← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 9 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 9 Ch. 173-174

အပိုင်း (၁၇၃) ဆုန့်ဝမ်၏ ပွဲထွက်အကောင်းဆုံးအချိန်ခါ

ရေလွှမ်းမိုးဘေးကြီး ပြီးနောက်တွင် ယွီရှင်းယီသည် အဆိပ်ငွေ့ အစွမ်းကို နိုးထရရှိခဲ့သူ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ရှိ မည်သည့်အစိတ်အပိုင်းကမဆို အဆိပ်များကို ထုတ်လွှတ်နိုင်စွမ်း ရှိလေသည်။

ထိုအဆိပ်များသည် လေထုထဲတွင် ပျံ့လွင့်နိုင်ပြီး သူမနှင့် နီးကပ်လာသူတိုင်း အဆိပ်ငွေ့ကြောင့် ထုံကျင်သွားကာ မိနစ် ၃၀ အတွင်း ခြေလက်များ အားနည်းပျော့ခွေပြီး လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားစေနိုင်သည်။

ထို့ကြောင့် ဆုန့်ဝမ်ကို တံဆိပ်ကြီး အဝတ်အစားများနှင့် မြင်လိုက်ရသည့်အခါ သူမ၏စိတ်ထဲတွင် ချမ်းသာသူများကို မုန်းတီးသည့် စိတ်အခံက ချက်ချင်းဆိုသလို ကြွတက်လာတော့သည်။

အထူးသဖြင့် ဒီမိန်းမက ရုပ်ရည်ကပါ ချောမောလှပနေသေးသည် မဟုတ်ပါလော။

သေသင့်သည့် မိန်းမပင်။

ဆုန့်ဝမ်သည် ထိတ်လန့်ဒေါသဖြစ်လျက် တစ်ဖက်လူ လျှောက်လာသည်ကို ပြူးကြည့်နေမိပြီး စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာရသည်။

သူမ၌ တိုက်ခိုက်ရေး အတွေ့အကြုံဟူ၍ ဘာမှမရှိချေ။ သူမ၏ အစွမ်းများကို ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင်သာ အဓိက အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

ယွီရှင်းယီက ဓားမြှောင်တစ်လက်ကို ထုတ်လိုက်ရာ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ယှက်သန်းနေလေသည်။

သူမက ဆုန့်ဝမ်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။

ဆုန့်ဝမ်သည် ခန္ဓာကိုယ်ထဲရှိ အစွမ်းများကို အလျင်အမြန် လှုံ့ဆော်လိုက်ရာ ထိုသို့ လှုံ့ဆော်လိုက်သည်နှင့် တစ်ပြိုင်နက် အသစ်အဆန်းတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည်။

သူမ၏ အစွမ်းက သူမခန္ဓာကိုယ်ထဲရှိ အဆိပ်များကို လျင်မြန်စွာ ဖြေဖျောက်ပေးနေခြင်းပင်။

"ဟုတ်သားပဲ... ငါ့ရဲ့အစွမ်းက အပင်တွေကို ထိန်းချုပ်နိုင်ရုံတင်မဟုတ်ဘူး ဒဏ်ရာတွေကိုပါ ကုသပေးနိုင်တာပဲ"

သူမ၏ အစွမ်းတွင် ဤကဲ့သို့ အသုံးဝင်ပုံမျိုး ရှိသေးကြောင်း ရုတ်တရက် သတိရသွားသည်။

ယခင်က ချန်ဟုန်နှင့် တိုက်ခိုက်စဉ် ဒဏ်ရာရခဲ့တုန်းကလည်း အစွမ်းကိုသုံးပြီး လျင်မြန်စွာ ကုသနိုင်ခဲ့ဖူးသည်။

သူမ၏ အစွမ်းက အဆိပ်ဖြေနိုင်လိမ့်မည်ဟုတော့ ထင်မထားခဲ့မိချေ။

သူမသည် စိတ်လှုပ်ရှားသွားသော်လည်း ဟန်မပျက်ဘဲ အားနည်းချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

"ငါ့နားလာနဲ့... ငါနင့်ကို ဘာမှမလုပ်ထားဘူး... ငါ့ကိုမသတ်ပါနဲ့"

သူမက ရုန်းကန်နေပြီး နောက်သို့ ဆုတ်ပြေးချင်နေပုံ ပေါက်နေသည်။

လက်တွေ့တွင်မူ သူမသည် သန္ဓေပြောင်း နေကြာပန်းအိုး ရှိရာသို့ တိတ်တဆိတ် တိုးကပ်သွားခြင်း ဖြစ်သည်။

ထိုအချိန်၌ တုံယန်သည် စိတ်ချင်းဆက်သွယ်ခြင်း အစွမ်းကို စောစီးစွာကပင် အသုံးပြုထားပြီးဖြစ်ရာ ကျောက်ခိုင်၊ ရန်ဆန်းမင်၊ တာအိုဆရာလင်းနှင့် ဆုန့်ဝမ်တို့အားလုံး၏ စိတ်အာရုံများကို ချိတ်ဆက်ထားပြီး ဖြစ်သည်။

သူမက စိုးရိမ်တကြီး မေးလာသည်။

"ဘယ်လိုလုပ်ကြမလဲ... ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ"

ကျောက်ခိုင်က အားနည်းနေသည့် လေသံဖြင့် ပြန်ပြောသည်။

"ဒီလူတွေက အစကတည်းက ကြိုတင်ပြင်ဆင်ပြီး လာကြတာ... အခု အစ်ကိုလင်းဆီကို အကြောင်းကြားနိုင်မယ့် နည်းလမ်း ရှာမှဖြစ်မယ်"

ရန်ဆန်းမင်က အံကိုကြိတ်လျက် ဆိုသည်။

"ဒါက ဘယ်လိုအဆိပ်မျိုးလဲ... ငါတို့ သူတို့ကျွေးတာ ဘာမှမစားဘဲနဲ့တောင် အဆိပ်မိနေပါလား"

ဆုန့်ဝမ်၏ အသံကမူ တည်ငြိမ်နေပြီး လျင်မြန်စွာ ပြောကြားလိုက်သည်။

"အားလုံးပဲ ကျွန်မပြောတာ နားထောင်... ကျွန်မရဲ့အစွမ်းက အဆိပ်ဖြေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကုသနိုင်တာ အခုလေးတင် ရှာတွေ့ထားတယ်... ကျွန်မ သုံးအထိ ရေတွက်လိုက်မယ်... ပြီးတာနဲ့ နေကြာပန်းကို လှုံ့ဆော်ပြီး ဝင်တိုက်မယ်... သုံးလို့ ရေတွက်ပြီးတာနဲ့ ရှင်တို့အားလုံး မျက်လုံးတွေကို မှိတ်ထားလိုက်"

"ဘာ... ဟုတ်လား... ကောင်းလိုက်တာဗျာ"

ကျောက်ခိုင်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး မျက်နှာတွင် စိတ်လှုပ်ရှားရိပ်များ ပေါ်လာသော်လည်း ချက်ချင်းပင် ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်ရသည်။

ရန်ဆန်းမင်၊ တုံယန်နှင့် အခြားသူများလည်း ဝမ်းသာသွားကြပြီး လျင်မြန်စွာ မျက်လုံးမှိတ်ကာ အားနည်းချင်ယောင် ဆောင်နေလိုက်ကြတော့သည်။

ထိုအချိန်တွင် ယွီရှင်းယီသည် ဆုန့်ဝမ်နှင့် ပို၍ နီးကပ်လာခဲ့ပြီဖြစ်သလို တစ်ဖက်မှ ဝမ်ဖန်းဆိုသူကလည်း ကျောက်ခိုင်ဆီသို့ လှည့်ထွက်သွားသည်။

ယွဲ့ဖုန်းကမူ ရန်ဆန်းမင်နှင့် တာအိုဆရာလင်းတို့ဆီသို့ လျှောက်သွားလေသည်။

သူတို့အားလုံး အသေသတ်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိသာလှသည်။

ချန်မန်ဟု ခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားကမူ နေရာမှာပင် ရပ်လျက် အခြေအနေကို ထိန်းချုပ် ကြည့်ရှုနေသည်။

ယွီရှင်းယီသည် ဆုန့်ဝမ်၏ ရှေ့သို့ ရောက်လာပြီး ဆုန့်ဝမ်၏ ဆံပင်များကို လှမ်းဆွဲလိုက်ရာ သူမ၏ ဖြူစင်သယောင် ပေါ်နေသော မျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

"သေလိုက်တော့"

သူမက လက်ထဲမှ ဓားမြှောင်ကို မြှောက်ကာ ဆုန့်ဝမ်၏ လည်ပင်းကို အားကုန် ထိုးစိုက်လိုက်တော့သည်။

ထိုခဏချင်းမှာပင် ဆုန့်ဝမ်က ယွီရှင်းယီ၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ အင်္ကျီလက်စွပ်ထဲမှ နွယ်ပင်တစ်ပင်သည် လျှပ်တစ်ပြက် တိုးထွက်လာလေသည်။

အပင်များကို ထိန်းချုပ်နိုင်သည့် အစွမ်းပိုင်ရှင်တစ်ယောက် အနေဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုရန် မျိုးစေ့အများအပြားကို သူမ၏ ခန္ဓာကိုယ်တွင် အမြဲဆောင်ထားလေ့ ရှိသည်။

ယခုထွက်လာသည့် နွယ်ပင်မှာ တောင်တက်နွယ်ပင် မျိုးစေ့ဖြစ်ပြီး မြေကြီးမရှိသော်လည်း သူမ၏ အစွမ်းဖြင့် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။

ကြာရှည်စွာ ပြုစုပျိုးထောင်ထားခဲ့သောကြောင့် ဤမျိုးစေ့မှာ ထူးခြားဆန်းကြယ်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

ယခု ထွက်ပေါ်လာသည့် နွယ်ပင်များသည် စိမ်းလန်းစိုပြေနေပြီး သံကြိုးများပမာ ခိုင်ခန့်မာကျောလှသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုနွယ်ပင်များသည် ယွီရှင်းယီ၏ လက်မောင်းကို ရစ်ပတ်ထားလိုက်ပြီ ဖြစ်သည်။

နွယ်ပင်များ၏ အရှိန်က ရပ်တန့်မသွားဘဲ မြွေတစ်ကောင်အလား တရွရွ တွားသွားကာ ယွီရှင်းယီ၏ လည်ပင်းကိုပါ အမြန်ဆုံး ရစ်ပတ်လိုက်တော့သည်။

ဆုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် တောင်တက်နွယ်ပင်များသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ယွီရှင်းယီ၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်သည်။

"အား"

ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် ယွီရှင်းယီမှာ လန့်ဖျပ်အော်ဟစ်လိုက်ပြီး လွတ်နေသော လက်တစ်ဖက်ဖြင့် လည်ပင်းမှ နွယ်ပင်များကို အတင်း ဆွဲဖယ်ရန် ကြိုးစားလေသည်။

သူမ၏ လက်သည်းများ ရှည်ထွက်လာပြီး မှိုင်းညို့ညို့ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်ကာ နွယ်ပင်များကို ကုတ်ခြစ်လိုက်သည့်အခါ နွယ်ပင်များမှာ ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားသည့် လက္ခဏာများ ပေါ်လာသည်။

"အဆိပ်တွေပဲ"

ဆုန့်ဝမ် စိတ်ထဲ ထိတ်လန့်သွားပြီး တောင်တက်နွယ်ပင်၏ အသက်စွမ်းအင်များ လျင်မြန်စွာ ယုတ်လျော့သွားသည်ကို ခံစားလိုက်ရသဖြင့် စိုးရိမ်သွားမိသည်။

တစ်ဖက်လူ၏ အဆိပ်တိုက်ခိုက်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အပင်တွေတောင် အဆိပ်သင့်ပြီး သေသွားနိုင်ပါလား။

အကြာကြီး စဉ်းစားမနေတော့ဘဲ သူမသည် အသင့်ဆောင်ထားသည့် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီး အားကုန် ထိုးစိုက်လိုက်တော့သည်။

"ရွပ်"

