အခန်း (၁၈၇)
Vol. 19 Ch. 187
🥝 Chapter 187
'ချမ်းသာခြင်းမှန်' သည် လူတစ်ယောက်၏ဘဝတွင် ချမ်းသာကြွယ်ဝလာနိုင်ခြေအရှိဆုံးသော လမ်းစကိုဖော်ပြပေးမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စုကျို မှန်ထဲ၌ပေါ်လာသော ရွှေတောင်ကြီးနှစ်လုံးကလူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
[ကိုယ့်ဘိုးဘေးကို သတ်ဖြတ်ခြင်း!]
[အရှက်မရှိလိုက်တာ!]
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ စုကျိုသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ထိုမှန်ကိုလက်ဗလာဖြင့်ပင် ရိုက်ခွဲပစ်ရန် ပြင်လိုက်သည်။
"ဟင်း... နေဦး! ညီမလေးစုကျို၊ ငါတို့ဂိုဏ်းရဲ့ချမ်းသာခြင်းမှန်က မကြာသေးခင်ကမှ ပြန်ပြင်ထားတာဆိုတော့ နည်းနည်း ချို့ယွင်းနေတာ ဖြစ်မှာပါ"
ရှန့်ဝူချင်းသည် စုကျို၏ကြမ်းတမ်းသော လုပ်ရပ်ကို အမြန်တားဆီးလိုက်သည်။
"စိတ်မလိုက်ပါနဲ့"
"မှန်မှာ ဘာအပြစ်မှ မရှိပါဘူး!"
စုကျို : "..."
သူမနောက်မှ ယင်လီသည် သူh မေးစေ့ကို ပွတ်သပ်ရင်း ဆိုသည်။
"စိတ်နှလုံးရောင်ပြန်ဟပ်တဲ့မှန်ထက် ပိုကြောက်စရာကောင်းတဲ့ ဝိညာဉ်လက်နက်မှန် ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
ကျူးပိုင်ယွီကမူ လက်ပိုက်လိုက်ကာ
"ဂျီးချွတ်ရှီးရှန့်ဆောင် ကိစ္စပြီးကတည်းက ငါကတော့ မှန်,မှန်သမျှနဲ့မတည့်တော့ဘူး"
တောက်ဟယ်၊ လိုကျားနှင့် အခြားသူများက သိချင်စိတ်ဖြင့် ကြည့်နေကြသည်။
"ညီမလေးစုကျို၊ မင်းက ဘယ်ဘိုးဘေးကို သွားတိုက်မှာလဲ? မင်းရဲ့ စုမိသားစုဘိုးဘေးလား ဒါမှမဟုတ် ရှီးရှန်ဆောင်ရဲ့ ဘိုးဘေးလား?"
"ဒါမှမဟုတ် သူ ဒီနေ့ဝိညာဉ်ကုန်သည်အသင်းဆီလာတာက အသင်းရဲ့ဘိုးဘေးကို ဖျက်ဆီးဖို့များလား?"
ရှန့်ဝူချင်းမှာ ခေါင်းထဲတွင် ဒိန်းခနဲဖြစ်သွားသည်။ ဒီလူတွေ ခေါင်းရောကောင်းကြရဲ့လား? သူတို့အားလုံးကမှန်ပြတာ မှန်တယ်လို့ ထင်နေကြတာလား? စုကျိုက ဘာလို့ ငါတို့ ဝိညာဉ်ကုန်သည်အသင်းရဲ့ဘိုးဘေးကို ဖျက်ဆီးရမှာလဲ?!
"လျှောက်ပြီး စွပ်စွဲမနေကြနဲ့" စုကျိုက ဝန်ခံရန် ငြင်းဆန်လိုက်သည်။
"ဘယ်သူကမှ ငါ့ကို ပိုက်ဆံအများကြီးပေးပြီး လူသတ်ခိုင်းထားတာမရှိဘူး၊ ငါက ဘာလို့ ဒီလို မရိုးသားတဲ့အလုပ်ကို လုပ်ရမှာလဲ?"
ရှန့်ဝူချင်း : "..."
သူသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
"မှန်က ချို့ယွင်းနေတာ ဖြစ်နိုင်ပါတယ်၊ ဝိညာဉ်လက်နက်တွေကို စီမံတဲ့ ငါ့ဂိုဏ်းက စီနီယာအစ်မကို လာပြင်ပေးဖို့ ငါ အကြောင်းကြားလိုက်ပါ့မယ်"
သူ စကားပြောနေစဉ်မှာပင် စုကျိုသည် ယင်လီကိုမှန်ရှေ့သို့ ဆွဲခေါ်ကာ သူမ၏လမ်းစကို ကြည့်ခိုင်းလိုက်သည်။ ချက်ချင်းဆိုသလို ရွှေနီရောင်လမ်းတစ်ခုပေါ်လာပြီး ၎င်းမှာ [စာမေးပွဲအဖြေများ ရောင်းချခြင်း] ဖြစ်နေသည်!
ယင်လီ : "!"
"ဒါက ငါ တစ်ခါမှ မစဉ်းစားဖူးတဲ့ နည်းလမ်းပဲ၊ ငါက အရာအားလုံးကို သိနေတာဆိုတော့ စာမေးပွဲခန်းအပြင်ဘက်မှာ ပိုက်ဆံရှာဖို့ အသင့်တော်ဆုံးပဲပေါ့..."
"အဖမ်းခံရဖို့ပဲ ရှိတာပါ"
စုကျို ရက်ရက်စက်စက် ထပ်ဖြည့်ပြောလိုက်သည်။
ရှန့်ဝူချင်း ရယ်မောလိုက်သည်။
"ဒီမှန်က အရင်ဂိုဏ်းချုပ်ကြီး ငယ်ငယ်တုန်း လုပ်ခဲ့တဲ့ ကိရိယာလေးပါ၊ သူက ပိုက်ဆံရှာဖို့ပဲ စိတ်ဝင်စားတာလေ၊ မှန်ကြည့်တဲ့သူ ထောင်ထဲရောက်မလားဆိုတာကို သူ ထည့်မစဉ်းစားဘူး"
"..."
"ဒါပေမဲ့ ဒါက ရည်ညွှန်းချက်တစ်ခုတော့ဖြစ်နိုင်တာပေါ့၊ မှန်ထဲက အကြံဉာဏ်တွေကို အစပျိုးပြီး ငါတို့ တစ်ယောက်ချင်းစီအတွက် အသင့်တော်ဆုံး အသက်မွေးဝမ်းကျောင်းကို ရှာတွေ့နိုင်မှာပါ"
ရှန့်ဝူချင်းက ရှင်းပြလိုက်သည်။
"ငါတို့ဂိုဏ်းထဲဝင်လာတဲ့ တပည့်သစ်တွေရော၊ ဧည့်သည်တွေရော အကုန်လုံးက ပိုက်ဆံရှာဖို့ လမ်းစသိချင်ရင် 'ချမ်းသာခြင်းမှန်' ကို အရင်ကြည့်လေ့ရှိကြတယ်" ဟု သူက ဆိုရင်း ကြေးမှန်ကို တစ်ဖက်သို့ လှန်ပြလိုက်သည်။
ကျောဘက်တွင် နီရဲနေသော စာလုံးအသေးလေးများဖြင့် ရေးထားသည်မှာ -
"[ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခု၏ [ဖတ်မရသောစာသားများ] ကို ရောင်းချခြင်းသည် တရားမဝင်သောကြောင့် ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ချုပ်နှောင်ခြင်း၊ ခံဝန်ချက်ဖြင့် လွှတ်ခြင်း သို့မဟုတ် နိုင်ငံရေးအခွင့်အရေးများ ပိတ်ပင်ခြင်း ခံရနိုင်သည်၊ ပြင်းထန်ပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်သည်]"
"ကြည့်ပါဦး၊ မှန်ရဲ့ ကျောဘက်မှာ ဘေးအန္တရာယ် သတိပေးချက်လည်း ပါတယ်လေ"
ယင်လီ : "..."
"ငါကတော့ ထောင် သုံးနှစ်ပေါ့၊ ရှောင်ကျိုရဲ့ 'ဘိုးဘေးသတ်ပြီး အထက်ဘုံတက်တာ' ကတော့ တစ်သက်တစ်ကျွန်း ကျလောက်တယ်"
"..."
