အခန်း (၄၉၇၆-၄၉၈၀)
Vol. 252 Ch. 4976-4980
Chapter 4976
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေသည်။
ကျိုးယွမ်ယန်၏ပါးစပ်မှ ထိုကဲ့သို့သော စကားတစ်ခွန်း ထွက်လာလိမ့်မည်ဟု စိတ်ကူးတွေးတောကြည့်ရန်ပင် ခက်ခဲသည်။
အတိတ်တုန်းက ကျိုးယွမ်ယန်သည် အခွင့်အာဏာကို အလွန်အမင်း စွဲလမ်းခဲ့လေ၏။ မည်သူမျှ သူ၏ထီးနန်းကို ယူဆောင်သွားနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ယခုချိန်တွင်မူ ကျိုးယွမ်ယန်က လုယွီအား ထီးနန်းကို မည်သို့ထိန်းချုပ်ရမည်နှင့် ပတ်သက်ပြီး အမှန်တကယ် မေးမြန်းခဲ့သည်။ အခြေအနေများ ပြောင်းလဲသွားသည်ကို သူ သဘောပေါက်သွားပုံပင်။
လုယွီက ပြောဆိုသည်။
"ထိပ်သီးမိသားစုတွေရဲ့ အဆိပ်တွေက အင်ပါယာထဲမှာ စိမ့်ဝင်နေတာ အချိန်အတော်ကြာနေပြီ...နေရာအနှံ့အပြားမှာရှိတဲ့ မြေရှင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေက အတော်လေး ပြင်းထန်တယ်....တော်ဝင်မြို့တော်ပိုင်နက်က တင်းအန်းကြယ်နယ်မြေကို ဥပမာပေးရရင် အဲ့ဒီကြယ်နယ်မြေမှာ ဒေသကြီးငါးခုရှိပြီးတော့ သုံးခုက ရှမိသားစု၏ ကံကြွေးခံမြေပဲ... ကျန်နှစ်ခုကိုတော့ တော်ဝင်နန်းတွင်းက ပိုင်တယ်"
"ကံကြွေးခံမြေသုံးခုပေါ်က အခွန်အများစုကိုမြေပိုင်ရှင်ကို အရင်ဆုံးပေးရမယ်... ဒါပေမဲ့ သူတို့က တော်ဝင်နန်းတော်ကို မပေးနိုင်တော့ဘူး... ဒါကြောင့် တော်ဝင်နန်းတွင်းရမယ့် အခွန်အခတွေက အကြီးအကျယ်လျော့ကျသွားပြီးတော့ အများစုက မြေပိုင်ရှင်တွေကို ပေးအပ်ခံရတယ်... အခွန်အခတွေရဲ့ ပမာဏအများစုရ မြေရှင်တွေရဲ့လက်ထဲကို စီးဝင်သွားတယ်..."
"ဟုတ်တယ်...ဒါက အမှန်ပဲ"
ကျိုးယွမ်ယန်က ခေါင်းညိတ်လိုက်သည်။
လုယွီက ဆက်လက်၍ ပြောဆိုသည်။
"ဘယ်ကျင့်ကြံသူမှ စိတ်ဝိညာဥ်စွမ်းအားမရှိဘဲနဲ့ မကျင့်ကြံနိုင်ဘူး.... ဒါပေမဲ့ ဒီလောကကြီးထဲမှာ စိတ်ဝိညာဉ်စွမ်းအား ရှိတဲ့နေရာတွေက ကန့်သတ်ခံထားရတယ်....စိတ်ဝိညာဉ်စွမ်းအားတွေ စုဝေးနေတဲ့ နေရာအများစုမှာ အင်အားစုတွေက မြို့တွေတည်ဆောက်ခဲ့တယ် ဒါမှမဟုတ် ဂိုဏ်းတွေက သိမ်းပိုက်ထားတယ်....ဒါကြောင့် ကျင့်ကြံသူတွေက လေ့ကျင့်ဖို့နေရာတစ်ခု လိုချင်ရင် အနည်းဆုံးတော့ သူတို့က မြို့တစ်မြို့မှာ နေထိုင်ဖို့ ဒါမှမဟုတ် ဂိုဏ်းတစ်ဂိုဏ်းထဲကို ဝင်ဖို့လိုတယ်"
"ဒါပေမဲ့ ဂိုဏ်းတွေရဲ့ စိတ်ဝိညာဉ်စွမ်းအား အရင်းအမြစ်တွေက ကန့်သတ်ထားတယ်....ဒါကြောင့် ဝင်ခွင့်သတ်မှတ်ချက်က အရမ်းမြင့်မားတယ်.... လူသုံးလေးရာရှိတဲ့ အဆင့်နိမ့်ဂိုဏ်းတစ်ဂိုဏ်းကို ဥပမာပေးရရင် အဲ့ဒီဂိုဏ်းကို ဝင်ခွင့်ရဖို့အတွက် အရင်ဆုံး အရည်အချင်းစစ်ရမယ်... ပြီးရင် စွမ်းအားနဲ့နောက်ခံကို စစ်ဆေးမယ်....ဒီဂိုဏ်းတွေက အသက်ကြီးတဲ့လူတွေကို မလိုချင်ဘူး"
"တခြားနေရာမရှိတဲ့ လူအများစုက သူတို့ရဲ့ကျင့်ကြံမှုကို ဆက်ပြီးတိုးတက်ချင်ရင် မြို့ထဲမှာနေရမယ်....ဒီခြေလှမ်းက တကယ်တော့ ဂိုဏ်းတစ်ဂိုဏ်းထဲကို ဝင်တာထက် ပိုပြီးခက်တယ်"
ကျိူးယွမ်ယန် မျက်မှောင်ကြုတ်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ကောင်းကင်ဘုံက ကြီးမားကျယ်ပြန့်ပြီးတော့ မြို့တွေအများကြီးရှိတယ်...လူတစ်ယောက်က မြို့တစ်မြို့မှာ အခြေချနေထိုင်ဖို့အတွက် ဘာအခက်အခဲတွေ ရှိလို့လဲ..."
