အခန်း (၁၉၇)
Vol. 20 Ch. 197
🥝 Chapter 197
“နောက်မနေနဲ့! မင်းက ငါ့ဝိညာဉ်ကို ခွဲထုတ်ချင်တာလား၊ ရွှေအမြုတေအဆင့် တစ်ယောက်နဲ့ မဟာကျင့်ကြံသူ အစောပိုင်းအဆင့် တစ်ယောက်ပေါင်းပြီးတော့လား!”
မီးခိုးရောင် မြူထုလူသားသည် စကားပြောနေသည့် စုကျိုထံသို့ ပြေးဝင်သွားတော့သည်။ သို့သော်လည်း ‘အမြဲတမ်း အဆက်အသွယ်ရှိခြင်း’ အဆောင်မှာ စုကျိုကို ချန်ယွမ့်ဘေးနားသို့ ချက်ချင်း ပြန်ပို့ပေးလိုက်သည်။
မီးခိုးရောင် မြူထုမှာပစ်မှတ်လွဲသွားခဲ့ပြီး၊ စုကျိုက သူ့ ညာဘက်လက်ညှိုးမှ ‘နေနာရီ’ အလင်းလုံးကို ရှန့်လိုင်လိုင်ထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
“ဟင်? အချိန်နောက်ပြန်ဆွဲတဲ့ ပါရမီလား?!”
ရှန့်လိုင်လိုင်သည် စုကျိုတွင် ပိုလျှံနေသည့် ပါရမီတစ်ခုရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူမသည် မဟာကျင့်ကြံသူအဆင့် အထိ ကျင့်ကြံထားသူဖြစ်သဖြင့် သူမ အရှိန်မှာ ဟွိုင်ဟယ်အန်းဝိညာဉ်ထက် အနည်းငယ်သာနှေးကွေးသည်။ သူမသည် ထိုပါရမီကို သူ့ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းလက်ခံလိုက်သည်။
ဤခံစားချက်အား မည်သို့ဖော်ပြရမည်နည်း? ရှန့်လိုင်လိုင်သည် သူမ၏ နှစ်ပေါင်းများစွာသော ကျင့်ကြံမှုသက်တမ်းအတွင်း ဤကဲ့သို့ တစ်ခါမှမကြုံဖူးခဲ့ပေ။ လူတစ်ယောက်က... ဘယ်လိုလုပ်ပြီး ပါရမီနှစ်ခုကို ပိုင်ဆိုင်နိုင်ရတာလဲ? သို့သော် ယခုအခါတွင်မူ သူမ သဘောပေါက်သွားပါပြီ။
ဘုရားရေ၊ သူက ပါရမီတွေကိုတောင် ပြောင်းလဲနိုင်တာပဲ... ကျင့်ကြံခြင်းလမ်းစဉ်ကိုတောင် စိတ်ကြိုက်ရွေးချယ်နိုင်တာပေါ့! ရှန့်လိုင်လိုင်သည် ကြောက်စရာကောင်းလှသော ဤတပည့်မလေးစုကျိုကို သေသေချာချာ တစ်ချက်ကြည့်လိုက်မိသည်၊ အခုချိန်မှာတော့ ရန်သူကြီးက ရှေ့မှာ ရှိနေသဖြင့် သူမကို အကြာကြီးကြည့်နေဖို့ရာ အချိန်မရှိပါချေ။
“အချိန်နောက်ပြန်ဆွဲခြင်း!”
မဟာကျင့်ကြံသူ ရှန့်လိုင်လိုင်နဖူးပေါ်တွင် စုကျို တပ်ဆင်ပေးလိုက်သည့် နေနာရီပါရမီသည် တောက်ပလာပြီး အချိန်များမှာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားတော့သည်။ သူမ နောက်ပြန်ဆွဲနိုင်သည့် အချိန်ပမာဏမှာ စုကျီကျီနှင့် စုရှင်းချန် တို့ထက် အဆပေါင်းများစွာ ပိုများလှသည်!
ခဏချင်းမှာပင် ဟွိုင်ဟယ်အန်းဝိညာဉ်သည် ကြီးမားလှသော နေနာရီ အင်းကွက်ကြီး၏ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်!
“???”
သူ ရုန်းကန်ရန် ကြိုးစားသော်လည်း အလကားပါပဲ။ သမိုင်းမြစ်ကြောင်းထဲတွင် အချိန်များမှာ တောက်လျှောက် နောက်ပြန်လည် နေတော့သည်။ ဟွိုင်ဟယ်အန်းသည် သူ့ ဝိညာဉ်ခွန်အားများမှာ လျင်မြန်စွာလျော့နည်းလာနေသည်ကို တွေ့ရှိလိုက်ရသည်! တောက်လျှောက် အားနည်းလာနေတာပေါ့!
လွန်ခဲ့သော ခြောက်လအတွင်း သူသည် လုံးဝနိုးထလာနိုင်ခြင်း မရှိသေးသော်လည်း ကျိုးကျန့်ဟဲကို လိမ်ညာပြီး ဝိညာဉ်အားဖြည့် ရည်အမြောက်အမြားကို ရယူကာ သူ့ ဝိညာဉ်ကို တည်ငြိမ်အောင်လုပ်နိုင်ခဲ့သည်။ သို့သော် ယခုမူ ရှန့်လိုင်လိုင်မှ အချိန်ကို ခြောက်လလောက် နောက်ပြန်ဆွဲပစ်လိုက်လေပြီ! အတိတ်ကို ပြန်ရောက်သွားတာပေါ့။
ဝိညာဉ်အားဖြည့်ရည်ကနေရထားတဲ့ စွမ်းအင်တွေဟာ သူ့ ဝိညာဉ်ထဲကနေ တဖြည်းဖြည်းကွယ်ပျောက်သွားတော့သည်!
“အား... နေဦး!”
ဟွိုင်ဟယ်အန်း၏ဝိညာဉ်သည် အော်ဟစ်ကာ တွန့်လိမ်နေပြီး၊ ထင်ရှားနေသော မီးခိုးရောင်မြူထုလူသား ပုံရိပ်နောက်က ဆေးအိတ်ကြီးလည်း ပျောက်ကွယ်သွားတော့သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ ဝိညာဉ်ကျင့်ကြံမှုတွေ လျော့ကျသွားပြီ...” စုကျို ခေါင်းလှည့်ကာ ချန်ယွမ့်လက်ကို ဆွဲကိုင်လျက် တိုးတိုးလေး ပြောလိုက်သည်။
သူကမူ ခေါင်းငုံ့ကာ သူမ လက်ချောင်းထိပ်လေးတွေကို အသာအယာနမ်းရှုံ့လိုက်သည်။
“ဘာလို့ သွေးနံ့တွေ ရနေတာလဲ? ဒီအဘိုးကြီး လုပ်တာလား?”
အဓိပ္ပာယ်မရှိတာ! ဟွိုင်ဟယ်အန်း၏ဝိညာဉ်မှာ ဒေါသတကြီး ခုန်ပေါက်နေတော့သည်။
သူ ဒီမိစ္ဆာကို ဘာမှမလုပ်ခဲ့ရပါဘူး။ သူက လူသားကျင့်ကြံသူလေ၊ အလွန်အမင်းလိုအပ်တာမျိုးမရှိရင် မိစ္ဆာခန္ဓာကိုယ်ကို သူ ဝင်ပူးမှာ မဟုတ်ဘူး။ သူ ဘယ်သူ့ကိုမှ မထိခိုက်ခဲ့ပါဘူးနော်! အခု ကျိုးကျန့်ဟဲရဲ့ကိုယ်ထဲကနေ ခွဲထုတ်ခံလိုက်ရတော့လည်း သူကိုယ်တိုင်ပဲ ဒဏ်ရာရနေရတာလေ!
“ဝိညာဉ်အားဖြည့်ရည်တွေ မလုပ်ပါနဲ့ မလုပ်ပါနဲ့ အချိန်ကို နောက်ပြန်မလှည့်ပါနဲ့တော့”
ဟွိုင်ဟယ်အန်းသည် စီးပွားရေးလုပ်တဲ့နေရာမှာ မတော်ပါဘူး။ အရင်တစ်ခေါက် ဖူစန်း ကိုယ်ထဲရှိစဉ်ကလည်း သူ အရမ်းဆင်းရဲ လွန်းလို့ စုကျိုရဲ့ပိုက်ဆံကို မက်မောခဲ့ရသလို၊ ကျင်းချန်ဆီကလည်း ကျင်းမိသားစု၏ဝိညာဉ်ကျောက်စိမ်း ရင်းမြစ်တွေကို တောင်းခဲ့ရသည်! ဝိညာဉ်အားဖြည့်ရတနာတွေအတွက် ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်ကို သူကိုယ်တိုင် ဘယ်လိုမှ မရှာနိုင်ခဲ့ပါဘူး!
