အခန်း (၁၁၉)
Vol. 12 Ch. 119
119
ကျိုးကျားရွာ၏ကံကြမ္မာကို ကျိုးထောင်ဟွားတွေးတော၍မဆုံးသေးမီမှာပင် သူမနောက်မှရှီးရှီငိုသံကို ကြားလိုက်ရသည်။
"ကွမ်ပင်း ကွမ်ပင်းအဆင်ပြေရဲ့လား ထပါဦး"
ကျိုးထောင်ဟွားသည် ထိုအမျိုးသမီးဘက်သို့ လှည့်ကြည့်ကာပြောလိုက်သည်။
"ဒေါ်လေးရှီး ဦးလေးကွမ်ပင်းရဲ့အသက်စွမ်းအင်အဆီအနှစ်တွေကို ခြင်နတ်ဆိုး စုပ်ယူသွားလို့ အခုနည်းနည်းအားနည်းနေတာပါ၊ ဒါပေမယ့် ဦးလေးကွမ်ပင်းက အသက်ငယ်ပြီးကျန်းမာတော့ တစ်ရက်နှစ်ရက်လောက်ဆိုရင် ပြန်ကောင်းသွားမှာရယ် အရမ်းစိတ်မပူပါနဲ့"
ကျိုးထောင်ဟွားစကားကို ကြားလိုက်ရသောအခါ ရှီးရှီ၏ငိုသံမှာအားလျော့သွားလေသည်။ ထိုအချိန်တွင် ကျိုးရှန့်ကျူးနှင့်အခြားရွာသားများသည်လည်း တောင်ပေါ်သို့ရောက်လာကြ၏။ သူတို့သည် စောစောကခြင်များထွက်လာခဲ့သည့် အပေါက်ငယ်လေးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ကြည့်လိုက်ကြပြီး ကျိုးထောင်ဟွားထံမေးလိုက်ကြသည်။
"ထောင်ဟွား ဒီထဲကခြင်နတ်ဆိုးတွေ ထပ်ထွက်လာဦးမှာလား၊ ဦးလေးတို့နည်းနည်းကြောက်နေလို့"
ကျိုးထောင်ဟွား ရှေ့တိုးသွားပြီး အပေါက်ငယ်လေးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ ရှန်းမင်သည် စိုးရိမ်စွာဖြင့် သူမဘေးနားတွင်နေပေးနေလေ၏။
"ညီမထောင်ဟွား တစ်ခုခုတွေ့လား"
အပေါက်ငယ်လေးသည် ကတ္တရာစေးကဲ့သို့ မဲမှောင်နေပြီး ဘာမှသေချာမမြင်ရသဖြင့် မည်မျှနက်ရှိုင်းကြောင်းသိနိုင်ရန်လည်းမဖြစ်နိုင်ပေ။ ကျိုးထောင်ဟွားသည် သူမဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ခြင်အုံတစ်ခုလုံးကို စူးစမ်းကြည့်လိုက်ရာ ဗလာဖြစ်နေပြီကိုအတည်ပြုနိုင်ခဲ့သည်။ သို့သော် လူတိုင်းစိတ်အေးစေရန်အတွက် သူမသည်ဝိညာဉ်စွမ်းအင်ကိုအသုံးပြုပြီး ခြင်အုံကိုစည်းပိတ်ပေးလိုက်၏။
"အားလုံးစိတ်မပူကြပါနဲ့တော့ ဒီနေရာကနေ ခြင်နတ်ဆိုးတွေထပ်ထွက်မလာတော့ပါဘူး"
ကျိုးထောင်ဟွား မတ်တတ်ရပ်ရင်းပြောလိုက်သည်။ လူတိုင်း သက်ပြင်းချနိုင်သွားကြ၏။ ရွာသားနှစ်ယောက်သည် ရှီးရှီကိုကူညီပြီး ကျိုးကွမ်ပင်းအားတောင်အောက်သို့ သယ်သွားပေးကြသည်။ ကျိုးကွမ်ပင်းနေပြန်ကောင်းသည်ထိ နောက်ထပ်တစ်ရက်နှစ်ရက်ခန့်တော့ အနားယူပြီးမှ အလုပ်ပြန်ဆင်းရပေမည်။
