← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

115

​"ထောင်ဟွားအဖေက မင်းရဲ့မင်္ဂလာကိစ္စကို သဘောတူလိုက်ပြီ၊မင်းဘက်ကရက်ရာဇာရွေးပြီးရင် ငါကျိုးမိသားစုဆီသွားပြောပေးမယ်"

​အောင်သွယ်တော်ယို့အသံသည် အလွန်စူးရှကျယ်လောင်သဖြင့် တောင်ပေါ်တွင်အလုပ်လုပ်နေကြသော ရွာသားများ၏အသံကို ချက်ချင်းဖုံးလွှမ်းသွားလေသည်။​ရှန်းမင်မျက်နှာပေါ်တွင် အပြုံးတစ်ခုပွင့်လန်းလာပြီး ပျော်ရွှင်မှုများသည် ဒီရေလှိုင်းလုံးကြီးအလား သူ့ကိုချက်ချင်းလွှမ်းမိုးသွားလေ၏။​တောင်ပေါ်တွင် အလုပ်လုပ်နေကြသော ရွာသားများသည် အောင်သွယ်တော်ယိုစကားကို ကြားလိုက်ရသောအခါ အစပိုင်းတွင်လုပ်လက်စအလုပ်များရပ်သွားကြပြီး သူတို့မျက်နှာများတွင် အံ့သြမှုနှင့်နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကြသည်။​အခြေအနေကို သဘောပေါက်သွားပြီးနောက် ချက်ချင်းပင်စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာကြ၏။

​"တစ်ကယ်လား အာ့ရှုကတစ်ကယ်ကြီး သဘောတူလိုက်တာလား"

ကျိုးတချမ်းမယုံကြည်နိုင်ဟန်ဖြင့်ပြောလိုက်သည်။​ကျိုးကွမ်းမင်သည်လည်း ခေတ္တမှင်သက်သွားပြီးမှပြောလာ၏။

"ရှန်းမင် ဂုဏ်ပြုပါတယ်ကွာ၊နောက်ဆုံးတော့ မင်း ထောင်ဟွားကိုလက်ထပ်ရတော့မယ်"

​ရှန်းမင်မှာ ကျိုးထောင်ဟွားနှင့်လက်ထပ်တော့မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျိုးရှန့်လင်သည် ဂေါ်ပြားကို ချက်ချင်းချကာပြောလိုက်၏။

​"ရှန်းမင် ဒါကဝမ်းသာစရာသတင်းပဲကွ"

​ကျိုးထောင်ဟွားသည် ရွာထဲရှိလူများစွာ၏နေအိမ်များမှ မကောင်းဆိုးဝါးများနှင့်ထူးဆန်းသောအဖြစ်အပျက်များကို ဖြေရှင်းပေးခဲ့သလို ရွာတွင်ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်ကြီးနှစ်ခုကိုလည်း လူတိုင်းဘေးကင်းကင်းဖြင့်ကျော်လွှားနိုင်ရန် ကြိုတင်အသိပေးခဲ့သည်။​ထို့ကြောင့် ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့ စေ့စပ်လိုက်ကြပြီဟုကြားလိုက်ရသောအခါ လူတိုင်းမျက်လုံးများထဲတွင် ရှန်းမင်ကိုကြည့်ရင်း ရိုးသားသောကောင်းချီးမင်္ဂလာများအပ်နှင်းလာကြ၏။

​ကျိုးကွမ်းခွင်သည် ရှန်းမင်နှင့်ကျိုးထောင်ဟွားတို့ စေ့စပ်လိုက်ကြပြီဟုကြားလိုက်ရသောအခါ သူ့သားရှန့်အန်းတစ်ယောက် ထောင်ဟွားအားလက်ထပ်ခွင့်မရတော့မှန်းသိလိုက်သည်။​လူတိုင်း၏ ဆုတောင်းစကားများကို ကြားလိုက်ရသောအခါ ရှန်းမင်၏ပျော်ရွှင်မှုများသည် ရင်ထဲမှတဆင့် မျက်နှာပေါ်ထိပျံ့နှံ့သွားလေ၏။ထောင်ဟွားနှင့် သူ့မင်္ဂလာကိစ္စ နောက်ဆုံးတော့ အတည်ဖြစ်သွားပြီပင်။

