခံတပ်....

"ကောင်းကင်ကို အရိုအသေပြုမယ်..."

"မြေပြင်ကို အရိုအသေပြုမယ်..."

"သူရဲကောင်းစိတ်ဝိညာဉ်တွေကို အရိုအသေပြုမယ်.."

လုယွီသည် စစ်သည်များကို ခေါ်ဆောင်လာပြီး အရိုအသေပြုရန်အတွက် ဂူဗိမာန်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။

ပတ်ဝန်းကျင်တွင် စစ်အလံများဖြင့် ပြည့်နှက်နေသည်။ ဤစစ်အလံများပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပေ၏။ ထိုအရာများသည် ဖျက်ဆီးခံခဲ့ရသော စစ်စခန်းများအားလုံး၏ အလံများဖြစ်သည်။

ဤတပ်ရင်းများသည် အခြေခံအားဖြင့် အမြစ်ပြတ်ချေမှုန်းခံခဲ့ရပြီး မည်သူမျှ အသက်မရှင်ခဲ့ချေ။

လုယွီသည် အမွှေးတိုင်များကို အခမ်းအနားမှူး လွှဲပြောင်းပေးကာ သူ၏လက်ဖြင့် သေရည်ခွက်ကို ကိုင်ဆောင်ပြီး သူ၏ရှေ့တွင် ဖြန်းလိုက်သည်။

လူတိုင်း၏ရှေ့တွင် ကျောက်ကမ္ပည်းပြားများ အစုလိုက်အပြုံလိုက် ရှိနေသည်။

ချန်ယွီ ချောင်ပေါင် သိုက်ဖုန်းစသဖြင့် မရေမတွက်နိုင်သော နာမည်များကို ဝိညာဉ်ကမ္ပည်းပြားများပေါ်တွင် ထာဝရ ကမ္ပည်းထိုးထားနိုင်သော်လည်း လူများမှာမူ သူတို့ထံမှ ထွက်ခွာသွားခဲ့လေပြီ။

ဤကမ္ဗည်းပြားများအနက် အလယ်ဗဟိုတွင် မားမားမတ်မတ်ရှိနေသော ဝိညာဉ်ကမ္ပည်းပြားတစ်ခုလည်း ရှိသည်။

ဤသည်မှာ တာယွီမင်းသား ကျိုးဟုန်ရွှမ်း၏ အောက်မေ့ဖွယ်ကမ္ပည်းပြားပင်။

ဖယောင်းတိုင်မီးလျှံသည် လေပြေကြားတွင် ယိမ်းနွဲ့နေပြီး မီးအိမ်ထောင်ပေါင်းများစွာက တောက်ပစွာ လင်းလက်နေကာ လူတိုင်း၏ မျက်နှာများကို ရောင်ပြန်ဟပ်သည်။

"ဒီလက်စားချေမှုကို မဖြစ်မနေ လုပ်ရမယ်"

လုယွီသည် သေရည်ပန်းကန်လုံးကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။

ဖောင်း...ဖောင်း....

မရေမတွက်နိုင်သော သေရည်ပန်းကန်လုံးများကို ပစ်ပေါက်သံများ ပတ်ဝန်းကျင်တွင် ကြားနေရသည်။ လူအများ၏မျက်လုံးများသည် နီမြန်းနေဆဲပင်။

ဤသည်မှာ နက်ရှိုင်းစွာ စွဲထင်နေသော နာကျည်းမုန်းတီးမှုတစ်ခုပင်။ သူတို့သည် မည်သို့မေ့နိုင်မည်နည်း။

ပုန်းကွယ်နဂါးစစ်တပ်၏ ကျဆုံးသူဦးရေသည် တစ်သန်းထက် ကျော်လွန်သွားလေခဲ့ပြီ။

လုယွီ မမြင်ခဲ့သော နေရာများတွင် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းများနှင့် ထန်စစ်တပ်တို့သည် သေသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ တချို့တပ်ရင်းများသည် ရှုံးနိမ့်သွားခဲ့ပြီး သူတို့အားလုံးနီးပါး အမြစ်ပြတ်သုတ်သင်ခြင်း ခံခဲ့ရသည်။

သို့သော်လည်း စစ်ပြေးတစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။

သူတို့အနက်မှတချို့မှာ ကျွမ်းကျင်စစ်သည်တော်များ မဟုတ်ကြချေ။ တစ်ချိန်က ဂိုဏ်းချုပ်များဖြစ်ခဲ့ပြီး စစ်တပ်အတွင်းသို့ ဝင်ရောက်ခဲ့သူများပင် ရှိခဲ့သည်။

လုယွီသည် ကျဆုံးသူများစာရင်းကို ကြည့်ရှုပြီး ဖေးထျန်ကွမ်းထံသို့ စာတစ်စောင်ရေးကာ ကောင်းမွန်စွာ ကိုင်တွယ်ရန် တောင်းဆိုခဲ့သည်။

သေဆုံးသွားသော စစ်သည်အားလုံးသည် မြင့်မားသော လျော်ကြေးငွေ ရရှိရမည်ဖြစ်ပြီး သူတို့၏ မိသားစုဝင်များနှင့် ကလေးများသည်လည်း အထူးအကျိုးခံစားခွင့်များ ရရှိပေမည်။ ဤသည်မှာ လုယွီကိုယ်တိုင် အမိန့်ပေးခဲ့သောအရာပင်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ထောက်လှမ်းအဖွဲ့သည် ကျဆုံးစစ်သားများ၏ ပင်စင်နှင့်လျော်ကြေးငွေတို့ဖြင့် ပတ်သက်သည့် ကိစ္စအဝဝကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးဖြစ်သည်။ ဤငွေများအပေါ် မတော်မတရား လက်တင်ရဲသော မည်သူမဆို နေရာမှာပင် ကွပ်မျက်ခံရပေမည်။

ဤတိုက်ပွဲအပြီးတွင် ပုန်းကွယ်နဂါးစစ်တပ်၏ သစ္စာစောင့်သိမှုနှင့် ဂုဏ်သိက္ခာတို့သည် ထင်ရှားလာပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

