← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

🥝 Chapter 192

“ဒေသန္တရ အရာရှိရဲ့ နာမည်နဲ့၊ ချန်ပိုင်ချောင်ရဲ့ရွှေအမြုတေဟာ ဆေးလုံးဂိုဏ်းတပည့်တွေရဲ့ ခန္ဓာကိုယ်ထဲ ဘာငြင်းပယ်မှုမှ မရှိစေရဘူးလို့ ငါ အမိန့်ပေးတယ်!”

တျဲတန်းကွေ့ : “?”

သူမနှင့် ကယ်တင်ခံထားရသော ရှေ့ပြေးအဖွဲ့ဝင်များသည် ချန်ပိုင်ချောင်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ကြသည်။ ချန်ပိုင်ချောင်သည် ဆေးနံ့များမွှေးပျံ့နေသော ရွှေအမြုတေ တစ်ခုကို ရုတ်တရက်ထွေးထုတ်လိုက်ပြီး စုကျိုထံသို့ ပစ်ပေးလိုက် သည်ကို သူတို့ မြင်လိုက်ရသည်!

“!”

စုကျိုသည် ပျံလာသော ရွှေအမြုတေကို ညှပ်နှစ်ခုဖြင့် ဖမ်းယူလိုက်ပြီး သတိမေ့နေသော စီနီယာအစ်မ၏ ဝမ်းဗိုက်အတွင်းသို့ တည်ငြိမ်စွာ ထည့်ပေးလိုက်သည်။ သူမသည် အားနည်းနေသော်လည်း အံ့ဩတကြီး ပွင့်လာသော သူမ၏ မျက်လုံးများနှင့် ဆုံလိုက်သည်။

“စီနီယာအစ်မ၊ ချန်ပိုင်ချောင်ရဲ့ ရွှေအမြုတေက အစ်မနဲ့ အသင့်တော်ဆုံးဖြစ်ရမယ်၊ အစ်မတို့ နှစ်ယောက်စလုံးက ကျင့်ကြံမှုအဆင့် တူတူပဲ၊ ပြီးတော့ ဆေးလုံးဂိုဏ်းရဲ့ကျင့်စဉ်တွေကိုပဲ ကျင့်ထားကြတာလေ၊ စစ်ပွဲကာလဆိုတာ အရမ်း အရေးကြီးတဲ့ အချိန်ပဲ၊ ရွံမနေပါနဲ့၊ အခုလောလောဆယ် ဒါကိုသုံးပြီး တိုက်ပွဲမှာ ပါဝင်အားဖြည့်လိုက်ပါဦး!”

နိုးလာခါစ စီနီယာအစ်မ : “?...!” သူမ ‘မကြိုက်တာ’ ဆိုတဲ့ စကားလုံးကိုတောင် မေ့သွားရတော့သည်။

“ငါက ဂျူနီယာမောင်လေးရဲ့ရွှေအမြုတေကို သုံးလိုက်ရင် သူရော ဘာဖြစ်သွားမလဲ?”

စီနီယာအစ်မ ထရပ်လိုက်ရာ သူမ မျက်နှာမှာ ဖြူလျော်နေသည်။ လှုပ်ရှားလိုက်ရာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ သူမ ခန္ဓာကိုယ်ထဲသို့တိုးဝင်လာသည်။ စာဆိုတော်ခန်းမအမိန့်ကြောင့် ချန်ပိုင်ချောင်ရွှေအမြုတေမှာ သူ့ခန္ဓာကိုယ်အတွင်း ဘာငြင်းပယ်မှုမှမပြခဲ့ပေ။ ၎င်းသည် ဝိညာဉ်စွမ်းအင်များကို အလိုအလျောက်စုပ်ယူပြီး အင်အားများ ပြန်လည်ဖြည့်တင်းနေသည်။

ချန်ပိုင်ချောင် လက်ဝေ့ယမ်းပြလိုက်သည်။

“ရပါတယ်၊ ဒါက ရွှေအမြုတေ တစ်ခုတည်းပါပဲ”

“ညီမလေးစုကျိုက ငါ့ကို ကိုးခုတောင် ပေးထားတာ၊ ငါက ချမ်းသာပါတယ်!”

“?”