စုကျို မျက်စိမှိတ်လိုက်သည်။ သူမသည် မူလက ချန်ယွမ်ကိုပါ စမ်းကြည့်ခိုင်းမလို့ ဖြစ်သော်လည်း၊ ပျက်နေတဲ့မှန်က ထောင်ထဲပို့ဖို့ပဲ လမ်းညွှန်နေတာ မြင်ရတော့ မလုပ်ခိုင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ၏ 'ဘိုးဘေးသတ်လမ်းစဉ်' ကြောင့် လဲ့ကျယ်နှင့် တောက်ဟယ်တို့မှာ သတ္တိရှိသွားကြပြီး မှန်ရှေ့သို့ အသီးသီး လျှောက်သွားကြသည်။
"တခြားသူတွေအတွက် လျှပ်စီးပစ်ပေးပြီး ခန္ဓာကိုယ် သန်မာအောင်လုပ်ပေးခြင်း..."
လျန်ဟော့ကျီ : "...ချစ်သူများနေ့မှာ မီးရှူးမီးပန်း ရောင်းတာလား ?"
တောက်ဟယ် : "...မျက်လှည့်ပြတဲ့ သူခိုးလမ်းစဉ် ?"
လိုကျား : "...အိမ်ထောင်ရေး ပြဿနာတွေကို ဖြေရှင်းပေးသူ ???"
ယို့လု : "...ကံစမ်းမဲတွေနဲ့ အသက်မွေးတာလား..."
...
လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့က ကျင့်ကြံသူတွေရော ဟုတ်ရဲ့လား?
"အသုံးမကျတဲ့မှန်"
"..."
ရှန့်ဝူချင်းကတော့ လူတွေကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ! သူက အခုတော့ ကြေးမှန်က အကောင်းကြီး၊ ပြဿနာက မင်းတို့လူတွေဆီမှာပဲလို့ ခံစားနေရပြီ! သူ ချန်ယွမ်ကို ဆွဲခေါ်ကာ စမ်းကြည့်ခိုင်းလိုက်သည်!
"ရပါတယ်၊ မိစ္ဆာတွေတောင် သူတို့ဘာသာ ပိုက်ဆံရှာမယ့်လမ်း ရှာတွေ့နိုင်တာပဲ"
ဒါပေမဲ့ ချန်ယွမ် ရောက်လာတဲ့အခါမှာတော့ ချမ်းသာခြင်း ကြေးမှန်ထဲက ဝိညာဉ်စွမ်းအင် ဝဲဂယက်က လှုပ်ခတ်သွားပေမယ့်၊ ရုတ်တရက်ဆိုသလို ပိုပြီး နက်မှောင်သွားကာ ထူထပ်တဲ့ တိမ်တိုက်တွေ ဖုံးလွှမ်းသွားသဖြင့် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ချန်ယွမ့်အမူအရာမှာ အေးစက်မာကျောနေပြီး သူ့ နှုတ်ခမ်းလွှာများမှာတွဲကျနေသည်။
"ကျွန်တော် မပါဘဲနဲ့..."
"မှန်ပျက်နေတာပါ၊ ပြန်ပြင်ပြီးမှ ထပ်ကြည့်ကြတာပေါ့"
စုကျိုက သူ့ကို ဆွဲထုတ်လိုက်ကာ "စီနီယာအစ်ကိုဝူချင်း၊ အမြန်ပြင်ခိုင်းလိုက်ပါဦး" ဟု ဆိုလိုက်သည်။
ရှန့်ဝူချင်း : "..."
