အခန်း (၁၁၇)
Vol. 12 Ch. 117
117
နောက်တစ်နေ့တွင် ရွာသားအများစုမှာကျိုးထောင်ဟွား၏ပန်းထိုးအလုပ်ရုံသို့ စာရင်းပေးရန် ရောက်လာကြသည်။အမျိုးသမီးများ၊ အမျိုးသားများ၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် ပါဝင်ကြ၏။ရွာလူကြီးမှပြောလိုက်သည်။
"မင်းတို့အိမ်မှာ ဒီတိုင်းနေနေကြမယ့်အစား ဒီမှာပန်းထိုးလာသင်ကြ၊ပညာတစ်ခုခု တတ်မြောက်ထားရင် နောက်ပိုင်း ထောင်ဟွားနဲ့အတူ ပိုက်ဆံရှာလို့ရတာပေါ့"
ဦးလေးချီလည်း ဝင်ပြောလာသည်။
"ငါက ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်နိုင်တော့ဘူးလေ၊ဒီအလုပ်က သက်သာတယ်"
မုဆိုးမဖန်းမှာလည်း ထောက်ခံလာ၏။
"ထောင်ဟွားက လူကောင်းလေးလေ၊ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့အပြင် ငါတို့ကို ပိုက်ဆံရှာပေးချင်တဲ့ စေတနာလဲရှိတယ်"
ကျိုးထောင်ဟွားသည် လူတိုင်းကိုပန်းထိုးအလုပ်ရုံထဲသို့ ခေါ်ဆောင်သွားပြီးနောက် ပန်းထိုးအတွေ့အကြုံရှိသူများနှင့် လုံးဝ အတွေ့အကြုံမရှိသူများဟူ၍ အုပ်စုနှစ်စုခွဲလိုက်သည်။လုံးဝအတွေ့အကြုံမရှိသူများကို အခြေခံမှစ၍သင်ကြားပေးမည်ပင်။အတွေ့အကြုံရှိသူများကိုမူ အဆင့်မြင့်၊ အလယ်အလတ်နှင့် အနိမ့် ဟူ၍ အဆင့်သုံးဆင့်ထပ်ခွဲလိုက်သည်။ဤနည်းအားဖြင့် ရေတွက်ကြည့်လိုက်သောအခါ ထိုနေ့တွင်အလုပ်ရုံသို့လာရောက်စာရင်းပေးသော ပန်းထိုးမည့်သူ စုစုပေါင်း လေးရာ့နှစ်ဆယ်ဦးရှိလေ၏။
ကျိုးထောင်ဟွားကိုယ်တိုင်လည်း လုံးဝ အတွေ့အကြုံမရှိသူများထဲတွင်ပါဝင်ပြီး ရွာလူကြီးတို့နှင့်အတူ ဝင်ထိုင်လိုက်လေသည်။
........
ကွမ်းကွမ်းတောင်ပေါ်တွင်
ကျိုးရှန့်ကျူးသည် ကွမ်းကွမ်းတောင်အဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။သူသည် ရွှံ့ခဲပြိုကျမည့်လမ်းကြောင်းတွင် ရေကာတာတည်ဆောက်ရာ၌ ရွာသားများကိုဦးဆောင်နေ၏။ရေကာတာ ပိုမိုခိုင်ခံ့စေရန်အတွက် မြေကြီးထဲသို့ သစ်သတိုင်များကို အရင်ရိုက်ထည့်ရမည်ဖြစ်သည်။
*ဒုန်း ဒုန်း ဒုန်း*
ရွာသားတစ်ယောက်သည် လက်ကိုင်ရိုးရှည်တူကြီးကိုလွှဲကာ သစ်သားတိုင်ကိုအားဖြင့်ရိုက်ချလိုက်လေသည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်.....
