အခန်း (၁၀၇)
Vol. 11 Ch. 107
107
ကျိုးအာ့ရှုထိတ်လန့်သွားရ၏။
ချမ်ရှီလည်း ရေရွတ်လိုက်သည်။
"ကမ်းလှမ်းဖို့ ဟုတ်လား"
အောင်သွယ်တော်ယိုသည် နွားလှည်းပေါ်မှပစ္စည်းအားလုံးကိုချလိုက်သည်။နွီအားဟုန်ဝိုင်နှစ်အိုး၊ဆန်ချောနှစ်အိတ်၊ပိုးထည်တစ်လိပ်၊ဖဲသားတစ်လိပ်၊ငွေဆံထိုးတစ်ချောင်း၊ငွေလက်ကောက် တစ်ကွင်း၊ငွေနားကပ်တစ်ရံနှင့်ငွေလက်စွပ်တစ်ကွင်းတို့ဖြစ်၏။ကျိုးအာ့ရှု ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
နွီအားဟုန်ဝိုင်ဆိုသည်မှာ ဈေးမပေါလှပေ။အထည်အလိပ်များနှင့်လက်ဝတ်ရတနာများအားလုံးသည်လည်း ဈေးကြီးလှပေသည်။ချမ်ရှီသည် ငွေဆံထိုး၊လက်ကောက်၊နားကပ်နှင့်လက်စွပ်တို့မှာ တောက်ပနေသဖြင့် မျက်စိကျိန်းမတတ် ခံစားလိုက်ရ၏။ချမ်ရှီပြောလိုက်သည်။
"ဒါတွေအားလုံးဆို ဘယ်လောက်တောင်ကျသွားမလဲ ကြည့်ရတာ ဒီမိသားစုကကျွန်မတို့မိသားစုကို အရမ်းလေးစားပြီး ကျွန်မတို့ထောင်ဟွားကို တန်ဖိုးထားပုံရတယ်"
ဤပစ္စည်းများကိုမြင်လိုက်ရသောအခါ သတို့သားဘက်မှမိသားစုအပေါ် ချမ်ရှီ၏ကျေနပ်အားရမှုများ မြင့်တက်သွားရ၏။သူမ အောင်သွယ်တော်ယိုထံမေးလိုက်သည်။
"အစ်မကြီးယို ဘယ်သူကများကျွန်မသမီးထောင်ဟွားအတွက် ဒီတင်တောင်းပစ္စည်းတွေလာပို့ခိုင်းတာလဲ၊ဒါပေမယ့် အစ်မလဲသိတဲ့အတိုင်းပဲလေ ထောင်ဟွားရဲ့မင်္ဂလာကိစ္စက သူကိုယ်တိုင်ဆုံးဖြတ်မှာပါ၊တစ်ကယ်လို့ သူသာသဘောမတူရင် ကျွန်မတို့ဒီလက်ဆောင်တွေကို လက်ခံလို့မရပါဘူး"
ချမ်ရှီ၏မေးခွန်းကိုကြားလိုက်ရသောအခါ ကျိုးအာ့ရှုသည်လည်း နားစွင့်လိုက်ပြီး တင်တောင်းငွေအဖြစ်ဤမျှများပြားသောပစ္စည်းများကို ဝယ်ယူနိုင်လောက်အောင်ချမ်းသာနေသည့်သူမှာ မည်သူဖြစ်ကြောင်းသိချင်နေမိသည်။ဤပစ္စည်းသပ်သပ်ပင် တေးသုံးဆယ်ကျော်ကုန်ကျပေလိမ့်မည်။
