← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

113

​နောက်တစ်နေ့မနက်စောစောတွင် ကျိုးကျားရွာရှိအိမ်ထောင်စုတိုင်းမှ လူတစ်ဦးစီသည် တောင်စောင်းကာကွယ်ရေး စီမံကိန်းတွင်ပါဝင်ရန် ထွက်ခွာသွားကြလေသည်။

​သုန်းသုန်းတောင်တွင် တောင်စောင်းများကိုခိုင်ခံ့စေရန်အတွက် မြေသားနံရံများနှင့်မြေပြိုမှုကာကွယ်ရေးတိုင်များ တည်ဆောက်ခြင်းကဲ့သို့သော တောင်စောင်းကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရမည်။

​ကွမ်းကွမ်းတောင်တွင်မူ ရွှံ့ခဲပြိုကျမှုကို နှေးကွေးစေရန်အတွက် ရွှံ့ခဲများကျလာမည့်လမ်းကြောင်းများတွင် ရေကာတာများတည်ဆောက်ရပေမည်။​တောင်နှစ်ဖက်စလုံးရှိ လုပ်ငန်းပမာဏမှာ အတူတူလောက်နီးပါးရှိသဖြင့် အိမ်ထောင်စု၁၆၀ကို လူ၈၀စီပါဝင်သော အဖွဲ့နှစ်ဖွဲ့ ခွဲ၍ တောင်နှစ်လုံးပေါ်ရှိစီမံကိန်းများကိုပြီးစီးအောင် လုပ်ဆောင်ရမည်ဖြစ်၏။

​ရွာလူကြီး လူရေတွက်ကြည့်သောအခါ အဖွဲ့တစ်ဖွဲ့တွင် ၇၉ယောက်သာရှိပြီး ကျန်တစ်ဖွဲ့တွင်မူ ၈၀ပြည့်နေသည်ကိုတွေ့လိုက်ရသည်။​သူ ဘယ်လိုပင်ရေတွက်စေကာမူ လူတစ်ယောက်လိုနေဆဲပင်။​စာရင်းထဲရှိ နာမည်များကိုပြန်စစ်ဆေးကြည့်သောအခါ စာရင်းပေးထားသူတိုင်း ရောက်နေကြောင်း တွေ့ရှိရသည်။တစ်စုံတစ်ယောက်မှာ စာရင်းမပေးထား၍သာဖြစ်ပေလိမ့်မည်။

​ချက်ချင်းဆိုသလို ရွာလူကြီးဒေါသထွက်သွားလေ၏။​တောင်စောင်းကာကွယ်ရေးစီမံကိန်းသည် ရွာတစ်ရွာလုံးအတွက် လူတိုင်းအတွက်ဖြစ်ပါလျက်နှင့် ဤကဲ့သို့အရေးကြီးသောကိစ္စမျိုးတွင် တာဝန်ယူမှုကိုရှောင်လွှဲရန် ကြိုးစားနေသူတစ်ယောက်ရှိနေ၏။​သုန်းသုန်းတောင်နှင့် ကွမ်းကွမ်းတောင်တို့ရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များ မနှောင့်နှေးစေရန်အတွက် ရွာလူကြီးသည် အဖွဲ့နှစ်ဖွဲ့မှခေါင်းဆောင်တစ်ယောက်စီ ရွေးချယ်ပြီး သူတို့ကိုလွှတ်လိုက်လေသည်။

​ထို့နောက် သူသည် ရွာထဲရှိအိမ်ထောင်စုတိုင်း၏အိမ်ထောင်စုစာရင်းများကိုယူဆောင်ရန် အိမ်ပြန်သွားပြီး လိမ်ညာထားသူမှာ မည်သူဆိုသည်ကို တစ်ယောက်ချင်းစီတိုက်၍စစ်ဆေးရန် ပြင်ဆင်လိုက်၏။

​..........

​ကျိုးရှန့်အန်းအိမ်တွင်

​ကျိုးရှန့်အန်းနှင့်သူ့မိခင်တို့သည် တင်တောင်းပစ္စည်းများလာပို့မည့် အောင်သွယ်တော်ယိုရောက်ရှိလာမည့်အချိန်ကို စိတ်လှုပ်ရှားစွာဖြင့်စောင့်မျှော်နေကြသည်။​ကျိုးရှန့်အန်းသည် အဖြေကိုသိချင်လွန်းသဖြင့် ကျိုးမိသားစုခြံဝင်းတံခါးအပြင်ဘက်တွင် တိတ်တဆိတ်ပုန်းအောင်းကာ ခိုးနားထောင်နေလေ၏။​ကျိန့်ရှီလည်း ထိုနည်းတူလုပ်ဆောင်နေသည်။

