အခန်း (၁၈၀)
Vol. 18 Ch. 180
🥝 Chapter 180
စုကျိုနှင့် အခြားသူများ ပြန်လည်ပေါ်ထွက်လာအချိန်တွင် နတ်လက်နက်လမ်းစဉ်နှင့် ဆေးလုံးဂိုဏ်းတို့မှ ရွှေအမြုတေအဆင့်အဖွဲ့ များသည် သူမ ‘ဖမ်းဆီးရမိထားသော’ တိုက်ခိုက်ရေးအင်အားစုများဖြစ်နေကြပြီဖြစ်သည်။
“ရွှေအမြုတေအဆင့်ပြိုင်ပွဲမှာ ရှင်တို့အနေနဲ့ ထိပ်သီးတစ်ဆယ့်ခြောက်သင်းမှာတင်ရပ်မလား ဒါမှမဟုတ် အကုန်လုံးပြုတ်ပြီး အမှတ်သုညစီနဲ့ ပထမနေရာမှာ သရေဖြစ်မလားပဲရှိတယ်”
“ဝမ်ချီဂိုဏ်း ရှင်တို့ ဘာကိုရွေးမလဲ”
အဖြူအမဲ စစ်တုရင်နယ်ရုပ်များကိုကိုင်ဆောင်ထားပြီး စစ်တုရင်ကွက်ပုံစံ အဝတ်အစားများဝတ်ဆင်ထားသည့် ဝမ်ချီဂိုဏ်းမှ ရွှေအမြုတေအဆင့်အဖွဲ့ဝင်ငါးဦးသည် စုကျို၏စိတ်ဝိညာဉ်ကို နှိုးဆွပေးသည့် မေးခွန်းနှင့်ရင်ဆိုင်လိုက်ရသည်။
နတ်လက်နက်လမ်းစဉ်နှင့် ဆေးလုံးဂိုဏ်းတို့သည် ဘာကြောင့် စုကျို၏လက်ပါးစေများဖြစ်လာပြီး သူတို့ကို သေလုနီးပါးဖြစ်အောင် ဝိုင်းရိုက်နေကြသလဲဆိုသည်ကို ဝမ်ချီဂိုဏ်းဝင်ငါးဦးတို့ နောက်ဆုံးတွင် နားလည်သွားကြပြီဖြစ်သည်။
အကြောင်းမှာ ထိုအဖွဲ့နှစ်ဖွဲ့၌ ရည်မှန်းချက်တစ်ခုသာရှိသောကြောင့်ဖြစ်သည်။ ငါသာ ပြုတ်ရင် ကျန်တဲ့သူတွေလည်း အသက်မရှင်စေရဘူးဟူသော ရည်မှန်းချက်ပင်။
တကယ်လို့ နတ်လက်နက်လမ်းစဉ်နဲ့ ဆေးလုံးဂိုဏ်းသာ အပြတ်ရှင်းခံရမယ်ဆိုရင် ကျန်တဲ့ ရွှေအမြုတေအဆင့်အဖွဲ့တွေလည်း အကုန်အပြတ်ရှင်းခံရမှာပဲ။
ဤအချိန်တွင် ဝမ်ချီဂိုဏ်း၌လည်း ရွေးချယ်စရာမရှိတော့ပေ။
စစ်တုရင်ခုံကိုင်ထားသည့် စီနီယာအစ်မက သက်ပြင်းချလိုက်ကာ“သွားကြစို့ ညီမလေးစုကျို ကျွန်မတို့လည်း ရှင်နဲ့ပူးပေါင်းမယ်”
စုကျိုအဖွဲ့သည် ချက်ချင်းဆိုသလို ပိုမိုအင်အားတောင့်တင်းလာရသည်။
ရှီးရှန်ဆောင်နှင့် ဝိညာဉ်ကုန်သည်အသင်းတို့မှ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဆယ်ဦး။
၎င်းအပြင် ရှုယိဝမ်၊ နတ်လက်နက်လမ်းစဉ်၊ ဆေးလုံးဂိုဏ်းနှင့် ဝမ်ချီဂိုဏ်းတို့မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူစုစုပေါင်း တစ်ဆယ့်ခြောက်ဦးဖြစ်သည်။
