အခန်း (၁၆၁-၁၆၂)
Vol. 9 Ch. 161-162
အပိုင်း (၁၆၁) သီချင်းဆိုနေသော အမျိုးသမီး
"ရေထဲမှာ သန္ဓေပြောင်းငါးတွေ အများကြီးရှိတယ်... နောက်ဆို ငါတို့ ငါးချဉ်စပ် ချက်စားလို့ ရလောက်မယ်"
ဆိုင်ခန်းတစ်ခုလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးသော်လည်း လိုချင်သည့်အရာကို မတွေ့ရပေ။
ထို့နောက် လူနှစ်ဦးမှာ အရှိန်မြှင့်ကာ ရှေ့ဆက်သွားကြသည်။ ဆိုင်ခန်းအဝတွင် လူရှိမရှိ အော်ခေါ်ကြည့်သည်။ တုံ့ပြန်သံ မကြားရပါက ချက်ချင်းပင် ထွက်ခွာသွားကြသည်။
"လင်းယွမ်... ဒီမှာ အရေးပေါ် လှေကားရှိတယ်... ရေကွက်တွေနဲ့ ခြေရာတွေ တွေ့တယ်"
ရုတ်တရက် ကုဖုန်းက အရေးပေါ် လှေကားလမ်းကို ရှာတွေ့သွားပြီး အလျင်စလို အော်ပြောလိုက်သည်။
လင်းယွမ်က ချက်ချင်း ရောက်လာပြီး လှေကားလမ်းကို ဓာတ်မီးထိုးကြည့်လိုက်သည်။
စင်္ကြံလမ်းတစ်လျှောက်တွင် ရေကွက်အများအပြားနှင့် စိုစွတ်နေသော ခြေရာ အတော်များများကို တွေ့လိုက်ရသည်။
"ဒါ လူခြေရာတွေပဲ... သူတို့ အပေါ်ထပ် တက်သွားကြတာ နေမှာ"
လင်းယွမ်က ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
"သွားစို့... လိုက်ကြည့်ရအောင်"
ထို့နောက် သူတို့နှစ်ဦးသည် ခြေရာများနှင့် ရေကွက်များအတိုင်း အပေါ်ထပ်သို့ အမြန်တက်သွားကြသည်။
သုံးထပ်ခန့် ဆက်တိုက် တက်လာပြီးနောက် ခြေရာအချို့မှာ အပြင်ဘက် စင်္ကြံလမ်းလျောက်သို့ ဦးတည်သွားပြီး အချို့မှာ အပေါ်ထပ်သို့ ဆက်တက်သွားကြောင်း တွေ့လိုက်ရသည်။
လင်းယွမ်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး...
"ဒီအလွှာမှာ လူရှိမရှိ အရင်ကြည့်ရအောင်"
ကုဖုန်းက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး စင်္ကြံလမ်းဘက်သို့ ထွက်လာခဲ့ကြသည်။
စင်္ကြံအဝသို့ ရောက်သည်နှင့် လူအချို့ စကားပြောနေသံကို ကြားလိုက်ရသည်။
"အစ်ကိုလု... ခင်ဗျားသမီးရော... တွေ့ပြီလား"
"တွေ့ပြီ... တွေ့ပြီ... ညီမတုံ ကူညီလို့ပေါ့... မဟုတ်ရင် စကားမပြောတတ်တဲ့ ယွီယန်လေးအတွက် ကျွန်တော် စိတ်ပူလို့ သေတော့မှာ"
"တွေ့ရင် ပြီးတာပါပဲဗျာ... လင်းယွမ်တို့ ဘယ်လိုနေမလဲ မသိဘူးနော်"
"လင်းယွမ်က ဟို သန္ဓေပြောင်း ရေဘဝဲကြီးကို သွားတိုက်ခိုက်တာ... သူ ဒီထဲ ဝင်မလာဘူး"
"ဟေ... ဒါဆို တခုခု ဖြစ်သွားမလား"
"ငါပြောသားပဲ... ငါတို့ ဟိုက ထွက်မလာသင့်ပါဘူးလို့... တိုက်ပေါ်မှာ နေတာက ပိုကောင်းပါတယ်ဆို"
"ခင်ဗျားက အခုမှ လာပြီး လေမကန်နဲ့... ဒီ ဟန်လုံစင်တာထဲက လူတွေသာ ရေဘဝဲကြီးကို မျှားမခေါ်ရင် ကျုပ်တို့ အတိုက်ခိုက်ခံရမှာ မဟုတ်ဘူး... ဒီက လူတွေကိုပဲ အပြစ်တင်ရမှာ... လင်းယွမ်နဲ့ ဘာဆိုင်လို့လဲ"
"ဟုတ်တယ်လေ... လင်းယွမ်က လူတွေကို ကယ်ဖို့အတွက် ရေဘဝဲကြီးကို သွားတိုက်ခိုက်တာ... သူ့ရဲ့ အစွမ်းနဲ့ဆို ဒီထဲကို ဝင်လာဖို့က လွယ်လွယ်လေးပဲ"
"အဲ့ဒါက ငါတို့အတွက် ဖြစ်ချင်မှ ဖြစ်မှာပါ"
အပြင်ဘက်တွင် လူအုပ်စုက လေသံတိုးတိုးဖြင့် ဆွေးနွေး ငြင်းခုံနေကြသည်။ အချို့က လင်းယွမ်နှင့်အတူ လိုက်လာမိသည်ကို နောင်တရနေကြပုံ ပေါ်သည်။
သို့သော် လူအများစုမှာ လင်းယွမ်၏ ကျေးဇူးကို ထောက်ထားပြီး လင်းယွမ်ဘက်မှ နာမည်ပျက်မခံဘဲ ပြန်လည် ချေပပြောဆိုနေကြသည်။
ဤလူများသည် လင်းယွမ်နှင့် လိုက်ပါရန် ရွေးချယ်ခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ လင်းယွမ်အပေါ် ယုံကြည်မှု ရှိကြသည်။
မိမိတို့၏ ခင်ပွန်း သို့မဟုတ် သားဖြစ်သူက လိုက်သွားရန် ဆုံးဖြတ်ချက် ခိုင်မာနေသဖြင့် မလိုက်ချင်ဘဲ ပါလာရသည့် လူနည်းစုကသာ လက်ရှိ အခြေအနေကို မကျေမနပ် ဖြစ်ပြီး ညည်းညူနေကြခြင်း ဖြစ်သည်။
လင်းယွမ်က ထိုစကားများကို ကြားလိုက်ရသဖြင့် အရေးပေါ် တံခါးကို လှမ်းတွန်းလိုက်သည်။
"ကျွီ"
တံခါးပတ္တာများ ပွတ်တိုက်သံနှင့်အတူ တံခါးပွင့်သွားပြီး လင်းယွမ်နှင့် ကုဖုန်းတို့ ထွက်လာကြသည်။
လင်းယွမ်က သူ၏ စိတ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကျက် အကဲခတ်လိုက်ရာ ဤအလွှာ၌ လူတစ်ဒါဇင်ခန့် စုဝေးနေကြောင်း သိလိုက်ရသည်။
အားလုံးမှာ သာမန်လူများ ဖြစ်ကြပြီး ထိုအထဲတွင် ရင်းနှီးသော မျက်နှာအချို့ကို လင်းယွမ် တွေ့လိုက်ရသည်။
ထိုအထဲ၌ လုတရုံနှင့် သူ့သမီး လုယွီယန်တို့လည်း ပါဝင်သည်။
"အားလုံး... ကျွန်တော့်အကြောင်း ပြောနေကြတာလား"
လင်းယွမ်က လေးနက်သော အသံဖြင့် မေးလိုက်ရာ လူတိုင်း လန့်ဖျပ်သွားကြပြီး လှေကားပေါက်ဝသို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
လုတရုံသည် လင်းယွမ်ကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ ဖြစ်သွားပြီး...
"လင်းယွမ်... ခင်ဗျား ဘာမှ မဖြစ်ဘူးနော်"
အခြားလူများကလည်း လင်းယွမ်ကို မြင်သည်နှင့် ကျောထောက်နောက်ခံ ပြန်ရလိုက်သကဲ့သို့ ဖြစ်သွားကာ ဝိုင်းဝန်း နှုတ်ဆက်ကြသည်။
"ဘုရားရေ... တကယ်ပဲ လင်းယွမ်ပါလား... ငါပြောသားပဲ လင်းယွမ်က အစွမ်းမြင့်ပါတယ်ဆို... ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးလို့"
"လင်းယွမ်... ခင်ဗျား ဘယ်လို ပြန်လာတာလဲ... ဟို ရေဘဝဲကြီးရော"
"လင်းယွမ်... ခင်ဗျား ပြန်ရောက်လာတာ တော်ပါသေးတယ်... ခေါင်းဆောင်ကျောက်ခိုင်နဲ့ ခေါင်းဆောင်တင်းယန်တို့ကတော့ ခင်ဗျားအတွက် စိတ်ပူပြီး ရူးတော့မလို ဖြစ်နေကြတာ"
လူအချို့မှာမူ မျက်နှာပျက်ကာ လင်းယွမ်ကို မျက်လုံးချင်း မဆုံရဲဘဲ လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက် ပုန်းကွယ်သွားကြသည်။
ထိုသူများမှာ စောစောကမှ အပြစ်တင် ညည်းညူနေကြသူများ ဖြစ်သည်။
လင်းယွမ်က ထိုလူများကို တစ်ချက်သာ ဝေ့ကြည့်လိုက်ရာ ထိုသူများမှာ ကြောက်လန့်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြကာ ခေါင်းငုံ့ထားလိုက်ကြသည်။
ထို့နောက် လင်းယွမ်က ပြောလိုက်သည်။
"အားလုံး စိတ်ပူပေးကြတာ ကျေးဇူးပါ... ကျွန်တော် ဘာမှမဖြစ်ပါဘူး... ရေဘဝဲကြီးလည်း ထွက်ပြေးသွားပါပြီ... ဒါနဲ့ ကျောက်ခိုင်နဲ့ တင်းယန်တို့ ဘယ်ရောက်သွားလဲ... ဘာလို့ လူကွဲနေကြတာလဲ"
လုတရုံက အလျင်အမြန် ပြန်ဖြေသည်။
"လင်းယွမ်... ခေါင်းဆောင်ကျောက်ခိုင်တို့က အပေါ်ထပ်ကို တက်သွားကြတယ်... လူသတ်ကောင်ကို သွားရှင်းစာရင်းရှင်းမလို့လေ... လူတိုင်းက အရမ်းဒေါသထွက်နေကြတာ"
"ကျွန်တော်တို့ဆီက လူတော်တော်များများ ရေမွန်းထားကြတယ်... တချို့က အသက်ကြီးတော့ အပေါ်ထပ်ကို မတက်နိုင်ကြဘူး... ဒါကြောင့် ဒီမှာပဲ ခဏနားနေကြတာ"
လင်းယွမ်က အခြေအနေကို သဘောပေါက်လိုက်ပြီး...
"ဒါဆို ခင်ဗျားတို့ ဒီမှာ ခဏဆက်နားနေကြ... ကျွန်တော် အပေါ်တက်ကြည့်လိုက်မယ်"
လုတရုံက အလျင်စလို ပြောလိုက်သည်။
"လင်းယွမ်... ကျွန်တော်လည်း လိုက်မယ်... ကျွန်တော် ဘာမှမဖြစ်တော့ဘူး"
ပြောရင်းဆိုရင်း သူက သမီးဖြစ်သူ လုယွီယန်ကိုပါ ဆွဲခေါ်လိုက်သည်။
လင်းယွမ်က လုတရုံနှင့် လုယွီယန်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး...
"သမီးကို စောင့်ရှောက်ဖို့ ဒီမှာပဲ နေခဲ့ပါ... အပေါ်ကကိစ္စအတွက် စိတ်မပူနဲ့"
လုတရုံက ခေါင်းခါလိုက်ပြီး...
"ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်... ပြီးခဲ့တဲ့တခေါက်က စွန်းရှု အနိုင်ကျင့်တုန်းက ခင်ဗျား ကူညီပေးခဲ့တာ... ကျွန်တော် ကျေးဇူးပြန်ဆပ်ရမယ်"
လင်းယွမ်လည်း ဘာမှ မတတ်နိုင်တော့ပေ။ ဒီလူက တခါတလေတွင် ခေါင်းမာလွန်းသည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး...
"ကောင်းပြီလေ... ဒါဆို နောက်ကလိုက်ခဲ့"
ထို့နောက် သူသည် ကုဖုန်းကို ခေါ်ဆောင်ကာ အပေါ်ထပ်သို့ အလျင်အမြန် တက်သွားသည်။
ကုဖုန်းက မနေနိုင်ဘဲ ပြောလာသည်။
"အစ်ကိုလင်း... ဟန်လုံစင်တာထဲက လူသတ်ကောင်က သာမန်မဟုတ်ဘူးနော်... သန္ဓေပြောင်း သတ္တဝါတွေကို ဆွဲဆောင်ပြီး ကျွန်တော်တို့ကို ဒီထဲရောက်အောင် မောင်းသွင်းတာ... မရိုးသားဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
"ဒါကြောင့် ငါတို့ သတိထားရမယ်... ကုဖုန်း... မင်းရဲ့ အစွမ်းရော ဘယ်လိုနေလဲ"
"ကျွန်တော် အဆင်ပြေပါတယ်" ကုဖုန်းက ဖြေလိုက်သည်။
"မင်းရဲ့ မြူခိုးတွေနဲ့ ငါတို့ကို ဖုံးလွှမ်းထားပေး... ငါတို့ သတိထားမှ ရမယ်"
"သိပြီ"
ကုဖုန်းက ပါးစပ်ဟလိုက်ပြီး ဖြူဖွေးသော မြူခိုးများကို မှုတ်ထုတ်လိုက်သည်။
ထိုမြူခိုးများသည် လူလေးယောက်လုံးကို ဖုံးလွှမ်းသွားပြီး စိတ်စွမ်းအင်ဖြင့် ထောက်လှမ်း၍ မရနိုင်အောင် ကာကွယ်ပေးထားသည်။
လင်းယွမ်က ဓာတ်မီးကို ပိတ်လိုက်ပြီး လေးယောက်သား အပေါ်ထပ်သို့ အမြန်တက်သွားကြသည်။
လေးထပ်ခန့် တက်လာပြီးနောက် အပေါ်မှ သီချင်းဆိုသံလိုလို တီးတိုးသံများကို ကြားလိုက်ရသည်။
လင်းယွမ် ခြေလှမ်းတန့်သွားသည်။
ကုဖုန်းက စပ်စုလိုက်သည်။ "ဘာသံလဲ"
"ရှူး"
လင်းယွမ်က တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ထိုအသံသည် သီချင်းသံလိုလို၊ ဂီတသံလိုလိုဖြင့် ယောင်ဝါးဝါး ဖြစ်နေသည်။
ထိုအသံထဲတွင် စိတ်စွမ်းအင်များ ကိန်းအောင်းနေသည်ကို လင်းယွမ် အာရုံခံမိလိုက်သည်။
သူက ဝါဂွမ်းနှစ်စကို ထုတ်ယူကာ ကုဖုန်းနှင့် လုတရုံကို ပေးလိုက်ပြီး နားတွင် ပိတ်ဆို့ထားရန် အချက်ပြလိုက်သည်။
သူတို့နှစ်ဦးလည်း ချက်ချင်းပင် လိုက်လုပ်ကြသည်။ လင်းယွမ်သည်လည်း ဝါဂွမ်းဖြင့် နားကို ပိတ်ဆို့ကာ အကြားအာရုံကို ပိတ်ထားလိုက်သည်။
လုတရုံ၏ သမီး လုယွီယန်မှာမူ ဆွံ့အနားမကြားသူ ဖြစ်သဖြင့် ပိတ်စရာ မလိုပေ။
လေးယောက်သား အဆင်သင့် ဖြစ်ပြီဆိုမှ အရေးပေါ် ထွက်ပေါက်တံခါး ဆီသို့ လျှောက်သွားကြသည်။
အရေးပေါ် ထွက်ပေါက်တံခါး ပွင့်နေသည်ကို တွေ့ရပြီး လင်းယွမ် အပြင်သို့ ချောင်းကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။
ကျောက်ခိုင်၊ တင်းယန် နှင့် အခြားသူများအားလုံး စင်္ကြံလမ်းပေါ်ရှိ ဆိုင်ခန်းတစ်ခုရှေ့တွင် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ဂီတသံ၌ စီးမျော မိန်းမောနေကြပုံ ပေါ်သည်။
ထိုသီချင်းသံသည် အဆိုပါ ဆိုင်ခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
သူ၏ စိတ်စွမ်းအင်ဖြင့် ဆိုင်ခန်းတစ်ဝိုက်ကို ဖြန့်ကျက်စစ်ဆေးလိုက်ရာ ပုံမှန်မဟုတ်သော အခြေအနေကို တွေ့လိုက်ရသည်။
ဆိုင်ခန်းတစ်ခုလုံးကို အလွန်အားကောင်းသော စိတ်စွမ်းအင်လှိုင်း တစ်ခုက လွှမ်းခြုံထားသည်။
သူ၏ စိတ်စွမ်းအင် အဆင့်ဖြင့်ပင် ထိုအတားအဆီးကို ဖောက်ထွင်း၍ မရနိုင်ပေ။
ထို စိတ်စွမ်းအင်လှိုင်းမှ ဆန်းကြယ်သော ဂီတသံများ ထွက်ပေါ်နေပြီး လူစိတ်ကို ဆွဲဆောင် ဖမ်းစားနေသည်။
ကုဖုန်းနှင့် အခြားသူများမှာ နားပိတ်ထားသဖြင့် ဘာမှ မကြားရပေ။
ထို့ကြောင့် ဘာဖြစ်နေမှန်း သူတို့ မသိကြ။
သို့သော် ကျောက်ခိုင်တို့အုပ်စု ပုံမှန်မဟုတ်သော အမူအရာများဖြင့် ရပ်နေကြသည်ကို မြင်ရသောအခါ သူတို့လည်း ကြက်သီးထလာကြသည်။
လင်းယွမ် တစ်ချက် ဝေ့ကြည့်လိုက်ရာ ဆိုင်ခန်းရှေ့တွင် လူအယောက် ၇၀၊ ၈၀ ခန့် စုဝေးနေကြသည်။
သို့သော် တုံယန်၊ လျှိုဖေးဖေး၊ ဆုန့်ဝမ် တို့ကို မတွေ့ရ။
တာအိုဆရာလင်း နှင့် ရန်ဆန်းမင် တို့လည်း မရှိပေ။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လူအုပ်နားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး အစွန်ဆုံးမှ အခန်းပိုင်ရှင် တစ်ယောက်ကို လှမ်းပုတ်လိုက်သည်။
သို့သော် ထိုသူမှာ ဂီတသံထဲတွင် လုံးဝ နစ်မျောနေပြီး လင်းယွမ်ကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။
လင်းယွမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထိုသူ ငေးကြည့်နေသော နေရာအတိုင်း ဆိုင်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
ဆိုင်ခန်းထဲတွင် အဖြူရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ သူမ၏ ဘေးတွင် အနက်ရောင် မိုက်ကရိုဖုန်း တစ်လုံး ရှိနေပြီး တီးတိုး သီဆို ညည်းညူနေသည်။
သူမ၏ သီဆိုသံနှင့်အတူ ပတ်ဝန်းကျင်ရှိ လူအများမှာ မသိစိတ်၏ စေခိုင်းမှုကြောင့် သူမရှိရာသို့ မျောပါသွားကြသည်။
သူမ၏ ဆံပင်များမှာ ရှည်လျားပြီး ဖရိုဖရဲ ဖြစ်နေကာ မျက်နှာကို ဖုံးအုပ်ထားသဖြင့် ရုပ်သွင်ကို သေချာ မမြင်ရပေ။
ဝတ်ဆင်ထားသော အဖြူရောင် ဂါဝန်မှာလည်း စုတ်ပြတ်သတ်နေပြီး ဆွဲဖြဲခံထားရသည့် အရာများ ထင်ရှားနေသည်။
ပိန်လှီသော ခန္ဓာကိုယ်ဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ခန္ဓာကိုယ် အောက်ပိုင်းကိုမူ သေချာ မမြင်ရပေ။
လင်းယွမ် မော့ကြည့်လိုက်ရာ ဆိုင်နာမည်မှာ "မေတ္တာရေစင်" ဟူ၍ ဖြစ်သည်။
ဆိုင်ခန်း အပြင်အဆင်မှာ ကက်ဆက်ခွေများ၊ ပိုစတာများ၊ ဓာတ်ပြားများ စသည်ဖြင့် ဂီတနှင့် ပတ်သက်သည်များဖြင့် တန်ဆာဆင်ထားသည်။
အတွင်းဘက် နံရံကပ်လျက်တွင် စင်မြင့်ငယ် တစ်ခု ရှိသည်။
ထိုမိန်းကလေးသည် စင်မြင့်ပေါ်ရှိ စန္ဒရား အနောက်မှ ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။
"ဒီမိန်းကလေးက ဘာလဲဟ... လူသတ်ကောင်ရဲ့ ကြံရာပါလား"
လင်းယွမ် သံသယ ဝင်သွားသည်။ ဒီမိန်းမက ဘာကြောင့် လူတွေကို ဖမ်းချုပ်ထားရတာလဲ...
သူ စဉ်းစားနေစဉ်မှာပင် ဘေးနားမှ ကုဖုန်း လှုပ်ရှားလာသည်။
လင်းယွမ် လန့်သွားပြီး လှမ်းဆွဲရန် ပြင်လိုက်သည်။
သို့သော် ကုဖုန်း၏ မျက်နှာထားမှာ ကြောင်ငေးနေပြီး တင်းယန်၊ ကျောက်ခိုင် တို့ကဲ့သို့ပင် ထူးဆန်းသော အပြုံးကို ပြုံးကာ ဆိုင်ခန်းထဲသို့ တိုးဝင်ရန် ပြင်နေသည်။
"မဖြစ်ဘူး... သူ ဂီတသံ လွှမ်းမိုးတာ ခံလိုက်ရပြီ"
လင်းယွမ် ထိတ်လန့်သွားပြီး လုတရုံတို့ သားအဖကို လှမ်းကြည့်လိုက်သည်။
သူတို့သည်လည်း မိန်းမောတွေဝေသော အမူအရာများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
လင်းယွမ် ခေါင်းနပန်း ကြီးသွားသည်။
"နားပိတ်ထားလည်း အလကားပဲ"
"ဒီဂီတသံက စိတ်စွမ်းအင်ကနေတဆင့် လူတိုင်းကို ထိန်းချုပ်နိုင်တာပဲ"
"နေပါဦး... ငါကျတော့ ဘာလို့ အထိန်းချုပ် မခံရတာလဲ"
သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ချက်ချင်း အဖြေရှာတွေ့သွားသည်။
"ဟုတ်ပြီ... ငါ့ရဲ့ စိတ်စွမ်းအင်က အတိုင်းအတာတစ်ခုထိ ရှိနေလို့ ဒီလို ဂီတသံရဲ့ နှောင့်ယှက်မှုကို ခံနိုင်ရည် ရှိနေတာဖြစ်ရမယ်"
သူသည် စကားဆက်မပြောတော့ဘဲ လူအုပ်ကို တွန်းဖယ်ကာ ရှေ့ဆုံးရောက်နေသော ကျောက်ခိုင်နှင့် တင်းယန်တို့ကို လှမ်းဆွဲပြီး အရင်ဆုံး ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် မထင်မှတ်ထားသည်မှာ သူက ထိုနှစ်ယောက်ကို လှမ်းဆွဲလိုက်သည်နှင့်...