​ရုတ်တရက် ကျိန့်ရှီမော့ကြည့်လိုက်ရာ ကျိုးမိသားစုအိမ်၏အခြားတံခါးပေါက်တစ်ခုနောက်တွင် မုဆိုးမဖန်းပုန်းနေသည်ကိုတွေ့လိုက်ရ၏။

​သူမလည်း ခိုးနားထောင်နေတာလား။

​ကျိန့်ရှီသည် မုဆိုးမဖန်းထံနားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်မိသည်။သူတို့မှာ ကျိုးအာ့ရှုတို့လင်မယားမှ ရှန့်အန်းနှင့်ထောင်ဟွားတို့၏မင်္ဂလာကိစ္စကို သဘောတူမတူနားထောင်ဖို့လာခြင်းဖြစ်၏။​မုဆိုးမဖန်းသည်လည်း ထောင်ဟွားမင်္ဂလာကိစ္စကို စိတ်ဝင်စားနေခြင်းဖြစ်နိုင်သည်။

​အောင်သွယ်တော်ယိုတစ်ယောက် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့နှစ်ယောက်စလုံးအိမ်၌ရှိနေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပြုံးလိုက်မိ၏။ယနေ့ ကျိုးအာ့ရှု သူမထံကြည့်လာသောမျက်နှာထားမှာ ယခင်နေ့ကလို တင်းမာမနေဘဲအတော်လေးပြေလျော့နေသည်ကိုတွေ့ရသည်။​ကျိုးအာ့ရှုသည် အောင်သွယ်တော်ယိုမှ နွားလှည်းပေါ်ရှိတင်တောင်းပစ္စည်းများကို တစ်ခုချင်းစီချနေသည်အားကြည့်ရင်း ရင်းနှီးပြီးသားပစ္စည်းများကိုမှတ်မိသွားသဖြင့် သူ့မျက်လုံးထဲတွင်အပြုံးတစ်ခုဖြတ်သန်းသွားလေ၏။

ရှန်းမင်က တစ်ကယ်စိတ်မြန်တာပဲ။မနေ့ကမှ စေ့စပ်ဖို့သဘောတူလိုက်တာကို ဒီနေ့ပဲတင်တောင်းပစ္စည်းတွေလာပို့ခိုင်းနေပြီ။

​အောင်သွယ်တော်ယိုသည် လုံးဝယုံကြည်မှုမရှိသော်လည်း ရှန်းမင်၏ရိုးသားမှုနှင့် သူမအားပေးခဲ့သော ရက်ရောသည့်စာအိတ်နီများကိုမြင်ယောင်ရင်း ကျိုးအာ့ရှုနှင့်သူ့ဇနီးတို့ သဘောကျစေရန် အကောင်းဆုံးပြောဆိုပေးလိုက်သည်။

​"အာ့ရှု ဟုန်ယန် ဒီနေ့ ကျွန်မကရှန်းမင်ကိုယ်စား ရှင်တို့ရဲ့ထောင်ဟွားကို လာကမ်းလှမ်းတာပါ၊ရှန်းမင်က ထောင်ဟွားကို အရမ်းချစ်တာလေ ထောင်ဟွားကလွဲရင် ဘယ်သူ့ကိုမှမယူနိုင်ပါဘူးတဲ့၊သူက အလုပ်ကြိုးစားတယ် တာဝန်ယူစိတ်ရှိတယ် အရပ်ရှည်ပြီးသန်မာသလို ရုပ်ရည်ကလဲ ချောမောတယ်မလား၊သူ့မှာ မိဘတွေမရှိတော့ဘူးဆိုတော့ ရှင်တို့ကိုသူ့မိဘအရင်းလို ဆက်ဆံမှာပါ၊ဒါက သမီးပေးလိုက်ရတာမဟုတ်ဘူး၊သားတစ်ယောက် အပိုရလိုက်တာနဲ့အတူတူပါပဲ၊တစ်ကယ်လို့ ထောင်ဟွားသာသူ့ကို လက်ထပ်လိုက်ရင် တန်ဖိုးထားမြတ်နိုးခံရမှာပါ၊အာ့ရှု ဟုန်ယန် ဒီမင်္ဂလာကိစ္စကို ဘယ်လိုသဘောရလဲ"

