အခန်း (၁၀၂)
Vol. 11 Ch. 102
102
သူမပါဝါဘဏ်ကြီးကို တစ်ယောက်ယောက်မှ ခိုးယူသွားတော့မည်ဟု ခံစားလိုက်မိသည်။
ကျိုးထောင်ဟွားသည် သူမအကြည့်ကို တွန့်ဆုတ်စွာဖြင့်ပြန်ရုတ်သိမ်းလိုက်ပြီး ချမ်ရှီဘေးတွင် လိမ္မာစွာပင်ဝင်ထိုင်ကာ စားသောက်ပွဲစမည့်အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်၏။ကျိုးထောင်ဟွား စိတ်မပျော်မရွှင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရှန်းမင် စိတ်ပူသွားရသည်။သူသည် ခုနကကျန်းကျူးအာနှင့် မည်သည့်စကားမှမပြောခဲ့ကြောင်း ကျိုးထောင်ဟွားထံသွားရှင်းပြချင်နေမိ၏။
ထောင်ဟွား ဘာကိုနားလည်မှုလွဲသွားမှန်းတော့ သူမသိပေ။
မကြာမီအရသာရှိသောဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲရောက်ရှိလာပြီး လေထုထဲတွင်လည်း အရက်နံ့များသင်းပျံ့နေလေသည်။ရွာသားများသည် အတူဝိုင်းထိုင်ကာ စိတ်ကြိုက်စားသောက်ကြလေ၏။ကျိုးအိမ်ဟောင်းမှ မင်္ဂလာပွဲသည် အနည်းငယ်အလျင်လိုခဲ့သော်လည်း မင်္ဂလာပွဲတစ်ခုလုံးကို အလွန်ကောင်းမွန်စွာ စီစဉ်ကျင်းပနိုင်ခဲ့သည်။ရွာသားများမှာ စိတ်တိုင်းကျစားသောက်ခဲ့ကြပြီး ကျန်းမိသားစုလည်း အလွန်ကျေနပ်ခဲ့ကြ၏။
စားသောက်ပွဲပြီးနောက် ကျိုးထောင်ဟွားအိမ်ပြန်ရောက်သည်နှင့် ရှန်းမင်လည်း သူမနောက်မှလိုက်ပါလာခဲ့သည်။ကျိုးအာ့ရှုသည် ယနေ့နည်းနည်းအသောက်များသွားရာ ချမ်ရှီမှ သူ့ကိုအခန်းထဲသို့တွဲပို့၍ အနားယူခိုင်းလိုက်၏။
"ကိုယ့်အကြောင်းကိုယ်သိသားနဲ့ ဒီလောက်အများကြီးသောက်ရလား"
ချမ်ရှီ အောင့်မထားနိုင်တော့ဘဲငြီးငြူလိုက်မိသည်။ကျိုးအာ့ရှုမှာ ရီဝေဝေဖြစ်နေသော်လည်း သူ့ကိုယ်သူတော့ကာကွယ်ပြောဆိုလိုက်သေး၏။
"ဒီနေ့က ရှောင်ဖုန်းရဲ့မင်္ဂလာဆောင်လေ၊ရှောင်ဖုန်းက ကိုယ့်ကိုဂုဏ်ပြုစကားပြောပြီးလာတိုက်တာကို မသောက်ဘဲနေလို့ရပါ့မလား၊ရှောင်ဖုန်းရဲ့ယောက္ခမမိသားစုတွေကလဲ ကိုယ့်ကိုလာတိုက်ကြတာဆိုတော့ ငြင်းလို့ မကောင်းပါဘူးကွာ"
"ကဲပါ ထားလိုက်တော့ အမူးပြေဟင်းရည် သွားလုပ်ပေးမယ် အိပ်ရာမဝင်ခင် သောက်လိုက်ဦး"
ထိုသို့ပြောပြီးသည်နှင့် ချမ်ရှီမီးဖိုချောင်ထဲသို့ ဝင်သွားလေ၏။ရှန်းမင် စိုးရိမ်တကြီးရှင်းပြလာသည်။
"ညီမထောင်ဟွား အစ်ကိုရှင်းပြပါရစေ၊ကျန်းကျူးအာနဲ့အစ်ကို့ကြားမှာ ဘာမှမရှိပါဘူး၊သူက တစ်ခုခုလာပြောသွားပေမယ့် အစ်ကိုဂရုမစိုက်ခဲ့ပါဘူး"
"သူကဘာပြောသွားတာလဲ"
