← Chapters

အခန်း (၄၉၄၆-၄၉၅၀)

Vol. 251 Ch. 4946-4950

အခန်း (၄၉၄၆-၄၉၅၀)

Vol. 251 Ch. 4946-4950

Chapter 4946

ထျန်းဝမ်ဗုဒ္ဓသည်လည်း ဗုဒ္ဓကိုကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သော်လည်း ရှကွေ့ကျုံး ကျင့်ကြံခဲ့သည့်အရာနှင့် ကွဲ့ပြားခြားနားသည်။ ဤသည်မှာ ရှေးဟောင်းအစစ်အမှန်ဗုဒ္ဓ၏ ကျင့်ကြံနည်းစနစ်တစ်ခုပင်။

"ငါကြားခဲ့သည့်အတိုင်း..."

ရှကွေ့ကျုံးသည် တီးတိုးရေရွတ်လိုက်ကာ ဗုဒ္ဓ၏ စကားများကို သူ ကိုယ်တိုင် ကြားခဲ့ရသောကြောင့် သူ၏ပါးစပ်ကို အသုံးပြု၍ ရွတ်ဆိုသည်ဟု အဓိပ္ပာယ်ရသည်။

ဤအချိန်တွင် ရှကွေ့ကျုံးသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အမွေဆက်ခံသူ ဖြစ်လာခဲ့သည်။ သူသည် ဗုဒ္ဓဂိုဏ်း၏ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူ၏အဆင့်အတန်းသည် သာလွန်ထူးကဲပေ၏။

ရှည်လျားသော ကျမ်းစာရွတ်ဆိုသံသည် လုယွီ၏နားအတွင်းတွင် ပဲ့တင်ထပ်နေသည်။

လုယွီ၏ စိတ်အတွင်းတွင် ဘုန်းတော်ကြီးသုံးထောင်မှ 'နမော ရှဗုဒ္ဓအရှင်' ၏ ဗုဒ္ဓကြွေးကြော်သံကို အဆက်မပြတ် ရွတ်ဆိုနေပြီး သူ့ကိုလည်း လုံးလုံးလျားလျား ပြုပြင်ပြောင်းလဲစေလိုသည်။

အကယ်၍ စိတ်ဆန္ဒ မခိုင်မာသူတစ်ဦးသာ ဖြစ်ခဲ့ပါက သူတို့သည် ဤကျမ်းစာရွတ်ဆိုသံများကို ကြားချိန်တွင် ရှကွေ့ကျုံးထံသို့ လက်နက်ချအညံ့ခံပြီး ဖြစ်ပေမည်။

"ရှကွေ့ကျုံး... ဒါဆို ဒါက မင်းရဲ့ နည်းလမ်းပေါ့... မင်းက ငါ့ကို လှည့်စားဖို့ ဒီကျမ်းစာကို သုံးချင်တာလား.... ဒါပေမယ့် မင်းမသိတာက ကိုးကွယ်ယုံကြည်မှုစွမ်းအားကို သုံးပြီး တခြားသူတွေကို လှည့်စားတာက အရမ်းနိမ့်ကျတဲ့ လုပ်ရပ်ပဲ.... ငါ ဒီနည်းလမ်းကို အရင်က တစ်ခါမှ မသုံးခဲ့ဖူးဘူး....မင်းက ဒါကို နောက်ဆုံးဝှက်ဖဲအဖြစ် တကယ်ကြီး သုံးလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"

လုယွီက အေးစက်စက်အပြုံးဖြင့် ပြောဆိုလိုက်သည်။

လုယွီသည်လည်း သူ၏ပြိုင်ဘက်ကို ကိုးကွယ်ယုံကြည်သူတစ်ဦးအဖြစ်သို့ အတင်းအကြပ် ပြောင်းလဲသော နည်းစနစ်ကို သိရှိထားသည်။

သို့ရာတွင် ဤနည်းစနစ်သည် ကောင်းကင်နှင့် မြေပြင်ကို မခံမရပ်နိုင်ဖြစ်စေပြီး ကံကြမ္မာကို ထိခိုက်စေသည်။ ထို့ကြောင့် လုယွီသည် ဤနည်းစနစ်ကို အသုံးပြုသည်မှာ အလွန်ရှားပါးသည်။

သို့ရာတွင် ရှကွေ့ကျုံးသည် မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ထိုနည်းစနစ်ကို ထုတ်လွှတ်ခဲ့ပြီး သူ၏နံဘေးပတ်လည်ရှိ လူအမြောက်အများကို ထိခိုက်စေခဲ့သည်။ တော်ဝင်မြို့တော်၏ အစောင့်တပ်မှ စစ်သားအမြောက်အများသည် သူတို့၏လက်နက်များကို ချထားပြီး ရှကွေ့ကျုံး၏ဦးတည်ရာသို့ အဆက်မပြတ် ဦးတိုက်အရိုအသေပြုနေကြလေပြီ။

"ငါက သနားကြင်နာတတ်တယ်...ဒါကြောင့် ငါမင်းကို ကယ်တင်မယ်..."

ရှကွေ့ကျုံးသည် သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး လုယွီကိုကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

သို့ရာတွင် လုယွီသည် သူ့ကို မည်သည့်တုံ့ပြန်မှုမှုမျှ မပေးခဲ့ပေ။ သူသည် အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းတန်းများဖြင့် လုံးလုံးလျားလျား လွှမ်းခြုံခြင်းခံလိုက်ရပြီး နောက်ထပ်အချိန်တခဏတွင် သူ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ လုယွီသည် ရှကွေ့ကျုံး၏ နှိမ်နင်းခြင်းကို ခံရတော့မည်လော...

"အားလုံးပဲ.... မင်းတို့ရဲ့ အာရုံခြောက်ပါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားကြစမ်း..."

အဝေးတွင်ရှိနေသော ဖူကျစ်ရွှယ်က သူ၏အသံကို ထုတ်လွှတ်လိုက်သည်။ သူ၏နဖူးပေါ်တွင် ချွေးစေးအလွှာတစ်ခု ဖြစ်ပေါ်နေလေပြီ။

ဗုဒ္ဓအလင်းတန်းများ၏စွမ်းအားကို ခုခံကာကွယ်ရန် ကွန်ဖြူးရှပ်တာအို ကျင့်ကြံနည်းစနစ်များကို သူ အသုံးပြုခြင်းကပင် အလွန်ခက်ခဲနေခဲ့သည်။

ရှကွေ့ကျုံးမှ ထုတ်လွှတ်ထားသော ဗုဒ္ဓအလင်းတန်းများသည် အလွန်အားကောင်းပေ၏။ ကံကောင်းစွာဖြင့် သူ၏ပစ်မှတ်သည် သူတို့မဟုတ်သောကြောင့် ဖူကျစ်ရွှယ်သည် ထိုအရာကို အားတင်း၍ ခုခံနိုင်ခဲ့သည်။

