← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

104

ကျိုးထောင်ဟွားဇဝေဇဝါဖြစ်သွားရသော်လည်း သူမရင်ထဲတွင်ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေလေသည်။

​"ညီမထောင်ဟွား ကိုယ်မင်းကိုချစ်တယ်၊​မင်း အခြားတစ်ယောက်နဲ့လက်ထပ်လိုက်မှာကို ကိုယ်စိတ်ကူးကြည့်လို့တောင်မရဘူး၊ကိုယ့်ဘဝတစ်လျှောက်လုံး နောင်တရနေမိမှာကြောက်လို့ ကိုယ့်ကိုအခွင့်အရေး တစ်ကြိမ်လောက်ပေးပါနော်၊ကိုယ့်အကြောင်းကိုပါ လေ့လာကြည့်ပေးပါ၊​ကိုယ် သေချာပေါက် မင်းစိတ်တိုင်းကျ ဖြစ်စေရပါမယ်"

​ဤအချိန်၌ ရှန်းမင်သည် သူမနားလည်စေရန် သူ့နှလုံးသားကိုပါဆွဲထုတ်ပြချင်စိတ်ပင် ပေါက်နေမိသည်။​ခြံဝင်းထဲရပ်နေသော မှိုနတ်ဆိုးသည် ရုတ်တရက် အခြေအနေကို သဘောပေါက်သွားလေ၏။

​ဒါဆို စောစောက သူခြံစည်းရိုးအပြင်ဘက်မှာရပ်ပြီး သခင်မလေးနဲ့အောင်သွယ်တော်ယိုစကားပြောနေတာကို ခိုးနားထောင်နေတာပေါ့လေ။

​ရှန်းမင် သူမလက်ကိုအကြာကြီးဆုပ်ကိုင်ထားသဖြင့် ဝိညာဉ်စွမ်းအင်အများအပြားမှာ သူမခန္ဓာကိုယ်ထဲသို့စီးဝင်လာလေသည်။​ကျိုးထောင်ဟွားသည် ရှန်းမင်မှာ သူမအတွက်ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်ကို အချိန်အတော်ကြာကတည်းမှ ခံစားမိပြီးဖြစ်၏။အကယ်၍ သူတို့သာဇနီးမောင်နှံဖြစ်လာခဲ့လျှင် သူမအနေဖြင့် ဝိညာဉ်စွမ်းအင်ရယူရန် သူ့လက်ကိုအချိန်မရွေး နေရာမရွေး တရားဝင်ကိုင်ခွင့်ရလိမ့်မည်မဟုတ်ပါလား။​သူမပြန်မေးလိုက်၏။

"လေ့လာကြည့်ရုံပဲလား လေ့လာပြီးသွားရင်ရော ဘာလုပ်ရမှာလဲ"

​ရှန်းမင် အစပိုင်းတွင်ကြောင်အသွားရ၏။

​ဘယ်သူက လေ့လာကြည့်ရုံသက်သက် လုပ်ချင်မှာလဲ။​လေ့လာပြီးသွားရင် သေချာပေါက် လက်ထပ်ရမှာပေါ့။​ရုတ်တရက် ရှန်းမင်တစ်စုံတစ်ရာကို သတိရသွားပြီးမေးလာ၏။

"ညီမထောင်ဟွား ကိုယ်နဲ့လက်ထပ်ပေးနိုင်မလား"

​"ကောင်းပြီလေ လက်ထပ်ကြတာပေါ့"

​ထိုစကားသုံးလုံးကြောင့် ရှန်းမင်မျက်လုံးများ တောက်ပသွား‌တော့၏။​စိတ်လှုပ်ရှားမှုကြောင့်တွန့်ချိုးနေသော သူ့မျက်မှောင်များလည်း ချက်ချင်းပြေလျော့သွားပြီး နှုတ်ခမ်းမှတဆင့် မျက်လုံးများထိ အပြုံးများပျံ့နှံ့သွားကာ မျက်ဝန်းများထဲတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

​ကျိုးထောင်ဟွားကို သူ့ရင်ခွင်ထဲသို့ဖွဖွလေးဆွဲသွင်းလိုက်၏။ဤအရာမှာ အိပ်မက်ဖြစ်နေမည်ကိုစိုးရိမ်နေသည့်အလား သူ့လက်မောင်းများပင်တုန်ယင်နေရှာသည်။