စုကျိုသည် သူ့ လက်များကို ဆေးကြောလိုက်ပြီး နောက်ဆုံးတွင် ထရပ်လိုက်သည်။

“ဒဏ်ရာရသူ ဆယ့်နှစ်ယောက်စလုံးကို ကယ်ပြီးပြီလား?”

“အင်း” ယင်လီ ခေါင်းညိတ်လိုက်သည်။

တျဲတန်းကွေ့ အံ့ဩသွားသည်။ သေမင်းနိုင်ငံကို ခြေတစ်ဖက်လှမ်းနေရပြီဖြစ်တဲ့ ဒီ ‘အစိတ်အပိုင်းတွေ ပြတ်တောက်နေတဲ့ အလောင်းတွေ’ က တကယ်ပဲ ကယ်တင်ခြင်းခံလိုက်ရတာလား? ပြီးတော့ သူတို့ အကုန်လုံးထရပ်နိုင်ကြပြီ! ခြေလက်တွေ၊ ရွှေအမြုတေတွေပြန်ရလာပြီဖြစ်တဲ့ သူတို့တွေက ထပ်ပြီးတိုက်နိုင်ကြပြီပေါ့!

“တိုက်ပွဲကို မြန်မြန်အဆုံးသတ်လိုက်ကြစို့”

ထရပ်ပြီးနောက် စုကျိုသည် သူတို့ကို ဝိုင်းရံထားဆဲဖြစ်သော မိစ္ဆာသားရဲလှိုင်းကိုဝေ့ကြည့်လိုက်သည်။ မိစ္ဆာသားရဲ အရေအတွက်မှာ သူမ ရောက်လာစဉ်ကထက် ပိုများနေပုံရသည်။ သူမ လူနာတွေကိုကယ်နေစဉ်မှာ တခြားသူတွေက တိုက်ခိုက်နေခဲ့ကြပြီး၊ မြေပြင်မှာလည်း မိစ္ဆာသားရဲ အလောင်းတွေ ရေတွက်လို့ မရအောင် ရှိနေပြီလေ။ ဒါပေမဲ့ အသက်ရှင်နေတဲ့ မိစ္ဆာသားရဲ အရေအတွက်က လျော့မသွားဘဲ ဘာလို့ ပိုများလာရတာလဲ?

“ကျိ—!”

သားရဲလှိုင်းထဲမှ သုံးတောင်လောက် မြင့်မားသော အတောင်ပံအမည်းနှင့် မိစ္ဆာငှက်ကြီးတစ်ကောင်က ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်သည်။ စီနီယာအစ်ကိုလျူအမူအရာမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

“သူက မိစ္ဆာသားရဲ အသစ်တွေကို လှမ်းခေါ်နေတာပဲ!”

မိစ္ဆာသားရဲတွေက သူတို့ရဲ့ အဖော်တွေကို ဆက်တိုက် ခေါ်နေကြတာပဲ။ တစ်သုတ်ပြီး တစ်သုတ်၊ သူတို့ကို သတ်လို့ မကုန်နိုင်ဘူး။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ ရှေ့ပြေးအဖွဲ့ ခြေမှုန်းခံလိုက်ရတာပေါ့။

“ငါတို့ မြန်မြန်ဖောက်ထွက်မှ ဖြစ်မယ်!”

“အစ်ကို နောက်ဆုံးကြားခဲ့တဲ့ အော်သံက ဒီကောင်ဆီကပဲလား?”

စုကျို နောက်ဆုံးမှာတော့ သားကောင်တွေကို အကဲခတ်ဖို့အားရသွားပြီ ဖြစ်သည်။ သူမသည် များသောအားဖြင့် ချန်ယွမ်နှင့်သာ အချိန်ကုန်လေ့ရှိသည်။ ရှောင်ပိုင်ကိုမွေးမြူစဉ်မှာ စုကျို သိလိုက်ရတာက ချန်ယွမ်ဟာ ရှီးရှန်ဆောင်ရဲ့ မိစ္ဆာတောအုပ်ထဲကို ဝင်ထွက်တဲ့အခါ မိစ္ဆာဝိညာဉ်တွေနဲ့ မိစ္ဆာသားရဲတွေအပေါ်မှာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်စွမ်းရှိတာပင်။ ဒါဟာ မိစ္ဆာသားရဲလောကမှာလည်း လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရှိနိုင်တယ်ဆိုတာကို ပြနေတာပါ။

