အခန်း (၁၀၈)
Vol. 11 Ch. 108
108
ကျိုးထောင်ဟွားသည် ကျိုးအာ့ရှုဤမျှထိ ခေါင်းမာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ကြည့်ရသည်မှာ သူမအနေဖြင့် သီးသန့်ဖြောင်းဖျကြည့်ရမည့်ပုံပေါက်နေသည်။ကျိုးအာ့ရှုအသံမှာ မတိုးလှသဖြင့် ကျိုးမိသားစုခြံဝင်းတံခါးနှင့် မလှမ်းမကမ်းတွင် အလုပ်လုပ်နေကြသော ရွာသားအချို့မှာလာရောက်ကြည့်ရှုကြလေ၏။
အစောပိုင်း၌ အောင်သွယ်တော်ယို ကျိုးမိသားစုအိမ်သို့ နွားလှည်းမောင်းသွားသည်ကို လူများမြင်လိုက်ကြသဖြင့် ထောင်ဟွားအတွက် လာရောက်ကမ်းလှမ်းခြင်းဖြစ်မည်ဟု ခန့်မှန်းနေကြသည်။ရွာသားများ ကျိုးမိသားစုခြံဝင်းထဲသို့ရောက်ရှိလာကြသောအခါ အောင်သွယ်တော်ယိုတစ်ယောက်တင်တောင်းပစ္စည်းများအား နွားလှည်းပေါ်သို့ပြန်တင်နေသည်ကိုတွေ့လိုက်ကြ၏။ချမ်ရှီမှာ ကူညီပေးရင်း အောင်သွယ်တော်ယိုထံပြောလိုက်သည်။
"ကျွန်မရဲ့အာ့ရှုက နည်းနည်းခေါင်းမာတယ်ဆိုပေမယ့် သူကဖခင်တစ်ယောက်ဆိုတော့ သူ့စိုးရိမ်မှုတွေကိုကျွန်မ နားလည်ပေးလို့ရပါတယ်"
အောင်သွယ်တော်ယို ပြုံးလျက်ဖြင့်ခေါင်းငြိမ့်ပြလိုက်၏။ယောက္ခမလောင်းမှ သားမက်လောင်းကို ချက်ချင်းသဘောကျသွားသည်ဆိုသည်မှာ ရှားပါးလှပေသည်။သို့သော် ယခုအချိန်တွင် ရွာသားများကျိုးမိသားစုခြံဝင်းထဲသို့ ရောက်ရှိနေကြပြီဖြစ်ရာ ရှန်းမင်မှကျိုးထောင်ဟွားကို ယနေ့လာရောက်ကမ်းလှမ်းသည့်ကိစ္စကို လျှို့ဝှက်ထား၍မရနိုင်တော့ပေ။
"ဘုရားရေ ပိုးထည်တွေနဲ့ဖဲသားတွေလား၊ငွေထည်လက်ဝတ်ရတနာတွေလဲ အများကြီးပဲ၊ပြီးတော့ နွီအားဟုန်ဝိုင်တွေပါ,ပါတယ်ဟ"
"ဒါတွေအားလုံးဆို ဘယ်လောက်တောင်ကျသွားမလဲ"
ဤပစ္စည်းများဖြင့်ပင် တေးသုံးဆယ်ကျော်တန်ဖိုးရှိပေသည်။ဤသည်မှာမယုံနိုင်လောက်အောင်ကို ကြီးကျယ်ခမ်းနားလွန်းလှ၏။နောက်ဆုံးတော့ ရွာသားတစ်ယောက်မှာ မနေနိုင်တော့ဘဲထုတ်မေးလာလေသည်။
"အောင်သွယ်တော်ယို ထောင်ဟွားအတွက် ဒီတင်တောင်းပစ္စည်းတွေကို ဘယ်သူပေးတာလဲ"
လူအုပ်ကြီးထဲရှိ အမျိုးသားများမှာလည်း သတို့သားလောင်း၏ချမ်းသာကြွယ်ဝမှုကို အားကျနေကြပြီး အမျိုးသမီးများမှာမူ ကျိုးထောင်ဟွားကဲ့သို့ကံကောင်းပြီး ဤမျှများပြားသော တင်တောင်းပစ္စည်းများရရှိသူကို အားကျနေကြသည်။ရွာထဲရှိအမျိုးသမီးအများစုသည် ခင်ပွန်းသည်အိမ်သို့မလိုက်ပါမီ တင်တောင်းငွေငါးတေးခန့်သာရလေ့ရှိကြပြီး ဤကဲ့သို့သောဆက်ဆံမှုမျိုး တစ်ခါမှမကြုံဖူးကြပေ။အောင်သွယ်တော်ယိုသည် ဆက်ဖုံးကွယ်ထား၍မရတော့မှန်းသိလိုက်သဖြင့် လူတိုင်းထံ ပြုံးပြကာပြောပြလိုက်၏။
