အခန်း (၁၁၀)
Vol. 11 Ch. 110
110
"ကျွန်မတို့ရွာကို တောင်တွေဘယ်လောက်ဝိုင်းထားလဲဆိုတာ ရွာလူကြီးမမြင်ဖူးဘူးလား၊ဒီလောက်အများကြီးကို ဘယ်လောက်ကြာကြာဆောက်ရမှာလဲ၊သုံးလ မပြောနဲ့ သုံးနှစ်နေရင်တောင်ပြီးမှာမဟုတ်ဘူး၊အဲ့အချိန်ရောက်ရင်လည်း မြေပြိုတာနဲ့ရွှံ့ခဲပြိုကျတာတွေက ဖြစ်လာမှာပဲ၊ကျွန်မတို့ရဲ့ဆေးပင်စိုက်ခင်းတွေနဲ့ အိမ်တွေဆိုတာလဲပါသွားဦးမှာလေ၊ဒါက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား"
ကျိုးထောင်ဟွားသည် မုဆိုးမဖန်းထံမှ နက်ရှိုင်းသောရန်လိုမှုများကို အာရုံခံမိလိုက်ပြီး သူမဆီမှမနာလိုဝန်တိုသည့်အနီရောင်အငွေ့အသက်များ ထွက်ပေါ်နေသည်ကိုမြင်လိုက်ရသည်။သူမ ဘာကို မနာလိုဖြစ်နေမှန်း ကျိုးထောင်ဟွားမသိသော်လည်း ဤကဲ့သို့စော်ကားပြောဆိုမှုမျိုးကို သည်းခံနေမည်မဟုတ်ပေ။
အကယ်၍ ကျိုးကျားရွာကိုဝန်းရံထားသော တောင်များအားလုံးတွင်သာ မြေပြိုခြင်းနှင့်ရွှံ့ခဲပြိုကျခြင်းများဖြစ်ပေါ်လာပါက လူအင်အားတစ်ရာကျော်မျှဖြင့် သုံးလအတွင်းတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန်မဖြစ်နိုင်သည်မှာ အမှန်ပင်။ထို့ကြောင့် သူမသည် နောက်ပိုင်းတွင်ကျိုးကျားရွာ၏လူအင်အားကို တိတိကျကျအသုံးပြုနိုင်ရန်အတွက် သူမ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး နောက်ထပ်တိကျသောတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
နောက်ဆုံးတွင် သူမ၏ဝိညာဉ်စွမ်းအင်များ အကုန်အစင်သုံးစွဲလိုက်ရပြီး မြေပြိုမှုများသည် သုန်းသုန်းတောင်နှင့်ကွမ်းကွမ်းတောင်တို့တွင်သာ ဖြစ်ပွားမည်ဖြစ်ကြောင်းတွက်ချက်ရရှိခဲ့၏။ကျိုးထောင်ဟွား စကားမပြောနိုင်သေးခင်မှာပင် ရွာလူကြီးမှာ သူမဘက်မှနေ ကာပြောပေးလိုက်လေသည်။
"ထောင်ဟွားရဲ့ပညာက ထိပ်တန်းပဲလေ၊ဘယ်လိုလုပ် လွဲမှားနိုင်မှာလဲ၊တစ်ကယ်လို့သာမမှန်ခဲ့ရင် ညည်းတို့တွေအစောကြီးကတည်းက အေးခဲပြီးသေကုန်ကြလောက်ပြီ၊ညည်းတို့ရဲ့ဆယ်မူလောက်ရှိတဲ့ ဆေးပင်တွေလည်းပျက်စီးကုန်လောက်ပြီ၊ဘယ်တောင်တွေမှာ တောင်စောင်းကာကွယ်ရေး စီမံကိန်းတွေ လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ထောင်ဟွားကငါ့ကို အတိအကျပြောပြထားပြီးသားပါ၊သုန်းသုန်းတောင်နဲ့ကွမ်းကွမ်းတောင်တို့တွက် ကာကွယ်ရေးတံတိုင်းတွေကို တိတိကျကျတည်ဆောက်သွားမှာမလို့ ငါတို့ရွာရဲ့ဆေးပင်တွေနဲ့ အိမ်တွေကိုကာကွယ်ပေးနိုင်မှာ သေချာပါတယ်"