​"အဘွားယို ထောင်ဟွားရဲ့မွေးနေ့ဖြစ်တဲ့ သတ္တမလ ၇ရက်နေ့ကို မင်္ဂလာဆောင်ဖို့ရွေးလိုက်ပါပြီ"

​ရှန်းမင်သည် တောင်ပေါ်သို့တက်လာသော အောင်သွယ်တော်ယိုထံလှမ်းပြောလိုက်သည်။​သူ နောက်ထပ် တစ်ခဏလေးပင်ထပ်မစောင့်နိုင်တော့ပေ။ကျိုးထောင်ဟွားကို သူ့မိသားစုထဲသို့ အမြန်ဆုံးခေါ်ဆောင်လာချင်နေပြီဖြစ်သည်။​အောင်သွယ်တော်ယိုသည် ရှန်းမင်၏စိတ်မြန်လက်မြန်ဖြစ်နေပုံကိုကြည့်ပြီး ပြုံးလိုက်မိ၏။​သို့သော် အမျိုးသမီးတစ်ယောက်သည် အရွယ်ရောက်ပြီးမှသာ လက်ထပ်နိုင်သည်ဟု ဘိုးဘေးများမှ စည်းကမ်းသတ်မှတ်ထားခဲ့ရာ ရှန်းမင်၏လုပ်ရပ်မှာလည်းမမှားပေ။​အောင်သွယ်တော်ယိုပြုံးကာပင်သဘောတူလိုက်သည်။

"ကောင်းပြီလေ အဘွားသဘောပေါက်ပြီ၊ကျိုးမိသားစုကို အခုပဲသွားပြောလိုက်ပါ့မယ်"

​"ရှန်းမင် ဂုဏ်ပြုပါတယ်ကွာ၊မင်း ထောင်ဟွားကို လက်ထပ်ရတော့မယ်"

​"ရှန်းမင် မင်းရဲ့မင်္ဂလာကိစ္စ နီးကပ်လာပြီပဲ၊ဦးလေးက အရင်ဦးအောင်ဂုဏ်ပြုပါရစေ"

​"......"

​ရွာသားများသည်တစ်ယောက်တစ်ပေါက် ဝင်ရောက်ဂုဏ်ပြုစကားဆိုကြရာ သူတို့အသံများသည် ရှန်းမင်နားထဲတွင် ပဲ့တင်ထပ်နေလေသည်။​ရှန်းမင်သည် လူအုပ်ကြီးဘက်သို့ အသံမြှင့်ပြီးပြောလိုက်သည်။

"သတ္တမလ ၇ရက်နေ့ကျရင် အားလုံးပဲ ကျွန်တော့်အိမ်က မင်္ဂလာဆောင်စားပွဲကိုလာခဲ့ကြဦးနော်"

​အောင်သွယ်တော်ယို၏အဖြေကို ရရှိထားသဖြင့် ရှန်းမင်သည် အလုပ်လုပ်ရာတွင် အားအင်များ အဆုံးမရှိထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။​ယနေ့မှစပြီး သူသည်ထောင်ဟွား၏စေ့စပ်ထားသူ ဖြစ်လာပြီဖြစ်ရာ ကျိုးမိသားစုအိမ်သို့ တရားဝင်,ဝင်ထွက်သွားလာခွင့်ရရှိတော့မည်ပင်။​တောင်စောင်းကာကွယ်ရေး စီမံကိန်းသည် ချောမွေ့စွာပြီးစီးသွားခဲ့ပြီး တစ်လတာအချိန်သည် မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးကာ စတုတ္ထလသို့ရောက်ရှိလာခဲ့သည်။

​ရာသီဥတုနွေးထွေးလာပြီဖြစ်၍ လူတိုင်းမှာဂွမ်းအင်္ကျီထူထူတို့ကို ချွတ်လိုက်ကြပြီပင်။​ရှန်းမင်သည် ညတိုင်းကျိုးမိသားစုအိမ်သို့လာပြီး ချမ်ရှီထံမှဟင်းချက်နည်း သင်ယူနေသဖြင့် သူ့ဟင်းချက်လက်ရာမှာ တဖြည်းဖြည်းတိုးတက်လာလေသည်။​ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့တွင် တရားဝင်အဆင့်အတန်းရှိနေပြီဖြစ်၍ မည်သူ့ကိုမှဂရုစိုက်စရာမလိုဘဲ ပေါ်တင်လက်ချင်းချိတ်၍သွားနိုင်ပြီဖြစ်၏။

