← Chapters

အခန်း (၄၉၇၁-၄၉၇၅)

Vol. 252 Ch. 4971-4975

အခန်း (၄၉၇၁-၄၉၇၅)

Vol. 252 Ch. 4971-4975

Chapter 4971

စကြာဝဠာခန်းမဆောင်သည် ဗလာဟင်းလင်း ဖြစ်နေပေ၏။

ကြေးမီးတိုင်သည် ကြိုးကြာငှက်တစ်ကောင် ငိုကြွေးနေသော ပုံသဏ္ဌာန်ရှိပြီး တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဖယောင်းတိုင်မီးတောက်များ တဖျတ်ဖျတ်လှုပ်ခတ်သွားသည်။

ပြင်ပတွင် လျှပ်စီးမိုးကြိုးများ ပစ်ခတ်နေပြီး မိုးရွာသွန်းနေကာ လုယွီက ခန်းမဆောင်တံခါးကို ပိတ်လိုက်ချိန်၌ မိုးသံလေသံများသည် စကြာဝဠာခန်းမဆောင်နှင့် သီးခြားဖြစ်သွားသည်။

မှိန်ဖျော့သောအလင်းရောင်အောက်တွင် လက်သည်းငါးချောင်းပါသော ရွှေရောင်နဂါးဝတ်ရုံတစ်ထည် ဝတ်ဆင်ထားသူသည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာပေ၏။

ကျိုးယွမ်ယန်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။ သူသည် နဂါးပလ္လင်၏စင်မြင့်အောက်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။ လေထုအတွင်းတွင် စူးရှသော ဝိုင်အရက်နံ့များဖြင့် ပြည့်နှက်နေပေ၏။ ဤသည်မှာ အတိတ်တွင် တော်ဝင်နန်းတော်၏ ခန့်ညားထည်ဝါသော နန်းဆောင်တစ်ခုပင်။ ယခုအချိန်တွင်မူ ဤနေရာသည် သာမန်စားသောက်ဆိုင်တစ်ဆိုင်ကဲ့သို့ ဖြစ်နေပြီး ဝိုင်အရက်နံ့များ အလွန်စူးရှပြင်းထန်သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးယွမ်ယန် ဤသို့သော အပြုအမူမျိုး ပြုလုပ်လိမ့်မည်ဟု သူ တွေးမထင်ခဲ့ချေ။

"ထိုင်...."

ကျိုးယွမ်ယန်၏အသံသည် ဗလုံးဗထွေးဖြစ်နေပြီး သူ၏မျက်လုံးများအတွင်း၌ သွေးနီရောင်လွှမ်းနေသည်။

သူ၏ရှေ့တွင် စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင် ဝိုင်အရက်အိုးအနည်းငယ် ပြန့်ကျဲနေပြီး သန့်ရှင်းသော ပန်းကန်လုံးတစ်လုံး ချထားသည်။ ဤသည်မှာ လုယွီအတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"အဆိပ်မိမှာစိုးရိမ်ရင် မင်း မသောက်ဘဲ နေလို့ရတယ်...ငါတစ်ယောက်တည်း သောက်မယ်...."

ကျိုးယွမ်ယန်၏ မျက်နှာတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်နေပြီး သူသည် ပန်းကန်လုံးအတွင်းမှ ဝိုင်အရက်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်သည်။

ကျိုးယွမ်ယန်သည် အရာအားလုံးဆုံးရှုံးသွားသော လောင်းကစားသမားတစ်ယောက်အလားပင်။ သူ ပိုင်ဆိုင်သော ဤတော်ဝင်နန်းတော်အတွင်းတွင် သူ၏နောက်ဆုံးရူးသွပ်မှုကို ဆောင်ရွက်နေပေ၏။

ကျိုးယွမ်ယန် နန်းတက်သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူသည် ကောင်းကင်နှင့်မြေပြင်ကို ထိန်းချုပ်နိုင်သော တရားဝင်ဧကရာဇ်တစ်ပါးအဖြစ်မှ အရာအားလုံးဆုံးရှုံးသွားသော အရှုံးသမားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

တာယွီစစ်တပ်သည် သူ၏အမိန့်များကို နားမထောင်တော့ချေ။ နဂါးအစောင့်တပ်များနှင့် တော်ဝင်စစ်တပ်မှ တပ်ရင်းများပင်လျှင် သူ့ကို စွန့်ခွာသွားခဲ့သည်။

အရာရှိများသည်လည်း သူ့၏အမိန့်ကို မနာခံတော့ချေ။ သူတို့သည် နန်းတော်တံခါးများကိုပင် ဖွင့်ကာ လုယွီ၏ရောက်ရှိလာမှုကို ကြိုဆိုခဲ့ကြသည်။

လောကအထွတ်အထိပ်ဟူသည်မှာ အနှစ်သာရမရှိသော စကားလုံးများသာဖြစ်သည်။ သူသည် စကြာဝဠာခန်းမဆောင်တွင် ထိုင်နေခဲ့ပေ၏။ ဤခန်းမဆောင်၏ရည်ရွယ်ချက်သည် ဧကရာဇ်မှ စကြာဝဠာတစ်ခုလုံးကို ထိန်းချုပ်ရန်ဖြစ်သော်လည်း သူ၏အမိန့်များသည် စကြာဝဠာခန်းမဆောင်၏ပြင်ပသို့ မရောက်နိုင်တော့ချေ။

လုယွီသည် ကျိုးယွမ်ယန် ယခုအချိန်တွင် မည်သို့ခံစားနေရသည်ကို သိရှိထားသည်။

အတိတ်က သူဆုပ်ကိုင်ထားခဲ့သမျှအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏စိတ်ဆန္ဒ မည်မျှပင် ခိုင်မာစေကာမူ ယခုအချိန်တွင် ပြိုလဲကျလိုစိတ်ကို ခံစားနေရပေမည်။

လုယွီက ထိုင်လိုက်ပြီး ပန်းကန်လုံးအတွင်းသို့ ဝိုင်အရက်များ လောင်းထည့်လိုက်သည်။ သူသည် ထိုဝိုင်အရက်များအားလုံးကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ နွေးထွေးသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏မှော်စွမ်းအားကိုပင် အနည်းငယ် တိုးတက်စေခဲ့သည်။ ဤဝိုင်အရက်ကို ကောင်းကင်ဘုံရတနာအမြောက်အများအား အသုံးပြု၍ ချက်လုပ်ထားသည်မှာ သိသာထင်ရှားသည်။

ထိုကဲ့သို့သော ဝိုင်အရက်အိုးတစ်အိုးသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ကောင်းကင်နှင့်မြေပြင်မှ သဘာဝရတနာများဖြင့် တန်းတူဆက်ဆံခြင်းခံရရန် လုံလောက်ပေလိမ့်မည်။ ဤဝိုင်အရက်ကို အဖိုးတန်ဆေးလုံးများနှင့် တစ်တန်းတည်း ရောင်းချနိုင်သည်။

လုယွီထံတွင် သိုင်းအင်မော်တယ်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ရှိသည်။ သူသည် အဆိပ်အားလုံးကို ခုခံနိုင်သောကြောင့် ကျိုးယွမ်ယန်မှ သူ့အား အဆိပ်ခတ်မည်ကို မစိုးရိမ်ချေ။

"ဒီဝိုင်အရက်က မဆိုးဘူး"

