အခန်း (၄၉၁၆-၄၉၂၀)
Vol. 249 Ch. 4916-4920
Chapter 4916
ဤယန်ရှန့်သည် ယခင်က တော်ဝင်နန်းတော်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဖြောင့်မတ်တည်ကြည်ကာ ခန့်ညားထည်ဝါသူတစ်ဦးဖြစ်သည်။
သူ ဤနေရာသို့ ရောက်လာသည်ကို လုယွီ အံ့အားသင့်ခြင်း မရှိချေ။
လုယွီနှင့် ဆန့်ကျင်ဘက်တွင် ဧကရာဇ်နှင့်ရှမိသားစု ရှိနေသည့်အပြင် နန်းတော်အတွင်းတွင် ဧကရာဇ်ကို ကာကွယ်လိုသူ အမြောက်အများလည်း ရှိကြသည်။ ဤလူများကို ရှေးရိုးစွဲသူများဟု မဆိုနိုင်သော်လည်း သူတို့သည် လုယွီနှင့် မတူညီသောဘက်တွင် ရှိနေပေ၏။
ယန်ရှန့်က သူ၏မုတ်ဆိတ်ကိုသပ်ပြီး ပြောဆိုသည်။
"မင်းက လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ပြီးတော့ အောက်ဘုံကနေ တက်လာတယ်လို့ ငါကြားတယ်...မင်းရဲ့ ကျင့်ကြံဆင့်နဲ့ အစွမ်းအစက အလျင်အမြန် တိုးတက်လာတယ်... လော့ရွေကြယ်မြစ်မှာတုန်းက မင်းက ရှူရာမျိုးနွယ်ရဲ့ ပုန်ကန်မှုကို အနိုင်ယူခဲ့တယ်...ဒါက တော်ဝင်နန်းတော်က စစ်သည်တော်တွေအများကြီးကို ကာကွယ်ပေးနိုင်ခဲ့တာပဲ.... နောက်ပိုင်းမှာ မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အောင်မြင်မှုတွေ ရခဲ့တယ်.... မင်းရဲ့အောင်မြင်မှုတွေက ထူးချွန်တယ်လို့ ပြောနိုင်တယ်.... မင်းကို ကြယ်မြစ်အုပ်ချုပ်သူအရှင်ရာထူး ချီးမြှင့်တုန်းက နန်းတော်ထဲမှာ ကန့်ကွက်မှုတွေ သိပ်မရှိခဲ့ဘူး... ဒါက မင်းရဲ့ အကျိုးဆောင်မှုတွေကြောင့်ပဲ....အခု မင်းက ထန်စစ်တပ်ကို ချေမှုန်းခဲ့ပြီးပြီဆိုတော့ မင်းကို တာယွီရဲ့ တပ်မှူးကောင်းတစ်ယောက်လို့ ဆိုနိုင်တယ်....မင်း ရှိနေရင် တာယွီက မကြာခင်မှာ ပြန်ပြီးမြင့်တက်လာလိမ့်မယ်"
လက်ရှိနေရာတွင်ရှိနေသော အရာရှိအများစုသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့၏ ရပ်တည်ချက်သည် လုယွီနှင့် ကွဲပြားသော်လည်း သူ၏အောင်မြင်မှုများကို အထင်သေး၍မရချေ။
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"အရှင်ယန်က ငါ့ကို ချီးကျူးလွန်းနေပြီ"
"ဒါပေမဲ့ လုယွီ...မင်း အထက်ဘုံကို တက်လာကတည်းက လောကကြီးက ရှုပ်ထွေးလာပုံရတယ်.... ပထမဆုံး ထန်အင်ပါယာက ပြန်လည်ထူထောင်ခဲ့တယ်...ရှူရာမျိုးနွယ် ပုန်ကန်တယ်..ဒါပြင် တော်ဝင်မြို့တော်ရဲ့ ဗဟိုချက်မှာတောင် ရှေးဟောင်းနတ်ဆိုးတွေရဲ့ ဘေးအန္တရာယ်တွေ ရှိလာခဲ့တယ်.... မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို သွားတယ်... မကြာခင်မှာပဲ ချီဘုရင်က ပုန်ကန်တယ်... ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာတောင် နတ်ဆိုးဘိုးဘေးရဲ့ ပုံရိပ် ပေါ်လာခဲ့တယ်... ကြည့်ရတာတော့ လုယွီ မင်းမှာ အရည်အချင်းရှိပေမယ့် မင်းရဲ့ကံက မကောင်းရင် ဒုက္ခတွေ ပိုရောက်လာမှာကို ငါ စိုးရိမ်တယ်"
ယန်ရှန့်သည် ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်ပြီး လုယွီ၏ကံကြမ္မာထံသို့ ကျရောက်သွားသည်။
လုယွီသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
ယန်ရှန်ကဲ့သို့ ပညာရှင်ကြီးတစ်ဦးသည် စကားလုံးများဖြင့် တိုက်ခိုက်သည်နှင့် သူ၏သေကွင်းသေကွက်ကို တိုက်ရိုက်တိုက်ခိုက်မည်ကို သူ သိရှိထားပြီးဖြစ်သည်။
လုယွီသည် သူ၏ စစ်ရေးအောင်မြင်မှုများကြောင့် ကျော်ကြားသဖြင့် ယန်ရှန့်သည် လုယွီ၏အရည်အချင်းကို မကောင်းဟု မပြောခဲ့ချေ။ ထိုအစား ယန်ရှန့်သည် လုယွီ၏အောင်မြင်မှုများကို ဦးစွာချီးကျူးပြီးမှ သူ၏ကံကြမ္မာကို တိုက်ခိုက်ခဲ့သည်။
ကံကြမ္မာသည် စကားလုံးများဖြင့် ဖော်ပြ၍မရသော နက်နဲသောအရာတစ်ခုပင်။
လူတစ်ယောက်ထံတွင် ကံကြမ္မာဆိုးရှိနေပါက သူ့ထံ၌ ကြီးမားသော အရည်အချင်းများရှိလျှင်ပင် အရေးမပါတော့ချေ။
ကံကြမ္မာသည်လည်း လူတစ်ဦး၏အစွမ်းအစမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤသည်မှာ အနှစ်သာရမရှိသော စကားတစ်ခွန်းမဟုတ်ပေ။
လုယွီ၏ကံကြမ္မာသည် အမှန်တကယ် ဆိုးရွားနေပါက သူ၏နာမည်ဂုဏ်သတင်းကို စွန်းထင်းစေပေမည်။ ကံကြမ္မာဆိုးရှိသောလူ၏ အမိန့်ကို မည်သူကမျှ လိုက်နာမည်မဟုတ်ချေ။
