အခန်း (၁၁၂)
Vol. 12 Ch. 112
112
ဥပမာအားဖြင့် ယနေ့ရွာထဲတွင်မုဆိုးမဖန်းမှ ကျိုးရှန့်အန်းအားပြောနေသည်ကို သူ ကြားခဲ့ရသည်ကြောင့်ပင်။
"ဦးလေးအာ့ရှု ကျွန်တော်ဒီနေ့ကစပြီး ဒေါ်လေးချမ်ဆီမှာ ဟင်းချက်နည်းစသင်ပါရစေ၊ကျွန်တော့် ဟင်းချက်လက်ရာက တော်တော်ညံ့တယ်လေ အဲ့တော့စောစောတတ်အောင် စောစောစသင်မှဖြစ်မှာပါ၊ဒါမှ ညီမထောင်ဟွားလဲ ကောင်းကောင်းစားရမှာပေါ့"
ကျိုးအာ့ရှုမေးခွန်းထုတ်လာ၏။
"ဒါပေမယ့် မနက်ဖြန်ကစပြီး မင်းကတောင်ပေါ်တက်ပြီး တောင်စောင်းကာကွယ်ရေး တံတိုင်းသွားဆောက်ရမှာလေ၊ဘယ်လိုလုပ်အချိန်ရမှာလဲ"
ရှန်းမင်ပြန်ဖြေလိုက်၏။
"ညဘက် တောင်ပေါ်ကနေပြန်ဆင်းလာရင် သင်ပါ့မယ်"
သူ ကျိုးအာ့ရှုထံကြည့်လိုက်ရာ ကျိုးအာ့ရှုလည်း သူ့ကိုပြန်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ကျိုးအာ့ရှုသည် ဒီကောင်လေး၏ဇွဲလုံ့လကို တစ်ကယ်ပင်အံ့သြချီးကျူးမိသွားသည်။
တစ်နေကုန် တောင်ပေါ်မှာအလုပ်လုပ်ပြီးတာတောင် ညဘက် ဟင်းချက်နည်းသင်ဖို့ ဇွဲရှိသေးတာပဲ။
ချက်ချင်းပင် ကျိုးအာ့ရှုစိတ်ထဲ၌ ရှန်းမင်အပေါ်ကျေနပ်အားရမှုများ တိုးပွားလာလေသည်။
"ကောင်းပြီလေ၊ဒီနေ့ကစလိုက်ကြတာပေါ့"
"ကျေးဇူးတင်ပါတယ် ဦးလေး"
ရှန်းမင် အလွန်ဝမ်းသာသွားရသည်။ဤနည်းနှင့်ဆိုလျှင် သူသည်ကျိုးမိသားစုအိမ်ကို နေ့တိုင်းလာလို့ရပြီး ညီမထောင်ဟွားကိုလည်း နေ့တိုင်းတွေ့ခွင့်ရတော့မည်ပင်။ရှန်းမင် ကျိုးထောင်ဟွားထံခိုးကြည့်လိုက်ပြီး သူမနှင့်လက်ထပ်ရရန် ခြေတစ်လှမ်းပိုနီးစပ်သွားပြီဟု ခံစားလိုက်ရသည်။ကျိုးအာ့ရှုတွင် မေးစရာ နောက်ဆုံးမေးခွန်းတစ်ခုကျန်နေသေး၏။
"မင်းတို့လက်ထပ်ပြီးရင် အိမ်ကိစ္စတွေကို ဘယ်သူကတာဝန်ယူမှာလဲ၊ဘယ်သူက အိမ်ထောင်ဦးစီး လုပ်မှာလဲ"
ရှန်းမင် ကောင်းကင်ကိုတိုင်တည်ပြီး လေးနက်စွာ ကျိန်ဆိုလိုက်သည်။
"ဦးလေး ကျွန်တော်သေချာပေါက်ထောင်ဟွားစကားနားထောင်မှာပါ၊သူကအရှေ့သွားဆိုရင် ကျွန်တော်အနောက်ကိုလုံးဝ မသွားပါဘူး"
ကျိုးကျားရွာမှလူများသည် ကျိန်ဆိုခြင်းကို ယုံကြည်ကြသဖြင့် ရှန်းမင်လုပ်ရပ်မှာ ကျိုးအာ့ရှုမျက်နှာသာပေးမှုကို ပိုမိုရရှိစေခဲ့သည်။