​"ညီမထောင်ဟွား ကိုယ့်ကိုယုံပေးပါ၊ကိုယ် မင်းကို ဒီနေ့ကစပြီး စိတ်ဆန္ဒအပြည့်နဲ့ချစ်ပေးပြီး ဂရုစိုက်ပါ့မယ်၊မင်းကိုဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ပါဘူး"

​ရှန်းမင်ခေါင်းငုံ့ကာ ကျိုးထောင်ဟွားနဖူးကို နမ်းလိုက်လေသည်။​ညီမထောင်ဟွားက သူ့ကိုလက်ထပ်ဖို့သဘောတူလိုက်ပြီ။​ထိုအနမ်းကြောင့် ကျိုးထောင်ဟွားခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များမှာ လှိုင်းငယ်လေးတစ်ခုအလား ထပ်မံ တိုးပွားလာလေသည်။

​........

​အောင်သွယ်တော်ယို ကျိုးကျားရွာမှထွက်သွားတော့မည့်ဆဲဆဲမှာပင် တစ်ယောက်ယောက်မှ လှမ်းခေါ်လိုက်သံကို ရုတ်တရက်ကြားလိုက်ရသည်။သူမ​လှည့်ကြည့်လိုက်သောအခါ ရှန်းမင်သည် သူမရှိရာသို့ပြေးလာနေသည်အား တွေ့လိုက်ရ၏။

"အဘွားယို ခဏလေးစောင့်ပါဦး"

​"ရှန်းမင် အဘွားယိုကိုဇနီးရှာခိုင်းမလို့လား"

​အောင်သွယ်တော်ယိုပြုံးလျက်ဖြင့် မေးလိုက်သည်။အရင်အခေါက်တုန်းက သူ့အိမ်သွားပြီး ဇနီးရှာပေးရန်ပြောခဲ့ဖူးသော်လည်း သူမှပြတ်ပြတ်သားသားငြင်းခဲ့သည်ကို သူမမှတ်မိနေသေးသည်။​သို့သော် ထိုအချိန်မှသဲလွန်စအချို့ကိုလည်း သူမသတိထားမိခဲ့သည်။​တစ်ကယ်တော့ ရှန်းမင်မှာ သဘောကျနေတဲ့သူရှိပြီးသားပဲလေ။

ထို့ကြောင့်သာ ယနေ့သူလာတွေ့ခြင်းဖြစ်နိုင်သည်။​ရှန်းမင်မျက်နှာပူပူဖြင့် ခေါင်းငြိမ့်ပြလာ၏။သူ ဘာတွေးနေသည်ကို အောင်သွယ်တော်ယိုမှ ချက်ချင်းရိပ်မိသွားခဲ့ပြီပင်။

​"အဘွားယို ကျွန်တော့်အိမ်လိုက်ပြီး လက်ဖက်ရည်သောက်ပါဦး၊ပြီးမှ အေးအေးဆေးဆေး ပြောပြပါ့မယ်"

​ရှန်းမင်သည် အောင်သွယ်တော်ယိုကိုဧည့်ခံရန် သကြားရည်တစ်ခွက်ဖျော်ပေးလိုက်ရာ အောင်သွယ်တော်ယိုခမျာ အတော်လေး ကျေနပ်သွားလေ၏။

​"ကဲ ပြောပါဦး ရှန်းမင်ရယ် မင်းကဘယ်ကောင်မလေးကိုများ သဘောကျနေတာလဲ၊နာမည်ကရော ဘာတဲ့လဲ"

​အောင်သွယ်တော်ယိုသည် ပန်းကန်လုံးကို ချရင်းမေးလိုက်သည်။

​"သူကညီမထောင်ဟွားပါ၊ကျိုးမိသားစုဆီသွားပြီးကမ်းလှမ်းပေးဖို့ အဘွားယိုကို အကူအညီတောင်းရတော့မှာပဲ၊ကျွန်တော် ညီမထောင်ဟွားကို လက်ထပ်ချင်ပါတယ်"

