အခန်း (၁၇၅-၁၇၆)
Vol. 9 Ch. 175-176
အပိုင်း (၁၇၅) ခေါင်းကြီးခလေးကို သုတ်သင်ခြင်း
"လင်းယွမ်... ဒါ ဘယ်လိုဖြစ်တာလဲ"
တင်းယန်သည် အခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသော လူများကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားကာ အလျင်အမြန် မေးမြန်းလိုက်သည်။
လင်းယွမ်ကလည်း စကားကို ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ အောက်ထပ်တွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး၍ ရှင်းပြလိုက်၏။
သူပြောပြသည်မှာ ရိုးရှင်းသော်လည်း တင်းယန်သည် အခင်းဖြစ်ပွားရာနေရာမှ သွေးပျက်ဖွယ် မြင်ကွင်းများကို ကြည့်ရင်း ဒေါသတို့ အလိပ်လိုက် ထွက်ပေါ်လာသည်။
"ချင်ကျင်း... ဒီမိန်းမယုတ်"
သူမသည် ချက်ချင်း နောက်သို့လှည့်ကာ လက်ကိုမြှောက်၍ "လေဖိအားအမြောက်လက်သီး" ဖြင့် ပစ်သွင်းလိုက်တော့သည်။
လက်သီးမှ ထွက်ပေါ်လာသော စွမ်းအင်သည် ပေါက်ကွဲထွက်သွားပြီး မလှမ်းမကမ်းတွင်ရှိသော ချင်ကျင်း၏ အလောင်းကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။
"ဝုန်း"
လေဖိအားလက်သီး ပေါက်ကွဲသွားသည်နှင့် ချင်ကျင်း၏ အလောင်းမှ အသားစများသည် ပေါက်ကွဲထွက်သွားပြီး ကြမ်းပြင်ပေါ်တွင် တစ်ပတ်လည်သွားလေသည်။ သွေးစများနှင့် အသားစများ လွင့်စဉ်ကုန်ကာ တစ်ချိန်က ပြည့်ဖြိုးခဲ့သော ခန္ဓာကိုယ်သည် တမဟုတ်ချင်းပင် အသားပုံကြီး ဘဝသို့ ရောက်သွားတော့သည်။
လင်းယွမ်မှာ မျက်လုံးပင် ပြူးသွားရပြီး အလျင်အမြန် နှစ်သိမ့်လိုက်ရ၏။
"သေသွားပြီပဲ... စိတ်မဆိုးပါနဲ့တော့"
"ဒီလောက်နဲ့ သေသွားတာ သူ့အတွက် သက်သာလွန်းနေသေးတယ်"
တင်းယန်သည် ဒေါသ မပြေနိုင်သေးဘဲ အံကိုကြိတ်လျက် ပြောလိုက်သည်။
လင်းယွမ်က အခြေအနေကို ကြည့်ပြီး စကားလမ်းကြောင်းလွှဲရန် မေးလိုက်၏။
"ရှီဟိုင်ကျူးရော... ကုဖုန်းနဲ့ လျှိုဖိန်ဖိန်တို့ကိုရော တွေ့မိသေးလား"
တင်းယန်သည် မျှော်လင့်ထားသည့်အတိုင်း အာရုံပြောင်းသွားပြီး ခေါင်းညိတ်ပြသည်။
"တွေ့တယ်... လျှိုဖိန်ဖိန်က ရှင် အောက်ထပ်ဆင်းသွားတယ် ပြောလို့ ကျွန်မလည်း စိတ်ပူပြီး ချက်ချင်း လိုက်လာတာ"
"ဒါနဲ့... ရှင်က တိုက်အပြင်ဘက်ကနေ ကြိုးနဲ့ဆင်းဖို့ ဘယ်လိုများ တွေးမိတာလဲ... ဝမ်ဝေတုန်းတို့က အဲဒီလောက်တောင် တုံးအသလား... ဒီနည်းလမ်းကို သူတို့ မတွေးမိကြဘူးလား"
လင်းယွမ်က ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။
"သူတို့က အခြေအနေအမှန်ကို မမြင်နိုင်ကြလို့ပါ"
"ငါတို့က အမှတ် (၇၆) တိုက်တုန်းက ဒီနည်းလမ်းကို သုံးဖူးတော့ ချက်ချင်း တွေးမိတာလေ... သူတို့ကျတော့ အမြဲတမ်း တိုက်ထဲမှာပဲ ပိတ်မိနေတော့ အပြင်ကနေ ဆင်းသွားလို့ရတယ် ဆိုတာကို သတိမထားမိကြတာ နေမှာပါ"
"ပြီးတော့ သူတို့ဆီမှာ အစားအသောက်တွေက မပြတ်လပ်သေးတော့... လမ်းဆုံး မရောက်သေးသရွေ့ ဒီလို အန္တရာယ်များတဲ့ နည်းလမ်းတွေကို... မသိစိတ်ကနေ ရှောင်ဖယ်နေမိကြတာလည်း ဖြစ်နိုင်တယ်"
"ရှင်ပြောတာ ဟုတ်တယ်... ဒါနဲ့ ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ" ဟု တင်းယန်က မေးလိုက်သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
"လူတွေအကုန်လုံး အဆိပ်မိထားကြတော့... ဒီမှာပဲ တစ်ရက် နှစ်ရက်လောက် နားရမယ် ထင်တယ်"
"ဒါပေမဲ့ (၂၈) လွှာက ခေါင်းကြီးခလေး ရန်ရွှယ်ကတော့ ပြဿနာအကြီးကြီးပဲ... သူ့ကို ဖယ်ရှားပစ်ဖို့ နည်းလမ်း ရှာရမယ်"
ထိုခေါင်းကြီးခလေးအကြောင်း ပြောလိုက်သည်နှင့် တင်းယန်၏ မျက်နှာထားသည် အနည်းငယ် ပျက်ယွင်းသွားသည်။
သူမသည် ထိုသတ္တဝါနှင့် ထိပ်တိုက်ရင်ဆိုင်ဖူးသည်။ လူများကို အရုပ်များသဖွယ် ထိန်းချုပ်ကစားနိုင်သော ထိုသတ္တဝါ၏ ထူးဆန်းသောအစွမ်းက သူမကို ကြက်သီးထစေခဲ့၏။ အခုချိန် ပြန်တွေးမိရင်တောင် ရင်ထဲ ထိတ်လန့်နေမိဆဲ ဖြစ်သည်။
"အဲဒီ ခေါင်းကြီးကောင်က အရမ်း ကြောက်ဖို့ကောင်းတယ်... ရှင့်မှာ အကြံကောင်း ရှိလို့လား"
လင်းယွမ်က ခေါင်းခါလိုက်သည်။
"လောလောဆယ်တော့ မရှိသေးဘူး... သူ့ရဲ့အစွမ်းက စိတ်စွမ်းအင်နဲ့ ပတ်သက်နေတာ... လူတွေကို ရုပ်သေးရုပ်လို လုပ်ပြီး ထိန်းချုပ်နိုင်တာက ငါတို့ ဦးနှောက်ထဲကို သူ့ရဲ့ စိတ်စွမ်းအင်နဲ့ ထိုးဖောက်ဝင်ရောက်ပြီး အာရုံကြောစနစ်ကို ထိန်းချုပ်လိုက်တာ ဖြစ်နိုင်တယ်"
"သူ့ကို ယှဉ်နိုင်ဖို့ တစ်နည်းပဲ ရှိတယ်... စိတ်စွမ်းအင် ခံစစ်ကို တတ်နိုင်သမျှ မြှင့်တင်ရမယ်"
"စိတ်စွမ်းအင် ခံစစ်"
တင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အစွမ်းနှင့်ဆိုလျှင်တော့ မျှော်လင့်ချက် မရှိပေ။
"လျှိုဖိန်ဖိန်ရဲ့ စိတ်ဝင်္ကပါ အစွမ်းကရော အဲဒီကောင်ကို နိုင်ပါ့မလား"
လင်းယွမ်က ခေါင်းခါလိုက်ပြီး လျှိုဖိန်ဖိန်ကို သိပ်အားမကိုးကြောင်း ပြလိုက်သည်။
သူမ၏ အစွမ်းက မဆိုးသော်လည်း စိတ်စွမ်းအင် ပမာဏ နည်းပါးလွန်းသဖြင့် ခေါင်းကြီးခလေးကို ချူပ်နှောင်ထားနိုင်မည် မဟုတ်ပေ။
လင်းယွမ် ကိုယ်တိုင်ပင်လျှင် စိတ်စွမ်းအင် အများအပြား တိုးတက်လာပြီးသည့်တိုင် "စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း" ဖြင့် ထိုသတ္တဝါ၏ ထိန်းချုပ်မှုကို ခဏတာ ဖြတ်တောက်ရုံသာ တတ်နိုင်သေးသည်။
ထိုအရာသည်လည်း မျက်တောင်တစ်ခတ်စာ အချိန်မျှသာ ဖြစ်သည်။
"ငါ့မှာ အကြံတစ်ခုတော့ ရှိတယ်... အလုပ်ဖြစ်မဖြစ် သိရအောင် လက်တွေ့ စမ်းသပ်ကြည့်မှ ရမယ်"
"ငါ အပေါ်ထပ်ပြန်တက်ပြီး ရှီဟိုင်ကျူးတို့ကို သွားခေါ်လိုက်ဦးမယ်"
"ဒါနဲ့... ဝမ်ဝေတုန်း အဖွဲ့ထဲက ထွက်ပြေးသွားတဲ့ကောင်ကို မိပြီလား"
တင်းယန်က ခေါင်းခါလိုက်ရင်း...