လုယွီက ပြောဆိုသည်။

ကျိုးယွမ်ယန်က တုံ့ပြန်သည်။

"ဒါက တော်ဝင်မီးဖိုဆောင်က ဖော်စပ်တဲ့ စိတ်ဝိညာဉ်ဝိုင်အရက်ပဲ...မင်း ကြိုက်ရင် ငါ မင်းကို နောက်ထပ်ဝိုင်အရက်အိုးတွေ ထပ်ပေးမယ်"

လုယွီကို ကြည့်ရင်း ကျိုးယွမ်ယန်က ရုတ်တရက် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။

"တကယ်တော့ ငါတို့ကြားမှာ အစက ဘာရန်ငြိုးမှ မရှိခဲ့ဘူး... ငါက အတိတ်မှာတုန်းက ဖေးထျန်ကွမ်းကို သတ်ချင်ခဲ့တယ်.... ဒီလူရဲ့ ခေါင်းမာမှုက ငါ့ရဲ့အကျိုးအမြတ်ကို ထိခိုက်စေလို့ပဲ... နောက်ဆုံးမှာ မင်း သူ့ကို ကယ်တင်ခဲ့တယ်...ဒါပေမယ့် ငါ မင်းကို အပြစ်တင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး"

"မင်းက စာပေသူတော်စင်ရဲ့ တပည့်ဖြစ်ပြီးတော့ မြင့်မားတဲ့အရည်အချင်းရှိတယ်.... အနာဂတ်မှာ ငါ မင်းကို အသုံးချရင် မင်းက နယ်စားဘွဲ့ ချီးမြှင့်ခံရပြီး အမတ်ကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်...မင်းက ကြီးမားတဲ့ အောင်မြင်မှုတွေကို ရလာနိုင်မှာပဲ.... ကံမကောင်းစွာနဲ့..."

ကျိုးယွမ်ယန်က ရုတ်တရက် လုယွီကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် စူးရှသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ကံမကောင်းစွာနဲ့ ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ငါ သိခဲ့ရင် အကျိုးဆက်တွေကို မစဥ်းစားဘဲနဲ့ ငါ မင်းကို အရင်ဆုံး ဖယ်ရှားပစ်ခဲ့မှာပဲ....."

"ကံမကောင်းစွာနဲ့ မင်း မလုပ်ခဲ့ဘူး...ရှကွေ့ကျုံးလည်း ငါ့ကို ဖယ်ရှားချင်ခဲ့တယ်... ဒါပေမဲ့ သူအစွမ်းကုန် မသုံးခဲ့တာ ကံဆိုးတာပဲ...ဒါတွေအားလုံးက အတိတ်ကအရာတွေ ဖြစ်သွားခဲ့ပြီ... ထပ်ပြောနေရင်လည်း အသုံးမဝင်တော့ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဟုတ်တယ်.... အခုက အသုံးမဝင်တော့ဘူး"

ကျိုးယွမ်ယန်၏မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"နတ်ဘုရားအမတ်ကြီးရှတောင် မင်းရဲ့လက်ထဲမှာ သေသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.... မင်းက စာပေသူတော်စင်ရဲ့ တပည့်ဖြစ်ဖို့ တကယ်ကြီး ထိုက်တန်တယ်...အခုကြည့်ရသလောက်တော့ ငါ ရှုံးသွားပြီ"

Chapter 4972

လုယွီက တည်ငြိမ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ရှကွေ့ကျုံးက တကယ့်ကို ထူးခြားတယ်... ဒါပေမဲ့ သူက ရုပ်သေးတစ်ရုပ်ပဲ... သူမှာ ကောင်းမွန်တဲ့အဆုံးသတ်မျိုး ဘယ်လိုမှမရှိနိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီက ရုတ်တရက် ခန်းမဆောင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

စကြာဝဠာခန်းမဆောင်သည် ဗလာဟင်းလင်း ဖြစ်နေပေ၏။ နေရာအများစုသည် မှောင်မိုက်နေပြီး ကြေးမီးတိုင်ကိုပင် ထွန်းညှိမထားချေ။

ဤကြီးမားသော ခန်းမဆောင်အတွင်းတွင် လုယွီနှင့် ကျိုးယွမ်ယန်တို့သာ ရှိနေသည်။

"ကျိုးမိသားစုမှာ တာအိုသခင်အဆင့် တော်ဝင်မင်းသားနှစ်ပါးဖြစ်တဲ့ ကန်မင်းသားနဲ့ ကျင်းမင်းသားရှိတယ်လို့ ငါ ကြားထားတယ်...သူတို့ ဘယ်မှာလဲ"

လုယွီက မေးမြန်းလိုက်သည်။

ကျိုးယွမ်ယန်က ဝိုင်အရက်တစ်ခွက်သောက်ပြီး တုံ့ပြန်အဖြေပေးသည်။

"သူတို့က ကျိုးမိသားစုရဲ့ အမွေအနှစ်တွေကိုယူပြီး ထွက်သွားကြပြီ.... ဒီလူတွေက ကျိုးမိသားစု အမြစ်ပြတ်မသွားအောင် သေချာစေမယ့် အဓိကသော့ချက်ပဲ....ကျိုးမိသားစုရဲ့ အမွေအနှစ်က ငါ ဧကရာဇ်ထက် အများကြီး ပိုအဖိုးတန်တယ်"

လုယွီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်....ဒါက နှစ်ထောင်နဲ့ချီ တည်ရှိလာတဲ့ မိသားစုတစ်စုရဲ့ ပြင်ဆင်မှုပဲ...ဒါပေမဲ့ မင်း ဒီလိုလုပ်ဖို့ မလိုဘူး.... ငါက ကျိုးမိသားစုကို ဖျက်ဆီးမှာ မဟုတ်ဘူး"

ကျိုးယွမ်ယန်က ပြုံးလိုက်သည်။

"မင်းကိုယ်တိုင်ပြောရင်တောင် ကျိုးမိသားစုက အဘက်ဘက်ကို ထည့်သွင်းစဉ်းစားရလိမ့်မယ်.... မိသားစုထဲက အများစုက မင်း လက်စားချေတဲ့အနေနဲ့ ကျိုးမိသားစုကို ဖျက်ဆီးမှာကို စိုးရိမ်နေခဲ့ကြတယ်... ဒါကြောင့် ဒါက မဖြစ်မနေလုပ်ရမယ့် ခြေလှမ်းတစ်လှမ်းပဲ... အခု တော်ဝင်မြို့တော်မှာ အရေးမပါတဲ့ ကျိုးမိသားစုဝင်အနည်းစု ကျန်နေသေးတယ်.... သူတို့ကို မင်းရဲ့ဒေါသကို ခံယူဖို့အတွက် အသုံးပြုလိမ့်မယ်"

"ငါက သတ်သင့်တဲ့သူကိုပဲ သတ်တယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

သူတို့နှစ်ယောက်သည် ပန်းကန်လုံးအချင်းချင်း တိုက်လိုက်ပြီး သူတို့၏ ပန်းကန်လုံးများအတွင်းမှ ဝိုင်အရက်ကို မော့သောက်လိုက်ကြသည်။

ဤသည်မှာ နောက်ဆုံးဝိုင်အရက်အိုးပင်။ ထို့နောက် သူတို့နှစ်ဦးသည် သူတို့၏လက်များအတွင်းမှ ကြွေပန်းကန်လုံးများကို တစ်ချိန်တည်း အောက်သို့ချလိုက်ကြသည်။