တော်ဝင်မြို့တော်ဒေသအတွင်း၏ ကြယ်နယ်မြေအရှင်တစ်ယောက်သည် ဘုရားကျောင်းများထံမှ အခွန်များကို ကောက်ခံလိုခဲ့သည်။ သူသည် ပုန်းကွယ်နဂါးစစ်တပ်၏ အဖွဲ့ငယ်လေးတစ်ဖွဲ့ကိုသာ စေလွှတ်လိုက်သော်လည်း ဘုရားကျောင်းအားလုံးသည် အခွန်ငွေများကို နာခံစွာ ပေးအပ်ခဲ့ကြပြီး မည်သူမျှ ငြင်းဆန်ခြင်းမရှိခဲ့ချေ။

Chapter 4912

ထို့နောက် အံ့အားသင့်ဖွယ်ကိစ္စများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

တစ်ချိန်က လူငယ်တစ်ဦးသည် ဒေသခံဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏သားနှင့် ပဋိပက္ခဖြစ်ပွားပြီး ရန်ငြိုးဖွဲ့ခဲ့သည်။ ထိုလူငယ်သည် ဒေါသတကြီးဖြင့် ပုန်းကွယ်နဂါးစစ်တပ်သို့ ဝင်ရောက်ခဲ့လေ၏။

အချိန်အတော်ကြာပြီးနောက် ထိုလူငယ်သည် ပုန်းကွယ်နဂါးစစ်တပ်မှ သူ၏ဇာတိမြို့သို့ အလည်အပတ် ပြန်လာခဲ့သည်။ သူ၏ဇာတိမြို့သို့ ပြန်ရောက်လာချိန်တွင် ထိုဂိုဏ်းချုပ်သည် သူ၏သားကို ခေါ်ဆောင်လာပြီး ရက်ရောသော လက်ဆောင်တစ်ခုဖြင့် သူ့ကို လာရောက်တွေ့ဆုံခဲ့သည်။

ထိုဂိုဏ်းချုပ်သည် စစ်ဗိုလ်ချုပ်မိသားစုမှအမျိုးသမီးတပည့်တစ်ဦးကို ဤလူငယ်နှင့် လက်ထပ်ပေးရန်ပင် ဆန္ဒရှိခဲ့ပြီး သူ့ကို ချည်နှောင်လိုခဲ့သည်။

ဤလူငယ်သည် ပုန်းကွယ်နဂါးစစ်တပ်၏ သာမန်စစ်သားတစ်ဦးသာ ဖြစ်သည်။

ပုန်းကွယ်နဂါးစစ်တပ်၏ ကျော်ကြားမှုသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဤကျော်ကြားမှုသည် သွေးများပေါ်တွင် အခြေခံ၍ တည်ဆောက်ခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ထန်အင်ပါယာမှကုန်သည်များကို ဆင့်ခေါ်ခဲ့သည်။

"မင်းတို့ ရိုးရိုးသားသား စီးပွားရေးလုပ်ရင် ငါ စွက်ဖက်မှာ မဟုတ်ဘူး...မင်းတို့က အုပ်ချုပ်ရေးအဖွဲ့ကို အခွန်ပေးဆောင်ပြီးတော့ စီးပွားရေးကို ရိုးရိုးသားသား လုပ်ကိုင်နေသမျှ မင်းတို့ကို မမျှမတဆက်ဆံမှာ မဟုတ်ဘူးလို့ ငါ ကတိပေးတယ်"

လုယွီသည် ထန်ကုန်သည်များအားလုံးကို တစ်ချက်ကြည့်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒါပေမဲ့ ငါ့နောက်ကွယ်မှာ မဟုတ်မမှန်လုပ်ရဲတဲ့လူကို ငါ ရှာတွေ့ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ထန်ကုန်သည်များအားလုံး ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်နေကြသည်။ သူတို့သည် တရားမဝင်သော အလုပ်များကို မည်သည့်အခါမျှ မလုပ်ဟု လုယွီကို ကတိပေးခဲ့ကြသည်။

အမှန်တကယ်ကိုပင် ပုန်းကွယ်နဂါးစစ်တပ်သည် တော်ဝင်မြို့တော်ပိုင်နက်သို့ ဝင်ရောက်လာကတည်းက မြို့တော်ပိုင်နက်ရှိ ကြယ်နယ်မြေလေးဆယ့်တစ်ခုမှ ထန်အင်ပါယာ၏ပိုင်ဆိုင်မှုအများစုကို ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

ကြွင်းကျန်ခဲ့သော လူများသည် အန္တရာယ်ကြားမှနေ၍ လောဘကြောင့် ချမ်းသာလိုသူများသာ ဖြစ်ပေ၏။

လုယွီသည် ဤကုန်သည်များကို ပစ်မှတ်မထားခဲ့ချေ။ သူတို့သည် ထန်လူမျိုးများဖြစ်သည်မှာ မှန်သော်လည်း တော်ဝင်မြို့တော်၏ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် အချိန်ကြာမြင့်စွာ မနေခဲ့ချေ။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏တပ်ကို ကျားလှောင်အိမ်တောင်ကြားခံတပ်မှ ထွက်ခွာစေပြီး မြို့တော်သို့ ဦးတည်ခဲ့သည်။

အင်အားကြီးမားသောစစ်တပ်ကြီးသည် ကြယ်မြစ်အတွင်းတွင် ခရီးနှင်နေပြီး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ် ဖြတ်သန်းသွားသော ပတ်ဝန်းကျင်မှ ကြယ်နယ်မြေအရှင်အမြောက်မများသည် လုယွီကို သစ္စာခံလိုကြောင်း လျှို့ဝှက်စာများ ပေးပို့ခဲ့ကြသည်။

လုယွီသည် ဤစာများအားလုံးကို သိမ်းဆည်းထားပြီး တုံ့ပြန်အဖြေမပေးခဲ့ချေ။

ဤကြယ်နယ်မြေအရှင်များသည် အခြေအနေအရ လိုက်လျောညီထွေပြုမူမည့် ခြံစည်းရိုးခွထိုင်သူများကဲ့သို့ ထင်ရသော်လည်း ဤသည်မှာ အရာရှိတစ်ဦး၏ လမ်းစဉ်ဖြစ်သောကြောင့် သူတို့ကို အပြစ်တင်၍မရပေ။

ကြယ်နယ်မြေအရှင် ဖြစ်လာရန်မှာ ဉာဏ်ပညာအနည်းငယ်မရှိဘဲ မဖြစ်နိုင်ချေ။ လုယွီသည် ထိုလူများအနက် အရည်အချင်းရှိသော လူများရှိကြောင်း သိသော်လည်း သူတို့ကို စစ်ထုတ်ရန်မှာ အနာဂတ်တွင်လုပ်ရမည့် ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

ယခုချိန်တွင်မူ သူ လုယွီနှင့် ကျိူးယွမ်ယန်တို့အကြားမှ ကိစ္စကို ဖြေရှင်းရမည့် အချိန်ပင်။

တော်ဝင်မြို့တော်၏ အပြင်ဘက်၌...