ဤတိုက်ခိုက်မှုက လျင်မြန်လွန်းလှသဖြင့် လက်တစ်ဖက် ချုပ်နှောင်ခံထားရပြီး ကျန်လက်တစ်ဖက်ဖြင့် နွယ်ပင်များကို ဖယ်ရှားနေရသော ယွီရှင်းယီမှာ ကာကွယ်ရန် အခွင့်အရေး မရလိုက်ချေ။

ခဏချင်းမှာပင် သူမ၏ ရင်ဘတ်ကို ဓားမြှောင်ဖြင့် ထိုးဖောက်ခံလိုက်ရတော့သည်။

"အား"

ပြင်းထန်လှသော နာကျင်မှုကြောင့် သူမ အော်ဟစ်လိုက်မိပြီး ရင်ဘတ်မှ သွေးများ ချက်ချင်း စီးကျလာသည်။

"ရှောင်ယွီ"

"ယွီရှင်းယီ"

မလှမ်းမကမ်းရှိ ဝမ်ဖန်းနှင့် ယွဲ့ဖုန်းတို့၏ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။

ချန်မန်ဟု ခေါ်သော လူလတ်ပိုင်း အမျိုးသားကမူ ဒေါသတကြီး အော်ဟစ်ကာ ချက်ချင်း ပြေးဝင်လာသည်။

ပြေးလာရင်းနှင့် အနီးနားရှိ ထိုင်ခုံတစ်လုံးကို ကောက်ကိုင်ကာ ဆုန့်ဝမ်ထံသို့ အားကုန် ပစ်ပေါက်လိုက်သည်။

ဆုန့်ဝမ်မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ ရန်သူအားလုံး၏ အကြည့်များ သူမထံ ရောက်လာသည်ကို မြင်လိုက်ရသည်။

သူမသည် သန္ဓေပြောင်း နေကြာပန်းအိုးကို ချက်ချင်း ဆွဲယူလိုက်ပြီး အစွမ်းကို အကုန်ထုတ်ကာ လှုံ့ဆော်လိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် နေကြာပန်း၏ အဝါရောင် ပွင့်ဖတ်များက ရုတ်ခြည်း ပွင့်အာလာသည်။

ထို့နောက်တွင်တော့ မျက်စိကျိန်းလောက်သည့် အလင်းတန်း တစ်ခုသည် ဖလက်ရှ်မီးပွင့်သကဲ့သို့ စူးရှစွာ လင်းလက်လာတော့သည်။

အခန်းတစ်ခုလုံး နေ့ခင်းဘက်ပမာ လင်းထိန်သွားသည်။

"အား"

"သေစမ်း"

ပြေးဝင်လာကြသော ချန်မန်၊ ဝမ်ဖန်းနှင့် ယွဲ့ဖုန်း သုံးယောက်စလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

သူတို့အားလုံး မသိစိတ်ဖြင့် မျက်လုံးများကို လက်ဖြင့် အုပ်လိုက်ကြမိသည်။

သန္ဓေပြောင်း နေကြာပန်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ် အလင်းတန်းသည် မျက်ကန်းဗုံးတစ်လုံး၏ အာနိသင်ထက် မလျော့ချေ။

တစ်ခဏချင်းမှာပင် သူတို့၏ အမြင်အာရုံများကို လွှမ်းမိုးသွားခဲ့သည်။

ထိုသူများမှာ မျက်လုံးများ စူးရှနာကျင်သွားသည်ကိုသာ ခံစားလိုက်ရပြီး ဘာမှမမြင်ရတော့ဘဲ မျက်ရည်များသာ တရဟော စီးကျလာသည်။

ဝမ်ဖန်းဆိုလျှင် ထိုင်ရက်လဲကျသွားပြီး မျက်လုံးကိုပွတ်ကာ အော်ဟစ်ညည်းညူနေလေသည်။

"ဝုန်း"

ချန်မန် ပစ်ပေါက်လိုက်သည့် ထိုင်ခုံကလည်း ဆုန့်ဝမ်အပေါ်သို့ ကျရောက်လာသည်။

ဆုန့်ဝမ်မှာ ကာကွယ်ချိန်မရလိုက်ဘဲ ထိုင်ခုံဖြင့် ရိုက်မိသွားလေသည်။

သူမ တစ်ကိုယ်လုံး လွင့်စင်ထွက်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာကာ ညည်းညူသံ ထွက်ပေါ်လာသည်။

သူမ မျက်နှာ ဖြူဖျော့သွားပြီး ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာသည်။

"သူက ခွန်အားအစွမ်းပိုင်ရှင်ပဲ"

ဤအချိန်၌ သူမ၏ ဒဏ်ရာကို ဂရုစိုက်မနေနိုင်တော့။ ယခု အရေးကြီးဆုံးက အချိန်ဖြစ်သည်ကို သူမ ကောင်းစွာ သိသည်။

ခက်ခက်ခဲခဲ ဖန်တီးယူထားရသည့် အခြေအနေကောင်းကို လုံးဝ အလဟဿ အဖြစ်ခံ၍ မဖြစ်။

ရိုက်မိထားသည့် ဒဏ်ရာမှ နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ဆုန့်ဝမ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ လက်စွပ်ထဲမှ တောင်တက်နွယ်ပင်ကို ထိန်းချုပ်၍ ကြမ်းပြင်ပေါ်ကျနေသော ယွီရှင်းယီ၏ ဓားမြှောင်ကို ရစ်ပတ်စေလိုက်သည်။

တောင်တက်နွယ်ပင်၏ သေးသွယ်သော နွယ်မျှင်များသည် ကြိုးတစ်ချောင်းကဲ့သို့ ဓားမြှောင်ကို ရစ်ပတ်ယူလိုက်ပြီးနောက် အဆိပ်ပြင်းမြွေတစ်ကောင်အလား ရုတ်တရက် ပျံသန်းသွားလေသည်။

ပထမဆုံး တိုက်ခိုက်မည့် ပစ်မှတ်မှာ အနီးဆုံးရှိနေသည့် ဝမ်ဖန်းပင် ဖြစ်သည်။

ဝမ်ဖန်းသည် မျက်လုံးကိုအုပ်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အော်ဟစ်နေသည်။

မျက်ရည်များ စီးကျနေသည့် သူမသည် ပုန်းခိုစရာ အကာအကွယ် တစ်ခုခုရှာရန် ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို စမ်းတဝါးဝါး ရှာဖွေနေလေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် နွယ်ပင်က ဓားမြှောင်ကို သယ်ဆောင်လျက် ဖောက်ခနဲ မြည်သံနှင့်အတူ သူမ၏ လည်ပင်းကို ချက်ချင်း ထိုးစိုက်လိုက်တော့သည်။

"အား"

အေးစက်စူးရှသော နာကျင်မှုကြောင့် ဝမ်ဖန်း အော်ဟစ်လိုက်မိသည်။ သူမ လည်ပင်းကို အုပ်ကိုင်လိုက်ရာ အရည်များ အများအပြား စီးကျလာသည်ကို ခံစားလိုက်ရသည်။

ဝမ်ဖန်း ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး သွေးထွက်နေသည်ကို တားဆီးရန် ဒဏ်ရာကို ဖိထားရင်း အော်ဟစ်အကူအညီ တောင်းလေသည်။

"ကယ်ကြပါဦး... အစ်ကိုချန်... ကယ်ပါဦး... ငါ့လည်ပင်း... အား... ငါ"

သူမ အော်ဟစ်နေရင်းမှ တဖြည်းဖြည်း အားအင်ကုန်ခမ်းလာပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။

လက်မောင်းကိုပင် မမြှောက်နိုင်တော့ဘဲ လည်ပင်းမှ သွေးများကမူ အဆက်မပြတ် စီးကျနေသည်။

ထိုသွေးအရောင်မှာ အနီရောင် မဟုတ်ဘဲ မဲညစ်ညစ် အနီရောင် ဖြစ်နေသည်။

မလှမ်းမကမ်းမှ ဆုန့်ဝမ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောင်သွားပြီးမှ အခြေအနေကို သဘောပေါက်ကာ ဝမ်းသာသွားသည်။

"အဲဒီဓားမြှောင်က ယွီရှင်းယီရဲ့ ဓားပဲ... သူက အဆိပ်အစွမ်းပိုင်ရှင်ဆိုတော့ သူ့ဓားမှာလည်း အဆိပ်တွေ သုတ်လိမ်းထားတာ ကိုး"

ဝမ်းသာအားရ ဖြစ်သွားပြီးနောက် သူမသည် တောင်တက်နွယ်ပင်ကို ထိန်းချုပ်ကာ ခွန်အားအစွမ်းပိုင်ရှင် ချန်မန်ကို အမြန်ဆုံး တိုက်ခိုက်လိုက်သည်။

သို့သော် ချန်မန်သည် နေကြာပန်း၏ အလင်းရောင်ကြောင့် မျက်လုံးများ ထိခိုက်ထားရသော်လည်း တုံ့ပြန်မှုက နှေးကွေးမနေချေ။

ဝမ်ဖန်း၏ အော်ဟစ် အကူအညီတောင်းသံကို ကြားလိုက်ရသည်နှင့် အန္တရာယ်ရှိကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

မျက်စိမမြင်ရသော်လည်း သူ၏ မှတ်ဉာဏ်ကို အသုံးပြုကာ လျှောက်လမ်းအတိုင်း အဝေးသို့ အမြန်ဆုံး ထွက်ပြေးလေသည်။

ဆုန့်ဝမ် စိတ်လောသွားပြီး လိုက်ဖမ်းရန် ထထိုင်လိုက်သည်။

သို့သော် ခုနက ကုလားထိုင်ဖြင့် ရိုက်ခံထားရသဖြင့် ရင်ဘတ်နှင့် ကျောပြင်တစ်ခုလုံး နာကျင်နေကာ ချက်ချင်း မထနိုင်ဖြစ်နေသည်။

တစ်ဖက်မှ ယွဲ့ဖုန်းသည်လည်း ပါးနပ်သူဖြစ်သည်။ ဝမ်ဖန်း၏ အော်သံကို ကြားသည်နှင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။

သူသည် အလျင်အစွမ်းပိုင်ရှင် ဖြစ်သည့်အားလျော်စွာ နောက်ဆုတ်လိုက်သည့် အရှိန်မှာ အလွန်မြန်ဆန်ပြီး ခဏချင်းမှာပင် အကွာအဝေးတစ်ခုသို့ ရောက်သွားသည်။

ဆုန့်ဝမ်သည် သူမ၏ နွယ်ပင်များ လက်လှမ်းမမီတော့သည့် နေရာသို့ ထိုနှစ်ယောက် ဆုတ်ခွာသွားသည်ကို မျက်စိဖွင့်ကြည့်နေလိုက်ရသည်။

သူမ၏ အစွမ်းသည် အပင်များကို လျင်မြန်စွာ ကြီးထွားစေပြီး ထိန်းချုပ်နိုင်သော်လည်း...