ကျိုးယွမ်ယန်က ရုတ်တရက် ပြောဆိုသည်။

"တကယ်တော့ ကျိုးမိသားစုကလည်း ငါ့အပေါ်မှာ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ အများကြီးပေးကြတယ်... ကျိုးမိသားစုရဲ့ အကြီးအကဲတချို့က ငါ့ကို ပြစ်တင်ဝေဖန်တဲ့စာတွေ အကြိမ်ရေအများကြီး ရေးသားခဲ့ကြတယ်.... ငါက နိမ့်ကျတဲ့လူတွေရဲ့ လှည့်စားတာကို ခံရပြီးတော့ ထန်အင်ပါယာကို လက်အောက်ခံတယ်လို့ သူတို့က ထင်ခဲ့ကြတယ်...ဒီအရှင်သာ ဧကရာဇ်မဟုတ်ရင် သူတို့က ငါ့ကို မိသားစုထဲကနေ မောင်းထုတ်ပြီးနေလောက်ပြီ"

လုယွီက ပြောဆိုလေ၏။

"တာယွီတော်ဝင်နန်းတော်က နှစ်တွေအများကြီးကြာအောင် အရပ်မျက်နှာအဘက်ဘက်ကို နှိမ်နင်းခဲ့ပြီးတော့ သက်ရှိတွေအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်... ဘယ်ဧကရာဇ်ကမှ အရှုံးကို ဝန်မခံခဲ့ဖူးဘူး..မင်းက တာယွီရဲ့ ရာစုနှစ်နဲ့ချီတဲ့ အုတ်မြစ်ကို ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားအောင် ထန်အင်ပါယာကို ဦးညွှတ်ခဲ့တယ်။ သူတို့က မင်းအပေါ်မှာ သံသယတွေရှိတာ သဘာဝကျတဲ့ကိစ္စပဲ"

ကျိုးယွမ်ယန်က လုယွီကို တစ်ချက်ကြည့်ပြီး ပြောဆိုလေ၏။

"မင်းမှာ မြင့်မားတဲ့ စစ်ရေးအခွင့်အာဏာရှိတယ်....ငါက မင်းကို ဒီလိုမျိုးဆက်ပြီး ကြီးထွားလာခွင့် မပြုနိုင်ဘူး...ဒါကြောင့် ထန်အင်ပါယာနဲ့ အပေးအယူလုပ်တာက ယာယီပဲ...ငါ လုပ်ချင်တာက မင်းကို အရင်ဆုံး ဖယ်ရှားဖို့ပဲ"

ဤအချိန်အခိုက်အတန်းတွင် သူတို့နှစ်ယောက်သည် သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသခဲ့ကြပြီးဖြစ်ရာ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ချေ။

လုယွီ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မင်း ထန်အင်ပါယာနဲ့ အပေးအယူလုပ်တာက ယာယီပဲဆိုတာ သေချာလား....တော်ဝင်မြို့တော် ငြိမ်းချမ်းရေးစာချုပ်အရ တော်ဝင်စစ်တပ်က ကျားလှောင်အိမ်တောင်ကြားခံတပ်နဲ့နဲ့ စီးရွှေတောင်ကြားခံတပ်ကို စောင့်ကြပ်လို့မရဘူး....ထန်အင်ပါယာက ဒီအချိန်မှာ တိုက်ခိုက်ဖို့ ရွေးချယ်ရင် မင်း ဘာလုပ်မှာလဲ..."

ကျိုးယွမ်ယန်က တုံ့ပြန်သည်။

"ဒါဆိုရင် ငါက နယ်မြေတချို့ကို ထပ်ပေးပြီး ထန်အင်ပါယာဆီကနေ ယာယီငြိမ်းချမ်းရေး တောင်းဆိုမယ်"

"လူရိုင်းနယ်စပ်စစ်တပ်က သူတို့ရဲ့ ကြမ်းတမ်းတဲ့အင်အားကြောင့် ကျော်ကြားတယ် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တုန်လှုပ်စရာကောင်းတယ်... တောက်ပနေမင်းကြယ်မြစ်က ထန်တပ်ကို နောက်ကွယ်ကနေ တိုက်ခိုက်နိုင်တယ်..ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်တဲ့ တိုက်စစ်နှစ်ခုနဲ့ဆိုရင် ထန်စစ်တပ်က သေချာပေါက် ရှုံးနိမ့်မှာပဲ...ငါ့ရဲ့မူလအကြံအစည်က မင်းကို ပစ်မှတ်ထားဖို့ မဟုတ်ဘူး... ဖူကျစ်ရွှယ်နဲ့ စုန့်ချင်းဟူကို အရင်ဆုံး ထိန်းချုပ်ဖို့ပဲ...ဒါ့ပြင် တော်ဝင်စစ်တပ်ရဲ့ အင်အားကို ထိန်းသိမ်းထားရမယ်... ဒီစစ်တပ်တွေနဲ့ ဒီအင်အားတွေနဲ့ဆိုရင် ငါ့မှာ မင်းကို ဖြေရှင်းဖို့ အခွင့်အရေးရှိလာလိမ့်မယ်"

"ငါ သိတယ်...မင်းက ငါ့ရဲ့အမိန့်ကို သေချာပေါက် နားမထောင်ဘူးဆိုတာ... ရွှေတံဆိပ်ပြားဆယ့်နှစ်ခုက ဟန်ပြသက်သက်ပဲ.... မင်း တော်ဝင်မြို့တော်ကို ရောက်လာတာနဲ့ မင်းက ထန်စစ်တပ် သေချာပေါက် တိုက်ခိုက်မှာပဲ... မင်းတို့နှစ်ဖက်လုံး အပြင်းအထန် ထိခိုက်ပျက်စီးသွားတဲ့အချိန်ကျရင် ငါက မင်းကို သတ်ရုံတင်မကဘူး...မင်းရဲ့စစ်တပ်ကို ဖျက်ဆီးမယ်... ငါက ထန်စစ်တပ်ကိုလည်း မောင်းထုတ်ပြီး အရင်က ငါ့ရဲ့အရှက်ရမှုကို ဆေးကြောနိုင်လိမ့်မယ်"

ကျိုးယွမ်ယန် ရုတ်တရက် ခါးသည်းစွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ဖူကျစ်ရွှယ်နဲ့ စုန့်ချင်းဟူက မင်းလိုပဲ... သူတို့ရဲ့စစ်တပ်တွေအပေါ်မှာ ထိန်းချုပ်နိုင်မှုအပြည့် ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"

"ငါက ဧကရာဇ်.... ဒါပေမဲ့ မင်းရဲ့စစ်သည်တစ်ယောက်ကိုတောင် ငါ အမိန့်မပေးနိုင်ဘူး...ငါက ဘယ်လိုဧကရာဇ်မျိုးလဲ...ဟား ဟား ဟား... 'လောကအထွတ်အထိပ်အရှင်'လို့ ခေါ်တဲ့အရာက ဟာသတစ်ခုပဲ... ငါက အခွံလွတ်ကြီးတစ်ခုပဲ"

Chapter 4973

"လောကကြီးက ကြိုတင်ခန့်မှန်းလို့မရဘူး... ဘယ်သူမှ အနာဂတ်ကို ကြိုမမြင်နိုင်ဘူး"

လုယွီက ပြောဆိုသည်။

"အမှန်ပဲ... တကယ်တော့ ငါ့ရဲ့အခြေခံအုတ်မြစ်က အရမ်းတိမ်တယ်... ငါသာ ဆယ်နှစ်စောပြီး နန်းတက်နိုင်ခဲ့ရင်... မဟုတ်ဘူး.... ငါးနှစ်.. လုယွီ ဒါဆိုရင် မင်းမှာ အခြေအနေကိုပြောင်းပြန်လှန်ဖို့ အခွင့်အရေး လုံးဝမရှိနိုင်ဘူး...."