"ရှန်းမိသားစုက လူငယ်လေးရှန်းမင်ပေါ့ ကျွန်မကို တင်တောင်းပစ္စည်းတွေပေးပြီး ထောင်ဟွားဆီ လာကမ်းလှမ်းခိုင်းတာပါ၊ရှန်းမင်က ရိုးသားတဲ့ကောင်လေးပဲမလား၊သူက ထောင်ဟွားအတွက်ဆို သူ့နှလုံးသားကိုတောင်ပုံပေးမယ့်သူမျိုးလေ၊ဒီပစ္စည်းတွေအပြင် ခန်းဝင်ပစ္စည်းတေးနှစ်ဆယ်နဲ့ သတို့သမီးဘက်ကိုမင်္ဂလာပွဲပြင်ဆင်ဖို့အတွက် နောက်ထပ်ဆယ်တေးလဲ ထပ်ပေးထားသေးတယ်"
ဟမ်
ဘယ်လို ဘယ်လို
အဲ့လောက် အများကြီးလား။
ဤအဖြစ်မျိုးမှာ ကျိုးကျားရွာတစ်ရွာလုံးတွင်မရှိဖူးသလို အနီးအနားရွာများတွင်လည်း မကြုံစဖူးထူးကဲလှပေသည်။ရွာသားများသည် ကျိုးမိသားစုအား တင်တောင်းငွေများများစားစားပေးနိုင်သော ရှန်းမင်၏ကြွယ်ဝချမ်းသာမှုကို စူးစမ်းချင်နေကြ၏။ကံဆိုးသည်မှာ ကျိုးအာ့ရှုတစ်ယောက် ပမာဏများလွန်းသည်ဟုယူဆကာ သဘောတူရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။
လူတိုင်းထွက်သွားပြီးနောက် ကျိုးထောင်ဟွားသည် ခြံဝင်းတံခါးကိုပိတ်လိုက်ပြီး ကျိုးအာ့ရှုထံလျှောက်သွားလိုက်လေ၏။အပြင်လူများမရှိတော့သည်ကိုမြင်လိုက်ရသောအခါ ကျိုးအာ့ရှုသည် ကျိုးထောင်ဟွားနှင့်စကားပြောရန်ဆုံးဖြတ်လိုက်သည်။
"ထောင်ဟွား ရှန်းမင်ကသမီးထက် အသက်အများကြီး,ကြီးတယ်၊သမီးနဲ့သက်တူရွယ်တူဖြစ်ပြီး အိမ်မှာလူကြီးသူမရှိတဲ့သူမျိုးကိုပဲ ရွေးသင့်တာ၊ဒါမှသမီးလက်ထပ်ပြီးရင် သက်တောင့်သက်သာ နေရမှာ"
ကျိုးထောင်ဟွားသည် ကျိုးအာ့ရှုစကားဆုံးသည်ထိ စိတ်ရှည်လက်ရှည် နားထောင်နေလိုက်သည်။ရိုးရိုးသားသား ပြောရလျှင် သူမဖခင်ဖြစ်သူမှ အရာရာကိုအသေးစိတ်ထည့်သွင်းစဉ်းစားပေးပြီး သူမအနာဂတ်အတွက် စိုးရိမ်ပေးနေသည်ကိုကြည့်ရင်း ကျိုးထောင်ဟွားရင်ထဲတွင် အလွန်နွေးထွေးသွားရ၏။သို့သော် ရှန်းမင်နှင့်သူမ၏မင်္ဂလာကိစ္စကို အတည်ပြုရပေမည်။သူမဖခင်အရင်းမှ ကန့်ကွက်နေလျှင်ပင် သူမရအောင်ဖြောင်းဖျမည်ဖြစ်၏။
