အခန်း (၁၉၁)
Vol. 20 Ch. 191
🥝 Chapter 191
“ကဲ နောက်တစ်ယောက်”
တျဲတန်းကွေ့ အံ့ဩတကြီး မော့ကြည့်လိုက်ရာ ဝိညာဉ်ကုန်သည်အသင်းမှ ရွှေနီရောင်ဝတ်ရုံအောက်တွင် ရှီးရှန်ဆောင်မှ အစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော စုကျိုကိုမြင်လိုက်ရသည်။
သူမသည်... ဆေးလုံးဂိုဏ်းမှ မဟုတ်ပေ။ သို့သော်လည်း သူမသည် တျဲတန်းကွေ့၏အသက်ကို အံ့ဖွယ်နည်းဖြင့် ကယ်တင်ခဲ့သည်!
တျဲတန်းကွေ့မှာ ထိုအဖြစ်အပျက်ကိုပြန်လည်စဉ်းစားနေဆဲမှာပင် စုကျိုသည် နောက်ထပ်ဒဏ်ရာရရှိသူတစ်ဦးကို ကယ်တင်ရန် သွားနှင့်လေပြီ။ ထို့နောက် သူမသည် တောက်ဟယ်၏ငါးမျှားကြိုးဖြင့် နောက်သို့ ဆွဲခေါ်ခြင်းခံရကာ၊ ပြင်းထန်စွာ ဒဏ်ရာရထား သော ဆေးလုံးဂိုဏ်းမှ စီနီယာအစ်ကိုတစ်ဦး၏ ရှေ့တည့်တည့်သို့ရောက်ရှိသွားသည်။
“ရှောင်ကျို၊ ဒီစီနီယာအစ်ကိုက အဆင့်သုံး အရေးပေါ်အခြေအနေပဲ”
“ခါးအောက်ပိုင်း တစ်ခုလုံး ပြင်းပြင်းထန်ထန်ပျက်စီးသွားတယ်”
“သူ့ရဲ့ ရွှေအမြုတေက မိစ္ဆာသားရဲရဲ့လက်သည်းနဲ့ အပိုင်းပိုင်း အကျိတ်ခံလိုက်ရတာ၊ မြေပြင်မှာ ရှစ်ပုံတစ်ပုံပဲ ကျန်တော့တယ်”
ယင်လီသည် ဂွမ်းရုပ်လေးမှတစ်ဆင့် သူr ရရှိထားသော သတင်းအချက်အလက်များကို အဝေးမှနေ၍ စုကျိုထံသို့ အမြန်ပေးပို့လိုက်သည်။
တျဲတန်းကွေ့သည် တောက်ဟယ်၏ငါးမျှားကြိုးဖြင့် စစ်အစီအရင်အတွင်းသို့ ဆွဲခေါ်ခံရစဉ် ဤစကားကိုကြားလိုက်ရသည်။
“အဆင့်သုံး အရေးပေါ်အခြေအနေ ဟုတ်လား?” သူ စိုးရိမ်တကြီး မေးလိုက်သည်။
“ဒါက အဆိုးဆုံး အခြေအနေလား?”