ကျိုးထောင်ဟွား တောင်အောက်သို့ဆင်းလာစဉ်ထိ မျက်မှောင်ကြုံ့နေဆဲဖြစ်ပြီး နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအားသာပါဝင်သော အမြုတေကိုမကြာမကြာထုတ်ကြည့်နေမိသည်။
ကျိုးထောင်ဟွားမှ စိတ်နှင့်ကိုယ်မကပ်ဘဲလမ်းကိုကြည့်မလျှောက်ရာ သစ်ပင်ပင်စည်နှင့်ဝင်တိုက်မိတော့မည့်ဆဲဆဲတွင် ရှန်းမင်လက်လှမ်းပြီး မာကျောသောပင်စည်နှင့် ဝင်တိုက်မည်ကိုကာပေးလိုက်၏။ ထိုအခါမှသာ ကျိုးထောင်ဟွားအသိပြန်ဝင်လာလေသည်။
"ညီမထောင်ဟွား ဒီခြင်နတ်ဆိုးရဲ့အမြုတေက ဘာဖြစ်နေလို့လဲ တစ်ခုခုများရှိနေလို့လား"
ကျိုးထောင်ဟွားပြန်ဖြေလိုက်၏။
"ညီမထင်တာ သူကနှစ်ပေါင်းနှစ်ရာလောက် ကျင့်ကြံထားမယ်လို့လေ၊ဒါပေမယ့် ဒီအမြုတေကကျ နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအားပဲ ရှိနေတယ်၊ သူ့မှာ ဘယ်လိုလုပ်ပြီး နှစ်ပေါင်းနှစ်ရာစာလောက်ရှိတဲ့ ကျင့်ကြံခြင်းစွမ်းအားတွေရှိနေရတာလဲဆိုတာ ညီမစဉ်းစားနေတာ"
ယုတ္တိကျကျကြည့်မည်ဆိုလျှင် နှစ်ပေါင်း တစ်ရာစာကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေသည် နှစ်ပေါင်းနှစ်ရာစာစွမ်းအားထိ တိုးပွားလာစရာအကြောင်းမရှိပေ။ ရှန်းမင်သည် သူမကိုပွေ့ချီလိုက်ပြီး ပြန်ဖြေကာ တောင်အောက်ဆင်းလာခဲ့၏။
"ဖြည်းဖြည်းချင်း စဉ်းစားပါ၊ အစ်ကိုညီမကို ချီသွားပေးမယ်"
သူမအတွေးလွန်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်းမင်သည် သူမကိုပန်းထိုးသင်ရန် ပန်းထိုးအလုပ်ရုံသို့မပို့တော့ဘဲ ကျိုးမိသားစုအိမ်မကြီးထဲရှိ ကုလားထိုင်ပေါ်သို့ တန်းတင်ပေးလိုက်ပြီး ခြံဝင်းတံခါးကိုပါ အသာပိတ်ပေးလိုက်လေသည်။ အချိန်အတော်ကြာပြီးနောက် ကျိုးထောင်ဟွားသည် အရင်ခြောက်လအတွင်းဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ရုတ်တရက်ပြန်သတိရလိုက်မိ၏။ ကျိုးကျားရွာက အရမ်းကို ပုံမှန်ဖြစ်မနေဘူး။ နေ့လယ်စာစားချိန်တွင် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ပြန်ရောက်လာကြသည်။ သူမမေးလိုက်၏။