လုယွီက ပြောဆိုသည်။
"မင်း မွေးဖွားလာတဲ့နေ့ကတည်းက မင်းက တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ....မင်းရဲ့မင်းသားအဖြစ် သတ်မှတ်ခံရမှုက မင်းကို စိုးရိမ်ပူပန်မှုမရှိတဲ့ ဘဝတစ်ခုမှာ နေထိုင်ခွင့်ပေးခဲ့တယ်....သာမန်လူတွေ ဘယ်လိုနေထိုင်တယ်ဆိုတာကို မင်း မသိတာ မထူးဆန်းဘူး"
"သာမန်ကျင့်ကြံသူတစ်ယောက်ကို ဥပမာပေးရရင် သူက ဆုငွေရတဲ့ တာဝန်တချို့ကို လက်ခံနိုင်တယ် ဒါမှမဟုတ် အလုပ်တချို့လုပ်နိုင်တယ်.... သူက တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်လောက် ရနိုင်တယ်...."
"ဒီစိတ်ဝိညာဉ်ကျောက်တုံးသုံးထောင်ကို ရဖို့မလွယ်ဘူး....ဒါပေမဲ့ တင်းအန်းကြယ်နယ်မြေရဲ့ သာမန်ပြည်နယ်က မြို့တစ်မြို့မှာ သူက အိမ်တစ်လုံး ဝယ်ချင်တယ်ဆိုရင် ဒါက အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်လေးသိန်းရှိတယ်.... တစ်နည်းအားဖြင့်ပြောရရင် သူက မစားမသောက်ဘဲ နှစ် ၆၀ ကျော် စုဆောင်းမှသာ ဒီလိုအိမ်တစ်လုံးကို ဝယ်နိုင်လိမ့်မယ်....ဒီအချိန်အတောအတွင်းမှာ သူက တည်းခိုခန်းတစ်ခုမှာနေရင် သူ လိုအပ်မယ့် အသုံးစရိတ်တွေက ပိုတောင်များသွားအုံးမယ်"
ကျိုးယွမ်ယန်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"တကယ်ပဲ ဒီလောက်ခက်ခဲတာလား..သူတို့က အိမ်မှာမနေဘဲ နေလို့မရဘူးလား.."
လုယွီက ပြောဆိုလိုက်၏။
"တာယွီတော်ဝင်နန်းတော်ရဲ့ စည်းမျဉ်းဥပဒေတွေအရ မြို့တိုင်းမှာ ညသုံးနာရီနောက်ပိုင်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်...လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ဘယ်သူမဆို အကျဉ်းချခံရမယ်... အကျဉ်းသားတချို့ကို သံမဏိမိုင်းတွင်းတွေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေလို အန္တရာယ်ရှိတဲ့နေရာတွေကို ပို့ဆောင်လိမ့်မယ်...သူတို့က အဲ့ဒီနေရာတွေကို ရောက်သွားရင် အသက်ရှင်ဖို့ အရမ်းခက်ခဲတယ်...ဒါကြောင့် သူတို့က သေချာပေါက် မစွန့်စားနိုင်ဘူး"
ကျိုးယွမ်ယန်သည် စကားမပြောနိုင်တော့ဘဲ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ဤအရာများသည် သူ၏ တော်ဝင်နန်းတော်၌ တစ်ကြိမ်တစ်ခါမျှ မမြင်မကြားခဲ့ဖူးသော အရာများပင်။
"ညတိုင်း မြို့ထဲက တောင်ပေါ်ဘုရားကျောင်းနဲ့ မြို့ဆင်ခြေဖုံးက သူတောင်းစားရပ်ကွက်တွေမှာ လူတွေအများကြီး စုဝေးနေကြတယ်ဆိုတာကို မင်း မသိမှာ ငါ စိုးရိမ်တယ်"
လုယွီက ပြောဆိုသည်။
"ဒီလူတွေက အိမ်ခြေရာမဲ့သူတောင်းစားတွေမဟုတ်ဘူး...သူတို့ထဲက အများစုက မြို့ထဲမှာ ကျင့်ကြံဖို့ ရည်ရွယ်တဲ့ ကျင့်ကြံသူတွေပဲ...မြို့ထဲမှာ မနေနိုင်တဲ့အတွက် သူတို့က တောင်ပေါ်ဘုရားကျောင်းထဲမှာ ပြွတ်သိပ်နေကြတယ်... လူငါးဆယ်ကျော်က မြေကွက်တစ်ခုထဲမှာ ကြပ်ညပ်နေကြတယ်....တစ်ခါတစ်လေ သူတို့မှာ အိပ်စရာနေရာတောင် မရှိဘူး"
Chapter 4977
"နေထွက်ချိန်ရောက်တိုင်း သူတို့အားလုံးက ပလ္လင်ခွေထိုင်ပြီး လေထုထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို အစွမ်းကုန် စုပ်ယူကြလိမ့်မယ်"
"ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အကန့်အသတ်ရှိတယ်...စိတ်ဝိညာဉ်စွမ်းအားအများစုကို ခြံဝင်းတချို့ရဲ့ဝင်္ကပါတွေက စုပ်ယူသွားတယ်...ဒါကြောင့် သူတို့အတွက် စိတ်ဝိညာဉ်စွမ်းအားတွေ စုပ်ယူဖို့ အချိန်သိပ်မရှိဘူး...ပုံမှန်အနေနဲ့ သူတို့မှာ အချိန်နှစ်နာရီလောက်ပဲရှိတယ်"
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။
"ဒါပေမဲ့ တောင်ပေါ်ဘုရားကျောင်းမှာ နေရတာက ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်.... အမျိုးသမီးကျင့်ကြံသူတွေက တခြားလူတွေရဲ့ မဖွယ်မရာပြုကျင့်တာကို ခံရတဲ့ကိစ္စက မကြာခဏဖြစ်တတ်တယ်.... လုယက်မှု သတ်ဖြတ်မှုတွေကိုလည်း ရှောင်လွှဲလို့မရဘူး"
ကျိုးယွမ်ယန်၏အသက်ရှူနှုန်း လျှင်မြန်လာသည်။
"ဒေသခံအာဏာပိုင်တွေက ဒီကိစ္စတွေကို ဂရုမစိုက်ဘူးလို့ ငါ့ကို မပြောနဲ့..."
