← Chapters

အခန်း (၁၉၅)

Vol. 20 Ch. 195

အခန်း (၁၉၅)

Vol. 20 Ch. 195

🥝 Chapter 195

ကျိုးကျန့်ဟဲသည် အကျဉ်းကျခံနေရသည့်တိုင်အောင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်သေးပေ။

“အရူး၊ သူက မင်းဆွဲထားတဲ့ မိစ္ဆာသားရဲ တိုက်ခိုက်ရေးမြေပုံကို ပုံတူပွားသွားတာလေ၊ ငါပြောသားပဲ၊ မှတ်ရုံပဲမှတ်၊ ဘာစာရွက်သက်သေမှ မချန်ထားပါနဲ့လို့!”

ကချေသည်ခန်းမမှ မဟာကျင့်ကြံသူအကြီးအကဲနှင့် ဝိညာဉ်ကုန်သည်အသင်းမှ အကြီးအကဲတို့ရှေ့တွင် ဟွိုင်ဟယ်အန်း၏ ဝိညာဉ်သည် တုန်လှုပ်ချောက်ချားနေသည်။ သူသည် ကျိုးကျန့်ဟဲမိုက်မဲမှုနှင့် အကြံပေးချက်များကို နားမထောင်မှုကိုလုံးဝ သည်းမခံနိုင်တော့ပေ။

“အဘိုးကြီး ခင်ဗျားက ကျွန်တော့်ကိုဒုက္ခပေးဖို့ ကြိုးစားနေတာလား ? ခင်ဗျားပြောတဲ့ မိစ္ဆာသားရဲလှိုင်းလမ်းကြောင်းက တကယ်မှန်ရဲ့လားဆိုတာ ကျွန်တော် ဘယ်လိုသိမှာလဲ ? နောင်ကျ ခင်ဗျားဆင်ခြေတွေ ပေးနေမှာစိုးလို့ အသေအချာ ဆွဲထားရတာပေါ့!” ဟု ကျိုးကျန့်ဟဲ ပြန်လည်ဆဲဆိုလိုက်သည်။

သူသည် ဟွိုင်ဟယ်အန်းကို တစ်ခါမှအပြည့်အဝမယုံကြည်ခဲ့ဖူးပေ။ တခြားတစ်ယောက်ဝိညာဉ်က မိမိကိုယ်ထဲမှာ ရှိနေသည်ကို သူက ဘယ်လိုလုပ် သတိမထားဘဲနေမှာလဲ၊ နောက်ထပ် အရံအစီအစဉ်တစ်ခုကို ဘယ်လိုလုပ် မချန်ထားဘဲနေမှာလဲ?

ရလဒ်အနေဖြင့် စုကျို သူ့ကိုလက်ပူးလက်ကြပ် မိသွားတော့သည်။

“ဒါကြောင့် ဝတ္ထုတွေထဲမှာ ဇာတ်လိုက်က အဘိုးကြီးတစ်ယောက်ရဲ့လမ်းညွှန်မှုနဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ် တယ်ဆိုတာက အလှပဆုံးစိတ်ကူးယဉ်မှုသက်သက်ပဲပေါ့” စုကျို ခေါင်းယမ်းလျက်ဆိုသည်။

“တချို့လူတွေက ငယ်သူငယ်ချင်းကိုတောင် အလွယ်တကူစွန့်ပစ်နိုင်ကြတယ်၊ အကြွေးကိုတောင် ပြန်မဆပ်ချင်ကြဘူး၊ သူတို့က တခြားလူတစ်ယောက်ရဲ့ဝိညာဉ်အစအနကို ဘယ်လိုလုပ်အလွယ်တကူယုံကြည်နိုင်မှာလဲ ?”

တကယ့်ကို ရယ်စရာကောင်းလှသည်။

စုကျိုသည် အကြီးအကဲသုံးဦးကြားတွင် မလှုပ်မယှက်ရပ်နေသည့် ကျိုးကျန့်ဟဲကိုကြည့်နေသည်။ သူ့ အမူအရာမှာ နာကျည်းမှုနှင့် ဒေါသတို့ကြားကူးလူးနေပြီး၊ သူ့ စိတ်ထဲရှိ ‘ဟွိုင်ဟယ်အန်း’ နှင့်အချေအတင်ဖြစ်နေသည်ကို သူမ သိလိုက်သည်။ ဒီလူနှစ် ယောက်လုံးက လူကောင်းတွေမဟုတ်ပါဘူး။ သူတို့က တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြတာလေ။

“အဘိုးကြီးလုပ်ချင်တယ်ဆိုရင်တော့ ရှင် လူမှားရွေးလိုက်ပြီ ဘိုးဘေးဟွိုင်၊ ဒါမှမဟုတ် ရှင့်ကို ဖူစန်းလို့ပဲခေါ်ရမလား?”

စုကျို မျက်ခုံးပင့်ကာ မေးလိုက်သည်။

ဟွိုင်ဟယ်အန်းဝိညာဉ် တုန်လှုပ်သွားသော်လည်း ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်။

“သူတို့ တကယ်သိသွားတာပဲ! ဟုတ်တယ်၊ ငါ ရှိနေမှန်းမသိရင် ကချေသည်ခန်းမနဲ့ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြံသူ အကြီးအကဲသုံးယောက်တောင်မှ ဒီနေ့ ငါ့ကို ကိုင်တွယ်ဖို့ စုစည်းလာကြမှာမဟုတ်ဘူး”

ကျိုးကျန့်ဟဲကမူ စုကျိုကို မယုံနိုင်သလိုကြည့်လိုက်သည်။

“မင်း... မင်း ဘယ်လိုလုပ်သိတာလဲ... ငါ ဖူစန်းရဲ့ကျောက်တိုင်ကို တောင်းတုန်းက သိသွားတာလား?”