"မမိလိုက်ဘူး... သူက အပေါ်ထပ် အခြေအနေကို ကျွမ်းကျင်လွန်းတယ်... ကွေ့လိုက် ပတ်လိုက်နဲ့ ပျောက်သွားရော"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ငါ အပေါ်ကို အမြန်တက်မှ ဖြစ်မယ်... အဲဒီကောင် ပြန်လှည့်လာပြီး ဒုက္ခပေးရင် မကောင်းဘူး"
"သိပြီ... ဒီနေရာကို ကျွန်မတာဝန်ထားလိုက်" ဟု တင်းယန်က ခေါင်းညိတ်လိုက်သည်။
လင်းယွမ်လည်း အခြားသူများကို နှုတ်ဆက်ကာ လှေကားဘက်သို့ အလျင်အမြန် ထွက်ခွာလာခဲ့၏။
သူသည် ကြိုးဆွဲချထားသည့်နေရာမှ ပြန်မတက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ထွက်ပြေးသွားသည့် ကျိုးယဲ့ ဘယ်နေရာမှာ ပုန်းနေမှန်း မသိနိုင်သောကြောင့် ဖြစ်သည်။ ကြိုးတက်နေတုန်း ထိုကောင်က ကြိုးဖြတ်ချလိုက်လျှင် မတွေးဝံ့စရာပင်။
နောက်တစ်ချက်က လင်းယွမ်သည် ခေါင်းကြီးခလေး ရန်ရွှယ်ကို နောက်တစ်ကြိမ် သွားရောက် စမ်းသပ်ချင်သေးသည်။
"ဒီခေါင်းကြီးကောင်ရဲ့ စိတ်စွမ်းအင်က တော်တော်လေး ပြင်းတယ်... ငါ့ရဲ့ စိတ်စွမ်းအင် (၂၆.၂) ရှိတာတောင် သူ့ရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ဖြတ်တောက်ရုံပဲ တတ်နိုင်တယ်... သူ့ရဲ့ စိတ်စွမ်းအင်က အနည်းဆုံး အမှတ် (၃၀) လောက် ရှိနေပုံပဲ"
လင်းယွမ် စိတ်ထဲတွင် သတိထား တွေးတောနေမိသည်။ လောလောဆယ် ထိုသတ္တဝါကို ယှဉ်ပြိုင်ရန် နည်းလမ်းနှစ်ခု စဉ်းစားမိထား၏။
"ငါ့မှာ ဘုံအရည်အသွေးမှတ် (၄) မှတ် ကျန်နေသေးတယ်... အဲဒါတွေ အကုန်လုံးကို စိတ်စွမ်းအင်မှာ ပေါင်းထည့်လိုက်ရင် ငါ့ရဲ့ စိတ်စွမ်းအင်က အမှတ် (၃၀) ကျော်သွားပြီး ဒီကောင်ကို ယှဉ်နိုင်လောက်တယ်"
"နောက်တစ်နည်းကတော့ ငါ့ရဲ့ အလျင်ကို မြှင့်တင်တာပဲ"
"ငါ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း က ဒီကောင်ရဲ့ ထိန်းချုပ်မှုကို ဖျက်ဆီးလိုက်ရင် လှုပ်ရှားလို့ရမယ့်အချိန်က (ဝ.၅) စက္ကန့်လောက် ရှိမယ်"
"အဲဒီအချိန်တိုလေးအတွင်းမှာ ငါ့ရဲ့အလျင်က လုံလောက်မယ်ဆိုရင် တိုက်ခိုက်လို့ ရနိုင်တယ်"
သူသည် မိမိ၏ အချက်အလက်များကို ပြန်ကြည့်လိုက်ရာ မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။
သူ၏ အလျင်သည် (၁၄.၈) သာ ရှိသေးသဖြင့် (ဝ.၅) စက္ကန့်အတွင်း တိုက်ခိုက်မှု ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် မသေချာပေ။
"နောက်ထပ် နည်းလမ်းတစ်ခုကတော့ ပိုပြီးပြင်းထန်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်ရေး သိုင်းပညာတစ်ခုခု မဲပေါက်ဖို့ပဲ"
"ဒါပေမဲ့ အဲဒါအတွက်က အမှတ် တစ်သောင်း လိုတယ်... ငါ့မှာ အမှတ်မလောက်ဘူး"
သူ၏ အမှတ်များကို ကြည့်လိုက်ရာ (၅၆၁၂) မှတ် ရှိနေသည်။
တိုက် (၇၆) မှ ထွက်ခွာလာစဉ်က အမှတ် (၃၅၉၆) သာ ရှိသော်လည်း ယခုရက်ပိုင်းအတွင်း လူသတ်ခြင်း၊ သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ခြင်းတို့ကြောင့် အမှတ်အနည်းငယ် ထပ်မံ စုဆောင်းမိထားခြင်း ဖြစ်သည်။
"သတ်မှတ် အရည်အသွေးမှတ် (၅) မှတ် မဲနှိုက်လို့ ရနိုင်တယ်"
"စမ်းကြည့်တာပေါ့"
လင်းယွမ်သည် ခက်ခက်ခဲခဲ ရထားသော ဘုံအရည်အသွေးမှတ်များကို မသုံးစွဲဘဲ ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။
"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲ (၅) ကြိမ် ဆက်တိုက် နှိုက်မယ်"
[ဒင်... သင် ဘုံအရည်အသွေးမှတ် (၁) မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် စိတ်စွမ်းအင် (၁) မှတ် မဲပေါက်သွားပါသည်]
......
စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လင်းယွမ်၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။
ရရှိလိုက်သော အမှတ် (၅) ခုမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၁) မှတ်၊ ခွန်အား (၁) မှတ်၊ စိတ်စွမ်းအင် (၂) မှတ်နှင့် ဘုံအရည်အသွေးမှတ် (၁) မှတ် တို့ ဖြစ်ကြသည်။
အမှတ်များ အားလုံး ပေါင်းထည့်လိုက်သည်နှင့် လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းသွားပြီး ဦးခေါင်းထဲတွင်လည်း အေးမြသော ခံစားမှုမျိုး ဖြစ်ပေါ်လာသည်။
သူ၏ အစွမ်းများသည် အဆင့်သစ်တစ်ခုသို့ တိုးတက်သွားပြီ ဖြစ်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၁.၈
ခွန်အား - ၁၅.၉
အလျင် - ၁၄.၈
စိတ်စွမ်းအင် - ၂၈.၂
ဘုံအရည်အသွေးမှတ်များ - ၅
အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း
သိုင်းပညာများ - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း
သန္ဓေပြောင်းလဲနှုန်း - ၆၅%
အမှတ် - ၆၁၂
"စိတ်စွမ်းအင် (၂၈) မှတ် ကျော်သွားပြီ"
လင်းယွမ် ဝမ်းသာသွားသည်။ အမှတ် (၃၀) ပြည့်ရန် (၂) မှတ်သာ လိုတော့သည်။
"ခေါင်းကြီးကောင်ကို သွားစမ်းသပ်ကြည့်ရမယ်"
သူသည် ချက်ချင်း အပေါ်ထပ်သို့ တက်သွားပြီး (၂၈) လွှာသို့ အရောက်သွားလိုက်သည်။
(၂၈) လွှာထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ကြီးမားသော စိတ်စွမ်းအင် ဖိအားတစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။
"ကစားကြမယ်... ငါနဲ့ ကစားရအောင်"
စင်္ကြံလမ်းထဲမှ ခေါင်းကြီးခလေး ရန်ရွှယ်၏ အသံကို ကြားလိုက်ရပြီး သူမသည် လင်းယွမ်ရှိရာသို့ အလျင်အမြန် လာနေပုံရသည်။
လင်းယွမ်သည် စိတ်စွမ်းအင်ကို တုန်ခါစေပြီး ထိုးဖောက်ဝင်ရောက်လာသော စိတ်စွမ်းအင်များကို တွန်းထုတ်လိုက်သည်။
ရုတ်ခြည်းပင် တောင့်တင်းနေသော ခန္ဓာကိုယ်သည် ပုံမှန် ပြန်ဖြစ်သွားသည်။
သူသည် အချိန်ကို တိတ်တဆိတ် ရေတွက်လိုက်၏။
"တစ်... နှစ်... သုံး"
သုံးစက္ကန့်မြောက်တွင် ခေါင်းကြီးခလေး၏ စိတ်စွမ်းအင်သည် သူ့ဦးနှောက်ထဲသို့ နောက်တစ်ကြိမ် ထိုးဖောက်ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်း တောင့်တင်းသွားစေပြန်သည်။
လင်းယွမ်သည် စိတ်စွမ်းအင်ကို ထပ်မံ စုစည်းပြီး အပြင်မှ တိုက်ခိုက်မှုကို ပြင်းထန်စွာ တန်ပြန် တိုက်ခိုက်လိုက်သည်။
နောက်တစ်ကြိမ် လွတ်လပ်မှု ပြန်ရသွားပြန်၏။
သူ့နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ ပြုံးလိုက်သည်။
"(၃) စက္ကန့်... လုံလောက်တယ်"
ဒီတစ်ကြိမ်တွင် သူ ထွက်မပြေးတော့ပေ။ အမှောင်ထဲတွင် "ဂလောင် ဂလောင်" မြည်ရင်း မောင်းနှင်လာသော ရထားကလေးကို မော့ကြည့်လိုက်သည်။
ရထားခေါင်းပေါ်တွင် ခေါင်းကြီးခလေးတစ်ဦး ထိုင်လိုက်ပါလာ၏။
ရန်ရွှယ်ပင် ဖြစ်သည်။
ရန်ရွှယ်သည် ပုံမှန်ထက်ကြီးမားသော မျက်လုံးကြီးများဖြင့် လင်းယွမ်ကို ဝမ်းသာအားရ ကြည့်နေသည်။
"ကစားမယ်... ပျော်စရာကြီး"
သူမသည် အော်ဟစ်ရင်း လင်းယွမ်ထံသို့ လက်လှမ်းလိုက်သည်။
ရုတ်ခြည်းပင် သိပ်သည်းသော စိတ်စွမ်းအင်လှိုင်းများ လိပ်တက်လာပြီး လင်းယွမ်၏ စိတ်ပင်လယ်ကို ပြင်းထန်စွာ ဖိနှိပ်လာတော့သည်။
လင်းယွမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ရှိသမျှ စိတ်စွမ်းအင် အားလုံးကို ထုတ်သုံးလိုက်သည်။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"ဝုန်း"
ပုံသဏ္ဍာန်မဲ့သော စိတ်စွမ်းအင် ရိုက်ခတ်မှုတစ်ခုသည် ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင် စက်ကွင်းကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။
ခေါင်းကြီးခလေး ရန်ရွှယ်၏ စိတ်စွမ်းအင်သည် ရိုက်ခတ်ခံလိုက်ရသဖြင့် တစ်ချက် တုံ့ဆိုင်းသွား၏။
လင်းယွမ်က လက်ကိုဆန့်ထုတ်၍ ဘိလိယက်ဘောလုံး ငါးလုံး၊ ခြောက်လုံးခန့်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ခြေတစ်လှမ်း တိုးလိုက်ရာ နှလုံးခုန်သံများ မြန်ဆန်လာပြီး သွေးကြောများထဲတွင် သွေးများ ဆူပွက်စီးဆင်းသွားသည်။
ကြွက်သားများ ဖောင်းကြွလာပြီး သွေးကြောစိမ်းများ ထောင်ထလာတော့သည်။
"ကြွက်သားပေါက်ကွဲသိုင်း"
သူသည် နောက်ထပ် သိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်ရာ ခွန်အားအမှတ်သည် ချက်ချင်း နှစ်ဆ တိုးသွားတော့သည်။
(၁၅.၉) မှတ်မှနေ၍ အမှတ် (၃၀) အဆင့်ကို ကျော်လွန်သွားပြီ ဖြစ်သည်။
"ဘုန်း"
သူ၏ လက်မောင်းကို အားကုန်လွှဲ၍ ပစ်လိုက်သည်နှင့် လက်ထဲမှ ဘိလိယက်ဘောလုံးများသည် လေထုကို ခွဲကာ ပြင်းထန်စွာ ပျံထွက်သွားကြသည်။
ရွှီး...