လုကျိုးရှောင်နှင့် လီမီကဲ့သို့သော လူများသည် ကံကြမ္မာကောင်းဖြင့် မွေးဖွားလာကြသည်။ သူတို့သည် ကြိုးစားအားထုတ်မှုမရှိလျှင်ပင် သူတို့သည် အမျိုးမျိုးသော ကံကြမ္မာကောင်းများနှင့် ကြုံတွေ့ရပြီး အောင်မြင်ကျော်ကြားသွားပေမည်။
"လုယွီ....မင်းက တာယွီအတွက် ကြီးမားတဲ့ ပံ့ပိုးမှုတွေကို တကယ်ကြီး လုပ်ခဲ့တယ်...ငါတို့က လူအိုကြီးတွေ ဖြစ်ပြီးတော့ ငါတို့ထဲကလူတစ်ဝက်လောက်က မြေကြီးထဲကို ရောက်သွားပြီ...ငါ့ရဲ့ဘဝမှာ ထူးချွန်တဲ့ တက်သစ်စလူငယ်တစ်ယောက်ကို မြင်တွေ့နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်..... ဒါပေမဲ့ မင်းရဲ့ကံတရားက... နည်းနည်းလိုနေသေးတယ်.... ဒီလောက်လေးလံတဲ့ တာဝန်ကိုယူဖို့ မင်းအတွက် မသင့်တော်ဘူး"
ယန်ရှန်၏စကားများသည် လုယွီ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်သည့်အလားပင်။
ပတ်ဝန်းကျင်တွင်ရှိနေသော ဟန်လင်းအရာရှိများသည် ဤကိစ္စကို မှတ်တမ်းတင်နေကြလေပြီ။
အကယ်၍ လုယွီသာ မချေပပါက သူထံတွင် ကံကြမ္မာဆိုးရှိသည်ဟူသော အချက်သည် သူ့ဘဝတလျှောက်လုံး သူ့နောက်သို့ လိုက်ပါနေပေမည်။
ဤသည်မှာ ယခုလောလောဆယ်တွင် သူ့ကို မထိခိုက်သော်လည်း ယခုမှစ၍ အနာဂတ်တွင် မည်သို့သော ဘေးအန္တရာယ်မျိုးမဆို ဖြစ်ပွားပါက ဤသည်မှာ လုယွီ၏ကံကြမ္မာဆိုးကြောင့်ဟု သတ်မှတ်ခံရဆပမည်။
ယန်ရှန့်၏စကားများသည် ပေါ့ပေါ့ပါးပါးဆန်ပုံရသော်လည်း အမှန်အားဖြင့် ထိုအရာများအကြားတွင် စကားလုံးထောင်ချောက်များကို ဝှက်ထားသည်။
လုယွီသည် အချိန်တခဏကြာ စဥ်းစားပြီးနောက် သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရုတ်တရက် ထင်ဟပ်လာသည်။
"လီမီရဲ့ကံကြမ္မာက အရမ်းကောင်းတယ်... ဒါပေမဲ့ သူက နောက်ဆုံးမှာ ငါ့ရဲ့လက်ချက်နဲ့ သေသွားခဲ့တယ်"
"ချီဘုရင်ကျိုးထုံက ကောင်းကင်ဘုံရဲ့ သားတော်ဖြစ်ပြီးတော့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံရတယ်လို့ အမြဲတမ်း ကြွေးကြော်ခဲ့တယ်...ဒါပေမဲ့ သူလည်း ငါ့ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်"
"ယန်ရှန့်... မင်းရဲ့ အိုမင်းတဲ့ အသက်အရွယ်နဲ့ တန်ဖိုးရှိတဲ့ မေးခွန်းတချို့ကို မေးလိမ့်မယ်လို့ ငါ အစက ထင်ခဲ့တယ်... ဒါပေမဲ့ မင်းက ရှမျိုးနွယ်ကောင်လို အသေးအဖွဲ လှည့်ကွက်တွေကိုပဲ သုံးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
လုယွီက ယန်ရှန့်ကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ဒီလောကကြီးမှာ ကံကောင်းတဲ့လူတွေရှိတယ်... ဒါပေမဲ့ သူတို့က ငါ့ကို အနိုင်မယူနိုင်ဘူး...ဘာကြောင့်လဲဆိုတာ မင်း သိလား..."
Chapter 4917
ယန်ရှန့်သည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ ရှင်းပြပေးပါ"
"ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့ကိုယ်ပိုင်ကံတရားကို အားကိုးကြလို့ပဲ.... လီမီက သဘာဝသူတော်စင်တစ်ယောက်ပဲ.... သူ မကျင့်ကြံရင်တောင် ကျင့်ကြံဆင့်က ခုန်ပျံကျော်လွှားပြီး တိုးတက်နိုင်တယ်.... သူလမ်းလျှောက်တဲ့အခါတိုင်း ကောင်းကင်ကနေ ရတနာတွေ ကျလာနိုင်တယ်....ကျိုးထုံကလည်း တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ...သူက ရွှေဇွန်းကိုက်ပြီး မွေးလာတာ...ငယ်ငယ်ကတည်းက မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေ ပေးအပ်ခံခဲ့ရတယ်"
လုယွီက သူ၏လက်သီးကိုဆုပ်ပြီး ပြောဆိုလိုက်၏။
"သူတို့က ကံကြမ္မာကို အားကိုးတယ်....ငါကတော့ ကံကြမ္မာကို ထိန်းချုပ်တယ်"
ယန်ရှန့် ထိတ်လန့်တုန်လှုပ်သွားသည်။ လုယွီ ပြောဆိုသော စကားများကို ကြားချိန်တွင် သူသည် ချေပနိုင်ခြင်းမရှိတော့ချေ။
အမှန်အားဖြင့် ကံကြမ္မာအရဆိုလျှင် လုယွီသည် အောက်ဘုံမှ တက်လှမ်းလာသူ ဖြစ်သဖြင့် နောက်ခံနှင့် အရင်းအမြစ်များမရှိဘဲ သူ ကြီးထွားလာရန် အလွန်ခက်ခဲပေလိမ့်မည်။
သူ၏လက်ရှိအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာပင် မယုံနိုင်စရာ ဖြစ်နေလေပြီ။
"ဒါ့ပြင် မင်း ခုဏက ပြောခဲ့တယ်...ငါသွားတဲ့နေရာတိုင်းမှာ ဒုက္ခတွေရှိလိမ့်မယ်တဲ့...ဒါပေမဲ့ မင်း စဉ်းစားဖူးလား... ငါ အဲ့ဒီနေရာတွေမှာ မပေါ်လာခဲ့ရင်တောင် ဘေးအန္တရာယ်တွေက သူ့အလိုလို ပျောက်ကွယ်သွားမှာလား..."