ယခုအချိန်တွင် ကျိုးယွမ်ယန်၏ မျက်လုံးများအတွင်းတွင် မကြုံစဖူးသော တောက်ပမှုတစ်ခု ပွင့်အံ့ထွက်လာသည်။

သူသည် ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သော ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး ရုတ်တရက် ဓားအိမ်ကို ချိုးဖျက်ကာ သူ၏ထက်ရှမှုကို ထုတ်ဖော်ပြသလိုက်သည်။

"ဒီလောကမှာ 'တကယ်လို့' ဆိုတာ မရှိဘူး"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ရုတ်တရက် ပြောဆိုသည်။

"မင်းက ငါ့ရဲ့ရာထူးအားလုံးကို ဖယ်ရှားပြီးတော့ ငါ့ကိုဖြေရှင်းဖို့ ထန်အင်ပါယာနဲ့ အပေးအယူလုပ်ခဲ့တယ်... ဒါတွေအားလုံးကို ငါနားလည်နိုင်တယ်... ဒါပေမဲ့ မင်းက ရှမိသားစုကို ဘာလို့ထောက်ခံခဲ့တာလဲ...ငါ မမှားဘူးဆိုရင်တာယွီတော်ဝင်နန်းတွင်းအရာရှိတွေရဲ့ ထက်ဝက်ကျော်က အခုချိန်မှာ ရှမျိုးနွယ်တွေပဲ"

ကျိုးယွမ်ယန်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာပေ၏။

လုယွီက သူ့ကို ကြည့်ပြီး ဆက်လက်၍ ပြောဆိုသည်။

"ငါ့အထင်တော့ ရှထန်ကန်းက မင်းရဲ့နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို မင်း သိနေလိမ့်မယ်... သူက မင်းရဲ့နာမည်ကိုသုံးပြီးတော့ အင်ပါယာရဲ့အကျိုးအမြတ်ကို ခိုးယူခဲ့တယ်... ဒီနှစ်တွေတလျှောက်မှာ သူ ဘယ်လောက်ထိ အကျိုးအမြတ်တွေ ရခဲ့တယ်ဆိုတာ ငါ မသိဘူး...မင်းက ရှင်းရှင်းလင်းလင်းသိထားတာတောင် ဒီလိုလူတစ်ယောက်ကို ဘာလို့ထောက်ခံခဲ့တာလဲ...."

"ဟား ဟား ဟား...လုယွီ မင်း သိတာတွေက အရမ်းနည်းနေသေးတယ်"

ကျိုးယွမ်ယန်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ၏ အနက်ရောင်ဆံပင်ရှည်များ ဖားလျားကျလာပြီး သူ့ကို အရူးတစ်ယောက်နှင့် တူညီသွားစေသည်။

"ရှကွေ့ကျုံးက ရုပ်သေးတစ်ရုပ်ဆိုတာကို မင်း သိတယ်... ငါက ရုပ်သေးတစ်ရုပ် ဟုတ်မဟုတ်ဆိုတာကို မင်း ဘာလို့ မစဉ်းစားတာလဲ"

ကျိုးယွမ်ယန်က အပြုံးနှင့် ပြောဆိုလိုက်၏။

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်ပြီးနောက် သူ၏စိတ်အတွင်းတွင် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်မှာ သူ ကောင်းကင်ကွန်ယက်အား စုံစမ်းထောက်လှမ်းခိုင်းခဲ့သော ကိစ္စများအနက် တစ်ကြိမ်တစ်ခါမျှ မဖမ်းဆုပ်နိုင်ခဲ့သော အရာတစ်ခုပင်။

"မင်းကလည်း ရှမိသားစုရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား"

လုယွီက မေးမြန်းလိုက်သည်။

"အခုအခြေအနေက ဒီအထိရောက်လာပြီဆိုတော့ ငါ မင်းကို ပြောပြမယ်... ဟုတ်တယ်... ငါက ရှမိသားစုက ထောက်ပံ့ပေးထားတဲ့ ရုပ်သေးတစ်ရုပ်ပဲ"

ဘုန်း....

အထက်မိုးကောင်းကင်ယံတွင် ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ရုတ်တရက် ထွက်ပေါ်လာသည်။

မိုးသည်းထန်စွာ ရွာနေသော်လည်း စကြာဝဠာခန်းမဆောင်အပြင်ဘက်တွင် ကျင့်ကြံသူအားလုံးသည် ဂရုမစိုက်သကဲ့သို့ ပြုမူနေကြသည်။ သူတို့အနက်မှတချို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည်။

လူသန်းပေါင်းများစွာ စုဝေးနေကြပြီး တော်ဝင်နန်းတော်မှ အပြင်ဘက်အထိ ရှည်လျားသော လူတန်းရှည်ကြီး ရှိနေသည်။

မြေကွက်လပ်များတွင်ဖြစ်စေ ရှည်လျားသော လမ်းများပေါ်တွင်ဖြစ်စေ သူတို့အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြ၏။

သူတို့သည် နောက်ဆုံးရလဒ် ထွက်ပေါ်လာမည်ကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။

တာယွီ၏ကံကြမ္မာနှင့် သက်ဆိုင်သော ဤကိစ္စ၏ နောက်ဆုံးရလဒ်သည် ထွက်ပေါ်လာရန် အချိန်တန်လေပြီ။

လုယွီက မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်လုံးအကြည့်သည် ကျိုးယွမ်ယန်အပေါ်သို့ စူးစိုက်၍ ကျရောက်သွားပေ၏။

"ကျိုးမိသားစုမှာ အရင်က တော်ဝင်မြို့တော်မှာ တာအိုသခင်အဆင့် မင်းသားသုံးပါးဖြစ်တဲ့ ကူမင်းသား ကျင်းမင်းသားနဲ့ ကန်မင်းသားတို့ ရှိခဲ့တယ်....တခြားမင်းသား ဆယ့်တစ်ပါးလည်း ရှိသေးတယ်...သူတို့မှာ ရာထူးအဆင့်အတန်းမရှိရင်တောင် သူတို့က ကျိုးမိသားစုဘိုးဘေးနဲ့ မျိုးဆက်တူပဲ....သူတို့က နေရာအနှံ့အပြားမှာ ပုန်းအောင်းနေခဲ့တယ်...ကျိုးမိသားစု ပျက်သုန်းသွားနိုင်တဲ့ ဘေးအန္တရာယ်မျိုး ရှိနေမှသာ သူတို့ ထွက်လာကြလိမ့်မယ်...."

ဤအရာများအားလုံးသည် ကောင်းကင်ကွန်ယက်မှ စုဆောင်းခဲ့သော သတင်းအချက်အလက်များပင်

ဤမျှများပြားသော သတင်းအချက်အလက်များသည် မိသားစုတစ်စု၏ အရေးကြီးဆုံးလျှို့ဝှက်ချက်များပင်။ သို့ရာတွင် ကောင်းကင်ကွန်ယက်သည် ဤနှစ်များတလျှောက်လုံး အလျင်အမြန် ကြီးထွားလာခဲ့ပြီး သူလျှိုများသည် နေရာအနှံ့အပြားတွင် ရှိနေခဲ့ပေ၏။ တော်ဝင်မိသားစု၏ အစိတ်အပိုင်းဖြစ်သော ကျိုးမိသားစုထံတွင်ပင် မရေမတွက်နိုင်သော ကောင်းကင်ကွန်ယက်သူလျှိုများ၏ စိမ့်ဝင်ခြင်းကို ခံခဲ့ရသည်။

လုယွီက ပြောဆိုသည်။

"တာအိုသခင်အဆင့် ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်ကျော်.... ဒီလိုအင်အားက အရမ်းကြောက်ဖို့ကောင်းတယ်....ရှမိသားစုမှာ မင်းကိုထိန်းချုပ်ဖို့ ဘာအခွင့်အာဏာရှိလို့လဲ..."

