အခန်း (၄၉၅၆-၄၉၆၀)
Vol. 251 Ch. 4956-4960
Chapter 4956
လုယွီ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာကို ကြည့်ရင်း ရှကွေ့ကျုံး၏ရယ်သံသည် ပို၍ပို၍ကျယ်လောင်လာပေ၏။
"သူ ဘယ်မှာရှိလဲဆိုတာ မင်း တွေးလို့ရမှာမဟုတ်ဘူး....ငါ သေသွားပြီးရင် ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး....ဒီဘဝမှာတော့ မင်း သူနဲ့ပြန်တွေ့ဖို့ကို မေ့လိုက်တော့..."
ရှကွေ့ကျုံးသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသော်လည်း သူ၏ဗုဒ္ဓခန္ဓာကိုယ်သည် တစတစ ဝေဝါးသွားသည်။
အမွှေးနံ့သာစွမ်းအားများနှင့် သက်ဝင်ယုံကြည်မှုစွမ်းအားကို ဆုံးရှုံးပြီးနောက် သူသည် သူ၏ဗုဒ္ဓခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ မထိန်းသိမ်းထားနိုင်တော့ချေ။
အမှန်အားဖြင့် ရှကွေ့ကျုံးသည် လုယွီ၏ လက်သီးချက်အောက်တွင် သေဆုံးသွားခဲ့လေပြီ။ ကြွင်းကျန်နေသောအရာမှာ အမွှေးနံ့သာစွမ်းအားများမှ ဖွဲ့စည်းထားသော သူ၏ဗုဒ္ဓပုံရိပ်ယောင်သာ ဖြစ်သည်။
ဗုဒ္ဓသည် ထာဝရအသက်ရှင်နိုင်သော်လည်း ရှကွေ့ကျုံးထံတွင်မူ အသက်တစ်ချောင်းသာ ရှိသည်။
လုယွီသည် ရှကွေ့ကျုံး၏ လှည့်စားနေသောစကားများကို နားမထောင်ဘဲ သူသည် ကံကြမ္မာနည်းစနစ်ကို အသုံးပြုကာ မရေမတွက်နိုင်သော ကံကြမ္မာလမ်းကြောင်းများကို ဖြတ်ကျော်ပြီး ကျီးချန်ယွီ၏တည်နေရာကို ရှာဖွေခဲ့သည်။
သို့ရာတွင် လုယွီ၏ရှေ့၌ မြူခိုးအလွှာတစ်လွှာသည် အမြဲတတစေ ဖုံးကွယ်ထားပြီး ကျီးချန်ယွီကို ရှာဖွေ၌မရနိုင်အောင် တားဆီးနေပေ၏။
"ဖူး..."
လုယွီ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာသည်။ သူ၏ဆံပင်နက်တစ်မျှင်ပင်လျှင် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် သူ၏သက်တမ်းကို အသုံးပြုပြီး ကံကြမ္မာနည်းစနစ်ကို အသက်သွင်းခဲ့သော်လည်း ကျီးချန်ယွီ၏တည်နေရာကိုမူ ရှာမတွေ့ခဲ့ချေ။
ရှကွေ့ကျုံးသည် ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုလိုက်၏။
"မင်း ဘယ်လိုမှ တွက်ချက်လို့ရမှာမဟုတ်ဘူး... ငါ သူ့ကို အောက်ဘုံကနေ ခေါ်လာကတည်းက သူရဲ့အောက်ဘုံက စရိုက်လက္ခဏာတွေကို ဖျက်ပစ်ခဲ့တယ်...သူ့ကို လူဝင်စားတစ်ယောက်လို့တောင် သတ်မှတ်လို့ရတယ်.... ငါကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး..."
"ငါ ဒီလျှို့ဝှက်ချက်နဲ့အတူ ထွက်သွားမယ်.... မင်း သူ့ကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး...ဟား ဟား ဟား ဟား..."
ဗုဒ္ဓစွမ်းအာများသည် မိုးကောင်းကင်ယံတွင် ပျံ့လွင့်သွားပေ၏။
သာယာငြိမ့်ညောင်းသော ဝမ်းနည်းဖွယ်တေးသံတစ်သံသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး နတ်ဘုရားများနှင့်ဗုဒ္ဓများ သေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးနေသည့်အလားပင်။
ရှကွေ့ကျုံး၏ခြေထောက်များသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
သို့ရာတွင် သူသည် လုယွီကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်နေဆဲဖြစ်ပြီး လှောင်ပြောင်နေသည့်အလားပင်။
"မင်းကိုသတ်လိုက်ရင် ငါ သူ့ကို ရှာတွေ့နိုင်မယ့် နည်းလမ်း ရှိလာလိမ့်မယ်"
လုယွီက ရှကွေ့ကျုံးထံသို့ ခြေလှမ်စတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
လုယွီ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ရှကွေ့ကျုံးသည် သေခြင်းတရားကို တစိုးတစိမျှ မကြောက်သည့်အလား ပို၍ပင် မောက်မာထောင်လွှားစွာ ရယ်မောလိုက်၏။
လူအုပ်ကြီး၏အကြည့်များအောက်တွင် လှပသောပုံရိပ်တစ်ခုသည် သူတို့နှစ်ဦးထံသို့ ရုတ်တရက် ပျံသန်းလာသည်။
ဤတိုက်ပွဲမြေပြင်သည် တားမြစ်နယ်မြေတစ်ခုနီးပါး ဖြစ်နေလေပြီဖြစ်သည်။ နယ်မြေသခင်များပင်လျှင် ဤနေရာအနီးသို့ မချဥ်းကပ်ရဲကြချေ။
သို့ရာတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးသည် သူမ၏ရှေ့ရှိ မည်သည့်အန္တရာယ်ကိုမျှ မကြောက်ရွံ့ပုံရသည်။ လူများအားလုံး၏အကြည့်အောက်တွင် သူမသည် လုယွီ၏ရှေ့သို့ ပြေးဝင်လာပေ၏။
"ဒါက ဘယ်သူလဲ...."
"ဘာလို့ ဒီနေရာမှာ မိန်းကလေးတစ်ယောက် ရှိနေတာလဲ..."
လူတိုင်း ထိတ်လန့်တကြားဖြစ်သွားကာ သူတို့၏မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့သည် ထိုအမျိုးသမီး လုယွီ၏ရှေ့သို့ ရောက်လာပြီး ရုတ်တရက် ဒူးထောက်လိုက်သည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ကြသည်။
"အရှင်.... ကျေးဇူးပြုပြီးတော့ သနားညှာတာပြီး သူ့ရဲ့အသက်ကို ချမ်းသာပေးပါ....ဒီအစေခံက သူ့ရဲ့အပြစ်ကြွေးကို ကျွန်မရဲ့အသက်နဲ့ ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်"
ထိုအမျိုးသမီးသည် မြေပေါ်တွင် ဒူးထောက်လိုက်ရာ သူမ၏ဒူးသည် ချွန်ထက်သောကျောက်တုံးဖြင့် ထိရှသွားသည်။ ရုတ်ချည်းဆိုသလိုပင် သူမ၏ဒူးမှ သွေးများယိုစီးကျလာကာ သူမ၏ အဖြူရောင်ဝတ်စုံကို နီမြန်းသွားစေပေ၏။
"မင်း..."
