အခန်း (၁၁၆)
Vol. 12 Ch. 116
116
သူ့ခြင်းတောင်းထဲတွင် အသားခြောက်များ အပြည့်ပါနေ၏။
"ဒေါ်လေးချမ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မအမှားလုပ်မိပါတယ်၊စိတ်ထဲမထားလိုက်ပါနဲ့နော်၊ဒါတွေက ကျွန်မကိုယ်တိုင် အခြောက်လှန်းထားတဲ့ ဝက်သားနဲ့ကြက်သားတွေပါ၊ထောင်ဟွားက ပိန်လွန်းတော့ သူ့ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ"
ကျိုးမိသားစုဝင်သုံးဦးစလုံးသည် မုဆိုးမဖန်း၏ရိုးသားမှုကြောင့် အံ့သြသွားကြသည်။ဆိုရိုးစကားအတိုင်းပင် ပြုံးနေသောမျက်နှာကို ဘယ်သူမှပါးမရိုက်တတ်ကြပေ။အထူးသဖြင့် မုဆိုးမဖန်း၏သဘောထားကို မြင်လိုက်ရသောအခါ သူတို့မကျေမနပ်သိပ်မဖြစ်ကြတော့ပေ။မုဆိုးမဖန်းသည် သူမအင်္ကျီရင်ဘတ်ထဲမှ တစ်ခုခုကိုထုတ်ယူလိုက်သည်။၎င်းကို အဝတ်စဖြင့်ထုပ်ပိုးထားသဖြင့် ဘာမှန်းမသိရပေ။
"ပြီးတော့ ထောင်ဟွားကမကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ သူ့အတွက်လက်ဆောင်လေးတွေရှိတယ်"
ကျိုးထောင်ဟွားသည် တင်းတင်းကြပ်ကြပ်ထုပ်ပိုးထားသော ပစ္စည်းကိုကြည့်ပြီး သတိထားနေမိသည်။သို့သော် အဝတ်စပေါ်တွင် ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ရာမှမတွေ့ရပေ။
တစ်ယောက်ယောက်ကများ အကာအကွယ်အစီအရင်တွေချထားတာဖြစ်နိုင်မလား။
"ဒေါ်လေးချမ် နောက်မှထောင်ဟွားကို ဒီစာအုပ်သူ့ဘာသာဖတ်ခိုင်းလိုက်နော်၊တစ်ကယ်လို့ သူလေ့လာမယ်ဆိုရင် နောက်ကျရှန်းမင်နဲ့ ဆက်ဆံရေးပိုအဆင်ပြေသွားမှာ သေချာပါတယ်"
မုဆိုးမဖန်း ထိုသို့ပြောလိုက်သည်နှင့် ဤသည်မှာမည်သည့်စာအုပ်မျိုးဆိုသည်ကို ချမ်ရှီ ချက်ချင်းနားလည်လိုက်သည်။ထောင်ဟွားမှာ သုံးလနေလျှင်မင်္ဂလာဆောင်တော့မည်ဖြစ်၍ ဤကဲ့သို့ဗဟုသုတမျိုးကို ယခုကတည်းမှလေ့လာထားဖို့လိုအပ်၏။သို့မှသာ မင်္ဂလာဦးည၌ ဘာမှနားမလည်ဘဲဖြစ်မနေတော့မည်ပင်။ချမ်ရှီ ချက်ချင်းလက်ခံလိုက်သည်။ကျိုးထောင်ဟွား ချမ်ရှီထံနားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်မိ၏။
ဘာလို့ လက်ခံလိုက်ရတာလဲ။မုဆိုးမဖန်းကဖြင့် စာဖတ်ဝါသနာပါတဲ့ပုံလဲမပေါက်ပါဘူး။သူမက ဘယ်လိုစာအုပ်မျိုးပေးနိုင်မှာမလို့လဲ။
"ထောင်ဟွား နောက်မှအခန်းထဲရောက်ရင် သမီးဘာသာဖတ်ကြည့်လိုက်နော်"
ထိုသို့ပြောပြီး ချမ်ရှီမှာထိုထူးဆန်းသောစာအုပ်ကို ကျိုးထောင်ဟွားလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ကျိုးထောင်ဟွား လုံးဝဇဝေဇဝါ ဖြစ်သွားရ၏။သို့သော် စာအုပ်အားထိကြည့်ပြီးပါမှ မကောင်းသောအငွေ့အသက်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။မုဆိုးမဖန်းအပေါ်ထားသော ဒေါ်လေးချမ်ရှီ၏သဘောထားမှာ ပျော့ပျောင်းသွားတော့၏။