ကျိုးထောင်ဟွားသည် အိမ်မကြီးထဲတွင်ထိုင်လျက် ပစ္စည်းများကိုစူးစမ်းလိုစိတ်ဖြင့်ကြည့်နေမိသည်။မနေ့၌ သူမရှန်းမင်ထံ လက်ထပ်ဖို့သဘောတူခဲ့သော်လည်း ရှန်းမင်၌ငွေမည်မျှရှိကြောင်း သို့မဟုတ် ဤပစ္စည်းများအားလုံးကို တတ်နိုင်သည်မတတ်နိုင်သည်တော့ သူမ,မသေချာပေ။အောင်သွယ်တော်ယိုပြုံးလျက်ပင် ချမ်ရှီထံပြန်ပြောလိုက်သည်။
"ညည်းရော ညည်းယောကျာ်းရော ဒီလူငယ်လေးကိုသိကြပါတယ်၊သူက ညည်းတို့ရွာကပဲလေ၊လူတိုင်းက သူ့အကြောင်း ကောင်းကောင်းသိထားကြတော့ အကျင့်ဆိုးတွေရှိမှာကိုလဲစိတ်ပူစရာမလိုပါဘူး၊ဒီလက်ဆောင်တွေအပြင် ခန်းဝင်ပစ္စည်းအဖြစ် တေးနှစ်ဆယ်နဲ့ညည်းတို့မိသားစု မင်္ဂလာပွဲပြင်ဆင်ဖို့အတွက် နောက်ထပ်ဆယ်တေးလဲပေးထားသေးတယ် ကြည့်လေ သဘောထားမပြည့်ဝဘူးလား"
သူမလိုချင်သောအဖြေကို မကြားရသေးသဖြင့် ချမ်ရှီတိုက်တွန်းလိုက်သည်။
"အစ်မကြီးယို ဘယ်သူလာကမ်းလှမ်းတာလဲဆိုတာပြောပြမှ ကျွန်မတို့လဲလက်ခံသင့်မခံသင့် ဆုံးဖြတ်လို့ရမှာပေါ့၊အဓိက,ကတော့ ကျွန်မသမီးထောင်ဟွား သဘောတူမတူအပေါ်ပဲမူတည်ပါတယ်"
အောင်သွယ်တော်ယို ခဏတာမျှတွေဝေသွားပြီး သူမအကြည့်များသည် ချမ်ရှီနှင့်ကျိုးအာ့ရှုတို့ပေါ်ဖြတ်သန်းသွားကာ နောက်ဆုံး ကျိုးထောင်ဟွားထံ၌ရပ်တန့်သွားလေ၏။သူမ ကျိုးထောင်ဟွားထံပြုံးပြကာ မေးလိုက်သည်။
"ထောင်ဟွား သူကသမီးတို့ရွာကရှန်းမင်လေ၊သူကသမီးအတွက် ပစ္စည်းတွေအများကြီးဝယ်ပေးသလို သမီးတို့မိသားစုကို တေးသုံးဆယ်တောင်ပေးလာဦးမှာ၊သမီးဘယ်လိုသဘောရလဲ၊သူ့မိသားစုက အိမ်ထောင်စုသေးလေးဆိုတော့ သမီးကိုဖိနှိပ်မယ့် ယောက္ခမတွေလဲမရှိဘူး၊တစ်ကယ်လို့ သမီးသာသူ့အိမ်ကိုလက်ထပ်လိုက်ရင် သမီးကသာအိမ်ထောင်ဦးစီးလိုဖြစ်လာမှာလေ၊ရှန်းမင်က အလုပ်ကြိုးစားတယ် ဝီရိယရှိတယ် ပြီးတော့ စာနာစိတ်လဲရှိတယ်၊အရင်က တောင်ပေါ်မှာအမဲလိုက်ရင်း ပိုက်ဆံအများကြီးစုထားမိတယ်လေ၊သူ့အိမ်မှာ အိမ်မှုကိစ္စတွေစီမံခန့်ခွဲပေးမယ့် ဇနီးတစ်ယောက်လိုအပ်နေတာ၊ဒါ့အပြင် သမီးတို့နှစ်အိမ်ကလဲ သိပ်မဝေးကြတော့ မိဘအိမ်ကိုအချိန်မရွေးလာတွေ့လို့ရတာပေါ့၊ထောင်ဟွား ရှန်းမင်ကိုသမီးလက်ထပ်ချင်လား"
