အခန်း (၁၉၃)
Vol. 20 Ch. 193
🥝 Chapter 193
“ရှောင်... ကျို...”
ကျိုးကျန့်ဟဲသည် မိစ္ဆာသားရဲ အလောင်းပေါ်ထိုင်နေသည့် စုကျိုကို ကြည့်ကာ သူငယ်အိမ်များကျုံ့သွားတော့သည်။
သူမ ဒီကို ဘယ်လိုရောက်နေတာလဲ?
ထို့နောက်တွင် စုကျိုသည် မိစ္ဆာသားရဲ အလောင်းပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ အသားကင်တစ်ချောင်းကို ကိုင်ထားရုံ တင်မကဘဲ၊ သူမ ပတ်ဝန်းကျင်က လူတွေဟာလည်း မိစ္ဆာသားရဲအလောင်းအမျိုးမျိုးပေါ်မှာ ထိုင်လျက် မီးပုံဘေးမှာ စုဝေးနေကြတာကို သူ သတိထားမိလိုက်သည်။
သေသွားသင့်ပြီဖြစ်တဲ့ တျဲတန်းကွေ့နဲ့ အခြားသူတွေဟာလည်း အသက်ရှင်နေကြဆဲဖြစ်သည်။
ကျန်တဲ့ ဂိုဏ်းကိုးခုက တပည့်တွေကတော့ သူ့ကို ထူးဆန်းတဲ့အမူအရာတွေနဲ့ ကြည့်နေကြပြီး၊ သူတို့အကြည့်တွေထဲ သနားစရာ ကောင်းတဲ့ လူတစ်ယောက်ကိုကြည့်တဲ့ အရိပ်အယောင်တွေပြည့်နှက်နေသည်။
“?”
“စီနီယာဦးလေးကျိုး၊ ကျွန်မတို့ကို စုကျို ဦးဆောင်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့ကကယ်တင်ခဲ့တာပါ”
တျဲတန်းကွေ့ မျက်နှာလေးနီမြန်းလျက် အမြန်ပြောလိုက်သည်။
“မိစ္ဆာသားရဲ အများစုကတော့သေကုန်ကြပြီ၊ နည်းနည်းပဲလွတ်သွားတာ၊ ဂျူနီယာညီမလေးယင်လီလည်း ရှီးရှန်ဆောင်က လူတွေကို ဦးဆောင်ပြီးလိုက်ဖမ်းနေတယ်”
“အဲ... ပြီးတော့ မြေပြင်လွတ်တွေပေါ်ကို ဝိညာဉ်အသွင်ပြောင်းအဆင့် တိုက်ကွက်တွေ လျှောက်မပစ်ပါနဲ့ဦး...”
“ကျွန်မတို့ကို ထိတော့မလို့”
တျဲတန်းကွေ့ နောက်ဆုံးစကားမှာ ကျိုးကျန့်ဟဲအား အပြစ်တင်သည့် လေသံ သိသိသာသာပါဝင်နေသည်။
ကျိုးကျန့်ဟဲ : “?”
ကျိုးကျန့်ဟဲ : “!”
သတင်းအချက်အလက်အမြောက်အမြားက သူ့ကို တစ်ခဏအတွင်းမှာတင် အံ့ဩသွားစေသည်။
“ရှောင်ကျို... မင်းက အထူးစစ်ဆင်ရေးအဖွဲ့ ဟုတ်လား?”
ကျိုးကျန့်ဟဲသည် မိစ္ဆာသားရဲအလောင်းပေါ်မှာ လူအုပ်ကြီးထက် အမြင့်မှာ ထိုင်နေတဲ့ စုကျိုကို ကြောင်အမ်းအမ်းနဲ့ အံ့ဩတကြီး မော့ကြည့်လိုက်သည်။
သူမသည် ဂိုဏ်းနှစ်ခုရဲ့ဝတ်စုံကို ဝတ်ဆင်ထားသည်၊ တစ်ခုမှာ ရွှေနီရောင်ဖြစ်ပြီး နောက်တစ်ခုက ရေပြာရောင်ဖြစ်သဖြင့် သူမဟာ ရှီးရှန်ဆောင်ရော ဝိညာဉ်ကုန်သည်အသင်းရဲ့၏ အဓိကတပည့်ဖြစ်နေတယ်ဆိုတာကို ပြသနေသည်။
ဒါပေမဲ့ သူ့ကို ငုံ့ကြည့်နေတဲ့ သူမရဲ့အေးစက်ပြီး အလှမ်းဝေးတဲ့အမူအရာဟာ သူ မှတ်မိနေတဲ့ သူ့အပေါ်တန်ဖိုးထားမြတ်နိုးတဲ့ အကြည့်တွေနှင့်လုံးဝကို ကွဲပြားခြားနားနေသည်။
ဒါတောင်မှ သူမဟာ ရွှေအမြုတေအဆင့်ကျင့်ကြံသူပဲ ရှိသေးတာလေ... သူမ ဘယ်လိုလုပ်ပြီး ရွှေအမြုတေအဆင့် မိစ္ဆာသားရဲ ဆယ်ဆလောက်များတဲ့ အုပ်စုကြီးကို ဦးဆောင်ခြေမှုန်းနိုင်ရတာလဲ?