[...စုကျိုရဲ့အဖွဲ့ဟာ အခုဆိုရင် ပါဝင်ယှဉ်ပြိုင်နေတဲ့ ဘယ်ဂိုဏ်းကိုမဆို အလွယ်တကူချေမှုန်းနိုင်နေပါပြီ]
[ကျန်နေတဲ့ စကားလုံးဝိညာဉ်ဂိုဏ်းက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေက အစွမ်းအထက်ဆုံး ဖြစ်နိုင်ပေမဲ့ အဲ့ဒီငါးယောက်က လည်း စုကျိုရဲ့ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ဆယ့်ခြောက်ယောက်ကို မယှဉ်နိုင်ပါဘူး]
[...လွန်လွန်းနေပြီ]
ထုတ်လွှင့်ပြသနေသည့် ပုံရိပ်ထဲတွင် စုကျို၏လူမိုက်အင်အားစုမှာ အံ့ဩစရာကောင်းလောက်အောင် ၂၅ ဦးအထိရှိနေပြီဖြစ်သည်။
လူအုပ်ကြီးမှာ သူမနောက်တွင် အုံခဲနေပြီး လူတန်းကြီးမှာ ရှည်လျားလွန်းသဖြင့် ဖန်သားပြင်ထဲတွင် အကုန်မြင်ရရန်ပင် မဖြစ်နိုင်တော့ပေ။ သူမနှင့်ယှဉ်လျှင် မည်သည့်အခြေခံတည်ဆောက်ခြင်းအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်အဖွဲ့မဆို ပင်လယ်ထဲရှိမျောနေသော သစ်စတစ်ခုကဲ့သို့ အားကိုးရာမဲ့ပြီးအထီးကျန်နေတော့သည်။
စုကျိုနှင့် တွေ့ဆုံမိသည့် မည်သည့်အဖွဲ့မဆို အမြစ်ပြတ်ချေမှုန်းခံရမည်သာ။
[ထိပ်သီးဆယ်သင်းပြိုင်ပွဲက ဒီလောက်ထိ တစ်ဖက်သတ်အစုလိုက်အပြုံလိုက် သတ်ပွဲကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ]
ဝေဖန်သုံးသပ်သူ ဝူချင်းချန်းကမူ အားကျစွာ ခေါင်းညိတ်လိုက်ပြီး
“ကံကောင်းတာက ကျွန်မတို့ အကခန်းမရဲ့ ရွှေအမြုတေအဆင့်အဖွဲ့ကို ဆရာမစုကျို အခုထိ သတိမရသေးလို့ အသက်ရှင်နေကြ သေးတာပဲ”
“ဒါပေမဲ့ ဒါက ယာယီကံကောင်းတာပါ သူတို့ အကြာကြီးတော့လွတ်မှာမဟုတ်ပါဘူး”
“ကျွန်မတို့ အကခန်းမရဲ့ ရွှေအမြုတေအဆင့်တွေ ဘယ်တော့ပြုတ်မလဲဆိုတာက ဆရာမစုကျို နောက်ထပ်ဘယ်ဂိုဏ်းကို သတိရမလဲဆိုတာရယ် ကျွန်မတို့အကခန်းမကို ဘယ်အချိန်မှာ သတိရမလဲဆိုတာအပေါ်မှာပဲ မူတည်နေတယ်”
“ဂိုဏ်းတစ်ခုစီရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက သူမရဲ့အတွေးတစ်ချက်အပေါ်မှာ မူတည်နေတာ”
[...]
