← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

119

​ကျိုးကျားရွာ၏ကံကြမ္မာကို ကျိုးထောင်ဟွားတွေးတော၍မဆုံးသေးမီမှာပင် သူမနောက်မှရှီးရှီငိုသံကို ကြားလိုက်ရသည်။

"ကွမ်ပင်း ကွမ်ပင်းအဆင်ပြေရဲ့လား ထပါဦး"

​ကျိုးထောင်ဟွားသည် ထိုအမျိုးသမီးဘက်သို့ လှည့်ကြည့်ကာပြောလိုက်သည်။

"ဒေါ်လေးရှီး ဦးလေးကွမ်ပင်းရဲ့အသက်စွမ်းအင်အဆီအနှစ်တွေကို ခြင်နတ်ဆိုး စုပ်ယူသွားလို့ အခုနည်းနည်းအားနည်းနေတာပါ၊ ဒါပေမယ့် ဦးလေးကွမ်ပင်းက အသက်ငယ်ပြီးကျန်းမာတော့ တစ်ရက်နှစ်ရက်လောက်ဆိုရင် ပြန်ကောင်းသွားမှာရယ် အရမ်းစိတ်မပူပါနဲ့"

​ကျိုးထောင်ဟွားစကားကို ကြားလိုက်ရသောအခါ ရှီးရှီ၏ငိုသံမှာအားလျော့သွားလေသည်။ ​ထိုအချိန်တွင် ကျိုးရှန့်ကျူးနှင့်အခြားရွာသားများသည်လည်း တောင်ပေါ်သို့ရောက်လာကြ၏။ သူတို့သည် စောစောကခြင်များထွက်လာခဲ့သည့် အပေါက်ငယ်လေးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ကြည့်လိုက်ကြပြီး ကျိုးထောင်ဟွားထံမေးလိုက်ကြသည်။

​"ထောင်ဟွား ဒီထဲကခြင်နတ်ဆိုးတွေ ထပ်ထွက်လာဦးမှာလား၊ ဦးလေးတို့နည်းနည်းကြောက်နေလို့"

​ကျိုးထောင်ဟွား ရှေ့တိုးသွားပြီး အပေါက်ငယ်လေးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ ရှန်းမင်သည် စိုးရိမ်စွာဖြင့် သူမဘေးနားတွင်နေပေးနေလေ၏။

"ညီမထောင်ဟွား တစ်ခုခုတွေ့လား"

​အပေါက်ငယ်လေးသည် ကတ္တရာစေးကဲ့သို့ မဲမှောင်နေပြီး ဘာမှသေချာမမြင်ရသဖြင့် မည်မျှနက်ရှိုင်းကြောင်းသိနိုင်ရန်လည်းမဖြစ်နိုင်ပေ။ ​ကျိုးထောင်ဟွားသည် သူမဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ခြင်အုံတစ်ခုလုံးကို စူးစမ်းကြည့်လိုက်ရာ ဗလာဖြစ်နေပြီကိုအတည်ပြုနိုင်ခဲ့သည်။ ​သို့သော် လူတိုင်းစိတ်အေးစေရန်အတွက် သူမသည်ဝိညာဉ်စွမ်းအင်ကိုအသုံးပြုပြီး ခြင်အုံကိုစည်းပိတ်ပေးလိုက်၏။

​"အားလုံးစိတ်မပူကြပါနဲ့တော့ ဒီနေရာကနေ ခြင်နတ်ဆိုးတွေထပ်ထွက်မလာတော့ပါဘူး"

ကျိုးထောင်ဟွား မတ်တတ်ရပ်ရင်းပြောလိုက်သည်။ ​လူတိုင်း သက်ပြင်းချနိုင်သွားကြ၏။ ​ရွာသားနှစ်ယောက်သည် ရှီးရှီကိုကူညီပြီး ကျိုးကွမ်ပင်းအားတောင်အောက်သို့ သယ်သွားပေးကြသည်။ ကျိုးကွမ်ပင်းနေပြန်ကောင်းသည်ထိ နောက်ထပ်တစ်ရက်နှစ်ရက်ခန့်တော့ အနားယူပြီးမှ အလုပ်ပြန်ဆင်းရပေမည်။