ပုန်းကွယ်နဂါးစစ်တပ်သည် တော်ဝင်မြို့တော်၏ သံမဏိတံတိုင်းသို့ ချီတက်လာချိန်၌ တော်ဝင်အစောင့်တပ်များနှင့် တပ်ရင်းလေးခု၏ တားဆီးခြင်းကို ခံခဲ့ရသည်။

မျက်စိတစ်ဆုံးမြင်နိုင်သမျှ အကွာအဝေးထိ ပုန်းကွယ်နဂါးစစ်တပ်၏ စစ်မြင်းများဖြင့် ပြည့်နှက်နေပြီး နတ်ဆိုးသားရဲများက တော်ဝင်စစ်သားများကို ဒေါသတကြီး စူးစိုက်၍ကြည့်နေကြသည်။ စစ်သင်္ဘောများသည် တောအုပ်တစ်ခုအလား ထူထပ်သိပ်သည်းစွာ ရပ်တည်နေကြ၏။ သူတို့၏ စစ်တပ်ဖွဲ့စည်းပုံသည် ပုံစံတကျမဟုတ်သေးသော်လည်း သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

ဤသတ်ဖြတ်လိုခြင်း အရှိန်အဝါသည် တော်ဝင်စစ်တပ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ တော်ဝင်စစ်တပ်မှ စစ်သည်များအားလုံး တိတ်ဆိတ်ငြိမ်သက်စွာ တန်းစီ၍ မတ်တတ်ရပ်နေကြပြီး မည်သူမျှ ပုန်းကွယ်နဂါးစစ်တပ်ကို ရန်စရဲခြင်းမရှိပေ။

"အရှင်လု အောင်ပွဲခံပြီး ပြန်လာတာကို ဂုဏ်ယူပါတယ်....အရှင်ဧကရာဇ်က အရှင်လုနဲ့ စကားစမြည်ပြောဖို့အတွက် လင်အန်းကြယ်နယ်မြေကိုလာရောက်ဖို့ အမိန့်တော်ချမှတ်ထားပါတယ်"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးတစ်ဦးသည် တော်ဝင်စစ်တပ်အတွင်းမှ ပျံသန်းထွက်လာပြီး ရိုသေလေးစားစွာ ပြောဆိုလေ၏။

ထိုမိန်းမစိုးသည် တော်ဝင်စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ပြီး နန်းတော်အတွင်းမှ လက်နက်ကိုင်မိန်းမစိုးတစ်ဦးဖြစ်သည်။ သူသည် စစ်အာဏာကို ကိုင်ဆောင်ထားပြီး အလွန်အင်အားကြီးမားသည်။

စုန့်ချင်းဟူက ပြောဆိုသည်။

"လုယွီ သူတို့က ထောင်ချောက်တွေကို စီစဉ်ထားလောက်တယ်... မင်းတစ်ယောက်တည်း သွားတာ မကောင်းဘူးလို့ ငါ ထင်တယ်"

လုယွီက ခေါင်းခါပြလိုက်၏။

"ငါ အခုမသွားရင် အပြင်လူတွေက ငါ ကျိုးယွမ်ယန်ကို ကြောက်တယ်လို့ ထင်ကြလိမ့်မယ်... ဒါကြောင့် ထောင်ချောက်ဖြစ်ရင်တောင် ငါ သွားရမယ်"

"ငါတို့ အတွင်းကို မဝင်နိုင်ပေမယ့် အပြင်မှာ စောင့်နေမယ်...အချိန်မရွေး မင်းကို ကူညီပေးနိုင်တယ်... မင်း တစ်ယောက်တည်း အန္တရာယ်ကို ရင်မဆိုင်စေရဘူး"

ဖူကျစ်ရွှယ်က အခိုင်အမာပြောဆိုသည်။

နောက်ဆုံးတွင် စစ်တပ်နှစ်တပ်သည် လင်အန်းကြယ်နယ်မြေဟုခေါ်သော ကြယ်တစ်လုံးကို ဝန်းရံလိုက်ကြ၏။

လင်အန်းကြယ်အရှင်အိမ်တော်၏ အပြင်ဘက်တွင် လှပသော ရေကန်တစ်ကန် ခန်းမဆောင်တစ်ခုနှင့် ကပွဲစင်မြင့်တစ်ခု ရှိသည်။

လုယွီနှင့် အနီရောင်ဝတ်စုံဝတ်မိန်းမစိုးတို့သည် ခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် အရသာရှိသော စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေပြီး အနီရောင်ဝတ်ရုံဝတ်စုံဝတ် အရာရှိအနည်းငယ်က သူ့ကို စောင့်နေကြသည်။

ရေကန်မှရေများသည် ဖြည်းညှင်းစွာ စီးဆင်းနေပြီး ရေလှိုင်းများ တလက်လက်တောက်ပနေသည်။

ခန်းမဆောင်ပေါ်ရှိ ဆိုင်းဘုတ်တွင် စကားလုံးတချို့ကို ထွင်းထုထားလေ၏။

'မုန်တိုင်း ခန်းမဆောင်'

Chapter 4913

မုန်တိုင်းခန်းမဆောင်သည် မြစ်ကမ်းနံဘေးတွင် တည်ရှိသည်။

မြစ်ရေသည် တသွင်သွင်စီးဆင်းနေပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပေ၏။ ဤသည်မှာ လူများကို စိတ်အေးလက်အေးရှိစေပြီး လန်းဆန်းပေါ့ပါးစေသည်။

ယခုအချိန်တွင် မုန်တိုင်းခန်းမဆောင်၏ အတွင်းအပြင်ကို ပိတ်ဆို့ထားပြီးဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဥယျာဉ်များကို တော်ဝင်စစ်တပ်က ထိန်းချုပ်ထားသည်။ သူတို့သည် ခြေလှမ်းငါးလှမ်းတွင် စစ်သည်တစ်စု စောင့်ကြပ်နေကြပြီး စစ်သည်များအားလုံး၏ လက်များအတွင်းတွင် လက်နက်များ ကိုင်ဆောင်ထားကြသည်။ လေထုအတွင်းတွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။