"အဖေ အစ်ကိုရှန်းမင်က သမီးထက် လေးနှစ်ကြီးပေမယ့် အသက်ကြီးတဲ့အမျိုးသားတွေက သူများတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ နားလည်ကြပါတယ်၊အစ်ကိုရှန်းမင်ရဲ့မိသားစုမှာ လူကြီးသူမတွေမရှိတော့ သမီးဟိုရောက်ရင် သူတို့ရဲ့ဂရုစိုက်မှုကိုမခံစားရပေမယ့် သမီးတို့ဘာသာကြိုးစားပြီး ကိုယ်ပိုင်မိသားစုလေးတည်ဆောက်လို့ရတယ်လေ၊ပြီးတော့ အဖေတို့နဲ့လဲသိပ်မှမဝေးတာ နားမလည်တာရှိရင်လဲအချိန်မရွေး ပြန်လာမေးလို့ရတာပေါ့၊အစ်ကိုရှန်းမင်ရဲ့ ဆံပင်ဖြူတာနဲ့ပတ်သက်ပြီးတော့လဲ သမီးအမြင်တော့ ကြည့်ကောင်းတယ်လို့ ထင်ပါတယ်၊အစ်ကိုရှန်းမင်က သန်မာပြီးကျန်းမာနေတာပဲကို ဆံပင်ဖြူတာလောက်နဲ့တော့ သူ့ကျန်းမာရေးကိုမထိခိုက်စေပါဘူး၊တစ်ကယ်လို့ နောက်မွေးလာမယ့်ကလေးတွေပါ အဲ့လိုဆံပင်ဖြူသွားရင်လဲ သူတို့လေးတွေကျန်းမာနေသရွေ့အဆင်ပြေပါတယ်၊သမီးက အစ်ကိုရှန်းမင်ကိုသဘောကျပြီး သူ့ကို လက်ထပ်ချင်ပါတယ်၊ကျေးဇူးပြုပြီး သမီးဆန္ဒကိုဖြည့်ဆည်းပေးပါနော် အဖေ"
ကျိုးထောင်ဟွား အလွန်လေးနက်သောအမူအယာဖြင့်ပြောလိုက်သည်။နောက်ဆုံး သူမသည်ကျိုးအာ့ရှုရှေ့၌ ဒူးထောက်ကာ လေးလေးနက်နက်ဦးညွှတ်အရိုအသေပြုလိုက်လေ၏။
"သမီး ထစမ်း"
ကျိုးထောင်ဟွား ဒူးထောက်လိုက်သည်ကို ကျိုးအာ့ရှုမည်သို့ကြည့်ရက်နိုင်ပါမည်နည်း။သို့သော် ထောင်ဟွားမှာရှန်းမင်ကို သဘောကျနေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ဘေးနားတွင်ရပ်နေသော ချမ်ရှီသည် ကျိုးထောင်ဟွား၏ဖွင့်ဟဝန်ခံချက်ကို ကြားလိုက်ရသောအခါ မျက်လုံးများအရောင်တောက်လာပြီး ချက်ချင်းပင်တစ်စုံတစ်ရာကို သဘောပေါက်သွားလေသည်။
ထောင်ဟွားက ရှန်းမင်နားကပ်နေရတာ ကြိုက်တယ်လို့ သူမအမြဲခံစားနေမိတာ မအံ့သြတော့ပါဘူး။ထောင်ဟွားမှ ရှန်းမင်လက်ကို ခပ်တည်တည်နှင့်တွဲထားသည်ကိုတောင် သူမမြင်ဖူးသေးသည်။မူလကတော့ သူမအနေဖြင့်ထောင်ဟွားထံ ကျားမကွာခြားချက်အကြောင်း ပြောပြမည်ဟုစဉ်းစားထားခဲ့သေး၏။ထောင်ဟွားမှာ ရှန်းမင်ကိုသဘောကျသဖြင့် သူ့လက်ကို စိတ်လိုလက်ရတွဲခြင်းဖြစ်မည်ဟု သူမထင်မထားခဲ့မိပေ။
ချမ်ရှီသည် အရင်ရက်အနည်းငယ်အကြောင်း ပြန်ပြောင်းစဉ်းစားကြည့်လိုက်ရာ ရှန်းမင်သည်လူကောင်းလေးတစ်ယောက်ဖြစ်ပြီး ထောင်ဟွားဘဝကိုပုံအပ်နိုင်သူတစ်ယောက်ဖြစ်ကြောင်းသိလိုက်သည်။ထို့ပြင် ထောင်ဟွားသည်လည်း သူ့ကိုသဘောကျနေသည်ပင်။ချမ်ရှီသည် ကျိုးအာ့ရှုနားသို့ လျှောက်သွားပြီးပြောလိုက်၏။