​ကျိုးထောင်ဟွား တောင်အောက်သို့ဆင်းလာစဉ်ထိ မျက်မှောင်ကြုံ့နေဆဲဖြစ်ပြီး နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအားသာပါဝင်သော အမြုတေကိုမကြာမကြာထုတ်ကြည့်နေမိသည်။

​ကျိုးထောင်ဟွားမှ စိတ်နှင့်ကိုယ်မကပ်ဘဲလမ်းကိုကြည့်မလျှောက်ရာ သစ်ပင်ပင်စည်နှင့်ဝင်တိုက်မိတော့မည့်ဆဲဆဲတွင် ရှန်းမင်လက်လှမ်းပြီး မာကျောသောပင်စည်နှင့် ဝင်တိုက်မည်ကိုကာပေးလိုက်၏။ ​ထိုအခါမှသာ ကျိုးထောင်ဟွားအသိပြန်ဝင်လာလေသည်။

​"ညီမထောင်ဟွား ဒီခြင်နတ်ဆိုးရဲ့အမြုတေက ဘာဖြစ်နေလို့လဲ တစ်ခုခုများရှိနေလို့လား"

​ကျိုးထောင်ဟွားပြန်ဖြေလိုက်၏။

"ညီမထင်တာ သူကနှစ်ပေါင်းနှစ်ရာလောက် ကျင့်ကြံထားမယ်လို့လေ၊ဒါပေမယ့် ဒီအမြုတေကကျ နှစ်ပေါင်းတစ်ရာစာကျင့်ကြံခြင်းစွမ်းအားပဲ ရှိနေတယ်၊ သူ့မှာ ဘယ်လိုလုပ်ပြီး နှစ်ပေါင်းနှစ်ရာစာလောက်ရှိတဲ့ ကျင့်ကြံခြင်းစွမ်းအားတွေရှိနေရတာလဲဆိုတာ ညီမစဉ်းစားနေတာ"

​ယုတ္တိကျကျကြည့်မည်ဆိုလျှင် နှစ်ပေါင်း တစ်ရာစာကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေသည် နှစ်ပေါင်းနှစ်ရာစာစွမ်းအားထိ တိုးပွားလာစရာအကြောင်းမရှိပေ။ ​ရှန်းမင်သည် သူမကိုပွေ့ချီလိုက်ပြီး ပြန်ဖြေကာ တောင်အောက်ဆင်းလာခဲ့၏။

"ဖြည်းဖြည်းချင်း စဉ်းစားပါ၊ အစ်ကိုညီမကို ချီသွားပေးမယ်"

​သူမအတွေးလွန်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်းမင်သည် သူမကိုပန်းထိုးသင်ရန် ပန်းထိုးအလုပ်ရုံသို့မပို့တော့ဘဲ ကျိုးမိသားစုအိမ်မကြီးထဲရှိ ကုလားထိုင်ပေါ်သို့ တန်းတင်ပေးလိုက်ပြီး ခြံဝင်းတံခါးကိုပါ အသာပိတ်ပေးလိုက်လေသည်။ ​အချိန်အတော်ကြာပြီးနောက် ကျိုးထောင်ဟွားသည် အရင်ခြောက်လအတွင်းဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ရုတ်တရက်ပြန်သတိရလိုက်မိ၏။ ​ကျိုးကျားရွာက အရမ်းကို ပုံမှန်ဖြစ်မနေဘူး။ ​နေ့လယ်စာစားချိန်တွင် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ပြန်ရောက်လာကြသည်။ သူမမေးလိုက်၏။

"အဖေ အရင်တစ်ခေါက် သမီးတို့ရွာမှာနှင်းမုန်တိုင်းကျပြီး မိုးသီးတွေကြွေတုန်းက အခြားရွာတွေမှာရောဖြစ်လားဟင်"