သူကတော့ မှန်က မပျက်ဘူးလို့ ပိုပိုပြီးခံစားနေရသည်။
သို့သော် သူသည် အရေးကြီးသည့် ကိစ္စကို ချက်ချင်း သတိရလိုက်သည်။
"ကျန်တဲ့ ထိပ်သီးဆယ်သင်း အဖွဲ့တွေ အကုန်လုံး ဆုလာဘ်တွေ လာယူနေကြပြီ။ မင်းတို့ အဖွဲ့ပဲ ကျန်တော့တာ။ သွားကြစို့၊ ဆုတော်ခန်းမကို သွားရအောင်"
ဝိညာဉ်ကုန်သည်အသင်း၏ခန်းမဆောင်ကြီးထဲသို့ ဝင်လိုက်သည့်အခါ ဘေးတစ်ဖက်တစ်ချက်စီရှိ ရွှေရောင်နံရံများပေါ်တွင် ထူးချွန်သော အကြီးအကဲများနှင့် တပည့်များ မည်သို့ ချမ်းသာလာခဲ့ကြသည်ဟူသော ပုံပြင်များကို ရေးဆွဲထားသည်။ စုကျိုတို့အဖွဲ့ ခန်းမထဲသို့ ဝင်လာစဉ် ဝိညာဉ်ကုန်သည်အသင်း တပည့်များသည် ရွှေရောင်နံရံများရှေ့တွင် တင်ပလ္လင်ခွေ ထိုင်နေကြသည်ကို တွေ့ရသည်၊ တစ်ဦးချင်းစီမှာ အလွန်ချမ်းသာကြွယ်ဝပုံရပြီး နံရံပေါ်ရှိ ပုံပြင်များကို လေ့လာနေကြခြင်းဖြစ်သည်။
"ဝိညာဉ်ကုန်သွယ်ရေးမှာ ပါရမီပါတဲ့ ကျင့်ကြံသူတွေဟာ နံရံပေါ်က သူဌေးကြီးတွေရဲ့ ပုံပြင်တွေကို ကြည့်ပြီး အသိအမြင်သစ်တွေရ ကာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကိုတိုးမြှင့်နိုင်ကြတယ်" ဟု ရှန့်ဝူချင်းက ရှင်းပြလိုက်သည်။ သူ စကားပြောပြီးသည်နှင့် မြေပြင်ပေါ်ရှိ လူဝကြီးတစ်ယောက်သည် ကျယ်လောင်စွာ ရယ်မောလျက် ခုန်ထလိုက်တော့သည်!
"ငါ သိပြီ! ဝိညာဉ်လက်နက် အဟောင်းတွေကို ဒီလိုမျိုးပြန်လည်အသုံးချပြီး ရောင်းလို့ရတာပဲ! ဒါက တစ်ပတ်ရစ်ဈေးကွက်လိုမျိုး အမြတ်အများကြီး ရတာပဲ၊ ဟားဟားဟား!"
ခဏချင်းတွင် သူသည် နံရံပေါ်ရှိ ဈေးကွက်ပုံပြင်များထဲတွင် စိတ်နှစ်သွားတော့သည်။ ကောင်းကင်မှ ဝိညာဉ်ကျောက်တုံးများ လိမ့်ကျလာပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲကာ သူ စုပ်ယူလိုက်သည်။
ရှန့်ဝူချင်းက ညွှန်ပြလိုက်သည် "အခုလိုမျိုးပေါ့၊ စီးပွားရေးပုံစံအသစ်တစ်ခုကို နားလည်ပြီး ချမ်းသာကြွယ်ဝမှု လမ်းစသစ်တစ်ခုကို ဖွင့်နိုင်တိုင်း ငါတို့ရဲ့ ကျင့်ကြံမှုက တိုးတက်လာတတ်တယ်၊ ငါတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အဲ့ဒီအတိုင်း တိုးလာမှာပဲ၊ သေချာတာပေါ့၊ လူတိုင်းက မဟာကျင့်ကြံသူအဆင့်အထိ မရောက်နိုင်ပါဘူး၊ ဒါက စီးပွားရေးလမ်းစဉ်အပေါ် သူတို့ရဲ့ နားလည်မှုအပေါ်မှာလည်း မူတည်တာပေါ့"
ရှန့်ဝူချင်း ပြောဆိုရင်း စုကျိုတို့အဖွဲ့ကို ခန်းမဆောင်ကြီး၏ အတွင်းဘက်သို့ ဦးဆောင်ခေါ်သွားသည်။ တံခါးအပြင်ဘက်တွင် ကျောက်မျက်ရတနာ အပုံလိုက်ကြီးများဖြင့် ဖွဲ့စည်းထားသော တောင်တန်းများနှင့် မြစ်များ၊ ပြီးတော့ ရွှေ၊ ငွေနှင့် ဝိညာဉ်ကျောက် တုံးများဖြင့် စီးဆင်းနေသော မြစ်ပေါင်းများစွာကိုတွေ့လိုက်ရသည်။
"တောင်တစ်ခုစီ၊ မြစ်တစ်ခုစီဟာ ဒီမှာရှိနေတဲ့ တပည့်တွေနဲ့ အကြီးအကဲတွေ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ စမ်းသပ်မှုတွေကနေ ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကိုယ်စားပြုတာပါ၊ ဒါကြောင့် ငါတို့သာ ပိုက်ဆံမသုံးဘူးဆိုရင် ဂိုဏ်းထဲက တောင်တွေနဲ့ မြစ်တွေက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လမ်းတွေကို ပိတ်ကုန်လိမ့်မယ်၊ တပည့်တွေ သွားလာလို့ရအောင် လမ်းတွေကို အမြဲ ရှင်းထားရတယ်။ အဲ့ဒါကြောင့်ပဲ ငါတို့ ဝိညာဉ်ကုန်သည်အသင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဂိုဏ်းရဲ့ ချမ်းသာကြွယ်ဝမှု တွေကို အမြန်ကုန်ခမ်းစေဖို့အတွက် ကောင်းကင်ဘုံဆီကနေစွမ်းအားတွေ ချေးယူတဲ့ နည်းစနစ်ကိုတီထွင်ခဲ့တာပေါ့"
စုကျို : "..."