​ညတိုင်းလိုလို ကျိုးထောင်ဟွားသည် ဝိညာဉ်စွမ်းအင်အများအပြား စုပ်ယူရရှိလေသည်။​ပြီးခဲ့သည့်တစ်လအတွင်း သူမသည် ပန်းထိုးလုပ်ငန်းတစ်ခုဖွင့်လှစ်ရန် အလုပ်ရှုပ်နေခဲ့၏။သူမသည် ပိုးလက်ကိုင်ပုဝါများကို ဟယ်ရှီအားတစ်ထည်လျှင် ပြားတစ်ရာ သို့မဟုတ် နှစ်ရာ ဖြင့်ရောင်းချခဲ့သည်။ဟယ်ရှီမှာ မူလ၌တစ်ထည်လျှင် နှစ်ရာ သို့မဟုတ် သုံးရာ သတ်မှတ်ထားသော်လည်း ​ပန်းထိုးလက်ရာမှာ အလွန်ထူးခြားကောင်းမွန်သောကြောင့် နောက်ဆုံးတွင် သူမဈေးနှုန်းမြှင့်တင်လိုက်ရ၏။

​ထို့ကြောင့် ဟယ်ရှီသည် ကျိုးကျားရွာရှိ သူမဆီလာရှာပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောလာသည်။​သို့သော် ကျိုးထောင်ဟွားသည် ဤသည်နှင့်ပက်သက်၍ စီးပွားရေးအခွင့်အလမ်းတစ်ခုကိုမြင်လိုက်၏။​သူမသည် ဟယ်ရှီနှင့် ဆက်လက်ပူးပေါင်းရန် သဘောတူခဲ့သော်လည်း ရိုးရှင်းသောလက်ကိုင်ပုဝါများသာမဟုတ်ဘဲ အဝတ်အစား၊အသုံးအဆောင်ပစ္စည်းများနှင့်နေ့စဉ်သုံးပစ္စည်းများကိုပါ ထည့်သွင်းရန်ဆန္ဒရှိကြောင်း ပြောလိုက်သည်။​ဆိုလိုသည်မှာ ရာသီသွေးမိစ္စာတစ်ကောင်တည်းဖြင့် လုံလောက်မည်မဟုတ်ပေ။

​ထို့ကြောင့် သူမသည်ရွာထဲရှိအမျိုးသမီးအားလုံးကိုစုစည်းပြီး ရာသီသွေးမိစ္ဆာထံမှ ပန်းထိုးနည်းသင်ယူစေရန် စီစဉ်လိုက်သည်။​ဤကိစ္စကို ရွာလူကြီးနှင့်တိုင်ပင်သောအခါ ရွာလူကြီးသည်ရွာသားများနှင့် စုပေါင်းပြီးလုပ်ငန်းတည်ထောင်ရန် အကြံပြုသော်လည်း ကျိုးထောင်ဟွား ငြင်းပယ်လိုက်၏။​ပန်းထိုးလုပ်ငန်းသည် သူမတစ်ဦးတည်းပိုင်ပင်ဖြစ်ရပေမည်။ရာသီသွေးမိစ္ဆာသည်လည်း သူမပိုင်ဆိုင်သောအရာဖြစ်သည်။ပန်းထိုးနည်းလာသင်မည့်သူတိုင်းမှာ သူမဩဇာကိုနာခံစေရန်အတွက် သူမတွင်အကြွင်းမဲ့အာဏာရှိရန်လိုအပ်၏။