ကျိုးကျန့်ဟဲ ဘယ်လိုမှနားမလည်နိုင်တော့ပေ။ ဖော်ပြလို့မရတဲ့ စိုးရိမ်စိတ်တွေလည်း သူ့စိတ်ထဲဖြစ်ပေါ်လာသည်။
ဟွိုင်ဟယ်အန်းပြောခဲ့တာက ဒီမိစ္ဆာသားရဲလှိုင်းဟာ ဆေးလုံးဂိုဏ်းရဲ့ အနောက်တောင်ဘက် ဒေသကနေကျူးကျော်လာမှာဖြစ်ပြီး၊ ရွှေအမြုတေအဆင့်မိစ္ဆာသားရဲ သုံးလေးရာလောက်က တပည့်တွေကိုတိုက်ခိုက်မှာတဲ့ အဲ့ဒီအင်အားကိုတျဲတန်းကွေ့ အပါအဝင် ရွှေအမြုတေအဆင့် ၁၂ ယောက်က ဘယ်လိုမှမတောင့်ခံနိုင်ဘူးတဲ့။
သူတို့ သေမှာ သေချာတယ်ပေါ့!
သူ အခုရောက်လာတာဟာ ဆေးလုံးဂိုဏ်းရဲ့ပါရမီရှင် တပည့်တွေနေရာမှာ အစားထိုးဝင်ရောက်ပြီး ဂုဏ်သတင်းတွေ အကုန်ယူဖို့ပဲလေ။
ဒါပေမဲ့ အခုတော့…
ကျိုးကျန့်ဟဲ သူ့အထက် အမြင့်မှာထိုင်နေသည့် စုကျိုကို ငေးကြည့်နေမိသည်။
ဟွိုင်ဟယ်အန်းရဲ့ စီမံကိန်းပျက်စီးသွားပြီလား ?
သူ့ကို တစ်ချိန်က အရူးအမူးချစ်ခဲ့တဲ့ စုကျိုဆိုတဲ့ အမျိုးသမီးကပဲ ဖျက်ဆီးလိုက်တာလား?!
ကျိုးကျန့်ဟဲ မယုံနိုင်အောင်ဖြစ်နေပြီး စိတ်တွေလည်း ရှုပ်ထွေးနေတော့သည်။
“ဟေး၊ ရှင်က ကျွန်မရဲ့တိုက်ပွဲရလဒ်တွေကို မီးရှို့လိုက်တာပဲ”
စုကျိုသည် သုံးတောင်မြင့်တဲ့ ငှက်အမည်းကြီး အလောင်းပေါ်မှာထိုင်လျက် ကျိုးကျန့်ဟဲကို ငုံ့ကြည့်လိုက်သည်။ သူမက ခေါင်းလှည့်ပြီး ကျိုးကျန့်ဟဲလမ်းကြောင်းထဲကနေ အပြင်ကို ပေါ့ပေါ့ပါးပါးပစ်ထုတ်လိုက်လို့ မီးလောင်သွားတဲ့ တောင်ငယ် လေးတစ်လုံးလောက်ရှိတဲ့ မိစ္ဆာသားရဲအလောင်းကို ညွှန်ပြလိုက်သည်။
ကျိုးကျန့်ဟဲ ပါးစပ်ဟသွားရသည်။
ရွှေအမြုတေအဆင့် မိစ္ဆာသားရဲအလောင်းတွေဆိုတာ ဂိုဏ်းအသီးသီးမှာဆေးဖော်ဖို့၊ လက်နက်လုပ်ဖို့နဲ့ ဝိညာဉ်တိရစ္ဆာန်တွေကို ကျွေးဖို့အတွက် အရမ်းကောင်းတဲ့ပစ္စည်းတွေလေ။
တန်ဖိုးက တကယ့်ကြီးတာ..