လုယွီက ပြင်းထန်သောလေသံဖြင့် ဆက်လက်၍ပြောဆိုသည်။
"ယန်ဂိုဏ်းဧကရာဇ်လက်ထက်ကတည်းက ကျိုးထုံက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အခွန်တွေကို လက်လှမ်းပြီးသားပဲ... အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ကောက်ခံရရှိတဲ့အခွန်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ချီဘုရင်အိမ်တော်မှာ ခေါင်းစဥ်အမျိုးမျိုးနဲ့ သိမ်းဆည်းထားခဲ့တယ်"
"ထန်အင်ပါယာက နှစ်ပေါင်းများစွာ ကြိုတင်စီစဉ်ခဲ့တယ်...သူတို့ရဲ့ အရင်တော်ဝင်မိသားစုနဲ့ မြင့်မြတ်တဲ့မိသားစုတွေက လောကကြီးထဲမှာ ပြန့်ကျဲနေတယ်... လီကျီး ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းလာပြီးတော့ အကူအညီတောင်းတဲ့အချိန်မှာ သူတို့ဆီက တုံ့ပြန်မှုတွေရရှိလိမ့်မယ်...သူတို့ရဲ့ ကာလရှည်ကြာ ကြံစည်ခဲ့တဲ့ အစီအစဉ်တွေကလည်း ငါ့ကြောင့်ဖြစ်ခဲ့တာလား..."
"မြောက်ပိုင်းယန်ကြယ်နယ်မြေ အရင်အုပ်ချုပ်သူအရှင်က လောဘကြီးတာကြောင့် မလျော်ကန်တာတွေ လုပ်ခဲ့တယ်... အစိမ်းရောင်ကြာပန်းနတ်ဘုရားက ပြန်နိုးထလာဖို့ ရည်ရွယ်ချက်နဲ့ နှစ်တွေအများကြီး ပုန်းအောင်းနေခဲ့တယ်... ဒါတွေကလည်း ငါ့ရဲ့ကံကြမ္မာထဲမှာ ပါနေတာလား..."
လုယွီက လက်ရှိနေရာတွင်ရှိနေသော အရာရှိများကို ကြည့်လိုက်သည်။
"ငါက ဒီပြဿနာတွေကို ပေါက်ကွဲစေခဲ့တာပဲ.. တကယ်တော့ ငါ ပေါ်မလာခဲ့ရင်တောင် ဒီပြဿနာတွေက တစ်ချိန်ချိန်မှာ ထွက်ပေါ်လာမှာပဲ.."
လုယွီက ရှကွေ့မင်ကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ရှမိသားစုက အစစ်အမှန်ယန်ဂိုဏ်းလက်ထက်ကတည်းက ဓနဥစ္စာတွေ စုဆောင်းနေခဲ့တာ... ကျိုးမိသားစု တော်ဝင်မြို့တော်ကနေ ဆုတ်ခွာသွားပြီးတဲ့နောက်မှာ ရှမိသားစုက သူတို့ရဲ့ပိုင်ဆိုင်မှုအများစုကို ချက်ချင်းဝါးမြိုခဲ့တယ်.. သူတို့က တော်ဝင်နန်းတွင်းရဲ့ ကြီးမားတဲ့လုပ်ငန်းအများစုကို လက်ဝါကြီးအုပ်ထားတယ်... ဒီဘေးအန္တရာယ်က ငါ့ကြောင့် မဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
ရှကွေ့မင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လုယွီ...မင်း ဘာမဆို ပြောလို့ရတယ်..ဒါပေမဲ့ ရေညစ်တွေအားလုံးကို ငါတို့ရှမိသားစုအပေါ် လောင်းမချနဲ့"
သို့ရာတွင် လက်ရှိနေရာတွင် ရှိနေသော အရာရှိများအားလုံး တိတ်ဆိတ်နေကြသည်။
လုယွီ ပြောဆိုသွားသည်မှာ အမှန်တရားများပင်။
တာယွီအင်ပါယာသည် ချည့်နဲ့နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် အားနည်းချက်များစွာ ရှိနေသည်။
လုယွီ၏စကားများသည် ကျိုးကြောင်းဆီလျော်ပြီး ယုတ္တိရှိသောကြောင့် ယန်ရှန့်အတွက် ချေပရန်ခက်ခဲစေသည်။
"လုယွီ... ငါ့အထင်တော့ ဒီလောကကြီးမှာ ကျိုးကြောင်းဆက်စပ်မှုဆိုတဲ့ အကြီးမြတ်ဆုံး နိယာမရှိတယ်... ဒါကြောင့် အရာအားလုံးကို ကျိုးကြောင်းဆီလျော်မှုနဲ့ တွေးတောသင့်တယ်..ဒီဘေးအန္တရာယ်က မင်းကြောင့်မဟုတ်ရင်တောင် မင်းရဲ့တည်ရှိမှုကြောင့်ပဲ"
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာကာ လူတိုင်း၏နားများအတွင်းတွင် ပဲ့တင်ထပ်သွားသည်။
ထိုစကားအား ပြောဆိုသူကို လုယွီ သိရှိပေ၏။ဤသည်မှာ ဟုန်လဲ့ဘုရားကျောင်း၏ အရာရှိ စီမာယွင်ဖြစ်ပြီး ထန်ယွီငြိမ်းချမ်းရေးစာချုပ်၏ အဓိကတရားခံတစ်ဦးဖြစ်သည်။
ဟုန်လဲ့ဘုရားကျောင်းသည် သံတမန်ရေးရာကို တာဝန်ယူပြီး စီမာယွင်သည် ထန်အင်ပါယာ၏ အင်အားကို အကြိမ်များစွာ လူသိရှင်ကြား ကြေညာခဲ့ပြီး အနိုင်ရရန် မဖြစ်နိုင်ဟု ပြောဆိုခဲ့သည်။
လုယွီက တုံ့ပြန်လိုက်၏။
"အမှန်ပဲ..... ငါက ဒီဘေးအန္တရာယ်တွေ ထွက်ပေါ်လာအောင် တွန်းအားပေးခဲ့တယ်... ဒါပေမဲ့ ငါက အဲ့ဒီဘေးအန္တရာယ်တွေအားလုံးကို နှိမ်နင်းပြီးပြီ....ဒါက သူတို့က ငါ့ရဲ့အမိန့်ကို မလွှမ်းမိုးနိုင်လို့ပဲ.... ငါက ငါ့ကံကြမ္မာရဲ့ လားရာကို အမြဲတမ်း ထိန်းချုပ်ထားတယ်...ဒါကြောင့် သူတို့အားလုံး ငါ့ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ်"
စီမာယွင်၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။
"ဒါပေမဲ့ မင်းရဲ့နည်းလမ်းတွေက အရမ်းပြင်းထန်တယ်.. မင်းက ခက်ခက်ခဲခဲရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တယ်"
"ငါတို့အင်ပါယာက ထန်အင်ပါယာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးသားပဲ... ပြည်သူတွေက အနားယူပြီး ပြန်လည်ကုစားနိုင်တယ်...သူတို့ရဲ့အလုပ်အကိုင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်ပြီးစတင်နိုင်တယ်..ဒါပေမဲ့ မင်းရဲ့စစ်ရေးအောင်မြင်မှုတွေအတွက် မင်းက အစွမ်းကုန်ကြိုးစားပြီးတော့ လောကကြီးကို ဖရိုဖရဲအခြေနေထဲမှာ ကျရောက်စေခဲ့တယ်... ဒီအကြောင်းနဲ့ပတ်သက်ပြီး မင်းမှာ ဘာပြောစရာရှိလဲ..."