[ရှင်းပြတာကောင်းပါတယ် နောက်တစ်ခါတော့ ဒါမျိုးထပ်မပြောပါနဲ့တော့]
[စုကျိုက ရွှမ်းယွဲ့ဂိုဏ်းကမဟုတ်ဘူးလား]
“မောက်မာမနေနဲ့”
“ရှီးရှန်ဆောင်က ကလေးမ၊ ပြီးတော့ ရွှေအမြုတေအဆင့် သစ္စာဖောက်တွေဖြစ်တဲ့ ကျွင်းပိုင်ရန်နဲ့ ရှင်းယီ”
တုန်းလိုင်တည်းခိုဆောင်၏ အဝင်ဝတွင်ဖြစ်သည်။
ရွှမ်းယွဲ့ဂိုဏ်းက ဦးဆောင်ပြီး ‘ဖမ်းဆီးခြင်းမခံရသေးသော’ ရွှေအမြုတေအဆင့်တပည့် ငါးဆယ်ကျော်တို့သည် သက်ဆိုင်ရာခြံဝင်း များမှ ထွက်လာကြပြီး အင်အားကြီးမားစွာဖြင့် စုရုံးရပ်နေကြသည်။
သူတို့သည် စုကျို၏ ၂၅ ဦးပါသော လူမိုက်အုပ်စုကို တိုက်ရိုက်ရင်ဆိုင်ကာစိန်ခေါ်လိုက်ကြသည်။
“ငါတို့ကို အပြတ်ရှင်းချင်တယ် ဟုတ်လား ? ကျန်တဲ့ ရွှေအမြုတေအဆင့်အဖွဲ့တွေ သဘောတူ၊ မတူ အရင်မေးလိုက်ဦး”
ခဏချင်းတွင် ၅၅ ဦးနှင့် ၂၆ ဦးတို့သည် လုံးဝသစ်လွင်သော ရုန်းရင်းဆန်ခတ်ပွဲကြီးကို ဖန်တီးလိုက်ကြသည်။
“နောက်ဆုံးတော့”
စုကျို အံ့ဩခြင်းမရှိဘဲ ပြုံးလိုက်ကာ “သားကောင်တွေ စုစည်းသွားကြပြီလား”
ရွှေအမြုတေအဆင့်အဖွဲ့ တစ်ဆယ့်ခြောက်ဖွဲ့လုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် သားကောင်များဖြစ်သည်။
သူမ ဖမ်းဆီးပြီးသားဖြစ်သည့် အဓိကဂိုဏ်းကြီးသုံးခု၊ ရှီးရှန်ဆောင်နှင့် သူမ၏ မဟာမိတ် ဝိညာဉ်ကုန်သည်အသင်းတို့ကို ဖယ်လိုက်လျှင် ရွှေအမြုတေအဆင့် တစ်ဆယ့်တစ်ဖွဲ့ကျန်ရှိနေသည်။
ရွှမ်းယွဲ့ဂိုဏ်း၏ ဦးဆောင်မှုဖြင့် သူတို့သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ငါးဆယ့်ငါးဦးပါဝင်သော စခန်းတစ်ခုကို ဖွဲ့စည်းလိုက်ကြ သည်။
စုကျို၏နှစ်ဆယ့်ခြောက်ဦးကို ပြန်တိုက်ရန် လုံလောက်သောအင်အားဖြစ်သည်။
ချက်ချင်းဆိုသလို အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပုံရသည်။
သို့သော် စုကျိုကမူ ရယ်မောလိုက်ပြီး
“ရွှမ်းယွဲ့ဂိုဏ်းက စီနီယာတို့ တခြားအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေရှိသေးတာကိုမေ့နေကြတာလား ကျွန်မရဲ့ ရှီးရှန်ဆောင်နဲ့ ဝိညာဉ်ကုန်သည်အသင်းကပဲ ရှင်တို့ကို လိုက်နေတာ မဟုတ်ဘူးလေ”
သူမ စကားပြောပြီးသည်နှင့် ရွှမ်းယွဲ့ဂိုဏ်းခေါင်းဆောင်၏ အမူအရာပြောင်းလဲသွားသည်။
တောက်..