"အဖေ အရင်တစ်ခေါက် သမီးတို့ရွာမှာနှင်းမုန်တိုင်းကျပြီး မိုးသီးတွေကြွေတုန်းက အခြားရွာတွေမှာရောဖြစ်လားဟင်"
ကျိုးအာ့ရှု ခဏတာမျှစဉ်းစားကာပြန်ဖြေလိုက်သည်။
"ကျတာက ကျပေမယ့် ဘယ်ရွာမှအဖေတို့ရွာလောက် မများသလိုအေးလဲမအေးကြဘူး၊ အဖေတို့ရွာက တောင်ခြေရင်းမှာဝပ်နေလို့ အဲ့လိုဖြစ်တာများလား"
ကျိုးထောင်ဟွား မျက်ဝန်းအိမ်များကျုံ့ဝင်သွားတော့သည်။
တစ်ကယ်ကို ကျိုးကျားရွာကထူးခြားနေတာပဲ။
ကြည့်ရသည်မှာ ကျိုးကျားရွာ၌ကြုံတွေ့နေရသော နတ်ဆိုးများနှင့်မကောင်းဆိုးဝါးဝိညာဉ်အရေအတွက်မှာ အခြားရွာများ၌ နှစ်ပေါင်းတစ်ရာမှတစ်ခါပင် မကြုံတွေ့ရနိုင်သည့်အဖြစ်မျိုးဖြစ်နေပုံရသည်။ အနီးအနားရှိရွာအားလုံးအနက် ကျိုးကျားရွာတစ်ခုတည်းသာ တောင်များဝန်းရံထားခြင်းကိုခံရ၏။ သူမသိချင်စိတ်ဖြင့်မေးလိုက်သည်။
"အဖေ ဘာဖြစ်လို့ ကျိုးမိသားစုဘိုးဘေးတွေက ဒီနေရာမှာအခြေချခဲ့ကြတာလဲ"
ကျိုးအာ့ရှုလည်း မသိပေသိ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်၌ အငတ်ဘေးကြောင့် သူတို့ကျိုးမိသားစုဤနေရာသို့ ပြောင်းရွှေ့အခြေချခဲ့ကြခြင်းဖြစ်ကြောင်းကိုတော့ အဘိုးယွဲ့ကျန်းပြောပြသည်ကိုကြားဖူး၏။ ကျိုးထောင်ဟွား ထိုလူကြီးကို မှတ်မိသည်။ သူသည် ကျိုးမျိုးနွယ်စုတွင် အသက်အကြီးဆုံးဖြစ်ပြီး ဤနှစ်တွင် ၇၂နှစ်ရှိပြီပင်။
အသက်ကြီးပြီဖြစ်၍ အပြင်သိပ်မထွက်ဘဲ ရွာအဝင်ဝတွင်သာထိုင်ပြီး လူများနှင့်စကားစမြည်ပြောလျှင်ပြော သို့မဟုတ်ပါက ကျိုးမိသားစုဘိုးဘေးခန်းမတွင်ထိုင်နေတတ်သည်။ ကျိုးထောင်ဟွား မျက်မှောင်ကြုံ့လိုက်မိ၏။
အငတ်ဘေးကြောင့် ဒီကိုပြောင်းလာကြတာလား။
"ဒါပေမယ့် ကျိုးကျားရွာရဲ့စိုက်ပျိုးရေးအထွက်နှုန်းက ညံ့တယ်လေ၊ ထင်းခုတ်ဖို့ တောင်ပေါ်တက်လို့လဲမရတာကို ဘာဖြစ်လို့ ကျိုးမိသားစုဘိုးဘေးတွေက အခြားနေရာမပြောင်းကြတာလဲ"
ကျိုးအာ့ရှုလည်း နားမလည်ပေ။ သူ့ခေါင်းကိုကုတ်ကာပြောလာ၏။
"ဘိုးဘေးတွေရဲ့ အမိန့်ကြောင့်ဖြစ်မယ်ထင်တယ်"
ဘိုးဘေးတွေရဲ့ အမိန့်ဟုတ်လား။ ကျိုးကျားရွာက ဒီလောက်ဆိုးရွားတဲ့နေရာမှာ တည်ရှိနေတာတောင် ငါတို့ကိုထွက်ခွာခွင့်မပေးဘူးပေါ့လေ။