“ချန်ယွမ်” စုကျိုက လက်ထဲက အသားကင်တုတ်ကို မြေပြင်ပေါ်ဆောင့်ချလိုက်သည်။
“သူ့အတွက် တွက်ပေးလိုက်စမ်း”
ချန်ယွမ် အေးစက်စွာခေါင်းညိတ်လိုက်ပြီး စုကျို သူ့ဆီမှာ အပ်ထားတဲ့ စတုတ္ထအဆင့်ပေသီးတွေကို ချက်ချင်းထုတ်လိုက်သည်။
ဝိညာဉ်ကုန်သည်အသင်းမှာ ဂူအောင်းကျင့်ကြံရာတုန်းက လဲလှယ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာမန္တန်ဖြစ်တဲ့ —【အမှားအယွင်းမရှိသော တွက်ချက်ခြင်း】ကို သုံးပြီး ပေသီးတွေကို လှုပ်ရှားလိုက်သည်။
“မီးလောင်လို့ ပျက်စီးသွားတဲ့ ပစ္စည်းတွေထဲမှာ ပျက်စီးခြင်းမရှိတဲ့ ငှက်အမည်းကြီးရဲ့ အတောင်ပံ ၆၄ စုံ၊ ခြေထောက်အရိုးနဲ့ အသား ၁၃၅ တုံး... ပြီးတော့ ရွှေအမြုတေအဆင့် မိစ္ဆာအမြုတေ ၉၁ ခု ပါဝင်တယ်...”
ချန်ယွမ်၏သွယ်လျလှပသော လက်ချောင်းလေးများသည် ပေသီးခုံပေါ်မှာ ကျွမ်းကျင်စွာ လှုပ်ရှားနေသည်။
“ပျက်စီးသွားတဲ့ ပစ္စည်းတွေကို ရှီးရှန်ဆောင်မှာလဲရင် ဝိညာဉ်ကျောက်တုံး ၁.၃၄ သန်း ရနိုင်ပြီး၊ ဝိညာဉ်ကုန်သည်အသင်းမှာ လဲရင်တော့ ၂.၁၃ သန်း ရနိုင်တယ်”
“တကယ်လို့ ဆေးလုံးဂိုဏ်းမှာသွားလဲရင်တော့ ၁.၃၁ သန်း ရလိမ့်မယ်”
ဝိညာဉ်ကုန်သည်အသင်းကတော့ တကယ်အချမ်းသာဆုံးပါပဲ။
မိစ္ဆာသားရဲ အလောင်းတွေကို ဝယ်တဲ့ ဈေးနှုန်းတောင်မှ တခြားဂိုဏ်းတွေထက် ပိုမြင့်နေသေးသည်။
စုကျို ခေါင်းညိတ်လိုက်သည်။
“ဒီနေ့ ရာသီဥတုက သာယာနေတော့ အမြင့်ဆုံးဈေးနဲ့ပဲ တွက်လိုက်ကြတာပေါ့”
“?”
“ရှောင်ကျို၊ ငါ ခုနက သတိမထားမိလို့ မှားသွားတာပါ—”
ကျိုးကျန့်ဟဲ မျက်ခွံတွေ လှုပ်ခတ်သွားသည်။ ၂.၃၁ သန်း ဟုတ်လား? မနောက်ပါနဲ့။
သူ့ကိုယ်ထဲက ဟွိုင်ဟယ်အန်းရဲ့ ဝိညာဉ်အစအနတွေကို နိုးထလာအောင် လုပ်ဖို့အတွက် သူ ဝိညာဉ်ကျောက်တုံးတွေ အကုန်နီးပါး သုံးထားရတာလေ။
ဆေးလုံးဂိုဏ်းကိုရောက်ပြီးတဲ့နောက် ဟွိုင်ဟယ်အန်းရဲ့ နည်းလမ်းအတိုင်းကျင့်လို့ ဘိုးဘေးကြီးရဲ့မျက်စိကျတာကို ခံခဲ့ရပေမဲ့၊ ခြောက်လကြာ ဂူအောင်းကျင့်ကြံရာပြီး ဝိညာဉ်အသွင်ပြောင်းအဆင့် အထွတ်အထိပ်ကိုတက်လှမ်းဖို့ ကြိုးစားတုန်းက ဘိုးဘေးကြီး ပေးတဲ့ ဆုလာဘ်တွေ အကုန်နီးပါးသုံးပစ်ခဲ့ရသည်။
အခု သူ့ဆီမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းပင် မကျန်ရှိတော့ပေ!
မဟုတ်ရင် သူ ဟွိုင်ဟယ်အန်း စကားကိုနားထောင်ပြီး တျဲတန်းကွေ့ကို ‘လာကယ်’ ဖို့ အသည်းအသန်ပြေးလာမည် မဟုတ်ပေ။
တကယ်လို့ သူ ဘာမှမလုပ်ရင်၊ သူဟာ ကျင့်ကြံဖို့အတွက် ပိုက်ဆံတစ်ပြားမှ မရှိတဲ့ လူဆင်းရဲဖြစ်သွားမှာလေ။
“ရှောင်ကျို၊ ငါတို့ အတူတူ ကြီးပြင်းလာခဲ့တာလေ။ အခု ပြန်ဆုံပြီဆိုတော့၊ ငါတို့ တစ်နေရာရာမှာ သေသေချာချာ စကားပြော ကြရအောင် မဟုတ်ဘူးလား?”
