← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

114

​ကျိုးရှန့်အန်းနှင့်သူ့မိခင်တို့သည် ခြံဝင်းတံခါးအပြင်ဘက်မှနေ မုဆိုးမဖန်း၏စကားများကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုံ့လိုက်မိသည်။

​မုဆိုးမဖန်း ရူးသွားပြီလား။

​ကျိုးအာ့ရှု လေသံမာမာဖြင့်ပြောလိုက်သည်။

"မုဆိုးမဖန်း မင်းကဘယ်သူမလို့ ငါ့မိသားစုကိစ္စကို လာဝင်ပါနေတာလဲ"

​မုဆိုးမဖန်း : "ကျွန်မက......"

​ချမ်ရှီ ရှေ့တိုးလာပြီးဆူငေါက်ပါတော့၏။

"မုဆိုးမဖန်း ငါ့ထောင်ဟွားမင်္ဂလာဆောင်တာ နင်နဲ့ဘာဆိုင်လို့လဲ၊မုဆိုးမတစ်ယောက်ကများ ထောင်ဟွားနဲ့ရှန်းမင်တို့ရဲ့မင်္ဂလာကိစ္စကို လာနှောင့်ယှက်နေတယ်ပေါ့လေ၊ကျက်သရေတုံးလိုက်တာ ထွက်သွားစမ်း"

​ချမ်ရှီ စားပွဲပေါ်မှလက်ဖက်ရည်ခွက်ကို ယူပြီး မုဆိုးမဖန်းမျက်နှာကို ပက်ချလိုက်၏။​မုဆိုးမဖန်းမျက်နှာသည် သူမယောင်္ကျားသေဆုံးစဉ်ကထက်ပင် ပို၍မီးခိုးရောင်သန်းသွားတော့သည်။​မိခင်မှိုနတ်ဆိုးမှာ ကြောင်အနေသောမုဆိုးမဖန်းကို အိမ်မကြီးထဲမှနေအလွန်အလိုက်သိစွာဖြင့် မ,ထုတ်သွားလေ၏။​မုဆိုးမဖန်း သတိပြန်ဝင်လာသောအခါ မိခင်မှိုနတ်ဆိုးမှ ရေတစ်ဇလုံနှင့်လျှောက်လာသည်ကို တွေ့လိုက်ရသည်။သူမ ဘာလုပ်တော့မည်ကို သိလိုက်ရသဖြင့် မုဆိုးမဖန်းကြောက်လန့်တကြားဖြင့် ထွက်ပြေးလေတော့၏။

ထိုစဉ် ​ရုတ်ချည်း သူမမူးဝေသွားပြီး မေးရိုးများတောင့်တင်းလာကာ လျှာကိုအားဖြင့်ကိုက်မိသွားတော့၏။​ညှီစို့စို့ သွေးအရသာသည် သူမပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။နောက်ဆုံးတော့လည်း သူမခမျာမလွတ်မြောက်နိုင်ဘဲ ရေတစ်ဇလုံနှင့်ပက်ခြင်းကိုခံလိုက်ရလေ၏။​အောင်သွယ်တော်ယိုသည် ပါးနပ်သူတစ်ဦးဖြစ်ရာ ချက်ချင်းသဘောပေါက်လိုက်သည်။

​ဒါဆို မုဆိုးမဖန်းက ရှန်းမင်ကိုသဘောကျပြီး လက်ထပ်ချင်နေတာပေါ့လေ။​ကိုယ့်ရုပ်ကိုယ် ပြန်မကြည့်ဘူးလား။

​အကယ်၍ ယခင်၌ ရှန်းမင်တစ်ယောက် ကျိုးကျားရွာရှိလူတိုင်းမှ ရှောင်ဖယ်ကြသောဂြိုဟ်ဆိုးကောင်ဖြစ်နေချိန်၊အုတ်အိမ်မဆောက်ရသေးချိန်၊ဆေးပင်မစိုက်ရသေးချိန်၊နွားလှည်းမဝယ်ရသေးချိန်၊တင်တောင်းငွေတေးခြောက်ဆယ်မပေးနိုင်သေးခင်အချိန်တုန်းကဆိုလျှင်တော့ မုဆိုးမဖန်းသည် သူ့အတွက်သင့်တော်ကောင်း သင့်တော်ပေလိမ့်မည်။