"သတိထား!" ရှန့်ဝူချင်းက သူတို့လမ်းကိုပိတ်လိုက်ပြီး အပေါ်မှ လိမ့်ကျလာသော ပတ္တမြားမြေပြိုမှုကြီးကို တားဆီးလိုက်သည်!
"ဒါက ငါတို့ စီနီယာအစ်မတစ်ယောက် ပိုက်ဆံရှာနေတာဖြစ်ရမယ်၊ ငါတို့ဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေက ပတ္တမြားလို အရာတွေကို သဘောကျကြတယ်၊ အဲ့ဒါက အလှဆုံးပဲလို့ သူတို့ ထင်ကြတာလေ၊ အားလုံးပဲ လမ်းလျှောက်တဲ့အခါ သတိထားကြပါ၊ ခေါင်းနဲ့ ခြေထောက်ကို ကြည့်လျှောက်ကြနော်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး လျှောက်တာက အကောင်းဆုံးပဲ"
"..."
"!"
ရှန့်ဝူချင်းသည် လမ်းတစ်လျှောက်ရှိ အမျိုးမျိုးသော ကျောက်မျက်ရတနာများကို ဖယ်ရှားပေးရင်း ဦးဆောင်လာခဲ့ရာ နောက်ဆုံးတွင် "ဆုတော်ခန်းမ" ဟု ရေးထားသော ကမ္ပည်းပြားရှိသည့် ဂူတစ်ခုသို့ရောက်ရှိလာခဲ့သည်။ အတွင်း၌ ကြီးမားလှသော ဝိညာဉ်ကျောက် တုံးကြောကြီး ရှိနေသည်။ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ မြင့်မားလွန်းသဖြင့် လမ်းပင် ကောင်းကောင်းမမြင်ရတော့ပေ။
ဤဂူထဲသို့ ဝင်လိုက်သည့်အခါ စုကျိုသည် ထိပ်သီးဆယ်သင်း အဖွဲ့အတော်များများ ဤနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ လူတိုင်းသည် တင်ပလ္လင်ခွေထိုင်ကာ မျက်စိမှိတ်ကျင့်ကြံနေကြသည်။ စုကျို ဝင်လိုက်သည်နှင့် သူမကို ဝိညာဉ်ကျောက်တုံးပေါင်း များစွာက ဝန်းရံလိုက်တော့သည်။
ရှန့်ဝူချင်းက ရှင်းပြသည် "ဒါက ငါတို့ရဲ့ ဆုတော်ခန်းမပါ၊ အတိတ်က တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်လို့ ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုဆုလာဘ်တွေကို ဒီမှာ အရင်းအမြစ်တွေ ဒါမှမဟုတ် အသိအမြင်သစ်တွေနဲ့ လဲလှယ်နိုင်ပါတယ်၊ ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး"
သူ့လမ်းညွှန်မှုအောက်တွင် စုကျိုတို့အဖွဲ့သည် မျက်စိမှိတ်လိုက်ကြပြီး ဝိညာဉ်ကြောပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်ကြသည်။
[စုကျို၊ မင်းဟာ ရှီးရှန်ဆောင်ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ကို ဦးဆောင်ပြီးဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ပထမရအောင် လုပ်နိုင်ခဲ့တယ်၊ ဒါကြောင့် အမှတ် ၂၉၀၀ နဲ့ ဝိညာဉ်ကျောက်တုံးတစ်သန်းကို ဆုလာဘ်အဖြစ် ရရှိပါတယ်]
[ဝိညာဉ်ကျောက်တုံး တစ်သန်းစလုံးကို ကျင့်စဉ်တွေလွှဲပြောင်းရယူဖို့နဲ့ အသိအမြင်သစ်တွေအတွက် လဲလှယ်မလား?]