ရှန်းမင် ကြောင်အသွားသည်။ကျိုးထောင်ဟွားမှ ဤကဲ့သို့မေးလာလိမ့်မည်ဟု လုံးဝသူထင်မထားခဲ့မိပေ။
သူတွန့်ဆုတ်နေသော်လည်း ဖုံးကွယ်မထားချင်ပေ။
"သူကအစ်ကို့ကို သဘောကျတယ်လို့ လာဝန်ခံပေမယ့် အစ်ကို သူ့ကိုငြင်းလိုက်တယ်"
ကျိုးထောင်ဟွား ရှေ့တိုးကာထပ်မေးလိုက်၏။
"ဒါဆို အစ်ကိုရှန်းမင်မှာ သဘောကျနေတဲ့သူရှိလား၊ညီမအမြင်တော့ အစ်ကိုကလုံးဝပြည့်စုံတယ်လို့ထင်တယ်"
ရှန်းမင်နှုတ်ခမ်းများမှာ အလိုလိုကော့တက်သွားလေသည်။သူမက သူ့ကိုချီးကျူးနေတာလား။
သူ့ကိုစိုက်ကြည့်နေသော ကျိုးထောင်ဟွားမျက်ဝန်းများထံကြည့်ရင်း သူ့မျက်ဝန်းများတုန်ယင်သွားရကာ သူမအား မေးခွန်းတစ်ခုမေးချင်လာမိသည်။ထင်မထားသည်မှာ သူပါးစပ်ဟလိုက်သည်နှင့် အလိုလိုပြောထွက်သွားလေ၏။
"ညီမထောင်ဟွား ဒါကညီမအတွက်"
ရှန်းမင် ပစ္စည်းတစ်ခုကိုကမ်းပေးလိုက်သည်။ကျိုးထောင်ဟွား သေချာကြည့်လိုက်ရာ ဂုံးကောင်ကြီးတစ်ကောင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ဂုံးကောင်မှာ အလွန်ကြီးမားပြီး အခွံသည်လည်းထူးထူးခြားခြားအညိုရောင်သမ်းနေကာ နှစ်ပေါင်းများစွာမြစ်ရေဖြင့် တိုက်စားခံထားရသကဲ့သို့ မျက်နှာပြင်မှာအနည်းငယ် တောက်ပနေလေသည်။
သူ့အခွံအား ခပ်ဟဟဖွင့်ထားကာ အန္တရာယ်ရှိသောအငွေ့အသက်များအား ထုတ်လွှတ်နေလေ၏။ကျိုးထောင်ဟွားမှလှမ်းယူလိုက်သည့် ခဏချင်းမှာပင် တုန်ယင်နေသောဂုံးကောင်မှ ငြိမ်သက်သွားသည်ကိုခံစားလိုက်ရသည်။တစ်ကယ်တမ်းတွင်လည်း ဤလောကကြီးထဲတွင် ရှန်းမင်ထက်အန္တရာယ်အငွေ့အသက် ပိုပြင်းထန်သူရှိနိုင်မည်ဟု တွေးကြည့်ရန်မှာ ခက်ခဲလှပေ၏။
ထိုသိပ်သည်းပြီးပြင်းထန်သောအငွေ့အသက်သည် လွှမ်းမိုးထားနိုင်လွန်းသည်။ရှန်းမင်မှပြောပြလာ၏။
"အစ်ကိုအမဲလိုက်ရင်း တောင်ကြားကရေစီးကြောင်းထဲမှာ တွေ့ခဲ့တာ၊သူကရေထဲမှာ ငြိမ်ငြိမ်လေးနေပြီး အခွံကိုဖွင့်ထားတာလေ၊အထဲမှာ လုံးလုံးဝိုင်းဝိုင်းနဲ့အရွယ်ကြီးကြီးပုလဲတစ်လုံးကို တွေ့လိုက်တာနဲ့ ညီမကိုပေးမလို့ဆယ်ပြီးပြန်ယူလာခဲ့တာ"
ထိုသို့ပြောပြီးသည်နှင့် ရှန်းမင်မှာအနည်းငယ်နေရခက်သွားပြီး သူ့နှုတ်ခမ်းပါးများကိုစေ့ကာ နားရွက်များပင်နီမြန်းလာတော့သည်။ကျိုးထောင်ဟွားသည် လက်ထဲမှဂုံးကောင်ကို စိုက်ကြည့်ရင်း ရယ်ချင်စိတ်မထိန်းနိုင်တော့ပေ။သူမ ရှန်းမင်ထံရယ်မောကာဖြင့်ကြည့်ပြီးမေးလိုက်သည်။