လုယွီသည် သူ၏ရှေ့မှ အမျိုးသမီးကို မှတ်မိသွားသည်။ သူမသည် မြို့တော်သို့ ခင်ပွန်းဖြစ်သူအား ရှာဖွေရန် သူနှင့်အတူ လိုက်လာခဲ့သော စုရူပင်။
စုရူ၏ မျက်နှာသည် ဖြူဖျော့နေပေ၏။ သူမ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း သူမ၏လှပချောမောမှုများ လျော့ပါးမသွားချေ။
"မင်း ဘယ်သူ့အတွက် အသနားခံနေတယ်ဆိုတာ မင်း သိရဲ့လား...."
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။
"ကျွန်မ သိပါတယ်.. သိပါတယ်..."
စုရူက ခေါင်းမော့လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုကို ထင်ဟပ်နေသည်။
သူမ ဤကဲ့သို့ပြုံးသည်ကို မြင်ရခဲပေ၏။ စုရူ၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားပြီး စိတ်လှုပ်ရှားမှုနှင့်အောက်မေ့တမ်းတမှု အရိပ်အယောင်များ ပါဝင်နေသည်။ ထို့နောက် သူမက ခေါင်းမော့ပြီး ပြောဆိုလိုက်သည်။ "သူက..."
ရုတ်တရက် စုရူ၏ နောက်မှ ရှကွေ့ကျုံး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"မြွေနတ်ဆိုးလေးတစ်ကောင်....နိမ့်ကျတဲ့ သားရဲတစ်ကောင်က ငါ့အတွက် အသနားခံပေးဖို့ လိုလို့လား"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူထံ၌ ကျန်ရှိနေသော နောက်ဆုံးလက်ကျန် ဗုဒ္ဓစွမ်းအားကို အသုံးပြုပြီး စုရူ၏ကျောကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
စုရူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာပြီး ချက်ချင်းဆိုသလိုပင် မြေပေါ်သို့ လဲကျသွားသည်
လုယွီပင်လျှင် ဤရလဒ်ကို မျှော်လင့်မထားခဲ့ပေ။
"မင်းက သေချင်နေတာပဲ"
လုယွီ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းအရိပ်အယောင်များ ပေါ်ထွက်လာပြီး ရှေ့သို့တိုးရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ဤအခိုက်အတန့်မှာပင် လုယွီ၏ နောက်မှနေ၍ ဒေါသတကြီးအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"အား...."
ဖူကျစ်ရွှယ်၏မျက်လုံးများသည် လုံးလုံးလျားလျားနီမြန်းနေပြီး သူသည် ရှေ့သို့ပြေးသွားကာ စုရူကို ပွေ့ဖက်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ရှကွေ့ကျုံးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။
"ဟား ဟား ဟား..ဖူကျစ်ရွှယ် လုယွီ...မင်းတို့ဆရာတူညီအစ်ကိုတွေက တကယ့်ကို ရယ်စရာကောင်းတာပဲ.....မိန်းမတစ်ယောက်ကို ငါ့အတွက် အသနားခံခိုင်းရတယ်လို့..ဖူကျစ်ရွှယ် မင်းကိုကြည့်ရတာ အရမ်းစိုးရိမ်နေတဲ့ပုံပဲ... သူက မင်းရဲ့ချစ်သူလား..."
ဖူကျစ်ရွှယ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ပြင်းထန်သောဒေါသကြောင့် သူ၏နဖူးပေါ်မှ သွေးကြောများပင် ထောင်ထလာပေ၏။
သူသည် သူ၏လက်မောင်းကြားမှ သေလုမျောပါးဖြစ်နေသော အမျိုးသမီးကိုကြည့်ကာသူ၏မျက်လုံးများ နီမြန်းနေလေပြီ။
"မင်းရဲ့ဘိုးဘေးတွေဆီကို ပြန်သွားစမ်း.... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ ဘိုးဘေးတွေလဲ...."
"မင်း ရှအိမ်တော်ထဲကို ဝင်သွားကတည်းက မင်းရဲ့နာမည်ကို ပြောင်းလိုက်တယ်...မင်းရဲ့စရိုက်က သိသိသာသာ ပြောင်းလဲသွားတယ်... သနားညှာတာမှုမရှိဘဲ သတ်ဖြတ်တယ်....ဒါတွေအားလုံးကို ငါ လျစ်လျူရှုနိုင်တယ်... လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ပဲ...မင်းက အတိတ်ကို စွန့်ပစ်ပြီးပြီဆိုတော့ ငါတို့ အချင်းချင်း ဆက်ဆံတာကို ရပ်လိုက်လို့ရတယ်... ဒါပေမဲ့ မင်းက မင်း ချစ်ရတဲ့လူကိုတောင် ဒုက္ခပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"
ဖူကျစ်ရွှယ်သည် ရှကွေ့ကျုံးကို စူးစိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။
"ရှရှန်း...မင်းရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်စမ်း....သူ... သူက မင်းရဲ့ဇနီးပဲ..."
Chapter 4957
ဖူကျစ်ရွှယ် ထိုစကားကို ပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။ သူသည် စုရူကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ သူ့၏စိတ်အတွင်းတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သော မေးခွန်းသည် ဤအချိန်အခိုက်အတန့်တွင် အဖြေရသွားသည့်အလားပင်။
မူလက လုယွီသည် စုရူကို သူမ၏ခင်ပွန်းကို ရှာဖွေရန် မြို့တော်သို့ ခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။ ကံမကောင်းစွာဖြင့် မြို့တော်သို့ ရောက်သည်နှင့် တပြိုင်နက်တည်း လုယွီသည် အဆုံးမရှိသော စစ်ပွဲအတွင်းသို့ ကျရောက်သွားပြီး ရုန်းမထွက်နိုင်ခဲ့ချေ။
စစ်စခန်းတွင် လုယွီသည် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး စုရူကို မြို့တော်သို့ ပြန်ပို့စေကာ ကောင်းကင်ကွန်ယက်မှလူများကို သူမ၏ခင်ပွန်းအား ကူညီရှာဖွေပေးရန် အမိန့်ပေးခဲ့သည်။
လုယွီအတွက်မူ ဤသည်မှာ ခက်ခဲသောကိစ္စတစ်ရပ် မဟုတ်ပေ။
ထို့နောက်တွင် လုယွီ၏အတွေးများသည် ထန်စစ်တပ်နှင့်စစ်ပွဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေပြီး စုရူ၏ကိစ္စကို ဂရုစိုက်ရန် အချိန်မရှိခဲ့ချေ။
လုယွီသည် မူလက စုရူသည် သူမ၏ခင်ပွန်းကို ရှာတွေ့ပြီးလောက်ပြီဟု တွေးထင်ခဲ့သော်လည်း သူမ ရှာဖွေနေသော ခင်ပွန်းသည်မှာ ရှကွေ့ကျုံး ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။
"ရှကွေ့ကျုံးက အသက်ငယ်ငယ်နဲ့ နာမည်ကျော်ကြားလာခဲ့ပြီး သူ့နာမည်က ပါရမီရှင်စာရင်းမှာ ပါခဲ့တယ်....သူက တစ်ချိန်က တော်ဝင်စာမေးပွဲရဲ့ထိပ်သီးကျောင်းတော်သား ဖြစ်ခဲ့တယ်..."
