အခန်း (၁၀၆)
Vol. 11 Ch. 106
106
"ထောင်ဟွား အာ့နျိုကိုကယ်ပါဦးနော်၊အစ်မဆီမှာ ပိုက်ဆံရှိပါတယ် အခကြေးငွေပေးပါ့မယ်ကွယ်"
ကျိုးရှန့်ဖန်း ကုတင်ပေါ်ရှိကလေးငယ်လေး သူမကိုထားသွားမည်အားကြောက်ရွံ့သဖြင့် မျက်ရည်များကိုအနိုင်နိုင်ထိန်းချုပ်ကာ ပြောလိုက်သည်။
"အစ်မဖန်းဇီ စိတ်မပူပါနဲ့"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် ရွှေ့အာ့နျိုကုတင်ဘေးသို့လျှောက်သွားလိုက်သည်။သူမလက်ချောင်းများမှာ တဖြတ်ဖြတ်လှုပ်ရှားနေပြီး ဖျော့တော့တော့အဖြူရောင်အလင်းတန်းတစ်ခု လေထဲတွင်ဖြည်းဖြည်းချင်းမြင့်တက်လာကာ သူမလက်ချောင်းထိပ်များအနီးတွင် ဝဲပျံကခုန်နေလေ၏။
မန္တန်ရွတ်ဆိုလိုက်သည်နှင့်အမျှ အဖြူရောင်အလင်းတန်းသည် ပိုမိုတောက်ပလာသည်။၎င်းသည် ဖြည်းညှင်းစွာစုစည်းသွားပြီး နူးညံ့တောက်ပနေသောအလင်းရောင်အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေ့အာ့နျိုတစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်လေ၏။ရွှေ့အာ့နျိုအရေပြားသည် ရေခဲအလားအေးစက်နေပြီး သူမခန္ဓာကိုယ်လေးမှာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးကွေးလေးဖြစ်နေသည်။
အဖြူရောင်အလင်းတန်းမှ ရွှေ့အာ့နျိုခန္ဓာကိုယ်အားထိတွေ့လိုက်သည်နှင့် သူမသည်ပြင်းပြင်းထန်ထန်တုန်ယင်လာတော့၏။ဆိုးဝါးသောနာကျင်မှုကို ခံစားနေရသည့်အလား မျက်မှောင်များကြုံ့သွားလေသည်။ထိုအရာကိုမြင်လိုက်ရသောအခါ ကျိုးထောင်ဟွားမျက်လုံးများထဲတွင် သနားဂရုဏာသက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသော်လည်း သူမလှုပ်ရှားမှုများသည် လုံးဝနှေးကွေးသွားခြင်းမရှိပေ။
သူမသည် အရှိန်ကိုမြှင့်တင်လိုက်ပြီး မန္တန်များကို ပိုမိုမြန်ဆန်စွာရွတ်ဆိုလိုက်လေသည်။အလင်းရောင်အကာအကွယ်တွင်းမှ အလင်းများသည် မူမမှန်စွာတောက်ပလာပြီး ရွှေ့အာ့နျိုခန္ဓာကိုယ်ထဲမှ အနက်ရောင်မြူခိုးပါးပါးများ ထွက်ပေါ်လာလေ၏။မြူခိုးများထဲတွင် တွန့်လိမ်နေသောအရိပ်တစ်ခုသည် ဟိန်းဟောက်နေသကဲ့သို့ဖြစ်နေပြီး ကျောချမ်းဖွယ်ကောင်းသောအသံများကို ထုတ်လွှတ်နေသည်။
ကျိုးရှန့်ဖန်းနှင့်အခြားသူများသည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိပြီး ကြောက်ရွံ့စွာဖြင့်မေးလာကြ၏။
