← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

🥝 Chapter 174

စီနီယာအစ်မစုန့်တွမ်သည် မိစ္ဆာကြီးချန်ယွမ်၏ ပိုးချီခြင်းကို ခံရကာ ခေါင်းတလားသယ်ဆောင်သူ လေးဦးနှင့်အတူ လျင်မြန်စွာ ထွက်ပြေးသွားသော စုကျိုကို ကြည့်ရင်း အံ့ဩမှင်သက်နေမိသည်။

"ငါတို့... လိုက်ဖမ်းသင့်လား..."

စုန့်တွမ် တွေဝေသွားသည်။

သို့သော်လည်း ပျက်စီးနေသော ရှုဝမ်ယီ ရုပ်သေးငါးရုပ်ထဲမှ တစ်ရုပ်၏အဝတ်အစားကြားတွင် ညှပ်ထားသော စာတစ်စောင်ကို သူမ ချက်ချင်း သတိပြုမိသွားသည်။

သူမ ထိုစာကို ချက်ချင်းယူ၍ ဖွင့်ဖတ်လိုက်သည်။

【စီနီယာအစ်မ စုန့် 】

【ဒီစာကို မြင်ရတာ အစ်မကိုကိုယ်တိုင်တွေ့ရသလိုပါပဲ၊ ကျွန်မ စုကျိုပါ】

【ဟုတ်ပါတယ်၊ အစ်မ ဒီစာကို ဖတ်နေတဲ့အချိန်မှာ ကျွန်မ ရှုဝမ်ယီကိုခေါ်သွားပြီးလောက်ပါပြီ။】

【အစ်မအနေနဲ့ ကျွန်မနောက်ကို လိုက်ဖမ်းပြီး ရှုဝမ်ယီကို ပြန်လုရမလား၊ ဒါမှမဟုတ် ကျွန်မက အစ်မကို ဘယ်လို စည်းရုံးမလဲဆိုတာ စဉ်းစားနေမှာပါ။】

【ရွှေအမြုတေအဆင့်ထိပ်သီးဆယ်သင်း ပြိုင်ပွဲရဲ့ အဆုံးအဖြတ်စည်းကမ်းကို မှတ်မိလား — 'အသက်ရှင်ကျန်ရစ်ခြင်း! ငါးယောက်ပါတဲ့ အဖွဲ့ထဲမှာ အမဲလိုက်မခံရဘဲ ကျန်ရှိတဲ့ အဖွဲ့ဝင်တစ်ယောက်စီအတွက် အမှတ် ၁၀၀ ရမယ်' တဲ့။】

【ဟုတ်ပါတယ် အစ်မစုန့်၊ မျက်စိဖွင့်ပြီး အခု အစ်မတို့အဖွဲ့ကိုကြည့်လိုက်ပါ၊ ငါးယောက်ပါတဲ့အဖွဲ့မှာ အစ်မတို့ လေးယောက်အပြင် 'ရှုဝမ်ယီ' ၅ ယောက်ပါ အသက်ရှင် ကျန်ရစ်နေတာ မဟုတ်လား။】

[ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဆင့်အဖွဲ့မှာ အဖွဲ့ဝင် ၉ ယောက်ကျန်ရှိနေပါတယ်!]

[ပုံမှန် ၅ ယောက်နဲ့ယှဉ်ရင် အစ်မတို့က အမှတ် ၄၀၀ တောင်အမြတ်ထွက်သွားပြီနော်! ညီမလေးကို ကျေးဇူးတင်နေဖို့မလိုပါဘူး~]

စီနီယာအစ်မစုန့်တွမ် : "!"

သူမ ခေါင်းလှည့်ကြည့်မိရာ ရှုဝမ်ယီ ရုပ်သေး ၅ ခုကို အံ့ဩစွာငေးကြည့်နေမိသည်။ ထိုရုပ်သေးများသည် အစစ်နှင့် လုံးဝတူရုံတင် မကဘဲ မျက်နှာပေါ်တွင် "ရှုဝမ်ယီ မျိုးဆက် ၁ (နံပါတ် ၁ မှ ၅)" ဟုပင် ထွင်းထုထားသည်။

ဒါတွေက ရှုဝမ်ယီ ၅ ယောက် မဟုတ်ဘဲ ဘာဖြစ်ဦးမှာလဲ?!