"သူတို့က ဂရုစိုက်ပါတယ်...ဒါပေမဲ့ ကိစ္စက ကြီးမားမှသာ အရာရှိတွေ ထွက်ပေါ်လာတယ်.... ဒါပေမဲ့ နည်းလမ်းအများစုကတော့ သူတို့ကို မြို့ထဲကနေ နှင်ထုတ်ဖို့ပဲ...အရာရှိတွေက ဒီလိုကိစ္စမျိုးတွေကို စီမံခန့်ခွဲမပေးနိုင်ဘူး"
လုယွီက ဆက်လက်၍ ပြောဆိုလိုက်၏။
"အဆုံးသတ်မှာတော့ ဒီအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရတဲ့ အကြောင်းအရင်းက အိမ်ခြံမြေတွေ ဈေးကြီးလို့ပဲ....ဒါပေမဲ့ ဒီငွေက အုပ်ချုပ်ရေးအဖွဲ့ရဲ့ဘဏ္ဍာတိုက်ထဲကို မစီးဝင်ဘဲ ပိုင်ရှင်ရဲ့ငွေအိတ်ထဲကို စီးဝင်သွားတယ်...ဒါကြောင့် ထိပ်သီးမိသားစုတွေက ပိုပိုပြီးချမ်းသာလာကြတယ်...သာမန်လူတွေကတော့ ငွေမစုနိုင်ကြဘူး.... သူတို့ရဲ့ ကျင့်ကြံဆင့်ကလည်း ပိုပိုပြီးအားနည်းလာပြီးတော့ ထိပ်သီးမိသားစုတွေရဲ့ မျိုးဆက်သစ်တွေနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့ဘူး"
"ငါက ရှမိသားစုကို ဒီလောက်ထိ များပြားတဲ့ ကံကြွေးခံမြေတွေ ပေးခဲ့မိတယ်လို့ ငါ မထင်ဘူး....ကြယ်နယ်မြေတစ်ခုတည်းမှာ သူတို့ရဲ့ကံကြွေးခံမြေသုံးခုတောင်ရှိတယ်...မင်းသားတစ်ပါးတောင် ဒီလောက်ထိ ပိုင်ဆိုင်မှုရှိမှာ မဟုတ်ဘူး"
ကျိုးယွမ်ယန်၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဘာလို့လဲဆိုတော့ မြေယာပိုင်ဆိုင်မှုတွေက ပေါင်းစည်းသွားလို့ပဲ"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အရင်က မြေပိုင်ဆိုင်ခဲ့တဲ့လူတွေက စီးပွားကျသွားတယ် ဒါမှမဟုတ် သေဆုံးသွားကြတယ်.... သူတို့က အသက်ရှူချောင်ဖို့အတွက် မြေကို ဈေးပေါပေါနဲ့ ရောင်းခဲ့ရတယ်... ထိပ်သီးမိသားစုတွေက ဒီအချိန်မှာ မြေအားလုံးကို ဝယ်ဖို့ရွေးချယ်ကြလိမ့်မယ်... နောက်ဆုံးတော့ ဒီမြေတွေစုပေါင်းပြီး အရမ်းကြီးမားကျယ်ပြန့်တဲ့ နယ်မြေတစ်ခု ဖြစ်လာတယ်... သူတို့ရဲ့မြေကို ဆုံးရှုံးသွားတဲ့သူတွေကတော့ မြို့ကနေ ထွက်ခွာသွားဖို့ အတင်းအကြပ်ခိုင်းစေခံရတယ်"
"ဒါ့ပြင် တော်ဝင်နန်းတော်ရဲ့ အခွန်ကင်းလွတ်ခွင့်မူဝါဒကြောင့် မြေယာခွန်အမြောက်အများကို တော်ဝင်နန်းတော်ရဲ့ အခွန်အခငွေထဲကို မထည့်သွင်းနိုင်ခဲ့ဘူး...ဒါကြောင့် ထိပ်သီးမိသားစုတွေက မဆင်မခြင်ပြုမူနိုင်ပြီးတော့ မြေယာကို အသုံးချပြီး ငွေရှာနိုင်ခဲ့ကြတယ်"
လုယွီက ဆက်လက်၍ ပြောဆိုသည်။
"ဒါက ထိပ်သီးမိသားစုတွေရဲ့ အပြစ်တွေအများကြီးထဲက တစ်ခုပဲ... ဒါ့ပြင် ပြောရမယ်ဆိုရင် ထိပ်သီးမိသားစုတွေက ကြီးမားတဲ့ လုပ်ငန်းတွေကိုလည်း တစ်ဦးတည်းမူပိုင်လုပ်ထားတယ်... ဥပမာအနေနဲ့ ကျန်းမိသားစုရဲ့ စက္ကူထုတ်လုပ်ရေးလုပ်ငန်းက သာမန်ထင်ရပေမဲ့ အရမ်းအမြတ်အစွန်းများတယ်....တခြားသူတွေက ဒီလုပ်ငန်းမှာ ဝင်စွက်ဖက်ချင်ရင် သူတို့က ကျန်းမိသားစုရဲ့ ဖိနှိပ်တာကို ခံရနိုင်တယ်... သူတို့ကို ပယ်ထုတ်ခံရရင် နောက်ဆုံးမှာ ဘာမှမကျန်တော့ဘဲ အဆုံးသတ်သွားလိမ့်မယ်"
ကျိုးယွမ်ယန်သည် အလွန်အံ့အားသင့် သွားပေ၏။
"ငါကြားသလောက်တော့ ကျန်းမိသားစုက မင်းနဲ့ အဆင်ပြေတယ် မဟုတ်လား"
လုယွီက တုံ့ပြန်သည်။
"မင်းက အဆိပ်ကို အရိုးကနေ ခြစ်ပြီးကုသချင်ရင် မင်း စွန့်လွှတ်ရမယ်...ထိပ်သီးမိသားစုတွေက အတူတူပဲ.....သူတို့က အကျိုးကျေးဇူးတွေ ရဖို့အတွက် ငါ့ကို စိတ်စေတနာကောင်းတွေ ပြနိုင်တယ်.... ဒါပေမဲ့ ဒါက အင်ပါယာနဲ့ဆိုင်တဲ့ အရေးကိစ္စတစ်ခုပဲ...သူတို့က နာခံရလိမ့်မယ်"
"လုမိသားစုရော... မင်းရဲ့မိသားစုက အခုချိန်မှာ လုမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေပြီ"
"လုမိသားစုက ခြွင်းချက်မဟုတ်ဘူး...."