“မဟုတ်ဘူး” အနီးအနားရှိ ဆေးလုံးဂိုဏ်းဝင်တစ်ဦးက မိစ္ဆာသားရဲလှိုင်းကို တိုက်ခိုက်ရင်း ကြားဖြတ်ဖြေကြားလိုက်သည်။
“ဂျူနီယာညီမလေးစုရဲ့ သတ်မှတ်ချက်အရ အဆိုးဆုံးက ‘အဆင့်တစ် အသည်းအသန်’နောက်မှ ‘အဆင့်နှစ် စိုးရိမ်ရ’ ပဲ”
“အဆင့်သုံး အရေးပေါ်ကတော့ အချိန်မီအောင်လုပ်နိုင်သရွေ့ အန္တရာယ်အကြီးဆုံး မဟုတ်သေးဘူး”
ဩော်… တျဲတန်းကွေ့ ခေါင်းညိတ်လိုက်သည်။
သူ့ရဲ့ ရွှေအမြုတေက ရှစ်ပုံတစ်ပုံပဲကျန်တော့တယ်၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတော်များများလည်း မရှိတော့ဘူး၊ ဒါတောင် အဆင့်သုံးပဲ ရှိသေးတယ်ပေါ့။ စုကျိုက သူမရဲ့ တစ်ဝက်ပဲ ကျန်တော့တဲ့ ရွှေအမြုတေနဲ့ ခန္ဓာကိုယ်ကို ဒဏ်ရာအနည်းငယ်လို့ ဘာလို့ ပြောခဲ့လဲဆိုတာ အခုမှ နားလည်သွားတော့သည်။
ထို့နောက် တျဲတန်းကွေ့ အကြည့်များပြောင်းလဲသွားသည်။
“ဒါကို ဒဏ်ရာအနည်းငယ်လို့ သတ်မှတ်တာလား... အား”
သူ့ရဲ့ ရွှေအမြုတေက လုံးဝနီးပါး ပျက်စီးသွားတာလေ! ရှစ်ပုံတစ်ပုံပဲ ကျန်တော့တာ... ဒါက အစအနလေးပဲ ရှိတော့တာလေ!
တောက်ဟယ်သည် စုကျိုရှိရာသို့ မိစ္ဆာသားရဲလှိုင်း တိုးကပ်လာသည်ကို သတိပြုမိသဖြင့် စုကျိုနှင့်သူမ သတ်မှတ်ထားသော အဆင့်သုံး ဒဏ်ရာရသူကို သူတို့၏အထူးစစ်ဆင်ရေးအဖွဲ့ ဗဟိုချက်သို့ အမြန်ငါးမျှားယူလိုက်သည်။ ကျန်ရှိသူများက တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းကို တာဝန်ယူကြပြီး စုကျိုကမူ ‘ကုသခြင်း’ ကို တာဝန်ယူသည်။
“သတိထားပါဦး စီနီယာအစ်ကို၊ ကျွန်မ အစ်ကို့ဒဏ်ရာတွေကို ကုပေးတော့မယ်”
စုကျိုသည် တျဲတန်းကွေ့ကောင်းကောင်းသိနေသည့် အဖွင့်စကားကိုပြောလိုက်သည်။ တျဲတန်းကွေ့သည် မိစ္ဆာသားရဲများကို တိုက်ခိုက်ရင်း တစ်ဖက်မှလည်း လူများအတွက် ဆေးလုံးများကိုဖော်စပ်ပေးနေသည်။ မကြာခင်မှာပင် သူမနှင့်အတူ ပါလာခဲ့သော ဆေးလုံးဂိုဏ်းမှ စီနီယာအစ်ကိုလျူ ဝေဝါးစွာပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။
“...ဒဏ်ရာတွေကို... ကုမယ်...”
“ငါ... မသေသေးဘူးလား... ငါ... ကယ်လို့ ရသေးတာလား...?”
တျဲတန်းကွေ့ မျက်ရည်ကျလုနီးပါးဖြစ်သွားသည်။ စီနီယာအစ်ကိုလျူသည် မိစ္ဆာသားရဲများကိုရှာဖွေသည့် ရှေ့ပြေးအဖွဲ့ထဲ မဝင်ခင်လေးမှာတင် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။ သူ့အသင်းဖော်ကို ကာကွယ်ရင်း သူ့ခန္ဓာကိုယ် အောက်ပိုင်းမှာကြေမွသွား ခဲ့ရသည်။ ဤဒဏ်ရာသည် ကျင့်ကြံသူတစ်ဦးအတွက် သေစေနိုင်သည့် ဒဏ်ရာမဟုတ်သော်လည်း မိစ္ဆာသားရဲမှာကောက်ကျစ်စွာ ဖြင့် သူ့ ဒန်ထျန်ကိုဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။ စီနီယာအစ်ကိုလျူသည် သူမ ထက်စော၍လဲကျသွားခဲ့ခြင်းဖြစ်သည်။