အခုဆိုရင် သူတို့မှာ 'လူ' ၉ ယောက် တောင်ရှိနေတာလေ!?

"...ငါတို့သာ ပွဲစီစဉ်သူတွေကို ဒီအတိုင်းသွားငြင်းရင် တခြားဂိုဏ်းတွေက ငါတို့ကို သတ်ကြမလား စုန့်တွမ်"

နောက်ထပ် ရွှေအမြုတေအဆင့် စီနီယာအစ်ကိုတစ်ဦးက နဖူးကိုပွတ်ရင်းမေးသည်။

"ငါတို့ သူတို့နောက်ကို လိုက်ကြမယ်..."

စုန့်တွမ်က ပါးစပ်ဟလိုက်ပြီး စုကျိုစာထဲက ဒုတိယရွေးချယ်မှုကို ညွှန်ပြလိုက်သည်။

"ငါ ဖတ်လို့ မပြီးသေးဘူး၊ နောက်ထပ် ရွေးချယ်စရာ ရှိသေးတယ်"

"..."

ရွှေအမြုတေအဆင့် လေးယောက်လုံးစာကို ထပ်ဖတ်လိုက်ကြသည်။

[တကယ်လို့ ပွဲစီစဉ်သူတွေက ခေါင်းမာပြီး ဒီရှုဝမ်ယီ စီနီယာ ၅ ယောက်ကို အသက်ရှိတယ်လို့ဝန်မခံဘူး ဆိုရင်လည်း ရပါတယ်]

[သေသေချာချာ စဉ်းစားကြည့်ပါ၊ သတိလစ်ပြီး အသုံးမကျဖြစ်နေတဲ့ ရှုဝမ်ယီကိုပြန်လုဖို့ ကျွန်မ စုကျို နောက်ကို ဘာလို့ အားကုန်ခံ လိုက်နေမှာလဲ]

စုန့်တွမ်နှင့် အခြားသုံးဦး : "..."

"သူက အစ်မတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်မှာလေ"

"အမဲလိုက်ပွဲက အခုမှစတာပါ၊ ကျွန်မ စုကျိုက တခြားဂိုဏ်းက ရွှေအမြုတေအဆင့်တွေကိုဖမ်းပြီးသွားရင် ကျန်နေတဲ့ အစ်မတို့ လေးယောက်က နံပါတ်တစ်ဖြစ်သွားမှာပဲ"

စုန့်တွမ်နှင့် အခြားသုံးဦး : "!"

"မှန်ပါတယ် အစ်မစုန့် အခုအချိန်မှာ အစ်မတို့ လေးယောက်က အစွမ်းကုန် တိုက်နိုင်တဲ့ စွမ်းအားရှိဖို့ရယ်၊ 'ရှုဝမ်ယီ မျိုးဆက် ၁' ငါးယောက်ရဲ့ စွမ်းအားရယ်ကိုပေါင်းစပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ရင် အစ်မတို့က အစွမ်းထက်ဆုံး ရွှေအမြုတေအဆင့် အဖွဲ့ဖြစ်နေမှာပါ!"

"အစ်မစုန့်၊ ကျွန်မနောက်ကို လိုက်ဖမ်းတာက နောက်ဆုံးမှလုပ်ရမယ့် အလုပ်ပါ"

"ဂရုစိုက်ပါ၊ ကျွန်မကို လေးနာရီလောက်အချိန်ပေးပါ၊ ကျန်တဲ့ ရွှေအမြုတေအဆင့်တွေကို ကျွန်မ အပြတ်ရှင်းပေးမယ်၊ အဲ့ဒီကျရင် အစ်မတို့က အပင်ပန်းခံစရာမလိုဘဲ အသီးအပွင့်တွေကိုခံစားရုံပါပဲ"

"ဒါက ဒုတိယအစီအစဉ်ပါ"

စုန့်တွမ် : "..."