သစ်သားတိုင်မှ မြေကြီးထဲသို့တစ်လက်မချင်းဝင်ရောက်သွားသည်နှင့်အမျှ မြေအောက်နက်ရှိုင်းသောနေရာမှနေ မိုးခြိမ်းသံသဲ့သဲ့ကဲ့သို့ တဂျုန်းဂျုန်းအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပိုမိုဆူညံကျယ်လောင်လာတော့သည်။ရုတ်တရက် မြေကြီးထက်ရှိအပေါက်ငယ်လေးတစ်ခုထဲမှနေ မည်းနက်နေသော အရာဝတ္ထုတစ်ခုသည် မိုးတိမ်မည်းကြီးတစ်ခုအလား ဒလဟော ထွက်ကျလာလေ၏။သိပ်သည်းလှသော အကောင်အုပ်ကြီးမှာ ကြောက်မက်ဖွယ်ရာပင်။
ဤခြင်များသည် သေးငယ်သော်လည်း အလွန်ရက်စက်ကြမ်းကြုတ်ပုံရပြီး သူတို့၏တောင်ပံခတ်သံများမှာပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
"အား အဲဒါ ဘာကြီးလဲ"
"ခြင်တွေနဲ့ တူတယ်ဟေ့၊ငါတို့ခြင်အုံကို သွားထိလိုက်မိပြီ"
ရွာသားများ ထိတ်လန့်တကြားဖြစ်သွားကြပြီး ကိုင်ထားသော ပစ္စည်းကိရိယာများကိုပစ်ချကာ လွတ်ရာသို့ဝရောသောပါးပြေးပုန်းကြလေသည်။
"ဖြောင်း"
"အကိုက်ခံရတာ တော်တော်နာတာပဲ"
သို့သော် ဤခြင်များသည် သူတို့ကိုလွယ်လွယ်နှင့်လွှတ်ပေးမည့်ပုံမပေါ်ပေ။ဆာလောင်နေသော ဝံပုလွေများအလား လွတ်နေသောအရေပြားနေရာများကို အငမ်းမရဝင်ရောက်ကိုက်ခဲကြလေသည်။ရိုက်နှက်သံများနှင့် ကျိန်ဆဲသံများ ရောထွေးသွားလေ၏။အချို့လူများမှာ ကောက်ရိုးဦးထုပ်များဖြင့် ယပ်ခတ်ပြီး မောင်းထုတ်ရန်ကြိုးစားသော်လည်း ခြင်များသည် အဆက်အသွယ်တစ်ခုခုဖြင့် ချိတ်ဆက်ထားသည့်အလား ဦးထုပ်များကိုရှောင်ကွင်းကာ မျက်နှာများကိုဝင်ရောက်တိုက်ခိုက်ကြသည်။
အချို့သော လူငယ်ရွာသားများမှာမူ ခြေသွက်လက်သွက်ဖြင့် ရှောင်တိမ်းနိုင်သော်လည်း ခြင်ကောင်ရေများပြားလွန်းသဖြင့် အကိုက်ခံရမှုမှာအနည်းနှင့်အများရှိကြလေသည်။နောက်ဆုံးတော့ လူတိုင်းသည်တောင်အောက်သို့ ပြေးဆင်းလာ၍သာ ခြင်အုပ်ကြီး၏ရန်မှလွတ်မြောက်သွားတော့၏။အချင်းချင်းကြည့်လိုက်ကြရာ တစ်ချိန်ကညိုမည်းနေသော သူတို့အရေပြားများသည် ယခုအခါနီရဲရောင်ရမ်းနေပြီး မျက်နှာနှင့်လည်ပင်းများပေါ်တွင် ယားယံနာကျင်သောအဖုအပိန့်ကြီးများဖြင့် ဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။
"ကျစ် ငါမနေနိုင်တော့ဘူး၊ဆေးသွားတောင်းဖို့ အဘိုးရှန့်ဖျင်ဆီသွားလိုက်ဦးမယ်၊ဒါကို ဘယ်သူကခံနိုင်မှာလဲ"
ရွာသားတစ်ယောက်မှ ပြောလိုက်သည်။
"ငါလဲ လိုက်မယ်"