စုကျိုသည် သတ်ဖြတ်လိုစိတ်တွေဖြင့် အော်ဟစ်နေသော အတောင်ပံအမည်းနှင့် မိစ္ဆာငှက်ကြီးကိုစူးစိုက်ကြည့်နေမိသည်။ ၎င်း၏ အတောင်ပံအကျယ်၊ အမြီးအရှည်နှင့် အရပ်အမောင်းတို့မှာ တခြားကောင်တွေထက် သာလွန်နေသည်။

“ဟုတ်မယ် ထင်တယ်? ငါလည်း အခုထိတော့ သေချာ မပြောတတ်သေးဘူး”

စုကျို ခေါင်းညိတ်လိုက်ရာ သူမ ခန္ဓာကိုယ်အတွင်းမှ ရွှေအမြုတေဆယ်ခုလောက်မှာ အပြင်သို့ ခုန်ထွက်သွားကြသည်! ထိုရွှေအမြု တေများသည် မိစ္ဆာသားရဲလှိုင်းဆီသို့ပြေးဝင်သွားကြသည်။ မျက်စိပါသည့်အလား မြူထုကို ထိုးဖောက်သွားကြပြီး၊ မကြာခင်မှာပင် သံသယဖြစ်စရာကောင်းသော ငှက်အမည်းကြီးကို အရပ်ရပ်မှဝိုင်းထားလိုက်ကြသည်!

စုကျို မျက်စိဖွင့်လိုက်သည်။

“ဆုတ်ကြစမ်း!”

သူမက သူ့ညာဘက်လက်ဖြင့် မြေပြင်လွတ်တစ်ခုကို ညွှန်ပြလိုက်ရာ၊ ကျယ်လောင်သော မြည်ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာ သည်။ မြေပြင်မှာ တောက်လျှောက်တုန်ခါနေပြီး၊ ထို့နောက်တွင် အတောင်ပံအမည်းနှင့်ကြီးမားသော ငှက်ကြီး ကိုးကောင်မှာ မတ်တပ်ရပ်လာကြတော့သည်!

ဆေးလုံးဂိုဏ်း ရှေ့ပြေးအဖွဲ့ဝင်များ : “?”

မိစ္ဆာသားရဲလှိုင်းထဲမှ အစစ်အမှန်ငှက်အမည်းကြီးသည်လည်း ၎င်း နှုတ်သီးကို အနည်းငယ်ဟလိုက်ပြီး၊ မြစိမ်းရောင် မျက်လုံးလေး နှစ်လုံးကို ပြူးလျက် ၎င်းနှင့် တူညီနေသော အရာကိုးခုကို ကြည့်နေတော့သည်။ စုကျိုသည် ဂိုဒေါင်မှတ်တမ်းကို လှန်ကြည့်လိုက်ပြီး လက်ဖျစ်တစ်ချက်တီးလိုက်သည်။

ပုံတူပွားထားသော ငှက်အမည်းကြီး ကိုးကောင်သည် အရပ်မျက်နှာအသီးသီးမှ မိစ္ဆာသားရဲလှိုင်းထဲသို့ ချက်ချင်း ပြေးဝင်သွားကြ တော့သည်! လမ်းတစ်လျှောက်မှာ မိစ္ဆာသားရဲအတော်များများကို တိုက်မိခဲ့သော်လည်း၊ ၎င်းတို့ကို သားရဲလှိုင်းက ဘယ်တော့မှ ပြန်မတိုက်ခဲ့ချေ။ မိစ္ဆာသားရဲအချို့ဆိုလျှင် ၎င်းတို့ တိုက်ခိုက်မှုများကိုပင် ရပ်တန့်လိုက်ကြပြီး ပုံတူပွားထားသော ငှက်အမည်းကြီး ကိုးကောင်နောက်သို့ လိုက်သွားကြတော့သည်!

လူတိုင်း မျက်တောင်တခတ်ခတ်ဖြစ်ကုန်ကြသည်။ စုကျို နောက်ဆုံး အတည်ပြုလိုက်သည်။

“မှန်တယ်၊ အဲ့ဒီကောင်က ခေါင်းဆောင်ပဲ”

အခုဆိုရင် ငါတို့ဆီမှာ ခေါင်းဆောင် ဆယ်ယောက်ရှိနေပြီပေါ့?!