သူမ အခြားသုံးယောက်ဘက်လှည့်လိုက်သည်။

"ရှင်တို့ ဘာပြောချင်လဲ? သူ့ စကားကို နားထောင်ကြမလား"

ကြောက်စရာကောင်းလိုက်တာ…

ညီမလေးစုကျိုက ဒါကို တကယ် လုပ်နိုင်ပါ့မလား ??

တခြား ရွှေအမြုတေအဆင့်အဖွဲ့တွေ အကုန်လုံးကို အပြတ်ရှင်းဖို့ ?

သူမ တကယ် အိမ်မက်ကြီးတာပဲ..

အဖွဲ့ဝင် နံပါတ် ၃ ဖြစ်သူ ကျိုးဟန်က ခဏလောက် တွေဝေသွားပြီးနောက် စာအိတ်ပေါ်က နောက်ဆုံးစာကြောင်းကို ညွှန်ပြကာ ခါးသီးစွာ ပြုံးလျက် ဆိုသည်။

"ငါတို့မှာ ရွေးချယ်စရာ ရှိသေးလို့လား"

[စကားမစပ်၊ အစ်မတို့ ဒီနောက်ဆုံးစာကြောင်းကို ဖတ်နေတဲ့အချိန်မှာ ကျွန်မ တယ်လီပို့စနစ်ထဲကိုဝင်ပြီး ရှုဝမ်ယီကို ပွဲစီစဉ်သူတွေဆီ အပ်နှံပြီးလောက်ပါပြီ]

[ဟုတ်ပါတယ်၊ ဒီစာကို တမင်တကာ ရှည်ရှည်ဝေးဝေးရေးထားတာပါ၊ ဒါကို မနေ့ညကတည်းက ကြိုရေးထားတာ]

[အစ်မတို့ စာဖတ်နေတဲ့ အချိန်၊ ပြီးတော့ အချင်းချင်းဆွေးနွေးနေတဲ့ အချိန်တွေကြောင့် ရှုဝမ်ယီကို ပြန်ဖမ်းဖို့ အကောင်းဆုံး အခွင့်အရေးကိုလက်လွတ်သွားပါပြီ]

စုန့်တွမ်တို့ လေးယောက်လုံး နှုတ်ခမ်းများလှုပ်ခတ်သွားကြသည်။

[အစ်မတို့မှာ လမ်းတစ်လမ်းပဲ ကျန်တော့တယ်၊ ကာကွယ်ရေး အစီအရင်ကို အမြန်ပြန်ပြင်ကြပါ၊ ကံကောင်းပါစေ]

[အစ်မတို့ရဲ့ ချစ်လှစွာသော၊ ချမ်းသာဖို့ကံပါလာတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ညီမလေးစုကျို]

စုန့်တွမ်တို့ အံ့ဩမှင်သက်သွားကြသည်။

ချက်ချင်းဆိုသလိုပင် ဖီးနစ်ပုံသဏ္ဍာန် သက်တံရောင် မီးရှူးမီးပန်းများ ကောင်းကင်ယံ၌ ပေါက်ကွဲသွားသည်။

[ဂုဏ်ယူပါသည်၊ ဝိညာဉ်ပိုးဖလံဂေဟာ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့က ပထမဆုံးဖမ်းဆီးမှုကိုပြုလုပ်နိုင်ခဲ့ပါပြီ!]

[ကံမကောင်းစွာဖြင့် ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဆင့်အဖွဲ့မှ ရှုဝမ်ယီသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ]

[ဝိညာဉ်ပိုးဖလံဂေဟာ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ +၁၀၀ မှတ်!]

[ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဆင့်အဖွဲ့ -၁၀၀ မှတ်!]

"..."