ကွန်ဖြူးရှပ်တာအို၏စွမ်းအားသည် ထူးခြားဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။ အတိတ်တွင် စာပေသူတော်စင်သည် ကွန်ဖြူးရှပ်ဂိုဏ်းမှ တပည့်များကို သရဲတစ္ဆေများနှင့် နတ်ဘုရားများ၏ လှည့်ကွက်များကို သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဂိုဏ်း၏ လှည့်စားခြင်းစွမ်းအားသည် ကွန်ဖြူးရှပ်ဂိုဏ်းတပည့်များအပေါ် အနည်းဆုံး သက်ရောက်မှုရှိသည်။ သို့ရာတွင် မည်သည့်အရာတွင်မဆို အမြဲတစေ ခြွင်းချက်များ ရှိသည်။ အကယ်၍ ရှကွေ့ကျုံးသည် သူ၏စွမ်းအားကုန် ထုတ်ဖော်အသုံးပြုပါက ဤသည်မှာ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦး၏ ကိုးကွယ်ယုံကြည်မှုကို ပြောင်းလဲစေပြီး ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာစေရန် လုံလောက်သည်။

အမြင့်မြတ်ဆုံးဗုဒ္ဓအလင်းတန်းအတွင်းတွင် လုယွီသည် စာအုပ်ပင်လယ်တစ်ခုအတွင်းသို့ ကျရောက်သွားပြီး ဗုဒ္ဓစေတီတစ်ခုတွင် ရှိနေပုံရသည်။

ဤစေတီတွင် အဆင့်ခုနစ်ဆင့် ရှိပြီး အဆင့်တစ်ခုစီတွင် အရွယ်အစားအမျိုးမျိုးရှိသော ဗုဒ္ဓရုပ်ပွားတော်အမြောက်အများကို ထွင်းထုထားသည်။ ထိုဗုဒ္ဓရုပ်ပွားတော်တိုင်းသည် ရှေးကျပြီး ခမ်းနားထည်ဝါကာ သူတို့သည် အတုအယောင်ဗုဒ္ဓများ၏ ရုပ်ပွားတော်များ မဟုတ်တော့ပေ။ သူတို့သည် သူတို့၏ဒေါသအမျက်များကို ထုတ်ဖော်ပြသနေခြင်း သို့မဟုတ် အချင်းချင်း ကြင်နာစွာ ကြည့်ရှုနေခြင်းစသည့် ပုံစံများရှိနေသည်။ သူတို့၏အသွင်အပြင်များသည် ကွဲပြားခြားနားသော်လည်း သူတို့အားလုံးသည် မေတ္တာဂရုဏနှင့် ပြည့်စုံပြီး သနားကြင်နာတတ်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ လူအများကို ဤဗုဒ္ဓအရှင်များသည်အလွန်ကောင်းမွန်သည်ဟု ခံစားရစေသည်။

"ဒါက အစစ်အမှန်ဗုဒ္ဓတစ်ပါးရဲ့ စွမ်းအားပဲ"

လုယွီက သက်ပြင်းရှိုက်လိုက်သည်။

သေချာသည်မှာ ရှကွေ့ကျုံးသည် အစစ်အမှန်ဗုဒ္ဓတစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့ပြီး ဤသည် မှာ ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ပေမည်။

အကယ်၍ မျောက်သာ ဤနေရာတွင် ရှိနေပါက သူသည် ဤဗုဒ္ဓရုပ်ပွားတော်များကို မှတ်မိမည်မှာ သေချာပေါက်ပင်။

ရုတ်တရက် လုယွီသည် သူ၏အမြင်အာရုံမှ သူ့ကို လှည့်စားနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဤဗုဒ္ဓရုပ်ပွားတော်များထဲတွင် မျောက်ကဲ့သို့ အမွေးထူသော မျက်နှာရှိသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ခုကို အမှန်တကယ် တွေ့မြင်လိုက်ရသည်။

"နန်ဝူကျန်း..."

လုယွီ ရှင်းရှင်းလင်းလင်း မမြင်သေးမီမှာပင် သောင်းနှင့်ချီသော ဗုဒ္ဓရုပ်ပွားတော်များသည် ရုတ်တရက် စုစည်းသွားပြီး ရှကွေ့ကျုံး၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။

"ရှကွေ့ကျုံး"

ထိုဗုဒ္ဓများသည် ကျမ်းစာများကို တပြိုင်နက်တည်းရွတ်ဆိုပြီး သူ့ကို ငုံ့ကြည့်လိုက်ကြ၏။

"ငါအခု နားလည်ပြီ.... မင်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို မရခဲ့ဘူး.. မင်းက ဗုဒ္ဓကျမ်းစာတစ်ခုပဲ ရခဲ့တယ်...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာလိုပဲ ဒီဗုဒ္ဓကျမ်းစာကလည်း မင်းကို ပြန်လည်မွေးဖွားစေခဲ့ပြီးတော့ မင်းက အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့တယ်"

လုယွီက ရုတ်တရက် အေးစက်စက် ရယ်မောလိုက်သည်။

"ငါမင်းက အစစ်အမှန်ဗုဒ္ဓတစ်ပါးဖြစ်ဖို့ တကယ်ကြီး ကျင့်ကြံခဲ့တယ်လို့ ထင်ခဲ့တာ... မင်းက စကားပြောတတ်အောင် သင်ယူနေတဲ့ ကြက်တူရွေးတစ်ကောင်နဲ့ တူပြီးတော့ ကြောင်တစ်ကောင်က ကျားတစ်ကောင်လို အယောင်ဆောင်နေတာပဲ....မင်းက ဗုဒ္ဓကျမ်းစာထဲက အရာအားလုံးကို မင်းရဲ့ခန္ဓာကိုယ်ပေါ်ကိုထည့်သွင်းခဲ့ပြီးတော့ ဗုဒ္ဓကျမ်းစာရဲ့စွမ်းအားကို ခိုးယူခဲ့တယ်....."

Chapter 4947

လုယွီ၏စကားလုံးများသည်လည်း ရှကွေ့ကျုံး၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။

သူ၏မျက်လုံးများအတွင်းတွင် ရှကွေ့ကျုံး၏ လျှို့ဝှက်နည်းစနစ်အားလုံးသည် ကွယ်ဝှက်မထားနိုင်တော့ဘဲ ထွက်ပေါ်လာခဲ့လေပြီ။

ရှကွေ့ကျုံးသည် ရှေးဟောင်းဗုဒ္ဓကျမ်းစာကို အမှန်တကယ် ရရှိခဲ့သည်။ ဤသည်မှာ လောကကြီးအတွင်းတွင် ရှားရှားပါးပါး မြင်တွေ့ရသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ကံကြမ္မာကောင်းကြီးတစ်ခုပင်။

သို့ရာတွင် ဤသည်မှာ ပြင်ပစွမ်းအားသာဖြစ်ပြီး ရှကွေ့ကျုံး၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ ဤသည်မှာ ပြိုင်ဘက်ကင်း ရတနာဓားတစ်လက်ကို ပိုင်ဆိုင်သော လူတစ်ဦးကဲ့သို့ ဖြစ်နေပေ၏။ အားအကောင်းဆုံးမှာ ဓားဖြစ်ပြီး လူမဟုတ်ချေ။