စုကျို မျက်လုံးများ လင်းလက်သွားသည်။ ဘယ်လောက်တောင် ရက်ရောလိုက်သလဲ! သူက ပစ္စည်းတွေစုဆောင်းထားရတာကို မကြိုက်ပါဘူး၊ ဒါမျိုးကိုပဲ သဘောကျတာပါ။
"အကုန်လုံး လဲလိုက်မယ်"
ချက်ချင်းဆိုသလို သူ့ သိုလှောင်အိတ်ထဲရှိ ချန်ပီယံဆုရ ဝိညာဉ်ကျောက်တုံးတစ်သန်းသည်ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် သူမသည် ဝိညာဉ်ကျောက်တုံးတောင်တန်းကြီး၏ မယူလိုက်ခြင်းကို ခံရပြီး တစ်ကိုယ်လုံး ယခင်က မကြုံစဖူးသော ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများကြားတွင် စိမ်ထားသကဲ့သို့ ဖြစ်သွားတော့သည်! ဝိညာဉ်စွမ်းအင်များသည် သူ့ အသားအရေနှင့် သွေးကြောများထဲသို့ စီးဝင်သွားရုံတင်မကဘဲ သူမ၏ ဒန်ထျန်၊ ဝိညာဉ်အမြုတေနှင့် ကိုယ်တွင်းအင်္ဂါများကိုပါ အမြန်ဖြည့်တင်းလိုက်သည်။
သူမ ခန္ဓာကိုယ် ခွန်အားနှင့် ကျင့်ကြံမှုအဆင့်မှာ တောက်လျှောက်တိုးတက်လာနေသည်။ စုကျိုစိတ်ထဲတွင် အတိတ်က ကျင့်ကြံမှု အတွင်းကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် ပေါ့ဆမှုများ ချက်ချင်းဖြတ်ပြေးသွားသည်။ အရေးကြီးဆုံးဖြစ်သော ပိုးမွေးမြူခြင်း အတတ်ပညာ၊ ပုံတူပွားခြင်းကို အသုံးချပုံနှင့် ယခုပြိုင်ပွဲအတွင်း သူမ လုပ်ဆောင်ချက်များထဲမှ နောင်တရစရာများနှင့် ပြောင်မြောက်မှုများ အားလုံးကို နှေးကွေးသောပြကွက်များကဲ့သို့ ပြန်လည် မြင်ယောင်လာသည်။
အဲ့ဒါတွေကို ထပ်ခါတလဲလဲ ကြည့်ရင်းဖြင့် သူမ နားလည်သဘောပေါက်မှုမှာ တဖြည်းဖြည်း တိုးတက်လာသည်။ ရှီးရှန်ဆောင်၏ ကျင့်စဉ်များအပေါ် သူမ နားလည်မှုနှင့် ပုံတူပွားခြင်းလှည့်ကွက်အပေါ် သူ့ကျွမ်းကျင်မှုမှာ ယခင်ကထက် ပိုမိုပြည့်စုံလာတော့သည်!
အခြေခံတည်ဆောက်ခြင်းအဆင့်အလယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း... အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်... ရွှေအမြုတေအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းအလို သူ့ကျင့်ကြံမှုသည် ဝိညာဉ်စွမ်းအင်များ၏ကူညီမှုဖြင့် နားလည်မှုနှင့် တာအိုနှလုံးသားအဆင့်ထိ နောက်ဆုံး လိုက်မီသွားတော့သည်။
တစ်ချိန်တည်းမှာပင် ဆုတော်ခန်းမအတွင်းရှိ လူအများအပြားသည် ရွှေရောင်အလင်းတန်းများကို စုစည်းပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်ပုတီးစေ့တစ်ခုအဖြစ်ပြောင်းလဲလိုက်ကြသည်။
"လဲ့ကျယ်က အမြုတေတည်ဆောက်နိုင်သွားပြီလား?"