သူမသည် အခြားဂိုဏ်းများမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကလေးများကိုမေ့သွားခဲ့သည်။
စုကျို လုပ်ဆောင်နေသည်မှာ အလွန်ထူးကဲလွန်းလှသဖြင့် ပြိုင်ဘက်အားလုံးကိုတစ်ယောက်တည်း ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။
“ရပါတယ် မင်းတို့ကိုအရင်အပြတ်ရှင်းမယ်၊ ပြီးမှ တခြားအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေကို သွားရှင်းမယ်”
စုကျိုအဖွဲ့သည် အရှိန်အဟုန်ရနေပြီဖြစ်သည်။ သူတို့သည် အထီးကျန်နေသော မည်သည့်ရွှေအမြုတေအဆင့်အဖွဲ့ကိုမဆို အလွယ်တကူ နှိမ်နင်းနိုင်သည်။
အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားချိန်တွင် စုကျိုအားနောက်ထပ် ‘အကျဉ်းသား’ တွေ ထပ်မပေးနိုင်တော့ပေ။
ကျန်ရှိနေသော ရွှေအမြုတေအဆင့်ဝင်များ စုစည်းရမည်ဖြစ်သည်။
သူတို့ တစ်ဦးချင်းစီ တိုက်ခိုက်၍ မဖြစ်တော့ပေ။
“မှန်တယ် ဒါက ရှင်တို့ အနိုင်ရဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ”
“ဒါပေမဲ့ နောက်ကျသွားပြီ”
စုကျိုကမူ ပြုံးလျက် သူ့နေရာကို ဖယ်ပေးလိုက်သည်။
သူမနောက်တွင် သူမအသစ်ရရှိထားသော ‘အကျဉ်းသား’ ဝမ်ချီဂိုဏ်းမှ စီနီယာအစ်မသည် ချက်ချင်းလက်ဟန်တစ်ခုလုပ်ကာ အကွက်ဖော်ထားသော ကျောက်စိမ်းစစ်တုရင်ခုံတစ်ခုကို ပစ်ထုတ်လိုက်ရာ ၎င်းသည် လေထဲသို့ ချက်ချင်းပျံတက်သွားတော့သည်။
“မြေပြင်နဲ့ ကောင်းကင်ဟာ စစ်တုရင်ခုံ၊ သက်ရှိအားလုံးဟာ စစ်တုရင်နယ်ရုပ်၊ ငါတစ်ယောက်တည်းသာ နယ်ရုပ်တွေကို ရွှေ့တဲ့လက်ပဲ”
“ရွှေ့စမ်း!”
ခဏချင်းတွင် ရွှမ်းယွဲ့ဂိုဏ်းဦးဆောင်သော ရွှေအမြုတေအဆင့်ဝင်ငါးဆယ့်ငါးဦးသည် အဖြူအမဲနယ်ရုပ်များကဲ့သို့ စစ်တုရင်ခုံ အကွက်များအတွင်း ပိတ်မိသွားကြသည်။
အကွက်တစ်ခုစီသည် သီးခြားလွတ်လပ်သော၊ ပိတ်ဆို့ထားသော ဟင်းလင်းပြင်များဖြစ်ကြသည်။
ထိုငါးဆယ့်ငါးဦးမှာ အချင်းချင်းကူညီ၍မရတော့ပေ။
“ငါတို့မှာ အမွှေးတိုင် တစ်တိုင်စာ အချိန်ပဲရှိတယ်” ဟု နတ်လက်နက်လမ်းစဉ်မှ ကျွင်းပိုင်ရန်က အမြန်ပြောသည်။
“သူတို့ကို တစ်ယောက်ချင်းစီ နှိမ်နင်းကြမယ်!”
“စကားလုံးဝိညာဉ်ဂိုဏ်းကို ငါတို့ဆီ ထားခဲ့လိုက်!”