လုယွီ ရောက်ရှိသွားချိန်တွင် သူ့ရှေ့မှ အရာရှိအားလုံးသည် သူ့ကို အေးစက်သော အမူအယာဖြင့် ကြည့်နေကြသည်။

လုယွီ၏အမူအယာသည် ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။ မိန်းမစိုး၏ လမ်းညွှန်မှုအောက်တွင် သူသည် လူတိုင်း၏ရှေ့သို့ ရောက်ရှိလာသည်။

လက်ရှိနေရာတွင်ရှိနေသော အရာရှိအားလုံးသည် သူတို့၏ဝတ်စုံများအရ တတိယအဆင့်နှင့်အထက် အရာရှိများသာ ဖြစ်ကြသည်။

ဤလူများသည် ရာထူးကြီးမားပြီး အကြွင်းမဲ့အာဏာကို ကိုင်စွဲထားကြသည်။ သူတို့၏ စကားတစ်ခွန်း အပြုအမူတစ်ခုစီသည် တာယွီအင်ပါယာအပေါ် လွှမ်းမိုးနိုင်သည်။

လုယွီသည် သူတို့အနက်မှ အချို့ကို မှတ်မိသော်လည်း အများစုသည် မျက်နှာသစ်များသာ ဖြစ်နေဆဲပင်။ သူတို့အနက်မှ အများစုသည် နှစ်ပေါင်းများစွာ သက်သောင့်သက်သာ နေထိုင်ခဲ့ကြသဖြင့် သူတို့၏အမူအရာတိုင်းတွင် ဖော်ပြ၍မရသော မြင့်မြတ်သည့်အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင် ဤလူများ၏ရှေ့တွင် အလွန်စိတ်လှုပ်ရှားနေမည်ဖြစ်ပြီး သူ၏စိတ်အတွင်းတွင် အနှောင့်အယှက်ဖြစ်စေသော အတွေးများဖြင့် ပြည့်နှက်နေပေမည်။

သို့ရာတွင် လုယွီ၏စိတ်သည် တည်ငြိမ်နေဆဲပင်။ ဤလူများသည် ရာထူးကြီးမားသော်လည်း လုယွီ၏ စိတ်အခြေအနေကို မလွှမ်းမိုးနိုင်ချေ။

"ဒါက မင်းတို့ ငါ့ကိုပေးတဲ့ ဂုဏ်ပြုလက်ဆောင်လား"

လုယွီက မေးမြန်းလိုက်သည်။

လူအများ ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူတို့သည် မူလက အရေအတွက်အားသာချက်ကို အသုံးပြု၍ လုယွီကို ခြိမ်းခြောက်လိုခဲ့ကြသည်။

သို့ရာတွင် လုယွီက ဦးဆောင်မှုကို ယူသွားလိမ့်မည်ဟု သူတို့ တွေးထင်ထားခဲ့ခြင်း မရှိချေ။ သူ၏စကားများအတွင်းတွင် ရိုသေလေးစားမှု တစိုးတစိမျှ မရှိခဲ့ပေ။

"လုယွီ...မင်း နားလည်မှုလွဲနေပြီ.... ဒီလူကြီးမင်းတွေက မင်းကို ဂုဏ်ပြုဖို့ ဒီနေရာကို ရောက်နေကြတာပဲ... မင်းက ထန်စစ်တပ်ကို အနိုင်ယူပြီးတော့ ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုကို လုပ်ခဲ့တယ်..ဒီကိစ္စကို ဂုဏ်ပြုမယ့်လူတွေ ရှိနေတာက လုပ်ထုံးတစ်ခုပဲလေ"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးက အပြုံးနှင့် ပြောဆိုလိုက်၏။

"ကုန်းကုန်း.... လုယွီက သူ့ရဲ့ ရာထူးတွေအားလုံးကို ရုတိသိမ်းခံထားရတယ်...သူ့ရဲ့ ဘွဲ့နဲ့ စစ်ရေးအောင်မြင်မှုရမှတ်တွေတောင် ပယ်ဖျက်ခံထားရတယ်... သူက အခု ရာထူးမရှိတဲ့ သာမန်ပြည်သူတစ်ယောက်ပဲ... ငါတို့မှာ နေ့တိုင်း ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီးရှိပြီးတော့ အရမ်းအလုပ်များတယ်... မင်းက ငါတို့ကို သူ့အတွက် ဂုဏ်ပြုဖို့ ခေါ်ရဲတယ်လား...သူက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ"

အသားဖြူပြီး ရှည်လျားသော မုတ်ဆိတ်မွေးရှိသည့် ရုပ်ရည်ခန့်ညားသော အမျိုးသားတစ်ဦးက မထီမဲ့မြင်ပြုလိုက်သည်။

လုယွီသည် ထိုအမျိုးသားသည် ဤအရာရှိအုပ်စု၏ခေါင်းဆောင်ဖြစ်ပြီး သူ့ကို လှောင်ပြောင်သရော်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရှိထားသည်။

ကျိုးယွမ်ယန်သည် သူ၏အောင်မြင်မှုများကို အသိအမှတ်ပြုနိုင်မည် မဟုတ်ချေ။ လုယွီ ရရှိသော အောင်မြင်မှုများ ပို၍များလေလေ ဧကရာဇ်၏ အရည်အချင်းမရှိမှုကို ပို၍သက်သေပြလေလေပင်။

ထို့ကြောင့် ကျိုးယွမ်ယန်သည် ဤပွဲအတွက် ကြိုတင်ပြင်ဆင်ထားမည်မှာ သေချာပေါက်ပင်။

ဤသည်မှာ ပြောင်ပြောင်တင်းတင်း အကွက်ချကြံစည်မှုတစ်ခု ဖြစ်ပေ၏။ လုယွီ မလာပါက သူသည် ဧကရာဇ်ကို ကြောက်ရွံ့နေသည်ဟု ထင်ကြလိမ်ပေမည်။ ထို့နောက် သူ၏အရှိန်အဝါကို ဆုံးရှုံးသွားမည်ဖြစ်ပြီး အနာဂတ်တွင် မည်သို့မျှ ပြန်လည်ဖြည့်ဆည်းနိုင်တော့မည်မဟုတ်ချေ။

"မင်းက ဘယ်သူလဲ"

လုယွီက ထိုအမျိုးသားကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"ငါက စာပေနဲ့ယဉ်ကျေးမှုအမတ်ကြီး ရှကွေ့မင်...မင်းက ရာထူးမရှိတဲ့ သာမန်ပြည်သူတစ်ယောက်ပဲ.... ဒါပေမဲ့ နန်းတော်က အရာရှိတွေကို မြင်တဲ့အချိန်မှာ ဒူးမထောက်ဘူး... ဒါက တော်တော်လေး ဆိုးရွားတယ်....မင်းက ပုန်ကန်တတ်တဲ့ အရိုးနဲ့မွေးလာတယ်လို့ ငါ ထင်တယ်... ဒါကြောင့် မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီးတော့ အကျဥ်းထောင်ထဲမှာ တသက်လုံး ပိတ်လှောင်ထားသင့်တယ်"

ရှကွေ့မင်က ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

"အော်...."