အောင်သွယ်တော်ယိုသည် ပြောနေစဉ်တစ်လျှောက်လုံး ကျိုးထောင်ဟွားထံစူးစိုက်ကြည့်နေလေ၏။ရှန်းမင်၏ရိုးသားမှုသည် အလွန်နက်ရှိုင်းသဖြင့် သူမကူညီချင်နေမိသည်။ရှန်းမင်သည် အသက်ဆယ်နှစ်အရွယ်ကတည်းမှ မိသားစုဆုံးရှုံးခဲ့ရသူဖြစ်သဖြင့် သူ့ကိုစာနာသနားမိ၏။
ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးထောင်ဟွားနှုတ်ခမ်းလေးအသာကော့တက်သွားသည်။သူမအားရှန်းမင်ဇနီးအဖြစ် တရားဝင်နေထိုင်ခွင့်ရပြီး သူနှင့်အတူရှိနေနိုင်ရန်အတွက်သာ ဤအရာအားလုံးကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟုတွေးလိုက်၏။ကျိုးထောင်ဟွား ပြန်ဖြေလိုက်သည်။
"သဘောတူပါတယ်"
အောင်သွယ်တော်ယိုဝမ်းသာလွန်းသဖြင့် ခုန်ပေါက်မိလုနီးပါးဖြစ်သွားရသည်။
မင်္ဂလာကိစ္စ အောင်မြင်သွားပြီ။
ထင်မထားသည်မှာ ကျိုးအာ့ရှုမှငြင်းဆန်လာလေ၏။
"ငါ ကန့်ကွက်တယ်"
ကျိုးထောင်ဟွားနှင့်အောင်သွယ်တော်ယိုတို့သည် ကျိုးအာ့ရှုထံနားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်ကြသည်။အောင်သွယ်တော်ယိုသည် ဝါရင့်နေပြီဖြစ်ရာ ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် ထောင်ဟွား၏မင်္ဂလာကိစ္စအား သူမသဘောပါဟုပြောခဲ့သော်လည်း တစ်ကယ်တမ်းဆုံးဖြတ်ချက်ချရမည့်အချိန်တွင်တော့ ဝင်ပါလာလိမ့်မည်ကိုသိနေ၏။အောင်သွယ်တော်ယိုသည် အခြေအနေကို ချောမွေ့သွားစေရန် ချက်ချင်းဝင်ပြောလိုက်သည်။
"အာ့ရှုရယ် ထောင်ဟွားကသဘောတူပြီးပြီပဲလေ၊ကလေးတွေရဲ့မင်္ဂလာကိစ္စကို သူတို့ဘာသာဆုံးဖြတ်ခွင့်ပေးလိုက်ပါတော့"
ကျိုးအာ့ရှုမျက်နှာသည် မည်းမှောင်နေဆဲဖြစ်ပြီး အောင်သွယ်တော်ယို့စကားကိုကြားပြီးနောက်တွင်လည်း မျက်နှာထားမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။