စုကျို လုံးဝပြန်မဖြေဘဲ နောက်လှည့်ကာ ရှန့်လိုင်လိုင်နှင့် အခြားအကြီးအကဲများထံသို့ သူ့ကို အပ်လိုက်သည်။

“ထောင်ထဲသွားပြီး အေးအေးဆေးဆေး စဉ်းစားလိုက်ပါဦး”

ရှန့်လိုင်လိုင်နှင့် အခြားနှစ်ဦးသည် သူတို့၏မဟာကျင့်ကြံသူအဆင့်ကိုသုံး၍ ကျိုးကျန့်ဟဲအား ယာယီလှောင်အိမ်တစ်ခုအတွင်း ပိတ်လှောင်လိုက်ကြသည်။ အခြေအနေကိုအကဲခတ်ပြီးနောက် သူတို့ သက်ပြင်းချလိုက်ကြသည်။

“ဝိညာဉ်နှစ်ခုကစပြီး ပေါင်းစပ်နေပြီပဲ၊ ဒါကြောင့် ငါတို့ သတိမထားမိခဲ့တာပေါ့”

“ရှောင်ကျိုသာ မရှိရင် အခြေအနေတစ်ခုခုမှားနေတယ်ဆိုတာကို သိရင်တောင်၊ ဒီဝိညာဉ်အိုကြီးက ဘယ်သူလဲဆိုတာ ရှာတွေ့ဖို့ ခက်လိမ့်မယ်”

“အင်း၊ ရှီးရှန်ဆောင်က လူတွေကိုအကြောင်းကြားလိုက်ပါ၊ သူတို့ရဲ့ ဘိုးဘေး ဟုတ်၊ မဟုတ် လာပြီး အတည်ပြုခိုင်းလိုက်စမ်း!”

“သူ့နာမည်က ဘာတဲ့ ? ကုသရေးပါရမီ ဧည့်သည်ဘိုးဘေးပေါ့”

သူ ဧည့်သည်ဘိုးဘေး မဟုတ်ပါဘူး။ သူက တကယ့်တရားဝင်ဘိုးဘေးအစစ်ပါ! သူတို့တွေ သူ့နာမည်ကိုတောင် မမှတ်မိကြဘူး လား!? ဟွိုင်ဟယ်အန်းဝိညာဉ်သည် အော်ဟစ်ကာတွန့်လိမ်နေတော့သည်။

ကျိုးကျန့်ဟဲ မျက်စိရှေ့တွင် အမှောင်ကျသွားသလိုခံစားလိုက်ရသည်။

“ဒါက ဘာကို ဆိုလိုတာလဲ? ငါတို့ ဝိညာဉ်တွေ ပေါင်းသွားပြီဟုတ်လား ? ဟွိုင်ဟယ်အန်း၊ သူတို့ပြောတာ အမှန်လား?!”

ဒါပေမဲ့ ဘယ်သူမှ သူ့ကိုပြန်မဖြေခဲ့ပါဘူး။

“ခင်ဗျား... တိရစ္ဆာန်အိုကြီး၊ ခင်ဗျား ကျွန်တော့်ကို လိမ်ခဲ့တာလား!?”

“အကြီးအကဲရှန့်လိုင်လိုင်၊ ကျွန်တော့်ကို ကယ်ပါဦး!... ရှောင်ကျို၊ ငါ့ကို ကယ်ပါဦး၊ ငါ အတင်းအကျပ် ခိုင်းစေခံရတာပါ!”

“ဒါတွေ အကုန်လုံးက ဟွိုင်ဟယ်အန်းရဲ့အပြစ်တွေပါ! သူ ငါ့ကို စိတ်ညှို့ခဲ့လို့ ငါ မင်းကိုထားခဲ့ရတာ!”

“ဟုတ်တယ်၊ အကုန်လုံး သူ့အပြစ်တွေ! သူက ဆေးလုံးဂိုဏ်းမှာ အဆက်အသွယ်တွေပိုရှိတယ်၊ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို တက်လှမ်းမယ့် နည်းလမ်းတွေပိုသိတယ်လို့ ပြောပြီး ငါ့ကို ဆေးလုံးဂိုဏ်းကိုသွားခိုင်းခဲ့တာ!”

“သူက ငါ့ကို မင်းအပေါ် ရက်စက်အောင်လုပ်ခဲ့တာ”

စုကျိုကတော့ ဝူချင်းချန်းနှင့်အတူ ဒဏ်ရာရသူတွေကို ကုသပေးဖို့ထွက်သွားခဲ့ပြီး၊ သူ့အတွက် ကျောပြင်အေးအေးကြီးကိုပဲ ချန်ထားခဲ့သည်။ ကျိုးကျန့်ဟဲသည် အသည်းအသန်ရုန်းကန်လျက် စုကျိုနောက်သို့ ပြေးလိုက်သော်လည်း လှောင်အိမ်၏ အချုပ်အနှောင်က သူ့ကို ထိုးစိုက်ထားသည့်အပ်များအဖြစ် ပြောင်းလဲသွားသဖြင့် ခြေတစ်လှမ်းလှမ်းတိုင်းနာကျင်မှုက အသည်းခိုက်နေတော့သည်။

ဤအချိန်တွင် ကျိုးကျန့်ဟဲမှာမျှော်လင့်ချက်မဲ့ပြီး ဇဝေဇဝါဖြစ်နေရပြီ။ သူ ထွက်သွားတဲ့နေ့က သူမဟာ ဒီလိုမျိုးပဲ သူ့နောက်ကို လိုက်ခဲ့တာလား…? ခြေတစ်လှမ်းတိုင်းဟာ ဓားသွားပေါ်နင်းနေရသလိုမျိုး… နာကျင်ပေမယ့် အားကိုးရာမဲ့နေခဲ့တာလား?