ဤမျှကြီးမားသော အင်အားဖြင့် ကျိုးယွမ်ယန်သည် ဧကရာဇ်နေရာ၌ အခိုင်အမာ ရပ်တည်နိုင်သည်။

ဤမျှထိများပြားသော ထိပ်သီးကျင့်ကြံသူများမှ သူ့ကို ကာကွယ်ပေးနေသဖြင့် ကျိုးယွမ်ယန်သည် သူ၏ဘဝတလျှောက်လုံး၌ စိုးရိမ်ပူပန်စရာမရှိဟု ဆိုနိုငပေ၏။

အလယ်ခေတ်တွင် ဟန်အင်ပါယာ၏ဧကရာဇ်ရှန်ကဲ့သို့သော ရုပ်သေးဧကရာဇ်တချို့ ရှိခဲ့သည်။ ဤသည်မှာ တော်ဝင်မိသားစုသည် အားနည်းပြီး တခြားအင်အားစုများကို မတိုက်ခိုက်နိုင်သောကြောင့်ပင်။

သို့ရာတွင် ယခုချိန်၌မူ ကျိုးမိသားစု၏ထိပ်သီးကျင့်ကြံသူများသည် မိုးကောင်းကင်ရှိ တိမ်စိုင်များကဲ့သို့ပေါများပြီး သူတို့၏ အထွတ်အထိပ်ကာလတွင် ရှိနေသည်။ ဤကိစ္စသည် ကျိုးကြောင်းမဆီလျော်သည်မှာ သိသာထင်ရှားလှ၏။

"အဲဒီနေ့က ငါက မင်းသားတစ်ပါးဖြစ်နေတုန်းပဲ... ရှမိသားစုက ငါ့ကို ရှအိမ်တော်ဆီ ဖိတ်ခေါ်ခဲ့တယ်"

ကျိုးယွမ်ယန်သည် စကြာဝဠာခန်းမဆောင်၏ မျက်နှာကြက်ကို ကြည့်ပြီး သူ၏အတိတ်မှ မှတ်ဉာဏ်များအတွင်းသို့ နစ်မြုပ်သွားသည်။

"ငါက ရှမိသားစုဘိုးဘေးကို တွေ့ခဲ့တယ်"

ရှမိသားစုရဲဘိုးဘေး ထပ်ဖြစ်နေပြန်သလော....

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။

"ရှမိသားစုဘိုးဘေး....သူ့ရဲ့နောက်ခံက ဘာလဲ...."

ကျိုးယွမ်ယန် ခေါင်းခါယမ်းပြီး ခါးသည်းစွာ ပြုံးလိုက်၏။

"ငါက ရှမိသားစုဘိုးဘေးရဲ့ မျက်နှာကို မမြင်ခဲ့ရဘူး....ဒါပေမဲ့ ငါက ရှအိမ်တော်ရဲ့အနောက်ဖက်ခြံဝန်းထဲမှာ ပြိုင်ဘက်ကင်းကျင့်ကြံတစ်ယောက်ကို တွေ့ခဲ့တယ် ...သူက ဗုဒ္ဓဂိုဏ်းရဲ့ မဟာဗုဒ္ဓအရှင်ပဲ"

"အဲဒီနေ့က မဟာဗုဒ္ဓအရှင်က ရှမိသားစုဘိုးဘေးရှိနေတဲ့ ကုလားကာရှေ့မှာ ဒူးထောက်နေခဲ့တယ်....သူက အရမ်းရို့ကျိုးပြီးတော့ အစေခံတစ်ယောက်လို အမိန့်တော်ကို နားထောင်နေခဲ့တယ်"

Chapter 4974

လုယွီ အနည်းငယ် ကြက်သေသေသွားသည်။

သူသည် ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ကျိုးယွမ်ယန်ပြောသော စကားများကိုကြားချိန်တွင် ဖိအားတစ်ရပ်ကို ခံစားနေရဆဲပင်။

လက်ရှိဗုဒ္ဓလောက၏ မဟာဗုဒ္ဓအရှင်သည် နတ်ဆိုးဖြစ်နေလျှင်ပင် သူသည် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သည်။

ထိုနေ့က စိတ်ဝိညာဥ်တောင်တွင် လုယွီသည် ပိုင်ဆုချင်ကို မဟာဗုဒ္ဓအရှင်၏ လက်အတွင်းမှ ကယ်တင်ခဲ့ပြီး သူ့နှင့် တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့သည်။ ထိုနေ့က မဟာဗုဒ္ဓအရှင် ထုတ်ဖော်ခဲ့သော စွမ်းအားသည် အဆင့်မြင့်တာအိုသခင်တစ်ဦးဖြစ်သော ယန်ကျန့်ထက်ပင် များစွာပို၍ အစွမ်းထက်ပေ၏။

ထိုကဲ့သို့သော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ဦးမှာ အမှန်တကယ်ကို ရှမိသားစုဘိုးဘေး၏ရှေ့တွင် ဒူးထောက်ပြီး အမိန့်တော်ကို နာခံခဲ့သည်။

ဤသည်မှာ မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုဖြစ်သော်လည်း လုယွီသည် ကျိုးယွမ်ယန် လိမ်ညာနေခြင်း မဟုတ်သည်ကို ခံစားနိုင်ပေ၏။

ရှမိသားစုဘိုးဘေးသည် ရှကွေ့ကျုံး မသေဆုံးမီအချိန်၌ သူ့အား ကြောက်ရွံ့ခံစားစေသည့် တည်ရှိမှုကြီးပင်။ ရှမိသားစုဘိုးဘေးသည် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေခဲ့သနည်း။

"သူက အုပ်စိုးသူအရှင်နယ်ပယ်ကို ရောက်နေတာလား"

လုယွီ၏စိတ်အတွင်းတွင် အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

အုပ်စိုးသူအရှင်နယ်ပယ်သည် ရှေးဟောင်းခေတ်မှ မဟာမိုးကောင်းကင် ရွှေအင်မော်တယ်နယ်ပယ်နှင့် ညီမျှသည်။ သူတို့၏စွမ်းအား ကြောက်မက်ဖွယ်ကောင်းပြီး ကျင့်ကြံနည်းစနစ်များသည် နက်နဲသိမ်မွေ့ပေ၏။

ယခင်က ထိုက်ချမ်ဧကရာဇ်သည် ဤနယ်ပယ်သို့ရောက်အောင် ကျင့်ကြံခဲ့ပြီး လောကရှိ ထိပ်သီးကျင့်ကြံသူများအားလုံးကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် နှိမ်နင်းကာ တာယွီကို သာယာဝပြောစေပြီး ရှေးဟောင်းအလယ်ခေတ်မှ ထန်အင်ပါယာ၏ ပုံရိပ်မျိုးကိုပင် ပိုင်ဆိုင်စေခဲ့သည်။