​သို့သော် ယခုရှန်းမင်မှာ အသက်နည်းနည်းကြီးပြီး မိဘဆွေမျိုးမရှိသည်မှလွဲ၍ ရုပ်ရည်၊အကျင့်စာရိတ္တနှင့်ဝီရိယရှိမှုတို့တွင် အဖက်ဖက်မှပြည့်စုံနေသူ ဖြစ်သည်။​အောင်သွယ်တော်ယိုသည် ရှန်းမင်နှင့်ကျိုးထောင်ဟွားတို့၏မင်္ဂလာကိစ္စကို စီစဉ်ပေးရန် အသည်းအသန် ကြိုးပမ်းနေရသူဖြစ်ရာ မုဆိုးမဖန်းမှဝင်ရောက်စွက်ဖက်သည်ကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါမည်နည်း။​အောင်သွယ်တော်ယိုမှ ဆူငေါက်လိုက်တော့သည်။

"အရှက်မရှိတဲ့ကောင်မ ညည်းကသူများမင်္ဂလာကိစ္စကို လိုက်ဖျက်ဆီးနေရင် ဘယ်သူက ညည်းကိုလေးစားတော့မှာလဲ၊ညည်းကများ နောက်အိမ်ထောင်ပြုချင်သေးတယ်ပေါ့လေ အိပ်မက်သာမက်နေလိုက်တော့"

​လျှာကိုက်မိထားသဖြင့် စကားမပြောနိုင်လောက်အောင် နာကျင်နေသော မုဆိုးမဖန်းသည် အောင်သွယ်တော်ယို၏စော်ကားမှုကြောင့် ဒေါသထွက်သွားပြီး သူမကိုပါးရိုက်ရန် လက်ရွယ်လိုက်သည်။

​အိမ်ထောင်ပြုချင်တာ ဘာမှားလို့လဲ။

​ချောမောပြီး ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ကို လိုချင်တာ ဘာမှားလို့လဲ။

​သူမ လက်မြှောက်လိုက်သော်လည်း ရုတ်တရက်ခြေချော်သွားပြီး ရှေ့သို့မှောက်လျက်လဲကျကာ မြေကြီးနှင့် မျက်နှာမိတ်ဆက်သွားလေ၏။​ရှေ့သွားတစ်ချောင်း၏တစ်ဝက်ခန့် ကျိုးထွက်သွားပြီး နှုတ်ခမ်းကွဲကာသွေးများ ဒလဟောစီးကျလာတော့သည်။​မုဆိုးမဖန်းမှာ ကုန်းရုန်းထလိုက်ရင်း သူမခမျာဘာကြောင့်များ ဤလောက်ထိကံဆိုးနေရသနည်းဟု တွေးတောနေမိ၏။ယခု သူမလိုလားသည်မှာ ကျိုးမိသားစုအိမ်မှနေအမြန်ဆုံး ထွက်ခွာသွားရန်သာဖြစ်သည်။

​သို့သော် သူမခြေလှမ်းနှစ်လှမ်းမျှ မလှမ်းရသေးခင်မှာပင် ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး နံရံတွင်မှီထားသော တံမြက်စည်းကြီးမှာလဲကျလာလေတော့၏။အသံကျယ်ကြီးနှင့်အတူ သူမခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်မိသွားလေသည်။

​"အ!"

​မုဆိုးမဖန်း နာကျင်စွာညည်းညူလိုက်ပြီးနောက် လျှာထက်မှစူးရှရှနာကျင်မှုကိုပါ ထပ်မံခံစားလိုက်ရသည်။​မုဆိုးမဖန်း ငိုမဲ့မဲ့ဖြစ်သွားပြီး အမြန်ထွက်ပြေးလေရာ သူမကိုလိုက်ရှာနေသော ရွာလူကြီးနှင့်ပက်ပင်းတိုးလေတော့၏။

​"ဖန်းရှီ မင်းရဲ့ယောက္ခထီးကိုတောင်စောင်းကာကွယ်ရေး စီမံကိန်း စာရင်းမပေးခိုင်းတာ မင်းလား"

​ရွာလူကြီးသည် မှတ်ပုံတင်စာအုပ်ကိုကိုင်လျက် သူမနောက်သို့ကျိုးမိသားစုအိမ်ထိလိုက်လာခဲ့ပြီး ခြံဝင်းတံခါးဝတွင်ပိတ်ဆို့ထားလိုက်သည်။

​"ကျွန်မ မလုပ်......"