ထိုသို့ ကြီးထွားမှုနှင့် ထိန်းချုပ်နိုင်သည့် အကွာအဝေးသည် စိတ်စွမ်းအင် အားကောင်းမှုအပေါ် မူတည်လေသည်။

လက်ရှိအချိန်တွင် သူမသည် ပေ ၅၀၊ ၆၀ ဝန်းကျင် အကွာအဝေး အထိသာ အပင်များကို ထိန်းချုပ် တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။

ထိုထက်ဝေးလျှင် လက်လှမ်းမမီတော့ချေ။

"အား... တောက်... သောက်ရမ်း ယုတ်မာတဲ့ မိန်းမ"

ယွဲ့ဖုန်းသည် အဝေးသို့ ရောက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်ဆဲဆိုလေသည်။

ချန်မန်၏ မျက်နှာမှာ မဲမှောင်နေပြီး လုံလောက်သည့် အကွာအဝေးသို့ ရောက်ပြီဟု ယူဆရသည့်အခါ အော်မေးလိုက်သည်။

"ယွဲ့ဖုန်း... မင်းမျက်လုံး မြင်ရသေးလား"

"မမြင်ရဘူး... ငါ ဘာမှမမြင်ရဘူး"

ယွဲ့ဖုန်းက ဒေါသတကြီး ပြန်အော်သည်။ သူ့မျက်လုံးမှ မျက်ရည်များက အဆက်မပြတ် စီးကျနေဆဲ။

ချန်မန်က နေရာတစ်နေရာတည်းတွင် ကြာကြာမနေဘဲ နေရာရွှေ့လိုက်သည်။

ထို့နောက် စမ်းမိသမျှ ပစ္စည်းများကို ကောက်ယူကာ ဆုန့်ဝမ်တို့ ရှိသည်ဟု သူထင်သည့် နေရာဆီသို့ အားကုန် ပစ်ပေါက်တော့သည်။

"ဝုန်း" "ဝုန်း" "ဝုန်း"

သူ၏ ကြောက်မက်ဖွယ် ခွန်အားဖြင့် ပစ်ပေါက်လိုက်သည့် ပစ္စည်းများမှာ လေတိုးသံ တရွှီးရွှီးမြည်လျက် ဝင်ရောက်လာသည်။

ပတ်ဝန်းကျင်ရှိ မှန်ဆိုင်ခန်းများမှာ ဖရိုဖရဲ ကွဲကုန်ကြသည်။

ကြမ်းပြင်ပေါ်ရှိ အခန်းပိုင်ရှင်တချို့မှာလည်း ပစ္စည်းများ ထိမှန်ကာ သတိမေ့မြောနေရာမှ အသက်ပါ ပါသွားကြရှာသည်။

ကျောက်ခိုင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ဒေါသကြောင့် မျက်လုံးထောင့်များ ကွဲမတတ် ဖြစ်ကာ အံကို တင်းတင်းကြိတ်ထားမိသည်။

ရန်ဆန်းမင်လည်း မျက်နှာ မဲမှောင်နေပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေသည်။

ဆုန့်ဝမ်သည် ခက်ခက်ခဲခဲ ရွေ့လျားပြီး တိုင်လုံးကဲ့သို့သော နံရံများနောက်တွင် ဝင်ပုန်းနေလိုက်သည်။

သူမ၏ အစွမ်းတွင် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်း ပါဝင်ရာ ယခုလက်ရှိ ဒဏ်ရာရထားသော်လည်း ကုသနိုင်စွမ်းက လျင်မြန်စွာ အလုပ်လုပ်နေသည်။

ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များ လျင်မြန်စွာ ဖယ်ရှားခံနေရပြီး ရောင်ရမ်းနာကျင်နေသော ဒဏ်ရာများမှာလည်း ဖြည်းဖြည်းချင်း သက်သာလာသည်ကို ခံစားနေရသည်။

"အခုက အချိန်လုနေရတာပဲ... ငါတို့နဲ့ သူတို့ ဘယ်သူက အရင်ဆုံး ပြန်ကောင်းမလဲ ဆိုတာပဲ ကြည့်ရမယ်"

တစ်ဖက်လူများ အမြင်အာရုံ ပြန်ရသွားသည်နှင့် သူတို့အားလုံး သေချာပေါက် သေရမည်ကို သူမ ကောင်းစွာ သိထားသည်။

ကျောက်ခိုင်နှင့် ရန်ဆန်းမင်တို့လည်း ဤအချက်ကို သိသဖြင့် အားအင်ပြန်ပြည့်ရန် အသည်းအသန် ကြိုးစားနေကြသည်။

ယွီရှင်းယီ၏ အဆိပ်အစွမ်းက ဘာအဆိပ်မှန်း မသိရသော်လည်း လူကို ချက်ချင်း မသေစေဘဲ အတော်လေး ပြင်းထန်လှသည်။ ရန်ဆန်းမင်က သူ့ခန္ဓာကိုယ် ပြန်လည်သက်သာလာမှု နှေးကွေးနေသည်ကို ခံစားနေရသည်။

သူ စိတ်ပူလာပြီး ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးကာ စဉ်းစားလိုက်ရာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပျော့ခွေနေသော လက်မောင်းကို မနည်းမြှောက်ကာ သူ့လွယ်အိတ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။

"တွေ့ပြီ"

အိတ်ထဲမှ ဆေးကတ်တစ်ကတ်ကို ထုတ်ယူလိုက်သည်။

"နွားမြစ်ကျောက် အဆိပ်ဖြေဆေးပြား"

ဒါက အပူငြိမ်းပြီး အဆိပ်ဖြေပေးနိုင်သည့် တိုင်းရင်းဆေး တစ်လက်ဖြစ်သည်။

ပါဝင်ပစ္စည်းများမှာ နွားမြစ်ကျောက်၊ ဆေးဒါန်း၊ ကျောက်ချဉ်၊ ပွဲလျှော်၊ တောင်ရာပင်၊ ဂျင်ဆင်း စသည်တို့ ဖြစ်သည်။

ထိုအရာများအားလုံးသည် အပူငြိမ်း အဆိပ်ဖြေနိုင်သည့် အစွမ်းသတ္တိများ ရှိကြသည်။

တိုင်းရင်းဆေးဆရာဝန် တစ်ယောက်အနေဖြင့် ရန်ဆန်းမင်သည် သူ့ခန္ဓာကိုယ် အတွင်းပိုင်း ပူလောင်နေပြီး မျက်လုံးများ နီရဲရောင်ရမ်းကာ နာကျင်နေသည်ကို သိသာစွာ ခံစားနေရသည်။

ဤအခြေအနေက အဆိပ်မိသည့် လက္ခဏာရပ်များ ဖြစ်ကြောင်း ထင်ရှားလှသည်။

"မထူးဇာတ်ခင်းပြီး ဆေးသောက်ကြည့်ရမှာပဲ"

ရန်ဆန်းမင်သည် ဆေးဆယ်ပြားခန့်ကို တစ်ပြိုင်နက်တည်း သောက်ချလိုက်သည်။

သာမန်လူ ဖြစ်နေစဉ်ကဆိုလျှင် ဤမျှများပြားသည့် ဆေးပမာဏကို တစ်ခါတည်း သောက်ရဲမည် မဟုတ်ပေ။

သာမန်လူ၏ ခန္ဓာကိုယ်က ဤမျှများပြားသော ဆေးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်။

သို့သော် ယခု သူသည် သန္ဓေပြောင်း အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ဆေးပမာဏ များသွားလျှင်လည်း သူ့အသည်းက ဖြိုခွဲနိုင်မည် ဖြစ်၍ ပြဿနာ သိပ်မရှိနိုင်။

အဓိကအချက်မှာ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို လျော့ပါးသွားစေရန်က ပထမဦးစားပေး ဖြစ်သည်။

အဆိပ်ဖြေဆေး သောက်ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် ဆေးစွမ်းပြလာသည်။

ပျော့ခွေနေသော လက်မောင်းများတွင် အားအင်ပြန်ရှိလာသည်ကို ခံစားလိုက်ရသည်။

ခန္ဓာကိုယ်တွင်းမှ ပူလောင်နေသော အဆိပ်များလည်း ငြိမ်ကျသွားမည့် လက္ခဏာ ပြလာသည်။

ထို့အပြင် သူ၏ အစွမ်းကို အနည်းငယ် ပြန်လည် ထိန်းချုပ် လှုံ့ဆော်နိုင်လာသည်ကိုပါ ခံစားလိုက်ရသည်။

ရန်ဆန်းမင် ဝမ်းသာအားရ ဖြစ်သွားပြီး ကျန်ဆေးပြားများကို ထုတ်ယူကာ တာအိုဆရာလင်းထံ ပစ်ပေးရန် ပြင်လိုက်သည်။

သို့သော် ချက်ချင်း ရပ်တန့်လိုက်ပြီး ကျောက်ခိုင်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"ကျောက်ခိုင်... ဒါကို စားလိုက်... ဆယ်ပြားလောက် စားလိုက်... အသုံးဝင်တယ်"

သူက ဆေးပြားများကို ပစ်ပေးလိုက်ရာ ကျောက်ခိုင်က ချက်ချင်း ကောက်ယူလိုက်ပြီး ပြောသည်။

"ကောင်းပြီ... ကောင်းပြီ"

သူက ဆေးပြားများကို ဖောက်ကာ ဆယ်လုံးစလုံး ပါးစပ်ထဲပစ်ထည့်ပြီး ဝါးစားကာ မျိုချလိုက်သည်။

ခဏကြာတော့ သူလည်း အဆိပ်မိသည့် လက္ခဏာများ သက်သာလာကြောင်း ခံစားမိပြီး မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ ရေခဲအစွမ်းများကိုလည်း အတိုင်းအတာတစ်ခုထိ ပြန်လည် အသုံးပြုနိုင်လာသည်။

"မြန်မြန်... ပိုမြန်မြန်လေး"

ကျောက်ခိုင် စိတ်လှုပ်ရှားစွာဖြင့် အစွမ်းကို လှုံ့ဆော်ကာ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားရန် ကြိုးစားလေသည်။

သို့သော် သူတို့ အဆိပ်ဖြေရန် နည်းလမ်းတွေ့ရှိချိန်၌ တစ်ဖက်မှ ယွဲ့ဖုန်းနှင့် ချန်မန်တို့ နှစ်ယောက်သည်လည်း မျက်လုံးများ ပြန်လည် မြင်တွေ့လာရပြီ ဖြစ်သည်။

နှစ်ယောက်သား မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်ရာ ဝါးတားတား မြင်ကွင်းတချို့ကို မြင်လိုက်ရသည်။

"မြန်မြန်လုပ်... ယွီရှင်းယီရဲ့ အဆိပ်က အစွမ်းပိုင်ရှင်တွေကို ထုံကျင်သွားအောင်ပဲ လုပ်နိုင်တာ... တကယ်သေအောင် မသတ်နိုင်ဘူး... ငါတို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး"

ချန်မန်က မျက်စိနာကျင်မှုကို အံကြိတ်ခံရင်း ကြမ်းပြင်ပေါ်မှ ကွဲနေသော မှန်စတစ်ခုကို ကောက်ကာ ကျောက်ခိုင်ရှိရာသို့ ပြေးဝင်သွားသည်။

ယွဲ့ဖုန်းလည်း မျက်လုံးနာကျင်မှုကို သည်းခံလျက် ဓားမြှောင်ကို ဆွဲထုတ်ကာ ရန်ဆန်းမင်ဆီသို့ ပြေးဝင်သွားသည်။

ဆုန့်ဝမ် မြင်လိုက်သဖြင့် အားယူထရပ်ကာ ယိုင်နဲ့နဲ့ဖြင့် ရွေ့လျားသွားရင်း...