ထိုအချိန်က လုယွီသည် အဆင့်မြင့်တာအိုသခင်နယ်ပယ်သို့ ရောက်ရှိနေခဲ့ကာ သူသည် ကျင့်ကြံဆင့် ချိုးဖျက်လိုသောကြောင့် ထိုကဲ့သို့သော ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

ရှမိသားစုဘိုးဘေးသာ အုပ်စိုးသူအရှင်နယ်ပယ်တွင် အမှန်တကယ် ရှိနေပါက လုယွီ သတိထားရပေမည်။

သူ၏ယခင်ဘဝတွင်ပင် သူသည် ဤကျင့်ကြံဆင့်နယ်ပယ်တွင်ရှိသော ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ အလွန်ဂရုစိုက်ရသည်။

ထို့ပြင် လုယွီသည် တာအိုသခင် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်သော်လည်း သူနှင့် အုပ်စိုးသူအရှင်နယ်ပယ်ကြားတွင် ကြီးမားသောကွာဟချက်တစ်ခု ရှိနေဆဲပင်။

ကျိုးယွမ်ယန် ဆက်လက်၍ ပြောဆိုသည်။

"အဲဒီနေ့က ရှမိသားစုဘိုးဘေးက ငါ့ကို စကားအများကြီးမပြောခဲ့ဘူး... ငါက မင်းသားတစ်ပါးဖြစ်ပေမဲ့ သူ့ရှေ့မှာ အရေးမပါတဲ့ ပုရွက်ဆိတ်တစ်ကောင်လို ခံစားရတယ်... သူက လက်ညှိုးတစ်ချက် လှုပ်ခတ်လိုက်ရုံနဲ့ ငါ့ကိုသတ်နိုင်တယ်"

"ရှမိသားစုကလူတွေက ငါ့ကို ဒူးထောက်ခိုင်းချင်ခဲ့တယ်... ဒါပေမဲ့ ရှမိသားစုဘိုးဘေးက ငါ့ကို ဒူးမထောက်ဖို့ တားခဲ့တယ်....သူက ငါ့ကို မတ်တတ်ရပ်ပြီး သူ့ရဲ့မေးခွန်းကို ဖြေခိုင်းခဲ့တယ်"

ဤအချိန်တွင် လုယွီသည် ကျိုးယွမ်ယန်၏ နဖူးပေါ်၌ ချွေးစေးများရှိနေသည်ကို သတိပြုမိသွားပေ၏။

ကျိုးယွမ်ယန်သည် သတ္တိမွေးရန်အတွက် ဝိုင်အရက်ကိုပင် အသုံးပြုခဲ့သည်။ ဤအချိန်သို့ရောက်လာသည့်တိုင် သူသည် ထိုနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စကို ပြန်စဉ်းစားမိချိန်၌ သူ့ထံ စွဲထင်ကျန်ရှိနေသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။

ကျိုးယွမ်ယန် ထိုအချိန်က မည်သို့သော ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြုံတွေ့ခဲ့ရသည်အား သူ မြင်ယောင်နိုင်သည်။

"ရှမိသားစုဘိုးဘေးက ငါ့ကို တာယွီရဲ့ဧကရာဇ်ဖြစ်ချင်လားလို့ မေးခဲ့တယ်....အဲဒီအချိန်က ငါလိမ်မပြောရဲခဲ့ဘူး... ဒါကြောင့် ငါ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောခဲ့တယ်...ငါက ထီးနန်းရဖို့ကို နေ့ရောညပါ စဉ်းစားနေခဲ့တယ်....ငါက ဧကရာဇ်ဖြစ်ချင်ခဲ့တယ်"

ကျိုးယွမ်ယန်၏ စကားများတွင် သူသည် သူ့ကိုယ်သူ "ငါ အရှင်" ဟု မသုံးနှုန်းတော့ဘဲ "ငါ..." ဟုသာ ပြောဆိုခဲ့သည်။

ရှမိသားစုဘိုးဘေးရှေ့တွင် သူ့ကိုယ်သူ "ငါ အရှင်" ဟုခေါ်ဝေါ်ခြင်းသည် အလွန်မနာခံသော အပြုအမူတစ်ခုအလားပင်။

"ဒါကြောင့် ရှမိသားစုဘိုးဘေးက ရှမိသားစုက ငါ့ကို ကူညီဖို့ဆန္ဒရှိတယ်.... ဒါပေမဲ့ နောင်အနာဂတ်မှာ ငါ သူ့ကို ဘယ်တော့မှ မဆန့်ကျင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်... မဟုတ်ရင် ငါက ဆိုးရွားတဲ့အခြေအနေနဲ့ အဆုံးသတ်ရလိမ့်မယ်"

ကျိုးယွမ်ယန်၏အသံသည် အနည်းငယ် ခြောက်ကပ်နေပေ၏။

"နောက်ပိုင်းမှာတော့ မင်း သိတဲ့အတိုင်းပဲ... ငါ့ရဲ့ခမည်းတော် ကွယ်လွန်ပြီးတော့ ရှန်လင်းလုံက နန်းတက်ခဲ့တယ်...ဒါပေမဲ့ သူက ကျိုးမိသားစုရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ ငါ့ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခဲ့တယ်... ရှန်လင်းလုံက လူသားဧကရာဇ်ဓားကို ဆုံးရှုံးပြီးတဲ့နောက်မှာ ငါက အလိုအလျောက် ဧကရာဇ်ဖြစ်လာခဲ့တယ်"

"ဒါပေမဲ့ ငါ ဧကရာဇ်ဖြစ်တော့ရော ဘာဖြစ်လဲ.... ရှမိသားစုက ငါ့ကို ထိန်းချုပ်နေတုန်းပဲ...အဲ့ဒီရှထန်ကန်းက ရာထူးခန့်အပ်လွှာအမိန့်တော်တွေကို မကြာခဏ ယူလာတယ်...ငါ့ကို အဲ့ဒီတော်ဝင်အမိန့်တော်တွေမှာ စည်းတံဆိပ် ခတ်နှိပ်ခိုင်းတယ်... ငါက ဒီကိစ္စတွေကို လုံးဝမငြင်းဆန်နိုင်ဘူး.....မဟုတ်ရင် ရှမိသားစုရဲ့ ဘိုးဘေးက ငါ့အပေါ်မှာ ချိတ်စည်းတံဆိပ်တစ်ခု ချန်ထားခဲ့တယ်...ငါ မလိုက်နာရင်... ငါက ဆိုးရွားတဲ့သေခြင်းနဲ့ သေသွားရမှာကို ငါ စိုးရိမ်တယ်..."