သူမ သူ့အားကယ်တင်ရန် ကြိုးစားခဲ့ပါသေးသည်။ သို့သော် တတိယအဆင့်ဆေးလုံးများ တိုက်ကျွေးသော်လည်း သူ့ ပျက်စီးနေ သောခန္ဓာကိုယ်နှင့် ဒန်ထျန်မှ စွမ်းအင်များယိုစိမ့်ထွက်နေသည့် အရှိန်ကိုမလိုက်နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် သူမ သူ့အားဆေးလုံးများ ထပ်ကျွေးရန် ကြိုးစားသော်လည်း ၎င်းက ခေါင်းမာမာဖြင့်ငြင်းဆန်ခဲ့သည်။ သူသည် မိစ္ဆာသားရဲလှိုင်းထဲသို့ အတူတူသေရန် ရည်ရွယ်၍ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်။ သေချာသည်မှာ ယခုအခါ သူသည် လူမှန်းသူမှန်း မသိနိုင်အောင်ဖြစ်နေလေပြီ။
တျဲတန်းကွေ့သည် စုကျို စီနီယာအစ်ကိုလျူအား ကယ်နိုင်ပါစေဟုမျှော်လင့်နေသော်လည်း သူမ တကယ်ကယ်နိုင်ပါ့မလား ? သူမ ကိုယ်တိုင်တောင်မှ ရွှေအမြုတေတစ်ဝက်လောက်ကျန်ရှိသေးသည်။
“စကားမပြောပါနဲ့ဦး”
စုကျိုက စီနီယာအစ်ကိုလျူကို ဆက်ပြောခွင့် မပေးဘဲ တားလိုက်သည်။
“မဟုတ်ရင် ကျန်နေတဲ့ ရွှေအမြုတေ အစအနတွေက ပိုမြန်မြန်ပျောက်ကွယ်သွားလိမ့်မယ်”
ထိုသို့ပြောပြီးနောက် မိစ္ဆာသားရဲစားပြီး ကျန်ခဲ့ပုံရသော ရွှေအမြုတေအစအနများကို သူမ အမြန်ကောက်ယူလိုက်သည်။
“အစအန နည်းနည်းတော့ကျန်သေးတာပဲ၊ ဒါ အစ်ကို့ရဲ့ရွှေအမြုတေ ဟုတ်၊ မဟုတ် ကျွန်မ အတည်ပြုပါရစေ”
“ပြီးရင်တော့ ကျွန်မ ပုံတူပွားတော့မယ်”
“???”
ပုံစံမမှန်တော့သော ထိုရှစ်ပုံတစ်ပုံစာ ရွှေအမြုတေအစအနလေးမှ အတိအကျတူညီသော ပုံတူကိုးခုသည် စုကျို၏ ညာဘက်လက်ထဲတွင် လျင်မြန်စွာထွက်ပေါ်လာသည်။
“ရှောင်ယင်၊ ဒါကို ပြင်လိုက်ဦး” စုကျို ခေါင်းပင်မလှည့်ဘဲ သူ့ နောက်သို့ ပစ်ပေးလိုက်သည်။
“ကောင်းပြီ”
ယင်လီသည် ပါးလွှာသော ထွင်းထုဓားနှစ်လက်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး လျင်မြန်သောလက်လှမ်းများဖြင့် ပုံစံမမှန်သော ရွှေအမြုတေ အစအန ဆယ်ခုကို စနစ်တကျထွင်းထုကာ အံဝင်ခွင်ကျဖြစ်စေလျက် လုံးဝန်းသော စက်လုံးလေးတစ်ခုဖြစ်အောင် ပြန်လည် ဆက်စပ်ပေးလိုက်သည်။ ထို့နောက် စုကျိုထံသို့ပြန်ပစ်ပေးလိုက်သည်။
စုကျိုသည် ၎င်းကို စစ်ဆေးပြီးနောက် စီနီယာအစ်ကိုလျူ၏ရင်ဘတ်ဒဏ်ရာအတွင်းသို့ ပုံတူပွားထားသော ဒန်ထျန်နှင့်အတူ ပြန်ထည့်ပေးလိုက်သည်။
“ရွှေအမြုတေနဲ့ ဒန်ထျန်ပြန်ကောင်းသွားပြီ”
“စီနီယာအစ်ကိုလျူ၊ ခဏလောက် တောင့်ခံထားဦး၊ ကျွန်မ အစ်ကို့ရဲ ခန္ဓာကိုယ်ကို စပြီးဆက်စပ်ပေးတော့မယ်”
စီနီယာအစ်ကိုလျူ : “?”
