← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 9 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 9 Ch. 163-164

အပိုင်း (၁၆၃) ဟန်လုံစင်တာမှ အသက်ရှင်ကျန်ရစ်သူများ

ဤထူးဆန်းသော သန္ဓေပြောင်းအသီးသည် လူဦးနှောက်နှင့် တူလွန်းလှသဖြင့် မြင်ရသူအဖို့ ကြက်သီးမွေးညင်း ထစေသည်။

စားသုံးရန် မဆိုထားနှင့်၊ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိတ်လန့်ဖွယ် ကောင်းလှ၏။

လင်းယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။

"အနံ့က မဆိုးဘူး... ပုံစံကသာ သိပ်ထူးဆန်းနေတာ"

သူက ခေါင်းခါလိုက်သော်လည်း စိတ်ထဲမှ မသတီမှုကို အောင့်အီးသည်းခံကာ ထိုလူဦးနှောက်ပုံစံ အသီးကို လှမ်းခူးလိုက်လေသည်။

အသီး၏ အထိအတွေ့မှာ ပေါ့ပါးပြီး အေးစက်နေ၏။ စိတ်စွမ်းအင် အမှတ်ပေါင်းထည့်လိုက်စဉ်က ခံစားရသော အေးစက်မှုမျိုး ဖြစ်လေသည်။

ဤအသီးသည် စိတ်စွမ်းအင်ဆိုင်ရာ အစွမ်းတစ်ခုခုကို နိုးထစေနိုင်သော အသီးဖြစ်ကြောင်း လင်းယွမ် သေချာပေါက် ပြောရဲသည်။

သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီး အသီးကို ချက်ချင်း မစားဘဲ သိမ်းဆည်းလိုက်၏။

"အမမေက အခုထိ အစွမ်းမရသေးဘူး... ဒီအသီးကို အမမေ့အတွက် ချန်ထားပေးလိုက်မယ်"

အသီးကို ခူးလိုက်သည်နှင့် တပြိုင်နက် မြေအောက်ရှိ စိမ်းလန်းသော နွယ်ပင်များသည် တဖြည်းဖြည်း ညှိုးနွမ်းခြောက်သွေ့သွားကြသည်။

လင်းယွမ်က နွယ်ပင်များကို ဖယ်ရှားကြည့်လိုက်သော်လည်း အခြားထူးခြားမှု မရှိတော့သဖြင့် ဆိုင်၏ နောက်ဖေးမီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။

မီးဖိုချောင်ထဲတွင် အရက်ပုလင်းများ၊ အချိုရည်များ၊ သစ်သီးခြောက်များနှင့် မုန့်ပဲသရေစာ အများအပြား ပုံထားသည်ကို တွေ့လိုက်ရ၏။

လင်းယွမ် အနည်းငယ် အံ့သြသွားမိသည်။ ဤပစ္စည်းများကို လူတွေ မယူသွားကြသည်မှာ ထူးဆန်းနေသည်။

သို့သော် ချက်ချင်းပင် အကြောင်းရင်းကို သူ သဘောပေါက်သွားလေသည်။

"ဒီသန္ဓေပြောင်းသရဲမ စောင့်နေမှတော့ သာမန်လူ ဘယ်ဝင်ရဲမှာလဲ"

သူက သဘောကျစွာ ပြုံးလိုက်မိ၏။ ဤပစ္စည်းများက သူ့အတွက် အချောင်ရလိုက်ခြင်းပင်။

လင်းယွမ်က အချိန်မဆွဲဘဲ ဆိုင်အတွင်းရှိ ပစ္စည်းများကို ပြောင်စင်အောင် သိမ်းဆည်းလိုက်၏။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူ ရုတ်တရက် အကြံတစ်ခု ရသွားသည်။

"ဒါနဲ့... ဒီသန္ဓေပြောင်းသတ္တဝါက ဒီအလွှာမှာ စောင့်နေတာဆိုတော့ သာမန်လူတွေ ဒီနား ကပ်ရဲမှာ မဟုတ်ဘူး... ဒါဆို ဒီအလွှာက တခြားဆိုင်တွေမှာလည်း ပစ္စည်းတွေ ရှိနေဦးမှာပဲ"

လင်းယွမ် မျက်လုံးများ အရောင်တောက်သွားပြီး စကားဆက်မပြောတော့ဘဲ ထိုဆိုင်မှ အမြန်ထွက်ကာ ဤတစ်လွှာလုံးကို မွှေနှောက်ရှာဖွေတော့သည်။

ဤအလွှာရှိ ဆိုင်အများစုမှာ အရက်နှင့် အချိုရည်ဆိုင်များဖြစ်ပြီး မုန့်ဆိုင်အချို့လည်း ရှိသဖြင့် လင်းယွမ်တစ်ယောက် ရတနာသိုက်တွေ့သလို ဖြစ်နေတော့၏။

ကုန်ပစ္စည်း လက်ကျန်အားလုံးကို သူက တစ်ခုမကျန် သိမ်းဆည်းလိုက်သည်။ အများစုမှာ လေလုံအောင်ပိတ်ထားသော ပစ္စည်းများဖြစ်သဖြင့် ရေကြီးနေသည့် (၆) လတာ ကာလအတွင်း ပျက်စီးသွားခြင်း မရှိပေ။

သူ၏ လျင်မြန်သော နှုန်းထားဖြင့် ဆိုင်ခန်းများကို မိနစ်ပိုင်းအတွင်း ပြောင်စင်အောင် ရှင်းလင်းလိုက်သည်။

ဆိုင်ခန်း သုံးလေးခန်းခန့် ရှင်းပြီးချိန်တွင် တင်းယန်၊ ကျောက်ခိုင်နှင့် အခြားသူများ ပြန်ရောက်လာကြ၏။

"လင်းယွမ်"

"အစ်ကိုလင်း"

လူချင်းပြန်ဆုံသည်နှင့် အားလုံးက လင်းယွမ်၏ အခြေအနေကို ဝိုင်းမေးကြသည်။

လင်းယွမ်က သန္ဓေပြောင်းအသီးအကြောင်းကို ထိန်ချန်ထားလိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်၏။

ထို့နောက် လူအုပ်ကြီးကို ကြည့်ကာ သူက ပြောလိုက်သည်။

"ဒီအလွှာက ဆိုင်တွေမှာ လူတွေ မယူသွားရသေးတဲ့ အစားအသောက်တွေ အများကြီး ကျန်နေသေးတယ်... ခုနက သန္ဓေပြောင်းသတ္တဝါ ဒီနေရာကို ပိုင်စိုးထားလို့ တခြားလူတွေ မလာရဲကြဘဲ အစားအသောက်တွေ ကျန်နေခဲ့တာပဲ"

"အားလုံးပဲ နေရာနှံ့အောင်ရှာပြီး စားလို့ရတာမှန်သမျှ အကုန်ယူကြ"

"ဦးလေးမာ၊ ချိုင်ကြည်၊ ကျန်းဖန်၊ ဝမ်လီလီ... ခင်ဗျားတို့က ဦးဆောင်ပြီး ပစ္စည်းသိမ်းကြ"

"ကျောက်ခိုင်၊ တင်းယန်၊ ကုဖုန်း... မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့... အမမေတို့ကို အမြန်သွားရှာမယ်"

တင်းယန်တို့ သုံးယောက်က ခေါင်းငြိမ့်လိုက်ကြပြီး လူစုခွဲကာ လင်းယွမ်တို့က အပေါ်ထပ်သို့ အမြန် တက်လာခဲ့ကြသည်။

လှေကားထစ်များပေါ်တွင် စိုစွတ်နေသော ခြေရာများကို တွေ့နေရဆဲပင်။

"ခြေရာတွေ ကြည့်ရတာ သူတို့ အပေါ်ထပ်မှာ ရှိနေတုန်းပဲ"

တင်းယန်က ခြေရာများကို ကြည့်ရင်း အကဲခတ်လိုက်သည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

"ဆက်သွားမယ်... လမ်းမှာ ခြေရာတွေကို ဂရုစိုက်ကြည့်ထား"

"သိပြီ"

သူတို့အဖွဲ့ ဆက်လက် တက်လာခဲ့ကြသည်။ အထပ်အနည်းငယ် ရောက်သောအခါ ခြေရာများသည် လားရာပြောင်းသွားပြီး လုံခြုံရေး တံခါးပေါက်ဘက်သို့ ဦးတည်သွားကြောင်း တွေ့လိုက်ရ၏။

လင်းယွမ်က ခြေရာများအတိုင်း ရှေ့ဘက်ရှိ လုံခြုံရေး တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

တင်းယန်က သူ့ကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏။

"လင်းယွမ်... ကျွန်မ အရင်ဝင်မယ်"

လင်းယွမ် ကြောင်သွားသည်။

"ဘာလို့လဲ"

တင်းယန်က "အန္တရာယ်ရှိရင် ကျွန်မက ကြားခံအနေနဲ့ ကာပေးထားနိုင်တယ်... ရှင်က နောက်ကနေ တုံ့ပြန်လို့ရတာပေါ့"

"ကျွန်မတို့ထဲမှာ ရှင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အမြင့်ဆုံးပဲလေ... အခြေအနေကို ပြောင်းလဲပစ်နိုင်တာ ရှင်ပဲရှိတယ်... ရှင့်ကို ရှေ့ကနေ စွန့်စားခိုင်းလို့ မဖြစ်ဘူး"

ပြောပြောဆိုဆိုဖြင့် သူမက ရှေ့မှ ဦးဆောင်ထွက်သွားလေသည်။

လင်းယွမ်က သူမကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း ဘေးနားမှ ကျောက်ခိုင်ကပါ သူ့ထက် ဦးအောင် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ ထွက်သွားပြန်၏။

"အစ်ကိုလင်း... အမတင်း ပြောတာ မှန်တယ်... ကျွန်တော်တို့အဖွဲ့မှာ အစ်ကိုက အဓိကပဲ... အစ်ကို အန္တရာယ် မဖြစ်စေနဲ့... လမ်းရှင်းတဲ့ အလုပ်မျိုးကို ကျွန်တော်နဲ့ အမတင်းပဲ လုပ်ပါရစေ"

လင်းယွမ်မှာ ပြောမရသဖြင့် ကုဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်ရသည်။

"ကုဖုန်း... မီးခိုးငွေ့တွေ ထုတ်လိုက်စမ်း... ငါတို့ ကိုယ်ဖျောက်သွားမယ်"

"စိတ်ချ"

ကုဖုန်းက ပါးစပ်ဟကာ မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်သည်။ ချက်ချင်းပင် ဖြူဖွေးသော မီးခိုးငွေ့များ ထွက်ပေါ်လာပြီး သူတို့အဖွဲ့ကို လွှမ်းခြုံသွားလေ၏။

တင်းယန်နှင့် ကျောက်ခိုင်တို့မှာ အံ့သြသွားကြပြီး ကုဖုန်းကို လှည့်ကြည့်လိုက်မိသည်။ ကုဖုန်းဆိုသော ကောင်လေး၏ အစွမ်းမှာ ထပ်မံ၍ အဆင့်မြင့်သွားပုံရသည်။

ယခင်က သူတို့ လင်းယွမ်နှင့်အတူ တိုက် (၇၅) သို့ သွားစဉ်က ကုဖုန်းကို တွေ့ဖူးသလို သူ၏ အစွမ်းကိုလည်း မြင်ဖူးကြသည်။

ထိုစဉ်က ကုဖုန်း၏ အစွမ်းမှာ သာမန်မျှသာဖြစ်ပြီး အမြင်အာရုံကို ကွယ်ဝှက်ပေးရုံမှလွဲ၍ တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

