← Chapters

end

Vol. 20 Ch. 200

end

Vol. 20 Ch. 200

🥝 Chapter 200

“ငါ ဝန်ခံပါတယ်ဎ”

သို့သော် စုကျို၏နီရဲသော နှုတ်ခမ်းလွှာများ အသာအယာ ပွင့်ဟသွားသည်။

“ပုံတူပွားစမ်း”

သိပ်သည်းလှသော ဝိညာဉ်မြူခိုးများကြားတွင် ငွေရောင်ဆံနွယ်နှင့် မိစ္ဆာကြီး၏ဝတ်လစ်စလစ် ရုပ်သေးရုပ်ကိုးရုပ်သည် စုကျို ပတ်ဝန်းကျင်တွင် ဖြည်းဖြည်းချင်းပေါ်လာတော့သည်။ ကျိုးကျန့်ဟဲ သေသေချာချာမမြင်ရသေးခင်မှာပင် သူ့ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင် လက်မောင်းကိုးခု၏ ချေမှုန်းခြင်းကို ချက်ချင်းခံလိုက်ရတော့သည်။

“အား—!”

“ဩော် အားယွမ်၊ နင့်အတွက် ငါဝယ်ထားပေးတဲ့ ကိုးရောင်ခြယ်ဝတ်ရုံကို နောက်ဆုံးတော့ဝတ်လို့ရပြီပေါ့”

စုကျို၏ ကျေနပ်နေသော အသံနှင့် ဝိညာဉ်မြူခိုးများကြားတွင် မိစ္ဆာကြီး၏မေးစေ့ကို ပင့်တင်လိုက်သောအပြုအမူမှာ ကျိုးကျန့်ဟဲ နောက်ဆုံးခံစားလိုက်ရသော အာရုံပင်။ သူမသည် ထိုသို့ပြုလုပ်လိုက်သည်မှာ ရုပ်သေးရုပ်ကိုလား သို့မဟုတ် အစစ်အမှန် မိစ္ဆာကြီးကိုလားဆိုသည်ကို သူ မသိတော့ပေ။

သူ့ သတိများ လုံးဝပျောက်ကွယ်မသွားမီ ကျိုးကျန့်ဟဲ ဟိန်းဟောက်လိုက်မိသည်။ မိစ္ဆာဘုရင်! သူသည် ရှေးဟောင်းမြွေဘုရင် မျိုးဆက်ပင်။ ယနေ့တွင် သူ့ သွေးမျိုးဆက်မှာ နိုးထလာခဲ့ပြီး သူသည် ဘုရင်အသစ်ဖြစ်လာခဲ့ပြီဖြစ်သည်။ ဤမိစ္ဆာတွင် သူ့ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သော အင်အားရှိနေသော်လည်း၊ သူသည် သူ့အားမသတ်မီ ‘ခွေးစာ’ အတင်းကျွေးလိုက်သည် မဟုတ်ပါလား! ဒီမိစ္ဆာကြီးနဲ့ စုကျိုတို့က တကယ်ခက်အောင်လုပ်နေကြတာပါလား!

“သူ ဘယ်လက်နဲ့ နင့်ကိုထိခိုက်အောင်လုပ်ခဲ့တာလဲ အားယွမ်?”

ကျိုးကျန့်ဟဲသည် စိတ်ပျက်အားငယ်စွာဖြင့် သတိလစ်သွားတော့သည်။ အမှောင်ထုထဲသူ၏နောက်သို့ ငိုယိုကာလိုက်ပြေးနေသော ဝေဝါးသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသလိုပင်။ ဤတစ်ခါတွင်မူ သူသည် နောက်သို့လှည့်ကာ ပြေးသွားပြီး သူမ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တော့သည်! ရှောင်ကျို မင်းက အနှစ်နှစ်ဆယ်အတွင်းမှာ ဝိညာဉ်အသွင်ပြောင်းအဆင့်ကျင့်ကြံသူ ဖြစ်လာနိုင်မယ်ဆိုတာ သိလား?! သူသာ အစကတည်းကသိခဲ့လျှင်... သူ ဘာလို့ အသည်းအသန်ကြိုးစားနေမှာလဲ! ဘာလို့ သူမကို ထားခဲ့မှာလဲ?

“ငါ တကယ် အရူးပဲ... တကယ့် အရူး...”

ကျိုးကျန့်ဟဲသည် အလောင်းတစ်ခုကဲ့သို့ချိတ်ပိတ်ခံရပြီး ထောင်၏အနက်ရှိုင်းဆုံးနေရာသို့ ပစ်ချခြင်းခံလိုက်ရသည်။ သူသည် အရူးတစ်ယောက်ကဲ့သို့ ဤစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲပြောနေတော့သည်။ ကျင်းချန်နှင့် ကျန်သည့် ငါးယောက်၊ ပြီးနောက် သေဒဏ်ကိုခေတ္တဆိုင်းငံ့ခံထားရပြီး သူ့“မကောင်းမှုများအတွက် နောင်တရခြင်း မှတ်တမ်း” ကို ရေးနေသော ဟွိုင်ဟယ်အန်း၏ဝိညာဉ်တို့သည်လည်း သူတို့လုပ်နေသည်များကို ရပ်လိုက်ကြပြီး အနက်ရှိုင်းဆုံးနေရာကို လှမ်းကြည့်လိုက် ကြသည်။

“တကယ့်ကို ဝက်တွေလိုပဲ မိုက်လိုက်ကြတာ၊ ဘိုးဘေးဟွိုင်တောင်မှ ဘာပြဿနာမှ ထပ်မရှာတော့တာကို သူတို့ မမြင်ကြဘူးလား?” ဟု ကျင်းချန်နှင့် ကျန်ငါးယောက်က ခေါင်းယမ်းလိုက်ကြသည်။

ကျိုးကျန့်ဟဲ : “...”

ဟွိုင်ဟယ်အန်းက ဆိုသည်။

“အဲ့ဒီမိစ္ဆာကြီးက ဒီနေ့ကို စောင့်နေတာ ကြာလှပြီ၊ လွန်ခဲ့တဲ့ ငါးနှစ်က ငါ စုကျိုကိုဝင်ပူးဖို့ သွားတဲ့နေ့က သူ့ရဲ့ အမူအရာက ထူးဆန်းနေတာ ငါ သတိထားမိခဲ့တယ်၊ သူက ငါ ပြဿနာရှာမှာကို တမင်စောင့်နေတဲ့ ပုံစံမျိုးပဲ၊ ငါ့ကို ရှန့်လိုင်လိုင်တို့က အချိန်နောက်ပြန်ဆွဲတဲ့ ပါရမီနဲ့ ဖမ်းလိုက်တာကိုမြင်ပြီးတော့မှ သူက စိတ်ပျက်သွားတဲ့ အေးစက်စက်အကြည့်နဲ့ ငါ့ကို ကြည့်ခဲ့တာလေ၊ ပြန်လာပြီးတဲ့နောက်မှာ ငါ သေသေချာချာ စဉ်းစားကြည့်တော့ ငါ ဘာပြဿနာမှ ထပ်မရှာသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာ၊ အခန်းထဲက သွေးနံ့တွေကြားမှာ ငါ ဘယ်လိုမှ မယှဉ်နိုင်တဲ့ ရှေးဟောင်းစွမ်းအားတစ်ခုရှိနေတာကိုး၊ သူက တစ်ယောက်ယောက် ထောင်ချောက်ထဲကို တည့်တည့်ဝင်လာမယ့် အချိန်ကိုစောင့်နေတာပဲ ဖြစ်ရမယ်”

ကျိုးကျန့်ဟဲ နာကျင်စွာဖြင့် မျက်စိမှိတ်လိုက်သည်။ ဘာလို့ အဲ့ဒါကို အစောကြီးကတည်းက မပြောခဲ့တာလဲ လူယုတ်မာကြီးရဲ့!