နှစ်ယောက်သား၏ မျက်နှာထားများ ရုတ်တရက် ကြမ်းတမ်းခက်ထန် သွားကြပြီး ချက်ချင်းပင် လှည့်ကာ လင်းယွမ်ကို ပြိုင်တူ တိုက်ခိုက်ကြတော့သည်။
"ဟမ်"
ကျောက်ခိုင်က လက်သီးဖြင့် ထိုးနှက်လိုက်ရာ ရေခဲအစွမ်းများ ပေါက်ကွဲထွက်လာပြီး ရေခဲမြူများအဖြစ် လင်းယွမ်ကို လွှမ်းခြုံသွားသည်။
လင်းယွမ်မှာ ရေထဲတွင် စိမ်လာခဲ့ရသဖြင့် ခန္ဓာကိုယ်မှာ စိုစွတ်နေပြီးသား ဖြစ်သည်။
ရေခဲမြူများ ထိမှန်သွားသည်နှင့် တပြိုင်နက် ရေခဲလွှာများ ဖုံးအုပ်သွားပြီး အဝတ်အစားများ ခဲကုန်ကြသည်။
လင်းယွမ် မျက်နှာပျက်သွားပြီး "ကျောက်ခိုင်"
သူက အသံနက်ဖြင့် အော်ဟစ်လိုက်ပြီး စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင် ရိုက်ခတ်မှုသည် ဓားသွားတစ်လက်ကဲ့သို့ ကျောက်ခိုင်၏ ဦးနှောက်ထဲသို့ ဝင်ဆောင့်သွားသည်။
ကျောက်ခိုင်၏ စိတ်ဝိညာဉ် တုန်ခါသွားပြီး လက်ထဲမှ ရေခဲအစွမ်းများ ချက်ချင်း ပျက်ပြယ်သွားသည်။
သူ့မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
နောက်တစ်ခဏတွင် သူက ထိတ်လန့်ဒေါသထွက်သွားပြီး လင်းယွမ်ကို မြင်သည်နှင့် အော်ပြောလိုက်သည်။ "အစ်ကိုလင်း... မြန်မြန်ပြေး"
သူ့စကား မဆုံးသေးခင်မှာပင် ခေါင်းထဲ၌ ပြန်လည် မူးဝေလာပြန်သည်။ ထိုဂီတသံသည် နေရာလပ်မကျန် စီးဝင်လာပြီး သူ့စိတ်ပင်လယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြန်သည်။
တင်းယန် ဘက်မှလည်း လေဖိအား အမြောက်လက်သီးဖြင့် လင်းယွမ်ကို ချိန်ရွယ် ပစ်ခတ်လိုက်သည်။
လင်းယွမ်က ကိုယ်ကို တိမ်းရှောင်လိုက်ရင်း လက်ဝါးစောင်းဖြင့် လေတိုးသံ တဝေါဝေါ မြည်အောင် ရိုက်ချလိုက်သည်။
"ဘုန်း"
ကြီးမားသော ခွန်အားအောက်တွင် သူ၏ လက်ဝါးစောင်းသည် တင်းယန်၏ လည်ပင်းကို ပြင်းထန်စွာ ရိုက်မိသွားသည်။
တင်းယန် မျက်လုံးများ ပြာဝေသွားပြီး ခန္ဓာကိုယ် ပျော့ခွေကာ လဲကျသွားသည်။
လင်းယွမ်သည် တွေဝေမနေဘဲ ကျောက်ခိုင်၏ လည်ပင်းကိုလည်း ထိုနည်းတူ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။
သူ၏ ကြွက်သားပေါက်ကွဲသိုင်း ကြောင့် ခွန်အားမှာ ပုံမှန်ထက် နှစ်ဆဖြစ်ကာ အမှတ် ၃၀ နီးပါး ရှိနေသဖြင့် ကျောက်ခိုင်ရော တင်းယန်ပါ လုံးဝ ယှဉ်နိုင်စွမ်း မရှိပေ။
နှစ်ယောက်စလုံး မေ့လဲသွားသည်နှင့် လင်းယွမ်က တစ်ဖက်တစ်ချက်စီ ဆွဲမကာ အနောက်သို့ အမြန်ဆုတ်လိုက်သည်။
ထို့အပြင် လူအုပ်ထဲ ရောက်နေသော ကုဖုန်း၏ နောက်စေ့ကိုလည်း ခြေထောက်ဖြင့် လှမ်းကန်လိုက်သေးသည်။
ကုဖုန်း ယိုင်နဲ့သွားပြီး နေရာတွင်ပင် မေ့လဲသွားသည်။
လင်းယွမ်က ကုဖုန်းကိုပါ ညှပ်လိုက်ပြီး အလျင်အမြန် နောက်ဆုတ် ထွက်ပြေးသည်။
နားဆင်သူ သုံးဦး ဆက်တိုက် ပျောက်ဆုံးသွားသဖြင့် ဆိုင်ခန်းထဲမှ မိန်းကလေးက ရုတ်တရက် ခေါင်းမော့လာသည်။ ဆံနွယ်နက်များ ကြားမှ သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
လင်းယွမ်၏ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး အပ်ချွန်ပေါင်း မြောက်မြားစွာဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ့ဦးနှောက်ထဲမှ စိတ်စွမ်းအင်များ ရေနွေးအိုး ဆူပွက်သကဲ့သို့ ဖြစ်လာသည်။
"သူ ငါ့ကို စိတ်စွမ်းအင်နဲ့ တိုက်ခိုက်နေတာပဲ"
လင်းယွမ် တုန်လှုပ်ဒေါသထွက်သွားပြီး ခေါင်းတစ်ခုလုံး မူးဝေကာ နာကျင်မှုကို ခံစားလိုက်ရသည်။
ဒီခံစားချက်က စိတ်ဝိညာဉ်ရိုက်ခတ်မှုကို အဆပေါင်းများစွာ ခံစားလိုက်ရသလိုပင်။
သူ မနေနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ထွက်သွားစမ်း"
စိတ်စွမ်းအင်များ လှုပ်ခတ်သွားပြီး စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကို ထုတ်သုံးလိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင် ရိုက်ခတ်မှုက ကြောက်မက်ဖွယ်ကောင်းသော အပ်ချွန်ပုံစံ စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ကန်ထုတ်လိုက်သည်။
သူက နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
သို့သော် ထိုစိတ်စွမ်းအင် အပ်ချွန်များက ချက်ချင်းပင် ပြန်လည် တိုက်ခိုက်လာကြသည်။
လင်းယွမ်၏ အသိစိတ်များ ထပ်မံ ဝေဝါးသွားပြီး ဦးနှောက်ထဲတွင် စူးရှစွာ နာကျင်လာသည်။
သူ ထိတ်လန့်သွားသည်။ "မဟုတ်သေးဘူး... ဒါ သာမန် သန္ဓေပြောင်းအစွမ်း မဟုတ်ဘူး"
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စနစ်ကို ချက်ချင်း ဖွင့်လိုက်သည်။
"စနစ်... ဘုံအရည်အသွေးမှတ်တွေကို စိတ်စွမ်းအင်မှာ ပေါင်းထည့်လိုက်"
[ဒင်... သင်၏ စိတ်စွမ်းအင် +၁ တိုးသွားပါသည်]
ဘုံအရည်အသွေးမှတ်ကို စိတ်စွမ်းအင်တွင် ပေါင်းထည့်လိုက်သည်နှင့်...
လင်းယွမ်၏ ဦးနှောက်ထဲတွင် ရုတ်တရက် ကြည်လင်အေးမြသွားပြီး အပ်ဖြင့် ထိုးဆွသလို ခံစားချက်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သို့သော် ထိုသက်သာမှုမှာ ခဏတာမျှသာ ဖြစ်ပြီး ပိုမိုပြင်းထန်သော စိတ်စွမ်းအင် အပ်ချွန်များက တရကြမ်း တိုက်ခိုက်လာပြန်သည်။
တစ်ဖက်လူက တိုက်ခိုက်မှုကို မြှင့်တင်လိုက်ပြီ ဖြစ်သည်။
လင်းယွမ် တုန်လှုပ်သွားသည်။ "သူ့ စိတ်စွမ်းအင်က ဒီလောက်တောင် များနေတာလား"
"စနစ်... ထပ်ပေါင်းထည့်ပေး"
[ဒင်... သင်၏ စိတ်စွမ်းအင် +၁ တိုးသွားပါသည်]
နောက်တစ်ခဏတွင် လင်းယွမ်သည် သူ့စိတ်စွမ်းအင် အမှတ်များ ထပ်မံတိုးလာပြီး ၂၄.၂ အထိ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။
ဒါပေမဲ့ မလုံလောက်သေးပေ။
တစ်ဖက်လူ၏ စိတ်စွမ်းအင် ပြင်းအားက သူ့ထက် သာနေသေးသည်။
"ဆက်လုပ်"
[ဒင်... သင်၏ စိတ်စွမ်းအင် +၁ တိုးသွားပါသည်]
"ဆက်လုပ်"
[ဒင်... သင်၏ စိတ်စွမ်းအင် +၁ တိုးသွားပါသည်]
လင်းယွမ်၏ စိတ်စွမ်းအင် အမှတ် ၂၆.၂ သို့ ရောက်ရှိသွားသောအခါ ကျောထဲမှ စိမ့်ခနဲ ဖြစ်သွားသော ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားသည်။
တစ်ဖက်လူ၏ စိတ်စွမ်းအင် အပ်ချွန်များကလည်း သူ့စိတ်ပင်လယ်ကို မလှုပ်ခါနိုင်တော့ပေ။
ဝေဝါးခြင်း၊ နာကျင်ခြင်းများ အားလုံး ပျောက်ကွယ်သွားသည်။
လင်းယွမ် သက်ပြင်းချလိုက်နိုင်သည်။
"ငါ့ရဲ့ စိတ်စွမ်းအင် အမှတ်က သူ့ထက် များသွားပြီ"
သူသည် ဘုံအရည်အသွေးမှတ် ၄ မှတ်တိတိကို စိတ်စွမ်းအင်တွင် ပေါင်းထည့်လိုက်ပြီးမှ တစ်ဖက်လူ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ကျောက်ခိုင်၊ တင်းယန်၊ ကုဖုန်း သုံးယောက်လုံးကို ဆွဲလျက် စင်္ကြံလမ်းအတိုင်း အောက်ထပ်သို့ အမြန် ပြန်ဆင်းလာခဲ့သည်။
အောက်တစ်ထပ်သို့ ရောက်၍ တစ်ဖက်လူ၏ စိတ်စွမ်းအင် တိုက်ခိုက်မှု ဧရိယာမှ လွတ်မြောက်ပြီဟု ယူဆရသောအခါမှ ရပ်တန့်လိုက်သည်။
လင်းယွမ်က ကျောက်ခိုင်နှင့် ကုဖုန်းတို့၏ ပါးကို ပုတ်ပြီး နှာခေါင်းအောက် မြောင်းကို ဖိနှိပ်ကာ နှိုးလိုက်သည်။
နောက်ဆုံးတွင် နှစ်ယောက်သား နိုးလာကြသည်။
ကျောက်ခိုင် မျက်လုံးပွင့်လာသည်နှင့် ပထမဆုံး အော်ပြောလိုက်သည်က "မြန်မြန်ပြေး... ခင်ဗျားတို့ မြန်မြန်ပြေး... အယ်... အစ်ကိုလင်း"
လင်းယွမ်က သူ၏ လှုပ်ရှားနေသော လက်မောင်းကို ဖိထားလိုက်ပြီး...