ရှကွေ့ကျုံးသည် တာအိုသခင်ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် သူ၏စွမ်းအားများအားလုံးသည် ထိုရှေးဟောင်းဗုဒ္ဓကျမ်းစာမှ အစပြုသည်။

ထို့ကြောင့် လုယွီ၏ဝှက်ဖဲကို ထုတ်ဖော်ပြောဆိုပြီးနောက် ရှကွေ့ကျုံးသည် သူ့ကို ပြုပြင်ပြောင်းလဲရန်အတွက် ဗုဒ္ဓကျမ်းစာ၏ စွမ်းအားကို ထုတ်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ရှကွေ့ကျုံး၏ မျက်နှာအမူအယာသည် အနည်းငယ် ပြောင်းလဲသွားပေ၏။ လုယွီသည် တစ်ချက်ကြည့်ရုံဖြင့် သူ၏နောက်ခံကို ထွင်းဖောက်မြင်နိုင်သော ဤမျှထိ ထက်ရှသည့်အမြင်အာရုံ ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

သို့ရာတွင် ဤအခြေအနေတွင် သူ လုပ်နိုင်သည်မှာ အစွမ်းကုန်ကြိုးစားပြီး လုယွီကို သတ်ဖြတ်ရန်သာပင်။

ရှကွေ့ကျုံး၏မျက်လုံးအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ သောင်းနှင့်ချီသော ဗုဒ္ဓရုပ်ပွားတော်များသည် တစ်ချိန်တည်းမှာပင် ဗုဒ္ဓမန္တန်များ စတင်ရွတ်ဆိုလိုက်ပြီး သူတို့၏အသံများသည် မိုးကောင်းကင်ယံတွင် ပျံ့လွင့်နေသည်။

"ငါ ကြားဖူးတယ်....အဲ့ဒီအချိန်တခဏတွင်းမှာ ဗုဒ္ဓက ဆန်းစစ်ခြင်းသစ်ခွမြို့မှာ ရှိနေတယ်....နမောတရားတော်တွေကို..."

ဤဗုဒ္ဓကျမ်းစာများတွင် အဆုံးအစမရှိသော နက်ရှိုင်းသော နိယာမများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ဘုန်းတော်ကြီးအိုတစ်ပါးသည် မမောမပန်း စကားပြောပြီး ဗုဒ္ဓ၏တရားများကို တဖန်ပြန်၍ဟောကြားနေသည့်အလားပင်။

ရှကွေ့ကျုံး၏ ပုံရိပ်ယောင်အမြောက်အများသည် လုယွီ၏မျက်လုံးများရှေ့တွင် တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူတို့သည် လုယွီ၏ မှတ်ဥာဏ်များကို ပြောင်းလဲပြီး သူ့ကို ရှကွေ့ကျုံး၏ နောက်လိုက်တစ်ဦးအဖြစ်သို့ ရောက်ရှိလာပြီး အလုပ်လုပ်ပေးစေလိုသကဲ့သို့ ဖြစ်နေသည်။

"ရှကွေ့ကျုံး... ဒါက မင်းသိတဲ့ တစ်ခုတည်းသော နည်းလမ်းလား.... ငါ မမှားဘူးဆိုရင် ဒီဗုဒ္ဓကျမ်းစာက ရှေးဟောင်းဗုဒ္ဓဂိုဏ်းမှာ အရမ်းမြင့်မားတဲ့ အနေအထားမှာ ရှိနေလိမ့်မယ်...မင်းက နည်းစနစ်တွေအများကြီးကို ထိန်းချုပ်ပေမယ့် ဒါကို ပြုပြင်ပြောင်းလဲဖို့ပဲ သုံးတယ်...ဒါက နတ်ဘုရားတွေရဲ့လက်ဆောင်တွေကို မဆင်မခြင် ဖြုန်းတီးတာပဲ"

လုယွီက လှောင်ပြောင်ရယ်မောလိုက်သည်။

လုယွီသည် သူ့ကို တားဆီးရန် မကြိုးစားခဲ့ချေ။ သူသည် ပလ္လင်ခွေထိုင်ပြီး ရှကွေ့ကျုံး၏ ဗုဒ္ဓကျမ်းစာများကို နားထောင်လိုက်၏။

မရေမတွက်နိုင်သော ကျမ်းစာရွတ်ဆိုသံများသည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်သွားပြီး သူ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူသည် ဗုဒ္ဓ၏ဟောပြောသံကို နားထောင်နေသော ဘုန်းတော်ကြီးတစ်ပါးအလားပင်။

"ဟား ဟား ဟား... လုယွီ မင်းက တကယ့်ကို ငါ့ရဲ့ထောင်ချောက်ထဲ ကျသွားပြီ...ဘယ်သူမှ ရှေးဟောင်းဗုဒ္ဓကျမ်းစာတွေရဲ့ သွေးဆောင်မှုကို မခုခံနိုင်ဘူး... မင်းက အခု ဒီဗုဒ္ဓကျမ်းစာကို လောဘကြီးနေပေမယ့် ဒါက မင်းရဲ့စိတ်ကို သိမ်သိမ်မွေ့မွေ့နဲ့ လွှမ်းမိုးခဲ့ပြီးပြီ...ဒီနေ့ကစပြီးတော့ မင်းက ငါ့ကို ဗုဒ္ဓအဖြစ် ရှုမြင်ပြီးတော့ ငါ့ကို လေးစားကြောက်ရွံ့လိမ့်မယ်... မင်း ရှုံးနိမ့်ရလိမ့်မယ်"

ရှကွေ့ကျုံးသည် လုယွီ၏လုပ်ရပ်များကို မြင်တွေ့ချိန်၌ သူသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် လုယွီ ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားပြီး သူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံနေရကာ မခုခံနိုင်သည်ကို မြင်တွေ့မိလေ၏။

"မင်း ဗုဒ္ဓကျမ်းစာတွေကို သင်ယူချင်တာလား.... ဒါဆိုရင် ငါက မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်.... မင်းက ဗုဒ္ဓဂိုဏ်းကို ကူးပြောင်းလာပြီးတော့ ငါ့ရဲ့ ဗုဒ္ဓဘုရားလောင်း ဖြစ်လာပြီး ငါ့ရဲ့သွန်သင်ချက်တွေကို နားထောင်လိမ့်မယ်..."