အိပ်ခန်းအတွင်း၌ စုကျိုသည် မိစ္ဆာကြီး၏မျက်လုံးထောင့်ရှိ ငွေရောင်အကြေးခွံများကို သူ့ လက်ချောင်းဖြင့် လိုက်လံထိတွေ့နေ ပြီးနောက် သူ့ကို အိပ်ရာထဲသို့ အမြန်ထည့်ပေးလိုက်သည်။ ထို့နောက် သူမသည် အခန်းထဲရှိ မိစ္ဆာကြီးပုံတူ ကိုးရုပ်ကိုလှည့်ကြည့် လိုက်သည်။ သူမ မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော ငါးနှစ်ကရှောင်ပိုင့် အရွယ်အစားမှာ ဆက်တိုက်ကြီးထွားလာနေပြီး ၎င်းကျင့်ကြံမှု အရှိန်မှာလည်း သူမထက် မနိမ့်ကြောင်း သူမ သိလိုက်ရစဉ်ကတည်းက၊ သူသည် ယနေ့အတွက် တိတ်တဆိတ် ပြင်ဆင်နေခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းခဲ့ပြီးသားပါ။ ဤနေ့သည် အနှေးနှင့်အမြန်ရောက်လာမည်ဆိုတာကိုပေါ့။

“ဘာလို့ ငါ့ကို အမှန်အတိုင်း မပြောခဲ့ရတာလဲ?”

“ရှောင်ကျို! အဆင်ပြေရဲ့လား! ကျိုးကျန့်ဟဲက အဆင့်ပေါက်ထွက်သွားပြီး မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်!”

ရှီးရှန်ဆောင်မှ အကြီးအကဲကိုးယောက်နှင့် လုကျိကျောင်းတို့သည် ကာကွယ်ရေး အင်းကွက်တစ်ခုကို အမြန် ဖွဲ့စည်းကာ အာကာသကိုဆွဲဖြဲပြီး စုကျို အခန်းထဲသို့ တိုက်ရိုက်လှမ်းဝင်လာကြသည်။

“ငါတို့ နင့်ကို ကာကွယ်ဖို့လာခဲ့တာ ရှောင်ကျို၊ ငါ့တပည့်လေး!”

ရှန့်လိုင်လိုင်သည်လည်း သတင်းကြားကြားချင်းမှာပင် ဝိညာဉ်ကုန်သည်အသင်း၏ဘိုးဘေးကြီးနှင့်အတူ ရောက်ရှိလာတော့သည်။ ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်သည်လည်း သူ့ ဘိုးဘေးကြီးနှင့်အတူ ဆေးပေါင်းအိုးကိုးလုံးကို သယ်ဆောင်လျက် အမြန် တယ်လီပို့ လုပ်လာခဲ့သည်။ နတ်လက်နက်လမ်းစဉ်၊ ဖျော်ဖြေရေးဂိုဏ်းမှအကြီးအကဲများ... အထူးစစ်ဆင်ရေးအဖွဲ့ဝင်များ... ရှီးရှန်ဆောင် အဖွဲ့သားအားလုံး စုကျိုအခန်းထဲသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြတော့သည်။

စုကျိုသည် လက်တစ်ဖက်ဖြင့် မိစ္ဆာကြီးဒဏ်ရာရထားသော ရင်ဘတ်ကိုဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် ၎င်း၏ဆံနွယ်တစ်မျှင်ကို ပင့်မလိုက်သည်။

“မင်းကို ဘယ်လိုအပြစ်ပေးရမလဲ အားယွမ်~”

လူတိုင်း : “...”

စုကျိုသည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး သူတို့အားလုံးကို စိုက်ကြည့်လိုက်သည်။

“ကျိုးကျန့်ဟဲ ကတော့ ပြီးသွားပြီ၊ ရှင်တို့ အခုချက်ချင်း ထွက်မသွားဘူးဆိုရင်တော့၊ နောက်ထပ်တစ်ယောက်က ရှင်တို့ ဖြစ်သွားမယ်လို့ ကျမ အာမခံတယ်”

“...!”

“!!!”

လူတိုင်း အော်ဟစ်လျက် အာကာသကို ဆွဲဖြဲသူက ဆွဲဖြဲ၊ တယ်လီပို့လုပ်သူက လုပ်၊ တံခါးကနေ ထွက်ပြေးသူက ပြေးကြတော့ သည်။ မှန်ထဲကနေတစ်ဆင့် တယ်လီပို့လုပ်ဖို့ ကြိုးစားသူများမှာ မှန်နှင့်တိုက်မိကုန်ကြသည်။

“အား... ငါ့ကို ထွက်ခွင့်ပေးကြပါဦး!”

“မှားကုန်ပြီ၊ နတ်လက်နက်လမ်းစဉ်က ကျင့်ကြံသူတို့ ရှင်တို့က ခေါင်မိုးကို ဖောက်ပြီး ဆင်းလာတာလေ၊ လာတဲ့လမ်းကနေပဲ ပြန်သွားကြစမ်းပါ!”

“ဘာလို့ တံခါးကို သုံးနေကြတာလဲ? ရှင်တို့ တယ်လီပို့လုပ်ပြီး လာခဲ့ကြတာ မဟုတ်ဘူးလား?!”

“အား... တံခါးမှာ လူတွေ အရမ်းများနေပြီ၊ ပြိုတော့မှာပဲ...”

လူ နှစ်ဆယ်၊ သုံးဆယ်လောက်က တံခါးဆီကို တစ်ပြိုင်နက်တည်းပြေးကြတာလေ။ လူတိုင်း ထွက်ချင်နေကြတာပေါ့။ မဟာ ကျင့်ကြံသူ အတော်များများရဲ့ တိုးဝှေ့မှုကြောင့် တံခါးခုံမှာကြေမွသွားပြီး၊ နံရံတစ်ခုလုံးလည်းပြိုကျသွားတော့သည်။ စုကျိုသည် ကုတင်ပေါ်တွင် လက်တစ်ဖက်ဖြင့်ထောက်လိုက်သည်။ အခန်းမှာ ခဏချင်းမှာပင်ပျက်စီးသွားပြီး အရပ်မျက်နှာ အသီးသီးမှ လေတွေ တိုးဝင်လာတော့သည်။

စုကျို : “...”

တော်သေးတာပေါ့ ဒါမျိုး ဖြစ်လာမယ်ဆိုတာကို သူ ကြိုမြင်ထားလို့။ ရပါတယ်.. သူက အိပ်ခန်းကို အရင်ကတည်းက ပုံတူပွားထားပြီးသားလေ။

...

နောက်တစ်နေ့တွင် အထူးစစ်ဆင်ရေးအဖွဲ့ဝင်များသည် ယောင်ချန်ယွဲ့ဂိုဏ်း၏ အတွင်းဂိုဏ်းထဲ စုရုံးနေကြသည်။ နောက် ဖေးခြံဘက်ကို လှမ်းကြည့်လိုက်သည့်အခါ အတိအကျတူညီသော အိမ်ငယ်လေး ကိုးလုံးကိုတွေ့လိုက်ရသည်။

“စုကျိုမှာ ဒီလောက်အထိ လှည့်ကွက်တွေ များလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“အဟုတ်ပဲ!”