ကျိုးကျန့်ဟဲသည် အသံလုံအင်းကွက်တစ်ခုကို အေးအေးဆေးဆေးပဲ တည်ဆောက်လိုက်သည်၊ စုကျိုကလွဲရင် ဘယ်သူမှ သူ့စကားတွေကို မကြားရအောင်လို့ပေါ့။
ဒါပေမဲ့ စုကျိုက နှာခေါင်းရှုံ့လိုက်ပြီး၊ သူ့တစ်ယောက်တည်းပဲ မြင်ရတဲ့ သူမရဲ့ လက်မောင်းကနေ ကျိုးကျန့်ဟဲရဲ့ ကိုယ်ပေါ်ကို ဆန့်တန်းနေတဲ့ ထူထဲလှတဲ့ ဝိညာဉ်ကျောက်တုံး ကံကြမ္မာကြိုးနှစ်မျှင်ကို ကြည့်လိုက်သည်။
ဝိညာဉ်ကျောက်တုံး ကံကြမ္မာ ကြိုးနှစ်မျှင်စလုံးက သူ့ကိုယ်ပေါ်မှာပဲ လာပြီး ဆုံနေကြတာလေ။
သူမရဲ့ အရင် ခန့်မှန်းချက်ကမှန်နေပုံရသည်။
ကျိုးကျန့်ဟဲရဲ့ ကိုယ်ထဲမှာ နောက်ထပ် ‘အဘိုးကြီး’ တစ်ယောက် ရှိနေတာပေါ့။
“ရှောင်ကျို၊ အဲ့ဒီတုန်းက မင်းရဲ့ မိဘတွေက မင်းကို ငါ့ဆီမှာအပ်ခဲ့တာလေ၊ မင်းကို သေသေချာချာ စောင့်ရှောက်ပေးပါလို့ မှာခဲ့ကြတာ၊ အခုတော့ ငါ သူတို့အပေါ် ထားခဲ့တဲ့ ကတိကိုတည်နိုင်ပြီပေါ့”
ကျိုးကျန့်ဟဲသည် အသံလုံအင်းကွက်ကိုထိန်းထားရင်း စုကျိုကို စိတ်အေးသွားတဲ့ အပြုံးမျိုး ပြုံးပြလိုက်သည်။
“ငါ ဒီနေ့ကိုစောင့်နေတာ ကြာခဲ့ပြီလေ?”
“ငါ ကျိုးကျန့်ဟဲဟာ နောက်ဆုံးတော့ ဝိညာဉ်အသွင်ပြောင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီ၊ ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့ ပါရမီရှင် ဖြစ်လာပြီပေါ့၊ ငါ မင်းကို ဒီဘဝမှာ သေချာပေါက် စောင့်ရှောက်ပေးမှာပါ!”
“မင်းနဲ့ ငါ့ကြားမှာက တစ်သက်လုံး လက်တွဲရမယ့် သံယောဇဉ်ရှိတာလေ၊ ဒီမိစ္ဆာသားရဲ အလောင်းတွေက ဘာများ အရေးကြီးလို့လဲ?”
စုကျို မျက်လုံးထဲ စိတ်မရှည်သည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်။
သူမ လက်တစ်ဖက်ကို ဆန့်လိုက်ပြီး သူ တည်ဆောက်ထားတဲ့ အသံလုံအင်းကွက်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ထိုးဖောက်လိုက်သည်။
ကျိုးကျန့်ဟဲ အံ့ဩသွားသည်။
စုကျိုသည် သူ့ ဘယ်ဘက်လက်ညှိုးကို မှုတ်လိုက်ပြီး၊ ဝိညာဉ်ကုန်သည်အသင်းက သင်ယူထားတဲ့ “တံခါးဖွင့်ပြီး စီးပွားရေးလုပ်ခြင်း” ဆိုတဲ့ မန္တန်ကို မြေပြင်ပေါ်ပစ်ချလိုက်သည်၊ ထိုမန္တန်က ပွင့်လင်းမြင်သာမှုရှိရမယ်၊ တိတ်တဆိတ် မလုပ်ရဘူး၊ တခြားလူတွေ ဆီက ပုန်းလျှိုးကွယ်လျှိုးမလုပ်ရဘူးဆိုတဲ့ အခြေခံမူကို အလေးပေးထားသည်။
“စကားကို အကျယ်ကြီးပြောပါ၊ ပုန်းလျှိုးကွယ်လျှိုး မလုပ်နဲ့”
“ကျိုးကျန့်ဟဲ၊ ငါ သုံးထိ ရေတွက်မယ်၊ ပိုက်ဆံကို အမြန်ဆပ်စမ်း”
သူမ စကားပြောနေစဉ်မှာပဲ ချန်ယွမ် မိစ္ဆာသားရဲရဲ့ ပေါင်တစ်ချောင်းကို ကျိုးကျန့်ဟဲရဲ့ ရှေ့မှာ ချလိုက်ပြီး၊
သူ အနားကပ်မလာအောင် တားလိုက်သည်။
ကျိုးကျန့်ဟဲသည် လက်တစ်ဖက်မှာ ပေသီးခုံကို ကိုင်ထားပြီး၊ နောက်လက်တစ်ဖက်မှာ သားရဲခြေထောက်ကို ဓားတစ်လက်လို ကိုင်ထားတဲ့ ချောမောပြီး အေးစက်တဲ့ အမူအရာရှိတဲ့ မိစ္ဆာကြီးကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်။
“ရှောင်ကျို၊ သူက ဘယ်သူလဲ? သူက မင်းရဲ့မိစ္ဆာကျွန်လား?”