“ငါတို့က ဖော်ဖြေရေးဂိုဏ်းကို တိုက်မယ်!” ဆေးလုံးဂိုဏ်းမှ ငါးဦးလည်း ဝင်ပါလာသည်။
ဝမ်ချီဂိုဏ်းကမူ စစ်တုရင်ကစားပွဲကို ထိန်းသိမ်းထားသည်။
ပိတ်မိနေသော ရွှေအမြုတေအဆင့်ကျင့်ကြံသူ ငါးဆယ့်ငါးဦးမှာ လွတ်မြောက်ရန် စစ်တုရင်ခုံကို ဆက်တိုက်တိုက်ခိုက်နေကြသည်။
သို့သော် စုကျိုကမူ သဘောတူခဲ့သော်လည်း ဘာမှမရသေးသော အခြားအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များက ငြင်းဆန်ခဲ့ကြသည်။
ဝေချန်ရှန်းနှင့် အခြားသူများလည်း အပြေးအလွှားရောက်လာကြသည်။
“အားလုံးပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားကြတာပေါ့”
စုကျိုက ပြုံးလျက် သူမအသစ်ပုံတူပွားထားသော [ကျွင်းပိုင်ရန် ရွှေအမြုတေအဆင့်ဝက်] ကျင့်ကြံသူ ကိုးဦးကို ဦးဆောင်ကာ တိုက်ပွဲထဲသို့ အမြန်ဝင်လိုက်သည်။
လဲ့ကျယ်၊ တောက်ဟယ်၊ လိုကျားနှင့် မူချင်းချိုးတို့က နောက်မှကပ်လိုက်လာကြသည်။
ဂိုဏ်းအသီးသီးမှ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များမှာ ချက်ချင်းတင်းမာသွားကြသည်။
“စုကျို အနည်းဆုံးတော့ ငါတို့အတွက် ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ယောက်လောက် ချန်ထားပေးပါဦး!”
လူတိုင်းက အလကားရသကဲ့သို့ အရူးအမူး တိုက်ခိုက်နေကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်နိုင်စွမ်းလျော့နည်းသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းအပြင်သို့ ဆွဲထုတ်ခံရပြီး၊ ပြုတ်သွားပြီဟု အမှတ်အသားပြုခံရကာ၊ ထို့နောက် အကျဉ်းသားအဖြစ်ဖြင့် နောက်ထပ် သားကောင်များကို အမဲလိုက်ရန် အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ဝင်များဖြစ်လာကြတော့သည်။
ဤဖြစ်စဉ်မှာ အဆုံးမရှိ ထပ်ခါတလဲလဲဖြစ်ပျက်နေကြသည်။
ရွှေအမြုတေအဆင့် အကျဉ်းသားဦးရေ တိုးပွားလာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ပိုမိုအင်အားတောင့်တင်း လာသည်။
လွတ်မြောက်နေသောကျန်ရှိသည့် ရွှေအမြုတေအဆင့် အကျဉ်းသားဦးရေမှာ နည်းပါးလာသည်။
“တိုက်ကြစို့! ဘယ်သူ့ကိုမှ အရှင်မထားနဲ့!”
“သူတို့ကို လုံးဝလွတ်မသွားစေနဲ့!”
“မြန်မြန်လုပ် သူတို့ စစ်တုရင်ခုံကိုဖောက်တော့မယ်!”
“ဘယ်သူမှ အရှင်လွတ်မှာမဟုတ်ဘူး!”
ဖမ်းဆီးခံထားရသော ရွှေအမြုတေအဆင့် အကျဉ်းသားများမှာ အရူးအမူးဟိန်းဟောက်နေကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထက်ပင် ပိုမိုအသည်းအသန်တိုက်ခိုက်နေကြသည်။
သူတို့မှာ အလွန်စိတ်ပါဝင်စားနေကြသည်။
ပထမနေရာမှာ သရေ!