လင်းယွမ်က ခပ်တိုးတိုး ပြောလိုက်သည်။

"ကုဖုန်းရဲ့ မီးခိုးငွေ့တွေက ပြောင်းသွားပြီ... အခုဆို အမြင်အာရုံကို ကွယ်ဝှက်ပေးနိုင်ရုံတင်မဟုတ်ဘူး စိတ်အာရုံခံနိုင်စွမ်းကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်တယ်... ပုန်းဖို့အတွက်တော့ နတ်ဘုရားအဆင့် အစွမ်း"

လင်းယွမ်၏ ချီးကျူးစကားကြောင့် ကုဖုန်းမှာ သွားဖြီးနေအောင် ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြောလိုက်၏။

"မဟုတ်ပါဘူးဗျာ... အစ်ကိုလင်းကလဲ မြှောက်လွန်းနေပြီ... ကျွန်တော့်အစွမ်းက အသုံးမဝင်ပါဘူး... ပုန်းတာကလွဲရင် ဘာ တိုက်ခိုက်နိုင်စွမ်း ရှိတာမှ မဟုတ်တာ"

"စိတ်စွမ်းအင်နဲ့ အာရုံခံတာကိုပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ တော်တော် မိုက်နေပါပြီ"

တင်းယန်က ပြုံး၍ ပြောလိုက်သည်။

ကျောက်ခိုင်ကလည်း ကုဖုန်း၏ ပခုံးကို ပုတ်ကာ "မဆိုးဘူးပဲ ဟေ့ကောင်... မင်းရဲ့ မီးခိုးငွေ့တွေက ဆင့်ကဲပြောင်းလဲလာတာပဲ... စိတ်စွမ်းအင်ကိုတောင် တားဆီးနိုင်နေပြီကိုး"

ကုဖုန်းမှာ ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။

သူတို့ တိုးတိုးတိတ်တိတ် ပြောဆိုရင်း ဤအလွှာ၏ စင်္ကြံလမ်းထဲသို့ ဝင်ရောက်လာကြ၏။

ဤအလွှာသည် အဝတ်အထည်များ ရောင်းချသော နေရာဖြစ်ပုံရပြီး ဘယ်ဘက်ခြမ်းတွင် ကလေးအဝတ်အစား ဆိုင်တန်းများ ရှိနေသည်။

လင်းယွမ်က ကြမ်းပြင်ပေါ်မှ ခြေရာများကို ကြည့်လိုက်ပြီး လေးယောက်သား ဆက်လက် လိုက်ပါသွားကြသည်။

မကြာမီ ရှေ့နားတွင် အလင်းရောင် မှိန်ဖျဖျ ပေါ်လာပြီး လူရိပ်များ လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ တစ်ဖက်နှင့်တစ်ဖက် အော်ဟစ်ကာ ရန်စောင်နေကြသည့် အသံများလည်း ကြားနေရသည်။

"ဟိုက ဆုန့်ဝမ် မဟုတ်လား"

တင်းယန်က ဝမ်းသာအားရ ပြောလိုက်သည်။

လင်းယွမ်က "နင်က ဘယ်လိုလုပ် သိတာလဲ"

ကျောက်ခိုင်က ဘေးမှနေ၍ ဝင်ရှင်းပြ၏။

"အစ်ကိုလင်း... ဆုန့်ဝမ် လက်ထဲမှာ နေကြာပန်း နှစ်ပွင့် ကိုင်ထားတယ်လေ... အလင်းရောင် ထွက်နေတာ... အဲ့ဒီအလင်းရောင်က ဆုန့်ဝမ် လက်ထဲက နေကြာပန်းတွေဆီက လာတာ... သေချာပေါက် ဆုန့်ဝမ်တို့ အဖွဲ့ပဲ ဖြစ်ရမယ်"

လင်းယွမ် သဘောပေါက်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

"မြန်မြန်... ငါတို့ အမြန်သွားကြည့်ရအောင်"

ပြောပြောဆိုဆိုဖြင့် သူတို့အဖွဲ့သည် အလင်းရောင်ရရှိနေသော ဆိုင်ခန်းဆီသို့ အပြေးအလွှား သွားလိုက်ကြလေသည်။

လွန်ခဲ့သော ၁၀ မိနစ်ကို ပြန်သွားရလျှင်...

တုံယန်သည် ခေါင်းထဲမှ ထိုးကိုက်နေသော ဝေဒနာကို အံကြိတ်ခံရင်း ဘေးနားရှိ မောင်ဖြစ်သူ တုံကျဲနှင့် ရန်မေကို ဆွဲကာ လုံခြုံရေး တံခါးပေါက် အနောက်ဘက်သို့ အမြန် ဆုတ်ခွာလာခဲ့ကြသည်။

အပြင်ဘက်မှ သရဲမ၏ ညည်းညူသီဆိုသံမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။

သူမ၏ ဦးနှောက်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားနေရသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချနိုင်လိုက်သည်။

ထို့နောက် မောင်ဖြစ်သူနှင့် ရန်မေကို လွှတ်ပေးလိုက်ပြီး ပြောလိုက်၏။

"ငါ ကျန်တဲ့လူတွေကို သွားခေါ်လိုက်ဦးမယ်"

တုံကျဲနှင့် ရန်မေတို့ တားဆီးချိန် မရလိုက်ခင်မှာပင် သူမက အပြင်သို့ ပြန်ပြေးထွက်သွားလေသည်။

သို့သော် အပြင်သို့ ရောက်သည်နှင့် ခေါင်းထဲတွင် သေမတတ် နာကျင်လာပြန်၏။

လျှောက်လမ်း စင်္ကြံထဲသို့ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

တော်သေးသည်မှာ ထိုအချိန်တွင် လျှိုဖိန်ဖိန်၊ ဆုန့်ဝမ်တို့က သူတို့၏ မိသားစုဝင်များဖြစ်သော လျှိုတနန်၊ ဟူဝေမင်တို့ကို ဆွဲကာ အနောက်သို့ ပြန်ဆုတ် ပြေးလာကြခြင်း ဖြစ်သည်။

လျှိုဖိန်ဖိန်သည်လည်း စိတ်စွမ်းအင် အစွမ်းရရှိထားသူ ဖြစ်သဖြင့် သန္ဓေပြောင်းသရဲမ၏ သီချင်းသံကို အတော်အသင့် တောင့်ခံနိုင်ပြီး မိသားစုနှင့် အပေါင်းအပါများကို ပြန်ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင် တာအိုဆရာလင်း၏ ရွှေရောင်အလင်းတန်း လွှမ်းခြုံမှုသည် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း စိတ်စွမ်းအင် တိုက်ခိုက်မှုကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်း ရှိနေသည်။

သူ၏ အကူအညီဖြင့် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူး နှစ်ယောက်ကို ဆွဲထုတ်လာနိုင်ခဲ့သည်။

သူတို့အပြင် နောက်ထပ် လွတ်မြောက်လာသူ တစ်ဦးလည်း ရှိသေးသည်။

ဟွမ်ဟန်ပင် ဖြစ်၏။

ပို၍ တိကျစွာ ပြောရလျှင် ဟွမ်ဟန် မွေးမြူထားသော ရွှေအိုရောင် စပါးအုံးမြွေက အရေးကြီးသော အချိန်တွင် ဟွမ်ဟန်ကို ရစ်ပတ်ကာ ထွက်ပြေးလာခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်လာခြင်း ဖြစ်သည်။

ကျန်ရှိနေသော သူများမှာမူ ထိုနေရာတွင် ပိတ်မိကျန်ရစ်ခဲ့ကြသည်။

တုံယန် ဖြစ်စေ၊ လျှိုဖိန်ဖိန် ဖြစ်စေ၊ မည်သူမျှ လူသွားကယ်ရန် အတွင်းသို့ ပြန်မဝင်နိုင်ကြတော့ပေ။

ထိုခဏတွင် အားလုံးမှာ အလွန်အမင်း စိုးရိမ်ပူပန် နေကြရသည်။

"ငါတို့ ဒီမှာ ဒီအတိုင်း အချိန်ကုန်ခံနေလို့ မဖြစ်ဘူး... အပေါ်ထပ်ကို တက်ပြီး ဒီစင်တာက လူတွေကို သွားရှာကြမယ်... သူတို့နဲ့ ပေါင်းပြီး လူတွေကို ကယ်ဖို့ နည်းလမ်း ရှာရမယ်"

ရန်ဆန်းမင်က ချက်ချင်း ပြောလိုက်သည်။

သူသည် အဖွဲ့ထဲတွင် တည်ငြိမ်သူတစ်ဦးဖြစ်ပြီး ဖြေရှင်းနည်းကို လျင်မြန်စွာ တွေးတောနိုင်သူ ဖြစ်၏။

ရှီဟိုင်ကျူးက ဘေးတွင် ရပ်နေရင်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်... အဲ့ဒီ ခွေးကောင်တွေကို ရှာကြမယ်... သူတို့သာ လူသတ်ပြီး အလောင်းတွေ ပစ်မထားရင် ရေဘဝဲကြီး ရောက်မလာဘူး... ရေဘဝဲကြီး မလာရင် ငါတို့လည်း ဟန်လုံစင်တာထဲ ဝင်ပြေးစရာ မလိုဘူးလေ"

"အဲ့ဒီတုန်းက လင်းယွမ်က ချက်ချင်း ထွက်ခွာကြဖို့ အမိန့်ပေးခဲ့တာ... တောက်... အကုန်လုံး အဲ့ဒီကောင်တွေကြောင့် ဖြစ်ရတာ"

တာအိုဆရာလင်း၏ စိတ်ထဲတွင်လည်း နောင်တများ ရနေမိသည်။ မူလက သူသည် အစားအသောက် ရှာဖွေလိုစိတ်ဖြင့် ဝင်လာရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်၏။

သို့သော် ဝင်လာပြီးနောက် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ထင်မထားခဲ့ပေ။

သူက ချက်ချင်းပင် "ဟုတ်တယ်... ဟုတ်တယ်... ဒီက လူတွေကို သွားရှာပြီး ဒီသန္ဓေပြောင်းသတ္တဝါအကြောင်း မေးမြန်းကြည့်ကြတာပေါ့"

တုံယန်နှင့် ဆုန့်ဝမ်တို့တွင်လည်း ပိုကောင်းသော အကြံဉာဏ် မရှိကြပေ။

ရန်မေသည် လင်းယွမ် ဘေးနားတွင် မရှိသဖြင့် ကြောက်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဘာလုပ်ရမှန်း မသိတော့ဘဲ ဆုန့်ဝမ်၏ ဘေးနားတွင် ကပ်ကာ သူတို့ စီစဉ်သည်ကိုသာ နားထောင်နေရသည်။

သူမသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး မည်သည့်အစွမ်းမှ မရှိပေ။

ဤနေရာရှိ လူအများစုမှာ သန္ဓေပြောင်း အစွမ်းရရှိထားသူများ ဖြစ်ကြရာ သူမအနေဖြင့် ဝင်ရောက်ပြောဆိုခွင့် မရှိလှပါ။

ဆုန့်ဝမ်က သန္ဓေပြောင်း နေကြာပန်းကို ပိုက်ထားပြီး နေကြာပန်းမှ ထွက်ပေါ်နေသော အလင်းရောင်ဖြင့် စင်္ကြံလမ်းကို မီးထိုးပေးထားသည်။

"ကဲ... သွားကြစို့... အပေါ်ထပ်ကို တက်ပြီး တရားခံကို ရှာကြမယ်... သူ့ကို ဖမ်းပြီးရင် သန္ဓေပြောင်းသတ္တဝါအကြောင်း မေးလို့ရပြီ"