ရှကွေ့ကျုံး၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

ဗုဒ္ဓကျမ်းစာတစ်ပိုဒ်သည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်သွားသည်။ လုယွီသည် အမှန်တကယ် သင်ယူနေပုံပင်။ သူ၏အမူအယာသည် တည်ကြည်လေးနက်ပြီး ခန့်ညားထည်ဝါကာ သူ၏လက်တစ်ဖက်ဖြင့် ဗုဒ္ဓလက်စည်းတံဆိပ်တစ်ခုကိုပင် ဖွဲ့စည်းထားသည်။

ဤအချိန်တွင် ပြင်ပလောကတွင်ရှိနေသည့် လူတိုင်းသည် လေထုအတွင်းတွင် မားမားမတ်မတ်တည်ရှိနေသော စေတီတစ်ဆူကိုသာ မြင်နိုင်ပြီး ထိုအရာသည် လုယွီကို လုံးလုံးလျားလျား ဖုံးလွှမ်းထားသည်။ သူတို့သည် အတွင်း၌ မည်သည့်အရာများ ဖြစ်နေသည်ကို မမြင်နိုင်ကြချေ။

သို့ရာတွင် ယခုချိန်၌ လုယွီသည် ရုတ်တရက် ထောင်ချောက်ဆင်ခြင်း ခံထားရသည်ကို သိရှိသဖြင့် လူများအားလုံး၏စိတ်နှလုံးသားများ လေးလံသွားသည်။

"ငါတို့အရှင်ရဲ့ အခြေအနေက မရှင်းလင်းဘူး.... ငါတို့ သူ့ကို သွားပြီး ကယ်တင်သင့်လား"

စစ်ဗိုလ်ချုပ်များသည် စိတ်လှုပ်ရှားစွာဖြင့် လုကျင်းရှန့်ကို ကြည့်လိုက်ကြ၏။

လုကျင်းရှန့်သည် ပုန်းကွယ်နဂါးစစ်တပ်၏ လက်ထောက်တပ်မှူး ဖြစ်သည်။ လုယွီ မရှိသည့်အချိန်၌ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာသည် လုကျင်းရှန့်၏လက်အတွင်းတွင် ရှိနေသည်ဟု ဆိုနိုင်ပေ၏။

တခြားလူများ၏ မေးခွန်းများကို ကြားချိန်တွင် လုကျင်းရှန့်သည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ အရင်ဆုံး မစွက်ဖက်ဘဲ နေကြရအောင်..... ငါတို့အခု သွားရင် အရှင်ကို ဒုက္ခပေးသလိုပဲ ဖြစ်လိမ့်မယ်"

သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း လူတိုင်းသည် သတိအနေအထားဖြင့် နေနေကြသည်။

ဤတစ်ကြိမ်သည် ပုံမှန်မဟုတ်ချေ။ ယခင်ကဲ့သို့ တိုက်ပွဲကို တာဝန်ယူထားသော မင်းသား ကူ မရှိတော့ပေ။ လုယွီတစ်ယောက်တည်းသာ တာအိုသခင်ကို တိုက်ရိုက်ရင်ဆိုင်နေရသည်။

ရလဒ် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိကြချေ။

တော်ဝင်မြို့တော်ရှိ အင်အားစုများအားလုံးသည်လည်း တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ဤကိစ္စသည် တာယွီကောင်းကင်ဘုံအင်ပါယာ၏ အနာဂတ်လမ်းကြောင်းနှင့် သက်ဆိုင်သည်။

Chapter 4948

"လုယွီကို ရှကွေ့ကျုံးက ထောင်ချောက်ဆင်ထားတယ်"

"ပြိုင်ဘက်က... နောက်ဆုံးတော့ တာအိုသခင်တစ်ယောက်ပဲ... သူရဲ့စွမ်းအားက သာမန်မဟုတ်ဘူး...သူက ကိုင်တွယ်ရလွယ်မယ့် လူစားမျိုး မဟုတ်ဘူး..."

တော်ဝင်မြို့တော်အတွင်းရှိ လုမိသားစု ကျန်းမိသားစု ဝေ့မိသားစုနှင့် တခြားထိပ်သီးမိသားစုအားလုံးသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှတ်ပြီး ဤတိုက်ပွဲကို ကြည့်ရှုနေကြသည်။

ဘုံခုနစ်ဆင့်စေတီသည် ကောင်းကင်ယံတွင် မောက်မာထောင်လွှားစွာ ရပ်တည်နေသည်ကိုကြည့်မိချိန်၌ ထိုအရာကို ကြည့်မိသူများအားလုံးသည် ထုတ်လွှတ်သော ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ခံစားမိသည်။ အထူးသဖြင့် ရှကွေ့ကျုံးသည် ဗုဒ္ဓတစ်သောင်းမှော်မန္တန်ကို အသုံးပြုပြီး ပြည်သူလူထု၏ စိတ်နှလုံးသားကို လှည့်စားနေသဖြင့် တချို့လူများသည် သူ့ကို ပို၍ပင် ကြောက်ရွံ့လာကြ၏။

"ရှကွေ့ကျုံးက တကယ့်ကို ဗုဒ္ဓအရှင်ဖြစ်သွားပြီ... သူက ဘယ်လောက်အသက်ကြီးသေးလို့လဲ"

"လုယွီကလည်း ငယ်သေးတယ်...ဒါပေမယ့် ရှကွေ့ကျုံးနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ အတွေ့အကြုံက အများကြီး နိမ့်ကျနေတုန်းပဲ....ရှကွေ့ကျုံးက တစ်ချိန်က အမတ်ကြီးတစ်ယောက် ဖြစ်ခဲ့ပြီးတော့ နတ်ဘုရားအမတ်ကြီးရှစ်ယောက်ထဲမှာ စာရင်းဝင်လာခဲ့တယ်.... လုယွီက ဒီနေရာထိ တလျှောက်လုံး မြင့်တက်လာခဲ့ပြီးမှ သူ ဒီနေရာမှာ ကျဆုံးသွားခဲ့တာ နှမြောစရာပဲ..."

လူများအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် လူအများ၏ မျက်လုံးများ လင်းလက်သွားသည်။ သူတို့ မည်သည့်ကိစ္စကို စဉ်းစားနေသည်အား မည်သူမျှ မသိချေ။

"တတိယအရှင်....ခင်ဗျား ဘယ်လိုထင်လဲ"

လုမိသားစုမှ အကြီးအကဲတစ်ဦးက လုချန်ဆောင်ကို ကြည့်လိုက်၏။

လုချန်ဆောင်သည် လက်ရှိလုမိသားစု၏ မိသားစုခေါင်းဆောင်ပင်။ ဤအချိန်တွင် သူ၏ ဖြူဖျော့သောမျက်ခုံးများ အနည်းငယ် တုန်ရီနေပြီး သူ၏မှုန်ဝါးသော မျက်လုံးများဖြင့် ဗုဒ္ဓအလင်းတန်းများ ထုတ်လွှတ်နေသော စေတီကို စူးစိုက်၍ကြည့်လိုက်သည်။

"ဒါက ရှေးဟောင်းဗုဒ္ဓဂိုဏ်းပဲ...ရှမိသားစုက... တကယ့်ကို နားလည်ရခက်တယ်..."

လုချန်ဆောင်၏မျက်လုံးများအတွင်းတွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုတစ်ရပ် ဖြတ်ပြေးသွားသည်။

"ငါတို့လူတွေကို ဝင်မပါခိုင်းနဲ့...နောက်ဆုံးရလဒ်ကို စောင့်ကြစမ်း..."

အလားတူပင် တခြားမိသားစုခေါင်းဆောင်များသည်လည်း မိသားစုဝင်များအားလုံးကို သူတို့၏တံခါးများကို ပိတ်ပြီး သင့်တော်သော အချိန်ကို စောင့်ဆိုင်းရန် အမိန့်ပေးခဲ့သည်။

...