တျဲတန်းကွေ့မှာမူ အံ့ဩလွန်းလို့ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

“ရပါတယ်၊ ဒီခေါင်းဆောင်ကိုးယောက်စလုံးက ကျွန်မ စကားကို နားထောင်ကြမှာပါ”

“...”

“!”

စုကျို ချက်ချင်းဆိုသလို ကြီးမားသောငှက်ပုံတူကိုးရုပ်ကိုအမိန့်ပေးကာ သားရဲလှိုင်းကို ဖျက်ဆီးခိုင်းလိုက်ရာ၊ ၎င်းတို့လက်အောက်ခံ သားရဲများ အချင်းချင်းပြန်တိုက်ကုန်ကြတော့သည်...

ဆေးလုံးဂိုဏ်း

ကျိုးကျန့်ဟဲသည် ဂိုဏ်းချုပ်၏တရားထိုင်ခန်းထဲသို့ ပြေးဝင်သွားကာ လော့ရွှယ်လျန်နှင့် တွေ့ဆုံလိုက်သည်။

“ဂိုဏ်းချုပ်တူမ၊ ဒီရွှေအမြုတေအဆင့် ရှေ့ပြေးအဖွဲ့တွေတော့ ခြေမှုန်းခံလိုက်ရပြီ၊ သားရဲလှိုင်းဟာ သူတို့ တောင့်ခံနိုင်တဲ့ အရေအတွက်ထက် ကျော်လွန်နေတာဖြစ်ရမယ်!”

“ငါတို့ နောက်ကျလို့ မဖြစ်တော့ဘူး၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက မယှဉ်နိုင်ဘူး၊ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေမှပဲ ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်!”

“ငါ အခုချက်ချင်း သွားကယ်လိုက်မယ်!”

ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်သည် ကျိုးကျန့်ဟဲက သူ့ ဝိညာဉ်အသွင်ပြောင်းအဆင့် အထွတ်အထိပ် ကျင့်ကြံမှုကို သုံးကာ အာကာသကို ဖောက်ထွက်ပြီး အခင်းဖြစ်ပွားရာနေရာသို့ အသည်းအသန်သွားနေသည်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေမိသည်။ သူ့မှာ ပြောစရာစကားနှစ်ခွန်း ရှိသော်လည်း ပြောသင့်မပြောသင့် ဝေခွဲမရဖြစ်နေသည်။

ထိုရွှေအမြုတေအဆင့် တပည့်တွေ၊ အထူးသဖြင့် စုကျိုကတော့... ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေရဲ့ ကယ်တင်မှုကို လိုအပ်ပုံမရတော့ဘူးလေ။ ကံမကောင်းစွာနဲ့ပဲ ကျိုးကျန့်ဟဲ မြန်မြန်ထွက်သွားတာကြောင့် သူ ပြောခွင့်မရလိုက်ပါဘူး။ ဒုတိယ စကားလုံးကိုတော့ လော့ရွှယ်လျန် ပိုလို့တောင် မပြောရဲတော့ပါဘူး။ သူက မိစ္ဆာသားရဲအရေအတွက်က မျှော်လင့်ထားတာထက် ပိုများနေတယ်ဆိုတာကို ဘယ်လိုများသိနေတာလဲ? သူ့ရဲ့ ပထမဦးဆုံး အတွေးကတော့ ကျင့်ကြံမှုပိုမြင့်တဲ့ မိစ္ဆာသားရဲတွေ ပေါ်လာတယ်လို့ပဲ ခန့်မှန်းမိတာပါ။ ကျိုးကျန့်ဟဲက ဂိုဏ်းထဲမှာရှိနေပြီးတော့ ဘယ်လိုများ ဒီလောက်အထိ အသေအချာ သိနေရတာလဲ?