Chapter 4918
လုယွီသည် မည်သည့်စကားတစ်ခွန်းမျှ မပြောသည်အား မြင်တွေ့ချိန်တွင် စီမာယွင်သည် ပို၍ပင် မောက်မာထောင်လွှားလာပေ၏။
"ဆိုရိုးစကားအရ ဧကရာဇ်က ကောင်းကင်နဲ့မြေကြီးရဲ့ သခင်ဖြစ်ပြီးတော့ အချုပ်အခြာအာဏာပိုင်ရဲ့ ကံကြမ္မာက အရာအားလုံးထက် သာလွန်တယ်.... ဧကရာဇ်က မင်းရဲ့တပ်တွေကို ဆုတ်ခိုင်းကတည်းက သူ့မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်... မင်းက လက်အောက်ခံအရာရှိတစ်ယောက်ပဲ... ဒါပေမဲ့ မင်းက အမိန့်တော်ကို ပေးပို့တဲ့ အရာရှိတွေကို သတ်ပြီးတော့ ဧကရာဇ်ရဲ့အမိန့်ကို ဆန့်ကျင်ရဲတယ်... မင်းက သေဒဏ်ကျခံထိုက်တဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ပြီးသားပဲ"
"လုယွီ...ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ရတာမဟုတ်ဘူး... ငါတို့က ငြိမ်းချမ်းရေးရဖို့ ပေါ့ပေါ့လေး ကြိုးစားခဲ့ရတာမဟုတ်ဘူး....ဒါပေမဲ့ မင်းက ငါတို့ရဲ့စကားကို နားမထောင်ဘဲနဲ့ မဆင်မခြင် တပ်တွေစေလွှတ်ပြီးတော့ အင်ပါယာနှစ်ခုကြားမှာ စစ်ပွဲတွေ ဆက်ပြီးဖြစ်ပွားစေခဲ့တယ်.... ဒါက မင်းရဲ့အမှား မဟုတ်ဘူးလား..."
စီမာယွင်၏မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ထင်ဟပ်နေပြီး မေးခွန်းတစ်ခုပြီးတစ်ခု မေးမြန်စလိုက်သည်။
"ငြိမ်းချမ်းရေး.....ငြိမ်းချမ်းရေးက ဘယ်ကလာတာလဲ..."
လုယွီက စီမာယွင်ကို စူးစိုက်၍ကြည့်ပြီး တုံ့ပြန်သည်။
"ငါတို့က ငြိမ်းချမ်းရေးကိုလိုချင်ရင် ထန်အင်ပါယာက ဘာလို့ ကျူးကျော်ခဲ့တာလဲ..."
"ဒါက..."
စီမာယွင်သည် ဆွံ့အသွားပေ၏။
"ငါ့အထင်တော့ မင်းက သီဆိုကခုန်ပြီး အင်ပါယာကို ငြိမ်းချမ်းအောင်လုပ်တဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ တကယ်ကြီး နစ်မြုပ်နေတာပဲ.... ငါသာ ထန်စစ်တပ်ကို ဆုတ်ခွာအောင် မတားဆီးခဲ့ရင် သူတို့က တော်ဝင်မြို့တော်ကို မတိုက်ခိုက်ဘူးလို့ မင်း ပြောရဲလား...ထန်စစ်တပ်က တာယွီပြည်သူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေနိုင်မယ်လို့ မင်း ပြောရဲလား...."
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ အပြင်ဘက်က ကြယ်နယ်မြေတွေအများကြီးကို မြင်ခဲ့တယ်....ထန်စစ်တပ်က နယ်မြေတိုင်းကို လုယက်ပြီးတော့ ဓနဥစ္စာတွေ စုဆောင်းတယ်... သူတို့ ဖြတ်သွားတိုင်း နတ်ဘုရားရုပ်ထုတွေကို အကြီးအကျယ် တည်ဆောက်တယ်...သူတို့က သက်ရှိအားလုံးရဲ့စိတ်ဝိညာဉ်တွေကို ကျွန်ပြုပြီးတော့ ကြယ်နယ်မြေတွေရဲ့ အရင်းအမြစ်ကို ဝါးမြိုတယ်... မင်းက တော်ဝင်မြို့တော်မှာ သက်တောင့်သက်သာ နေနိုင်တယ်... ဒါပေမဲ့ အဲ့ဒီကြယ်နယ်မြေတွေမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပြည့်နှက်နေတာကို မင်း မသိဘူး အလောင်းတွေက တောင်လိုပုံနေပြီ"
စီမာယွင်က ခြေထောက်ဆောင့်ပြီး နီမြန်းသောမျက်နှာဖြင့် ချေပသည်။
"ဒါကလည်း သူတို့က ထန်စစ်တပ်ကို ခုခံလို့ဖြစ်ခဲ့တာပဲ....သူတို့ မခုခံရင် အဆင်ပြေသွားမှာမဟုတ်လား..."