လုယွီက ခေါင်းညိတ်ပြီး ရုတ်တရက် မေးမြန်းလိုက်သည်။

"အဲ့ဒီဌာနမှာ ရှမိသားစုဝင် ဘယ်နှစ်ယောက် ကျန်သေးလဲ"

အရာရှိအနည်းစုသည် ထိုစကားကို နားလည်သွားပြီး ပြုံးလိုက်ကြသည်။ သူတို့သည် ရယ်ချင်စိတ်ကို အောင့်အည်းကာ ထိန်းသိမ်းလိုက်ကြ၏။

စာပေနှင့်ယဉ်ကျေးမှုဌာန၏ လက်ထောက်အမတ်ကြီး ရှယင်သည် တော်ဝင်အမိန့်တော်ကို သယ်ဆောင်သွားပြီးနောက် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

စာပေနှင့်ယဉ်ကျေးမှုဌာနမှ ရှယို့ရန်သည် တော်ဝင်မြို့တော်တွင် ထန်အင်ပါယာနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည်။ နောက်ဆုံးတွင် လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချေမှုန်းပြီးနောက် သူ့ကိုလည်း သတ်ဖြတ်ခဲ့လေ၏။

ယခင် စာပေနှင့်ယဉ်ကျေးမှုအမတ်ကြီး ကျန်းရွှမ်စဲသည် သူ၏အာဏာဆုံးရှုံးမှုကြောင့် အရှက်ရပြီး ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့ကြောင့် စာပေနှင့်ယဉ်ကျေးမှုဌာနသည် ယခုအချိန်တွင် ရှမိသားစု၏ လက်အတွင်း၌ ရှိနေသည်။

ရှကွေ့မင်သည် ဒေါသထွက်သွားပြီး အော်ငေါက်လိုက်၏။

"လုယွီ...မင်း ဘာကိုဆိုလိုတာလဲ..."

လုယွီက ရှကွေ့မင်ကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။

"မင်းက တတိယတစ်ယောက် ဖြစ်ချင်လို့လား..."

သူ ထိုသို့ပြောဆိုပြီးသည်နှင့် သူ၏အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။ ဤသည်မှာ ဓားအိမ်မှမထုတ်ရသေးသော ထက်ရှသည့် ဓားတစ်လက်အလားပင်။

ရှကွေ့မင်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက နိမ့်ကျတဲ့ သာမာန်လူတစ်ယောက်ပဲ... ကောင်းကင်ဘုံအင်ပါယာရဲ့ အရာရှိတစ်ယောက်ကို မင်း တိုက်ခိုက်ရဲလား...မင်း သတ္တိရှိရင် ငါ့ကို ထိကြည့်ပါလား..."

Chapter 4914

လူများအားလုံးသည် လုယွီနှင့် ရှမိသားစုကြားတွင် ရန်ငြိုးရှိသည်ကို သိရှိထားပေ၏။

ယခုချိန်၌ သူတို့ တွေ့ဆုံသည်နှင့် ရှကွေ့မင်သည် ပထမဆုံး ပြဿနာရှာပြီး လုယွီ၏အဆင့်အတန်းကို ထောက်ပြခဲ့သည်။

လုယွီသည် ယခင်က အလွန်အရေးကြီးသော အရာရှိတစ်ဦးပင်။ သူသည် အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းဝန်ချုပ်ဖြစ်ရုံသာမက စစ်ရေးအမတ်ကြီးလည်းဖြစ်သည်။ သူသည် စစ်အာဏာနှင့် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသဖြင့် မည်သူမဆို သူ့ကို ကြောက်ရွံ့ရသည်။

သို့ရာတွင် ယခုချိန်၌ ကျိုးယွမ်ယန်သည် တော်ဝင်အမိန့်တော်ဖြင့် လုယွီ၏ရာထူးနှင့်ဘွဲ့ထူးကို ရုပ်သိမ်းခဲ့ပြီး သူ့ကို အရပ်သားအဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။

လက်ရှိနေရာတွင်ရှိနေသော အရာရှိများသည် ရာထူးကြီးမားပေ၏။ စည်းမျဉ်းအရ လုယွီသည် သူတို့ကို ဦးညွှတ်အရိုအသေပြုရပေမည်။

"လုယွီ... ဧကရာဇ် သတ်မှတ်ထားတဲ့ စည်းမျဉ်းသစ်တွေအရ သာမန်ပြည်သူတွေက မင်းမျိုးမင်းနွယ်တွေနဲ့ အရာရှိတွေကို တွေ့တဲ့အချိန်မှာ ဒူးထောက်ပြီး အရိုအသေပြုရမယ်.... အရာအားလုံးက စည်းမျဉ်းဟောင်းတွေအတိုင်းပဲ...မင်း မြန်မြန်ဒူးထောက်ပြီး အရိုအသေပြုစမ်း"

ရှကွေ့မင်က သရော်တော်တော်အပြုံးဖြင့် ပြောဆိုလိုက်သည်။

သူ၏နံဘေးမှ အနီရောင်ဝတ်စုံဝတ် မိန်းမစိုးကလည်း အပြုံးနှင့် ပြောဆိုသည်။

"လုယွီ....ဒီအစေခံအိုက မင်းကို သတိပေးလိုက်မယ်... ဒီပတ်ဝန်းကျင်မှာ ဟန်လင်းတရားရုံးက သမိုင်းအရာရှိတွေ မှတ်တမ်းတင်နေတယ်... ဒီနေ့ မုန်တိုင်းခန်းမဆောင်မှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို သမိုင်းမှတ်တမ်းတွေမှာ မှတ်တမ်းတင်လိမ့်မယ်... မင်း အခု ဦးမညွှတ်ရင် မင်းကို သမိုင်းမှတ်တမ်းတွေမှာ မှတ်တမ်းတင်ခံရမှာ သေချာတယ်... မင်း မရိုမသေလုပ်ရင် ကြီးမားတဲ့အပြစ်တစ်ခုကို ခံယူရလိမ့်မယ်"