"ချိုက်လင်ရေ ထောင်ဟွားကိုစာအုပ်ပေးလို့ ကျေးဇူးတင်တယ်နော်၊အသားခြောက်တွေကိုတော့ ပြန်ယူသွားလိုက်ပါ"
"ဒေါ်လေးချမ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မပြောခဲ့တဲ့ ပေါက်ကရစကားတွေအတွက် ခွင့်မလွှတ်နိုင်သေးလို့ဒီလိုပြောနေတာလား၊တစ်ကယ်လို့ ခွင့်လွှတ်တယ်ဆိုရင် အသားခြောက်တွေကိုလက်ခံပေးပါနော် မဟုတ်ရင် ကျွန်မဒေါ်လေးတို့မိသားစုနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘူး"
မုဆိုးမဖန်းမှာ ဇွတ်အတင်းပြောဆိုနေသည်။မတတ်သာသည့်အဆုံး ချမ်ရှီလည်းလက်ခံလိုက်ရတော့၏။အခွင့်ကောင်းကိုအသုံးချပြီး မုဆိုးမဖန်းသည် သူမ၏လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။
"ဒေါ်လေးချမ် ထောင်ဟွား ကျွန်မနဲ့ ကျွန်မယောက္ခမတို့ ထောင်ဟွားရဲ့ပန်းထိုးအလုပ်ရုံမှာ ပန်းထိုးသင်တန်းလာတက်ချင်လို့ပါ အဆင်ပြေလားဟင်"
ကျိုးထောင်ဟွား ပြုံးလိုက်မိသည်။
စကားတွေ အများကြီးဝိုက်ပြောနေတာ ဒါကြောင့်ကိုး။
"ရပါတယ် အစ်မနဲ့အဒေါ်ခယ့်ရှီတို့အတူတူလာခဲ့ကြပါ"
မုဆိုးမဖန်းသည် ကျိုးထောင်ဟွား၏ကမ်းလှမ်းမှုကို ဝမ်းသာအားရလက်ခံလိုက်ပြီး အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုလာလေသည်။ပြန်ခါနီးတွင်ပင် သူမပေးခဲ့သောစာအုပ်ကိုလေ့လာဖို့ ကျိုးထောင်ဟွားကိုသတိပေးလိုက်သေး၏။ကျိုးထောင်ဟွားသည် စာအုပ်၏အကြောင်းအရာကို ပို၍စူးစမ်းချင်လာသည်။အခန်းထဲသို့ ပြန်ရောက်သောအခါ သူမသည် စာအုပ်အားဖုံးအုပ်ထားသော အဝတ်စကိုဖြည်လိုက်၏။
စာအုပ်မျက်နှာဖုံးမှာ ဗလာဖြစ်နေသည်။ပထမစာမျက်နှာကို ဖွင့်လိုက်သောအခါ ကျိုးထောင်ဟွားမြင်လိုက်ရသော အရာကြောင့်ထိတ်လန့်သွားရ၏။သူမမျက်နှာမှာ နီရဲလာပြီး စာအုပ်ကိုအမြန်ပိတ်ချလိုက်မိသည်။အခန်းထဲတွင် မည်သူမှမရှိသော်လည်း ညစ်ညမ်းစာပေဖတ်နေသည်ကို တစ်ယောက်ယောက်တွေ့သွားမည်စိုးသဖြင့် ဘေးဘီဝဲယာကို ကြောက်လန့်တကြားဖြင့် စစ်ဆေးကြည့်ရှုလိုက်မိ၏။တစ်ချက်သာဖြတ်ကနဲကြည့်လိုက်ရသော်လည်း ပထမစာမျက်နှာရှိပုံများသည် ကျိုးထောင်ဟွားစိတ်ထဲတွင် စွဲထင်ကျန်ရစ်နေသည်။သူမခေါင်းထဲမှနေ ထုတ်ပစ်၍မရတော့ပေ။ကျိုးထောင်ဟွား တံတွေးမြိုချလိုက်မိသည်။