"ကောင်းပြီ၊ငါ သဘောပေါက်ပြီ"
ထိုသို့ပြောပြီးနောက် ကျိုးအာ့ရှုသည် ကျိုးထောင်ဟွားထံ ကြည့်လိုက်သည်။
ဒီကောင်လေးက တစ်ကယ်မဆိုးဘူးပဲ ဒါကြောင့်လည်း သူ့ထောင်ဟွားလေးက ဒီလောက် သည်းသည်းလှုပ်ဖြစ်နေရတာကိုး။
ကျိုးအာ့ရှု သူ့ကိုသဘောကျနေပုံရသည်အား မြင်လိုက်ရသောအခါ ရှန်းမင်သည် အခွင့်ကောင်းကို ချက်ချင်းအသုံးချလိုက်လေ၏။
"ဦးလေးအာ့ရှု မနက်ဖြန်ကျရင်အဘွားယိုကိုတင်တောင်းဖို့ လာခိုင်းလိုက်လို့ရမလား၊ထောင်ဟွားနဲ့ မင်္ဂလာကိစ္စကိုအမြန်ဆုံးအတည်ပြုချင်လို့ပါ၊ဒါမှလဲ နောက်ပိုင်း ကျွန်တော်ဒီအိမ်ကိုဝင်ထွက်သွားလာရတာ ပိုပြီးတရားဝင်မှာပေါ့"
တရားဝင်အဆင့်အတန်းရှိမှသာ သူစိတ်အေးရမည်ဖြစ်သည်။ဒါမှသာ ရွာထဲ၌သူမရှိသည့်အချိန်တွင် အခြားတစ်ယောက်ယောက်မှ သူ့ဇနီးလေးကို လာလုသွားမည်အား စိုးရိမ်စရာမလိုတော့မည်ပင်။ကျိုးအာ့ရှု သူ့ထံတစ်ချက် ကြည့်လိုက်သည်။ဤကလေးဘာတွေ တွေးနေသည်ကို သူကောင်းကောင်းသိနေ၏။သို့သော် ဤအချက်ကပင် ကျိုးအာ့ရှုကို များစွာစိတ်အေးသွားစေခဲ့သည်။ထောင်ဟွားမှ သူ့အပေါ်သည်းသည်းလှုပ်ဖြစ်နေရုံသာမက သူသည်လည်း ထောင်ဟွားအပေါ်စွဲလမ်းနေပုံရ၏။
"ကောင်းပြီလေ၊အောင်သွယ်တော်ယိုကို လာခိုင်းလိုက်တော့၊မနက်ဖြန်ကျရင် ငါကိုယ်တိုင် မင်းတို့မင်္ဂလာကိစ္စကိုသဘောတူပေးမယ်"
ကျိုးအာ့ရှု လိုလိုလားလားပင်သဘောတူလိုက်လေသည်။ရှန်းမင် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဦးလေးအာ့ရှု အဲ မဟုတ်ပါဘူး ကျေးဇူးတင်ပါတယ် ယောက္ခမကြီး"
ကျိုးအာ့ရှု သူ့ကိုကြည့်ပြီးသတိပေးလိုက်သည်။
"စောသေးတယ်ကွ ငါကမင်းယောက္ခမ,မဖြစ်သေးဘူး"
"ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါပြီ"
ရှန်းမင်ပြန်ဖြေလိုက်ပြီး ကျိုးအာ့ရှုစိတ်ကို ဤမျှမြန်မြန်သိမ်းပိုက်နိုင်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ယောက္ခမလောင်း၏သဘောတူညီချက်ရပြီဖြစ်၍ ထောင်ဟွားနှင့် သူ့မင်္ဂလာကိစ္စအတည်ဖြစ်သွားပြီဖြစ်သည်။ကျိုးထောင်ဟွားထံ ကြည့်လာသော သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေလေ၏။