ထိုအချိန်ကျမှသာ လုယွီသည် မရေမတွက်နိုင်သော အရာရှိများနောက်ကွယ်တွင် အစိမ်းရောင်ဝတ်စုံဝတ် ဟန်လင်းအရာရှိများရှိပြီး သူတို့၏လက်အတွင်းတွင် သမိုင်းမှတ်တမ်းများကို ကိုင်ဆောင်ထားသည်အား သတိပြုမိသည်။

သူတို့သည် သမိုင်းမှတ်တမ်းကို တာဝန်ယူသော အရာရှိများဖြစ်ပြီး အမြဲတစေ ဖြောင့်မတ်တည်ကြည်ကာ မှန်ကန်သော မှတ်တမ်းများကို ရေးသားကြသည်။

လုယွီက ဤသည်မှာ ကျိုးယွမ်ယန်၏ အစီအစဉ်ဖြစ်ကြောင်း နားလည်သဘောပေါက်ပေ၏။

သူသည် လုယွီကို ဤပွဲတွင် အရှက်ရစေပြီး သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်စေလိုသည်။ ဤသို့ဖြင့် လုယွီ၏နာမည်ဂုဏ်သတင်း ပျက်စီးသွားပေလိမ့်မည်။

ဟန်လင်းအရာရှိများသည် ဖြောင့်မတ်မှန်ကန်ဆုံးနှင့် အတည်ကြည်ဆုံးလူများဖြစ်သည်။ သူတို့သည် အာဏာကို မကြောက်ရွံ့ဘဲ သူတို့မျက်စိရှေ့တွင် မြင်တွေ့ရသမျှကို သစ္စာရှိစွာ မှတ်တမ်းတင်လိမ့်မည်။ ထို့ကြောင့် လုယွီသာ ဤပွဲတွင် အားနည်းသော အခြေအနေသို့ ကျရောက်သွားပါက အနာဂတ်တွင် လုယွီ၏ ဂုဏ်သတင်းကို စွန်းထင်းစေမည်မှာ သေချာပေါက်ပင်။

လက်ရှိနေရာတွင် ရှိနေသော လူတိုင်းမှာ အရပ်ဘက်ဝန်ထမ်းများဖြစ်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ရှကွေ့မင်က လုယွီကို စိန်ခေါ်ရဲခြင်းမှာ လုယွီ တိုက်ခိုက်ရဲမည်မဟုတ်ဟု အတပ်ပြောနိုင်သောကြောင့်ပင်။

"ဒီကုန်းကုန်း....မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ...."

လုယွီက အနီရောင်ဝတ်စုံဝတ်မိန်းမစိုးကို ကြည့်လိုက်သည်။

အနီရောင်မိန်းမစိုးက မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောဆိုသည်။

"ဒီအစေခံအိုကြီးက တော်ဝင်စစ်ဆေးရေးမှူးတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ ဝမ်ကျန်းပါ"

"အရမ်းကောင်းတယ်...ဝမ်ကျန်းနဲ့ ရှကွေ့မင်....သူတို့နှစ်ယောက်က စာပေသူတော်စင်ရဲ့ တပည့်ကို ဒူးထောက်ခိုင်းပြီးတော့ စာပေသူတော်စင်ကို စော်ကားဖို့ ရည်ရွယ်ခဲ့တယ်"

လုယွီသည် မှင်တက်နေသော အစိမ်းရောင်ဝတ်စုံဝတ် ဟန်လင်းအရာရှိများကို ကြည့်ပြီး ပြောဆိုလိုက်၏

"ဒါကို မှတ်ထားလိုက်စမ်း"

လူတိုင်း ကြက်သေသေသွားကြသည်။

ဝမ်ကျန်းနှင့်ရှကွေ့မင်တို့၏ မျက်နှာပေါ်မှအပြုံးများ တောင့်တင်းသွားသည်။

သူတို့သည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကြပြီး အချက်တစ်ချက်ကို ရုတ်တရက် သတိရသွားပေ၏။

စာပေသူတော်စင်၏တပည့်များတွင် သာလွန်ထူးကဲသော အဆင့်အတန်းရှိသည်။

အကြောင်းအရင်းမှာ သွားလေသူဧကရာဇ်သည် စာပေသူတော်စင်၏ တပည့်ဟု လူအများ သိထားကြသောကြောင့် ဝမ်ရှန်း၏တပည့်များသည် ထိုက်ချမ်ဧကရာဇ်နှင့် ဆရာတူညီအစ်ကိုများ ဖြစ်ကြသည်။

ဤဆက်ဆံရေးကြောင့် စာပေသူတော်စင်၏တပည့်များ အဆင့်အတန်းသည် အရာရှိများ၏အဆင့်အတန်းထက် ကျော်လွန်သွားပေ၏။

စာပေသူတော်စင်၏တပည့်များတွင် အာဏာမရှိနိုင်သော်လည်း ကျော်ကြားမှုနှင့် ရာထူးအရ သူတို့သည် ထိပ်ဆုံးတွင် ရှိကြသည်။ တချို့သော ကွန်ဖြူးရှပ်ပညာရှင်ကြီးများပင်လျှင် သူတို့ကို မြင်လျှင် ဦးညွှတ်ရသည်။ သူတို့သည် မင်းသားတစ်ပါးနှင့် တွေ့လျှင်ပင် ထိုမင်းသားများသည် ဝမ်ရှန်း၏ တပည့်များကို ရိုသေစွာဆက်ဆံရပေမည်။

ဝမ်ရှန်း၏တပည့်များသည် ဧကရာဇ်ကို မြင်လျှင်ပင် ဦးမညွှတ်ရချေ။

လူတိုင်းသည် လုယွီ၏ အရာရှိရာထူးနှင့် စစ်ရေးအောင်မြင်မှုများကိုသာ အာရုံစိုက်ခဲ့ကြသည်။ သို့ရာတွင် လုယွီသည် ဝမ်ရှန်း၏ တပည့်ဖြစ်သည် ဟူသောအချက်ကို လျစ်လျူရှုခဲ့ကြလေ၏။