"မဖြစ်ဘူး ရှန်းမင်နဲ့ပေးစားလို့မဖြစ်ဘူး၊သူက အသက်ဆယ့်ကိုးနှစ်ရှိနေပြီ၊ငါ့သမီးထောင်ဟွားထက် လေးနှစ်တောင် ကြီးတာကို ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ဒါ့အပြင် သူ့မှာမိဘတွေမရှိတော့ဘူး၊မိသားစုတာဝန်မှန်သမျှက ထောင်ဟွားပုခုံးပေါ်ပဲကျလာတော့မှာ သူ့အိမ်ကို ရောက်သွားတာနဲ့ ငါ့သမီးထောင်ဟွားက ဆင်းရဲဒုက္ခခံရမှာပဲ၊သူကတော့ စည်းစိမ်ယစ်ပြီးနေတော့မှာပေါ့၊နောက်ပြီးတော့လဲ သူ့ဆံပင်တွေကဖြင့် တစ်ခေါင်းလုံးဖြူနေတာ လူအုပ်ထဲမှာဆို ထင်းနေရောပဲ၊တစ်ကယ်လို့ သူ့ကလေးတွေပါဆံပင်ဖြူသွားရင် ခွဲခြားဆက်ဆံမခံရဘူးလို့ပြောနိုင်မလား၊ဒါကြောင့် ဒီကိစ္စကိုငါလုံးဝ သဘောမတူနိုင်ဘူး"
အောင်သွယ်တော်ယို နားလည်ဟန်ဖြင့်ပြုံးလိုက်မိသည်။ကျိုးအာ့ရှုစကားများသည် ဖခင်တစ်ယောက်၏ခံစားချက်မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး သမီးဖြစ်သူ၏ကောင်းကျိုးကို ရိုးသားစွာထည့်သွင်းစဉ်းစားပေးခြင်းပင်။အောင်သွယ်တော်ယိုကိုယ်တိုင်လည်း မိဘတစ်ဦးဖြစ်သဖြင့် သမီးဖြစ်သူ၏မင်္ဂလာရေးရာအတွက် သူ့စိုးရိမ်ပူပန်မှုကို နားလည်ပေးနိုင်သည်။ခဏကြာသော် အောင်သွယ်တော်ယိုမှာရှန်းမင်ဘက်မှ ဝင်ပြောပေးလိုက်၏။
"အသက်ကြီးတဲ့ခင်ပွန်းသည်တွေက တစ်ပါးသူအပေါ်ဘယ်လိုဂရုစိုက်ရမလဲဆိုတာ နားလည်ကြပါတယ်၊သူ့မှာမိဘတွေမရှိပေမယ့် သူတို့လင်မယားရဲ့မိသားစုလေးထဲမှာ သူတို့နှစ်ယောက်တည်းရှိတာဆိုတော့ ကောင်းကောင်းစီမံခန့်ခွဲနိုင်ကြမှာပါ၊ဒါ့အပြင် ရှင်တို့နှစ်အိမ်ကသိပ်မဝေးကြတော့ ထောင်ဟွားကိုယ်ဝန်ရှိလာရင်လဲ အလွယ်တကူသွားကူညီပြီး စောင့်ရှောက်ပေးလို့ရတာပေါ့၊ဆံပင်ဖြူတာနဲ့ပတ်သက်ရင်လည်း အဲ့ဒါကဘာကြောင့်ဖြစ်တာလဲ ကုလို့ရလားဆိုတာသိရအောင် ရှန်းမင်ကိုဆေးခန်းသွားပြခိုင်းလိုက်ပါ့မယ်"
တကယ်တမ်းတွင် အောင်သွယ်တော်ယိုကိုယ်တိုင်လည်း သေချာမသိပေ။သူမ ကျိုးအာ့ရှုကို ပြောလိုက်သည်။
"တစ်ကယ်လို့ မကုနိုင်ဘူးဆိုရင်တောင် အမဲရောင်ဆိုးလိုက်လို့ရတဲ့ နည်းလမ်းရှိပါသေးတယ်"
အောင်သွယ်တော်ယိုမှာ ကျိုးအာ့ရှုသဘောထားကို သတိထားပြီးစမ်းစစ်ကြည့်လိုက်သည်။ကျိုးထောင်ဟွား ချက်ချင်းတားကာပြောလိုက်၏။