သူ့ ဝိညာဉ်မှာ မိုးကြိုးဒဏ်ခံထားရသည်ဖြစ်ရာ ကျိုးကျန့်ဟဲ ပြန်မပြုစုပေးခင်ပင် သူဟာ ရှန့်လိုင်လိုင်လိုမဟာကျင့်ကြံသူ အစောပိုင်းအဆင့်မှာရှိနေခဲ့ခြင်းဖြစ်သည်။ အဲ့ဒါကို ပြန်ရဖို့ဆိုရင် ကျိုးကျန့်ဟဲလိုမျိုး ချမ်းသာပြီး အရူးဖြစ်တဲ့လူနဲ့ ထပ်ဆုံဖို့ လိုဦးမှာပေါ့!
“ကျိုးကျန့်ဟဲရဲ့ ဒိုင်ယာရီက တကယ်အစစ်ဖြစ်နေတာကိုး”
စုကျိုသည် သူ့ ညာဘက်အင်္ကျီလက်ဝပ်ထဲမှ အပြာရောင် စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်လိုက်သည်။
[ကျိုးကျန့်ဟဲ၏ ဒိုင်ယာရီ ပုံတူ]
“မနှစ်က အောက်တိုဘာလ တစ်ရက်နေ့မှာ၊ ငါ ဟွိုင်ဟယ်အန်းကို ဝိညာဉ်အားဖြည့်ရည် တစ်နေ့ တစ်ပုလင်းပေးခဲ့တယ်”
“ဆယ်ရက်နေ့ရောက်တော့၊ စုကျိုပေးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်ကုန်သွားပြီ”
“ဆယ်ရက်နေ့မှာပဲ၊ ဟွိုင်ဟယ်အန်းအတွက် ဝိညာဉ်အားဖြည့်ရည် အသစ်တစ်သုတ်ထပ်ဝယ်တယ်၊ လကုန်အထိ ခံမယ်လို့ မျှော်လင့်ရတယ်၊ ဝိညာဉ်ကျောက်တုံး နှစ်သိန်းကုန်တယ်…”
စုကျို ပုံတူပွားထားသော “ကျိုးကျန့်ဟဲ၏ ဒိုင်ယာရီ” ကို အသာလေးပုတ်လိုက်ပြီး အချိန်နောက်ပြန်ဆွဲနေသော ရှန့်လိုင်လိုင်ကို ပြောလိုက်သည်။
“စက်တင်ဘာလ မတိုင်ခင်အထိ နောက်ပြန်ဆွဲလိုက်ပါ”
“!!! မဟုတ်ဘူး—”
ဟွိုင်ဟယ်အန်း အော်ဟစ်လိုက်ရပြန်သည်။ မီးခိုးရောင်မြူထုထဲ သူ့ ဝိညာဉ်ပုံရိပ်မှာ ငါးပုံတစ်ပုံလောက် ချက်ချင်း သေးကျုံ့သွားတော့သည်။
“ရှောင်ကျို၊ ငါတို့ နောက်ကျသွားပြီလား?”
လုကျိကျောင်းသည် အာကာသကို အသည်းအသန်ဆွဲဖြဲကာ စုကျိုအခန်းထဲသို့ လှမ်းဝင်လာသည်။ သူနှင့်အတူ အတိအကျတူညီသော လုကျိကျောင်း ကိုယ်ထည်ကိုးခုလည်း ပေါ်လာသည်။
ဟွိုင်ဟယ်အန်း : “?”
အခုဘာလဲ ? ရှီးရှန်ဆောင်ဟာ ရုပ်သေးဂိုဏ်းဖြစ်သွားပြီလား! လုကျိကျောင်း၏ကိုယ်ထည် ကိုးခုစလုံး၏လည်ပင်းပေါ်တွင် ထင်ရှားလှသော စာသားကိုမြင်နေရသည်။
“[လုကျိကျောင်း၏ပုံတူ - စုကျိုမှ ထုတ်လုပ်သည်]”
မကြာခင်မှာပင် ဟွိုင်ဟယ်အန်းနှင့် ဆင်တူသော မီးခိုးရောင်မြူထုဝိညာဉ်ကိုးခုသည် လုကျိကျောင်း ပုံတူ ရုပ်သေး ကိုးခုထဲမှ ထွက်ပေါ်လာပြီး ဟွိုင်ဟယ်အန်းဝိညာဉ်ကို ဝိုင်းရံထားလိုက်ကြသည်။
“ဟင်၊ ဒါ တကယ်ဘိုးဘေးဟွိုင်ပဲ ကိုး”
“ဘိုးဘေးဟွိုင်၊ ခင်ဗျားက ဒီလောက်အထိ ကြီးမားတဲ့ပြစ်မှုမျိုးကျူးလွန်ထားတာလား! ကျွန်တော့်ရဲ့ဆရာကို မှတ်မိသေးလား? သူက ရှီးရှန်ဆောင်ရဲ့ ကောင်းမှုဆိုးမှုခန်းမကို အသစ်ရောက်လာတုန်းက၊ ခင်ဗျားပဲ သူ့ကိုတရားမျှတမှုကို စောင့်ထိန်းပါလို့ မှာခဲ့တာလေ!”
“ဘိုးဘေးဟွိုင်၊ ကျွန်တော်ပါ ကျွန်တော့်အဘိုးကို ဘိုးဘေးပဲ ကုသပေးခဲ့တာလေ၊ ဩော် ဒါနဲ့ ကျွန်တော် အခု ရှီးရှန်ဆောင်ရဲ့ လက်ရှိ ဂိုဏ်းချုပ်ပေါ့”
“ဘိုးဘေးကို အရိုအသေပေးပါတယ်၊ ကျွန်တော်ကတော့ ကောင်းမှုဆိုးမှုခန်းမရဲ့စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲပါ”
ဝိညာဉ်ကိုးခုစလုံးသည်... မဟာကျင့်ကြံသူအစောပိုင်းမှ အလယ်အလတ်အဆင့်တွေချည်းသာ။ ၎င်းတို့အားလုံးသည် လက်ရှိ ရှီးရှန်ဆောင်၏ အင်အားကြီးပုဂ္ဂိုလ်များပင်။
“?”
ဟွိုင်ဟယ်အန်း၏ဝိညာဉ် ခေတ္တဆွံ့အသွားရသည်။ ဒါ တကယ်ကြီးလား? ရှီးရှန်ဆောင်ကို စုကျို ဦးဆောင်ပြီး ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲမှာ ပထမရအောင်လုပ်နိုင်ခဲ့တယ်၊ တောက်ပခဲ့တယ်လို့ သူ အသေအချာကြားခဲ့တာလေ။ ဒါပေမဲ့ အခုတော့ ဂိုဏ်းချုပ်ကနေ အကြီးအကဲတွေအထိ အားလုံးကဝိညာဉ်တွေချည်းပဲလား? သူတို့အားလုံး အထက်ဘုံတက်ဖို့ကြိုးစားရင်း ရှုံးနိမ့်ခဲ့ကြတာလား? ရှီးရှန်ဆောင်က ပြိုလဲတော့မှာလား?
“အထက်ဘုံတက်တာ မဟုတ်ပါဘူး၊ ငါတို့ ကိုယ့်ခန္ဓာကိုယ်ကို ငါတို့ဘာသာ ဖျက်ဆီးလိုက်ကြတာပါ”
“…………”
ဟွိုင်ဟယ်အန်းသည် ကျိုးကျန့်ဟဲကို ဆေးလုံးဂိုဏ်းဆီ ခေါ်သွားခိုင်းပြီး ကျင့်ကြံမှုကိုအသစ်ပြန်စဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်တယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။ အရင် သူ ဆေးလုံးဂိုဏ်းကိုသွားရတဲ့ အကြောင်းရင်းက သူ့ မွေးရပ်မြေဖြစ်တဲ့ ရှီးရှန်ဆောင်မှာ ပြဿနာမရှာချင်လို့၊ စိတ်မသက်မသာဖြစ်လို့ပါပဲ။ ဒါပေမဲ့ ယခုမူ တော်သေးတာပေါ့ သူ ထွက်သွားခဲ့လို့!
ရှီးရှန်ဆောင်က မျိုးဆက်တွေ အကုန်လုံး အဆင်ရော ပြေကြရဲ့လား? သူတို့ ဦးနှောက်တွေ အကုန်ပျက်နေကြတာပဲ! သူတို့ကိုယ် တိုင် သူတို့ ခန္ဓာကိုယ်ကိုဖျက်ဆီးရဲကြတယ်လား!? နှစ်ပေါင်းတစ်ရာကြာခဲ့ပြီ၊ ပထမဆုံး ပြန်ဆုံတဲ့အချိန်မှာတင် ဒီဘိုးဘေးကြီးကို မျက်နှာပူအောင်လုပ်ကြတာပဲ၊ တခြားဂိုဏ်းတွေရှေ့မှာ ခေါင်းတောင်မဖော်ရဲတော့ဘူး!