​ကျိုးအာ့ရှု ခဏတာမျှစဉ်းစားကာပြန်ဖြေလိုက်သည်။

"ကျတာက ကျပေမယ့် ဘယ်ရွာမှအဖေတို့ရွာလောက် မများသလိုအေးလဲမအေးကြဘူး၊ အဖေတို့ရွာက တောင်ခြေရင်းမှာဝပ်နေလို့ အဲ့လိုဖြစ်တာများလား"

​ကျိုးထောင်ဟွား မျက်ဝန်းအိမ်များကျုံ့ဝင်သွားတော့သည်။

​တစ်ကယ်ကို ကျိုးကျားရွာကထူးခြားနေတာပဲ။

​ကြည့်ရသည်မှာ ကျိုးကျားရွာ၌ကြုံတွေ့နေရသော နတ်ဆိုးများနှင့်မကောင်းဆိုးဝါးဝိညာဉ်အရေအတွက်မှာ အခြားရွာများ၌ နှစ်ပေါင်းတစ်ရာမှတစ်ခါပင် မကြုံတွေ့ရနိုင်သည့်အဖြစ်မျိုးဖြစ်နေပုံရသည်။ ​အနီးအနားရှိရွာအားလုံးအနက် ကျိုးကျားရွာတစ်ခုတည်းသာ တောင်များဝန်းရံထားခြင်းကိုခံရ၏။ ​သူမသိချင်စိတ်ဖြင့်မေးလိုက်သည်။

"အဖေ ဘာဖြစ်လို့ ကျိုးမိသားစုဘိုးဘေးတွေက ဒီနေရာမှာအခြေချခဲ့ကြတာလဲ"

​ကျိုးအာ့ရှုလည်း မသိပေသိ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်၌ အငတ်ဘေးကြောင့် သူတို့ကျိုးမိသားစုဤနေရာသို့ ပြောင်းရွှေ့အခြေချခဲ့ကြခြင်းဖြစ်ကြောင်းကိုတော့ အဘိုးယွဲ့ကျန်းပြောပြသည်ကိုကြားဖူး၏။ ​ကျိုးထောင်ဟွား ထိုလူကြီးကို မှတ်မိသည်။ သူသည် ကျိုးမျိုးနွယ်စုတွင် အသက်အကြီးဆုံးဖြစ်ပြီး ဤနှစ်တွင် ၇၂နှစ်ရှိပြီပင်။

​အသက်ကြီးပြီဖြစ်၍ အပြင်သိပ်မထွက်ဘဲ ရွာအဝင်ဝတွင်သာထိုင်ပြီး လူများနှင့်စကားစမြည်ပြောလျှင်ပြော သို့မဟုတ်ပါက ကျိုးမိသားစုဘိုးဘေးခန်းမတွင်ထိုင်နေတတ်သည်။ ​ကျိုးထောင်ဟွား မျက်မှောင်ကြုံ့လိုက်မိ၏။

အငတ်ဘေးကြောင့် ဒီကိုပြောင်းလာကြတာလား။

​"ဒါပေမယ့် ကျိုးကျားရွာရဲ့စိုက်ပျိုးရေးအထွက်နှုန်းက ညံ့တယ်လေ၊ ထင်းခုတ်ဖို့ တောင်ပေါ်တက်လို့လဲမရတာကို ဘာဖြစ်လို့ ကျိုးမိသားစုဘိုးဘေးတွေက အခြားနေရာမပြောင်းကြတာလဲ"

​ကျိုးအာ့ရှုလည်း နားမလည်ပေ။ သူ့ခေါင်းကိုကုတ်ကာပြောလာ၏။

"ဘိုးဘေးတွေရဲ့ အမိန့်ကြောင့်ဖြစ်မယ်ထင်တယ်"

​ဘိုးဘေးတွေရဲ့ အမိန့်ဟုတ်လား။ ​ကျိုးကျားရွာက ဒီလောက်ဆိုးရွားတဲ့နေရာမှာ တည်ရှိနေတာတောင် ငါတို့ကိုထွက်ခွာခွင့်မပေးဘူးပေါ့လေ။