“ဘယ်ပြတင်းပေါက်ကနေ ချောင်းကြည့်ရမလဲတောင် ငါတို့ မသိတော့ဘူး! တကယ် ကောက်ကျစ်တာပဲ!”

“ယင်လီ၊ တစ်ချက်လောက် အာရုံခံကြည့်စမ်းပါဦး! နင် အရာအားလုံးကို သိတာပဲ၊ သူတို့ ဘယ်အခန်းထဲမှာ ဘာလုပ်နေကြလဲဆို တာကိုပေါ့... နင်သိပါတယ်”

စုကျို၏အထူးစစ်ဆင်ရေးအဖွဲ့ဝင်များသည် မိစ္ဆာသားရဲလှိုင်း ကာလအတွင်းမှာ အတူတူ တိုက်ပွဲဝင်ခဲ့ကြသဖြင့် အလွန် ရင်းနှီးနေ ကြပြီ ဖြစ်သည်။ ယင်လီ မြက်တစ်ပင်ကို ဝါးရင်း ချန်ပိုင်ချောင်ဘက်သို့ လှည့်ကာဆိုသည်။

“အာရုံခံဖို့ လိုသေးလို့လား? သေချာတာပေါ့၊ ဒီအခန်းတွေ အကုန်လုံးက အစစ်တွေပဲလေ၊ သူမမှာ ပုံတူတွေ အများကြီး ရှိသလို၊ အခု ချန်ယွမ်မှာလည်း တစ်ခုရှိနေပြီလေ။ ဘယ်တံခါးကိုပဲ တွန်းဖွင့်ဖွင့် အဲ့ဒီနှစ်ယောက်ကိုတွေ့မှာ သေချာတယ်၊ သူတို့ ငါတို့ကို တစ်မိနစ်အတွင်း သတ်ပစ်လိမ့်မယ်” ဟု ယင်လီက ရယ်မောလိုက်သည်။

“ဟင်း... အဲ့ဒါလည်း အဓိပ္ပာယ်ရှိသားပဲ” ဟု ကျွင်းချန်ရှန်းနှင့် အခြားသူများက ချောင်းကြည့်မည့် အစီအစဉ်ကိုအမြန်စွန့်လွှတ် လိုက်ကြသည်။

ကျူးပိုင်ယွီ နှာခေါင်းရှုံ့လိုက်သည်။

“ယင်လီရဲ့ စကားကို မယုံနဲ့ ချန်ယွမ် ရုပ်ရည်က သူ့ရဲ့အားနည်းချက်ပဲလေ၊ သူ ချန်ယါမ့်ကို အာရုံမခံနိုင်ပါဘူး”

“တောက်၊ ငါ အဲ့ဒါကို ကုပြီးသွားပြီနော်”

ယင်လီက သူ့ ရင်ဘတ်ကို ပုတ်ကာ ဆိုသည်။

“လှပတဲ့သူကို မြင်ရင် ငါ့ခြေထောက်တွေ ပျော့သွားတတ်လို့၊ အခု ခြေလက်အတုကိုယ်ထည်ကိုပဲ ပြောင်းသုံးလိုက်တာပေါ့”

“...”

“ဒါတွေ ထားလိုက်ပါဦး၊ နောက်တစ်ခါ ငါသာ အိမ်ထောင်ပြုရင် စုကျိုကို မင်္ဂလာဦးအခန်းတစ်ခုကြိုပြီး ပုံတူပွားခိုင်းထားရမယ်၊ အဲ့ဒီကျရင်တော့ ရှင်တို့တွေ လာနှောင့်ယှက်မှာကို ကြောက်စရာ မလိုတော့ဘူးပေါ့၊ ဟဲဟဲ~”

“ငါသာ စုကျိုနဲ့ စောစောဆုံခဲ့ရင်၊ ကျင့်ကြံတာ ပျင်းလို့ဆိုပြီး အမေ့ဆီမှာ ဆူခံရမှာမဟုတ်ဘူး၊ အမေ အိမ်ပြန်လာရင် ငါ ဘယ်အခန်းထဲမှာ ရှိနေလဲဆိုတာတောင် ရှာတွေ့မှာ မဟုတ်ဘူးလေ”

ရုတ်တရက် အခန်းတံခါးတစ်ခု ပွင့်လာပြီး စုကျို ထွက်လာသည်။ မကြာခင်မှာပဲ တခြားအခန်းတစ်ခုကနေ ချန်ယွမ်လည်း ထွက်လာသည်။ အထူးစစ်ဆင်ရေးအဖွဲ့ဝင်များမှာ အံ့ဩသွားကြပြီး စုကျိုကို တစ်လှည့်၊ ချန်ယွမ်ကို တစ်လှည့် ကြည့်လိုက်ကြ သည်။

“အာ... ရှင်တို့ မနေ့ညက အတူတူ ရှိမနေကြဘူးလား?”

စုကျိုက သူတို့ကို မျက်စောင်းထိုးလိုက်သည်။ သူက မိစ္ဆာတစ်ယောက်ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူမယ့်သူမျိုး ထင်နေတာလား ? တကယ်လို့လုပ်ခဲ့ရင်တောင် သူတို့ကိုသိခွင့်ပေးမည် မဟုတ်ဘူးလေ!

“အလုပ်အကြောင်းပဲ ပြောကြရအောင်” စုကျို လက်ကို နောက်ပစ်လိုက်သည်။

“ဩော်၊ ကောင်းပြီ”

သုံးရက်အကြာတွင် ကျိုးကျန့်ဟဲသည် အများပြည်သူလုံခြုံရေးကို ခြိမ်းခြောက်မှုနှင့် ဂိုဏ်းကြီးကိုးခုသို့ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကြွေးတင်မှုတို့ဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းခံလိုက်ရသည်။ သူ ဝါးမြိုပစ်ခဲ့သည့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ပုံတူမှာလည်း အကြီးအကဲများစွာ၏ကြိုးစားအားထုတ်မှုများ ပါဝင်နေသည်လေ။ ယခုအခါတွင် စုကျို ပုံတူပွားထားသော ချန်ယွမ်၏ ရုပ်သေးရုပ်ကြောင့် သူ့ရုပ်ခန္ဓာ ပျက်စီးသွားခဲ့သဖြင့် ထိုဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာလည်း ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ နစ်နာခဲ့ရသော အကြီးအကဲများက ကျိုးကျန့်ဟဲထံမှ လျော်ကြေးတောင်းခံခဲ့ကြသည်။ သူ့ အရင်ကပြစ်မှုများအပြင်၊ အခု ပြစ်မှုသစ်ပါ ပေါင်းလိုက်မည်ဆိုလျှင် ကျိုးကျန့်ဟဲမှာ အနည်းဆုံးတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

“ရှောင်ကျို၊ နင် အရင်က ပြောခဲ့တဲ့ ချန်ယွမ်ကို လွတ်လပ်ခွင့်ပေးဖို့နဲ့ မိစ္ဆာကျွန် အဖြစ်ကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ ကိစ္စလေ”

လုကျိကျောင်းသည် မနက်စောစော စုကျိုထံလာရောက်ပြီး မြွေမျိုးနွယ်စု အမှတ်အသားပါသော ဝိညာဉ်ကျောက်စိမ်းပြားတစ်ခုကို သူမထံ ကမ်းပေးလိုက်သည်။