​ကျိုးထောင်ဟွားသည် ပေငါးဆယ်ပတ်လည်‌မြေကွက်ကို ဝယ်ယူလိုက်ပြီး ပန်းထိုးအလုပ်ရုံဆောက်ရန် လူငှားကာ လိုအပ်သောကိရိယာများဝယ်ယူလိုက်သည်။​တောင်စောင်းကာကွယ်ရေး စီမံကိန်းသည် စနစ်တကျပြီးစီးသွားပြီး သူမ၏ပန်းထိုးအလုပ်ရုံသည်လည်း နောက်ဆုံးတွင်ပြီးစီးသွားခဲ့လေပြီ။​တိုက်ဆိုင်သည်မှာ နှမ်းရွက်ပင်နှင့်ယီမူချောင်တို့ကို အပင်လိုက်ရိတ်သိမ်းပြီး ရောင်းချရမည့် စတုတ္ထလသို့ရောက်ရှိနေပြီဖြစ်သည်။ပြန်လည်စိုက်ပျိုးပြီး ရောင်းချနိုင်ရန်အတွက် အနည်းဆုံးတစ်လ သို့မဟုတ် နှစ်လခန့်စောင့်ဆိုင်းရဦးပေမည်။​ဒုတိယလဆန်း ၂ရက်နေ့လယ်ခင်းတွင် ရွာလူကြီးသည် ရွာအဝင်ဝ၌ အစည်းအဝေးခေါ်ယူပြီး ကြေညာလိုက်သည်။

​"အားလုံးသိကြတဲ့အတိုင်းပဲ၊ထောင်ဟွားက သူ့အိမ်ဘေးမှာပန်းထိုးအလုပ်ရုံတစ်ခု တည်ဆောက်လိုက်ပြီ၊သူ့ရဲ့ရာသီသွေးမိစ္ဆာကိုယ်တိုင် ပန်းထိုးနည်းသင်ပေးမှာပါ"

​ထို့နောက် ရွာလူကြီးသည်ရာသီသွေးမိစ္ဆာကို ခုံပုလေးပေါ်မတ်တတ်ရပ်စေပြီး လူအုပ်ကြီးအား မိတ်ဆက်ပေးလိုက်သည်။

​"ရာသီသွေးမိစ္ဆာဝတ်ထားတဲ့ အဝတ်အစားတွေက သူကိုယ်တိုင်ချည်ထိုးထားတာပါ၊နှစ်ပေါင်းရာချီလေ့ကျင့်ထားတဲ့ သူ့လက်ရာကို ဘယ်သူမှယှဉ်နိုင်မှာမဟုတ်ပါဘူး၊တစ်ကယ်လို့သင်ချင်တဲ့သူရှိရင် မနက်ဖြန်မနက်ကျထောင်ဟွားရဲ့ ပန်းထိုးအလုပ်ရုံကို သွားပြီးစာရင်းပေးလိုက်ကြ၊တစ်ကယ်လို့ ကျွမ်းကျင်သွားပြီဆိုရင် အလုပ်ရုံမှာပန်းထိုးပေးတဲ့ အထည်တိုင်းအတွက် လုပ်ခရဦးမှာနော်၊ဒါဆိုရင် ဆေးပင်တွေကြီးလာမယ့်အချိန်ကိုစောင့်နေရင်း ဝင်ငွေဆက်ရနေမှာပေါ့"

​ရွာလူကြီးစကားဆုံးသည်နှင့် လူအများစုမှာစမ်းကြည့်ချင်လာကြသည်။အထူးသဖြင့် အဒေါ်ကြီးများနှင့် အဘွားတို့အုပ်စုဖြစ်၏။အဘွားဖုန်းပင်လျှင် သင်ချင်လာလေသည်။​ပန်းထိုးခြင်းသည် ကိုယ်လက်လှုပ်ရှားမှုပြင်းထန်သော အလုပ်မဟုတ်သလို မျက်စိကောင်းနေသရွေ့ပြဿနာမရှိနိုင်ပေ။​ယခင်က ဆေးပင်စိုက်ခင်းမှနေ မိသားစုအတွက်ငွေအများအပြားရရှိခဲ့သော်လည်း ပိုကောင်းသည့်ဘဝအားမလိုချင်သူမရှိနိုင်ချေ။