အားလုံး သဘောတူညီကြသဖြင့် အပေါ်ထပ်သို့ စတင် ပြေးတက်လာကြသည်။

အထပ်အနည်းငယ် တက်ပြီးသည်နှင့် တုံယန် ရုတ်တရက် ရပ်တန့်လိုက်၏။

"နေကြဦး... ဒီအလွှာမှာ... ဒီအလွှာမှာ လူတွေရှိတယ်"

သူမ၏ စိတ်အာရုံချိတ်ဆက်နိုင်စွမ်းသည် ပေ ၁၅၀ ပတ်လည်ရှိ လူသားများကို အာရုံခံနိုင်စွမ်း ရှိသည်။

ရှီဟိုင်ကျူးက ချက်ချင်းပင် "ငါ ရှေ့က သွားကြည့်မယ်" ဟု ပြောလိုက်၏။

ပြောနေရင်းပင် သူ၏ တစ်ကိုယ်လုံးမှ မြေဝါရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာ ကျောက်တုံး ကဲ့သို့ မာကျောလာလေသည်။

ဒါက သူ နိုးထထားသော အစွမ်း 'ကျောက်သားပြောင်းလဲခြင်း' ပင် ဖြစ်၏။

ကျောက်သားအဖြစ် ပြောင်းလဲသွားပြီးနောက် သူ၏ ခံနိုင်ရည်စွမ်းအားမှာ အဆမတန် မြင့်တက်လာပြီး ဓားဒဏ်၊ လှံဒဏ်များကို ခံနိုင်ရည်ရှိရုံမက ခွန်အားလည်း ကြီးမားလာသည်။

ရန်ဆန်းမင်က သူ့အနောက်မှ လိုက်ပါလာပြီး လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

ဓားမြှောင်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တွယ်ကပ်နေပြီး ထိုဓားမြှောင်ကို အလွန် ထက်မြက်ပုံ ပေါက်စေသည်။

သူတို့နှစ်ယောက်က ရှေ့မှ သွားပြီး တုံယန်က အနောက်မှ လမ်းညွှန်ပေးသည်။

ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့က ဘယ်ညာ ညှပ်၍ ရန်မေကို အလယ်တွင် ထားကာ ကာကွယ်ပေးထား၏။

အနောက်တွင်မူ လျှိုတနန်၊ ဟူဝေမင်နှင့် အခြားသူများက ကပ်လိုက်လာကြသည်။

သူတို့အဖွဲ့ စင်္ကြံလမ်းထဲသို့ ဝင်လာသည်နှင့် နေကြာပန်းအလင်းရောင်ကြောင့် မှောင်မည်းနေသော လမ်းမှာ လင်းထိန်သွားလေသည်။

ရုတ်တရက် လူရိပ်တစ်ခု သူတို့ရှေ့မှ ဖြတ်ခနဲ ပေါ်လာပြီး အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွား၏။

ထိုလူ၏ အလျင်မှာ မြန်ဆန်လွန်းလှပြီး အရိပ်တစ်ခုအလား ထင်မှတ်ရသည်။

"ရပ်လိုက်စမ်း"

ရှီဟိုင်ကျူးက အော်ဟစ်လိုက်ပြီး ဘေးနားရှိ ပန်းအိုးတစ်လုံးကို ကောက်ကာ အားကုန် ပစ်ပေါက်လိုက်၏။

"ခွမ်း"

ပန်းအိုးမှာ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားပြီး အပိုင်းအစများ လွင့်စဉ်ကုန်သည်။

သို့သော် ထိုလူမှာ ဆိုင်ခန်းတစ်ခုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေပြီ။

ရှီဟိုင်ကျူးက လိုက်ဖမ်းရန် ပြင်လိုက်စဉ် ရန်ဆန်းမင်က "ဟိုင်ကျူး... မသွားနဲ့" ဟု လှမ်းတားလိုက်သည်။

ရှီဟိုင်ကျူး ချက်ချင်း ရပ်တန့်လိုက်ပြီး ရန်ဆန်းမင်နှင့် ကျန်လူများ စုဝေးရောက်ရှိလာကြ၏။

"ညီမတုံ... အဲ့ဒီဆိုင်ခန်းထဲမှာ လူဘယ်နှယောက် ရှိလဲ" ရန်ဆန်းမင်က တုံယန်ဘက် လှည့်မေးလိုက်သည်။

တုံယန်က အာရုံခံကြည့်လိုက်ပြီး "ရှစ်ယောက်... သူတို့ တံခါးဝမှာ ပုန်းနေကြတယ်" ဟု အလျင်အမြန် ပြောလိုက်၏။

ရန်ဆန်းမင် မျက်နှာထား တင်းမာသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"သူတို့က ငါတို့ကို အလစ်တိုက်ချင်နေတာပဲ"

"ဒီလူတွေက မရိုးသားဘူး... ငါ့အလှည့်ပဲ"

လျှိုဖိန်ဖိန်က ဒေါသတကြီး ပြောလိုက်ပြီး သူမ၏ စိတ်ဝင်္ကပါ အစွမ်းကို ထုတ်သုံးရန် ပြင်လိုက်သည်။ သို့သော် သူမ၏ စိတ်စွမ်းအင်မှာ အကန့်အသတ်ရှိသဖြင့် လူ သုံးလေးယောက်ကိုသာ ထိန်းချုပ်ထားနိုင်သည်။

ရန်ဆန်းမင်က "ညီမဆုန့်နဲ့ တာအိုဆရာလင်း... ခင်ဗျားတို့က ဒီမှာနေပြီး တခြားလူတွေကို ကာကွယ်ပေးထား... ဟိုင်ကျူး၊ ညီမလျှို... ငါတို့သုံးယောက် သွားရှင်းမယ်"

"သိပြီ"

ရှီဟိုင်ကျူးက ထိပ်ဆုံးမှနေ၍ ဦးဆောင်ထွက်သွား၏။

သူ့တစ်ကိုယ်လုံးမှာ ကျောက်သားအဖြစ် လုံးဝ ပြောင်းလဲနေပြီဖြစ်ရာ လမ်းလျှောက်လိုက်တိုင်း ကျောက်ရုပ်ကြီး တစ်ရုပ်အလား ဝုန်းခနဲ ဝုန်းခနဲ မြည်ဟည်းနေသည်။

ဆိုင်ခန်းရှေ့သို့ ရောက်သောအခါ သံပန်းလိပ်တံခါး ဆွဲချထားသည်ကို တွေ့လိုက်ရ၏။

ရှီဟိုင်ကျူးက လက်သီးနှစ်ဖက်ဖြင့် သံတံခါးကို အားကုန် ထုချလိုက်သည်။

"ထန်... ထန်..."

နှစ်ချက်သုံးချက် ထုလိုက်ရုံဖြင့် သံတံခါးမှာ တွန့်လိပ်ချိုင့်ဝင်သွားလေသည်။

ရန်ဆန်းမင် ရောက်ရှိလာပြီး လက်ထဲမှ ဓားမြှောင်ဖြင့် အားကုန် ခြစ်ချလိုက်၏။

ဇိခနဲ အသံနှင့်အတူ သာမန်ဟု ထင်ရသော ဓားမြှောင်ပေါ်မှ ရွှေရောင်အလင်းတန်း လက်ခနဲ ဖြစ်သွားပြီး သံတံခါးကို စက္ကူကဲ့သို့ စုတ်ဖြဲပစ်လိုက်လေသည်။

ရှီဟိုင်ကျူးက ခြေထောက်ဖြင့် ကန်ထည့်လိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ သံတံခါးမှာ ပွင့်ထွက်သွားတော့၏။

ရှီဟိုင်ကျူး အထဲသို့ မဝင်နိုင်သေးခင်မှာပင် လူရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာပြီး ဓားရှည်ဖြင့် ရှီဟိုင်ကျူး၏ နဖူးကို ခုတ်ပိုင်းချလိုက်သည်။

ရှီဟိုင်ကျူးကမူ "မင်းကို စောင့်နေတာကြာပြီကွ" ဟု ကြိမ်းဝါးလိုက်၏။

သူက ရှောင်တိမ်းခြင်း မပြုဘဲ လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။

"ဘုန်း"

"ထန်"

ထိုလူ၏ ဓားသွားမှာ ရှီဟိုင်ကျူး၏ လက်သီးပေါ်သို့ ကျရောက်သွားပြီး ကျောက်တုံးကို ခုတ်မိသကဲ့သို့ မီးပွားများ လွင့်စဉ်ထွက်လာ၏။

ရှီဟိုင်ကျူးက နောက်လက်သီးတစ်ဖက်ဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။

ထိုလူမှာ ရုတ်တရက် အနောက်သို့ လျှပ်စီးအလား ဆုတ်ခွာသွားသဖြင့် ရှီဟိုင်ကျူး ဖမ်း၍ မမိလိုက်ပေ။

ရန်ဆန်းမင်က ချက်ချင်း သဘောပေါက်လိုက်ပြီး "အလျင်အစွမ်းပိုင်ရှင်ပဲ... ညီမလျှို... လုပ်တော့" ဟု အော်ပြောလိုက်သည်။

လျှိုဖိန်ဖိန်က "ကျွန်မ ကြည့်ရှင်းလိုက်မယ်" ဟု ပြောရင်း ရှေ့ထွက်လာသည်။

သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး အလျင်အစွမ်းပိုင်ရှင် လူငယ်မှာ ရုတ်တရက် ခြေလှမ်းတုံ့သွားကာ နေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်တန့်သွားလေ၏။

ရှီဟိုင်ကျူးက အခွင့်ကောင်းကို လက်လွတ်မခံဘဲ အတင်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူ့လက်သီးဖြင့် ထိုလူ၏ ဦးခေါင်းကို ထိုးခွင်းရန် ရွယ်လိုက်၏။

ထိုစဉ် ရုတ်တရက် အလင်းကွင်းတစ်ခု လင်းလက်လာသည်။

ရှီဟိုင်ကျူး တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထိုအလင်းကွင်းမှာ ပေါက်ကွဲထွက်သွားပြီး ရှီဟိုင်ကျူးမှာ အနောက်သို့ လွင့်စဉ်သွားတော့၏။

ဘုန်းခနဲ အသံနှင့်အတူ သံတံခါးဘေးရှိ နံရံနှင့် ဝင်ဆောင့်မိလေသည်။

ရန်ဆန်းမင် လန့်သွားပြီး "ဟိုင်ကျူး" ဟု အော်လိုက်မိ၏။

သူက အလင်းကွင်း လာရာဘက်သို့ မော့ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက လက်ဝါးကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"အကာအကွယ် အစွမ်းနဲ့ စိတ်စွမ်းအင် အစွမ်း... ရှင်တို့ကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး... ရှင်တို့က ဝမ်ဝေတုန်းရဲ့ လူတွေ မဟုတ်ကြဘူးပဲ"

ရန်ဆန်းမင်က ထိုအမျိုးသမီးကို သတိထားပြီး ကြည့်လိုက်သည်။ သူမ၏ အနောက်မှ လူခြောက်ယောက်ခန့် ထပ်မံ ထွက်ပေါ်လာကြ၏။

"ခင်ဗျားက ဘယ်သူလဲ" ရန်ဆန်းမင်က လေးနက်စွာ မေးလိုက်သည်။

ထို့နောက် နံရံဘက်သို့ လွင့်စဉ်သွားသော ရှီဟိုင်ကျူးကို လှမ်းကြည့်လိုက်၏။

ရှီဟိုင်ကျူးမှာ ဘာမှမဖြစ်သလို အပျက်အစီးပုံကြားမှ ပြန်ထလာပြီး ပါးစပ်မှ တောက်ခေါက် ရေရွတ်နေသော်လည်း ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