"ဒါကကုတင်မိစ္ဆာလား၊သူက အာ့နျိုကိုဒီလိုဖြစ်အောင် လုပ်လိုက်တာလား"
ကုတင်မိစ္ဆာသည် ရွှေ့အာ့နျိုခန္ဓာကိုယ်မှ အဆီအနှစ်များကို လုံးဝစုပ်ယူနိုင်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက်အတားအဆီးတစ်ခုပေါ်လာသဖြင့် မထွက်ခွာချင်ဘဲ ကျိုးထောင်ဟွား၏မှော်စွမ်းအားကို အသည်းအသန်ခုခံရန်ကြိုးစားနေလေသည်။
ကျိုးထောင်ဟွားသည် သူမလက်များကို မြင့်မြင့်မြှောက်လိုက်ပြီးနောက် အောက်သို့ရိုက်ချလိုက်၏။တစ်ခဏချင်းမှာပင် အကာအကွယ်အတားအဆီးအတွင်းမှ အဖြူရောင်အလင်းတန်းများသည် ဒီရေအလား ထိုအနက်ရောင်ပုံရိပ်ဆီသို့တိုးဝင်သွားပြီး ၎င်းကိုတင်းတင်းကြပ်ကြပ်ချုပ်နှောင်လိုက်တော့သည်။
၎င်းသည် စူးရှရှအသံဖြင့်အော်ဟစ်လိုက်သော်လည်း အဖြူရောင်အလင်းတန်းများ နီးကပ်လာသည်နှင့်အမျှ ၎င်း၏နောက်ဆုံး ရုန်းကန်မှုများသည် ဖြည်းဖြည်းချင်းအားနည်းသွားပြီး လုံးဝပျောက်ကွယ်သွားလေတော့၏။
"အဟွတ် အဟွတ် ဖေဖေ"
ရွှေ့အာ့နျိုသည် ချောင်းနှစ်ချက်ဆိုးလိုက်ပြီး ပြန်နိုးလာလေသည်။သူမသည် လူတိုင်းကိုလှည့်ကြည့်လိုက်သော်လည်း သူမတွေ့ချင်သောသူကိုမူမတွေ့ရတော့ပေ။
"အာ့နျို သမီး နိုးလာပြီပဲ"
ရွှေ့အာ့နျိုနိုးလာသည်ကိုမြင်လိုက်ရသောအခါ ကျိုးရှန့်ဖန်း၏ဖြူဖျော့ဖျော့မျက်နှာသည် သွေးရောင်ပြန်လွှမ်းလာပြီး တင်းတင်းကြုံ့ထားသောမျက်မှောင်တို့ပါ ဖြည်းဖြည်းချင်းပြေလျော့သွားလေသည်။ကျိုးရှန့်ကျူးနှင့် သူ့ဇနီး ထို့နောက် ကျိုးရှန်ဖျင်တို့သည် သက်ပြင်းချလိုက်ကြပြီး သူတို့မျက်နှာများတွင်လည်း ကျေနပ်အားရသောအပြုံးများ ပေါ်လာကြ၏။ရွှေ့အာ့နျိုသည် လေးနှစ်သာရှိသေးသည်ဖြစ်၍မသေသင့်သေးပေ။
"မေမေ သမီးခုနက ဖေဖေ့ကို အိပ်မက်မက်တယ်၊ဖေဖေက သမီးနဲ့အတူဆော့ပေးတယ်၊သမီးတို့ သုံးယောက်အတူတူရှိနေကြတာ"
ရွှေ့အာ့နျိုသည်အိပ်မက်ထဲတွင် သူမမြင်မက်ခဲ့သောပျော်ရွှင်ဖွယ်ရာများကို ကျိုးရှန့်ဖန်းထံပြောပြလိုက်လေသည်။ကျိုးရှန့်ဖန်း ဝမ်းနည်းသွားရ၏။အာ့နျိုမှာ အဖေဖြစ်သူအား လွမ်းဆွတ်နေရှာသော်လည်း သူမခင်ပွန်းသည်မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဘယ်တော့မှပြန်တွေ့ရတော့မည်မဟုတ်ပေ။