“ငါတို့ မိစ္ဆာမျိုးနွယ်စုဆီကို စာပို့ခဲ့တယ်၊ သူတို့က ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ယူရမယ်လို့ ပြန်ပြောခဲ့ပေမယ့် အခုထိတော့ ဘာသတင်းမှ ထပ်မကြားရသေးဘူး၊ ဒါပေမဲ့ မင်းလုပ်ထားတဲ့ ပထမအသုတ် ခြေလက်အတုတွေက ပြီးခဲ့တဲ့လက မိစ္ဆာမျိုးနွယ်ရဲ့ ဈေးကွက်ထဲကို ရောက်သွားခဲ့တယ်လေ၊ မြေပြင်တစ်ခွင်က ကျင့်ကြံသူတွေအတွက်အသုံးဝင်တဲ့အတွက် ဒီအလုပ်မှာ ချန်ယွမ်လည်း ပါဝင်ပတ်သက်နေတယ်ဆိုတာကို မိစ္ဆာမျိုးနွယ်တွေ ကြားသွားကြတာပေါ့၊ သူတို့က စုံစမ်းစစ်ဆေးမှုတွေကို မြန်မြန်လုပ်ပေးမယ်လို့ ပြောတယ်၊ တကယ်လို့ သူသာ အပြစ်မရှိဘူးဆိုရင်တော့ ချန်ယွမ့်နာမည်ကို သန့်ရှင်းအောင်လုပ်ပေးပါလိမ့်မယ်”

လုကျိကျောင်း စကားမဆုံးခင်မှာပင် စုကျိုက သူ့ကို ခေတ္တ ရပ်ခိုင်းပြီး ချန်ယွမ်ကိုပါလာနားထောင်ရန် ခေါ်လိုက်သည်။ သူ့ ငွေရောင်ဆံနွယ်များမှာ ခြေကျင်းဝတ်အထိ ကျနေဆဲဖြစ်ပြီး မူလပုံစံသို့ပြန်မပြောင်းသေးပေ။ သူသည် အစွမ်းထက်သော မိစ္ဆာကြီး ပုံစံမှာပင် ရှိနေဆဲ ဖြစ်သည်။ ရှောင်ပိုင်သည် သူ ဝါးမြိုလိုက်သော်လည်း အကုန်မစားနိုင်သည့် ‘နတ်ချုပ်နှောင်စူး’ကို ပြန်ထွေးထုတ်လိုက်ပြီး ချန်ယွမ် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးလိုက်သော်လည်း၊ ချန်ယွမ့်ရုပ်ရည်နှင့် ကျင့်ကြံမှုမှာ အရင်က ရွှေအမြုတေအဆင့်သို့ ပြန်ရောက်ရန် နောက်ထပ် နှစ်ရက်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ ရှေးဟောင်း မိစ္ဆာဘုရင်၏စွမ်းအားကို ထပ်မံ ထုတ်သုံးလိုပါက နတ်ချုပ်နှောင်စူးကိုထပ်ပြီး ထုတ်ရမည်ဖြစ်သည်။ ဘခင်က အပြစ်ပေးရန်အတွက် အသုံးပြုသည့် ဤရှေးဟောင်း ဝိညာဉ်လက်နက်သည် ရှောင်ပိုင်ရှိနေခြင်းကြောင့် စိတ်ကြိုက် ဖွင့်နိုင်၊ ပိတ်နိုင်သည့် ခလုတ်တစ်ခုသဖွယ် ဖြစ်သွားခဲ့ရပြီ။ ရှောင်ပိုင် ထိုလက်နက်ကို လုံးဝဝါးမြိုနိုင်သည့် အချိန်အထိပေါ့။

“ဟင်၊ ချန်ယွမ် သူ့ရှေးဟောင်း စွမ်းအားတွေအတိုင်း အမြဲရှိနေမှာလို့ ငါ ထင်နေတာ၊ ဘာလို့ သာမန်မိစ္ဆာကြီးပုံစံ ပြန်ပြောင်းသွား ရတာလဲ?”

ဧည့်ခန်းထဲတွင် ခိုးနားထောင်နေသော ရှန့်လိုင်လိုင်က အံ့ဩတကြီးမေးလိုက်သည်။ ချန်ယွမ်ကမူ စုကျိုကို တစ်ချက် ကြည့်လိုက် သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ သို့သော် သူ့ အမူအရာက အရာအားလုံးကို ဖော်ပြနေသည်။

လုကျိကျောင်း နှင့် ရှန့်လိုင်လိုင်တို့မှာ စုကျိုသည် ကျိုးကျန့်ဟဲကို တိုက်ခိုက်ရန်အတွက် အချိန်နောက်ပြန်ဆွဲသည့် ပါရမီကို သုံးကာ အနှစ်နှစ်ဆယ် အကြာသို့ခရီးနှင်ခဲ့သော်လည်း၊ အခုတော့ သူမ၏နုပျိုသော အသက် ၂၀ အရွယ်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်းကို သတိပြုမိလိုက်ကြသည်။ သူမသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ်ပြန်ဖြစ်သွားခဲ့ခြင်းပင်။

“အတင်းအကျပ် ကြီးထွားလာအောင် လုပ်တာက မသင့်တော်ဘူးလို့ ချန်ယွမ်ရော ကျမပါ ထင်တယ်၊ ဖြည်းဖြည်းချင်းပဲ ကျင့်ကြံကြတာပေါ့” ဟု စုကျိုက အေးအေးဆေးဆေး ဆိုသည်။

“နောက်တစ်ခါ အင်အားကြီးတဲ့ ရန်သူနဲ့တွေ့ရင်လည်း ကျင့်ကြံမှုအဆင့်ကို ထပ်ပြီးမြှင့်လိုက်လို့ ရတာပဲလေ”

လုကျိကျောင်း နှင့် ရှန့်လိုင်လိုင်တို့ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။

“အဲ့ဒါလည်း ကောင်းတာပါပဲ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုကလည်း အရေးကြီးတာပဲလေ၊ ဘဝကို ကိုယ်တိုင် ခံစားကြည့်တာက အထွတ်အထိပ်ကို အလောတကြီး တက်တာထက် ပိုကောင်းတာပေါ့”

သို့သော် လုကျိကျောင်း အမူအရာမှာ ထူးဆန်းသွားသည်။

“ဒါပေမဲ့ မနေ့က မိစ္ဆာမျိုးနွယ်စုက စာတစ်စောင် ပို့လာတယ်၊ သူတို့ရဲ့ မိစ္ဆာဘုရင်ဟောင်း ကွယ်လွန်သွားတာ ခြောက်လလောက် ရှိပြီဆိုတော့ မိစ္ဆာနယ်မြေတစ်ခုလုံး ရှုပ်ထွေးနေတာတဲ့၊ ချန်ယွမ်မှာ ရှေးဟောင်း သွေးမျိုးဆက်ရှိနေပြီး မဟာကျင့်ကြံသူအဆင့် ထက်သာလွန်တဲ့ မိစ္ဆာဘုရင် စွမ်းအားတွေ ရှိတယ်ဆိုတာကို သူတို့ ကြားသွားကြတာပေါ့၊ မိစ္ဆာမျိုးနွယ်စု အသီးသီးက ပူးပေါင်းပြီး စာတစ်စောင် ပို့လာကြတယ်” ဟု သူက ဆိုရင်း စုကျိုကို သတိကြီးစွာ ကြည့်လိုက်သည်။