“အသုံးမကျတဲ့သူတွေ! အရူးတွေ!” ဟွိုင်ဟယ်အန်း ရှီးရှန်ဆောင်အပေါ်ထားရှိသော ရှားရှားပါးပါးသံယောဇဉ်နှင့် ဂုဏ်သိက္ခာ တို့မှာ၊ မိမိကိုယ်ကိုယ် ဖျက်ဆီးထားတဲ့ ဒီအရူးကိုးယောက်ကြောင့် ဒေါသအဖြစ်ပေါက်ကွဲထွက်လာတော့သည်။
“မင်းတို့ထဲက တစ်ယောက်ယောက်မှာသာ စုကျိုလို တပည့်မျိုးရှိရင်၊ ဂိုဏ်းက ဘာမှ စိုးရိမ်စရာမရှိတော့ဘူး၊ ဝိညာဉ်ကျောက် တုံးတွေအတွက်လည်း စိတ်ပူစရာမလိုသလို၊ ဝိညာဉ်လက်နက်တွေကနေလည်း ပိုက်ဆံရှာနိုင်မှာပေါ့”
“ငါလည်း မင်းတို့နဲ့အတူ အထက်ဘုံတက်သွားလောက်ပြီ!”
“ဒီလိုမျိုးကောက်ကျစ်တဲ့ နည်းလမ်းတွေ၊ လမ်းမှားတွေကို ငါ သုံးစရာလိုဦးမှာတဲ့လား?!”
“...”
ရှီးရှန်ဆောင်က အကြီးအကဲကိုးယောက်နှင့် ဂိုဏ်းချုပ်မှာ ဘိုးဘေးကြီး၏ဆူပူကြိမ်းမောင်းမှုကြောင့် ဝိညာဉ်တွေပါ တုန်လှုပ်ကုန်ကြသည်။
စုကျို သူတို့ကို တစ်ချက်ကြည့်လိုက်၊ ဟွိုင်ဟယ်အန်းကိုတစ်ချက်ကြည့်လိုက်နဲ့ ရုတ်တရက် ချောင်းဟန့်လိုက်သည်။
“အဟွတ်”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ဘိုးဘေးဟွိုင် အတိတ်က အကြောင်းတွေကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့”
ရှီးရှန်ဆောင် ဂိုဏ်းချုပ်၏ဝိညာဉ်သည် ကျန်သည့် အကြီးအကဲရှစ်ယောက်နှင့်အတူ အမြန်စက်ဝိုင်းဖွဲ့လိုက်သည်။ ဟွိုင်ဟယ်အန်း၏ ဝိညာဉ်သည် အလယ်တွင် ပိတ်မိသွားတော့သည်။
“ဘိုးဘေး၊ ခေတ္တလောက်ပန်းချီကားထဲဝင်ပြီး တစ်သက်လုံး အကျဉ်းစံလိုက်ပါတော့!”
“မဟုတ်ဘူး”
စုကျိုမှ အကြီးအကဲကိုးယောက်၏ဝိညာဉ်များထံသို့ အချိန်နောက်ပြန်ဆွဲသည့် ပါရမီအမြောက်အမြားကို ပစ်ပေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူတို့ တစ်ယောက်ချင်းစီသည် သူတို့၏မဟာကျင့်ကြံသူအဆင့်ကို သုံးပြီး အချိန်ကို နောက်ပြန်လှည့် လိုက်ရာ၊ ဟွိုင်ဟယ်အန်းဝိညာဉ်ကို လွန်ခဲ့သောနှစ်ပေါင်း တစ်ရာခန့် အထက်ဘုံတက်ဖို့ ရှုံးနိမ့်ပြီးနောက် အားအနည်းဆုံး အချိန်ဆီသို့ ပြန်ရောက်သွားစေတော့သည်။
ဟွိုင်ဟယ်အန်း၏ဝိညာဉ်သည် ချက်ချင်းဆိုသလို အားနည်းသွားပြီး ဝိညာဉ်အသွင်ပြောင်းအဆင့်အထွတ်အထိပ်အထိ ကျဆင်းသွားတော့သည်။
“ရှောင်ကျို၊ သူ့ကို အရင်ဆုံး ရှောင်လုရဲ့ ရုပ်သေးကိုယ်ထည်ထဲကို ဝင်ခိုင်းလိုက်ဦး”
“စစ်ဆေးမေးမြန်းတာနဲ့ နှိပ်စက်တာတွေကို ရှောင်လုအပေါ်မှာ လုပ်ရတာ ပိုလွယ်လိမ့်မယ်” ဟု ရှီးရှန်ဆောင် ဂိုဏ်းချုပ်က အကြံပေးလိုက်သည်။
လုကျိကျောင်း၏ရုပ်သေးပုံတူသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အစောပိုင်းအဆင့်သာရှိသေးသည်။ ဒါပေမဲ့ ဟွိုင်ဟယ်အန်း၏ ဝိညာဉ်ကို ပိတ်လှောင်ထားဖို့တော့ လုံလောက်ပါတယ်လေ။ စုကျိုသည် သူ့ ရွှေအမြုတေ ရုပ်သေး ၁၈ ရုပ်ကို နှမြောတကြီး တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းတို့မှာ ချန်ယွမ့် သိုလှောင်အိတ်ထဲကို ဘယ်အချိန်ကတည်းက ရောက်သွားမှန်းမသိတာကြောင့် ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရတော့သည်။
“ကောင်းပါပြီ”
သူတို့သည် ဟွိုင်ဟယ်အန်းအား လုကျိကျောင်းရုပ်သေးကိုယ်ထည်ထဲသို့ အမြန်ထည့်ပိတ်လိုက်ပြီး သံကြိုးသုံးမျှင်နှင့် ချိတ်ပိတ်အ ဆောင်များကို တပ်ဆင်လိုက်ကြသည်။ သံကြိုးသုံးမျှင်စလုံးကို တစ်ပြိုင်နက်တည်း မဖြည်သရွေ့ ဟွိုင်ဟယ်အန်းသည် ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်သလို၊ တခြားလူကိုလည်း ဝင်ပူးနိုင်မည်မဟုတ်ပေ။
“ဘိုးဘေးဟွိုင်၊ ခင်ဗျားသာ ပူးပေါင်းဆောင်ရွက်ပြီး မိစ္ဆာသားရဲလှိုင်းကို ဘယ်လိုစီစဉ်ခဲ့လဲဆိုတာ အသေးစိတ်ပြောပြမယ်ဆိုရင်၊ ဒီလုကျိကျောင်းရဲ့ရုပ်သေးကိုယ်ထည်က ဝိညာဉ်စွမ်းအင်တွေ ကုန်သွားတဲ့အခါ ခင်ဗျားရဲ့အပြစ်ဖြေတဲ့ ဝိညာဉ်ကို ထားဖို့အတွက် အသစ်တစ်ရုပ်ပေးပါလို့ ရှောင်ကျိုဆီ ကျနော်တို့ အရှက်မရှိတောင်းပေးပါ့မယ်”
“တကယ်လို့ ပူးပေါင်းမဆောင်ရွက်ဘဲ ထပ်ပြီးပြဿနာရှာချင်နေသေးရင်တော့၊ ဒီလုကျိကျောင်းရဲ့ရုပ်သေးကိုယ်ထည်ကို ကျနော် တို့ အလိုအလျောက်ပေါက်ကွဲခိုင်းလိုက်မယ်၊ အဲ့ဒီကျရင်တော့ ခင်ဗျား တကယ် ဘာမှမကျန်ဘဲပျောက်ကွယ်သွားရလိမ့်မယ်”
လက်ရှိ ရှီးရှန်ဆောင်ဂိုဏ်းချုပ်၏ခြိမ်းခြောက်မှုကို ခံရသည့်အခါ ဟွိုင်ဟယ်အန်း ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့လိုက်ရတော့သည်။ နောက်ဆုံးမှာတော့ သူ ထပ်ပြီးရှုံးနိမ့်ခဲ့ရပြန်ပြီပေါ့။
“တကယ်တော့ ဘိုးဘေးပြောတာ မှန်ပါတယ်၊ စုကျို ရှိနေတဲ့အတူတူ၊ ခင်ဗျား ဘာလို့ ဒီလိုပြန်လမ်းမရှိတဲ့ လမ်းကိုရွေးခဲ့တာလဲ?”