လက်ထဲတွင် သန္ဓေပြောင်း နေကြာပန်းအိုးကို ပိုက်လျက် အော်ဟစ်လိုက်သည်။

"ကျောက်ခိုင်... ဒေါက်တာရန်... သတိထားကြ"

ကျောက်ခိုင်နှင့် ရန်ဆန်းမင်တို့ ခေါင်းမော့ကြည့်လိုက်ကြသည်။ အဆိပ်ထုတ်နေတာကို ရပ်တန့်ပြီး ယိုင်နဲ့နဲ့ဖြင့် ကုန်းထလိုက်ကြသည်။

ဒီအချိန်ခဏလေး အတွင်းမှာပင် သူတို့ လှုပ်ရှားနိုင်ရုံ အခြေအနေသို့ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ခြေလက်များ ထုံကျင်နေမှုက စတင် သက်သာလာပြီ ဖြစ်သည်။

သို့သော် အားအင်ကတော့ သိပ်မရှိသေးချေ။

ယွဲ့ဖုန်းနှင့် ချန်မန်တို့မှာ လမ်းကို သေချာ မမြင်ရသေးသဖြင့် သိပ်မပြေးနိုင်ကြ။

သို့သော် သူတို့က အဆိပ်မမိထားသဖြင့် လှုပ်ရှားနေသော လူရိပ်များကို ဝါးတားတား မြင်နေရသည်။

ချန်မန်က လက်ထဲမှ မှန်ကွဲစဖြင့် ပစ်ပေါက်လိုက်သည်။

ကျောက်ခိုင် အမြန် ရှောင်လိုက်သော်လည်း ခြေမခိုင်သဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ချန်မန်က ချက်ချင်း ခုန်အုပ်လိုက်ပြီး သူ၏ ကြီးမားသော ခွန်အားဖြင့် ကျောက်ခိုင်ကို ဖိချလိုက်လေသည်။

အစွမ်းပိုင်ရှင်နှစ်ယောက် တိုက်ခိုက်ကြရာတွင် အလှအပများ မပါတော့ဘဲ ယခုအချိန်၌ လူချင်းလုံးထွေး သတ်ပုတ်နေကြပြီ ဖြစ်သည်။

ဤမျှ နီးကပ်နေသည့် အကွာအဝေးတွင် ချန်မန်သည် မျက်စိကောင်းကောင်း မမြင်ရသော်လည်း သူ၏ ခွန်အားကမူ လျော့နည်းသွားခြင်း မရှိချေ။

သူက လက်တစ်ဖက်ဖြင့် ကျောက်ခိုင်၏ အင်္ကျီကို ဆွဲမကာ လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။

ကျောက်ခိုင် လန့်ဖျပ်သွားပြီး ကြမ်းပြင်ပေါ်တွင် လှိမ့်ရှောင်လိုက်သည်။

ဗြိခနဲ မြည်သံနှင့်အတူ ကျောက်ခိုင်၏ အင်္ကျီစုတ်ပြဲသွားပြီး သီသီလေး လွတ်မြောက်သွားသည်။

ချန်မန်၏ လက်သီးက ဝုန်းခနဲ ကြမ်းပြင်ပေါ် ကျရောက်သွားသည်။

ကြီးမားသော ခွန်အားကြောင့် ကြွေပြားများ ကြေမွသွားသည်။

လက်သီးလွဲသွားသဖြင့် ချန်မန်က ခြေထောက်ဖြင့် ကန်ကာ ရှေ့သို့ တိုးဝင်ပြီး ကျောက်ခိုင်ကို ထပ်မံ ဖမ်းဆုပ်လိုက်ပြန်သည်။

ကျောက်ခိုင် ဒေါသထွက်သွားပြီး အစွမ်းကို သုံးချင်သော်လည်း ခန္ဓာကိုယ်ထဲတွင် အဆိပ်ကျန်ရှိနေသေးသဖြင့် အစွမ်းထုတ်ရ ခက်ခဲနေကာ ရေခဲမြူများကို ချက်ချင်း မထုတ်လွှတ်နိုင် ဖြစ်နေသည်။

"သေစမ်းကွာ"

ချန်မန်က အော်ဟစ်ကာ လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။

ရုတ်တရက် သူ၏ ခြေကျင်းဝတ် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်က ထိန်းချုပ်မရတော့ဘဲ နောက်သို့ လွင့်ပါသွားသည်။

ဝုန်းခနဲ... ဒီတစ်ခါလည်း လက်သီး လွဲသွားပြန်သည်။

ချန်မန် ဒေါသတကြီးဖြင့် သူ့ခြေထောက်ကို ကြိုးလိုအရာတစ်ခုက ချည်နှောင်ထားသည်ကို သတိပြုမိလိုက်သည်။

အပင်တွေကို ထိန်းချုပ်တဲ့ မိန်းမမှန်း သူ ချက်ချင်း သိလိုက်သည်။

သူက ဒေါသတကြီး လှိမ့်လိုက်ပြီး ခြေထောက်ကို အားကုန် ဆွဲလိုက်သည်။

တောင်တက်နွယ်ပင်၏ တစ်ဖက်စွန်းကို ကိုင်ထားသော ဆုန့်ဝမ်မှာ ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ပါသွားလေသည်။

ခွန်အားအစွမ်းပိုင်ရှင်၏ ခွန်အားမှာ ကြီးမားလွန်းလှသဖြင့် သူမအနေဖြင့် ယှဉ်ပြိုင်အားစမ်း၍ မရနိုင်ပေ။

သို့သော် အစ်ကိုလင်း သူမကို လေ့ကျင့်ပေးစဉ်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူမ အမှတ်ရနေသည်။

"နင့်ရဲ့ အားသာချက်က ထိန်းချုပ်တာနဲ့ နှောင့်ယှက်တာပဲ... ရန်သူကို အတင်းဝင်ပြီး သတ်ဖို့ မဟုတ်ဘူး"

ထိုစကားကို တွေးမိသည်နှင့် ဆုန့်ဝမ်က တောင်တက်နွယ်ပင်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး တခြား နွယ်ပင်တစ်ပင်ကို လှုံ့ဆော်ကာ ချန်မန်၏ ခြေလက်များကို အမြန်ဆုံး ရစ်ပတ်စေလိုက်သည်။

ထိုနွယ်ပင်များသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် အဆိပ်ပြင်းမြွေများပမာ လှုပ်ရှားနေကြသည်။

ချန်မန်ကို အမြန်ဆုံး ရစ်ပတ်ချည်နှောင်လိုက်သည်။

ခဏလေး အတွင်းမှာပင် ချန်မန်၏ တစ်ကိုယ်လုံး နွယ်ပင်များဖြင့် ပြည့်နှက်သွားသည်။

ရန်သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ အားနည်းချက်ကို တိုက်ခိုက်ရမယ်ဆိုသည့် အစ်ကိုလင်း၏ မှာကြားချက်ကို ဆုန့်ဝမ် သတိရသွားသည်။

ဥပမာ... လူ့ခန္ဓာကိုယ်ရှိ အပေါက်များ...

တောင်တက်နွယ်ပင်များသည် လည်ပင်းကို ကျော်ကာ ချန်မန်၏ နှာခေါင်းပေါက်ထဲသို့ အတင်း တိုးဝင်သွားကြသည်။

ချန်မန်မှာ လန့်ဖျပ်ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နွယ်ပင်များကို အတင်း ဆွဲဖြတ်လေသည်။

သူ့ခွန်အားက ကြီးမားလှပြီး တောင်တက်နွယ်ပင်များမှာ သာမန်အပင်များသာ ဖြစ်၍ ဆုန့်ဝမ်၏ အစွမ်းဖြင့် ပြုစုပျိုးထောင်ထားသော်လည်း သံကြိုးများကဲ့သို့ မာကျောခြင်း မရှိပေ။

သံကြိုးဆိုလျှင်ပင် ချန်မန်ကဲ့သို့ ခွန်အားအစွမ်းပိုင်ရှင်မျိုးက လွယ်ကူစွာ ဖြတ်တောက်နိုင်သေးသည် မဟုတ်ပါလော။

"ထောက်... ထောက်... ထောက်..."

နွယ်ပင် အများအပြား ဆွဲဖြတ်ခံလိုက်ရသော်လည်း ကျောက်ခိုင်က ထိုအခွင့်အရေးကို အသုံးချကာ အနီးနားတွင် ကျနေသော ဓားမြှောင်ကို ကောက်ယူလိုက်ပြီး မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

"သေစမ်းကွာ... ခွေးမသား"

သူက အားကုန်သုံးကာ ဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး တစ်ဖက်လူဆီသို့ အရှိန်ဖြင့် ပြေးဝင်ကာ ထိုးစိုက်လိုက်တော့သည်။

"ဗြိ"

ကြွက်သားအဖုအထစ်များနှင့် ချန်မန်သည် နွယ်ပင်များဖြင့် ရစ်ပတ်ခံထားရသလို မျက်စိလည်း သိပ်မမြင်ရသဖြင့် ကျောက်ခိုင်၏ ဓားချက်ကို မရှောင်နိုင်ဘဲ ခါးအနောက်ဘက်သို့ စိုက်ဝင်သွားတော့သည်။

"အား"

ချန်မန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ပြန်ရိုက်ချက်ဖြင့် ကျောက်ခိုင်ကို ရိုက်ချလိုက်သည်။

ပြင်းထန်လှသော ခွန်အားကြောင့် ကျောက်ခိုင်တစ်ယောက် လွင့်စင်ထွက်သွားပြီး မှန်နံရံတစ်ခုကို ဝင်တိုက်မိသွားသည်။

ချန်မန်သည် ခါးကိုအုပ်ကိုင်ကာ ယိုင်နဲ့နဲ့ နောက်ဆုတ်လိုက်သည်။

ခွန်အားအစွမ်းပိုင်ရှင် ဆိုသည်မှာ ခွန်အားကြီးတာပဲ ရှိသည်၊ ခံနိုင်ရည်စွမ်းအား မြင့်မားသည် မဟုတ်ချေ။

သူလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ ထက်ရှသည့် လက်နက်နှင့် ထိရင် ဒဏ်ရာရတတ်တာပါပဲ။

ပိုဆိုးသည်မှာ ထိုဓားမြှောင်သည် ဝမ်ဖန်းထံမှ ကျလာခြင်း ဖြစ်သည်။

ဝမ်ဖန်း၏ ဓားမြှောင်ကို ယွီရှင်းယီ ပေးထားမှန်း သူသိသည်။

ဆိုလိုသည်မှာ ဤဓားမြှောင်တွင်လည်း အဆိပ်များ သုတ်လိမ်းထားသည် မဟုတ်ပါလော။

"တောက်... ကွာ"

ချန်မန် ဒေါသတကြီး အော်ဟစ်ရင်း ဓားမြှောင်ကို ဆွဲထုတ်ကာ မှန်ကွဲစများကြားတွင် လဲကျနေသော ကျောက်ခိုင်ဆီသို့ ပြေးဝင်သွားသည်။

သို့သော် သူ ပြေးခါရှိသေး နွယ်ပင်အသစ်များက သူ့ခြေလက်များကို ထပ်မံ ရစ်ပတ်လိုက်ပြန်သည်။

သူ ဒေါသတကြီး ဆဲဆိုအော်ဟစ်လိုက်သည်။

"လွှတ်စမ်း... ခွေးမ... လွှတ်... ငါ့ကိုလွှတ်စမ်း"

သူက အားကုန်ရုန်းကန်ရာ နွယ်ပင်များ ပြတ်တောက်ကုန်သည်။

သို့သော် ပြတ်သွားသည့် နွယ်ပင်များ နေရာတွင် နောက်ထပ် နွယ်ပင်သစ်များက ချက်ချင်း နေရာဝင်ယူကာ ရစ်ပတ်လာပြန်သည်။

ဆုန့်ဝမ်က သူမ၏ အစွမ်းများကို အသည်းအသန် ပို့လွှတ်နေပြီး တောင်တက်နွယ်ပင်များကို အရူးအမူး ကြီးထွားစေလျက် ရှိသည်။

ဤအခိုက်အတန့်သည်ကား ဆုန့်ဝမ်၏ ပွဲထွက်အကောင်းဆုံး အချိန်ခါပင် ဖြစ်ပေသည်။

ထိုဘက်တွင် တိုက်ပွဲပြင်းထန်နေသလို အခြားတစ်ဖက်တွင်လည်း ယွဲ့ဖုန်းက ရန်ဆန်းမင်၏ ရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ရန်ဆန်းမင်က ဓားမြှောင်ကို ကိုင်လျက် ယွဲ့ဖုန်းကို စိုက်ကြည့်နေသည်။

သူက ခန္ဓာကိုယ်ထဲမှ အစွမ်းများကို အသည်းအသန် လှုံ့ဆော်နေသည်။ သူ၏ အစွမ်းများ နှလုံးသားဆီမှ ထွက်ပေါ်လာပြီး သွေးကြောများတစ်လျှောက် လက်ဖဝါးဆီသို့ စီးဆင်းသွားသည်ကို ခံစားနေရသည်။

"မြန်မြန်... မြန်မြန်လုပ်ပါ... နည်းနည်းလေးပဲ လိုတော့တာ"

ရန်ဆန်းမင် စိတ်ထဲတွင် အရူးအမူး အော်ဟစ်နေပြီး မျက်လုံးများကမူ တိုးကပ်လာသော ယွဲ့ဖုန်းကို စိုက်ကြည့်နေသည်။

ယွဲ့ဖုန်းသည် ရန်ဆန်းမင် အနီးသို့ ရောက်လာပြီး ရက်စက်စွာ ပြုံးလိုက်သည်။

"နောက်ဆုံးတော့ မင်းတို့လို အပြင်ကလာတဲ့ လူတွေပဲ သေရမှာပါကွာ... ဟားဟားဟား"

သူက အော်ဟစ်ရယ်မောရင်း ဓားမြှောင်ကို မြှောက်ကာ အားကုန် ထိုးစိုက်ချလိုက်သည်။

ရန်ဆန်းမင် စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားသည်။ သူ၏ အစွမ်းများက လက်ကောက်ဝတ်ဆီသို့ ရောက်လာပြီ ဖြစ်သော်လည်း နည်းနည်းလေး လိုနေသေးသည်။

နည်းနည်းလေးပဲ လိုတော့တာပါ...