ထောင်ဟွားမွေးနေ့သည် သတ္တမလ၇ရက်နေ့ဖြစ်သည်။သူမ ၁၅နှစ်ပြည့်သည်နှင့် သူတို့လက်ထပ်၍ရပြီပင်။အချိန်တွေမြန်မြန်ကုန်ဆုံးသွားဖို့ကို သူမစောင့်နိုင်တော့ပေ။သို့သော် ထောင်ဟွားနှင့်မင်္ဂလာကိစ္စ အတည်ပြုရန်အတွက် အောင်သွယ်တော်ယိုအိမ်သို့ သူအရင်သွားရပေဦးမည်။ကျိုးမိသားစုအိမ်မှထွက်လာပြီးနောက် သူသည် အောင်သွယ်တော်ယိုအိမ်ရှိရာသို့ ချက်ချင်းအပြေးသွားလိုက်လေသည်။
ကျိုးထောင်ဟွားသည် ထွက်ခွာသွားသော သူ့ကျောပြင်ကို ငေးကြည့်နေမိ၏။သူမ၏အရွယ်ရောက်မည့် အခမ်းအနားသည် သတ္တမလ၇ရက်နေ့တွင်ဖြစ်ပြီး သူတို့မင်္ဂလာပွဲလည်း နီးကပ်လာပြီဖြစ်သည်။နောက်ဆုံးတော့ သူမ၏ပါဝါဘဏ်လေးကို ထာဝရပိုင်ဆိုင်ခွင့်ရတော့မည်ပင်။
ယိုမိသားစုအိမ်တွင်
အောင်သွယ်တော်ယိုသည် ကျိန့်ရှီနှင့်စကားပြောနေသည်။ကျိန့်ရှီသည် ရွာလူကြီး၏အစည်းအဝေးပြီးသည်နှင့် အောင်သွယ်တော်ယို၏အိမ်သို့ ချက်ချင်းရောက်လာခဲ့၏။ရှန့်အန်းမင်္ဂလာကိစ္စသည် အရေးကြီးကိစ္စဖြစ်ပြီး နှောင့်နှေး၍ မဖြစ်ပေ။အထူးသဖြင့် ထောင်ဟွားကဲ့သို့ ထူးချွန်သောမိန်းကလေးတစ်ယောက်ကို အချိန်ဆွဲနေလျှင် နောက်တစ်နေ့၌ဘာတွေပြောင်းလဲသွားမည်အား ဘယ်သူသိနိုင်ပါမည်နည်း။ကျိန့်ရှီမှာ အောင်သွယ်တော်ယိုအားပြောလိုက်သည်။
"အစ်မကြီးယို ကျွန်မရဲ့ရှန့်အန်းမင်္ဂလာကိစ္စကို အစ်မကြီးလက်ထဲအပ်လိုက်ပြီနော်"
ထိုသို့ပြောပြီးနောက် ကျိန့်ရှီသည်အောင်သွယ်တော်ယိုလက်ထဲသို့ စာအိတ်နီတစ်လုံးထည့်ပေးလိုက်သည်။အောင်သွယ်တော်ယိုသည် အလေးချိန်ကိုခန့်မှန်းကြည့်လိုက်ရာ ဆယ်ပြားပါဝင်ကြောင်းသိလိုက်၏။ရှန်းမင်ကဲ့သို့ ပြားငါးဆယ်ပါသောစာအိတ်နီကို တိုက်ရိုက်ပေးသူမျိုးမှာတွေ့ရခဲလှသည်။
"စိတ်မပူပါနဲ့၊မနက်ဖြန်ကျရင် ရှန့်အန်းအတွက် ကျိုးမိသားစုဆီသွားပြီး သေချာပေါက်ကမ်းလှမ်းပေးပါ့မယ်၊ဒါပေမယ့် ကြိုပြောထားစရာတစ်ခုတော့ရှိတယ်၊ထောင်ဟွားကို လက်ထပ်ချင်တဲ့သူတွေ အများကြီးပဲ၊ပြီးတော့ ကျိုးအာ့ရှုတို့လင်မယားကလဲ ထောင်ဟွားကိုအရမ်းချစ်တော့ သားမက်လောင်းအပေါ်ထားတဲ့ စံသတ်မှတ်ချက်တွေက အရမ်းမြင့်တယ်၊ဒါကြောင့် ညည်းတို့ပြင်ဆင်ထားသင့်တယ်နော်"