​နေ့လယ်ပိုင်းတွင် ကျိုးထောင်ဟွားထရပ်ပြီး ဘိုးဘေးခန်းမရှိရာသို့လျှောက်သွားလိုက်သည်။ သူမ၏အာရုံသိစိတ်အရ ကျိုးကျားရွာရှိ သဘာဝဘေးအန္တရာယ်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာ ကျော်မှ အကြောင်းအရာများနှင့် ဆက်စပ်နေမည်မှာသေချာလေ၏။ ​ကျိုးမိသားစု၏ကမ္မည်းပြားများမှတဆင့် တစ်စုံတစ်ရာသိရှိနိုင်ကောင်းသိရှိနိုင်လိမ့်မည်။

​တိုက်ဆိုင်စွာပင် သူမဤနေရာ၌ အဘိုးယွဲ့ကျန်းနှင့် တွေ့ဆုံလိုက်ရသည်။ ​သူသည် ဘိုးဘေးခန်းမဝင်ပေါက်ရှိ ခုံပုလေးပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး ကျဲပါးနေပြီဖြစ်သော်လည်း သပ်သပ်ရပ်ရပ်ရှိနေသည့်ငွေရောင်ဆံပင်များနှင့်အတူ မျက်လွှာအသာချထားလေ၏။ ​

"မင်္ဂလာပါ အဘိုးယွဲ့ကျန်း"

​သူသည် ရွာထဲရှိတစ်ဦးတည်းသောအဘိုးအိုဖြစ်သည်။ ​ကျိုးယွဲ့ကျန်းသည် အသက် ၇၂နှစ်ရှိပြီဖြစ်သော်လည်း မျက်လုံးများမှာ တောက်ပနေဆဲပင်။

​"ထောင်ဟွားပါလား"

သူပြန်ထူးလိုက်သည်။

​"ဟုတ်ကဲ့ ဘိုးဘေးတွေကိုလာကန်တော့တာပါ"

​ကျိုးထောင်ဟွားမှ ဘိုးဘေးခန်းမထဲသို့ဝင်သွားသောအခါ ကျိုးယွဲ့ကျန်း၏ချီးကျူးသံသည် နောက်မှထွက်ပေါ်လာလေ၏။

​"ထောင်ဟွားက တစ်ကယ်လိမ္မာတာပဲ၊ ပွဲတော်ရက်မဟုတ်ဘဲနဲ့တောင် ဘိုးဘေးတွေကို လာကန်တော့တယ်"

​ကျိုးထောင်ဟွား ဘိုးဘေးခန်းမထဲသို့ဝင်သွားပြီး စီတန်းထားသော ကမ္မည်းတိုင်များကို လိုက်ကြည့်ရင်းနောက်ဆုံးတွင် အပေါ်ဆုံးတန်း၏အလယ်တည့်တည့်ရှိ ကမ္မည်းတိုင်တစ်ခုထံ၌ အကြည့်ရပ်တန့်သွားလေသည်။ ​ထိုကမ္မည်းတိုင်သည် ကျိုးကျားရွာ၏ပထမဆုံးရွာလူကြီး ကျိုးယွဲ့ဖုန်း၏ကမ္မည်းတိုင်ဖြစ်၏။

လက်ရှိ၌ သူ့ဆွေစဉ်မျိုးဆက်များသည် ရွာထဲရှိ ကျိုးကွမ်းလဲ့တို့မိသားစုဖြစ်၏။

​ကျိုးထောင်ဟွားသည် လက်သင်္ကေတများပြုလုပ်ပြီး သူမဝိညာဉ်စွမ်းအင်များကို ထိုထဲသို့စီးဝင်စေလိုက်သည်။ ​ကျိုးထောင်ဟွား မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် ကျိုးမိသားစုဘိုးဘေးများထံမှ အသုံးဝင်သောအချက်အလက်အချို့ကို တိုက်ရိုက်ရရှိနိုင်ခဲ့၏။

​သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ပြည့်ဝနေသော ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက်ခန်းခြောက်သွားလေသည်။ ​ကျိုးထောင်ဟွား ရပ်တန့်လိုက်ရ၏။