အတိတ်တွင် သူ ဖတ်ခဲ့သော ရှကွေ့ကျုံးနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည်အမှတ်ရရင်း လုယွီသည် သက်ပြင်းမရှိုက်ဘဲ မနေနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ မတော်တဆ ဆုံတွေ့ခဲ့သော သာမန်ကလေးထိန်းတစ်ယောက်တွင် ဤကဲ့သို့ နောက်ခံဇာတ်ကြောင်းမျိုး ရှိနေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
"အတိတ်တုန်းက စုရူနဲ့ငါ့ကြားမှာ ဆက်နွယ်မှုတစ်ခုရှိနေတယ်လို့ ငါ ခံစားခဲ့ရတာ အံ့အားသင့်စရာမရှိတော့ဘူး.... အခုကြည့်ရသလောက်တော့ ဒါက ရှကွေ့ကျုံးနဲ့ ပတ်သက်နေပုံပဲ..."
လုယွီ၏စိတ်နှလုံးသားသည် တည်ငြိမ်မှုမရနိုင်တော့ချေ။
"ဟား ဟား ဟား...မင်းက ငါ့ရဲ့စိတ်ကို သက်ရောက်စေချင်တာလား...ငါက ရည်မှန်းချက်ကို အောင်မြင်ပြီးတော့ ဗုဒ္ဓအရှင်တစ်ပါး ဖြစ်သွားပြီ....အချစ်ဆိုတာ ငါ့အတွက် လောကကြီးထဲက လမ်းကျဥ်းလေးတစ်ခုပဲ... မင်းက မြွေနတ်ဆိုးတစ်ကောင်ကိုသုံးပြီး ငါ့ရဲ့စိတ်ကို လွှမ်းမိုးချင်နေတယ်... ဒါက လုံးဝကို မဖြစ်နိုင်တဲ့ အတွေးပဲ"
တစ်ဖက်တွင်မူ သေခြင်းတရားကို စောင့်ဆိုင်းနေသော ရှကွေ့ကျုံး၏မျက်နှာပေါ်တွင် ရူးသွပ်သောအမူအယာတစ်ရပ် ရှိနေသည်။
သူသည် ဖူကျစ်ရွှယ်၏လက်မောင်းများကြားမှ အမျိုးသမီးကို ကြည့်ပြီး သရော်တော်တော် ပြောဆိုလိုက်၏။
"ငါ့ရဲ့ဘဝမှာ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖူးဘူး.. ငါ့ရဲ့ဇနီးက ဘယ်ကရောက်လာတာလဲ..."
ဖူကျစ်ရွှယ်သည် ကွန်ဖြူးရှပ်ဂိုဏ်းမှ မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ကျင့်ကြံဆင့်လည်း မြင့်မားသောကြောင့် သူသည် လွယ်လင့်တကူ ဒေါသထွက်လေ့မရှိပေ။
သို့ရာတွင် ဤအခိုက်အတန့်တွင် သူ၏မျက်ခုံးမွှေးများ ထောင်ထနေပြီး သူ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။
"အတိတ်မှာတုန်းက မင်းကို နတ်ဆိုးဂိုဏ်းချုပ်က ဒဏ်ရာရစေခဲ့ပြီးတော့ မင်းရဲ့အသက်ပါ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်....သူက မင်းကိုကယ်ဖို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွေ့ဟန်သခင်ကိုတောင် စော်ကားရဲခဲ့တယ်..."
"အဲ့ဒီတုန်းက မင်းက ရှမိသားစုရဲ့ သွေးဝေးမျိုးဆက်တစ်ယောက်ပဲ.... မင်းမှာ အရင်းအမြစ်တွေ မလုံလောက်လို့ သူက ရတနာအားလုံးကို ထုတ်ပေးပြီး မင်း ကျင့်ကြံနိုင်ဖို့ ကူညီခဲ့တယ်."
"မင်းကို မင်းရဲ့ရန်သူက ဒုက္ခပေးပြီး ကျိန်စာတိုက်ခံခဲ့ရတယ်....သူက တားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို ဝင်သွားပြီးတော့ မင်းရဲ့ကျိန်စာပြယ်ဖို့အတွက် စုန်းမျိုးနွယ်ရဲ့ အဆင့်မြင့်ဘိုးဘေးကို ရှာခဲ့တယ်... တန်ကြေးက သူ့ရဲ့ နှစ်တစ်ထောင်ကျင့်ကြံမှုပဲ.... သူက အစက နတ်ဆိုးဧကရာဇ်တစ်ယောက်ပဲ... မင်းအတွက် သူ့ရဲ့ကျင့်ကြံဆင့်ကိုတောင် သူ စွန့်လွှတ်ခဲ့တယ်..."
ဖူကျစ်ရွှယ်က ရှကွေ့ကျုံးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ဟစ်လိုက်သည်။
"ဒီလောကကြီးမှာ မင်းလို နှလုံးသားမရှိတဲ့လူ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ....မင်းက ရှအိမ်တော်ရဲ့ တံခါးကို ခြေချပြီးတာနဲ့ ဘာစိုးရိမ်ပူပန်မှုမရှိဘဲ ဗုဒ္ဓဂိုဏ်းထဲကို ဝင်သွားနိုင်တယ်....သူက မင်းအတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာ မင်း စဉ်းစားဖူးရဲ့လား"
ရှကွေ့ကျုံးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး တုံ့ပြန်သည်။
"ဖူကျစ်ရွှယ်....ငါ့ရဲ့စိတ်ဆန္ဒကို လွှမ်းမိုးဖို့ မစဉ်းစားနဲ့.... ငါက ဗုဒ္ဓဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်.... အကောင်းဆုံးရလဒ်တွေရဖို့ ကံကြမ္မာပါလာသူပဲ...ယောက်ျားမိန်းမကြားက အချစ်ဆိုတာတွေက ငါ့အတွက် မလိုအပ်တဲ့အရာတွေပဲ...ဒီနေ့မှလာပြီး အဓိပ္ပာယ်မရှိတာတွေကို မပြောစမ်းနဲ့"
ဖူကျစ်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရှရှန်း...အဲ့ဒီနေ့က မင်း ဘယ်သူနဲ့လက်ထပ်ခဲ့လဲဆိုတာ မေ့သွားပြီလား..."