ကျိုးယွမ်ယန်၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။
"မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ"
"ပထမဆုံး မြေယာတွေအားလုံးက အုပ်ရေးရေးအဖွဲ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်"
လုယွီက ပြောဆိုသည်။
"မြို့မြေ စိုက်ပျိုးမြေနဲ့ သစ်တောမြေတွေအားလုံးက အုပ်ချုပ်ရေးအဖွဲ့ပိုင် ဖြစ်လိမ့်မယ်.... ကိုယ်ပိုင်မြေယာအရောင်းအဝယ်တွေကို တင်းတင်းကြပ်ကြပ် တားမြစ်မယ်...အခုလက်ရှိမှာ ထိပ်သီးမိသားစုအသီးသီးက သိမ်းပိုက်ထားတဲ့ မြေယာတွေကို အသိအမှတ်မပြုဘူး.... တရားဝင်နည်းလမ်းတွေနဲ့ ရရှိထားတဲ့ မြေယာတွေကိုလည်း အသိအမှတ်မပြုဘူး... အဲဒီကိစ္စအတွက် ငါက သူတို့ကို လျော်ကြေးပေးနိုင်တယ်"
ကျိုးယွမ်ယန်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အဲ့ဒီထိပ်သီးမိသားစုတွေက မင်း လုပ်မယ့်ကိစ္စကို သဘောတူမှာ မဟုတ်ဘူး"
"ဘယ်သူမဆို မနာခံရဲရင် ဖျက်ဆီးခံရဖို့သာ စောင့်နေလိုက်..."
လုယွီက အရေးမစိုက်သောလေသံနှင့် ပြောဆိုလိုက်၏။
သူ ပြောလိုက်သည်နှင့် သူ၏အသံအတွင်းတွင် မရေမတွက်နိုင်သော ဓားများနှင့် လှံများ ပုန်းအောင်းနေသည့်အလားပင်။ သူ၏စကားများကြားမှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်ကို ခံစားနိုင်ပြီး လူများကို ထိတ်လန့်ကြောက်ရွံစေနိုင်သည်။
Chapter 4978
လုယွီသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။ ထို့ကြောင့် သူသည် ရှေးရိုးစည်းမျဉ်းစည်းကမ်းများကို ဆုပ်ကိုင်ထားမည် မဟုတ်ပေ။
ပုန်းကွယ်နဂါးစစ်တပ်သည် တော်ဝင်မြို့တော်၏အပြင်ဘက်၌ ရှိနေလေ၏။ လုယွီသည် သူ လုပ်ချင်သောအရာကို ထိုထိပ်သီးမိသားစုများနှင့် ဆွေးနွေးရန် မလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သည်။
အကြီးမားဆုံး ပြောဆိုပိုင်ခွင့်သည် မည်သူက ပို၍သန်မာသည်ပေါ်တွင် မူတည်သည်။
လုယွီသည် ဤအချက်ကို သက်သေပြပြီးသားပင်။
"ငါတို့က ပြန်သိမ်းထားတဲ့မြေယာတွေကို ဖြန့်ဝေပေးနိုင်တယ်... ထိပ်သီးမိသားစုတွေက အုပ်ချုပ်ရေးအဖွဲ့ဆီကနေ မြေယာတွေ ပြန်ဝယ်နိုင်တယ်....ဒါပေမဲ့ ထိပ်သီးမိသားစုတစ်ခုစီက ပိုင်ဆိုင်တဲ့ မြေအရေအတွက်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ရမယ်....ထိပ်သီးမိသားစုတစ်စုတည်းက ဒေသကြီးသုံးခုကို ပိုင်ဆိုင်တဲ့ကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး..."
လုယွီက သူ၏အစီအစဉ်ကို ပြောဆိုလိုက်သည်။ ကျိုးယွမ်ယန်ပင်လျှင် သူ့ထံသို့ ထက်ရှသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
"ဒုတိယအချက်က အခွန်ဥပဒေပဲ..."
"တော်ဝင်နန်းတော်ရဲ့ အခွန်ကင်းလွတ်ခွင့်မူဝါဒက လုံးဝကျိုးကြောင်းမဆီလျော်ဘူး...ရှမိသားစုရဲ့ ပိုင်ဆိုင်မှုက တော်ဝင်နန်းတော်ထက်တောင် ပိုများတယ်...ဒါပေမဲ့ သူတို့က အခွန်ပေးစရာမလိုဘူး....ဒါက အကြီးမားဆုံး မတရားမှုပဲ..."
ကျိုးယွမ်ယန်က မေးမြန်းလိုက်၏။
"မင်း ဒါကို ဘယ်လိုပြောင်းလဲဖို့ စီစဉ်ထားလဲ...."
လုယွီက တုံ့ပြန်အဖြေပေးသည်။
"မြင့်မြတ်တဲ့ ထိပ်သီးမိသားစုတွေအားလုံးအတွက် အခွန်ကင်းလွတ်ခွင့်မူဝါဒကို ဖျက်သိမ်းမယ်....တော်ဝင်မိသားစု မြင့်မြတ်သူတွေနဲ့ အရာရှိတွေကလည်း အခွန်ပေးဆောင်ခြင်းကနေ ကင်းလွတ်ခွင့်မရှိဘူး.... ဧကရာဇ်တောင်မှ ဥပဒေအတိုင်း အခွန်ပေးဆောင်ရမယ်...လူတိုင်းတန်းတူညီမျှပဲ...ဘယ်သူမှ ခြွင်းချက်မဖြစ်နိုင်ဘူး"
"မင်းရဲ့အကြံအစည်က လက်တွေ့မဆန်ဘူး"
ကျိုးယွမ်ယန်က သရော်တော်တော် ပြုံးလိုက်သည်။
"အရာအားလုံးက လူပေါ်မှာမူတည်တယ်... မင်းက ဒီလိုလုပ်ဖို့ စဉ်းတောင်မစဉ်းစားရဲရင် မင်း ဧကရာဇ်ဖြစ်နေရင်တောင် ဘာလုပ်နိုင်မှာလဲ..."