အောင်သွယ်တော်ယိုမှာ တိုက်ရိုက်ထုတ်မပြောသော်လည်း ကျိန့်ရှီနားလည်လိုက်သည်။
"နားလည်ပါတယ် အစ်မကြီးယိုရယ် အကောင်းဆုံးသာ ကြိုးစားပေးပါနော်"
တစ်ကယ်တမ်းတွင် သူမမှအောင်သွယ်တော်ယိုထံလာရှာပြီး ရှန့်အန်းအတွက် ကျိုးမိသားစုကို ကမ်းလှမ်းခိုင်းရခြင်းမှာ ထောင်ဟွားကို သူမချွေးမဖြစ်လာစေရန် အစွမ်းကုန်ကြိုးစားချင်သောကြောင့် ဖြစ်သည်။ရှန်းမင်သည် ယိုမိသားစုအိမ်သို့လာရင်း ကျိန့်ရှီထွက်လာသည်ကိုတွေ့လိုက်ရ၏။ရှန်းမင် ရင်ထဲထိတ်ကနဲဖြစ်သွားပြီး အလိုလိုရပ်သွားမိသည်။
ကျိန့်ရှီ၏ရည်ရွယ်ချက်ကို သူ ကောင်းကောင်းနားလည်လေ၏။သူမမှာ ထောင်ဟွားနှင့်ကျိုးရှန့်အန်းတို့၏ မင်္ဂလာကိစ္စကိုစီစဉ်ပေးရန် အောင်သွယ်တော်ယိုထံ လာရှာခြင်းမှာသေချာပါသည်။သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုနှင့်မကျေနပ်မှုအရိပ်အယောင်များ ဖြတ်သန်းသွားလေ၏။ကျိုးရှန့်အန်း၌ သူ့ထက်သာသော အားသာချက်များစွာရှိကြောင်း သူသိထားသည်။ထောင်ဟွား၊ဦးလေးအာ့ရှုနှင့်ဒေါ်လေးချမ်တို့မှာ ထောင်ဟွားနှင့်သူ့မင်္ဂလာကိစ္စကို သဘောတူထားကြသော်လည်း အရာရာသည်အတည်မဖြစ်သေးသဖြင့် မမျှော်လင့်ထားသော အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သေး၏။
ထိုသို့တွေးမိပြီးနောက် ရှန်းမင်သည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အောင်သွယ်တော်ယို၏ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။အောင်သွယ်တော်ယိုမှာ သူ့ကိုအံ့သြတကြီးဖြင့်ကြည့်ကာ နှုတ်ဆက်လာ၏။
"ရှန်းမင် ရောက်လာပြန်ပြီလား ဝင်ထိုင်ဦးလေ"
သူရောက်လာမည်ကို သူမခန့်မှန်းပြီးသား ဖြစ်သည်။ထင်ထားသည့်အတိုင်းပင် ခဏအကြာ၌ ရှန်းမင်မှပြောလာ၏။
"အဘွားယို မနက်ဖြန်မနက်ကျရင် ကျိုးမိသားစုဆီသွားပြီး တင်တောင်းပစ္စည်းတွေသွားပို့ပေးဖို့ အဘွားကိုအကူအညီထပ်တောင်းချင်လို့ပါ"
"!!!"