ဝတ်စုံနီနှင့် စတုတ္ထအဆင့် နဂါးပတ်ရွှေဖိနပ်တွေကို ဝတ်ထားတဲ့ ချန်ယွမ်ဟာ မြေပြင်ပေါ်မှာ ရပ်နေပြီး၊ ကျိုးကျန့်ဟဲထက် အရပ်ပိုရှည်နေသည်!
သူ ကျိုးကျန့်ဟဲကိုလုံးဝအထင်သေးတဲ့ အကြည့်နှင့်ကြည့်နေသည်ပင်။ ကျိုးကျန့်ဟဲက ဒီချောမောတဲ့ မိစ္ဆာရဲ့စိန်ခေါ်မှုကို မအောင့်အီးနိုင်တော့ပါဘူး!
“အောက်တန်းကျတဲ့ အပြစ်ရှိတဲ့ကျွန်တစ်ယောက်က ငါ့လမ်းကို တားရဲတယ်ပေါ့?”
ဒါပေမဲ့ ချန်ယွမ်၏အေးစက်တဲ့ မျက်လုံးများက နိမ့်ကျသွားပြီး၊ စကားလုံးများကို အေးစက်စွာပြောလိုက်သည်။
“သခင်မ၊ သခင်မက အမြင့်ဆုံးဈေးနဲ့ တွက်ခိုင်းထားတာလေ၊ ပျက်စီးသွားတဲ့ မိစ္ဆာသားရဲ အလောင်းကို မြို့ကြီး ဆယ်မြို့ရဲ့ မှောင်ခိုဈေးကွက်က အမြင့်ဆုံးဈေးနဲ့ တွက်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ၃.၁၂ သန်း တန်ကြေးရှိပါတယ်”
ကျိုးကျန့်ဟဲ : “?”
မင်းက ဘာကောင်လဲဟ?
စုကျိုက ရယ်မောလိုက်သည် “ကောင်းတယ်၊ တကယ့်ကို ပြောင်မြောက်တဲ့ တွက်ချက်မှုပဲ”
ထို့နောက် သူမ မတ်တပ်ရပ်လိုက်သည်။
ဖူစန်းကျောက်တိုင် ကိုးခုဟာ လှေကားထစ်တွေလိုမျိုး၊ သုံးတောင်မြင့်တဲ့ ငှက်အမည်းကြီး အလောင်းပေါ်ကနေ မြေပြင်အထိ ဆင်းသက်လာကြသည်။
စုကျို ဖူစန်းရဲ့ ကျောက်တိုင်တွေကို တစ်ဆင့်ချင်း နင်းပြီး ဆင်းလာသည်။
ကျိုးကျန့်ဟဲနှင့် သူ့ကိုယ်ထဲက ဟွိုင်ဟယ်အန်း ရဲ့ ဝိညာဉ်တို့ဟာ တုန်လှုပ်သွားကြပြီး၊ သူမရဲ့ ခြေထောက်အောက်က ကျောက်တိုင်တွေကို စူးစိုက်ကြည့်နေမိကြသည်။ ဖူစန်း၏ သင်္ချိုင်း!
သူတို့ အသည်းအသန်ရှာနေတဲ့ အရာလေ။
ဟွိုင်ဟယ်အန်းရဲ့အရင်ဘဝဖြစ်တဲ့ ဖူစန်းရဲ့ သင်္ချိုင်းကျောက်တိုင်!
သူ နှစ်ပေါင်း သုံးရာတိုင်တိုင် ပျိုးထောင်ခဲ့တဲ့ မွေးရာပါ ဝိညာဉ်ကျောက်တုံးဟာ အဲ့ဒီထဲမှာ ဝှက်ထားတာလေ!
