← Chapters

အခန်း (၁၁၈)

Vol. 12 Ch. 118

အခန်း (၁၁၈)

Vol. 12 Ch. 118

118

​ရှန်းမင် သူမကိုပွေ့ချီလျက် အံ့မခန်းမြန်ဆန်သောနှုန်းဖြင့် တောင်ခါးပန်းထိ တက်သွားလေသည်။​ဝေးကွာနေသော အကွာအဝေးသည် လျင်မြန်စွာကျုံ့ဝင်သွားသကဲ့သို့ဖြစ်သွားပြီး မကြာမီမှာပင် သူတို့နှစ်ယောက်သည် တောင်အောက်သို့ ပြေးဆင်းလာကြသော လူအုပ်ကြီးကို ဆန့်ကျင်ဘက်ပြု၍ တောင်ပေါ်သို့ ရောက်ရှိသွားကြလေ၏။ထူးထူးဆန်းဆန်းပုံစံဖြင့် ခြင်နတ်ဆိုးတစ်ကောင်သည် ကျိုးကွမ်ပင်းရှေ့တွင်ဝပ်နေပြီး ၎င်း၏ကြီးမားသော အနီရောင်ပေါင်းစပ်မျက်လုံးကြီးများသည် မျက်စိကျိန်းလုမတတ် အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။

​၎င်း၏ကျောဘက်မှ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသောအတောင်ပံများပေါ်ရှိ အစင်းကြောင်းများကို ရှင်းရှင်းလင်းလင်းမြင်နေရ၏။အတောင်ပံများအားခတ်လိုက်ချိန်တိုင်း တဝီဝီမြည်သံသဲ့သဲ့ထွက်ပေါ်လာပြီး အနီရောင်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။​၎င်း၏ဝမ်းဗိုက်သည် အနည်းငယ်ဖောင်းကားနေပြီး ကျိုးကွမ်ပင်းခန္ဓာကိုယ်မှ အဆီအနှစ်များကိုစုပ်ယူလိုက်သည်နှင့်အမျှ ပိုမိုကြီးမားလာလေ၏။

​ကျိုးကွမ်ပင်းသည် ၎င်း၏ဖိနှိပ်မှုအောက်တွင်မလှုပ်ရှားနိုင်ဘဲ ခြင်နတ်ဆိုးမှ သူ့ခန္ဓာကိုယ်ထဲရှိတစ်စုံတစ်ရာအား စုပ်ယူနေသည်ကို မျှော်လင့်ချက်မဲ့စွာဖြင့်ကြည့်နေရသည်။​ရုတ်တရက် သူ့မျက်လုံးထောင့်စွန်းမှနေ လူပုံရိပ်နှစ်ခုကိုရိပ်ကနဲ တွေ့လိုက်ရ၏။သေချာအာရုံစိုက်၍ကြည့်လိုက်သောအခါ မျှော်လင့်ချက်ရောင်ခြည်များ သူ့မျက်လုံးထဲသို့ချက်ချင်းပြန်ဝင်လာတော့သည်။

"ထောင်ဟွား ကယ် ကယ်ပါဦး"

​ကျိုးကွမ်ပင်း နောက်ဆုံးလက်ကျန်အားအင်ကိုအသုံးပြုပြီး ခြောက်သွေ့နေသောလည်ချောင်းတွင်းမှ တိုးသဲ့သဲ့အသံကိုညှစ်ထုတ်ကာ အော်ဟစ်လိုက်လေသည်။ ​သူအသက်ရှူနေသေးသည်ကို မြင်လိုက်ရသောအခါမှ ကျိုးထောင်ဟွား သက်ပြင်းချနိုင်တော့၏။ ကံကောင်းထောက်မစွာ သူမအချိန်မီရောက်လာခဲ့ခြင်းပင်။ ခြင်နတ်ဆိုးသည် ကျိုးကွမ်ပင်း၏အသက်စွမ်းအင်အဆီအနှစ်များကို အကုန်အစင်စုပ်ယူနိုင်ခြင်းမရှိသေးပေ။ ထို့​သို့မဟုတ်ပါက နောက်ကျသွားပေလိမ့်မည်။