လော့ရွှယ်လျန်သည် သူ့ ကျောက်ကပ်အတွင်းရှိ ကျောက်တည်နေမှုများကို စစ်ဆေးကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့၊ စုကျိုပဲ ဒါကိုစဉ်းစားပါစေတော့”

ဘာပဲဖြစ်ဖြစ်၊ ဆေးလုံးတွေကို အကြာကြီး စားသုံးလာလို့ ကျောက်တည်နေတဲ့ သူ့ထက်စာရင် စုကျို ခန္ဓာကိုယ်ထဲမှာ ရွှေအမြုတေ တွေက ပိုများနေတာပဲလေ။ လော့ရွှယ်လျန် ခေါင်းယမ်းလိုက်ပြီး အကြီးအကဲများနှင့်ကာကွယ်ရေး တိုးမြှင့်ဖို့အတွက် သွားရောက် တိုင်ပင်တော့သည်။ သူသည် စုကျိုနှင့်အတူရှိနေသော ဆေးလုံးဂိုဏ်းတပည့်များထံသို့လည်း ကျိုးကျန့်ဟဲ မကြာခင် ရောက်လာ တော့မည့်အကြောင်း သတင်းပို့လိုက်သည်။

“ဦးလေးကျိုးက ငါတို့ကို လာကယ်မယ် ဟုတ်လား?”

ချန်ပိုင်ချောင်သည် အဖွဲ့ထဲမှ အစားအသောက် ကျင့်ကြံသူတစ်ဦး ကင်ပေးထားသော ကန်စွန်းဥကင်ကိုစားရင်း စုကျို၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူ့ အမူအရာမှာ ထူးဆန်းနေသည်။

“တကယ့်ကို ထူးဆန်းတာပဲ”

မီးခိုးရောင် မြူတွေကတော့ အတော်များများကွာကျသွားပါပြီ၊ သူတို့ရဲ့ ဆက်သွယ်ရေးကျောက်တုံးတွေကလည်း ပြင်ပနဲ့ ပြန်ပြီး အဆက်အသွယ် ရနေပါပြီ။

“ညီမလေးစုကျို၊ ဂိုဏ်းချုပ်က ငါတို့ကို မှာလိုက်တယ်၊ ငါတို့ဂိုဏ်းကကျိုးကျန့်ဟဲက လာကယ်နေပြီတဲ့”

စုကျို မျက်ခုံးပင့်လိုက်သည်။ သူမ စကားပြောမည်အပြုမှာပင် သူ့ရှေ့ရှိအာကာသမှာ လက်တစ်ဖက်ဖြင့် ဆွဲဖြဲခြင်းခံလိုက်ရသည်။ အလျင်စလို တည်ဆောက်ထားသော တယ်လီပို့လမ်းကြောင်းတစ်ခုသဖွယ်၊ ဆေးလုံးဂိုဏ်း၏ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ကျိုးကျန့်ဟဲသည် အပြင်သို့ထွက်လာသည်။

“တူမတျဲတန်း၊ ငါ မင်းတို့ကို လာကယ်ပြီ! အားလုံး ငါ့နောက်ကိုဆုတ်ကြစမ်း—”

ကျိုးကျန့်ဟဲ မျက်နှာမှာ ဝိညာဉ်စွမ်းအင်လမ်းကြောင်းအတွင်းမှာ ရှိနေဆဲပါ၊ အပြင်လောကကို မကြည့်ဘဲ သူသည် ဝိညာဉ်အသွင်ပြောင်းအဆင့် တိုက်ကွက်ကို တိုက်ရိုက်ထုတ်သုံးလိုက်တော့သည်!

ဆေးလုံးဂိုဏ်း၏ ‘ကိုးကြိမ်လှည့် ဆေးပေါင်းအိုး မီးတောက်’ ကျင့်စဉ်သည် စုကျို ပတ်ဝန်းကျင်ရှိ တောရိုင်းမြေပြင်လွတ်များနှင့် အနားယူနေပြီဖြစ်သော မိစ္ဆာသားရဲအလောင်းများကို ချက်ချင်းလောင်ကျွမ်းသွားစေသည်။

စုကျို ညာဘက် မျက်ခွံလှုပ်ခတ်သွားသည်။ သူမသည် အပြင်ကိုလုံးဝမရောက်သေးဘဲ လက်တစ်ဖက်၊ ခြေတစ်ဖက်ပဲ ထွက်နေ သေးတဲ့ ကျိုးကျန့်ဟဲကို အရူးတစ်ယောက်အားကြည့်သလို ကြည့်နေမိသည်။ ဆေးလုံးဂိုဏ်းမှ တခြားသူတွေလည်း ချက်ချင်း မျက်နှာနီသွားကြပြီး ခေါင်းမဖော်ရဲကြတော့ပါဘူး!