ပြင်းထန်သော လေဖိအားကြောင့် အရှိန်ပြင်းစွာ သွားနေသော ဘောလုံးများ၏ ဘေးပတ်လည်တွင် လေစီးကြောင်းဖြူများ ဖြစ်ပေါ်နေပြီး ကြောက်မက်ဖွယ်ရာ အသံများ ထွက်ပေါ်နေသည်။
ဘိလိယက်ဘောလုံး ငါးလုံးသည် လေထဲတွင် လည်ပတ်ရင်း အမြောက်ဆံများပမာ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းသွားကြသည်။
ခေါင်းကြီးခလေး ရန်ရွှယ်သည် ထိုမြင်ကွင်းကို မြင်သည်နှင့် "ဝါး" ခနဲ အော်ဟစ်ကာ ခုန်ဆွခုန်ဆွဖြင့် ရှောင်တိမ်းလိုက်သည်။
"ဒိုင်း... ဒိုင်း"
"အား"
ဘောလုံး သုံးလုံး လွဲချော်သွားသော်လည်း တစ်လုံးမှာ သူမ၏ ပခုံးနားသို့ ကပ်လျက် ဖြတ်သန်းသွားသည်။
ဘောလုံးမှ ထွက်ပေါ်လာသော လေဖိအားသက်သက်ဖြင့်ပင် ရန်ရွှယ်၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားရ၏။
သူမ၏ ကြီးမားသော ဦးခေါင်းကြီးမှာ အလွန်လေးလံနေသဖြင့် ဟန်ချက်ပျက်ကာ ညာဘက်အနောက်သို့ ယိုင်ကျသွားသည်။
"ဝုန်း"
နောက်ထပ် ဘောလုံးတစ်လုံး ပစ်ဝင်လာပြန်ရာ ရန်ရွှယ်၏ မျက်လုံးကြီးများ ပြူးကျယ်သွားသည်။
ရုတ်ခြည်းပင် ထိုဘောလုံးသည် လေဟာနယ်တစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားသည်။
လေထုထဲတွင် မမြင်ရသော နံရံတစ်ခု ရှိနေသကဲ့သို့ပင်။
ထိုနေရာရှိ လေထုသည် ရေလှိုင်းများပမာ တွန့်လိပ်သွားပြီး ဘောလုံးသည် ကော်စေးများထဲသို့ ဝင်ရောက်သွားသကဲ့သို့ အရှိန်ကျသွားသည်။ လေထဲတွင် (၁၀) ပေ၊ (၁၂) ပေလောက် ဆက်သွားပြီးနောက် လေထဲတွင်ပင် ရပ်တန့်သွားတော့သည်။
ခေါင်းကြီးခလေး ရန်ရွှယ်ကို ကြည့်လိုက်လျှင် သူမ၏ မျက်လုံးကြီးများထဲ၌ သွေးကြောများ ယှက်သန်းနေသည်ကို တွေ့ရသည်။
သူမ၏ နှာခေါင်းပေါက်များထဲမှလည်း သွေးမည်းများ စီးကျလာနေပြီ ဖြစ်သည်။
လင်းယွမ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို စိတ်စွမ်းအင်ဖြင့် ခုခံလိုက်ရသဖြင့် စိတ်စွမ်းအင် အများအပြား ကုန်ဆုံးသွားပြီး သူမ၏ ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်သွားပုံရသည်။
လင်းယွမ်သည်လည်း စိတ်စွမ်းအင်ကို အသုံးပြုတတ်သူဖြစ်၍ ဤစွမ်းအင်၏ အားနည်းချက်ကို ကောင်းကောင်း သိထားသည်။
အထူးပြု စိတ်စွမ်းအင် ပညာရပ်များ မရှိပါက သာမန် စိတ်စွမ်းအင်သက်သက်ဖြင့် ရုပ်ဝတ္ထုပစ္စည်းများကို လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းမှာ အကန့်အသတ် ရှိသည်။
လင်းယွမ်ကိုယ်တိုင် စိတ်စွမ်းအင် အမှတ် (၂၀) ကျော် ရှိနေချိန်မှာတောင် လူတစ်ယောက်ကို မ,မတင်နိုင်ခဲ့ပေ။
ယခု သူပစ်လိုက်သော ဘိလိယက်ဘောလုံးများ၏ အရှိန်မှာ သာမန်လူများထက် အဆပေါင်းများစွာ ပြင်းထန်လှသည်။
ရန်ရွှယ်၏ စိတ်စွမ်းအင်က မည်သို့ တောင့်ခံနိုင်မည်နည်း။
လင်းယွမ် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဟဟ... ဒါ နင့်ရဲ့ အကန့်အသတ်ပဲလား"
"နင် ကစားချင်တယ်ဆို... လာလေ... ငါ နင်နဲ့ ကစားပေးမယ်"
"လက်ကိုင်ပဝါချတမ်း ကစားဖူးလား... လာ"
သူ့လက်ထဲတွင် ဘိလိယက်ဘောလုံး သုံးလေးလုံး ထပ်မံ ရောက်ရှိလာပြန်သည်။
ဒါတွေအားလုံး အပေါ်ထပ်မှ သူ ကောက်ယူလာခဲ့ခြင်း ဖြစ်သည်။
သူက ပစ်ပေါက်ရန် လက်ကို ရွယ်လိုက်သည်။
ခေါင်းကြီးခလေး ရန်ရွှယ်သည် ချက်ချင်း စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
"အား"
များပြားလှသော စိတ်စွမ်းအင်များသည် လင်းယွမ်ထံသို့ ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်လာသည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး ပစ်ပေါက်မည့် ဟန်ပန် ပျက်သွားသည်။
သို့သော် ချက်ချင်းပင် သူ့မျက်နှာထား တင်းမာသွားပြီး (၂၈.၂) အထိ ရှိသော စိတ်စွမ်းအင်များ ပွက်ပွက်ဆူလာကာ အပြင်ဘက်သို့ ပြင်းထန်စွာ ပြန်လည် တွန်းကန်ပစ်လိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် လေထုထဲတွင် တုန်ခါသံကြီး ပေါ်ထွက်လာသည်။
လင်းယွမ်သည် ချက်ချင်း လွတ်မြောက်လာပြီး လက်ထဲမှ ဘိလိယက်ဘောလုံးများကို ဆက်တိုက် ပစ်သွင်းလိုက်တော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ဘောလုံးသုံးလုံးသည် အရိပ်အယောင်မျှသာ မြင်ရပြီး ခေါင်းကြီးခလေး၏ ဦးခေါင်းဆီသို့ တည့်တည့်ဝင်သွားသည်။
ရန်ရွှယ်မှာ ကြောက်လန့်တကြား အော်ဟစ်ပြီး သူမ၏ ရထားကလေး နောက်သို့ အလျင်အမြန် ဝင်ပုန်းလိုက်၏။
"ဝုန်း"
ဘောလုံးတစ်လုံးသည် ရထားခေါင်းကို ထိမှန်သွားပြီး ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။
ပလပ်စတစ် ရထားခေါင်းလေးမှာ တစ်စစီ ကြေမွသွားပြီး ဘေးပတ်လည်သို့ လွင့်စဉ်သွားတော့သည်။
ဘောလုံးများ၏ အရှိန်မှာ ပြင်းထန်လွန်းသဖြင့် ရထားခေါင်းကို ဖျက်ဆီးပြီးတာတောင် အရှိန်မသေဘဲ နောက်တွဲ ယာဉ်ရထား (၃) တွဲကိုပါ ဆက်တိုက် ဖျက်ဆီးပစ်လိုက်သည်။
လင်းယွမ်သည် လှုပ်ရှားလိုက်သည်နှင့် အရိပ်တစ်ခုပမာ လျင်မြန်စွာ ပြေးဝင်လာသည်။
လက်နှစ်ဖက်ဖြင့် လေထဲမှ အလူမီနီယမ်ချောင်း သုံးချောင်းကို ဆွဲထုတ်လိုက်ပြီး အားကုန် ပစ်လွှတ်လိုက်သည်။
"ဝုန်း"
အလူမီနီယမ်ချောင်းများသည် အမျိုးသမီးတစ်ဦး စူးရှစွာ အော်ဟစ်နေသကဲ့သို့ လေတိုးသံများ ပေးလျက် ပျံသန်းသွားသည်။
ရန်ရွှယ်သည် အနီးရှိ တိုင်တစ်တိုင် နောက်သို့ အပြေးအလွှား သွားပုန်းရင်း အလူမီနီယမ်ချောင်းများကို တားဆီးရန် စိတ်စွမ်းအင်ကို အသည်းအသန် အသုံးပြုလိုက်ရသည်။
"ဒိုင်း"
အလူမီနီယမ်ချောင်း တစ်ချောင်းမှာ ရန်ရွှယ်၏ စိတ်စွမ်းအင်ကြောင့် လိမ်ဖယ်သွားပြီး လမ်းကြောင်းလွဲသွားသည်။
ကျန်နှစ်ချောင်းမှာလည်း စိတ်စွမ်းအင် သက်ရောက်မှုကြောင့် ဘေးသို့ ရောက်သွားကြသည်။
"ဒုတ်... ဒုတ်..."
အလူမီနီယမ်ချောင်း အားလုံးသည် အနီးနားရှိ နံရံများထဲသို့ ပေအတော်များများ နစ်ဝင်သွားကြသည်။
ခေါင်းကြီးခလေးမှာ သက်ပြင်းချလိုက်နိုင်သော်လည်း ချက်ချင်းပင် ဒေါသတကြီး မျက်လုံး ပြူးကျယ်သွားသည်။ သူမ၏ ဦးနှောက်ထဲမှ စိတ်စွမ်းအင်များ ဆူပွက်လာပြီး လင်းယွမ်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်၏။
ထိုစဉ် သူမ၏ ဦးခေါင်းပေါ်တွင် လေးလံသော အရာတစ်ခု ဖိကျလာသည်ကို ခံစားလိုက်ရသည်။
ဘာအရာလဲဆိုသည်ကို သိရန် သူမ မော့ကြည့်လိုက်မိသည်။
မြင်လိုက်ရသည်က သူမရှေ့တည့်တည့်တွင် ရောက်ရှိနေသော ခြေတံရှည်ကြီး နှစ်ဖက်ပင်။
လင်းယွမ်က သွားဖြူဖြူများ ပေါ်သည်အထိ ပြုံးလိုက်ရင်း...
"မိပြီ"
"အား"
ခေါင်းကြီးခလေးသည် စူးဝါးစွာ အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် စိတ်စွမ်းအင်များဖြင့် လင်းယွမ်ကို အရုပ်တစ်ရုပ်လို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် လင်းယွမ်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ ချက်ချင်းပင် "စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း" ကို ထုတ်သုံးလိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံရာ လေထု တုန်ခါသွားပြီး မတူညီသော စွမ်းအင်နှစ်ခု လိမ်ယှက်တိုက်ပွဲဝင်နေသကဲ့သို့ ဖြစ်ပေါ်လာသည်။
လင်းယွမ်က မဲ့ပြုံး ပြုံးလိုက်ရင်း...