စုန့်တွမ်တို့ လေးယောက်လုံး လက်များတုန်ယင်နေကြသည်။

"ကာကွယ်ရေး အစီအရင်ကို ပြင်ပြီး အထဲဝင်ကြစို့!"

စုန့်တွမ် အမြန်ပြောလိုက်သည်။

"ညီမလေးစုကျိုရဲ့ ဒုတိယအစီအစဉ်အတိုင်းလုပ်ကြရအောင်!"

ကျန်တဲ့ သုံးယောက် ယိုင်နဲ့သွားကြသည်။

ဒုတိယအစီအစဉ်... ဒါပဲ သူတို့ လုပ်နိုင်တော့တာကိုး ညီမလေးစုကျိုက တခြားဂိုဏ်းက ရွှေအမြုတေအဆင့်တွေကို ခြေမှုန်းပေးလိမ့်မယ် မဟုတ်လား ?

"ကြိုးစားပါ ညီမလေးစုကျိုရေ၊ အစ်ကိုတို့က ညီမလေးကိုပဲ အားကိုးတော့မယ်"

"အဆင်ပြေမှာပါနော် ? ဟိုကောင်လေး တောက်ဟယ်ကလည်း တော်တော်ပါးနပ်လာတာ"

"လဲ့ကျယ်လည်း ပါတာပဲ..."

"နောက်လူတွေက အရှေ့လူတွေကိုကျော်တက်ကုန်ကြပြီပဲ ငါတို့က ဒီပွဲမှာ ဂျူနီယာလေးတွေရဲ့ဦးဆောင်မှုနောက်ကို လိုက်ကြရ တော့မှာလား ? ဒီလိုပဲ လုပ်ကြစို့"

ဝိညာဉ်ပိုးဖလံဂေဟာမှ ရွှေအမြုတေအဆင့်လေးယောက်သည် စုကျိုစာနောက်ကျောတွင် ရေးထားသော [ရှုဝမ်ယီ မျိုးဆက် ၁ (နံပါတ် ၁ မှ ၅)] အသုံးပြုပုံ ညွှန်ကြားချက်များကို အလျင်အမြန်ဖတ်လိုက်ကြသည်။

သူတို့ အလွန်ဝမ်းသာသွားကြသည်။

"အားလုံးပေါင်းလိုက်ရင် သတိလစ်နေတဲ့ ရှုဝမ်ယီထက်ပိုပြီး အသုံးဝင်တာသေချာတယ်!"

စုန့်တွမ်တို့ ပျော်ရွှင်နေမှုက ထုတ်လွှင့်မှုပြကွက်တွင် ထင်ရှားနေသည်။

အခြားအဖွဲ့များကမူ ကောင်းကင်ယံက ဖီးနစ်ပုံသဏ္ဍာန်ကြေညာချက်ကို ကြည့်ပြီး အံ့ဩနေကြသလို ကြောက်စိတ်လည်း ဝင်နေကြသည်။

"ဝိညာဉ်ပိုးဖလံဂေဟာက ရှုဝမ်ယီ... ဝိညာဉ်ပိုးဖလံဂေဟာက အခြေခံတည်ဆောက်ခြင်းအဆင့် ညီလေး ညီမလေးတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလား"

"အခြေခံတည်ဆောက်ခြင်းအဆင့်က ၁၀၀ မှတ်ရပြီး ရွှေအမြုတေအဆင့်က ၁၀၀ မှတ် လျော့သွားတယ်? ဝိညာဉ်ပိုးဖလံဂေဟာ ဘာတွေ လုပ်နေတာလဲ?!"

"လက်တစ်ဖက်ကနေ နောက်လက်တစ်ဖက်ကိုပြောင်းပေးနေတာလား နောက်နေတာလား!"

တုန်းလိုင်တည်းခိုဆောင်၌ ကာကွယ်ရေးကိုအာရုံစိုက်နေကြသော ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့်အဖွဲ့များမှာ လုံးဝ ဆွံ့အသွားကြသည်။

ဒါ အမှားတစ်ခုလား ?