အခြေအနေ မမှန်ကြောင်း သူလည်း သတိပြုမိသွားပုံရသည်။

ဤလူများသည် သူတို့ ရှာဖွေနေသော ပစ်မှတ်များ မဟုတ်ကြချေ။

အနောက်မှ ဆုန့်ဝမ်နှင့် ကျန်လူများလည်း အပြေးအလွှား ရောက်ရှိလာကြသည်။

လူအင်အား များပြားသွားသဖြင့် သူတို့ဘက်မှ အားရှိသွားသလို ခံစားလိုက်ရ၏။

ဆုန့်ဝမ် ရောက်လာသည်နှင့် သန္ဓေပြောင်း နေကြာပန်းအလင်းရောင်ကြောင့် ဆိုင်ခန်းတစ်ခုလုံး လင်းထိန်သွားလေသည်။

တစ်ဖက်မှ အမျိုးသမီး၏ ရုပ်သွင်ကိုလည်း အားလုံး အသေအချာ မြင်တွေ့လိုက်ရ၏။

ထိုအမျိုးသမီးသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိပြီး အပေါ်ပိုင်းတွင် ကုတ်အင်္ကျီအတို ဝတ်ဆင်ထားကာ အတွင်း၌ အနက်ရောင် ပိုးသားရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ ဖြူဝင်းသော လည်တိုင်တွင် အနီရောင် ကြိုးမျှင်လေး တစ်ခု ဆွဲထားပြီး ကြိုးမျှင်၏ အဆုံးသတ်ကိုမူ ရင်ဘတ်အကွဲကြောင်းကြားထဲတွင် မြှုပ်နှံထားလေ၏။

အောက်ပိုင်းတွင် အင်္ကျီနှင့် အရောင်တူ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခြေထောက်တွင်မူ ဒေါက်ဖိနပ်အစား အနက်ရောင် သားရေဖိနပ်ကို စီးထားသည်။

သူမ၏ ပုံစံမှာ စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသမီး ခေါင်းဆောင်တစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။

သို့သော် သူမ၏ မျက်လုံးအိမ်အောက်ရှိ နှမ်းစေ့ခန့် မှဲ့နီလေးကမူ တင်းမာသော ပုံစံကို လျော့ပါးစေပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ပေးစွမ်းနေပြန်၏။

ယခုအချိန်တွင် သူမသည် ရန်ဆန်းမင်တို့ လူအုပ်ကြီးကို ကြည့်ကာ စိတ်ထဲ၌ သံသယများဖြင့် အံ့သြနေမိသည်။

ဟန်လုံစင်တာထဲတွင် ရှိနေသော လူဟူသမျှကို သူမ မသိသူဟူ၍ မရှိသလောက်ပင်။

သို့သော် ယခုလူအုပ်ကြီးကိုမူ သူမ တစ်ယောက်မှ နာမည်မခေါ်နိုင်ပေ။ ဒါက သူမကို အံ့သြစေသည်။

သူမ စဉ်းစားလိုက်သည်နှင့် အဖြေတစ်ခု ရသွား၏။ ဒီလူတွေ အပြင်ကနေ ဝင်လာကြတာပဲ ဖြစ်ရမည်။

သေချာပေါက် ဝမ်ဝေတုန်းရဲ့ လူတွေ မဟုတ်နိုင်ပေ။

ထိုအချက်ကို သိလိုက်သည်နှင့် သူမ စိတ်ကူးတစ်ခု ရသွားသည်။

ဒီလူတွေကို သူမဘက်ပါအောင် ဆွဲဆောင်ပြီး ဝမ်ဝေတုန်းကို ပြန်တိုက်ခိုက်ခိုင်းရင် အဆင်ပြေနိုင်သည်။

ထိုသို့ တွေးလိုက်မိသည်နှင့် သူမ၏ တည်ငြိမ်လေးနက်သော မျက်နှာထားမှာ ချက်ချင်း နူးညံ့ပျော့ပျောင်းသွားပြီး ပြုံးရွှင်စွာ ဦးအောင် နှုတ်ဆက်လိုက်လေသည်။

"လူကြီးမင်းတို့... ကျွန်မတို့ကြားမှာ နားလည်မှု လွဲသွားတယ် ထင်တယ်"

"ကျွန်မနာမည်က ချင်ကျင်း ပါ... ဟန်လုံဟိုတယ်ရဲ့ မန်နေဂျာပါ... ကျွန်မ ဘေးက လူတွေကတော့ ကျွန်မရဲ့ အပေါင်းအပါတွေပဲ... ကျွန်မတို့က ရှင်တို့ကို ဘယ်နေရာမှာများ စော်ကားမိလို့ အခုလို လာတိုက်ခိုက်ရတာလဲ ဆိုတာ သိပါရစေ"

သူမ၏ လေသံမှာ ရိုးသားပြီး မာန်မာန မပါသော်လည်း ရန်ဆန်းမင်တို့ဘက်မှ လူအင်အား များနေသည့်တိုင် ကြောက်ရွံ့သည့်ပုံ မပေါ်ပေ။

ရန်ဆန်းမင်နှင့် ဘေးမှလူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရန်ဆန်းမင်က မေးလိုက်သည်။

"မန်နေဂျာချင်... ဒီဟန်လုံစင်တာထဲမှာ အသက်ရှင်သေးတဲ့သူက ခင်ဗျားတို့ပဲ ရှိတာလား... ဒါမှမဟုတ် တခြား လူတွေ ရှိသေးလား"

ချင်ကျင်း စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း အပြုံးမပျက်ဘဲ ပြန်မေးလိုက်၏။

"လူကြီးမင်းတို့မှာ ဘာကိစ္စများ ရှိလို့လဲ... ဘာလို့ ဒါကို မေးရတာလဲ"

ရန်ဆန်းမင်က ပြန်မဖြေဘဲ "ကျွန်တော် မေးတာကိုပဲ ဖြေပါ... ရှိလား မရှိဘူးလား" ဟု ထပ်မေးလိုက်သည်။

ချင်ကျင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဒီလူက လူမှုရေးအတွေ့အကြုံ နုနယ်သူ မဟုတ်... သူမ ထင်ထားတာထက် ပိုပြီး ဉာဏ်များမည့်ပုံပင်။

သူမ ဘာမှပြန်မပြောရသေးခင် သူမဘေးမှ အလျင်အစွမ်းပိုင်ရှင် လူငယ်လေးက ဒေါသတကြီး အော်ပြောလိုက်၏။

"ခင်ဗျား အမချင်ကို ဘယ်လိုလေသံနဲ့ ပြောနေတာလဲ"

"ယွဲ့ဖုန်း"

ချင်ကျင်းက မျက်မှောင်ကြုတ်ကာ လူငယ်လေးကို လှမ်းဟန့်လိုက်သည်။

ယွဲ့ဖုန်းက ရန်ဆန်းမင်ကို မကျေမနပ် ကြည့်လိုက်သော်လည်း ဆက်မပြောတော့ပေ။

ရန်ဆန်းမင်က ယွဲ့ဖုန်းကို ဂရုမစိုက်ဘဲ အေးစက်စွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"အမကြီး... ကျွန်တော်တို့က ဟန်လုံစင်တာက လူတွေ မဟုတ်ဘူး... ခုနက အပြင်မှာ ဟန်လုံစင်တာထဲက လူတစ်ယောက် လူသတ်ပြီး အလောင်းပစ်ချတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတယ်... အဲ့ဒါကြောင့် ရေထဲက သတ္တဝါကြီးတွေ ရောက်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်တာ ခံလိုက်ရတယ်"

"ဒီကိစ္စကို ကျွန်တော်တို့ စာရင်းရှင်းရလိမ့်မယ်"

ချင်ကျင်း မျက်ခုံးပင့်သွားပြီး အံ့သြစွာ မေးလိုက်၏။

"ရှင်တို့က တကယ်ပဲ အပြင်ကနေ ဝင်လာတာလား"

"အပြင်မှာ ရေတွေကြီးနေတာကို ရှင်တို့ ဘယ်လိုလာကြတာလဲ"

"ရေထဲက သတ္တဝါတွေကိုရော ရှင်တို့ ဘယ်လို ဖြေရှင်းတာလဲ"

"လမ်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရော တွေ့ခဲ့သေးလား... အစိုးရဆီက သတင်းရော ကြားသေးလား"

သူမက မေးခွန်းပေါင်းများစွာကို ဆက်တိုက် မေးလိုက်ပြီး စိတ်လှုပ်ရှားနေပုံ ရသည်။

ရန်ဆန်းမင်က တည်ငြိမ်စွာပင် "ခင်ဗျား ကျွန်တော့်မေးခွန်းကို မဖြေရသေးဘူး" ဟု ဖြတ်ပြောလိုက်သည်။

ချင်ကျင်း ကြောင်သွားပြီးနောက် အလျင်အမြန် ရှင်းပြလိုက်၏။

"ဒီဟန်လုံစင်တာမှာ တခြားလူတစ်စု ရှိနေတာ အမှန်ပဲ... ရှင် ပြောသလိုပဲ အဲ့ဒီအဖွဲ့က အဲ့လိုကိစ္စမျိုးကို လုပ်ရဲကြတယ်"

"ကျွန်မလည်း ရှင်တို့ကို ဖုံးကွယ်မထားပါဘူး... ဟန်လုံစင်တာထဲမှာ အဲ့ဒီလူစုက လူအင်အားများပြီး အဖွဲ့အစည်း ဖွဲ့ထားကြတယ်... ကျွန်မတို့တွေက အဲ့ဒီလူစုရဲ့ အနိုင်ကျင့် ဗိုလ်ကျတာကို မခံနိုင်တော့လို့ ဒီအောက်ကို ဆင်းပုန်းနေကြရတာ"

ရန်ဆန်းမင် သဘောပေါက်သွားပြီး 'ငါထင်သားပဲ' ဟု တွေးလိုက်မိသည်။

သူ ခန့်မှန်းထားသည်နှင့် ကွက်တိပင်။

ဒီလောက်ကြီးမားတဲ့ ဟန်လုံစင်တာ အဆောက်အဦးထဲမှာ လူတစ်စုတည်း ရှိနေဖို့ မဖြစ်နိုင်ပေ။

အထပ်ပေါင်းများစွာနှင့် ကျယ်ဝန်းသော ဧရိယာတွင် စိတ်ချင်း မတူညီကြသဖြင့် ကွဲပြားမှုများ ရှိစမြဲပင်။

ရန်ဆန်းမင်က ဒီနေရာအကြောင်း ဆက်လက် မေးမြန်းချင်သော်လည်း ဆုန့်ဝမ်မှာ သည်းမခံနိုင်တော့ပေ။

သူမက ကြားထဲမှ ဖြတ်၍ မေးလိုက်၏။

"အမချင်... ရှင်တို့ရဲ့ အောက်ထပ် ၂၄ လွှာမှာ သီချင်းဆိုတတ်တဲ့ သတ္တဝါတစ်ကောင် ရှိနေတယ်... အဲ့ဒါ ဘယ်လိုဖြစ်တာလဲ သိလား"

"ရှင်တို့ ၂၄ လွှာကို ရောက်ခဲ့ကြတာလား"