လုယွီက အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ဒါ့ပြင် အတိတ်တုန်းက ကျောင်းတော်သားတွေမှ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်တဲ့သူတွေက အခွန်ကင်းလွတ်ခွင့်ရနိုင်တယ်... ဒါကလည်း ကျိုးကြောင်းမဆီလျော်ဘူး... နောက်ပိုင်းမှာ တစ်ယောက်ယောက်က ထိပ်သီးကျောင်းတော်သားဖြစ်သွားရင်တောင် ခြွင်းချက်မဟုတ်ဘူး"
ကျိုးယွမ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ လုယွီ ပြောဆိုသော စကားသည် ကွန်ဖြူးရှပ်ဂိုဏ်း၏အကျိုးစီးပွားနှင့် သက်ဆိုင်ပေ၏။
လုယွီသည် စာပေသူတော်စင်၏တပည့် ဖြစ်သော်လည်း သူသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ခေါင်းကို ဓားဖြင့်ရွယ်ခဲ့သည်။ ဤသည်မှာ ကျိုးယွမ်ယန် မမျှော်လင့်ထားသောအရာပင်။
"ငါက တော်ဝင်မြို့တော်ရဲ့ပိုင်နက်က ကြယ်နယ်မြေတွေမှာ လယ်ယာခွန်ကို ဖျက်သိမ်းခဲ့တယ်.... ဒါပေမဲ့ ဒီအခွန်ငွေကွာဟချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် ငါက ထိပ်သီးမိသားစုတွေဆီကနေ ညှစ်ထုတ်ဖို့ နည်းလမ်းရှာရမယ်... ချမ်းသာတဲ့သူတွေအပေါ် အခွန်စည်းကြပ်ပြီး ဆင်းရဲသားတွေအတွက် အထူးထောက်ပံ့ကြေးတွေ စီစဉ်ပေးမယ်...ဒါတွေက ငါ့ရဲ့ကဏဦးအကြံတွေပဲ... ငါ စဉ်းစားဖို့လိုသေးတယ်"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ငါက ရှမိသားစုပိုင်ဆိုင်တဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ပြန်ယူချင်တယ်...အခုကစပြီးတော့ ဒီလောကကြီးမှာ လည်ပတ်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းက အုပ်ချုပ်ရေးအဖွဲ့က တည်ထောင်တဲ့ ငွေအပ်နှံ့ဌာနကနေ လာရမယ်"
"သံမဏိ စိတ်ဝိညာဉ်ကျောက်တုံး ဆား ငွေသတ္ထု ဒီလုပ်ငန်းတွေကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ တစ်ဦးတည်းမူပိုင်အဖြစ် ထားမယ်....ဘယ်မိသားစုမဆို အဲ့ဒီလုပ်ငန်းတွေအပေါ် လက်တင်ရဲရင် ငါ သူတို့ကို ဖျက်ဆီးပစ်မယ်"
"ဂိုဏ်းတွေနဲ့ မြင့်မြတ်နယ်မြေတွေကို တော်ဝင်နန်းတော်က စောင့်ကြည့်ဖို့လိုတယ်...တော်ဝင်နန်းတော်က ဂိုဏ်းအင်အားစုတွေအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပြီးတော့ သူတို့ရဲ့အမြတ်ငွေတွေကို တော်ဝင်ဘဏ္ဍာတိုက်ထဲကို ထည့်ဖို့ နောက်ထပ်ရုံးတော်တစ်ခုကို တည်ထောင်ဖို့လိုတယ်"
"ဒါ့ပြင် အစက ထိပ်သီးမိသားစုတွေရဲ့ တစ်ဦးတည်းမူပိုင်လုပ်ထားတဲ့ လုပ်ငန်းတွေကို ဖြိုခွဲပြီးတော့ သူတို့ လက်ဝါးကြီးအုပ်တာကို တားဆီးဖို့လိုတယ်... အင်အားစုအသစ်တွေ ဝင်ရောက်လာဖို့ အားပေးတာက အရေးအကြီးဆုံးပဲ...ဒါက ထိပ်သီးမိသားစုတွေ ပိုပိုပြီးအင်အားကြီးလာတာကို တားဆီးဖို့ သော့ချက်လည်းဖြစ်တယ်"
လုယွီ၏စကားများကို ကြားချိန်တွင် ကျိုးယွမ်ယန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောဆိုလိုက်၏။
"မင်းရဲ့အကြံက သူတို့ရဲ့အခြေခံအုတ်မြစ်ကို ထိပါးသွားပြီ... ဒီလူတွေက မင်းကို ပွင့်ပွင့်လင်းလင်း မပုန်ကန်ရင်တောင် အသေးအဖွဲလှုပ်ရှားမှုတချို့တော့ သေချာပေါက်လုပ်လိမ့်မယ်..မင်းက အင်ပါယာတစ်ခုလုံးကို လုံခြုံအောင်လုပ်ဖို့က အဲ့ဒီလောက်လွယ်မှာ မဟုတ်ဘူး"
လုယွီ၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"မင်း အခုမပြောင်းလဲရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုကို ဦးတည်သွားလိမ့်မယ်... ရှေးဟောင်းနတ်ဆိုးက လောကနှစ်ခုတောင်တန်းရဲ့အပြင်ဘက်မှာ သူတို့ရဲ့အင်အားကို စုဆောင်းနေတယ်...လူသားမျိုးနွယ်က အချိန်ဖြုန်းလို့ မရတော့ဘူး"
ကျိုးယွမ်ယန်ကို ကြည့်ရသည်မှာ အနည်းငယ်ကြက်သေသေသွားပုံပင်။
သူက လုယွီကိုကြည့်ပြီး ရုတ်တရက် ပြောဆိုလိုက်၏။
"လုယွီ...မင်းသာ ငါ့ရဲ့လက်အောက်မှာ နေမယ်ဆိုရင် ငါ မင်းကို အတွင်းဝန်ချုပ်ရာထူးပေးမယ်"
"အသက်နှစ်ဆယ်ကျော်အရွယ် အတွင်းဝန်ချုပ်တစ်ယောက်...ရှေးဟောင်းခေတ်ကနေကြည့်ရင်တောင် ဒီရာထူးကို ဒီအသက်အရွယ်နဲ့ရတာ မင်းက ပထမဆုံးဖြစ်မှာ သေချာတယ်... ငါမင်းကို ကြီးမားတဲ့ အခွင့်အာဏာလည်းပေးမယ်... မင်းကို အာဏာထိန်းချုပ်ခွင့်ပြုပြီးတော့ ထိပ်သီးမိသားစုတွေရဲ့ အခွင့်အရေးတွေအားလုံးကို ဖယ်ရှားခွင့်ပေးမယ်...မင်း ဘယ်လိုသဘောရလဲ..."