"အစ်ကိုရှန်းမင် အစ်ကိုညီမကိုဘာပေးလိုက်မှန်းသိရဲ့လား"
ရှန်းမင် အံ့သြသွားပြီးပြန်ဖြေလာ၏။
"ဂုံးကောင် မဟုတ်ဘူးလား၊သူ့ထဲကပုလဲဆို ချိုးဥအရွယ်လောက်ရှိတယ်"
သူ့စကားကြောင့် ကျိုးထောင်ဟွား အတောမသတ်နိုင်အောင်ရယ်မောလိုက်မိသည်။
"အစ်ကိုရှန်းမင် ဒါကဂုံးကောင်ဆိုတာတော့ဟုတ်ပါတယ်၊ဒါပေမယ့် ဒါကဂုံးနတ်ဆိုးလေ"
ကျိုးထောင်ဟွားစကားဆုံးသည်နှင့် သူမလက်ထဲတွင်ငြိမ်သက်နေသော ဂုံးကောင်သည် ချက်ချင်းတုန်ယင်လာပြန်၏။
ရှန်းမင်၏အန္တရာယ်ရှိသောအငွေ့အသက်အောက်မှ လွတ်မြောက်လာပြီးနောက် ဘေးကင်းပြီဟု သူထင်ခဲ့သော်လည်း ဤကောင်မလေးမှာမူ တစ်ချက်ကြည့်ရုံနှင့် သူ၏ဂုံးနတ်ဆိုးဇာတိရုပ်ကိုမြင်သွားခဲ့ပြီပင်။
ဤရွာသူမလေးမှာ အံ့သြစရာကောင်းသည့် မိန်းကလေးပါပင်။ဂုံးနတ်ဆိုးဖြစ်ကြောင်းကြားလိုက်သည်နှင့် ရှန်းမင်သည် ချက်ချင်းလွှင့်ပစ်ချင်သွားသော်လည်း ကျိုးထောင်ဟွားမှတားလိုက်သည်။
"ဂုံးနတ်ဆိုးဆိုပေမယ့် သူ့ထဲရှိနေတာပုလဲအစစ်ပါ"
ကျိုးထောင်ဟွားသည် နှစ်ဆယ့်တစ်ရာစုတွင် ဂုံးနတ်ဆိုးတစ်ကောင်နှင့်ကြုံတွေ့ဖူးသော်လည်း ထိုအကောင်မှာယခုအကောင်၏ ထက်ဝက်မျှပင်မရှိပေ။ထို့ကြောင့် ဤဂုံးနတ်ဆိုးမှမည်မျှကြီးမားသောပုလဲအား ထုတ်ပေးနိုင်မည်ကို သူမပို၍သိချင်နေမိသည်။
ပြီးတော့ ပုလဲရဲ့အရည်အသွေးကရော
ကျိုးထောင်ဟွား ဂုံးကိုဖွင့်ရန် လူသန်ကြီးအားခေါ်လိုက်သည်။လူသန်ကြီးလည်း ထိုသည်မှာဂုံးနတ်ဆိုးမှန်း ချက်ချင်းသိလိုက်၏။ဂုံးနတ်ဆိုးသည် ကျိုးထောင်ဟွားမှာ ပုလဲလိုချင်နေလိမ့်မည်ဟုလုံးဝ ထင်မထားခဲ့မိပေ။သူ့အသက်ပါပျောက်လုနီးပါး ဖြစ်သွားရလေပြီ။
အကန့်အသတ်မဲ့ခွန်အားရှိသော လူသန်ကြီးသည် ဂုံးကိုအလွယ်တကူဖွင့်လိုက်လေသည်။ဂုံးနတ်ဆိုးတွင်းမှ ပုလဲကိုလူတိုင်းမြင်လိုက်ရသောအခါ ၎င်းသည်နွေးထွေးသောအရောင်အဆင်းရှိပြီး မှိန်ဖျဖျအလင်းရောင်တို့ထွက်ပေါ်နေကာ လုံးဝန်းသောစက်ဝိုင်းပုံစံရှိသည်ကိုတွေ့လိုက်ရ၏။
ချောမွေ့သောအသွင်အပြင်ရှိသော်ငြား ထိတွေ့လိုက်သည့်အခါ မာကျောနေပြီး ဂုံးကောင်အတွင်း၌ ဆယ်စုနှစ်များစွာကြာအောင် ပြုပြင်မွမ်းမံခံထားရသဖြင့် ကြံ့ခိုင်သောအမြုတေတစ်ခုလိုဖြစ်နေသည်။ထို့ပြင် ၎င်းမျက်နှာပြင်သည် ပိုးသားကဲ့သို့နူးညံ့နေပြီး ချောမွေ့သောခံစားချက်အား လွန်ဆန်နိုင်ရန် ခက်ခဲလှပေ၏။