"ကစားရတာ သိပ်ကြိုက်တယ်ပေါ့... လာ... မှိုနှုတ်တမ်း ကစားကြမယ်"
"ဂျွတ်"
သူ့လက်ဝါးဖြင့် ခေါင်းကြီးခလေး ရန်ရွှယ်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး ရုတ်တရက် အားစိုက်လိုက်သည်။
ရန်ရွှယ်၏ သေးငယ်လှသော လည်ပင်းလေးသည် လင်းယွမ်၏ ဆွဲမမှုကြောင့် အပေါ်သို့ မြောက်တက်လာသည်။
သူမသည် (၆) နှစ်အရွယ် ကလေးတစ်ယောက်၏ အရပ်အမောင်းသာ ရှိသဖြင့် လင်းယွမ်က မုန်လာဥ နှုတ်သကဲ့သို့ မြေကြီးပေါ်မှ ဆွဲမလိုက်နိုင်ခြင်း ဖြစ်သည်။
လင်းယွမ်သည် ကျန်လက်တစ်ဖက်ဖြင့် သူမ၏ ကိုယ်လုံးကို ဆုပ်ကိုင်လိုက်ပြီး ကြွက်သားပေါက်ကွဲသိုင်း အစွမ်းကြောင့် နှစ်ဆတိုးနေသော ခွန်အားဖြင့် ဘယ်ညာ ဆွဲဆန့်ပစ်လိုက်တော့သည်။
"ဂျွတ်"
အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ကြီးမားသော ဦးခေါင်းကြီးသည် လည်ပင်းမှ ပြတ်ထွက်ကာ ပါလာတော့သည်။
သွေးများ ပန်းထွက်လာခြင်းမျိုး မရှိပေ။
ထိုသတ္တဝါ၏ ခန္ဓာကိုယ်ထဲတွင် သွေးအနည်းငယ်သာ ရှိပြီး အညိုရောင် အရည်အချို့သာ စီးကျလာသည်။
ခေါင်းပြတ်သွားသော်လည်း ရန်ရွှယ်သည် လုံးဝ မသေသေးပေ။
ပြတ်ပါလာသော ခေါင်းကြီးမှ မျက်လုံးနက်ကြီးနှစ်လုံးသည် ဒေါသတကြီး ကြည့်နေဆဲ ဖြစ်သည်။
သူမ၏ စိတ်စွမ်းအင်များသည် လင်းယွမ်၏ အာရုံကြောစနစ်ကို ထိန်းချုပ်ရန် ရူးသွပ်စွာ ကြိုးစားနေဆဲပင်။
လင်းယွမ်သည် စိတ်စွမ်းအင်ကို ပေါက်ကွဲစေပြီး သူမ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ဆုတ်ဖြဲပစ်လိုက်သည်။
သူ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒီကောင်က မသေသေးဘူးလား"
"နင့်ခေါင်းကို ခွဲလိုက်ရင် သေမလား ကြည့်ရသေးတာပေါ့"
သူ့လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ပေါ်လာပြီး ခေါင်းကြီးခလေး၏ နဖူးတည့်တည့်ကို ထိုးစိုက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကြီးမားသော ခုခံမှုတစ်ခုက သူ့လက်ကို လေထဲတွင် တန့်သွားစေသည်။
လင်းယွမ်သည် ဓားချက်က မာကျောသော လေထုနံရံတစ်ခုကို ထိုးမိနေသကဲ့သို့ ခံစားလိုက်ရသည်။
ဒီခံစားချက်ကို သူ ကောင်းကောင်း သိသည်။
စိတ်စွမ်းအင် အကာအကွယ်ပင်။
"ဟားဟားဟား... နင်လည်း ကြောက်တတ်တာပဲလား"
"ကာထားမယ်ပေါ့... နင် ကာနိုင်မလား ကြည့်ကြတာပေါ့"
"ဖယ်စမ်း"
အမှတ် (၃၀) ကျော်နေသော သူ၏ ခွန်အားဖြင့် ဖိချလိုက်ရာ လေထုထဲတွင် တစ်စုံတစ်ခု ကြေမွသွားသံ ကြားလိုက်ရသည်။
သူ၏ ခွန်အား လွန်ကဲလွန်းသဖြင့် စိတ်စွမ်းအင် အကာအကွယ်ကို ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်သည်။
"ဒုတ်"
လင်းယွမ်၏ ဓားမြှောင်သည် ခေါင်းကြီးခလေး၏ ဦးခေါင်းထဲသို့ နစ်ဝင်သွားတော့သည်။
"အား"
ရန်ရွှယ်သည် စူးရှစွာ အော်ဟစ်လိုက်ပြန်သည်။
လင်းယွမ်၏ ဦးနှောက်ထဲတွင်လည်း အူခနဲ မြည်သံများ ကြားလိုက်ရပြီး စိတ်စွမ်းအင် လှိုင်းလုံးကြီးများ ဝင်ရောက်လာသည်။
သူ့မျက်လုံးများ ပြာဝေသွားပြီး ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်သွားရ၏။
"သေစမ်း"
လင်းယွမ် ရင်ထဲ ထိတ်လန့်သွားပြီး နာကျင်မှုကို အံကြိတ်ခံကာ ဓားကိုင်ထားသောလက်ကို ကျန်လက်တစ်ဖက်ဖြင့် ထပ်မံ ရိုက်ချလိုက်သည်။
ပြင်းထန်သော အားကြောင့် ဓားမြှောင်သည် ဓားရိုးပါမကျန် ထိုခေါင်းကြီးထဲသို့ ဝင်ရောက်သွားတော့သည်။
"အား"
ရန်ရွှယ်၏ အော်သံ ထွက်ပေါ်လာပြီးနောက် စိတ်စွမ်းအင်များ ပေါက်ကွဲထွက်ကုန်သည်။
"ဘုန်း"
ခေါင်းကြီးသည် မိုးပျံပူဖောင်းကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
အပြာရောင် အရည်များ လွင့်စဉ်ထွက်လာသဖြင့် လင်းယွမ် အလျင်အမြန် လက်လွှတ်ကာ နောက်ဆုတ်လိုက်ရသည်။
သူ့မျက်စိရှေ့တွင် အမှောင်ကျသွားပြီး နံရံကို ကမန်းကတန်း လှမ်းကိုင်လိုက်ရ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် နှာခေါင်းထဲမှ အရည်များ စီးကျလာသည်ကို ခံစားလိုက်ရပြီး အမြင်အာရုံလည်း ပြန်ကြည်လင်လာသည်။
ခေါင်းကတော့ ကိုက်ခဲနေဆဲပင်။ နှာခေါင်းကို စမ်းကြည့်လိုက်ရာ လက်ထဲတွင် သွေးများ ပေကျံလာသည်။
"ငါဒဏ်ရာရသွားတာပဲ"
"ဒီကောင်က မသေခင်လေးမှာ အစွမ်းတွေ တိုးလာပြီး စိတ်စွမ်းအင် ပေါက်ကွဲထွက်သွားလို့ ငါ့ရဲ့ စိတ်ပင်လယ် ထိခိုက်သွားတာပဲ"
လင်းယွမ် ဖြစ်ပျက်သွားသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော် သူ မထိတ်လန့်ပေ။ အရည်အသွေးမှတ် တန်းဖွင့်လိုက်သည်။
"စနစ်... ဘုံအရည်အသွေးမှတ် (၁) မှတ်ကို စိတ်စွမ်းအင်ဆီ ပေါင်းထည့်ပေး"
[ဒင်... ဘုံအရည်အသွေးမှတ် ပေါင်းထည့်မှု အောင်မြင်ပါသည်]
[သင်၏ စိတ်စွမ်းအင် (၁) မှတ် တိုးလာပါသည်၊ လက်ရှိ စိတ်စွမ်းအင် - ၂၉.၂]
လင်းယွမ်သည် ချက်ချင်းပင် ဦးခေါင်းထဲသို့ အေးမြသော သက်သာမှုတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
ကိုက်ခဲနေသော ဦးခေါင်းမှာ တဖြည်းဖြည်း သက်သာလာ၏။
စိတ်စွမ်းအင် အမှတ်ပေါင်းထည့်လိုက်ခြင်းက ဒဏ်ရာကို ကုစားပေးသော အာနိသင် ရှိလေသည်။
လင်းယွမ်သည် ဘုံအရည်အသွေးမှတ်များကို အလကား မထားဘဲ ယခုလို အချိန်မျိုးတွင် ကုသရန်အတွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။
မကြာမီ သူ့ဦးနှောက်သည် လုံးဝ ပြန်လည်ကောင်းမွန်သွားပြီး စိတ်ပင်လယ်လည်း ငြိမ်သက်သွားသည်။
မျက်စိရှေ့မှ ဝေဝါးမှုများ ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွလာသည်။
သူ ပြုံးပြီး သက်ပြင်းချလိုက်မိသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နေရာအနှံ့တွင် အပြာရောင် အရည်များ ပေကျံနေသည်ကို တွေ့ရသည်။
ဒါတွေက ရန်ရွှယ်၏ ခေါင်း ပေါက်ကွဲသွားရာမှ ထွက်လာခြင်း ဖြစ်သည်။
လင်းယွမ် ရေရွတ်လိုက်မိသည်။
"ဒီ ရန်ရွှယ်က သေချာပေါက် လူသား မဟုတ်တော့ဘူး... လူ့ဦးနှောက်က ဘယ်လိုလုပ် အပြာရောင် ဖြစ်နေမှာလဲ"
"ပြီးတော့ ခန္ဓာကိုယ်ထဲမှာလည်း သွေးတစ်စက်မှ မရှိတော့ဘူး... ဒီကောင် ဘယ်လိုမျိုးစိတ်အဖြစ် ပြောင်းသွားတာလဲမသိဘူး"
လင်းယွမ် အံ့သြနေမိသည်။ လူသားများ၏ ဆင့်ကဲပြောင်းလဲမှုသည် ခြေရာခံ၍ ရသင့်သည်။
ဥပမာ လျှိုအားလုံဆိုလျှင် အကြေးခွံများ ပေါက်လာသည်။ ကမ္ဘာပေါ်တွင် အကြေးခွံပါသော သတ္တဝါများစွာ ရှိသည်။
ကျန်ကောချန်ဆိုလျှင် ပြင်ပအရိုးခွံများ ပေါက်လာသည်။ ကဏန်းတို့၊ ပုစွန်တို့လို သတ္တဝါမျိုး ဖြစ်နိုင်သည်။
အားလုံးသော ပြောင်းလဲမှုများတွင် အကြောင်းရင်း ရှိစမြဲပင်။
ယခု ခေါင်းကြီးခလေးကျတော့ ဦးခေါင်းက အလွန်ကြီးမားလာပြီး ခန္ဓာကိုယ်ထဲတွင် သွေးမရှိ၊ ဦးနှောက်ကလည်း အပြာရောင် ဖြစ်နေသည်။
ဒါကြောင့်များ သူ့ရဲ့ စိတ်စွမ်းအင်က ဒီလောက် ကြောက်စရာ ကောင်းနေတာလား...