ထိုသို့​ပြောပြီးသည်နှင့် ရှန်းမင်သည် ပြားငါးဆယ်ပါသောစာအိတ်နီကို အောင်သွယ်တော်ယိုထံ ကမ်းပေးလိုက်သည်။

​"ထောင်ဟွား ဟုတ်လား၊မင်းတို့ရွာက ကျိုးထောင်ဟွားကို ပြောတာလား"

​ယနေ့ သူမကျိုးထောင်ဟွားအတွက် ခင်ပွန်းရှာပေးဖို့လာခဲ့ရာ ထင်မထားစွာပင် ကျိုးကျားရွာထဲ၌တင် ကျိုးထောင်ဟွားအား စိတ်ဝင်စားနေသည့်လူငယ်နှစ်ဦးရှိနေခဲ့သည်။​ဒါဆို ရှန်းမင်ကကျိုးထောင်ဟွားကို ကြိုက်နေတာပေါ့။​ဒါပေမယ့် ဒီနှစ်ဆို ရှန်းမင်ကဆယ့်ကိုးနှစ်ရှိနေပြီလေ။ကျိုးထောင်ဟွားထက် လေးနှစ်တောင်ကြီးနေတာမလား။

သူ့ထံတွင်မိဘများမရှိတော့သလို တစ်ယောက်တည်းနေထိုင်သူသာ ဖြစ်သည်။​ထို့ပြင် သူ့ဆံပင်များမှာလည်း တစ်ခေါင်းလုံးဖြူနေသဖြင့် ကြည့်ရသည်မှာအနည်းငယ်ထူးဆန်းနေလေ၏။​အောင်သွယ်တော်ယိုသည် သူပေးသောစာအိတ်နီကိုယူကာ

"မင်းက ငါ့ကိုကျိုးမိသားစုဆီသွားကမ်းလှမ်းပေးစေချင်တာလား၊ပြဿနာမရှိပါဘူး၊ဒါပေမယ့် ထောင်ဟွားက ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်မာတဲ့ ကောင်မလေးကွဲ့၊သူ့မင်္ဂလာကိစ္စအများစုကို သူကိုယ်တိုင်ပဲဆုံးဖြတ်တာ၊တစ်ကယ်လို့ သူသာ မင်းကိုမကြိုက်ရင် ဒီကိစ္စဖြစ်လာမှာ မဟုတ်ဘူးနော်၊ဒါ့အပြင် ထောင်ဟွားကို ကြိုက်နေတဲ့သူကလဲ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊နောက်ဆုံးမှာ အဆင်မပြေဖြစ်သွားနိုင်တယ်ဆိုတော့ မင်းပြင်ဆင်ထားသင့်တယ်၊ဒီလိုလုပ်ပါလား မင်းရဲ့မွေးနေ့နဲ့အချိန်ကို ထောင်ဟွားဆီ ငါအရင်သွားပေးထားလိုက်မယ်လေ၊သူ့ကိုကြည့်ခိုင်းလိုက်ပေါ့၊သူကမင်းကိုသဘောကျတယ်ဆိုတာသေချာမှ ကျိုးမိသားစုဆီ မင်းသွားကမ်းလှမ်းလိုက်ပေါ့၊အဲ့လိုမဟုတ်ဘဲ မင်းရဲ့တင်တောင်းငွေတွေကိုသာ ကျိုးမိသားစုကငြင်းလိုက်ရင် မင်းဂုဏ်သိက္ခာထိခိုက်ရုံတင်မကဘူး နောက်ပိုင်းမင်္ဂလာကိစ္စတွေကိုပါ ထိခိုက်သွားနိုင်တယ်"

​အောင်သွယ်တော်ယိုသည် ငွေများများရထားသဖြင့် သူ့ကိုစေတနာထားပြီး အကြံပေးလိုက်ခြင်းဖြစ်သည်။အားနည်းချက်အချို့မှလွဲ၍ ရှန်းမင်သည် အခြားမိန်းကလေးများနှင့်ဆိုလျှင် အလွန် သင့်တော်သူဖြစ်၏။

​သို့သော် ထိုသူမှာကျိုးထောင်ဟွားဖြစ်နေပါက သူ့ဘက်၌ လိုအပ်ချက်အနည်းငယ်ရှိနေသေးသည်။​ရှန်းမင်မှာမူ ဂရုစိုက်ပုံမရဘဲ ရိုးရိုးရှင်းရှင်းပင်ပြောလိုက်၏။