"အသေးအဖွဲကိစ္စအတွက်တောင် အင်ပါယာတစ်ခုက တိုက်ခိုက်ရမယ်...သူတို့ ဘာကို လိုချင်တယ် မလိုချင်ဘူးဆိုတာ မင်း သိနိုင်တဲ့ကိစ္စ မဟုတ်ဘူး"
လုယွီက လက်ရှိနေရာတွင် ရှိနေသော အရာရှိများအားလုံးကို ကြည့်လိုက်သည်။
"မင်းတို့အားလုံး ငါ့ကို စိတ်ပျက်စေတယ်"
"မင်းတို့က လက်ရှိရာထူးတွေကို ရောက်ပြီးနောက်မှာ ပြဿနာကို အနည်းဆုံးတော့ ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ ငါ ထင်ခဲ့တယ်... ဒါပေမဲ့ ငါ အတွေးလွန်သွားခဲ့တယ်...မင်းတို့က ကလေးဆန်တုန်းပဲ..မင်းတို့မှာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ လက်တွေ့မဆန်တဲ့အရာတွေ ရှိနေတုန်းပဲ"
"တော်ဝင်မြို့တော် ငြိမ်းချမ်းရေးစာချုပ်က ဘာလဲ ငါ မသိဘူး...ဒါပေမဲ့ မင်းတို့က ကျားလှောင်အိမ်တောင်ကြားခံတပ်နဲ့ စီးရွှေတောင်ကြားခံတပ်ကိုတောင် ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်ခဲ့တယ်.... ဒါက ထန်အင်ပါယာက စိတ်ပြောင်းသွားတဲ့အချိန်မှာ သူတို့က ချက်ချင်းချီတက်တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုတာလား...တော်ဝင်စစ်တပ်နဲ့ တော်ဝင်မြို့တော်က တပ်ရင်းလေးခုက ထန်စစ်တပ်ကို တားနိုင်လို့လား..."
စီမာယွင်က ရေရွတ်လိုက်သည်။
"ဒါပေမဲ့ ငါတို့က ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးသားပဲ.....အရာအားလုံးကို စာချုပ်အတိုင်း လုပ်ဆောင်သွားမှာ..."
လုယွီက သူ့ကို တစ်ချက်ကြည့်လိုက်၏။
"သူတို့က ဘာလို့ စာချုပ်ကို လိုက်နာရမှာလဲ.... တော်ဝင်နန်းတွင်းမှာ သူတို့ကို စာချုပ်အတိုင်း လိုက်နာအောင်လုပ်ဖို့ ဘာအခွင့်အာဏာရှိလို့လဲ..."
"အားနည်းသူက ဓားပြ အောင်နိုင်သူက ဘုရင်ပဲ....မင်းတို့ ဆုတ်ခွာလေလေ မင်းတို့ ပိုပြီး အားနည်းလေပဲ...ဒီနေ့ မြို့ငါးမြို့ကို ပေးမယ် မနက်ဖြန် မြို့ဆယ်မြို့ကို ပေးမယ်...အနာဂတ်မှာ မင်းတို့ ဘာကို ထပ်စွန့်လွှတ်နိုင်ဦးမှာလဲ?"
လုယွီက လူများအားလုံးကို ကြည့်လိုက်သည်။
"မင်းတို့ သိကြလား.....ထန်စစ်တပ်က ရေခဲနယ်မြေကို တိုက်ခိုက်နေပြီ...ငြိမ်းချမ်းရေးစာချုပ်က သူတို့အတွက် စက္ကူစုတ်တစ်ရွက်ပဲ.....မင်းတို့က ဒီမှာရှိနေပြီးတော့ စာချုပ်ကို လိုက်နာဖို့ လူကြီးလူကောင်းဆန်ဆန်လုပ်နေတာ အရမ်းရယ်စရာကောင်းတယ်"
ဘာ....
အမတ်ကြီးများသည် ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ထန်စစ်တပ်သည် အမှန်တကယ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သလော.....
သူတို့သည် ထန်စစ်တပ်ဘက်တွင် ငြိမ်းချမ်းတည်ငြိမ်နေပြီး တော်ဝင်နန်းတွင်းနှင့် တိုက်ရိုက်ပဋိပက္ခမဖြစ်နိုင်ဟူသော အခြေအနေကို လက်ကိုင်ထားပြီး လုယွီကို ပစ်မှတ်ထားနေခဲ့ကြသည်။
ဤသို့ဖြင့် သူတို့သည် သူတို့၏နည်းလမ်းများကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး လုယွီနှင့် စစ်အာဏာကိုင်စွဲထားသော တခြားအုပ်ချုပ်သူအရှင်များကို ဖယ်ရှားနိုင်ပေမည်။
သို့ရာတွင် အရေးကြီးဆုံးအချက်မှာ ထန်စစ်တပ်မှ တိုက်ခိုက်မှုမပြုလုပ်ရန်ပင်။
ယခုချိန်တွင်မူ ထန်စစ်တပ်သည် စာချုပ်ကို လူသိရှင်ကြား ချိုးဖောက်ပြီး ရေခဲနယ်မြေကို တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ သူတို့အတွက် ထိတ်လန့်တုန်လှုပ်ဖွယ် ကိစ္စတစ်ရပ်ပင်။
"အရှင်ကျန်း.... ဒါက တကယ်လား သတင်းမှားလား"
တစ်စုံတစ်ယောက်က စစ်ဘက်အရာရှိတစ်ဦးကို ကြည့်လိုက်သည်။
ထိုစစ်ဘက်အရာရှိသည် ကျားသစ်တစ်ကောင်ပုံ ပန်းထိုးထားသော အနီရောင်အရာရှိဝတ်ရုံကို ဝတ်ဆင်ထားပြီး လူအုပ်အတွင်းတွင် စကားတစ်ခွန်းမျှမပြောဘဲ ထိုင်နေသည်။
Chapter 4919
ဤစစ်ဘက်အရာရှိသည် အသစ်ခန့်အပ်ထားသော စစ်ရေးအမတ်ကြီး ကျန်းကျင်းလုံပင်။
လုယွီကို ရာထူးမှ ဖယ်ရှားခံရစဥ်မှစ၍ စစ်ရေးအမတ်ကြီးရာထူးသည် လစ်လပ်နေခဲ့ပေ၏။
ကျန်းကျင်းလုံသည် စစ်ရေးဌာန၏ လက်ထောက်အမတ်ကြီးဖြစ်ပြီး နှစ်ပေါင်းများစွာကြာသည်အထိ တပ်များကို ဦးဆောင်ခဲ့သည်။ သူသည် လုယွီနေရာတွင် အစားထိုးပြီး စစ်ရေးအမတ်ကြီးသစ်ဖြစ်လာရန်အတွက် သူ၏ဝါရင့်မှုကို အသုံးပြုခဲ့သော အတွေ့အကြုံမြင့်မားသည့် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။
ယခုအချိန်တွင် ကျန်းကျင်းလုံ၏ မျက်နှာအမူအယာသည် အလွန်ရုပ်ဆိုးနေသည်။ ဤသည်မှာ အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ခံလိုက်ရသည့်အလားပင်။
"အမှန်ပဲ....စစ်ဘက်ရေးရာဌာနကနေ အရေးပေါ်သတင်းပို့ချက်တစ်ခုကို လက်ခံရရှိထားတယ်.... ထန်စစ်တပ်ရဲ့ တပ်မှူး ကူဝေ့အန်းက တပ်တွေဦးဆောင်ပြီး ရေခဲနယ်မြေကို ရောက်နေပြီ"
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် ယခင်က လုယွီကို ပစ်မှတ်ထားရန် ပြင်ဆင်ထားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် သူတို့၏အာရုံစိုက်မှုသည် ထန်စစ်တပ်ဘက်သို့ ပြောင်းသွားခဲ့သည်။
သူတို့သည် လုယွီကို ပစ်မှတ်ထားခြင်းမှာ ဧကရာဇ်အား မျက်နှာလုပ်ရန်ပင်။
သို့ရာတွင် ထန်စစ်တပ်သာ ချီတက်လာပါက သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"အရှင်ကျန်း... ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာလို့မပြောခဲ့တာလဲ...."