"အာ့ရှု ထောင်ဟွားက သူ့ကိုသဘောကျနေမှတော့ ကလေးနှစ်ယောက်ရဲ့ဆန္ဒကို လိုက်လျောပေးလိုက်ပါတော့"
ကျိုးအာ့ရှုသည် ထောင်ဟွားကိုတွဲထူပေးလိုက်ပြီး ချမ်ရှီစကားကိုနားထောင်ကာ မျက်နှာထက်တွင်မကျေနပ်သော အရိပ်အယောင်များရှိနေသေးသော်လည်း ဇနီးနှင့်သမီး၏ဇွတ်တောင်းဆိုမှုကိုမလွန်ဆန်နိုင်တော့ပေ။
"ကောင်းပြီလေ ဒါပေမယ့် ကိုယ်ထောင်ဟွားကို စိတ်ချလက်ချမအပ်နှံနိုင်ခင် ရှန်းမင်ကကိုယ့်ရဲ့စမ်းသပ်မှုကို အရင်ကျော်ဖြတ်ရဦးမယ်"
ယခု ကျိုးအာ့ရှုစဉ်းစားလေလေ ရှန်းမင်သည် ဉာဏ်များသူဖြစ်သည်ဟု ပိုခံစားရလေလေဖြစ်သည်။ရှန်းမင် အရင်တုန်းက သူတို့ဆီပစ္စည်းတွေဘာလို့ဆက်တိုက်လာပို့နေရတာလဲဆိုတာ မထူးဆန်းတော့ပါဘူး။ပိုက်ဆံနှင့်ဝယ်မရနိုင်သော အဖိုးတန်ဝံပုလွေသားရေများကိုပင် လူလေးယောက်စာအဝတ်အစားနှင့်ဖိနပ်များ ချုပ်လုပ်နိုင်လောက်အောင်ထိ အများအပြားပေးခဲ့သေးသည်။
တဲဆောက်စဉ်၌လည်း ရှန်းမင်သည်ရှန်းမိသားစု၏ဆေးပင်စိုက်ခင်းများတွင် အလုပ်အမြန်ပြီးအောင် လူအများကြီးငှားရမ်းခဲ့ပြီးမှ သူ့အိမ်သို့လာကူညီပေးခဲ့ခြင်းပင်။ဒါဆိုရင် ဒီကိစ္စတွေအားလုံးက သူနဲ့ဟုန်ယန်ကို ထောင်ဟွားကြောင့်မျက်နှာလုပ်ခဲ့တာပေါ့လေ။ကျိုးအာ့ရှုသည် ရှန်းမင်၏ဉာဏ်များပုံကိုတွေးပြီး အံ့သြနေမိသော်လည်း ကြိတ်၍ကျေနပ်နေမိသည်။အနည်းဆုံးတော့ ရှန်းမင်သည် မတုံးအဘဲ ထောင်ဟွားအတွက် သူနှင့်ဟုန်ယန်ရှေ့တွင် ပါးနပ်သောနည်းဗျူဟာများကို သုံးတတ်သေးသည်ပင်။
ကျိုးအာ့ရှုလျှော့ပေးလိုက်သည်ကိုမြင်သောအခါ ကျိုးထောင်ဟွားချက်ချင်း ပြုံးလိုက်လေသည်။ကျိုးအာ့ရှုလက်မောင်းကို ချိတ်လိုက်ပြီး ချိုမြိန်သောလေသံလေးဖြင့် သူမပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အဖေ"
ရှန်းမိသားစု အိမ်တွင်
အောင်သွယ်တော်ယိုသည် သူမနွားလှည်းဖြင့် ရှန်းမိသားစုခြံဝင်းထဲသို့ရောက်ရှိလာလေသည်။ရှန်းမင်မှာတော့ ခြံဝင်းတံခါးဝထံသာ စိုးရိမ်တကြီးဖြစ်နေသလိုမျှော်လင့်ချက်များပါနေသည့်အမူအယာဖြင့် စောင့်ကြည့်နေ၏။အောင်သွယ်တော်ယိုရောက်လာသည်ကိုမြင်လိုက်ရသောအခါ ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။အောင်သွယ်တော်ယို၏မျက်နှာထက်မှ အားနာဟန်အမူအရာကိုမြင်လိုက်ရသည်နှင့် ရှန်းမင်ချက်ချင်းနားလည်လိုက်၏။
ဒါပေမယ့် မနေ့ကကျ ထောင်ဟွားသူ့ကိုဒီလိုမပြောခဲ့ပါဘူး။
