အခန်း (၁၀၉)
Vol. 11 Ch. 109
109
ကျိုးရှန့်အန်းတို့မိသားစုသည် ကျိုးမိသားစု၏အိမ်နီးချင်းများ ဖြစ်ကြသည်။ ရှန်းမင်မှကျိုးထောင်ဟွားကို တင်တောင်းရန်အတွက် ပစ္စည်းများစွာနှင့်ငွေအမြောက်အမြား ပြင်ဆင်ထားကြောင်း ကျိုးရှန့်အန်းသိလိုက်ရသောအခါ သူ အလွန်တရာစိုးရိမ်ပူပန်သွားလေ၏။
ကျိုးအာ့ရှုမှာ နောက်ဆုံးတွင်ငြင်းပယ်လိုက်ပြီး မင်္ဂလာကိစ္စကိုသဘောမတူခဲ့သော်လည်း ကျိုးထောင်ဟွားအားအခြားတစ်ယောက်ယောက် ခေါ်သွားမည်ကို ကျိုးရှန့်အန်း စိုးရိမ်နေဆဲဖြစ်သည်။
"အမေ ညီမထောင်ဟွားကိုတင်တောင်းဖို့ အောင်သွယ်တော်ယိုဆီ အမြန်သွားပြောပေးပါ"
ကျိုးရှန့်အန်း စိုးရိမ်တကြီးဖြင့်တိုက်တွန်းလိုက်သည်။ရှန်းမင်တစ်ယောက် ဤမျှရက်ရောလိမ့်မည်ဟု ကျိန့်ရှီထင်မထားခဲ့မိပေ။ငွေတေးခြောက်ဆယ် ဆိုသည်မှာ နည်းပါးသောပမာဏမဟုတ်ချေ။သို့သော် ထောင်ဟွားကဲ့သို့ချွေးမမျိုးရမည်ဆိုလျှင်တော့ တန်ပါ၏။ကျိန့်ရှီချက်ချင်းသဘောတူလိုက်သည်။
"ကောင်းပြီ အမေအောင်သွယ်တော်ယိုကို အခုပဲသွားရှာလိုက်မယ်၊စိတ်မပူပါနဲ့ အမေက ရှန်းမင်ထက်သာတဲ့အရာတွေကို သေချာပေါက်ပြင်ဆင်ပေးပါ့မယ်"
ခုနလေးတင် ကျိုးအာ့ရှုမှရှန်းမင်ကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်သည်အား သူမမြင်ခဲ့ရရာ ရှန်းမင်ထံတွင် အခွင့်အရေးမရှိတော့ဟု ကောက်ချက်ချလိုက်သည်။ကျိန့်ရှီသည်လည်း မိဘတစ်ယောက်ပင်ဖြစ်ရာ ကျိုးအာ့ရှု၏စိုးရိမ်မှုများကို နားလည်ပေးနိုင်၏။ရှန်းမင်မှာ ထောင်ဟွားထက်အသက်အများကြီး,ကြီးသလို ကူညီပေးမည့်လူကြီးသူမများလည်းမရှိတော့ရာ သူ သေချာပေါက်သဘောတူမည်မဟုတ်ပေ။
သို့သော် သူတို့မိသားစုမှ ရှန့်အန်းမှာမူမတူပေ။ သူသည်ထောင်ဟွားနှင့်ရွယ်တူလောက်ဖြစ်ပြီး တစ်နှစ်သာကြီးသည်။သူမရော ကွမ်ခွင်းပါသက်ရှိထင်ရှားရှိနေပြီး ကျန်းမာရေးလည်းကောင်းမွန်ကြသည်။သူတို့မိသားစုအချင်းချင်းသည်လည်း တစ်ခြံသာခြားသည်ဖြစ်ရာ ကံတရားအရလိုက်ဖက်သောခမည်းခမက်များ ဖြစ်ကြသည်ပင်။
*ဒူ ဒူ ဒူ*
ကျိန့်ရှီ အောင်သွယ်တော်ယိုကိုသွားရှာရန် ပြင်လိုက်စဉ်မှာပင် ရုတ်ချည်းဆိုသလို ရွာထဲ၌မောင်းသံထွက်ပေါ်လာလေသည်။
"ရွာသူရွာသားတို့ အရေးကြီးကိစ္စပြောစရာရှိလို့ ရွာအဝင်ဝမှာလာစုကြပါ "