​မုဆိုးမဖန်း ရှင်းပြရန်ကြိုးစားသော်လည်း လျှာမှာအလွန်နာကျင်နေသဖြင့် စကားမပြောနိုင်ပေ။​ရွာလူကြီးမှာ သူမထံမကျေမနပ်ကြည့်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

​"ငြင်းဖို့ ကြိုးစားနေတုန်းပဲလား၊မင်းကလွဲပြီး ဘယ်သူရှိဦးမှာလဲ၊မင်းရဲ့ယောက္ခမတွေက ရိုးသားပြီး ဥပဒေလိုက်နာတဲ့ရွာသားတွေပဲလေ၊တစ်ကယ်လို့ မင်းသာမြှောက်မပေးရင် သူတို့ဒီလိုလုပ်မှာမဟုတ်ဘူး၊ဖန်းရှီ ငါမင်းကိုပြောလိုက်မယ်၊မင်းက ကွမ်ကုန်းရဲ့ချွေးမဖြစ်ပေမယ့် ကျိုးကျားရွာရဲ့အဖွဲ့ဝင်တစ်ယောက်နော်၊တစ်ကယ်လို့ မင်းသာစည်းကျော်လာရင် ရွာရဲ့စည်းကမ်းတွေအတိုင်း အပြစ်ပေးရလိမ့်မယ်"

​"!!!"

​ရွာလူကြီးအားမြင်လိုက်ရသောအခါ မုဆိုးမဖန်းခမျာ ကြောက်လွန်းသဖြင့်တုန်ယင်သွားရသည်။သူမ၏ရိုးသားသောယောက္ခမများကို မကြောက်သော်လည်း ရွာလူကြီးမှရွာ၏စည်းကမ်းများအတိုင်း အရေးယူမည်ဆိုလျှင်တော့ သူမသွားပြီပင်။ယခု ကျိုးကျားရွာရှိဘဝများမှာ အလွန်ကောင်းမွန်နေပြီဖြစ်၍ ရွာမှအနှင်ထုတ်ခံရဖို့ဆိုသည်မှာ သူမရူးနေမှသာဖြစ်ပေလိမ့်မည်။​သူမသည် လျှာနာနေသည့်ကြားမှ အတင်းဟန်ဆောင်ပြုံးပြပြီးပြောလိုက်သည်။

"အဘိုးရွာလူကြီး ပြောတာမှန်ပါတယ်၊နောက်တစ်ခါ ဘယ်တော့မှမလုပ်ရဲတော့ပါဘူး"

​သူမသဘောထားကို လက်ခံနိုင်သည်ဟု ယူဆသဖြင့် ရွာလူကြီးမှာ ဤတစ်ကြိမ်၌ သူမကိုလွှတ်ပေးလိုက်သည်။​ရွာလူကြီးထွက်သွားသောအခါ မုဆိုးမဖန်းမျက်နှာသည် သူမယောက်ျား သေဆုံးစဉ်ကကဲ့သို့ မီးခိုးရောင်သန်းသွားပြန်၏။

​ဒီနေ့ကတော့ သူမဘဝရဲ့အဆိုးရွားဆုံးနေ့ပါပဲ။ကံဆိုးမှုတွေက ဝင်လာမစဲတသဲသဲကိုဖြစ်လို့နော်။

​.........

​သုန်းသုန်းတောင်ပေါ်တွင်

​ရှန်းမင်သည် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည်။ခပ်မြင့်မြင့်နေရာတွင် သူရပ်နေကာ လုပ်ငန်းခွင်ကိုစနစ်တကျ ညွှန်ကြားနေပြီး လူတိုင်းနှင့်အတူတကွ လက်တွဲလုပ်ကိုင်နေ၏။​သူ့ဂွမ်းအင်္ကျီသည် ချွေးများဖြင့်ရွှဲနစ်နေပြီး ကျောပြင်တွင်ကပ်နေပြီဖြစ်သည်။​သူ့ဦးဆောင်မှုအောက်တွင် ရွာသားအားလုံးအစွမ်းကုန် ကြိုးစားလုပ်ကိုင်နေကြ၏။အချို့မှာ ဂေါ်ပြားများကို တင်းတင်းဆုပ်ကိုင်ကာ မြေကြီးများကိုတူးဆွပြီး သတ်မှတ်ထားသောနေရာများတွင် တိတိကျကျဖြည့်ပေးနေကြသည်။အချို့မှာတော့ မြေသားနံရံတည်ဆောက်ရန် လိုအပ်သောကျောက်တုံးများကို သယ်ဆောင်ကြ၏။