"ဟုတ်တယ်.... ထန်အင်ပါယာက ငါတို့ရဲ့ မဟာမိတ်ပဲ....ဒါက ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ပြထားတယ်"
အရာရှိများသည် လက်မလျှော့သေးဘဲ ကျန်းကျင်းလုံကို မေးမြန်းနေကြသည်။
အထူးသဖြင့် ဟုန်လဲ့ဘုရားကျောင်း၏ အမတ်ကြီးစီမာယွင်ပင်။ ယခုအချိန်တွင် သူက စူးရှသောအသံဖြင့် ပြောဆိုလိုက်၏။
"ငါ အရင်က ထန်အင်ပါယာရဲ့ သံတမန်ကို ဆင့်ခေါ်ခဲ့တယ်....သူက ထန်အင်ပါယာက ငြိမ်းချမ်းရေးစာချုပ်ကို သေချာပေါက် လိုက်နာပြီးတော့ ငြိမ်းချမ်းရေးကို ဦးစားပေးမယ်လို့ ထပ်ခါတလဲလဲ အလေးပေးပြောခဲ့တယ်...အရှင်ကျန်း ဒါက သတင်းအမှားပဲ မဟုတ်လား...."
ကျန်းကျင်းလုံသည်လည်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ပြောဆိုလိုက်၏။
"သတင်းအချက်အလက်တွေအရတော့ အဲ့ဒီအတိုင်း အမှန်ပဲ...မင်းတို့ ယုံချင်ယုံ မယုံချင်နေ..."
ကျန်းကျင်းလုံသည်လည်း ဤအရပ်ဘက်အရာရှိများကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည်။
သူသည် စစ်ဘက်နောက်ခံမှ လာသောကြောင့် စစ်တပ်အတွင်းတွင် အခြေခံအုတ်မြစ်နှင့် ဆက်သွယ်မှုများ အတော်အသင့်ရှိသည်။
တော်ဝင်မြို့တော်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးကတည်းက တာယွီတော်ဝင်နန်းတော်၏ စစ်တပ်မှ စစ်သည်တော်များသည် စိတ်အနှောင့်အယှက်ဖြစ်ပြီး အရှက်ရသကဲ့သို့ ခံစားခဲ့ရသည်။
စစ်ဗိုလ်ချုပ်အမြောက်အများသည် ဆက်တိုက်ဆိုသလို သွေးစာများပင် ရေးသားခဲ့ကြပြီး ကျန်းကျင်းလုံအား စစ်ပွဲတွင် သူတို့ ပါဝင်ဆင်နွှဲရန်အတွက် စေလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် ကျန်းကျင်းလုံထံ၌ တခြားရွေးချယ်စရာမရှိခဲ့ပေ။
သူသည် ဧကရာဇ်မှ အလုံးစုံအခြေအနေကို ကြီးကြပ်ရန်အတွက်ရွေးချယ်ခြင်းခံရသူသာဖြစ်သည်။
တာယွီစစ်တပ်ကို မည်သို့ တပ်ဖြန့်သင့်သည်နှင့်ပတ်သက်၍ သူထံတွင် အမိန့်ပေးနိုင်ခွင့် လုံးဝမရှိချေ။
ယခုချိန်တွင် ရှထန်ကန်းသည် တော်ဝင်မြို့တော်ရှိ စစ်တပ်တစ်တပ်လုံးကို ထိန်းချုပ်ထားသည်။
ကျန်းကျင်းလုံမှာမူ စစ်ရေးအမတ်ကြီး ဖြစ်သည့်တိုင် နာမည်ခံတပ်မှူးတစ်ဦးသာ ဖြစ်လာခဲ့သည်။
ထန်စစ်တပ်သည် တဖန်ပြန်၍ တိုက်ခိုက်ခဲ့လေပြီ။
ထန်စစ်သည်တော်များ မိုးကောင်းကင်မှ ဆင်းသက်လာသော မြင်ကွင်းကို ပြန်လည်စဉ်းစားမိချိန်တွင် အရာရှိများ၏မျက်နှာများ ဖြူဖျော့သွားပေ၏။
"မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး... ဒါက ကြီးမားတဲ့ မတရားမှုပဲ...ထန်အင်ပါယာကလည်း ကွန်ဖြူးရှပ်အင်ပါယာတစ်ခုပဲ...ဘယ်လိုလုပ်ပြီးတော့ စာချုပ်ကို ချိုးဖောက်ပြီး တိုက်ခိုက်နိုင်တာလဲ"
စီမာယွင်က ရေရွတ်လိုက်သည်။
"တိုက်ပွဲရဲ့ ရလဒ်က အရေးကြီးဆုံးပဲ....မင်း နိုင်နေသမျှ ကာလပတ်လုံး မင်းရဲ့နည်းလမ်းတွေကို ဘယ်သူက ဂရုစိုက်မှာလဲ...စီမာယွင် မင်းက စစ်တပ်ထဲကို ဘယ်တုန်းကမှ မဝင်ဖူးဘူး...မင်း စာအုပ်ကြီးအတိုင်း စကားပြောတဲ့အတွက် မင်းကို ငါ နားလည်နိုင်တယ်....ဒါပေမဲ့ မင်းက အင်ပါယာနဲ့ ပြည်သူတွေကို လမ်းမှားကို ပို့ဆောင်ခဲ့ပြီးတော့ ငါ့ရှေ့မှာ အော်ဟစ်ရဲသေးတယ် မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ..."