​သူမအင်္ကျီရင်ဘတ်ထဲမှ အဆောင်လက်တစ်ဆုပ်စာထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင်အကူအညီဖြင့် ခြင်နတ်ဆိုးမျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်လေသည်။ ​တစ်ခဏချင်းပင် သူမ မန္တန်စတင်ရွတ်ဆိုလိုက်ရာ ကောင်းကင်ယံမှနေအဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ခြင်နတ်ဆိုးထံမိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားလေ၏။ ​ခြင်နတ်ဆိုးသည် စူးရှရှအော်ဟစ်သံကြီးပြုလုပ်လိုက်ပြီး ၎င်း၏စုပ်တံကိုလွှတ်ပေးလိုက်ရကာ မီတာအနည်းငယ်ထိအဝေးသို့လွင့်စင်သွားလေသည်။

​ခြင်နတ်ဆိုးသည် လေထဲတွင်ဟန်ချက်ပြန်ထိန်းလိုက်ပြီး အတောင်ပံများကိုခတ်ကာ စူးရှရှတဝီဝီမြည်သံတို့ကို ထုတ်လွှတ်လာ၏။ ​ဓားသွားအလားစူးရှလှသည့် ထိုအသံသည် ကွမ်းကွမ်းတောင် တစ်ခုလုံးသို့ပဲ့တင်ထပ်သွားလေသည်။ ​တောင်အောက်တွင်ရှိနေကြသော ရွာသားများအားလုံးမှာ ထိုအသံကိုကြားလိုက်ကြရ၏။ ​သို့သော် လူအများစုသည် သူတို့၏ချစ်ခင်ရသူများကို တွေ့ရှိပြီးကြပြီဖြစ်သော်လည်း ရှီးရှီမှာမူ သူမခင်ပွန်းကျိုးကွမ်ပင်းအား မတွေ့ရသေးပေ။ ​သူမသည် ကွမ်းကွမ်းတောင်အဖွဲ့ခေါင်းဆောင် ကျိုးရှန့်ကျူးထံ မေးလိုက်၏။

"ရှန့်ကျူး နင့်ဦးလေးကွမ်ပင်းကိုတွေ့မိလား"

​ထိုစကားကိုကြားလိုက်မှ ကျိုးရှန့်ကျူး လူအုပ်ကြီးထဲသို့ချက်ချင်းလိုက်ရှာကြည့်‌ရာ ကျိုးကွမ်ပင်းတစ်ယောက်ပြေးဆင်းမလာသေးကြောင်းသိလိုက်ရသည်။ ​သူတောင်ပေါ်သို့မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ကာပြောလာ၏။

​"ဒုက္ခပါပဲ ဦးလေးကွမ်ပင်းတောင်ပေါ်ကျန်ခဲ့တာတော့ မဟုတ်ပါဘူးနော်"

​ဘေးနားရှိ ရွာသားတစ်ယောက်မှာလည်း ထိတ်လန့်တကြားဖြင့်အော်ဟစ်လိုက်သည်။

"ဘာရယ် ကွမ်ပင်းဆင်းမလာသေးဘူးဟုတ်လား"

​"အဲ့ခြင်နတ်ဆိုးက အကောင်ကြီးကြီးနဲ့ကြောက်စရာကောင်းလိုက်တာ၊ အထူးသဖြင့် သူ့ရဲ့ပေါင်းစပ်မျက်လုံးကြီးတွေပဲ အနီရောင်တွေတောက်နေတာ၊ သူ့တစ်ကိုယ်လုံးကလဲ သွေးလိုပဲရဲရဲနီနေတာကွ၊ အဲ့အကောင်ကများ ကွမ်ပင်းကိုဖမ်းထားတာလား"

​အခြားရွာသားတစ်ယောက်မှာလည်း ဝင်ပြောလာသည်။ ​ခြင်နတ်ဆိုးကိုမြင်လိုက်ရပြီးနောက် လူတိုင်းသည် ကိုယ့်အသက်ကိုယ်လွတ်အောင် ပြေးဖို့သာစိတ်ဝင်စားခဲ့ကြပြီး ခြေဆယ်ချောင်းလောက်ပင်ရှိချင်ခဲ့ကြ၏။ ​ထိုစကားကိုကြားလိုက်ရသောအခါ ရှီးရှီမျက်နှာမှာဖြူလျော်သွားတော့သည်။