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။ ရှမိသားစုဘိုးဘေးမှာ အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးတစ်ခုပင်။

သူ့တွင် နာမည် သို့မဟုတ် ပုံတူမရှိချေ။ သူသည် မမြင်နိုင်သော အရိပ်တစ်ခုကဲ့သို့ဖြစ်ပြီး မရေမတွက်နိုင်သော လူများကို တုန်လှုပ်ချောက်ချားစေနိုင်သည်။

Chapter 4975

"ဒီအကြောင်းတွေ ငါ မသိဘူး"

လုယွီက ခေါင်းခါလိုက်သည်။

ဤသည်မှာ သူ ရရှိထားသော သတင်းအချက်အလက်များ မပြည့်စုံခြင်းပင်။ သူ၏ ရှမိသားစုအပေါ် နားလည်မှုနှင့် လောကတစ်ခုလုံး၏ ရှမိသားစုအပေါ် နားလည်မှုသည် တော်ဝင်မြို့တော်ရှိ ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုအဖြစ်သာ ကန့်သတ်ထားဆဲပင်။

သို့ရာတွင် လုယွီ သိရှိထားသည့် သတင်းအချက်အလက်များအရ တခြားထိပ်သီးမိသားစုများတွင် ဘိုးဘေးများရှိသော်လည်း သူတို့၏စွမ်းအားသည် ရှမိသားစုဘိုးဘေးကဲ့သို့ အလွန်အကျူးမဟုတ်သည်မှာ သေချာသည်။

ရှမိသားစု ထုတ်ဖော်ပြသခဲ့သော အင်အားသည် ရေခဲတောင်၏ ထိပ်ဖျားလေးတစ်ခုသာ ဖြစ်ပေ၏။

ရှမိသားစုသည် အမှန်တကယ်ကို ထီးနန်းဆက်ခံမှုအား ထိန်းချုပ်နိုင်ပြီး တာယွီတော်ဝင်နန်းတော်၏ ဧကရာဇ်ပင်လျှင် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဤသည်မှာ ထိပ်သီးမိသားစုများ၏ အကန့်အသတ်ထက်ကို ကျော်လွန်သွားခဲ့လေပြီ။ သူတို့သည် ကောင်းကင်ဘုံနယ်မြေတွင် ပုန်းအောင်းနေသော နောက်ကွယ်က ကြိုးကိုင်သူများကဲ့သို့ဖြစ်ပြီး အရာအားလုံးကို အခိုင်အမာ ထိန်းချုပ်ထားသည်။

ကျိုးယွမ်ယန်က သရော်တော်တော် ပြောဆိုသည်။

"မင်း မသိတာ မထူးဆန်းဘူး...ဒါတွေဖြစ်ခဲ့တာ အချိန်တော်တော် ကြာခဲ့ပြီ...လွန်ခဲ့တဲ့ငါးနှစ်အကြာတုန်းက ရှမိသားစုဘိုးဘေးက တံခါးပိတ်ကျင့်ကြံဖို့ ထွက်သွားခဲ့တယ်လို့ ပြောကြတယ်.... သူက မတူညီတဲ့လောကတစ်ခုကို သွားကျင့်ကြံပြီးတော့ ရှမိသားစုကို ပြန်မလာတော့ဘူး.....လုယွီ မင်းက ကောင်းကင်ဘုံနယ်မြေမှာ မုန်တိုင်းတစ်ခုကို အစပျိုးခဲ့တယ်... ဒါပေမဲ့ ကံကောင်းချင်တော့ မင်းက ရှမိသားစုဘိုးဘေးကို မတွေ့ခဲ့ရဘူး.... ဒါကြောင့် မင်းက ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ခဲ့တာပဲ"

ကျိုးယွမ်ယန်က သူ၏မျက်ခုံးနှစ်ခုကြားကို ညွှန်ပြပြီး ပြောဆိုလိုက်၏။

"ဒီမှာ အချုပ်အနှောင်စည်းတံဆိပ်တစ်ခုရှိတယ်....ရှမိသားစုဘိုးဘေးရဲ့ အတွေးတစ်ချက်နဲ့ ငါ ပြာဖြစ်သွားမှာပဲ... လုယွီ မင်း လောင်းကြေးထပ်နိုင်တယ်..ဒါပေမဲ့ ငါ မလောင်းနိုင်ဘူး.... ငါ့မှာ အသက်တစ်ချောင်းပဲရှိတယ်.... ငါသေသွားရင်... ဘာမှမကျန်တော့ဘူး"

"ဒါ့ပြင် ငါ မင်းကို ပြောပြမယ်....ပညာရှိဂိုဏ်းနဲ့အစစ်အမှန်ယန်ဂိုဏ်းက ဧကရာဇ်နှစ်ပါးရဲ့ သေဆုံးမှုက ရှမိသားစုနဲ့ ဆက်စပ်နေတယ်.... ဒီမိသားစုက ကောင်းကင်ဘုံနယ်မြေမှာ ပုန်းအောင်းနေခဲ့ပြီးတော့ အင်ပါယာရဲ့ လည်ပတ်မှုကို ထိန်းချုပ်နေခဲ့တယ်"

"အတိတ်တုန်းက ပညာရှိဂိုဏ်းဧကရာဇ်က နဂါးပလ္လင်ပေါ်မှာ ထိုင်နေတုန်း လေထုထဲမှာ ပျံသန်းနေတဲ့ နဂါးနက်တစ်ကောင်ကို တွေ့လိုက်ရတယ်.... အဲ့ဒီနဂါးနက်က ပညာရှိဂိုဏ်းကို လက်စားချေဖို့ ကြိုးစားနေခဲ့တာလို့ ပြောခဲ့တယ်... သူတို့နှစ်ယောက်က မဟာရေအိုင်တော်ရဲ့အထက်မှာ တိုက်ကွက်ပေါင်းသောင်းနဲ့ချီပြီး အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးတော့..နောက်ဆုံးမှာ ပညာရှိဂိုဏ်းဧကရာဇ်က အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်...သူက ထီးနန်းကို အိမ်ရှေ့စံမင်းသားဆီ လက်ဆင့်ကမ်းပြီးတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့တယ်"

"အစစ်အမှန်ယန်ဂိုဏ်းဧကရာဇ်က အင်ပါယာထဲမှာ လျှို့ဝှက်ပြီး တိုင်းခမ်းလှည့်လည့်တဲ့အချိန်မှာ မျက်ခုံးဖြူတာအိုအဘိုးကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်....အဲ့ဒီတာအိုအဘိုးကြီးရဲ့လက်ထဲမှာ သစ်သားဓားတစ်လက်ကို ကိုင်ထားပြီးတော့ အတွင်းနန်းတော်ရဲ့ ထိပ်သီးကျင့်ကြံသူကိုးယောက်ကို သတ်ဖြတ်ခဲ့တယ်....နောက်ဆုံးမှာ သူက အစစ်အမှန်ယန်ဂိုဏ်းဧကရာဇ်ကို ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့တယ်...ကံကောင်းစွာနဲ့ ဧကရာဇ်က သန်မာတာကြောင့် နောက်ထပ်ငါးနှစ် အသက်ရှင်ခဲ့တယ်.... အဲဒီနောက်မှာ သူ သေဆုံးသွားခဲ့တယ်"

"နဂါးနက်ပဲ ဖြစ်ဖြစ်...မျက်ခုံးဖြူတာအိုအဘိုးကြီးဖြစ်ဖြစ် သူတို့က ရှမိသားစုဘိုးဘေးရဲ့ ကိုယ်ပွားတွေပဲ... သူက အတွေးတစ်ချက်နဲ့ ထောင်နဲ့ချီတဲ့ ကိုယ်ပွားတွေအဖြစ်ကို ပြောင်းလဲနိုင်တယ်... ကျိုးမိသားစုမှာ ထိပ်သီးကျင့်ကြံသူတွေ ရှိနေရင်တောင် ဘာဖြစ်လာမှာ မလို့လဲ.... ဘယ်သူမှ သူ့ကို မတားနိုင်ဘူး"

လုယွီ အံ့အားသင့်သွားသည်။ ဤသည်မှာ တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်တစ်ခုပင်။

ပညာရှိဂိုဏ်းဧကရာဇ်နှင့် အစစ်အမှန်ယန်ဂိုဏ်းဧကရာဇ်တို့ကို သက်ဆိုင်ရာဂိုဏ်းများ၏ အုပ်စိုးသူများအဖြစ် သတ်မှတ်နိုင်ကာ သူတို့သည် ကျင့်ကြံဆင့်မြင့်မားသူများ ဖြစ်ကြသည်။