အရမ်းနီးကပ်နေပေမယ့် သူမ ဘယ်တော့မှ လိုက်မမီနိုင်ခဲ့ဘူး။ ဒါပေမဲ့... မဟုတ်ဘူး! သူက သူမ မဟုတ်ဘူး၊ သူက လူသားကျင့်ကြံ သူတွေကြားက ပါရမီရှင်တစ်ယောက်လေ! သူက သူမထက်ကျင့်ကြံမှုတွေ အများကြီးသာခဲ့တာလေ! သူ ဒီလိုမျိုး အသေမခံနိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး!

“မင်း ဘာတွေ တွေးနေတာလဲ? စုကျိုကို ပိုက်ဆံကြွေးတင်ထားပြီးတော့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်နေတုန်း လား?”

“ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားဘူး မဟုတ်လား? ကျိုးကျန့်ဟဲ၊ အရင်တုန်းက ငါတို့က မင်းလိုပါရမီရှင်ကို မော့ကြည့်ပြီးမနာလို ဖြစ်ခဲ့ရတဲ့ သာမန်လူတွေပါ၊ ဒါပေမဲ့ ဒီနေ့တော့ ငါတို့အကုန်လုံးဟာ စုကျိုဆိုတဲ့ အမျိုးသမီးလက်ထဲမှာရှုံးနိမ့်သွားကြပြီလေ”

“ဝိညာဉ်အသွင်ပြောင်းအဆင့်တဲ့လေ၊ ဩော် မင်းအပေါ်မှာ မဟာကျင့်ကြံသူအဆင့်ရဲ့အချုပ်အနှောင်တွေ ရှိနေတုန်းပဲနော်”

ကျိုးကျန့်ဟဲ နိုးလာတဲ့အခါ သူဟာ ကချေသည်ခန်းမ အောက်က ယာယီထောင်ထဲကို ရောက်နေပါပြီ။ သူနဲ့ မျက်နှာချင်းဆိုင် အခန်းမှာ ကျင်းချန်နဲ့ ရှုယိဝမ်တို့ကို တွေ့လိုက်ရသည်၊ ပြီးတော့ သူ မမှတ်မိတဲ့ နောက်ထပ်လူစိမ်းသုံးယောက်ကိုလည်း တွေ့လိုက်ရသည်။

ဒီလူတွေက ဘယ်သူတွေလဲ? သေချာတာပေါ့၊ သူလို ပါရမီရှင်တစ်ယောက်အတွက် မှတ်ထားစရာမလိုတဲ့ သာမန်လူတွေပေါ့! ဒါပေမဲ့ အခုတော့ သူ အကြီးအကဲတုန်လှုပ်သွားရသည်။

“ဘာကို ဆိုလိုတာလဲ? မင်းတို့လည်း စုကျိုကိုဝိညာဉ်ကျောက်တုံးတွေ ကြွေးတင်နေတာလား?”

ကျိုးကျန့်ဟဲ အံ့ဩသွားသည်။ မဟုတ်ဘူး၊ စုကျိုက လူတိုင်းကို ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင်ပေးခဲ့တာလဲ ? သူမက သူဟာ သူမရဲ့တစ်ဦးတည်းသောသူလို့ပြောခဲ့တာလေ! ဟွိုင်ဟယ်အန်းကလည်း သူ့ အရင်ဖူစန်းဘဝတုန်းက စုကျိုဆီကနေဆေး ဖော်ဖို့ ပိုက်ဆံခဏပဲ ချေးခဲ့တာ၊ ပြန်မဆပ်ရသေးခင် သေသွားတာလို့ ပြောခဲ့တာလေ။ အခုကျတော့ ဘာလို့ နောက်ထပ်ယောက်ျား ငါးယောက်တောင် ထပ်ပေါ်လာရတာလဲ?! ကျိုးကျန့်ဟဲဟာ သူ့ကိုယ် သူအကြီးအကဲ အရှက်ရနေသလိုခံစားလိုက်ရသည်။

“ဟုတ်တယ်၊ ငါတို့ အကုန်လုံး သူမ ဆီက ဝိညာဉ်ကျောက်တုံးတွေယူခဲ့ကြတာပေါ့၊ ကျင့်ကြံမှုတွေ အောင်မြင်လာရင် သူမကို ကောင်းမွန်တဲ့ ဘဝတစ်ခုပေးပါ့မယ်လို့ ကတိပေးခဲ့ကြတာလေ၊ ဒါပေမဲ့ မင်းလိုပဲ ငါတို့ အကုန်လုံးကတိဖျက်ခဲ့ကြတာပေါ့”

“လောင်ကျိုး၊ မင်းက ငါတို့ထက်တောင် အခြေအနေဆိုးနေပုံရတယ်နော်၊ အကြွေးအများဆုံး တင်နေပုံပဲ”

“စုကျိုကတော့ သူမရဲ့ခွေးတွေကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ!”

ကျိုးကျန့်ဟဲ : “???”

“ဘာလဲ၊ မင်းကိုယ် မင်း သူ့ရဲ့တစ်ဦးတည်းသောသူလို့ ထင်နေတုန်းလား?”

“ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားဘူး မဟုတ်လား? ဒါက ချန်ကျိုး သူမရဲ့ နံပါတ်ခုနစ်ငါး၊ ငါက နံပါတ်ငါး၊ မင်းကတော့ နံပါတ်တစ်ပေါ့”

“နံပါတ်တစ်ဖြစ်တာက ဘာမှထူးခြားတာ မဟုတ်ပါဘူး၊ အကြွေးပိုများတာပဲ ရှိတာ၊ အရမ်းဂုဏ်မောက်မနေပါနဲ့ ကျိုးကျန့်ဟဲ၊ အခု စုကျိုနဲ့ယှဉ်ရင် မင်းက ပါရမီရှင်တစ်ယောက်မဟုတ်တော့ပါဘူး”

တစ်ခဏအတွင်းမှာပင် ကျိုးကျန့်ဟဲ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာတုန်လှုပ်သွားပြီး၊ ပါရမီရှင်ဆိုသည့် မာန်မာနကြောင့် သွေးတစ်ငုံ အန်လိုက်ရတော့သည်! သူက သူမကိုစွန့်ပစ်ခဲ့တာလို့ သူ ထင်နေခဲ့တာ.. တကယ်တော့ သူမက သူ့ကို အစကတည်းက စွန့်ပစ်ခဲ့တာလား? နံပါတ်တစ်၊ နံပါတ်နှစ်... နံပါတ်ခုနစ် ?

“မင်းတို့ ထောင်ထဲမှာ ဘာလုပ်နေကြတာလဲ? မင်းတို့လည်း မိစ္ဆာသားရဲလှိုင်း စီမံကိန်းမှာပါဝင်နေတာလား?”

ကျိုးကျန့်ဟဲ သဘောပေါက်သွားသည်။ သူက သူ့ကိုယ်ပိုင်အခန်းထဲမှာရှိနေပြီး၊ ကျင်းချန်နှင့်ကျန်တဲ့ ငါးယောက်ကမူ မျက်နှာချင်း ဆိုင်မှာရှိနေကြသည်။ တချို့က အထဲမှာ၊ တချို့က အပြင်မှာ သူတို့တွေ သံထုနေကြတာလား ? ဒါမှမဟုတ်... သွေးဖောက်ထုတ် နေကြတာလား?

“ဘာ မိစ္ဆာသားရဲလှိုင်း စီမံကိန်းလဲ? ဟင်? ကျိုးကျန့်ဟဲ မင်းက ဒီလောက်အထိ ကြီးမားတဲ့ ပြစ်မှုမျိုးကျူးလွန်ထားတာလား!”

“ငါတို့ကတော့ အကြွေးတင်နေရုံပါပဲ၊ စုကျိုက ငါတို့ကို တစ်ယောက်ပြီးတစ်ယောက်ဖမ်းခဲ့တာလေ၊ အခုတော့ ငါတို့က မိစ္ဆာသားရဲလှိုင်းကို တိုက်ခိုက်နေတဲ့ လူသားကျင့်ကြံသူတွေအတွက် နယ်လှည့်သွေးလှူဘဏ်လုပ်နေရတာပေါ့”

မိစ္ဆာသားရဲလှိုင်းက ကချေသည်ခန်းမဆီကို ရောက်လာတော့မှာဆိုတော့၊ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာမှာလေ။ ကျင်းချန်တို့ အုပ်စုကို အကြွေးဆပ်ဖို့အတွက် သွေးလှူဘဏ်အဖြစ်ကချေသည်ခန်းမကို ပို့လိုက်ကြတာပါ။ ဘာပဲဖြစ်ဖြစ် သူတို့က နေရာတိုင်းမှာ သွေးရောင်းနေရတာပဲလေ။ ကျင်းချန်တို့ကတော့ ဒါကိုအသားကျနေပါပြီ၊ အမြန်ပြီးလေ အမြန်ထွက်ပြီး ဘဝသစ်စနိုင်လေပေါ့။

“ဘုရားရေ၊ ငါတို့ကတော့ အချိန်အတိုင်းအတာတစ်ခုပဲ ထောင်ကျတာ၊ ကျိုးကျန့်ဟဲ မင်းကတော့ တစ်သက်တစ်ကျွန်းကျပြီပေါ့!” ကျင်းချန်တို့က ခနဲ့တဲ့တဲ့ ပြောလိုက်ကြသည်။

“မင်းသာ စုကျိုကိုပိုက်ဆံမကြွေးတင်ခဲ့ရင် ခဏလောက်တော့ အေးအေးဆေးဆေးနေနိုင်ဦးမှာ ဟူး... မင်းက အရူးလား? မကောင်းတာလုပ်ရင်တောင် ဘယ်လိုလုပ်ရမလဲ မသိဘူး”

“???”

“စကားမစပ်၊ ငါ တကယ် သိချင်နေတာ၊ နံပါတ်ခြောက်ငါးက ဘယ်သူလဲဆိုတာပဲ”

ကျင်းချန်က အရေးကြီးတဲ့ ကိစ္စတစ်ခုကိုသတိရသွားသည်။

“အရင်တုန်းက ရှီးရှန်ဆောင်ရဲ့အထပ် ၃၀ မှာ ဘိုးဘေးနဲ့ဆရာတွေကို အမွှေးတိုင်ထွန်းပြီးအရိုအသေပေးဖို့ ငါ ဦးဆောင်ခဲ့တာလေ၊ အဲ့ဒီတုန်းက စုကျိုဆီကနေ အကြွေးဆပ်ဖို့တောင်းတဲ့စာက ဘိုးဘေးရဲ့ပုံတူကားချပ်ပေါ်ကို ပျံကျလာခဲ့တာလေ!”