ဒီတစ်ခါတွင်တော့ ချင်ကျင်းပါ မျက်နှာပျက်သွားပြီး အံ့သြတကြီး အော်မေးလိုက်မိသည်။

သူမ အနောက်မှ ယွဲ့ဖုန်းနှင့် အခြားသူများလည်း မျက်နှာထားများ ပြောင်းလဲသွားပြီး ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြ၏။

အနောက်မှ လူများ တီးတိုးပြောဆိုနေကြပြီး သူတို့ကို အကဲခတ်နေကြသည်။

ဆုန့်ဝမ်က သူတို့၏ ပုံစံကို ကြည့်ပြီး ၂၄ လွှာတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိနေကြောင်း သိလိုက်၏။

သူမက "ဘာဖြစ်လို့လဲ" ဟု အလျင်အမြန် မေးလိုက်သည်။

ချင်ကျင်းက ခေါင်းခါလိုက်ပြီး အံ့သြစွာ ရေရွတ်လိုက်၏။

"ရှင်တို့ ကံကောင်းလွန်းတယ်... ၂၄ လွှာကနေတောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြတယ်"

"အဲ့တာ ဘာအဓိပ္ပါယ်လဲ" လျှိုဖိန်ဖိန်ကပါ ဝင်မေးလိုက်သည်။

ချင်ကျင်းက သက်ပြင်းချကာ ပြောပြလေသည်။

"လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး ၂၄ လွှာထဲ ဝင်သွားတဲ့သူ ဘယ်သူမှ အသက်ရှင်လျက် ပြန်ထွက်လာတာ ကျွန်မ မမြင်ဖူးဘူး"

"၂၄ လွှာ နဲ့ ၂၈ လွှာက ကျွန်မတို့အတွက် တားမြစ်နယ်မြေတွေပဲ... အဲ့ဒီထဲ ဝင်သွားတဲ့သူ ဘယ်သူမဆို အသက်ရှင်ဖို့ လမ်းမရှိဘူး"

"ကျွန်မတို့ ဝမ်ဝေတုန်းရဲ့ အဖွဲ့လက်ကနေ လွတ်ပြီး အခုထိ အသက်ရှင်နေနိုင်တာကလည်း ၂၈ လွှာဘေးကနေ စွန့်စားဖြတ်ကျော်ပြီး ဒီဘက်ကို ထွက်ပြေးလာလို့ပဲ... ဝမ်ဝေတုန်းတို့က အောက်ကို မဆင်းရဲကြဘူးလေ"

"၂၄ လွှာထဲကိုတော့ ကျွန်မတို့ ဘယ်တော့မှ မဝင်ဘူး"

ဆက်ရန်...

အပိုင်း (၁၆၄) ချင်ကျင်း၏ တုန်လှုပ်အံ့သြမှု

ချင်ကျင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဆုန့်ဝမ်၊ ရန်ဆန်းမင်နှင့် အခြားသူများ၏ မျက်နှာထားများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။

"ဒါဆို... ဦးလေးမာတို့တော့"

ရန်မေသည် ပါးစပ်ကို လက်ဖြင့် အုပ်ကာ မျက်ရည်ဝဲလာပြီး စကားမဆက်နိုင် ဖြစ်သွားရှာသည်။ ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့လည်း တစ်ခဏမျှ ဘာပြောရမှန်း မသိ ဆွံ့အသွားကြသည်။ (၂၄) လွှာရှိ ဆိုင်ခန်းထဲမှ သီချင်းညည်းနေသော အမျိုးသမီးက ဤမျှလောက် ကြောက်စရာကောင်းနေသည်လား။

ရန်ဆန်းမင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

"(၂၄) လွှာမှာ ဘာတွေရှိနေတာလဲ... သီချင်းညည်းနေတဲ့ အမျိုးသမီးက ဘယ်သူလဲ... ဘာလို့ လူတွေကို လိုက်တိုက်ခိုက်နေတာလဲ"

ချင်ကျင်းက သူတို့ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောသည်။

"ရှင်တို့ သူငယ်ချင်းတွေ (၂၄) လွှာထဲ မှားဝင်သွားကြတာလား... ကြည့်ရတာ ရှင်တို့ သွားကယ်ဖို့ ကြိုးစားခဲ့တဲ့ပုံပဲ... လျန်ဟုန်ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုက သာမန် သန္ဓေပြောင်းအစွမ်းပိုင်ရှင်တွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး"

"လျန်ဟုန်" ရှီဟိုင်ကျူးက ဝင်မေးလိုက်သည်။

ချင်ကျင်းက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... အဲ့ဒီ သီချင်းညည်းနေတဲ့ အမျိုးသမီးနာမည်က လျန်ဟုန်တဲ့... မေတ္တာရေစင် ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ပေါ့... ရေကြီးမှု စဖြစ်တော့ ရုံးချုပ်က သူ့ကို တာဝန်ကျအစောင့် လုပ်ခိုင်းထားတာ... ပြုစုစောင့်ရှောက်ရမယ့် ကလေးပါ ရှိနေတော့ သူက ကလေးကိုပါ ခေါ်ပြီး ဆိုင်မှာပဲ အိပ်လိုက်တယ်လေ"

"နောက်တော့ ရေကြီးရေလျှံမှုကြီး ဖြစ်လာပြီး လူတိုင်း တိုက်ထဲမှာ ပိတ်မိကုန်ကြရော... သူတို့သားအမိလည်း မလွတ်ဘူးပေါ့... အစားအသောက်တွေ ပြတ်လပ်လာတော့ လူတွေက တိုက်ထဲမှာရှိတဲ့ အစားအစာတွေကို အလုအယက် လိုက်ရှာကြတယ်"

"နောက်ပိုင်းကျတော့ တချို့လူတွေက ရူးသွပ်လာကြတယ်... အစားအစာ လုရုံတင်မကတော့ဘူး... လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျလာကြတယ်... ရုပ်ရည်ချောမောတဲ့ မိန်းမတွေကိုတွေ့ရင် လက်သရမ်းလာကြတယ်... အတင်းအဓမ္မ ဆက်ဆံတာတွေပါ လုပ်လာကြတော့တာပဲ"

"လူတစ်ယောက်က စလုပ်လိုက်တာနဲ့ ကျန်တဲ့လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးစိတ်တွေပါ ထောင်ကလွတ်လာသလို ဖြစ်ကုန်ကြရော... စည်းကမ်းတွေ ပျက်စီးကုန်တယ်... မုဒိမ်းမှုတွေ... လူသတ်မှုတွေ... လုယက်မှုတွေ... အကြမ်းဖက်မှုတွေ"

ချင်ကျင်းသည် အတိတ်က အဖြစ်ဆိုးများကို ပြန်ပြောပြနေရင်း မျက်နှာထား ပျက်ယွင်းလာသည်။ ရန်ဆန်းမင်၊ ဆုန့်ဝမ်နှင့် အခြားသူများ၏ မျက်နှာများမှာလည်း ကြည့်မကောင်းတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမ ပြောပြနေသည့် အရာအားလုံးကို သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် လှပသော အမျိုးသမီးများ မည်သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရတတ်သည်ကို သူတို့ ကောင်းကောင်း သိနားလည်ကြသည်။

ရန်ဆန်းမင်က စကားကို ဖြတ်ပြောလိုက်သည်။

"အဲ့ဒီ လျန်ဟုန်ဆိုတဲ့ အမျိုးသမီးက... အစော်ကား ခံလိုက်ရတာလား"

သူက 'မုဒိမ်းကျင့်' ဆိုသည့် စကားလုံးကို သုံးရန် ဝန်လေးနေမိသည်။ ချင်ကျင်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... သူ့အဖြစ်က အရမ်းဆိုးတယ်... အသေးစိတ်တော့ မပြောတော့ပါဘူး... သမီးဖြစ်သူရှေ့မှာတင် မတရားကျင့်ခံလိုက်ရတော့ စိတ်ဒဏ်ရာပြင်းထန်ပြီး ရူးသွားရှာတယ်... နောက်တော့ ဘယ်လိုဖြစ်သွားလဲ မသိဘူး... လူဦးနှောက်တွေကို စားတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြစ်သွားတော့တာပဲ"

"သူ့သမီးလေးလည်း လန့်ပြီး ကြောင်သွားတယ်... ရက်အနည်းငယ်ကြာတော့ (၂၈) လွှာမှာ သူ့သမီးကို တွေ့ကြတယ်... အဲ့ဒီအချိန်မှာ သူ့သမီးကလည်း ကြောက်စရာကောင်းတဲ့ သတ္တဝါအဖြစ် ပြောင်းလဲသွားပြီ... အဲ့ဒီနောက်ပိုင်း (၂၄) လွှာနဲ့ (၂၈) လွှာက အန္တရာယ်ဇုန် ဖြစ်သွားပြီး ဘယ်သူမှ မသွားရဲကြတော့ဘူး"

ချင်ကျင်း၏ စကားကြောင့် ဆုန့်ဝမ်တို့အဖွဲ့မှာ အမှတ် (၇၆) တိုက်မှ ဝမ်ယန်မေ သားအမိ၏ အဖြစ်ဆိုးကို သတိရသွားကြသည်။ ခဏတာမျှ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ရန်ဆန်းမင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"(၂၄) လွှာက လျန်ဟုန်ကို နှိမ်နင်းဖို့ နည်းလမ်းမရှိဘူးလား... ခင်ဗျားတို့ ဒီမှာနေတာ ကြာပြီပဲ... သွားမကြည့်ဖူးကြဘူးလား"

ချင်ကျင်းက ခေါင်းခါလိုက်သည်။

"ဘယ်သူက သွားရဲမှာလဲ... လျန်ဟုန်က သန္ဓေပြောင်း သတ္တဝါအဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် အဲ့ဒီဆိုင်ခန်းနဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီ... သူက ဆိုင်ခန်းထဲကနေ ထွက်မလာနိုင်ပေမယ့် သူ ညည်းဆိုနေတဲ့ သီချင်းသံ ရောက်တဲ့ ဧရိယာက မသေးဘူး... မသိဘဲ ဝင်သွားမိရင် သူ့ရဲ့ ထောင်ချောက်ထဲ ရောက်သွားဖို့ အရမ်းလွယ်တယ်... သူ အပြင်ထွက်မလာနိုင်တာကိုပဲ ကျေးဇူးတင်ရမယ်... မဟုတ်ရင် ကျွန်မတို့ ဒီ (၂၆) လွှာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"

ရန်ဆန်းမင်၊ ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့၏ မျက်နှာများမှာ မည်းမှောင်သွားကြသည်။ သူတို့ အဖွဲ့သားများ လျန်ဟုန်၏ ဦးနှောက်ဖောက်စားခြင်းကို ခံရမည့်အဖြစ်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေရတော့မည်လော။

"အစ်ကိုလင်းသာ ဒီမှာရှိရင် ကောင်းမှာပဲ"

ဆုန့်ဝမ်က တီးတိုး ရေရွတ်လိုက်သည်။ လျှိုဖိန်ဖိန်ကလည်း စိုးရိမ်တကြီးဖြင့် ဝင်ပြောသည်။

"ကိုကျောက်ခိုင်လည်း အောက်မှာ ကျန်နေခဲ့တာ... အစ်ကိုလင်းသာ ရှိရင် သေချာပေါက် နည်းလမ်းရှိမှာ"

ချင်ကျင်း၏ ဘေးနားတွင် ရပ်နေသော ယွဲ့ဖုန်းက ထိုစကားကို ကြားသော် မဲ့ပြုံး ပြုံးလိုက်သည်။