ထို့နောက် ကွမ်းကွမ်းတောင်အဖွဲ့မှ လူ ၈၀ကျော်လုံးသည် ဆေးတောင်းရန် ကျိုးရှန့်ဖျင်ထံသွားရောက်ကြလေသည်။ဆေးလိမ်းပြီးနောက် သူတို့အနည်းငယ်သက်သာသွားကြပြီး တောင်ပေါ်တွင်အလုပ်ဆက်လုပ်နိုင်ရန်ပြန်သွားကြ၏။သို့သော် ကြောက်ရွံ့စိတ်များကျန်ရှိနေသေးသဖြင့် လူတိုင်းမှာတောင်ပေါ်သို့ သတိထားပြီးတက်သွားကြသည်။ပတ်ဝန်းကျင်၌ ခြင်များမရှိတော့သည်ကိုတွေ့လိုက်ရမှသာ သက်ပြင်းချနိုင်ကြပြီး အလုပ်ဆက်လုပ်ကြလေ၏။ဆေးပေးပြီးနောက် ကျိုးရှန့်ဖျင်သည် ပန်းထိုးဆက်သင်ရန် အလုပ်ရုံသို့ပြန်လာခဲ့သည်။
"ထောင်ဟွား အဘိုးမရှိတုန်း ရာသီသွေးမိစ္ဆာကဘာတွေပြောသွားသေးလဲ ပြန်ပြောပြပါဦး"
ကျိုးထောင်ဟွားသည် အပ်နှင့်အပ်ချည်ကိုအာရုံစိုက်နေစဉ် အဘိုးရှန့်ဖျင်စကားကြောင့် ခေါင်းမော့ကြည့်လိုက်သည်။သူမသည် ကျိုးရှန့်ဖျင်ထံ၌ ပုံမှန်မဟုတ်သောအရာတစ်ခုကို ချက်ချင်းသတိထားမိလိုက်၏။
"အဘိုးရှန့်ဖျင် ဘယ်တွေသွားလာတာလဲ"
သူထွက်မသွားခင်၌ သန့်သန့်ရှင်းရှင်းရှိနေသော်လည်း သူ့ထံတွင်ဤကဲ့သို့အရာများ ဘယ်လိုလုပ်ပါလာရပါသနည်း။
"ကွမ်းကွမ်းတောင်က ရှန့်ကျူးတို့အဖွဲ့ခြင်အုံကိုသွားထိမိလို့ လူတိုင်းအကိုက်ခံလိုက်ရတယ်လေ၊အဘိုး သူတို့အတွက် ဆေးသွားယူပေးတာ"
ထိုသို့ပြောပြီးနောက် ကျိုးရှန့်ဖျင်သည် ကျိုးထောင်ဟွားမျက်နှာဖြူဖျော့သွားသည်ကို သတိထားမိလိုက်သည်။
"ထောင်ဟွား အဘိုးဆီတစ်ခုခုရှိနေလို့လား"
ကျိုးရှန့်ဖျင် မျက်မှောင်ကြုံ့လိုက်သည်။ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်ပြီး အမြန်မေးလိုက်၏။
"အစ်ကိုရှန့်ကျူးတို့တွေ ကွမ်းကွမ်းတောင်ကို အလုပ်ပြန်လုပ်ဖို့သွားကြပြီလား"
"သွားကြလောက်ပြီ၊အဘိုးက ဆေးပေးပြီးတာနဲ့ ပြန်လာခဲ့တာဆိုတော့လေ"
ထိုစကားကိုကြားသည်နှင့် ကျိုးထောင်ဟွားသည် ချက်ချင်းထရပ်ပြီး အပြင်သို့ ပြေးထွက်သွားလေသည်။ကျိုးရှန့်ဖျင်မှာ စိုးရိမ်သွားသော်လည်း အဘိုးကြီးတစ်ယောက်အနေဖြင့် ကျိုးထောင်ဟွားကဲ့သို့ လူငယ်တစ်ယောက်ကို မည်သို့မှီအောင်လိုက်နိုင်ပါမည်နည်း။ကျန်ရွာသားများမျာ မေးမြန်းလာကြ၏။
"ဦးလေးရှန့်ဖျင် ဘာဖြစ်လို့လဲ၊ဘယ်ကို အလျင်စလိုသွားမလို့လဲ"
"ရှန့်ကျူးတို့ တစ်ခုခုဖြစ်ပြီထင်တယ်၊ထောင်ဟွား အခုအဲ့ကိုသွားနေပြီ"
ကျိုးရှန့်ဖျင်မှာ ဘာဖြစ်နေသည်ကိုအတိအကျမသိပေ။သို့သော် ကျိုးထောင်ဟွား၏စိုးရိမ်တကြီးဖြစ်နေပုံကိုကြည့်လျှင် ကိစ္စမှာကြီးလေးပုံရသည်။ကျိုးရှန့်ဖျင်စကားကို ကြားသောအခါ ကျိုးရှန့်ဖန်းနှင့်ပိုင်ရှီတို့မှာ ထိတ်လန့်တကြားဖြင့်ထရပ်လိုက်ကြ၏။