"ရွပ်"

ယွဲ့ဖုန်း၏ ဓားချက်က ရန်ဆန်းမင်၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားတော့သည်။

ဆက်ရန်...

အပိုင်း (၁၇၄) သူတို့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့ကြပြီ

"ဒေါင်"

ထက်ရှသော ဓားမြှောင်သည် ရန်ဆန်းမင်၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားခဲ့သည်။

သို့သော် ဓားသွားက အသားထဲသို့ တိုးဝင်သွားသည့် "ဇုတ်" ဆိုသော အသံမျိုး ထွက်မလာခဲ့ပေ။

ယင်းအစား သတ္တုချင်း ရိုက်ခတ်မိသည့် အသံကသာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ရန်ဆန်းမင်မှာ ကြောင်အမ်းသွားပြီး မိမိဝတ်ဆင်ထားသည့် အပေါ်ထပ် အင်္ကျီကို ငုံ့ကြည့်လိုက်မိသည်။

ဤအင်္ကျီကို သူနာပြု ကျောင်းသူလေး ထန်ယင်းက သူ့အား လက်ဆောင်ပေးထားခြင်း ဖြစ်၏။

ဟိုယခင် ကျောရိုးကျိုးသွားခဲ့စဉ်က ထန်ယင်းကပင် သူ့အရိုးကို ဆက်ပေးခဲ့သည်။

ထိုအချိန်ကာလများတုန်းက သူမသည် သူ့အား ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့ရာမှ သူတို့နှစ်ဦးကြားတွင် သံယောဇဉ်ကြိုးလေးများ သွယ်တန်းလာခဲ့ကြသည်။

သို့သော် ဒဏ်ရာ သက်သာသွားပြီးနောက်တွင်မူ ရန်ဆန်းမင်သည် ဖောင်ဖွဲ့ခြင်း၊ သန္ဓေပြောင်း ငါးများကို ဖမ်းဆီးခြင်းနှင့် အဆောက်အအုံ အတွင်းရှိ လူမိုက်များကို ရှင်းလင်းခြင်း စသည့် အလုပ်များဖြင့် အလုပ်ရှုပ်နေခဲ့သောကြောင့် ထိုကိစ္စကို ဘေးဖယ်ထားခဲ့မိသည်။

ယခု ခရီးမထွက်ခွာမီလေးတွင် ထန်ယင်းက သူ့ဆီရောက်လာပြီး အင်္ကျီတစ်ထည် လက်ဆောင်ပေးချင်လို့ပါဆိုကာ ပေးခဲ့ဖူးသည်။

ထိုစဉ်က သူသည် သိပ်ပြီး အလေးမထားမိသလို ချက်ချင်းပင် ကောက်ဝတ်လိုက်ခဲ့သည်။

ဝတ်လိုက်စဉ်က အင်္ကျီမှာ အနည်းငယ် လေးလံနေသည်ဟု ခံစားခဲ့ရသော်လည်း သိပ်ပြီး တွေးမနေခဲ့ပေ။

ယခုအချိန်မှသာ သူ အံ့အားသင့် ဝမ်းသာသွားရသည်။ အင်္ကျီ၏ ရင်ဘတ်ပိုင်း အတွင်းသားထဲတွင် သံပြားတစ်ချပ်ကို ကြားညှပ် ချုပ်လုပ်ထားပေးခဲ့ခြင်း ဖြစ်နေ၏။

လင်းယွမ်တို့အဖွဲ့၏ အဝတ်အစားများထဲတွင် သံပြားများ ထည့်ချုပ်ထားသည်ကို သူမ မြင်ဖူးထားပုံရပြီး ဆိုင်ကယ်ဦးထုပ်များ ဆောင်းကာ ခန္ဓာကိုယ်ကို ကာကွယ်ထားကြသည်ကိုလည်း သူမ သတိထားမိခဲ့ပုံ ရသည်။

ထို့ကြောင့် ထန်ယင်းသည် နမူနာယူကာ သူ့အတွက်လည်း ထိုကဲ့သို့ အကာအကွယ်ပါသော အင်္ကျီမျိုး ချုပ်လုပ်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ထိုအင်္ကျီကပင် ယခု သူ့အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။

ယွဲ့ဖုန်းလည်း အနည်းငယ် ကြောင်သွားပြီး သူ၏ ဓားမြှောင်ကို ငုံ့ကြည့်လိုက်သည်။ အားကုန်သုံးကာ ထိုးသွင်းလိုက်သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်မသွားသည်ကို တွေ့လိုက်ရ၏။

ထိုခဏချင်းမှာပင် အခြေအနေကို သူ သဘောပေါက်သွားပြီး မျက်နှာပျက်ကာ ဓားကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် ရန်ဆန်းမင်၏ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုသို့ ကြန့်ကြာသွားသည့် တစ်ခဏတာ အချိန်လေးအတွင်းမှာပင် ရန်ဆန်းမင်၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းအစွမ်းများက လက်ဖဝါးဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ အစွမ်းများက လက်ထဲရှိ ဓားမြှောင်ကို လွှမ်းခြုံသွားလေသည်။

ဓားမြှောင်ထက်၌ ရွှေရောင်အလင်းတန်း ဖျော့ဖျော့တစ်ခု ရုတ်တရက် လင်းလက်လာသည်။

"ရွှပ်"

ရွှေရောင်အလင်းတန်းသည် ၃ ပေကျော်ခန့်အထိ တဟုန်ထိုး ရှည်ထွက်လာခဲ့၏။

ထိုအလင်းတန်းက ယွဲ့ဖုန်း၏ ခြေထောက်နှစ်ဖက်လုံးကို တိုးဝင် ဖောက်ထွက်သွားသည်။

ရန်ဆန်းမင်က အားကုန်သုံးကာ အပေါ်သို့ ပင့်တင်လိုက်သည့်အခါ...

ရွှေရောင်အလင်းတန်း ဖြာထွက်နေသော ဓားမြှောင်သည် အပေါ်ဘက်သို့ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

"အား"

သွေးများ ပန်းထွက်လာပြီး ယွဲ့ဖုန်း၏ သနားစဖွယ် နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

သူ၏ ပေါင်တံများသည် ထက်ရှလှသော ရွှေရောင်အလင်းတန်း၏ ဖြတ်တောက်မှုကြောင့် ချက်ချင်း ပြတ်ထွက်သွားခဲ့ရပြီ ဖြစ်သည်။

ရန်ဆန်းမင်၏ "ထက်ရှခြင်း" အစွမ်းကို ပေါင်းထည့်လိုက်သည့်အခါ သာမန် ဓားမြှောင်တစ်ချောင်းသည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးသော နတ်ဘုရားလက်နက် တစ်ခုအလား ပြောင်းလဲသွားခဲ့သည်။

သူ့လက်မောင်းများ ထုံကျင်ပြီး အားမရှိတော့သည့် အခြေအနေမျိုးမှာပင် ဖွဖွလေး ဝှေ့ယမ်းလိုက်ရုံဖြင့် ယွဲ့ဖုန်း၏ ပေါင်တံများကို ပြတ်တောက်သွားစေခဲ့ခြင်း ဖြစ်သည်။

ခြေထောက် ပြတ်သွားသည့် ဝေဒနာကြောင့် ယွဲ့ဖုန်းသည် ပြတ်သွားသော ခြေထောက်ကို ပွေ့ဖက်ရင်း နာကျင်စွာ အော်ဟစ်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

သူသည် အလျင်အစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း ခြေထောက် မရှိတော့သည်နှင့် တစ်ပြိုင်နက် သူ၏ အစွမ်းများအားလုံး အရာမဝင် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

ရန်ဆန်းမင်သည် တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်နိုင်သော်လည်း သူကိုယ်တိုင်မှာမူ အသက်ရှူ မဝတော့ပေ။

ခုနက တိုက်ကွက်တွင် သူ၏ ခွန်အားများ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သလို ခန္ဓာကိုယ်ထဲရှိ အစွမ်းများအားလုံးကိုလည်း ပေါက်ကွဲထုတ်လွှတ်ခဲ့ရသည်။

ယခုလက်ရှိ သူ၏ အစွမ်းအရ သတ္တုပစ္စည်းများပေါ်တွင် "ထက်ရှခြင်း" အလင်းတန်းကို ၇ ပေ၊ ၈ ပေခန့်အထိ ရှည်ထွက်လာအောင် ပြုလုပ်နိုင်သည်မှာ အကန့်အသတ် ဖြစ်သည်။

ယခုတွင်မူ သူ၏ ခွန်အား အနည်းငယ်သာ ပြန်လည် ပြည့်ဝလာသေးသဖြင့် အစွမ်းကုန် ထုတ်သုံးလိုက်သည့်တိုင် ၃ ပေခန့်သာ ရှည်ထွက်သော အလင်းတန်းကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူသည် ကြမ်းပြင်ပေါ်တွင် ပုံလျက်သားကျနေပြီး လူးလိမ့် အော်ဟစ်နေသော ယွဲ့ဖုန်းကို စူးစိုက်ကြည့်နေလိုက်သည်။

ယွဲ့ဖုန်း၏ ပေါင်တံများ ပြတ်တောက်သွားပြီး သွေးလွှတ်ကြောများ ပေါက်ပြဲကာ သွေးများ အဆက်မပြတ် ပန်းထွက်နေသည်။

သူသည် နာကျင်စွာ အော်ဟစ်နေရင်း ရန်ဆန်းမင်ကို ပြန်လည် တိုက်ခိုက်ရန်ပင် သတိမရတော့ဘဲ ကြောက်လန့်တကြားဖြင့် သွေးတိတ်အောင်သာ ကြိုးစားနေရှာသည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးလွှတ်ကြောမှ သွေးများကို တိတ်အောင် လုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သွေးများက တရှီးရှီး ပန်းထွက်နေပြီး ခဏကြာလျှင် ယွဲ့ဖုန်းကဲ့သို့ အစွမ်းထက်သော သန္ဓေပြောင်း လူသားတစ်ယောက်ပင်လျှင် တစ်ကိုယ်လုံး ပျော့ခွေလာကာ သွေးလွန်ပြီး သတိလစ် မေ့မြောသည့် အဆင့်သို့ ရောက်ရှိသွားလေသည်။

"အဟွတ်... အဟွတ်"

မလှမ်းမကမ်းတွင်တော့ ခွန်အားအစွမ်းပိုင်ရှင် ချန်မန်၏ မျက်နှာမှာ ပြာနှမ်းနေပြီး အဆိပ်များက တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။

သူ၏ ခွန်အားများ တဖြည်းဖြည်း လျော့နည်းလာကာ ယခုအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ထားသော နွယ်ပင်များကို ဆွဲဖြတ်နိုင်စွမ်း မရှိတော့ပေ။

သူ၏ ခြေလက်လေးဖက်လုံးကို နွယ်ပင်များက တင်းကျပ်စွာ ရစ်ပတ်ထားပြီး လားရာ အရပ်ရပ်သို့ ဆွဲဆန့်ထားကြသည်။

သူ့လည်ပင်းကိုလည်း တွားသွားနွယ်ပင် တစ်ပင်က တင်းကျပ်စွာ ရစ်ပတ်ထား၏။ သူ့မျက်နှာတစ်ခုလုံး မည်းနက်ပြာနှမ်းနေခြင်းမှာ အဆိပ်မိထားသည့် လက္ခဏာ သက်သက်သာ မဟုတ်ဘဲ အောက်ဆီဂျင် ပြတ်လပ်နေခြင်းကြောင့်လည်း ဖြစ်သည်။

