← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

111

​အကယ်၍သာ မနာလိုဝန်တိုစိတ်ဖြင့် ရွာထဲရော ရွာပြင်မှာပါ သူမထံတွင်မကောင်းသော ရည်ရွယ်ချက်များရှိသည်ဟု ကောလာဟလများအား သူဖြန့်ပြီး သူမဂုဏ်သိက္ခာကို မဖျက်ဆီးခဲ့လျှင် ယခုအချိန်ထိ လက်မထပ်နိုင်ဘဲဖြစ်နေမည် မဟုတ်ပေ။ ကျိုးလျန်ဟွားရှိရာသို့ သူသွားမေးလိုက်သည်။

"လျန်ဟွား ပိုက်ဆံရှာချင်လား"

​ကျိုးလျန်ဟွားက သူ့ထံသံသယဖြင့် ကြည့်လာပြီးပြောလိုက်သည်။

"အစ်ကိုရှန့်လင် အစ်ကို့မှာပိုက်ဆံရှာဖို့ နည်းလမ်းရှိလို့လား၊ဒါပေမယ့် ညီမက မိသားစုအတွက် ဆေးပင်တွေလိုက်ခူးပေးရဦးမှာ၊အခြားပိုက်ဆံရှာဖို့အချိန်ရပါ့မလားမသိဘူး"

​သူမသည် ဒီတစ်သက်အိမ်ထောင်ပြုနိုင်တော့မည်မဟုတ်ဘဲ အိမ်မှာတင်အပျိုကြီးလုပ်ရတော့မည်ဖြစ်သည်။ ​ထို့ကြောင့် သူမတန်ဖိုးကို သက်သေပြနိုင်ရန် မိသားစုအတွက်ဆေးပင်များအား များနိုင်သမျှများများခူးဆွတ်ပေးရပေမည်။

​"အချိန်အများကြီး ပေးစရာမလိုပါဘူး၊ညီမ သိတဲ့အတိုင်းပဲလေ အစ်ကိုက တစ်ယောက်တည်းနေပေမယ့် နောက်ကျရင် တောင်စောင်းကာကွယ်ရေးစီမံကိန်း သွားဆောက်ဖို့ တောင်ပေါ်တက်ရတော့မှာ၊အစ်ကို့မိသားစုရဲ့ဆေးပင်တွေကိုခူးဖို့အတွက် အလုပ်သမားတွေငှားလို့ရပေမယ့် သူတို့ဘယ်လောက်ကောင်းကောင်း လုပ်လဲနဲ့ တစ်နေ့ဘယ်လောက်ခူးပြီးပြီလဲ ဆိုတာတွေကို စစ်ဆေးကြည့်ပေးဖို့ ယုံကြည်ရတဲ့သူတစ်ယောက်လိုနေလို့ပါ"

ကျိုးရှန့်လင် ရှင်းပြလိုက်သည်။ ​ကျိုးလျန်ဟွား သူမကိုယ်သူမလက်ညှိုးပြန်ထိုးပြပြီး မေးလိုက်သည်။

"အစ်ကိုက ညီမကိုခဏကူကြည့်ပေးစေချင်တာလား"

​ကျိုးရှန့်လင် ခေါင်းငြိမ့်ပြကာကမ်းလှမ်းလိုက်သည်။

"ဟုတ်တယ် သူတို့ခူးပြီးသန့်ပြီးလို့ မြို့ထဲသွားရောင်းတဲ့အခါကျရင် အလေးချိန်,ချိန်တာကိုကြည့်ပေးပြီး ရောင်းလို့ရတဲ့ပိုက်ဆံကို သိမ်းထားပေးပါလား၊တစ်နေ့ကို ဆယ်ပြားပေးမယ်လေ ဘယ်လိုလဲ"

​ကျိုးလျန်ဟွားသည် အလုပ်မရှုပ်လှဟုတွေးမိသဖြင့် သဘောတူရန်ပြင်လိုက်သော်လည်း ကျိုးရှန့်လင်မှပိုက်ဆံအများကြီးပေးမည်ဟုပြောလာသဖြင့် အံ့သြသွားရ၏။ ​သူမအမြန်ငြင်းပယ်လိုက်သည်။

"မဖြစ်ပါဘူး မဖြစ်ပါဘူး၊ဆယ်ပြားကများလွန်းပါတယ်"