ဝုန်း....
ရှကွေ့ကျုံး၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသော်လည်း သူ၏မျက်လုံးများအတွင်းတွင်မူ ကြောင်စီစီဖြစ်နေသော အရိပ်အယောင်တစ်ရပ် ရှိနေသည်။
ဤသည်မှာ နှိုင်းယှဉ်၍မရသော ဝမ်းနည်းမှုနှင့် ပြင်းထန်သော နာကျင်မှုကို ဖော်ပြနေသည့်အလားပင်။
"ငါ အဲဒီနေ့က လမ်းတွေပေါ်မှာ မြင်းစီးခဲ့တယ်... ပြီးတော့ ငါ အဲဒီနေ့မှာပဲ ရှအိမ်တော်ထဲကို ခြေချခဲ့တယ်... ဘာလို့လဲဆိုတော့ ငါက ရှမိသားစုဝင်တွေထဲကနေ ထိပ်သီးကျောင်းတော်သား ဖြစ်လာခဲ့တာကြောင့် မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်လာခဲ့လို့ပဲ"
ရှကွေ့ကျုံး၏ မျက်လုံးများ ကြောင်စီစီဖြစ်နေပြီး အတိတ်ကို ပြန်စဉ်းစားနေသည့်အလားပင်။
သူ၏မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး မပြည့်စုံသော မှတ်ဉာဏ်တစ်ခုက ရှကွေ့ကျုံး၏စိတ်ကို ဖုံးလွှမ်းသွားသည်။ သူမည်မျှပင် ကြိုးစားသော်လည်း ရှမျိုးနွယ်အတွင်းသို့ မဝင်ခင်က သူ ကြုံတွေ့ခဲ့ရသည့် ကိစ္စများကို ပြန်မမှတ်မိနိုင်တော့ချေ။
Chapter 4958
ဖူကျစ်ရွှယ်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"နိုးထစမ်းပါ...ရှမိသားစုက မင်းကို ဘာတွေ လုပ်ခဲ့လဲ....မင်းအရင်က ပြောခဲ့တာတွေကို မေ့သွားပြီလား..."
ရှကွေ့ကျုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့.... ငါက ဒီလောကကြီးမှာ အစစ်အမှန်ဗုဒ္ဓတစ်ပါးပဲ...နှစ်အနည်းငယ်အတွင်းမှာ ငါ့က အမွှေးနံ့သာစွမ်းအားတွေကို စုစည်းပြီးတော့ ငါ ပြန်လည်မွေးဖွားလာလိမ့်မယ်....လုယွီ ငါ ပြန်ရှင်သန်လာတာနဲ့ မင်းဆီ ပြန်လာမယ့်အချိန်ကို စောင့်နေစမ်း"
ရှကွေ့ကျုံးသည် ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏ဗုဒ္ဓခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ခြေထောက်နှစ်ဖက်လုံး မရှိတော့ချေ။
သူသည် ဤလောကမှ ပျောက်ကွယ်တော့မည်ဖြစ်သော်လည်း ရှကွေ့ကျုံးသည် ထိတ်လန့်သွားခြင်းဘဲ သူ၏မာန်မာနကို ဆက်လက်၍ ထိန်းသိမ်းထားခဲ့သည်။
သူသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေတွင် အမြင့်မြတ်ဆုံးလူဖြစ်သည်ဟု သူ ယုံကြည်သည်။ သက်ရှိအားလုံးသည် နယိရုပ်များဖြစ်ပြီး သူသည် နောက်ကွယ်မှနေ၍ ကစားပွဲတစ်ခုလုံးကို ထိန်းချုပ်သူပင်။
"ဟူး..."
ထိုအချိန်မှာပင် ဖူကျစ်ရွှယ်၏လက်မောင်းကြားမှ အမျိုးသမီးထံတွငိ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူမသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပေ၏။ ရှကွေ့ကျုံး၏လက်ဝါးချက်သည် သူမ၏နှလုံးသွေးကြောနှင့် နတ်ဆိုးအမြူတေကို ကြေမွှပျက်စီးသွားစေခဲ့သည်။ သူမသည် ယခုအချိန်၌ သေမင်းခံတွင်းဝနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ယခုအချိန်ဤ ထိုအမျိုးသမီးသည် သူမ၏လူသားပုံစံကို မထိန်းသိမ်းနိုင်တော့ဘဲ မြွေဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုမြွေဖြူ၏အကြေးခွံများသည် မှိန်ဖျော့နေပေ၏။ သူမသည် ဖူကျစ်ရွှယ်၏လက်မောင်းကြားမှ ဖြည်းညှင်းစွာ လျောချပြီး ရှကွေ့ကျုံး၏နံဘေးသို့ တွားသွားလိုက်သည်။
"မြွေနတ်ဆိုးလေးတစ်ကောင်က ငါ့ဆီလာရဲတယ်လား.."
ရှကွေ့ကျုံး၏မျက်လုံးများသည် အေးစက်နေပြီး သူ ထပ်မံ၍ လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် လုယွီသည် သူ့ကို အခွင့်အရေးမပေးခဲ့ချေ။ သူသည် လက်ကိုမြှောက်ကာ ညွှန်ပြလိုက်သည်နှင့် ရှကွေ့ကျုံး၏ လက်ဝါးရိုက်ချက်သည် လေထုအတွင်းတွင် ပျောက်ကွယ်သွားပေ၏။
မြွေဖြူသည် ရှကွေ့ကျုံး၏နံဘေးသို့ တွားသွားပြီး အေးစက်သောမြွေခေါင်းဖြင့် သူ၏ပခုံးကို ညင်သာစွာ ထိတွေ့လိုက်သည်။
ထိုအေးစက်သော မြွေမျက်လုံးတစ်စုံသည် ယခုအချိန်၌ လူသားဆန်သော နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေသည်။ အပြာနုရောင်မှော်စွမ်းအားတစ်ရပ်သည် မြွေဖြူ၏ခန္ဓာကိုယ်မှတဆင့် ရှကွေ့ကျုံး၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။
မြွေဖြူလေး၏အကြေးခွံများတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော်လည်း သူမသည် ကြွင်းကျန်သော မှော်စွမ်းအားအနည်းငယ်ကို ခေါင်းမာစွာအသုံးပြုပြီး ရှကွေ့ကျုံးကို ကယ်တင်ရန် ကြိုးစားနေသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤမြင်ကွင်းကို ကြည့်ရင်း သူတို့ထံတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုတစ်ခု ရှိလာခဲ့သည်။
"မင်းက ငါ့ကို ကယ်ချင်တာလား....ငါက နန်းတွင်းရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားအမတ်ကြီးရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့အပြင် ဗုဒ္ဓအရှင်ဖြစ်ပြီးသား တည်ရှိမှုကြီးတစ်ခုပဲ...မင်းလို နတ်ဆိုးလေးတစ်ကောင်က ငါ့ကိုကယ်ဖို့ လိုသေးလို့လား..."