တျဲတန်းကွေ့ : “!”
“သတင်းအချက်အလက်တွေအရ ဆေးလုံးဂိုဏ်းရဲ့ရှေ့ပြေးအဖွဲ့ဝင် စီနီယာအစ်ကိုလျူနန်က အသက် ၃၉ နှစ် ရှိပြီ၊ ခြေထောက်တွေက သုံးပေတစ်လက်မလောက် ရှည်တယ်”
“ဗိုက်ကြွက်သားတွေ မရှိဘူး၊ ဗိုက်ကလေး နည်းနည်းထွက်နေတယ်!”
“အသားအရေက ညိုတဲ့ အရောင်မျိုး...”
အရာအားလုံးကိုသိမြင်နိုင်သော ယင်လီသည် စီနီယာအစ်ကိုလျူ၏အတိတ်က ခန္ဓာကိုယ်အချက်အလက်များကို ချက်ချင်း ဖတ်ပြလိုက် သည်။ စုကျိုက သဘောတူသည့်အနေဖြင့် အသံပြုကာ သူ့ ခါးမှ သိုလှောင်အိတ်များကို စမ်းသပ် ရှာဖွေနေသည်။
“ချန်ယွမ်၊ ငါ့အတွက် အံဝင်ခွင်ကျဖြစ်မယ့် ခြေထောက်တွေနဲ့ဝမ်းဗိုက်ပိုင်းကို နင်လည်း ကူရှာပေးဦး”
ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများ မရှိတော့သော စီနီယာအစ်ကိုလျူနှင့် မတ်တပ်ရပ်နေပြီဖြစ်သော တျဲတန်းကွေ့တို့၏ ရှုပ်ထွေးပြီး အံ့ဩနေသောအကြည့်များအောက်တွင် မိစ္ဆာသားရဲတစ်ကောင်၏နှလုံးသားကို လက်ဝါးတစ်ချက်တည်းဖြင့် ဖောက်ထုတ်ခဲ့သည့် ဝတ်စုံနီနှင့်မိစ္ဆာကြီးသည် ရုတ်တရက်ခေါင်းငုံ့လိုက်သည်။ သူသည် သွေးပေနေသော သူ့လက်ချောင်းများကို လျင်မြန်စွာ ခါယမ်းလိုက်ရာ မိစ္ဆာသားရဲသွေးစက်များမှာ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။
သန့်ရှင်းစင်ကြယ်သော သူ့ လက်များကို ပြန်လည်ရရှိပြီးနောက် မိစ္ဆာကြီးသည် သူ့ခါးမှ သိုလှောင်အိတ်သုံးလုံးအတွင်း အသည်းအ သန်ရှာဖွေတော့သည်။ သူသည် သုံးပေရှည်သော ဂျုံရောင် ယောက်ျားခြေထောက်တစ်စုံနှင့် ကြွက်သားမရှိသော ဝမ်းဗိုက်တစ်ခုကို အမြန် ဆွဲထုတ်လိုက်သည်…
“စီနီယာအစ်ကိုလျူ၊ အချိန်က အရမ်းအရေးကြီးနေလို့၊ အခုလောလောဆယ်တော့ ဒါနဲ့ပဲ အဆင်ပြေအောင်လုပ်ထားလိုက်ပါဦး” စုကျို တည်ငြိမ်စွာ ဆိုလိုက်သည်။
တောက်ဟယ်ငါးမျှားယူလာပေးသော ခြေထောက်နှင့် ဝမ်းဗိုက်ကိုယူလိုက်ပြီး သူမသည် အဆင့်မြင့်ချုပ်လုပ်မှုအတတ်ဖြစ်သော ‘အပြစ်အနာအဆာကင်းခြင်း’ ကိုသုံးကာ သူမ လက်ချောင်းများကြားမှ ငွေရောင်ဝိညာဉ်ချည်မျှင်များကို ထုတ်ယူလိုက်သည်။ သူမ စတင် ချုပ်လုပ်ပေးတော့သည်!