“စုကျိုက မဟာကျင့်ကြံသူတစ်ဦးလှူဒါန်းထားတဲ့ ခြေလက်အတု ဒါမှမဟုတ် ကိုယ်ထည်တစ်ခုခုကိုပုံတူပွားပြီး ခင်ဗျားရဲ့ ဝိညာဉ် ကိုထည့်ပေးလိုက်တာနဲ့၊ ခင်ဗျား မဟာကျင့်ကြံသူအထွတ်အထိပ်အဆင့်ကို ပြန်ရောက်ဖို့ဆိုတာ လက်တစ်ကမ်းအလိုပဲလေ”
“ခင်ဗျားရဲ့ တာအိုနှလုံးသားနဲ့ ကောင်းမှုကုသိုလ်တွေ ပြည့်စုံသွားရင် အထက်ဘုံတက်ဖို့တောင် အခွင့်အရေးရှိသေးတာပဲ!”
“အခု ခင်ဗျားကို ကြည့်ပါဦး၊ အဆုံးအဖြတ်မရှိတဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်နဲ့ သေဒဏ်ကနေလည်း လွတ်မှာမဟုတ်ဘူး၊ ဘာလို့များ ဒါမျိုးလုပ်ခဲ့ရတာလဲ!”
ရှီးရှန်ဆောင် ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးသည် လုကျိကျောင်းလှူဒါန်းထားသော ခြေလက်အတုကိုယ်ထည် ရုပ်သေးကိုယ်ထည်ကိုသုံးကာ ကြေကွဲနေသောအမူအရာများ လုပ်လိုက်ကြသည်။
“စုကျို ရှိနေတာပဲ၊ ခင်ဗျား လိုချင်တဲ့ ဘယ်လိုကိုယ်ထည်မျိုးမဆိုရနိုင်တာကို”
“ဘာလို့ ဝင်ပူးတာမျိုးလိုမျိုး ရက်စက်တဲ့ ပြစ်မှုကြီးကိုလုပ်ခဲ့ရတာလဲ?”
ဟွိုင်ဟယ်အန်း : “...”
တောက်~
သူ စုကျိုကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ခေါင်းကို အမြန်ပြန်လွှဲလိုက်သည်။
“မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့် တစ်ယောက်က သူ့ရဲ့ ကိုယ်ထည်ကို စုကျိုပုံတူပွားပြီး ငါ့ဝိညာဉ်ကို ပေးဖို့အတွက် ဘယ်လိုလုပ်လှူချင်မှာလဲ?”
“ကျင့်ကြံခြင်းရဲ့လျှို့ဝှက်ချက်တွေကို အသုံးပြုတဲ့သူက သိနေမှာပဲလေ< ငါ့ကို လာမလိမ်နဲ့ လုကျိကျောင်းကတော့ အရူးပေါ့၊ ဒါပေမဲ့ တခြားမဟာကျင့်ကြံသူတွေ၊ မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့်တွေကော အရူးတွေ ထင်နေတာလား?”
“ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် တခြားလူကိုပေးမှာလဲ?”
လုကျိကျောင်း : “...”
စုကျိုကမူ သူ့ သိုလှောင်အိတ်ထဲကို လက်နှိုက်ပြီး “စုကျိုမှတစ်ဆင့် ဂိုဏ်းအသီးသီးမှ အကြီးအကဲများ၏ ခြေလက်ကိုယ်ထည်များ အား မိမိသဘောဆန္ဒအလျောက်ပုံတူပွား လှူဒါန်းခြင်းဆိုင်ရာစာချုပ်များ” အပုံလိုက်ကို ထုတ်ယူလိုက်သည်။
“ဝိညာဉ်ကုန်သည်အသင်းရဲ့တည်ထောင်သူတွေ၊ ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ အကုန်လုံးက မိမိသဘောဆန္ဒအလျောက် လှူဒါန်းတဲ့ပုံစံတွေကို လက်မှတ်ထိုးထားကြပြီးပြီ”
“ကချေသည်ခန်းမ၊ ရှီးရှန်ဆောင်နဲ့ ဆေးလုံးဂိုဏ်းလည်း လက်မှတ်ထိုးထားကြပြီးပြီ”
“ဒီနေ့မှာတော့ နတ်လက်နက်လမ်းစဉ်နဲ့ စာဆိုတော်ခန်းမကလည်း သူတို့ရဲ့ ခြေလက်အတုတွေ၊ ကိုယ်ထည်အတုတွေ၊ ဝိညာဉ် ပြောင်းလဲခြင်းအဆင့်တွေ စတာတွေကို အမြန်ဆုံးပုံတူပွားပေးဖို့အတွက် ကျွန်မကို လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ထားကြသေးတယ်”
“ဒါပေမဲ့ ကျွန်မ တကယ်ကို အားမသေးလို့ပါ” စုကျို သက်ပြင်းချလိုက်သည်။
သူ့လက်ထဲမှ “မိမိသဘောဆန္ဒအလျောက် လှူဒါန်းမှုပုံစံ” ကို ဟွိုင်ဟယ်အန်းကို ပြလိုက်သည်။ သူမမှာ ပုံတူတွေ အများကြီးရှိ တာကြောင့် သူ ဆွဲဖြဲပစ်မှာကိုမကြောက်ပါဘူး။
“ကြည့်လိုက်ပါဦး”
ဟွိုင်ဟယ်အန်းသည် ချက်ချင်းယူလိုက်ပြီး စာမျက်နှာတွေကို အမြန်လှန်လှောဖတ်ကြည့်လိုက်သည်။ မကြာခင်မှာပဲ သူ့ လက် များမှာ အပြင်းအထန်တုန်ယင်လာတော့သည်။ ဝိညာဉ်အမှတ်အသားနဲ့ လက်မှတ်ထိုးထားတဲ့ နာမည်တစ်ခုချင်းစီရဲ့ဘေးမှာ မဟာကျင့်ကြံသူအလယ်အလတ် သို့မဟုတ် နှောင်းပိုင်းအဆင့်လို့ရေးထားသည်ကိုး။
တကယ်ပဲ... ဒီလောက်အထိ အရူးတွေ များတာလား ? ဒါမျိုးဖြစ်မယ်မှန်းသိရင် သူ ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့်ပဲ ရှိသေးတဲ့ ဖူစန်းကို ဘာလို့ ဝင်ပူးဖို့ကြိုးစားမှာလဲ၊ ရွှေအမြုတေအဆင့်ပဲရှိသေးတဲ့ ကျိုးကျန့်ဟဲကိုရော ဘာလို့ ဝင်ပူးဖို့ကြိုးစားနေမှာလဲ?! အား! ဟွိုင်ဟယ်အန်း၏ဝိညာဉ် တုန်လှုပ်သွားတော့သည်။
“မိစ္ဆာသားရဲလှိုင်းတွေ ပေါက်ကွဲလာတဲ့အခါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်းမှာ ရွှေအမြုတေအဆင့်ကနေ ဝိညာဉ်အသွင်ပြောင်း အဆင့်ကို တက်လှမ်းဖို့ ခက်ခဲနေတာကို ဂိုဏ်းအားလုံးကတွေ့ရှိလိုက်ရတယ်လေ၊ မဟာကျင့်ကြံသူတွေသာ လဲကျသွားမယ်ဆိုရင်၊ လူသားကျင့်ကြံသူတွေရဲ့အင်အား အရမ်းအားနည်းသွားမှာကို ကျမ စိုးရိမ်မိတယ်”
“ဒါဟာ ဂိုဏ်းတစ်ခုစီရဲ့ ကျင့်စဉ်အမွေအနှစ်တွေကို ထိန်းသိမ်းဖို့၊ နောင်လာနောက်သား တပည့်တွေအတွက်၊ ပြီးတော့ မကျင့်ကြံနိုင်တဲ့ သာမန်လူတွေအတွက် ဂိုဏ်းအသီးသီးက မဟာကျင့်ကြံသူတွေရဲ့ မြင့်မြတ်တဲ့ ကာကွယ်စောင့်ရှောက်မှု လုပ်ရပ်ပဲလေ” ဟု ရှန့်လိုင်လိုင်က လေးနက်စွာဆိုလိုက်သည်။
စုကျို ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မက အခု ရွှေအမြုတေအဆင့်ပဲ ရှိသေးတာကြောင့် မဟာကျင့်ကြံသူအဆင့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ ပုံတူမပွားနိုင်သေးပေမယ့်”
“ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက ၃၉၃၉ ခုသော ရွှေအမြုတေတွေဟာ ပိုးအိမ်ကနေထွက်လာပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွေ ဖြစ်လာတဲ့နေ့ကျရင်တော့”
“မဟာကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကျွန်မ ပုံတူပွားနိုင်လိမ့်မယ်လို့ ကြိုမြင်နေတယ်လေ”
“!!”