"ဘယ်လို"
ကျိုးရှန့်ဖျင်စကားကြောင့် အလုပ်ရုံရှိအခြားပန်းထိုးသမားများလည်း လက်ထဲမှအပ်ချုပ်စရာများကိုချကာ ကွမ်းကွမ်းတောင်သို့ အပြေးအလွှားလိုက်သွားကြလေသည်။ကျိုးထောင်ဟွားသည် မောဟိုက်စွာဖြင့် တောင်ခါးပန်းသို့ရောက်ရုံရှိသေးသော်လည်း တောင်ထိပ်ဆီမှ သွေးပျက်ဖွယ်အော်ဟစ်သံများကို ကြားလိုက်ရလေ၏။
"အား"
"ကယ်ကြပါဦး"
သူမမော့ကြည့်လိုက်ရာ လူအများအပြားသည်ကြောက်လန့်တကြားဖြင့် တောင်အောက်သို့ပြေးဆင်းလာကြသည်ကို တွေ့လိုက်ရသည်။ရှေ့ဆုံးမှပြေးလာသော ရွာသားသည် ကျိုးထောင်ဟွားကိုမြင်လိုက်သည်နှင့် ကယ်တင်ရှင်ကိုတွေ့လိုက်ရသည့်အလား အော်ဟစ်လိုက်လေ၏။
"ထောင်ဟွား မြန်မြန်သွားကြည့်လိုက်ဦး၊တောင်ပေါ်မှာ ခြင်အကြီးကြီးတစ်ကောင် ရှိတယ်၊သူ့မျက်လုံးတွေက နီရဲနေတာပဲ"
ကျိုးထောင်ဟွား သံသယရှိခဲ့သည့်အတိုင်းပင်။ခုနက သူမအဘိုးရှန့်ဖျင်ဆီမှနေ နတ်ဆိုးအငွေ့အသက်တစ်ခုကို အာရုံခံမိခဲ့သည်။
တစ်ကယ်ကို ခြင်နတ်ဆိုးဖြစ်နေတာကိုး။
သို့သော် ကျိုးထောင်ဟွားသည် ပန်းထိုးအလုပ်ရုံမှကွမ်းကွမ်းတောင်ခါးပန်းထိ တောက်လျှောက်ပြေးလာခဲ့ရသဖြင့် အတော်လေးမောပန်းနေပြီဖြစ်သည်။ဆက်တက်ဖို့အတွက် အချိန်အတော်ကြာ ဦးမည်။ထိုအချိန်လောက်ဆိုလျှင် ထွက်မပြေးနိုင်ဘဲကျန်ရစ်ခဲ့သည့် ရွာသားများမှာခြင်နတ်ဆိုး၏အသက်စွမ်းအင်စုပ်ယူခြင်းကိုခံရပြီး သေကုန်ကြလောက်ပြီပင်။
ထိုစဉ်မှာပင် ကျိုးထောင်ဟွားသည် လေထဲသို့မြှောက်တက်သွားသကဲ့သို့ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်၏ရင်ခွင်ထဲသို့ပွေ့ချီခြင်းခံလိုက်ရလေသည်။ကျိုးထောင်ဟွားသည် ဟန်ချက်မပျက်စေရန် ထိုလူကိုအမြန် လှမ်းဖက်လိုက်ပြီးအံ့ဩတကြီးမေးလိုက်၏။
"အစ်ကိုရှန်းမင် ဒီကိုဘာလာလုပ်တာလဲ"
ရှန်းမင်ပြန်ဖြေလာသည်။
"ကွမ်းကွမ်းတောင်ပေါ်က အော်သံတွေကြားလို့ တစ်ခုခုဖြစ်ပြီထင်ပြီးလာကြည့်တာ"
ကျိုးထောင်ဟွားမျက်လုံးထဲတွင် အပြုံးစစဖြတ်သန်းသွားတော့သည်။မုဆိုးတစ်ယောက်ဖြစ်သော ရှန်းမင်သည် တစ်ကယ့်ကို ထူးကဲသောအကြားအာရုံရှိပါပေ၏။ကွမ်းကွမ်းတောင်ပေါ်မှ ဆူညံသံများကိုပင် ကြားခဲ့သည်ပင်။
"အစ်ကိုရှန်းမင် ညီမကိုအမြန်ဆုံးခေါ်သွားပေးပါ၊အစ်ကိုရှန့်ကျူးတို့ သွားထိလိုက်တဲ့ခြင်အုံထဲမှာ ခြင်နတ်ဆိုးတစ်ကောင်ရှိနေတယ်"
ကျိုးထောင်ဟွားစကားဆုံးသည်နှင့် သူမကိုယ်သည်လေထဲသို့မြှောက်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။