ရှကွေ့ကျုံးက အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ဗုဒ္ဓခန္ဓာကိုယ်သည် မြင့်မြတ်ပြီး ယှဉ်ပြိုင်နိုင်သူမရှိပေ။ သာမန်နတ်ဆိုးငယ်လေးတစ်ကောင်မှ သူ့အား ထိတွေ့မှုကို သူ မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။
သို့ရာတွင် သူသည် မြွေဖြူကိုရိုက်နှက်ရန် သူ၏လက်ကို မြှောက်လိုက်သော်လည်း အောက်သို့မချနိုင်ခဲ့ချေ။ အကယ်၍ သူ ယခုချိန်တွင် လှုပ်ရှားလိုက်ပါက နောင်တရမည်မှာ သေချာသည်ဟု သူ၏မသိစိတ်မှ ခံစားမှုတစ်ခု ရရှိနေသည်။
ဤသည်မှာ သူ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခုပင်။
ရှကွေ့ကျုံးသည် သူ၏အတိတ်ကို မမှတ်မိချေ။ သူ သိသည်မှာ သူသည် ထိပ်သီးကျောင်းတော်သားဖြစ်လာပြီး ရှမိသားစုအတွင်းသို့ ဝင်ရောက်ခဲ့သည့် ကိစ္စသာဖြစ်သည်။ ရှမိသားစု၏ မူလတိုက်ရိုက်မျိုးဆက်မျာူသည် သူ့ကို အထင်သေးပြီး ရှမိသားစုကို မုန်းတီးသော လူများသည် သူ့ကို အရိုးစွဲအောင် မုန်းတီးကြသည်။
သူ၏မှတ်ဉာဏ်အတွင်းတွင် ရှကွေ့ကျုံးသည် သတ်ဖြတ်ခြင်းနှင့် ယုတ်မာကောက်ကျစ်ခြင်းတို့ဖြင့် အစဥ်အမြဲရှိနေခဲ့သည်။ မည်သူမျှ သူ၏ နံဘေးရှိ ခြေဆယ်လှမ်းအတွင်းသို့ မရောက်ဖူးချေ။ သူသည် ချွန်ထက်သော သွားများကို ထုတ်ဖော်ပြသထားသည့် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်အလား လူတိုင်းကို ကြောက်ရွံ့စေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် မြွေဖြူသည် သူ့၏အနီးသို့ ချဉ်းကပ်လာပြီးနောက် ရှကွေ့ကျုံးသည် သူ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
ဤသည်မှာ ပျံလွှားငှက်တစ်ကောင်သည် အသိုက်သို့ပြန်လာပြီး နွေးထွေးမှုကို နောက်တစ်ကြိမ် ခံစားရသည့်အလားပင်။
"ဘာဖြစ်နေလဲဆိုတာ ငါ နားလည်ပြီ"
လုယွီ၏ မျက်လုံးများအတွင်းတွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ယခုလက်ရှိအချိန်၌ သူသည် ရှကွေ့ကျုံးကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ရှေးဟောင်းချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုပြီး သူ နောက်တစ်ကြိမ် ကြည့်လိုက်ချိန်တွင် ရှကွေ့ကျုံးထံ၌ တစ်စုံတစ်ခုမှားနေသည်ကို သူ ချက်ချင်း နားလည်သဘောပေါက်လိုက်သည်။
အထူးဆန်းဆုံးကိစ္စမှာ ရှကွေ့ကျုံးထံတွင် အချုပ်အနှောင်တစ်ခု ရှိနေခြင်းပင်။
ဗုဒ္ဓသည် သုံးလောကကို ကျော်လွန်ပြီး သံသရာစက်ဝန်းအတွင်းသို့ မဝင်ရသော တည်ရှိမှုကြီးပင်။ ဤသည်မှာ လွတ်မြောက်ခြင်း၏ အမြင့်ဆုံးလွတ်လပ်မှုဖြစ်ပြီး အချုပ်အနှောင်များ မရှိချေ။
သို့ရာတွင် ရှကွေ့ကျုံးသည် အကျဉ်းသားတစ်ဦးကဲ့သို့ ကြာပလ္လင်တစ်ခုပေါ်တွင် အတင်းအကြပ်ချုပ်နှောင်ခံထားရပြီး သံကြိုးများဖြင့် ရစ်ပတ်နေပုံရသည်။
လုယွီသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ရှကွေ့ကျံး၏နဖူးကို ရိုက်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ရှကွေ့ကျုံး၏ မျက်ခုံးနှစ်ခုကြား၌ ရွှေရောင်ဗုဒ္ဓစည်းတံဆိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာမှနေ၍ အကန့်အသတ်မဲ့သော အလင်းတန်းများ ဖြာထွက်လာပေ၏။
Chapter 4959
"မဟာစွမ်းအာ...မဟာသီလ...မဟာဥာဏ်ပညာ..."
ထိုရွှေရောင်စည်းတံဆိပ်မှ ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းသော ဗုဒ္ဓအသံတစ်သံ ထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားသည်။
ဤသည်မှာ အစစ်အမှန်ဗုဒ္ဓအဆင့် တည်ရှိမှုကြီးတစ်ဦးမှ ချန်ထားခဲ့သောအရာဖြစ်ပြီး ထိုဖိအားအရှိန်အဝါကို ယှဉ်နိုင်သူမရှိသည့်အပြင်လောကကြီးအတွင်းရှိ သက်ရှိများအားလုံးရဲ့ သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သည့်အလားပင်။
ဤသည်မှာ ရှကွေ့ကျုံးကို ချိတ်ပိတ်ထားသော စည်းတံဆိပ်ပင်။
သာမန်နေ့ရက်များတွင် ရှကွေ့ကျုံးသည် အမြင့်မားဆုံးဗုဒ္ဓစွမ်းအားကို ပိုင်ဆိုင်ထားပေ၏။ သူအထွတ်အထိပ်အခြေအနေ၌ ရှိနေချိန်မှာပင် ဗုဒ္ဓအလင်းတန်းသည် ဒီချိတ်စည်းတံဆိပ်၏တည်ရှိမှုကို ဖုံးကွယ်ထားခဲ့သည်။
သို့ရာတွင် ဤအချိန်တွင် ရှကွေ့ကျုံးသည် မီးစာကုန်ဆီခမ်းဖြစ်နေပြီး အခြေအနေကို ပြောင်းပြန်လှန်ရန် သူ့ထံ၌ စွမ်းအားမရှိတော့ချေ။
သူ့၏စွမ်းအားကျဆင်းမှု တဖြည်းဖြည်းပေါ်လွင်လာကာ ဤချိတ်စည်းတံဆိပ်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။
လုယွီသည် သူ၏လက်ဝါးတစ်ဖက်နှင့် ဖိနှိပ်ပြီး ဤချိတ်စည်းတံဆိပ်ကို ချိုးဖျက်ကာ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေသည်။
ဘုန်း...