"စိတ်မလှုပ်ရှားနဲ့... ဘာဖြစ်ခဲ့တာလဲ ဆိုတာ ပြောပြ"
ကျောက်ခိုင် မျက်ရည်ဝဲသွားသည်။ "အစ်ကိုလင်း... ခင်ဗျား... ခင်ဗျား ဘာမှ မဖြစ်ဘူးပဲ... ကျွန်တော်က ခင်ဗျားကို ဟို ရေဘဝဲကြီး"
"ငါ ပြန်ရောက်လာပြီ... အပေါ်ထပ်က သီချင်းဆိုနေတဲ့ မိန်းမက ဘယ်သူလဲ... ဘာတွေ ဖြစ်ခဲ့တာလဲ... သူက ဘာလို့ မင်းတို့ကို တိုက်ခိုက်တာလဲ ဆိုတာသာ မြန်မြန်ပြောစမ်းပါ"
ကျောက်ခိုင် အသိပြန်ဝင်လာပြီး အလျင်အမြန် ရှင်းပြသည်။
"အစ်ကိုလင်း... ခင်ဗျား မသိလို့... ကျွန်တော်တို့ ဟန်လုံစင်တာထဲကို ပြတင်းပေါက်ကနေ ဝင်လာပြီးတော့ အစ်မတင်း၊ တာအိုဆရာလင်းနဲ့ ဒေါက်တာရန် တို့က လူတွေကို လိုက်ကယ်ကြတယ်"
"လူတွေကို ကယ်ပြီးတော့မှ လူတချို့ သေနေတာ တွေ့လိုက်ရတယ်... အားလုံးက ဒေါသထွက်သွားကြပြီး အဲ့ဒီ လက်သည်တရားခံကို လက်စားချေဖို့ ချက်ချင်း ပြင်ဆင်ကြတာ"
"သုံးထပ်လောက် ရောက်တော့ တချို့က မောပြီး မလိုက်နိုင်တော့လို့ အောက်မှာ နားခိုင်းထားခဲ့တယ်"
"ကျွန်တော်တို့ အစွမ်းရှိတဲ့သူတွေပဲ လူရှာဖို့ တက်လာကြတာ... မထင်မှတ်ဘဲ... မထင်မှတ်ဘဲ အပေါ်ရောက်တော့ အဲ့ဒီ ထူးဆန်းတဲ့ မိန်းမနဲ့ သွားတိုးတာပဲ"
"အဲ့ဒီတုန်းက သူလည်း ဟန်လုံစင်တာထဲက လူပဲ ထင်ပြီး သွားမေးမလို့ လုပ်သေးတယ်"
"ဘယ်သူက ထင်မှာလဲ... သူက လူမှ မဟုတ်တာ"
"လူ မဟုတ်ဘူး ဟုတ်လား" လင်းယွမ် အံ့သြသွားပြီး မေးလိုက်သည်။
ကျောက်ခိုင်က "အစ်ကိုလင်း... ဝမ်ယန်မေ ကို မှတ်မိသေးလား... ဒီမိန်းမက ဝမ်ယန်မေ လိုပဲ သန္ဓေပြောင်းရင်း မအောင်မြင်ဘဲ ဘီလူးသတ္တဝါ ဖြစ်သွားတာ"
"ခင်ဗျား သေချာကြည့်ရင် သိလိမ့်မယ်... သူ့မှာ ခန္ဓာကိုယ် အောက်ပိုင်း မရှိဘူး... သူ့အောက်ပိုင်းက အဲ့ဒီ ဆိုင်ခန်းနဲ့ တစ်သားတည်း ပေါင်းစပ်နေတာ... ဆိုင်ခန်းထဲက ကြိုက်တဲ့နေရာကို သူ ချက်ချင်း ရောက်သွားလို့ရတယ်"
"ပြီးတော့ သူက အရမ်းထူးဆန်းတဲ့ သီချင်းကို ဆိုတတ်တယ်... ကျွန်တော်တို့ အဲ့သီချင်းသံ ကြားပြီးတာနဲ့ ဘာမှ မသိတော့ဘူး"
"ကျွန်တော် သတိမလစ်ခင် တုံယန်နဲ့ လျှိုဖေးဖေး တို့ ခေါင်းကို အုပ်ထားပြီး သတိရှိနေသေးတာ တွေ့လိုက်ရတယ်"
"သူတို့က အစ်မမေနဲ့ တာအိုဆရာလင်း တို့ကို ဆွဲခေါ်သွားကြတယ်... အခု ဘယ်ရောက်သွားလဲ မသိတော့ဘူး"
ကျောက်ခိုင် အကျဉ်းချုံး ပြောပြလိုက်မှ လင်းယွမ် ဇာတ်ရည်လည်သွားတော့သည်။
အပေါ်ထပ်က မိန်းမသည် သာမန် သန္ဓေပြောင်းသူ မဟုတ်ဘဲ သန္ဓေပြောင်းခြင်း ကျရှုံးသွားသော သတ္တဝါဆိုးကြီး ဖြစ်နေသည်ကိုး။
ဒါကြောင့်လည်း သူ့စိတ်စွမ်းအင်က ဒီလောက် မြင့်မားနေတာပဲ။
ပုံမှန်အားဖြင့် သန္ဓေပြောင်းခြင်း ကျရှုံးသွားသော လူသားသတ္တဝါဆိုးများသည် သန္ဓေပြောင်း အောင်မြင်သူများထက် ဆင့်ကဲပြောင်းလဲနှုန်း ပိုမြန်တတ်သည်။
သူတို့သည် ခန္ဓာကိုယ်၏ အရာအားလုံးကို ဆင့်ကဲဖြစ်စဉ်၏ ဗီဇစိတ်ထံသို့ ပုံအပ်လိုက်ခြင်းကြောင့် ဖြစ်ပုံရသည်။
လင်းယွမ်၏ စိတ်စွမ်းအင် အပါအဝင် အရည်အသွေး အမှတ်များသည် ပုံမှန် နိုးထလာသော သန္ဓေပြောင်းသူများထဲတွင် ထိပ်တန်း အဆင့်ဖြစ်သည်။
သူ့ကို ခြိမ်းခြောက်နိုင်သည်မှာ ရေကြီးထဲမှ မရေမတွက်နိုင်သော သန္ဓေပြောင်း သတ္တဝါများနှင့် ဤကဲ့သို့ သန္ဓေပြောင်း ကျရှုံးသွားသော လူသားသတ္တဝါဆိုးများသာ ရှိသည်။
ဤ သန္ဓေပြောင်း ကျရှုံးသွားသူများသည် ကင်ဆာဆဲလ်များကဲ့သို့ပင်... ရူးသွပ်စွာ ကြီးထွားပြီး၊ ရူးသွပ်စွာ ဆင့်ကဲပြောင်းလဲကြကာ ယုံကြည်နိုင်စရာ မရှိလောက်အောင် စွမ်းအားကြီးကြသည်။
သူတို့သည် လူသား မဟုတ်ကြတော့ပေ။
တကယ့် ဘီလူးသတ္တဝါ စစ်စစ်များ ဖြစ်ကြသည်။
လင်းယွမ် မျက်နှာထား တင်းမာသွားပြီး ကုဖုန်းနှင့် ကျောက်ခိုင်တို့ကို ပြောလိုက်သည်။
"မင်းတို့ တင်းယန်ကို ကြည့်ထားပြီး ဒီမှာပဲ စောင့်နေ... ငါ ကျန်တဲ့သူတွေကို အရင်သွားခေါ်ထုတ်လိုက်ဦးမယ်"
ကျောက်ခိုင်က အလျင်စလို ပြောသည်။ "အစ်ကိုလင်း... ခင်ဗျား သတိထားနော်... အဲ့ဒီသရဲမက အရမ်း ထူးဆန်းတယ်... သူ ညည်းနေတဲ့ သီချင်းသံက လူတွေကို ညှို့ယူဖမ်းစားနိုင်တယ်"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"ငါ သိတယ်... အဲ့ဒီမိန်းမက သန္ဓေပြောင်းတာ မအောင်မြင်ဘဲ စိတ်စွမ်းအင်ပိုင်းဆိုင်ရာ သန္ဓေပြောင်းသွားတာ... မင်းတို့ စိတ်စွမ်းအင် မလုံလောက်တော့ သူ့အသံရဲ့ ညှို့ယူတာ ခံလိုက်ရတာပေါ့... ငါ့မှာ သူ့ကို ဖြေရှင်းမယ့် နည်းလမ်း ရှိပါတယ်"
"ဒါဆို ဂရုစိုက်ပါ... ကျွန်တော်တို့ ဒီကနေ အသင့်စောင့်နေမယ်"
လင်းယွမ် ခေါင်းညိတ်ပြပြီး အပေါ်ထပ်သို့ အမြန် ပြန်တက်သွားသည်။
စင်္ကြံလမ်းသို့ ဝင်လိုက်သည်နှင့် ညည်းညူသီဆိုသံက ချက်ချင်း ပျံ့လွင့်လာသည်။
လင်းယွမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
"ဒီကောင်မရဲ့ အသံ ရောက်နိုင်တဲ့ အကွာအဝေးက ပြောင်းသွားပါလား... စောစောက ဒီအထိ အသံမရောက်သေးဘူး... သူ ငါ့ကို ရှာနေတာလား"
လင်းယွမ်သည် ချက်ချင်းပင် ပစ္စည်းသိုလှောင်ခန်းထဲမှ လိပ်ခွံတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုလိပ်ခွံကို နဖူးတွင် တေ့လိုက်ပြီးနောက် စိတ်စွမ်းအင်များကို လိပ်ခွံထဲသို့ စီးဆင်းစေလိုက်သည်။
"ဝုန်း"
လိပ်ခွံပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများ လင်းလက်လာပြီးနောက် သူ၏ စိတ်စွမ်းအင်များသည် လိပ်ခွံ၏ အက်ကြောင်းများအတိုင်း စီးဆင်းသွားကာ လိပ်ခွံပုံသဏ္ဍာန် စိတ်စွမ်းအင် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
ဤလိပ်ခွံသည် စိတ်စွမ်းအင် ကာကွယ်ခြင်း အစွမ်း ပါဝင်သော သင်္ကေတလိပ်ခွံ ဖြစ်သည်။
လင်းယွမ်သည် အကြိမ်ပေါင်းများစွာ လေ့လာစမ်းသပ်ပြီးနောက် လိပ်ခွံပေါ်ရှိ စိတ်စွမ်းအင် ကာကွယ်ရေး သင်္ကေတကို တိုက်ရိုက် မတတ်မြောက်ခဲ့သော်လည်း...
အသုံးပြုပုံ နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ့အနေဖြင့် စိတ်စွမ်းအင်ကို လိပ်ခွံထဲသို့ ထည့်သွင်းပေးလိုက်ရုံဖြင့် လိပ်ခွံပေါ်ရှိ ဆန်းကြယ်သော လမ်းကြောင်းများ အသက်ဝင်လာပြီး စိတ်စွမ်းအင် ကာကွယ်ရေး လိပ်ခွံအကာကို ဖန်တီးပေးနိုင်သည်။
ဤသည်မှာ လိပ်ခွံကို အသုံးပြုရန် အရိုးရှင်းဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းပင် ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် လိပ်ခွံပေါ်မှ သင်္ကေတများ အသက်ဝင်လာပြီး စိတ်စွမ်းအင် အကာအကွယ် အစီအရင် ပွင့်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ ထူးဆန်းသော ညည်းညူသီဆိုသံများမှာ ရေဒီယို ပိတ်လိုက်သကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
ဆက်ရန်...