ကျန်းမိသားစု၏ နက်ရှိုင်းသော ဥယျာဉ်တစ်ခုအတွင်းတွင်...

လုရွှမ်အာသည် အဝေးမှနေ၍ ကြယ်တာရာကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပနေပြီး အလင်းတန်းများ စီးဆင်းနေသည့်အလားပင်။

"လုယွီ..."

လုရွှမ်အာသည် သက်ပြင်းရှိုက်လိုက်၏။

သူမသည် အတိတ်တွင် ကောင်းကင်ဘုံ၏သမီးတော်ဟု သူမကိုယ်သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူမ၏မာန်မာနဟုခေါ်သောအရာသည် လုယွီရှေ့တွင် ပြောပလောက်အောင် မထိုက်တန်သည်ကို သူမ နားလည်သဘောပေါက်သွားလေပြီ။

သူမ၏ဝမ်းကွဲက သူမကို နှောင့်နှေးစေသည်ဟု အစဥ်အမြဲထင်ခဲ့သည်မှာ ရယ်ရွှင်ဖွယ်ကောင်းသည်။ ယခုချိန်၌ လုယွီသာ မရှိခဲ့ပါက သူမသည် ဤလောကကြီးအတွင်းမှ ပျောက်ကွယ်သွားပြီးဖြစ်ပေမည်။ သူမသည် ကျန်းမိသားစုတွင် ဤကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော အနေအထားဖြင့် ရှိနေနိုင်မည်မဟုတ်ချေ။

"နင် ဒီဘေးအန္တရာယ်ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ငါ မျှော်လင့်တယ်..."

လုရွှမ်အာသည် မျက်လုံးစုံမှိတ်ပြီး သူမ၏စိတ်နှလုံးသားအတွင်းတွင် ဆုတောင်းလိုက်၏။

လုယွီ အသက်ရှင်နေမှသာ သူမသည် ဤသို့သော ဂုဏ်သိက္ခာရှိသည့် အဆင့်အတန်းကို ရရှိနိုင်ပေမည်။ သူမသည် ကောင်းကင်ဘုံနယ်မြေတွင် နာမည်ရနိုင်မည်ဟု မူလက ထင်ခဲ့သော်လည်း အဆုံးသတ်တွင် သူမသည် လုယွီကို အားကိုးခဲ့ရသည်။

...

တော်ဝင်နန်းတော်တွင်...

ကျန်းယုချင်က လုယွီသည် ဗုဒ္ဓအလင်းတန်းစေတီ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်အား မြင်တွေ့ချိန်၌ သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များ ချက်ချင်းယိုစီးကျလာပြီး သူမ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေပေ၏။

"အရှင်မ...လုယွီ...သူ..."

ကျန်းယုချင်၏စိတ်နှလုံးသား တုန်ရီနေသည်။

သူမသည် လုယွီကို နောက်တစ်ကြိမ် မြင်တွေ့ရချိန်၌ သူမ၏စိတ်နှလုံးသားအတွင်းတွင် ဝမ်းမြောက်ခြင် စိုးရိမ်ပူပန်ခြင်းများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူမသည် လုယွီနှင့် ရှကွေ့ကျုံးတို့ကြားမှ တိုက်ပွဲကို မြင်တွေ့ချိန်၌ သူမ၏စိတ်နှလုံးသားအတွင်းတွင် စစ်ဗုံတစ်လုံးကို အဆက်မပြတ် တီးခတ်နေသည့်အလားပင်။

သူမသည် ရှကွေ့ကျုံး မည်သို့သော လူစားမျိုးဖြစ်သည်ကို သိရှိထားသည်။

သူသည် နတ်ဘုရားဓားအမတ်ကြီးရှစ်ယောက်အနက်မှ တစ်ဦးဖြစ်သည်။ သူသည် ရိုသေလေးစားခံရပြီး အမြင့်မြတ်ဆုံးအဆင့်အတန်း ရှိသည်။

များသောအားဖြင့် ကျန်းယုချင်သည် တော်ဝင်နန်းတော်တွင် နေထိုင်ပြီး နန်းတွင်းမှလူများ ရှကွေ့ကျုံးအကြောင်း ပြောဆိုသည်ကို နားထောင်ပေ၏။ ဤသည်မှာ ရှကွေ့ကျုံးသည် လုယွီနှင့်ပတ်သက်နေသောကြောင့်ပင်။

ရှကွေ့ကျုံးသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပင်။ အတိတ်တွင် သူသည် ပါရမီရှင်အမြောက်အများကိုကို ချေမှုန်းခဲ့ပြီး တာယွီအင်ပါယာအတွင်းရှိ ထိပ်သီးပညာရှင်များကို အနိုင်ရခဲ့သည်။

ရှကွေ့ကျုံးသည် လုယွီနှင့် အလွန်ဆင်တူသည်ဟု ဆိုနိုင်ပေ၏။

ထူးခြားသော ပါရမီရှင်နှစ်ဦးသည် နောက်ဆုံးတွင် ဤနေရာတွင် တွေ့ဆုံခဲ့ကြသည်။ သို့ရာတွင် လုယွီသည် အချိန်များစွာ ကျင့်ကြံခဲ့ရခြင်း မရှိသဖြင့် အချိန်များစွာ ဤသည်မှာ သူ၏အားနည်းချက် ဖြစ်လာခဲ့သည်။

ယခုချိန်၌ လုယွီသည် စေတီ၏ဖိနှိပ်ခြင်းကို ခံနေရသည်အား မြင်တွေ့ချိန်၌ ကျန်းယုချင်၏ စိတ်ခံစားချက်များသည် မတည်မငြိမ်ဖြစ်လာပြီး သူမသည် ချက်ချင်း ပြေးထွက်လိုပေ၏။

မီဖေးသည် သူမ၏လက်ကို မြှောက်ပြီး လက်ညှိုးထိုးလိုက်ရာ ကျန်းယုချင်သည် သူမ၏ မှော်စွမ်းအားဖြင့် ချက်ချင်း ထိန်းချုပ်ခြင်းခံလိုက်ရသည်။

"လုယွီက ဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာ ကျော်ကြားလာခဲ့ကတည်းက သူ ဒီလောက် လွယ်လွယ်ကူကူ ထိန်းချုပ်ခံရမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

မီဖေးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

Chapter 4949

ဘုံခုနစ်ဆင့်ဗုဒ္ဓစေတီ....