ဝမ်ရှန်းသည် လုယွီကို အနည်းငယ်သာ သင်ကြားပေးခဲ့ပြီး ဆရာနှင့်တပည့်ကြား တွေ့ဆုံခဲ့သော အကြိမ်ရေပင်လျှင် အလွန်နည်းပါးသည်။

အပြင်လူများ၏အမြင်အရ ဂရုတစိုက် စဉ်းစားကြည့်ခြင်းမရှိလျှင် လုယွီထံတွင် ထိုကဲ့သို့သော အဆင့်အတန်းရှိသည်ကို တွေးတောမိရန် ခက်ခဲပေလိမ့်မည်။

ဝမ်ကျန်းနှင့်ရှကွေ့မင်တို့ နှစ်ယောက်သား ထိတ်လန့်သွားကြသည်။

ဤကိစ္စကို မှတ်တမ်းတင်လိုက်သည်နှင့် သူတို့သည် အမှန်တကယ်ကို နှစ်ပေါင်းသောင်းနှင့်ချီ၍ သမိုင်းဆိုးအတွင်းတွင် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ သည်းခံမှုကို ရရှိမည်မဟုတ်ချေ။

စာပေသူတော်စင်သည် ကွန်ဖြူးရှပ်ဂိုဏ်းတွင် မေးခွန်းထုတ်ဖွယ်မရှိသော အထွတ်အထိပ်တည်ရှိမှုတစ်ခုပင်။

သူတို့သည် စာပေသူတော်စင်၏တပည့်ကို သူတို့၏ရှေ့တွင် ဒူးထောက်ခိုင်းဝံ့သည်မှာ သူ၏မျက်နှာကို ဖြတ်ရိုက်ခြင်းပင်။

"ခဏနေအုံး..ငါ ဒါကိုမေ့သွားတာ..."

ရှကွေ့မင်သည် စိတ်လှုပ်ရှားသောမျက်နှာဖြင့် မတ်တတ်ထရပ်လိုက်၏။

"မင်း ဘာကိုစောင့်နေတာလဲ...မှတ်ထားလိုက်စမ်း"

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။

Chapter 4815

အစိမ်းရောင်ဝတ်စုံဝတ် ဟန်လင်းအရာရှိများအားလုံး အံ့အားသင့်သွားကြသည်။

သို့ရာတွင် ဤလူများအားလုံးတွင် ရိုးစင်းသော စိတ်ထားရှိကြသည်။ ဤမြင်ကွင်းကို မြင်တွေ့သည်နှင့် သူတို့သည် ချက်ချင်းဆိုသလိုပင် မှတ်တမ်းတင်ရန် စတင်ခဲ့ကြသည်။

ရှကွေ့မင်အတွက် သူတို့ကို တားဆီးရန်မှာ မဖြစ်နိုင်တော့ပေ။

သမိုင်းမှတ်တမ်းများတွင် စုတ်ချက်များကို ရေးဆွဲလိုက်သည်နှင့် စာလုံးများသည် ချက်ချင်းဆိုသလိုပင် အလွန်ထူထပ်သိပ်သည်းပြီး လေးလံသော အရာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုစာလုံးများကို ဖျက်၍မရသည့်အပြင် ရေ မီးတို့ဖြင့်လည်း မဖျက်ဆီးနိုင်ချေ။

ဤသည်မှာ တော်ဝင်မိသားစု အသုံးပြုသော နည်းလမ်းတစ်ခုပင်။ ထိုမှတ်တမ်းများအားလုံးကို အထူးနည်းလမ်းဖြင့် ထိန်းသိမ်းထားပြီး နောက်ဆုံးတွင် အနာဂတ်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေလိမ့်မည်။

"မဟုတ်ဘူး...အဲ့ဒီလို မဟုတ်ဘူး...သူက ဝမ်ရှန်းရဲ့တပည့်ဆိုတာ ငါ မေ့သွားတာ...."

ရှကွေ့မင်သည် မတ်တတ်ထရပ်ပြီး ထိတ်လန့်တကြားဖြင့် ရှေ့သို့တိုးကာ သမိုင်းမှတ်တမ်းစာအုပ်ကို လုယူလိုခဲ့သည်။

စာပေနှင့်ယဉ်ကျေးမှု အမတ်ကြီးဖြစ်သော သူ့အနေဖြင့် ထုံးတန်းစဥ်လာဥပဒေများတွင် အမှားတစ်ခု ပြုလုပ်ခဲ့သည်။

ဤအမှားသည် အလွန်ထင်ရှားသောကြောင့် ရှမိသားစုပင်လျှင် သူ့ကို ကာကွယ်နိုင်မည် မဟုတ်ချေ။

ရှကွေ့မင်သည် နောက်ခံအင်အားရှိသော အရာရှိတစ်ဦးဖြစ်သော်လည်း သူသည် စာပေသူတော်စင်ကို မရိုမသေပြုရဲပါက ကွန်ဖြူးရှပ်ဂိုဏ်း၏ငြင်းပယ်ခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။

ထိုအချိန်ကျပါက သူ၏နာမည်ဂုဏ်သတင်း ထိခိုက်သွားပြီး ရာထူးမှ ကျဆင်းသွားပေမည်။

"အရှင်ရှ...ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါ"

ဟန်လင်းအရာရှိတချို့က မတ်တတ်ထရပ်ပြီး သူ့ကို စူးစိုက်၍ ကြည့်လိုက်လိုက်သည်။

ဟန်လင်းအရာရှိများ၏ ဖြောင့်မတ်တည်ကြည်မှုသည် သံသယဖြစ်ဖွယ် မရှိချေ။

ရှကွေ့မင်ကို မဆိုထားနှင့် ဧကရာဇ် ရောက်လာလျှင်ပင် သူတို့သည် သမိုင်းမှတ်တမ်းကို ပြုပြင်ရေးသားမည်မဟုတ်ပေ။

ရှကွေ့မင်၏မျက်နှာ ဖြူဖျော့နေပြီး လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"ငါက လုယွီကိုပဲ ဒူးထောက်ခိုင်းတာ...ဝမ်ရှန်းကို ဆန့်ကျင်တာမဟုတ်ဘူး...ကျေးဇူးပြုပြီး စုံစမ်းပေးပါ"