​ယခုရွာထဲတွင် ထောင်ဟွားမိသားစုနှင့်ရှန်းမင်မိသားစုနှစ်စုစလုံး နွားလှည်းဝယ်ထားကြပြီဖြစ်ရာ မြို့ထဲသွားလျှင် လမ်းလျှောက်စရာမလိုဘဲ နွားလှည်းမောင်းသွားနိုင်သလို ပစ္စည်းအများအပြားလည်း တင်ဆောင်နိုင်သည်။​လူတိုင်းမှာ ကိုယ်ပိုင်နွားလှည်းတစ်စီးစီဝယ်ချင်ကြသော်လည်း တစ်စီးလျှင်ငွေတေး ငါးဆယ်ကျော်ကျသင့်မည်ဖြစ်၏။

​"ထောင်ဟွား အစ်မ,မနက်ဖြန်ကျရင် ညီမဆီမှာလာစာရင်းပေးမယ်နော်"

​ကျိုးရှန့်ဖုန်းသည် ကျိုးထောင်ဟွားလက်မောင်းကိုချိတ်လျက် ချိုချိုသာသာပြောလိုက်သည်။

​"ထောင်ဟွား အစ်မလဲမနက်ဖြန်လာစာရင်းပေးမယ်"

ယန်ကျန်းကျူမှ ပြောလိုက်သည်။​ရှစ်ရှီ သည် သူမသမီးကျိုးရှန့်ကျင်းကိုခေါ်ပြီး ကျိုးထောင်ဟွားထံ စာရင်းပေးရန်လာခဲ့သည်။​ကျိုးထောင်ဟွားသည် စာရင်းပေးလိုသူတိုင်းကိုအပြုံးလေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။​ရွာထဲတွင် စုစုပေါင်း အိမ်ထောင်စု ၁၆၀ရှိရာ အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်စာရင်းပေးပါလျှင် သူမ၏ပန်းထိုးအလုပ်ရုံ၌ ပန်းထိုးသမား ၁၆၀ရှိလာမည်ဖြစ်၏။​ပန်းထိုးသမား လုံလောက်မှသာ စီးပွားရေးလည်းကြီးထွားလာနိုင်မည် ဖြစ်သည်။

​မုဆိုးမဖန်းနှင့်ခယ့်ရှီတို့သည် လူတိုင်းမှကျိုးထောင်ဟွားထံ စာရင်းသွားပေးနေကြသည်ကိုကြည့်ရင်း တုံ့ဆိုင်းနေကြ၏။ အရင်လတုန်းက ဖန်းချိုက်လင်သည် ကျိုးမိသားစုအိမ်၌ပြဿနာရှာခဲ့သည်။နောက်ပိုင်းခယ့်ရှီကြားသိရသည်မှာ မုဆိုးမဖန်းသည် မင်္ဂလာကိစ္စကိုသဘောတူပြီးသားဖြစ်သော ကျိုးအာ့ရှုထံ ရှန်းမင်နှင့်ကျိုးထောင်ဟွားတို့၏မင်္ဂလာပွဲအား သဘောမတူအောင် တားဆီးရန်ကြိုးစားခဲ့သည်ဟုပင်။

​ဤကိစ္စသည် ကျိုးအာ့ရှုနှင့်သူ့ဇနီး၊ကျိုးထောင်ဟွားနှင့် အောင်သွယ်တော်ယိုတို့ကိုပါဒေါသထွက်စေခဲ့သည်။​ထို့ကြောင့် ခယ့်ရှီသည် ဤကိစ္စကောင်းအတွက်စာရင်းပေးရန် ကျိုးထောင်ဟွားထံသွားရောက်ပြောဆိုဖို့ကို အလွန်ရှက်ရွံ့နေလေ၏။ခယ့်ရှီမှ လှည့်ပြန်ရန်ပြင်လိုက်စဉ်မှာပင် မုဆိုးမဖန်းမှာ သူမကိုတားလိုက်ပြီး

​"အမေ ဒီတိုင်းပြန်တော့မလို့လား၊အမေ့ရဲ့လက်ရာက တော်တော်ကောင်းတာကို သမီးမှတ်မိတယ်၊တစ်ကယ်လို့ စာရင်းမပေးခဲ့ရင် နှမြောစရာကြီးလေ၊စိုက်ခင်းထဲက ဆေးပင်တွေဆိုတာလဲ အခုမှစိုက်တုန်းရှိသေးတာ၊ပြန်ရိတ်သိမ်းဖို့က နှစ်လလောက်ကြာဦးမှာလေ၊အဲ့နှစ်လအတွင်း ကျွန်မတို့ကပိုက်ဆံလုံးဝမရှာတော့ဘူးလား"