လုယွီသည် ပလ္လင်ခွေထိုင်ပြီး ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသော ဗုဒ္ဓကျမ်းစာသံများကို တိတ်တဆိတ်နားထောင်နေသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်စပြုလာပေ၏။

သူသည် ကျယ်ပြန့်သောအရာများကို တည်ကြည်လေးနက်စွာ လေ့လာနေသော ရှေးဟောင်းကျင့်ကြံသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ကွန်ဖြူးရှပ်တာအိုဖြစ်စေ ဗုဒ္ဓကျမ်းဖြစ်စေ ထိုအရာများအားလုံးသည် ကျင့်ကြံခြင်းနည်းစနစ်များအတွင်းတွင် ရှိနေသည်။

တခြားတစ်ဖက်တွင် ရှကွေ့ကျုံးသည် သူ၏ရန်ငြိုးကို ဘေးဖယ်ထားပုံရပေ၏။ သူသည် ဆရာတစ်ဦးအလား လုယွီကို ဗုဒ္ဓကျမ်းစာများ၏ အနှစ်သာရများကို အဆက်မပြတ် သင်ကြားပေးနေသည်။

သူ၏နံဘေးပတ်လည်တွင် မရေမတွက်နိုင်သော အမွှေးတိုင်များ ထွက်ပေါ်လာပြီး ထူထပ်သိပ်သည်းသော အမွှေးနံ့သာရနံ့သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းမှ ယခုအချိန်အထိ လက်ဆင့်ကမ်းလာခဲ့သော ယုံကြည်ခြင်းစွမ်းအားပင်။

ရှေးဟောင်းလူသားများသည် သန့်ရှင်းစင်ကြယ်မှုကို ယုံကြည်ကြပြီး ပြည်သူလူထုသည် ရိုးရှင်းပြီး ရိုးသားဖြူစင်ကြပေ၏။ ထို့ကြောင့် ဤအမွှေးနံ့သာရနံ့သည် ယခုခေတ်အချိန်ကာလထက် များစွာပို၍အားကောင်းသည်။

လုယွီသည် အမွှေးနံ့သာစွမ်းအားများကို အရူးအမူး ဝါးမြိုနေသည်။

သူသည် နတ်ဘုရားတစ်ပါးဖြစ်သည့်အပြင် အဆင့်မြင့်နတ်ဘုရားတစ်ပါးပင်။ သူသည် အမွှေးနံ့သာစွမ်းအားကို အားဖြည့်စာအဖြစ် အသုံးပြု၍ သူ့ကိုယ်ကို ခိုင်မာစေနိုင်သည်။

ဤဘုံခုနစ်ဆင့်စေတီတွင် သန်းနှင့်ချီသောသက်ရှိများမှ ပူဇော်သည့် အမွှေးတိုင်များသည် ပတ်ဝန်းကျင်၌ ပြည့်နှက်နေပေ၏။ သူတို့အားလုံးသည် လုယွီ၏ရှေ့တွင် စုဝေးနေကြပြီး သူ့ကို စိတ်ကြိုက်ဝါးမြိုခွင့်ပြုထားသည်။

လုယွီ၏နောက်တွင် ကြီးမားသော အလင်းစက်ဝန်းတစ်ခု ပေါ်လာပြီး တောက်ပစွာ ထွန်းလင်းနေသည်။ မြေအောက်လောကနတ်ဘုရားသည် မူလက အဆင့်မြင့် နတ်ဘုရားတစ်ပါးပင်။ ယခုချိန်၌ သူ၏ နတ်ဘုရားပလ္လင်သည် ပို၍ပင် အားကောင်းလာပြီး အမှန်တကယ်ကို နတ်ဘုရားဘုရင်နယ်ပယ်သို့ တိုးတက်နေသည်။

နတ်ဘုရားဘုရင်သည် နတ်ဘုရားအားလုံး၏ ဘုရင်ဖြစ်ပြီး သူ့ထံတွင် ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်း ရှိသည်။

ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင် တစ္ဆေဧကရာဇ် မယ်တော်ဧကရီစသည်ဖြင့် နတ်ဘုရင် အမြောက်အများ ရှိခဲ့သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို ခိုင်မာစေရန် အမွှေးနံ့သာစွမ်းအားများကို အသုံးပြုခဲ့ကြသည်။ သူတို့သည် ကျင့်ကြံခြင်းမရှိလျှင်ပင် နေ့စဉ်နေ့တိုင်း သူတို့၏ကိုယ်ပိုင်စွမ်းအားကို တိုးတက်စေပေလိမ့်မည်။

အကယ်၍ ခွေးနက်ကြီးသည် လုယွီ၏ သဘောထားကို မြင်ပါက သူ၏အောက်မေးရိုးပြုတ်ကျသွားမည်မှာ သေချာပေါက်ပင်။

ရှေးဟောင်းခေတ်တွင် မည်သူမျှ တစ်ချိန်တည်း၌ မဟာတာအိုအမြောက်အများကို ကျင့်ကြံရန် မကြိုးစားခဲ့ဖူးချေ။

ရုပ်ခန္ဓာကိုယ်အရဆိုလျှင် လုယွီသည် သိုင်းအင်မော်တယ်တစ်ယောက်ပင်။

မှော်စွမ်းအားအရဆိုလျှင် လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်သည်။

ယခု နတ်ဘုရားအဆင့်အရဆိုလျှင် လူယွီသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး သူသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ချေရှိသည်။

သူ၏ နတ်ဘုရားအဆင့် မှော်စွမ်းအားနှင့် ရုပ်ခန္ဓာကိုယ် သုံးမျိုးလုံးသည် တစ်ချိန်တည်းမှာပင် တိုးတက်လာပြီး အားနည်းချက်မရှိချေ။

သို့ရာတွင် ရှကွေ့ကျုံးသည် ဤအကြောင်းကို မသိရှိပေ။ လုယွီ အမွှေးနံ့သာစွမ်းအားများအဆက်မပြတ် ဝါးမြိုနေသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"လုယွီ...ဒီနေ့ မင်း ငါ့ကို ယုံကြည်သက်ဝင်တာက မင်းရဲ့ကံကြမ္မာပဲ.... မင်းက ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တရမှာ မဟုတ်ဘူး...မင်းက နောင်တစ်ချိန်မှာ ဗုဒ္ဓဖြစ်လာပြီးတော့ လောကကြီးအတွင်းမှာ ကြီးမားတဲ့ အရာတွေကို အောင်မြင်လိမ့်မယ်"

ရှကွေ့ကျုံးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

ဝုန်း...ဝုန်း..

ဤအချိန်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ မြစ်တစ်စင်း စီးဆင်းနေသည့်အလားပင်။

သူ၏ခန္ဓာကိုယ်အတွင်းတွင် နတ်ဘုရားမီးပွားများ စုစည်းနေပြီဖြစ်ပြီး မိုးကောင်းကင်ထိ မြင့်တက်သွားကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပြင်းထန်စွာ တုန်ခါစေခဲ့သည်။

"အမ်....မင်းက တကယ့်ကို ဒီလောက်ထိ အားကောင်းတာလား"

ရှကွေ့ကျုံးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်နှလုံးသား နက်ရှိုင်းရာတွင် မကောင်းသော ခံစားချက်တစ်ခု ရရှိလာပေ၏။

သူ၏အဆင့်တွင် အနည်းဆုံးအနေဖြင့် သူသည် ကံကြမ္မာနည်းစနစ်တချို့ကို ကျင့်ကြံနိုင်ပြီး ကံကြမ္မာ၏ဥပဒေသများကို ထိတွေ့နိုင်သည်။ သူသည် ကံဆိုးမိုးမှောင်ကျခြင်းကို ကောင်းမွန်သော ကံကြမ္မာအဖြစ်သို့ ပြောင်းလဲနိုင်ပြီး ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်သည်။