ဘာ? ရွှေအမြုတေတွေ အဲ့လောက်တောင် များတာလား?
ဟွိုင်ဟယ်အန်း နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်၊ လုကျိကျောင်း ခြေလက်အတုကိုယ်ထည်၏ မျက်လုံးများထဲမှ မျက်ရည်များ ချက်ချင်းစီးကျလာတော့သည်။ တကယ်လို့ စုကျိုမှာ နောင်ကျရင် ၃၉၃၉ ခုသော ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွေ ရှိလာမယ်ဆိုရင်၊ သူမ ဝိညာဉ်အသွင်ပြောင်းအဆင့်ကိုရောက်တဲ့နေ့မှာ မဟာကျင့်ကြံသူ အထွတ်အထိပ်ကိုယ်ထည်တစ်ခုကို ပုံတူပွားနိုင်ဖို့ဆိုတာ တကယ်ပဲ ဖြစ်နိုင်တာပေါ့… အဲ့ဒီကျရင်တော့ အခု သူ့ဝိညာဉ်ကိုပိတ်လှောင်ထားတဲ့ လုကျိကျောင်းရဲ့ ကိုယ်ထည်ဟာ ဝိညာဉ်အသွင် ပြောင်းအဆင့် မဟုတ်ဘဲ မဟာကျင့်ကြံသူအဆင့်ဖြစ်နေမှာပေါ့။
“ဟားဟားဟား”
“ဘာလို့လဲ ? ငါ အထက်ဘုံတက်ဖို့ ရှုံးနိမ့်ခဲ့တုန်းက ဘာလို့ ဒီလိုမျိုးကောင်းတဲ့အရာတွေ မရှိခဲ့ရတာလဲ...”
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းကသာ ဒီလို ကိုယ်ထည်လှူဒါန်းမှုမျိုး ရှိခဲ့ရင်၊ ငါ့ဝိညာဉ် ပျောက်ကွယ်သွားမှာကိုလည်း ကြောက်စရာမလိုသလို၊ မဟာကျင့်ကြံသူ အထွတ်အထိပ်ကိုယ်ထည်ကို မရမှာ၊ အထက်ဘုံတက်ဖို့ အခွင့်အရေးမရှိမှာတွေကိုလည်း စိုးရိမ်စရာ မလိုတော့ဘူးပေါ့!”
“ဘာလို့လဲ ? ငါ ဘာလို့ ဒီနေ့မှ ဒီလမ်းစဉ်ကို သိရတာလဲ!”
ဟွိုင်ဟယ်အန်း၏နာကျင်စွာ အော်ဟစ်နေသော ဝိညာဉ်အသံကြောင့် အခန်းထဲရှိ မဟာကျင့်ကြံသူအားလုံး စုကျိုကို အကူအညီတောင်းသလို ကြည့်လိုက်ကြသည်။
ဘာလို့လဲ ဟုတ်လား? သေချာတာပေါ့၊ အရင်တုန်းက စုကျို မရှိခဲ့လို့ပေါ့။ အခု စုကျို ရှိလာပြီဆိုတော့မှ ဒီခြေလက်ကိုယ်ထည် လှူဒါန်းတဲ့ လမ်းစဉ်ပေါ်ပေါက်လာတာလေ။ စုကျိုရဲ့ ပုံတူပွားနိုင်စွမ်းက မဟာကျင့်ကြံသူတွေကို သူတို့ရဲ့ပိုလျှံနေတဲ့ ကိုယ်ထည် တွေကို တခြားလူတွေဆီလှူဒါန်းနိုင်စေခဲ့တာပေါ့!
သွေးကြောတွေ၊ ဒန်ထျန်၊ ဝိညာဉ်အမြုတေ… ဒါတွေအားလုံးကို သူ ပုံတူပွားနိုင်တယ်လေ။
“မွေးရာပါ ဝိညာဉ်ပါရမီကိုတောင် ပြန်ရွေးလို့ရတာပဲ... ဘယ်သူက ခန္ဓာကိုယ်ပျက်စီးမှာကို ကြောက်နေရဦးမှာလဲ?”
“ဘိုးဘေးဟွိုင်၊ ခင်ဗျား ကျူးလွန်ခဲ့တဲ့ အမှားတွေကိုတော့ ဂိုဏ်းချုပ်တွေတိုင်ပင်ပြီး ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ဆုံးဖြတ်ကြလိမ့်မယ်”
ဟွိုင်ဟယ်အန်း ပုခုံးတွေတွဲကျသွားပြီး တိုးတိုးလေး “အင်း” လို့ ပြန်ထူးလိုက်သည်။
“ဟူး... မိုက်လိုက်တာ ဘိုးဘေးရယ်၊ အဖမ်းခံရပြီးတာတောင်မှ ထွက်ပြေးဖို့ကြိုးစားပြီး စုကျိုရဲ့ကိုယ်ကို ဝင်ပူးဖို့လုပ်ခဲ့တာက အမှားပေါ် အမှားဆင့်လိုက်တာပဲ”
“တမင်တကာ လူသတ်ဖို့ကြိုးစားမှု ပြစ်ချက်ကနေ ခင်ဗျား လွတ်မှာမဟုတ်ဘူး”
“အနည်းဆုံးတော့ နောက်ထပ် နှစ်ပေါင်းတစ်ရာပေါ့”
ဟွိုင်ဟယ်အန်း ပါးစပ်ဟသွားရသည်။
“...”
“ဒီကိုလာပါ၊ ခင်ဗျားရဲ့ ထွက်ဆိုချက်ကို ကျနော် ယူမယ်၊ သေသေချာချာ ပြောပြစမ်းပါ၊ ထောင်ကနေ အသည်းအသန် ထွက်ပြေးချင်နေတာက နောက်ထပ် မိစ္ဆာသားရဲလှိုင်းတစ်ခုကို စီစဉ်နေလို့လား!”
“ဝန်ခံရင်တော့ အပြစ်ပေါ့ပေးရလိမ့်မယ်!” ရှီးရှန်ဆောင်ဂိုဏ်းချုပ်သည် လုကျိကျောင်းမျက်နှာနှင့် ဒေါသတကြီး အော်လိုက်သည်။
ဟွိုင်ဟယ်အန်း : “မဟုတ်ပါဘူး၊ ငါ အရင်ကရခဲ့တဲ့ နက္ခတ်ဗေဒဟောကိန်း နည်းလမ်းကိုသုံးပြီး မိစ္ဆာသားရဲလှိုင်းပေါ်လာမှာကို ကြိုသိနေတာပါ၊ ငါ စီစဉ်တာ မဟုတ်ပါဘူး၊ အဲ့ဒါက ဖြစ်ကိုဖြစ်လာမှာလေ”
“ငါ အသည်းအသန်ထွက်ပြေးခဲ့တာက... ကြောက်လို့ပါ!”
“ဒီနေ့ နေ့လယ်က ထောင်စောင့်က ကျိုးကျန့်ဟဲဆီကို ‘ကျိုးကျန့်ဟဲနဲ့ ဖူစန်းတို့ရဲ့ အကြွေးဆပ်ရန် အစီအစဉ်ဇယား’ ယူလာပေး တယ်လေ”
“အို ဘာတဲ့... မနက်ပိုင်း သွေးလှူရမယ်၊ မွန်းတည့်ကျရင် စုကျိုက အမျိုးမျိုးသော ခြေလက်အတု စမ်းသပ်ချက်တွေအတွက် ပုံတူပွားတာခံရမယ်၊ ပြီးတော့ နေ့လယ်ကျရင် အကြွေးဆပ်ဖို့အတွက် ပိုးထည်ရက်ပြီး ဆေးဖော်ရမယ်တဲ့”
“ပထမနေ့က ဒီလိုပဲ၊ ဒုတိယနေ့လည်း ဒီလိုပဲ၊ နောက်ထပ် နှစ်ပေါင်းသုံးရာအထိ အဲ့လိုကြီးပဲတဲ့…”
“ငါ...”
ဟွိုင်ဟယ်အန်း အသံမှာ တုန်ယင်နေသည်။
“ငါ ထွက်မပြေးသင့်ဘူးလား…”
စုကျို : “???”
ဒါဆို သူ့ရဲ့ အကြွေးဆပ်ရန် အစီအစဉ်ဇယားကပဲ ဟွိုင်ဟယ်အန်းကို ထိတ်လန့်သွားစေတာပေါ့။
“ဟေး ဟေး ဟေး၊ နစ်နာသူကို အပြစ်မပုံပါနဲ့၊ ဒါ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်”
စုကျို အမြန် နောက်ဆုတ်လိုက်သည်။
“ရှင် ကျွန်မကို ပိုက်ဆံကြွေးတင်ထားတာလေ၊ ရှင့်ဆီမှာလည်း တစ်ပြားမှမရှိတော့ အဲ့ဒီဇယားကို ဖြည့်ထားရမှာပေါ့”
အကြီးအကဲများ : “...”