စီမံကိန်းသည် သုန်းသုန်းတောင်နှင့်ကွမ်းကွမ်းတောင်တို့နှင့်သာ သက်ဆိုင်ကြောင်း ကြားလိုက်ရသောအခါ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။အဘွားစွင်းသည် ကျိုးထောင်ဟွားမှ ရွာတစ်ရွာလုံးကို နောက်တစ်ကြိမ်ကူညီပေးလိုက်ကြောင်းကြားလိုက်ရသဖြင့် ဂုဏ်ယူဝင့်ကြွားစွာပြောဆိုလိုက်၏။
"ငါ့ထောင်ဟွားက တော်လိုက်တာ၊သုံးလလောက်ကြိုပြီးတောင် ဟောကိန်းထုတ်နိုင်တယ်"
အဘိုးရှန်ဖျင်လည်း ခေါင်းကိုတဆတ်ဆတ်ငြိမ့်ရင်း ပြောလိုက်၏။
"ငါတို့ရွာက သဘာဝဘေးအန္တရာယ်ကြီးနှစ်ခုကို ကြီးကြီးမားမားထိခိုက်မှုမရှိဘဲ ကျော်လွှားနိုင်ခဲ့တာ ထောင်ဟွားကြောင့်ပဲ၊ဒီတစ်ခေါက်လဲ ဘေးကင်းကင်းနဲ့ကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
ကျိုးရှန့်အန်းသည် ကျိုးထောင်ဟွားထံ လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ရင်းချီးကျူးလိုက်၏။
"ညီမထောင်ဟွားက တစ်ကယ်တော်တာပဲ"
မုဆိုးမဖန်းသည် လူတိုင်းမှာကျိုးထောင်ဟွားကိုဝိုင်းဝန်းချီးကျူးနေကြသည်အား ကြားလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားလေသည်။ကျိုးထောင်ဟွားက တောင်တန်းတွေထဲ ဘယ်တောင်မှာ မြေပြိုမလဲ၊ရွှံ့ခဲပြိုမလဲဆိုတာကိုပါ ကြိုပြီးဟောကိန်းထုတ်နိုင်လောက်အောင်ထိ စွမ်းဆောင်ရည်ရှိလိမ့်မယ်လို့ ငါတော့မထင်ပါဘူး။
ကျိုးထောင်ဟွားမှ တစ်ရွာလုံး၏အာရုံစိုက်မှုကိုရရှိသွားခြင်းသည် တစ်ကယ်ကိုဒေါသထွက်စရာကောင်းလှသည်။အဆိုးဆုံးမှာ သူမရှန်းမင်ထံလှမ်းကြည့်လိုက်ရာ သူ့အကြည့်များသည် အခြားမည်သူ့ကိုမှမမြင်သည့်အလား ကျိုးထောင်ဟွားတစ်ယောက်တည်းအပေါ်၌သာ စူးစိုက်ထားသည်ကို သတိထားမိလိုက်ခြင်းပင်ဖြစ်၏။ကျိုးထောင်ဟွားလို အရွယ်မရောက်တရောက် ကောင်မလေးတစ်ယောက်ထံတွင် မည်သည့်ကောင်းသောအရာများရှိနေသည်ကို သူမနားမလည်နိုင်အောင် ဖြစ်နေရသည်။အချိုးအစားကျပြီး ပြည့်ဖြိုးလှပသော သူမနှင့်ယှဉ်လိုက်လျှင် ကွာခြားလှပေ၏။
ညှို့ဓာတ်ပြင်းသောအမျိုးသမီးတစ်ယောက်သည်သာ ပိုပြီးဆွဲဆောင်မှုရှိလေသည်။ပိန်ပိန်ပါးပါး သေးသေးကွေးကွေးလေးဖြစ်နေသော ကျိုးထောင်ဟွားမှာ ဘာများကောင်းနေပါသနည်း။ရုတ်ချည်းဆိုသလို ကျိုးရှန့်အန်းလည်း ကျိုးထောင်ဟွားကို စူးစိုက်ကြည့်နေသည်အား သူမ တွေ့လိုက်ရသည်။အတွေ့အကြုံရှိသူတစ်ယောက်အနေဖြင့် သူ့မျက်လုံးထဲရှိပြင်းပြသောဆန္ဒနှင့် ပျော်ရွှင်မှုများကို သူမ ဘယ်လိုလုပ်မမြင်ဘဲနေနိုင်ပါမည်နည်း။ကောက်ကျစ်သောအတွေးတစ်ခုမှာ သူမခေါင်းထဲဝင်လာပြီး ပြောလိုက်၏။