ဆုန့်ဝမ်၏ လှပသော မျက်ဝန်းများထဲတွင် မောပန်းနွမ်းနယ်မှုများ အပြည့် နေရာယူထားသည်။

သူမသည် စိတ်ကို လျှော့မချရဲဘဲ မျက်လုံးကို ပြူးကျယ်ထားကာ ခန္ဓာကိုယ်ထဲမှ အစွမ်းများကို အဆက်မပြတ် ထုတ်လွှတ်ပြီး တစ်ဖက်လူ၏ လည်ပင်းကို အားကုန် ညှစ်ထားလိုက်သည်။

အချိန်မည်မျှ ကြာသွားသည် မသိ၊ နွယ်ပင်များထဲမှ ရန်သူ၏ ရုန်းကန်လှုပ်ရှားမှုများ ငြိမ်သက်သွားသည်ကို သူမ ခံစားလိုက်ရသည်။

သို့သော် သူမသည် စိတ်ကို လျှော့မချရဲသေးပေ။

မခံချင်စိတ် ဇွဲနပဲဖြင့် သူမသည် လက်အင်္ကျီစ ထဲမှ တွားသွားနွယ်ပင်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ တိုင်များနှင့် စားပွဲ၊ ထိုင်ခုံများပေါ်တွင်လည်း ရန်သူကို ဆွဲထားနိုင်ရန် အားပြုထားသည့် တွားသွားနွယ်ပင်များစွာ ရစ်ပတ်ထားလျက် ရှိသည်။

"ခွမ်း"

ထိုစဉ် ရုတ်တရက်ဆိုသလို ၂၄ ထပ်၏ မှန်ပြတင်းပေါက် အပြင်ဘက်မှ မှန်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် လူရိပ်တစ်ခုက လေထဲမှ ပျံဝဲကာ ခုန်ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူ၏ လက်ထဲတွင် အမျိုးသမီးတစ်ယောက်ကိုလည်း ဆွဲကိုင်ထားသေး၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံဗလံများကြောင့် ဆုန့်ဝမ်မှာ လန့်ဖျပ်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်သည်။ အားကုန်နေပြီဖြစ်သော ရန်ဆန်းမင်သည်လည်း ထိတ်လန့်သွားပြီး ထိုလူကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

ယခုလို အချိန်မျိုးတွင် သာမန်လူတစ်ယောက် ဝင်လာလျှင်တောင် သူတို့အားလုံး၏ အသက်ကို နှုတ်ယူသွားနိုင်ပေသည်။

"တောက်... တောက်... တောက်"

ဝင်လာသူ၏ ခြေသံများက လေးလံလှပြီး ပြတင်းပေါက်နားမှ လျှောက်လာနေသည်။

သန္ဓေပြောင်း နေကြာပန်း၏ အလင်းရောင်အောက်တွင် ထိုလူ၏ မျက်နှာကို တဖြည်းဖြည်း ထင်ရှားစွာ မြင်တွေ့လာရသည်။

"အစ်ကိုလင်းယွမ်"

ဆုန့်ဝမ် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်မိသည်။

ထို့နောက် တင်းထားသမျှ စိတ်များအားလုံး ချက်ချင်း လျော့ကျသွားတော့သည်။

ကမ္ဘာကြီး ဂျွမ်းပြန်မှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရပြီး မေ့လဲလုနီးပါး ဖြစ်သွား၏။

ထိုတွားသွားနွယ်ပင်များလည်း အားလျော့ကာ ပြုတ်ကျကုန်ကြသည်။

"ဗုန်း" ခနဲ အသံနှင့်အတူ ချန်မန်၏ ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသံအစ်အစ်တစ်ခု ထွက်ပေါ်လာသည်။

သေချင်ယောင်ဆောင်နေသော တာအိုဆရာလင်းနှင့် အားကုန်နေသော ရန်ဆန်းမင်တို့သည် လင်းယွမ် ဖြစ်နေမှန်း သေချာသွားသောအခါ စိတ်သက်သာရာ ရသွားကြပြီး ဝမ်းသာအားရ ပြုံးလိုက်မိကြသည်။

လင်းယွမ်က ချင်ကျင်းကို ဆွဲကိုင်ထားရင်း အခင်းအဖြစ် နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ရာ သူ၏ မျက်နှာထားမှာ ချက်ချင်း တည်ကြည်လေးနက် သွားသည်။

လူတိုင်း လဲကျနေကြပြီး ဆုန့်ဝမ်နှင့် ရန်ဆန်းမင်တို့ပင် ကြမ်းပြင်ပေါ်၌ ပုံလျက်သား ဖြစ်နေကြ၏။

ဒီနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အတော်လေး ပြင်းထန်ခဲ့ပုံ ရသည်။

သို့သော် သူ့ထက် ပို၍ တုန်လှုပ်နေသူမှာ သူ့လက်ထဲမှ ချင်ကျင်းပင် ဖြစ်သည်။

သွေးအိုင်ထဲတွင် လဲကျနေသော ယွဲ့ဖုန်း၊ မျက်နှာ မည်းပုပ်နေသော ချန်မန်နှင့် အေးစက် တောင့်တင်းနေပြီဖြစ်သော ဝမ်ဖန်းနှင့် ယွီရှင်းယီတို့ကို ကြည့်ရင်း သူမသည် မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေရှာသည်။

သူမ ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။ "ကိုချန်မန်... ယွဲ့ဖုန်း"

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး"

"ရှင်တို့ ထကြစမ်း... ထကြစမ်းပါ"

သူမသည် အော်ဟစ် ရုန်းကန်ရင်း လင်းယွမ်၏ လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်။

လင်းယွမ်က သူမ၏ လည်ပင်းကို တင်းကျပ်စွာ ဆွဲညှစ်လိုက်ပြီး ခွန်အားများကို ရုတ်တရက် ထုတ်သုံးလိုက်သည်။

"ဒါ မင်းရဲ့ အဖွဲ့ဆိုတာလား... မင်း အကွက်ချ စီစဉ်ပြီး ချန်ထားခဲ့တဲ့ ဒီလူတွေက... အဲ့လောက်လည်းမဟုတ်ပါလား"

"သူတို့နောက်ကိုသာ လိုက်သွားလိုက်တော့"

လင်းယွမ်သည် ဒေါသတကြီးဖြင့် လက်ချောင်းငါးချောင်းကို စုစည်းကာ အားကုန် ညှစ်လိုက်တော့သည်။

"ဂျွတ်"

ဉာဏ်နီဉာဏ်နက် များလှသော မန်နေဂျာ ချင်ကျင်းခမျာ လည်ပင်းရိုး ကြေမွသွားပြီး လည်ပင်း စောင်းငဲ့ကာ လင်းယွမ်၏ လက်ချက်ဖြင့် အသက်ပါသွားရရှာသည်။

သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် နောင်တရမှုများ အပြည့် နေရာယူထားသည်။

သူမ နောင်တရမိသည်။ ဘာကြောင့်များ ဒီလူစုကို သွားပြီး ရန်စမိပါလိမ့်။

ဘာကြောင့်များ ဟန်လုံစင်တာထဲကို သူတို့ကို ခေါ်သွင်းလာခဲ့မိပါလိမ့်။

အကယ်၍များ... အကယ်၍သာ ချန်မန်ကို လူသတ်ပြီး အလောင်းစွန့်ပစ်ခိုင်းတာမျိုး မလုပ်ခဲ့ရင်၊ ဒီလူစုကို မျှားမခေါ်ခဲ့ရင် သူတို့အဖွဲ့ ၂၆ ထပ်မှာ အေးအေးဆေးဆေး ဆက်ပြီး ရှင်သန်နေနိုင်ကြဦးမှာ...

သို့သော် ကံဆိုးစွာပင် လောကကြီးတွင် "အကယ်၍" ဆိုသည်မှာ မရှိခဲ့ပေ။

လင်းယွမ်သည် ချင်ကျင်း၏ အလောင်းကို ပေါ့ပါးစွာ ပစ်ချလိုက်ပြီး ဆုန့်ဝမ်၏ ဘေးနားသို့ အမြန်ပြေးသွားကာ သူမကို ပွေ့ချီလိုက်သည်။ "ဘာမှ မဖြစ်ဘူးမလား"

ဆုန့်ဝမ်က အားနည်းစွာဖြင့် မော့ကြည့်ရင်း မပီမသ ပြောရှာသည်။ "အစ်ကို... အစ်ကိုလင်းယွမ်... ညီမ... ညီမ လုပ်နိုင်ခဲ့တယ်... အစ်ကို... လူတိုင်းကို ကာကွယ်ပေးထားဖို့ ပြောခဲ့တာ... ညီမ... လုပ်နိုင်ခဲ့တယ်"

လင်းယွမ် ရင်ထဲ လှုပ်ရှားသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တယ်... ညီမ လုပ်နိုင်ခဲ့တယ်... လုပ်နိုင်ခဲ့ရုံတင် မကဘူး အများကြီး ကောင်းခဲ့တယ်... ဆုန့်ဝမ်... ညီမက တော်တော်လေးကို တော်ပါတယ်"

ဆုန့်ဝမ်က ပြုံးလိုက်ပြီး တိုးတိုးလေး ရေရွတ်သည်။ "ပင်ပန်းလိုက်တာ... ညီမ... အိပ်ချင်တယ်"

"အိပ်လိုက်ပါ... ဒီနေရာကို အစ်ကို ကြည့်ရှင်းလိုက်မယ်"

"အင်း"

စကားသံဆုံးသည်နှင့် သူမသည် တကယ်ပင် သတိလစ် မေ့မြောသွားတော့သည်။

အစွမ်းကို အလွန်အကျွံ သုံးစွဲခဲ့သဖြင့် သူမ အတော်လေး ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က သူမကို ပွေ့ထားရင်း ရန်မေနှင့် တုံယန်တို့ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရန်မေ၏ ခန္ဓာကိုယ်မှာ ပျော့ခွေ ညောင်းညာနေသော်လည်း မျက်ဝန်းများကမူ သူ့ကို ဝမ်းသာအားရ ကြည့်နေသည်။

"အမမေ... အမတို့ အဆင်ပြေရဲ့လား"

ရန်မေက ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်သည်။ "အမတို့ ဘာမှမဖြစ်ပါဘူး... ကိုယ်လက်တွေ သိပ်အားမရှိတာပဲ ရှိတာ"

တုံယန်က လှမ်းအော်သည်။ "အစ်ကိုလင်း... အစ်ကို ပြန်ရောက်လာပြီပဲ တော်ပါသေးရဲ့... ကျွန်မတို့ အဆိပ်မိထားကြတာ... ဟိုမိန်းမမှာ အဆိပ် အစွမ်း ရှိနေတယ်... ကျန်တဲ့လူတွေလည်း သတိလစ်နေကြတယ်... ဘယ်လိုဖြစ်မှန်းကို မသိလိုက်ဘူး"

လင်းယွမ် ချက်ချင်း လျှောက်သွားပြီး ရန်မေနှင့် သူမ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

"ဒါ ဘာအဆိပ်လဲ"

သူကိုယ်တိုင်လည်း ဤအစွမ်းမှ ထွက်သော အဆိပ်က ဘာအဆိပ်မှန်း မသိပေ။

သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် သွေးလှည့်ပတ်မှုကို နှောင့်ယှက်နေသော အရာတစ်ခု ရှိနေသည်ကို သူ အာရုံခံမိသည်။

သို့သော် သူသည် ဆရာဝန် မဟုတ်သလို ကုသခြင်းအပိုင်းတွင်လည်း မကျွမ်းကျင်သဖြင့် ဤအခြေအနေကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။

ကံကောင်းသည်မှာ ခဏကြာ စောင့်ကြည့်ပြီးနောက် ထိုအဆိပ်များသည် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် တဖြည်းဖြည်း ပြိုကွဲပျက်စီးနေသည်ကို သူ တွေ့လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုအဆိပ်များ အလိုလို ပြယ်သွားမည့်ပုံ ပေါ်သည်။