နောက်တစ်ခေါက်လောက် ထပ်ကြည့်သင့်လား။ဒါက အိမ်ထောင်ပြုခါနီး လေ့လာရမယ့်စာအုပ်ဆိုတာ အမေသိမှာပဲလေ။အဲ့ဒါကြောင့် အခုသူမဖတ်နေတာက လုံးဝအကြောင်းအကျိုးခိုင်လုံပါတယ်။
ကိုယ့်ကိုယ်ကိုယ် နားချပြီးနောက် ကျိုးထောင်ဟွားသည် စာအုပ်ကိုပြန်ဖွင့်လိုက်ပြီး စိတ်ဝင်တစားဖတ်ရှုလေတော့သည်။သူမတစ်ကိုယ်လုံး ပူလောင်လာလေ၏။
"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"
ကျိုးထောင်ဟွား စာအုပ်ဖတ်ကောင်းနေစဉ်မှာပင် ရှန်းမင်အသံသည် ရုတ်တရက်သူမခေါင်းထက်မှထွက်ပေါ်လာလေသည်။သူမ သတိပြန်ဝင်လာသောအခါ ရှန်းမင်သည် လက်လှမ်းပြီး သူမနှာခေါင်းကို သုတ်ပေးနေသည်အားတွေ့လိုက်ရ၏။သူ့လက်ချောင်းထိပ်တွင် အနီရောင်တောက်တောက်သွေးစက်များ ချက်ချင်းစွန်းထင်းသွားလေသည်။ထိုအနီရောင်အစွန်းအထင်းကိုမြင်လိုက်ပါမှ သူမနှာခေါင်းသွေးယိုနေကြောင်း ကျိုးထောင်ဟွားသတိထားမိလိုက်၏။
ရှန်းမင် ရုတ်တရက်ပေါ်လာသဖြင့် လန့်ဖြန့်သွားပြီး ကျိုးထောင်ဟွားသည် စာအုပ်ကိုအမြန်ပိတ်လိုက်သည်။ရှန်းမင် တစ်ခုခုမြင်သွားမည်အား စိုးရိမ်နေမိ၏။ရှန်းမင်သည် ကျိုးထောင်ဟွားမေးကိုကိုင်ကာ ခေါင်းမော့စေလိုက်ပြီး သူ့အိတ်ကပ်ထဲမှ မီးခိုးရောင်လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ပန်းနုရောင်မက်မွန်ပွင့်များထိုးထားပုံရသော အဖြူရောင်လက်ကိုင်ပုဝါလေးတစ်ထည်သည် သူ့အိတ်ကပ်ထဲမှနေ အသာပြုတ်ကျသွားလေ၏။
သူသည် ကျိုးထောင်ဟွားမျက်နှာပေါ်မှ သွေးစွန်းနေသောနေရာများကို ဖွဖွလေး သုတ်ပေးနေသည်။သူတို့နှစ်ယောက်မှာ အလွန်နီးကပ်နေသဖြင့် ရှန်းမင်မျက်နှာပေါ်ရှိအမွှေးအမျှင်လေးများကိုပင် ကျိုးထောင်ဟွားမြင်နေရ၏။ရှန်းမင်၏ကိုယ်သင်းနံ့ဖျော့ဖျော့လေးသည် ကျိုးထောင်ဟွားနှလုံးခုန်သံများကို အကြောင်းပြချက်မရှိဘဲ မြန်ဆန်လာစေသည်။ရှန်းမင်သည် လက်ရှည်အင်္ကျီကိုဝတ်ဆင်ထားသော်လည်း အင်္ကျီစသည်သန်မာသော သူ့လက်မောင်းကြွက်သားများကို ဖုံးကွယ်မထားနိုင်ပေ။
သူမအကြည့်များသည် ရှန်းမင်လက်မောင်းများပေါ်တွင် မသိစိတ်ဖြင့်ရောက်ရှိသွားပြီးနောက် ကြံ့ခိုင်သောသူ့ရင်အုပ်ဆီသို့ရွေ့လျားသွားရာ ခုနကသူမမြင်ခဲ့ရသောပုံလေးတစ်ပုံ ခေါင်းထဲဖြတ်ကနဲပေါ်လာလေသည်။ပုံထဲတွင် အမျိုးသားနှင့်အမျိုးသမီးတို့၏ ရင်းရင်းနှီးနှီးပွေ့ဖက်နေသောပုံရိပ်သည် သူမရှေ့ရှိရှန်းမင်၏ပုံရိပ်နှင့် ထပ်တူကျသွားတော့၏။ရှန်းမင်၏လှုပ်ရှားမှုတိုင်းသည် ဆန်းကြယ်သောဆွဲဆောင်မှုတစ်ခုရှိနေသည်ဟု ကျိုးထောင်ဟွားခံစားနေရသည်။ငါတော့ရူးတော့မှာပဲ။