၎င်းတို့၏ရွှေအမြုတေအဆင့်ဝင် တစ်ဦးမှ အသက်မရှင်တော့ပေ။ ဂိုဏ်းအားလုံးမှ ရွှေအမြုတေအဆင့်ဝင် အားလုံးမှာ အမှတ် သုညစီရကြသည်။
လူတိုင်း အမှတ်သုည — အဲ့ဒါက ပထမနေရာမှာ သရေကျတာပဲ။
“တိုက်ကြစို့! အောင်ပွဲဟာ ငါတို့ နတ်လက်နက်လမ်းစဉ်ရဲ့အပိုင်ပဲ!”
“ပထမနေရာဟာ ငါတို့ ဆေးလုံးဂိုဏ်းရဲ့အပိုင်ပဲ!”
“ဖျော်ဖြေရေးဂိုဏ်းလည်း ဒီနှစ်မှာ နံပါတ်တစ်အနေနဲ့ ထိပ်သီးဆယ်သင်းစာရင်းထဲဝင်နိုင်ပြီ! ဟားဟားဟား ကျန်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို သတ်ပစ်လိုက်ကြ!”
[...]
[လူတစ်ဆယ့်ခြောက်ယောက် ပထမနေရာမှာ သရေကျတာလား?]
[ဘယ်လောက်တောင် သင့်မြတ်တဲ့နှစ်လဲ...]
[ကောင်းတယ် ကောင်းတယ် အားလုံးက ဒီနှစ်မှာနံပါတ်တစ်တွေပေါ့]
[အမှတ် သုညနဲ့ ပထမနေရာမှာ သရေကျတာကို အသံတိုးတိုးလုပ်ကြပါဦး ဒါက ဂုဏ်ယူစရာလား?]
ထုတ်လွှင့်မှုတွင် တိုက်ပွဲမှာပြင်းထန်နေသည်။
စုကျိုနှင့် အခြားအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ နောက်ဆုံးတွင် လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
အစပိုင်းတွင် သူတို့ တိုက်ခိုက်ရန် နေရာရှိသေးသည်။
သို့သော် နောက်ပိုင်းတွင် ရွှေအမြုတေအဆင့် ‘အကျဉ်းသား’ များ စိတ်ကြွလာသည့်အခါ ရွှေအမြုတေ အလယ်အလတ်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏မန္တန်များမှာ ကွင်းပြင်တစ်ခုလုံး ပျံနှံ့နေပြီး ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ခုခံနိုင်သည့် အဆင့်ထက်ကျော်လွန်လို့နေသည်။
အနားကနေ အသာလေးဖြတ်သွားရုံနဲ့တင် ထိခိုက်နိုင်သည်အထိ ဖြစ်သည်။
နောက်ဆုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ သူတို့၏ ရွှေအမြုတေအဆင့် အကျဉ်းသားများ တိုက်ခိုက်နေသည်ကို ဘေးကနေ ကြည့်နေရုံသာတတ်နိုင်တော့သည်။
[ဂုဏ်ယူပါသည်၊ ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ +၁၀၀ မှတ်။]
[ဂုဏ်ယူပါသည်၊ ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ +၁၀၀ မှတ်။]
[ဂုဏ်ယူပါသည်၊ ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ +၁၀၀ မှတ်။]
...
[ဂုဏ်ယူပါသည်၊ ရွှမ်းယွဲ့ဂိုဏ်း အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ +၁၀၀ မှတ်။]
...
ပြိုင်ပွဲ အမှတ်ပေးကြေညာချက်များမှာ အဆုံးမရှိဖြစ်နေသည်။
“မြင်ကွင်းက လုံးဝရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ဘယ်သူက ဘယ်သူ့ကို တိုက်နေလဲဆိုတာပြောဖို့ မဖြစ်နိုင်တော့တာကို မြင်နေရပါတယ်”
ဝူချင်းချန်း စိတ်လှုပ်ရှားစွာရှင်းပြသည်။
“ဒါပေမဲ့ အမှတ်တွေ ပြောင်းလဲမှုအရ စုကျိုရဲ့အဖွဲ့မှာ အကျဉ်းသားဦးရေ အားသာချက်ရှိနေတဲ့အတွက် သူတို့ရဲ့ အားသာချက်ဟာ အခုအချိန်မှာ တောက်လျှောက်ကျယ်ပြန့်လာနေတာကို မြင်နိုင်ပါတယ်”
“ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ဟာ အမှတ်လေးထောင် စုဆောင်းမိသွားပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ လေးဆယ်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်”
“သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဝိညာဉ်ကုန်သည်အသင်းကလည်း ရလဒ်ပိုင်းမှာ ကပ်လျက်လိုက်နေပါတယ်”
“အခြား အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေကတော့ လွတ်ထွက်နေတဲ့ တစ်ယောက်၊ နှစ်ယောက်လောက်ကိုပဲ ခက်ခက်ခဲခဲ ဖမ်းနိုင်ကြပါတယ်”
[...]