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံသည် ကောင်းကင်ဘုံမှ ပစ်ခတ်လိုက်သော မိုးကြိုးတစ်စင်းအလားပင်။
စီမာယွင်၏မျက်နှာ ဖြူဖျော့သွားပြီး သူသည် မြေကြီးပေါ်သို့ လဲကျသွားကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
"ငြိမ်းချမ်းရေးဆိုတာ လက်သီးနဲ့ ဖန်တီးရတာ..."
"မင်းတို့ပြောတဲ့ တရားနည်းလမ်းကျမှုဆိုတာ ဓားသွားထိပ်ပေါ်မှာပဲ တည်ရှိတယ်..မင်းတို့မှာ ထက်ရှတဲ့ ဓားတစ်လက်တောင် မရှိဘူး.... မင်းတို့က ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ ပညာရှင်တစ်ယောက်လိုပဲ... မင်းတို့က သန်မာတဲ့လူတစ်ယောက်ကို သွားစိန်ခေါ်ရင် သူနဲ့ တရားနည်းလမ်းကျကျ စကားပြောလို့ရမှာ မဟုတ်ဘူး"
"ထန်အင်ပါယာကလည်း အတူတူပဲ... မင်းတို့က သူတို့ကို ကြောက်ရွံ့ပြီး လက်အောက်ခံလာတဲ့အထိ တိုက်ခိုက်မှာပဲ...ငါတို့ရဲ့လက်သီးက ပိုပြင်းတယ်ဆိုတာ ပြသမှသာ သူတို့က ငါတို့ကို ကျူးကျော်ဖို့နဲ့ ရန်စဖို့ မရဲတော့မှာ.... အခွင့်အရေးရတဲ့အချိန်မှာ သူတို့ရဲ့တပ်တွေကို ဖျက်ဆီးပြီးတော့ တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်ရမယ်... သူတို့ရဲ့အုပ်ချုပ်မှုကို ဖြုတ်ချ ထန်အင်ပါယာ လီတော်ဝင်မိသားစုရဲ့ ဘိုးဘေးဘုရားကျောင်းကို ဖျက်ဆီးပြီး ထန်အင်ပါယာကို လုံးဝဖျက်ဆီးပစ်ရမယ်....ငါတို့က သွေးကြေးကို သွေးနဲ့ ပေးဆပ်အောင် လုပ်ရမယ်.... ဒါက ပြဿနာကို အမြစ်ပြတ်ဖြေရှင်းဖို့ နည်းလမ်းပဲ"
လုယွီ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။ လက်ရှိနေရာတွင်ရှိနေသော အရာရှိများသည် စကားမပြောနိုင်တော့ဘဲ သူ့ကို လုံးလုံးလျားလျား ချေပနိုင်ခဲ့ခြင်း မရှိချေ။
Chapter 4920
"လုယွီ... ထန်တွေရဲ့ရဲ့ ကျူးကျော်မှုကို မင်းဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"
ယန်ရှန့်က မေးမြန်းလိုက်သည်။
ဤတစ်ကြိမ်တွင် ယန်ရှန်၏လေသံသည် အလွန်ညင်သာသွားပေ၏။
သူသည် အလွန်ထက်မြက်သဖြင့် သူ ယခင်က အမှားတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်ကိုလည်း သဘောပေါက်သည်။
ထန်စစ်တပ်သာ အမှန်တကယ် ကျူးကျော်လာပါက တာယွီတွင် လုံလောက်သော အစွမ်းထက်စစ်ဗိုလ်ချုပ်များ မရှိသောကြောင့် နောက်ဆုံး၌ သူတို့သည် လုယွီကို ရှေ့ထွက်ပေးရန် တောင်းဆိုရပေလိမ့်မည်။
လုယွီကဲ့သို့ အရည်အချင်းရှိပြီး အစွမ်းထက်သော စစ်ဗိုလ်ချုပ်တစ်ဦးကို ငြိမ်းချမ်းသောအချိန်ကာလတွင် အမြစ်များကို နှုတ်ပစ်ပြီး အနာဂတ်ပြဿနာများကို ဖယ်ရှားရန် သင့်တော်သည်။ သို့ရာတွင် စစ်ပွဲများဖြင့် ရှုပ်ထွေးနေသော အချိန်အတွင်းတွင်မူ ဤသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ချေ။
ယခုအချိန်၌ လုယွီကို အမှန်တကယ် ဖယ်ရှားလိုက်ပါက စစ်တပ်တစ်တပ်လုံး၏ စိတ်ဓာတ်ကို အလွန်အမင်း ထိခိုက်စေနိုင်ပြီး ပြည်တွင်းပဋိပက္ခများကို ဖြစ်ပွားလာနိုင်ကာ တာယွီ၏ ပြိုလဲမှုကိုပင် ဖြစ်စေနိုင်သည်။
"ငါ ရေခဲနယ်မြေကို ကူညီဖို့ လူလွှတ်ပြီးပြီ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဒါ့ပြင် အောင်းကွမ်း ရဲ့စစ်တပ်က အရင်ဆုံးထွက်ခွာပြီးတော့ နယ်စပ်ကို ရောက်နေပြီ....ကျိုးအင်ပါယာရဲ့တော်ဝင်နန်းတော်ကနေ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို သူက ကာကွယ်နေတယ်"
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ကာကွယ်ရေးစစ်တပ်က ရှန်လင်းလုံကို တားဆီးဟန့်တားဖို့ လင်းယုန်ကြယ်မြစ်ရဲ့ နယ်စပ်ကို ရောက်နေပြီ"
လုယွီက လူများအားလုံးကို ကြည့်လိုက်သည်။
"မင်းတို့ မှတ်ထားရမှာက....မင်းတို့က ခန်းမကြီးထဲမှာ စကားကြီးစကားကျယ်တွေ ပြောနေတဲ့အချိန်မှာ မင်းတို့အတွက် နယ်စပ်ကို စောင့်ရှောက်နေတဲ့ စစ်သားတွေ ရှိနေသေးတယ် ဆိုတာပဲ....သူတို့က မင်းတို့အတွက် သွေးတွေချွေးတွေကို ရင်းနှီးထားရတယ်"
အမတ်ကြီးအများစုသည် ခေါင်းငုံ့လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
တော်ဝင်နန်းတွင်း၏ဆက်ဆံမှုသည် လုယွီနှင့်ပုန်းကွယ်နဂါးစစ်တပ်အပေါ် အလွန်ပြင်းထန်ခဲ့သည်။