ချိတ်စည်းတံဆိပ် ပျက်စီးသွားပြီးနောက် ရှကွေ့ကျုံး၏မျက်လုံးအတွင်းမှ မျက်ရည်တစ်စက် ယိုစီးကျလာသည်။
ကြီးမားကျယ်ပြန့်သော မှတ်ဥာဏ်များသည် အဆုံးမရှိသည့် ပင်လယ်သမုဒ္ဒရာတစ်စင်းအလား ရှကွေ့ကျုံး၏စိတ်အတွင်းသို့ ဝင်ရောက်လာပြီး သူ့ကို အချိန်တခဏကြာမျှ ကြက်သေသေသွားစေသည်။
"အဟွတ်...အဟွတ်...အဟွတ်..."
ရှကွေ့ကျုံးသည် ချောင်းအပြင်းအထန်ဆိုးပြီး သွေးများ အဆက်မပြတ်အန်ထုတ်လိုက်သည်။ သူ အန်ထုတ်လိုက်သောသွေးများသည် ရွှေရောင်ဖြစ်နေပေ၏။
သူသည် အရာအားလုံးကို နောက်ဆုံး၌ သတိရသွားလေပြီ။
သူ ရှအိမ်တော်၏တံခါးကို ခြေချလိုက်စဥ်မှစ၍ ယခင်က နံပါတ်တစ်ထိပ်သီးကျောင်းတော်သား ရှရှန်းသည် ပျောက်ကွယ်သွားခဲ့လေပြီ။
သူ ရှအိမ်တော်သို့သွားကာ ဘိုးဘေးနှင့် တွေ့ဆုံပြီးနောက်....
သူ၏နာမည် သူ၏ကျင့်ကြံဆင့် သူ၏ကံကြမ္မာနှင့် သူ ရရှိခဲ့သော အရာအားလုံးကို ရှမိသားစုမှ အခိုင်အမာ ထိန်းချုပ်ထားခဲ့သည်။
"ဒါဆို အစကနေအဆုံးအထိ ငါက ရုပ်သေးရုပ်တစ်ရုပ်ပဲပေါ့...."
ရှကွေ့ကျုံး၏မျက်လုံးများ ဝေဝါးနေကာ သူ၏လက်ကိုမြှောက်ပြီး မြွေဖြူ၏ခေါင်းကို ပွတ်သပ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးအတွင်းမှနေ၍ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော အလင်းတန်းများ ကြယ်တာရာကောင်းကင်ယံ၌ တောက်ပနေသည်။ ဗုဒ္ဓဘုရားကျောင်းပုံရိပ်ယောင်များ ရုတ်တရက်ပေါ်ထွက်လာပြီး အကန့်အသတ်မရှိသော အလင်းတန်းများနှင့် တောက်ပနေပေ၏။
ထူထပ်သိပ်သည်းသော အမွှေးနံ့သာစွမ်းအားများနှင့် သက်ဝင်ယုံကြည်မှုစွမ်းအားများသည် ရှကွေ့ကျုံးကို တဖန်ထပ်၍ ရစ်သိုင်းလွှမ်းခြုံသွားသည်။ ဤအချိန်တွင် သူသည် အသက်ပြန်ရှင်လာသကဲ့သို့ဖြစ်ပြီး အစွမ်းထက်သောမှော်စွမ်းအားများကို နောက်တစ်ကြိမ် ပြန်လည်ရရှိသွားလေပြီ။
ဤသည်မှာ ရှကွေ့ကျုံးသည် သူကိုယ်တိုင်အတွက်ပြင်ဆင်ထားခဲ့သော နောက်ချန်လမ်းကြောင်းဖြစ်ပြီး သူ၏ဝှက်ဖဲပင်။
သူ ယခုချိန်၌ သေသွားလျှင်ပင် သူ၏အမွေအနှစ်များကို ထိန်းသိမ်းထားနိုင်ပြီး ပြန်လည်ရှင်သန်နိုင်ရန် စောင့်ဆိုင်းနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှကွေ့ကျုံးသည် သူ့၏နောက်ချန်လမ်းကြောင်းအားလုံးကို ထုတ်ဖော်ပြသလိုက်လေပြီ။
သူ အသက်ရှင်သန်ရန် အခွင့်အရေးအားလုံးကို စွန့်လွှတ်ရလျှင်ပင် သူသည် မြွေဖြူကို ပြန်လည်ကောင်းမွန်စေလိုသည်။
အဆုံးမရှိသော ဗုဒ္ဓစွမ်းအားများသည် မြွေဖြူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။ အချိန်တခဏအတွင်းမှာပင် မြွေဖြူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ကျင့်ကြံဆင့်သည်လည်း အရှိန်အဟုန်နှင့် မြင့်တက်လာသည်။
ဤမြွေဖြူသည် ယခင်က နှစ်တစ်ထောင်သက်တမ်းရှိသော မြွေနတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူမထံတွင် နတ်ဆိုးဧကရာဇ်နယ်ပယ် ကျင့်ကြံဆင့်ရှိသည်။ နောက်ပိုင်းတွင် သူမသည် ရှကွေ့ကျုံးကို ကယ်တင်ရန်အတွင် သူမ၏ကျင့်ကြံဆင့်ကို စွန့်လွှတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် အကန့်အသတ်မရှိသော ဗုဒ္ဓစွမ်းအားများသည် မြွေဖြူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေပေ၏။
မြွေဖြူ၏ကျင့်ကြံဆင့်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှ ရွှယ်အင်မော်တယ်နယ်ပယ်သို့ မြင့်တက်လာပြီးနောက် နယ်မြေသခင်နယ်ပယ်သို့ပင် တက်လှမ်းနေလေပြီ။
ကောင်းကင်နှင့်မြေပြင်အကြားတွင် သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ မြွေဖြူ၏အကြေးခွံများသည် နှင်းကဲ့သို့ ဖြူဆွတ်နေပြီး အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည်။
ထို့နောက် မြွေဖြူ၏ခေါင်းထိပ်တွင် သက်တံရောင်အကြေးခွံတစ်လွှာပင် ထွက်ပေါ်လာပေ၏။
ဤသည်မှာ နဂါးအသွင် ပြောင်းလဲနေခြင်းပင်။
ဤသည်မှာ ရှေးဟောင်းခေတ်တွင်ပင် ရရှိရန်ခက်ခဲသော တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးတစ်ခုပင်။ သို့ရာတွင် ယခုလက်ရှိချိန်တွင် မြွေဖြူသည် သတိလစ်မေ့မျောနေပြီး နိုးထလာခြင်းမရှိချေ။
မြွေဖြူ၏ခန္ဓာကိုယ်မှနေ၍ သေဆုံးခြင်းအငွေ့အသက်များပင် ထွက်ပေါ်နေသည်။
လုယွီက ဆက်လက်၍သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုလိုက်သည်။
"ရှကွေ့ကျုံး....သူ့ရဲ့စိတ်ဝိညာဉ်သုံးခုနဲ့ စိတ်ဆန္ဒခုနစ်ခုကို ဗုဒ္ဓဂိုဏ်းဝင်တွေက ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့ပြီးတော့ ပြိုလဲလုနီးပါးဖြစ်နေပြီ.... မင်းကိုရှာဖို့ အဆုံးမရှိတဲ့နာကျင်မှုတွေကို သူ ခံစားခဲ့ရတယ်....သူ့ရဲ့နတ်ဆိုးအမြူတေတောင် ကြေမွှပျက်စီးသွားပြီ...မင်း အခုမှ သူ့ကိုကယ်ဖို့ ကြိုးစားနေရင်တောင် ဘာအသုံးဝင်မှာလဲ...."