ကွမ်ပင်းကိုခြင်နတ်ဆိုးက ဖမ်းသွားပြီတဲ့လား

​ရှီးရှီသည် ယူကျူံးမရငိုကြွေးလေတော့သည်။

"တကယ်လို့ ကွမ်ပင်းသာတစ်ခုခုဖြစ်သွားရင် ငါနဲ့ကလေးတွေဘယ်လိုလုပ်ကြမလဲ"

​ကျိုးရှန့်ကျူးသည် သူမထံသနားကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ ရှီးရှီမှာနှစ်ဆယ့်နှစ်နှစ်သာရှိသေး၏။ ​သူသည်ကျိုးကွမ်ပင်းအား ဦးလေးဟုခေါ်သော်လည်း ကျိုးကွမ်ပင်းသည် သူ့ထက်တစ်နှစ်သာကြီးသည်။ ဆွေမျိုးစဉ်ဆက်အရ ကြီးသူမို့သာဦးလေးဟု ခေါ်ရခြင်းပင်။ ​ကျိုးကွမ်ပင်းနှင့်ရှီးရှီတို့တွင် ကလေးနှစ်ယောက်ရှိပြီး တစ်ယောက်မှာ ခြောက်နှစ်၊ နောက်တစ်ယောက်ဆို လေးနှစ်သာရှိသေးသည်။

​အကယ်၍ ကျိုးကွမ်ပင်းသာ ခြင်နတ်ဆိုးလက်ချက်ဖြင့် သေဆုံးသွားပါက ကလေးနှစ်ယောက်နှင့် ကျန်ရစ်မည့်မုဆိုးမရှီးရှီအတွက် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ရပေတော့မည်။ ​ရုတ်တရက် ရွာသားတစ်ယောက်မှ ပြောလာ၏။

"ခုနက ထောင်ဟွားနဲ့ရှန်းမင်တို့ တောင်ပေါ်တက်သွားတာ မြင်လိုက်သလိုပဲ၊ ကွမ်ပင်းတစ်ယောက် ကံကောင်းရင်ထောင်ဟွားတို့ကယ်တာခံရနိုင်တယ်၊ သူ အဆင်ပြေလောက်မှာပါ"

​ရှီးရှီငိုသံမှာ ရုတ်တရက်ရပ်တန့်သွားတော့သည်။ ထောင်ဟွားရှိနေလျှင်တော့ မည်မျှကြီးမားသည့်နတ်ဆိုးဖြစ်ပါစေ နှိမ်နင်းခံရမည်မှာ သေချာလေ၏။ ​ရှီးရှီသည် အခြေအနေကိုသွားကြည့်ရန် တောင်ပေါ်သို့ အပြေးတက်သွားရာ အခြားရွာသားများလည်း သတိထားမိပြီး နောက်မှလိုက်သွားကြသည်။ သို့သော် ​ထောင်ဟွားတစ်ယောက် တောင်ပေါ်၌ရှိနေပေသိ သူတို့ခမျာကံဆိုးပြီးခြင်နတ်ဆိုး အကိုက်ခံရကာ သေဆုံးသွားမည်ကိုတော့ ကြောက်ရွံ့နေကြဆဲပင်။

​တောင်ပေါ်တွင်

​ကျိုးကွမ်ပင်း၏အသက်စွမ်းအင်အဆီအနှစ်များကို စုပ်ယူထားသဖြင့် အနည်းငယ်ဖောင်းကားနေသော ခြင်နတ်ဆိုး၏ခန္ဓာကိုယ်သည် ရုတ်တရက် လျင်မြန်စွာကြီးထွားလာလေသည်။

​၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနီရောင်အလင်းတန်းများသည် ပိုမိုတောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိုးရွားခြောက်ခြားဖွယ်ရာ အလင်းရောင်များဖြင့် လွှမ်းခြုံထားလိုက်၏။

​ကျိုးထောင်ဟွားမျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ​မကြာသေးမီကမှ သူမသည် ရှန်းမင်ထံမှဝိညာဉ်စွမ်းအင် အမြောက်အမြားစုပ်ယူထားပြီး မည်သည့်နေရာ၌ သုံးရမည်ကိုစဉ်းစားနေခဲ့မိ၏။ ဤခြင်နတ်ဆိုးမှာ ခြင်၏ခေါင်း၊လူ၏ကိုယ်နှင့် ခြင်တစ်ပိုင်းလူတစ်ပိုင်းပုံစံရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် နှစ်ပေါင်းနှစ်ရာခန့်ကျင့်ကြံထားသည်ဟုထင်ရ၏။