​မုဆိုးမဖန်း ထိတ်လန့်သွားရသည်။

အောင်သွယ်တော်ယိုက ဒီနေ့ရှန်းမင်အတွက် လာကမ်းလှမ်းတာလား။​

ခုနလေးတင် အောင်သွယ်တော်ယိုတစ်ယောက် နွားလှည်းမောင်းပြီး ကျိုးမိသားစုဘက်လာနေသည်ကိုမြင်လိုက်ရပြီး သူမ၏ပြုံးရွှင်နေသောမျက်နှာကိုကြည့်ကာ အလုပ်ကောင်းတစ်ခုခုရလာခြင်းဖြစ်မည်ဟု သသူမထင်ခဲ့မိသည်။ထို့ကြောင့်သာ ကျိုးအာ့ရှုမှကျိုးထောင်ဟွားအတွက် ဤမင်္ဂလာကိစ္စကို သဘောတူမတူသိချင်၍ သူမလာပြီးချောင်းနားထောင်နေခြင်းပင်။

အကယ်၍ ကျိုးထောင်ဟွားသာအခြားတစ်ယောက်နှင့် စေ့စပ်လိုက်ပါလျှင် ရှန်းမင်အတွက် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ဘဲ လက်လျှော့သွားရလိမ့်မည်ပင်။ယနေ့ အောင်သွယ်တော်ယိုမှ ရှန်းမင်အတွက်တင်တောင်းပစ္စည်းများလာပို့လိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့မိပေ။​မုဆိုးမဖန်း မျက်မှောင်ကြုံ့လိုက်မိသည်။

အရွယ်တောင် ကောင်းကောင်းမရောက်သေးတဲ့ ကောင်မလေးတစ်ယောက်က ဘာများကောင်းနေလို့လဲ။​ကျက်သရေရှိရှိနဲ့လှတဲ့ သူမနဲ့ဘယ်တူမှာတုန်း။​ရှန်းမင်က အရပ်ရှည်ပြီးသန်မာတဲ့လူလေ ကျိုးထောင်ဟွားက သူ့ရဲ့ကြမ်းတမ်းတဲ့ဆက်ဆံမှုကို ခံနိုင်ရည်ရှိပါ့မလား။​ဆယ့်ကိုးနှစ်လုံးလုံး တစ်ကိုယ်တည်းနေလာတဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ အားအင်အပြည့်နဲ့ပဲလေ။

​ထိုအကြောင်းအားတွေးမိရင်း မုဆိုးမဖန်းအာခေါင်ခြောက်လာရာ တံတွေးမြိုချလိုက်မိပြီး နှုတ်ခမ်းအားအသာဟ၍ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်မိသည်။​ခြံဝင်းတံခါးအပြင်ဘက်တွင် ခိုးနားထောင်နေသော ကျိုးရှန့်အန်းမျက်မှောင်ကြုံ့လိုက်မိ၏။

သူ့အတွက် တင်တောင်းဖို့စီစဉ်ထားတာ မဟုတ်ဘူးလား။ဘယ်လိုလုပ် ရှန်းမင်အတွက်ဖြစ်သွားရတာလဲ။

​ကျိန့်ရှီလည်းဇဝေဇဝါဖြစ်သွားသည်။

ရှန်းမင်က အောင်သွယ်တော်ယိုကို ထပ်ပြီးကမ်းလှမ်းခိုင်းလိုက်တာလား။

​သို့သော် ကျိုးအာ့ရှုနှင့်သူ့ဇနီး၊အထူးသဖြင့် ကျိုးအာ့ရှုအကြောင်း သူမ နားလည်ထားသလောက်ဆိုလျှင် သူတို့သည်ဤမင်္ဂလာကိစ္စကို သဘောတူကြမည်မဟုတ်ပေ။​ကျိုးအာ့ရှုမှ သဘောမတူလောက်ဟု ကျိန့်ရှီသေချာနေချိန်မှာပင် အိမ်ထဲရှိကျိုးအာ့ရှု၏သဘောတူကြောင်းပြောသံ ထွက်ပေါ်လာလေသည်။​ကျိုးအာ့ရှုသည် ချမ်ရှီဘက်သို့ လှည့်ကြည့်လိုက်ရာ သူမမှအသာခေါင်းငြိမ့်ပြလာသည်ကိုမြင်လိုက်ရသဖြင့် ပြောလိုက်၏။

​"အစ်မကြီးယို ရှန်းမင်လို ဒီလောက်ကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ လူစားမျိုးကရှားတာမလို့ ကျွန်တော်ကတော့ သူတို့ကလိုက်ဖက်တဲ့စုံတွဲတွေလို့ ထင်ပါတယ်၊ကျွန်တော်တို့ထောင်ဟွားက သူ့ကိုလက်ထပ်ပါလိမ့်မယ်၊သူကလဲ ထောင်ဟွားအပေါ်ကောင်းကောင်းဂရုစိုက်ပေးရမယ်နော်"