​ရွာထဲ၌ဆေးပင်ခူးဖို့လူငှားလျှင်တောင် တစ်နေ့မှပြားနှစ်ဆယ်သာပေးလေသည်။ ​သူမမှာခဏတဖြုတ်ဝင်ကြည့်ပေးရုံသာရှိပြီး ဘာမှပင်ပင်ပန်းပန်းလုပ်ရသည်လည်းမဟုတ်ပါဘဲနှင့် ဆယ်ပြား တောင်းဖို့ဆိုသည်မှာ လောဘကြီးလွန်းရာရောက်နေသည်။ ထို့ပြင် ကျိုးရှန့်လင်၏မိသားစုမှာလည်း ပြေလည်လှသည်မဟုတ်ပေ။ ​ရွာတစ်ရွာလုံးတွင်သူ့အိမ်တစ်ခုလုံးသာ အုတ်အိမ်မဆောက်နိုင်သေးဘဲ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ ​သူ့အသက်မှာ နှစ်ဆယ်ရှိနေပြီဖြစ်ကာ ငယ်တော့သည်မဟုတ်၍ မင်္ဂလာဆောင်ဖို့အတွက်ပိုက်ဆံစုသင့်လေ၏။

​"မများပါဘူး တစ်ကယ်လို့ညီမသာ ကူမကြည့်ပေးရင် သူတို့က ကလိမ်ကျပြီး ဆေးပင်တွေကိုခိုးဝှက်ထားကြလိမ့်မယ်၊ဒါဆိုရင် အစ်ကိုက နေ့တိုင်းပိုက်ဆံအများကြီးဆုံးရှုံးရမှာလေ"

​ကျိုးရှန့်လင် သူမကိုအမြန်ဖျောင်းဖျလိုက်သည်။ ​ကျိုးလျန်ဟွားတစ်ယောက် ပိုက်ဆံလက်ခံရန်သဘောတူမှသာ သူမအပေါ်ထားရှိသော သူ့အပြစ်ရှိစိတ်များ လျော့ပါးသွားနိုင်မည်ဖြစ်၏။ ​ကျိုးရှန့်လင်မှ ဇွတ်အတင်းပြောဆိုနေသဖြင့် ကျိုးလျန်ဟွားလည်း သဘောတူလိုက်ရတော့သည်။ ​တိုက်ဆိုင်သည်မှာ သူမလည်းပိုက်ဆံလိုနေ၏။ ​ကိုယ့်ပိုက်ဆံ ကိုယ်ရှာထားနိုင်လျှင် ဘယ်လိုဖြစ်ဖြစ်ပိုအဆင်ပြေလာမည်ပင်။

​ကျိုးထောင်ဟွား အိမ်ပြန်ရောက်ပြီးမကြာမီမှာပင် သူမတို့ခြံဝင်းတံခါးကိုလာခေါက်သံ ကြားလိုက်ရသည်။ထိုသူမှာ အခြားသူမဟုတ် ရှန်းမင်ဖြစ်နေ၏။ ​မှိုနတ်ဆိုးမှာရှန်းမင်ကိုမြင်လိုက်သည်နှင့်စိတ်ထဲအတွေးတစ်ချက်ပေါ်လာ‌တော့သည်။

*ဒီလူက ဇွဲကောင်းပြီးအရှက်မရှိလိုက်တာ။ဒီနေ့မှာတင် သူ့ယောက္ခထီးလောင်းရဲ့အငြင်းခံထားရတာကိုတောင် အခုတံခါးလာခေါက်ရဲသေးတယ်ပေါ့လေ*

​သို့သော် ကျိုးအာ့ရှုမှာ သူမသခင်မလေးနှင့် သူ့မင်္ဂလာကိစ္စကို ကန့်ကွက်ထားသော်လည်း သခင်မလေးမှာတော့အရင်ကတည်းမှ သဘောတူထားပြီးသားဖြစ်သည်။​ရှန်းမင်မှပြောလာ၏။

"ညီမထောင်ဟွား အစ်ကိုအကူအညီတစ်ခုလောက် တောင်းချင်လို့ပါ၊နေ့တိုင်းညီမရဲ့ အချိန်နည်းနည်းလောက်ပေးပြီး အစ်ကို့ရဲ့ဆေးပင်စိုက်ခင်းကို သွားစစ်ဆေးပေးလို့ရမလား၊အလုပ်သမားတွေ ဘယ်လောက်ခူးပြီးပြီဆိုတာလဲ ကြည့်ပေးဦးနော်၊သူတို့ မြို့ထဲသွားရောင်းပြီးရင် ရတဲ့ပိုက်ဆံတွေအကုန်လုံး ညီမလေးဆီလာပေးကြလိမ့်မယ်"