“ဂျောက်! ဂျောက်! ဂျောက်!”

ကျိုးကျန့်ဟဲ၏ကိုးကြိမ်လှည့် မီးတောက် တိုက်ကွက်သည် နောက်ထပ် အလင်းတန်း တစ်ဆယ့်နှစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်ရာ၊ ဘယ်သူမှ မရှိတဲ့၊ ဘာမိစ္ဆာမှ မရှိတဲ့ ပတ်ဝန်းကျင်က ရှေးဟောင်း သစ်ပင်ကြီးတွေကို မီးလောင်သွားစေသည်။ သစ်ကိုင်းတွေဟာ လောင်ကျွမ်းရင်း တဖျတ်ဖျတ်မြည်နေတော့သည်။ မြေပြင်မှာလည်း တိတ်တဆိတ်လောင်ကျွမ်းနေသည်။

စုကျို သူ့ နဖူးကို လက်နှင့်ထောက်လိုက်သည်။

“...” သူ ဘာတွေ လုပ်နေတာလဲ?

ချန်ပိုင်ချောင် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး၊ ကျိုးကျန့်ဟဲကို ဝိညာဉ်စွမ်းအင် လမ်းကြောင်းထဲပြန်ထည့်ပိတ်လိုက်ချင်စိတ်ပေါက် နေသည်။ ကျိုးကျန့်ဟဲသည် ဆေးလုံးဂိုဏ်းကိုရောက်တာ မကြာသေးသော်လည်း ဘိုးဘေးကြီး၏တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသဖြင့် ဂိုဏ်းချုပ်လော့ရွှယ်လျန်ပင်လျှင် သူ့ထက်အဆင့်နိမ့်နေခြင်းဖြစ်သည်။ ဒါပေမဲ့ သူ ပထမဆုံးပေါ်လာပုံက ဘယ်လိုများ ဒီလောက်အထိ ရယ်စရာကောင်းနေရတာလဲ!

တျဲတန်းကွေ့နှင့် တခြား ဆေးလုံးဂိုဏ်း တပည့်များအားလုံးသည် မြေပြင်ပေါ်က မိစ္ဆာသားရဲ အလောင်းတွေ၊ ပြီးတော့ ငြိမ်းချမ်းနေတဲ့ တောရိုင်းမြေမှာ မီးခိုးတွေ ထွက်နေတာတွေကိုကြည့်လိုက်ကြသည်၊ ဒါတွေ အားလုံးက ကျိုးကျန့်ဟဲရဲ့မန္တန်ကြောင့် မီးလောင်နေတာလေ။ သူ ဘာတွေ လုပ်နေတာလဲ? သူ ဘာလို့ ဘာမှမရှိတဲ့လေထဲကို တိုက်ခိုက်ရေး မန္တန်တွေ လျှောက်ရွတ် နေတာလဲ?

“တူမတန်းတန်း၊ အကုန်လုံးအဆင်ပြေရဲ့လား?” ကျိုးကျန့်ဟဲ စိုးရိမ်တကြီး မေးလိုက်သည်။

“အမြန် ငါ့နောက်ကို လာကြ၊ ငါ ဒီမိစ္ဆာသားရဲတွေကို ခြေမှုန်းပြီးရင် မင်းတို့ကို ဂိုဏ်းကို ပြန်ခေါ်သွားမယ်”

တျဲတန်းကွေ့၏ နီရဲနေသော နှုတ်ခမ်းလွှာများမှာတုန်လှုပ်နေသည်။ ကျိုးကျန့်ဟဲကမူ ဝိညာဉ်စွမ်းအင် လမ်းကြောင်းထဲကနေလုံးဝ ထွက်မလာသေးသလို၊ အပြင်လောကကိုသိနိုင်ဖို့ သူ့ ဝိညာဉ်အာရုံကိုတောင် အသုံးမပြုခဲ့ချေ။

“ကျန့်ဟဲ”