သူမယောက္ခမများသည်လည်း သူတို့အားပြန်လာခွင့်မပေးသဖြင့် သူမခင်ပွန်း၏ကဗ္ဗည်းတိုင်ကိုပင် သွားရောက်ကန်တော့ခွင့် မရှိခဲ့ချေ။သူတို့သားအမိမှာ ခင်ပွန်းသည်၏အုတ်ဂူထံ တိတ်တဆိတ်သွားရောက်ပြီး ဂါရဝပြုရုံသာတတ်နိုင်ကြသည်။အာ့နျိုသည် ငယ်လွန်းသေးသဖြင့် သူမအိပ်မက်ထဲမှအရာအားလုံးသည် သူမကိုသတ်လုနီးပါးဖြစ်စေခဲ့သော ကုတင်မိစ္ဆာ၏ဖန်တီးမှုများသာဖြစ်ကြောင်း နားလည်နိုင်မည်မဟုတ်ပေ။ကျိုးရှန့်ဖန်းသည် သူမသမီး၏အလိုအတိုင်း လိုက်လျောရန်သာတတ်နိုင်တော့သည်။
"အာ့နျို သမီးကဖေဖေ့ကိုလွမ်းနေတာမလား၊ဒါဆိုအမေတို့ဖေဖေ့ကိုဂါရဝပြုဖို့သွားကြမယ်လေ၊ဒါဆိုရင် ဖေဖေက သမီးအိပ်မက်ထဲ နောက်တစ်ခါထပ်လာချင်လာလောက်မှာ"
"ဟုတ်ကဲ့"
ရွှေ့အာ့နျိုသည် ပျော်ရွှင်စွာပင်သဘောတူလိုက်သည်။သူမသည် ဖေဖေ့ကိုတစ်ကယ်ပြန်တွေ့ချင်ပါ၏။ရွှေ့အာ့နျိုကို ချော့မော့ပြီးသည်နှင့် ကျိုးရှန့်ဖန်းသည် ကျိုးထောင်ဟွားကိုချက်ချင်းမေးလိုက်သည်။
"ထောင်ဟွား ဒီကုတင်ကရောဘယ်လိုလုပ်မလဲ၊အာ့နျိုနဲ့အစ်မ ဆက်အိပ်လို့ရသေးလား"
တစ်ခါသေဖူး ပျဥ်ဖိုးနားလည်ဆိုသလိုပင် အာ့နျိုလေးနောက်တစ်ကြိမ်ထပ်ဖြစ်မည်ကို သူမတစ်ကယ်ကြောက်ရွံ့နေမိသည်။
"အစ်မဖန်းဇီ ဒီကုတင်ဟောင်းကကုတင်မိစ္ဆာကို ညီမရှင်းပစ်လိုက်ပါပြီ၊အစ်မတို့ စိတ်ချလက်ချအိပ်လို့ရပြီနော်"
ကျိုးထောင်ဟွား အာမခံလိုက်သည်။ကျိုးရှန့်ဖန်း စိတ်သက်သာရာရဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက်ထပ်မေးလိုက်၏။
"ထောင်ဟွား အာ့နျိုကငယ်သေးတယ်လေ၊အခြားနတ်ဆိုးဝါးဝိညာဉ်တွေရဲ့ ရန်ပြုတာခံရမှာကို အစ်မကြောက်မိတယ်၊ညီမ အစ်မကိုငြိမ်းချမ်းခြင်းအဆောင်တစ်ခုလောက် ရောင်းပေးလို့ရမလား"
"ဒီငြိမ်းချမ်းခြင်းအဆောင်နဲ့ဆိုရင် ကုတင်မိစ္ဆာစုပ်ယူသွားတဲ့ အာ့နျိုရဲ့အသက်စွမ်းအင်တွေ မြန်မြန်ပြန်ပြည့်လာမှာပါ"
ကျိုးထောင်ဟွား သူမထံငြိမ်းချမ်းခြင်းအဆောင်ကို ကမ်းပေးလိုက်သည်။
"ကောင်းလိုက်တာ"
ကျိုးရှန့်ဖန်း ထိုသို့ပြောရင်းအဆောင်ကိုအိတ်ငယ်လေးတစ်ခုထဲသို့ထည့်ကာ ကြိုးဖြင့်သီပြီး ရွှေ့အာ့နျိုလည်ပင်းတွင်ဆွဲပေးလိုက်သည်။ထိုအခါမှသာ သူမစိတ်အေးသွားရတော့၏။
"ထောင်ဟွားရေ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်၊ညီမသာမရှိခဲ့ရင် အစ်မရဲ့အာ့နျိုလေး......"