ရွာလူကြီးသည် မောင်းတီးပြီးအော်ဟစ်ကာ ရွာထဲတွင်လှည့်ပတ်သွားနေသည်။ထိုအသံကိုကြားလိုက်ရသောအခါ ရွာသားတိုင်းသည် အိမ်များ၊လယ်များထဲမှနေ၍ ရွာအဝင်ဝသို့အပြေးအလွှား သွားလိုက်ကြ၏။ထိုအခြေအနေကိုမြင်လိုက်ရသောအခါ ကျိန့်ရှီသည် အောင်သွယ်တော်ယိုထံသွားရှာမည့်ကိစ္စအား ရွှေ့ဆိုင်းလိုက်ရတော့သည်။
မကြာမီ ရွာသားများရွာအဝင်ဝ၌စုဝေးရောက်ရှိနေကြပြီး ရွာလူကြီးစကားပြောမည့်အချိန်ကို စောင့်မျှော်နေကြ၏။ကျိုးထောင်ဟွား ရွာအဝင်ဝသို့ရောက်သွားသောအခါ လူအုပ်ကြားထဲရှိငွေရောင်ဆံပင်နှင့်ရှန်းမင်ကို ချက်ချင်းတွေ့လိုက်ရသည်။ရှန်းမင်လည်း သူမကိုမြင်သွားပြီး သူတို့အကြည့်ချင်းဆုံသွားကြရာ နှစ်ဦးစလုံး၏မျက်ဝန်းများထဲတွင် အပြုံးဖျော့ဖျော့အရိပ်အယောင်များဖြတ်သွားလေ၏။
"ရှန်းမင် မင်းရဲ့မရီးကို ဘယ်လိုထင်လဲ"
ရုတ်တရက်ဆိုသလို မုဆိုးမလေးဖန်းရှီအသံသည် ရှန်းမင်နားထဲသို့ရောက်လာလေသည်။သူငုံ့ကြည့်လိုက်ရာ ဖန်းရှီသည် သူ့ထံညှို့ဓာတ်ပြင်းသောမျက်လုံးများနှင့်အတူ နှုတ်ခမ်းထောင့်၌အပြုံးစစတို့ဖြင့်ကြည့်နေသည်အား တွေ့လိုက်ရ၏။ထို့နောက် သူမသည်ရှန်းမင်နားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာပြီး သူမ၏ပြည့်ဖြိုးသောလက်များဖြင့် သူ့လက်မောင်းကိုလှမ်းကိုင်လိုက်လေသည်။
တတိယလရောက်နေပြီ ဖြစ်သော်လည်း လူတိုင်းမှာဂွမ်းအင်္ကျီထူထူများကို ဝတ်ဆင်ထားကြဆဲပင်။သို့သော် ရွာထဲရှိ အမျိုးသားများအနက် ရှန်းမင်တစ်ယောက်သာ အင်္ကျီထူထူကိုဝတ်ထားသော်လည်း အရပ်ရှည်ရှည် ကြွက်သားများဖြင့် တောင့်တင်းနေသော ခန္ဓာကိုယ်အချိုးအစားပေါ်လွင်နေသူဖြစ်သည်။အင်္ကျီလက်အပြင်ဘက်သို့ ထွက်နေသော သူ့လက်များ၊ရှည်လျားသောလက်ချောင်းများနှင့် ထင်ရှားသော သွေးကြောများသည် ယောက်ျားပီသမှုကို ထုတ်ဖော်ပြသနေ၏။အရေးအကြီးဆုံးအချက်မှာ ရှန်းမင်တစ်ယောက် ဤမျှထိချမ်းသာလိမ့်မည်ဟု သူမထင်မထားခဲ့မိခြင်းပင်။
သူသည် ကျိုးမိသားစုထံ တင်တောင်းဖို့အတွက် ငွေတေးခြောက်ဆယ်နှင့် လက်ဆောင်ပစ္စည်းအများကြီးပြင်ဆင်နိုင်ခဲ့၏။ရှန်းမင်မှာ ချမ်းသာသလို ရက်ရောသူလည်းဖြစ်သည်။ သူတို့သည် ရွယ်တူလောက်သာဖြစ်ပြီး သူမမှာသူ့ထက်တစ်နှစ်တောင် ငယ်သေး၏။သူမသည် မုဆိုးမဖြစ်နေပေသိ ကလေးမမွေးဖူးသေးပေ။ရှန်းမင်သည်တော့ အသက်ဆယ့်ကိုးနှစ်ရှိနေပြီး လူပျိုဖြစ်နေဆဲမို့ သူမကသာသူ့အတွက် ပိုသင့်တော်လေသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ရှန်းမင်သည် ကြောက်မက်ဖွယ်ရာရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ မျက်မှောင်ကြုံ့လိုက်ပြီး ဖန်းရှီနှင့်ဝေးရာသို့ခြေနှစ်လှမ်း ခန့်အမြန်ဆုတ်လိုက်လေ၏။