"ရှန့်အန်း မင်းကဒီနှစ်ဆိုဆယ့်ခြောက်နှစ်ရှိပြီလေ အိမ်ထောင်မပြုသေးဘူးလား၊အစ်မအမြင်တော့ မင်းနဲ့ထောင်ဟွားက တော်တော်လေးလိုက်ဖက်ကြပါတယ်၊မင်းတို့က ရွယ်တူတွေဖြစ်သလို အိမ်နီးချင်းတွေလဲဖြစ်နေတာဆိုတော့ အတူတူကြီးပြင်းလာကြတဲ့ ငယ်ချစ်ဦးတွေပဲလေ"
ကျိုးရှန့်အန်းသည် ကျိုးထောင်ဟွားကိုသဘောကျနေပြီးဖြစ်ရာ မုဆိုးမဖန်းစကားကိုကြားလိုက်ရသည်နှင့် ရှက်ရွံ့မှုကြောင့် ပါးပြင်များချက်ချင်းနီရဲလာလေသည်။သူသည် ကျိုးထောင်ဟွားရှိရာဘက်သို့ တိတ်တဆိတ်လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။
"အဲဒါက ထောင်ဟွားရဲ့ဆန္ဒပေါ်ပဲ မူတည်ပါတယ်၊သူကအရမ်းထူးချွန်တော့ သူ့ကို သဘောကျတဲ့သူတွေ အများကြီးလေ၊ဒီရက်ပိုင်း အောင်သွယ်တော်ယိုတောင် သူ့အိမ်တံခါးပေါက်ကနေ ခြေရာမပြတ်ဘူး"
အထူးသဖြင့် ယနေ့ရှန်းမင်မှာ အောင်သွယ်တော်ယိုထံမှနေ ငွေတေး ခြောက်ဆယ်ပေးပြီး ကျိုးမိသားစုထံ လွှတ်လိုက်ကြောင်းသိရသောအခါ သူ အလွန်ထိတ်လန့်သွားခဲ့ရသည်။ရှန်းမင်မှ အောင်သွယ်တော်ယိုအား တန်းပြီးတင်တောင်းခိုင်းလိုက်မှန်း သိလိုက်ရသဖြင့် ထောင်ဟွားမှာ ရှန်းမင်၏ကမ်းလှမ်းချက်ကို လက်ခံလိုက်မည်အား သူစိုးရိမ်ခဲ့၏။
ကံကောင်းစွာပင် ဦးလေးအာ့ရှုမှ ရှန်းမင်၏ကမ်းလှမ်းချက်ကို နောက်ဆုံးတွင် ငြင်းပယ်လိုက်သဖြင့် ထောင်ဟွားတစ်ယောက် ရှန်းမင်နှင့်လက်မထပ်ဖြစ်လိုက်ခြင်းဖြစ်သည်။ခဏနေ ရွာလူကြီး၏အစည်းအဝေးပြီးသည်နှင့် သူ့အမေအား အောင်သွယ်တော်ယိုထံသွားတွေ့စေကာ ကျိုးမိသားစုထံကမ်းလှမ်းဖို့ဆွေးနွေးခိုင်းမည်ပင်။ထူးကဲသောအကြားအာရုံပိုင်ဆိုင်ထားသည့် ရှန်းမင်မှာ မုဆိုးမဖန်းမှ ကျိုးရှန့်အန်းအားပြောနေသည့်စကားများကို ကြားလိုက်ရရာ သူ့မျက်နှာထားသည် ချက်ချင်းအုံ့မှိုင်းသွားတော့၏။
သူ အမြန်ဆုံးလှုပ်ရှားပြီး ဦးလေးအာ့ရှု၏သဘောတူညီချက်ရအောင်လုပ်မှ ဖြစ်မည်။ထိုသို့မဟုတ်ပါက ကျိုးရှန့်အန်းသည် ထောင်ဟွားကိုတစ်ကယ်လုယူသွားနိုင်ပေသည်။ရှန်းမင်မျက်လုံးထဲတွင် ကျိုးရှန့်အန်းသည် အမြဲတစေကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးဖြစ်၏။သူသည် ရှန်းမင်ထက်ငယ်ရွယ်သလို ထောင်ဟွားနှင့်လည်း ပိုရင်းနှီးပြီး မိသားစုနောက်ခံအခြေအနေလည်း ပိုကောင်းသည်။