အဲ့ဒါလည်း ဟုတ်သားပဲ။
“ဒါ အလွန်ဆုံးရှိလှ ထောင်ကထွက်ပြေးချင်ရတဲ့ အကြောင်းရင်းပဲဖြစ်နိုင်တာ၊ ကျွန်မကိုဝင်ပူးဖို့ အကြောင်းရင်း မဟုတ်ဘူး၊ တမင်တကာ လူသတ်ဖို့ ကြိုးစားတဲ့ အပြစ်ကနေလွတ်ဖို့တော့ မစဉ်းစားနဲ့”
စုကျိုက ဟွိုင်ဟယ်အန်း၏ဆင်ခြေကို ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။
ဟွိုင်ဟယ်အန်း ခေါင်းညိတ်လိုက်သည်။
“ငါ့အပြစ်ပါပဲ၊ ငါ ထွက်ပြေးသွားရင်တောင် အကြွေးမဆပ်နိုင်လို့ စုကျို မင်းလက်ထဲမှာ ပြန်အဖမ်းခံရမှာကို ငါ ကြောက်မိလို့ပါ၊ ဒါကြောင့် ငါ မင်းကိုပဲ ဝင်ပူးလိုက်တာက ပိုကောင်းမယ်လို့တွေးခဲ့တာ၊ ဘာပဲဖြစ်ဖြစ် မင်းဆီမှာ ‘လူထုနဲ့ သဟဇာတဖြစ်ခြင်း’ ရှိနေတော့ အထက်ဘုံတက်ဖို့ကလည်း သေချာနေတာပဲလေ”
ချန်ယွမ် စုကျိုအား မကြည့်ဘဲ မနေနိုင်တော့ပေ။ တခြား အကြီးအကဲတွေလည်း သူမကို ကြည့်လိုက်ကြသည်။
စုကျို : “လူထုနဲ့သဟဇာတဖြစ်ခြင်း ?” ဒါကို သူမ ပထမဆုံးအနေဖြင့် ကြားဖူးခြင်းပင်။
ဟွိုင်ဟယ်အန်း နောက်ဆုံးမှာတော့ ဝန်ခံလိုက်ပါပြီ၊ သူ နားလည်ထားတဲ့ အထက်ဘုံတက်ဖို့ သော့ချက်သုံးခုဖြစ်တဲ့ -အချိန်ကောင်း၊ နေရာကောင်း၊ လူထုနဲ့သဟဇာတဖြစ်ခြင်းအကြောင်းကိုပေါ့။
“ငါ အထက်ဘုံတက်ဖို့ ရှုံးနိမ့်ပြီး ကွယ်လွန်ခါနီးကျမှပဲ ငါ ဘယ်လောက်အထိ နောင်တရခဲ့လဲဆိုတာ သိလိုက်ရတာပါ”
“ဟူး... ငါဟာ တစ်သက်လုံး ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာက ရှီးရှန်ဆောင်ရဲ့ အစောပိုင်း ကာလတွေမှာ ပါဝင်ခဲ့ပြီး အများကြီးကူညီခဲ့ပေမယ့်၊ သေခါနီးကျမှပဲ ငါဟာ အကြီးအကဲတစ်ယောက်၊ တည်ထောင်သူ တစ်ယောက်အနေနဲ့ အရမ်းကို ပုန်းလျှိုးကွယ်လျှိုးနေခဲ့မိတယ်ဆိုတာ သိလိုက်ရတယ်၊ ငါ သူငယ်ချင်းတွေ အများကြီး မထားသလို၊ ကိုယ့်ကိုယ်ကိုယ်ချီးကျူးတဲ့ ဆောင်းပါးတွေလည်း မရေးခဲ့ဘူးလေ”
လူတိုင်း : “...”
“ဒါ့အပြင် ငါ့ရဲ့ပါရမီက ကုသပေးတာဆိုတော့၊ ရှီးရှန်ဆောင်မှာ ငါက အမြဲတမ်း အကူအညီပေးသူ တစ်ယောက်ပဲဖြစ်ခဲ့ရပြီး၊ တပည့်အများစုရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပေးတဲ့နေရာမှာ ဘယ်တော့မှမပါဝင်နိုင်ခဲ့ဘူး”
“အထက်ဘုံတက်ဖို့ဆိုတာ ဂုဏ်သတင်းကျော်စောမှု လိုအပ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့၊ ရှီးရှန်ဆောင် တပည့်တွေက ငါ့ကိုတည်ထောင်သူ ဘိုးဘေးတစ်ယောက်အနေနဲ့ ရိုသေကြပေမယ့်၊ နောက်ဆုံးကျတော့ သူတို့က ငါ့ကို... ဘေးနားက ကုသပေးသူ တစ်ယောက်လိုပဲ သတ်မှတ်ကြတာလေ”
“တပည့်တွေဟာ များသောအားဖြင့် ကာကွယ်ပေးဖို့နဲ့ ကျင့်စဉ်တွေကို နားလည်ဖို့အတွက် ဘိုးဘေးတွေကို ဆုတောင်းတဲ့အခါ၊ ပိုးနတ်သမီးနဲ့ ပိုးစာနတ်သမီးတွေကိုပဲ ဆုတောင်းကြတာလေ”
“ငါ့ကိုတော့... ငါ့ရဲ့ ဘိုးဘေးပုံတူကားချပ်မှာ ဖုန်တွေတောင်တက်နေပြီဆိုတာကို လူတိုင်းမေ့နေကြတာ ကြာလှပြီ”
“နောက်မှ ငါ့အတွက် ဆေးလုံးဂိုဏ်းက ပိုပြီးသင့်တော်မယ်ဆိုတာ ငါ သိလိုက်ရတာ”
လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။ အထူးသဖြင့် ရှီးရှန်ဆောင်က အကြီးအကဲတွေပေါ့၊ အရင်တုန်းက သူတို့တွေ အဘိုးကြီးတစ်ယောက်ကို လျစ်လျူရှုပြီးမေ့ထားခဲ့မိတာကြောင့် ဟွိုင်ဟယ်အန်းမှာ ဒီလိုနာကျည်းချက်တွေ ဖြစ်လာရတယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။
“ဒါဆို ဘာလို့ ဖူစန်းရဲ့ ကိုယ်ကို ဝင်ပူးခဲ့တာလဲ?”
စုကျို နားမလည်နိုင် ဖြစ်နေသည်။
“ရှင်က အဲ့ဒီတုန်းက အဆင့် ၁ မှာ သေချင်ယောင်ဆောင်ပြီး ထွက်ပြေးခဲ့တာလေ၊ ကျွန်မ ရှင့်ရဲ့ ဆံပင်တွေကို အဆင့် ၃၀ မှာ တွေ့ခဲ့တာ...”
ဟွိုင်ဟယ်အန်းသည် စုကျို သူ ဖူစန်းကိုယ်ကိုသုံးပြီး ရှီးရှန်ဆောင် အဆင့် ၃၀ အထိသွားခဲ့မှန်း သိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“အင်း... အဲ့ဒီတုန်းကတော့ ငါ ဘာမှ မစဉ်းစားမိသေးဘူး၊ ဖူစန်းရဲ့ ကိုယ်ကို သုံးပြီး ရှီးရှန်ဆောင်ရဲ့ ကျင့်စဉ်တွေကို တစ်ဆင့်ချင်း ပြန်ကျင့်မယ်၊ အဲ့ဒီလိုနဲ့ ဒီဘဝမှာ ရှီးရှန်ဆောင်ရဲ့ ထိပ်တန်းတပည့် ဖြစ်လာပြီး ဂုဏ်သတင်းတွေပြန်ယူမယ်လို့ တွေးခဲ့တာပေါ့”
“ဒါပေမဲ့ ငါ မှားသွားမှန်း သိလိုက်ရတယ်!”
“ရှီးရှန်ဆောင်ရဲ့ တပည့်လေ့ကျင့်ရေး စနစ်ကြီးကိုတော့ တောက်! အဲ့ဒီ အဆင့် ၁ ဆိုတဲ့ နေရာမှာ ဘာရင်းမြစ်မှမရှိသလို ဝိညာဉ်စွမ်းအင်လည်းမရှိဘူး၊ အဲ့ဒီမှာရှိတဲ့ အကြီးအကဲတွေကလည်း ငါ့ကိုတန်ဖိုးမထားကြသလို ဘာရင်းမြစ်မှလည်း ပိုမပေးကြဘူး။ ဖူစန်းကို ရွှေအမြုတေမြန်မြန်ရအောင်တောင် ငါ မကူညီနိုင်ခဲ့ဘူး!”