"ဒီကမ္ဘာရဲ့ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းမှာ... ဒီလို ရှေးဟောင်းသတ္တဝါမျိုး ရှိခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်"
လင်းယွမ် တွေးတောနေမိသည်။ ကမ္ဘာပေါ်တွင် သက်ရှိများ ပြောင်းလဲဖြစ်ပေါ်လာရာ၌ မရေမတွက်နိုင်သော သတ္တဝါများ မွေးဖွားခဲ့ကြသလို မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ကြသည်များလည်း ရှိသည်။
အချို့က အသက်ရှင် ကျန်ရစ်ခဲ့ကြပြီး အချို့မှာ ပျောက်ကွယ်သွားကြသည်။ သို့သော် မျိုးသုဉ်းသွားသော သတ္တဝါများ၏ မျိုးရိုးဗီဇများသည် နည်းလမ်းအမျိုးမျိုးဖြင့် ကျန်ရစ်နေခဲ့နိုင်သည်။
လင်းယွမ် သက်ပြင်းချလိုက်ပြီး ပြန်ရန် ပြင်လိုက်သည်။
ထိုစဉ် သူ့အကြည့်က တစ်နေရာတွင် ရပ်တန့်သွား၏။
"ဟင်... ဒါ ဘာကြီးလဲ"
အပြာရောင် ဦးနှောက်အရည်များနှင့် အသားစများကြားတွင် အပြာရောင် အလုံးလေးတစ်ခုကို သူ လှမ်းမြင်လိုက်ရခြင်း ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၁၇၆) စိတ်စွမ်းအင် စွမ်းရည်ပုလဲနှင့် ကျိုးယဲ့ ပေးလိုက်သော သတင်း
အသားစိုင်များကြားတွင် မြှုပ်နှံနေသည့် ထိုအရာသည် အပြာရောင် အလင်းတန်းလေး တစ်ခုအဖြစ် မှိန်ဖျော့ဖျော့ လင်းလက်နေ၏။ သိပ်ပြီး ထင်ရှားလှသည်တော့ မဟုတ်။
လင်းယွမ်က စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ ချက်ချင်း တိုးသွားလိုက်သည်။ ထို့နောက် အလူမီနီယံ သံချောင်းတစ်ချောင်းကို အသုံးပြု၍ ထိုအရာကို ဂရုတစိုက် ကော်ထုတ်လိုက်လေသည်။
"ဒေါင်"
ထိုပုလဲလုံးလေးက ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားပြီး ကြည်လင်ပြတ်သားသော အသံမြည်လာသည်။
နားထောင်ရသည်မှာ ဖန်ဂေါ်လီလုံးလေး တစ်လုံးကဲ့သို့ပင်။
လင်းယွမ်က ရှေ့သို့ တစ်လှမ်းတိုးပြီး လက်အိတ်စွပ်ကာ ကောက်ယူလိုက်သည်။
ပုလဲလုံးပေါ်တွင် အသားစများနှင့် သွေးကြောမျှင်များ တွယ်ကပ်နေသေးရာ အသားထဲတွင် အမြစ်တွယ် ကြီးထွားနေသည့်ပုံ ပေါက်နေ၏။
လင်းယွမ်က ရေသန့်တစ်ဘူးကို ထုတ်ယူကာ ဆေးကြောသန့်စင်လိုက်သည်။
ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးသည့်အခါမှ ဤအရာသည် အပြာရောင် မဟုတ်ဘဲ အစိမ်းရောင် ဖျော့ဖျော့ လင်းလက်နေကြောင်း တွေ့လိုက်ရလေသည်။
စောစောက အပြာရောင်ဟု ထင်ခဲ့ရခြင်းမှာ ဦးနှောက်အသားစ အပြာရောင်များ ပေကျံနေသောကြောင့် ဖြစ်၏။
လင်းယွမ်က ထိုအစိမ်းရောင် ပုလဲလုံးလေးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
ပုလဲလုံးလေးက ဖန်ဂေါ်လီလုံးကဲ့သို့ ကြည်လင်နေပြီး အတွင်း၌ အစိမ်းရောင်သမ်းနေကာ မျက်နှာပြင်ပေါ်တွင် သေးငယ်ရှုပ်ထွေးသော အင်းကွက်ပုံစံ အရေးအကြောင်းများ ပြည့်နှက်နေလေသည်။
လင်းယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ခုန်သံများ မြန်ဆန်သွားရ၏။
"ဒါ... အစွမ်းသင်္ကေတပဲ"
ဤပုလဲလုံးပေါ်ရှိ အင်းကွက်များသည် ယခင်က သူ မတော်တဆ ရရှိခဲ့ဖူးသော လိပ်ခွံပေါ်မှ အင်းကွက်များနှင့် ဆင်တူနေသည်။
ထိုစဉ်က လိပ်ခွံပေါ်တွင်လည်း နက်နဲဆန်းကြယ်သော သင်္ကေတများ ပါရှိပြီး စိတ်စွမ်းအင်ကို အကာအကွယ်ပေးသည့် အာနိသင် သက်ရောက်စေခဲ့သည်။
သူက ချက်ချင်း စိတ်ဝင်စားသွားပြီး ခေါင်းကြီးခလေး၏ ထူးခြားဆန်းကြယ်သော အစွမ်းကို ပြန်လည် တွေးတောမိလိုက်ရာ တစ်စုံတစ်ခုကို ရိပ်စားမိလိုက်လေသည်။
"ဒီပုလဲလုံးကများ... ရန်သူ့ဦးနှောက်ထဲ ဝင်ရောက်စီးနင်းပြီး အာရုံကြောစနစ်ကို ထိန်းချုပ်တဲ့ အစွမ်း ဖြစ်နေမလား"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ပုလဲလုံးကို နဖူးပြင်တွင် ကပ်ကာ စိတ်စွမ်းအင်ကို စီးဆင်းစေလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ထူးဆန်းအံ့သြဖွယ် ကောင်းသော ခံစားမှုတစ်ခု ရင်ထဲသို့ ဝင်ရောက်လာသည်။
သူ၏ စိတ်စွမ်းအင်များသည် ပုလဲလုံးပေါ်ရှိ အင်းကွက်များအတိုင်း အာရုံကြောကွန်ရက် တစ်ခုပမာ ဖြာထွက်စီးဆင်းသွားလေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ လက်ရှိအချိန်၌ စမ်းသပ်ကြည့်ရန် သက်ရှိပစ်မှတ် မရှိခြင်းပင်။
"ခဏနေမှ သန္ဓေပြောင်းသတ္တဝါ တစ်ကောင်လောက် ရှာပြီး စမ်းကြည့်ရမယ်"
သူက စိတ်လှုပ်ရှားစွာဖြင့် ပုလဲလုံးကို သိမ်းဆည်းလိုက်သည်။
ထို့နောက် ကွဲကြေသွားခဲ့သော လိပ်ခွံကို ပြန်တွေးမိပြီး နှမြောတသ ဖြစ်မိပြန်၏။
"နှမြောစရာကောင်းလိုက်တဲ့ လိပ်ခွံ... အပေါ်က အစွမ်းသင်္ကေတကို ငါ သေချာ မလေ့လာနိုင်ခင် ကွဲသွားတယ်"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး... အဲဒီ သင်္ကေတပုံစံကို ငါ မှတ်မိနေသေးတယ်... စိတ်စွမ်းအင်နဲ့ ပုံဖော်ကြည့်ရင်တောင် ရနိုင်လောက်တယ်... တည်ငြိမ်အောင်ပဲ မလုပ်နိုင်သေးတာ"
"ပိုလေ့ကျင့်ဖို့ လိုလိမ့်မယ်... ဒါက ငါ့ရဲ့ စိတ်စွမ်းအင် ပမာဏနဲ့လည်း သက်ဆိုင်လိမ့်မယ်"
"နောက်မှ အခွင့်အရေးရှာပြီး ထပ်စမ်းကြည့်တာပေါ့... လက်ရှိ စိတ်စွမ်းအင်က အမှတ် ၃၀ ပြည့်ခါနီးနေပြီဆိုတော့ လိပ်ခွံပေါ်က သင်္ကေတကို ပြန်ပုံဖော်နိုင်ရင် ဖော်နိုင်မှာ"
လင်းယွမ်က တိတ်တဆိတ် တွေးတောရင်း (၂၈) လွှာတစ်ကြော၌ ပစ္စည်းများ အလျင်အမြန် လိုက်လံ ရှာဖွေလိုက်သည်။
ဤအလွှာသည် ဂိမ်းကစားသည့်နေရာ ဖြစ်သောကြောင့် စားစရာ သိပ်မရှိဘဲ မုန့်ပဲသရေစာလောက်သာ ရှိလေသည်။
သို့သော် လင်းယွမ်က ဂိမ်းစက်များကို လျစ်လျူမရှုဘဲ အကုန်လုံး သိမ်းယူလိုက်သည်။
နောင်တစ်ချိန် ကိုယ်ပိုင်အခြေစိုက်စခန်း တည်ထောင်သည့်အခါ တစ်နေ့တစ်နေ့ ငါးသတ်လိုက်၊ စိုက်ပျိုးလိုက် လုပ်နေရုံဖြင့် မဖြစ်နိုင်ပေ။ အပန်းဖြေစရာ တစ်ခုခုတော့ ရှိသင့်သည်။
ဤဂိမ်းစက်များကို မူလအတိုင်း ပြန်လည် တပ်ဆင်ပေးထားလိုက်လျှင် လူတိုင်း အပန်းဖြေနိုင်မည့် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုသို့ မဟုတ်ပါက မိုးချုပ်သည်နှင့် အိမ်ပြန်ပြီး ကလေးလုပ်ဖို့လောက်သာ စဉ်းစားနေကြလျှင် အတော်လေး ပျင်းစရာ ကောင်းနေပေတော့မည်။
လင်းယွမ်က ထိုသို့ တွေးတောရင်း (၂၈) လွှာတစ်ခုလုံးကို ပြောင်စင်အောင် သိမ်းကျုံးယူငင်လိုက်၏။
ထို့နောက် အပေါ်ထပ်သို့ တက်လာခဲ့သည်။ (၂၉) လွှာသည်လည်း လူသူမရှိသလောက် ရှင်းလင်းနေသည်။
ဤနေရာတွင် ပစ္စည်းများ မွှေနှောက်ထားသည့် လက္ခဏာများ ရှိသော်လည်း ခေါင်းကြီးခလေး ရန်ရွှယ် သန္ဓေမပြောင်းလဲခင်ကတည်းက လူနေထိုင်ခဲ့သည့် ပုံစံမျိုး ဖြစ်သည်။
ရန်ရွှယ် ခေါင်းကြီးခလေးအဖြစ် ပြောင်းလဲသွားပြီးနောက်ပိုင်း ဤ (၂၈) နှင့် (၂၉) လွှာသို့ လာရဲသူ ရှားပါးသွားခဲ့သည်။
ထို့ကြောင့် (၂၉) လွှာတွင်လည်း ပစ္စည်းဥစ္စာ မနည်းမနော ကျန်ရှိနေသေး၏။
သို့သော် ဤအလွှာတွင် ပရိဘောဂများက အဓိက ဖြစ်နေသည်။ အိပ်ရာခင်းများ၊ မွေ့ရာကောင်းကောင်းများသာ များပြားပြီး စားစရာ မရှိသလောက်ပင်။
လင်းယွမ်က ဘာကိုမှ မငြင်းပယ်ဘဲ အကုန်လုံး သိမ်းယူလိုက်သည်။
အိပ်ရာခင်း အစုံလိုက်၊ အသစ်စက်စက် အထုတ်များစွာလည်း ပါဝင်လေသည်။
စက်မှုလုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေးမီ ကာလအတွင်း ဤအရာများသည် ရှာဖွေရခက်သည့် အဖိုးတန်ပစ္စည်းများ ဖြစ်ပေသည်။
သူက အထပ်လိုက် အပေါ်သို့ တက်ရင်း လမ်းတစ်လျှောက်လုံးရှိ ပစ္စည်းများကို သိမ်းဆည်းလာခဲ့သည်။
စားစရာ သိပ်မတွေ့ရသော်လည်း အခြားလူများအတွက် အသုံးမဝင်သော အီလက်ထရောနစ် ပစ္စည်းအများအပြားကိုမူ တွေ့ရလေသည်။
ဖုန်းဆိုင်များ၊ ကွန်ပျူတာဆိုင်များမှ ပစ္စည်းများသည် စားလို့လည်း မရ၊ သောက်လို့လည်း မရသဖြင့် အခြားလူများအတွက် အသုံးမဝင်ပေ။
သို့သော် လင်းယွမ်၏ အဖွဲ့တွင် လျှပ်စစ်ထုတ်လုပ်နိုင်သည့် တုံကျဲ ရှိနေသလို မီးစက်လည်း ရှိနေသည်။ နောင်တွင် သန္ဓေပြောင်း နေကြာပန်းများကို အသုံးပြု၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဦးမည် ဖြစ်သည်။
ထို့ကြောင့် ဤလျှပ်စစ်ပစ္စည်းများသည် သူ့အတွက် အလွန် အသုံးဝင်လေသည်။
လင်းယွမ်က အကုန်လုံး သိမ်းယူလိုက်သည်။