သူ့ စိတ်ထဲမှ ဟွိုင်ဟယ်အန်းက ကြင်နာတတ်သောအသံဖြင့် ရှင်းပြလိုက်သည်။

“လောကက ပါရမီရှင်တွေနဲ့ ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခုရဲ့ ဂိုဏ်းချုပ်တွေရဲ့ လေးစားမှုကို ရမှသာ... လူတိုင်းရဲ့ မျှော်လင့်ချက် ဖြစ်လာမှသာ ‘လူထုနဲ့ သဟဇာတဖြစ်ခြင်း’ ကို ရရှိပြီး အထက်ဘုံသို့ တက်လှမ်းနိုင်မှာ”

“ငါ့မှာတော့ အခု ဝိညာဉ်အစအနလေးပဲ ကျန်တော့လို့ အခွင့်အရေးမရှိတော့ဘူး”

“ဒါပေမဲ့ မင်းကတော့ ရနိုင်တယ်!”

“ငါ့ရဲ့ နှစ်ပေါင်း တစ်ရာစာ စီမံကိန်းအရဆိုရင်၊ ဂိုဏ်းတစ်ခုစီက ပါရမီရှင်တွေ ပျက်စီးတော့မယ့်အချိန်ပဲ၊ အဲ့ဒီအချိန်မှာ မင်း ရုတ်တရက် ပေါ်လာတာဟာ လောကရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်လာမှာပေါ့!”

“ဒီတစ်ခါတော့ ဆေးလုံးဂိုဏ်းရဲ့အသန်မာဆုံး ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ အကုန်ခြေမှုန်းခံလိုက်ရပြီ”

“ပြီးတော့ မင်းတစ်ယောက်တည်းကပဲ မိစ္ဆာသားရဲလှိုင်းမှာ တစ်ခုခုမှားနေတာကို သတိပြုမိခဲ့တာဆိုတော့၊ ဆေးလုံးဂိုဏ်း အတွင်းမှာ မင်းရဲ့ ဂုဏ်သတင်းက တဟုန်ထိုးတက်လာမှာပေါ့”

ကျိုးကျန့်ဟဲသည် မျက်လုံးကိုမှေးလိုက်ပြီး၊ လက်တွေကတော့ အပြင်လောကကို တိုက်ခိုက်ဖို့ မန္တန်တွေကို ဆက်တိုက် ရွတ်ဆိုနေ သည်၊ သူ့ ဝိညာဉ်အာရုံကမူ စိတ်ထဲ ဟွိုင်ဟယ်အန်းနှင့်ဆက်သွယ်ဖို့ပဲ အာရုံစိုက်ထားသည်။

“နှမြောစရာပဲ”

“ဆေးလုံးဂိုဏ်းက ပါရမီရှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အကုန်သေကုန်ကြပြီလား”

“တကယ်လို့ သူတို့ အားနည်းနေတဲ့ အချိန်မှာ ငါ သွားကယ်နိုင်ခဲ့ရင်... သူတို့ ငါ့ကို ပိုပြီး ကြည်ညိုကြမှာ မဟုတ်လား? ငါဟာ ဆေးလုံးဂိုဏ်းချုပ်ထက်တောင် သာလွန်တဲ့ တည်ရှိမှုမျိုးဖြစ်လာမှာပေါ့!”

ဟွိုင်ဟယ်အန်းမျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။

“မင်း ဘာတွေ တွေးနေတာလဲ? ငါ ကျောက်တိုင်ထဲမှာ ဝှက်ထားခဲ့တဲ့ နတ်ဆေးဆရာငွေအပ်ကို မင်း မရသေးဘဲနဲ့ လူတွေကို ဘယ်လိုများ ကယ်မှာလဲ?”

“ပြင်းပြင်းထန်ထန် ဒဏ်ရာရတာနဲ့ သေဆုံးတာတွေရှိမှသာ၊ ဂိုဏ်းအသီးသီးက မင်းရှာဖွေတွေ့ရှိခဲ့တဲ့ မိစ္ဆာသားရဲတွေအကြောင်း သတင်းကို တကယ် အလေးအနက်ထားကြမှာပေါ့”

“သူတို့ သေသွားရင်လည်း သေပါစေ၊ စုကျိုကို ရှာပြီး ငါ့ အရင်ဘဝက ကျောက်တိုင်ကိုပြန်ရအောင် အရင်လုပ်ဦး”

“အဲ့ဒီအချိန်ကျမှပဲ လူကယ်ဖို့နဲ့ ဂုဏ်သတင်းတည်ဆောက်ဖို့ စဉ်းစားကြတာပေါ့!”