​ပိုက်ဆံဟုတ်လား။

​ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်သည်။

"အစ်ကို့ရဲ့ဆေးပင်စိုက်ခင်းကိုကြည့်ပေးတာက အရံအလုပ်လိုပဲကို အစ်ကိုတောင်ပေါ်ကပြန်ဆင်းလာရင် ညီမအိမ်ကိုလာဖို့ မမေ့နဲ့နော် ပိုက်ဆံတွေပြန်ပေးမယ်"

​ရှန်းမင်တစ်ယောက် တောင်စောင်းကာကွယ်ရေးစီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန်သွားချိန်မှစ၍ အမဲလိုက်ချိန်မရတော့ဘဲ ဆေးပင်စိုက်ခင်းမှဝင်ငွေသည်သာ သူ့အတွက်တစ်ခုတည်းသော ဝင်ငွေလမ်းကြောင်းဖြစ်လာခဲ့သည်။​ရှန်းမင် ပြန်ဖြေလာ၏။

"မလိုပါဘူး ညီမဆီပဲထားလိုက်ပါ၊အစ်ကိုပိုင်တာတွေ အကုန်လုံးကညီမပိုင်တာတွေပဲလေ၊အစ်ကိုတို့လက်ထပ်ပြီးရင် ကိစ္စကြီးကြီးမားမားတွေကအစ အားလုံးညီမသဘောအတိုင်းပဲ လိုက်နာပါ့မယ်"

​လက်မထပ်ရသေးခင်ကတည်းက ဒီလိုအတွေးမျိုး ရှိနေပြီဆိုတော့.......သူက သင်ပေးလို့ရမယ့်သူပဲ။

​ကျိုးထောင်ဟွား သူ့ပါးများနှင့်နားရွက်များ သိသိသာသာနီရဲလာသည်ကိုကြည့်ရင်း ရုတ်တရက် သူ့ကိုစနောက်ချင်စိတ် ဖြစ်ပေါ်လာလေ၏။​

"အစ်ကိုရှန်းမင် ခါးလေးနည်းနည်းကိုင်းလိုက်ပါဦး"

​ရှန်းမင်နားမလည်သော်လည်း သူမပြောသည့်အတိုင်း တသွေမတိမ်းလိုက်လုပ်လေသည်။​သူမသည်သူ့လက်မောင်းကိုကိုင်လိုက်ပြီး ခြေဖျားထောက်ကာ သူ့မေးစေ့ကိုဖွဖွလေးနမ်းလိုက်၏။

​"ဒါ အစ်ကို့အတွက်ဆုလာဘ်ပဲ"

​ရှန်းမင်သည် ရှော့ခ်ရိုက်ခံလိုက်ရသကဲ့သို့ ကြောင်တောင်တောင်ဖြင့်ရပ်နေမိသည်။​ထိုတစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ သူမခန္ဓာကိုယ်ထဲသို့ အရူးအမူးတိုးဝင်လာတော့၏။​ကျိုးထောင်ဟွား အလွန်တရာစိတ်ကြည်နူးသွားရသည်။ သွေးထွက်လုမတတ်နီရဲနေသော ရှန်းမင်မျက်နှာကိုကြည့်ရင်း သူမအောင့်မထားနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့်ရယ်မောလိုက်မိ၏။

​"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

​ကျိုးအာ့ရှုအသံမှာ ရုတ်တရက်ထွက်လာသဖြင့် ကျိုးထောင်ဟွားထိတ်လန့်သွားရသည်။

​"အဖေ အဖေပါလား ဘယ်တုန်းကပြန်ရောက်လာတာလဲ"

​ကျိုးထောင်ဟွားသည် အိမ်မကြီး၏ဝင်ပေါက်ဝတွင်ရပ်နေသော ကျိုးအာ့ရှုထံ မယုံကြည်နိုင်ဟန်ဖြင့်လှမ်းကြည့်လိုက်သည်။​သူမအကြည့်များသည် မိခင်မှိုနတ်ဆိုးအပေါ်သို့ ကျရောက်သွား၏။​မိခင်မှိုနတ်ဆိုးသည် သူမအကြည့်ကိုမဆုံရဲဘဲတိုးတိုးလေး ပြန်ပြောလိုက်သည်။

"သခင်မလေးအဖေက အသံမထွက်နဲ့ဆိုလို့ပါ"