"မလိုပါဘူး အစ်ကိုရှန်းမင်ရဲ့နှင်းလိုဖြူတဲ့ ဆံပင်ရှည်တွေက အရမ်းလှပါတယ် ဆိုးစရာမလိုပါဘူး"
ကျိုးအာ့ရှုမျက်မှောင်ကြုံ့ကာ သူမထံကြည့်လိုက်သည်။ဒီကောင်မလေးကတော့ ရှန်းမင်နဲ့တောင်သေချာမတွေ့ရသေးဘဲနဲ့ သူ့ဆံပင်ဖြူကိုကြိုက်တယ်လို့ ပြောနေပြီလား။ကျိုးအာ့ရှုမှ ရှန်းမင်အပေါ်အပြစ်အများအပြားအမြန်ရှာတွေ့နေသည်ကို မြင်လိုက်ရသောအခါ ချမ်ရှီမှဝင်ပြောလာ၏။
"ရှန်းမင်က လူကောင်းလေးပါ၊ကျွန်မတို့ ဆေးပင်စိုက်ခင်းထဲမှာ တဲဆောက်တုန်းကလဲ သူလာပြီးရက်နည်းနည်းလောက်ကူပေးခဲ့သေးတာပဲလေ၊အဲ့တုန်းကဆို ရှင်ပဲသူ့ကို ကလေးကောင်းလေးဆိုပြီး ချီးကျူးခဲ့တာပဲမလား"
ကျိုးအာ့ရှု စကားမပြောနိုင်ဖြစ်သွားရသည်။
"အဲဒါက တစ်ရွာတည်းသားလူငယ်တစ်ယောက်မလို့ ချီးကျူးခဲ့တာလေ၊သားမက်ရွေးတာနဲ့ဘယ်တူမလဲ"
ချမ်ရှီ လက်မခံနိုင်ဟန်ဖြင့်နှုတ်ခမ်းစူလိုက်မိသည်။
"သူက ကျွန်မတို့အတွက် ဝံပုလွေသားရေတွေပေးခဲ့သေးတယ်လေ၊အဲဒါတွေကို အဝတ်အစားတွေနဲ့ဖိနပ်တွေလုပ်ပြီးဝတ်ခဲ့ရတယ်မလား၊မိုးသီးမုန်တိုင်းကျပြီး အပူချိန်ထိုးကျတုန်းက အခြားလူတွေဆိုအိမ်မှာချမ်းတုန်နေခဲ့ရတာ၊အချို့ဆို နှင်းကိုက်တာတို့ ဒူးနာတာတို့ဖြစ်ကုန်ကြပေမယ့် ကျွန်မတို့မိသားစုသုံးယောက်လုံး ဘာမှမဖြစ်ခဲ့ကြဘူးလေ၊ရှင် အဲဒါတွေကိုမေ့သွားပြီလား"
ကျိုးအာ့ရှု ဖင်ပိတ်ငြင်းနေဆဲပင်။
"အဲ့တာတွေက သူကိုယ်တို့သမီးထောင်ဟွားကို လက်ထပ်ယူနိုင်မယ့်အကြောင်းပြချက်တွေမဟုတ်ဘူး"
ချမ်ရှီဆက်ပြောလိုက်သည်။
"ကျွန်မတို့ထောင်ဟွား မြို့ထဲမှာလူမိုက်တွေရဲ့အနိုင်ကျင့်တာ ခံရလုနီးပါးဖြစ်တုန်းကလဲ ရှန်းမင်ကယ်ခဲ့တာပဲလေ၊သူက ကျွန်မတို့ထောင်ဟွားကို ကယ်ခဲ့တာအကြိမ်ကြိမ်ရှိနေပြီ"
ဤတစ်ကြိမ်တွင်တော့ ကျိုးအာ့ရှုမငြင်းခုံနိုင်တော့ပေ။အချိန်အတော်ကြာပါမှ စကားဆိုလာ၏။
"ဘာပဲဖြစ်ဖြစ် ကိုယ်ကန့်ကွက်တယ်၊ဒီမင်္ဂလာကိစ္စကို ကိုယ်သဘောမတူနိုင်ဘူး"