သူတို့သည် မင်းသားများအမြောက်အများအနက်မှ ထင်ရှားပေါ်လွင်ပြီး တာယွီအင်ပါယာ၏ဧကရာဇ်များ ဖြစ်လာနိုင်ခဲ့ခြင်းမှာ သူတို့၏အစွမ်းအစကို သက်သေပြရန် လုံလောက်သည်။

ထိုကဲ့သို့သော အစွမ်းအစ ရှိနေသည့်တိုင် ရှမိသားစုဘိုးဘေး၏ တိုက်ခိုက်မှုများဖြင့် သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဤလူသည် အမှန်တကယ်ကို အတင့်ရဲပြီး ဧကရာဇ်များကို အနည်းငယ်မျှ ဂရုမစိုက်ချေ။

"ဒီလုပ်ကြံသတ်ဖြတ်မှုက ငါ့ခမည်းတော်ရဲ့ မျိုးဆက်အထိ မပြီးဆုံးခဲ့ဘူး..... ခမည်းတော်ရဲ့စွမ်းအားက လောကကြီးထဲမှာ ပြိုင်ဘက်ကင်းတာကြောင့် အဲ့ဒီရှမိသားစုဘိုးဘေးက သူနဲ့မယှဉ်နိုင်ဘူးဆိုတာကို သိခဲ့တယ်...ဒါကြောင့် ငါ့ရဲ့ခမည်းတော် ထီးနန်းစိုးစံနေတဲ့ အချိန်အတွင်းမှာ ရှမိသားစုဘိုးဘေးက ထောင့်တစ်နေရာမှာ အမြဲတမ်း ပုန်းအောင်းနေခဲ့တယ်....သူ ဘာမှမလုပ်ခဲ့ဘူး"

ကျိုးယွမ်ယန်က ဆက်လက်၍ ပြောဆိုသည်။

"ငါ့ခမည်းတော်ကိုယ်တိုင် အဲ့ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးခဲ့တယ်...ဒါပေမဲ့ ရှမိသားစုဘိုးဘေးက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးတစ်ကောင်ပဲ... သူက ချက်ချင်း တံခါးပိတ်ကျင့်ကြံဖို့ ထွက်သွားပြီးတော့ ဘယ်သူမှ သူ့ကို မရှာနိုင်ခဲ့ဘူး"

ပထမဆုံး ရှကွေ့ကျုံး....

ထို့နောက် ကျိုးယွမ်ယန်....

သူတို့၏စကားများသည် ရှမိသားစုဘိုးဘေးနှင့် ပတ်သက်နေပေ၏။ ဤသည်မှတဆင့် ထိုလူအိုကြီးသည် မည်မျှထိ အန္တရာယ်များကြောင်း သိသာထင်ရှားစွာ ပြသနေသည်။

လုယွီသည် သူ၏အင်္ကျီလက်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်၏။

သူ၏စိတ်ဆန္ဒအမျှင်တန်းတစ်တန်း အဆောင်လက်ဖွဲ့မှ ပျံ့လွင့်သွားသည်နှင့် အပြင်ဘက်ရှိ ပုန်းကွယ်နဂါးစစ်တပ်မှ ချက်ချင်းသိရှိသွားပေလိမ့်မည်။

လုယွီ တော်ဝင်မြို့တော်သို့ ဝင်ရောက်ပြီးနောက် သူ၏နောက်မှ ပုန်းကွယ်နဂါးစစ်တပ်သည်လည်း တော်ဝင်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင်....

လုယွီထံမှ အမိန့်တစ်ခု ထွက်ပေါ်လာသည်။

'ရှအိမ်တော်ထဲသို့ ဝင်ရောက်ပြီး ရှမိသားစုဝင်အားလုံးကို ဖမ်းဆီးကြစမ်း"

လုယွီသည် ဆုံးဖြတ်ချက် အလွန်ပြတ်သားပေ၏။ သူသည် ဤကဲ့သို့ အရေးကြီးသော အချိန်အခိုက်အတန့်တွင် ရှမိသားစုဝင်များ ထွက်ပြေးသွားမည်ကို မလိုလားချေ။

ပုန်းအောင်းနေသော ရှမိသားစုဘိုးဘေးသည် ရှအိမ်တော်၌ မရှိသော်လည်း ရှမိသားစု၏ လူများကို ကြိုတင်ထိန်းချုပ်ထားပြီး သဲလွန်စတချို့ရှာဖွေနိုင်ရန် စုံစမ်းစစ်ဆေးရပေမည်။

ကျိုးယွမ်ယန်သည် လုယွီ၏လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ သူသည် ခါးသည်းစွာပြုံးပြီး ပြန်ထိုင်လိုက်၏။

သူသည် ထိုင်ခုံပေါ်တွင် ခွေခေါက်ထိုင်နေပြီး သူ၏နဂါးဝတ်ရုံသည် ဖရိုဖရဲတွဲလောင်းကျနေသည်။ သူ၏ခန္ဓာကိုယ်သည် အားအင်ချည့်နဲ့နေပုံရကာ သူ၏စိတ်အတွင်းတွင် သိမ်းဆည်းထားခဲ့သည့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြပြီးနောက် သူ့ထံ၌ စိုးရိမ်ပူပန်စရာမရှိတော့သည့်အလားပင်။

ဧကရာဇ်၏အရှိန်အဝါဟူသော အပေါ်ယံကို ဖယ်ရှားပြီးနောက် သူ ကျိုးယွမ်ယန်သည် တခြားတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရသော ရုပ်သေးတစ်ရုပ်သာဖြစ်သည်။ အနှစ်သာရအားဖြင့် သူသည် ရှကွေ့ကျုံးနှင့် မည်သည့်ကွာခြားချက်မျှ မရှိချေ။

"ထိပိသီးမိသားစုတွေဆိုတဲ့ အဆိပ်က ငါ့ရဲ့အရိုးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်.... အတိတ်တုန်းက ထိပ်သီးမိသားစုများကို ဖိနှိပ်ဖို့အတွက် ငါ့ရဲ့ခမည်းတော်က တော်ဝင်အမိန့်တော်တွေ ထုတ်ပြန်ခဲ့တယ်.....ကံမကောင်းစွာနဲ့ ဒီအမိန့်တော်တွေက ဘာရလဒ်မှ မပြခင်မှာပဲ အဲ့ဒီခွေးမ ရှန်လင်းလုံက ဖျက်ဆီးပစ်ခဲ့တယ်.... လက်ရှိချိန်မှာ ထိပ်သီးမိသားစုတွေက အရမ်းအစွမ်းထက်နေတဲ့ အကြောင်းအရင်းအများစုက ရှန်လင်းလုံကြောင့်ပဲ...ငါရဲ့ခမည်းတော်သာ ဒီနေရာမှာရှိရင် သူတို့ ဘာလုပ်ရဲမှာလဲ"

ကျိုးယွမ်ယန်က ဒေါသတကြီးဖြင့် ထိုင်ခုံကို ထုရိုက်လိုက်ရာ သစ်သားထိုင်ခုံမှ တကျွီကျွီမြည်သံများ ထွက်ပေါ်လာသည်။

သူသည် ရုတ်တရက် လုယွီကို ကြည့်ပြီး မေးမြန်းလိုက်၏။

"တကယ်လို့ မင်းသာ အာဏာရလာရင် ထိပ်သီးမိသားစုတွေကို ဘယ်လိုဆက်ဆံမလဲ..."

All Chapters