အပိုင်း (၁၆၂) စိတ်စွမ်းအင် သန္ဓေပြောင်းသရဲမအား သတ်ဖြတ်ခြင်းနှင့် မျှော်လင့်မထားသော ရလဒ်
လင်းယွမ်သည် ဘုံအရည်အသွေးမှတ် ၄ မှတ်ကို ပေါင်းထည့်လိုက်ပြီးနောက် သူ၏ စိတ်စွမ်းအင်မှာ ထိုထူးဆန်းသော ညည်းတွားသံကို ခုခံနိုင်စွမ်း ရှိလာလေသည်။
ယခုမူ လိပ်ခွံဒိုင်းကာပါ ရှိနေသဖြင့် ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ စိတ်စွမ်းအင်ကာကွယ်မှုပါ ပိုမိုမြင့်တက်လာတော့၏။
သူက လိပ်ခွံအကာအကွယ် ရှိနေခိုက် "မေတ္တာရေစင်" ဆိုင်ပေါက်ဝသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
ထို့နောက် အဒေါ်ကြီးလီ၊ ချိုင်ကြည်နှင့် ဦးလေးမာတို့ကို ဖမ်းဆွဲ၍ နောက်သို့ အမြန်ဆုတ်ခွာလာခဲ့၏။
ချိုင်ကြည်နှင့် ဦးလေးမာတို့က လင်းယွမ် အတင်းအဓမ္မ ဆွဲခေါ်သည်ကို ခံလိုက်ရသဖြင့် ဒေါသထွက်သွားကာ လင်းယွမ်ကို ပြန်လည်ရန်မူရန် ကြိုးစားကြသည်။
သို့သော် ထိုသူသုံးဦးစလုံးသည် သာမန်လူများသာ ဖြစ်ကြရာ လင်းယွမ်၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
လင်းယွမ်က သူတို့၏ လည်ပင်းကြောများကို ဖွဖွလေး ညှစ်လိုက်ရုံဖြင့် သုံးဦးစလုံး ချက်ချင်း မေ့လဲသွားကြသည်။
သူက ထိုသူများကို အောက်ထပ်သို့ ပို့ဆောင်ပြီးနောက် တစ်ဖန် ပြန်တက်လာခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူ ပို၍ ဉာဏ်လွှာသုံးလိုက်သည်။ တစ်ယောက်ချင်း လိုက်ဖမ်းနေရသည်က အလွန်အလုပ်ရှုပ်သဖြင့် အားလုံးကို တစ်ခါတည်း ရိုက်မေ့လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့ပြုလုပ်လိုက်ပါက ထိုသူများအနေဖြင့် လုံးဝ ခုခံနိုင်တော့မည် မဟုတ်ပေ။
သူက မနားတမ်း သုံးလေးခေါက် ပြေးလွှားလိုက်ရာ လူဆယ်ယောက်ကျော်ကို ကယ်ထုတ်ပြီး ဖြစ်သွားသည်။
ထိုလုပ်ရပ်က ဆိုင်ထဲမှ သရဲမကို အကြီးအကျယ် ဒေါသထွက်သွားစေ၏။
ဆံပင်များ ဖုံးအုပ်နေသော ထိုသရဲမက ရုတ်တရက် လှည့်ကြည့်လာပြီး လင်းယွမ်အား စူးဝါးစွာ အော်ဟစ်လိုက်တော့သည်။
အသံလှိုင်းများက ဒြပ်ရှိအရာဝတ္ထုများသဖွယ် တိုးဝှေ့ရိုက်ခတ်လာပြီး...
ကြမ်းတမ်းခက်ထန်သော စိတ်စွမ်းအင်များသည် မရေမတွက်နိုင်သော ဆူးငြောင့်များသဖွယ် ထိုးစိုက်ဝင်ရောက်လာတော့သည်။
"ဘုန်း... ဘုန်း... ဘုန်း"
လိပ်ခွံဒိုင်းကာအပေါ်သို့ တိုးဝှေ့ရိုက်ခတ်မှုများကို လင်းယွမ် ချက်ချင်း ခံစားလိုက်ရသည်။ တစ်ဖက်ရန်သူက သူ၏ စိတ်ပင်လယ်ကို တိုက်ခိုက်နေခြင်း ဖြစ်၏။
သူက တွန့်ဆုတ်နေခြင်းမရှိဘဲ အလူမီနီယမ်သံချောင်းတစ်ချောင်းကို ဆွဲယူကာ အားကုန်လွှဲ၍ ပစ်ပေါက်လိုက်သည်။
"အဲ့ဒီမှာ ဆက်အော်နေလိုက်"
လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဝှီးးးးးးးးးးးးး"
အလူမီနီယမ်သံချောင်းသည် လေထုကို ခွဲဖြတ်၍ အဖြူရောင်ဝတ်စုံနှင့် သရဲမထံသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။
သို့သော် ထိုသရဲမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
"ဒုန်း" ခနဲ မြည်သံနှင့်အတူ လင်းယွမ်၏ အလူမီနီယမ်ချောင်းသည် စင်မြင့်ကြမ်းခင်းကို ထိုးဖောက်သွားသည်။
သစ်သားစများ လွင့်ပျံသွားကာ စန္ဒရားအိုးမှ ကြိုးများ တုန်ခါမြည်ဟီးသွားကြသည်။
ထိုသရဲမ၏ အရိပ်အယောင်ကို မမြင်ရတော့သဖြင့် လင်းယွမ် ထိတ်လန့်သွားကာ ချက်ချင်း သတိအနေအထား ယူလိုက်သည်။
"စိတ်စွမ်းအင် သန္ဓေပြောင်းတာ မအောင်မြင်ဘူးဆို... ဘာလို့ ဒီလောက် မြန်နေရတာလဲ"
သူက ကြမ်းပြင်ပေါ်မှ အိမ်ပိုင်ရှင်တစ်ဦးကို ဆွဲထူရင်း နောက်သို့ ဆုတ်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက် ဆိုင်၏ ဘယ်ဘက်နံရံသည် တွန့်လိမ်ရွေ့လျားသွားပြီး ကြောက်မက်ဖွယ် မျက်နှာတစ်ခု နံရံထဲမှ တိုးထွက်လာသည်။
ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ထွက်ပေါ်လာပြီး ထိုသရဲမ၏ လက်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံးကို ကိုင်ဆောင်ထားလေသည်။
"အား"
သရဲမက မိုက်ခရိုဖုန်းကို ပါးစပ်နားတေ့၍ လင်းယွမ်ဘက်သို့ စူးရှစွာ အော်ဟစ်လိုက်ပြန်သည်။
ထိုအခိုက်အတန့်၌ ဆိုင်ခန်းတစ်ခုလုံးရှိ ဂီတတူရိယာများပါ လိုက်ပါတုန်ခါလာပြီး ရှုပ်ထွေးဆူညံသော အသံဗလံမျိုးစုံ ထွက်ပေါ်လာတော့သည်။
ဒီရေလှိုင်းလုံးကဲ့သို့သော အသံလှိုင်းများကြောင့် လင်းယွမ်၏ လိပ်ခွံအကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မိုးစက်မိုးပေါက်များ ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဂျစ်... ဂျစ်"
လိပ်ခွံ၏ စိတ်စွမ်းအင် အကာအကွယ်တွင် အက်ရာများ ထင်ဟပ်လာတော့၏။
လင်းယွမ် မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
အိမ်ပိုင်ရှင်အချို့ကို ဆွဲယူကာ အတင်းအဓမ္မ ပြေးထွက်လာခဲ့၏။
ထိုသရဲမက ဆိုင်အပြင်သို့ ထွက်လာသည်။ သူမ၏ ကိုယ်ပေါ်မှ အဖြူရောင်ဝတ်စုံနှင့် ခေါင်းပေါ်မှ ဆံနွယ်နက်များသည် လေမတိုက်ဘဲ တွန့်လိမ်လှုပ်ရှားနေကြသည်။
သူမ၏ နီရဲနေသော မျက်လုံးများက လင်းယွမ်ကို စိုက်ကြည့်ရင်း အဆက်မပြတ် အော်ဟစ်နေတော့သည်။
သို့သော် သူမသည် အပြင်သို့ ထွက်မလာနိုင်သည့်ပုံ ပေါက်နေပြီး ဆိုင်ပေါက်ဝအထိသာ လာနိုင်ပုံရသည်။
သို့ရာတွင် သူမ၏ စိတ်စွမ်းအင်နှင့် အသံလှိုင်းများကမူ ဆိုင်ကို ဖောက်ထွက်လျက် လင်းယွမ်ရှိရာသို့ အရှိန်ပြင်းစွာ လိုက်ပါတိုက်ခိုက်လာသည်။
ကံကောင်းသည်မှာ ထိုစွမ်းအားသည် အကွာအဝေး ဝေးလာသည်နှင့်အမျှ အားလျော့သွားခြင်း ဖြစ်၏။
လင်းယွမ် ဘေးကင်းရာ လျှောက်လမ်းသို့ အမြန်ပြန်ရောက်လာချိန်တွင် ပြင်းထန်သော လေတိုးသံကို ခံစားလိုက်ရသည်။
ဒီရေအလား အသံလှိုင်းများသည် တဝူးဝူးမြည်လျက် ဖြတ်သန်းတိုက်ခတ်သွားသည်။
သို့သော် တံခါးဝသို့ ရောက်သည့်အချိန်တွင်မူ ပျောက်ကွယ်သွားလေသည်။
လင်းယွမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိ၏။
"အစ်ကိုလင်း... ဘာမှမဖြစ်ဘူး မဟုတ်လား" ကျောက်ခိုင်နှင့် ကုဖုန်းတို့က အလျင်အမြန် ပြေးလာကြသည်။
လင်းယွမ် ခေါင်းခါပြလိုက်ပြီး ကယ်ထုတ်လာသော လူများကို ချထားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီသတ္တဝါက ဆိုင်ထဲကနေ ထွက်မလာနိုင်ဘူး... သူ့ရဲ့ စိတ်စွမ်းအင်တိုက်ခိုက်မှုက ဆိုင်ပတ်လည် ပေ ၃၀၀ ဝန်းကျင်လောက်ပဲ သက်ရောက်နိုင်တာ"
"ဒီလုံခြုံရေးထွက်ပေါက်က အစွန်းပိုင်းရောက်နေလို့ တော်သေးတယ်... မင်းတို့အပေါ် လုံးဝမတက်လာနဲ့နော်... သူ့ရဲ့ စိတ်စွမ်းအင်တိုက်ခိုက်မှုကို ခံလိုက်ရလိမ့်မယ်"
ကျောက်ခိုင်နှင့် ကုဖုန်းတို့က ခေါင်းညိတ်ပြကြသည်။
"အစ်ကိုလင်း... လူဘယ်နှယောက် ကျန်သေးလဲ"
"နှစ်ဆယ်ကျော်လောက် ကျန်ဦးမယ်... နောက်ထပ် ခေါက်တုံ့ခေါက်ပြန် သွားကယ်ရင်တော့ ကုန်လောက်ပါပြီ... ဒါပေမဲ့ မသွားခင် ငါ ခဏနားမှ ဖြစ်မယ်"
လင်းယွမ် ထိုင်ချလိုက်ပြီး နဖူးပေါ်မှ လိပ်ခွံကို ဖြုတ်ယူလိုက်သည်။
လိပ်ခွံကို ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားမိ၏။ လိပ်ခွံပေါ်တွင် အက်ကွဲရာအချို့ ပေါ်နေချေပြီ။