“ကဲ ရပြီ စီနီယာအစ်ကိုလျူ၊ ထရပ်ပြီး အစ်ကို့ ခန္ဓာကိုယ်အသစ်နဲ့ အသားကျအောင် လုပ်ကြည့်လိုက်ပါဦး”
စီနီယာအစ်ကိုလျူ : “?”
စီနီယာအစ်ကိုလျူ : “!”
“ဩော် ဒါနဲ့”
စုကျိုသည် သူ့ ခြေကျင်းဝတ်မှ အစကို မ ကာ ကြည့်လိုက်သည်။
“ဒါက ချန်ပိုင်ချောင်လှူထားတဲ့ ခြေထောက်အတုပဲ၊ တိုက်ပွဲပြီးရင် သူ့ကို ကျေးဇူးတင်လိုက်ဦး”
တျဲတန်းကွေ့ : “!”
စီနီယာအစ်ကိုလျူ : “!!”
ချန်ပိုင်ချောင်သည် ရယ်မောလျက် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ့ ခေါင်းကို ခါယမ်းလိုက်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဆေးလုံးဂိုဏ်း တပည့်တွေအနေနဲ့ ကျင့်ကြံသူတွေကိုကုသပေးဖို့က ငါတို့ရဲ့ တာဝန်ပဲလေ”
“စီနီယာအစ်ကိုလျူ၊ လာပြီး ဒီသားရဲတွေကို သတ်ဖို့ ကူညီပေးပါဦး!”
“ပြီးတော့ ငါ့ခြေထောက်က အလုပ်လုပ်ရဲ့လားလို့ စမ်းကြည့်လိုက်ဦး”
စုကျို ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဒဏ်ရာရသူတစ်ဦးဆီသို့ သွားပြန်သည်။
“ချန်ပိုင်ချောင်၊ စီနီယာအစ်ကိုလျူနဲ့ ငါကတော့ ဒဏ်ရာနည်းနည်းပဲ ရထားတာလေ၊ ဂျူနီယာညီမလေးစုရဲ့ အဆင့်တစ် အသည်းအသန်အခြေအနေဆိုတာ ဘယ်သူလဲ? မျှော်လင့်ချက်ရော ရှိရဲ့လား?”
တျဲတန်းကွေ့သည် ဆေးလုံးဂိုဏ်း ရှေ့တန်းအဖွဲ့၏ရွှေအမြုတေအဆင့် ခေါင်းဆောင်ဖြစ်သည်။ သူမသည် ဤတစ်ခါ ပါလာခဲ့သော ဂျူနီယာညီလေး၊ ညီမလေးများ အားလုံးအသက်ရှင်ပါစေဟု ဆုတောင်းနေမိသည်။
“ငါတို့ စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ရှိတာ” တျဲတန်းကွေ့ အလောတကြီး ဆိုသည်။
“ဂျူနီယာညီမလေး ရှောင်ရု! ဟုတ်တယ်၊ ရှောင်ရုက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ... သူ့ရဲ့ ဝိညာဉ်စင်မြင့်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့တာ!”