ဤရုန်းရင်းဆန်ခတ် ပြိုင်ပွဲကြီးမှာ နောက်ဆုံး ‘ကျန်ရှိနေသော’ ရွှေအမြုတေအဆင့် ကျင့်ကြံသူလဲကျသွားချိန်တွင် လုံးဝ ပြီးဆုံးသွားတော့သည်။
စုကျိုပင်လျှင် ရှီးရှန်ဆောင်နှင့် ဝိညာဉ်ကုန်သည်အသင်းမှ ကျန်ရှိနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ကာကွယ်ရန် ခက်ခဲခဲ့သည်။
ဂိုဏ်းအားလုံးမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ အရူးများကဲ့သို့တိုက်ခိုက်နေကြသည်။
ရွှေအမြုတေအဆင့် စစ်သုံ့ပန်းများမှာလည်း သွေးဆာနေကြသည်။
မြင်ကွင်းမှာ လုံးဝထိန်းမနိုင် သိမ်းမရဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် စုကျိုသည် ရွှေအမြုတေအဆင့်ရှိသော သူ့ စီနီယာအစ်မစုန့်တွမ်ကို နှစ်သိမ့်ကာထူပေးလိုက်ပြီးအားဆေး တစ်လုံး တိုက်လိုက်သည်။
“စီနီယာအစ်မ၊ ကျွန်မ အစ်မကို ကတိပေးခဲ့တယ် မဟုတ်လား”
“ကျွန်မ စုကျိုက အစ်မကို ပထမနေရာရအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်၊ ကျွန်မ လုပ်ပေးနိုင်ခဲ့ပြီ မဟုတ်လား”
[...]
“...မျှော်လင့်ထားတာထက် ကျော်လွန်နေတာပေါ့! ဂိုဏ်းတိုင်းက ရွှေအမြုတေအဆင့်တွေအကုန်လုံး ပထမပဲ!”
စုန့်တွမ်နှင့် အခြားသုံးဦးမှာ ထူးဆန်းသော အမူအရာများရှိနေကြသော်လည်း သူတို့မျက်လုံးများမှာ တောက်ပနေသည်။
သူတို့ ရှီးရှန်ဆောင်ရဲ့ရွှေအမြုတေအဆင့်တွေဟာ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို နောက်ဆုံးမှ ခံရသူတွေ ဖြစ်ကြသည်။
အမှတ်ပေးမှုအရဆိုလျှင် ဂိုဏ်းအားလုံးမှ ရွှေအမြုတေအဆင့်တွေဟာ အမှတ်သုညစီ ရကြပြီး အစီအစဉ်မခွဲခြားဘဲ အားလုံးက ပထမဖြစ်ကြသည်။
ဖမ်းဆီးခံရသည့် အစီအစဉ်အရဆိုလျှင်လည်း သူတို့ ရှီးရှန်ဆောင်၏ရွှေအမြုတေအဆင့်တွေဟာ နောက်ဆုံးအချိန်အထိ ‘အသက်ရှင်’ နိုင်ခဲ့သူတွေ ဖြစ်ကြသည်၊ အကြာဆုံး အသက်ရှင်နိုင်ခဲ့သူတွေဖြစ်လို့ သေချာပေါက်ပထမနေရာပါပဲ။
အမှတ် သုညနဲ့ဆိုရင်တောင် ဂုဏ်သိက္ခာရှိပါသေးတယ်!