ခြုံငုံပြောရလျှင် ဟန်လုံစင်တာသို့ လာရောက်သည့် ခရီးစဉ်သည် အလွန် အကျိုးအမြတ် များပြားခဲ့၏။
စားစရာ သိပ်မရသည်ကလွဲလျှင် အခြား လူသုံးကုန်ပစ္စည်း အမြောက်အမြား ရရှိခဲ့သည်။
ဤပစ္စည်းများကိုသာ အမှတ်ဖြင့် ကံစမ်းမဲနှိုက်၍ ရှာဖွေမည်ဆိုပါက အစုံအလင်ရဖို့ ခက်ခဲမည့်အပြင် အမှတ်ပေါင်းများစွာ ကုန်ကျပေလိမ့်မည်။
သူက လက်ရှိတွင် အရည်အသွေးမှတ်များကို မြှင့်တင်ရန် လိုအပ်နေသဖြင့် ဤပစ္စည်းများအတွက် အမှတ်များကို ဖြုန်းတီးနိုင်စွမ်း မရှိချေ။
ယခုခရီးစဉ်ကြောင့် အမှတ်ပေါင်းများစွာ သက်သာသွားခဲ့ပြီ ဖြစ်သည်။
(၃၅) လွှာသို့ ရောက်ရှိလာသည့်အခါ ဟန်လုံဟိုတယ်၏ ဖျော်ဖြေရေး ခန်းမကြီးထဲတွင် ပွက်လောရိုက်နေကြ၏။
အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ရှီဟိုင်ကျူး၊ ကုဖုန်းနှင့် လျှိုဖိန်ဖိန်တို့ကို ဝိုင်းရံထားကြသည်။
လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီး ချက်ချင်း လျှောက်သွားလိုက်သည်။
ထိုလူအုပ်ကြီး ပြောနေသည့် စကားသံများကို သူ ကြားလိုက်ရ၏။
"အစ်ကိုကြီးကျောက်... ကျွန်တော်တို့လည်း ဝမ်ဝေတုန်းတို့ အနိုင်ကျင့်တာ ခံခဲ့ရတာပါ... ကျွန်တော်တို့ ဘာမကောင်းမှုမှ မလုပ်ခဲ့ပါဘူးဗျာ"
"ဟုတ်ပါတယ် အစ်ကိုကြီးကျောက်ရယ်... မကောင်းတာတွေ လုပ်တာက လုံခြုံရေးအဖွဲ့တွေပါ... ကျွန်တော်တို့တွေက သူတို့ နှိပ်စက်တာ ခံခဲ့ရတာပါ"
"အစ်ကိုကြီးကျောက်... ကျွန်တော် တိုင်ချင်တယ်... လျှိုဟိုင်မင်းကို တိုင်ချင်ပါတယ်... ဒီခွေးမသားက လုံခြုံရေးအဖွဲ့က လူတွေနဲ့ပေါင်းပြီး ကိုရီးယားဟော့ပေါ့ဆိုင်က မန်နေဂျာ လီရှောင်မေကို စော်ကားခဲ့တာ... လီရှောင်မေ သေသွားရတာ သူတို့ကြောင့"
"မင်း ပါးစပ်ပိတ်ထားစမ်း... ဝမ်တာ့ဖန်... မင်း လျှောက်စွပ်စွဲမနေနဲ့... ငါ လီရှောင်မေကို ဘယ်တုန်းက စော်ကားဖူးလို့လဲ... လီရှောင်မေက ဝမ်ဝေတုန်းတို့လက်ချက်နဲ့ သေတာ... ငါနဲ့ ဘာမှမဆိုင်ဘူး"
...
ဖျော်ဖြေရေးခန်းမကြီးထဲတွင် ဆူညံပွက်လောရိုက်နေသည်။ ဤသာမန်လူများသည် ဝမ်ဝေတုန်းအဖွဲ့ ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်ကြ၏။
ယခုအခါ ဟန်လုံစင်တာတွင် ခေတ်ပြောင်းသွားပြီ ဖြစ်ကြောင်း နားလည်ကြသဖြင့် ရှီဟိုင်ကျူးတို့ကဲ့သို့ သန္ဓေပြောင်းအစွမ်းပိုင်ရှင်များအပေါ် အလုအယက် သစ္စာခံပြနေကြခြင်း ဖြစ်သည်။
ရှီဟိုင်ကျူးတို့က ဟန်လုံစင်တာကို ထိန်းချုပ်လိုက်ပြီ ဖြစ်ရာ ဝေယျာဝစ္စ လုပ်ကိုင်ရန် လူအင်အား လိုအပ်မည် ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိကြသည်။ ယခုအချိန်တွင် သစ္စာရှိကြောင်း ပြသနိုင်လျှင် နောင်တစ်ချိန်တွင် နေရာကောင်း ရနိုင်ပေလိမ့်မည်။
ရှီဟိုင်ကျူးကလည်း ဤကဲ့သို့သော အခြေအနေများကို ကြုံတွေ့ဖူးသူ ဖြစ်သည်။
ယခင်က ရန်ဆန်းမင်တို့နှင့်အတူ တိုက် (၇၅) တွင် နေထိုင်ခဲ့စဉ်က သူသည်လည်း အမာခံပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
လက်ရှိတွင် သူက တည်ငြိမ်သော မျက်နှာထားဖြင့် ထိုလူများ၏ ဆူညံသံများကို မကြားချင်ယောင် ဆောင်နေလိုက်သည်။ သို့သော် အတော်ကြာလာသည့်အခါ စိတ်မရှည်နိုင်တော့ဘဲ မျက်လုံးပြူးကာ အော်ဟစ်လိုက်တော့၏။
"အားလုံး ပါးစပ်ပိတ်ထားကြ"
လူအားလုံး ထိတ်လန့်သွားပြီး ချက်ချင်း အသံတိတ်သွားကြကာ သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
ရှီဟိုင်ကျူးက မျက်လုံးပြူးလျက် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ လူအများစုမှာ သူ့အကြည့်ကို မခံနိုင်ဘဲ ခေါင်းငုံ့သွားကြသည်။
ထိုအခါမှ ရှီဟိုင်ကျူးက အေးစက်စက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ပထမအချက်... ငါက မင်းတို့ရဲ့ ခေါင်းဆောင် မဟုတ်ဘူး... ဘယ်သူ့ခေါင်းဆောင်မှလည်း မဟုတ်ဘူး"
"ငါ့နာမည် ရှီဆိုတာက ကျောက်တုံးလို့ အဓိပ္ပာယ်ရတဲ့ ကျောက်... ငါတို့အားလုံး လင်းယွမ်ရဲ့ နောက်လိုက်တွေပဲ... သူ စကားမပြောမချင်း မင်းတို့ထဲက ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး"
လူအများမှာ မျက်နှာပျက်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ ယခင်က ဝမ်ဝေတုန်းအဖွဲ့နှင့် ပူးပေါင်း၍ မကောင်းမှု လုပ်ခဲ့ဖူးသူ အချို့မှာမူ ထွက်ပြေးချင်စိတ် ပေါက်နေကြပြီ ဖြစ်သည်။
အချို့က မကျေမနပ်ဖြင့် "အစ်ကိုကြီးကျောက်... အဲ... အစ်ကိုရှီ... လင်းယွမ်က ကျွန်တော်တို့ကို ဘယ်လို စီစဉ်မှာလဲဗျ" ဟု မေးလိုက်ကြသည်။
ရှီဟိုင်ကျူးက ထိုလူကို အေးစက်စွာ ကြည့်လိုက်ပြီး "မသိဘူး... ဒီမှာပဲ ငြိမ်ငြိမ်ထိုင်စောင့်နေ" ဟု ပြန်ပြောလိုက်၏။
လူအများစုမှာ စိုးရိမ်ထိတ်လန့် နေကြသည်။ အချို့လူများက လူအုပ်ကြားထဲ တိုးဝင်ကာ ထွက်ပြေးရန် ချောင်းမြောင်းနေကြလေသည်။
ထိုသို့သော အတွေးရှိသူမှာ နည်းနည်းနောနော မဟုတ်။
အများစုမှာ လိပ်ပြာမလုံသူများ ဖြစ်ကြသည်။
သို့သော် သူတို့ လူအုပ်ကြားမှ နောက်ဆုတ်လိုက်ရုံ ရှိသေးသည်။ လင်းယွမ် ဝင်လာသည်နှင့် ပက်ပင်းတိုးတော့၏။
လင်းယွမ်က အေးစက်တင်းမာသော မျက်နှာထားဖြင့် ထိုလူများကို စိုက်ကြည့်လိုက်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"သူ ခုနက ပြောလိုက်တာကို မင်းတို့ မကြားဘူးလား"
"အဲ... ခင်ဗျားက ဘယ်သူလဲ"
"ဟုတ်တယ်... ကျွန်တော်တို့က ဟန်လုံစင်တာက ဆိုင်ခန်းပိုင်ရှင်တွေ... ဘာကိစ္စနဲ့ ကျွန်တော်တို့ကို ပေးမသွားရတာလဲ"
"ဟုတ်တယ်... ကျွန်တော်တို့မှာ လွတ်လပ်ခွင့် ရှိတယ်"
လင်းယွမ်က စကားအများကြီး ပြောမနေတော့ဘဲ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားလေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ခံပြောနေသော လူအချို့၏ ခေါင်းများမှာ လေဘောလုံးများကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်သွားကြလေတော့၏။
ရုတ်ချည်းဆိုသလိုပင် သွေးစများ လွင့်စဉ်ထွက်လာပြီး အနောက်ဘက်ရှိ လူများ၏ မျက်နှာပေါ်သို့ စင်ကုန်ကြသည်။
ထိုလူများမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး အချို့မှာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားကာ အနောက်သို့ တရွတ်တိုက် ဆုတ်ပြေးကြလေသည်။
လင်းယွမ်လည်း အနည်းငယ် အံ့သြမှင်သက်သွားမိသည်။
"ငါ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း က ဒီလောက်တောင် ကြမ်းသွားပြီလား"
ယခင်က သာမန်လူများကို စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် တိုက်ခိုက်လျှင် ခေါင်းမူးသွားခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် ဦးနှောက် ထိခိုက်ဒဏ်ရာရခြင်းလောက်သာ ဖြစ်စေခဲ့သည်။
သို့သော် ယခု သူ၏ စိတ်စွမ်းအင် အမှတ် (၃၀) နား ကပ်လာသည့်အချိန်တွင် သာမန်လူများကို တိုက်ခိုက်လိုက်ရာ ခေါင်းများ ပေါက်ကွဲထွက်ကုန်သည်အထိ ဖြစ်သွားခဲ့ပြီ။
ငါးသတ်ရသည်ထက်ပင် လွယ်ကူနေသေး၏။
ခဏတာမျှ သူ၏ ကိုယ်ပိုင်စွမ်းအားကို သူကိုယ်တိုင်ပင် အံ့သြသွားမိသည်။
"နောက်ဆို သာမန်လူတွေကို ဒီအစွမ်း သိပ်သုံးလို့ မဖြစ်တော့ဘူး"
လင်းယွမ်က အလောင်းများကို ကျော်ခွကာ ထိုလူများအနီးသို့ လျှောက်သွားပြီး အေးစက်စွာ ပြုံးလိုက်သည်။
"မင်းတို့ ဘာကြောင့် သွားခွင့်မရှိတာလဲ ဆိုတာ ငါပြောပြမယ်... ဒါကြောင့်ပဲ"
"မင်းတို့ထဲက ထွက်ပြေးချင်နေတဲ့ ကောင်တွေက... မဟုတ်တာ လုပ်ထားတဲ့ကောင်တွေ မဟုတ်လား"
"ဝမ်ဝေတုန်း ဟန်လုံစင်တာကို အုပ်စိုးနေတုန်းက... မင်းတို့ထဲက ဘယ်နှစ်ယောက်လောက် မတရားမှုတွေ ကျူးလွန်ခဲ့သလဲ"
"ဝမ်ဝေတုန်း သေသွားပြီမို့လို့ မင်းတို့ရဲ့ အပြစ်တွေ ကျေသွားပြီလို့ မထင်နဲ့"
"ဒီနေ့ ငါ အကုန် စာရင်းရှင်းမယ်"
လူအုပ်ကြီးထဲမှ လူအများစု၏ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။
ဝမ်ဝေတုန်း အုပ်စိုးစဉ်က လုံခြုံရေးအဖွဲ့သည် လူသတ်၊ လုယက်၊ မုဒိမ်းကျင့် စသည့် ယုတ်မာမှုများကို ပြုလုပ်ခဲ့ကြသော်လည်း လုံခြုံရေးအဖွဲ့ မဟုတ်သည့် သာမန်လူများကလည်း သိပ်ပြီး ကောင်းမွန်လှသည်တော့ မဟုတ်ပေ။