"ယို့လုနဲ့ လိုကျားလည်း ရောက်တော့မှာပဲ..."
"တောက်ဟယ်နဲ့ မူချင်းချိုးက ရွှေအမြုတေအဆင့် ရောက်ဖို့ လက်တစ်ကမ်းအလိုရောက်နေပြီ!"
"ယင်လီလည်း အမြုတေအတု တစ်ခု ဖော်ဆောင်နိုင်သွားပြီ!"
အခြားအဖွဲ့ဝင်များသည် ဝိညာဉ်စွမ်းအင်များ စုပ်ယူနေစဉ်မှာပင် ရှီးရှန်ဆောင် အဖွဲ့ဝင်များ၏အခြေအနေကို သတိပြုမိသွားကြ သည်။ ၎င်းမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း အံ့ဩစရာလည်းကောင်းလှသည်။
"စုကျိုလည်း ရွှေအမြုတေအဆင့်ရောက်ဖို့ လက်တစ်ကမ်းအလို ရောက်နေလောက်ပြီ... သူက ဝေချန်ရှန်းတို့လို ရွှေအမြုတေအဆင့် ရောက်ခါနီး လူတွေနဲ့ အပြန်အလှန်တိုက်နေခဲ့တာဆိုတော့ ရွှေအမြုတေအဆင့်ရဲ့တံခါးဝကို ထိတွေ့နေပြီလေ"
"အမှန်ပဲ၊ ဝေချန်ရှန်းခုနစ်ယောက်နဲ့ ဝေချန်ရှန်း တစ်ယောက် ပြန်တိုက်နေတာကို သူမက ကျောက်တိုင်ပေါ်မှာ ထိုင်ကြည့်နေတာလေ၊ မင်းပြောတာက သူ အဲ့ဒီလိုနဲ့ ရွှေအမြုတေအဆင့် တံခါးဝကိုရောက်သွားတာလား?"
ဆုတော်ခန်းမထဲမှာတင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သော ဝေချန်ရှန်းကမူ - "..."
ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပေးကြပါဦး! ဒီလူတွေကတော့!
"မဟုတ်ဘူး၊ စုကျိုက အမြုတေ တည်ဆောက်တဲ့ အဆင့်ကိုတောင် မရောက်သေးဘူး! သူက ရွှေအမြုတေအဆင့်ကို တန်းကျော်ပြီး တက်တော့မှာ!"
"ဘာ?"
လူတိုင်းသည် ရှီးရှန်ဆောင် အဖွဲ့သားများ ထိုင်နေသည့် ဝိညာဉ်ကြောဆီသို့ အံ့ဩတကြီး ကြည့်လိုက်ကြရာ စုကျို နဖူးပေါ်တွင် အရှေ့တိုင်းပုလဲတစ်လုံးလောက်ရှိသော ရွှေနီရောင်အမြုတေပုတီးစေ့တစ်ခုပေါ်နေသည်ကို အမှန်ပင်တွေ့လိုက်ရသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ မြင်တာ မှားနေသလားဟု ထင်ရလောက်အောင်ပင် သူ့ ရွှေနီရောင်ရွှေအမြုတေသည် ရုတ်တရက် နောက်ထပ် ကိုးခုထပ်တိုးလာတော့သည်!
"?!" "
!!"
စုကျိုသည် သူ့ မျက်လုံးများကို အမြန်ဖွင့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ဘုရားရေ! ငါက သိချင်လို့တစ်ချက်လေး ထိကြည့်လိုက်တာကို ဘာလို့ ဒီလိုဖြစ်သွားတာလဲ? ငါ့မှာ ရွှေအမြုတေကိုးခု ထပ်တိုးလာပြီ! အဆင်ပြေရဲ့လား?"
ဒီမှာ ကျင့်ကြံတာက အရမ်းဘေးကင်းပါတယ်ဟု ခုနလေးတင်ပြောခဲ့သော ရှန့်ဝူချင်းမှာ ဆွံ့အသွားတော့သည် "???"