​ကျိုးထောင်ဟွားအကြည့်များသည် ဓာတ်မှန်ရိုက်သကဲ့သို့ ခြင်နတ်ဆိုး၏ခေါင်းမှ ခြေအဆုံး ဖြတ်သန်းကြည့်ရှုလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ထဲရှိ အမြုတေတည်ရှိရာနေရာကိုပါ ရှာဖွေနေလေသည်။ ​ကျိုးထောင်ဟွားပတ်လည်တွင် ဝိညာဉ်စွမ်းအင်များဖြင့်လှိုင်းထန်လာပြီး မရေမတွက်နိုင်သော အဖြူရောင်ဓားပျံများအဖြစ်စုစည်းကာ ခြင်နတ်ဆိုးထံသို့ တည့်တည့်ဦးတည်သွားကြလေ၏။ ​ခြင်နတ်ဆိုးမှာ လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ၎င်း၏အတောင်ပံကြီးများကို သွက်သွက်ခတ်လိုက်ရာ အနက်ရောင်လေပြင်းများဖြစ်ပေါ်လာပြီး ဓားပျံများအားလုံးကိုဝါးမြိုပစ်လိုက်လေသည်။

​ထိုအခွင့်အရေးကိုအသုံးချပြီး ခြင်နတ်ဆိုးသည် လွှသွားကဲ့သို့သွားစွယ်များပါရှိသော ၎င်း၏ပါးစပ်ကိုဖွင့်ကာ အနီရောင်အဆိပ်ရည်များကို မှုတ်ထုတ်လိုက်၏။ ​အဆိပ်ရည်များသည် ပိုက်ကွန်ကြီးတစ်ခုအလားဖြာထွက်လာပြီး ကျိုးထောင်ဟွား တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားလေသည်။ ​ကျိုးထောင်ဟွားမျက်ဝန်းများကျုံ့ဝင်သွားပြီး တစ်ခဏချင်းမှာပင် သူမခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်အများအပြားထွက်ပေါ်လာပြီး သူမရှေ့တွင်ဝိညာဉ်စွမ်းအင် ဒိုင်းကာတစ်ခု ဖန်တီးလိုက်လေ၏။

​အဆိပ်ရည်များသည် ဒိုင်းကာပေါ်သို့ကျရောက်သွားပြီး တစီစီမြည်သံနှင့်အတူတိုက်စားသွားကာ အနီရင့်ရောင်အမြှုပ်များနှင့် စူးရှရှအနံ့ဆိုးများကိုဖြစ်ပေါ်စေလေသည်။ ​ကျိုးထောင်ဟွား၏ အကြည့်စူးစူးတို့သည် ဒိုင်းကာမှတစ်ဆင့်လှမ်းကြည့်လိုက်ပြီး မျက်နှာထက်တွင်အေးစက်စက်အပြုံးတစ်ခုဖြတ်သန်းသွားလေ၏။

​စွမ်းအားချင်းပြိုင်ချင်တာလား။

သူမနှုတ်ခမ်းများအားဖွင့်ဟ၍

"နတ်ဘုရားအပေါင်းတို့ မိုးကြိုးကိုယူဆောင်ပါမည် လျှပ်စီးလက်တာနဲ့ နတ်ဆိုးများပျောက်ကွယ်သွားစေ"

​တစ်ခဏချင်းမှာပင် ကမ္ဘာလောကကြီးသည် မမြင်နိုင်သောစွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကိုခံလိုက်ရသည့်အလား ကောင်းကင်ယံတွင် မိုးတိမ်မည်းကြီးများ လိမ့်တက်လာပြီး လျှပ်စီးများတဖြတ်ဖြတ်လက်လာလေသည်။ ​ကျိုးထောင်ဟွားမှ မန္တန်ရွတ်ဆိုပြီးသည့်ခဏချင်းမှာပင် ရေပုံးခန့်အရွယ်အစားရှိသော မိုးကြိုးသွားကြီးတစ်ခုသည် ကမ္ဘာမြေကြီးကိုတုန်ခါသွားစေလောက်သောစွမ်းအားဖြင့် မိုးတိမ်များကြားမှနေပစ်ချလိုက်ပြီး ခြင်နတ်ဆိုးထံတိတိကျကျရိုက်ခတ်သွားလေ၏။