ရှကွေ့ကျုံးသည် အန္တရာယ် ချဉ်းကပ်လာသည်ကို ခံစားမိသဖြင့် ချက်ချင်းဆိုသလိုပင် သူ၏အာရုံစူးစိုက်မှုကို လုယွီထံမှ ဖယ်ရှားလိုက်၏။

တစ်ချိန်တည်းမှာပင် ရှကွေ့ကျုံး ရွတ်ဆိုနေခဲ့သော ဗုဒ္ဓကျမ်းစာသံများ ရုတ်တရက် ရပ်တန့်သွားသည်။

ဗုဒ္ဓအလင်းတန်းသည် လုယွီပေါ်သို့ နောက်တစ်ကြိမ် ဖြာကျလာခြင်း မရှိတော့ချေ။ သူသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်ပြီး ဖြောင့်တန်းစွာ မတ်တတ်ထရပ်လိုက်ပြီး ဓားအိမ်မှ လောလောလတ်လတ် ထုတ်ထားသော ထက်ရှသည့် ဓားတစ်စင်းကဲ့သို့ ဖြစ်နေသည်။

"နတ်ဘုရားမီးပွား ပြိုကွဲပြီး နတ်ဘုရားပလ္လင် ဖွဲ့စည်းမယ်...."

လုယွီသည် သူ့ကို အတင်းအကြပ် ယုံကြည်စေသော ဗုဒ္ဓကျမ်းစာ၏ကောင်းချီးပေးမှုကို ထပ်မံ၍ မလိုအပ်တော့ချေ။ ထိုအစား သူသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ပတ်ဝန်းကျင်ရှိ အမွှေးနံ့သာစွမ်းအားများနှင့် သက်ဝင်ယုံကြည်ခြင်းစွမ်းအားများကို ဝါးမြိုလိုက်၏။

ထူထပ်သိပ်သည်းပြီး အားကောင်းသော အမွှေးနံ့သာစွမ်းအားများသည် လုယွီ၏ပါးစပ်မှတဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝါးမြိုခြင်းခံလိုက်ရသည်။ ထိုအရာများသည် သူ၏မရီဒါန်းများတလျှောက် စီးဆင်းသွားပြီး နောက်ဆုံးတွင် သူ၏ နတ်ဘုရားမီးပွား၌ စုစည်းသွားသည်။

မြေအောက်လောကနတ်ဘုရား၏ နတ်ဘုရားမီးပွားသည် ရုတ်တရက် ကြေမွှပျက်စီးသွားပြီး နတ်ဘုရားစွမ်းအားများ ပျံ့နှံ့သွားပေ၏။

ထို့နောက် နတ်ဘုရားစွမ်းအားများအားလုံးသည် ရုတ်တရက် စုစည်းသွားပြီး ခန့်ညားထည်ဝါသော ပလ္လင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရုတ်ချည်းဆိုသလိုပင် စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းတစ်တန်းသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

လုယွီသည် နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေပြီးလောကကြီးကို ငုံ့ကြည့်ကာ သန်းနှင့်ချီသောသက်ရှိများ၏ကံကြမ္မာကို ထိန်းချုပ်နေသည်။

သူသည် အမှန်တကယ်ကို ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်နယ်ပယ်သို့ ကျင့်ကြံနိုင်ခဲ့သည်။

Chapter 4950

ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်၏ အကြည့်ဖြင့် ဤလောကကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန်တွင် သူ မြင်တွေ့နေသော မြင်ကွင်းများ ပြောင်းလဲသွားပေမည်။

ဤတော်ဝင်မြို့တော်ကဲ့သို့ သက်ရှိများသန်းနှင့်ချီ၍ နေထိုင်သောနေရာတွင် လုယွီသည် ပုံရိပ်များစွာကို မြင်တွေ့လိုက်ရသည်။ တချို့သည် အဖြူရောင်အလင်းတန်း တချို့သည် အပြာရောင်နှင့် ခရမ်းရောင်တို့ ဖြစ်ပေ၏။ ထိုအလင်းတန်းတစ်တန်းစီတိုင်းသည် လူတစ်ဦး၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည်။

သူတို့သည် ဒေါသထွက်နေခြင်း ကြောက်ရွံ့နေခြင်း သို့မဟုတ် ပျော်ရွှင်နေခြင်း ဖြစ်နိုင်သည်။ သူတို့၏စိတ်ခံစားချက်များအားလုံး လုယွီ၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရပုံပင်။

လုယွီသည် နံဘေးပတ်လည်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်ရာ တောက်ပသော နတ်ဘုရားနန်းတော်များစွာကို မြင်လိုက်ရသည်။ နတ်ဘုရားနန်းတော်အချို့သည် ပူဇော်ပသမှုများ အလယ်တွင် ရှိနေဆဲဖြစ်သည်။ ကိုးကွယ်ယုံကြည်သူများသည် နတ်ဘုရားနန်းတော်များရှေ့တွင် ဝပ်တွားပြီး ရှည်လျားသော ကျမ်းစာများကို ရွတ်ဆိုနေကြသည်။

လုယွသည် သူတို့ကို ကြည့်လိုက်ချိန်၌ နတ်ဘုရားနန်းတော်များ၏ ရုပ်ထုများသည် သူတို့၏အလင်းတန်းများကို ရုပ်သိမ်းပြီး ဆိုးဆိုးရွားရွား ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့သည် လုယွီကို ကြောက်ရွံ့ပြီး နတ်ဘုရားဘုရင်တစ်ပါးနှင့် အဆင့်အတန်းခြင်း မယှဉ်ပြိုင်ရဲသည့်အလားပင်။

လုယွီ ဆန္ဒရှိသရွေ့ ထိုနတ်ဘုရားများသည် သူတို့၏ အမွှေးနံ့သာစွမ်းအားများကို သူ့အား ပူဇော်ပသပြီး သူ့ထံ၌ အညံ့ခံမည်ဟူသော ခံစားချက်တစ်ခုပင် ရှိနေသည်။

ဤသည်မှာ ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်တစ်ပါး၏ စွမ်းအားပင်။

သို့ရာတွင် လုယွီသည် အစစ်အမှန်နတ်ဘုရင်တစ်ပါး မဟုတ်သေးချေ။ ဤသည်မှာ သူ၏ ပြီးပြည့်စုံခြင်းအဆင့် သိုင်းအင်မော်တယ် ရုပ်ခန္ဓာကိုယ်နှင့် တူညီပေ၏။ သူသည် သိုင်းအာဏာရှင်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးသော်လည်း ထိုနှစ်ခုကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေပြီး တန်းတူဖော်ပြ၍မရပေ။

နတ်ဘုရားဘုရင်တစ်ပါး၏ ပလ္လင်....နတ်ဘုရားဘုရင်တစ်ပါး၏ သရဖူနှင့် နတ်ဘုရားဘုရင်၏ရာဇလှံတံ....