"အား...."
ရှကွေ့ကျုံးက ဟိန်းဟောက်လိုက်သည်။ သူ၏မျက်လုံးများအတွင်းမှ မျက်ရည်များ ယိုစီးကျလာပြီး သူ၏စိတ်နှလုံးသားသည် အဆုံးမရှိတဲ့နာကျင်မှုအတွင်းကို နစ်မြုပ်သွားလေ၏။
သူ၏မျက်လုံးများအတွင်းတွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ တောက်ပစွာ လင်းလက်နေသည်။ သူ့၏ကြောက်မက်ဖွယ်အရှိန်အဝါသည် ပြိုင်ဘက်ကင်းအစစ်အမှန် ဗုဒ္ဓတစ်ပါးအလားပင်။
"သူ့ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲဆိုတာ ငါသိတယ်....ငါ သူတို့အားလုံးကို သတ်ပစ်မယ်.... အားလုံးကိုသတ်ပစ်မယ်"
ရှကွေ့ကျုံးသည် သူ၏လက်ဖြင့် မြွေဖြူကိုပွေ့ဖက်ပြီး ရုတ်တရက် မိုးကောင်းကင်ယံကို ပျံသန်းသွားသည်။
နောက်ထပ်အချိန်တခဏတွင် သူ့၏စိတ်ဆန္ဒသည် လေဟာနယ်အတွင်းမှနေ၍ မိုင်ထောင်နှင့်ချီဖြတ်ကျော်ပြီး မြင့်မြတ်သောစိတ်ဝိညာဉ်တောင်ပေါ်သို့ ပုံရိပ်ယောင်တစ်ခုကို ကျရောက်သွားစေခဲ့သည်။
Chapter 4960
ဒေါင်...
သာယာငြိမ့်ညောင်းသော ခေါင်းလောင်းသံတစ်သံသည် မြင့်မြတ်သော စိတ်ဝိညာဉ်တောင်တလျှောက် ပဲ့တင်ထပ်သွားသည်။
ရှကွေ့ကျုံးသည် မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်ကာ စိတ်ဝိညာဉ်တောင်မှ လူများကို အပေါ်စီးမှ ကြည့်လိုက်သည်။
ဗုဒ္ဓဘုရားကျောင်းသုံးထောင်မှ ကျမ်းစာရွတ်ဆိုသံများသည် ကျယ်လောင်ပြီး ရှင်းလင်း
ပြတ်သားနေသည်။ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် ဗုဒ္ဓရုပ်ပွားတော်များကို ရှိခိုးပူဇော်ပြီး ကျမ်းစာများ ရွတ်ဆိုနေကြရာ အမွှေးနံ့သာရနံ့များသည် လေထုအတွင်းတွင် ပျံ့လွင့်နေပေ၏။
ဤသည်မှာ နေ့စဉ်ကျင်းပလေ့ရှိသော နံနက်ခင်းဝတ်ပြုမှုပင်။ ဘုန်းတော်ကြီးများ၏ ဦးဆောင်မှုအောက်တွင် သက်ဝင်ယုံကြည်သူများသည် မဟာဝီရခန်းမဆောင်သို့ ဝင်ရောက်ပြီး ဗုဒ္ဓကျမ်းစာများရွတ်ဆိုကာ ဗုဒ္ဓကို ရှိခိုးပူဇော်ကြသည်။
ဤအချိန်တွင် အမွှေးတိုင်ပူဇော်မှုများသည် အသန့်စင်ဆုံးဖြစ်ပြီး ဗုဒ္ဓလောကရှိ ဗုဒ္ဓအားလုံးသည် ကြွယ်ဝသော အမွှေးနံ့သာစွမ်းအားများနှင့် ဝတ်ပြုကိုးကွယ်မှုများကို ခံစားရပြီး သူတို့၏ကိုယ်ပိုင်စွမ်းအားကို မြင့်တက်စေသည်။
အဝေးမှ ကြည့်လျှင် မြင့်မြတ်သောဝိညာဉ်တောင်တစ်ခုလုံးတွင် ဗုဒ္ဓအလင်းတန်းများဖြင့် ဖုံးလွှမ်းနေပေလိမ့်မည်။ ဤနေရာတွင် နေထိုင်သော နတ်ဆိုးများ လူများ သရဲတစ္ဆေများ နတ်ဆိုးသားရဲများစသဖြင့် မည်သည့်သက်ရှိမဆို သူတို့သည် ဗုဒ္ဓထိပ်သီးကျင့်ကြံသူများထံသို့ အမွှေးနံ့သာစွမ်းအားများကို အဆက်မပြတ် ပို့ဆောင်ပေးကြသည်။
ရှကွေ့ကျုံးသည် မြင့်မြတ်သော စိတ်ဝိညာဉ်တောင်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် တည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသည်။
"နမော ရှ ဗုဒ္ဓအရှင်...."
မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် ရှကွေ့ကျုံး၏ ဗုဒ္ဓပုံရိပ်ယောင်မှ တောက်ပသောအရှိန်အဝါကို ခံစားမိသဖြင့် သူတို့အားလုံးသည် သူ့ထံသို့ ဦးတည်ကာ ဦးညွှတ်လိုက်ကြသည်။
စိတ်ဝိညာဉ်တောင်သည် သုခဘုံတစ်ခုဖြစ်ပြီး ဗုဒ္ဓထိပ်သီးကျင့်ကြံသူများမှ သူတို့၏ပုံရိပ်ယောင်ကို ပြသခြင်းသည် သာမန်အဖြစ်အပျက်တစ်ခုသာဖြစ်သည်။
မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် ဗုဒ္ဓခန်းမဆောင်မှ တန်းစီ၍ထွက်လာကြပြီး ရှကွေ့ကျုံး၏ ရောက်ရှိလာခြင်းကို ကြိုဆိုရန် ဗုဒ္ဓခန်းမဆောင်၏ဝင်ပေါက်ရှေ့သို့ ရောက်လာကြသည်။
သို့ရာတွင် ယနေ့သည် အတိတ်နှင့် မတူတော့ချေ။
ရှကွေ့ကျုံးသည် ရောက်ရှိလာပြီးနောက် ဤဘုန်းတော်ကြီးများကို လှည့်ကြည့်ခြင်းပင်မပြုဘဲ သူသည် စိတ်ဝိညာဉ်တောင်ပေါ်ရှိ ဗုဒ္ဓဘုရားကျောင်းတစ်ခုထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ဤဗုဒ္ဓဘုရားကျောင်းသည် ကြီးမားကျယ်ပြန့်သော ဘုရားကျောင်းသုံးထောင်အနက်မှ တစ်ခုပင်။ ထိုဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ရှကွေ့ကျုံး ရောက်လာသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းထွက်လာပြီး ဒူးထောက်၍ ကြိုဆိုကြလေ၏။
ရှကွေ့ကျုံးသည် မြေပြင်ပေါ်တွင် ဦးတိုက်ရှိခိုးနေသော ဘုန်းတော်ကြီးများကို တစ်ချက်ကြည့်ပြီး ဘုရားကျောင်း၏အတွင်းပိုင်းသို့ စူးစိုက်၍ကြည့်လိုက်သည်။
"ထွက်လာခဲ့စမ်း...."