ထို့အပြင် ဦးလေးအာ့ရှုနှင့် အဒေါ်ကျိန့်တို့ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေသဖြင့် ဦးလေးအာ့ရှုမှာ ကျိုးရှန့်အန်းကိုပိုသဘောကျလောက်၏။ရွာလူကြီး စကားပြောပြီးသည်နှင့် ကျိုးထောင်ဟွားသည် ကျိုးအာ့ရှု၊ချမ်ရှီတို့နှင့်တိုင်ပင်ပြီး တောင်စောင်းကာကွယ်ရေး စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် သူတို့မိသားစုမှလူသန်ကြီးကိုစေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
လူသန်ကြီးသည် သန်မာပြီးစွမ်းအားကြီးမားသဖြင့် ဤအလုပ်အတွက် အလွန်သင့်တော်ပြီး ကျိုးအာ့ရှုတောင်ပေါ်တက်ရမည့် ဒုက္ခမှလည်းသက်သာစေမည်ပင်။ကျိုးအာ့ရှုပြောလိုက်သည်။
"ကောင်းပြီလေ လူသန်ကြီးကိုပဲရွေးလိုက်ကြတာပေါ့၊အဖေ ရွာလူကြီးဆီသွားပြီး စာရင်းပေးလိုက်မယ်"
ရွာလူကြီးထံစာရင်းပေးသွင်းပြီးနောက် လူတိုင်းပြန်နိုင်ကြပြီပင်။ကျိုးကွမ်ကုန်းမှ စာရင်းပေးရန်ပြင်နေသည်ကိုမြင်သောအခါ မုဆိုးမဖန်းသည်သူ့ကိုဆွဲထားပြီး လေသံတိုးတိုးဖြင့်သတိပေးလိုက်၏။
"အဖေ လူတိုင်းကတောင်စောင်းကာကွယ်ရေးတံတိုင်းဆောက်ဖို့ သွားကြမှာလေ၊အဖေမပါလဲ ဘာမှမဖြစ်ပါဘူး၊ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူးလေ"
ရိုးသားပြီးတာဝန်ကျေပွန်သော ကျိုးကွမ်ကုန်းသည် မုဆိုးမဖန်းစကားကို ကြားလိုက်ရသောအခါ ကသိကအောက်ဖြစ်သွားရသည်။
"အဆင်ပြေပါ့မလား"
ကျိုးကွမ်ကုန်းသည် လူတိုင်းမှာရွာလူကြီးရှေ့တွင် စာရင်းပေးနေကြသည်အားကြည့်ရင်း အပြစ်ရှိစိတ်ဖြင့်မေးလိုက်သည်။ခယ့်ရှီလည်း အပြစ်ရှိစိတ်ခံစားနေရ၏။လင်မယားနှစ်ယောက်စလုံးမှာ ဤကဲ့သို့လိမ်ညာမှုမျိုးကို တစ်ခါမှမလုပ်ဖူးခဲ့ကြပေ။မုဆိုးမဖန်းသည် ရွာလူကြီးနားတွင်ရပ်နေကြသော ရွာသားများထံတစ်ချက်ကြည့်လိုက်ပြီး ကျိုးကွမ်ကုန်းနှင့်သူ့ဇနီးထံ တိုးတိုးလေးပြောလိုက်သည်။
"သေချာပေါက် အဆင်ပြေမှာပေါ့၊ဘာလို့ အဆင်မပြေရမှာလဲ၊အချို့မိသားစုဝင်များတဲ့အိမ်တွေဆိုရင် တစ်ယောက်မကစာရင်းပေးကြမှာလေ၊သူတို့က အလှည့်ကျ လုပ်ကြမှာမလား၊ရွာလူကြီးက စာရွက်ပေါ်မှာနာမည်တွေသာ အများကြီးမြင်ရရင် မျက်စိရှုပ်ပြီး ကျွန်မတို့ထဲကတစ်ယောက်လိုနေတာကို သတိထားမိမှာတောင်မဟုတ်ဘူး"