​၎င်းသည် အော်ဟစ်ရန်ပါးစပ်ဟလိုက်သော်လည်း နောက်ထပ်ဆက်တိုက်ကျဆင်းလာသော မိုးကြိုးသွားပေါင်းများစွာ၏ရိုက်ခတ်မှုကြောင့် ပါးစပ်ပိတ်သွားရလေသည်။ ​ရိုက်ချက်တိုင်းတွင် မြေကြီးပင်တုန်ခါသွားရ၏။ ​ကျိုးထောင်ဟွားသည် မန္တန်မှတဆင့် ဤမျှကြီးမားသောစွမ်းအားကို တိုက်ရိုက်အသုံးပြုရခြင်း၏စိတ်လှုပ်ရှားဖွယ်ရာခံစားမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

တစ်ကယ်တော့ သူမထံတွင်သာ ဝိညာဉ်စွမ်းအင်များပြည့်ဝနေပါက သူမ စိတ်ကြိုက်လုပ်ဆောင်နိုင်သည်ပင်။ ​မိုးကြိုးများ၏ မရပ်မနားတရစပ် တိုက်ခိုက်မှုအောက်တွင် ခြင်နတ်ဆိုး၏ခန္ဓာကိုယ်သည် လျှပ်စီးများကြား၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေ၏။ ​၎င်း၏ အနီရောင်အလင်းတန်းများသည် မိုးကြိုးများကြောင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မာကျောသောအခွံပေါ်တွင်လည်း အက်ကွဲကြောင်းများစပေါ်လာကာ အနီရင့်ရောင်သွေးများ ဒလဟောစီးကျလာလေသည်။

​၎င်းသည် မိုးကြိုးလှောင်အိမ်မှလွတ်မြောက်ရန် အသည်းအသန်ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ်မှာပင် မိုးကြိုးသွားတစ်ချောင်းသည် ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ထိုးဖောက်သွားတော့၏။ ​နားကွဲလုမတတ်အသံကျယ်ကြီးနှင့်အတူ ခြင်နတ်ဆိုး၏ ပေါင်းစပ်မျက်လုံးများမှ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ၎င်း၏ခန္ဓာကိုယ်ကြီးမှာ မြေကြီးပေါ်သို့ ပြိုလဲကျသွားလေတော့သည်။ ​မိုးကြိုးသံကြား၍ ရှီးရှီတောင်ပေါ်သို့ပြေးတက်လာချိန်တွင် ဤမြင်ကွင်းကိုတွေ့လိုက်ရခြင်းပင်။

ဟိုနားက မဲတူးပြီးမီးလောင်ခံထားရတဲ့ အကောင်ကြီးက ခြင်နတ်ဆိုးလား ​သေသွားပြီလားဟ။

​ကျိုးထောင်ဟွားသည် သစ်ကိုင်းတစ်ချောင်းကိုကောက်ယူပြီး ခြင်နတ်ဆိုးအနားသို့လျှောက်သွားကာ ၎င်း၏ခေါင်းထဲမှ နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအားများပါဝင်သော အမြုတေတစ်လုံးကိုရှာတွေ့သည်ထိ မွှေနှောက်လိုက်လေသည်။

​ဟမ်

​ဘယ်လိုလုပ် နှစ်ပေါင်းတစ်ရာစာစွမ်းအားပဲရှိရတာလဲ။ ​သူမခြင်နတ်ဆိုးဆီမှနေ အာရုံခံမိသည့်စွမ်းအားနှင့်လည်း မတူပါပေ။ ​

ဒီလို မဖြစ်သင့်ဘူးလေ။ ​နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအား ပါဝင်တဲ့အမြုတေက ဘယ်လိုလုပ်ပြီး ပိုအားကောင်းတဲ့ကျင့်ကြံခြင်းအဆင့်ကို ရုတ်တရက်ကြီးထုတ်ပေးနိုင်မှာလဲ။

All Chapters