Chapter 4979
ကျိုးယွမ်ယန်၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားနေပုံပင်။
သမိုင်းစဥ်တလျှောက်လုံးတွင် အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းဝန်ချုပ်ရုံးသည် ကြွယ်ဝသော အတွေ့အကြုံနှင့် ကောင်းမွန်သည့် ကိုယ်ကျင့်တရားရှိသော အကြီးအကဲများကိုသာ အတွင်းဝန်ချုပ်အဖြစ် အမှုထမ်းစေခဲ့သည်။ ထို့ကြောင့် အတွင်းဝန်ချုပ်ရာထူးကို ရရှိခဲ့သူများအနက် အများစုသည် သူတို့၏ဆံပင်များပင် ဖြူဖွေးနေခဲ့လေပြီ။
လုယွီသာ အတွင်းဝန်ချုပ်ရာထူးကို ရရှိနိုင်ပါက တခြားအရာများကို ထည့်မပြောလျှင်ပင် သူသည် သမိုင်းတွင် သူ၏နာမည်ကို သေချာပေါက် ချန်ထားနိုင်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကို တုန်လှုပ်စေနိုင်လိမ့်မည်။
"ကျိုးယွမ်ယန်.... မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ"
လုယွီက မေးမြန်းလိုက်သည်။
"ငါက မင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်...မင်းက တစ်ခုခုလုပ်ချင်တယ်ဆိုမှတော့ ငါက မင်းကို မမျှမတဆက်ဆံမှာ မဟုတ်ဘူး...အနာဂတ်မှာ ဧကရာဇ်နဲ့လက်အောက်ငယ်သားတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု မဖန်တီးနိုင်စရာ အကြောင်းမရှိဘူး"
ကျိုးယွမ်ယန်က အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
လုယွီက ကျိုးယွမ်ယန်ကို စူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"မင်းက ရှမိသားစုရဲ့ ရုပ်သေးတစ်ရုပ်ပဲ.. ငါ မင်းကို ဘယ်လိုယုံကြည်နိုင်မှာလဲ..ထိပ်သီးမိသားစုတွေရဲ့ အခွင့်အရေးတွေကို ငါ ဘယ်လိုဖယ်ရှားနိုင်မှာလဲ..."
ကျိုးယွမ်ယန်၏မျက်နှာပေါ်ရှိ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"ကြည့်ရတာတော့ မင်းက ငါ့ရဲ့ထီးနန်းကို လုယူတော့မယ့်ပုံပဲ"
ကျိုးယွမ်ယန် ခြေတစ်လှမ်းချင်း နောက်သို့ဆုတ်ခွာပြီး စင်မြင့်ပေါ်သို့ လျှောက်သွားကာ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်၏။
ဘုန်း....
ကျိုးယွမ်ယန်၏ခန္ဓာကိုယ်မှ ဧကရာဇ်တစ်ပါး၏အရှိန်အဝါ ပွင့်အံ့ထွက်လာသည်။
ရွှေရောင်နဂါးတစ်ကောင်၏ပုံရိပ်ယောင်သည် ကျိုးယွမ်ယန်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ထိုရွှေရောင်နဂါးသည် ကျိုးယွမ်ယန်၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး သူ၏မျက်လုံးများအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ မိုးခြိမ်းသံအလားပင်။
ဤသည်မှာ တာယွီ၏ ကံကြမ္မာရွှေရောင်နဂါးဖြစ်သည်။ ထိုအရာ၏ကောင်းချီးပေးမှုဖြင့် ကျ ကျိုးယွမ်ယန်၏စွမ်းအားသည် အချိန်တိုအတွင်း၌ လျင်မြန်စွာ မြင့်တက်လာပေ၏။
"လုယွီ... မင်းက ငါ့ကို ပုန်ကန်တော့မှာလား...." ကျိုးယွမ်ယန်၏အသံသည် ရွှေရောင်နဂါး၏ ပါးစပ်မှ ထွက်ပေါ်လာပြီး ခန်းမဆောင်ရှိ ဖယောင်းတိုင်မီးတောက်များကို လှုပ်ခတ်သွားစေသည်။
လုယွီက သူ့ကို တည်ငြိမ်စွာကြည့်ပြီး ပြောဆိုသည်။
"ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်"
"ဟား ဟား ဟား...."
ကျိုးယွမ်ယန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ငါ့အသက်ကို ချန်ထားဖို့ မင်းကို လိုလို့လား... လုယွီ ငါက မင်းရဲ့အရည်အချင်းကို နှမြောတာကြောင့် မင်း အသက်ရှင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ပေးခဲ့တယ်....ကံမကောင်းစွာနဲ့ မင်းက ဒါကို ကောင်းကောင်းမဆုပ်ကိုင်နိုင်ဘူး... ဒါကြောင့် ငါ့ကို အပြစ်မတင်နဲ့"
ရွှေရောင်နဂါး၏ ထွက်ပေါ်လာမှုနှင့်အတူ ကျယ်ဝန်းသော စကြာဝဠာခန်းမဆောင်အတွင်းတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများဖြင့် ပြည့်နှက်နေသည်။
အဖြူရောင်ဝတ်စုံဝတ်လူသုံးဦးသည် အမှောင်ထုအတွင်းမှ ထွက်လာကြ၏။ သူတို့၏ဝတ်စုံများပေါ်ရှိ အမှတ်အသားများအရ သူတို့အားလုံးသည် ရှမိသားစုဝင်များပင်။
"မင်းတို့က ဒီအချိန်တစ်လျှောက်လုံး အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တာပဲ....ဒါဆို မင်းတို့က ဒီအချိန်မှာ ငါ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာပေါ့....ကျိုးယွမ်ယန်... မင်းက ရှမိသားစုရဲ့ ထိန်းချုပ်တာကို ခံနေရတောင် ရှမိသားစုအတွက် အလုပ်လုပ်ပေးချင်သေးတာလား"
လုယွီက ပြောဆိုသည်။
ကျိုးယွမ်ယန်၏မျက်နှာပေါ်တွင် ရူးသွပ်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပြီး သူက သရော်တော်တော် ပြောဆိုသည်။
"ရှမိသားစုအတွက် အလုပ်လုပ်တော့ ဘာဖြစ်လဲ....ငါက ဧကရာဇ်ဖြစ်နေတုန်းပဲ... မင်းက သေလူတစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်..."