ကျိုးကျားရွာကို ဒီနေရာမှာ တမင်ရည်ရွယ်ပြီး တည်ထားခဲ့တာလား။

​သူမသည် ဘိုးဘေးခန်းမထဲရှိ ကမ္မည်းတိုင်များကိုမော့ကြည့်လိုက်ရာ ကျိုးကျားရွာရှိလူများ၏နာမည်များတွင် ယွဲ့၊ ရှန့်၊ ယင်း၊ ကွမ်၊ ရှန်းဟူသော စာလုံးငါးလုံးမှာ ထပ်တလဲလဲပါဝင်နေသည်အား ထူးထူးဆန်းဆန်းတွေ့ရှိလိုက်ရသည်။ ​ကျိုးထောင်ဟွား ထိုစာလုံးငါးလုံးကို စိတ်ထဲတွင်ရေရွတ်ကြည့်လိုက်၏။ စဉ်းစားလေလေ တစ်ခုခုလွဲမှားနေသည်ဟုခံစားရလေလေဖြစ်ကာ တစ်နေရာရာတွင်မြင်ဖူးသလိုခံစားနေရသည်။ ​ရုတ်တရက် မှတ်ဉာဏ်တစ်ခုပွင့်သွားပြီး သူမသတိပြန်ရသွား၏။

ယွဲ့ ယင်း ရှန့် ကွမ် ရှန်း

​"ယွဲ့ (လ)၊ ရှန့် (မင်္ဂလာ)၊ ယင်း (သူရဲကောင်း/ပန်း)၊ ကွမ် (အလင်း)၊ ရှန်း (ရှင်သန်/ဘဝ)" ဆိုတဲ့ အစီအစဉ်က မှားနေတယ်။

​ဒီစာသားရဲ့အဓိပ္ပာယ်က လူတိုင်းမှာ လပြည့်နေ့ရဲ့လမင်းကြီးလို တောက်ပပြီးထွန်းလင်းတဲ့ အအောင်မြင်ဆုံးနဲ့မင်္ဂလာအရှိဆုံးအချိန်တွေ ရှိတယ်ဆိုတာကို ရည်ညွှန်းတာ။

​ဒါကို "ယွဲ့ရှန့်ယင်းကွမ်ရှန်း" လို့ပြောင်းလိုက်ရင်တော့ အဓိပ္ပာယ်တွေပျောက်ဆုံးကုန်ပြီး ယေဘုယျသဘောတရားပါ ပြောင်းလဲသွားလိမ့်မယ်။ ​ကျိုးကျားရွာသားတွေရဲ့ မွေးရာပါကံကောင်းခြင်းတွေပါ ပျောက်ဆုံးကုန်နိုင်တယ်။

​ကျိုးမျိုးနွယ်စုကို ဒီနေရာမှာတမင်ရည်ရွယ်ပြီးထားခဲ့တာပဲ။ ပြီးတော့ မူလကမင်္ဂလာရှိပြီး ကောင်းမွန်တဲ့စာလုံးအစီအစဉ်ကို တမင်သက်သက်ပြောင်းလဲပစ်ခဲ့တာ။

​ဘာဖြစ်လို့လဲ

​ကျိုးရှန့်လင်၊ ကျိုးကွမ်ပင်း၊ ကျိုးရှန့်ကျူးနှင့် ကျိုးရှန့်သဲတို့၏ဖခင်များကဲ့သို့ ရွာသားအများအပြားသည် အသက်သုံးဆယ် လေးဆယ်အရွယ်တွင် သေဆုံးခဲ့ကြသည်။ ​ကွမ်၊ ယင်းနှင့်ရှန့်မျိုးဆက်များမှ အဖွဲ့ဝင်အများအပြားသည် ငယ်ရွယ်စဉ်တွင်ပင်သေဆုံးခဲ့ကြရ၏။ အဓိကအားဖြင့် သူတို့၏မွေးရာပါကံကောင်းခြင်းများ ယိုယွင်းပျက်စီးသွားခြင်းကြောင့်ပင်ဖြစ်၏။

​ဘယ်သူ့လက်ချက်လဲ

​ဘာဖြစ်လို့ ကျိုးမျိုးနွယ်စုကိုဒီနေရာမှာ ဆက်ရှင်သန်ဖို့ထားခဲ့တာလဲ။

All Chapters