ကျိုးကွမ်ကုန်းနှင့်သူ့ဇနီးကို ပြန်ပြောခွင့်ပင်မပေးဘဲ မုဆိုးမပန်းသည် သူတို့ကိုဆွဲခေါ်သွားလေတော့သည်။ကျိုးရှန့်လင်သည် ရှန်းမင်နောက်မှလိုက်လာပြီး ရှန်းမင်မှရွာလူကြီးထံ စာရင်းပေးပြီးသည်နှင့် သူလည်း ကပ်လျက်ပင်စာရင်းပေးလိုက်၏။ရှန်းမင် ထွက်သွားတော့မည့်ဆဲဆဲတွင် သူအမြန်ရှေ့တိုးသွားပြီးလှမ်းခေါ်လိုက်သည်။
"ရှန်းမင်"
ရှန်းမင် လှည့်ကြည့်လိုက်ရာ ကျိုးရှန့်လင် ဖြစ်နေသည်ကိုတွေ့၍မေးလိုက်၏။
"မင်း ငါ့ကို ပြောစရာရှိလို့လား"
သူသည် ပုံမှန်အားဖြင့်ကျိုးရှန့်လင်နှင့် သိပ်စကားမပြောဖြစ်ပေ။ရွာလမ်းမပေါ်တွင်တွေ့လျှင် ခေါင်းငြိမ့်နှုတ်ဆက်ရုံသာ ရှိပြီး စကားပြောဖြစ်ခဲသည်။ယခင်ကဆိုလျှင် ကျိုးရှန့်လင်မှာတစ်နေကုန်အလုပ်မလုပ်ဘဲ လယ်ထဲမှရသည့်မပြောပလောက်သော သီးနှံလေးများနှင့်သာရောင့်ရဲပြီး နေထိုင်တတ်သူမို့ သူအထင်သေးခဲ့ဖူး၏။
သို့သော် နှင်းမုန်တိုင်းကာလတွင် အမိုးပြိုကျပြီး ကျိုးရှန့်လင်၏မိခင်သေဆုံးသွားပြီးနောက်ပိုင်း ကျိုးရှန့်လင်သည် လူသစ်တစ်ယောက်အလားပြောင်းလဲသွားခဲ့သည်။သူသည် ဝီရိယရှိရှိဖြင့်အလုပ်ကြိုးစားလာသလို ညီမထောင်ဟွားပြောသမျှကိုလည်း ယုံကြည်လာခဲ့၏။နောက်ပိုင်းတွင် ညီမထောင်ဟွားမှ မိုးသီးမုန်တိုင်းကျပြီး အပူချိန်ထိုးကျမည်ဟုပြောသောအခါ ကျိုးရှန့်လင်သည် သူမပြောသည့်အတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့သည်။
"ရှန်းမင် ငါမင်းကို တစ်ခုလောက်မေးချင်လို့၊တောင်စောင်းကာကွယ်ရေးစီမံကိန်းမှာ မင်းပါမယ်ဆိုတော့ မင်းရဲ့ဆေးပင်စိုက်ခင်း ငါးမူကိုရောဘယ်လိုလုပ်မလဲ၊ဘယ်သူက ဆေးပင်ခူးပြီး ဘယ်သူကစီမံခန့်ခွဲပေးမှာလဲ"
ဒါ မေးချင်လို့ကိုး။ရှန်းမင်ပြန်ဖြေလိုက်၏။
"ငါကဆေးပင်ခူးဖို့ လူငှားလိုက်မှာ ပြီးတော့ ညီမထောင်ဟွားကို အားတဲ့အချိန်ကျရင် လာကြည့်ပေးဖို့အကူအညီတောင်းထားတယ်"
ကျိုးရှန့်လင်၏ရှုပ်ထွေးနေသောစိတ်များမှာ ရုတ်တရက်ရှင်းလင်းသွားတော့သည်။သူ ချက်ချင်းပြုံးလိုက်ပြီးပြောလာ၏။
"ကျေးဇူးပဲကွာ ရှန်းမင် ငါဘာလုပ်ရမလဲဆိုတာသိပြီ"
သူ့မိသားစုရဲ့ဆေးပင်စိုက်ခင်းအတွက် ဆေးပင်ခူးဖို့လူငှားလို့ရတာပဲ။ပြီးတော့ ရွာထဲက တစ်ယောက်ယောက်ကို ကူကြည့်ပေးဖို့ အကူအညီတောင်းရမယ်။
ဒါပေမယ့်.....
ဘယ်သူ့ကို ရွေးရမလဲ။
သူ့မြင်ကွင်းထဲတွင် ကျိုးလျန်ဟွားကိုမြင်ယောင်သွားပြီး အပြစ်ရှိစိတ်လှိုင်းလုံးကြီးတစ်ခု သူ့ရင်ထဲဝင်ဆောင့်လာလေတော့သည်။