ကျိုးယွမ်ယန်၏အသံ အဆုံးသတ်သွားသည်နှင့် အဖြူရောင်ဝတ်စုံဝတ်လူသုံးဦး ရှေ့သို့ထွက်လာကြ၏။
အနီးကပ်ကြည့်လျှင် ဤအဖြူရောင်ဝတ်စုံဝတ်လူသုံးဦးတွင် အလွန်တူညီသော မျက်နှာများရှိပြီး တစ်မိသားစုတည်းမှ မွေးဖွားလာသော ညီအစ်ကိုများအလားပင်။
"ရှမိသားစုအကြီးအကဲ ရှယင်ရီ"
"ရှမိသားစုအကြီးအကဲ ရှစန်းချိုင်"
"ရှမိသားစုအကြီးအကဲ ရှစစ်ရှန်"
သူတို့သုံးဦးသည် သူတို့၏နာမည်များကို ထုတ်ဖော်ပြောဆိုသည့် အချိန်အခိုက်အတန့်တွင် အစွမ်းထက်ပြီး အကန့်အသတ်မရှိသော အရှိန်အဝါတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များမှ ပွင့်အံ့ထွက်လာသည်။ သူတို့၏မှော်စွမ်းအားများသည် အလွန်အစွမ်းထက်ပြီး သူတို့၏အရှိန်အဝါသည် မိုးကောင်းကင်ယံထိ ပျံ့လွင့်နေကာ နက်နဲသိမ်မွေ့သောအလင်းတန်းများဖြင့် တောက်ပနေသည်။ သူတို့အားလုံးသည် တာအိုသခင်နယ်ပယ် ကျင့်ကြံသူများပင်။
သူတို့သည် စကားအနည်းငယ်သာ ပြောဆိုခဲ့သော်လည်း စကြာဝဠာခန်းမဆောင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ စကြာဝဠာခန်းမဆောင်သည် တာယွီတော်ဝင်နန်းတော်ရှိ အရေးကြီးဆုံးနန်းဆောင်ပင်။ အကယ်၍ ဤနန်းဆောင်ကို အထူးသီးသန့် နည်းလမ်းများဖြင့် တည်ဆောက်ခဲ့ခြင်းမရှိပါက တာသခင်သုံးဦး၏စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ ချက်ချင်းပြိုကျသွားပေလိမ့်မည်။
လုယွီက ကျိုးယွမ်ယန်၏ ရူးသွပ်လုနီးပါးဖြစ်နေသောမျက်နှာကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ကြည့်ရတာတော့ မင်းက ငါပြောတာတွေကို နားမလည်တဲ့ပုံပဲ"
"ငါက မင်း ပြောတာတွေကို နားလည်တာပေါ့... လုယွီ မင်းက အိပ်မက်မက်နေတာပဲ...အရမ်းရူးသွပ်လွန်းတယ်..မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...ဒီလောကကြီး တည်တံ့လာတာ နှစ်ပေါင်းသောင်းချီပြီး ကြာမြင့်ခဲ့ပြီ... ဒါတွေအားလုံးက မင်းကြောင့်ပဲ.... မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုပြောင်းလဲနိုင်မှာလဲ"
ကျိုးယွမ်ယန်က ပြောဆိုသည်။
"ထိပ်သီးမိသားစုတစ်ခုရဲ့ အခြေခံအုတ်မြစ်က မင်း စိတ်ကူးနိုင်တာထက် ပိုတယ်.... မင်း အာဏာရရင်တောင် မင်းကိုယ်တိုင်ပဲ ပျက်စီးသွားမှာ သေချာတယ်"
Chapter 4980
ကျိုးယွမ်ယန်သည် ဒေါသတကြီး အော်ငေါက်မိလုနီးပါးပင်။
ထိပ်သီးမိသားစုတစ်စု၏ အာဏာသည် ကျိုးယွမ်ယန်အတွက် ကြောက်မက်ဖွယ်ကောင်းပေ၏။ ဤသည်မှာ သူ့ကို အလွန်နက်ရှိုင်းစွာ ထိခိုက်စေခဲ့သည်ဟု ဆိုနိုင်သည်။
ကျိုးယွမ်ယန်၏အတွေးအရ သူသည် ထိပ်သီးမိသားစုများကို ခုခံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ကျိုးယွမ်ယန်သည် ရှမိသားစု အလွန်အင်အားကြီးမားပြီး တားဆီး၍မရနိုင်ကြောင်း သိသော်လည်း ထိုကိစ္စကို လျစ်လျူရှုထားရန် ရွေးချယ်ခဲ့သည်။
သူ ဧကရာဇ်ဖြစ်နေသမျှ ကာလပတ်လုံး သူ နဂါးပလ္လင်ပေါ်တွင် အခိုင်အမာ ထိုင်နိုင်သမျှ ကာလပတ်လုံး သူသည် ရှမိသားစု၏ ရုပ်သေးတစ်ရုပ်ဖြစ်နေလျှင်ပင် ကိစ္စမရှိတော့ချေ။
"ထားလိုက်တော့..."
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။ သူသည် ကျိုးယွမ်ယန် မည်သို့တွေးနေသည်ကို သိရှိပြီးဖြစ်သည်။
လုယွီသာ အမှန်တကယ် အတွင်းဝန်ချုပ်ဖြစ်လာပါက သူသည် ကျိုးယွမ်ယန်မှ ထိပ်သီးမိသားစုများကို ထိန်းချုပ်ရန် အသုံးပြုသော ထက်ရှသည့်ဓားတစ်လက် ဖြစ်သွားပေလိမ့်မည်။ ကျိုးယွမ်ယန်မှာမူ လွတ်မြောက်သွားပြီး တောင်ပေါ်တွင်ထိုင်ကာ ကျားများတိုက်ခိုက်သည်ကို ကြည့်ရှုနိုင်ပေလိမ့်မည်။
လုယွီသည် ကျိုးယွမ်ယန်၏အတွေးများကို နားလည်နိုင်ပေ၏။
ထို့နောက် လုယွီသည် ရှမိသားစု၏ အကြီးအကဲသုံးဦးကို ကြည့်ပြီး အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့သုံးယောက်က ငါ့ကို တားနိုင်မယ်လို့ ထင်လား..."