"မရီးဖန်း ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ"
ရှန်းမင် သတိပေးလိုက်သည်။ဖန်းရှီမှာမူ သူ့စကားကိုဂရုမစိုက်ဘဲ ခါးကိုလှုပ်ယမ်းကာ ဆက်ပြောလာ၏။
"ရှန်းမင် နင်သာငါ့ကိုယူမယ်ဆိုရင် ရှန်းမိသားစုမျိုးဆက်ပြန့်ပွားအောင် ဆူဆူဖြိုးဖြိုးသားလေးနှစ်ယောက် ငါမွေးပေးမယ်လို့ အာမခံတယ်"
ရှန်းမင်မျက်နှာထား ချက်ချင်းအေးစက်သွားသည်။
"မရီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ၊ကျွန်တော်က အဲ့လိုကောင်းချီးမျိုးမလိုချင်ပါဘူး"
ဖန်းရှီ ထိတ်လန့်သွားရသည်။သူမ ဤလောက်ထိကြိုးစားပမ်းစားလုပ်ပြနေသည်ကိုတောင် ရှန်းမင်မှငြင်းပယ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။သူမပြောလိုက်၏။
"နင်က ကျိုးထောင်ဟွားအပေါ်စွဲလမ်းနေတုန်းပဲလား၊သူ့အဖေက သူ့သမီးကို နင့်လို အသက်ကြီးတဲ့သူနဲ့ ပေးစားဖို့ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး၊ငါတို့ကမှ နတ်ဖက်တဲ့ စုံတွဲတွေလေ"
ဖန်းရှီသည် ကျိုးရှန့်ချောင်နှင့်လက်ထပ်ပြီး ခြောက်လအကြာတွင် ရုတ်တရက်ကြီး ထိုလူမှာဖျားနာပြီးသေဆုံးသွားခဲ့သည်။သူတို့လက်ထပ်သည်မှာ ခြောက်လသာရှိသေးရာ ကလေးလည်းမရခဲ့ကြပေ။ကျိုးရှန့်ချောင်ဖခင်တွင် ကျိုးရှန့်ချောင်ဟူသော သားတစ်ယောက်တည်းရှိခဲ့ရာ သူသေဆုံးပြီးနောက်ဖန်းရှီကိုနှင်မချဘဲ သမီးအရင်းကဲ့သို့ဆက်ဆံခဲ့သည်။ဖန်းရှီသည် ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နေရပြီး ယခုကျိုးကျားရွာတစ်ရွာလုံး စီးပွားတက်လာသောအခါ ပို၍ပင်မထွက်ခွာချင်တော့ပေ။
သို့သော် သူမသည် ဆယ့်ငါးနှစ်အရွယ်ကတည်းမှ မုဆိုးမဖြစ်ခဲ့ရပြီး ယခုမုဆိုးမဖြစ်ခဲ့သည်မှာ နှစ်နှစ်ခွဲရှိနေပြီဖြစ်သည်။သူမ တစ်သက်လုံးမုဆိုးမ,မဖြစ်ချင်တော့ပေ။
"ကျွန်တော့်ကိစ္စကို စိတ်မပူပါနဲ့"
ထိုသို့ပြောပြီးနောက် ရှန်းမင်သည် ဖန်းရှီကိုကျော်ဖြတ်ကာ လူအုပ်ရှေ့သို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
"နင်"