"အဲဒီသတ္တဝါက အဲဒီဆိုင်နဲ့ တစ်သားတည်း ဖြစ်နေတဲ့ပုံပဲ... ဆိုင်ထဲက ကြိုက်တဲ့နေရာမှာ ပေါ်လာနိုင်တယ်"
"ဆိုင်ထဲက ဂီတပစ္စည်းကိရိယာတွေကလည်း သူ့ရဲ့ တိုက်ခိုက်မှုကို အားဖြည့်ပေးနေသလိုပဲ"
သူ အချိန်ကြာမြင့်စွာ စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေသည်။
ထိုဆိုင်သည် သတ္တဝါကောင်၏ ပိုင်နက်နယ်မြေဖြစ်ရာ ရန်သူ့ပိုင်နက်ထဲတွင် သူပင်လျှင် အနည်းငယ် တွန့်ဆုတ်ရပေသည်။
သူ အတွေးတစ်ခု ဝင်လာကာ "အဲဒီဆိုင်ကို မီးရှို့လိုက်ရင်ကော... အဲဒီသတ္တဝါပါ တစ်ခါတည်း လောင်သွားမလား" ဟု စဉ်းစားမိသည်။
သို့သော် ချက်ချင်းပင် ထိုအတွေးကို ဖျောက်ဖျက်လိုက်ရသည်။
ဆိုင်ပေါက်ဝတွင် ပိတ်မိနေသော အိမ်ပိုင်ရှင်များစွာ ကျန်ရှိနေသေးသည်။ ထိုသူများသည် သတ္တဝါကောင်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုကို ခံထားရသဖြင့် မီးရှို့လိုက်ပါက ထွက်ပြေးနိုင်ကြမည် မဟုတ်ပေ။
ထိုသို့လုပ်လိုက်လျှင် လူကယ်ချင်သည့် သူ၏ မူလရည်ရွယ်ချက်နှင့် လွဲချော်သွားမည် ဖြစ်ရာ အဓိပ္ပာယ်မရှိတော့ပေ။
ထို့ပြင် မီးဟုန်းဟုန်းတောက်လာပါက သူ ထိန်းချုပ်နိုင်သော အနေအထား မဟုတ်တော့။
ဟန်လုံစင်တာ တစ်ခုလုံးသာ မီးလောင်သွားပါက အပြစ်မဲ့ အသက်ရှင်ကျန်ရစ်သူများ ရှိနေနိုင်သေးသည်ကို ထားဦး၊ အထဲမှ ပစ္စည်းများအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
ခေတ္တမျှ အနားယူပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအင် အနည်းငယ် ပြန်လည်ပြည့်ဖြိုးလာသည်။
သူ လိပ်ခွံကို ပြန်တပ်ဆင်လိုက်ပြီး စိတ်စွမ်းအင်အကာအကွယ်ကို ဖွင့်လိုက်သည်။
ထို့နောက် ကျောက်ခိုင်နှင့် ကုဖုန်းတို့ကို မှာကြားပြီး အပေါ်ထပ်သို့ တက်လာခဲ့ပြန်သည်။
ယခုတစ်ကြိမ် အပေါ်ရောက်သည်နှင့် သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။
"မေတ္တာရေစင်" ဆိုင်ပေါက်ဝတွင် ကျန်ရှိနေသော လူနှစ်ဆယ်ကျော်အနက် တစ်ဝက်ခန့်မှာ ဆိုင်ထဲသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
လင်းယွမ် စိတ်ထဲတွင် မကောင်းတော့ဟု တွေးလိုက်မိသည်။ ဤအပြောင်းအလဲသည် ကောင်းသော လက္ခဏာ မဟုတ်တန်ရာ။
သူ ချက်ချင်း တိုးဝင်မသွားဘဲ အနီးအနားမှ အခြေအနေကို စောင့်ကြည့်လိုက်သည်။
အဖြူရောင် ဝတ်စုံနှင့် သရဲမသည် မျက်နှာကြက်ပေါ်သို့ တွားသွားနေသည်ကို တွေ့လိုက်ရ၏။ သူမ၏ ဆံနွယ်နက်များနှင့် အဖြူရောင် စကပ်စများမှာ အောက်သို့ တွဲကျနေသည်။
ခန္ဓာကိုယ်အောက်ပိုင်း တစ်ဝက်ခန့်မှာ မျက်နှာကြက်ထဲသို့ ဝင်ရောက်နေပြီး ဖြူဖွေးသွယ်လျသော ပေါင်တံနှစ်ဖက်သာ ပေါ်ထွက်နေသည်။
ဤစိတ်စွမ်းအင် သန္ဓေပြောင်း သတ္တဝါသည် မသေဆုံးခင်က အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဟန်တူသည်။
သို့သော် ယခုအချိန်တွင်မူ အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
သူမ၏ ဆံပင်များက အိမ်ပိုင်ရှင်တစ်ဦးကို ရစ်ပတ်လိုက်ပြီး "ခွမ်း" ခနဲ အသံနှင့်အတူ ထိုလူ၏ ဦးခေါင်းခွံကို ချေမွပစ်လိုက်သည်။
ထို့နောက် ဆံနွယ်များက ထိုလူ၏ ဦးခေါင်းခွံထဲသို့ တိုးဝင်သွားကြသည်။
ထိုလူမှာ စိတ်ကြွဆေး မိထားသကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေပြီး မကြာမီ သူ၏ ဦးခေါင်းမှာ ရှုံ့တွသွားတော့သည်။
"ဘုန်း" ခနဲ အသံနှင့်အတူ သရဲမက ဆံပင်များကို ပြန်ရုတ်လိုက်ရာ ထိုလူမှာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
စုပ်ယူခံလိုက်ရသော ဂျယ်လီဘူးခွံတစ်ခုအလား ဘေးသို့ လွင့်ပစ်ခံလိုက်ရခြင်း ဖြစ်သည်။
လင်းယွမ် လေတစ်ချက် ရှူသွင်းလိုက်မိသည်။ ဤသတ္တဝါက လူဦးနှောက်များကို စုပ်ယူစားသောက်နေပါလား။
"တိရစ္ဆာန်မ"
လင်းယွမ်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာသော်လည်း ထိုဆိုင်မှာ အလွန်ထူးဆန်းလွန်းသဖြင့် သူပင်လျှင် အလွယ်တကူ ခြေမချရဲပေ။
လက်ရှိတွင် လူနှစ်ဆယ်ခန့်ရှိရာ တစ်ဝက်လောက်က ဆိုင်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
"အပြင်မှာ ကျန်နေတဲ့လူတွေကို အရင်ကယ်ရမယ်"
လင်းယွမ် စကားအများကြီး မပြောတော့ဘဲ ပစ္စည်းသိုလှောင်ခန်းထဲမှ ကြိုးကို ထုတ်လိုက်သည်။
ပေ ၄၀-၅၀ ခန့် အကွာမှနေ၍ ကြိုးကွင်းဖြင့် လှမ်းပစ်လိုက်ရာ လူနှစ်ဦးကို စွပ်မိသွားသည်။
ထို့နောက် အားကုန် ဆွဲယူလိုက်ရာ ထိုနှစ်ဦးမှာ ပါလာတော့သည်။
သူ အတတ်နိုင်ဆုံး သတိထား၍ လှုပ်ရှားခဲ့သော်လည်း ဆိုင်ထဲမှ သန္ဓေပြောင်းသရဲမက သတိထားမိသွားသည်။
သူမက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး မျက်နှာကြက်ပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ပြန်လည်ပေါ်လာသောအခါ ဆိုင်ပေါက်ဝတွင် ရောက်ရှိနေပြီဖြစ်ကာ လင်းယွမ်ရှိရာသို့ ပါးစပ်ဖြဲ၍ အော်ဟစ်လိုက်တော့သည်။
"အား"
စူးရှသော အသံလှိုင်းများ ချက်ချင်း တိုးဝင်လာသည်။
လင်းယွမ်လည်း လိပ်ခွံကို အစွမ်းကုန် အသုံးပြုလိုက်ရာ စိတ်စွမ်းအင်အကာအကွယ် ပွင့်လာ၏။
"ဝုန်း... ဝုန်း..."
စိတ်စွမ်းအင် အပ်ဖျားများကဲ့သို့ တရစပ် တိုက်ခိုက်လာသည်။
လင်းယွမ် အံကြိတ်လိုက်ပြီး ယခုတစ်ကြိမ်တွင် လုံးဝနောက်မဆုတ်ဘဲ အလူမီနီယမ်သံချောင်း ရှည်တစ်ချောင်းကို ဆွဲထုတ်ကာ အားကုန်ပစ်လွှတ်လိုက်သည်။
"ဝှီးးးးးးးးးးးး"
သံချောင်းရှည်သည် လေကို ခွဲဖြတ်၍ တဝူးဝူးအသံ မြည်ဟီးလျက် ပျံသန်းသွားသည်။
သရဲမ၏ အော်ဟစ်သံ ရပ်တန့်သွားပြီး နေရာမှာတင် ပျောက်ကွယ်သွားပြန်သည်။
ပြန်ပေါ်လာသောအခါ အခန်းထဲသို့ ရောက်သွားပြီ ဖြစ်သည်။
လင်းယွမ် ကြိုးကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် လူနှစ်ဦးကို ထပ်မံဆွဲယူလိုက်သည်။
သရဲမက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အခန်းထဲမှနေ၍ စိတ်စွမ်းအင် ဆူးငြောင့်များဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။
အသံလှိုင်းများက ဒီရေအလား တိုးဝင်လာပြီး ငရဲပွက်သကဲ့သို့ သရဲတစ္ဆေအော်မြည်သံများ ဆူညံသွား၏။
လိပ်ခွံဒိုင်းကာ အက်ကွဲစပြုလာသည်ကို လင်းယွမ် ခံစားလိုက်ရသည်။
သူ အချိန်ဆွဲမနေရဲတော့ဘဲ ကြိုးကို တွင်တွင်သုံး၍ ဆိုင်အပြင်ဘက်ရှိ လူဆယ်ယောက်ကျော်ကို ဆွဲထုတ်ကယ်တင်လိုက်သည်။
ကျန်ရှိနေသောသူများကိုမူ သူ ဂရုမစိုက်နိုင်တော့။
အဘယ်ကြောင့်ဆိုသော် လိပ်ခွံမှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မြေကြီးပေါ်မှလူများကို ဆွဲကာ အလျင်အမြန် နောက်ဆုတ် ထွက်ခွာလာခဲ့သည်။
လမ်းတစ်လျှောက်လုံး ဟိုတိုက်ဒီတိုက်နှင့် ထိုလူများမှာ ကြိုးဆွဲရာနောက် ပါလာပြီး နောက်ဆုံးတွင် ဘေးကင်းရာ လှေကားထစ်များဆီသို့ ပြန်ရောက်လာကြသည်။
"လင်းယွမ်... ရှင် ဘာမှမဖြစ်ဘူး မလား"
တင်းယန် နိုးလာပြီဖြစ်ပြီး လင်းယွမ်အနားသို့ ပြေးလာကာ အခြေအနေကို မေးမြန်းသည်။
လင်းယွမ်က "ငါ ဘာမှမဖြစ်ဘူး... လူနည်းနည်းတော့ ကျန်ခဲ့တယ်... အဲဒီသတ္တဝါက ဆိုင်ထဲကို ဆွဲခေါ်သွားလို့ ကယ်ဖို့ မလွယ်တော့ဘူး" ဟု ချက်ချင်း ပြန်ဖြေလိုက်သည်။