“အဲ့ဒီတုန်းကတော့ ငါ့ဆီကို ပို့တဲ့စာလို့ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်မှ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်၊ သူမက သင်္ချိုင်းတူး တာတွေ ဘာတွေပြောနေတာလေ၊ နောက်ပိုင်းကျတော့ သူ ဖူစန်းရဲ့ကျောက်တိုင်နဲ့ တကယ်တိုက်နေတာကို ငါ မြင်လိုက်ရတယ်”

“ကျိုးကျန့်ဟဲ၊ မင်းက နံပါတ်တစ်ဆိုတော့ နံပါတ်ခြောက်က ဘယ်သူလဲ သိလား?”

ကျင်းချန် အရမ်းသိချင်နေသည်။

“ငါ ဖူစန်းကို သိတယ်၊ သူက ဆေးပညာပါရမီရှင်တစ်ယောက်လေ၊ အဲ့ဒီတုန်းက ငါ အဆက်အသွယ်တွေ အများကြီးလုပ်ခဲ့ပြီး သူ့ကို မိသားစုရင်းမြစ် ဝိညာဉ်ကျောက်စိမ်းတစ်ခုကိုတောင်ပေးခဲ့တာ၊ ဖူစန်းကလည်း စုကျိုရဲ့ငါးတွေထဲက တစ်ယောက်များလား ?”

သူတို့ရဲ့ အခုလက်ရှိပျော်ရွှင်မှုကတော့ စုကျိုနဲ့ သူမရဲ့ငါး ခုနစ်ကောင်ကြားက ရန်ငြိုးတွေကိုအတင်းပြောကြတာပါပဲ။

“ဖူစန်းက စုကျိုနဲ့အဲ့ဒီအထပ်မှာ ဆုံခဲ့တဲ့ အချိန်ကိုကြည့်မယ်ဆိုရင် သူက နံပါတ်ခြောက်ဖြစ်ဖို့ များတယ်”

“ဒါဆို စုကျိုရဲ့အကြွေးတောင်းစာက ဘာလို့ ဘိုးဘေးဟွိုင်ရဲ့ ပုံတူကားချပ်မှာ သွားကပ်နေရတာလဲ?”

“သူတို့က လူတစ်ယောက်တည်းများလား?”

ဟွိုင်ဟယ်အန်း၏ဝိညာဉ်ကတော့ တိတ်ဆိတ်နေဆဲပါပဲ။ သူ ဖူစန်းအဖြစ်နေခဲ့တဲ့ အမှတ်အသားက စုကျိုရဲ့နံပါတ်ခြောက်ငါး ဖြစ်နေတယ် ဟုတ်လား?! ကယ်ကြပါဦး! တကယ်လို့ သူ ရှင်ပြန်ထမြောက်ဖို့နဲ့ အထက်ဘုံတက်ဖို့ နှစ်ပေါင်းတစ်ရာကြာဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ စုကျိုကြောင့် ပျက်စီးသွားမယ်မှန်းသိရင်၊ အဲ့ဒီတုန်းက စုကျိုရဲ့အလှူဒါနကို သူ ဘယ်တော့မှမမက်မောမိမှာ မဟုတ်ပါဘူး! စုကျိုသာ အကြွေးတောင်းဖို့စိတ်မရှိခဲ့ရင်၊ သူ ကျိုးကျန့်ဟဲနဲ့ သူ့ကိုပစ်မှတ်ထားမှာ မဟုတ်ဘူးလေ!

“ဘိုးဘေးဟွိုင်၊ ရှင်းပြစမ်းပါဦး!”

ကျိုးကျန့်ဟဲက လှောင်ပြုံးပြုံးလိုက်သည်။

“ပြီးတော့ ငါတို့ ဝိညာဉ်တွေ ပေါင်းစပ်နေတာကကော ဘာလဲ!”

ဟွိုင်ဟယ်အန်း၏ဝိညာဉ်ကတော့ “ပါးစပ်ပိတ်ထားစမ်း... ငါ ခဏလောက် အေးအေးဆေးဆေးနေချင်တယ်”

“…………”

“မင်း... အဘိုးကြီးယုတ်!”

ကျိုးကျန့်ဟဲ၏ဝိညာဉ်သည် ဟွိုင်ဟယ်အန်း ဝိညာဉ်ကို ချက်ချင်းကိုက်လိုက်တော့သည်။ ဟွိုင်ဟယ်အန်းကလည်း ပြန်လည် တိုက်ခိုက်တော့သည်!

စုကျိုကမူ ကချေသည်ခန်းမမှာ အလုပ်ရှုပ်နေသဖြင့် ထောင်ထဲမှရုန်းရင်းဆန်ခတ်မှုများအား လုံးဝမသိရှိခဲ့ချေ။ ငါးခုနစ်ကောင်ဟာ အစည်းအဝေးလုပ်နေကြတာပေါ့။ ညဘက်မှာ မိစ္ဆာသားရဲလှိုင်းက လုံးဝငြိမ်သက်သွားပြီး၊ ဒဏ်ရာရသူအားလုံးကိုလည်း ကုသပေး ပြီးပါပြီ။ သူမသည် ကျိုးကျန့်ဟဲ၊ ‘ဖူစန်း’ ဟွိုင်ဟယ်အန်းတို့အတွက် “အကြွေးဆပ်ရန် အစီအစဉ်ဇယား” တစ်ခုကိုရေးဆွဲဖို့ အချိန်ယူလိုက်သည်။

၎င်းတို့ထောင်ထဲမှာရှိနေသော်လည်း အကြွေးကမူလျော့မည် မဟုတ်ပေ။

“အင်း၊ ပထမနေ့မနက် : သွေးလှူဘဏ်အဖြစ် ဝိညာဉ်သွေးတွေ လှူရမယ်”

“မွန်းတည့် : ပုံတူပွားမယ်၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ပုံတူတွေ ပိုထုတ်မယ်”

“နေ့လယ် : ပိုးထည်ရက်ပြီး ဆေးဖော်စပ်ရမယ်၊ အမြတ်တွေကတော့ စုကျို အပိုင်ပေါ့”

“ဒုတိယနေ့ မနက် : သွေးဆက်လှူရမယ်...”