"အဘွားယို အဘွားကကျိုးမိသားစုဆီ သွားပြီး ကျွန်တော့်ကိုယ်စားတင်တောင်းပေးရုံပါပဲ"

​သေချာကြည့်မည်ဆိုပါက သူ့မျက်ဝန်းထဲရှိအပြုံးဖျော့‌ဖျော့ကိုတွေ့ရပေမည်။​ထောင်ဟွားမှ သေချာပေါက်လက်ခံမည်ကို သူသိသည်။​သို့သော် အောင်သွယ်တော်ယိုထံ ယခုပြောပြရန်မသင့်တော်သေးပေ။ထောင်ဟွားအတွက် မိန်းကလေးပီပီအရှက်အကြောက်ရှိတတ်မှုအနည်းငယ်တော့ ချန်ထားပေးရဦးမည်။

​ရှန်းမင်မှ ကျိုးမိသားစုထံတန်း၍တင်တောင်းလိုကြောင်း ပြတ်ပြတ်သားသားပြောနေသဖြင့် အောင်သွယ်တော်ယိုလည်းသဘောတူလိုက်ရတော့သည်။​ရှန်းမင်မှ လက်ဦးမှုရယူချင်သည်မျိုးဖြစ်နိုင်၏။​ထို့ပြင် သူပြောသည့်တင်တောင်းငွေပမာဏမှာလည်း အလွန်များပြားလှသည်။အရက်နှင့်အစားအစာ၊အဝတ်အစားနှင့် လက်ဝတ်ရတနာများသာမက ချိုမြိန်ခြင်းနှင့်ပျော်ရွှင်ခြင်းကို ကိုယ်စားပြုသော လမုန့်များ၊ပြန်လည်ဆုံစည်းခြင်းနှင့်ပြည့်စုံခြင်းကို ကိုယ်စားပြုသော ကောက်ညှင်းလုံးများလည်း ပါဝင်၏။

​ထို့ပြင် ခန်းဝင်ပစ္စည်းအဖြစ်ငွေတေးနှစ်ဆယ်နှင့်မင်္ဂလာပွဲပြင်ဆင်ရန်အတွက် ကျိုးမိသားစုအား ငွေဆယ်တေးပေးမည်ဟုဆိုသည်။​စုစုပေါင်းတေးသုံးဆယ် တောင်မှလေ။

​အောင်သွယ်တော်ယိုသည် ဆယ်စုနှစ်များစွာအောင်သွယ်လုပ်လာခဲ့သော်လည်း ဤမျှရက်ရောသော တင်တောင်းငွေမျိုး တစ်ခါမှမကြုံဖူးပေ။

​"ကောင်းပြီလေ အဘွားယိုကျိုးမိသားစုဆီ သွားပြီးတင်တောင်းပေးပါ့မယ်၊ပိုက်ဆံယူပြီး တင်တောင်းဖို့ပစ္စည်းတွေဝယ်ရအောင် အဘွားနဲ့လိုက်ခဲ့"

​ရှန်းမိသားစုတွင် ရှန်းမင်တစ်ယောက်တည်းသာရှိသဖြင့် အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန်အတွက် အောင်သွယ်တော်ယိုကိုယ်တိုင် ဈေးဝယ်ထွက်ပေးရပေမည်။

​.........

​ကျိုးမိသားစု

​ရှန်းမင်ပြန်သွားသည်နှင့် ကျိုးထောင်ဟွားမှာအပြင်သို့ ချက်ချင်းထွက်မလာသေးပေ။​သူမခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအင်များရှိနေခိုက် အရင်တစ်ခေါက်မှ မပြီးပြတ်ခဲ့သောရှေ့ဖြစ်တွက်ချက်ခြင်းကို အမြန်အဆုံးသတ်ချင်နေမိသည်။

​"သခင်မလေး အပြင်မှာမိုးရွာနေတယ်လေ၊မိုးမမိအောင် အိမ်ထဲဝင်ခဲ့ပါ"

​ထိုအချိန်တွင် မိခင်မှိုနတ်ဆိုး၏သတိပေးသံ သူမနားထဲသို့ရောက်လာသည်။​ကျိုးထောင်ဟွား ခေါင်းမော့ကြည့်လိုက်၏။မိုးရွာနေတာပဲ။