အောင်သွယ်တော်ယို မျက်လုံးပြူးသွားရသည်။
"ထပ်ပြီးတော့ ဟုတ်လား"
ဒီနေ့တစ်ခေါက်သွားပြီးဖြစ်သလို ထောင်ဟွားအဖေမှာလည်း ယခုလေးတင်ငြင်းလိုက်သည်လေ။သို့သော် ထိုအချိန်မှာပင် ရှန်းမင်သည် သူမလက်ထဲသို့စာအိတ်နီတစ်လုံးထည့်ပေးလိုက်ပြန်သည်။
ရင်းနှီးပြီးသား အလေးချိန်ပင်။
အောင်သွယ်တော်ယို ချက်ချင်းပြုံးလိုက်မိသည်။မျှော်လင့်ထားသည့်အတိုင်းပင် ရှန်းမင်မှာရက်ရောလှ၏။
လက်ဖွာချက်ကတော့။
"ကောင်းပြီလေ အဘွားယိုကမနက်ဖြန်မနက်ကျရင် ကျိုးမိသားစုဆီသွားပြီး မင်းအတွက် တင်တောင်းပစ္စည်းတွေသွားပို့ပေးပါ့မယ်၊ဒါပေမယ့် ခုနလေးတင် ဒေါ်လေးကျိန့်ရောက်လာပြီး သူ့သားရှန့်အန်းအတွက် ကျိုးမိသားစုဆီသွားကမ်းလှမ်းပေးဖို့ လာပြောသွားတယ်ကွဲ့၊ကိစ္စတွေက အရင်လာတဲ့သူအရင်ပဲဆိုတော့ အဘွားမနက်ဖြန်မနက်ကျရင် ကျိုးရှန့်အန်းကိစ္စကို အရင်ဦးစားပေးပြီးမှ မင်းအတွက်ကူညီပေးလို့ရမှာ"
အောင်သွယ်တော်ယို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ဤမျှကောင်းမွန်သည့် အလားအလာရှိသူမျိုးကို လူအများကြီး စိတ်ဝင်စားကြမည်မှာ သဘာဝပင်။အောင်သွယ်တော်ယို စကားမဆုံးခင်မှာပင် သူမလက်ထဲသို့နောက်ထပ်စာအိတ်နီတစ်လုံး ထိုးထည့်ပေးခြင်းခံလိုက်ရပြန်သည်။အောင်သွယ်တော်ယို ကြောင်အသွားပြီးနောက် စကားကိုချက်ချင်း ပြောင်းလိုက်လေ၏။
"မင်းအတွက် မနက်ဖြန်မနက်ကျရင် ကျိုးမိသားစုဆီ တင်တောင်းပစ္စည်းတွေအရင်သွားပို့ပေးမယ်လေ၊ဘာပဲဖြစ်ဖြစ် ဒေါ်လေးကျိန့်က မင်းကြားဖြတ်ဝင်လာတာကို သိမှာမှမဟုတ်တာ၊မင်းက ငါ့ကိုအရင်လာပြောထားတယ်လို့ပဲ ပြောလိုက်မယ်"
ပြားငါးဆယ်အတွက် သူမအနေဖြင့် ဤပိုက်ဆံကိုရအောင်ယူရပေမည်။
"ကျေးဇူးအများကြီးတင်ပါတယ် အဘွားယို"
ရှန်းမင်၏ တင်းတင်းကြုံ့ထားသောမျက်မှောင်များမှာ အနည်းငယ်ပြေလျော့သွားလေသည်။အနည်းဆုံးတော့ သူသည်ကျိုးရှန့်အန်းထက် အရင်ဦးအောင်ကမ်းလှမ်းရမည်ပင်။