ကျိုးထောင်ဟွားမြင်မြင်ချင်း နှစ်သက်သွားလေသည်။ငွေဆံထိုးတစ်ချောင်း ဝယ်ပြီး ပန်းထိမ်ဆရာထံအပ်ကာ ဤပုလဲကိုတပ်ဆင်ခိုင်းမည်ဟု သူမစိတ်ကူးလိုက်၏။သူမခေါင်းပေါ်သာ ပန်ဆင်လိုက်ပါက လှပနေမည်မှာသေချာလေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုရှန်းမင်"
ကျိုးထောင်ဟွား ရှန်းမင်ထံကြည့်ကာ ထိုသူသည် သူမအပေါ်အလွန်ကောင်းကာ ရက်ရောလှသည်ဟုခံစားလိုက်ရ၏။
သူမ ရှန်းမင်ကိုကြည့်ရင်း ဘာပြန်ပေးရမည်ကိုစဉ်းစားလိုက်သည်။ကျိုးထောင်ဟွားမှ ပုလဲကိုတစ်ကယ်သဘောကျနေသည်အား မြင်လိုက်ရသောအခါ ရှန်းမင် ကျေနပ်စွာဖြင့်ပြန်သွားတော့၏။
ကျိုးထောင်ဟွားသည် ပုလဲကြီးကိုကိုင်လျက် နောက်တစ်နေ့မနက်စောစောမြို့သို့သွားကာ ပန်းထိမ်ဆရာထံအပ်၍ ဖန်တီးခိုင်းမည်ဟုဆုံးဖြတ်လိုက်သည်။ပန်းထိမ်ဆရာမှ ပျောက်အောင်လုပ်ပစ်မည်စိုး၍ ဤပုလဲကြီးကို မျက်ခြည်မပြတ်စောင့်ကြည့်ရပေဦးမည်။
နောက်တစ်နေ့တွင် ကျိုးထောင်ဟွားမှာ ငွေဆံထိုးပြုလုပ်ရန်အတွက် နွားလှည်းမောင်းကာ မြို့ထဲသွားရန်စိတ်လှုပ်ရှားစွာဖြင့်ပြင်ဆင်နေစဉ် ရုတ်တရက်တစ်စုံတစ်ရာလွဲမှားနေသည်ကိုသိလိုက်ရသည်။ဂုံးကောင်ဆိုသည်မှာ ကန်အောက်ခြေရှိရွှံ့နွံများထဲတွင်သာ နေထိုင်သင့်သော်လည်း တောင်ကြားရေစီးကြောင်းများသည် တောင်ထိပ်မှစီးဆင်းလာခြင်းဖြစ်၍ အောက်ခြေတွင်ရွှံ့နွံများမရှိပေ။
တောင်ကြားရေစီးကြောင်းများတွင် ဂုံးကောင်များရှင်သန်နိုင်မည့် အခြေအနေမရှိဟု ဆိုလိုခြင်းပင်။ဤသို့ဆိုလျှင် အဘယ်ကြောင့် တောင်ပေါ်တွင်ဂုံးကောင်များပေါ်လာရပါသနည်း။
ကျိုးထောင်ဟွား လုံးဝဇဝေဇဝါဖြစ်သွားရသည်။
သေချာပေါက် တစ်ခုခုမှာလွဲနေပြီဖြစ်၍ ကျိုးထောင်ဟွား ချက်ချင်းတွက်ချက်ကြည့်လိုက်ရာ ကျိုးကျားရွာတွင်ထူးဆန်းဖြစ်စဥ်တစ်ခုရှိနေကြောင်း အမှန်တစ်ကယ်အာရုံခံမိလိုက်၏။ဖြစ်စဉ်အသေးစိတ်အချက်အလက်များကို မစူးစမ်းကြည့်နိုင်သေးခင်မှာပင် သူမဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားလေပြီ။
"ထောင်ဟွား အိမ်မှာရှိလား သမီးကို အဘွားပြောစရာရှိလို့"
ကျိုးထောင်ဟွား ခြံဝင်းတံခါးဝတွင်ကြောင်ငေးကာရပ်နေစဉ် အောင်သွယ်တော်ယိုအသံကြောင့် လက်ရှိဘဝထဲသို့ ပြန်ရောက်လာလေသည်။ကျိုးထောင်ဟွား၏မင်္ဂလာကိစ္စသည် သူမကိုယ်တိုင် ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်းနှင့် ချမ်ရှီနှင့်ကျိုးအာ့ရှုတို့သည်လည်း သူမစိတ်ကြိုက်ခင်ပွန်း ရွေးချယ်မည့်အပေါ်ထောက်ခံကြောင်း အောင်သွယ်တော်ယိုသိထားပြီးဖြစ်၏။