ဤရက်ပိုင်းမိုးရွာသည်မှာ ကလေးတစ်ယောက်လိုပင်။တခါတလေ ငိုလိုက် တခါတရံ ရယ်လိုက်ဖြစ်နေသည့်အလား မိုးသည်လည်း တခါတလေရွာလိုက် တခါတရံ နေသာလိုက်ဖြစ်နေသည်။​ကျိုးထောင်ဟွား အိမ်မကြီးထဲသို့ပြန်ဝင်ပြီး ထိုင်လိုက်သည်နှင့် လက်ချောင်းများဖြင့် ရှေ့ဖြစ်တွက်ချက်လိုက်ပြီး မျက်မှောင်အသာကြုံ့လိုက်မိ၏။

​ထို့နောက် ချက်ချင်းဆိုသလို သူမမျက်နှာသည်ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး မူလ၌ ပန်းရောင်သမ်းနေသော နှုတ်ခမ်းများသည်လည်း အရောင်ကင်းမဲ့သွားလေသည်။

​"သခင်မလေး ဘာဖြစ်လို့လဲ"

​မိခင်မှိုနတ်ဆိုးမှ စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။​ကျိုးထောင်ဟွားမျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့်မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ဖြစ်နေ၏။​သူမအသံမှာ တုန်ယင်နေလေသည်။

"ဒါကြောင့်ကိုး"

​ဒီရက်ပိုင်း မိုးတွေဒီလောက်များနေတာ၊နွေဦးမိုးကစဲမသွားဘဲ ပုံမှန်မဟုတ်အောင်ကိုသည်းနေတာ ဒါကြောင့်ကိုး။

​မိခင်မှိုနတ်ဆိုးမှမေးလာ၏။

"သခင်မလေး ဘယ်လိုဖြစ်လို့လဲ"

​ကျိုးထောင်ဟွားသည် အိမ်မကြီးအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။မိုးဖွဲလေးများထဲသို့ခြေချလိုက်သည်နှင့် မှိုနတ်ဆိုးက သူမခေါင်းပေါ်သို့ ထီးအမြန် မိုးပေးလိုက်၏။​ကျိုးထောင်ဟွား လေးလေးနက်နက်ပြောလိုက်သည်။

"ဒီနွေရာသီရဲ့မိုးသည်းသည်းမည်းမည်းရွာချတာတွေကြောင့် ရွာထဲမှာ မြေပြိုတာတွေ၊ရွှံ့ခဲပြိုကျတာတွေဖြစ်လာလိမ့်မယ်"

[Landslide နဲ့ Mudslide ပါ > Landslide က ဝုန်းဆိုပြီး တန်းပြိုကျတာ ကမ်းပါးတို့ဘာတို့ပြိုကျသလိုပေါ့။ Mudslide ကကျ တောင်ပေါ်ဘာညာအထက်ကနေ ရွှံ့နွံ့လိုဟာတွေအရှိန်နဲ့ကျလာသလိုမျိုး။ကိုယ်သေချာရှင်းအောင်မပြောတတ်လို့ google မှာရှာကြည့်လို့ရပါတယ်]

​သူမအကြည့်သည် ကျိုးကျားရွာအားဝန်းရံထားသည့် တောင်တန်းများဆီရောက်သွားလေသည်။​ကျိုးကျားရွာမှာ ယခုဆိုလျှင် အလွန်တရာစည်ပင်ဝပြောနေပြီး အိမ်တိုင်း၌ဆေးပင်စိုက်ခင်းများ၊အုတ်အိမ်များနှင့် လူတိုင်းချမ်းသာနေကြပြီဖြစ်၏။

သို့သော် အကယ်၍မြေပြိုခြင်းနှင့်ရွှံ့ခဲပြိုကျခြင်းမျိုးသာဖြစ်လာလျှင် ကျိုးကျားရွာကြီးတစ်ရွာလုံး ရေအောက်ရောက်သွားပေလိမ့်မည်။

​ကျိုးကျားရွာဆိုသည်မှာ ရှိတော့မည်မဟုတ်ပေ။

All Chapters