ဒီတစ်ခါ ဂူအောင်းကျင့်ကြံရာက ထွက်လာတဲ့အခါ သူတို့ အဲ့ဒါကို ရှာမတွေ့ခဲ့ကြဘူး၊ ဒါပေမဲ့ မကြာခင်မှာပဲ စုကျိုက ဝိညာဉ် လမ်းစဉ်ကြီး ဆယ်ခု ပြိုင်ပွဲမှာပထမရခဲ့တာရော၊ သူမရဲ့ နောက်ဆုံးစိန်ခေါ်ပွဲမှာ ကျောက်တိုင်တွေကို ကုသရေးနည်း လမ်းအဖြစ် သုံးခဲ့တာကိုရော သူတို့ကြားခဲ့ရတာပေါ့။
ဒါပေမဲ့ စုကျိုက အဲ့ဒါတွေကို ဒီလိုနည်းနဲ့ သုံးလိမ့်မယ်လို့ သူတို့ လုံးဝမထင်ထားခဲ့ပါဘူး။
သူမက ဖူစန်းရဲ့ကျောက်တိုင်ကို တစ်ဆင့်ချင်းနင်းပြီး ဆင်းလာတာလေ။
ဘုရင်မတစ်ပါးလိုပဲ၊ သူမ သူတို့ရှေ့မှာ မောက်မာစွာလမ်းလျှောက်နေတာပေါ့!
ဟွိုင်ဟယ်အန်း ဝိညာဉ်မှာ နာကျင်စွာတွန့်လိမ်သွားရသည်။
ကျိုးကျန့်ဟဲရဲ့ ရှေ့မှာ အမြဲပြလေ့ရှိတဲ့ သူ့ကြင်နာတတ်တဲ့ အမူအရာဟာ ယခုမူ အရှက်ရမှုနှင့်ဒေါသများကြားမှာ ပျောက်ကွယ်သွားရပြီ။
“အဲ့ဒီတုန်းက ငါ့ရဲ့ အသားနဲ့သွေးကိုရောင်းပြီး နင့်ကို လှူခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေဟာ မှောင်ခိုဈေးကွက်မှာရောင်းပြီး ရလာခဲ့တာလေ”
စုကျိုသည် ကျိုးကျန့်ဟဲ မော့ကြည့်ရုံသာတတ်နိုင်သည့် အမြင့်တစ်ခုမှာ ရပ်လိုက်သည်။
သူမ အသံမှာ တစ္ဆေတစ်ကောင်လိုပဲ၊ ကျိုးကျန့်ဟဲရဲ့ နားထဲကို တိုးတိုးလေးပြောလိုက်သည်။ ပြီးတော့ သူ့ကိုယ်ထဲက ဟွိုင်ဟယ်အန်းကိုလည်း ကြားအောင်ပေါ့။
“အဲ့လိုဆိုမှတော့၊ နင်တို့ ငါ့ကို တင်နေသမျှ အကြွေးတွေအားလုံးကိုလည်း မှောင်ခိုဈေးနဲ့ပဲ တွက်ရမှာပေါ့”
ကျိုးကျန့်ဟဲနဲ့ ဟွိုင်ဟယ်အန်းတို့ဝိညာဉ်တွေ ခေတ္တအေးခဲသွားကြသည်။
“သူ ‘နင်တို့’ လို့ ပြောလိုက်တာလား... သူ ငါ့ကို သိသွားပြီလား?”
ဟွိုင်ဟယ်အန်း အံ့ဩပြီးထိတ်လန့်သွားသည်။ သူက လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုပဲ ရှိသေးတာလေ၊ သူ့ရဲ့ စွမ်းအားတွေကလည်း အပြည့်အဝပြန်မရသေးဘူး။ ဘယ်ဂိုဏ်းက ဘိုးဘေးမဆို သူ့ကို အလွယ်တကူ သတ်နိုင်တာပေါ့..
“သူက ရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ၊ မင်းကို သိနိုင်စရာ အကြောင်းမရှိပါဘူး”
ကျိုးကျန့်ဟဲက ခန့်မှန်းလိုက်ပြီး၊ ဟွိုင်ဟယ်အန်းဆီကို သူ့ရဲ့အတွေးတွေကို အမြန် ပို့လိုက်သည်။
“စကားအမှား ပါသွားတာလည်း ဖြစ်နိုင်တာပဲ”
ဟွိုင်ဟယ်အန်း သက်ပြင်းချနိုင်သွားသည်။
စုကျို မျက်ခုံးပင့်လိုက်သည်။ ကျိုးကျန့်ဟဲရဲ့ ကိုယ်ပေါ်မှာ ဝိညာဉ်ကျောက်တုံး ကံကြမ္မာ ကြိုးနှစ်မျှင်က ရောယှက်ပြီး တောက်ပနေတာကို သူ သတိထားမိလိုက်သည်။
“ဩော် ဒီငါးနှစ်ကောင်က အခုထိ စကားပြောနေကြတုန်းလား?”