"ဘယ်သူလာလာ အလကားပဲ... အမချင်တောင် လျန်ဟုန်ကို ဘာမှမလုပ်နိုင်ဘူး... ဝမ်ဝေတုန်းရဲ့ လူတွေတောင် အဲ့ဒီနား မကပ်ရဲကြဘူး... ငါ အကြံပေးချင်တာကတော့ မင်းတို့ရှေ့ဆက် ဘယ်လို အသက်ရှင်မလဲဆိုတာပဲ စဉ်းစားကြပါ"

"(၂၈) လွှာ အထက်ကို မင်းတို့ တက်နိုင်မှာ မဟုတ်တော့ဘူး... ဒီအောက်မှာပဲ နေရမှာ... ဒါပေမဲ့ အောက်ဘက်က အစားအသောက်တွေကလည်း တခြားသူတွေ လုယူသွားလို့ ကုန်သလောက် ရှိနေပြီ... အခု စားချင်သောက်ချင်ရင်တော့ အောက်ထပ်ဆင်းပြီး ငါးဖမ်းကြရုံပဲ ရှိတော့တယ်"

ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့က ထိုစကားကို ကြားသော် ဒေါသထွက်သွားကြသည်။

"နင်တို့ အစ်ကိုလင်းရဲ့ အစွမ်းကို မသိပါဘူး... အစ်ကိုလင်းသာ ရှိရင် သေချာပေါက် နည်းလမ်းရှိမှာ"

"အစ်ကိုလင်း ပြန်လာတာကို စောင့်ပြီး မေးကြည့်ကြတာပေါ့"

"အစ်ကိုလင်း ဘယ်ရောက်နေလဲ မသိဘူး... အခု ဘယ်လိုနေမလဲ... ဟို ရေဘဝဲကြီးက ရင်ဆိုင်လို့ လွယ်တာမဟုတ်ဘူး"

"ဘယ်လောက်ပဲ မလွယ်ပါစေ... အစ်ကိုလင်းက သေချာပေါက် ဖြေရှင်းနိုင်မှာပါ"

သူတို့အချင်းချင်း အားပေးစကား ပြောနေကြသည်။ ရန်ဆန်းမင်က ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် တိတ်တဆိတ် စိုးရိမ်ပူပန်နေမိသည်။

လင်းယွမ်သည် လူတိုင်းအတွက် ကျောရိုးသဖွယ် အားကိုးရာ ဖြစ်သည်။ အကယ်၍ သူသာ ရှိနေလျှင် စိတ်ဓာတ်ခွန်အားများ မြင့်တက်လာပြီး နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်ပေလိမ့်မည်။

လင်းယွမ်ကဲ့သို့ လူတစ်ယောက်က ရေဘဝဲကြီး၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားလိမ့်မည်ဟု သူ မယုံကြည်ပေ။

လင်းယွမ်နှင့် ပတ်သက်ပြီး သူ ကောင်းကောင်း သဘောပေါက်ထားသည်ဟု ယူဆထားသည်။ လင်းယွမ်သည် ကြင်နာတတ်သော်လည်း သူတော်ကောင်း ယောင်ဆောင်သည့် သူတော်စင် မဟုတ်ပေ။

သူ့တွင် တတ်နိုင်သည့် အချိန်၌ သူတစ်ပါးကို ကူညီရန် ဝန်လေးမည် မဟုတ်သော်လည်း အသက်အန္တရာယ်နှင့် ရင်းပြီး ကူညီခိုင်းပါက လင်းယွမ် လုပ်မည်မဟုတ်ကြောင်း ရန်ဆန်းမင် ခံစားမိသည်။

လင်းယွမ်သည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ထို့ကြောင့် ရေဘဝဲကြီးမှာ အန္တရာယ်များပုံ ပေါက်သော်လည်း လင်းယွမ်က ထိပ်တိုက်ဝင်လုံးရဲသည် ဆိုကတည်းက အသက်ရှင်မည့် နည်းလမ်း ရှိပြီးသား ဖြစ်ပေလိမ့်မည်။

ချင်ကျင်းက ရုတ်တရက် မေးလိုက်သည်။

"ရှင်တို့ပြောတဲ့ လင်းယွမ်ဆိုတာ ရှင်တို့ ခေါင်းဆောင်လား"

ဆုန့်ဝမ်က ချက်ချင်း ခေါင်းညိတ်သည်။ "ဟုတ်တယ်"

"သူ့မှာ ဘာထူးခြားတဲ့ အစွမ်းရှိလို့လဲ... တကယ်တော့ လျန်ဟုန်ကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး"

"ဘာ... ရှင့်မှာ လျန်ဟုန်ကို ကိုင်တွယ်ဖို့ နည်းလမ်းရှိတယ် ဟုတ်လား"

ဆုန့်ဝမ်သာမက ရန်ဆန်းမင်ပါ သူမကို မော့ကြည့်လိုက်ကြသည်။ ချင်ကျင်းက ခေါင်းအသာခါလိုက်သည်။

"ကျွန်မမှာ နည်းလမ်းမရှိဘူး... ဒါပေမဲ့ အကြံတစ်ခုတော့ ရှိတယ်... လျန်ဟုန်က စိတ်စွမ်းအင် သန္ဓေပြောင်းလဲတာ မအောင်မြင်ဘဲ သတ္တဝါကောင် ဖြစ်သွားတာ... တကယ်လို့ စိတ်စွမ်းအင် အားကောင်းတဲ့သူ တစ်ယောက်ယောက်ကသာ လျန်ဟုန်ကို ခုခံထားနိုင်ရင် တခြားသူတွေကို ဝင်ကယ်ဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်"

ရန်ဆန်းမင်တို့ အဖွဲ့သားများသည် တုံယန်နှင့် လျှိုဖိန်ဖိန်တို့ နှစ်ယောက်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ သူတို့အားလုံးထဲတွင် ထိုနှစ်ယောက်ကသာ စိတ်စွမ်းအင် သန္ဓေပြောင်းအစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

သို့သော် လျှိုဖိန်ဖိန်က ခေါင်းခါလိုက်သည်။

"ကျွန်မ စမ်းကြည့်ပြီးပြီ... အဲ့ဒီသတ္တဝါကောင်ရဲ့ စိတ်စွမ်းအင်က အရမ်းပြင်းထန်လွန်းတယ်... ကျွန်မ မခုခံနိုင်ဘူး"

တုံယန်ကလည်း မျက်နှာဖြူဖပ်ဖြူရောဖြင့် ပြောသည်။

"ကျွန်မရဲ့ စိတ်စွမ်းအင်က ခံစစ်အတွက် မဟုတ်ဘူး... ကျွန်မလည်း မတားဆီးနိုင်ဘူး"

ချင်ကျင်းက သူတို့ ပြောစကားကို ကြားပြီး ထိုအမျိုးသမီးနှစ်ယောက်သည် စိတ်စွမ်းအင် သန္ဓေပြောင်းအစွမ်းပိုင်ရှင်များ ဖြစ်ကြောင်း သဘောပေါက်သွားကာ မျက်လုံးများ အရောင်လက်သွားသည်။ သူမ စိတ်ထဲတွင် တစ်ခုခုကို တွက်ချက်စဉ်းစားလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင်...

ရုတ်တရက် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

လူတိုင်း လန့်ဖျပ်သွားပြီး ပုန်းခိုရန် နေရာရှာကာ အနောက်ဘက် လူသွားစင်္ကြံလမ်းကို လှမ်းကြည့်လိုက်ကြသည်။ ထိုစဉ် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"အမမေ... ခင်ဗျားတို့လား"

လူအုပ်ထဲရှိ ရန်မေက အသံကြားသည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။

"မောင်လေး"

သူမ အော်ဟစ်ကာ ဝမ်းသာအားရဖြင့် လူသွားစင်္ကြံလမ်းဆီသို့ ပြေးထွက်သွားလေသည်။ ဆုန့်ဝမ်၊ ရန်ဆန်းမင်နှင့် အခြားသူများလည်း ဝမ်းသာအံ့သြ ဖြစ်သွားကြပြီး တစ်ဖက်မှ လူအုပ်စုကို ကြိုဆိုရန် ထွက်လာကြသည်။

ဆုန့်ဝမ်၏ နေကြာပန်း အလင်းရောင်အောက်တွင် တစ်ဖက်မှ လင်းယွမ်နှင့်အဖွဲ့၏ မျက်နှာများကို အားလုံး ရှင်းလင်းစွာ မြင်လိုက်ရသည်။ ရန်ဆန်းမင်တို့သည် ဝမ်းသာအားရဖြင့် အော်ဟစ်နှုတ်ဆက်ကြသည်။

"လင်းယွမ်... ခင်ဗျား... ခင်ဗျား ပြန်လာပြီပဲ"

"အစ်ကိုခိုင်... ရှင်... ရှင် ဘယ်လို လွတ်လာတာလဲ"

လျှိုဖိန်ဖိန်သည် ကျောက်ခိုင်ကို မြင်လိုက်ရသော် ဝမ်းသာအားရ အော်ဟစ်ပြီး ပြေးသွားကာ ကျောက်ခိုင်၏ အခြေအနေကို ဘယ်ပြန်ညာပြန် ကြည့်ရှုစစ်ဆေးတော့သည်။

ကျောက်ခိုင်မှာ ခေါင်းကုတ်လိုက်ပြီး သူမ၏ ရင်းနှီးလွန်းသော အပြုအမူကြောင့် နေရခက်သွားကာ မသိမသာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"အစ်ကိုလင်း ပြန်လာပြီး ငါတို့ကို ကယ်ခဲ့တာပါ"

ရန်မေသည် လင်းယွမ်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ပြီး မျက်လုံးအိမ်တွင် ဝမ်းသာမျက်ရည်များ ပြည့်လျှံလာသည်။

"မောင်လေးရယ်... အမတော့ စိတ်ပူလွန်းလို့ သေတော့မလိုပဲ... ဟင့်... ဟင့်"

လင်းယွမ်က သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူးဗျာ... ကျွန်တော့်အကြောင်း အမ သိသားနဲ့... မသေချာရင် ကျွန်တော်က လုပ်ပါ့မလား"

ပြောရင်းဖြင့် သူ့ဘေးနားရှိ တင်းယန်ကို မော့ကြည့်လိုက်သည်။ တင်းယန်က မျက်နှာထား မပြောင်းလဲဘဲ ဆုန့်ဝမ်၊ လျှိုဖိန်ဖိန်တို့ထံ သွားရောက် နှုတ်ဆက်လိုက်သည်။ အဒေါ်ကြီးလီ၊ ဦးလေးမာ၊ ချိုင်ကြည်တို့လည်း လျှောက်လာကြသည်။

အားလုံး ပြန်လည်ဆုံစည်းကြသဖြင့် ဝမ်းသာပျော်ရွှင်နေကြပြီး အပြန်အလှန် မေးမြန်းနေကြသည်။

ဆုန့်ဝမ်သည် အဒေါ်ကြီးလီ၏ ဂရုတစိုက် မေးမြန်းမှုများကို ဟန်လုပ် ပြန်ဖြေနေသော်လည်း မျက်လုံးများက ဟိုဘက်ရှိ လင်းယွမ်ထံသို့ မကြာခဏ ရောက်နေမိသည်။ လင်းယွမ်က လှည့်ကြည့်လိုက်ရာ သူမနှင့် အကြည့်ချင်း ဆုံသွားကြသည်။

နူးညံ့သော အကြည့်များထဲတွင် အပြုံးရိပ်လေးတစ်ခု ပါဝင်နေသည်။ ဆုန့်ဝမ်၏ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားပြီး မျက်နှာလွှဲကာ အဒေါ်ကြီးလီနှင့် စကားပြောနေသယောင် ဟန်ဆောင်လိုက်သည်။