“ငါ တကယ် ဒေါသထွက်ရတာပဲ!”
“ဘယ်သူကများ ဒီအဆင့်တစ်ရာတက်ရတဲ့ စနစ်ကြီးကိုတီထွင်ခဲ့တာလဲ? တောက်! ဖူစန်းက မွေးရာပါရောဂါပါလာတာလေ၊ ငါ သူ့ကို ဝင်ပူးတဲ့အချိန်မှာ သူ့မှာ အသက်ရှင်ဖို့ ခြောက်လပဲ ကျန်တော့တာ!”
“ဒါပေမဲ့ ငါ့ အရင်ဘဝက အမှတ်အသားတွေနဲ့ အတွေ့အကြုံတွေရှိနေတော့၊ ဖူစန်းရဲ့အားနည်းတဲ့ ကိုယ်နဲ့တောင် ခြောက်လ အတွင်းမှာ ရွှေအမြုတေအဆင့်အထိရောက်အောင် ကျင့်နိုင်မယ်၊ အဲ့ဒီကျရင် အသက်ပိုရှည်လာမှာပေါ့လို့ တွေးခဲ့တာလေ!”
“ဒါပေမဲ့ နောက်ဆုံးကျတော့... ငါ အဆင့် ၁ မှာ အသည်းအသန်ကျင့်နေတာတောင်မှ ဝိညာဉ်စွမ်းအင်တွေက နေ့တိုင်းအရမ်းကို မှနည်းပါးလွန်းနေတာလေ...”
“ငါ့ရဲ့ ရုပ်ရည်ကိုသုံးပြီး အားနည်းတဲ့အမျိုးသမီးကျင့်ကြံသူတွေဆီကနေ ဝိညာဉ်အားဖြည့်ဆေးဝယ်ဖို့အတွက်တောင် အကူအညီ တောင်းခဲ့ရတာလေ!”
“တောက်... ဘယ်သူက ဒီလိုဂိုဏ်းစနစ်ကြီးကို တီထွင်ခဲ့တာလဲ!”
စုကျို : “...”
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကဘိုးဘေးကြီး ဂိုဏ်းရဲ့စနစ်ကြီးကို ဆဲဆိုနေတာမြင်ရတာ တကယ်ကို မျက်စိပွင့်စရာပင်။ သူမလည်း အရင် ဆဲခဲ့ဖူးတာပဲလေ။
“ဒါကတော့...”
ဒါကို ကြားလိုက်ရတဲ့အခါ ရှီးရှန်ဆောင်က အကြီးအကဲတွေ အကုန်လုံးမျက်နှာနီသွားကြသည်။ သူတို့မျက်နှာတွေလည်း လုကျိကျောင်းလိုပဲ လေးထောင့်ပုံစံဖြစ်နေကြတာပေါ့။
“အာ... ဘိုးဘေးဟွိုင်ရယ်”
“အသံတိုးတိုးလုပ်ပါဦး၊ ဒါ ဂုဏ်ယူစရာမှ မဟုတ်တာ”
ဟွိုင်ဟယ်အန်း : “...”
“ကျနော်တို့ ရှီးရှန်ဆောင်ရဲ့ကျင့်ကြံမှု တိုးတက်ရေးစည်းကမ်းတွေ၊ အဆင့်တက်တဲ့ စနစ်တွေကို ဘိုးဘေးဟွိုင်နဲ့ တခြား တည်ထောင်သူ ဘိုးဘေးရှစ်ယောက်ပေါင်းပြီး တီထွင်ခဲ့တာ မဟုတ်ဘူးလား?”
“ဟုတ်တယ်၊ ကျနော်တို့ဆီမှာ ရှီးရှန်ဆောင် တည်ထောင်သူ ဘိုးဘေးတွေရဲ့ အစည်းအဝေးမှတ်တမ်းတွေရှိပါတယ်”
“ငြင်းဖို့ မကြိုးစားပါနဲ့ ဘိုးဘေး! လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ဘိုးဘေးကိုယ်တိုင် အဖြူအမဲ သေသေချာချာလက်မှတ်ထိုးပြီး သဘောတူခဲ့တာလေ!”
“အမှန်ပဲ၊ တပည့်တွေကို အခက်အခဲတွေကြားမှာ ကျင့်ကြံခြင်းရဲ့အဓိပ္ပာယ်ကို ရှာတွေ့စေဖို့၊ အားနည်းသူက အားသန်သူရဲ့ အစာဖြစ်ရမယ်ဆိုတဲ့ အဆင့်တက် စည်းကမ်းတွေကို ခင်ဗျားတို့ ကိုးယောက် ကိုယ်တိုင်သတ်မှတ်ခဲ့တာပဲလေ”
“!”
ဟွိုင်ဟယ်အန်း မျက်လုံးပြူးသွားတော့သည်။ တောက်! သူ သေခါနီး ကျူးလွန်ခဲ့တဲ့ အပြစ်တွေက အခု သူ့ကို ပြန်ပြီး ဒုက္ခပေးနေတာပေါ့။ သူ အရင်က ဂိုဏ်းအစည်းအဝေးတွေလုပ်ရင် မျက်စိမှိတ်ပြီး ဝိညာဉ်အမှတ်အသားတွေ လက်မှတ်ထိုးပေးလေ့ ရှိတာကိုး။ တခြား လူရှစ်ယောက်ကကြည့်နေတာပဲဆိုပြီး တွေးခဲ့တာလေ! ဘယ်သူ သိမှာလဲ၊ အဆင့်တစ်ဆင့်ချင်းစီ တက်ရတဲ့ ဒီရယ်စရာကောင်းတဲ့ လှေကားတက်စနစ်ကြီးက ဒီလောက်အထိ အဓိပ္ပာယ်မရှိဘူးဆိုတာကို!
“ကြောက်စရာပဲ”
စုကျိုက မိစ္ဆာကြီးဘက်လှည့်ပြီး ပြောလိုက်သည်။
“ဒါက အောက်ခြေက လူတွေရဲ့ဒုက္ခကို မသိဘဲ မျက်စိမှိတ်လက်မှတ်ထိုးပြီး စည်းကမ်းတွေကိုဖြစ်သလို သတ်မှတ်လိုက်တာနဲ့ တူတူပဲ”
“ဟူး... အောက်ခြေကိုပြန်ရောက်သွားတော့မှ နောင်တရနေတာပေါ့”
စုကျိုက ချန်ယွမ့် လက်မောင်းကို ပုတ်လိုက်သည်။
“နောင်ကျ နင် မိစ္ဆာမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်လာရင် ဒါမျိုး မလုပ်နဲ့နော်” ချန်ယွမ့် မျက်လုံးများ လှုပ်ခတ်သွားသည်။
စုကျို အရေးကြီးတဲ့ ကိစ္စကို ချက်ချင်းသတိရပြီး ဟွိုင်ဟယ်အန်းကို မေးလိုက်သည်။
“ဒါဆို ရှင် အဆင့် ၃၀ အထိ သွားတုန်းက ဘာတွေ စီစဉ်ခဲ့တာလဲ?”
“အာ... အဲ့ဒီတုန်းက ငါ့မှာ ပိုက်ဆံ ပြတ်နေတာလေ၊ ဒါကြောင့် ကျင်းချန် ပေးထားတဲ့ ကျင်းမိသားစု ပိုင်ဆိုင်မှုတွေကို သွားယူဖို့ အဆင့် ၃၀ ကို တိတ်တဆိတ် သွားခဲ့တာ၊ ဒါပေမဲ့ အဲ့ဒီကို ရောက်တော့မှ အဲ့ဒီမှာသိမ်းထားတဲ့ ကျင့်ကြံခြင်း ရင်းမြစ်တွေ အကုန်လုံးက ပိုးမွေးဖို့အတွက်တွေ ဖြစ်နေတာကို တွေ့လိုက်ရတာလေ၊ ငါလို ဆေးပညာပါရမီရှင်က ဘယ်လို ပိုးကောင်မျိုးကို မွေးနိုင်မှာတဲ့လဲ?” ဟွိုင်ဟယ်အန်း ဆွံ့အစွာ ပြောပြလာသည်။
“ရှီးရှန်ဆောင်ရဲ့အထက်ပိုင်းက လူတွေကလည်း လုံးဝကိုခေါင်းမာကြတာပဲ၊ ကုသရေးပါရမီရှိတဲ့သူကိုလည်း ပိုးမွေးခိုင်းတယ်၊ လက်နက်လုပ်တဲ့ ပါရမီရှိတဲ့သူကိုလည်း ပိုးမွေးခိုင်းတယ်လား?”