“ဩော် သူ့ကိုတော့ ရှောင်ကျိုက အဆင့်တစ် အသည်းအသန်လို့ သတ်မှတ်ထားတာပဲ”
ယင်လီသည် လူနာစာရင်းကို စစ်ဆေးကာ ခေါင်းညိတ်လိုက်သည်။
“ကျီကျီနဲ့ ရှင်းချန်တို့ ကလေးနှစ်ယောက် သွားကုပေးနေပြီ”
ယင်လီ စကားပြောပြီးသည်နှင့် တောက်ဟယ်သည် မိစ္ဆာသားရဲအချို့ စစ်အစီအရင်ကို ဖောက်ထွက်ပြီး ကုသရေး တာဝန်ယူထား သည့် စုရှင်းချန် နှင့် စုကျီကျီတို့ထံသို့ ချဉ်းကပ်လာသည်ကို သတိပြုမိသွားသည်။ သူသည် ငါးမျှားကြိုးကို အမြန်ပစ်ထုတ်လိုက်ပြီး ကုသရေးအဖွဲ့ကို စစ်အစီအရင်အတွင်းသို့ ပြန်လည်ဆွဲခေါ်လိုက်သည်။ မိစ္ဆာသားရဲများ၏ဝိုင်းရံမှုကို ခံထားရခြင်းမှာ ကြာရှည်မည့် တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပေသည်။ ဝိညာဉ်စွမ်းအင်ကိုချွေတာရန်အတွက် တောက်ဟယ်၏လွှဲယမ်းမှုတိုင်းကို စုကျိုက ညွှန်ကြားနေ ရပြီး သူသည် အလွန်ဂရုစိုက်နေရသည်။
“မကြောက်ပါနဲ့ စီနီယာအစ်မ၊ ကျွန်မတို့အစ်မကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်”
စုကျီကျီ မျက်စိမှိတ်လိုက်ရာ သူ့ နဖူးပေါ်မှ ‘နေနာရီ’ ပါရမီသည် စုရှင်းချန်၏ပါရမီနှင့် တစ်ပြိုင်နက်တည်း လင်းလက်လာသည်။
“အချိန်ကို နောက်ပြန်ဆွဲရင်တောင် သေခြင်းနဲ့ ရှင်ခြင်းကြားက နယ်နိမိတ်ကို ပြောင်းလဲဖို့ခက်ခဲပါတယ်၊ ကံကောင်းတာက စီနီယာအစ်မက ရွှေအမြုတေအဆင့်အထိ ကျင့်ကြံထားတာပဲ၊ သူ့ ခန္ဓာကိုယ်ဟာ ပျက်စီးနေပေမဲ့ ဇီဝအသက်ဓာတ်နည်းနည်းတော့ ကျန်သေးတယ်၊ သူရဲ့ ဝိညာဉ်စင်မြင့်က ပျက်စီးသွားပေမဲ့ ဝိညာဉ်ကတော့ လုံးဝပျောက်ကွယ်မသွားသေးဘူး၊ မိစ္ဆာသားရဲရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရရုံပဲ ရှိသေးတာ”
တျဲတန်းကွေ့ : “...”
စီနီယာအစ်ကိုလျူ : “...”
မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောနေတာလား?
“အချိန်နောက်ပြန်ဆွဲခြင်း!”
“အချိန်နောက်ပြန်ဆွဲခြင်း!”
“...”
“အချိန်နောက်ပြန်ဆွဲခြင်း!”
ကလေးနှစ်ယောက်သည် သူတို့ ပါရမီကို ခုနစ်ကြိမ်စီအသုံးပြုလိုက်ရပြီးမှ ရွှံ့ညွန်လိုပျက်စီးနေသော သူမ၏ဝိညာဉ်စင်မြင့်ကို ပြန်လည် ရရှိစေကာ သူမ ခန္ဓာကိုယ်ကို တဖြည်းဖြည်းပြန်လည်ပေါက်ဖွားလာစေခဲ့သည်! ဤအချိန်တွင် တျဲတန်းကွေ့သည် စုကျို ပြောခဲ့သည့် စကားကို နောက်ဆုံးတွင်ပြန်သတိရသွားတော့သည်။
‘အစ်မက ဒဏ်ရာနည်းနည်းပဲ ရထားတာ၊ ကျွန်မမှာ အချိန်နောက်ပြန်ဆွဲတဲ့ ပါရမီရှိပေမဲ့... အစ်မအပေါ်မှာ မသုံးဘူး...’
ဒါကြောင့်ကိုး။ အချိန်နောက်ပြန်ဆွဲခြင်းကို သေလုနီးပါး ဖြစ်နေသူတွေအတွက် အသုံးပြုတာပဲ! သူမ တျဲတန်းကွေ့မှာတော့ ရွှေအမြုတေအဆင့် တစ်ခုနဲ့ ခန္ဓာကိုယ် တစ်ဝက်ပဲကျန်တော့တာလေ... တခြားလူတွေ မကယ်နိုင်တဲ့ ဒီလိုဒဏ်ရာမျိုးကိုတောင် ဒဏ်ရာအနည်းငယ်လို့ စုကျိုက သတ်မှတ်တာပဲ။ စုကျိုနဲ့အခြားသူတွေကို ကျေးဇူးတင်လိုက်တာ။ တျဲတန်းကွေ့ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သို့သော် သူမ မျက်ရည်မကျရဲပါ၊ သူမ၏ မျက်ရည်များတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသဖြင့် တိုက်ခိုက်ရေးစွမ်းအားကို ဖြုန်းတီးရာ ရောက်မည်စိုးသောကြောင့် ဖြစ်သည်။ သူမ၏ ဆေးပေါင်းအိုးကို မိစ္ဆာသားရဲလှိုင်းဆီသို့ အလကားရသလို လှမ်းပစ်နေတော့သည်!