“ချန်ယွမ်ကို မိစ္ဆာဘုရင်အဖြစ် အမြန်ဆုံးပြန်လာပေးဖို့ သူတို့မျှော်လင့်နေကြတယ်တဲ့။ မိစ္ဆာမျိုးနွယ်စုကို ရှုပ်ထွေးမှုတွေကြားကနေ ဆွဲထုတ်ပြီး အရင်လိုအထွတ်အထိပ်ကို ပြန်ရောက်အောင် ဦးဆောင်ပေးဖို့ပေါ့”

ချန်ယွမ်သည် စုကျိုအတွက် လက်ဖက်ရည် ငှဲ့ပေးနေသော သူ့ လက်များကို ခေတ္တရပ်လိုက်သည်။ စုကျိုသည်လည်း သူမ၏ ပါးစပ်ထဲသို့ မုန့်တစ်ခုထည့်မည့်အပြုမှာတင် ရပ်တန့်သွားသည်။ အပြင်ဘက်တွင် ခိုးနားထောင်နေသော အထူးစစ်ဆင်ရေးအဖွဲ့ဝင် များလည်း အံ့ဩမှုများကိုမဖုံးကွယ်နိုင်ကြတော့ပေ။

“အာ... ချန်ယွမ် ထွက်သွားရတော့မှာလား?” ဟု စုကျီကျီက မလိုလားဟန်ဖြင့် မေးလိုက်သည်။ သို့သော် စုရှင်းချန်ကမူ သူမ ခေါင်းကို အမြန်ဖိချလိုက်သည်။

“မိစ္ဆာလောကကြီး ရှုပ်ထွေးနေတဲ့ အချိန်မှာ ခေါင်းဆောင်တစ်ယောက်တော့ လိုအပ်တာပေါ့” ဟု ချန်ပိုင်ချောင်က တိုးတိုးလေး ဆိုသည်။ ယင်လီကမူ သူ့ နဖူးကို ကုတ်လိုက်ရင်း တံခါးဝတွင် ထပ်မံအသည်းအသန်ခိုးနားထောင်ပြန်သည်။

ရှန့်လိုင်လိုင် အသံသည် အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ရှောင်ကျို၊ ချန်ယွမ်၊ ငါ ဒီကို လာတာကလည်း ဒီကိစ္စအတွက်ပါပဲ၊ မိစ္ဆာမျိုးနွယ်ရဲ့ မြေခွေးအကြီးအကဲက ခြေလက်အတုတွေ တင်သွင်းဖို့အတွက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်လေ၊ သူက ငါ့ကို ပြောပြတယ်၊ မိစ္ဆာမျိုးနွယ်တွေဟာ နှစ်ပေါင်း တစ်ရာလောက် အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာဆိုတော့ လူသားကျင့်ကြံသူတွေနဲ့ အထင်လွဲတာတွေ၊ ပဋိပက္ခလေးတွေ အများကြီး ရှိခဲ့တယ်တဲ့၊ မိစ္ဆာအများစုက လူသားတွေဆီက ခြေလက်အတုတွေကို လက်မခံချင်ကြသလို၊ မိစ္ဆာမျိုးနွယ်ရဲ့ ခြေလက်အတု လှူဒါန်းတဲ့ အစီအစဉ်မှာလည်း မပါဝင်ချင်ကြဘူးတဲ့၊ သူက ချန်ယွမ်ကို နိုးထလာတဲ့ ရှေးဟောင်း သွေးမျိုးဆက် မိစ္ဆာဘုရင်တစ် ယောက်အနေနဲ့ စံပြဖြစ်အောင် လုပ်ဆောင်ပေးပြီး၊ မိစ္ဆာမျိုးနွယ်ရဲ့ ခြေလက်အတု ဘဏ်ကို ကိုယ်တိုင် ဦးဆောင်တည်ဆောက် ပေးဖို့ မျှော်လင့်နေတာ၊ မိစ္ဆာမျိုးနွယ်နဲ့ လူသားကျင့်ကြံသူတွေကြားက ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့အတွက်... စံပြဖြစ်မယ့် ခေါင်းဆောင်တစ်ယောက် တကယ်လိုအပ်နေတာပါ” ဟု ရှန့်လိုင်လိုင် သက်ပြင်းချလိုက်သည်။

“ဒါက မြေခွေးအကြီးအကဲ ပို့လိုက်တဲ့ စာပဲ”

ရှန့်လိုင်လိုင်က စုကျိုထံသို့ စာနှစ်စောင် ပေးလိုက်ပြီး၊ ချန်ယွမ်ဖတ်ဖို့အတွက်လည်း တစ်စောင်ပေးလိုက်သည်။ စုကျို တိတ်ဆိတ်နေ ပြီးမှ ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်သည်။ အကြာကြီးကြာပြီးမှ သူမ ဆိုလာသည်မှာ

“ချန်ယွမ်၊ ဒါကို နင်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီထင်တယ်”

ပထမဆုံးအကြိမ်အဖြစ် ချန်ယွမ်သည် စုကျို့နောက်ကွယ်မှ ထွက်လာကာ သူမနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူ၏ ရှေးဟောင်း သွေးမျိုးဆက်နိုးထလာပြီးနောက် သူသည် အရင်ကထက် ပိုခန့်ညားထည်ဝါနေသည်။ စုကျိုကမူ သူ့ကို မော့ကြည့်နေဖို့ မလိုပါဘူး။

“နင် မသွားချင်ဘူးဆိုရင် ဘယ်သူမှ အတင်းအကျပ်မခိုင်းစေနိုင်ဘူး”

အခန်းထဲတွင် အသက်ရှူသံမှလွဲ၍ တိတ်ဆိတ်နေသည်။ ရှန့်လိုင်လိုင် စကားပြောရန် တွေဝေနေသော်လည်း လုကျိကျောင်းက သူမကို ဆွဲခေါ်သွားသည်။

“သူတို့ကို အချိန်ပေးလိုက်ပါဦး၊ မင်း ရှိနေရင် သူတို့ စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ်”

“အို့... ဒါ အရမ်းကို အကျိုးအမြတ်များတဲ့ ကိစ္စလေ၊ ရှောင်ချန်ယွမ် သွားလိုက်ရင် လူသားနဲ့ မိစ္ဆာကြားက ပဋိပက္ခတွေက နှစ်အနည်းငယ်အတွင်းမှာတင် ပြေလည်သွားနိုင်တာကို၊ သူ နောက်မှ ပြန်လာလို့လည်း ရတာပဲလေ”

“မိစ္ဆာဘုရင် လုပ်တာက နောက်စရာမှမဟုတ်တာ! နှစ်အနည်းငယ်ဆိုတာ ကလေးကစားစရာမဟုတ်ဘူး!”