“မွန်းတည့် : ဝိညာဉ်ပြောင်းလဲခြင်းအဆင့် စမ်းသပ်ချက်တွေမှာ ပါဝင်ရမယ်...”

“နေ့လယ် : ပိုးထည်ရက်ပြီး ဆေးဖော်စပ်ရမယ်...”

“တတိယနေ့ : ခြေထောက်တွေကို ပုံတူပွားမယ်...”

“စတုတ္ထနေ့ : မဟာကျင့်ကြံသူအဆင့်ရဲ့ တာအိုနှလုံးသားကို ပုံတူပွားမယ်...”

“ပဉ္စမနေ့ : မဟာကျင့်ကြံသူအဆင့်ရဲ့အသိဉာဏ်ပင်လယ်ကို ပုံတူပွားမယ်...”

စုကျိုသည် ရေးသားရင်းစဉ်းစားနေသည်။ သူမသည် အခန်းထဲမှာထိုင်နေကြတဲ့ ဝူချင်းချန်းနှင့် သူမရဲ့ဂျူနီယာညီမလေးတွေကို လှည့်ကြည့်လိုက်သည်။ သူတို့တွေဟာ သူတို့ရဲ့ ‘တိုက်ခိုက်ရေးခန္ဓာကိုယ်’၊ ‘ကချေသည် ပါရမီ’ နဲ့ ‘ဝိညာဉ်အမြုတေ’တွေကိုပါ လှူဒါန်းဖို့အတွက် တန်းစီနေကြတာပါ။ သူတို့တွေ အလှအပကိုကြိုက်ကြပြီး ပေပေတေတေဖြစ်မှာကို ကြောက်ကြပေမယ့်၊ သတ္တိကိုမွေးပြီးမျက်စိမှိတ်ကာ ချန်ယွမ်ပွေ့ထားတဲ့ ပိုးကောင်ဖြူကြီးထံ တစ်ယောက်ပြီးတစ်ယောက်လျှောက်သွားကြသည်။

တစ်ချက်တည်းနဲ့တင် ပိုးကောင်ဖြူကြီးမှာ ၎င်းတို့ကို ခေါင်းကနေခြေအထိ ‘မျိုချ’ လိုက်သည်။ ထို့နောက် စုကျိုမှ သူတို့ကို ပုံတူပွားပြီး ဒဏ်ရာရသူတွေအတွက် ခြေလက်အတုတွေ၊ ဒန်ထျန်နှင့် ရွှေအမြုတေ အရန်တွေအဖြစ် အသုံးပြုမှာဖြစ်သည်။

“ဆရာမစု၊ ဒါတစ်ခါတည်းနဲ့ အဆင်ပြေပါ့မလား?”

ဝူချင်းချန်းက သူမရဲ့စစ်ဆင်ရေးကျရှုံးပြီး ပုံတူပွားတာတွေ အမှားအယွင်းဖြစ်မည်ကို စိုးရိမ်နေသည်။

“ရှောင်ပိုင်ကို ကျွန်မရဲ့ခြေလက်တွေကို တစ်ခုချင်းစီမျိုခိုင်းသင့်လား?”

မိစ္ဆာသားရဲလှိုင်းကို တိုက်ခိုက်တဲ့နေရာမှာ လူတိုင်းမှာတာဝန်ရှိသည်လေ။ ဆရာမစုရထားတဲ့ မိစ္ဆာသားရဲလှိုင်း စီမံကိန်းမြေပုံရှိနေပြီး ဘယ်အချိန်မှာ ပေါက်ကွဲမယ်ဆိုတာကို သိနေရင်တောင်မှ၊ ဘာမမျှော်လင့်တာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှအသေအချာ မပြောနိုင်ဘူးလေ။ ဓားတွေမှာမျက်စိမပါသလို၊ မိစ္ဆာသားရဲတွေမှာလည်း နှလုံးသားမရှိပါဘူး။ သူတို့ကချေသည်ခန်းမကတော့ စုကျိုကို သူတို့ကိုပုံတူပွားခွင့်ပေးပြီး ခြေလက်အတုတွေ အမြောက်အမြားလှူဒါန်းဖို့ ဆုံးဖြတ်ထားကြတာပါ။

တကယ်လို့ တျဲတန်းကွေ့လိုမျိုး အမျိုးသမီးကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် ရွှေအမြုတေတွေ ပျက်စီးသွားခဲ့ရင် သူတို့ရဲ့ ဝိညာဉ်ကချေသည် ခြေလက်အတုတွေကို သုံးလို့ရတာပေါ့! ဝူချင်းချန်းဟာ ဆေးလုံးဂိုဏ်းမှာ စုကျို ကယ်တင်ခဲ့တဲ့ အကြောင်းကို သိက္ခာရကတည်းက ဒါကို စီစဉ်နေခဲ့တာပါ။ သူမ ယင်လီကိုတောင် အသေအချာ မေးမြန်းထားပါသေးသည်။ အမျိုးသားကျင့်ကြံသူ တွေအတွက် ခြေလက်အတုတွေနဲ့ ရွှေအမြုတေအရန်တွေကတော့ အခု အများကြီးရှိနေပါပြီ၊ ဘာလို့လဲဆိုတော့ ဆေးလုံးဂိုဏ်းက ချန်ပိုင်ချောင်လို ထိပ်သီးတွေက စုကျိုနဲ့အတူ ကျင့်ကြံပြီး အထူးစစ်ဆင်ရေးအဖွဲ့ ဖွဲ့ထားကြလို့ပါပဲ၊ သူတို့ရဲ့ ခြေလက်အတုတွေကို လှူထားကြတာလေ။