“စီနီယာအစ်မ၊ အချိန်နောက်ပြန်ဆွဲတာက ကျွန်တော်တို့အတွက် တော်တော်လေးပင်ပန်းစေပါတယ်”
စုကျီကျီ နှင့် စုရှင်းချန် တို့သည် မျက်နှာများ ဖြူလျော်လျက် ဆေးလုံးများကို အမြန်သောက်လိုက်ကြသည်။
“နောက်ကျရင်တော့ အစ်မကို ကုပေးဖို့ ‘ဆေးပညာ’ ပါရမီကို ပြောင်းသုံးပါ့မယ်”
တျဲတန်းကွေ့ : “?”
စီနီယာအစ်ကိုလျူ : “?”
နိုးလာပြီဖြစ်သော သမားတော်မလေး လင်းရု : “???”
“ကဲ ရပြီ၊ နောက်တစ်ယောက်”
အနီးအနားတွင် ရပ်နေသော စုကျိုသည် ခွဲစိတ်ခန်းထဲမှ ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ သူ့လက်များကို အလုပ်ရှုပ်စွာ မြှောက်ထားသည်။
“ရှောင်ကျို၊ ဒီစီနီယာအစ်မရဲ့ရွှေအမြုတေကတော့ လုံးဝပျက်စီးသွားပုံပဲ၊ ငါတို့ ရှာလို့ မတွေ့တော့ဘူး”
တျဲတန်းကွေ့ ဝမ်းသာမှုများမှာ တမုတ်ချင်းပျောက်ကွယ်သွားပြီး ရင်လေးစရာ ဖြစ်သွားရပြန်သည်။ ဘယ်လိုလုပ်မလဲ? ရွှေအမြုတေ ပျက်စီးသွားပြီဆိုရင် အချိန်နောက်ပြန်ဆွဲဖို့ပဲရှိတာပေါ့! ဒါပေမဲ့ စုကျီကျီ နဲ့ စုရှင်းချန် ကို ကြည့်လိုက်တဲ့အခါမှာတော့ ကလေးနှစ် ယောက်မှာ ချွေးတွေရွှဲနေပြီး အဖွဲ့ရဲ့ကာကွယ်ရေး အင်းကွက်ထဲမှာ တရားထိုင်ပြီး အနားယူနေကြရပြီလေ။ သူတို့မှာ ဝိညာဉ်စွမ်းအင်တွေ ကျန်တော့မှာ မဟုတ်ပါဘူး။ တျဲတန်းကွေ့ နှင့် စီနီယာအစ်ကိုလျူတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။
သွားပြီ။ စုကျိုက ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပုံတူပွားပြီး ရွှေအမြုတေကိုပြင်ပေးနိုင်ပေမဲ့၊ ဘာမှမကျန်တော့တဲ့ အရာကို ဘယ်လိုများ ပြင်ပေးနိုင်မှာလဲ?!
“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကျွင်းမော့၊ စီနီယာအစ်ကို ချန်ပိုင်ချောင်” စုကျို အမြန်ပြောလိုက်သည်။
“ဩော်၊ ရပြီ”
စာဆိုတော်ခန်းမမှ ကျွင်းမော့သည် စုကျို ခေါ်သံကို ကြားသည်နှင့် ဘေးမှ ကျူးပိုင်ယွီအား မိစ္ဆာသားရဲ တိုက်ခိုက်မှုမှ ကာကွယ်ပေး ရန်လှမ်းခေါ်လိုက်ပြီး လက်ဟန်တစ်ခုကို အမြန်လုပ်လိုက်သည်။