"ဘာမှမလုပ်နဲ့ဦး! ငါ ဆရာမကို သွားခေါ်လိုက်မယ်!"
"..."
"!?"
မဟာကျင့်ကြံသူအဆင့်ရှိ ရှန့်လိုင်လိုင်သည် မျက်ကွင်းညိုကြီးများဖြင့် ဆုတော်ခန်းမထဲသို့ ဆင်းသက်လာခဲ့သည်။ သူမကို ဒီကို မဖိတ်ခင်မှာ သူမသည် ဒီလအတွက် လုပ်ငန်းအသီးသီး၏စာရင်းဇယားတွေကို ပိတ်ဖို့ အလုပ်ရှုပ်နေခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးမှာ ပွဲစီစဉ်သူဖြစ်တဲ့ ဝိညာဉ်ကုန်သည်အသင်းဟာ ဒီပွဲရဲ့ အသုံးစရိတ်နဲ့ အမြတ်အစွန်းတွေကို တွက်ချက်ဖို့လိုအပ်လေသည်။ ဝိညာဉ် ကုန်သည်တစ်ဦးအနေနဲ့ သူမ အနာဂတ် စီးပွားရေးအခွင့်အလမ်းတွေရဲ့အနှစ်သာရကို သိဖို့အတွက် စီမံကိန်းတွေရဲ့ အမြတ်အစွန်း ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာကိုရေးဖို့လိုအပ်သည်။ စိတ်စွမ်းအားအလွန်အမင်း သုံးလိုက်ရတာကြောင့် မဟာကျင့်ကြံသူဖြစ်တဲ့ သူမပင်လျှင် မျက်ကွင်းတွေ ညိုနေခဲ့ရသည်။
"ဟင်?"
"ရွှေအမြုတေ ဆယ်ခုလား?"
ရှန့်လိုင်လိုင်သည် ဆုတော်ခန်းမထဲဝင်လိုက်သည်နှင့် စုကျို အခြေအနေကို ချက်ချင်းထိုးဖောက်မြင်လိုက်သည်။
"တစ်ခုက မင်းရဲ့မူရင်းအမြုတေ၊ ကျန်တာတွေက ပုံတူတွေလား?"
"အကုန်လုံးကို အပြင်ထုတ်ကြည့်စမ်း၊ ဘာတွေထူးခြားလဲ ငါ ကြည့်ရအောင်"
စုကျိုသည် ချက်ချင်းစကားနားထောင်ကာ မျက်စိမှိတ်လိုက်ပြီး သူမ၏ ရွှေအမြုတေ ဆယ်ခုနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ ရွှေအမြုတေများကို စုစည်းပြီးနောက် သူမ၏ အသိစိတ်၊ ခန္ဓာကိုယ်နှင့် ကျင့်ကြံမှုတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ထက် အနည်းဆုံးသုံးဆလောက် ပိုမိုမြင့်မားလာသည်ကို သူမ ခံစားလိုက်ရသည်။ ဒါ့အပြင် အတွေးတစ်ခုတည်းဖြင့် ရွှေအမြုတေတွေကို ထိန်းချုပ်နိုင်သည်လေ။ ဟူကျဲကျင့်က သူ့ရွှေအမြုတေကို ဂျိုင်းကြားထဲမှာ ဝှက်ထားသလိုမျိုးပေါ့၊ သူလည်း သူ့ ခန္ဓာကိုယ်ထဲမှာ ရွှေအမြုတေတွေကို စိတ်ကြိုက်ရွှေ့နိုင်လေသည်။
အခု ရှန့်လိုင်လိုင်၏အကြံပြုချက်ကို ကြားရသောအခါ စုကျို ခေတ္တစဉ်းစားလိုက်ပြီး ရွှေအမြုတေများသည် သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာကြကာ လုံးဝန်းလှပသော ပုလဲများကဲ့သို့ တောက်ပလျက် ရှန့်လိုင်လိုင်ရှေ့တွင် ယိမ်းယိုင်လျက်ပျံသန်းနေကြသည်။
"ကျန်တဲ့ ကိုးခုကော?"
"အင်း၊ ခဏစောင့်ပါဦး၊ များလွန်းလို့ နာမည်တောင် မပေးရသေးဘူး"
"..."