ကျိုးရှန့်ဖန်း စကားမဆုံးခင်မှာပင် လည်ချောင်းထဲ၌ဆို့နင့်သွားရသည်။ကျိုးရှန့်ကျူးနှင့်ပိုင်ရှီတို့လည်း ကျိုးထောင်ဟွားကို အလွန်ကျေးဇူးတင်နေကြ၏။ယနေ့ကျိုးထောင်ဟွားသည် အာ့နျိုအသက်ကိုကယ်တင်ခဲ့ရုံသာမက ကျိုးရှန့်ဖန်းအသက်ကိုပါ ကယ်တင်ခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ဘဲ အာ့နျိုသာတစ်ခုခုဖြစ်သွားပါက ဖန်းဇီလည်းသေချာပေါက် အသက်ရှင်တော့မည်မဟုတ်ပေ။
"အစ်ကိုရှန့်ကျူး ယောင်းမလီကျွမ်း ဒီလောက်ထိအားနာနေစရာမလိုပါဘူး၊ညီတို့အားလုံးက တစ်ရွာတည်းသားတွေပဲလေ အချင်းချင်းကူညီကြတာသဘာဝကျပါတယ်၊ဒါဆိုညီမလုပ်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားထွက်သွားလေသည်။ကျိုးရှန်ဖျင်သည် သူမသွားသောလမ်းမှာ ကျိုးမိသားစုအိမ်ဘက်သို့မဟုတ်သည်ကို မြင်လိုက်ရသဖြင့်လှမ်းမေးလိုက်၏။
"ထောင်ဟွား ဘယ်သွားမလို့လဲ"
"အဘိုးရှန်ဖျင် သမီးအဘိုးရွာလူကြီးဆီ အရေးတကြီးပြောစရာကိစ္စရှိနေလို့ပါ၊အဲ့ကိစ္စက သမီးတို့ကျိုးကျားရွာတစ်ရွာလုံးနဲ့ သက်ဆိုင်ပါတယ်"
ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးရှန်ဖျင်အမူအရာမှာ ချက်ချင်းလေးနက်သွားပြီး ရွာလူကြီးအိမ်သို့သူမနောက်မှနေ လိုက်သွားလေသည်။ရွာလူကြီးမှာအသက်ကြီးပြီဖြစ်၍ သူ့သားသမီးများသည် လယ်ထဲဆင်းကာအလုပ်မလုပ်စေချင်တော့ပေ။ဆေးပင်ခူးရန်လူငှားလိုက်လျှင် ပြားနှစ်ဆယ်သာကုန်ကျလေ၏။
သူတို့နှစ်ယောက် ရွာလူကြီးအိမ်သို့ရောက်သောအခါ ရွာလူကြီးသည် အိမ်မကြီးထဲ၌ ဝါးခြင်းတောင်းရက်နေသည်ကို တွေ့လိုက်ရသည်။သားသမီးများမှာ လယ်ထဲဆင်းပြီးဆေးပင်မခူးခိုင်းသော်လည်း သူ့ခမျာထိုင်မနေနိုင်ပါပေ။မိသားစုတွင် လယ်ကွက်များစွာရှိပြီး အလုပ်သမားများစွာ ငှားရမ်းထားသဖြင့် ဆေးပင်သယ်ရန် နေ့စဉ်ဝါးခြင်းတောင်းများလိုအပ်လေ၏။မည်သို့ပင်ဆိုစေကာမူလိုအပ်နေသည်ဖြစ်ရာ အသစ်ဝယ်လျှင်လည်း ပိုက်ဆံကုန်မည်ဖြစ်သဖြင့် ကိုယ့်ဘာသာရက်လိုက်သည်သာ ပိုကောင်းသည်ဟုယူဆထားသည်။
"အစ်ကိုရှန်ဖျင် ထောင်ဟွားဘယ်ကလှည့်လာကြတာတုန်း"