ထို့ပြင် တော်ဝင်နန်းတွင်းသည် ပုန်းကွယ်နဂါးစစ်တပ်ကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် အစဥ်အမြဲ မှတ်ယူခဲ့လေ၏။
သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်ကို တည်ထောင်ပြီးစဥ်မှစ၍ သူတို့သည် ရန်သူကို နှိမ်နင်းရန် လမ်းပေါ်တွင် အစဥ်အမြဲရှိနေခဲ့သည်။ သူတို့သည် တော်ဝင်စစ်တပ်နှင့် တစ်ကြိမ်တစ်ခါမျှ ထိပ်တိုင်ရင်ဆိုင်ခဲ့ခြင်း မရှိချေ။
အခြားတစ်ဖက်တွင်မူ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ ထောက်ပံ့မှုကို ဖြတ်တောက်ရုံသာမက ပုန်းကွယ်နဂါးစစ်တပ်ကို သင့်တော်သော ဘွဲ့တစ်ခုပေးရန်ပင် ငြင်းဆန်ခဲ့ကြသည်။
ဤဖြစ်စဥ်နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီး အရာရှိတချို့သည် စိတ်မသက်မသာ ဖြစ်သွားကြလေ၏။ လုယွီအပေါ် သူတို့ ပြစ်တင်စွပ်စွဲလိုခဲ့သော ဒေါသများလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
"အရှင်လုက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ...ငါ့အထင်တော့ ထန်စစ်တပ်က အောင်မြင်မှာ မဟုတ်ဘူး... တော်ဝင်မြို့တော်ရဲ့ ပြည်သူတွေကိုယ်စား အရှင်လုကို ကျေးဇူးတင်ပါတယ်"
ကျန်းကျင်းလုံက လုယွီကို ဦးညွှတ်လိုက်သည်။
လူတိုင်း တိတ်ဆိတ်စွာ ကြည့်နေကြသည်။
အတွေ့အကြုံအရဆိုလျှင် ကျန်းကျင်းလုံသည် လုယွီထက် များစွာနက်ရှိုင်းသည်။
အသက်အရွယ်အရဆိုလျှင် ကျန်းကျင်းလုံသည် လုယွီ၏အဘိုးထက်ပင် အသက်ကြီးသည်။
သို့ရာတွင် လုယွီလုပ်ခဲ့သော အရာများကို လူတိုင်းသိထားကြပေ၏။
သူသည် အားကောင်းသော ရန်သူများကို တွန်းလှန်ရန် တပ်များကို အကြိမ်ကြိမ်စေလွှတ်ခဲ့သည်။ လုယွီသည် ပြိုလဲလုဆဲဆဲဖြစ်နေသော အင်ပါယာ၏ အဓိကထောက်တိုင်ကြီးဟု ဆိုနိုင်သည်။
ယခုအချိန်၌ ထန်စစ်တပ်သည် တဖန်ပြန်၍တိုက်ခိုက်ခဲ့သည်။ တော်ဝင်မြို့တော်၏ငြိမ်းချမ်းရေးကို ယာယီထိန်းသိမ်းနိုင်ခဲ့ခြင်းမှာလည်း လုယွီကြောင့်ပင်
ဤကဲ့သို့ ထူးချွန်သောစွမ်းဆောင်မှုသည် ကြီးမားပေ၏။ ကျန်းကျင်းလုံသည် ဝါရင့်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော်လည်း လုယွီကို မလေးစားဘဲ မနေနိုင်တော့ချေ။
စီမာယွင်၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းနေသည်။ ကိစ္စများသည် ဤအခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
စီမာယွင် စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။ ဤသည်မှာ ရှကွေ့မင်ပင်။
"လုယွီ.... ငါ မင်းကိုပြောမယ်... ဒါက မင်း စကားကို လက်လွတ်စပယ် လျှောက်ပြောလို့ရတဲ့နေရာမဟုတ်ဘူး...မင်းက သာမာန်လူတစ်ယောက်ပဲ... မင်း တစ်ယောက်တည်းနဲ့ စစ်ပွဲကို တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့အဆင့်အတန်းကြောင့် ပျက်စီးသွားမှာပဲ....မင်းက ငါတို့ကို သင်ခန်းစာပေးရဲတယ်... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
ရှကွေ့မင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝမ်ကျန်းကလည်း တုံ့ပြန်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"လုယွီ....ငါတို့က မင်းကို ဒီအကြောင်းတွေ ပြောဖို့ ခေါ်လာတာ မဟုတ်ဘူး...ဧကရာဇ်က မင်းကိုအမိန့်တော်လက်ခံဖို့ အမိန့်ပေးထားတယ်"
သူတို့သည် မူလက လုယွီကို အရာရှိများအားလုံး၏ ရှုတ်ချခြင်းကို ခံစေပြီး သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ကာ နှစ်ပေါင်းသောင်းချီ၍ ချန်ထားလိုခဲ့ကြသည်။
သို့ရာတွင် လုယွီသည် သူတို့ကို ပြန်လည်၍ ဆန့်ကျင်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြပေ။ သူသည် အနည်းငယ်မျှပင် မထိခိုက်ရုံသာမက အရာရှိအားလုံးကို ဆန့်ကျင်ပြီး ဆဲဆိုခဲ့သည်။
ဤကိစ္စကို သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ပါက လုယွီကိုသာ ကျော်ကြားသွားစေလိမ့်မည်။
တခြားရွေးချယ်စရာမရှိသဖြင့် သူတို့နှစ်ဦးသည် သူတို့၏နောက်ဆုံးဝှက်ဖဲကိုသာ အသုံးပြုနိုင်တော့သည်။
"တော်ဝင်အမိန့်တော်က အထက်မှာရှိတယ်... လုယွီ တော်ဝင်အမိန့်တော်ကို လက်ခံရယူပါ...."
ဝမ်ကျန်းသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ ကြိုတင်ပြင်ဆင်ထားသော ရွှေရောင်တော်ဝင်အမိန့်တော်ကို ထုတ်ယူလိုက်သည်။