"ညီမထောင်ဟွား အဆင်ပြေရဲ့လား"
ရေနွေးပွက်ပွက်ဆူနေသကဲ့သို့ ပူလောင်နေသော ကျိုးထောင်ဟွား၏မျက်နှာရဲရဲလေးကို သတိထားမိသဖြင့် ရှန်းမင်မေးလိုက်သည်။ကျိုးထောင်ဟွားသည် ရှန်းမင်ဘာပြောလိုက်သည်ကိုမကြားရတော့ဘဲ သူမအကြည့်များသည် သူ့နှုတ်ခမ်းများအပေါ်တွင်သာ စူးစိုက်ကြည့်နေမိ၏။သူမမတ်မတ်ထိုင်လိုက်ပြီး ရုတ်ချည်းရှေ့တိုးကာ သူမနှုတ်ခမ်းများကို အချိုးအစားကျနပြီး လှပသောပုံသဏ္ဍာန်ရှိသည့် သူ့နှုတ်ခမ်းများနှင့်ဖိကပ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အချိန်များရပ်တန့်သွားသကဲ့သို့ပင်။ရှန်းမင်သည် ကျိုးထောင်ဟွား၏ရုတ်တရက်အနမ်းကြောင့် မှင်သက်သွားပြီး သူ့ခန္ဓာကိုယ်မှာတောင့်တင်းသွားတော့သည်။သူသတိပြန်ဝင်လာဖို့ အချိန်အတော်ကြာလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြည်းဖြည်းချင်းပေါ်လာလေ၏။
ထောင်ဟွားက သူ့ကိုနမ်းလိုက်တာပဲ။
သူမခန္ဓာကိုယ်ထဲသို့ မကြုံစဖူးများပြားလှသော ဝိညာဉ်စွမ်းအင်များစီးဝင်လာသည်ကိုခံစားလိုက်ရမှသာ ကျိုးထောင်ဟွား သတိပြန်ဝင်လာတော့သည်။သူမ၏ ရဲတင်းသောလုပ်ရပ်ကို သတိပြုမိလိုက်ပြီး ပါးစပ်ကိုအမြန်အုပ်လိုက်ကာ ရှန်းမင်ထံသို့ ပေကလပ်ပေကလပ်ဖြင့်ကြည့်၍ ဗလုံးဗထွေးပြောလာ၏။
"အစ်ကိုရှန်းမင် တောင်းပန်ပါတယ်၊ညီမ......ညီမ ဘယ်လိုဖြစ်ပြီး......"
"ညီမနမ်းချင်တဲ့အချိန်တိုင်း ကိုယ့်ကိုနမ်းလို့ရပါတယ်၊ကိုယ်စိတ်မရှိပါဘူး"
ရှန်းမင် သူ့အပြုံးကိုထိန်းရင်းပြောလိုက်သည်။သူ့ဘက်မှ ဤကဲ့သို့ပြောလေလေ ကျိုးထောင်ဟွားမှာ ပိုပြီးရှက်ရွံ့လာလေလေဖြစ်ပြီး ထူးဆန်းသောပုံရိပ်များ သူမခေါင်းထဲအလိုလိုပေါ်လာပြန်တော့၏။ရှန်းမင်အားနမ်းလိုက်ရုံဖြင့် ရရှိလိုက်သော ဝိညာဉ်စွမ်းအင်ပမာဏမှာ သူမကိုအံ့သြသွားစေသည်။
ဒီလိုဆို ရှန်းမင်ကိုမကြာမကြာနမ်းတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ။ဘာပဲဖြစ်ဖြစ် သူတို့ကစေ့စပ်ထားကြတာပဲလေ နမ်းတာကတရားဝင်တယ်မလား။
"ရှန်းမင် ထောင်ဟွား ထမင်းစားရအောင်"
မီးဖိုချောင်ထဲမှ ချမ်ရှီ၏အသံထွက်ပေါ်လာသည်။ကျိုးထောင်ဟွား ချက်ချင်းပြောလိုက်၏။
"အစ်ကိုရှန်းမင် အမေ့ကိုဟင်းပွဲတွေအရင်သွားကူသယ်ပေးလိုက်ပါ၊ညီမ အခုပဲလိုက်ခဲ့မယ်"
ရှန်းမင်မှာ ဘာမှထွေထွေထူးထူးမစဉ်းစားဘဲထွက်သွားလိုက်သည်။သူတစ်ကယ်ထွက်သွားပြီဖြစ်ကြောင်းသေချာပါမှ ကျိုးထောင်ဟွားသည် သူမနောက်ကျော၌ဖွက်ထားသောရုပ်ပြစာအုပ်ကို ဂရုတစိုက်ပြန်ထုတ်လိုက်၏။