​ခယ့်ရှီသက်ပြင်းချလိုက်ပြီး သူမထံကူကယ်ရာမဲ့ဟန်ဖြင့်ကြည့်လိုက်သည်။

​"ပြီးခဲ့တဲ့တစ်ခေါက်က ကျိုးမိသားစုအိမ်မှာ အဲ့လောက်ပြဿနာရှာထားပြီးတော့ သူတို့အလုပ်ရုံမှာ ပန်းထိုးသင်ဖို့ ငါကဘယ်လိုလုပ် မျက်နှာပြရဲမှာလဲ"

​မုဆိုးမဖန်းသည် သူမအမှားလုပ်မိခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် ခေါင်းငုံ့သွားသော်လည်း ချွေးမနှင့်ယောက္ခမ နှစ်ယောက်စလုံးအတွက် နှစ်လတာဝင်ငွေရမည့် အခွင့်အလမ်းကို လက်လွှတ်လိုက်ရန်မှာမဖြစ်နိုင်ပေ။​သူမယောက္ခထီးမှာလည်း နောက်ထပ်နှစ်လလောက် တောင်စောင်းကာကွယ်ရေး စီမံကိန်းတွင်အလုပ်လုပ်ရဦးမည်။အကယ်၍ သူတို့သာပိုက်ဆံမရှာနိုင်လျှင် ငတ်ပြတ်သွားနိုင်သည်။

အခြားမိသားစုများမှ နွားလှည်းဝယ်နေကြချိန်တွင် သူတို့မှာတော့မြို့ထဲလမ်းလျှောက်သွားနေရတုန်းဖြစ်နေလိမ့်မည်။​ထိုသို့ တွေးမိပြီးနောက် မုဆိုးမဖန်းမှာအိမ်သို့ အမြန်ပြန်သွားလိုက်သည်။ခယ့်ရှီမှာ သူမလက်လျော့လိုက်ပြီဟုထင်၍ အိမ်သို့ဖြည်းဖြည်းချင်းပြန်လာခဲ့သည်။ထင်မထားသည်မှာ သူမတံခါးဝသို့ရောက်သည်နှင့် မုဆိုးမဖန်းပြန်ထွက်လာသည်ကိုတွေ့လိုက်ရ၏။

​"ချိုက်လင် ဘယ်သွားမလို့လဲ"

​"အမေ ပြန်ရောက်လာမှပြောပြမယ်၊ထမင်းအရင်ချက်ထားလိုက်နော်"

​ကျိုးထောင်ဟွားတို့ မိသားစုအိမ်ပြန်ရောက်သောအခါ မုဆိုးမဖန်းမှာသူတို့အိမ်တံခါးဝ၌ ရပ်နေသည်ကိုတွေ့လိုက်ရသည်။ဤတစ်ခေါက်တွင်တော့ မိခင်မှိုနတ်ဆိုးသည် တံခါးစောင့်ရာ၌အလွန် တင်းကြပ်နေပြီး သူမကိုလုံးဝအဝင်မခံခဲ့ပေ။​ကျိုးအာ့ရှုနှင့်သူ့ဇနီးတို့မှာ သူမကိုမြင်လိုက်သည်နှင့် မျက်နှာမကောင်းဖြစ်သွားကြသည်။​ချမ်ရှီ‌ဆူငေါက်လိုက်၏။

"မုဆိုးမဖန်း ညည်းကဒီမှာဘာလာလုပ်နေတာလဲ ထွက်သွားစမ်း"

​မုဆိုးမဖန်းသည် သူမခြင်းတောင်းကိုဖုံးအုပ်ထားသော အဝတ်စအားဖယ်လိုက်ပြီးပြောလာ၏။

"ဒေါ်လေးချမ် ကျွန်မကတောင်းပန်ဖို့လာခဲ့တာပါ"

All Chapters