"သူတို့ ဒါကို ကြိုတင်စီစဉ်ထားတာလား"

"သူတို့ရဲ့ ကိုယ်ပိုင် ရွှေအမြုတေအဆင့်တွေက အခြေခံတည်ဆောက်ခြင်းအဆင့် ညီလေး ညီမလေးတွေကို ကူညီပေးနေတာလား"

"ဘာတွေ ဖြစ်နေတာလဲ"

ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့်အဖွဲ့ဝင်များသည် တစ်ချိန်ကအခြေခံတည်ဆောက်ခြင်းအဆင့်မှ တက်လာသော စီနီယာများ ဖြစ်သည် သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့တစ်ခုက သူတို့ကို ဖမ်းဆီးနိုင်လိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

ပိုဆိုးသည်မှာ ကိုယ့်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့က ကိုယ့်ကို ပြန်ဖမ်းလိမ့်မည်ဟု ပိုလို့မတွေးခဲ့ဖူးချေ။

"ရှုဝမ်ယီရဲ့ လုပ်ရပ်က ငါတို့ကို တော်တော်အခက်တွေ့စေတာပဲ!"

နတ်လက်နက်လမ်းစဉ်၊ ဖျော်ဖြေရေးဂိုဏ်းနှင့် ဝိညာဉ်ကုန်သည်အသင်း တို့မှ ရွှေအမြုတေအဆင့် အဖွဲ့ခေါင်းဆောင်များ အားလုံး အံ့ဩမှင်သက်သွားကြပြီးမှ တိတ်ဆိတ်သွားကြသည်။

ခဏအတွင်းမှာပင် သူတို့ ဖြစ်နိုင်ခြေများစွာကို တွေးတောမိသွားသည်။

ရှုဝမ်ယီက စိတ်ပျော့ပြီး သူ့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ညီလေး ညီမလေးတွေကို ကူညီပေးလိုက်တာလား ?

ဒါမှမဟုတ် သူက တကယ်ပဲ အသုံးမကျလို့ သူ့ညီလေး ညီမလေးတွေရဲ့ ဖမ်းတာကို ခံလိုက်ရတာလား ?

ဘယ်အချက်ပဲဖြစ်ဖြစ် ဒါက တော်တော် အရှက်ရစရာပါပဲ။

ဒါက သူတို့အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုကိုလည်း ပေးလိုက်သလိုဖြစ်သွားသည်။

တကယ်လို့ သူတို့ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့တွေက သူတို့တံခါးကိုလာခေါက်ရင် သူတို့ တံခါးဖွင့်ပေးရမလား ?

"လူကြီးကို ရိုသေပြီး လူငယ်ကိုသနားရမယ်လေ၊ ရွှေအမြုတေအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကြားမှာ တစ်ဖွဲ့ပဲ ထိပ်သီးဆယ်သင်းစာရင်းထဲ ပါသင့်တာပေါ့"

"စီနီယာအစ်မက ကျင့်ကြံမှုတွေ အရမ်းကြိုးစားခဲ့တာ မဟုတ်လား၊ ညီလေး ညီမလေးတို့အတွက် အရင်က မကြုံစဖူးတဲ့ လင်းလက်တဲ့ လမ်းစဉ်ကိုဖောက်ပေးချင်တယ်လို့ပြောခဲ့တယ် မဟုတ်လား အခု အချိန်တန်ပြီလေ!"

"စီနီယာအစ်ကိုကပြီးခဲ့တဲ့ အခေါက်က ညီလေး ညီမလေးတို့ကို ဂရုစိုက်ပါ့မယ်လို့ ပြောခဲ့တယ် မဟုတ်လား သူ့ကတိတည်ရမယ့် အချိန်ရောက်ပြီ!"

ဂိုဏ်းတစ်ခုစီမှ ရွှေအမြုတေအဆင့် အဖွဲ့ဝင်များ ချက်ချင်းကျောချမ်းသွားကြသည်။

ရှုဝမ်ယီ၊ အဲ့ဒီအရူး! အဲ့ဒီ လူယုတ်မာ!