ဒါလည်း ဟုတ်သားပဲ။ ကျိုးကျန့်ဟဲ ခေါင်းညိတ်လိုက်သည်။

သူ ခြောက်လကြာ ဂူအောင်းကျင့်ကြံနေစဉ်အတွင်းမှာ သူ့ ငယ်သူငယ်ချင်း စုကျိုမှာ ကံကောင်းတာတွေ အများကြီး ကြုံခဲ့ရလိမ့် မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါပေမဲ့ အခု သူ ဝိညာဉ်အသွင်ပြောင်းအဆင့်နဲ့ ဂူအောင်းကျင့်ကြံရာက ထွက်လာပြီဆိုမှတော့၊ သူမ ရထားတဲ့ ကျောက်တိုင်ရော၊ ဟွိုင်ဟယ်အန်းရဲ့မွေးရာပါ ဝိညာဉ်လက်နက်ရော အားလုံး သူ့အပိုင်ဖြစ်လာတော့မည်သာ။

သူ ဆေးလုံးဂိုဏ်းရဲ့ ကြည်ညိုလေးစားမှု ဂုဏ်သတင်းကိုအရင်ယူပြီးမှ၊ စုကျိုကို သွားရှာမယ်! ထိုသို့ တွေးတောရင်း ကျိုးကျန့်ဟဲ သည် ကောင်းကင်ယံကို လုံးဝဆွဲဖြဲလိုက်ပြီး အကူအညီတောင်းသံတွေ ထွက်ပေါ်နေတဲ့ ဒီတောရိုင်းမြေပြင်ထဲသို့ လှမ်းဝင်လိုက် တော့သည်။

“တူမတန်းတန်း၊ မင်း တကယ်ကို ကြေကွဲစရာကောင်းအောင်သေသွားရတာပဲ! ငါ မင်းအတွက် လက်စားချေပေးမယ်—”

သူ့ စကားလုံးများမှာ ဝါကျ တစ်ဝက်မှာတင် ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ဝိညာဉ်စင်မြင့်ပေါ်မှ ဟွိုင်ဟယ်အန်း၏ ဝိညာဉ်နှင့် အတူ သူတို့နှစ်ဦးလုံးသည် တစ္ဆေခြောက်ခံလိုက်ရသလိုမျိုး သူတို့ရှေ့ကို ၏ကြည့်နေမိကြသည်။ အဲ့ဒီမှာတော့ သူတို့ဟာ အသက်ရှင် လျက် ရှိနေတဲ့ တျဲတန်းကွေ့ ၏နဲ့ ‘သေသင့်သေထိုက်တဲ့’ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် တပည့်တွေအားလုံး ဆေးပေါင်း အိုးကိုဝိုင်းပြီး ကန်စွန်းဥကင် စားနေကြသည်ကို မြင်လိုက်ရသည်လေ။

မြေပြင်ပေါ်မှာတော့ မတ်တပ်ရပ်နေတဲ့ မိစ္ဆာသားရဲ တစ်ကောင်မှ မရှိတော့ပါဘူး...

ပြီးတော့ စုကျို၊ သူ မှတ်မိနေတဲ့ အားနည်းပြီးအသုံးမကျတဲ့ အမျိုးသမီးလေးဟာ၊ သုံးတောင်လောက်ရှည်တဲ့ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲ အလောင်းကြီးပေါ်မှာထိုင်နေသတဲ့။ သူမက လက်တစ်ဖက်ကို နဖူးပေါ်မှာတင်ထားပြီး၊ နောက်လက်တစ်ဖက်ကတော့ ငါးကင်တစ်ချောင်းကို သာသာယာယာကိုင်ထားခဲ့သည်။

စုကျို သူ့အား အထင်သေးပြီး လှောင်ပြောင်သည့် အကြည့်မျိုးနှင့်ကြည့်နေတော့သည်။

All Chapters