ဖန်းရှီ တစ်ခုခုထပ်ပြောချင်သော်လည်း ထိုအချိန်၌ ရှေ့ဆုံးတွင်ရပ်နေသော ရွာလူကြီးမှာ အသံကျယ်ကျယ်ဖြင့်စပြောလာရာ ရှန်းမင်နောက်သို့လိုက်မည့်အစီအစဉ်ကိုလက်လျှော့လိုက်ရသည်။မလှမ်းမကမ်းရှိ ကျိုးထောင်ဟွားသည် ဖန်းရှီမှ ရှန်းမင်ကိုကြည့်နေသော အကြည့်များကို မြင်လိုက်ရ၏။သူမမျက်လုံးများသည် ရှန်းမင်ကိုနှစ်မြှုပ်ပစ်ချင်နေသော စမ်းချောင်းရေကဲ့သို့ ချစ်ခင်စုံမက်မှုများဖြင့်ပြည့်နှက်နေလေသည်။
ကျိုးထောင်ဟွား ချက်ချင်းနှုတ်ခမ်းစူလိုက်မိသည်။ဖန်းရှီက ရှန်းမင်ကို ဖြားယောင်းဖို့ကြိုးစားနေတာလား။
သောက်ကျိုးနည်း
သို့သော် ရှန်းမင်မှဖန်းရှီနှင့်ခပ်ခွာခွာနေသည်ကို မြင်လိုက်ရသောအခါ ကျိုးထောင်ဟွားနှုတ်ခမ်းများ အလိုလိုကော့တက်သွားလေသည်။
သူက တော်တော်ပါးနပ်တာပဲ
လူအုပ်ရှေ့တွင် ခုံတန်းရှည်ပေါ် ရပ်နေသော ရွာလူကြီးမှာအသံကျယ်ကျယ်ဖြင့်ကြေညာလာသည်။
"ဒီနေ့ လူတိုင်းကို ဒီမှာစုဝေးခိုင်းတာက အရေးကြီးတဲ့ကိစ္စတစ်ခု ပြောပြချင်လို့ပါ၊ထောင်ဟွား တွက်ချက်ကြည့်တာ နောက်သုံးလနေရင် နွေရာသီမှာ မိုးသည်းကြီးမည်းကြီးရွာတာတွေကြောင့် အနီးကတောင်တန်းတွေမှာ မြေပြိုတာတွေ၊ရွှံ့ခဲပြိုကျတာတွေ ဖြစ်လာလိမ့်မယ်တဲ့၊ဒီမြေပြိုတာနဲ့ရွှံ့ခဲပြိုကျတာတွေကြောင့် ငါတို့ရွာပျက်စီးမယ့် ဘေးအန္တရာယ်မကျရောက်စေဖို့အတွက် ရွာခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးဆုံးဖြတ်လိုက်တာက ရွာထဲကအိမ်ထောင်စုတိုင်း လူတစ်ယောက် စေလွှတ်ပြီး ရေကာတာဆောက်ဖို့နဲ့ တောင်စောင်းကာကွယ်ရေးတံတိုင်းဆောက်တာတွေကို မပြီးမချင်းပါဝင်လုပ်ဆောင်ပေးရမယ်"
နေ့တိုင်းလား
တစ်အိမ်တစ်ယောက်ပေါ့လေ။
ရွာလူကြီးစကားဆုံးသည်နှင့် ရွာသားများကြား တီးတိုးသံများထွက်ပေါ်လာသည်။မိသားစုဝင်များသောသူများအတွက် ပြဿနာမဟုတ်သော်လည်း မိသားစုဝင်နည်းသောသူများအတွက်မူ နောက်သုံးလတာအတွင်း သူတို့မိသားစုတွင် ယောင်္ကျားသားတစ်ယောက် လျော့နည်းသွားမည်ဟုဆိုလိုခြင်းဖြစ်၏။မိသားစုဝင်နည်းသော ရွာသားများ၏မျက်နှာတွင် စိုးရိမ်မှုများပေါ်လာတော့သည်။
ကျိုးရှန့်လင်မျက်နှာထားလည်း တင်းမာသွားသည်။အကြောင်းမှာ သူသည်တစ်ယောက်တည်း နေထိုင်သူဖြစ်သောကြောင့်ပင်။ထို့ကြောင့် သူသည် နောက်သုံးလလုံးလုံး ဆောက်လုပ်ရေးစီမံကိန်းတွင်ပါဝင်ရန် တောင်ပေါ်သို့သွားရမည်ဖြစ်သော်လည်း သူ့တွင်ဂရုစိုက်ရမည့်ဆေးပင်စိုက်ခင်း လေးမူရှိနေသေးသည်။