လင်းယွမ် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိဘူး... ဒီအဆိပ်က တဖြည်းဖြည်း ပြယ်သွားလိမ့်မယ်... အသက်အန္တရာယ် မရှိလောက်ဘူး... ခဏလောက် လှဲနေလိုက်ရင် သက်သာသွားမှာပါ"

"မောင်လေး... ကျောက်ခိုင်ကို သွားကြည့်ပေးပါဦး... ခုနက သူ အတော်လေး ခံလိုက်ရတယ်" ရန်မေသည် စာနာစိတ်ဖြင့် လင်းယွမ်ကို ကျောက်ခိုင်တို့ဘက် သွားကြည့်ရန် တိုက်တွန်းလိုက်သည်။

လင်းယွမ်၏ အမျိုးသမီး ဖြစ်သည့်အားလျော်စွာ ကျောက်ခိုင်တို့ကဲ့သို့သော အစွမ်းပိုင်ရှင်များသည် လင်းယွမ်အတွက် မည်မျှ အထောက်အကူပြုသည်ကို သူမ ကောင်းစွာ သိထားသဖြင့် သူ့စိတ်ကို သူမတစ်ယောက်တည်းအပေါ်တွင်သာ ပုံမနေစေချင်ပေ။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

သူသည် မှန်ကွဲစများ ရှိရာသို့ အမြန်သွားလိုက်ပြီး ကျောက်ခိုင်ကို ရှာတွေ့လိုက်သည်။

"အစ်ကိုလင်း"

ကျောက်ခိုင်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အားနာရိပ်များ ယှက်သန်းနေသည်ကို တွေ့ရသည်။ "ကျွန်တော် အဖွဲ့သားတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူးဗျာ"

"မလှုပ်နဲ့... ဒဏ်ရာရသွားသေးလား"

လင်းယွမ်က သူ့ကို ဖိထားလိုက်ပြီး ထမလာစေရန် တားလိုက်သည်။

ကျောက်ခိုင်က ခေါင်းခါလိုက်သည်။ "အပေါ်ယံ ဒဏ်ရာတွေပါ... ကျွန်တော် အစ်ကို့ကို မျက်နှာမပြရဲဘူး... အစ်ကို မသွားခင်က ဒီလူတွေကို သတိထားဖို့ မှာခဲ့ပါရက်နဲ့ ကျွန်တော် သူတို့အကွက်ထဲ ဝင်သွားမိတယ်ဗျာ"

"ဒီလိုမှန်းသိရင် အစကတည်းက သူတို့ကို ဖမ်းထားလိုက်ပါတယ်"

ကျောက်ခိုင်က ဒေါသတကြီး ပြောလိုက်သည်။

လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ "ထားလိုက်ပါတော့ကွာ... သူတို့ထဲမှာ အဆိပ်လွှတ်နိုင်တဲ့ လူရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ... ဒီလိုနည်းလမ်းမျိုးက မင်းမပြောနဲ့ ငါ ဒီမှာ ရှိနေရင်တောင် ကာကွယ်ဖို့ ခက်တယ်"

ကျောက်ခိုင်လည်း သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "အစ်ကိုလင်း... အပေါ်ထပ်မှာကော ဘယ်လို အခြေအနေ ရှိလဲ... ချင်ကျင်းကို အစ်ကို ဘယ်လို ရိပ်မိသွားတာလဲ"

လင်းယွမ်က ပြုံးလိုက်သည်။ "သူ့မှာ သံသယ ဖြစ်စရာတွေ အများကြီးပဲ... စတွေ့ကတည်းက သူက ငါ့ရဲ့ အစွမ်းက ဘာလဲ... စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တဲ့ အစွမ်း ရှိလားဆိုတာကို မသိမသာနဲ့ အမြဲတမ်း စမ်းသပ်မေးမြန်းနေတာ"

"အပေါ်ထပ် ရောက်တော့ ဟန်လုံစင်တာက အသက်ရှင် ကျန်ရစ်သူ တချို့နဲ့ တွေ့တယ်... သားအမိ နှစ်ယောက်ကို ကယ်လိုက်တော့ ဝေရှာလန် ဆိုတဲ့ မိခင်ဖြစ်သူက စကားစပြောတာနဲ့ အစ်ကိုချန်နဲ့ ဝမ်ဖန်းကို မေးတော့တာပဲ"

"အဲဒီအချက်က ထူးဆန်းတယ်... ပုံမှန်ဆိုရင် ချင်ကျင်းနဲ့ အနီးကပ်ဆုံး ရှိနေတာက ယွဲ့ဖုန်းနဲ့ ဝမ်ချီလေ"

"အသက်ရှင် ကျန်ရစ်သူ အနေနဲ့ မေးမယ်ဆိုရင်တောင် အဲဒီ သန္ဓေပြောင်း အစွမ်းပိုင်ရှင် နှစ်ယောက် အကြောင်းကို အရင်မေးသင့်တာ"

"ဒါက တစ်ချက်ပေါ့... အဓိက အကျဆုံး အချက်က ငါတို့ ဖောင်ကို တွေ့သလားလို့ မေးချင်တိုင်း ချင်ကျင်းက စကားလမ်းကြောင်း လွှဲလွှဲပစ်တာပဲ"

"ဒါတွေကြောင့်လား" ကျောက်ခိုင်က မနေနိုင်စွာ မေးလိုက်သည်။

ဒီလောက် အသေးအဖွဲ ကိစ္စလေးတွေနဲ့ လင်းယွမ်က ချင်ကျင်းကို သံသယ ဝင်ခဲ့သည် ဆိုသဖြင့် သူ အံ့သြနေမိသည်။

သိပ်တော့ ယုတ္တိမရှိသလိုပင်။

လင်းယွမ် ခေါင်းခါလိုက်သည်။ "ဒါတွေချည်းတော့ မဟုတ်ဘူးပေါ့... အဲဒါတွေချည်းဆိုရင် ငါ အစကတည်းက ချင်ကျင်းကို ဖမ်းလိုက်ပြီပေါ့"

"ငါ့ကို တကယ် သံသယ ဝင်စေခဲ့တာက ဝမ်ချီ"

"ဝမ်ချီက ၂၈ ထပ်ကို ဖြတ်တဲ့အခါ လူ ၃ ယောက်ပဲ ခေါ်သွားနိုင်မယ်လို့ ပြောလာတယ်... သူ အဲဒီ အချက်ကို ပြောလိုက်ကတည်းက ငါ သတိထားမိလိုက်ပြီ"

"ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဆိုရင် ငါတို့လူတွေ မဖြစ်မနေ လူစုခွဲလိုက်ရတော့မယ်လေ"

"အဲဒီတုန်းက ငါ အဖွဲ့ကို နှစ်ဖွဲ့ ခွဲလိုက်တယ်... စိတ်ထဲမှာလည်း တွက်ဆထားပြီးသား"

"ငါ မပါတဲ့ အဖွဲ့က ဝမ်ချီနဲ့ လိုက်သွားပြီး ပြဿနာ တက်ပြီဆိုရင် ချင်ကျင်းတို့ အုပ်စု မရိုးသားဘူး ဆိုတာ သေချာပြီပေါ့"

"တကယ်လည်း ငါနဲ့ လျှိုဖိန်ဖိန် တစ်ဖွဲ့၊ ၂၈ ထပ်ကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်ပြီးတဲ့ အချိန်မှာ ဝမ်ချီက တင်းယန်တို့ကို သွားခေါ်မယ် ဆိုပြီး ဆင်းသွားတာနဲ့ ခေါင်းကြီးခလေး ရန်ရွှယ်ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတာပဲ"

"ဟားဟား... တင်းယန်ကတော့ သန္ဓေပြောင်းကြောင် ပေါ်လာလို့ ခေါင်းကြီးသတ္တဝါ လန့်သွားတာပါလို့ ပြောပေမယ့် ငါကတော့ မယုံဘူး"

"ဒီလောကကြီးမှာ တိုက်ဆိုင်မှုတွေ အဲဒီလောက် မများနိုင်ဘူး"

လင်းယွမ်က အပေါ်ထပ်တွင် ကြုံတွေ့ခဲ့ရသည်များနှင့် ချင်ကျင်း၏ လိမ်ညာမှုများကို မည်သို့ ဖော်ထုတ်ပြီး သူတို့၏ အကြံအစည်များကို မည်သို့ ချိုးဖျက်ခဲ့ကြောင်း ပြောပြလိုက်သည်။

ကျောက်ခိုင်မှာ အံ့သြမှင်သက်စွာဖြင့် နားထောင်နေမိသည်။

"ဒီမိန်းမ... တော်တော်ကို ယုတ်မာတာပဲ... အစ်ကိုလင်းသာ သတိမကြီးခဲ့ရင် ကျွန်တော်တို့အားလုံး မသာတွေ ဖြစ်ကုန်လောက်ပြီ"

လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ရဲ့ အစွမ်းအစကလည်း ငါ့ကို အံ့သြစေပါတယ်ကွာ"

"အခုဆိုရင် မင်းတို့လည်း ရင့်ကျက်လာကြပြီ... ငါမရှိရင်တောင် မင်းတို့လူစုက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး လူတိုင်းကို ကာကွယ်ပေးနိုင်နေပြီပဲ"

လင်းယွမ် တကယ်ကို ကျေနပ်မိသည်။ တိုက် (၇၆) မှာတုန်းက လျှိုအားလုံ၊ ဝမ်ကျဲ၊ တိန့်ဟူတို့ကို သတ်ဖြတ်ရာတွင် ကိစ္စတိုင်း၌ သူ ကိုယ်တိုင် ဦးဆောင်ပြီး ပါဝင်ခဲ့ရသည်။

ယနေ့ တိုက်ပွဲကြီးတွင် စစ်မျက်နှာပြင် နှစ်ခု ဖြစ်နေပြီး ကျောက်ခိုင်တို့ကို ပထမဆုံးအကြိမ် လွှတ်ထားပေးခဲ့ခြင်း ဖြစ်သည်။

ကျောက်ခိုင်တို့သည်လည်း သူ၏ အကူအညီ မပါဘဲ ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲတစ်ခုကို ကိုယ်တိုင် အနိုင်တိုက်နိုင်ခဲ့ကြသည်။

ဒီတိုက်ပွဲက သူတို့နှင့် ညီမျှသော တိုက်ပွဲမျိုး မဟုတ်ဘဲ ကျောက်ခိုင်တို့က သိသိသာသာ အားနည်းနေခဲ့သည်။

သို့သော် ထိုသို့သော အခြေအနေမျိုးမှာပင် သူတို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ကြသည်။

ဒါက သူတို့၏ ရင့်ကျက်လာမှုနှင့် တိုးတက်လာမှုကို သက်သေပြနေခြင်းပင်။

သူ ရန်ဆန်းမင် ရှိရာဘက်သို့ သွားကြည့်လိုက်ပြန်သည်။

ရန်ဆန်းမင်က အစွမ်းကို ထုတ်သုံးနိုင်သေးသည် ဆိုတော့ ပြန်လည်သက်သာလာမှု အခြေအနေ ကောင်းသည်ဟု ဆိုရမည်။

သွေးလွန်ပြီး သေဆုံးနေသော ယွဲ့ဖုန်းကို တစ်ချက် ကြည့်လိုက်မိသည်။

ခုနက မည်မျှ အန္တရာယ်ကြီးခဲ့ကြောင်း လင်းယွမ် နားလည်လိုက်သည်။

ထို့နောက် သူက ပြောလိုက်သည်။ "ဒေါက်တာရန်... ခင်ဗျား ပင်ပန်းသွားပြီ"

ရန်ဆန်းမင်က ခါးသက်သက် ပြုံးလိုက်သည်။ "ကျွန်တော် ပေါ့ဆသွားတာပါဗျာ... ဒီလူတွေကို သတိထားနေပါရက်နဲ့... ယွီရှင်းယီက အဆိပ်ထုတ်နိုင်ပြီး ဝမ်ဖန်းက အဆိပ်ပျံ့အောင် လုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ"