ဥပဒေစိုးမိုးမှု ပျက်ပြားသွားပြီးနောက် အချို့လူများသည် အင်အားကြီးသော လုံခြုံရေးအဖွဲ့ကို ကြောက်ရွံ့သဖြင့် ဒေါသများကို မျိုသိပ်ထားခဲ့ကြရသည်။
ထို့ကြောင့် သူတို့သည် ထိုအကြမ်းဖက်မှုများကို သူတို့ထက် အားနည်းသူများအပေါ် ပုံချခဲ့ကြသည်။
အချို့ဆိုလျှင် လုံခြုံရေးအဖွဲ့၏ နောက်မြီးဆွဲများအဖြစ် ကျားကို ကိုးပြီး မြေခွေးလုပ်ခဲ့ကြသည်။
လုံခြုံရေးအဖွဲ့ဝင်များက သနားစရာ အမျိုးသမီးများကို စော်ကားပြီးသည့်အခါ ထိုသူများက ဝင်ရောက်၍ ထပ်မံ စော်ကားခဲ့ကြသည်။
လုံခြုံရေးအဖွဲ့ဝင်များ သေသင့်သည် ဆိုလျှင် ဤကဲ့သို့သော လူစားမျိုးသည်လည်း သေကိုသေသင့်ပေသည်။
လင်းယွမ်က ဤကဲ့သို့သော လူယုတ်မာများကို သူ၏ အဖွဲ့ထဲသို့ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ပေ။
ထို့ကြောင့် သူဆက်လုပ်မည့် အလုပ်မှာ တိုက် (၇၆) တွင် ဝမ်ကျဲတို့ကို သတ်ဖြတ်ပြီးနောက် လုပ်ဆောင်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။
အချင်းချင်း တိုင်ကြားခိုင်းမည်။ လူဆိုးများကို သတ်ပစ်မည်။ လူကောင်းများကို ချန်ထားပြီး စောင့်ကြည့်လေ့လာမည်။
လင်းယွမ်၏ ကြောက်မက်ဖွယ်ရာ လူသတ်နည်းကို မြင်တွေ့လိုက်ရပြီးနောက် ဤလူများသည် ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိကြတော့ချေ။ အချို့ဆိုလျှင် ဒူးထောက်ကာ အသနားခံနေကြပြီ ဖြစ်သည်။
လင်းယွမ်က မကြားချင်ယောင်ဆောင်ကာ နစ်နာသူများကို လူသိရှင်ကြား တိုင်ကြားခိုင်းလေသည်။ သူက တရားသူကြီး လုပ်ပေးမည် ဖြစ်၏။
ရှီဟိုင်ကျူး၊ လျှိုဖိန်ဖိန်နှင့် ကုဖုန်းတို့သည်လည်း ဘေးတွင် ရပ်ကြည့်နေကြသည်။ လင်းယွမ်က ဤအသက်ရှင်ကျန်ရစ်သူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ကို လေ့လာနေကြခြင်း ဖြစ်သည်။
နောင်တစ်ချိန်တွင် သူတို့ ကိုယ်တိုင်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရနိုင်ပြီး ထိုအချိန်တွင် လင်းယွမ် ရှိချင်မှ ရှိနေမည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် ဖြေရှင်းတတ်ရန် လိုအပ်သည်။
တစ်နာရီခန့် ကြာပြီးနောက် လင်းယွမ်က အသက်ရှင်ကျန်ရစ်သူ သုံးပုံတစ်ပုံခန့်ကို သတ်ပစ်လိုက်ပြီး လူယုတ်မာများကို ရှင်းလင်းလိုက်လေသည်။
အသတ်ခံရသူများထဲတွင် ထက်ဝက်ကျော်မှာ အမျိုးသားများ ဖြစ်နေသည်။
ဤအချိုးအစားမှာ ပုံမှန်ပင် ဖြစ်သဖြင့် လင်းယွမ်လည်း ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။
ရေလွှမ်းမိုးမှု မဖြစ်ပွားခင် ကမ္ဘာကြီး အေးချမ်းနေစဉ်ကာလက အမျိုးသားများသည် လူ့အဖွဲ့အစည်းနှင့် မိသားစုအတွင်းတွင် နေရာပေးမခံရမှုများ ရှိခဲ့သည်။
ငွေကြေးသာ ပဓာနကျသော ခေတ်ကြီးတွင် အမျိုးသား အများစုမှာ သိမ်ငယ်စွာ နေထိုင်ခဲ့ကြရသည်။
ဥပဒေ စိုးမိုးမှု ပျက်ပြားသွားသည့်အခါ ဘဝကို စိတ်တိုင်းမကျသူများ၏ မကောင်းသော စိတ်အခံများမှာ မှန်းဆ၍မရနိုင်လောက်အောင် ပေါက်ကွဲထွက်လာတတ်သည်။
အရိုးရှင်းဆုံး ဥပမာပြရလျှင် အမည်ရင်း အသုံးပြုရန် မလိုသော အင်တာနက် လောကတွင် သက်သေသာဓက အများအပြားကို တွေ့မြင်နိုင်ပေသည်။
တာဝန်ယူစရာ မလိုသော အွန်လိုင်းပေါ်တွင် လူတိုင်းက ဆဲဆိုသည့်စကားများကို လွတ်လပ်စွာ ပြောဆိုနိုင်ကြသည်။
မိမိနှင့် မသက်ဆိုင်သော လူတစ်ယောက်ကို အဆိပ်ပြင်းသော စကားလုံးများဖြင့် တိုက်ခိုက်ရဲကြသည်။
လက်တွေ့ဘဝတွင် လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများအတွက် ပြစ်ဒဏ်မရှိတော့ပါက ထိုအမှုကို ကျူးလွန်မည့်သူများ နည်းပါးလိမ့်မည် မဟုတ်ပေ။
သာမန်အချိန်တွင် ဖိနှိပ်ခံထားရလေလေ၊ ပေါက်ကွဲလာသည့်အခါ ပို၍ ကြောက်စရာ ကောင်းလေလေ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်ထဲတွင် မကျေနပ်ချက်များ စုပုံနေပြီး ပေါက်ကွဲထွက်မည့် နေရာ မရှိခဲ့သောကြောင့် ဖြစ်၏။
ထွက်ပေါက်တစ်ခု ရှာတွေ့သည်နှင့် အပြင်ဘက်မှ ရေလွှမ်းမိုးမှုကြီးကဲ့သို့ပင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့်အလား ပေါက်ကွဲထွက်လာတတ်ကြသည်။
လင်းယွမ်က ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်ပြီးနောက် ရှီဟိုင်ကျူးကို ပြောလိုက်သည်။
"သူတို့ကို အောက်ထပ်ခေါ်သွားပြီး ကျောက်ခိုင်တို့နဲ့ သွားပေါင်းလိုက်... ငါ အပေါ်ထပ်မှာ ပစ္စည်းနည်းနည်း ရှာလိုက်ဦးမယ"
ရှီဟိုင်ကျူးက ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ ဆရာလင်း... ဆရာလင်းကို ကူဖို့ လူနည်းနည်း ချန်ထားပေးခဲ့ရမလား" ဟု မေးလိုက်သည်။
လင်းယွမ်တွင် ပစ္စည်းသိုလှောင်ခန်း ပါရှိကြောင်း သူ မသိသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မလိုဘူး... တွေ့ပြီဆိုရင် ငါ လူလွှတ်လိုက်မယ်" ဟု ပြောလိုက်၏။
"ဟုတ်ကဲ့... ဒါဆို ကျွန်တော်တို့ ဆင်းနှင့်တော့မယ်"
ရှီဟိုင်ကျူးက သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကုဖုန်း၊ လျှိုဖိန်ဖိန်တို့နှင့်အတူ လူအုပ်ကြီးကို ခေါ်ဆောင်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။
လင်းယွမ်က အဆောက်အအုံကို စတင် မွှေနှောက်တော့သည်။
ဟန်လုံဟိုတယ်တွင် ပစ္စည်းပစ္စယ အများအပြား ရှိလေသည်။ သာမန်တွေ့နေကျ ကုတင်၊ တီဗီ၊ စားပွဲ၊ ထိုင်ခုံ၊ ဆိုဖာများအပြင် တစ်ခါသုံး ရေချိုးခန်းသုံး ပစ္စည်းများလည်း မနည်းမနော ရှိသည်။
အထူးသဖြင့် အထူးအခန်းများမှ ပစ္စည်းများမှာ ပို၍ပင် ဇိမ်ကျပြီး တန်ဖိုးကြီးလေသည်။
လင်းယွမ်က အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။ သူသည် အပေါ်ဆုံးထပ်ရှိ အထူးအခန်းထဲတွင် ဝမ်ဝေတုန်းအဖွဲ့ စုဆောင်းထားသော ပစ္စည်းအားလုံးကို တွေ့ရှိလိုက်ရ၏။
ဟိုတယ်မီးဖိုချောင်မှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များနှင့် အောက်ထပ်မှ သူတို့ စုဆောင်းထားသော အသင့်စား ဟင်းလျာထုပ်များ အပါအဝင် ဖြစ်သည်။
လင်းယွမ်က အားနာမနေတော့ဘဲ အကုန်လုံးကို သိမ်းယူလိုက်ရာ အတော်လေး အမြတ်ထွက်သွားလေသည်။
"ဒီလောက်ကြီးတဲ့ အဆောက်အအုံကြီးဆိုတော့ အောက်ဖက်မှာ စူပါမားကက်ကြီး ရှိမှာ သေချာတယ်"
"အထဲက ပစ္စည်းတွေကို သူများတွေ ယူသွားပြီးပြီလား မသိဘူး... ဒီရက်ပိုင်း လူတိုင်း ဒီမှာ အနားယူနေကြတုန်း ငါ ရေထဲဆင်းပြီး သယ်လို့ရသမျှ အကုန် သွားသယ်ဦးမှ"
လင်းယွမ်က တွေးတောရင်း ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခြေလှမ်း ရပ်တန့်လိုက်သည်။ ထို့နောက် အမိုးပေါ်သို့ မော့ကြည့်လိုက်၏။
"အမ်"
အမိုးပေါ်တွင် လှုပ်ရှားမှု တစ်ခုခု ရှိနေသလို သူ ခံစားလိုက်ရသည်။
ထို့ကြောင့် စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။ အမှတ် (၂၉.၂) ရှိသော စိတ်စွမ်းအင်ကြောင့် သူ၏ အာရုံခံနိုင်စွမ်းသည် (၉၅) ပေကျော် အထိ ရောက်ရှိသွားရာ အမိုးပေါ်မှ အခြေအနေကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရလေသည်။
"သူပဲ"
လင်းယွမ်၏ စိတ်အာရုံထဲတွင် အမိုးပေါ်၌ ရှိနေသူမှာ ဝမ်ဝေတုန်းအဖွဲ့မှ ကျိုးယဲ့ ဆိုသော အစွမ်းပိုင်ရှင် ဖြစ်နေသည်။
"တင်းယန်တို့ သူ့ကို ရှာမတွေ့တာ မဆန်းဘူး... သူက အမိုးပေါ်ကို တက်ပြေးနေတာကိုး"
လူတိုင်းက အဆောက်အအုံထဲမှာပဲ ပုန်းနေလောက်အောင် မအကြပေ။
အသက်ဘေးနှင့် ကြုံလာရသည့်အခါ အဆောက်အအုံ အပြင်ဘက်သို့ ထွက်ပြေးရန်လည်း ကြံစည်တတ်ကြသည်။
လင်းယွမ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး အပြင်ဘက်ရှိ ဘေးလွတ်ရာ လှေကားဆီသို့ ပြေးထွက်သွားလိုက်သည်။
မကြာမီ အမိုးပေါ်သို့ တက်သည့် လုံခြုံရေးတံခါးဝသို့ ရောက်ရှိလာ၏။
ထိုတံခါးကို သော့ခတ်ထားပြီး အတွင်းရော အပြင်ပါ သော့ခတ်ထားခြင်း ဖြစ်သည်။
သော့ခလောက်မှာ သံချေးတက်နေပြီး လူလာမဖွင့်သည်မှာ ကြာပြီဖြစ်ကြောင်း သိသာနေသည်။
လင်းယွမ်က စကားမပြောဘဲ သံချေးတက်နေသော သော့ကြိုးကို လက်နှစ်ဖက်ဖြင့် ဆွဲဖြတ်လိုက်သည်။
"ဂျွမ်း"
သံချေးတက်နေသော သံကြိုးများ ပြတ်တောက်သွားလေသည်။
လင်းယွမ် တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့ မထွက်ရသေးခင်မှာပင်...