သူမက သူနဲ့လက်ထပ်ဖို့ ကျိန်းသေသဘောတူခဲ့တာလေ။တစ်ရက်အတွင်းမှာပဲ ထောင်ဟွားစိတ်ကပြောင်းသွားတာများလား။
ရှန်းမင်ရင်ထဲ ထိတ်လန့်မှုများဖြစ်ပေါ်လာလေသည်။
"အဘွားယို ဘယ် ဘယ်လိုလဲ"
ရှန်းမင်အသံသည်တုန်ယင်နေပြီး သူ့စိတ်ထဲရှိဂနာမငြိမ်ဖြစ်မှုများကို ဖိနှိပ်ထားရန်ကြိုးစားနေရသည်။အောင်သွယ်တော်ယို သက်ပြင်းချလိုက်ပြီး သူ့ကိုနှစ်သိမ့်လိုက်၏။
"ရှန်းမင် အဘွားစိတ်မကောင်းပါဘူးကွယ် ကိစ္စကအဆင်မပြေခဲ့ပေမယ့် ဝမ်းမနည်းပါနဲ့၊ထောင်ဟွားအဖေအာ့ရှုကထောင်ဟွားကို သူ့မျက်လုံးအိမ်ထဲကမျက်ဆံလို တန်ဖိုးထားတာဆိုတော့ ဒီမင်္ဂလာကိစ္စကိုလုံးဝလက်မခံဘူးတဲ့လေ၊မင်းက ထောင်ဟွားကို သဘောကျပြီးရိုးသားတဲ့ကလေးဆိုပေမယ့် အဘွားကိုမေးမယ်ဆိုရင်တော့ အခြားကောင်မလေးတစ်ယောက်ကိုသာပြောင်းပြီး ကမ်းလှမ်းလိုက်ပါလား၊မင်းကငယ်တော့တာ မဟုတ်ဘူး၊မင်းရဲ့အရည်အချင်းနဲ့ဆိုရင် အခြားမိန်းကလေးတစ်ယောက်ကို သေချာပေါက်လက်ထပ်နိုင်မှာပါ"
ရှန်းမင် ခဏတာမျှမှင်သက်သွားရသော်လည်း သဘောမတူသူမှာ ကျိုးအာ့ရှုဖြစ်ကြောင်းသိလိုက်ရသည်နှင့် တင်းမာနေသောသူ့အာရုံကြောများ ရုတ်ချည်းပြေလျော့သွားလေသည်။သူ့မျက်နှာထက်တွင် အပြုံးတစ်ခုအလိုလိုပေါ်လာလေ၏။မင်္ဂလာကိစ္စကို သဘောမတူသူမှာ ထောင်ဟွားမဟုတ်သရွေ့ အဆင်ပြေပါသည်။
ထောင်ဟွားသာ သူ့ကိုလက်ထပ်ချင်စိတ် ရှိနေသရွေ့ ဦးလေးအာ့ရှုသဘောတူလာအောင် စည်းရုံးနိုင်မည့်နည်းလမ်းအား ကျိန်းသေပေါက်သူရှာတွေ့နိုင်မည်ပင်။
ဒါကကိစ္စကြီး မဟုတ်ပါဘူး။
"အဘွားယို ကျွန်တော်ထောင်ဟွားကိုပဲ လက်ထပ်မှာပါ၊ဒီတစ်သက် ထောင်ဟွားကလွဲပြီး ဘယ်သူ့ကိုမှလက်မထပ်ချင်ပါဘူး၊ဒီဆုကြေးငွေလေးကို လက်ခံပေးပါနော်၊ဒီနေ့ကူညီပေးခဲ့လို့လဲ ကျေးဇူးတင်ပါတယ်၊နောက်တစ်ခါ တင်တောင်းပစ္စည်းသွားပို့တဲ့အခါကျရင်လဲ အဘွားကိုဒုက္ခထပ်ပေးရဦးမယ်၊ကျွန်တော် ထောင်ဟွားကို လက်ထပ်ခွင့်ရတဲ့အချိန်ကျရင်လဲ အဘွားကိုဆုကြေးငွေအများကြီးထပ်ပေးပါ့မယ်"
အောင်သွယ်တော်ယိုသည် ရှန်းမင်ကိုထပ်မံဖြောင်းဖျချင်သော်လည်း သူသည် ကျိုးထောင်ဟွား၏ပြုစားခြင်းခံထားရသူအလား သူမမှလွဲ၍ မည်သူ့ကိုမှလက်မထပ်ရန် ဆုံးဖြတ်ထားပုံရသည်။သူမစကားများသည် အားပေးစကားများအဖြစ်သာ ပြောင်းလဲသွားလေ၏။
"အဘွား သွားလိုက်ဦးမယ်နော်"