တင်းယန်က "ရှင် အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ... ရှင်သာ မရှိရင် ကျွန်မတို့အားလုံး အဲဒီသတ္တဝါလက်ထဲမှာ သေကုန်ကြမှာ" ဟု နှစ်သိမ့်ပြောဆိုသည်။
ထိုသတ္တဝါမအကြောင်း ပြောလိုက်သည်နှင့် တင်းယန် ရင်တုန်သွားမိသည်။
ထိုအချိန်တွင် ကြမ်းပြင်ပေါ်မှ လူများ တစ်ယောက်ပြီးတစ်ယောက် သတိရလာကြသည်။
ချိုင်ကြည်၊ ဦးလေးမာ၊ အဒေါ်ကြီးလီ၊ အမဝူ၊ ချိုင်ယောင် စသည့်သူများ အားလုံး ပါလာကြသည်။
ကင်းလှည့်အဖွဲ့မှ ခေါင်းဆောင်ငယ်များလည်း ပါလာကြ၏။
လင်းယွမ် သက်ပြင်းချလိုက်မိသည်။ ဤလူများသည် သူပျိုးထောင်ထားသော အမာခံလူများ ဖြစ်သဖြင့် တစ်ခုခုဖြစ်သွား၍ မဖြစ်ပေ။
နောင်တွင် ထိုက်ယန်တောင်သို့ သွားရောက်သောအခါ ဤလူများကို အားကိုးရဦးမည် ဖြစ်သည်။
လင်းယွမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါ နည်းလမ်းတစ်ခု စဉ်းစားမိတယ်... ငါ နောက်ဆုံးတစ်ခေါက် ထပ်တက်ဦးမယ်... ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ် ဖြစ်လောက်တယ်"
သူ၏ လိပ်ခွံသည် ထိုသတ္တဝါ၏ တိုက်ခိုက်မှုကို အလွန်ဆုံး နောက်တစ်ကြိမ်သာ ခံနိုင်ရည် ရှိတော့မည် ဖြစ်သည်။
"ဒီတစ်ခါ သူတို့ကို ဒီအထပ်ကို ခေါ်မလာတော့ဘူး... အောက်ထပ် ရေထဲကို တန်းပစ်ချလိုက်မယ်... တင်းယန်၊ ကျောက်ခိုင်... မင်းတို့ ရေကူးကျွမ်းတဲ့လူ တချို့ခေါ်ပြီး ရေထဲကနေ စောင့်ဖမ်းပေး"
"သူတို့ကို ငါမေ့အောင် ရိုက်ထားမှာ... ရေထဲကနေ ဆယ်မပေးရင် ရေမွန်းသေကုန်ကြလိမ့်မယ်"
ကျောက်ခိုင်က ချက်ချင်းပင် "အစ်ကိုလင်း... စိတ်ချပါ... ကျွန်တော်တို့ တာဝန်ထားလိုက်" ဟု ပြောသည်။
တင်းယန်ကလည်း လေးနက်စွာ ခေါင်းညိတ်ပြ၏။
လင်းယွမ် စကားဆက်မပြောတော့ဘဲ "ဟုတ်ပြီ... မင်းတို့ အောက်ထပ်မှာ သွားပြင်ဆင်ထား... နောက်ထပ် နှစ်မိနစ်နေရင် ငါ စလုပ်မယ်"
သူ အချိန်ဆွဲ၍ မရတော့။ ထိုသတ္တဝါက လူဦးနှောက်များကို စားသောက်နေပြီ ဖြစ်သည်။
ဘာကြောင့် လူဦးနှောက်ကို စားရသလဲ ဆိုသည်ကိုမူ မသိပေ။ စားလိုက်လျှင် စိတ်စွမ်းအင် တက်လာ၍များလား။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ သူ အမြန်လှုပ်ရှားမှ ဖြစ်မည်။
နှစ်ဖက် သဘောတူညီမှု ရပြီးနောက် လင်းယွမ် အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် လင်းယွမ်က ကုဖုန်းကို မီးခိုးများ ကြိုတင်မှုတ်ထုတ်ခိုင်းပြီး မိမိကိုယ်ကို ဖုံးကွယ်ထားလိုက်သည်။
ကုဖုန်းကမူ စင်္ကြံလမ်းထဲသို့ ဝင်မလိုက်နိုင်ပေ။
သူ၏ စိတ်စွမ်းအင် ပမာဏနှင့်ဆိုလျှင် သတ္တဝါကောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် စိတ်ပင်လယ် ပေါက်ကွဲသွားနိုင်သည်။
"ရပြီ... ကုဖုန်း... မင်း ဒီမှာပဲ နေခဲ့"
"ဟုတ်ကဲ့ အစ်ကိုလင်းယွမ်... သတိထားနော်"
လင်းယွမ် ခေါင်းညိတ်ပြပြီး စင်္ကြံလမ်းမှ ထွက်ကာ မီးခိုးငွေ့များကြားမှနေ၍ ဆိုင်ခန်းရှိရာသို့ လျှောက်သွားလိုက်သည်။
လိပ်ခွံအကာအကွယ်ကို ဖွင့်ကာ လင်းယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး "မေတ္တာရေစင်" ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ခဏလေးအတွင်းမှာပင် နောက်ထပ် လူလေးယောက်၏ ဦးခေါင်းခွံများ စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။
ငါးယောက်သာ ကျန်တော့၏။
လင်းယွမ် တစ်ချက်ကြည့်လိုက်ပြီး ယခုတစ်ကြိမ်တွင် လူကယ်ဖို့ ဦးစားမပေးတော့ဘဲ အလူမီနီယမ်သံချောင်းကို ထုတ်ယူလိုက်သည်။
သူ၏ မျက်လုံးများက မျက်နှာကြက်ပေါ်ရှိ သန္ဓေပြောင်းသရဲမကို စိုက်ကြည့်နေသည်။
"နောက်တစ်ခေါက် စမ်းကြည့်မယ်... သူ့ကို သတ်နိုင်ရင် အကောင်းဆုံးပဲ... မသတ်နိုင်မှ လူတွေကို ကယ်တော့မယ်"
လင်းယွမ် သံချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး "ကြွက်သားပေါက်ကွဲသိုင်း" ကို ထုတ်သုံးလိုက်သည်။
ခန္ဓာကိုယ်ရှိ ကြွက်သားများ ပေါက်ကွဲထွက်မတတ် ဖောင်းကြွလာပြီး ခွန်အားများ တိုးပွားလာ၏။
"ဟေ့"
သူ လက်မောင်းကို အားကုန်လွှဲကာ ဟိန်းဟောက်လိုက်ပြီး အလူမီနီယမ်သံချောင်းကို ပစ်လွှတ်လိုက်သည်။
"ဝှီးးးးးးးးးးးးးးးးးးးးးး"
ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် လေထုကို ခွဲဖြတ်ကာ တဝူးဝူးမြည်ဟီးလျက် ပျံသန်းသွားသည်။
ဆိုင်ထဲမှ သန္ဓေပြောင်းသရဲမက တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မျက်နှာကြက်ထဲသို့ အမြန်တိုးဝင်ပုန်းရှောင်ရန် ကြိုးစားသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ လင်းယွမ် ပစ်လွှတ်လိုက်သော အားပမာဏမှာ ကြီးမားလွန်းပြီး အရှိန်မှာလည်း မြန်ဆန်လွန်းလှသည်။
"ဖောက်" ခနဲ အသံနှင့်အတူ အလူမီနီယမ်သံချောင်းသည် ထိုသရဲမ၏ လက်မောင်းတစ်ဖက်ကို တန်းတန်းမတ်မတ် စိုက်ဝင်သွားသည်။
သူမ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း အများစုမှာ မျက်နှာကြက်ထဲသို့ ရောက်နေပြီဖြစ်သော်လည်း လက်မောင်းတစ်ဖက်မှာ ပြန်မရုတ်သိမ်းနိုင်သေးဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။
"အား"
သန္ဓေပြောင်းသရဲမသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ရုန်းကန်နေတော့သည်။
အလူမီနီယမ်သံချောင်းသည် မျက်နှာကြက် ကွန်ကရစ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး လင်းယွမ်၏ ကြောက်ခမန်းလိလိ ခွန်အားကြောင့် တစ်ဝက်ကျော်ကျော်ခန့် နစ်ဝင်သွားခဲ့သည်။
ထိုသရဲမမှာ စိတ်စွမ်းအင် အားကောင်းသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုင်းတွင်မူ လင်းယွမ်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် အားကုန် ရုန်းကန်သော်လည်း မကျွတ်ထွက်လာချေ။
လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
"ဟုတ်ပြီ"
သူ မီးခိုးငွေ့များကြားမှ ရုတ်တရက် ပြေးထွက်လိုက်ပြီး လက်ထဲတွင် အလူမီနီယမ်သံချောင်း အများအပြားကို ဆွဲထုတ်လိုက်သည်။
သူ အဆက်မပြတ် ပစ်လွှတ်လိုက်ရာ သံချောင်းများသည် တဖျောဖျောမြည်လျက် တိုးဝင်သွားကြသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ထိုသရဲမသည် မျက်နှာကြက်ထက်တွင် သံမှိုစွဲခံထားရသကဲ့သို့ ဖြစ်သွားကာ ပစ်မှတ်သေတစ်ခု ဖြစ်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလူမီနီယမ်ချောင်း သုံးချောင်းခန့် သူမ၏ ကိုယ်ထဲသို့ စိုက်ဝင်သွားသည်။
နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူမ၏ စိတ်စွမ်းအင်များက လင်းယွမ်ထံသို့ ရူးမတတ် တိုးဝင်တိုက်ခိုက်လာသည်။
လင်းယွမ်လည်း မျက်လုံးများ နီရဲလာပြီး သေမထူး နေမထူး မဆုတ်တမ်း ရင်ဆိုင်လိုက်သည်။
ဤအကြိမ်သည် ရန်သူကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သူ သိနေသည်။
"သေလိုက်စမ်း"
လင်းယွမ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အလူမီနီယမ်ချောင်းများကို ထပ်မံထုတ်ယူလိုက်သည်။
"ဝှီး... ဝှီး... ဝှီး..."