သူတို့ နှစ်ယောက် တိုးတိုးလေး ငြင်းခုန်နေကြစဉ်မှာပင် စကားသံတစ်ခုက ကြားဖြတ်ထွက်ပေါ်လာသည်။

“ကျွန်တော်... သွားဖို့ သဘောတူပါတယ်”

ချန်ယွမ်သည် တိတ်ဆိတ်နေသော အခန်းအတွင်း စုကျို၏အမြဲတမ်း တည်ငြိမ်ပြီး အားမာန်ပါသော အကြည့်များနှင့်ဆုံလိုက်သည်။ သူ့ မျက်လုံးများမှာလည်း ထပ်တူပင် အားမာန်ပါနေပြီး မတုန်မလှုပ်ခိုင်မာနေသည်။

“ကျွန်တော် လူသားနဲ့ မိစ္ဆာကြားက ဆက်ဆံရေး တိုးတက်အောင် လုပ်ဖို့၊ မိစ္ဆာမျိုးနွယ်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့နဲ့ မိစ္ဆာမျိုးနွယ်ရဲ့ ခြေလက်အတုဘဏ်ကို တည်ဆောက်ဖို့အတွက် မိစ္ဆာနယ်မြေကိုသွားပါ့မယ်”

တကယ်လို့ ဒါဟာ သူတစ်ယောက်တည်းသာ လုပ်နိုင်တဲ့အရာ၊ သူတစ်ယောက်တည်းသာ သူမကို ကူညီနိုင်မယ့်အရာ ဖြစ်နေမယ် ဆိုရင် သူ သွားဖို့အဆင်သင့်ပါပဲ။ အမြဲတမ်း အဆင်သင့်ပါပဲ။ သူမနဲ့ မခွဲခွာချင်ပေမယ့်လည်း၊ ဒါဟာ သူတစ်ယောက်တည်း လုပ်နိုင်တဲ့အရာ မဟုတ်ပါလား? သူ စောင့်မျှော်နေခဲ့တဲ့ ဒီအခွင့်အရေးရောက်လာတဲ့အခါမှာတော့ ချန်ယွမ်ဟာ သူ အိမ်မက် မက်ခဲ့သလိုမျိုး မပျော်ရွှင်နိုင်တာကိုသိလိုက်ရသည်။ သူမရဲ့နောက်ကွယ်မှာ ဘာမှမလုပ်ဘဲ တိတ်တဆိတ်ရပ်နေခဲ့ရတဲ့ အချိန်တွေကသာ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့သည်ကိုး။ ဒါပေမဲ့ သူ အခု ထွက်သွားရတော့မယ်။

“ဒါဆိုရင်... သုံးရက်နေရင် ထွက်ကြမလား?” ရှန့်လိုင်လိုင်က စဉ်းစားလိုက်သည်။

“မြေခွေးအကြီးအကဲကတော့ ခုနစ်ရက်နေရင် မိစ္ဆာမျိုးနွယ်ရဲ့ အောင်ပွဲခံပွဲ ရှိတယ်တဲ့၊ အဲ့ဒီမတိုင်ခင် ချန်ယွမ် ပြန်ရောက်ပြီး နန်းတက်စေချင်တာပေါ့”

ချန်ယွမ် ခေတ္တကြောင်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

သုံးရက်တည်းလား ? စုကျိုက စိတ်သက်သာရာ ရသွားသည့်အလား ပြုံးလိုက်သည်။

“အကောင်းဆုံးပဲ၊ ငါလည်း ကောင်းကောင်း အနားယူလို့ရတာပေါ့၊ မိစ္ဆာမျိုးနွယ်အကြောင်း သတင်းတွေကိုလည်း ကြိုပြီး စုံစမ်းဖို့ အချိန်ရတာပေါ့”

ခိုးနားထောင်နေကြသည့် အထူးစစ်ဆင်ရေးအဖွဲ့ဝင်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချလိုက်ကြတော့သည်။

“ဒါက သူမ ညဘက် သုံးနေကျ နှင်းဆီနံ့ရေချိုးအဆောင်ပဲ၊ ဒီလမှာ မော်ဒယ်အသစ် ထွက်လိမ့်မယ်၊ အဲ့ဒါကို ဝယ်ပြီး ကိုယ်တိုင် အရင် စမ်းသုံးကြည့်ပြီးမှ သူ့ကို ပေးနော်၊ ဒါက သူ မနက်ပိုင်း အိပ်ရာနိုးရင် သောက်တဲ့လက်ဖက်ရည်... ဒါက သူ မကြိုက်တဲ့ ဝတ်စုံ ပုံစံပဲ၊ အင်္ကျီလက်ဝတွေက အရမ်းကျဉ်းပြီး အဆင်မပြေဘူးလေ၊ မဝယ်နဲ့၊ အမည်းရောင်ဆိုရင် သူ မကြိုက်ဘူး၊ မကြာသေးခင်က သူ ရှီးရှန်ဆောင် ဝတ်စုံတွေကိုဝတ်ရတာ ငြီးငွေ့နေတာ၊ အစိမ်းရောင်တွေ အရမ်းများတယ်လို့ သူ ထင်နေတာ၊ အဲ့ဒါကို မပေးနဲ့တော့၊ ပြီးတော့ ဒီပုလဲ ခြုံစောင်က အရမ်းလေးတယ်၊ သူ့ကို မပေးခင် အလေးချိန်လျော့သွားအောင် မန္တန် အရင်မန်းပေးဦး”

စုကျီကျီ နှင့် စုရှင်းချန် တို့မှာ ချန်ယွမ့် ပုံတူကိုးရုပ်ကို သယ်ရင်း နားထောင်နေရတာကြောင့် မူးနောက်ကုန်ကြပြီ ဖြစ်သည်။

“သူမရဲ့ ၃၉၃၉ ခုသော ရွှေအမြုတေ နာမည်တွေကိုလည်း ဒီနေ့ အပြီးကျက်ထားကြဦး”

“ဗျာ/ ရှင် ?”

စုမိသားစုမှ မောင်နှမ နှစ်ယောက်မှာ ထိတ်လန့်သွားကြသည်။

“ကျွန်တော့်အစ်မက တိုက်ပွဲတွေမှာ ရွှေအမြုတေ နာမည်တွေကို တစ်ခါမှမခေါ်ဖူးပါဘူး”

“အင်း၊ သူ မခေါ်ပေမယ့်၊ ငါတို့ကတော့ သူ့အတွက် အစားမှတ်ထားပေးရမယ်လေ”

ကယ်ကြပါဦး! မောင်နှမ နှစ်ယောက်လုံး နောက်ကို လန်သွားကြသည်။ ချန်ယွမ်ကတော့ အေးစက်သော အမူအရာဖြင့် သူတို့ကို ကြည့်နေသည်။

“ကျွန်တော်တို့... ကျွန်တော်တို့ အစွမ်းကုန် မှတ်ပါ့မယ်”

မောင်နှမ နှစ်ယောက်မှာ နာကျင်နေကြသော်လည်း ဘာမှ မပြောရဲကြပါဘူး။

“ဒါဆို ချန်ယွမ်၊ မင်း အရင်က နေ့တိုင်း ဒီလောက်အထိ အလုပ်တွေ များနေခဲ့တာလား?”

ဘုရားရေ.. သူတို့ အစ်မကို ပြုစုရတာ ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ ဒီနေ့မှ သူတို့ သိလိုက်ရတာပါ။

“အလုပ်တွေ အများကြီးလား ?” ချန်ယွမ်က သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်သည်။

“ငါ မပြီးသေးဘူးလေ၊ နေ့စဉ် နေထိုင်မှု သတိထားရမယ့် အချက်တွေထဲက ပထမဆုံး စာမျက်နှာကိုပဲ ရှိသေးတာ၊ နောက်ထပ် စာမျက်နှာ တစ်ရာလောက် ကျန်သေးတယ်”

“!”

“ပြီးတော့ ကျင့်ကြံမှု အပိုင်းလည်း ရှိသေးတယ်...”