နေ့လယ်ပိုင်းတွင် ကျိုးထောင်ဟွားထရပ်ပြီး ဘိုးဘေးခန်းမရှိရာသို့လျှောက်သွားလိုက်သည်။ သူမ၏အာရုံသိစိတ်အရ ကျိုးကျားရွာရှိ သဘာဝဘေးအန္တရာယ်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာ ကျော်မှ အကြောင်းအရာများနှင့် ဆက်စပ်နေမည်မှာသေချာလေ၏။ ကျိုးမိသားစု၏ကမ္မည်းပြားများမှတဆင့် တစ်စုံတစ်ရာသိရှိနိုင်ကောင်းသိရှိနိုင်လိမ့်မည်။
တိုက်ဆိုင်စွာပင် သူမဤနေရာ၌ အဘိုးယွဲ့ကျန်းနှင့် တွေ့ဆုံလိုက်ရသည်။ သူသည် ဘိုးဘေးခန်းမဝင်ပေါက်ရှိ ခုံပုလေးပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး ကျဲပါးနေပြီဖြစ်သော်လည်း သပ်သပ်ရပ်ရပ်ရှိနေသည့်ငွေရောင်ဆံပင်များနှင့်အတူ မျက်လွှာအသာချထားလေ၏။
"မင်္ဂလာပါ အဘိုးယွဲ့ကျန်း"
သူသည် ရွာထဲရှိတစ်ဦးတည်းသောအဘိုးအိုဖြစ်သည်။ ကျိုးယွဲ့ကျန်းသည် အသက် ၇၂နှစ်ရှိပြီဖြစ်သော်လည်း မျက်လုံးများမှာ တောက်ပနေဆဲပင်။
"ထောင်ဟွားပါလား"
သူပြန်ထူးလိုက်သည်။
"ဟုတ်ကဲ့ ဘိုးဘေးတွေကိုလာကန်တော့တာပါ"
ကျိုးထောင်ဟွားမှ ဘိုးဘေးခန်းမထဲသို့ဝင်သွားသောအခါ ကျိုးယွဲ့ကျန်း၏ချီးကျူးသံသည် နောက်မှထွက်ပေါ်လာလေ၏။
"ထောင်ဟွားက တစ်ကယ်လိမ္မာတာပဲ၊ ပွဲတော်ရက်မဟုတ်ဘဲနဲ့တောင် ဘိုးဘေးတွေကို လာကန်တော့တယ်"
ကျိုးထောင်ဟွား ဘိုးဘေးခန်းမထဲသို့ဝင်သွားပြီး စီတန်းထားသော ကမ္မည်းတိုင်များကို လိုက်ကြည့်ရင်းနောက်ဆုံးတွင် အပေါ်ဆုံးတန်း၏အလယ်တည့်တည့်ရှိ ကမ္မည်းတိုင်တစ်ခုထံ၌ အကြည့်ရပ်တန့်သွားလေသည်။ ထိုကမ္မည်းတိုင်သည် ကျိုးကျားရွာ၏ပထမဆုံးရွာလူကြီး ကျိုးယွဲ့ဖုန်း၏ကမ္မည်းတိုင်ဖြစ်၏။
လက်ရှိ၌ သူ့ဆွေစဉ်မျိုးဆက်များသည် ရွာထဲရှိ ကျိုးကွမ်းလဲ့တို့မိသားစုဖြစ်၏။
ကျိုးထောင်ဟွားသည် လက်သင်္ကေတများပြုလုပ်ပြီး သူမဝိညာဉ်စွမ်းအင်များကို ထိုထဲသို့စီးဝင်စေလိုက်သည်။ ကျိုးထောင်ဟွား မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် ကျိုးမိသားစုဘိုးဘေးများထံမှ အသုံးဝင်သောအချက်အလက်အချို့ကို တိုက်ရိုက်ရရှိနိုင်ခဲ့၏။
သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ပြည့်ဝနေသော ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက်ခန်းခြောက်သွားလေသည်။ ကျိုးထောင်ဟွား ရပ်တန့်လိုက်ရ၏။
ကျိုးကျားရွာကို ဒီနေရာမှာ တမင်ရည်ရွယ်ပြီး တည်ထားခဲ့တာလား။
သူမသည် ဘိုးဘေးခန်းမထဲရှိ ကမ္မည်းတိုင်များကိုမော့ကြည့်လိုက်ရာ ကျိုးကျားရွာရှိလူများ၏နာမည်များတွင် ယွဲ့၊ ရှန့်၊ ယင်း၊ ကွမ်၊ ရှန်းဟူသော စာလုံးငါးလုံးမှာ ထပ်တလဲလဲပါဝင်နေသည်အား ထူးထူးဆန်းဆန်းတွေ့ရှိလိုက်ရသည်။ ကျိုးထောင်ဟွား ထိုစာလုံးငါးလုံးကို စိတ်ထဲတွင်ရေရွတ်ကြည့်လိုက်၏။ စဉ်းစားလေလေ တစ်ခုခုလွဲမှားနေသည်ဟုခံစားရလေလေဖြစ်ကာ တစ်နေရာရာတွင်မြင်ဖူးသလိုခံစားနေရသည်။ ရုတ်တရက် မှတ်ဉာဏ်တစ်ခုပွင့်သွားပြီး သူမသတိပြန်ရသွား၏။
ယွဲ့ ယင်း ရှန့် ကွမ် ရှန်း
"ယွဲ့ (လ)၊ ရှန့် (မင်္ဂလာ)၊ ယင်း (သူရဲကောင်း/ပန်း)၊ ကွမ် (အလင်း)၊ ရှန်း (ရှင်သန်/ဘဝ)" ဆိုတဲ့ အစီအစဉ်က မှားနေတယ်။
ဒီစာသားရဲ့အဓိပ္ပာယ်က လူတိုင်းမှာ လပြည့်နေ့ရဲ့လမင်းကြီးလို တောက်ပပြီးထွန်းလင်းတဲ့ အအောင်မြင်ဆုံးနဲ့မင်္ဂလာအရှိဆုံးအချိန်တွေ ရှိတယ်ဆိုတာကို ရည်ညွှန်းတာ။
ဒါကို "ယွဲ့ရှန့်ယင်းကွမ်ရှန်း" လို့ပြောင်းလိုက်ရင်တော့ အဓိပ္ပာယ်တွေပျောက်ဆုံးကုန်ပြီး ယေဘုယျသဘောတရားပါ ပြောင်းလဲသွားလိမ့်မယ်။ ကျိုးကျားရွာသားတွေရဲ့ မွေးရာပါကံကောင်းခြင်းတွေပါ ပျောက်ဆုံးကုန်နိုင်တယ်။
ကျိုးမျိုးနွယ်စုကို ဒီနေရာမှာတမင်ရည်ရွယ်ပြီးထားခဲ့တာပဲ။ ပြီးတော့ မူလကမင်္ဂလာရှိပြီး ကောင်းမွန်တဲ့စာလုံးအစီအစဉ်ကို တမင်သက်သက်ပြောင်းလဲပစ်ခဲ့တာ။
ဘာဖြစ်လို့လဲ
ကျိုးရှန့်လင်၊ ကျိုးကွမ်ပင်း၊ ကျိုးရှန့်ကျူးနှင့် ကျိုးရှန့်သဲတို့၏ဖခင်များကဲ့သို့ ရွာသားအများအပြားသည် အသက်သုံးဆယ် လေးဆယ်အရွယ်တွင် သေဆုံးခဲ့ကြသည်။ ကွမ်၊ ယင်းနှင့်ရှန့်မျိုးဆက်များမှ အဖွဲ့ဝင်အများအပြားသည် ငယ်ရွယ်စဉ်တွင်ပင်သေဆုံးခဲ့ကြရ၏။ အဓိကအားဖြင့် သူတို့၏မွေးရာပါကံကောင်းခြင်းများ ယိုယွင်းပျက်စီးသွားခြင်းကြောင့်ပင်ဖြစ်၏။
ဘယ်သူ့လက်ချက်လဲ
ဘာဖြစ်လို့ ကျိုးမျိုးနွယ်စုကိုဒီနေရာမှာ ဆက်ရှင်သန်ဖို့ထားခဲ့တာလဲ။