“ဂျူနီယာညီမလေး၊ အစ်မတို့ လုံးဝကိုအားရကျေနပ်တယ်”
စုန့်တွမ်ကမူ စုကျိုလက်ကို အသာအယာကိုင်ကာ အားပါပါလှုပ်ခါလိုက်သည်။
ဒါက ဂျူနီယာညီမလေးရဲ့ ဦးဆောင်မှုနောက်လိုက်ပါရတဲ့ ခံစားချက်လား ? အံ့ဩစရာပဲ ?
“ဒီနှစ်မှာ အလွန်ဆုံး ကိုးနေရာ ဒါမှမဟုတ် ဆယ်နေရာလောက်ပဲ ရမယ်လို့ အစ်မတို့ ထင်ခဲ့တာ”
[...]
စုကျို သူ့ စီနီယာအစ်မစုန့်တွမ်နှင့် ပျော်ရွှင်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
ရှီးရှန်ဆောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့နှင့် ရွှေအမြုတေအဆင့်အဖွဲ့တို့သည် အချင်းချင်းနှုတ်ဆက်ကြသည်။ မြင်ကွင်းမှာ အလွန်ချစ်ခင်ရင်းနှီးပြီး သင့်မြတ်လှသည်။
ဤပူးပေါင်းဆောင်ရွက်မှုမှာ နောင်နှစ်ပေါင်းများစွာအထိ မှတ်မှတ်ထင်ထင်ရှိနေလိမ့်မည်ဖြစ်သည်။
“ဒါဆိုရင် ဒိုင်လူကြီးစီနီယာအစ်မ ၊ ကျေးဇူးပြုပြီး ဒီပြိုင်ပွဲရဲ့ရလဒ်ကို ကြေညာပေးပါဦး”
စုကျို ပြုံးလိုက်သည်။
ပွဲစီစဉ်ကော်မတီ၏ ဒိုင်လူကြီးအဖွဲ့ : "..."
ဒီရလဒ်ကို ဘယ်လိုများ ကြေညာရပါ့မလဲ ?
“စုကျိုရေ မင်းဘာသာပဲ ကြေညာလိုက်ပါလား” ဒိုင်လူကြီးအဖွဲ့မှာ အခုချက်ချင်း သေသာ သေသွားလိုက်ချင်တော့သည်။
ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ထိပ်သီးဆယ်သင်း အဆင့်သတ်မှတ်ဖို့လေ…
ရလဒ်ကတော့ ရွှေအမြုတေအဆင့် ၁၆ သင်းလုံး အမှတ်သုည ရကြသတဲ့
ပထမနေရာမှာ သရေကျတဲ့သူက နောက်ဆုံးနေရာမှာလည်း သရေကျနေတာပဲ။
ဒီရလဒ်ကို ဘယ်လို ကြေညာမလဲ ??
စုကျို စဉ်းစားဟန်ဖြင့် “ဂိုဏ်းအမည်တွေရဲ့ စာလုံးရေအနည်းအများအလိုက် အဆင့်သတ်မှတ်လိုက်ရင်ကော”
"..."
[ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲ ပြီးဆုံးပါပြီ။]
[ဂုဏ်ယူပါသည်၊ အောက်ပါဂိုဏ်းများသည် ဤရွှေအမြုတေအဆင့်ပြိုင်ပွဲတွင် ပထမနေရာ ရရှိကြပါသည်!]
[ဝမ်ချီဂိုဏ်း၊ ဖျော်ဖြေရေးဂိုဏ်း၊ ... ရှီးရှန်ဆောင်၊ ... နတ်လက်နက်လမ်းစဉ် (ရေးသားသည့် အစီအစဉ်ကို ပထမစာလုံး၏ စာလုံးရေအလိုက် သတ်မှတ်ပါသည်)]
[...]
[ဟားဟားဟား!]