သူတို့သည် နှစ်ယောက်တစ်တွဲလုပ်ကိုင်ကြပြီး ကိုယ်ကိုကိုင်းကာကျောက်တုံးအနားသတ်များကိုကိုင်လျက် ပြိုင်တူ အော်ဟစ်၍ လေးလံသောကျောက်တုံးများကို တစ်ပြိုင်နက်မ,တင်ကြရသည်။အချို့လူများ၏နဖူးမှ ချွေးများစီးကျလာပြီး မျက်ခုံးမွှေးများကိုဖြတ်ကာ မျက်လုံးထဲသို့ဝင်ရောက်သွားသဖြင့် စပ်ဖျင်းဖျင်းဖြစ်သွားကြ၏။သူတို့သည် ကျောက်တုံးကိုချပြီးမှသာ လက်ခုံဖြင့်မျက်လုံးကို သုတ်နိုင်ကြသည်။

​လူအများစုသည် အပူဒဏ်ကိုမခံနိုင်တော့ဘဲ ဂွမ်းအင်္ကျီများကိုချွတ်ကာအင်္ကျီပါးလေးများဖြင့် ဆက်လုပ်ကြ၏။​ရှန်းမင်၏အင်္ကျီပါးလေးသည် ချွေးများဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်တွင်ကပ်နေသဖြင့် သန်မာသောသူ့ကြွက်သားများကို အထင်းသားပေါ်လွင်စေသည်။​အနားယူချိန်တွင် ရှန်းမင်သည် ဂေါ်ပြားကိုချထားလိုက်၏။သူ တောင်ပေါ်ရောက်နေသော်လည်း သူ့စိတ်မှာတော့တောင်အောက်ကိုရောက်နေသည်။

​အောင်သွယ်တော်ယိုတစ်ယောက် ကျိုးမိသားစုထံကမ်းလှမ်းသည်မှာ အောင်မြင်ပါ့မလားဟု သူတွေးနေမိ၏။​ကျိုးအာ့ရှုနှင့်အောင်သွယ်တော်ယိုတို့ မနေ့၌သူ့ကမ်းလှမ်းမှုကို သဘောတူခဲ့ကြသော်လည်း ကိစ္စမပြီးပြတ်သေးသရွေ့ သူစိတ်မအေးနိုင်သေးပေ။​ကျိုးကွမ်းမင်သည် ရှန်းမင်၏ကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစားကို အားကျစွာ ကြည့်ရင်းမနေနိုင်ဘဲ ညည်းတွားလိုက်သည်။

"လူငယ်ဖြစ်ရတာ ကောင်းလိုက်တာကွာ၊ငါ့တုန်းကလဲ အဲ့လိုပဲ"

​ကျိုးတချမ်းမှ တန်းဖော်လာ၏။

"မင်းကလား ကွမ်းမင်၊ငါတို့က အတူတူ ကြီးပြင်းလာကြတာလေ၊ငါ့ကိုအတိတ်မေ့နေတယ်လို့များ ထင်နေလား"

​ကျိုးကွမ်းမင်သည် ကျိုးတချမ်းကိုဂရုမစိုက်ဘဲ ရှန်းမင်ရှိရာသို့သာတန်းလျှောက်သွားလိုက်သည်။​ကျိုးကွမ်မင်အကြံပြုလာ၏။

"ရှန်းမင် ငါမင်းကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား၊မင်းအဒေါ်ရဲ့ တူမချိုးယွဲ့လေ၊ဒီနှစ် ဆယ့်ငါးနှစ်ပြည့်ပြီ၊သူက အဝတ်လျှော်၊ထမင်းချက်၊လယ်လုပ်တာကအစ အပ်ချုပ်တာအဆုံး အကုန်တော်ပြီး အိမ်မှုကိစ္စလဲ နိုင်နင်းတယ် သူကပိန်ပိန်သွယ်သွယ်နဲ့ သဘောထားကြီးတဲ့အပြင် ရုပ်လဲလှတယ်နော်"