​သူမ တမင်လုပ်တာမဟုတ်ရပါဘူး။

​သူမက သစ္စာရှိပါတယ်။

​သို့သော် ရှန်းမင်အိမ်ရောက်နေကြောင်းကြားလိုက်သည်နှင့် ကျိုးအာ့ရှုမှာ သူမကို ပါးစပ်ပိတ်ထားခိုင်းခဲ့သည်။ ရှန်းမင်မှကျိုးထောင်ဟွားထံ ဘာကိစ္စနှင့်လာတွေ့သည်ကို သူကိုယ်တိုင်သွားကြည့်ချင်၍ပင်။သူမသခင်မလေး၏ရှန်းမင်အပေါ်ထားသည့်သံယောဇဉ်မှာ ဤမျှနက်ရှိုင်းပြီး ရှန်းမင်အားအရင်သွားနမ်းသည်ထိဖြစ်လိမ့်မည်ဟု မိခင်မှိုနတ်ဆိုးထင်မထားခဲ့မိပေ။

​ရှန်းမင်၏အကြားအာရုံသည် အမြဲတစေကောင်းမွန်ခဲ့သော်လည်း ကျိုးထောင်ဟွား၏ဖမ်းစားမှုအောက်တွင် ကျရောက်နေသဖြင့် ကျိုးမိသားစုအိမ်ထဲသို့ဝင်လာသောခြေသံများကို မကြားလိုက်မိတော့ချေ။​သူသည် ကျိုးအာ့ရှုထံ ချက်ချင်း ဦးညွှတ်ပြီးနှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ ဦးလေးအာ့ရှု"

​ကျိုးအာ့ရှု နှာခေါင်းရှုံ့လိုက်ပြီး ကျိုးထောင်ဟွားအားပြောလိုက်သည်။

"မင်းလက်က မလွှတ်သေးဘူးလား၊ဘယ်လောက်ကြာကြာ ကိုင်ထားဦးမှာလဲ"

​ယခုလက်ရှိ ကျိုးထောင်ဟွားကိုကြည့်ပြီး ကျိုးအာ့ရှုမှာ သူမအတွက်မကျေမချမ်းပိုဖြစ်မိလာသည်။မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ်မာနမထားတတ်ရတာလဲ။​ယောက်ျားတစ်ယောက်ကို ကြိုက်ရင်တောင် ထုတ်ပြလို့မဖြစ်ဘူးလေ။အဲ့လို​မဟုတ်ဘဲ ကိုယ်ကသူ့အပေါ်အလေးထားတယ်ဆိုတာသိသွားတာနဲ့ သူကကိုယ့်ကိုထိန်းချုပ်လို့ရပြီလို့ ထင်သွားလိမ့်မယ်။

​ကျိုးထောင်ဟွားတစ်ယောက် ရှန်းမင်၏ထိန်းချုပ်မှုကိုခံရပြီးနောက်ပိုင်း ဒုက္ခရောက်မည်ကို ကျိုးအာ့ရှုစိုးရိမ်နေမိသည်။​ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးထောင်ဟွားသည်ရှန်းမင်လက်ကို လွှတ်ပေးလိုက်ပြီး ကျိုးအာ့ရှုဘေးတွင် ဝင်ထိုင်လိုက်ရတော့၏။​ရှန်းမင်သည် အိမ်မကြီးထဲတွင် တစ်ယောက်တည်း မတ်တတ်ရပ်နေပြီး ကျိုးအာ့ရှု၏အကဲခတ်သောအကြည့်များကို ခံနေရလေသည်။​ရှန်းမင်တစ်ယောက် ထောင်ဟွားအပေါ် အဘယ်ကြောင့်သည်းသည်းလှုပ်ဖြစ်နေရသည်ကို ကျိုးအာ့ရှုနားမလည်နိုင်ဖြစ်နေရ၏။

​သူက မသင့်တော်တဲ့အရာတွေတောင် လုပ်ခဲ့သေးတယ်။ကျိုးအာ့ရှုမေးလိုက်၏။

"ရှန်းမင် မင်းငါ့သမီးထောင်ဟွားကို နောက်ပိုင်းကျ ဘယ်လိုရှာဖွေကျွေးမွေးမှာလဲ"

​ရှန်းမင် ပြန်ဖြေလိုက်သည်။

"ကျွန်တော်က အမဲလိုက်တတ်တယ်၊လယ်စိုက်တတ်တယ်၊အကြံဉာဏ်ထုတ်တာကတော့ မကျွမ်းကျင်ပေမယ့် နောက်ပိုင်းထောင်ဟွားက ပိုက်ဆံရှာဖို့ တစ်ခုခုလုပ်ချင်တယ်လို့ပြောလာရင် ကျွန်တော်သေချာပေါက် လုပ်ပေးပါ့မယ်"