တုံယန်သည်လည်း အလွန်အံ့သြ ဝမ်းသာနေပြီး လင်းယွမ်ဘေးသို့ ပြေးသွားကာ စကားပြောချင်နေသော်လည်း ရန်မေက လင်းယွမ်အား အလွမ်းသယ်နေသဖြင့် ဝင်ပြောရန် အားနာနေသည်။

တုံကျဲသည် ထိုအဖြစ်အပျက်ကို ကြည့်ပြီး သူ့မျက်နှာလေးပေါ်တွင် သက်ပြင်းချသည့် အမူအရာ ပေါ်လာသည်။ နောက်ဆုံးတွင် သူ့အစ်မကို ဂရုမစိုက်တော့ဘဲ ကုဖုံး ရှိရာသို့ ပြေးသွားပြီး ရေဘဝဲကြီးလက်မှ ဘယ်လိုလွတ်လာသလဲ ဟူသည်ကို မေးမြန်းနေတော့သည်။

အားလုံး တစ်ယောက်တစ်ခွန်းဖြင့် နှစ်ဖက်စလုံးမှ အကြောင်းအရာများကို ပြောပြပြီးသွားကြသည်။ မလှမ်းမကမ်းတွင် ရပ်နေသော ချင်ကျင်းနှင့် သူမ၏ လူများမှာ ထိုအဖြစ်အပျက်ကို ကြည့်ပြီး မယုံနိုင် ဖြစ်နေကြသည်။

ယွဲ့ဖုန်းက တီးတိုးရေရွတ်လိုက်သည်။

"အမချင်... သူတို့က ကြွားနေတာ မဟုတ်ဘူးလား... လင်းမျိုးရိုးက လျန်ဟုန်ကို သတ်ခဲ့တယ်တဲ့လား"

ချင်ကျင်း၏ မျက်ဝန်းအစုံသည်လည်း လင်းယွမ်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုအရပ်ရှည်ရှည် လူကြီးတွင် မည်သည့် ထူးခြားမှု ရှိနေသည်ကို သူမ မမြင်မိပေ။ ထိုစဉ် မှောင်ရိပ်ထဲမှ လူတစ်ယောက်က စကားဝင်ပြောလိုက်သည်။

"သူက တော်တော်စွမ်းတယ်"

ယွဲ့ဖုန်းက လှည့်ကြည့်လိုက်ပြီး လန့်သွားသည့်ဟန်ဖြင့် ပြောသည်။

"သောက်ကျိုးနည်း... ဝမ်ချီ... မင်းကွာ... အသံမပေး ဘာမပေးနဲ့... ငါလန့်သွားတာပဲ"

ဝမ်ချီက မဲ့ပြုံးပြုံးလျက် "သတ္တိကလည်း နည်းလိုက်တာ... ဒါကြောင့် မင်းက အပြေးမြန်နေတာကိုး" ဟု ပြောလိုက်သည်။

ယွဲ့ဖုန်း ဒေါသထွက်သွားသည်။ "ဘာကွ... ငါက ရှေ့တန်းထွက်တာ မြန်တာ... မင်းရဲ့ အစွမ်းကမှ ရယ်စရာကောင်းတာ... ကိုယ့်တည်ရှိမှုကို လျှော့ချပစ်တာတဲ့... ဘာလုပ်ဖို့လဲ... တိုက်ခိုက်လို့ရလို့လား... ခေါင်းဝင်ပုန်းနေတဲ့ လိပ်လိုပဲ မဟုတ်ဘူးလား"

ဝမ်ချီက "အဲ့တော့ ဘာဖြစ်လဲ... ငါသာ မပါရင် မင်း (၂၈) လွှာကို ဖြတ်ကျော်နိုင်မှာလား" ဟု ပြန်ပက်လိုက်သည်။

ယွဲ့ဖုန်း စကားပိတ်သွားသော်လည်း ချက်ချင်း ပြန်ခံပြောသည်။ "ငါသာ အပြေးမမြန်ရင် မင်း ဝမ်ဝေတုန်းအဖွဲ့ ဝိုင်းထားတဲ့ကြားကနေ အဲ့လောက်မြန်မြန် လွတ်လာပါ့မလား"

"ဟဟ... မင်း ပြေးတာမြန်တယ်ဆိုတာတော့ ဝန်ခံတယ်ပေါ့လေ"

"ခွေးကောင်... မင်း"

"တော်ကြတော့"

ချင်ကျင်း စိတ်ရှုပ်လာသဖြင့် နှစ်ယောက်စလုံးကို ဟန့်တားလိုက်မှ ပါးစပ်ပိတ်သွားကြသည်။ နောက်ဘက်ရှိ လူသုံးယောက်မှာ သူတို့ ရန်ဖြစ်နေသည်ကို ကြည့်ပြီး ခိုးရယ်နေကြသည်။

ထိုသုံးယောက်မှာ သာမန်လူများ ဖြစ်ကြပြီး သန္ဓေပြောင်းအစွမ်းပိုင်ရှင်များ မဟုတ်ပေ။ ချင်ကျင်းတို့နှင့်အတူ ထွက်ပြေးလာကြသူများ ဖြစ်ပြီး ဝမ်ဝေတုန်းအဖွဲ့နှင့် ရန်ငြိုးများ ရှိကြသည်။

ချင်ကျင်းက စကားလမ်းကြောင်းလွှဲပြီး ဝမ်ချီကို မေးလိုက်သည်။

"ရှင်က သူစွမ်းတယ်ဆိုတာ ဘယ်လိုသိလဲ"

ဝမ်ချီက လေးနက်သော အသံဖြင့် ဖြေသည်။

"သူ ငါ့ကို သတိထားမိလိုက်တယ်"

ထိုစကားတစ်ခွန်းက ချင်ကျင်းနှင့် ယွဲ့ဖုန်းတို့၏ မျက်နှာကို ပြောင်းလဲသွားစေသည်။ အကယ်၍ အခြားသူတစ်ယောက်ယောက်က ပြောလျှင် သူတို့ ဂရုစိုက်မည် မဟုတ်ပေ။

သတိထားမိတော့ ဘာဖြစ်လဲပေါ့။ သို့သော် ဝမ်ချီက မတူပေ။ ဝမ်ချီ၏ အစွမ်းမှာ ဘေးလူ ဖြစ်ပြီး သူ့ကိုယ်သူ ဖျောက်ဖျက်ထားနိုင်စွမ်း ရှိသည်။ ထောင့်တစ်နေရာရာရှိ အရိပ်ထဲတွင် ရပ်နေရုံဖြင့် ဖြတ်သွားဖြတ်လာ လုပ်နေသူများက သူ့ကို သတိထားမိမည် မဟုတ်ချေ။

ထိုထူးဆန်းသော အစွမ်းကြောင့်ပင် ချင်ကျင်းတို့အဖွဲ့သည် ဝမ်ဝေတုန်းလူစု၏ လိုက်လံသတ်ဖြတ်မှုမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ဝမ်ချီက လင်းယွမ်သည် သူ့ကို သတိထားမိကြောင်း ပြောနေသည်။

ဒါက ဘာကို ဆိုလိုသနည်း။

ဝမ်ချီ၏ အစွမ်းသည် လင်းမျိုးရိုး အပေါ် သက်ရောက်မှု မရှိခြင်းကို ဆိုလိုသည်။ ချင်ကျင်း၏ စိတ်ထဲတွင် လေးနက်သွားသည်။ ဒီ လင်းမျိုးရိုးက သာမန်လူ မဟုတ်ပေ။

စကားပြောနေကြစဉ်အတွင်း လင်းယွမ်သည် ရန်မေထံမှ အခြေအနေအရပ်ရပ်ကို မေးမြန်းပြီးသွားပြီ ဖြစ်သည်။ သူက ချင်ကျင်းနှင့် အခြားသူများကို လှမ်းကြည့်လိုက်ရာ မျက်လုံးများမှာ စူးရှသွားသည်။ ရန်ဆန်းမင်တို့အား စကားအနည်းငယ် ပြောပြီးနောက် ချင်ကျင်းတို့ရှိရာသို့ လျှောက်လာခဲ့သည်။

"မင်္ဂလာပါ... ကျွန်တော်က လင်းယွမ်ပါ... အမချင် ဟုတ်တယ်မလား... ခုနက ကျွန်တော့် သူငယ်ချင်းတွေ ပြောပြလို့ သိရတယ်... ခင်ဗျားတို့က ဟန်လုံစင်တာက လူတွေဆို"

"ခင်ဗျားတို့ကို မေးစရာလေးတွေ ရှိလို့ပါ... အဆင်ပြေမလား မသိဘူး"

ချင်ကျင်းက မျက်နှာထားမပျက် ပြုံးလိုက်ပြီး "ရှင်က လင်းယွမ် ဆိုသူပဲ... သူတို့ ခုနက ရှင့်အကြောင်း ခဏခဏ ပြောနေကြတာ... ကျွန်မက ချင်ကျင်းပါ... နာမည်ပဲ ခေါ်လို့ရပါတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"အမချင်... ကျွန်တော့်ကို ဝမ်ဝေတုန်းအဖွဲ့အကြောင်း ပြောပြလို့ရမလား"

ချင်ကျင်း မျက်လုံးများ အရောင်လက်သွားပြီး စိတ်ဝင်စားလာသည်။

"ရှင်တို့က ဝမ်ဝေတုန်းကို ရင်ဆိုင်မလို့လား... ကျွန်မ ကြိုပြောထားမယ်နော်... ဝမ်ဝေတုန်းအဖွဲ့က သာမန်မဟုတ်ဘူး... သူတို့မှာ လူအင်အား မနည်းသလို ဝမ်ဝေတုန်းကိုယ်တိုင်ကလည်း အင်အားကြီးတဲ့ သန္ဓေပြောင်း အစွမ်းပိုင်ရှင် တစ်ယောက်ပဲ"

လင်းယွမ်က ပြုံးလိုက်ပြီး အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။ သူ၏ အကြည့်သည် မျက်နှာကြက်ကို ဖောက်ထွင်းပြီး ဝမ်ဝေတုန်း၏ ပုံစံကို မြင်အောင် ကြည့်နေသကဲ့သို့ပင်။

"ကျွန်တော်က သူ့ကို ရင်ဆိုင်ချင်တာ မဟုတ်ပါဘူး... ဝမ်ဝေတုန်းကိုယ်တိုင်က ကျွန်တော် ဟန်လုံစင်တာထဲ ဝင်လာအောင် နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့တာလေ... သူနဲ့ ကောင်းကောင်း မဆွေးနွေးဘဲ နေလိုက်ရင် သေသွားတဲ့ ကျွန်တော့် အဖော်တွေကို ဘယ်လို မျက်နှာပြရပါ့မလဲ"

လင်းယွမ် ပြုံးနေသော်လည်း မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက်များ ဖြတ်သန်းသွားသည်။ ချင်ကျင်း၏ အပြုံးက ပိုမို ပီပြင်လာသည်။

"ဟုတ်ပြီ... ဝမ်ဝေတုန်းက ကျွန်မတို့အားလုံးရဲ့ ရန်သူပဲ... ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းမှာ သူ့ကို ကလဲ့စားချေချင်တဲ့ သွေးကြွေးတွေ ရှိကြတယ်... တကယ်လို့ ဝမ်ဝေတုန်းကို ရင်ဆိုင်မယ်ဆိုရင် ကျွန်မတို့က သတင်းအချက်အလက်တွေ ပေးရုံတင်မကဘူး ရှင်တို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ပေးလို့ ရပါတယ်"