ဒါပေမဲ့ အမျိုးသမီးကျင့်ကြံသူတွေအတွက် အရင်းအမြစ်ကမူနည်းနေပါသေးသည်။ ယင်လီနဲ့ စုကျိုကိုယ်တိုင်ကတော့ ပထမအသုတ် လှူဒါန်းသူတွေပေါ့။ ပြန်ကောင်းလာတဲ့ ဆေးလုံးဂိုဏ်းမှတျဲတန်းကွေ့ကမူ ဒုတိယအသုတ်ပါ။ ဝူချင်းချန်း ဒါကို သိလိုက်ရတဲ့အခါ သူမရဲ့ ဂျူနီယာညီမလေးတွေကိုခေါ်ပြီး လာပူးပေါင်းဖို့ဆုံးဖြတ်လိုက်တာပါ။ ပထမ ဒါမှမဟုတ် ဒုတိယ မဖြစ်နိုင်ရင်တောင် တတိယအသုတ် လှူဒါန်းသူတွေတော့ ဖြစ်နိုင်တာပေါ့။

“ဆရာမစု၊ ကျွန်မတို့ ကတိတစ်ခုလုပ်ကြမလား? ကျွန်မတို့ ဆရာမဆီက သင်ယူနေတာလည်းကြာပြီဆိုတော့...”

ဝူချင်းချန်း မျက်နှာလေးနီမြန်းလာပြီး သူမရဲ့လက်ချောင်းလေးတွေကို လိမ်နေမိသည်။

“တကယ်လို့ အမျိုးသမီးကျင့်ကြံသူတွေ ဒဏ်ရာရပြီး ခြေလက်အတုတွေလိုအပ်လာရင် ကျွန်မတို့ကချေသည်ခန်းမက လှူထားတာတွေကို အရင်သုံးပေးလို့ရမလား?”

“ဟို... ကျွန်မ ဆရာမကို မျက်နှာသာပေးခိုင်းတာ မဟုတ်ပါဘူးနော်”

“ကျွန်မတို့ ကချေသည်ခန်းမက ခန္ဓာကိုယ်ရဲ့ပျော့ပျောင်းမှုနဲ့ အလှအပကို ငယ်ငယ်လေးကတည်းကလေ့ကျင့်လာကြတာလေ၊ ကျွန်မတို့ရဲ့ မွေးရာပါ ကချေသည် ပါရမီနဲ့ ပေါင်းစပ်လိုက်ရင် ကျွန်မတို့ရဲ့ ခြေလက်အတုတွေက အမျိုးသမီးတွေအတွက် အပျော့ ပျောင်းဆုံး၊ အချိတ်အဆက်အမိဆုံးနဲ့အထိရောက်ဆုံးဖြစ်မှာ သေချာတယ်! ကျွန်မ ကြွားပြောနေတာ မဟုတ်ပါဘူး... ကချေသည် ခန်းမကထွက်တဲ့ အရည်အသွေးကတော့ အကောင်းဆုံးပဲဖြစ်ရမယ်”

ဒါကိုကြားလိုက်ရတဲ့အခါ စုကျို “ကျိုးကျန့်ဟဲ နဲ့ ဖူစန်း တို့ရဲ့ အကြွေးဆပ်ရန် အစီအစဉ်ဇယား” ရေးနေတာကိုရပ်လိုက်ပြီး ဝူချင်းချန်းဘက်လှည့်လိုက်သည်။ တကယ်တော်တဲ့ မိန်းကလေးတွေပဲ၊ အရမ်းအမြော်အမြင်ရှိပြီး တာဝန်ယူတတ်ကြတာပဲ!

“နင် ပြောတာ မှန်တယ် ရှောင်ချင်း” စုကျို သူမရဲ့အကြံပြုချက်ကို သဘောတူလိုက်သည်။ ခန္ဓာကိုယ်သန်မာမှုနှင့် ပတ်သက်ပါက ငယ်ငယ်တည်းက လေ့ကျင့်လာသည့် ဝိညာဉ်ကချေသည်များအား ဘယ်သူမှမယှဉ်နိုင်ပေ။

“နှမြောစရာကောင်းတာကတော့ ကချေသည်ခန်းမက အမျိုးသားကျင့်ကြံသူတွေလက်မခံတာပဲ”

“မဟုတ်ရင်တော့ ချန်ပိုင်ချောင်တို့ လှူထားတဲ့ ခြေလက်အတုတွေထက် နင်တို့ဟာက ပိုပြီးအရောင်းသွက်မှာ သေချာတယ်”

ဝူချင်းချန်းနှင့် သူမရဲ့ ဂျူနီယာညီမလေးတွေ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ၎င်းတို့မျက်လုံးတွေ တောက်ပနေတော့သည်။

“ကျွန်မတို့ အကြီးအကဲတွေကို သွားပြီး အကြံပြုလိုက်မယ်၊ ကချေသည်ခန်းမအနေနဲ့နောင်ကျရင် အမျိုးသားတပည့်တွေကို လက်ခံဖို့ စဉ်းစားပေးပါလို့ပေါ့!”