လင်းယွမ်က ပြန်ပြောလိုက်သည်။ "ခင်ဗျားတို့ကို အပြစ်တင်လို့ မရပါဘူး... အခုနောက်ပိုင်း သန္ဓေပြောင်း လာတဲ့လူတွေ များလာတော့ အစွမ်းတွေကလည်း အမျိုးမျိုးပဲ... ကာကွယ်ဖို့ ခက်တယ်"

"ခင်ဗျားတို့မှ မဟုတ်ဘူး... ကျွန်တော် ဒီမှာ ရှိနေရင်တောင် ရုတ်တရက်ဆို အဆိပ်မိသွားနိုင်တယ်"

ရန်ဆန်းမင် သက်ပြင်းချလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "ဝမ်ဝေတုန်း (အရိပ် အစွမ်း) သာဆိုရင် သူတို့ အဆိပ်လွှတ်တာကို ကာကွယ်နိုင်လောက် မလား"

လင်းယွမ် ကြောင်သွားသည်။ ဒီမေးခွန်းကိုတော့ သူ မစဉ်းစားမိ။

ဝမ်ဝေတုန်း၏ အရိပ် ဖြစ်သွားစေသော "အရိပ်" အစွမ်းကို ပြန်စဉ်းစားကြည့်ပြီး သူ ခေါင်းခါလိုက်သည်။ "ကာကွယ်နိုင်မယ် မထင်ဘူး... ခင်ဗျားတို့ ပြောပုံအရဆို ဒီအဆိပ်က လေထဲကနေ ပျံ့တာ... မသိရင် ကာကွယ်ဖို့ ခက်တယ်"

"အလစ်တိုက်ရင် ဝမ်ဝေတုန်းလည်း ရိပ်မိမှာ မဟုတ်ဘူး... သူ အသက်မရှူဘဲ နေနိုင်မှပဲ ရမယ်"

"ဒါဆို သူတို့ ဘာလို့ ရှုံးပြီး အောက်ထပ်ကို ဆင်းပြေးလာကြတာလဲ" ရန်ဆန်းမင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဝမ်ဝေတုန်းက သာမန်လူတွေနဲ့ အတူရှိနေမယ် ဆိုရင် သာမန်လူတွေက ဝမ်ဝေတုန်းထက် အဆိပ်မိတာ ပိုမြန်မှာပဲ... ဝမ်ဝေတုန်းက ချက်ချင်း ရိပ်မိသွားမှာပေါ့"

"ဝမ်ဝေတုန်း အစွမ်းသုံးပြီး သူ့ကိုယ်သူ အရိပ်လို လုပ်ထားနိုင်သရွေ့... ချင်ကျင်းတို့ အဖွဲ့ရဲ့ အစွမ်းတွေနဲ့ သူ့ကို တားနိုင်မယ့်လူ ရှိမှာ မဟုတ်ဘူး"

ရန်ဆန်းမင် ခေါင်းညိတ်လိုက်သည်။ လင်းယွမ် ပြောသည်မှာ အဓိပ္ပာယ် ရှိသည်ဟု ယူဆလိုက်၏။

ဥပမာ သူတို့လူစုတွင် သာမန်လူများ ချက်ချင်း သတိလစ်သွားကြသော်လည်း သူတို့ကမူ သတိကပ်နေနိုင်သေးသည်။ ဆုန့်ဝမ်ဆိုလျှင် အစွမ်းသုံးပြီး ပြန်တိုက်ခိုက်နိုင်သည်အထိ ခံနိုင်ရည် ရှိသည်။

"ဒီကိစ္စက ကျွန်တော်တို့ကို သတိပေးလိုက်တာပဲ... ဘယ် သန္ဓေပြောင်း အစွမ်းပိုင်ရှင်ကိုမှ လျှော့မတွက်ရဘူး"

"သူတို့ အစွမ်းတွေက ဆန်းကြယ်ပြီး ကာကွယ်ရ ခက်တယ်"

လင်းယွမ် ပြောပြီးသည်နှင့် အရည်အသွေး အားလုံးကို မြှင့်တင်သည့် လမ်းစဉ်က အလွန် အရေးပါကြောင်း စိတ်ထဲတွင် ပို၍ ခံစားမိလာသည်။

အမှန်တကယ်ဆိုလျှင် ရန်ဆန်းမင်တို့ နေရာတွင် သူသာ ရှိနေပါက အဆိပ်မိချင်မှ မိလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက အလွန် မြင့်မားနေသောကြောင့် ဖြစ်သည်။ မြင့်မားသော ကြံ့ခိုင်မှုက ခံနိုင်ရည် မြင့်မားခြင်း၊ ခံစစ်မြင့်မားခြင်း၊ ပြန်လည်သက်သာနှုန်း မြန်ဆန်ခြင်းတို့အပြင် အဆိပ်ဒဏ် ခံနိုင်ရည် မြင့်မားခြင်းကိုပါ ပေးစွမ်းနိုင်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ဆိုသည်မှာ သာမန်ကာ လျှံကာဟု ထင်ရသော်လည်း ကဏ္ဍစုံတွင် သက်ရောက်မှု ရှိပြီး အရည်အသွေးများ အားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ယခု သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ပြန်လည်သက်သာနှုန်းကို ပြောရလျှင် ဆုန့်ဝမ်၏ အစွမ်းပါသော သက်သာနှုန်းကို မမီကောင်း မမီနိုင်သော်လည်း...

အဆိပ်ဒဏ် ခံနိုင်ရည်နှင့် ခံစစ်စွမ်းပကား အပါအဝင် ဘက်စုံ အရည်အသွေးတွင်တော့ ဆုန့်ဝမ်သည် သူ့ကို ခြေဖျားပင် မမီနိုင်ပေ။

လင်းယွမ်သည် ရန်ဆန်းမင်နှင့် စကားအနည်းငယ် ပြောပြီးနောက် တာအိုဆရာလင်းကို လှမ်းကြည့်လိုက်သည်။ "ဆရာလင်း... ဘာမှ မဖြစ်ဘူးမလား"

ရန်ဆန်းမင်က တာအိုဆရာလင်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး အားမလိုအားမရ ပုံစံဖြင့် ပြောလိုက်သည်။ "သူက သေချင်ယောင်ဆောင်တာ မြန်တယ်ဗျ... ယွဲ့ဖုန်းတို့ကလည်း သူ့ကို အရေးမလုပ်ဘဲ ကျွန်တော့်ကို အရင် ပစ်မှတ်ထား တိုက်ခိုက်ကြတာ"

လင်းယွမ်က ထထိုင်နေပြီ ဖြစ်သော တာအိုဆရာလင်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ "သူ့ရဲ့ ရွှေရောင်အလင်း အစွမ်းက တကယ်ပဲ တခြား အသုံးမဝင်တာလား... လူကို ခြောက်ရုံပဲ ရတာလား"

ရန်ဆန်းမင် ခေါင်းညိတ်လိုက်သည်။ "အဲဒီလောက်ပဲ သုံးစားလို့ ရတာ... ဟိုတုန်းက တိန့်ဟူကို ခြောက်နိုင်ခဲ့တာကလည်း ကံကောင်းလို့"

"ဒါဆို သူ့ကို သိပ်မျှော်လင့်နေလို့ မရတော့ဘူးပေါ့... ခင်ဗျား သူ့ဘေးက အမျိုးသမီး သုံးယောက်ကို သတိထား... ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီ မိန်းမတွေက တိန့်ဟူရဲ့ မိန်းမတွေ"

"တိန့်ဟူက ကျွန်တော်တို့လက်ချက်နဲ့ သေတာ... ဒီမိန်းမတွေ စိတ်ထဲ ဘယ်လို ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

ရန်ဆန်းမင်က တာအိုဆရာလင်း ဘေးနားရှိ လျန်မင်ရှု အပါအဝင် အမျိုးသမီး သုံးယောက်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာပျက်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဒီမိန်းမတွေက မရိုးသားဘူးလို့ ထင်လို့လား"

လင်းယွမ် ခေါင်းခါလိုက်သည်။ "အဆိပ်ပြင်းတဲ့ မိန်းမတွေ... တိန့်ဟူ သေတော့ တာအိုဆရာလင်းကို ကပ်ဖားကြတာပဲ"

"မဖြစ်နိုင်ပါဘူးဗျာ... သူတို့က တိန့်ဟူ အနိုင်ကျင့်တာ ခံခဲ့ရတာလေ... ကျွန်တော်တို့က သူတို့ကို ကယ်ထုတ်ပေးခဲ့တာပဲ... ကျေးဇူးမတင်ရင်တောင် တိန့်ဟူကို သတ်လို့ ကျွန်တော်တို့ကို မုန်းပါ့မလား"

"သူတို့ တိန့်ဟူကို စိတ်မနာကြဘူးလား" ရန်ဆန်းမင် မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်၏ မျက်နှာထားမှာ နက်နဲသွားပြီး ပြောလိုက်သည်။ "လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်... စစချင်းတုန်းကတော့ တိန့်ဟူရဲ့ ခြိမ်းခြောက်မှုကို ကြောက်လို့ နေခဲ့ရတာ ဖြစ်နိုင်ပေမယ့်... နောက်ပိုင်းကျတော့ လူပေါ်လူဇော် လုပ်ရတဲ့ အရသာကို သူတို့ သဘောကျ နှစ်သက်သွားတာလည်း ဖြစ်နိုင်တာပဲ"

"ကျွန်တော်တို့က တိန့်ဟူကို သတ်လိုက်တော့ တစ်ဖက်က ပြန်ကြည့်ရင်... သူတို့ကို ရွှံ့ကန်ထဲ ပြန်ဆွဲချလိုက်သလို ဖြစ်မသွားဘူးလား"

"သူတို့ ဘယ်လို တွေးနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

လင်းယွမ် ဤနေရာအထိ ပြောလိုက်သောအခါ ခေါင်းထဲတွင် ကျန်းကောချန် ဆိုသော လူကို သွားသတိရလိုက်သည်။

ဟိုတုန်းက သူ ဒီအဖိုးကြီးကို ဂရုမစိုက်ခဲ့မိ... ဒီအဖိုးကြီးက သူ့ကို မုန်းတီးနေလိမ့်မည်ဟု ဘယ်သူ ထင်ခဲ့ပါ့မလဲ။

သန္ဓေပြောင်း အစွမ်းကို တိတ်တဆိတ် နိုးထစေခဲ့ရုံ သာမက သူ မေ့တောင်မေ့နေပြီ ဖြစ်သော ရန်သူဟောင်းတချို့ကို စုစည်းကာ သူ့ကို လုပ်ကြံရန် ချောင်းမြောင်းခဲ့သေးသည်။

ထိုအဖြစ်အပျက်သည် ရေကြီးပြီးနောက်ပိုင်း သူ ချန်ထားခဲ့မိသော တစ်ခုတည်းသော ပေါ့ဆမှု ဖြစ်ကောင်း ဖြစ်လိမ့်မည်။

ထို့ကြောင့် ဒီတစ်ကြိမ်တွင် ရန်ဆန်းမင်ကို သူ အထူးတလည် သတိပေးလိုက်ခြင်း ဖြစ်သည်။

ရန်ဆန်းမင်သည် လင်းယွမ် ပြောသည်ကို နားထောင်ပြီးနောက် ယုံရခက်နေသော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ထိုအမျိုးသမီး သုံးယောက်ကို ပုံမှန်ဆို သူ သိပ်သတိမထားမိ။

သို့သော် လျန်မင်ရှု ဆိုသော အမျိုးသမီးကတော့ နေထိုင်သူများအကြားတွင် နာမည်ရနေသူ ဖြစ်သည်။

သူမသည် ဒီရက်ပိုင်း တိုက် (၇၆) ဘက်မှ လူများနှင့် ရောရောနှောနှော ရှိလှသည်။

နှစ်ယောက်သား စကားပြောနေစဉ်မှာပင် ပြတင်းပေါက်ဝဆီမှ "ခွမ်း" ဆိုသော အသံ ထပ်မံ ကြားလိုက်ရပြန်သည်။

တင်းယန်သည် ပြတင်းပေါက် အပြင်ဘက်မှ အထဲသို့ ခုန်ဝင်လာသည်ကို တွေ့လိုက်ရလေသည်။

ဆက်ရန်...

All Chapters