​ကျိုးအာ့ရှုသဘောမတူသော ဤသမက်လောင်းသည် အတော်လေးသင့်တော်သည်ဟု သူထင်မြင်မိသည်။​သူ့ဇနီး၏တူမလေးမှာ ဒီနှစ် ၁၅နှစ်ပြည့်တော့မည်ဖြစ်၍ ဤမျှအရည်အချင်းရှိသောလူငယ်ကို သူများလက်ထဲပါသွားခွင့်မပေးသင့်ပေ။​ရှန်းမင် အလောတကြီးငြင်းဆန်လိုက်သည်။

ထောင်ဟွားနဲ့မင်္ဂလာကိစ္စ စီစဉ်ထားပြီးပြီလေ။တစ်ကယ်လို့ ဒီကိစ္စသာဖြစ်သွားပြီး ထောင်ဟွားစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။​ကျိုးကွမ်းမင်က သူ့ကိုဒုက္ခပေးဖို့ကြိုးစားနေတာပဲ။

​"ဦးလေးကွမ်းမင်ကို ကျေးဇူးတင်ပေမယ့် မလိုပါဘူး"

​"မင်း ထောင်ဟွားကိုမေ့မရနိုင်သေးဘူးလား၊ငွေတေးခြောက်ဆယ်ကတောင် အာ့ရှုကိုမဆွဲဆောင်နိုင်ခဲ့ဘူးလေ၊သစ်ပင်တစ်ပင်တည်းမှာပဲ ကပ်တွယ်မနေပါနဲ့၊အခြားလူတွေကိုလဲ ကြည့်ဦးလေ မင်းက ငယ်တော့တာမဟုတ်ဘူး၊ငါသာမင်းအရွယ်တုန်းကဆို ငါ့ကလေးကနှစ်နှစ်ကျော်နေပြီ၊မင်းကတော့ အိမ်ထောင်တောင်မကျသေးဘူး၊အခုအချိန်မှာ အရေးအကြီးဆုံးက သီလရှိပြီးအရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကိုမြန်မြန်ယူပြီး သုံးနှစ်အတွင်းကလေးနှစ်ယောက်လောက်ရအောင်ယူဖို့ပဲ"

​ကျိုးကွမ်းမင်မှာ သူ့စိတ်ထဲရှိသည့်အတိုင်းပြောလိုက်သည်။​ကျိုးတချမ်းလည်းလျှောက်လာပြီး ထောက်ခံပြောဆိုလိုက်၏။​ထောင်ဟွားမှာ ထူးချွန်ပေသိ အာ့ရှုသာ ဤမင်္ဂလာကိစ္စကိုသဘောမတူမလျှင် သေချာပေါက်ဖြစ်လာတော့မည်မဟုတ်ပေ။​ရှန်းမင်အနေဖြင့် ထောင်ဟွားအတွက်နှင့် အသက်ကြီးလာမည့်အရေးကိုအချိန်ဆွဲမနေသင့်ချေ။

​ရုတ်တရက် ရှန်းမင်သည် တောင်ပေါ်သို့ပြုံးရွှင်နေသည့်မျက်နှာထားဖြင့်တက်လာသည့် လူကိုမြင်လိုက်ရရာ အလိုလိုပြုံးမိသွားသည်။

​အောင်မြင်သွားပြီ။

​ထောင်ဟွားနဲ့သူ့မင်္ဂလာကိစ္စ အောင်မြင်သွားပြီ။

​ရှန်းမင် ရုတ်တရက်ကြီးထရယ်လာရာ ကျိုးကွမ်းမင်နှင့်ကျိုးတချမ်းတို့လည်း သူတို့စကားကို ရှန်းမင်နားဝင်သွားပြီဟု ထင်မှတ်လိုက်ကြသည်။ကျိုးကွမ်းမင်မှ သူ့တူမအကြောင်း ဆက်ပြောရန်ပြင်လိုက်စဉ်မှာပင် တောင်အောက်မှအသံတစ်သံ ရုတ်တရက်ထွက်လာလေ၏။

​"ရှန်းမင်ရေ သတင်းကောင်းဟေ့"

All Chapters