ခြေလက်အတုတွေ လှူဒါန်းတဲ့ ဒီကုသိုလ်ရေးအလုပ်ကို ကချေသည်ခန်းမကပဲ တာဝန်ယူပါ့မယ်! အကောင်းဆုံး ရလဒ် ထွက်လာစေရ ယ်လို့ အာမခံပါတယ်ပေါ့။ ဝူချင်းချန်း ထရပ်လိုက်သည်၊ သူမတို့ဆီမှာ စတေးရတယ်ဆိုတဲ့ ခံစားချက်မျိုးမရှိပါဘူး၊ သူတို့ရဲ့ရဲရင့်တဲ့ လုပ်ရပ်အပေါ် အားကျတဲ့စိတ်ဓာတ်တွေသာ ကိန်းအောင်းနေခြင်းပင်။

“ဆရာပြောပြချက်အရ မိစ္ဆာသားရဲလှိုင်းတွေက နှစ်ပေါင်း ခြောက်ဆယ်မှာ တစ်ကြိမ် ပေါ်လာတတ်တာတဲ့၊ အခုတစ်ခေါက် ငြိမ်းချမ်းသွားရင်တောင် နောက်တစ်ခါ ထပ်ဖြစ်ဦးမှာပဲလေ၊ အဲ့ဒီအပြင် မိစ္ဆာကျင့်ကြံသူတွေနဲ့ တခြား ပဋိပက္ခတွေလည်း ရှိသေးတယ် မဟုတ်လား”

“နောင်နှစ်ပေါင်းများစွာမှာ လူသားကျင့်ကြံသူတွေကြား တိုက်ပွဲတွေက ရှောင်လွှဲလို့မရပါဘူး၊ စစ်ပွဲရှိတဲ့ နေရာမှာ ဒဏ်ရာရတာတွေ ရှိမှာပဲလေ”

တကယ်လို့ အကခန်းမကသာ လူတိုင်းကိုကူညီနိုင်ရင်၊ ကျင့်ကြံသူအားလုံး စစ်မြေပြင်ကို ဘာမှစိတ်မပူဘဲ သွားနိုင်ကြပြီး လောကကြီးကို ကာကွယ်နိုင်ကြမှာပေါ့၊ အဲ့လိုဆို တကယ်ကောင်းမှာပဲ!

“ဟေး ဟေး ဝူချင်းချန်း၊ နင် ငါ့အလုပ်ကို လာလုနေတာလား၊ ယင်လီရဲ့ ခြေထောက်တွေက...”

ဝူချင်းချန်းတစ်ယောက် ရှောင်ပိုင် ပုံတူပွားပြီးသွားတဲ့ စီနီယာ၊ ဂျူနီယာညီမလေးတွေကို အမြန်ဦးဆောင်ပြီး၊ ယင်လီပါးစပ်ကို ပိတ်ကာ အခန်းထဲကနေခေါ်ထုတ်သွားတော့သည်။

“ဆရာမစု အလုပ်ရှုပ်နေတာဆိုတော့ ကျွန်မတို့ မနှောင့်ယှက်တော့ပါဘူး”

“ကောင်းပြီ”

စုကျို “အကြွေးဆပ်ရန် အစီအစဉ်ဇယား” ကို ဆက်လက် ရေးသားခဲ့ပြီး၊ ပြီးသွားတဲ့အခါ ထောင်ရှိ အစောင့်အကြီးအကဲဆီ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမရဲ့ရွှေအမြုတေ ၆၀ ကျော်ဟာလည်း အားမနေပါဘူး၊ ဝူချင်းချန်းနှင့်တခြားသူတွေ လှူထားတဲ့ပစ္စည်းတွေကို ပုံတူပွားထုတ်ဝေနေရသည်နှင့် အလုပ်ရှုပ်နေသည်လေ။

“ကချေသည်ခန်းမအပြင်၊ တခြားဂိုဏ်းတွေ အကုန်လုံးလည်း ခြေလက်အတုနဲ့ရွှေအမြုတေ အရန်အဖွဲ့ထဲမှာ ပါဝင်ဖို့ လျှောက်ထားကြသေးတယ်”

ချန်ယွမ် စုကျိုကိုပြောပြသည်။ သူ ရှောင်ပိုင်ကိုပွေ့ပြီး ခြေထောက်နှင့် ပါးစပ်ကို သုတ်ပေးနေသည်။

“မိစ္ဆာသားရဲလှိုင်းတွေ ရှိတဲ့နေရာနဲ့ နီးတဲ့ နတ်လက်နက်လမ်းစဉ်နဲ့ စာဆိုတော်ခန်းမက အကြီးအကဲတွေအကုန်လုံး ကျွန်တော့်ဆီ စာပို့လာကြတယ်၊ သူတို့ နာမည်ပေးချင်ကြတယ်တဲ့”

စုကျိုကို ဆက်သွယ်လို့မရတဲ့အခါ သူတို့တွေ ချန်ယွမ်ကိုဆက်သွယ်လာကြတာပေါ့။ လူတိုင်းရဲ့စိတ်အားထက်သန်မှုကတော့ မျှော်လင့်ထားတာထက်ပိုနေသည်ပင်။ စုကျို သက်ပြင်းချလိုက်သည်။ သူ့ ရွှေအမြုတေတွေဟာဆိုရင်ဖြင့် အလုပ်များလွန်းလို့ ပူထွက်နေပါပြီ။ အခုလောလောဆယ်တော့ ဒီလောက်အထိ ခြေလက်အတုတွေ မလိုသေးဘူး ထင်တယ်နော် ? ရုပ်သေးခြေ ထောက်တွေထဲ ဝိညာဉ်စွမ်းအင်တွေ အကြာကြီးသိမ်းထားရင် ပျောက်ကွယ်သွားမှာလေ…

All Chapters