​အောင်သွယ်တော်ယို ခဏတာမျှကြောင်အသွားရသည်။​ကျိုးအာ့ရှုမှ ထပ်ပြီးကန့်ကွက်လာလိမ့်မည်ဟု သူမထင်ထားခဲ့သော်လည်း ထင်မထားသည်မှာ သူသဘောတူလိုက်၏။​သူမမှာ ရှန်းမင်၏ကမ်းလှမ်းမှုကို အရင်ကူညီပေးပြီးမှ ကျိုးရှန့်အန်းကိစ္စကို ဆက်လုပ်ဖို့စီစဉ်ထားခြင်းပင်။​အောင်သွယ်တော်ယို လက်ခုပ်တီးလိုက်ပြီး ပြောလာ၏။

"ဒါ အရမ်းကောင်းတာပဲ၊ဒီမင်္ဂလာကိစ္စက ပြီးပြည့်စုံတဲ့စုံတွဲအတွက်ပဲ နတ်ဖက်တဲ့စုံတွဲလေးပါပဲကွယ်၊ကျွန်မ အခုရှန်းမင်ဆီသွားပြီး မင်္ဂလာဆောင်ဖို့ရက်ရာဇာရွေးခိုင်းလိုက်ပါ့မယ်၊အဲ့ကျမှပဲ ပြန်လာပြောပြမယ်နော်၊နှစ်ယောက်စလုံးကို ဂုဏ်ပြုပါတယ်"

​ရက်သတ်မှတ်ပြီးသည်နှင့် နှစ်ဖက်မိသားစုမင်္ဂလာပွဲအတွက် ပြင်ဆင်နိုင်ကြပြီဖြစ်သည်။​မနေ့ကအကြီးအကျယ်ကန့်ကွက်ခဲ့သည့် ကျိုးအာ့ရှုမှာ ယနေ့၌တစ်ကယ်ကြီး သဘောတူလာမည်ဟု အောင်သွယ်တော်ယိုထင်မထားခဲ့မိပေ။​ရှန်းမင်သာသိသွားလျှင် ပျော်လွန်း၍ရူးသွားမည်ကိုစိုးရ၏။​ဤအချိန်တွင် အပြင်ဘက်၌ခိုးနားထောင်နေကြသော မုဆိုးမဖန်းနှင့်ကျိုးရှန့်အန်းတို့သည် ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

​ပြီးသွားပြီလား။

​ကျိုးအာ့ရှုက ကျိုးထောင်ဟွားနဲ့ရှန်းမင်တို့ရဲ့မင်္ဂလာကိစ္စကို သဘောတူလိုက်ပြီပေါ့လေ။

​ကျိုးရှန့်အန်း လက်မခံနိုင်ဖြစ်နေပြီး ကျိန့်ရှီမှာလည်း ယုံရခက်နေသည်။​သို့သော် သားအမိနှစ်ယောက်စလုံးသည် သိက္ခာရှိသောလူများဖြစ်ကြသဖြင့် သူတို့၏ဝေခွဲမရဖြစ်မှုများကို ဖိနှိပ်ထားလိုက်ပြီး တိတ်တဆိတ်အိမ်ပြန်ရန်ပြင်လိုက်ကြ၏။​မုဆိုးမဖန်းသည်မူ အိမ်ကိုဖြိုချပစ်တော့မည့်အလား ကျိုးမိသားစုအိမ်ထဲသို့ ဒေါသတကြီးဖြင့်ဝင်ရောက်သွားရာ ကျိုးရှန့်အန်းနှင့်သူ့မိခင်မှာ ပါးစပ်အဟောင်းသားဖြင့်ကျန်ရစ်ခဲ့ကြလေသည်။

​သူမက ဘာလုပ်မလို့လဲ။

​မုဆိုးမဖန်း ခြံဝင်းထဲရောက်သည်နှင့် ခါးထောက်ပြီး အသံကုန်အော်ဟစ်လိုက်လေ၏။

"ဒီမင်္ဂလာကိစ္စက ဖြစ်လို့မရဘူး"

​သူမ၏ဝဖြိုးသောမျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။​ကျိုးအာ့ရှုနှင့် သူ့ဇနီး၊ထို့နောက် အောင်သွယ်တော်ယိုတို့အားလုံး ကြောင်သွားကြ၏။