ရှအကြီးအကဲသုံးဦးအနက်မှ တစ်ဦးဖြစ်သော ရှစစ်ရှန်က ရှေ့သို့ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လုယွီ...မင်းက ဧကရာဇ်ကို ခြိမ်းခြောက်ပြီး တော်ဝင်မြို့တော်ကို ဝန်းရံရဲတယ်....မင်းက ဆိုးရွားတဲ့ ပြစ်မှုတစ်ခုဖြစ်တဲ့ ပုန်ကန်မှုကို ကျူးလွန်ပြီးသားပဲ.... ငါတို့က ဒီနေ့ ဧကရာဇ်အတွက် ပုန်ကန်သူတွေကို ရှင်းလင်းပေးဖို့ လာခဲ့တာပဲ....မင်းလို သစ္စာဖောက်တစ်ယောက်ကို ဖယ်ရှားပစ်မယ်...မင်း ဒီနေ့ အသက်ရှင်ရက် ထွက်သွားဖို့ မစဉ်းစားနဲ့..."
သူ၏စကားမဆုံးမီမှာပင် လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဥပဒေသတစ်ခုကို နားလည်သဘောပေါက်တာတောင် မကြာသေးတဲ့ တာအိုသခင် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့ရှေ့မှာ ကြွားဝါရဲတာလား... သေလိုက်စမ်း..."
နောက်ထပ်အချိန်တခဏတွင် လုယွီက သူ၏လက်ကိုမြှောက်ပြီး ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
ဤလက်ဝါးရိုက်ချက် ကျရောက်လာချိန်တွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးတော့မည့်အလားပင်။ ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်တစ်ယောက်၏စွမ်းအားပေါ်တွင် ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် မှော်စွမ်းအားနှစ်ခုကို ထပ်ဆင့်ထားသဖြင့် ဤအရာတွင် အကန့်အသတ်မရှိကြီးမားသော စွမ်းအားတစ်ရပ်ပါဝင်သည်။
သူ၏ရှေ့မှ လူသုံးဦးသည် တာအိုသခင်နယ်ပယ် ကျင့်ကြံသူများဟု ထင်ရသော်လည်း လုယွီသည် သူတို့၏နောက်ခံကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်သည်။
ဤလူများ၏အရည်အချင်းဖြင့် တာအိုသခင်နယ်ပယ်သို့ မည်သို့မျှ မရောက်ရှိနိုင်ချေ။
အများဆုံးအနေဖြင့် သူတို့သည် ခြေလှမ်းတစ်ဝက် တာအိုသခင်နယ်ပယ်သို့သာ ရောက်ရှိနိုင်ပေမည်။ သူတို့သည် ဆေးလုံးများကိုသုံးစွဲကာ သူတို့၏ရုပ်ခန္ဓာကိုယ်နှင့်ကျင့်ကြံဆင့်ကို အားဖြည့်ပြီး တာအိုသခင်နယ်ပယ်သို့ အတင်းအကြပ်မြှင့်တင်ထားခြင်းပင်။
တာအိုသခင်ဟူသည်မှာ မဟာတာအိုဥပဒေသများကို ကျွမ်းကျင်ပိုင်နိုင်သူဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် တာအိုသခင်ဖြစ်လာရန်အတွက် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို ဦးစွာနားလည်သဘောပေါက်ပြီး ဆုပ်ကိုင်ထားရပေမည်။
ဤလူများမှ ဆေးဝါးများအားကိုးဖြင့် ဆုပ်ကိုင်ထားသော ဥပဒေသများသည် သူတို့ကိုယ်တိုင် နားလည်သဘောပေါက်ထားခြင်း မဟုတ်ချေ။ ထို့ကြောင့် ထိုအရာများကို ပြင်ပအရာများအဖြစ်သာ မှတ်ယူနိုင်ပြီး သူတို့၏ကိုယ်ပိုင်အစွမ်းအစအဖြစ် မမှတ်ယူနိုင်ချေ။
ဤအချက်ကို ထွင်းဖောက်မြင်ပြီးနောက် ဤလူများအား သူ ကြောက်ရွံရန် မလိုတော့ချေ။
ဘန်း...ဘန်း..ဘန်း...
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ရှစစ်ရှန်၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားသည်။ သူ၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်သောအရိုးများ ကျိုးသွားပြီး အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိလာသည်။ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါ အမြောက်အများကို လုယွီက လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့လေ၏။
"မဟုတ်ဘူး..."
ရှစစ်ရှန်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
သူ့ထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် သေးငယ်သော ဖားလောင်းများကဲ့သို့သော တွန့်လိမ်ကောက်ကွေ့နေသော ကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်။
ဤကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်နှင့် အကန့်အသတ်မဲ့ပြီး အစွမ်းထက်သော အလင်းလွှာတစ်လွှာကို ထုတ်လွှတ်လိုက်ပြီး ရှစစ်ရှန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ့အား ကာကွယ်လိုခဲ့သည်။
သို့ရာတွင် လုယွီသည် သူ့ကို မည်သည်ကြောင့် ဤအခွင့်အရေး ပေးမည်နည်း...
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ညှိုးဖြင့် ရှစစ်ရှန်ကို ချိန်ရွယ်လိုက်၏။
ဤလက်ညှိုးအတွင်းတွင် အစစ်အမှန်းနဂါးတစ်ရာကျော်၏စွမ်းအား ကိန်းအောင်းနေသည်။
ဝှစ်ဟူသောအသံနှင့်အတူ ရှစစ်ရှန်၏ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလင်းလွှာသည် စက္ကူတစ်ရွက်အလား ကြေမွှပျက်စီးသွားသည်။
ရှစစ်ရှန်၏နဖူးပေါ်တွင် ကြီးမားသော အပေါက်တစ်ခု ထွက်ပေါ်လာပြီး အနီရင့်ရင့်သွေးများ ယိုစီးကျလာသည်။
ရှမိသားစု၏ မြင့်မြတ်သော အကြီးအကဲရှစစ်ရှန်မှာ နေရာမှာပင် သတ်ဖြတ်ခံလိုက်ရသည်။ ဤကိစ္စ အစမှအဆုံးထိ အသက်ရှူချိန်အနည်းငယ်သာ ကြာမြင့်ခဲ့လေ၏။
ရှစစ်ရှန် သေဆုံးသွားသည့် အချိန်အခိုက်အတန့်တွင် မှော်စွမ်းအားအမျှင်တန်းတစ်တန်းသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လုယွီ၏နံဘေးသို့ ကျရောက်သွားသည်။
လုယွီသည် သူ၏ရင်ဘတ်အတွင်းတွင် အပူရှိန်တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် တဖန်ပြန်၍ထွက်ပေါ်လာပြီး ရှစစ်ရှန်၏မှော်စွမ်းအားများကို အရူးအမူးဝါးမြိုနေပေ၏။