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျွန်တော် ဝမ်ဝေတုန်းရဲ့ သန္ဓေပြောင်းအစွမ်း အချက်အလက်တွေ လိုချင်တယ်... ပြီးတော့ သူ့လက်အောက်ငယ်သား အရေအတွက်ရယ်... အထူးသဖြင့် သူ့လက်အောက်မှာ သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဘယ်နှယောက် ရှိလဲဆိုတာ သိချင်တယ်"

ချင်ကျင်းသည် လင်းယွမ်၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ကြည့်ပြီး တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရှိပုံရသည်ဟု တွေးမိကာ စိတ်အားတက်ကြွလာသည်။ သူမက အထဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"လင်းယွမ်... ကျွန်မတို့ ထိုင်ပြီး အေးအေးဆေးဆေး ပြောကြတာပေါ့... ကျွန်မဆီမှာ ဝိုင်နဲ့ စားစရာ တချို့ ရှိသေးတယ်... ဧည့်ခံပါရစေ"

လင်းယွမ် မျက်ခုံးပင့်သွားသည်။ ဤအမျိုးသမီးက သူ ဝမ်ဝေတုန်းကို တိုက်ခိုက်စေချင်နေပုံရသည်။ သို့မဟုတ်လျှင် အစားအစာ ထုတ်ကျွေးမည် မဟုတ်ပေ။

သူက ရယ်လိုက်ပြီး "ကောင်းပါပြီ... ဒါပေမဲ့ ကျွန်တော့်ဘက်မှာ လူမနည်းဘူးနော်... အမချင်က အားလုံးကို ကျွေးမှာလား" ဟု မေးလိုက်သည်။

ချင်ကျင်း၏ အပြုံး ချက်ချင်း အေးခဲသွားပြီး အပြင်ဘက်ရှိ လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် "လင်းယွမ်ကလည်း နောက်နေပြန်ပြီ... ကျွန်မတို့မှာလည်း ပစ္စည်းလက်ကျန် သိပ်မရှိပါဘူး" ဟု ချက်ချင်း ဆင်းရဲညည်းပြလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "နောက်တာပါဗျာ... အခုချိန်မှာ အစားအသောက်က ရှားပါးနေတာ... အမချင်တို့လည်း အဆင်ပြေမှာ မဟုတ်ဘူး... ကျွန်တော်တို့မှာ စားစရာ ပါပါတယ်" ဟု ပြောကာ ပစ္စည်းသိုလှောင်ခန်းထဲမှ သန္ဓေပြောင်း ငါးကင်များ၊ ပေါက်စီများကို အိတ်တစ်လုံးထဲမှ ယူထုတ်သယောင် ဟန်ဆောင်ကာ ဆုန့်ဝမ်၊ ရန်မေနှင့် အခြားသူများကို ဝေငှပေးလိုက်သည်။

ချင်ကျင်းနှင့် သူမ၏ လူများမှာ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်အောင် ကြည့်နေကြသည်။

"ဟို... လင်းယွမ်... ရှင်... ရှင်တို့မှာ ပေါက်စီတွေ ပါလာတာလား"

ချင်ကျင်း အံ့သြမှင်သက်သွားသည်။ ယွဲ့ဖုန်းကလည်း မနေနိုင်ဘဲ "သူတို့မှာ ဘယ်လိုလုပ် ငါးကင်တွေ ပါလာတာလဲ" ဟု ရေရွတ်မိသည်။

ဝမ်ချီကမူ လင်းယွမ်တို့ ထုတ်လိုက်သော မုန့်များကို သတိထားမိပြီး မျက်နှာပျက်သွားသည်။

"အမချင်... အဲ့ဒီမုန့်တွေက (၂၄) လွှာက မုန့်ဆိုင်ထဲက ဟာတွေပဲ"

ချင်ကျင်း ရုတ်တရက် သတိဝင်လာပြီး လင်းယွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

"လင်းယွမ်... ရှင်တို့ တကယ်ပဲ (၂၄) လွှာက လျန်ဟုန်ကို သတ်နိုင်ခဲ့တာလား"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီလောက်သိသာနေတာပဲ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။ ချင်ကျင်း စကားမပြောနိုင်တော့ဘဲ လင်းယွမ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေမိသည်။

သူမ မယုံကြည်နိုင်သော်လည်း ယုံကြည်ရမည့် အခြေအနေ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လက်ထဲရှိ မုန့်ထုပ်များပေါ်မှ နာမည်များသည် (၂၄) လွှာ မုန့်ဆိုင်မှ မုန့်များ အမှန်တကယ် ဖြစ်နေသောကြောင့်တည်း။

သူမသည် ဟန်လုံဟိုတယ်၏ ဧည့်ကြိုမန်နေဂျာ ဖြစ်သည့်အားလျော်စွာ ဟန်လုံစင်တာ အတွင်းရှိ ဆိုင်ခန်းများကို ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

သို့သော် သူမ လက်မခံနိုင်သည်မှာ ဤအမျိုးသားက မည်သို့ လုပ်ဆောင်ခဲ့သနည်း ဆိုသည့်အချက်ပင်။ လျန်ဟုန်ဆိုသည့် သန္ဓေပြောင်းလဲမှု မအောင်မြင်သော ထိုအမျိုးသမီးသည် ဘီလူးသဘက်သဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ (၂၄) လွှာထဲ ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာသူဟူ၍ သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဘေးလူ အစွမ်းရှိသည့် ဝမ်ချီပင်လျှင် ထိုအလုပ်ကို မလုပ်နိုင်ပေ။ သူက တိတ်တဆိတ် ဝင်သွားနိုင်သော်လည်း လျန်ဟုန်၏ ထူးဆန်းသော သီချင်းညည်းသံကို ကြားသည်နှင့် သေချာပေါက် ဆွဲဆောင်ခံရမည် ဖြစ်သည်။

ထိုအသံသည် ပစ်မှတ်ရွေးချယ်ခြင်း မရှိသော စိတ်စွမ်းအင် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ (၂၈) လွှာမှ သန္ဓေပြောင်းလဲမှု မအောင်မြင်သော ကလေးမလေး ရန်ရွှယ်ထက် ပို၍ အန္တရာယ်များသည်။

ရန်ရွှယ်သည် လူကို စတင်တိုက်ခိုက်တတ်သော်လည်း ပစ်မှတ်ကို ရှာဖွေတွေ့ရှိမှ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ဝမ်ချီ၏ ဘေးလူ အစွမ်းက သူ့တည်ရှိမှုကို လျှော့ချထားသဖြင့် ရန်ရွှယ်က သူ့ကို ရှာမတွေ့နိုင်ပေ။

ထို့ကြောင့် ဝမ်ချီက လူများကို ခေါ်ဆောင်ပြီး ရန်ရွှယ်ကို ရှောင်ရှားကာ (၂၈) လွှာကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လျန်ဟုန်၏ သီချင်းသံမှာမူ ပစ်မှတ်ရွေးချယ်ခြင်း မရှိဘဲ ကြားလိုက်ရသူတိုင်း ဆွဲဆောင်ခံရမည့် အရာမျိုး ဖြစ်သည်။

ချင်ကျင်းက မနေနိုင်ဘဲ မေးလိုက်သည်။

"ရှင်... ဘယ်လို လုပ်လိုက်တာလဲ... ရှင့်ကို သူ့သီချင်းသံက မပြုစားနိုင်ဘူးလား"

လင်းယွမ်က ပေါက်စီကို တစ်ကိုက် ကိုက်လိုက်ပြီး အချိုရည်တစ်ခွက် သောက်ကာ ပြောလိုက်သည်။

"ဝမ်ဝေတုန်း အကြောင်းပဲ ပြောရအောင်ဗျာ"

သူသည် အရာအားလုံးကို ထုတ်ပြောပြလောက်အောင် မအ,ပေ။ တစ်ဖက်လူနှင့် သိပ်မရင်းနှီးသေးဘဲ ကိုယ်က လျန်ဟုန်ကို ဘယ်လိုသတ်လိုက်ကြောင်း ပြောပြလိုက်လျှင် ကိုယ့်အစွမ်းကို ထုတ်ပြလိုက်သလို ဖြစ်မနေပေဘူးလား။

ချင်ကျင်းသည်လည်း သူမ မေးခွန်းက အနည်းငယ် ကျူးကျော်ရာ ရောက်နေမှန်း သတိထားမိသွားသည်။ စိတ်ထဲတွင် သိချင်စိတ် ပြင်းပြနေသော်လည်း မျိုသိပ်လိုက်ရသည်။ သူမ လင်းယွမ်ကို ကြည့်လိုက်သောအခါ လေးစားမှုများ ပါဝင်လာသည်။

ဒီလင်းယွမ် ဆိုသူသည် အလွန်အစွမ်းထက်သော သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဖြစ်တန်ရာသည်။ သူသည် ဝမ်ဝေတုန်းကို အမှန်တကယ် သတ်ဖြတ်ပေးနိုင်မည့်သူ ဖြစ်လိမ့်မည်။

ထိုသို့ တွေးမိပြီးနောက် သူမ၏ မျက်နှာထားမှာ လေးနက်လာသည်။

"လင်းယွမ်... ဝမ်ဝေတုန်း အဖွဲ့မှာ စုစုပေါင်း လူ ၅၀ ကျော် ရှိတယ်... အများစုက လုံခြုံရေး ဝန်ထမ်းတွေ၊ သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ ဟန်လုံစင်တာထဲမှာ ကျန်ခဲ့တဲ့ ဆိုင်ဝန်ထမ်းတွေ၊ ဆိုင်ပိုင်ရှင်တွေပဲ"

"ဝမ်ဝေတုန်းက အစက ဟန်လုံစင်တာ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ပဲ... လုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ယူထားသူပေါ့"

"ရေကြီးတဲ့အချိန်မှာ သူ့အလှည့် ဖြစ်နေတော့ သူနဲ့ လုံခြုံရေး ဝန်ထမ်းတွေပါ ဟန်လုံစင်တာထဲမှာ ပိတ်မိကုန်ကြတာ... အစောဆုံး ဒုစရိုက်မှုတွေ လုပ်တဲ့သူတွေကလည်း သူတို့အဖွဲ့ပဲ"

"သူတို့က လုံခြုံရေးတွေ ဆိုတော့ လက်ထဲမှာ စကားပြောစက်တွေ၊ နံပါတ်တုတ်တွေ၊ လက်နက်တွေ ရှိနေကြတယ်လေ... အစပိုင်းမှာ ဝမ်ဝေတုန်းက လူတွေကို စုစည်းပြီး အစားအသောက်တွေ လိုက်လုတယ်... ပြီးတော့ အပေါ်ဆုံးထပ်က ဟန်လုံဟိုတယ်ကို သိမ်းပိုက်လိုက်ကြတယ်"

"ကျွန်မက ဟန်လုံဟိုတယ်ရဲ့ ဧည့်ကြိုမန်နေဂျာပါ... အခြေအနေ မကောင်းတော့ဘူး ဆိုတာ သိလိုက်တာနဲ့ သန့်ရှင်းရေး အဒေါ်ကြီးတွေနဲ့ ဝန်ထမ်းခေါင်းဆောင် တချို့ကို ခေါ်ပြီး ထွက်ပြေးလာခဲ့တာ"

သူမသည် ဝမ်ဝေတုန်း၏ နောက်ခံအကြောင်းနှင့် သူမအကြောင်းကိုပါ အကျဉ်းချုံး မိတ်ဆက် ပြောပြလိုက်လေသည်။

ဆက်ရန်...

All Chapters