သူမနဲ့ ဘာဆိုင်လို့လဲ။

​သူမမှာ ကန့်ကွက်ပိုင်ခွင့်ရောရှိလို့လား။

​"ဦးလေးအာ့ရှု ရှင်တို့ရဲ့ထောင်ဟွားက ထင်ပေါ်ကောင်းမွန်တဲ့အရည်အချင်းတွေရှိနေတာမလို့ နောက်ကျရင် သေချာပေါက်ကြီးပွားမယ့်သူပါ၊ဘယ်လိုလုပ် မုဆိုးတစ်ယောက်ရဲ့မိန်းမဖြစ်နိုင်မှာလဲ၊အနည်းဆုံးတော့ ပညာရှိကတော်တို့ ပြည်နယ်အဆင့်အရာရှိကတော်တို့ ဒါမှမဟုတ် အစိုးရအရာရှိကတော်တို့ဖြစ်ရမှာပေါ့၊ရှန်းမင်နဲ့စေ့စပ်လိုက်တာက ထောင်ဟွားရဲ့အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲလေ၊မိန်းမတစ်ယောက်ရဲ့အိမ်ထောင်ရေးဆိုတာ ဒုတိယအကြိမ်ပြန်မွေးဖွားတာနဲ့ တူတူပါပဲ၊ဦးလေးအာ့ရှု ရှင်သေချာ စဉ်းစားမှဖြစ်မယ်နော်"

​မုဆိုးမဖန်း အသည်းအသန်တောင်းဆိုလာလေသည်။​ကျိုးထောင်ဟွားမျက်လုံးများထဲတွင် အေးစက်သောအပြုံးတစ်ခု ဖြတ်သန်းသွားလေ၏။

မုဆိုးမဖန်းက ရှန်းမင်ကိုရဖို့ တစ်ကယ်ဇွဲကောင်းနေတာပဲ။

သူမ ဘာကြံစည်နေသည်ကို ကျိုးထောင်ဟွား အတိအကျသိနေသည်။

​ရှန်းမင်က ငါရွေးချယ်ထားတဲ့သူလေ။မုဆိုးမဖန်းဝင်ရှုပ်လိုက်ရုံနဲ့ လက်လွှတ်လိုက်ရမှာလား။​မုဆိုးမဖန်းရဲ့လက်တံက ရှည်လွန်းနေပြီ [မဆိုင်တာတွေ အရမ်းဝင်ပါတာကိုပြောချင်တာပါ]။

မနေ့၌ရွာအဝင်ဝတွင် ရှန်းမင်အားသူမကြည့်သည့်အကြည့်မှစ၍ ကျိုးထောင်ဟွားမကျေနပ်ဖြစ်နေခဲ့သည်ပင်။​မုဆိုးမဖန်းအားကြည့်လိုက်ရာ မနာလိုဝန်တိုမှုအနီရောင်အငွေ့အသက်များအပြင် မသဲမကွဲမှိန်ဖျဖျဖြစ်နေသော အနက်ရောင်အငွေ့အသက်အချို့ကိုပါ သူမသတိထားမိလိုက်သည်။

သံပခြုပ်ကဲ့သို့ဆူးများပါသော မှိုစွမ်းအင်အချို့သည် မုဆိုးမဖန်းခန္ဓာကိုယ်တွင်ကပ်ငြိနေ၏။​ဤမှိုစွမ်းအင်များသည် လူတို့၏ နေ့စဉ်လောဘ၊မနာလိုဝန်တိုမှုနှင့်ပျင်းရိမှုတို့ အချိန်ကာလတစ်ခုကြာသည်ထိစုဆောင်းမိလာခြင်းပင်ဖြစ်သည်။​မှိုစွမ်းအင်ဤပမာဏမျှဖြင့် မုဆိုးမဖန်းကိုကံဆိုးစေဖို့ရာမှာမလုံလောက်သေးပေ။

အဲ့တော့သူမက ကူညီပေးရမှာပေါ့။

​ကျိုးထောင်ဟွား သူမလက်ချောင်းထိပ်များမှတဆင့် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို မသိမသာထုတ်လွှတ်လိုက်ရာ မှိုစွမ်းအင်များသည် မျက်စိဖြင့်မြင်နိုင်သည့်အရှိန်ဖြင့်ကြီးထွားလာလေတော့သည်။

[ဒီမှိုက အသီးပုပ်တို့ဘာတို့ပေါ်တက်တဲ့မှိုမျိုးပါ။ ထောင်ဟွားဆီက မိခင်မှိုနတ်ဆိုးကကျ ကျောက်ပွင့်တို့ဘာတို့လို မှိုအမျိုးအစားပါ]

All Chapters