သူ ပြုံးလိုက်ပြီး၊ သူ့ ညာဘက်လက်က ပတ်တီးကို ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။
ဟိုလူနှစ်ယောက် ဆွေးနွေးနေတုန်းမှာပဲ၊ သူ ကျိုးကျန့်ဟဲဆီကို လျင်မြန်စွာလက်လှမ်းလိုက်သည်။
“နောက်ဆုတ်လိုက်!”
ကျိုးကျန့်ဟဲရဲ့ စိတ်ထဲက ဟွိုင်ဟယ်အန်းက ချက်ချင်း သတိပြုမိသွားပြီး အသည်းအသန်အော်လိုက်သည်!
ဒီကာလအတွင်းမှာ စုကျိုရဲ့ ပါရမီဟာ အရမ်းထူးဆန်းတယ်ဆိုတာကို သူတို့ ကြားခဲ့ရတာပေါ့။ တစ်ခါမှာကိုးကြိမ် ပုံတူပွားနိုင်စွမ်း ရှိတယ်ဆိုတာလေ။
“သူ့ကို အထိမခံနဲ့! ဝေးဝေးကို ပြေး!”
ကျိုးကျန့်ဟဲ အမူအရာပြောင်းသွားပေမယ့်၊ သူ့ရဲ့လုပ်ရပ်ကတော့ ဟွိုင်ဟယ်အန်းရဲ့ စကားကိုနားမထောင်ခဲ့တာပါပဲ။
ဒီလောက် လူအများကြီးရဲ့ ရှေ့မှာ၊ သူသာ နောက်ဆုတ်ပြီးပုန်းနေမယ်ဆိုရင်၊ ဒါဟာ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ် ယောက်က ရွှေအမြုတေအဆင့်ကျင့်ကြံသူကို ကြောက်နေသလိုဖြစ်မသွားဘူးလား? တစ်ကမ္ဘာလုံးက သိတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တဲ့ သူက၊ အရင်က သူ့အောက်မှာပဲရှိခဲ့ပြီး သူ စွန့်ပစ်ခဲ့တဲ့ အသုံးမကျတဲ့ အမျိုးသမီးတစ်ယောက်ကိုကြောက်နေရမှာလား?
အရင်တုန်းက စုကျိုဆိုတာ သူ့အတွက် ဝိညာဉ်ကျောက်တုံးတွေပေးတဲ့ အမျိုးသမီးသက်သက်ပဲလေ၊ ဘာတန်ဖိုးမှ မရှိတာ!
ဒီဘဝမှာလည်း သူမ ဘယ်လောက်ပဲကြိုးစားကြိုးစား သူ့ ပါရမီကိုလိုက်မမီနိုင်ပါဘူး။
သူ စွန့်ပစ်ခဲ့တဲ့၊ အထင်သေးခဲ့တဲ့၊ နှိမ်ခဲ့တဲ့ ဒီလိုစုကျိုမျိုးက သူ့ကို နောက်ဆုတ်အောင်လုပ်နိုင်ပါ့မလား?
ကျိုးကျန့်ဟဲ နောက်မဆုတ်ခဲ့ချေ။ အဲ့ဒီအစား သူ ရှေ့တက်လိုက်ပြီး၊ စုကျိုရဲ့လက်ကောက်ဝတ်ကို လှမ်းဖမ်းကာ သူမရဲ့ ညာဘက်လက်ချောင်းတွေကို ရှောင်လိုက်သည်။
“ရှောင်ကျို!”
အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေ အားလုံးမတ်တပ်ရပ်လိုက်ကြသည်!
ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ စုကျိုအပြုံးကို မြင်လိုက်ရပြီး ပြန်ထိုင်လိုက်ကြသည်။
ဒီအပြုံးဟာ အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေအတွက်တော့ အရမ်းကိုရင်းနှီးနေတဲ့ အပြုံးပေါ့။ သူမလက်ထဲမှာ ရှုံးခဲ့ဖူးတဲ့ အရင်က အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးတွေလေ။
သူမ အဲ့ဒီလို ပြုံးလိုက်တိုင်း တစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မှာပဲ။
သေချာပါသည်။ စုကျို ကျိုးကျန့်ဟဲကိုကြည့်ပြီး မျက်လုံးလေးတွေ မှေးသွားသည်။
“ငါ ပြောဖို့ မေ့သွားတာဖြစ်နိုင်တယ်၊ ငါ နင့်ကို သုံးစက္ကန့် အချိန်ပေးမယ်လို့လေ”
“အချိန်ကကုန်သွားတာ ကြာလှပြီ”
တောက်ပပြီး နုနယ်တဲ့ဝတ်မှုန်တွေလိုမျိုး ရွှေရောင် အမှုန်အမွှားလေးတွေဟာ ကျိုးကျန့်ဟဲရဲ့မျက်ခုံးကြားကို လွင့်ကျလာသည်၊ ဒါကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့အမြင်အာရုံမှာ မှိန်ဖျော့တဲ့အလင်းတန်းတွေ ပြည့်သွားတော့သည်။
သူ ကြောင်အသွားရသည်။
အစကတည်းက ဒီနေရာမှာ ဝတ်မှုန်တွေအများကြီးရှိနေတယ်လို့ သူ ခံစားခဲ့ရတာပါ။
ဒါပေမဲ့ ဒီလို တောရိုင်းမြေမှာအန္တရာယ်မရှိတဲ့၊ အဆိပ်မရှိတဲ့ ဝတ်မှုန်တွေက သူ့ကို မထိခိုက်နိုင်ဘူးဆိုတော့ သူ ဂရုမစိုက်ခဲ့ပါဘူး။
“တိုက်ပွဲပြီးတာတောင် ဘယ်က ဝတ်မှုန်တွေ လာနေတာလဲ?”