အစိမ်းရောင်ဝတ်စုံဝတ် ဟန်လင်းအရာရှိတစ်ယောက်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောဆိုလိုက်၏။

"လုယွီက ဝမ်ရှန်းရဲ့ တပည့်ဆိုတာ တလောကလုံးက လူတွေ သိတယ်...မင်းလို စာပေနဲ့ယဉ်ကျေးမှုအမတ်ကြီးကို မပြောနဲ့... ဧကရာဇ်တောင် လုယွီကို ဒူးထောက်ခိုင်းလို့ မရဘူး... မင်းက လမ်းပေါ်မှာ တစ်ယောက်ယောက်ကို သတ်ပြီးရင် မရည်ရွယ်ပါဘူးလို့ ပြောလို့ရလား... ငါတို့ ဟန်လင်းအရာရှိတွေက အမှန်တရားကိုပဲ လိုက်နာတယ်....ဒီနေ့ မြင်တာကသက်သေပဲ...ငါတို့ မှတ်တမ်းတင်ဖို့ လုံလောက်ပြီ"

ဟန်လင်းအရာရှိများ၏ကျင့်ကြံဆင့်သည် မမြင့်မားသော်လည်း သူတို့၏စိတ်ကို ပြောင်းလဲအောင် မည်သူမျှ မလုပ်နိုင်ချေ။

ရှကွေ့မင် ရှင်းရှင်းလင်းလင်း သိထားသည်မှာ အကယ်၍ သူသည် ဟန်လင်းအရာရှိတစ်ဦးအပေါ် အင်အားသုံးရဲလျှင် သူ၏ဘဝ အဆုံးသတ်သွားပေမည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ သူ့ကို အလွတ်ပေးတော့မည် မဟုတ်ပေ။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ"

ရှကွေ့မင်က နောက်သို့ချာခနဲလှည့်ပြီး လုယွီကို ကြည့်လိုက်သည်။

ဝမ်ကျန်း၏မျက်နှာအမူအယာသည်လည်း သိသိသာသာ ပျက်ယွင်းနေပေ၏။

သူသည် မိန်းမစိုးတစ်ဦးဖြစ်သောကြောင့် သမိုင်းမှတ်တမ်းများတွင် ရေးသားထားသောအရာများကို ဂရုမစိုက်ချေ။ သို့ရာတွင် သူသည် သူ၏အာဏာကို လုယွီအား မပြသနိုင်မီတွင်လှည့်စားခြင်းကို ခံခဲ့ရသဖြင့် အလွန်အရှက်ရမှုကို ခံစားလိုက်ရသည်။

"မင်းနဲ့ တန်တဲ့ ရလဒ်ပဲ"

လုယွီက အေးစက်စက်အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။

"ငါ့ကို ဒူးထောက်ပြီး နှုတ်ဆက်စေချင်တဲ့ တခြားလူတွေ ရှိသေးလား...."

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။ တချို့လူများသည် မူလက လုယွီကို မေးခွန်းထုတ်လိုခဲ့သော်လည်း ယခုအချိန်၌ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေပေ၏။

လုယွီက ပြောဆိုသည်။

"စာပေသူတော်စင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါရဲ့အဆင့်အတန်းက အရာရှိတွေအားလုံးနဲ့ တန်းတူပဲ.... ငါ့အတွက် ထိုင်ခုံတစ်လုံး ယူလာခဲ့စမ်း"

"သွား...သူ့အတွက် ထိုင်ခုံတစ်လုံး ယူလာခဲ့..."

ဝမ်ကျန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။

သူသည် လုယွီက ဤကိစ္စတွင် သူတို့၏အမှားကို ရှာဖွေပြီး သူတို့ကို ခြိမ်းခြောက်မည့် အဖြစ်မျိုးသို့ မရောက်လိုချေ။

သူ ဟန်လင်းအရာရှိကို ခေါ်ထားရသည့် အကြောင်းအရင်းမှာ လုယွီကို နှိပ်ကွပ်ရန်ပင်။ သို့ရာတွင် ထိုဟန်လင်းအရာရှိများသည် ဓားသွားနှစ်ဖက်ပါသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တခြားလူများကို နှိပ်ကွပ်ရန် လုယွီ၏အသုံးချခြင်းကို ခံရမည်ဟု သူ တွေးထင်ထားခဲ့ခြင်း မရှိချေ။

အစေခံတချို့သည် ထိုင်ခုံတစ်လုံးကိုသယ်ဆောင်လာပြီး အလျင်အမြန် ပြေးလာကာ လုယွီ၏ နောက်သို့ ပို့ဆောင်လိုက်သည်။

လုယွီသည် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး အလယ်တွင် ထိုင်လိုက်ရာ သူသည် ဤပွဲ၏ အဓိကလူကဲ့သို့ ဖြစ်သွားလေ၏။

ဝမ်ကျန်း၏အမူအယာ တစ်ဖန်ထပ်၍ ပျက်ယွင်းသွားသည်။ လုယွီ၏လှုပ်ရှားမှုသည် အခြေအနေများကို ပြောင်းပြန်လှန်လိုက်ပြီး သူ့ကို လုံးလုံးလျားလျား ကူကယ်ရာမဲ့စေခဲ့သည်။

"မင်းတို့ ငါ့ကို ဒီနေရာဆီ ခေါ်လာတာ ရှုခင်းတွေ ကြည့်ခိုင်းဖို့ပဲလား"

လုယွီက အဝေးမှ စိမ်းလန်းသောတောင်တန်းများနှင့် မြစ်များကိုကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

သူ၏အပြုအမူသည် လက်ရှိနေရာတွင်ရှိနေသော လူများကို ဂရုမစိုက်ကြောင်း သိသာထင်ရှားစွာ ပြသနေပေ၏။

"လုယွီ... ဒီလူအိုကြီးက တော်ဝင်လက်ဝဲစစ်ဆေးရေးမှူး ယန်ရှန့်ပဲ.. ငါ မင်းကို မေးမြန်းချင်တဲ့ ကိစ္စတချို့ရှိတယ်"

မုတ်ဆိတ်ဖြူများရှိသော လူအိုကြီးတစ်ဦးက မတ်တတ်ထရပ်ပြီး ပြောဆိုသည်။

လုယွီက ခေါင်းညိတ်လိုက်သည်။

"ပြောပါအုံး..."

All Chapters