"ဟူး..."
ဘုရားကျောင်းတိုက်အတွင်းမှ သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။
ရွှေရောင်နဂါးတစ်ကောင်သည် လေထုအတွင်းသို့ ပျံသန်းလာပြီး ရှကွေ့ကျုံးကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရှဗုဒ္ဓအရှင်....ဒီကိစ္စက တော်တော်ရှုပ်ထွေးတယ်....အဲ့ဒီတုန်းက မင်းက ဗုဒ္ဓဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်ပြီးတော့ အစစ်အမှန်ဗုဒ္ဓအရှင် ပြန်ဝင်စားတာနဲ့ ညီမျှတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ.... မင်း ရှမိသားစုထဲဝင်ပြီးတော့ ဗုဒ္ဓဂိုဏ်းထဲကို ဝင်ခဲ့တယ်....အရာအားလုံးက ကံစီမံရာအတိုင်းပဲ”
ရွှေရောင်နဂါးက ဆက်လက်၍ ပြောဆိုသည်။
"ဒီမြွေနတ်ဆိုးက မင်းအပေါ် ကြင်နာကောင်းကြင်နာခဲ့လိမ့်မယ်... ဒါပေမယ့်... ဒါပေမယ့် သူ့ရဲ့တည်ရှိမှုက မင်းရဲ့ကျင့်ကြံမှုကို သက်ရောက်မှု ရှိလာလိမ့်မယ်.... မင်းက အနာဂတ်မှာ မဟာဗုဒ္ဓအရှင်ဖြစ်လာဖို့ ကံကြမ္မာပါတဲ့သူပဲ.... ဒါကြောင့် ငါက လောကသခင်ရဲ့ အမိန့်အရ သူ့ကို ခေါ်သွားရတာ....ဒါပေမဲ့ ငါ ဗုဒ္ဓက သနားကြင်နာတတ်တယ်... ငါက သူ့ရဲ့ဝိညာဉ်ကိုပဲ ယူသွားခဲ့တာ....သူ့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်"
"ဟား ဟား ဟား...."
ရုတ်ချည်းဆိုသလိုပင် ဘုန်းတော်ကြီးများအားလုံးသည် ရှကွေ့ကျုံး၏ အေးစက်စက်ရယ်သံကို ကြားလိုက်ရသည်။
ရှကွေ့ကျုံးသည် မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး ခါးသည်းစွာ ရယ်မောလိုက်၏။
"ငါက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လိမ်ညာမှုတစ်ခုထဲမှာ နေထိုင်ခဲ့ရတယ်... ဒါကို သနားကြင်နာမှုလို့ မင်းတို့က ပြောတာလား..."
သူက စူးရှစွာ အော်ဟစ်လိုက်သည်။
"ဒါပေမယ့် မင်းတို့ ငါ့ကို လိမ်ညာခဲ့တာက ပြဿနာမရှိဘူး....ဘာလို့ သူ့ကို တိုက်ခိုက်ခဲ့တာလဲ"
သူ၏အသံသည် ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။ ဘုန်းတော်ကြီးများ၏စိတ်နှလုံးသားများ အေးစက်သွားပြီး သူတို့၏တာအိုနှလုံးသားများ အချိန်တခဏကြာမျှ မတည်မငြိမ်ဖြစ်သွားသည်။
ရွှေရောင်နဂါးက အော်ဟစ်လိုက်သည်။
"ရှဗုဒ္ဓအရှင်....မင်း ဘာလုပ်မလို့လဲ...."
ရှကွေ့ကျုံး၏ပုံရိပ်ယောင်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားပေ၏။ သူ၏မျက်လုံးများသည် သွေးနီရောင် သန်းနေပြီး ငရဲ၏အနက်ရှိုင်းဆုံးနေရာမှ တွားသွားတက်လာသော နတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။
"ဒီနေ့ ဒီရှက ငါ့ဇနီးအတွက် လက်စားချေမယ်...."
ရှကွေ့ကျုံး၏ပုံရိပ်ယောင်၏ ဗုဒ္ဓစွမ်းအားသည် မိုးကောင်းကင်သို့ မြင့်တက်သွားသည်။ သူသည် လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ ကြီးမားသောစွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အနည်းငယ် စုတ်ပြဲသွားပေ၏။
ဘုန်း...ဘုန်း...
ရွှေရောင်နဂါးသည် ဤလက်ဝါးချက်ကြောင့် ကြေမွှပျက်စီးသွားပြီး သူ့နောက်မှ ဗုဒ္ဓဘုရားကျောင်းသည်လည်း အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
မြေပြင်တပြင်လုံး တုန်ခါပြီး တောင်များ လှုပ်ခတ်သွားသည်။ အဆောက်အအုံများ ပြိုကျသွားပြီး ဤဗုဒ္ဓဘုရားကျောင်းရှိရာ တောင်သည် ချက်ချင်းဆိုသလိုပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
"မဟာကောင်းကင်နဂါး ဗုဒ္ဓအရှင် သေဆုံးသွားပြီ...."
"နဂါးဗုဒ္ဓအရှင်ရဲ့ အမွှေးနံ့သာစွမ်းအားတွေ ပြတ်တောက်သွားပြီ....သူ ဘယ်တော့မှ ပြန်အသက်ရှင်လာနိုင်တော့မှာ မဟုတ်ဘူး...ဘယ်လောက်တောင် ရက်စက်လိုက်လဲ"
"ရှဗုဒ္ဓအရှင် ရူးသွားပြီ...လောကသခင်ကို တောင်ပေါ်ကနေ ဆင်းလာဖို့ သွားခေါ်ကြစမ်း"
အချိန်တခဏအတွင်းမှာပင် စိတ်ဝိညာဉ်တောင်တစ်တောင်လုံး ပရမ်းပတာအခြေအနေသို့ ရောက်ရှိသွားသည်။