သံချောင်းများ လေကို ထိုးခွဲပျံသန်းသွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
မျက်နှာကြက်များ ကွဲအက်ကုန်ပြီး အမှုန်အမွှားများ တဖွဲဖွဲ ကျဆင်းလာသည်။
မီးချောင်းများ ကွဲကြေကာ ပြုတ်ကျလာကြသည်။
ထိုအချိန်တွင် သန္ဓေပြောင်းသရဲမသည်လည်း သေဘေးအန္တရာယ်ကို အာရုံခံမိသွားဟန် တူသည်။
သူမ၏ ကိုယ်ပေါ်တွင် စိုက်ဝင်နေသော သံချောင်းများကို ဂရုမစိုက်တော့ဘဲ လင်းယွမ်ကိုသာ ဦးတည်၍ အားကုန်အော်ဟစ်လိုက်တော့သည်။
ကြောက်မက်ဖွယ် စိတ်စွမ်းအင် ဆူးငြောင့်များသည် ဒီရေလှိုင်းလုံးကြီးသဖွယ် လင်းယွမ်ထံသို့ လိမ့်ဝင်လာသည်။
"ဘုန်း... ဘုန်း... ဘုန်း" ဟူသော အသံများသည် ငှက်ပျောဖက်ပေါ် မိုးသီးကြွေသကဲ့သို့ လိပ်ခွံပေါ်တွင် ဆူညံသွားသည်။
နောက်ဆုံးတွင် "ဂျွတ်" ဟူသော အသံနှင့်အတူ လိပ်ခွံဒိုင်းကာသည် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ကွဲကြေသွားတော့သည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ ဦးနှောက်ထဲသို့ မရေမတွက်နိုင်သော ဆူးငြောင့်များ ထိုးစိုက်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်စွာ နာကျင်သွားသည်။
"အား"
သူ မနေနိုင်ဘဲ နာကျင်စွာ အော်ဟစ်လိုက်မိ၏။
မျက်လုံးများ နီရဲလာပြီး သွေးကြောများ ယှက်သန်းလာသည်။
"သောက်ကောင်မ"
လင်းယွမ် ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ပြီး အလူမီနီယမ်ချောင်း ဆယ်ချောင်းခန့်ကို တစ်ပြိုင်နက်တည်း မျက်နှာကြက်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
မျက်စိတစ်မှိတ်အတွင်း မျက်နှာကြက်တစ်ခုလုံး ဆန်ခါပေါက်ဖြစ်သွားပြီး အလူမီနီယမ်ချောင်းများဖြင့် ပြည့်နှက်သွားသည်။
ထိုသန္ဓေပြောင်း သရဲမမှာ စူးဝါးစွာ အော်ဟစ်နေပြီး နောက်ဆုံးတွင် သံချောင်းတစ်ချောင်း သူမ၏ ဦးခေါင်းထဲသို့ စိုက်ဝင်သွားတော့သည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လှိုင်းလုံးကြီးသဖွယ် တိုးဝင်လာသော စိတ်စွမ်းအင် တိုက်ခိုက်မှုများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဘုန်း" ခနဲ အသံနှင့်အတူ လင်းယွမ် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်နေသည်။
နားထင်ကြောများ တဒိတ်ဒိတ် ခုန်နေပြီး ဦးနှောက်များ အပြင်သို့ ခုန်ထွက်တော့မတတ် ခံစားနေရသည်။
သူ အမောတကြီး အသက်ရှူရင်း နာကျင်မှုကို အံခဲ၍ သည်းခံကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
"ဘုံအရည်အသွေးမှတ်ကို စိတ်စွမ်းအင်မှာ ပေါင်းထည့်မယ်"
[ဒင်... သင်၏ စိတ်စွမ်းအင် +၁ တိုးသွားပါသည်]
ကြည်လင်အေးမြသော စွမ်းအင်တစ်ခု သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။
ထိခိုက်ဒဏ်ရာရထားသော စိတ်ပင်လယ်သည် ရုတ်တရက် အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ထိုစွမ်းအင်များကို စုပ်ယူကာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာတော့သည်။
လင်းယွမ် သက်သာရာရသွားပြီး ညည်းတွားလိုက်မိသည်။ ခုနက ခံစားနေရသော နာကျင်မှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ ထထိုင်လိုက်ပြီး "မေတ္တာရေစင်" ဆိုင်ဘက်သို့ မော့ကြည့်လိုက်သည်။
ထိုသရဲမသည် မျက်နှာကြက်တွင် လုံးဝ ကပ်ငြိသေဆုံးနေပြီ ဖြစ်သည်။
ဆန်ခါပေါက် ဖြစ်နေပြီး အလူမီနီယမ်ချောင်းများ စိုက်ဝင်နေသော ဒဏ်ရာများမှ သွေးများ စီးကျလာကာ ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျဆင်းနေသည်။
အခန်းထဲတွင် အသက်ရှင်ကျန်ရစ်သော အိမ်ပိုင်ရှင်အချို့မှာ ကြောင်တောင်တောင်ဖြင့် မျက်လုံးဖွင့်ကြည့်လာကြသည်။
ထို့နောက် အချို့က အခြေအနေကို သဘောပေါက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကြတော့သည်။
"အား... ကယ်ကြပါဦး... ကယ်ကြပါဦး"
"သတ္တဝါကောင်... သတ္တဝါကောင်ကြီး ရှိတယ်"
လင်းယွမ် ထိုအော်သံများကို ကြားလိုက်ရသောအခါ ဘေးထွက်ဆိုးကျိုး ကျန်နေသေးသည်လားမသိ၊ ခေါင်းပြန်ကိုက်လာသလို ခံစားလိုက်ရသည်။
သူ ချက်ချင်းပင် "အားလုံး တိတ်ကြစမ်း" ဟု အော်ငေါက်လိုက်သည်။
ထိုသူများ ကြောင်အမ်းသွားကြပြီး လင်းယွမ်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားကြသည်။
"ကိုလင်းယွမ်... ကိုလင်းယွမ်ပါလား"
"ကိုလင်းယွမ်... ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
"ဟေး... ကိုလင်းယွမ် ငါတို့ကို လာကယ်တာဟေ့"
လူများက ဝမ်းသာအားရ အော်ဟစ်နေကြသည်။
လင်းယွမ်က "ခင်ဗျားတို့ ဒီကနေ အရင်ထွက်သွားကြ... ဟိုဘက်ကို သွား... အားလုံး လှေကားဘက်မှာ ရှိတယ်... ဒီသန္ဓေပြောင်း သရဲမကို ကျွန်တော် ရှင်းလိုက်မယ်" ဟု လှမ်းပြောလိုက်သည်။
ထိုအခါမှ လူတိုင်းက မျက်နှာကြက်ပေါ်မှ သန္ဓေပြောင်းသတ္တဝါကို သတိထားမိကြသည်။
သေဆုံးနေသောပုံစံမှာ အလွန်စက်ဆုပ်ဖွယ်ကောင်းလှသဖြင့် အားလုံး မျက်နှာဖြူဖပ်ဖြူရော ဖြစ်သွားကြပြီး ဆိုင်ထဲမှ အလုအယက် ပြေးထွက်သွားကြသည်။
လင်းယွမ် မှာကြားသည့်အတိုင်း အောက်ထပ်သို့ဆင်းကာ လူအုပ်နှင့် သွားရောက်ပူးပေါင်းကြသည်။
လင်းယွမ်က မျက်နှာကြက်ကို မော့ကြည့်လိုက်ပြီး စိတ်မချသဖြင့် နောက်ထပ် ဓားမတစ်လက် ထုတ်ကာ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်၍ ထိုသရဲမ၏ ခေါင်းကို အတင်းခုတ်ပိုင်းလိုက်သည်။
"ဘုန်း" ခနဲ အသံနှင့်အတူ ခေါင်းပြတ်ကြီး ကြမ်းပြင်ပေါ်သို့ ကျလာမှ သူ သက်ပြင်းချနိုင်တော့သည်။
အလူမီနီယမ်ချောင်းတစ်ချောင်းကို ပြန်ဆွဲယူလိုက်ပြီး ထိုခေါင်းပြတ်ကို လှန်လှောကြည့်ရှုလိုက်သည်။
ဆံပင်နက်များအောက်တွင် မျက်လုံးမရှိဘဲ နှာခေါင်းနှင့် ပါးစပ်ပေါက်ကြီးသာ ပါရှိသော ထူးဆန်းသည့် မျက်နှာတစ်ခု ပေါ်လာသည်။
သူမ၏ ပါးစပ်ပေါက်မှာ အလွန်ကျယ်ပြီး လည်ပင်းမှာလည်း တုတ်ခိုင်လှသည်။ ထူးခြားသော အသံလှိုင်းများ ထုတ်လွှတ်ရန်အတွက် ဆင့်ကဲပြောင်းလဲထားပုံ ရသည်။
"ဆံပင်တွေ ဖုံးထားလို့ တော်သေးတယ်... မဟုတ်ရင် ဒီရုပ်ကြီးက တော်တော် လန့်စရာကောင်းမှာ"
လင်းယွမ် မနေနိုင်ဘဲ ပြောလိုက်မိသည်။
"ဒီသရဲမရဲ့ စိတ်ပင်လယ်က ဘာများထူးခြားလို့ အခုလို ဆူးငြောင့်တွေလို စိတ်စွမ်းအင်တိုက်ခိုက်မှုတွေ လုပ်နိုင်ရတာလဲ... ပြီးတော့ အသံပါနဲ့ ပေါင်းစပ်ထားသေးတယ်"
လင်းယွမ် ပစ္စည်းသိုလှောင်ခန်းထဲမှ တူတစ်လက်ကို ထုတ်ကာ ထုနှက်ရိုက်ခွဲပြီး ထိုသရဲမ၏ ဦးခေါင်းခွံကို ခွဲလိုက်သည်။
ဦးနှောက်အတွင်းပိုင်းကို သေချာကြည့်ရှုသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။
လိပ်ခွံမှာကဲ့သို့သော ဆန်းကြယ်သည့် သင်္ကေတ အမှတ်အသားများကိုလည်း မတွေ့ရချေ။
လင်းယွမ် စိတ်ပျက်သွားမိသည်။
လိပ်ခွံတစ်ခုလုံး ဆုံးရှုံးလိုက်ရသော်လည်း ဘာမှ ပြန်မရလိုက်ခြင်းကို သူ လက်မခံနိုင်ဖြစ်နေသည်။
သူ အရှုံးမပေးဘဲ အခန်းထဲတွင် ဆက်လက်ရှာဖွေနေမိသည်။
နံရံပေါ်မှ ရုပ်သံကက်ဆက်ခွေများ၊ ဓာတ်ပြားစက်များ၊ အမ်ပီသရီး နှင့် ဝေါ့ခ်မန်း ကဲ့သို့သော အလှဆင်ပစ္စည်းများကို အကုန်သိမ်းယူလိုက်သည်။
လင်းယွမ် စင်မြင့်ငယ်လေးဆီသို့ လျှောက်သွားပြီး ဦးစွာပထမ စန္ဒရားကို စစ်ဆေးကြည့်သည်။
သူ စရောက်တုန်းက ထိုသရဲမသည် စန္ဒရားဆရာအနားတွင် ထိုင်လျက် ညည်းတွားနေသည်ကို မှတ်မိနေသေးသည်။
ဒီစန္ဒရားမှာ ဘာများထူးခြားချက် ရှိမလဲ...
လင်းယွမ် စန္ဒရားကို ဖွင့်ကြည့်ပြီး ခေတ္တမျှ လေ့လာကြည့်သော်လည်း ထူးခြားသော နေရာ မတွေ့ရပေ။
ထိုင်ခုံကို ကြည့်ပြန်သော်လည်း ဘာမျှမတွေ့။
စဉ်းစားရင်း စင်မြင့်ကိုပါ ဖျက်ဆီးပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
စင်မြင့်ပေါ်မှ သစ်သားပြားများကို ခွာလိုက်သောအခါ အောက်ဘက်တွင် ပေါ်လာသော မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားရသည်။
"ဒါ... ဒါက"
စင်မြင့်အောက်တွင် အစိမ်းရောင် အုံ့ဆိုင်းနေသော နွယ်ပင်များ ရှုပ်ထွေးပူးကပ်လျက် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုအပင်များ၏ အလယ်တည့်တည့်တွင် လူ့ဦးနှောက်ပုံသဏ္ဍာန် အသီးတစ်လုံး ရှိနေ၏။
နွယ်ပင်များကြားတွင် နေရာအနှံ့ လူအရိုးစုများကို တွေ့နေရသည်။
အပင်များအားလုံးသည် သစ်သားပြားများနှင့် ကွန်ကရစ်များထဲတွင် အမြစ်တွယ်နေကြပြီး မြေကြီးထဲတွင် ပေါက်ရောက်နေခြင်း မဟုတ်ပေ။
လူ့ဦးနှောက်ပုံသဏ္ဍာန် အသီးသည် သက်ရှိတစ်ကောင်ကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည်။
ပိန္နဲသီးနံ့လိုလို မွှေးပျံ့သော ရနံ့များလည်း ထွက်ပေါ်နေ၏။
လင်းယွမ် တံတွေးမြိုချလိုက်မိသည်။ "ဒါ ဒီဆိုင်ရဲ့ လျှို့ဝှက်ချက်ပေါ့"
သူ ထိုဦးနှောက်ပုံသဏ္ဍာန် အသီးကို ချက်ချင်း မခူးယူဘဲ အသီးပေါ်မှ ဦးနှောက်အမြှောင်းများကဲ့သို့သော အရာများကို သေချာ ကြည့်ရှုလိုက်သည်။
ကြည့်ရင်းကြည့်ရင်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလာသည်။
ထိုအမြှောင်းများသည် လိပ်ခွံပေါ်မှ ဆန်းကြယ်သော သင်္ကေတများနှင့် ဆင်တူနေသည်။
"ဒါ သန္ဓေပြောင်းအသီးပဲ"
"သန္ဓေပြောင်းစွမ်းရည်တွေ ပါနေတဲ့ အသီးပဲ"
လင်းယွမ် ရင်များ တဒိန်းဒိန်း ခုန်လာတော့သည်။
နောက်ဆုံးတော့ သူ ဒုတိယမြောက် သန္ဓေပြောင်းအသီးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ဆက်ရန်...