ရွာလူကြီးသည် ထရပ်ကာသူတို့နှစ်ယောက်အတွက် သကြားရည်တစ်ခွက်စီ ဖျော်ပေးလိုက်သည်။နွေဦးရာသီရောက်နေပြီဖြစ်သော်လည်း ရာသီဥတုမှာတခါတလေ အနည်းငယ်အေးနေတတ်သလို ရံဖန်ရံခါ၌မိုးဖွဲလေးများလည်းကျလာတတ်၏။ပူပူနွေးနွေးသကြားရည်သောက်လိုက်လျှင် ခန္ဓာကိုယ်နွေးထွေးသွားပေလိမ့်မည်။ကျိုးထောင်ဟွားမှာ နက္ခတ်ကြည့်၍ မြင်တွေ့ခဲ့ရသည်များကိုပြောပြလိုက်ရာ ရွာလူကြီးနှင့်ကျိုးရှန်ဖျင်တို့မျက်လုံးများပြူးကျယ်သွားရပြီး မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှုများဖြင့်ပြည့်သွားတော့သည်။
ကျိုးကျားရွာသည် တောင်ခြေရင်းတွင်တည်ရှိပြီး တောင်တန်းများဖြင့်ဝန်းရံထားခြင်းပင်။အကယ်၍ တောင်တန်းများထက်မှ မြေပြိုခြင်းနှင့်ရွှံ့ခဲပြိုကျခြင်းတို့သာဖြစ်လာပါက လူများနှင့်အိမ်များသာမက ဆေးပင်စိုက်ခင်းမူတစ်ထောင်ကျော်ပါ ပျက်စီးသွားပြီး ကျိုးကျားရွာတစ်ခုလုံးဆုတ်ယုတ်သွားပေလိမ့်မည်။
နှစ်ဝက်ကျော်ကြာအောင် သူတို့ကြိုးစားလုပ်ကိုင်ခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ဘာမှမကျန်ရစ်သလိုဖြစ်သွားမည်ပင်။ရွာလူကြီးမှာ သက်ပြင်းအရင်ချလိုက်ပြီးမှပြောလာ၏။
"ဒါဆိုရင် လူတိုင်းပြောင်းရွှေ့ကြမှပဲဖြစ်လိမ့်မယ်"
ကျိုးရှန်ဖျင်မှာ ချက်ချင်းကန့်ကွက်လာ၏။
"ငါတို့ကျိုးကျားရွာက ဆွေမျိုးစုရွာလေ၊ဒီနေရာကကျိုးမိသားစုရဲ့ဇာတိချက်ကြွေနေရာပဲ၊ကျိုးမိသားစု ဒီမှာနေလာတာနှစ်ပေါင်းတစ်ရာကျော်ပြီ၊ငါတို့ လုံးဝပြောင်းလို့မဖြစ်ဘူး"
ရွာလူကြီးလည်း မည်သည်ကြောင့်ပြောင်းချင်ပါမည်နည်း။အိမ်များအားမရွှေ့ပြောင်းနိုင်သည်ကိုအသာထား ဆေးပင်စိုက်ခင်းများအားစွန့်လွှတ်ရမည်ကိုတော့ သူနှမြောလွန်းလှသည်။ကျိုးရှန်ဖျင်မှ ကျိုးထောင်ဟွားကိုမေးလိုက်၏။
"ထောင်ဟွား သမီးမှာဒီဘေးအန္တရာယ်ကို တားဆီးနိုင်မယ့်နည်းလမ်းရှိလား"
ထောင်ဟွားသည် ယခင်ကနှင်းမုန်တိုင်းကျခြင်းနှင့်မိုးသီးမုန်တိုင်းကျခြင်းကဲ့သို့ ဘေးအန္တရာယ်နှစ်ခုကို ရွာသားများကျော်လွှားနိုင်ရန် ကူညီပေးခဲ့ဖူးရာ ဤတစ်ကြိမ်တွင်လည်း ကျိုးရှန်ဖျင်မှသူမအပေါ်မျှော်လင့်ချက်ထားနေမိသည်။နွေရာသီရောက်ရန် သုံးလလိုသေးသည်ဖြစ်၍ ယခုကတည်းမှစတင်ပြင်ဆင်ထားလျှင် အခြေအနေအားအဖတ်ဆည်ရန် အခွင့်အရေးရှိနိုင်သေး၏။ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြကာ
"ရှိတာကရှိပေမယ့် အရမ်းခက်ခဲပါလိမ့်မယ်၊ကျိုးကျားရွာက တောင်တွေဝိုင်းရံထားတာဆိုတော့ တောင်တစ်လုံးစီတိုင်းကို ကာကွယ်ဖို့လိုတယ်လေ၊ဒါကြောင့်မလို့ အောင်အောင်မြင်မြင်တားဆီးနိုင်ဖို့ဆိုရင် တစ်ရွာလုံးပေါင်းပြီးတောင်စောင်းကာကွယ်ရေးစီမံကိန်းတွေ၊မြေသားနံရံတွေနဲ့ မြေပြိုမှုကာကွယ်ရေးတိုင်တွေဆောက်ပြီး တောင်စောင်းတွေကိုခိုင်ခံ့အောင်လုပ်ဖို့လိုသလို သူတို့ရဲ့တည်ငြိမ်မှုကိုလဲမြှင့်တင်ပေးရပါမယ်၊ရွှံ့ခဲတွေဆင်းလာမယ့် လမ်းကြောင်းတွေမှာလဲစီးဆင်းမှုနှေးကွေးစေဖို့နဲ့ အရှိန်ကိုလျော့စေဖို့ ရေကာတာတွေဆောက်လုပ်ဖို့လဲလိုတယ်၊တောင်ပေါ်က နတ်ဆိုးလေးတွေကိုတောင်ရဲ့မြေနေရာရွေ့လျားမှုတွေနဲ့ မြေအောက်ရေမျက်နှာပြင်အပြောင်းအလဲတွေကို အမြဲမပြတ်စောင့်ကြည့်ခိုင်းထားလို့ရတယ်လေ၊တစ်ကယ်လို့ မတားဆီးနိုင်တော့ဘူးဆိုရင်တော့ ထွက်ပြေးရုံပဲပေါ့၊အိမ်တွေနဲ့ဆေးပင်စိုက်ခင်းတွေကို မကယ်နိုင်ရင်တောင် အနည်းဆုံးတော့လူ့အသက်တွေကိုကယ်နိုင်မှာပါ"
ကျိုးထောင်ဟွားစကားများကိုကြားပြီးနောက် ရွာလူကြီးနှင့်ကျိုးရှန်ဖျင်တို့ ခေါင်းငြိမ့်လိုက်ကြသည်။သူတို့ ကျိုးထောင်ဟွားစကားကို ယုံကြည်လေ၏။နွေရာသီ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့်ရွှံ့ခဲပြိုကျခြင်းတို့ဖြစ်နိုင်သည်ဟု ထောင်ဟွားပြောလျှင် သေချာပေါက်ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။
သူမ၏ကြိုတင်ကာကွယ်ရေးနည်းလမ်းများသည်လည်း ဖြစ်နိုင်ချေရှိသည်ဟု သူတို့ထင်လေ၏။ရွာလူကြီးမှပြောလိုက်သည်။
"ခဏနေရင် ရွာအကြီးအကဲတွေနဲ့တိုင်ပင်ပြီး လာမယ့်သုံးလအတွင်း တောင်စောင်းကာကွယ်ရေးစီမံကိန်းတွေ လုပ်ဆောင်ဖို့ လူတိုင်းကိုဘယ်လိုစီစဉ်ရမလဲဆိုတာ ဆွေးနွေးလိုက်ပါ့မယ်"
ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးထောင်ဟွားစိတ်သက်သာရာရသွားသည်။နောက်တစ်နေ့မနက်တွင် ကျိုးမိသားစုမနက်စာစားပြီး၍ ကျိုးအာ့ရှုမှ နတ်ဆိုးလေးကောင်ကိုခေါ်ကာ လယ်ထဲသို့ဆေးပင်ခူးထွက်ရန်ပြင်ဆင်နေစဉ် အောင်သွယ်တော်ယိုနှင့်မမျှော်လင့်ဘဲ တွေ့လိုက်ရလေ၏။ထောင်ဟွား၏အရွယ်ရောက်အခမ်းအနားကျင်းပရန် လေးလသာလိုတော့သည်ဖြစ်ရာ ယခုအချိန်တွင်အောင်သွယ်တော်တစ်ဦးရောက်လာခြင်းမှာ ပုံမှန်ကိစ္စပင်ဖြစ်သည်။
"အစ်မကြီးယို ထောင်ဟွားအိမ်မကြီးထဲမှာရှိတယ် ပြောစရာရှိတာဝင်ပြောလိုက်လေ"
ကျိုးအာ့ရှုသည် ဝါးခြင်းတောင်းကိုယူပြီး လယ်ထဲဆင်းရန်ပြင်လိုက်စဉ် အောင်သွယ်တော်ယိုမှ သူ့ကိုအမြန်တားလိုက်သည်။
"ထောင်ဟွားအဖေ ကျွန်မဒီနေ့လာရတာက ကမ်းလှမ်းဖို့ပါ"