သူ့ကို နောက်တစ်ခါထပ်မတွေ့ပါစေနဲ့၊ တွေ့တဲ့အခါတိုင်း သူ့ကို ဝိုင်းရိုက်ကြရမယ်!

စုကျို၏လုပ်ရပ်က ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့် အဖွဲ့ဝင်များကိုတုန်လှုပ်စေသလို၊ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များကိုလည်း ပိုပြီးမျက်စိပွင့်သွားစေသည်။

"စုကျို... မင်း ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အမှတ် ၁၀၀ ရသွားတာလဲ!"

နတ်လက်နက်လမ်းစဉ်မှ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်ဝေချန်ရှန်း သည် သူ့အဖွဲ့နှင့်အတူ တုန်းလိုင်တည်း ခိုဆောင်သို့ ရောက်ရှိလာစဉ် ခေါင်းတလားသယ်လာသော စုကျိုတို့အဖွဲ့နှင့်ဆုံခဲ့သည်။

"သေချာတာပေါ့၊ ကျွန်မတို့ လှည့်ကွက်လေး နည်းနည်းသုံးလိုက်တာပါ"

ထို့နောက် ဝေချန်ရှန်းသည် ကောင်းကင်ယံက နောက်ထပ်ကြေညာချက်ကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားသည်။

လှည့်ကွက်လေးတစ်ခု ?? ကိုယ့်ဂိုဏ်းက စီနီယာတွေကို အရင်ဖြုတ်လိုက်တာလား?

စုကျို မျက်ခုံးပင့်လိုက်သည်။

"ကျွန်မက သူတို့အကျိုးအတွက် လုပ်ပေးတာပါ၊ ကျွန်မကိုတောင် မနိုင်ရင် ရွှေအမြုတေအဆင့် ဗိုလ်လုပွဲမှာ အန္တရာယ်တွေ့ရင် ဘယ်လိုလုပ်မလဲ"

"ကျွန်မက ကြိုတင်ပြင်ဆင်ပေးတာပါ၊ ကျွန်မတို့ဂိုဏ်းက စီနီယာတွေအတွက်စိတ်ပူလို့ပါ"

"သူတို့ရဲ့ ကျင့်ကြံမှု အားနည်းချက်တွေကို စမ်းသပ်ပေးတာ"

ဒါက... အကျိုးအကြောင်း ဆီလျော်သလိုပဲ?

ဝေချန်ရှန်း မျက်လုံးများ လင်းလက်သွားသည်။

ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ပေးရမယ်။

စိတ်ဓာတ်တည်ငြိမ်တဲ့အထိ ပျိုးထောင်ပေးရမယ်။

သေသေချာချာ မလေ့ကျင့်ထားရင် အရေးကြီးတဲ့ အချိန်ကျရင် အကုန်ပျက်စီးကုန်မှာပေါ့..

တကယ့် စစ်တလင်းမှာတော့ ရန်သူက လေ့ကျင့်ရေးပွဲတွေလို ညှာတာမှာ မဟုတ်ဘူး။

အဲ့ဒီအချိန်ကျရင် အသက်ရှင်မလား သေမလားဆိုတာ ခန့်မှန်းရခက်လိမ့်မယ်။

“ရှောင်ဝေ၊ ငါတို့က မလေးမစား လုပ်တယ်လို့ မထင်ပါနဲ့၊ ငါတို့က ငါတို့ရဲ့ စီနီယာတွေအတွက် အားနည်းချက် ရှာပေးတာပါ၊ စစ်ပွဲမှာ ဘာမဆိုဖြစ်နိုင်တာပဲ”

“ငါတို့ဂိုဏ်းက ရှုဝမ်ယီက ဒီလောက်အထိပေါ့ဆပြီး အဖမ်းခံရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ?”

စုကျိုက ဝေချန်ရှန်းကို ပုခုံးတွန့်ပြလိုက်သည်။

All Chapters