“ကျင့်ကြံမှုက မစရသေးဘူးလား! ၃၉၃၉ ခုမြောက် ရွှေအမြုတေ နာမည်တွေအထိ ရောက်နေပြီ မဟုတ်လား!”

ချန်ယွမ် မျက်ခုံးပင့်လိုက်သည်။

“သူက ဝိညာဉ်အသွင်ပြောင်းအဆင့်ကို တက်တော့မှာလေ၊ ကျင့်ကြံမှုအတွက် သတိထားရမယ့် အချက်တွေကို ငါ ပြောတော့မလို့ပဲ ရှိသေးတာ”

ကယ်ကြပါဦး! မောင်နှမနှစ်ယောက် အပြင်က လရောင်ကိုလှမ်းကြည့်လိုက်ကြသည်။ ကောင်းလိုက်တာ၊ လတောင်ပျောက်ပြီး နေထွက်လာပြီ။ သူတို့ တစ်ညလုံးစကားပြောနေခဲ့ကြတာပေါ့! နောက်တစ်နေ့တွင် ချန်ယွမ် အိပ်ပျော်နေသော မောင်နှမ နှစ်ယောက်ကို လှုပ်နှိုးလိုက်သည်။

“တိုက်ခိုက်ရေး အပိုင်းအတွက်တော့ ယင်လီကို သွားခေါ်ပြီး နားထောင်ခိုင်းလိုက်”

“သူ မင်းကို မြင်လို့မရဘူးလေ ချန်ယွမ်၊ တစ်ညလုံး နားထောင်ပြီးရင် စီနီယာအစ်မယင်လီ တစ်ယောက် ထရပ်နိုင်ဖို့အတွက် ခြေလက်အတု သုံးဆယ်လောက်လိုသွားလိမ့်မယ်”

“...”

“ဒါဆိုလည်း မင်းတို့နှစ်ယောက်ပဲ သူ့အတွက် အစားမှတ်ထားပေးလိုက်တော့”

ကယ်ကြပါဦး! စုမိသားစု မောင်နှမနှစ်ယောက်မှာတော့ ရင်ထုမတတ်နာနေကြရတော့သည်။

“ပြီးတော့ ရှောင်ပိုင်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ... ပြီးတော့ စုစုရဲ့ ရုပ်သေးကိုယ်ထည်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ...”

တတိယမြောက်နေ့ မနက်တွင်တော့ မောင်နှမနှစ်ယောက်ကို ချန်ယွမ်က နောက်ဆုံးမှာတော့ လွှတ်ပေးလိုက်ပါပြီ။

“ချန်ယွမ်၊ ဒီည မင်းကို နှုတ်ဆက်ပွဲလုပ်ပေးမယ်နော်...” လေးလံလှသော “၃၉၃၉ ရွှေအမြုတေ မှတ်တမ်း” ကို သယ်ရင်း၊ မျက်ကွင်းညိုကြီးတွေနဲ့ မောင်နှမနှစ်ယောက် အပြင်ထွက်လာကြသည်။ ညဘက်မှာ နှုတ်ဆက်ပွဲလား? ချန်ယွမ် ထရပ်လိုက်ပြီး သူတို့ ထွက်သွားတာကိုကြည့်နေပေမယ့် ခေါင်းတော့ မညိတ်လာခဲ့ပါဘူး။

နေရောင်ခြည် ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အချိန်မှာတော့၊ သူဟာ သူမ အရင်က ပေးခဲ့တဲ့ အဟောင်းဖြစ်နေပြီဖြစ်တဲ့ သိုလှောင်အိတ်လေးကိုဝတ်လိုက်သည်။ သူ စုကျို အိပ်ခန်းအပြင်ဘက်မှာ နေအပြည့်အဝထွက်လာတဲ့အထိ တိတ်တဆိတ် ရပ်နေခဲ့ပြီးမှ၊ စင်္ကြန်လမ်းအတိုင်း လျှောက်သွားကာ မိစ္ဆာနယ်မြေဆီကိုသွားမယ့် တယ်လီပို့ အင်းကွက်ထဲကို လှမ်းဝင်လိုက်တော့ သည်။ နှုတ်မဆက်ဘဲထွက်သွားတာဟာ ဘယ်တော့မှ မခွဲခွာခဲ့ရသလိုမျိုးဖြစ်နေမှာပေါ့။ ချန်ယွမ့် ပုံရိပ်သည် တယ်လီပို့ အင်းကွက်အတွင်း၌ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့သည်။

စုကျိုသည် ကုတင်ပေါ်မျက်စိပွင့်လာပြီး၊ သက်ပြင်းချလျက်စောင်ထဲတွင် ကျန်နေခဲ့သော ဒသမမြောက် [ချန်ယွမ် ပုံတူရုပ်] ကို ကြည့်လိုက်သည်။ သူမသည် ကျိုးကျန့်ဟဲကိုတိုက်ခိုက်စဉ်က ပုံတူကိုးရုပ်ကိုသာ သုံးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကပင် သူမသည် တစ်ရုပ်ကို သူမ အတွက် ချန်ထားရန်ဆုံးဖြတ်ခဲ့ခြင်းပင်။ မိစ္ဆာကြီးလည်း တစ်နေ့မှာ ကြီးပြင်းလာကြပြီး အပြင်လောကကို မြင်ချင်ကြမှာပေါ့။ သူမ သူ့ကိုတစ်သက်လုံး မချည်နှောင်ထားနိုင်ပါဘူး။ ဒါပေမဲ့ ရုပ်သေးရုပ်လေး တစ်ရုပ်ချန်ထားခဲ့တာကတော့ အဆင်ပြေပါတယ် ဟုတ်တယ်မလား? စုကျို ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားကာ၊ နောက်သို့ မလှည့်ဘဲ မနေနိုင်တော့ပေ။

“ဟေး၊ အားယွမ် နံပါတ် ၁၀ လေး”

“မင်းရဲ့သခင်မကတောင် မင်းထက် ပိုပြီးကြိုးစားသေးတယ်၊ စောစောထနေပြီလေ”

“ဘုရားရေ၊ မင်းကတော့ နေ့ရောညပါ တစ်ချက်မှမလှုပ်ဘူးပဲ”

စုကျို သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

အဲ့ဒီည ချန်ယွမ်အတွက်လုပ်ပေးတဲ့ နှုတ်ဆက်ပွဲမှာတော့ ချန်ယွမ် မရှိပါဘူး၊ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ထဲက ရွှေအမြုတေတွေက တော့ တစ်ခုပြီးတစ်ခု ခုန်ထွက်လာကြသည်။

“ဟွေးကျိန်း၊ ဟွေးယွမ်...”

“အို... ကျွန်မ အစ်မရဲ့ ရွှေအမြုတေ နာမည်ကိုခေါ်လိုက်တာ၊ သူတို့တွေ တကယ် ခုန်ထွက်လာကြတယ်!”

စုကျို : “...”

သူမ နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ဘဲ ထရပ်လိုက်ပြီး အမြဲတမ်း ပြဿနာရှာချင်နေကြတဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေကို ကြည့်ကာ ဆိုလိုက်သည်။

“မသောက်ကြနဲ့တော့!”

“သွားကြစို့၊ ငါတို့ လုပ်စရာရှိတာ သွားလုပ်ကြမယ်!”