“အရူး၊ ဒါ ငါ့ရဲ့ ရွှေအမြုတေလေ”
“???”
စုကျိုသည် ကျိုးကျန့်ဟဲရဲ့မျက်တောင်တွေ၊ နှာခေါင်း၊ လက်တွေ၊ လည်ချောင်း၊ သူ့ခန္ဓာကိုယ်ရဲ့ နေရာတိုင်းနီးပါးမှာ လွင့်ကျနေတဲ့ ရွှေရောင်အမှုန်အမွှားတွေကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဒါက နင့်ကို ဧည့်ခံဖို့အတွက် ငါသုံးတဲ့ ထူးခြားတဲ့ လှည့်ကွက်ပေါ့၊ ငါ့ရဲ့ ရွှေအမြုတေကို အမှုန့်လုပ်လိုက်တာလေ၊ အဲ့ဒီအမှုန် တစ်မှုန်ချင်းစီက ငါပဲ”
“ရေတွက်လို့မရတဲ့ ငါ့ရဲ့ ပုံစံတွေက နင့်ကို တစ်ပြိုင်နက်တည်း ထိတွေ့နေကြတာလေ”
“ပုံတူပွားတာ ပြီးသွားပြီ”
ကျိုးကျန့်ဟဲသည် မယုံနိုင်သလိုစိုက်ကြည့်နေပြီး၊ ချက်ချင်းနောက်ကို သုံးလှမ်း ဆုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် သူ့ကိုယ်ပေါ်က ရွှေအမြုတေအမှုန့်တွေကို အကုန်ခါချလိုက်ပြီး၊ ပြင်းထန်တဲ့ မီးတောက်တွေနဲ့ လောင်ကျွမ်းပစ်ဖို့ပြင်လိုက်စဉ်မှာပဲ၊ စုကျို အသံကိုကြားလိုက်ရသည်။
“ဒီရွှေအမြုတေက ငါ အသုံးမလိုတော့တဲ့ အရာဖြစ်နေရင်တောင်မှ၊ ငါ့ပစ္စည်းကို နင် မီးရှို့လိုက်ရင်တော့ ငါ စိတ်မကောင်း ဖြစ်မိမှာပဲ”
“ကျိုးကျန့်ဟဲ”
“နင် လှုပ်ရဲရင် လှုပ်ကြည့်လိုက်လေ ငါ နင့်ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ငါ ချိုးပစ်မယ်”
ကျိုးကျန့်ဟဲ ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ၊ သူ ခုနတင် ဖမ်းထားတဲ့ စုကျိုရဲ့ ညာဘက်လက်ထဲမှာ သူ့ရဲ့ ဝိညာဉ်ပြောင်းလဲ ခြင်းအဆင့်နှင့် ဆင်တူပေမယ့် ပိုပြီးသေးသွယ်တဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ပုံစံငယ်တစ်ခုကို သူမ ကိုင်ထားခြင်းအား တွေ့လိုက်ရသည်!
“!”
စုကျို ငုံ့ပြီး သူမ အပေါ်ကနေ ပစ်ချခဲ့တဲ့ အသားကင်တုတ်တွေကို ကောက်ယူလိုက်သည်။
ဇွက်~
အတိအကျတူညီပြီး သေးသွယ်တဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ငါးခု [ကျိုးကျန့်ဟဲရဲ့ အစောပိုင်းအဆင့် ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ပုံတူများ] ဟာ ဝါးတုတ်လေးတွေမှာ အသားကင်လို အစီအရင်လိုက်အထိုးခံလိုက်ရပြီဖြစ်သည်။
စုကျို အဲ့ဒါတွေကို လက်ထဲမှာကိုင်ပြီး သေသေချာချာစစ်ဆေးကြည့်နေမိသည်။
“ဟင်း~ ဝါးတုတ်က အရမ်းတိုနေတာပဲ၊ အကုန်လုံးဆံ့အောင် ထိုးလို့မရဘူးဖြစ်နေတယ်”
“?”