​ရှန်းမင်၏အကျင့်စာရိတ္တပိုင်းဖြစ်စေ ကိုယ်ရည်ကိုယ်သွေးနှင့်ပတ်သက်ပြီးဖြစ်စေ ကျိုးအာ့ရှုရင်ထဲတွင်အဖြေရှိပြီးသား ဖြစ်သည်။​ရှန်းမင်သည် ရိုးသားပြီး တာဝန်ယူစိတ်ရှိသလို လေးစားမှုလည်းရှိသူတစ်ယောက်ပင်။တဲအတူတူဆောက်တုန်းကဆိုလျှင် ဤကလေးမှာ သွက်သွက်လက်လက်ရှိပြီး ပြတ်သားသလို ဆောင်းလလယ်ကြီး၌လုပ်နေရသည်ကိုတောင် ညည်းညူသံတစ်ချက်မထွက်ခဲ့‌ပေ။​ကျိုးအာ့ရှုသည် သူ့အဖြေကိုကျေနပ်သွားရသည်။ ထို့နောက် ကျိုးအာ့ရှုထပ်မေးလိုက်၏။

​"မင်းနဲ့ထောင်ဟွား လက်ထပ်ပြီးရင် အိမ်မှုကိစ္စနဲ့လယ်လုပ်ငန်းခွင်အလုပ်တွေကို ဘယ်သူလုပ်မှာလဲ"

​"ကျွန်တော် အကုန်လုပ်မှာပါ၊ထောင်ဟွားက စိတ်ချလက်ချအနားယူနေရုံပါပဲ"

ရှန်းမင် ပြန်ဖြေလိုက်သည်။​ထင်မထားသည်မှာ ဤအဖြေသည် ကျိုးအာ့ရှု၏အထင်သေးမှုကို ခံလိုက်ရလေ၏။

​"မင်းရဲ့ ဟင်းချက်လက်ရာနဲ့လား၊မင်းထမင်းစားတိုင်း အသားပြုတ်တွေချည်းပဲ စားရတာလေ၊ပြီးရင် အသားပြားဆားနယ်ထားတာတွေပဲရှိတာကို အဲ့တာတွေစားရမှာလား၊ငါ့သမီးထောင်ဟွားက အဲဒါမျိုးတွေကို နေ့တိုင်းဘယ်စားနိုင်ပါ့မလဲ"

​အဲဒါက ရှန်းမင်ဟင်းမချက်တတ်လို့ ဒီလိုလုပ်စားနေရတာလေ။

​ရှန်းမင်သည် ကြီးလေးသောပြဿနာတစ်ခုကို သဘောပေါက်လိုက်သည်။သူ တစ်ယောက်တည်းဆိုအဆင်ပြေပေသိ သူတို့ဇနီးမောင်နှံဖြစ်လာလျှင် ဤပုံစံအတိုင်းဆက်သွား၍မဖြစ်တော့ပေ။​ရှန်းမင် ချက်ချင်းကတိပေးလိုက်သည်။

"ဦးလေးအာ့ရှု ကျွန်တော်ဒေါ်လေးချမ်ဆီကနေ သင်ယူပါ့မယ်၊နောက်ကျရင် ထောင်ဟွားကောင်းကောင်းစားရအောင်လုပ်ပေးပါ့မယ်လို့ ကတိပေးပါတယ်"

​ထိုစကားကိုကြားလိုက်ရသောအခါ ရှန်းမင်အပေါ်ထားရှိသော ကျိုးအာ့ရှု၏သဘောထားတင်းမာမှုများမှာ လျော့နည်းသွားလေသည်။

​"ကောင်းပြီလေ တောင်စောင်းကာကွယ်ရေးစီမံကိန်းပြီးသွားရင် မင်းငါတို့အိမ်လာပြီး မင်းဒေါ်လေးချမ်ဆီမှာ ဟင်းချက်နည်းလာသင်ပေါ့"

​ရှန်းမင် မျက်မှောင်ကြုံ့လိုက်မိသည်။တောင်စောင်းကာကွယ်ရေးစီမံကိန်း ပြီးတဲ့အချိန်ဆို သုံးလထိကြာသွားမည်ဖြစ်၏။​တစ်ကယ်လို့ ဒီအတောအတွင်း တစ်ယောက်ယောက်က ထောင်ဟွားကိုလာခေါ်သွားရင် သူဘယ်သွားငိုရမှာလဲ။

All Chapters