"အဘွားယို ဝင်လာခဲ့ပါ"
အောင်သွယ်တော်ယိုသည် သူမနှင့်သင့်တော်သည်ဟုယူဆရသော လူငယ်အချို့ကိုတွေ့ရှိထားပြီး အကြောင်းလာကြားခြင်းဖြစ်မည်ဟု ကျိုးထောင်ဟွား ခန့်မှန်းလိုက်သည်။သူမစိတ်ထဲတွင် တစ်စုံတစ်ယောက်ရှိပြီးသားဖြစ်သော်လည်း ကျွမ်းကျင်သောမုဆိုးတစ်ယောက်သည် သားကောင်အဖြစ် ဟန်ဆောင်သင့်သည်မဟုတ်ပါလား။ကျိုးထောင်ဟွားသည် မှိုနတ်ဆိုးကိုအောင်သွယ်တော်ယိုအား ရေနွေးကြမ်းဖြင့် ဧည့်ခံခိုင်းလိုက်ပြီးနောက် ခုံတွင်ဝင်ထိုင်ကာ အောင်သွယ်တော်ယို့စကားများကို တိတ်တဆိတ်နားထောင်နေလိုက်သည်။
"ထောင်ဟွားရေ အဘွားယိုက သမီးအတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့လူငယ်လေးယောက်ရွေးထားတယ်၊သုံးယောက်က မြို့ပေါ်မှာနေတဲ့ကုန်သည်တွေရဲ့သားတွေလေ၊သို့မိသားစုရဲ့လူငယ်လေးက လက်ရှိမိသားစုစီးပွားရေးကိုဦးစီးနေပြီး ဖိနပ်ဆိုင်ကို ကောင်းကောင်းကြီးစီမံခန့်ခွဲနိုင်တယ်၊ကျန်းမိသားစုရဲ့လူငယ်လေးကကျ ခေါက်ဆွဲဆိုင်ဖွင့်ထားတယ်၊သူကမီးဖိုချောင်ကို တာဝန်ယူထားသလို ဆိုင်တာဝန်ခံလဲလုပ်တယ်လေ၊ယွင်မိသားစုရဲ့လူငယ်လေးကကျ ကုန်စုံဆိုင်ပိုင်ရှင် ပြီးတော့ သူကမြို့တော်မှာအရာရှိအလုပ်တောင်ရထားပြီး အရမ်းကြိုးစားတဲ့ကလေးပဲ၊စူးမိသားစုရဲ့လူငယ်လေးကတော့ တောရွာကဆိုပေမယ့် စာတော်တဲ့ကျောင်းသားတစ်ယောက်ပါ၊သူကခရိုင်နဲ့စီရင်စုစာမေးပွဲတွေ အောင်ပြီးပြီ၊ပြည်နယ်အဆင့် စာမေးပွဲအောင်ဖို့ပဲလိုတော့တာ၊အဲ့စာမေးပွဲသာအောင်ရင် ပညာရှိတစ်ယောက်ဖြစ်လာမှာပဲ၊ပညာရှိတွေက အစိုးရရဲ့ခံစားခွင့်တွေရနိုင်သလို သူတို့မိသားစုလယ်မြေတွေဆိုလဲ အခွန်ကင်းလွတ်ခွင့်ရတယ်လေ၊အဲ့အချိန်ကျရင်သမီးတို့မိသားစုရဲ့လယ်မြေတွေလဲ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့၊ပြီးတော့ ပညာရှိကတော်ဖြစ်ရတာကလဲ ဂုဏ်ရှိတာပေါ့ ဘယ်လောက်လေးစားဖို့ကောင်းလိုက်လဲ၊ထောင်ဟွားရေ အဘွားယိုသမီးအတွက် ရွေးပေးထားတဲ့သူတွေက မကောင်းဘူးလား"
အောင်သွယ်တော်ယို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။ကျိုးထောင်ဟွားနှုတ်ခမ်းထောင့်မှာ အသာကော့တက်သွားလေသည်။ခုနလေးတင် မှိုနတ်ဆိုးမှာရှန်းမင်တစ်ယောက် သူမခြံဝင်းအပြင်ဘက်တွင် ခိုးနားထောင်နေကြောင်းလာပြောပြထားသည်လေ။
အောင်သွယ်တော်ယိုရဲ့ စကားတွေကို သူသေချာပေါက် ကြားလောက်တယ်မလား။