“တောက်! ဖူစန်းမှာ အသက်ရှင်ဖို့ အချိန်အများကြီးမကျန်တော့ဘူးလေ၊ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေးကျင့်ကြံပြီး ပိုးမွေးနိုင်မှာလဲ!”
“အဲ့ဒီအပြင် ပိုးမွေးဖို့ဆိုတာ ဝိညာဉ်လက်နက်တွေကျွေးရတာလေ၊ ငါက ပိုက်ဆံမရှိလို့ အဆင့် ၃၀ ကို သွားတာကို!”
“ဝိညာဉ်လက်နက်တွေ ဘယ်ကနေရမှာလဲ! ငါတော့ လမ်းပိတ်သွားတာပေါ့!”
“ကျင်းချန် ပေးထားတဲ့ ဝိညာဉ်ကျောက်စိမ်းကိုတောင် ငါ မသုံးလိုက်ရဘဲ အဆင့် ၁ ကိုပြန်သွားခဲ့ရတာ”
စုကျို ဆွံ့အသွားသည်။
“ဒါဆို ရှင်ဝင်ပူးခဲ့တဲ့ ဖူစန်းက အိုပြီး သေသွားတာလား?”
“မဟုတ်ပါဘူး၊ ငါ ခုနက ပြောခဲ့သားပဲ၊ ငါ အရမ်းဒေါသထွက်သွားလို့လေ”
“...?”
“ငါ အရမ်းဒေါသထွက်သွားတာ! ငါက မဟာကျင့်ကြံသူအဆင့်မှာ ရှိခဲ့တဲ့သူလေ၊ ဒါပေမဲ့ အဆင့် ၁ မှာ ကျင့်ကြံဖို့ ပိုက်ဆံမရှိ တာနဲ့ပဲ၊ ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့်မှာတင်ရပ်သွားပြီး၊ ဖူစန်းရဲ့ကိုယ်က ပေါက်ကွဲပြီး သေသွားရတာ!”
“...”
“အဲ့ဒီနောက်မှာတော့ ငါ့ ဝိညာဉ် ဇဝေဇဝါဖြစ်နေတုန်း ကျိုးကျန့်ဟဲနဲ့ ဆုံခဲ့တာပေါ့” ဇာတ်လမ်းရဲ့ ကျန်တဲ့အပိုင်းတွေကိုတော့ စုကျို သိနေပြီးသားပါ။
“ဟွိုင်ဟယ်အန်း သူ့ အပြစ်ရှိတဲ့ ဝိညာဉ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတာဟာ ရှီးရှန်ဆောင်ရဲ့အဆင့် ၁ မှာတင် ကျရှုံးသွားလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးထားခဲ့ဘူး”
လုကျိကျောင်း မျက်စိမှိတ်လိုက်သည်။ ဂိုဏ်းအတွင်းက တပည့်လေ့ကျင့်ရေးစနစ်မှာတော့ သေချာပေါက်ပြဿနာရှိနေပြီပင်။ အတိတ်က အရာတွေကိုပဲ မျက်စိမှိတ်ပြီးလိုက်နာနေလို့ မရတော့ဘူး၊ ချက်ချင်းပြုပြင်ပြောင်းလဲမှ ဖြစ်တော့မယ်!
“ဟူး... စုကျို၊ မင်း ကောင်းကောင်း အနားယူပါဦး၊ ငါ ဂိုဏ်းကို ပြန်လိုက်ဦးမယ်”
လုကျိကျောင်းသည် ခဏချင်းမှာတင် အိုမင်းသွားသည့်အလား ဖြစ်သွားတော့သည်။
အကြီးအကဲတွေ စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတော့ ဟွိုင်ဟယ်အန်းကို သူ့ အပြစ်တွေကို ပြန်ဆပ်ဖို့အတွက် ထောင်ထဲကို အမြန်ပြန်ပို့လိုက်ကြသည်။
ရှန့်လိုင်လိုင်လည်း သတိရှိဖို့လိုတယ်လို့ ခံစားလိုက်ရသည်။
“ငါလည်း ဒီည ဝိညာဉ်ကုန်သည်အသင်းဆီကို ပြန်ပြီး၊ ငါတို့ အသင်းရဲ့ တပည့်တိုးတက်ရေး လမ်းကြောင်းတွေက အဆင်ပြေရဲ့ လားဆိုတာ စစ်ဆေးရမယ်၊ အကျိုးအကြောင်း မဆီလျော်တာတွေရှိနေလားဆိုတာပေါ့”
သူမလည်း စိတ်ထဲမိစ္ဆာစိတ်တွေဖြစ်လာပြီး လမ်းမှားရောက်သွားမှာ ကြောက်မိသည်။
စုကျို သဘောတူလိုက်ပြီးမှ စဉ်းစားမိသွားသည်။
“အကြီးအကဲရှန့်လိုင်လိုင်၊ ဘယ်လိုမျိုး စစ်ဆေးဖို့ စဉ်းစားထားလဲ?”
“ဩော်... အကြီးအကဲ၊ ကျွန်မရဲ့ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့် ကချေသည်ခန်းမ ဂျူနီယာညီမလေးရဲ့ ပုံတူကိုယ်ထည်ကို သုံးပြီး၊ ဝိညာဉ်ကုန်သည်အသင်းရဲ့အောက်ခြေကို ပြန်သွားပြီး၊ အားနည်းတဲ့သူတစ်ယောက်လို ဟန်ဆောင်ကျင့်ကြံရင်း၊ လူထုရဲ့ ဘဝကို ကိုယ်တိုင်ခံစားကြည့်ပြီး တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြည့်ပါလား?”
“?”
“!”
ရှန့်လိုင်လိုင် မျက်လုံးများ လင်းလက်သွားပြီး စမ်းကြည့်ချင်စိတ်တွေ ပေါက်လာရတော့သည်။
“ရှောင်ကျို၊ အဲ့ဒါ အဓိပ္ပာယ်ရှိသားပဲ”
မဟာကျင့်ကြံသူအဆင့်ရှိ အကြီးအကဲ တစ်ယောက်အနေနှင့် အောက်ခြေတပည့်တွေကို သွားမေးရင်၊ ၎င်းတို့မှာ ပြဿနာရှိရင် လျှင်ပင် သူမကို အမှန်အတိုင်းပြောရဲကြမည် မဟုတ်ပေ။ ဒါပေမဲ့ သူသာ ဝိညာဉ်စွမ်းအားသန့်စင်သူ တပည့်တစ်ယောက်ရဲ့ ကိုယ်ထည်ကို သုံးပြီး၊ အမည်မသိခရီးသွားရင်း တပည့်တွေရဲ့ အခြေအနေကို စုံစမ်းမယ်ဆိုရင်တော့ အောက်ခြေအဆင့်အထိ သေသေချာချာ သိနိုင်မှာပေါ့!
“ကျွန်မ အဲ့ဒီ ဂျူနီယာညီမလေးကို မေးပေးမယ်၊ အကြီးအကဲရှန့်လိုင်လိုင်ကို သူ့ရဲ့ ပုံတူကိုယ်ထည် သုံးခွင့်ပေးမလားဆိုတာလေ” စုကျို ပြောရင်း ချန်ယွမ့် လက်ကိုဆွဲကိုင်ကာ သူ့ အပူချိန်ကိုစမ်းကြည့်လိုက်သည်။
အနည်းငယ်တော့ နွေးနေပါသေးသည်။ ခုနက သွေးနံ့တွေလည်း ပျောက်သွားပြီဆိုတော့၊ သူ အဆင်ပြေသွားပြီ ထင်တာပဲ? ဖူစန်းရဲ့ ကျောက်တိုင်ပေါ်မှာရပ်နေတဲ့ ချန်ယွမ်ကိုကြည့်ရင်း စုကျို ခေတ္တ တွေဝေနေမိသည်။
“အားယွမ်၊ ထားလိုက်ပါတော့၊ နင် ဒီမှာပဲ ထိုင်ပြီး ငါ အလုပ်လုပ်တာကို ကြည့်နေလိုက်တော့”
“အင်း... ဒီညကျရင် ‘ဂိုဏ်းအသီးသီးမှ အကြီးအကဲများမှ ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့် ကိုယ်ထည်များအား အသုံးပြု၍ တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် မိမိသဘောဆန္ဒအလျောက်လျှောက်ထားလွှာ’ တစ်ခုကို ငါ ရေးဆွဲလိုက်မယ်၊ ပြီးရင် ဘယ်တပည့်တွေက လက်မှတ်ထိုးချင်လဲဆိုတာ တိတ်တဆိတ်မေးကြည့်ကြတာပေါ့”
“ဂိုဏ်းတစ်ခုစီကလည်း ဒီလိုကိုယ်ထည်တွေ ဝယ်ဖို့အတွက် ပိုက်ဆံပေးရမှာပေါ့ ~”