အေးစက်သော အလင်းတန်းတစ်ခုက သူ့ထံသို့ တိုးဝင်လာ၏။
လင်းယွမ်က ရှောင်တိမ်းခြင်း မပြုဘဲ မျက်လုံးကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ စိတ်စွမ်းအင်များ စုစည်းသွားပြီး သူ၏ ရှေ့တွင် မမြင်ရသော နံရံတစ်ခုအဖြစ် တည်ဆောက်လိုက်လေသည်။
"ဒေါက်"
ထိုအလင်းတန်းသည် စိတ်စွမ်းအင်နံရံနှင့် ရိုက်ခတ်မိပြီး ရွှံ့အိုင်ထဲသို့ ကျသွားသကဲ့သို့ လေထဲတွင် တန်းလန်း ရပ်တန့်သွားသည်။
မိုးစက်မိုးပေါက်များက စိတ်စွမ်းအင်နံရံကို တဖျောဖျော ရိုက်ခတ်လျက် အောက်သို့ စီးကျနေ၏။
လင်းယွမ်က ထိုဓားဦးတည်ရာ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရပ်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"မင်းက ပစ်တာအရမ်းတော်တယ်လို့ ကြားထားတယ်... ချင်ကျင်းပြောတာတော့... မင်းရဲ့ ဓားပျံက ပစ်လိုက်ရင် လွဲတယ်ဆိုတာ မရှိဘူးတဲ့"
"ဟားဟား... နှမြောစရာပဲဗျာ... ပစ်တိုင်းထိပေမယ့် လူကို ဒဏ်ရာရအောင် မလုပ်နိုင်ရင် အလကားပဲလေ"
လင်းယွမ်က လေထဲတွင် တန်းလန်းဖြစ်နေသော ဓားမြှောင်ကို ဆွဲယူလိုက်ပြီး ကျိုးယဲ့ထံသို့ လျှောက်သွားလိုက်သည်။
ကျိုးယဲ့၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူက အမိုးစွန်းတွင် ရပ်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သိပါတယ်... ဟန်လုံစင်တာထဲမှာ ဆက်နေနေသရွေ့ ခင်ဗျားတို့လက်က ပြေးမလွတ်နိုင်ဘူး ဆိုတာ"
လင်းယွမ်က မျက်လုံးမှေးကြည့်လိုက်ရာ ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်စုံတစ်ခု ဝတ်ဆင်ထားကြောင်း သတိထားမိလိုက်သည်။ လေဟုန်စီး ဝတ်စုံ ပင်။
"မင်းက ကြိုတင် ပြင်ဆင်ထားတာပဲ... ဝမ်ဝေတုန်း လက်အောက်မှာ မင်းလောက် သတိကြီးတဲ့လူ ရှိလိမ့်မယ်လို့ ထင်မထားဘူး"
လင်းယွမ်က လှောင်ပြုံးပြုံးလျက် ထိုလူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ကျိုးယဲ့က ချက်ချင်း လှမ်းပြောလိုက်သည်။
"အဲဒီမှာပဲ ရပ်နေပါ... ခင်ဗျားက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဆိုတာ ကျွန်တော် သိတယ်... ဒီအကွာအဝေးက ကျွန်တော့်အတွက် အရမ်း အန္တရာယ်များတယ်"
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ရပ်တန့်လိုက်သည်။
"ခုန်ချလိုက်ရင်ရော အသက်ရှင်မယ် ထင်လို့လား... ရေထဲက သန္ဓေပြောင်းသတ္တဝါတွေက အချောင်ရတဲ့ အသားတုံးကို လွှတ်ထားမှာ မဟုတ်ဘူးနော်"
ကျိုးယဲ့က သက်ပြင်းချလိုက်ပြီး ပြောသည်။
"ခုန်ချလိုက်ရင်တော့ အသက်ရှင်လမ်း နည်းနည်းလောက် ရှိသေးတယ်... ဒီမှာ ဆက်နေရင် ခင်ဗျားတို့က ကျွန်တော့်ကို လွှတ်ပေးမှာမို့လို့လား"
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ "မင်း ဘယ်လိုထင်လို့လဲ"
ကျိုးယဲ့က ခေါင်းခါလိုက်သည်။
"ကျွန်တော်လည်း ဝမ်ဝေတုန်း အတင်းအကျပ် ခိုင်းလို့ သူတို့အဖွဲ့ထဲ ဝင်ခဲ့ရတာပါလို့ ပြောရင် ခင်ဗျား ယုံမှာလား"
လင်းယွမ်က ထိုကဲ့သို့သော ယုတ္တိမရှိသည့် စကားကို ယုံမည် မဟုတ်ပေ။ သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေလိုက်သည်။
ကျိုးယဲ့က သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
"ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး... မန်နေဂျာချင်းတောင်မှ ဒီစကားကို ယုံမှာ မဟုတ်ဘူး"
"သူက အရမ်းဉာဏ်ကောင်းလွန်းတယ်... ကျွန်တော့်ကို ပိုတောင် မယုံနိုင်သေး"
"ဒါပေမဲ့ ကျွန်တော် တကယ် ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး... သူ ဟန်လုံဟိုတယ်ကနေ ထွက်ပြေးပြီး အောက်ထပ်ကို ရောက်သွားနိုင်ခဲ့တာတောင် ကျွန်တော် ကြိုသတင်းပေးခဲ့လို့"
"ကျွန်တော်က အသက်ရှင်ချင်ရုံ သက်သက်ပါဗျာ... အိမ်ပြန်ပြီး မိန်းမနဲ့ သမီးလေးကို ပြန်တွေ့ချင်ရုံပါ... ကျွန်တော် ဘယ်သူ့ကိုမှ မနှိပ်စက်ခဲ့ပါဘူး"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူ ပြောနေပုံမှာ လိမ်ပြောနေပုံ မရပေ။
သို့သော် တစ်ဖက်လူ ဘာပဲပြောပြော သတ်သင့်လျှင် သတ်ရမည်သာ။
စောစောက ဒီကောင် သူ့ကို ဓားနှင့် ပစ်ခဲ့သည် မဟုတ်ပါလား။ ဒါကတော့ ငြင်းမရသော အမှားပင်။
ကျိုးယဲ့က ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"ထားလိုက်ပါတော့ဗျာ... အခြေအနေက ဒီအဆင့်ထိ ရောက်လာမှတော့ ဘာပြောနေစရာ လိုတော့မှာလဲ... ကျွန်တော်တို့က ရန်သူတွေ ဖြစ်နေပြီပဲ"
"ကျွန်တော် ခင်ဗျားကို သတင်းတစ်ခု လက်ဆောင်ပေးခဲ့မယ်... ဝမ်ဝေတုန်း မသေခင်တုန်းက ရေဒီယိုလိုင်း တစ်ခုကို ဖမ်းမိခဲ့တယ်... အဲဒီလိုင်းက အစိုးရ လိုင်းပဲ"
"အဲဒီ ရေဒီယို သတင်းအရ အစိုးရက ကွမ်ဖူဖက်မှာ သင်္ဘောကျင်း အခြေစိုက်စခန်း တည်ဆောက်ထားတယ်တဲ့... အသက်ရှင်ကျန်ရစ်သူတွေကို လက်ခံနေတယ်လို့ ကြားတယ်"
"ကံကောင်းပါစေဗျာ"
"နေဦး"
လင်းယွမ် ထိုသတင်းကို ကြားလိုက်ရသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း လှမ်းတားလိုက်သည်။
သို့သော် ကျိုးယဲ့က ဂရုမစိုက်တော့ဘဲ လေထဲသို့ ခုန်ချလိုက်ကာ ခြေလက်များကို ဖြန့်ကားလိုက်လေသည်။
ရုတ်ချည်းဆိုသလိုပင် လေပြင်းများက သူ၏ ဝတ်စုံကို ပင့်တင်လိုက်ရာ လေဟုန်စီး၍ တစ်ဟုန်ထိုး ပျံသန်းထွက်ခွာသွားလေတော့သည်။
လင်းယွမ် အမိုးစွန်းသို့ အပြေးအလွှား ရောက်သွားသည့်အခါ ကျိုးယဲ့၏ ခန္ဓာကိုယ်သည် မိုးသက်လေပြင်းများကြားတွင် ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
တဖြည်းဖြည်း ဝေးကွာသွားပြီး တဖြည်းဖြည်း သေးငယ်သွားသည်။
ဟန်လုံစင်တာ၏ မျက်နှာချင်းဆိုင် ကိုက်ရာချီ ဝေးကွာသော နေရာတွင် တိုက်မြင့် အဆောက်အအုံများ ရှိနေသည်။
သေချာသည်မှာ ကျိုးယဲ့၏ ပန်းတိုင်က ထိုနေရာပင် ဖြစ်ပေလိမ့်မည်။
ဆက်ရန်...