ခုနစ်လပိုင်း ဆယ်ရက်နေ့တွင်တော့၊ ရှေးဟောင်း သွေးမျိုးဆက်နိုးထလာခဲ့သည့်၊ ခြေကျင်းဝတ်အထိ ကျနေသော ငွေရောင်ဆံနွယ် များ၊ အေးစက်သောမျက်လုံးများရှိသည့် မိစ္ဆာဘုရင်အသစ်သည် ဝတ်စုံနီကို ဝတ်ဆင်ကာ၊ ရွှေနီရောင် တတိယအဆင့်ဝိညာဉ်ဖိနပ် တွေကို စီးလျက် ပလ္လင်ဆီသို့တစ်လှမ်းချင်းလှမ်းတက်လာခဲ့သည်။

“အရှင်မင်းကြီး၊ ဒါက ဘယ်လိုမျိုး ဖိနပ်တွေလဲ? အရှင်မင်းကြီးရဲ့ အကြိုက်ကတော့ တကယ်ဆိုးတာပဲ...”

ချန်ယွမ်သည် တံခါးဝတွင် အပိုတွေ ပြောနေသော မိစ္ဆာလေးကို အေးစက်စွာကြည့်လိုက်သည်။ တစ်ဖက်လူ ကြောက်လွန်းလို့ ဆီးထွက်သွားတော့မှ သူ အကြည့်ကိုပြန်လွှဲလိုက်သည်။ ပလ္လင်ပေါ်သို့ တက်လိုက်သည့်အခါ သူသည် အဝေးသို့ငေးကြည့်လိုက်ရာ၊ သူ့ခန့်ညားပြီး တည်ကြည်သောမျက်နှာမှာ ခိုင်မာနေသော်လည်း နောင်တနှင့် ဝမ်းနည်းမှုအရိပ်အယောင်အချို့တော့ကျန်ရှိနေ သည်။ ဒါပေမဲ့ သူ ခဏလောက်ပဲ နာကျင်ခွင့်ပေးလိုက်ခြင်းသာ၊ မကြာခင်မှာ သူသည် အောက်ရှိလူများကို အမူအရာမရှိသော မျက်နှာဖြင့် ဆက်ကြည့်နေတော့သည်။

“ဒီနေ့ကစပြီး၊ မိစ္ဆာနယ်မြေမှာ ကုသရေးအတွက် ခြေလက်အတုဘဏ်ကို စတင် တည်ဆောက်ကြမယ်၊ လူသားကျင့်ကြံသူတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်လိုက်ကြ၊ လူသားတွေဆီက ခြေလက်အတုတွေကို ငါတို့မိစ္ဆာနယ်မြေထဲကိုလက်ခံလိုက်ကြစမ်း!”

မျိုးနွယ်စု အသီးသီးမှ အကြီးအကဲများ ဒူးထောက်ကာ ဦးညွှတ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဆိုကြသည်။

“အရှင့်အမိန့်တော်အတိုင်း လိုက်နာပါ့မယ်!”

“အရှင်မင်းကြီး၊ သတင်းပို့စရာ ရှိပါတယ်”

“ခြေလက်အတု တည်ဆောက်ရေးကို တာဝန်ယူထားတဲ့ လူသားကျင့်ကြံသူအဖွဲ့က၊ လူသားနဲ့ မိစ္ဆာကြားက ရာစုနှစ်တစ်ခုစာ ပူးပေါင်းဆောင်ရွက်ရေး ကုန်သွယ်မှုလမ်းကြောင်းအကြောင်း ဆွေးနွေးဖို့အတွက်ခန်းမဆောင်ထဲကို ဝင်ခွင့်တောင်းနေပါတယ်!” ချန်ယွမ် ခေတ္တရပ်တန့်သွားပြီးမှ မော့ကြည့်လိုက်သည်။

ဝတ်ရည်ပန်း ခန်းမဆောင်ကြီးရဲ့ အပြင်ဘက်မှာတော့၊ ကြယ်ပွင့်လေးတွေလို တောက်ပနေတဲ့ နေရောင်ခြည်ဟာ သူ့ကို ကြည့်ပြီး ပြုံးနေတဲ့ အမျိုးသမီးအပေါ်မှာကျရောက်နေလေသည်။ သူမရဲ့ အနောက်မှာတော့ ယင်လီ၊ ကျူးပိုင်ယွီ၊ လိုကျား၊ ဟောင်ယို့လု၊ စုကျီကျီ နဲ့ စုရှင်းချန် တို့အားလုံး တစ်ယောက်မှ မကျန်ဘဲရှိနေကြပြီး၊ သူ့ကို ကြည့်ကာ သွားလေးတွေပေါ်အောင် ရယ်ပြပြီး လက်လှမ်းပြနေကြသည်။ ချန်ယွမ် မျက်စိမှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်မိသည်။ ၎င်းတို့ရှေ့မှာရပ်နေတဲ့ အမျိုးသမီးကို သူ စူးစိုက် ကြည့်နေမိသည်!

သူမသည် အဝါရောင်ဝတ်စုံကိုဝတ်ထားခဲ့ပြီး သူတို့ ပထမဆုံးဆုံခဲ့တုန်းက သူ ခံစားခဲ့ရသည့်အတိုင်းပင်။ နွေးထွေးတယ်၊ ပူလောင်တယ်၊ နေ၊ လ၊ ကြယ်တွေလိုပဲ တောက်ပနေတာပေါ့။ သူမ ပြုံးလိုက်ပြီး၊ ပတ်တီးစည်းထားသည့် သူ့ ညာဘက်လက် ညှိုးလေးကို သူ့ဆီ မြှောက်ပြလိုက်သည်။

“ဟေး၊ မတွေ့တာ ကြာပြီနော်”

“ငါ ရောက်ပြီ”

ချန်ယွမ် ခဏလောက် ငိုင်သွားပြီးမှ တောက်ပစွာပြုံးလိုက်တော့သည်။ စုကျိုကပြုံးလျက် ခန်းမဆောင်ကြီးထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့အနောက်က လူအုပ်ကြီးက သူမကိုကျော်တက်သွားကြပြီး၊ သူမကို တွန်းဖယ်ကာ ချန်ယွမ်နှင့် သူမကိုကြည့်ပြီး အားရပါးရ ရယ်မောကြတော့သည်။

“ကောင်းတဲ့အလုပ်တွေကို နင်တို့နှစ်ယောက်တည်း လုပ်လို့ မရဘူးလေ၊ ငါတို့ မပါဘဲနဲ့!”

“နောက်တာပါ၊ ငါတို့လည်း မိစ္ဆာနယ်မြေကိုတစ်ခါမှ မရောက်ဖူးလို့လာကြည့်ကြတာ!”

လူတိုင်း ပျော်ရွှင်စွာအကြည့်တွေ ဖလှယ်လိုက်ကြသည်။ ချန်ယွမ်နှင့် စုကျိုတို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ၊ သူတို့မျက်လုံးထဲမှာလည်း ညဘက်၌လင်းလက်ကြသည့် ကြယ်ပွင့်လေးတွေနှင့် ရောင်ပြန်ဟပ်နေတော့သည်။

လူသားနဲ့ မိစ္ဆာပူးပေါင်းဆောင်ရွက်တာက နင်တစ်ယောက်တည်း မဟုတ်ဘဲ ငါပါ ပါသင့်တာ မဟုတ်ဖူးလား?

ရှေ့ဆက်မယ့် လမ်းကို အတူတူလျှောက်ကြည့်ကြတာပေါ့၊ စမ်းကြည့်ကြမယ်လေ…

All Chapters