ဒီစာအုပ်ကို အစ်ကိုရှန်းမင်လုံးဝတွေ့လို့မဖြစ်ဘူး။
သူမသည် ကုတင်ဘေးသို့လျှောက်သွားပြီး စာအုပ်ကိုခေါင်းအုံးအောက်တွင်ကပျာကယာဖွက်လိုက်သည်။ထမင်းစားရန် ထွက်သွားဖို့လှည့်လိုက်စဉ်မှာပင် တံခါးဝ၌ ရှန်းမင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ကျိုးထောင်ဟွား ထိတ်လန့်သွားရ၏။
"အစ်ကို ဘာလို့ပြန်လာတာလဲ"
ရှန်းမင်သည် ခုနကသူမထိုင်ခဲ့သော ခုံပုလေးနားတစ်ချက်ကြည့်လိုက်ရာ ခုံခြေထောက်ဘေးတွင် အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကျနေသည်ကို သေချာတွေ့လိုက်ရသည်။သူမမေးခွန်းကို ကြားလိုက်ရသောအခါ ရှန်းမင်၏မျက်နှာထားသည် အနည်းငယ်မူမမှန်ဖြစ်သွားရ၏။
"မြန်မြန်လာစားဖို့ ပြောတာပါ၊ဟင်းတွေ အေးကုန်တော့မယ်"
သူ ရှင်းပြလိုက်သည်။ကျိုးထောင်ဟွား အသာမျက်မှောင်ကြုံ့လိုက်မိ၏။
ဟင်းတွေက ဘယ်လိုလုပ်ဒီလောက်မြန်မြန်အေးသွားမှာလဲ။
သံသယဝင်သွားသော်လည်း ကျိုးထောင်ဟွားအပြင်သို့ ထွက်လာခဲ့သည်။သို့သော် သူမမှသူ့ကိုကျော်ပြီးလျှောက်သွားလိုက်သော်လည်း အနောက်မှလိုက်လာသော ခြေသံကိုမကြားရပေ။ဆတ်ကနဲ သူမလှည့်ကြည့်လိုက်ရာ ရှန်းမင်သည်ဒူးထောက်ထိုင်ချပြီး မြေကြီးပေါ်မှတစ်စုံတစ်ခုကိုကောက်ယူနေသည်အား တွေ့လိုက်ရသည်။ထိုလက်ကိုင်ပုဝါအား သူမအလွန်ရင်းနှီးနေသလိုပင်။
"အဲ့ဒါ အဲ့ဒါရာသီသွေးမိစ္ဆာနဲ့ ညီမအတူတူထိုးထားတဲ့ မက်မွန်ပွင့်လက်ကိုင်ပုဝါမလား"
ကျိုးထောင်ဟွား သူ့ထံသို့လျှောက်သွားရင်းပြောလိုက်သည်။လက်ကိုင်ပုဝါကို ကောက်ယူနေသော ရှန်းမင်၏လှုပ်ရှားမှုမှာ တောင့်တင်းသွားပြီး သူမထံကသိကအောက်ဖြစ်နေသောအမူအယာဖြင့် လှည့်ကြည့်လာ၏။
"ညီမဖြင့်မတွေ့တော့လို့ ရှာနေတာအတော်ကြာပြီ၊ပျောက်သွားပြီပဲထင်နေတာ ဒီမှာကျနေတာကိုး"
"ဟုတ်တယ် အစ်ကိုကောက်လိုက်တာ"
ရှန်းမင် ဘာသိဘာသာဟန်ဖြင့်ပြန်ဖြေပြီး အိတ်ကပ်ထဲထိုးထည့်လိုက်သည်။မီးဖိုချောင်သို့သွားနေစဉ်မှာပင် လက်ကိုင်ပုဝါပျောက်နေသည်ကို ရုတ်တရက်သတိထားမိလိုက်ပြီး ချက်ချင်းပြန်လာရှာခြင်းပင်။ကံကောင်းထောက်မစွာပင် သူပြန်ရှာတွေ့ခဲ့သည်။သို့သော် ဤသည်ကပင် ကျိုးထောင်ဟွားအား သူ့လျှို့ဝှက်ချက်ကိုသိသွားစေခဲ့၏။
"အဲဒါက အရမ်းရုပ်ဆိုးတယ်လေ၊နောက်တစ်ခါကျမှ ညီမပိုလှတဲ့တစ်ထည်ထိုးပေးမယ်"
ရှန်းမင်မှာ ပြန်ပေးရန်ငြင်းဆန်လိုက်သည်။
"ဒီတစ်ထည်ကို အစ်ကို့ဆီမှာပဲအရင်ထားလိုက်ပါ၊ညီမဘာသာ အသစ်တစ်ထည်ထိုးပြီးမှ အစ်ကို့ကိုပြန်ပေးပေါ့"