အမွှေးနံ့သာစွမ်းအားများမှ ဤဗုဒ္ဓရတနာသုံးပါးကို စုစည်းထုတ်လွှတ်နိုင်မှသာ လုယွီသည် အစစ်အမှန် နတ်ဘုရားဘုရင်တစ်ပါးဖြစ်လာပြီး မဟာမိုးကောင်းကင် ရွှယ်အင်မော်တယ်တစ်ယောက်နှင့် အဆင့်ချင်းညီမျှသူ ဖြစ်လာပေလိမ့်မည်။

ထိုအချိန်ရောက်ပါက သူသည် အဆင့်မြင့်တာအိုသခင်တချို့ကိုပင် လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေမည်။

"တစ်လှမ်းချင်းစီ စုစည်းမှုနဲ့သိပ်သည်းမှု... ဒါက ငါက အဆင့်မြင့် နတ်ဘုရားတစ်ပါးဖြစ်လို့လည်း ပါတယ်...ဒါက အသစ်စက်စက် လမ်းကြောင်းတစ်ခုပဲ...ငါက လက်ရှိမှာ ကျောက်တုံးတစ်တုံးကို ထိတွေ့ပြီး မြစ်ကို ဖြတ်ကူးနေတာပဲ...နောင်တစ်ချိန်မှာ ငါက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာနိုင် မဖြစ်လာနိုင်ဆိုတာ ပြောရခက်တယ်..."

ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်တစ်ပိုင်း ဖြစ်လာပြီးနောက် လုယွီသည် သူ အမွှေးနံ့သာစွမ်းအားများ စုပ်ယူသည့်အရှိန်နှုန်းသည် အဆတစ်ရာ မြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာမှုတစ်ခုပင်။ သူ စုပ်ယူသော အမွှေးနံ့သာစွမ်းအားသည် သူ၏ ကျင့်ကြံဆင့်စွမ်းအားကိုပင် မြင့်တက်စေပြီး သူ့ကို ပို၍ပင် လျင်မြန်စွာ တိုးတက်စေနိုင်သည်။

ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်ပြီး အန္တရာယ်များလည်း အတူကပ်ပါလာသည်။

ရှကွေ့ကျုံးသည် လူယွီကို ပြောင်းလဲရန် ရှေးဟောင်းဗုဒ္ဓကျမ်းစာများကို အသုံးပြုလိုပြီး သူ၏နောက်လိုက် ဖြစ်စေလိုသည်။ ထို့နောက်တွင် သူသည် လုယွီ ပိုင်ဆိုင်သမျှအရာအားလုံးကို ယူဆောင်ပေလိမ့်မည်။

လုယွီကမူ ရှကွေ့ကျုံး၏ အမွှေးနံ့သာစွမ်းအားများကို နှစ်သက်သည်။ ဤအမွှေးနံ့သာစွမ်းအားများသည် သူ့ကို နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးထွက်ဝင်ရောက်ပြီး ပို၍မြင့်မားသော နယ်ပယ်သို့ ရောက်ရှိရန် ကူညီပေးနိုင်သည်။

ဤသည်မှာ သူ၏စိတ်ဝိညာဉ်ကို အထွတ်အထိပ်အခြေအနေသို့ရောက်အောင် ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးပင်။

အစောပိုင်းက ရှကွေ့ကျုံးသည် ဗုဒ္ဓကျမ်းစာများကို အသုံးပြုသည့်အချိန်၌ မရေမတွက်နိုင်သော အတွေးအခေါ်များသည် လုယွီ၏စိတ်အတွင်းတွင် ထွက်ပေါ်လာပြီး သူသည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ချက်ချင်း ရှာတွေ့ခဲ့သည်။

သူသည် အနည်းငယ်မျှ နောက်တွန့်ခဲလျှင် ဤအခွင့်အရေးသည် အလဟဿ ဆုံးရှုံးသွားပေလိမ့်မည်။

"ရှကွေ့ကျုံး....မင်းရဲ့ နောက်ဆုံးစကားလုံးတွေကို ပြောဖို့ အဆင်သင့်ဖြစ်ပြီလား..."

လုယွီက သူ၏ပါးစပ်ကိုဖွင့်ပြီး စကားပြောလိုက်သည်။ သူ၏စကားလုံးတိုင်းသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ မိုးကောင်းကင်ယံကိုပင် တုန်ခါစေခဲ့သည်။

"ငါရဲ့ အမွှေးနံ့သာစွမ်းအားတွေ ပျောက်သွားပြီ....သန်းရာနဲ့ချီတဲ့ အမွှေးနံ့သာစွမ်းအားတွေ ပျောက်သွားပြီလား....ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.."

ရှကွေ့ကျုံး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ အစောပိုင်းက မြင်ခဲ့ရသောအရာကို မယုံကြည်နိုင်တော့ချေ။

ဤသည်မှာ သန်းရာနှင့်ချီသော သက်ရှိများဖြစ်သည့်အပြင် သူတို့အားလုံးသည် ရှေးဟောင်းခေတ်မှ သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့သည် အလွန်သန့်စင်ပြီး အလိုဆန္ဒ နည်းပါးပေ၏။

ပုံမှန်အားဖြင့် သူသည် သူတို့ကို အသုံးမပြုခဲ့ချေ။ ယနေ့တွင် လုယွီကိုရင်ဆိုင်ရန်အတွက် သူသည် ထိုအရာများအားလုံးကို ထုတ်ဖော်အသုံးပြုခဲ့သည်။ ထိုအမွှေးနံ့သာစွမ်းအားများအားလုံးသည် လုယွီ၏ဝါးမြိုခြင်းကို ခံရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

"လူသားတွေအတွက် အမွှေးနံ့သာစွမ်းအားက အဆိပ်ပဲ...ဒါကို ဝါးမြိုတဲ့သူတိုင်း ထိခိုက်လိမ့်မယ်....ဒါပေမယ့် မင်းက လုံးဝမထိခိုက်ဘူး... မင်းက အဆင့်တစ်ခုကိုတောင် ချိုးဖျက်နိုင်ခဲ့တယ်လို့ ငါ တွေးထင်မိတယ်...မင်းက အရင်ကတည်းက ဗုဒ္ဓဖြစ်နေပြီလား... မဟုတ်ဘူး၊ မင်းရဲ့ခန္ဓာကိုယ်မှာ ဗုဒ္ဓဂိုဏ်းရဲ့ အရှိန်အဝါ မရှိဘူး....မင်းက နတ်ဘုရားတစ်ပါးပဲ..."

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ရှကွေ့ကျုံးသည်လည်း မှင်သက်သွားပေ၏။

သူသည် အရာအားလုံးကို တွက်ချက်ခဲ့သော်လည်း ဤရလဒ်ကို သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ သူ၏ မရေမတွက်နိုင်သော အမွှေးတိုင်နံ့သာစွမ်းသာများသည် အမှန်တကယ်ကိုပင် အခြားတစ်စုံတစ်ယောက်အတွက် အဆင်သင့်ဖြစ်သွားခဲ့သည်။

All Chapters