သူ့အမေဖြစ်သူ နှင်းမုန်တိုင်းကျစဥ်၌ ဆုံးပါးသွားပြီးနောက်မှ သူစိုက်ပျိုးထားသော ဆေးပင်စိုက်ခင်းဖြစ်ပြီး ယခုအခါ ဆေးပင်များကိုရိတ်သိမ်းပြီး ရောင်းချနိုင်တော့မည်ဖြစ်သော်လည်း တောင်စောင်းကာကွယ်ရေးတံတိုင်း သွားဆောက်ရတော့မည်။ကျိုးရှန့်လင် မျက်မှောင်အနည်းငယ်ကြုံ့လိုက်မိကာ မကျေမနပ်ဖြစ်သွားရသည်။သူ့အကြည့်များသည် ရှေ့ဆုံး၌ရပ်နေသော ရှန်းမင်ထံသို့မသိစိတ်ဖြင့် ရောက်သွားတော့၏။ရှန်းမင်သည် ရွာထဲတွင်တစ်ယောက်တည်း နေထိုင်သော အခြားတစ်ယောက်ဖြစ်သည်။
ရှန်းမင်မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေပြီး တိတ်ဆိတ်စွာပင်ရပ်နေကာ အခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။ကျိုးရှန့်လင် အကြည့်လွှဲလိုက်သည်။တစ်ကယ်လို့ ရှန်းမင်တောင်အဖြေရှာနိုင်ရင် သူလည်းသေချာပေါက် ရှာနိုင်မှာပါ။အခြား မိသားစုဝင်နည်းသော ရွာသားများလည်း မကျေနပ်ချက်များကိုတီးတိုးပြောဆိုနေကြသော်လည်း မည်သူမျှအသံကျယ်ကျယ်ဖြင့်ထုတ်မပြောရဲကြပေ။
ရုတ်တရက် မုဆိုးမဖန်းမှာ အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
"ရွာလူကြီး ကျွန်မတို့အိမ်မှာ လူသုံးယောက်ပဲရှိတာလေ၊ယောက္ခမနှစ်ယောက်နဲ့ မုဆိုးမဖြစ်တဲ့ကျွန်မရယ်ပဲ၊ကျွန်မ ယောက္ခမကြီးနဲ့ ကျွန်မကတောင်စောင်းကာကွယ်ရေးတံတိုင်း သွားဆောက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ကျွန်မ ယောက္ခမထီးပဲ သွားလို့ရမှာလေ၊ဒါပေမယ့် သူကမိသားစုမှာစီးပွားရှာနေတဲ့သူပဲဟာ တစ်ကယ်လို့ သူတံတိုင်းသွားဆောက်ရင် ကျွန်မတို့ရဲ့ဆေးပင်တွေကို ရိတ်သိမ်းဖို့ လူတစ်ယောက်လိုနေမှာပေါ့"
ရွာလူကြီးမှာ သူမစကားကိုကြားသည်နှင့် စိတ်မရှည်ဟန်ဖြင့်ပြန်ပြောလိုက်သည်။
"မြေပြိုတာနဲ့ရွှံ့ခဲပြိုကျတာတွေဖြစ်လာတဲ့ထိစောင့်ရင်း ညည်းကဆေးပင်တွေရောင်းပြီးပိုက်ဆံရချင်နေတုန်းပဲလား၊ရွာထဲက ဆေးပင်တွေအကုန်လုံးကုန်သွားမှာ၊ငါတို့အသစ်ဆောက်ထားတဲ့ အိမ်တွေတောင်ပါသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရွာလူကြီးသည် မုဆိုးမဖန်းကို ငတုံးတစ်ယောက်အားကြည့်သလို ကြည့်လိုက်သည်။မုဆိုးမဖန်းမှာ မကျေမနပ်ဖြင့်ပြန်မေးလိုက်၏။
"ကျိုးထောင်ဟွားပြောတာကမှန်လို့လား"